မာတိကာသို့ ခုန်သွားရန်

မဟာဗုဒ္ဓဝင်/အခန်း- ၂၅

ဝီကီရင်းမြစ် မှ
မဟာဗုဒ္ဓဝင်
by မင်းကွန်းဆရာတော်
အခန်း- ၂၅
2610မဟာဗုဒ္ဓဝင် — အခန်း- ၂၅မင်းကွန်းဆရာတော်

၅၅၃

အခဏ်း-၂၅

တာဝတိံသာနတ်ပြည်၌ သတ္တမဝါကပ်တော်မူ၍ အဘိဓမ္မာတရား ဟောကြားတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့ကို သောတာပတ္တိဖိုလ်၌ တည်စေတော်မူပြီးလျှင် သတ္တမမြောက်ဝါကို ထိုတာဝတိံသာ နတ်ပြည်၌ပင် ကပ်တော်မူကာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် မယ်တော်မိနတ်သား (=သန္တုသိတနတ်သား) အမှူးပြုသည့် ဇာတိခေတ် စကြဝဠာပေါင်း တိုက်တသောင်းတို့မှ ခညောင်း ရောက်ရှိလာကြသည့် နတ်ဗြဟ္မာပရိသတ်၏ အလယ်၌ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” အစရှိသောနည်းဖြင့် ကောင်းကင်မြစ်ကြီး တသွင်သွင် ယိုစီးသည့်အလား အဘိဓမ္မာ တရားတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲ ဟောကြားတော်မူလေသည်။

(ဤ၌ အထူးမှတ်ရန်ကား- ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူသော အခါမှာပင်သော်လည်း အတန်ငယ်တိုး၍ အနုမောဒနာတရား ဟောကြားတော်မူကြသော မြတ်စွာဘုရားရှင်တို့၏ တရားဒေသနာတော်သည် ဒီဃနိကာယ်, မဇ္ဈိမနိကာယ်ခန့် ပမာဏရှိပေ၏။ နေလွဲအခါ ရောက်ဆိုက်လာသော ပရိသတ်အား တရားဟောတော်မူကုန်သော မြတ်စွာဘုရားရှင်တို့၏ တရားဒေသနာတော်သည် သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ် တည်းဟူသော နိကာယ်ကြီးနှစ်ရပ်ခန့် ပမာဏရှိပေ၏။ အကြောင်းသော်ကား မြတ်စွာဘုရားရှင်တို့မှာ တဝီထိနှင့် တဝီထိအကြား ဘဝင်စိတ်အခြားကား နည်းပါးလှပေ၏ (ဘဝင်စိတ် နှစ်ကြိမ် ခန့်သာ ခြားသည်)၊ နှုတ်ခမ်းတော်ကား အလွန်ပင် စေ့စပ်လှ၏ (ကောင်းစွာထိ၏)၊ နှုတ်ခမ်းတော်လှစ်ခြင်းသည် (တနည်း- နှုတ်လျှာတော်သည်) ပြေပြစ်စေ့စပ်လှပေ၏၊ လျှာတော်ကလည်း အလွန်နူးညံ့ ပါးလျရှည်သွယ်လှ၏၊ အသံတော်ကလည်း အင်္ဂါရှစ်ပါးရှိ၍ နာချင်စဖွယ် အလွန်ချိုမြိန်လှ၏။ သို့ရကား စကား (=အသံ)တော်သည်-

“တရာ့တပါး၊ လူမျိုးများတို့၊ စကားတခွန်း၊ မြွက်ဆိုညွှန်းက၊ ရှစ်ခွန်းအာနန်၊ မိန့်လျင်မြန်၏၊ အာနန်ထေရ်ကျော်၊ တခွန်းသော်မူ၊



၅၅၄

ရှင်တော်ဘုရား၊ လျင်လျားတုမဲ့၊ တဆဲ့ခြောက်လီ၊ ခွန်းထပ်မှီ၏၊ လောကီလူများ၊ တခွန်းအားမူ၊ ဘုရားလူ့ဘ၊ မုနိန္ဒလျှင်၊ တရာ့နှစ်ဆယ်၊ ရှစ်ခွန်းကယ်၏။”-

ဟူသောအတိုင်း လျင်မြန်လှပေ၏။ သို့ရကား ထိုဆွမ်းအနုမောဒနာတရား ဟောကြားသောအခါ, မွန်းလွဲအခါ ရောက်ဆိုက်လာသော ပရိသတ်အား ဟောကြားသော အခါတို့၌ တရားဒေသနာ ပမာဏသည် ဖော်ပြအပ်ပြီးအတိုင်း နိကာယ်ကြီးနှစ်ရပ်ခန့် ရှိလေသည်၊ ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူအပ်သော အဘိဓမ္မာ တရားတော်မြက်ကား အဆုံးမထင်နိုင် မနှိုင်းယှဉ်နိုင်လောက်အောင်ပင် ရှိပေ၏။)

အဘိဓမ္မာတရား ဟောကြားတော်မူသောအခါ ကိုယ်တော်ကို မျှတစေတော်မူပုံ

     ဤ၌ “ဝါတွင်းသုံးလပတ်လုံး အကြားမလပ် အဘိဓမ္မာတရားကို ဟောကြားတော်မူသော မြတ်စွာဘုရားရှင်၏ ဆွမ်းခဲဖွယ် ဘောဇဉ်နှင့် စပ်၍သာ (=ဆွမ်းခဲဖွယ် ဘောဇဉ်ကို မှီဝဲသုံးဆောင်ရမှသာ) သန္တာန်ဆက်စည် တည်နိုင်သော ဥပါဒိန္နက (=သက်ရှိခန္ဓာ) ကိုယ်တော်သည် အဘယ်သို့ မျှတသနည်း”ဟူ၍ မေးခဲ့သော် “ဆွမ်းခဲဖွယ် ဘောဇဉ်ဖြင့် လုပ်ကျွေး မွေးမြူသဖြင့်သာလျှင် မျှတ၏”ဟူ၍ အကျဉ်းဖြေဆိုရာ၏။ အကျယ်အဖြေသော်ကား-

     မြတ်စွာဘုရားရှင်တို့အဖို့မှာ ထိုထို အချိန်ကာလများကား ကောင်းစွာပိုင်းခြား မှတ်သားအပ်ပြီး မျက်မှောက်ပြုအပ်ပြီးသာ ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရား ဟောကြားတော်မူရင်းကပင် လူ့ပြည်လောက၌ ရောက်ဆိုက်နေသည့် အချိန်ကာလကို ဆင်ခြင် ကြည့်ရှုတော်မူ၏။ ယင်းသို့ ဆင်ခြင် ကြည့်ရှုတော်မူ၍ မြတ်စွာဘုရားသည် ဆွမ်းခံချိန် ကျရောက်လတ်သောအခါ နိမ္မိတရုပ်ပွါး ကိုယ်တော်စားကို ဖန်ဆင်းတော်မူ၍ “ဤနိမ္မိတရုပ်ပွါး ငါ့ကိုယ်စား၏ သင်္ကန်းကိုင်ပုံ သပိတ်ကိုင်ပုံ အသံပြုပုံ အသွင်အပြင် အလုံးစုံသည် ငါဘုရားနှင့် ထပ်မျှတူညီ ဤသို့သဘောရှိသည် ဖြစ်စေသား။ ဤမျှ အတိုင်း အရှည်ရှိသော တရားကို ငါ၏ကိုယ်စား ဟောကြားရစ်စေသား”ဟူ၍ အမိဋ္ဌာန်တော်မူပြီးလျှင်



၅၅၅

သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ အနောတတ်အိုင်သို့ ကြွတော်မူလေ၏။

     အနောတတ်အိုင်၌ မြတ်စွာဘုရားရှင်အား နတ်များက ကွမ်းရိုးဒန်ပူကို ဆက်ကပ်ကြလေသည်၊ ထိုဒန်ပူကို ဝါးသုံးတော်မူပြီးလျှင် အနောတတ်အိုင်၌ ရေချိုးသန့်စင် ကိုယ်တော်ကို သုတ်သင်ပြီးသော် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ ရပ်တော်မူကာ ကောင်းစွာ တပ်ဆိုးအပ်သည့် နှစ်ထပ်သင်္ကန်းကို ဝတ်ရုံတော်မူလျက် စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့ (သတ္တဌာန စံတော်မူစဉ် သတ္တမသတ္တာဟ = လင်းလွန်းပင်ရင်းတုန်းက) လှူဒါန်း ဆက်ကပ်အပ်သည့် အနားလေးရစ် (တလုံးတည်း ဖြစ်ရှိသည့်) ကျောက်ညိုသပိတ်ကို ယူတော်မူ၍ ဥတ္တရကုရု (=မြောက်ကျွန်း)သို့ ဆွမ်းခံကြွတော်မူလေသည်။ ထိုမြောက်ကျွန်းမှ ဆွမ်းကို ခံယူတော်မူခဲ့ပြီးနောက် အနောတတ်အိုင်၏ ဆိပ်ကမ်းဝယ် သပ္ပါယ်စွာ ထိုင်နေလျက် ထိုဆွမ်းကို ဘုဉ်းပေးပြီးလျှင် နေ့သန့်တော်မူရန် စန္ဒကူးတောသို့ ကြွတော်မူလေသည်။

     တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်သည်လည်း ထိုစန္ဒကူးတောသို့ သွားရောက်၍ မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုပြီးလျှင် အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်နေတော်မူလေသည်။ ထိုအခါ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ်အား “ချစ်သားသာရိပုတ္တရာ.. ငါဘုရားသည် ဤမျှသော တရားကို ဟောကြားအပ်ခဲ့ပြီ”ဟု နည်းပေးကာ အကျဉ်းချုပ်ညွှန်ပြ ဟောကြားတော်မူလေသည်။ ဤသို့ မြတ်စွာဘုရားရှင်က နည်းပေးတော်မူလတ်သည်ရှိသော် ပဋိသမ္ဘိဒါဉာဏ် လေးပါးသို့ ရောက်တော်မူပြီးသော အဂ္ဂသာဝက အရှင်သာရိပုတ္တရာ မထေရ်မြတ်အဖို့မှာ ကမ်းနား၌ ရပ်တည်၍ လက်ကိုဆန့်တန်းကာ မဟာသမုဒြာကြီးကို ပြအပ်သကဲ့သို့ နည်းရတော်မူလေသည်။ သို့ရကား မထေရ်မြတ်အဖို့မှာလည်း နည်းပေါင်း အရာ အထောင် အသိန်းဖြင့် မြတ်စွာဘုရား



၅၅၆

ဟောကြားအပ်သည့် တရားတော်များ ထင်လင်းလေတော့၏။ အကျယ်ဖြန့်ချီ၍ သိတော်မူလေ၏။

(မြတ်စွာဘုရားရှင်သည် စန္ဒကူးတော၌ နေ့သန့် နေတော်မူပြီးနောက် အဘိဓမ္မာတရား ဟောကြားတော်မူဖို့ရန် (မွန်းလွဲပြီးနောက် တရားနာလာရောက်ကြသည့် သာဝတ္ထိ ပြည်သူပြည်သား လူများအပေါင်းအား တရားဟောသော အချိန်၌) တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူလေသည်။ ပကတိဓာတ်သား မြတ်စွာဘုရားနှင့် နိမ္မိတရုပ်ပွါး ရှင်တော်ဘုရားတို့မှာ ရောင်ခြည်တော်ချင်း အသံတော်ချင်း စကားမြွက်ဆိုတော်မူပုံချင်းစသည့် အမူအရာတို့ ခွဲမရအောင်ပင် တူနေသောကြောင့် ပကတိဓာတ်သား မြတ်စွာဘုရားကို လူ့ပြည်သို့ ကြွသွားတော်မူသည်ကို၎င်း, လူ့ပြည်မှ ပြန်ကြွတော်မူ၍ နိမ္မိတရုပ်ပွါးနှင့် လဲလှယ်လိုက်သည်ကို၎င်း တန်ခိုးကြီးသော နတ်ဗြဟ္မာတို့သာ သိကုန်၏၊ တန်ခိုးသေးငယ်သော နတ်ဗြဟ္မာတို့ကား မသိကြကုန်)။

အရှင်သာရိပုတ္တရာထေရ်သည် လင်းနို့သားဖြစ်ဘူးသော ရဟန်းငါးရာတို့အား တဖန်ပြန်၍ အဘိဓမ္မာတရား ဟောကြားတော်မူခြင်း

     အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်လည်း မြတ်စွာဘုရားရှင် (အကျဉ်းဆုံးနည်းဖြင့်) နေ့စဉ် နေ့စဉ် ဟောကြားလိုက်သော အဘိဓမ္မာတရားတော်ကို ဆောင်တော်မူခဲ့၍ မိမိ၏ သဒ္ဓိဝိဟာရိက (=ဥပဇ္ဈာယ်ယူ အတူနေ) တပည့်ရဟန်းငါးရာတို့အား (မကျဉ်းမကျယ် အလယ်အလတ်ဖြစ်သော နည်းဖြင့်) တဖန်ပြန်၍ ဟောကြားတော်မူလေသည်။

     ထိုရဟန်းငါးရာတို့၏ ရှေးကောင်းမှု အကြောင်းကား.. ထိုရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါက လင်းနို့ငယ်မျိုး၌ ဖြစ်ကြ၍ တခုသော လိုဏ်ခေါင်းဝယ် တွဲလျားဆွဲကာ နေကုန်ကြစဉ် အဘိဓမ္မာပိဋကကို ရွတ်ဖတ်သရဇ္ဈာယ်ကြသော အဘိဓမ္မာဆောင် ရဟန်းနှစ်ပါးတို့၏ အဘိဓမ္မာ တရားသံ၌ အာရုံနိမိတ်ကို ယူကြ၍ (လဆန်းပက္ခ, လဆုတ်ပက္ခ ဟူသည်ကိုမျှ မသိကြသော်လည်း) အဘိဓမ္မာတရားသံ၌ အာရုံနိမိတ် ယူခြင်းမျှဖြင့် စုတိပြတ်ကြွေ သေလွန်ခဲ့ကြပြီးသော် နတ်ပြည်၌



၅၅၇

ဖြစ်ကြလေကုန်၏။ (ထိုလင်းနို့ငယ် ငါးရာတို့သည် အဘိဓမ္မာ တရားတော်ဟူ၍လည်း မသိကြ၊ ခန္ဓာ, အာယတန, ဓာတ်, သစ္စာဟူ၍လည်း မသိကြ၊ လဆန်းပက္ခ, လဆုတ်ပက္ခ ဟူသည်ကိုသော်လည်း မသိကြချေ၊ သို့သော် ကြားရသော အဘိဓမ္မာတရားသံက အလွန်ကောင်းမြတ်သော ကမ္မနိမိတ်ဖြစ်သဖြင့် သေခါနီးကာလဝယ် ထိုအဘိဓမ္မာတရားသံ တည်းဟူသော ကမ္မနိမိတ် အာရုံကောင်းကို အာရုံပြုကြရသဖြင့် နတ်ပြည်၌ ဖြစ်ကြလေသည်ဟု ဆိုလိုသည်)။

     ထိုလင်းနို့သားဖြစ်ဘူးသည့် နတ်သားငါးရာတို့သည် ကဿပမြတ်စွာဘုရားရှင်နှင့် ဤဘုရားရှင်တို့အကြား တခုသော ဗုဒ္ဓန္တရအသင်္ချေယျ ကာလပတ်လုံး အပါယ်သို့ မလားရောက်ကြပဲ နတ်ပြည်၌ ဘဝတခုပြီးတခု ဖြစ်ရှိကာ နေခဲ့ကြ၍ ဤဘုရားရှင် လက်ထက်တော်အခါ၌ လူ့ပြည်၌ ဖြစ်ကြပြီးသော် ယမိုက်ပြာဋိဟာပွဲ၌ ကြည်ညိုသဒ္ဓါ ဖြစ်ပွါးကြကာ အရှင်သာရိပုတ္တရာမထေရ်၏ အထံ၌ ရှင်ရဟန်းပြုကြလေသည်။ အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရား ဟောတိုင်း ဟောတိုင်းသော အဘိဓမ္မာတရားကို နေ့စဉ် ဆောင်ယူတော်မူခဲ့၍ ထိုလင်းနို့သား ဖြစ်ခဲ့ဘူးသည့် မိမိ၏ သဒ္ဓိဝိဟာရိက (=ဥပဇ္ဈာယ်ယူ အတူနေ)တပည့် ရဟန်းငါးရာတို့အား (မကျဉ်းမကျယ် အလယ်အလတ်ဖြစ်သော နည်းဖြင့်) နေ့စဉ် နေ့စဉ် ဟောကြားပို့ချ ပြသတော်မူလေသည်။

     မြတ်စွာဘုရားရှင်၏ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြား၍ ပြီးဆုံးခြင်းနှင့် လူ့ပြည်၌ ထိုရဟန်းငါးရာတို့၏ အရှင်သာရိပုတ္တရာ မထေရ်မြတ်ထံ အဘိဓမ္မာခုနစ်ကျမ်း အပြည့်အစုံ နာယူသင်ကြားမှု ပြီးဆုံးခြင်း ဤနှစ်ရပ်ပင် တပြိုင်နက် တချိန်တည်း၌ ဖြစ်လေ၏။

     မြတ်စွာဘုရားရှင်သည် နေ့စဉ် နေ့စဉ်ပင် ရှေး၌ဆို အပ်ပြီးသောအတိုင်း စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသောအခါ



၅၅၈

အရှင်သာရိပုတ္တရာမထေရ်အား “ချစ်သားသာရိပုတ္တရာ.. ယနေ့ ငါဘုရားသည် ဤသို့ ဤသို့သော အခြင်းအရာဖြင့် ဤမျှအတိုင်းအရှည်ရှိသော အဘိဓမ္မာတရားတော်ကို ဟောကြားအပ်ပြီ၊ နိမ္မိတရုပ်ပွါးက ဤမျှ အတိုင်းအရှည်ရှိသော အဘိဓမ္မာတရားတော်ကို ဟောကြားအပ်ပြီ၊ သင်ချစ်သားသည် မိမိ၏ တပည့်ရဟန်း ငါးရာတို့အား ပို့ချလေလော့”ဟူ၍ အကျဉ်းချုပ် မိန့်တော်မူပြီးနောက် ကိုယ်တော်တိုင်ကမူ တာဝတိံသာနတ်ပြည်သို့ ကြွသွား၍ နိမ္မိတရုပ်ပွါးတော်မြတ် ဟောကြားအပ်ပြီးသော ဌာနမှ အစဉ်မပြတ် ဆက်လက်၍ ကိုယ်တော်တိုင် အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူလေသည်။

     ဤနည်းဖြင့် ဝါတွင်းသုံးလ ပြည့်မြောက်သော သီတင်းကျွတ်လပြည့်နေ့၌ အဘိဓမ္မာတရား ဟောကြား၍ ပြီးဆုံးလေသည်။ ထိုအခါ ကုဋေပေါင်း ရှစ်သောင်းသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်၊ မယ်တော်မိနတ်သား (=သန္တုသိတနတ်သား)သည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

သာဝတ္ထိပြည်မှ လူပရိသတ်များ သင်္ကဿမြို့သို့ ပြောင်းရွှေ့ စုဝေးကြခြင်း

     သာဝတ္ထိပြည်၌ စုဝေးတည်ရှိရင်းဖြစ်သော သုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသည့် ထိုလူပရိသတ်သည်လည်း သီတင်းကျွတ်လဆန်း ကိုးရက်နေ့၌ အရှင်မဟာမောဂ္ဂလာန် မထေရ်ထံသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား.. မြတ်စွာဘုရားရှင်၏ လူ့ပြည်သို့ သက်ဆင်းတော်မူမည့်ရက်နေ့ကို သိအောင်ပြုမှ သင့်ပါမည်၊ မှန်ပါသည်- တပည့်တော်တို့ကား မြတ်စွာဘုရားကို မဖူးမြော်ရလျှင် ပြန်ကြမည် မဟုတ်ပါကုန်၊ ဖူးမြော်ရပြီးကြမှသာ ပြန်ကြမည် ဖြစ်ပါသည်”ဟူ၍ လျှောက်ထားလေသည်။ အရှင်မောဂ္ဂလာန် မထေရ်သည် ထိုစကားကို ကြားတော်မူ၍“ကောင်းပြီ ဒါယကာတို့..”ဟူ၍ မိန့်တော်မူပြီးလျှင် ထိုနေရာ၌ပင် မြေကြီးအတွင်းသို့ ငုပ်လျှိုး ဝင်တော်မူကာ မြင်းမိုရ်တောင်ခြေအရောက်



၅၅၉

ကြွသွားတော်မူ၍ “မြင်းမိုရ်တောင်အတွင်းမှ တာဝတိံသာနတ်ပြည်သို့ တက်ရောက်သော ငါ့ကို ပရိသတ်သည် မြင်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူပြီးနောက် ပတ္တမြားရတနာ၏အတွင်း၌ ထည့်သွင်းကုံးဖွဲ့၍ ထားအပ်သည့် ကမ္ဗလာချည်ကြိုးကဲ့သို့ လူအများ မျက်ဝါးထင်ထင် မြင်ရသော အဆင်းရှိတော်မူလျက် မြင်းမိုရ်တောင် အလယ်ချက်မှ တာဝတိံသာနတ်ပြည်သို့ တက်တော်မူလေ၏။

     လူအပေါင်းတို့သည် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို “ယခု တယူဇနာ တက်ရောက်ပြီ၊ ယခု နှစ်ယူဇနာ တက်ရောက်ပြီ” အစရှိသည်ဖြင့် မျက်ဝါးထင်ထင် မြင်ကြရလေသည်။ မထေရ်သည်လည်း မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ဦးခေါင်းဖြင့် ချီရွက်သောသူကဲ့သို့ တာဝတိံသာနတ်ပြည်သို့ တက်ရောက်တော်မူ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လူပရိသတ်အပေါင်းသည် ရှင်တော်ဘုရားတို့ကို ဖူးမြော်ပြီးမှသာ မိမိတို့ နေရပ်ဌာနသို့ ပြန်သွားလိုကြပါကုန်၏၊ အဘယ်အခါ၌ လူ့ပြည်သို့ သက်ဆင်းတော်မူပါမည်နည်းဘုရား”ဟူ၍ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားမောဂ္ဂလာန်.. သင်၏ နောင်တော်ကြီးဖြစ်သော သာရိပုတ္တရာသည် ယခုအခါ အဘယ်အရပ်၌ ရှိနေသနည်း”ဟု မေးတော်မူ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်သာရိပုတ္တရာ မထေရ်သည် သင်္ကဿမြို့၌ ဝါကပ်ဆိုပါသည်ဘုရား”ဟူ၍ ပြန်ကြား လျှောက်ထားလတ်သော် မြတ်စွာဘုရားရှင်သည်-

“ချစ်သားမောဂ္ဂလာန်.. ငါဘုရားသည် ယနေ့မှနောက် ခုနစ်ရက်မြောက်ဖြစ်သော သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့ဝယ် သင်္ကဿမြို့တံခါး၌ သက်ဆင်းပေအံ့၊ ငါဘုရားကို ဖူးမြော်လိုသူတို့သည် ထိုအရပ်သို့ လာရောက်ကြစေကုန်၊ သာဝတ္ထိပြည်မှ သင်္ကဿမြို့တံခါးတိုင်အောင် ယူဇနာသုံးဆယ် ဝေးကွာ၏၊ ဤမျှလောက်



၅၆၀

ရှည်လျားသော ခရီး၌ လမ်းခရီးရိက္ခာ ယူဆောင်ရန်ကိစ္စ လုံးဝမရှိ၊ ဥပုသ်နေ့၌ ဥပုသ်ဆောက်တည်ကြပြီးလျှင် မြို့ဦးကျောင်း ရွာဦးကျောင်းသို့ တရားနာရန် သွားရောက်ကြသကဲ့သို့ ရိက္ခာမပါပဲ လာရောက်ကြကုန်ဟူ၍ သင်ချစ်သားသည် ထိုလူများအား ပြောကြားလေလော့”-

ဟူ၍ မိန့်တော်မူလေ၏။ မထေရ်မြတ်သည် “ကောင်းပါပြီ ရှင်တော်ဘုရား..”ဟူ၍ ဝန်ခံစကား လျှောက်ထားပြီးလျှင် သာဝတ္ထိပြည်သို့ တဖန်ပြန်၍ လူများအား မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည့်အတိုင်း ပြန်ကြား မိန့်ဆိုတော်မူလေ၏။

စောင်းတန်းသုံးသွယ်ဖြင့် သင်္ကဿမြို့တံခါးသို့ သက်ဆင်းတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဝါကျွတ်လတ်သော် သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား “ဒါယကာသိကြားမင်း.. ငါဘုရားသည် လူ့ပြည်ခရီးသို့ ပြန်ကြွပေတော့အံ့”ဟူ၍ ခွင့်ပန်စကား မိန့်ကြားတော်မူလေ၏။ သိကြားမင်းသည် ရွှေစောင်းတန်း, ပတ္တမြားစောင်းတန်း, ငွေစောင်းတန်းဟူသော = စောင်းတန်းသုံးသွယ်ကို ဖန်ဆင်းလေ၏၊ ထိုစောင်းတန်း သုံးသွယ်တို့၏ အခြေတို့ကား သင်္ကဿမြို့တံခါး၌ တည်ကုန်၏၊ စောင်းတန်းဦးများကား မြင်းမိုရ်တောင်ထိပ်၌ တည်ကုန်၏။ ထိုစောင်းတန်း သုံးသွယ်တို့အနက် (၁) လက်ျာဖက်မှ ရွှေစောင်းတန်းကား နတ်များအတွက် ဖြစ်လေသည်။ (၂) လက်ဝဲဖက်မှ ငွေစောင်းတန်းကား ဗြဟ္မာကြီးများအတွက် ဖြစ်လေသည်၊ (၃) အလယ်မှ ပတ္တမြားစောင်းတန်းကား မြတ်စွာဘုရားရှင်အတွက် ဖြစ်လေသည်။

     မြတ်စွာဘုရားရှင်သည်လည်း မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူ၍ နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းတော် မူအံ့သောအခါ၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြုတော်မူပြီးလျှင် အထက်ကောင်းကင်သို့ ကြည့်တော်မူလေ၏။ ထိုအခါ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင်သော အရပ်မှာ အပိတ်အပင် အဆီးအတားမရှိ ဟင်းလင်းပွင့်ပြီး တပြင်တည်းသာလျှင် ဖြစ်လေ၏။ ထို့နောက်



၅၆၁

အောက်အရပ်ကို ကြည့်တော်မူပြန်လေလျှင် အဝီစိငရဲကြီးတိုင်အောင်သော အရပ်မှာ အပိတ်အပင် အဆီးအတားမရှိ ဟင်းလင်းပွင့်ပြီး တပြင်တည်းသာလျှင် ဖြစ်လေ၏။ ထို့နောက် တူရူအရပ် အထောင့်အရပ်တို့ကို ကြည့်တော်မူပြန်လေလျှင် ပတ်ဝန်းကျင်မှ စကြဝဠာတိုက်ပေါင်း အထောင်များစွာတို့သည် အပိတ်အပင် အဆီးအတားမရှိ ဟင်းလင်းပွင့်ပြီး တပြင်တည်းသာလျှင် ဖြစ်လေကုန်၏။ သို့ရကား နတ်ဗြဟ္မာတို့ကလည်း လူတို့ကို မြင်ကြရကုန်၏။ လူတို့ကလည်း နတ်ဗြဟ္မာတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရကုန်၏။

     မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်တော်မူ၏။ ထိုသို့ တာဝတိံသာနတ်ပြည်မှ လူပြည်သို့ သက်ဆင်းတော်မူသောနေ့၌ မြတ်စွာဘုရား၏ အသရေတော်ကို ဖူးမြော်ကြရ၍ သုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ် တဦးသောသူမျှလည်း ဘုရားအဖြစ်ကို မတောင့်တသောမည်သည် မရှိချေ။

     လက်ျာဖက် ရွှေစောင်းတန်းဖြင့် နတ်များ သက်ဆင်းလိုက်ပါကြလေသည်။ လက်ဝဲဖက် ငွေစောင်းတန်းဖြင့် ဗြဟ္မာကြီးများ သက်ဆင်းလိုက်ပါကြလေသည်။ အလယ်ဗဟို ပတ္တမြားစောင်းတန်းဖြင့် မြတ်စွာဘုရားသည် ကိုယ်တိုင်သက်ဆင်း ကြွမြန်းတော်မူလေသည်။ ပဉ္စသိခနတ်သားသည် ဗေဠုဝစောင်းကိုပိုက်လျက် လက်ျာနံပါး၌ ရပ်တည်ကာ မြတ်စွာဘုရားရှင်အား စောင်းတီး၍ ပူဇော်မှုပြုလျက် သက်ဆင်းလိုက်လေသည်။ သုယာမနတ်မင်းသည် စမရီသားမြီးယပ်ကိုခပ်လျက် လက်ျာဖက်မှပင် ပူဇော်ကာ သက်ဆင်းလိုက်ပါလေသည်။ သန္တုသိတနတ်မင်းသည် ပတ္တမြားယပ်ဝန်းကို တလွှဲလွှဲခပ်လျက် ထို့အတူ လက်ျာဖက်မှ ပူဇော်လိုက်ပါလေသည်။ သိကြားမင်းသည် ဝိဇယုတ္တရခရုသင်းကိုမှုတ်လျက် ထို့အတူ လက်ျာဖက်မှ ပူဇော် လိုက်ပါလေသည်။ ဤနည်းအတူ ကြွင်းသော စကြဝဠာတိုက်တို့၌ နေကြသော နတ်တို့သည်လည်း အထူးထူးသော ပူဇော်မှုကို ပြုကြလျက်



၅၆၂

သက်ဆင်း လိုက်ပါကြလေသည်။ လက်ဝဲဖက် ငွေစောင်းတန်းမှလည်း မဟာဗြဟ္မာကြီးသည် ဗြဟ္မာ့ထီးဖြူကြီးကို ဆောင်းမိုးပူဇော်ကာ သက်ဆင်းလိုက်ပါလာလေသည်။

     မြတ်စွာဘုရားရှင်သည် ဤဆိုအပ်ပြီးသည့် နတ်ဗြဟ္မာပရိသတ် အခြံအရံဖြင့် သက်ဆင်းတော်မူ၍ သင်္ကဿမြို့တံခါးဝ၌ ရပ်တည်တော်မူလေ၏။ သာဝတ္ထိပြည်၌ စည်းဝေးရောက်ရှိနေကြသည့် ထိုမျှများပြားသော ပရိသတ်အပေါင်းသည်လည်း သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ နံနက်စာ စားပြီးကြလျှင်ပင် “ယနေ့ မြတ်စွာဘုရားကို သင်္ကဿမြို့တံခါး၌ ဖူးမြော်ကြရကုန်တော့အံ့”ဟု ထွက်ခဲ့ကြရာ ရွာဦးကျောင်းသို့ ဝင်ကြသည့်အလား အချိန်အနည်းငယ်အတွင်းမှာပင် မပင်မပန်းပဲ သင်္ကဿမြို့တံခါးသို့ ဆိုက်ရောက်ကြလေကုန်၏။

သာရိပုတ္တသုတ္တန်ကို ဟောကြားတော်မူခြင်း

     တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူ၍ လူ့ပြည်သို့အရောက် စောင်းတန်းဦး၌ လက်ျာခြေတော်ကို ချမိလျှင်ပင် မြတ်စွာဘုရားရှင်ကို အရှင်သာရိပုတ္တရာမထေရ်သည် ရှေးဦးစွာ ရှိခိုးဖူးမြော် ပူဇော်လေသည်။ ထို့နောင်မှ ကျန်သောပရိသတ်တို့ မြတ်စွာဘုရားကို ရှိခိုးဖူးမြော် ပူဇော်ကြလေသည်။ ထိုသင်္ကဿမြို့တံခါးဝ၌ စောင်းတန်းမှ သက်ဆင်းတော်မူ၍ ပဌမဦးဆုံး လက်ျာခြေတော်ချရာ အရပ်သည် “အစလစေတိယဌာန”ဟူ၍ နောက်အချိန်၌ အမည်ထင်ရှားလေသည်။

     ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူပြီးနောက် တာဝတိံသာနတ်ပြည်၌ ၀ါကပ်ဆိုတော်မူ၍ အဘိဓမ္မာတရားကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီးလျှင် စောင်းတန်းသုံးသွယ်ဖြင့် သင်္ကဿမြို့တံခါးဝသို့ သက်ဆင်း ကြွရောက်တော်မူ၍ လက်ျာခြေတော်ကို ပဌမဦးဆုံး ချရာဌာနသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ မစွန့်အပ်သော အဝိဇဟိတဌာနတပါး အပါအဝင်ဖြစ်၏။ (=ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းပင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြား၍အပြီး



၅၆၃

လူ့ပြည်သို့ စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းတော်မူသောအခါ ယခု သင်္ကဿမြို့တံခါးဝနေရာ၌ စောင်းတန်းဦးကျ၍ ပဌမဆုံး လက်ျာခြေတော်ကို ချတော်မူကြမြဲ ဖြစ်သည်ဟု ဆိုလိုသည်)။

အဝိဇဟိတဌာန လေးပါး

ဤအရာ၌ စကားအလျဉ်းသင့်၍ အထူးမှတ်သားဖွယ်ရာ အဝိဇဟိတဌာန လေးပါးကို အကျဉ်းအားဖြင့် ဤသို့မှတ်ယူရာ၏။

ခပ်သိမ်းသော ဘုရားရှင်တို့ မစွန့်ပစ်အပ်ပဲ မြဲသောအရပ်ဌာနကို “အဝိဇဟိတဌာန”ဟူ၍ ခေါ်ဆိုသည်။ ထိုအဝိဇဟိတဌာနကား လေးမျိုးတို့ ရှိကုန်သည်၊ လေးမျိုးတို့ဟူသည်မှာ-

(၁) ခပ်သိမ်းသော ဘုရားရှင်တို့၏ မာရ်ငါးပါးကို အောင်မြင်ရာ မဟာဗောဓိပင် အပရာဇိတပလ္လင်တော် ပေါက်ရာဌာနသည်လည်း တပါး။ (ယခု အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်အတွက် အပရာဇိတပလ္လင်တော် ပေါက်ရာဌာန၌ပင် ခပ်သိမ်းသော ဘုရားရှင်တို့၏ အပရာဇိတပလ္လင်တော်များ ပေါက်လေသည်၊ နေရာ အပြောင်းအလဲ မရှိဟု ဆိုလိုသည်)။

(၂) ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦးကို ဟောတော်မူရာဌာနလည်း တပါး၊ (ဘုရားရှင်တိုင်းပင် ယခု အကျွန်ုပ်တို့၏ မြတ်စွာဘုရား ဓမ္မစကြာတရားဦး ဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော နေရာမှာပင် ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။ အခြား နေရာတပါး၌ မဟောကုန်ဟု ဆိုလိုသည်)။

(၃) အဘိဓမ္မာတရား ဟောကြားတော်မူပြီး၍ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းတော်မူသောအခါ ယခု သင်္ကဿမြို့တံခါးဝ၌ ပဌမဆုံး လက်ျာခြေတော် ချရာအရပ်လည်း တပါး၊ (ထိုနေရာ၌ပင် ဘုရားရှင်တိုင်း အဘိဓမ္မာတရား ဟောကြားတော်မူကြပြီးနောက် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းတော်မူကြသောအခါ ပဌမအဦးဆုံး လက်ျာခြေတော်ကို ချတော်မူကြမြဲ ဖြစ်သည်ဟု ဆိုလိုသည်)။

(၄) ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋီကျောင်းတော်အတွင်း မြတ်စွာဘုရားရှင်၏ အသုံးအဆောင် ညောင်စောင်းတော် အခြေလေးခုတို့၏ တည်ရာဌာနလည်း တပါး၊ (ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင်၏



၅၆၄

အသုံးအဆောင် ညောင်စောင်းတော် အခြေလေးခုတို့၏ တည်ရာဌာန၌ပင် ခပ်သိမ်းသော ဘုရားရှင်တို့၏ အသုံးအဆောင် ညောင်စောင်းတော် အခြေလေးခုတို့ တည်ကြကုန်၏၊ နေရာအပြောင်းအလဲမရှိဟု ဆိုလိုသည်)။

ကျောင်းတိုက်တော် နေရာကား ခေတ်အခါအလိုက် ကျယ်မှု ကျဉ်းမှု ရှိလေသည်။ ထင်ရှားစေဦးအံ့-

(က) ဝိပဿီမြတ်စွာဘုရားရှင်အတွက် ပုနဗ္ဗသုမိတ္တမည်သော သူဌေးသည် တယူဇနာကျယ်ပြန့်သော မြေကို ရွှေအုတ်ချပ်အပြည့်ခင်း၍ ဝယ်ယူပြီးလျှင် ကျောင်းတိုက်ကြီး တည်ဆောက်လေသည်။

(ခ) သိခီမြတ်စွာဘုရားရှင်အတွက် သီရိဝဍ္ဎသူဌေးသည် သုံးဂါဝုတ်ကျယ်ပြန့်သော မြေကို ရွှေတောင်ဝှေး (=ရွှေချောင်း)အပြည့် ခင်း၍ ဝယ်ယူပြီးလျှင် ကျောင်းတိုက်ကြီး တည်ဆောက်လေသည်။

(ဂ) ဝေဿဘူမြတ်စွာဘုရားရှင်အတွက် သောတ္ထိဇသူဌေးသည် ယူဇနာဝက် (=နှစ်ဂါဝုတ်) ကျယ်ပြန့်သောမြေကို ရွှေထွန်သွား (တနည်း ရွှေခွက်)အပြည့်ခင်း၍ ဝယ်ယူပြီးလျှင် ကျောင်းတိုက်ကြီး တည်ဆောက်လေသည်။

(ဃ) ကကုသန်မြတ်စွာဘုရားရှင်အတွက် အစ္စုတသူဌေးသည် တဂါဝုတ်ကျယ်ပြန့်သော မြေကို ဆင်ခွါသဏ္ဌာန် သွန်းလုပ်အပ်သည့် ရွှေတုံးအပြည့်ခင်း၍ ဝယ်ယူပြီးလျှင် ကျောင်းတိုက်ကြီး တည်ဆောက်လေသည်။

(င) ကောဏာဂုံ မြတ်စွာဘုရားရှင်အတွက် ဥဂ္ဂသူဌေးသည် ဂါဝုတ်ဝက် (=ဥသဘလေးဆယ်) ကျယ်ပြန့်သောမြေကို ရွှေအုတ်ချပ် အပြည့်ခင်း၍ ဝယ်ယူပြီးလျှင် ကျောင်းတိုက်ကြီး တည်ဆောက်လေသည်။

(စ) ကဿပ မြတ်စွာဘုရားရှင်အတွက် သုမင်္ဂလသူဌေးသည် ဥသဘနှစ်ဆယ် ကျယ်ပြန့်သော မြေကို ရွှေလိပ်ရုပ် အပြည့်ခင်း၍ ဝယ်ယူပြီးလျှင် ကျောင်းတိုက်ကြီး တည်ဆောက်လေသည်။

(ဆ) အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်အတွက် သုဒတ္တ (=အနာထပိဏ်)သူဌေးသည် ရှစ်မင်းပယ် ကျယ်ပြန့်သော မြေကို ရွှေဒင်္ဂါး ဒေါ်လာအပြည့်ခင်း၍ ဝယ်ယူပြီးလျှင် ဇေတဝန်ကျောင်းတိုက်ကြီး တည်ဆောက်လေသည်။



၅၆၅

ဤဆိုအပ်ပြီးသော စကားရပ်စုကား ဗုဒ္ဓဝံသအဋ္ဌကထာ စာမျက်နှာ ၃၅၁-နှင့် ဝိနည်း စူဠဝဂ္ဂအဋ္ဌကထာ (ဝိ ဋ္ဌ ၄-၆၃ မျက်နှာ)တို့မှ ထုတ်နုတ်ဖော်ပြအပ်သော စကားရပ်များ ဖြစ်သည်။

ဇေတဝန်ကျောင်းတိုက်ရာ မြေနေရာမှာ ဆိုခဲ့ပြီးသည့်အတိုင်း ခေတ်အခါအလိုက် ကျယ်မှု ကျဉ်းမှု ရှိသော်လည်း ဂန္ဓကုဋီ ကျောင်းတော်ရာမှာမူ အပြောင်းအလဲမရှိချေ၊ တနေရာတည်းမှာပင် တည်ဆောက်ကြလေသည်။

(ဤကား အဝိဇဟိတဌာနလေးပါးအကြောင်း မှတ်ဖွယ်တည်း။)

မြတ်စွာဘုရားရှင်တို့အား နတ်လူတို့ ချစ်ခင်နှစ်သက်ကြကြောင်း

     ရှေး၌ ဆိုအပ်ပြီးသောအတိုင်း စောင်းတန်းဦး၌ လက်ျာခြေတော်ကို ပဌမဦးစွာချ၍ ရပ်တည်တော်မူသော မြတ်စွာဘုရားအား အရှင်သာရိပုတ္တရာ မထေရ်သည် ရှေးဦးစွာ ဖူးမြော်ပူဇော် ကန်တော့ပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယနေ့ ခပ်သိမ်းသော လူနတ်တို့သည် အရှင်ဘုရားတို့အား ချစ်ခင်နှစ်သက် မြတ်နိုးကြပါကုန်၏၊ ဘုရားဆုကို ပန်ဆင်တောင့်တကြပါကုန်၏”ဟူ၍ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်ကို “ချစ်သားသာရိပုတ္တရာ.. ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကုန်သော မြတ်စွာဘုရားရှင်တို့ကို ဗြဟ္မာနတ်လူ ခပ်သိမ်းသောသူတို့သည် ကြည်ဖြူလေးမြတ် ချစ်ခင်နှစ်သက်အပ်ကုန်သည်သာ ဖြစ်ပေ၏”ဟူ၍ မိန့်တော်မူပြီးလျှင် တရားဟောတော်မူလိုသည့်အတွက်-

ယေ ဈာနပ္ပသုတာ ဓီရာ၊

နေက္ခမ္မူပသမေ ရတာ။

ဒေဝါပိ တေသံ ပိဟယန္တိ၊

သမ္ဗုဒ္ဓါနံ သတီမတံ။

သာရိပုတ္တ = ချစ်သားသာရိပုတ္တရာ..။ ယေ ဓီရာ = သဗ္ဗညုတဉာဏ်ရှင် အကြင် ဘုရားသခင်တို့သည်။ ဈာနပ္ပသုတာ = အာရမ္မဏူ လက္ခဏူဟု နှစ်ဆူသော ဈာန်တရားတို့၌



၅၆၆

ငါးရပ်သော ဝသီဘော်တို့ဖြင့် မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ကြိုးကုတ် အားထုတ် လေ့လာတော်မူကြကုန်၏။ နေက္ခမ္မူပသမေ = ဒုက္ခခပ်သိမ်းမှ လွတ်ငြိမ်းရာဧကန် နိဗ္ဗာန်ပရမတ်၌။ ရတာ = ဖလသမာပတ် ဝင်စံလတ်၍ မပြတ်ရွှင်ပျော် မွေ့လျော်တော်မူကြကုန်၏။ သတီမတံ = အမြဲယှဉ်လတ် မပြတ်သတိ ရှိတော်မူကြကုန်သော။ တေသံ သမ္ဗုဒ္ဓါနံ = သဗ္ဗညုတဉာဏ်ရှင် ထိုဘုရားသခင်တို့အား။ ဒေဝါပိ = အထက်ရပ်ရွာ နတ်ဗြဟ္မာတို့သော်မှလည်း။ ပိဟယန္တိ = “ကြုံခဲကြုံလာ တို့သူငါသည် မြတ်စွာဗုဒ္ဓ ဖြစ်ကုန်ကြမူ ကောင်းစွာ့တကား” နှုတ်မြွက်ကြား၍ အားရအင်တက် နှစ်သက်မြတ်နိုးကြကုန်၏။-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေသည်။ (ဓမ္မပဒအဋ္ဌကထာအဆိုမှာ ဤဂါထာအဆုံး၌ ကုဋေသုံးဆယ်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ ကျွတ်တမ်းဝင်ကြ၍ အရှင်သာရိပုတ္တရာ၏တပည့် ရဟန်းငါးရာတို့ အရဟတ္တဖိုလ်၌ တည်ကြသောဟု ဖွင့်ဆို၏။ သုတ္တနိပါတ် အဋ္ဌကထာနှင့် မညီလေ)။ သုတ္တနိပါတ်အဋ္ဌကထာအဆိုမှာ-

မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်ကျေးဇူးကို ထင်ရှားစေတော်မူခြင်း

     ထိုစောင်းတန်းဦး၌ ရပ်တည်တော်မူရင်းပင် မြတ်စွာဘုရားရှင်သည် ဤသို့ ကြံစည်စဉ်းစား ဆင်ခြင်တော်မူလေသည်၊ ဆင်ခြင်တော်မူပုံမှာ-

     “ဤပရိသတ် အစည်းအဝေး၌ မောဂ္ဂလာန်ထေရ်သည် တန်ခိုးဣဒ္ဓိပါဒ်အားဖြင့် အမြတ်ဆုံး အသာဆုံးဟု ထင်ရှား၏၊ အနုရုဒ္ဓါထေရ်သည် ဒိဗ္ဗစက္ခု အဘိညာဉ်အားဖြင့် အမြတ်ဆုံး အသာဆုံးဟု ထင်ရှား၏၊ ပုဏ္ဏထေရ်သည် ဓမ္မကထိကအဖြစ်ဖြင့် ထင်ရှား၏၊ သာရိပုတ္တရာ ထေရ်ကိုကား ဤပရိသတ်သည် တစုံတခုသော ဂုဏ်ကျေးဇူးဖြင့် ဤကဲ့သို့ သာလွန်မြင့်မြတ်သူဟူ၍ မသိသေးပေ၊



၅၆၇

ငါဘုရားသည် သာရိပုတ္တရာထေရ်ကို ပညာဂုဏ်အားဖြင့် ထင်ရှား သိသာစေရမူ ကောင်းလေစွာ့”ဟူ၍ ဆင်ခြင် စဉ်းစားတော်မူပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်ကို ပုထုဇဉ်တို့နှင့် သက်ဆိုင်သော ပြဿနာ, သေက္ခခေါ်ဆို အောက်အရိယာပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော ပြဿနာ, အသေက္ခခေါ်ဆို ရဟန္တာပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော ပြဿနာ = ဤပြဿနာ အဆင့်ဆင့်ကို မေးမြန်းတော်မူလေ၏။ မထေရ်သည် မြတ်စွာဘုရားရှင် မေးတော်မူတိုင်းသော ပုထုဇ္ဇနပြဿနာ, သေက္ခပြဿနာ, အသေက္ခပြဿနာ အလုံးစုံတို့ကို ဖြေကြားတော်မူလေ၏။ ထိုအခါ၌ လူများအပေါင်းသည် အရှင်သာရိပုတ္တရာကို “ပညာဂုဏ်အားဖြင့် သာလွန်မြင့်မြတ်သော ပုဂ္ဂိုလ်”ဟူ၍ အထင်အရှား သိရှိကြလေသည်။

ပရောသဟဿဇာတ်ကို ဟောကြားတော်မူခြင်း

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် “သာရိပုတ္တရာကား ယခုအခါ၌သာ ပညာဂုဏ်အားဖြင့် သာလွန်မြင့်မြတ်သူ ဖြစ်သည်မဟုတ်သေး၊ အတိတ်ရှေးအခါ၌လည်း ပညာဂုဏ်အားဖြင့် သာလွန်မြင့်မြတ်သူ ဖြစ်ခဲ့လေပြီ”ဟု မိန့်တော်မူပြီးလျှင် (ဧကကနိပါတ်၊ ၁၀-လိတ္တ၀ဂ်၊ ၉-ခုမြောက်၊ ဇာဋ္ဌ ၁၊ ၄၃၀-မျက်နှာလာ) ပရောသဟဿဇာတ်ကို ထုတ်ဆောင် ဟောကြားတော်မူလေသည်။ ထိုပရောသဟဿာဇာတ် အကျဉ်းချုပ် ကား-

     လွန်လေပြီးသောအခါ တထောင်ကျော်သော ရသေ့သူမြတ်တို့သည် တောသစ်မြစ် သစ်ဥ သစ်သီးတို့ကိုသာ စားသောက်ကြကုန်လျက် တခုသောတောင်ခြေ၌ နေကြကုန်၏။ ထိုရသေ့တို့၏ ဆရာရသေ့မှာ အနာရောဂါ စွဲကပ်လာသဖြင့် ဝိုင်းဝန်း ပြုစုကြသော တပည့်ရသေ့တို့အနက် အကြီးဆုံးသော တပည့်ရသေ့သည် ကျန်သောရသေ့တို့ကို “ငါသည် ဆရာရသေ့နှင့် သင့်လျော် လျောက်ပတ်မည့် ဆေးကို ရှာဖွေ ယူဆောင်ခဲ့မည်၊ သင်တို့သည် ငါမရောက်မီအတွင်း ဆရာရသေ့ကို မမေ့မလျော့ ပြုစုရစ်ကြ”ဟု မှာကြား ပြောဆိုခဲ့ကာ ဆေးရှာရန်အတွက် လူတို့လမ်းသို့ သွားခဲ့လေသည်။



၅၆၈

     ထိုတပည့်ကြီး မရောက်လာမီပင် ဆရာရသေ့ကား စုတိပြတ်ကြွေ ကွယ်လွန်ခဲ့လေသည်။ ဆရာရသေ့ကြီး မကွယ်လွန်မီ သေခါနီးကာလ၌ တပည့်ရသေ့များက ဈာန်သမာပတ်နှင့် ပတ်သက်၍ မေးမြန်းကြသည်တွင် ဆရာရသေ့ကြီးက အာကိဉ္စညာယတန (=တတိယ အရူပ)ဈာန်ကို ရည်ရွယ်၍ နတ္ထိ ကိဉ္စိ (=တစိုးတစိမျှ မရှိ)ဟူ၍ ဖြေဆိုလေသည်။ (အာကိဉ္စညာယတနဈာန် = တတိယ အရူပဈာန်ကို ၀င်စားလိုလျှင် ပဌမအရူပဈာန်၏ တစိုးတစိမျှမရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု၍ “နတ္ထိ ကိဉ္စိ၊ နတ္ထိ ကိဉ္စိ”ဟူ၍ ထပ်တလဲလဲ စီးဖြန်းမှု ပရိကံကို ပြုရသည်။ ထိုအချက်ကို ရည်စူး၍ ဆရာကြီးက “နတ္ထိ ကိဉ္စိ”ဟူ၍ ဖြေဆိုခြင်း ဖြစ်လေသည်)။

     တပည့်များကား ဆရာကြီး၏ ရည်ရွယ်ချက်ကို နားမလည် မသိရှိကြသဖြင့် “ငါတို့၏ဆရာကြီးမှာ ဈာန်သမာပတ်တရားကိုရခြင်း လုံးဝမရှိ”ဟု အထင်အမှတ် လွဲမှားကြကာ သုသာန်သင်းချိုင်း၌ ဆရာကြီး၏ ဥတုဇရုပ်ကလာပ်ကို ပူဇော်ပသ သက္ကာရမှု မပြုကြပဲ ပေါ့ပေါ့ဆဆ နေထိုင်ကြလေသည်။

(ဤ၌ မှတ်ရန်အထူးကား။ ။အာကိဉ္စညာယတနဈာန် =တတိယ အရူပဈာန်ကို ရရှိသော အလောင်းတော် ဆရာကြီးသည် တပည့်များက မေးသောအခါ “နတ္ထိ ကိဉ္စိ”ဟု ဖြေကြားတော်မူပြီးလျှင် အာဘဿရဗြဟ္မာ့ပြည် = ရူပါဝစရ ဒုတိယဈာန်ဘုံ၌ ဖြစ်တော်မူလေသည်။ မှန်၏.. အလောင်းတော်ကြီးများသည် အရူပဈာန်သမာပတ်ကို ရတော်မူကြကုန်သော်လည်း အရူပလေးဘုံမှာ အဘဗ္ဗဌာန = ဘုရားအလောင်းတော်တို့ ဖြစ်ရာဌာနမဟုတ်သော ဘုံမျိုးဖြစ်သောကြောင့် ထိုအရူပဘုံ၌ ဖြစ်တော်မမူကြလေကုန်။)

     ထို့နောင်မှ တပည့်ကြီး ရသေ့သည် သပ္ပါယဖြစ်သော ဆေးကို ယူဆောင်၍ လာလတ်သော် ဆရာရသေ့ကြီး ကွယ်လွန်ပြီးဖြစ်နေသည်ကို တွေ့ရှိရ၍ “ဆရာကြီးကို တစုံတခု မေးမြန်းလိုက်ကြ၏လော”ဟု တပည့်ရသေ့များကို မေးလေသည်။ တပည့်ရသေ့များက “အိမ်း.. မေးလိုက်ကြပါ၏၊ ဆရာကြီးသည် ‘နတ္ထိ ကိဉ္စိ = တစိုးတစိ မရှိ’ဟု ဖြေကြားသွားပါသည်၊ ငါတို့ဆရာကြီးသည်



၅၆၉

တစုံတခုသော ဈာန်ကိုမျှ ရ၍မသွားချေ”ဟူ၍ မိမိတို့ အယူအဆအတိုင်း ပြောဆိုကြလေသည်။

     တပည့်ကြီးရသေ့သည် ထိုသူတို့ပြောသောစကားကို ကြားရလေလျှင် “သင်တို့သည် ဆရာကြီးပြောဆိုခဲ့သည့် စကား၏ အနက်အဓိပ္ပါယ်ကို လုံးဝမသိကြကုန်၊ ငါတို့ဆရာကြီးကား အာကိဉ္စညာယတနဈာန် = တတိယ အရူပဈာန်ကို ရရှိသူဖြစ်သည်”ဟူ၍ အမှန်အတိုင်း ဖြေကြားပြောဆိုလေသည်။

     တပည့်ကြီးရသေ့ကား အဖန်ဖန် အမှန်ကိုဖြေကြား ပြောဆိုပါသော်လည်း ထိုရသေ့တို့က မယုံကြည်နိုင်ပဲ ရှိကြသဖြင့် ဘုရားအလောင်းတော် အာဘဿရဗြဟ္မာမင်းသည် ထိုအကြောင်းကို သိရှိကာ “ပညာအန္ဓ လူ့ဗာလတို့သည် ငါ့တပည့်ကြီး၏စကားကို မယုံကြည်ကြကုန်၊ ဤအကြောင်းကို ထိုပညာအန္ဓ လူ့ဗာလတို့အား ထင်ရှားစွာ ငါပြုပေအံ့”ဟု ကြံစည်တော်မူပြီးလျှင် အာဘဿရ ဗြဟ္မာ့ပြည်မှ လူ့ပြည်သို့လာရောက်၍ သင်္ခမ်းကျောင်းအရာမ်ထိပ် ကောင်းကင်အပြင်ဝယ် ကြီးစွာသော အာနုဘော်ဖြင့် ရပ်တည်ကာ တပည့်ကြီးရသေ့၏ ပညာအာနုဘော်ကို ချီးမွမ်းလို၍-

ပရောသဟဿမ္ပိ သမာဂတာနံ၊

ကန္ဒေယျုံ တေ ဝဿသတံ အပညာ။

ဧကောဝ သေယျော ပုရိသော သပညော၊

သော ဘာသိတဿ ဝိဇာနာတိ အတ္ထံ။

ပညာမဲ့သော ထိုသူတို့သည် အနှစ်တရာပတ်လုံး ငိုကြွေးမြည်တမ်းကြကုန်စေကာမူ (ဆရာ့စကား၏ အကျိုးအကြောင်းကို ဧကန်ပင် မသိနိုင်ကုန်လေရာ) ထိုပညာမဲ့သူ လူပေါင်းတထောင်ကျော် စည်းဝေးကြသောထက် ဆရာ့စကား၏ အနက်အဓိပ္ပါယ်ကို ပိုင်းခြား၍သိသော ပညာရှိယောက်ျား တယောက်သည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏-



၅၇၀

ဟူသော ဤဂါထာကို ရွတ်ဆိုလာလေသည်။ ဤသို့လျှင် အလောင်းတော်သူမြတ်သည် ကောင်းကင်၌ ရပ်တည်လျက်ပင် တရားကိုဟော၍ ရသေ့အပေါင်းကို သိစေပြီးလျှင် ဗြဟ္မာပြည်သို့သာလျှင် ပြန်သွားတော် မူလေ၏။ ထိုရသေ့တို့သည်လည်း ဈာန်သမာပတ်များ ရရှိကြ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားရောက်ကြလေကုန်၏။

     မြတ်စွာဘုရားသည် ဤတရားဒေသနာကို ထုတ်ဆောင် ဟောကြားတော်မူပြီးလျှင် “ယခုအခါ သာရိပုတ္တရာသည် ထိုစဉ်အခါ တပည့်ကြီးရသေ့ ဖြစ်ခဲ့လေပြီ၊ ယခုအခါ ငါဘုရားသည်ပင် ထိုစဉ်အခါ အာဘဿရဘုံသား ဗြဟ္မာကြီး ဖြစ်ခဲ့လေပြီ”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

(ဤကား ပရောသဟဿဇာတ် အကျဉ်းချုပ်တည်း၊ အကျယ်ကို အလိုရှိပါမူ ဧကကနိပါတ် ဇာတ်ဝတ္ထုမှ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

သာရိပုတ္တသုတ္တန်ကို ဟောကြားတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဤပရောသဟဿဇာတ်ကို ဟောကြားတော်မူအပ်ပြီးလတ်သော် အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ သဒ္ဓိဝိဟာရိက (=ဥပဇ္ဈာယ်ယူ အတူနေ) တပည့်ရဟန်း ငါးရာတို့၏အကျိုးငှါ သပ္ပါယဖြစ်မည့် နေရာ, ကျက်စားရာ, အလေ့အကျင့် စသည်တို့ကို မေးမြန်းအံ့သောငှါ “န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ” အစချီသော ဤထုတိဂါထာကို အစပြု၍ ရှစ်ဂါထာတို့ကို ရွတ်ဆိုလျှောက်ထား မေးမြန်းလေသည်။ ထိုမေးမြန်းချက်ကို ဖြေကြားတော်မူလို၍ မြတ်စွာဘုရားရှင်သည် “ဝိဇိဂုစ္ဆမာနဿ ယဒိဒံ ဖာသု” အစရှိသော တဆယ့်သုံးဂါထာတို့ကို ဟောကြားတော်မူလေသည်။*


     * ထိုသာရိပုတ္တသုတ္တန်ကား သုတ္တနိပါတ်ပါဠိတော်၊ ခု ၁၊ မျက်နှာ ၄၂၆-၌ လာသည်။ ဂါထာပေါင်း ၂၁-ဂါထာရှိ၏၊ ထိုသုတ္တန်တခုလုံး၏ ပါဠိ မြန်မာပြန် နှစ်ရပ်လုံးကို ဖော်ပြနေပါက ကျယ်ဝန်းမည်စိုး၍ မေးလိုရင်း ဖြေလိုရင်း အကျဉ်းမျှကိုသာ ဖော်ပြပါအံ့၊ အကျယ်ကို ပိဋကတ်မြန်မာပြန်မှ မှတ်ယူကြကုန်ရာ၏။



၅၇၁

သာရိပုတ္တသုတ္တန် အကျဉ်းချုပ်

     အကျွန်ုပ် (သာရိပုတ္တရာ)သည် ဤအခါမှ ရှေးအခါတုန်းက တုသိတာနတ်ပြည်မှ မယ်တော်ဝမ်းတိုက်သို့ ကြွရောက်တော်မူလာသည့် သာယာသောစကားကို မိန့်ကြားတော်မူတတ်သော ဂိုဏ်း၏ဆရာ မြတ်စွာဘုရားကို ဤကဲ့သို့ အံ့ဖွယ်သရဲ ထူးကဲသော ပြာဋိဟာမှု ကျေးဇူးအစုနှင့် တင့်တယ်၍ နေတော်မူသည်ကို ကိုယ်တိုင်လည်း မမြင်ရစဘူး၊ တဦးတယောက်သောသူ၏ အထံမှလည်း သတင်းစကား မကြားရစဘူး။ (၁)

     “အလုံးစုံသော မောဟကို ပယ်ဖျောက်၍ အတုမရှိ တဆူတည်းသာ ဖြစ်တော်မူလျက် ဈာန်၌ မွေ့လျော်ခြင်း, နိဗ္ဗာန်၌ မွေ့လျော်ခြင်းကို ရတော်မူပြီ”ဟူ၍ စက္ခုငါးပါး ရှိတော်မူသော ရှင်ပင်မြတ်ဘုရားကို ဗြဟ္မာနတ်လူ သုံးဘုံသူတို့သည် အမှန်အတိုင်း မြင်အပ်ပါ၏။ (၂)

     တဏှာဒိဋ္ဌိ အမှီနှစ်ပါး မရှိသော, လောကဓံကြောင့် ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းမရှိသော, လိမ်လည်လှည့်ဆွယ် အံ့ဖွယ်အမှု ပြုတော်မမူသော, ဂိုဏ်း၏ဆရာ ဖြစ်တော်မူသော, ဤသင်္ကဿ မြို့တံခါးဝသို့ ကြွရောက်တော်မူသော မြတ်စွာဘုရားကို များစွာသော တပည့်တို့အတွက် ပြဿနာစောထောက် မေးလျှောက်လို၍ တပည့်တော် (သာရိပုတ္တရာ)သည် ဤအရပ်သို့ လာရောက်ခြင်း ဖြစ်ပါသည်။ (၃)

     ဇာတိဘေး စသည်တို့မှ စက်ဆုပ်ကြောက်ရွံ့လျက် သစ်ပင်ရင်းကိုဖြစ်စေ, သုသာန်ကိုဖြစ်စေ, တောင်လိုဏ်တို့ဝယ် လူတိတ်ဆိတ်သော ညောင်စောင်း အင်းပျဉ်နေရာကိုဖြစ်စေ မှီဝဲဆည်းကပ် ကိန်းဝပ်စံနေသော ရဟန်း၏အတွက် လူသံဆိတ်သော ထိုအိပ်ရာနေရာစု၌ ရဟန်းသည် မတုန်မလှုပ် မကြောက်ရွံ့ရမည့် အာရုံများ ရှိလေရာ ကောင်းကောင်းဆိုးဆိုး ထိုအိပ်ရာနေရာ အမျိုးမျိုးတို့၌ (ရဟန်းသူမြတ် မတုန်လှုပ်ရမည့်) ကြောက်ဖွယ်ကောင်းသော အာရုံတို့ကား အဘယ်မျှ ရှိပါကုန်သနည်း (က)၊ (၄-၅)



၅၇၂

     တကြိမ်တခေါက် မရောက်ဘူးလတ် နိဗ္ဗာန်အရပ်သို့ အရောက်ချီမြန်းသော ရဟန်းသူမြတ်အတွက် မြို့စွန်ရွာဖျား ဆိတ်ငြိမ်ရာ တောကျောင်း အိပ်ရာနေရာများ၌ ရဟန်းသူမြတ်က အနိုင်လွှမ်းမိုးရမည့် ဘေးရန်များရှိလေရာ ထိုဘေးရန်များကား အဘယ်မျှ ရှိပါကုန်သနည်း (ခ)။ (၆)

     ထိုရဟန်းသူမြတ်၏ ပြောဆိုရမည့် စကားတို့ကား အဘယ်တို့ပါနည်း (ဂ)။ ဤလောက၌ ထိုရဟန်းမြတ်၏ ကျက်စားရမည့် အရာဌာန (စားကျက်)တို့ကား အဘယ်တို့ပါနည်း (ဃ)။ ကမ္မဋ္ဌာန်းအလုပ်အတွင်းသို့ အပြင်းစေလွှတ်အပ်သည့် စိတ်ရှိသော (=ကမ္မဋ္ဌာန်းအလုပ် အပြင်းအထန် အားထုတ်သော) ထိုရဟန်းသူမြတ်၏ လိုက်နာကျင့်သုံးရမည့် အလေ့အကျင့်များကား အဘယ်တို့ပါနည်း (င)။ (၇)

     ထိုရဟန်းသူမြတ်သည် အဘယ်မည်သော သိက္ခာကို ကောင်းစွာ ဆောက်တည်၍ တည်ကြည်သော စိတ်ရှိလျက် ရင့်ကျက်သော ပညာရှိကာ ထင်စွာသောသတိနှင့် ပြည့်စုံလတ်၍ ရွှေပန်းထိမ်သည် ရွှေ၏အညစ်အကြေးကို မှုတ်လွှင့်ပယ်ရှားသကဲ့သို့ မိမိ၏ ကိလေသာအညစ်အကြေးများကို ပယ်ရှား မှုတ်လွှင့်နိုင်ပါမည်နည်းဘုရား (စ)။ (၈)

(ဤသို့ အရှင်သာရိပုတ္တရာသည် သုံးဂါထာတို့ဖြင့် မြတ်စွာဘုရားကို ချီးမွမ်း၍ ငါးဂါထာတို့ဖြင့် တပည့်ရဟန်း ငါးရာတို့၏အကျိုးငှါ သပ္ပါယဖြစ်သော နေရာ, ကျက်စားရာ, အလေ့, အကျင့် စသည်တို့ကို မေးလျှောက်လေသည်။ မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သော တဆယ့်သုံးဂါထာတို့ဖြင့် ဖြေကြားတော်မူသည်)။

     ချစ်သားသာရိပုတ္တရာ.. ဇာတိဘေး စသည်တို့မှ စက်ဆုပ်ကြောက်ရွံ့လျက် ဆိတ်ငြိမ်ရာ အိပ်ရာနေရာကျောင်းကို ကိန်းအောင်းမှီခိုသော မဂ်ဉာဏ်လိုလားသည့် အမျိုးကောင်းသား ရဟန်းအတွက် ချမ်းသာစွာ နေထိုင်ကြောင်းတရားနှင့် ကျင့်ကြံရမည့်တရား ဤနှစ်ပါးကို (စမ်းတဝါးဝါး အနုမာနမဟုတ်ပဲ)



၅၇၃

ကိုယ်တိုင်ထင်ထင် သိမြင်သည့်အတိုင်း ငါဘုရားသည် သင်ချစ်သားအား ဟောကြားပေအံ့။ (၁)

     ချစ်သားသာရိပုတ္တရာ.. ပညာလည်းရှိ၍ သတိလည်းထင်လင်းလျက် (သီ, ဣန်, ဘော, ဇာ) = လေးဖြာသော အပိုင်းအခြားတရားတို့၌ ကျင့်ကြံသောရဟန်းသည် (၁) မှက်ခြင် ယင်ရိုင်းတို့၏ အတွေ့အထိဘေး၊ (၂) မြွေကင်းသန်းတို့၏ အတွေ့အထိဘေး၊ (၃) လူဆိုးသူဆိုးတို့ လွှမ်းမိုးနှိပ်စက်သည့်ဘေး၊ (၄) အခြေ လေးချောင်းရှိသည့် ခြင်္သေ့သစ်ကျား အစရှိသည့် သားရဲတို့၏ဘေး၊ (၅) သာသနာပြင်ပ ဗာဟီရကအယူရှိကြသည့် ရတနာသုံးပါး၌ မကြည်ညိုကြသူတို့၏ ဆန့်ကျင်ဘက် မေးမြန်းပြောဆို ညှဉ်းပန်းနှိပ်စက်လာသည့်ဘေး = ဤဖော်ပြရာပါ ဘေးငါးမျိုးတို့ကို မကြောက်မရွံ့ရာ၊ ထိုဖော်ပြရာပါ ငါးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ အာရုံအမျိုးမျိုးတို့ကို တွေ့ရကြုံရသော်လည်း မလန့်မထိတ်ရာ။

(ဤတဂါထာဝက်ဖြင့် (က) အမှတ်ပါ “ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သော ရဟန်းသူမြတ်၏ မတုန်မလှုပ်ရမည့် ကြောက်ဖွယ်ကောင်းသော အာရုံတို့ကား အဘယ်မျှ ရှိပါကုန်သနည်း”ဟူသော အမေးအတွက် မတုန်မလှုပ် မကြောက်မရွံ့ မထိတ်မလန့်ရမည့် ကြောက်ဖွယ်ကောင်းသော အာရုံ (=ဘေး)တို့ကား မှက်ခြင်ယင်ရိုင်းဘေး, မြွေကင်းသန်းဘေး, လူဆိုးသူဆိုးဘေး, သားရဲတိရစ္ဆာန်ဘေး, သာသနာပြင်ပ ဗာဟီရက အယူရှိသူတို့ဘေး = ဤသို့ ဘေးငါးပါးရှိကြောင်းကို ဖြေကြားတော်မူသည်)။

     ထိုမှတပါး နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သည့် အပြစ်မရှိသော သမ္မာပဋိပတ်ကို လေ့လာရှာမှီးဆည်းပူးအားထုတ်သော ရဟန်းသူမြတ်သည် (ဖော်ပြရာပါ) ဘေးငါးမျိုးမှတပါး (ဖော်ပြလတ္တံ့သော) အတွင်းရန်များကိုလည်း မိမိက နိုင်နင်းအောင် လွှမ်းမိုး ကျင့်ကြံရာ၏၊ ထိုအတွင်းရန်တို့မှာ(၂-၃)

     (၁) အနာရောဂါ၏ အတွေ့အထိ၊ (၂) ဆာလောင်မွတ်သိပ်မှု အတွေ့အထိ၊ (၃) အဇ္ဈတ္တ ဗဟိဒ္ဓ (ဖောက်ပြန်သော) အအေးဥတု အတွေ့အထိ၊ (၄) ထို့အတူ အပူဥတုအတွေ့အထိတို့ဖြင့်



၅၇၄

တွေ့ထိနှိပ်စက်အပ်သော်လည်း သည်းခံရမည်။ ထိုရဟန်းသူမြတ်သည် ထိုအတွင်းရန် အတွေ့အထိ လေးမျိုးတို့ဖြင့် အမျိုးမျိုး တွေ့ထိ နှိပ်စက်အပ်သော်လည်း (၅) ဒုစရိုက်ဆယ်ပါး အကျဉ်းချုပ်အားဖြင့် အကုသိုလ်တရားအစု တည်းဟူသော အတွင်းအကျဆုံး ရန်များကို မဖြစ်ပွါးစေပဲ မြဲမြံခိုင်ကြံ့သော သမ္မပ္ပဓာန်လုံ့လ ဝီရိယကိုသာ စွဲမြဲပြုလုပ် အားထုတ်ရမည်။ (၄)

(ဤတဂါထာဝက်ဖြင့် (ခ) အမှတ်ပါ “ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သော ရဟန်းသူမြတ်က အနိုင်လွှမ်းမိုးရမည့် အတွင်းရန်များကား အဘယ်မျှ ရှိပါကုန်သနည်း”ဟူသော အမေးအတွက် အနာရောဂါ၏ အတွေ့အထိ, ဆာလောင်မွတ်သိပ်မှု အတွေ့အထိ, သီတဥတုအတွေ့အထိ, ဥဏှဥတု အတွေ့အထိ = တည်းဟူသော အတွင်းရန် လေးပါးနှင့်တကွ ထိုလေးပါးကြောင့် ဖြစ်ပေါ်တတ်သည့် ဒုစရိုက်ဆယ်ပါး အကျဉ်းအားဖြင့် အကုသိုလ်တရားအစု တည်းဟူသော အတွင်းရန် = ဤအတွင်းရန် ငါးပါးကို အနိုင်လွှမ်းမိုးရမည်ဟူ၍ ဖြေကြားတော်မူခြင်းဖြစ်သည်။

ဤသို့ (က)မှတ်ပါ (ခ)မှတ်ပါ ပြဿနာတို့၏ အဖြေကို ဖြေကြားတော်မူပြီးလျှင် ကျန်သော (ဂ) (ဃ) (င) (စ)အမှတ်ပါ ပြဿနာတို့၏ အဖြေကို ဤဆိုလတ္တံ့သောအတိုင်း (၉) ကိုးဂါထာတို့ဖြင့် စုပေါင်း၍ ဖြေကြားတော်မူသည်)။

     ရဟန်းသူမြတ်သည် ခိုးမှုကို ဘယ်နည်းဖြင့်မျှ မပြုရာ။ မုသားစကားကို ဘယ်နည်းဖြင့်မျှ မပြောရာ။ တဏှာမကင်းသေးသော (=တသ) သတ္တဝါ, တဏှာကင်းပြီးသော (=ထာဝရ) သတ္တဝါတို့ကို အမြဲမပြတ် မေတ္တာတရား ဖြန့်ပွါးရာ၏။ စိတ်၏ နောက်ကျုကြောင်းဖြစ်သည့် ဒုစရိုက်ဆယ်ပါး အကျဉ်းချုပ်အားဖြင့် အကုသိုလ်တရားအစုကို “ဤတရားစုကား မာရ်မင်း၏ အပင်းအသင်းဖြစ်သည်”ဟု ဆင်ခြင်သိရှိကာ ပယ်ရှားရာ၏။ (၅)

(ဤဂါထာဖြင့် မခိုးရ၊ မုသားမပြောရ၊ မေတ္တာတရား ပွါးများရမည်၊ အကုသိုလ်တရားတို့ကို ပယ်ရှားရမည်ဟူ၍ ကျင့်ဝတ်လေးပါးကို ဟောကြားတော်မူ၏)။

     အမျက်ထွက်ခြင်း = ကောဓဘရား, မာန်မူခြင်း = အတိမာနတရားတို့၏ အလိုသို့ မလိုက်ပါရာ။ ထိုကောဓ, အတိမာနတရားတို့၏



၅၇၅

အခြေခံ အကြောင်းရင်းဖြစ်သည့် (အဝိဇ္ဇာ, အယောနိသော မနသိကာရ, အသ္မိမာန, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ တည်းဟူသော) = တရား ၆-မျိုးတို့ကို အမြစ်မကျန် ပယ်လှန်တူးဖြိုရာ၏။ ထိုမှတပါး ချစ်ဖွယ်အာရုံ, မုန်းဖွယ်အာရုံ နှစ်မျိုးကို လွှမ်းမိုးနိုင်အောင် လွှမ်းမိုးရာ၏။ (=ချစ်ဖွယ်အာရုံ, မုန်းဖွယ်အာရုံဟူ၍ မရှိအောင် နေထိုင်ရမည်ဟူလို)။ (၆)

(ဤဂါထာဖြင့် အမျက်မထွက်ရ၊ မာန်မာန မကြီးရ၊ ထိုနှစ်မျိုး၏ အခြေခံ အကြောင်းရင်းတရား ခြောက်မျိုးကို အမြစ်မကျန် ပယ်လှန် တူးဖြိုရမည်။ ချစ်ဖွယ်အာရုံ, မုန်းဖွယ်အာရုံဟူ၍ မရှိစေရ၊ ဤကျင့်ဝတ် လေးပါးကို ဟောကြားတော်မူ၏)။

     ရဟန်းသူမြတ်သည် သမ္ပဇဉ်ပညာကို ရှေ့သွားပြုပြီးလျှင် အနုဿတိဆယ်ပါး ပွါးများ၍ ရရှိသော ပီတိတရားကို လက်ကိုင်ထား၍ ရှေးဖော်ပြရာပါ အတွင်းရန် အပြင်ရန်များကို ခွါပစ်ရမည်။

(ဤစကားရပ်ဖြင့် (က) (ခ) အမေး၏ အဖြေ ဘေးငါးပါး (=အပြင်ရန်ငါးမျိုး)နှင့် ရန်ငါးပါး (=အတွင်းရန်ငါးမျိုး)တို့ကို သမ္ပဇဉ်ပညာကို ရှေ့သွားပြု၍ အနုဿတိဘာဝနာကို ပွါးပြီးလျှင် ထိုဘာဝနာကြောင့် ရရှိသော ပီတိဖြင့် သည်းခံရမည်။ မိမိက အနိုင်လွှမ်းမိုးရမည်ဟူ၍ ဥပါယ်ကောင်းကို ညွှန်ပြတော်မူသည်)။

     ထိုဖော်ပြရာပါ ဥပါယ်ကောင်းဖြင့်ပင် ဆိတ်ငြိမ်ရာအရပ် တောကျောင်း၌ မမွေ့လျော်ခြင်း, ဘာဝနာကောင်းမှု ကုသိုလ်တို့၌ မမွေ့လျော်ခြင်းတို့ကို မိမိက နိုင်နင်းအောင် လွှမ်းမိုးရမည်။ ဖော်ပြလတ္တံ့သော ငိုကြွေးကြောင်းတရား လေးမျိုးတို့ကိုလည်း မိမိက နိုင်နင်းအောင် လွှမ်းမိုးရမည်။ (၇)

ငိုကြွေးကြောင်းတရားလေးပါး

     (၁) ငါသည် ယနေ့ အဘယ်အစာကိုများ စားရပါမည်နည်း (=ထမင်းကိုပင် စားရမည်လော၊ မုယာမုံ့ကိုပင် စားရမည်လော၊ မုံ့လုံးကိုပင် စားရမည်လော၊ ငါးကိုပင် စားရမည်လော၊ အမဲကိုပင် စားရမည်လော)ဟူ၍ ကြံစည်တွေးတောခြင်း၊



၅၇၆

(၂) ငါသည် ယနေ့ အဘယ်အရပ်၌များ စားရပါမည်နည်း (=မင်းအိမ်၌ပင် စားရမည်လော၊ ပုဏ္ဏားအိမ်၌ပင် စားရမည်လော၊ သူဌေးသူကြွယ် ကုန်သည်အိမ်၌ပင် စားရမည်လော၊ ဆင်းရဲသားအိမ်၌ပင် စားရမည်လော)ဟူ၍ ကြံစည်တွေးတောခြင်း၊ (၃) ငါသည် လွန်ခဲ့သောညဉ့်က ဆင်းရဲပင်ပန်းစွာ အိပ်ခဲ့ရပြီ (=ပျဉ်ချပ်၌ အိပ်ခဲ့ရပြီ၊ သို့မဟုတ် ကပ်ကျစ်အခင်း၌ အိပ်ခဲ့ရပြီ၊ သို့မဟုတ် သားရေပိုင်းကလေး၌ အိပ်ခဲ့ရပြီ၊ သို့မဟုတ် မြက်အခင်း သစ်ရွက်အခင်း ကောက်ရိုးအခင်း၌ အိပ်ခဲ့ရပြီ)ဟူ၍ ကြံစည်တွေးတောခြင်း၊ (၄) လာမည့်ညဉ့်ဝယ် အဘယ်၌ ချမ်းသာစွာ အိပ်ရပါမည်နည်း (=ညောင်စောင်း၌တည်း ချမ်းသာစွာ အိပ်ရမည်လော၊ အင်းပျဉ်၌တည်း ချမ်းသာစွာ အိပ်ရမည်လော-စသည် ဖြင့်) ကြံစည်တွေးတောခြင်း = ဤအကြံအစည်လေးမျိုး တွေးတောပူပန်မှု လေးမျိုးကို ငိုကြွေးကြောင်းတရား လေးပါးဟူ၍ ခေါ်၏၊ သိက္ခာသုံးပါး ကျင့်တရားကို ပွါးများအားထုတ်သော ရဟန်းသူမြတ်သည် ကုလ ဂဏ အာဝါသနှင့် ပစ္စယလေးဖြာဝယ် တွယ်တာတပ်မက် နှောက်ယှက်ပိတ်ဆို့မှု ပလိဗောဓခပ်သိမ်း ကင်းငြိမ်းသည်ဖြစ်၍ ထိုဖော်ပြရာပါ အစားအစာနှင့်ပတ်သက်၍ တွေးတောကြံစည် ပူပန်မှုနှစ်ပါး, အနေအထိုင်နှင့်ပတ်သက်၍ တွေးတောကြံစည် ပူပန်မှုနှစ်ပါး = ဤငိုကြွေးကြောင်းတရား လေးပါးတို့ကို ပယ်ရှားရာ၏။ (၈)

(ဖော်ပြရာပါ တွေးတောကြံစည် ပူပန်မှုလေးမျိုးရှိလျှင် စိတ်အားလျော့ကာ ငိုကြွေးမိတတ်သည်၊ ထိုတွေးတောကြံစည် ပူပန်မှုလေးမျိုး တည်းဟူသော ငိုကြွေးကြောင်းတရား လေးမျိုးကို ရဟန်းသူမြတ်သည် အမျိုးဒါယကာ ဂိုဏ်းသံဃာ နေရာအာဝါသ ပစ္စည်းလေးဝတို့၌ တွယ်တာတပ်မက် နှောက်ယှက်ပိတ်ဆို့မှု = ပလိဗောဓခပ်သိမ်းကို မဖြစ်စေသောအားဖြင့် ပယ်ရှားရမည်။ ငိုကြွေးကြောင်းတရားလေးပါး မဖြစ်ပွါးအောင် ပလိဗောဓကို ဖြတ်ရမည်ဟု ဆိုလိုရင်းဖြစ်သည်)။

     ဤသာသနာတော်၌ ရဟန်းသူမြတ်သည် ဆွမ်းချိန်၌ ဆွမ်းကို သင်္ကန်းချိန်၌ သင်္ကန်းကို တရားနှင့်အညီ ရရှိလတ်သော်



၅၇၇

သန္တောသတရား တိုးပွါးစိမ့်သောငှါ ခံယူခြင်း သုံးဆောင်ခြင်း၌ အတိုင်းအရှည်ကို သိရာ၏။

(ခံယူခြင်း၌ အတိုင်းအရှည်ကို သိမှုဟူသည်မှာ- အလှူဝတ္ထု အနည်းအများ ပမာဏ, လှူသူဒါယကာ၏ လှူလိုသော ကုသိုလ်ဆန္ဒ ပမာဏ, မိမိ၏ပမာဏ ဤသုံးပါးကို နှိုင်းချိန်၍ ခံယူခြင်းတည်း၊ (က) အလှူဝတ္ထုက များ၍ ဒါယကာ၏ လှူလိုသော ကုသိုလ်ဆန္ဒက နည်းနေလျှင် ဒါယကာ၏ လှူလိုသော ကုသိုလ်ဆန္ဒကိုငဲ့၍ နည်းနည်းပင် အလှူခံယူမှု၊ (ခ) အလှူဝတ္ထုကနည်း၍ ဒါယကာ၏ လှူလိုသော ကုသိုလ်ဆန္ဒက များနေလျှင် အလှူဝတ္ထု နည်းပါးသည်ကိုငဲ့၍ နည်းနည်းပင် အလှူခံမှု၊ (ဂ) အလှူဝတ္ထုကလည်း များ၍ ဒါယကာ၏ လှူလိုသော ကုသိုလ်ဆန္ဒကလည်း များနေလျှင် မိမိ၏ပမာဏကိုသိ၍ မျှတရုံသာ ခံယူမှု = ဤခံယူမှုသုံးမျိုးကို “ပဋိဂ္ဂဟဏမတ္တညုတာ = ခံယူခြင်း၌ အတိုင်းအရှည်ကိုသိမှု”ဟူ၍ ခေါ်၏။ ။ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးဆောင်ခြင်းကို “ပရိဘောဂမတ္တညုတာ = သုံးဆောင်ခြင်း၌ အတိုင်းအရှည်ကို သိမှု”ဟူ၍ ခေါ်၏)။

     ထိုရဟန်းသူမြတ်သည် ပစ္စည်းလေးရပ်တို့၌ (ဆိုခဲ့ပြီးသော မတ္တညုတာ ဂုဏ်နှစ်ပါးဖြင့် အကုသိုလ်မှုတို့မှ) လုံခြုံစေပြီးလျှင် မြို့တွင်း ရွာတွင်း၌ ဣရိယာပုထ် လေးပါးတို့ကို ထိန်းချုပ် စောင့်ရှောက်လျက် (လူအများက) ပုတ်ခတ်ထိပါး ပြောကြားအပ်စေကာမူ မိမိက ကြမ်းကြုတ်သောစကားကို မပြောကြားရာ၊ (၉)

(တရားနှင့်အညီ ရရှိသော ပစ္စည်းလေးပါးတို့ကို မတ္တညုတာနှစ်ပါးနှင့်အညီ ခံယူသုံးစွဲရမည်။ မြို့ရွာအတွင်း၌ ဣရိယာပုထ်လေးပါးတို့ကို ထိန်းချုပ်စောင့်စည်းလျက်သာ နေရမည်။ လူအများက မိမိကို ပုတ်ခတ် ထိပါး ပြောကြားကြစေကာမူ မိမိက တဖန်ပြန်၍ ကြမ်းကြုတ်သောစကားကို မပြောကြားရဟု ဆိုလိုသည်)။

     ရဟန်းသူမြတ်သည် ချအပ်သော မျက်လွှာရှိသူ ဖြစ်ရမည်။ (=ဟိုကြည့် ဒီကြည့် မကြည့်ရ)။ ခြေလျှပ်ပေါ်လော်လည်သူ မဖြစ်ရာ၊ (=ဟိုသွား ဒီသွား ခရီးမများရ)။ မရသေးသော ဈာန်တို့ကို ရရှိဖို့ရန်, ရရှိပြီးသောဈာန်တို့ကို ဝသီဘော်ငါးတန် နိုင်နင်းရန် လေ့လာကြိုးကုတ် အားထုတ်ရမည်။ များစွာနိုးချပ်သူ ဖြစ်ရမည်။



၅၇၈

(တနေ့နှင့် တညဉ့်အတွက်တာ မဇ္ဈိမယံ ၄-နာရီအချိန်ခန့်သာ သတိရှိရှိ အိပ်စက်၍ ကျန်သောအချိန်၌ စင်္ကြံသွားခြင်း, ထိုင်ခြင်း ဣရိယာပုထ်နှစ်ပါးဖြင့် ရဟန်းတရား ပွါးများအားထုတ်ရမည်)။ (ယင်းသို့ အားထုတ်သဖြင့်) စတုတ္ထဈာန် ဥပေက္ခာကို ဖြစ်စေ၍ အလွန်တည်ကြည်သော စိတ်ရှိသူဖြစ်ပြီးလျှင် ကာမဝိတက် အစရှိသော ဝိတက်များ, ကာမသညာအစရှိသော ထိုဝိတက်တို့၏ တည်ရာတရားများ, လက်လှုပ်ခြင်း ခြေလှုပ်ခြင်း အစရှိသော ကုက္ကုစ္စတရားများကို ပယ်ရှား ဖြတ်တောက်ရမည်။ (၁၀)

     ရဟန်းသူမြတ်သည် ဆရာဥပဇ္ဈာယ် အစရှိသော အကျိုးကို လိုလားသူများက “ငါ့ရှင်.. သင်၏ ဤအမှုသည် မသင့်လျော်” အစရှိသည်ဖြင့် အပြစ်တင်စကား ပြောကြား ဆုံးမအပ်သည်ရှိသော် သတိရှေ့ထား၍ ထိုဆရာဥပဇ္ဈာယ်တို့၏ အပေါ်၌ နှစ်သက်အားရ ရှိရမည်။ သီတင်းသုံးဖော်တို့အပေါ်၌ ငြောင့်တံသင်းအလား ထိပါးသောစိတ်ရှိမှုကို အလျှင်းပင် မပြုရာ၊ ဖျက်ဆီးပစ်ရမည်။ အပြစ်ကင်းသော စကားကိုသာ ပြောကြားရမည်၊ သိက္ခာပုဒ် အပိုင်းအခြား = စည်းကမ်း အချိန်ကာလ အပိုင်းအခြားကို လွန်၍ မပြောဆိုရ၊ လူရှင်အပေါင်းတို့ စွပ်စွဲစကား ပြောကြားဖို့ရန် စိတ်ဖြင့်မျှ မကြံစည်ရ။ (သီလပျက်လျှင် အကျင့်ပျက်လျှင် အယူပျက်လျှင် အသက်မွေးမှု ဖောက်ပြန်ပျက်စီးလျှင် လူရှင်အပေါင်းတို့ စွပ်စွဲစကား ကဲ့ရဲ့စကား ရှုတ်ချစကား ပြောကြားကြပေလိမ့်မည်။ ထို့ကြောင့် လူရှင်အပေါင်းတို့ စွပ်စွဲကဲ့ရဲ့ ရှုတ်ချခံရမည့် သီလပျက်ရန်အမှုများ, အကျင့်ပျက်ရန် အမှုများ, အယူပျက်ရန်အမှုများ, အသက်မွေးမှုပျက်ရန် အမှုများကို ပြုလုပ်ရန်ကိုထား စိတ်ဖြင့်မျှ မကြံမိစေရဟု ဆိုလိုသည်)။ (၁၁)

     ချစ်သား သာရိပုတ္တရာ.. ထိုမှတပါး လောက၌ ရူပါရုံတို့၌ တပ်မက်ခြင်း = ရူပရာဂ, သဒ္ဒါရုံတို့၌ တပ်မက်ခြင်း = သဒ္ဒရာဂ, ဂန္ဓာရုံတို့၌ တပ်မက်ခြင်း = ဂန္ဓရာဂ, ရသာရုံတို့၌ တပ်မက်ခြင်း = ရသရာဂ, ဖောဋ္ဌဗ္ဗာရုံတို့၌ တပ်မက်ခြင်း = ဖောဋ္ဌဗ္ဗရာဂဟူ၍ = ရာဂငါးပါ = မြူမှုန်ငါးပါးတို့ ရှိကြသည်။ ယင်း မြူမှုန်ငါးပါးတို့ကို



၅၇၉

ပယ်ရှားဖို့ရန် ရဟန်းသူမြတ်သည် ထင်လင်းသော သတိရှိလျက် သိက္ခာသုံး ပွါးများကျင့်ကြံရမည်။ ဤသို့ ကျင့်ကြံသည်ရှိသော် ရဟန်းသူမြတ်သည် ထိုရာဂငါးပါး = မြူမှုန်ငါးပါးတို့ကို လွှမ်းမိုးနိုင်နင်းရာ၏။ (၁၂)

(ရာဂငါးပါး = မြူငါးမျိုးတို့ကို ပယ်ရှားဖို့ရန် သိက္ခာသုံးပါးကို ကျင့်ကြံအားထုတ်ရမည်။ ထိုသို့ အားထုတ်သော သူသည်သာ မြူငါးမျိုးတို့ကို လွှမ်းမိုးနိုင်နင်းနိုင်သည်။ အခြားသူများတို့ မနိုင်နင်းနိုင်ကုန်ဟု ဆိုလို၏)။

     (ရာဂငါးပါး = မြူမှုန်ငါးပါးတို့ကို ပယ်ရှားဖို့ရန် သိက္ခာသုံးပါးကို ပွါးများကျင့်ကြံသော ထိုရဟန်းသည် အစဉ်အတိုင်း) အာရုံငါးပါးတို့၌ ဆန္ဒရာဂကို ပယ်ဖျောက်နိုင်ရာ၏။ ထင်လင်းသော သတိရှိလျက် နီဝရဏစသည်တို့မှ ကျွတ်လွတ်သော စိတ်ရှိသည့် ထိုရဟန်းသည် သင့်လျော်သောအခါ၌ သင်္ခတတရားအစုကို အနိစ္စ, ဒုက္ခ, အနတ္တဟု မဖောက်မပြန် အမှန်ထင်ထင် စူးစမ်းဆင်ခြင်လျက် တည်ကြည်သော စိတ်နှလုံးရှိသူ ဖြစ်ပြီးလျှင် ကိလေသာတိုက် မှောင်အမိုက်ကို လောင်မြိုက် ပယ်ရှားနိုင်လေရာ၏။ (၁၃)

     ဤသို့ မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာ မေးလျှောက်ချက်ကို အရဟတ္တဖိုလ် အထွတ်တပ်ကာ ဖြေဆိုဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ၌ အရှင်သာရိပုတ္တရာ၏ တပည့်ရဟန်း ငါးရာတို့ အရဟတ္တဖိုလ်သို့ ရောက်ကြ၍ ကုဋေသုံးဆယ်သော နတ်လူတို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြခြင်း ဖြစ်လေသည်။

အထူးမှာထားချက်

ဤသာရိပုတ္တသုတ္တန်ကို မဟောကြားမီ အရှင်သာရိပုတ္တရာ၏ ဉာဏ်ပညာကြီးမြင့်ကြောင်း ဂုဏ်ကျေးဇူးကို ထင်ရှားစေသော အခဏ်း၌ ဓမ္မပဒအဋ္ဌကထာ ၂၊ စာမျက်နှာ ၁၄၈-၌၎င်း, ဇာတကအဋ္ဌကထာ ၄၊ စာမျက်နှာ ၂၆၇၊ သရဘမိဂဇာတ် အဖွင့်၌၎င်း-



၅၈၀

ယေ စ သင်္ခါတ ဓမ္မာသေ။

ယေ စ သေခါ ပုထူ ဣဓ။

တေသံ မေ နိပကော ဣရိယံ၊

ပုဋ္ဌော ပဗြူဟိ မာရိသ။

ဟူသော အကျဉ်းဂါထာ၏ အကျယ်ဖြစ်သော အနက်အဓိပ္ပါယ်ကို ဖြေကြားရန် မြတ်စွာဘုရားရှင်က မေးမြန်းသောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ပြဿနာ၌ ယုံမှားမရှိသော်လည်း မြတ်စွာဘုရား၏ အလိုတော်၌ ယုံမှားရှိ၍ မြတ်စွာဘုရားရှင်က နည်းပေးတော်မူသောအခါမှ ခန္ဓာ၏အစွမ်းဖြင့် ဖြေကြားကြောင်းစသည် လာရှိ၏။

ထိုစကားရပ်ကို အဋ္ဌကထာရှင်တို့ ဖော်ပြတော်မူခြင်းမှာ ဗုဒ္ဓဝိသယ ပြဿနာကို အဂ္ဂသာဝကတို့ မဖြေနိုင်ကြကြောင်းကို သိသာစေလို၍ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် (သံ၊ ၁၊ ၂၈၁) ဘူတသုတ်ကို ထုတ်ဖော်ပြခြင်းဖြစ်သည်။

စောင်းတန်းဦး၌ ရပ်တည်တော်မူသော ထိုအခါ၌ ထိုဂါထာ၏ အနက်အဓိပ္ပါယ်ကို အကျယ်ဖြေကြားရန် မြတ်စွာဘုရားရှင်က မေးမြန်းတော်မူခြင်းကို ပြလို၍မဟုတ်။ မှန်၏- ထိုဘူတသုတ်ကို မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဟောကြားတော်မူသည်။

ထို့ကြောင့် စာဖတ်သူတို့ အသိဉာဏ် မရှုပ်ထွေးစေရန် ဤကျမ်း၌ (စောင်းတန်းဦး၌ ရပ်တည်သောအခဏ်းဝယ်) ထိုအကြောင်းအရာကို မဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သုတ္တနိပါတ်အဋ္ဌကထာ သာရိပုတ္တသုတ်အဖွင့်၌လည်း (အသိဉာဏ် မရှုပ်ထွေးကြစေရန်) ထိုအကြောင်းကို မဖော်ပြခဲ့ချေ။

(ဤကား အထူးမှာထားချက်တည်း။)

မြတ်စွာဘုရား ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် စိဉ္စမာဏဝိကာ စွပ်စွဲလာခြင်းအကြောင်း

     ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း မြတ်စွာဘုရားရှင်သည် သင်္ကဿမြို့တံခါးအရပ်၌ များစွာသော တရားဒေသနာတို့ကို ဟောကြားတော်မူ၍ အရှင်သာရိပုတ္တရာ၏ တပည့်ရဟန်း ငါးရာတို့နှင့်တကွ ကုဋေသုံးဆယ်သော နတ်လူတို့အား သစ္စာလေးပါး



၅၈၁

တရားသိမြင် ကျွတ်တမ်းဝင်စေတော်မူပြီးနောက် ထိုသင်္ကဿမြို့မှသည် သာဝတ္ထိပြည်အရပ်သို့ ခရီးဒေသစာရီ ကြွချီတော်မူခဲ့၍ သာဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေထိုင်တော်မူကာ ရောက်ဆိုက်လာသော ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ဝေငှတော်မူလျက် ရှိသတည်း။

     ထိုသို့ နေထိုင်တော်မူသောအခါ စိဉ္စမာဏဝိကာ အမည်ရှိသော မိန်းမယုတ် ပရိဗိုဇ်မ၏ မြတ်စွာဘုရားရှင် အပေါ်၌ မလျော်မလျောက်ပတ် စွပ်စွဲသောအမှုကြီး ဖြစ်ပေါ်လာလေသည်၊ ဖြစ်ပေါ်လာပုံ အကြောင်းအရာအကျယ်မှာ-

     ပဌမဗောဓိခေါ်သော ဝါတော်နှစ်ဆယ်အတွင်း၌ မြတ်စွာဘုရားရှင်၏ တပည့်သာဝကများ ဒီရေအလား တနေ့တခြား တိုးပွါးဖြစ်ထွန်း၍ လာကြလေသည်၊ တိုးပွါး ဖြစ်ထွန်းလာကြသည့် အလျောက်ပင် မနှိုင်းယှဉ်နိုင်လောက်အောင် မြားမြောက်လှစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ အရိယာဘုံ (=ဖိုလ်လေးပါး)သို့ ပါရမီကောင်းမှု ကုသိုလ်အလျောက် ဆိုက်ရောက်ကြလေသည်။ သို့ရကား မြတ်စွာဘုရားရှင်၏ အရဟံ အစရှိသော ကျေးဇူးတော် ဂုဏ်တော်တို့ ဘဝဂ်မဆံ့ နှံ့၍တက်ပြီးလျှင် မြတ်စွာဘုရားရှင် အမှူးပြုသော သံဃာတော် အရှင်မြတ်တို့အတွက်တာ ကြီးစွာသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်လေ၏။ တိတ္ထိတို့သည်ကား နေစက်ဝန်း ထွန်းတက်သောအခါ ပိုးစုန်းကြူးများပမာ တန်ခိုးအရှိန်အဝါ လာဘ်ပူဇော်သက္ကာရများ တနေ့တခြား ခေါင်းပါး ခေါင်းပါး၍ လာလေကုန်၏။

     ထိုတိတ္ထိတို့သည် လာဘ်ပူဇော်သက္ကာရများ ဖြစ်ပွါးပေါ်ပေါက်ရန် ရည်သန်တောင့်တကြ၍ လမ်းခရီးအကြား၌ ရပ်တည်ကြပြီးလျှင် လူများအပေါင်းကို-

“ဒါယကာတို့.. ရဟန်းဂေါတမသာ ဘုရားစင်စစ် ဖြစ်သလော၊ ငါတို့သည်လည်း ဘုရားစင်စစ် ဖြစ်ပါကုန်၏။



၅၈၂

ရဟန်းဂေါတမအား လှူအပ်သော အလှူသည်သာလျှင် အကျိုးကြီးသလော၊ ငါတို့အား လှူအပ်သော အလှူသည်လည်း အကျိုးကြီးပါ၏။ (ထို့ကြောင့်) ငါတို့အားလည်း လှူဒါန်းကြလော့၊ ကုသိုလ်ကောင်းမှု ပြုကြလော့”-

ဟူ၍ တောင်းခံစကား ပြောကြားကြသော်လည်း ပစ္စည်းလေးဖြာ လာဘ်ပူဇော်သက္ကာရကို မရရှိကြကုန်သဖြင့် လူဆိတ်ကွယ်ရာအရပ်၌ စည်းဝေးကြပြီးလျှင် “ငါတို့သည် အဘယ်သို့သော နည်းလမ်းဥပါယ်ဖြင့် လူတို့၏အတွင်း (စိတ်)၌ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ (=မကောင်းသတင်း)ကို ဖြစ်စေကြ၍ ရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ပျက်ပြားစေကြရပါမည်နည်း”ဟူ၍ တိုင်ပင် ဆွေးနွေးကြလေသည်။

     ထိုအခါဝယ် သာဝတ္ထိပြည်၌ စိဉ္စမာဏဝိကာ အမည်ရှိသော ပရိဗိုဇ်မတယောက် ရှိလေသည်။ ထိုသူမကား မန်ကျည်းပင်၌ သံသေဒဇပဋိသန္ဓေ စွဲနေသူဖြစ်၍ စိဉ္စမာဏဝိကာ (=မန်ကျည်းပင်သန္ဓေသူ မိန်းမပျို)ဟု အမည်တွင်၍* နတ်သမီးတမျှ မြတ်သော အဆင်းကိုဆောင်ကာ တင့်တယ်ခြင်း ကြက်သရေမင်္ဂလာအစုသို့ ရောက်သူဖြစ်လေသည်၊ ထိုသူမ၏ကိုယ်မှ အရောင်များလည်း တဖျတ်ဖျတ် ထွက်ပေါ်ကွန့်မြူးလျက် ရှိကုန်၏၊

     ထိုသို့ တိတ္ထိများ ဆွေးနွေးတိုင်ပင်ကြသောအခါ၌ ရက်စက်ညစ်ညမ်း ကြမ်းကြုတ်သော အကြံအစည်ရှိသည့် တိတ္ထိတဦးက “စိဉ္စမာဏဝိကာ ပရိဗိုဇ်မကို အစွဲပြုကာ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ (=မကောင်းသတင်း)ကို ဖြစ်ပေါ်စေပြီးလျှင် ထိုရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ပျက်ပြားစေကြကုန်စို့”ဟူ၍ အကြံပေး တိုင်ပင်စကား ပြောကြားလတ်သည်ရှိသော် ကြွင်းကျန်သော တိတ္ထိအားလုံးတို့က “ဤနည်းလမ်း ဥပါယ်ကား ရဟန်းဂေါတမ၏ လာဘ်လာဘ ပျက်ပြားကြောင်း


     * စိဉ္စမာဏဝိကန္တိ စိဉ္စရုက္ခေ သံသေဒဇဝသေန သဉ္ဇာတတ္တာ ဧဝံ နာမိကံ ပရိဗ္ဗာဇိကံ။ ။ဇာတ်ဋီကာ မဟာပဒုမဇာတ်အဖွင့်။



၅၈၃

နည်းလမ်းဥပါယ်ကောင်း ဖြစ်ပေသည်”ဟု တညီတညွတ်တည်း သဘောတူ လက်ခံကြလေကုန်၏။

     ထို့နောက် စိဉ္စမာဏဝိကာ ပရိဗိုဇ်မသည် တိတ္ထိများ၏အရာမ်သို့ သွားရောက်ကာ ရှိခိုးဝတ်ပြု ရပ်တည်သော်လည်း တိတ္ထိတို့က စကားမပြောပဲ နေကြလေကုန်သည်။ စိဉ္စမာဏဝိကာသည် “ငါ့မှာ ဘယ်လိုအပြစ်များ ရှိပါလိမ့်”ဟု အောက်မေ့ကာ “အရှင်ကောင်းတို့.. အရှင်တို့ကို ရိုသေမြတ်နိုး ရှိခိုးပါ၏”ဟု သုံးကြိမ်တိုင်အောင် ပြောဆိုပြီးလျှင် “အရှင်ကောင်းတို့.. တပည့်တော်မမှာ မည်သို့သော အပြစ်ရှိပါသနည်း၊ အဘယ့်ကြောင့် (=ဘယ်လိုအပြစ်ရှိသောကြောင့်) အရှင်ကောင်းများသည် တပည့်တော်မနှင့် စကားမပြောပဲ နေကြပါသနည်း”ဟု တိုက်ရိုက်ပင် မေးမြန်းလေတော့၏။

     တိတ္ထိတို့က “နှမစိဉ္စမာန်.. ငါတို့ကို ရဟန်းဂေါတမက နှိပ်စက်ညှဉ်းပန်းကာ လာဘ်လာဘခေါင်းပါးအောင် ပြုလုပ်ပြီးလျှင် လှည့်လည်ကျက်စား သွားလာနေသည်ကို သင် မသိသလော”ဟု အပြစ်တင်စကား ပြောကြားကြလတ်သော် စိဉ္စမာဏဝိကာသည် “အရှင်ကောင်းတို့.. ထိုအကြောင်းကို တပည့်တော်မ မသိရပါ။ ဤကိစ္စ၌ တပည့်တော်မသည် အဘယ်သို့သော အမှုအလုပ်ကို ပြုလုပ်ရွက်ဆောင်ရမည်နည်း”ဟု မေးမြန်းလေ၏။ တိတ္ထိတို့သည် “နှမစိဉ္စမာန်.. သင်သည် ငါတို့၏ ချမ်းသာရေးကို အလိုရှိပါလျှင် မိမိကိုယ်ကို အစွဲပြု၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ (=မကောင်းသတင်း)ကို ဖြစ်စေပြီးလျှင် ချင်း၏ လာဘ်ပူဇော် သက္ကာရကို ပျက်ပြားစေလော့”ဟု ပြောဆိုကာ တာဝန်ပေးကြလေကုန်၏။

စိဉ္စမာန်၏ နည်းပရိယာယ်

     စိဉ္စမာန်သည် “ကောင်းပါပြီ အရှင်ကောင်းတို့.. ဤသို့ ပြုလုပ်ရန်အတွက် တပည့်တော်မ၏ တာဝန်ထားလိုက်ပါ၊ အရှင်ကောင်းတို့သည် ထွေရာလေးပါး အကြံများ၍ မနေကြပါကုန်လင့်”ဟု



၅၈၄

ရဲရဲတောက် တာဝန်ယူစကား ပြောကြားပြီးလျှင် ထိုတိတ္ထိတို့၏အရာမ်မှ ဖဲခွါခဲ့၍ မိန်းမမာယာတို့၌ လိမ္မာပါးနပ်သူ ဖြစ်ရကား ထိုအချိန်မှစ၍ သာဝတ္ထိပြည်သူ လူအပေါင်းတို့ တရားနာပြီး၍ ဇေတဝန်ကျောင်းတိုက်မှ ထွက်ကြသောအချိန်၌ ပိုးပရံအသွေး နီတွေးသော အဆင်းရှိသော အဝတ်ကို ဝတ်ရုံကာ နံ့သာပန်းစသည် လက်စွဲလျက် ဇေတဝန်ကျောင်းတိုက်သို့ ရှေးရှုသွားလေသည်တွင် (လမ်း၌တွေ့သူ လူအများက) “အိုစိဉ္စမာန်.. သင်သည် ဤယခု မိုးချုပ်ခါနီးအချိန်၌ အဘယ်အရပ်သို့ သွားမည်နည်း”ဟူ၍ မေးကြလေသော် စိဉ္စမာန်သည် “အကျွန်ုပ် (=ကျွန်တော်မ) သွားမည့်အရပ်ကို သိသဖြင့် သင်တို့အား အဘယ်အကျိုး ရှိမည်နည်း”ဟု ထင်မှားဖွယ်ရာစကားကို ပြောကြား၍ ဇေတဝန်ကျောင်းတိုက်၏အနီး တိတ္ထိတို့အရာမ်၌ ညဉ့်အိပ်နေပြီးလျှင် စောစီးစွာပင် “မြတ်စွာဘုရားရှင်ကို အလျင်လက်ဦး ဖူးမြော်ကုန်အံ့”ဟူ၍ သာဝတ္ထိမြို့မှ ဥပါသကာ ဒါယကာတို့ ထွက်လတ်သောအချိန်၌ ဇေတဝန်ကျောင်းတိုက်ဝယ် ညဉ့်အိပ်နေခဲ့သည့်ပုံဟန် သဏ္ဌာန်ပြု၍ သာဝတ္ထိမြို့တွင်းသို့ ဝင်လေ၏။ (လမ်း၌တွေ့သူ လူအပေါင်းတို့က) “အိုစိဉ္စမာန်.. သင်သည် အဘယ်အရပ်၌ ညဉ့်အိပ်နေခဲ့သနည်း”ဟု မေးကြသောအခါ “ကျွန်တော်မ အိပ်ခဲ့သည့်နေရာကို သိသဖြင့် သင်တို့အား အဘယ်အကျိုးရှိမည်နည်း = ကျွန်မအိပ်ခဲ့သည့်နေရာကို သိသော်လဲ ရှင်တို့မှာ ဘာအကျိုးမှ မရှိပါဘူး၊ မသိချင်ကြပါနှင့်”ဟူ၍ပင် ထင်မှားဖွယ်ရာစကားကို ပြောကြားလေသည်။

     ဤနည်းနှင်နှင် နေ့စဉ်သွားလာ ပြောဆို၍ လခွဲ တလခန့် လွန်သောအခါ လမ်း၌တွေ့သူ လူများက ရှေးနည်းအတူ မေးမြန်းအပ်သည်ရှိသော် စိဉ္စမာန်သည် “ကျွန်တော်မကား ဇေတဝန်ကျောင်းတိုက်အတွင်းဝယ် ရဟန်းဂေါတမနှင့် အတူတကွ ဂန္ဓကုဋီကျောင်း တခုတည်း၌ ညဉ့်အိပ်နေခဲ့ရပါသည်”ဟု စွပ်စွဲစကား ပြောကြားစ ပြုလာလေ၏။ ထိုသို့ ပြောဆိုခြင်းဖြင့် ထိုစကားကို ကြားရသူ ပုထုဇန် လူသာမန်တို့၏စိတ်ဝယ် “ဤအကြောင်းသည်



၅၈၅

မှန်များ မှန်လေသလော၊ မမှန်ပဲများ ရှိလေသလော”ဟု ယုံမှား တွေးတောခြင်းကို ဖြစ်စေ၍ သုံးလလေးလ လွန်သောအခါ၌မူ ပုဆိုးကြမ်း (=အနှီးစ)တို့ဖြင့် ရင်ကို ရစ်ပတ်ကာ မိမိကိုယ်ကို ကိုယ်ဝန်ဆောင်သော မိန်းမအသွင်ကိုပြ၍ ထို၏အပေါ်က နီမြန်းသောအဝတ်ကို ဝတ်ရုံကာ “ရဟန်းဂေါတမကို အစွဲပြု၍ ကျွန်တော်မသည် ကိုယ်ဝန်ကို ရအပ်ခဲ့ပါပြီ”ဟု ဉာဏ်ပညာမဲ့သူ လူအပေါင်းကို စွပ်စွဲပြောကြား အယူမှားစေခဲ့လေသည်။

ပရိသတ်လေးပါးအလယ်၌ အကြီးအကျယ် စွပ်စွဲလာခြင်း

     ဤနည်းဖြင့် ရှစ်လ ကိုးလ လွန်သောအခါ၌ စိဉ္စမာန်သည် တကယ့် ကိုယ်ဝန်အရင့်အမာပုံဟန် ဘဲဥထက်ခြမ်းပုံ သစ်သားဝန်းကို ရင်၌ဖွဲ့ချည်ပြီးလျှင် ထို၏အထက်၌ နီမြန်းသောအဝတ်ကို ဝတ်ရုံကာ လက်ဖမိုး ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်၍ ခြေလက်များ (မွေးဖွားခါနီး၍) အမ်းနေသည့်အဟန် တူစွာဖန်ပြီးလျှင် မျက်စိနားနှာ ဣန္ဒြေများ ပင်ပန်းနွမ်းနယ်နေသည့်အဟန်ဖြင့် ညနေချမ်းအခါဝယ် မြတ်စွာဘုရားရှင် ဗုဒ္ဓါသနဓမ္မပလ္လင်၌ ထိုင်နေတော်မူကာ ပရိသတ်လေးပါးအား တရားဟောနေတော်မူစဉ် တရားသဘင် ဆင်ယင်ကျင်းပရာ နေရာသို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ရှေ့တည့်တည့်မှရပ်၍ စိဉ္စမာန်သည်—

“ရဟန်းကြီး.. သင်သည် လူများအပေါင်းအား တရားဟောကာ နေဘိ၏။ သင်၏ နှုတ်ခမ်းများကား စေ့စပ်လှဘိ၏၊ ကျွန်တော်မမှာတော့ သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ကိုရရှိကာ ယခုအခါ ရင့်ကျက်သော ကိုယ်ဝန်ရှိသူ ဖြစ်ရလေပြီ၊ သင်ရဟန်းကြီးကား ကျွန်တော်မအတွက်တာ သားဖွားရန် အိမ်ကိုလည်း မစဉ်းစား၊ ထောပတ်ဆီ စသည်များကိုလည်း မစဉ်းစား၊ နေအားဘိ၏။ ထိုကိစ္စများကို ကိုယ်တိုင်မပြုလျှင်လည်း မိမိ၏ အလုပ်အကျွေး ဒါယကာ ဒါယိကာမများအနက် ကောသလမင်းကိုဖြစ်စေ, အနာထပိဏ်သူဌေးကိုဖြစ်စေ,



၅၈၆

ဝိသာခါ ကျောင်းအမကိုဖြစ်စေ တဦးဦးကို “ဤစိဉ္စမာန်အတွက် ပြုလုပ်သင့်သည်ကို ပြုလုပ် စောင့်ရှောက်လိုက်ပါ”ဟူ၍ အပ်နှင်းပြောဆိုသင့်၏၊ ထိုသို့လည်း မပြောကြားခဲ့။ သင်ရဟန်းကြီးကား မွေ့လျော်ပျော်ပါးဖို့ရန်သာ စဉ်းစား၍ ကိုယ်ဝန်သားကို စောင့်ရှောက်ရန်ကိုကား မစဉ်းစားသူ ဖြစ်၏”-

ဟူ၍ မစင်တုံးကို စွဲကိုင်ကာ လဗိမာန်ဝန်းကို ဖျက်ဆီးရန်အားထုတ်သော မိန်းမကဲ့သို့ မြတ်စွာဘုရားရှင်ကို ပရိသတ်လေးပါးအလယ်၌ အကြီးအကျယ် စွပ်စွဲဆဲရေးစကား ပြောကြားလေတော့သည်။ မြတ်စွာဘုရားရှင်သည် ဟောနေရင်းစွဲ တရားစကားကို ခေတ္တရပ်နား၍ ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသောအသံကို ဖြစ်စေလျက်-

“နှမစိဉ္စမာန်.. သင် ယခုပြောကြားအပ်သော စကား၏ မှန်သောအဖြစ်, မမှန်သောအဖြစ်ကို သင်နှင့် ငါတို့သာ သိကြကုန်၏”-

ဟူ၍ မိန့်ဆိုတော်မူလေ၏။ စိဉ္စမာန်သည်လည်း အလျှော့မပေးပဲ “ဟုတ်ပေသည် ရဟန်းကြီး.. သင်နှင့်ငါတို့ နှစ်ဦးသာ သိကြသောကြောင့်ပင် ယခုလို ကိုယ်ဝန်ရင့်မာမှု ဖြစ်ရလေသည်”ဟူ၍ တဖန်ထပ်၍ စွပ်စွဲပြန်လေသည်။

သိကြားဆင်း၍ ပြဿနာကို ဖြေရှင်းပေးခြင်း

     ထိုခဏ၌ သိကြားမင်း၏နေရာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် ပူနွေးသော အခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် အကြောင်းကို ဆင်ခြင်လတ်သည်ရှိသော် “စိဉ္စမာန် မိန်းမယုတ်သည် မြတ်စွာဘုရားရှင်ကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲ ဆဲရေးဘိ၏”ဟု သိရှိ၍ “ဤအကြောင်းဝတ္ထုကို လူဗိုလ်ထု ပရိသတ်အလယ်၌ စင်ကြယ်အောင် ဖြေရှင်းမည်”ဟု ကြံစည်ဆင်ခြင်ကာ နတ်သားလေးယောက်တို့နှင့် အတူတကွ မြတ်စွာဘုရားရှင် တရားဟောရာဌာနသို့ လာရောက်လေ၏။



၅၈၇

     နတ်သားလေးယောက်တို့သည် ကြွက်ငယ်အယောင် ဆောင်ကြ၍ စိဉ္စမာန်ချည်ထားသော သစ်သားဝန်း၏ ကြိုးများကို တပြိုင်နက် ကိုက်ဖြတ်လေကုန်၏။ စိဉ္စမာန်ဝတ်ရုံသော အဝတ်ကိုလည်း လေသည် အထက်သို့ တိုက်လွှင့်လေ၏။ သစ်သားဝန်း (ချည်ထားသည့်) ကြိုးများပြုတ်၍ ကျသောအခါ စိဉ္စမာန်၏ ခြေဖမိုးထက်၌ ကျသဖြင့် ခြေဖျားနှစ်ဖက်တို့ သွန်သွန်ကျိုးလေကုန်၏။

စိဉ္စမာန်ကို မြေမျိုခြင်း

     တရားနာသူ လူအပေါင်းတို့သည် “ထွီ.. ဟယ် အယုတ်တမာမ.. နင်ကား မြတ်စွာဘုရားကို စွပ်စွဲဆဲရေးဘိ၏”ဟု ပြောဆိုကြကာ ဝိုင်း၍ ဦးခေါင်း၌ တံတွေးထွေးကြပြီးလျှင် ခဲ ဒုတ် လှင်ကန်စသည် လက်စွဲကုန်လျက် စိဉ္စမာန်ကို ဇေတဝန်ကျောင်းတိုက်အတွင်းမှ ဆွဲထုတ်ကြလေကုန်၏။ ထိုအခါ စိဉ္စမာန်အား မြတ်စွာဘုရားရှင် မြင်လောက်သောအရပ်ကို လွန်လျှင်ပင် မဟာပထဝီ ဤမြေကြီးကား ကွဲ၍ အပေါက်ကို ပေးလေသည်။ ထိုအပေါက်ထဲမှ အဝီစိငရဲမီးလျှံကြီး တက်၍လာလေသည်၊ စိဉ္စမာန်သည် ဆွေမျိုးတို့က မေတ္တာ လက်ဆောင်ပေးအပ်သည့် ကမ္ဗလာနီကို ခြုံရုံသည့်အလား ကြောက်ဖွယ်ကောင်းသည့် အဝီစိမီးလျှံဖြင့် ဝန်းရံ ဖုံးလွှမ်းအပ်ကာ ထိုအပေါက်မှ သွားလေ၍ မဟာအဝီစိငရဲကြီး၌ ဖြစ်လေတော့၏။

     ထိုအခါမှစ၍ တိတ္ထိတို့၏ ယုတ်မာကြောင်းကို လူများအပေါင်း သိရှိကြသဖြင့် တိတ္ထိတို့အား လာဘ်ပူဇော်သက္ကာရသည် ရှေးကထက်တိုး၍ လျော့ပါးဆုတ်ယုတ်လေ၏၊ မြတ်စွာဘုရားရှင်အားကား လာဘ်ပူဇော်သက္ကာရသည် ရှေးကထက်တိုး၍ အတိုင်းမသိ ပွါးစီးလေတော့၏။

မဟာပဒုမဇာတ်ကို ဟောကြားတော်မူခြင်း

     နောက်တနေ့၌ ဓမ္မသဘင် ဆင်ယင်ကျင်းပရာ ဓမ္မာရုံ တန်ဆောင်းဝန်းဝယ် ရဟန်းအပေါင်းတို့သည် “ငါ့ရှင်တို့..



၅၈၈

စိဉ္စမာန်သည် ဤသို့စဉ် ပြန့်ပြောကြီးမြတ်သည့် ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူ၍ မြတ်သောအလှူကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားရှင်ကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲဆဲရေး၍ ကြီးစွာသော ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရလေပြီ”ဟူ၍ စိဉ္စမာန်၏ အကြောင်းအရာ စကားကို ပြောကြား ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားရှင်သည် ထိုအရပ်သို့ ကြွလာတော်မူ၍ “ရဟန်းတို့.. သင်တို့သည် ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးညီမူ၍ နေကြကုန်သနည်း”ဟု မေးတော်မူလတ်သော် ရဟန်းတို့က “ဤအမည်ရှိသောစကား (=စိဉ္စမာန်၏ အကြောင်းအရာ စကား)ဖြင့် စည်းဝေးညီမူ၍ နေကြကြောင်း” ပြန်ကြား လျှောက်ထားသဖြင့် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. စိဉ္စမာန်သည် ယခုအခါမှာသာ မဟုတ်သေး၊ ရှေးအခါကလည်း ငါ့ကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲဆဲရေး၍ ပျက်စီးခြင်းသို့ ရောက်ဘူးလေပြီ”ဟူ၍ မိန့်ဆိုတော်မူကာ ဒွါဒသနိပါတ် မဟာပဒုမဇာတ်ကို အကျယ် ဟောကြားတော်မူလေ၏။

ဒွါဒသနိပါတ် မဟာပဒုမဇာတ်တော်

     ရဟန်းတို့.. ရှေးလွန်လေပြီးသော အခါဝယ် ဗာရာဏသီပြည်အရပ်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းတော်သည် ထိုမင်း၏ မိဖုရားခေါင်ကြီးဝမ်း၌ ကိန်းပိုက်သန္ဓေ တည်နေတော်မူ၍ ဖွားမြင်လတ်သောအခါ ပွင့်သစ်စ ပဒုမာကြာပန်းအတူ တင့် တယ်သော မျက်နှာရှိတော်မူသောကြောင့် “မဟာပဒုမမင်းသား”ဟူ၍ အမည် မှည့်ခေါ်ကြလေကုန်၏။

     ဘုရားအလောင်းတော် မဟာပဒုမ မင်းသားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွားရောက်၍ ခပ်သိမ်းသော အတတ်ပညာများကို သင်ကြားတတ်မြောက်၍ ပြန်လည် ရောက်ရှိလာသောအခါ မယ်တော် မိဖုရားခေါင်ကြီးသည် နတ်ရွာစံလေသည်။ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် အခြားတယောက်သော မိန်းမကို မိဖုရားကြီးတင်မြှောက်၍ သားတော်ကြီး မဟာပဒုမမင်းသားအား



၅၈၉

အိမ်ရှေ့မင်းရာထူးကို နှင်းအပ်တော်မူလေသည်။

     နောက်တချိန်၌ တိုင်းစွန်ပြည်နား ထကြွသောင်းကျန်းသည်ကို နှိမ်နင်းငြိမ်းသတ်ရန် သွားလိုရကား မင်းကြီးသည် မိဖုရားခေါင်ကြီးကို “အဘယ် မိဖုရားခေါင်ကြီး.. သင်သည် ဤရွှေနန်းတော်မှာပင် ချမ်းသာစွာ စံရစ်ပါလော့၊ ငါကား တိုင်းစွန်ပြည်နား ထကြွသောင်းကျန်းသည်ကို နှိမ်နှင်းငြိမ်းသတ်ရန် သွားဦးအံ့”ဟူ၍ ပြောဆိုလေသော် မိဖုရားခေါင်ကြီးသည် “ကျွန်တော်မသည် ဤရွှေနန်းတော်မှာ မနေရစ်လိုပါ၊ ကျွန်တော်မလည်း အတူတကွ လိုက်ပါမည်”ဟူ၍ ပြောဆိုလေသည်။ မင်းကြီးသည် စစ်မြေအရပ်၏ အပြစ်များကို ပြောကြားပြီးလျှင် “အဘယ် မိဖုရားခေါင်ကြီး.. သင်သည် ငါပြန်လာသည်တိုင်အောင် ဤရွှေနန်းတော်မှာပင် မပျင်းမရိ စံနေရစ်ပါ။ ငါသည် သားတော် မဟာပဒုမ အိမ်ရှေ့မင်းကို သင့်အပေါ်၌ ပြုလုပ်စောင့်ရှောက်ရန် ကိစ္စအဝဝတို့၌ မမေ့မလျော့အောင် အာဏာထား မှာကြား၍ သွားပါမည်”ဟု အားပေးစကား ပြောကြားပြီးလျှင် ပြောကြားသည့်အတိုင်း စီမံ၍ တိုင်းစွန်ပြည်နားသို့ သွားရောက်ကာ သူပုန်ရန်လှေးတို့ကို ဝေးရာသို့ ပြေးစေပြီးနောက် တိုက်နယ်အလုံးကို ၀ပြောစည်ပင်အောင် ပြုလုပ်စီမံပြီးမှ ရွှေမြို့တော်သို့ တဖန် ပြန်လာ၍ မြို့ပြင်ပဝယ် သစ်ခက်တဲနန်း (=ယာယီနန်း) တည်ဆောက်ကာ ခေတ္တ စံနေတော်မူလေ၏။

     ဘုရားအလောင်းတော် မဟာပဒုမ အိမ်ရှေ့မင်းသည် ခမည်းတော်မင်းတရား ပြန်လာသောအကြောင်းကိုသိ၍ မြို့အလုံးကို တန်းဆာဆင်စေပြီးလျှင် ရွှေနန်းတော်ကို ရှင်းလင်းသုတ်သင် ပြင်ဆင်စေပြီးနောက် တယောက်အထီးတည်း မိဖုရားခေါင်ကြီး၏ အထံသို့ သွားရောက်တော်မူလေ၏။ မိဖုရားခေါင်ကြီးသည် အလောင်းတော် မဟာပဒုမမင်းသား၏ ရုပ်ရည်အဆင်း တင့်တယ်ခြင်းကိုမြင်၍ တိမ်းညွတ်သောစိတ် ရှိလေသည်။ ဘုရားအလောင်းသည် မိဖုရားခေါင်ကြီးကို ရှိခိုးပြီးလျှင် “အိုမယ်တော်..



၅၉၀

အဘယ်အမှုကို သားတော်တို့ ပြုရပါမည်နည်း”ဟု မေးမြန်းပြောဆိုလေ၏။ ထိုအခါ မိဖုရားကြီးသည် အလောင်းတော် အိမ်ရှေ့မင်းကို “ငါ့ကို မယ်တော်ဟု မခေါ်လင့်”ဟု ပြောဆိုကာ နေရာမှထတည့်၍ အလောင်းတော်၏လက်ကို ဆွဲပြီးလျှင် “အိပ်ရာပေါ်သို့ တက်လော့”ဟု အမိန့်ပေးစကား ပြောကြားလေ၏။ အလောင်းတော် အိမ်ရှေ့မင်းက “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလတ်သော် မိဖုရားခေါင်ကြီးက “မင်းကြီးမလာမီ ငါတို့နှစ်ဦး ကိလေသာအပျော်အမြူးဖြင့် ပျော်မြူးကြကုန်အံ့”ဟု (ကြိုက်မရှက်စကား) ပြောကြားလေတော့၏။

     ထိုအခါ အလောင်းတော် မဟာပဒုမ အိမ်ရှေ့မင်းသားသည် တရားစောင့်သူပီပီ-

“အို မိခင်မိဖုရားကြီး.. သင်ကား (မယ်တော်ဘုရား မရှိသည့်နောက်) ကျွန်ုပ်၏ မယ်တော်လည်း ဟုတ်ပါသည်။ ကာမပိုင် အရှင်ရှိသူလည်း ဟုတ်ပါသည်။ ကျွန်ုပ်သည် သိမ်းဆည်းစိုးပိုင်သူ ကာမပိုင်အရှင်ရှိသော မာတုဂါမများကို ကိလေသာအလိုလိုက်ကာ ဣန္ဒြေတို့ကို ဖောက်ဖျက်၍ ကြည့်ဘူးသူပင် မဟုတ်ပါ၊ ထိုသို့စဉ် ဣန္ဒြေကို စောင့်စည်းထိန်းချုပ်သူ အကျွန်ုပ်သည် အသင်မိဖုရားကြီးနှင့် ဤသို့သဘောရှိသည့် ယုတ်မာညစ်ညမ်းသော အမှုကို အဘယ်မှာလျှင် ပြုချိမ့်မည်နည်း”-

ဟူ၍ ငြင်းပယ်စကား တင်းတင်းကြီး ပြောကြားလေ၏။ ထိုအခါ မိဖုရားကြီးသည် နှစ်ကြိမ် သုံးကြိမ် ပြောဆို၍ အလောင်းတော် အိမ်ရှေ့မင်းသား မိမိအလိုသို့ မလိုက်သောအခါ “သင် ငါ့စကားကို မလိုက်နာဘူးလား”ဟူ၍ အာဏာသံဖြင့် မေးလေသည်။ အလောင်းတော် အိမ်ရှေ့မင်းသားကလည်း “အိမ်း.. မလိုက်နာဘူး”ဟူ၍ပင် ရဲရဲတောက် ဖြေကြားလေသည်။ မိဖုရားကြီးက “ထိုသို့တပြီးကား (=ဒါဖြင့်လျှင်) ငါကား မင်းကြီးအား ဂုံးချောစကား ပြောကြား၍ သင့်ဦးခေါင်းကို တောင်းလောင်းပြတ်ကြွေ ဖြတ်စေမည်”ဟူ၍ ခြိမ်းချောက်စကား ပြောကြားလေသော်



၅၉၁

အလောင်းတော် အိမ်ရှေ့မင်းသားကလည်း “သင်၏အလိုအတိုင်း မင်းကြီးထံ၌ ဂုံးချောမှု ပြုလိုတိုင်း ပြုလေ၊ (ငါကား သင့်အလိုအကြိုက် မလိုက်သည်သာ)”ဟု ပြောဆိုကာ ထိုမိဖုရားကြီးကို အရှက်ရစေ၍ ဖဲခွါသွားလေ၏။

     မိဖုရားကြီးသည် ကြောက်လန့်ပြီးလျှင် “အကယ်၍များ အိမ်ရှေ့မင်းသားက သူ့ခမည်းတော်ဘုရားအား ထိုအကြောင်းကို အလျင်လက်ဦး လျှောက်ထား ပြောကြားလျှင် ငါအသက်ကား ရှိတော့မည်မဟုတ်ချေ။ ငါကပင် အလျင်လက်ဦးအောင် ဂုံးချောစကား ပြောကြားမည်”ဟု ကြံစည်၍ အစာကိုမစားတော့ပဲ အဝတ်ညစ်များကို ဝတ်ဆင်ကာ မိမိကိုယ်ပေါ် နေရာအနှံ့အပြား လက်သည်းဖြင့် ခြစ်ရာများကိုပြု၍ “မင်းကြီးက မိဖုရားကြီး အဘယ်မှာနည်းဟု မေးလျှင် မကျန်းမာဘူးဟူ၍ တင်လျှောက်ကြလော့”ဟု ရံရွေတော်များအား အချက်အမှတ် ပေးပြီးလျှင် နာကျွံပြုကာ (=မကျန်းမမာယောင်ဆောင်ကာ) အိပ်ရာညောင်စောင်း၌ လျောင်း၍နေလေ၏။

     မင်းကြီးသည် မြို့ကို လက်ျာရစ် လှည့်လည်ပြီး ရွှေနန်းတော်သို့ တက်ရောက်၍ မိဖုရားကြီးကို မမြင်လတ်သော် “မိဖုရားကြီး အဘယ်မှာနည်း”ဟူ၍ ရံရွေတော်များကိုမေး၍ ရံရွေတော်များက “မကျန်းမာပါဘုရား”ဟု ပြန်ကြား လျှောက်ထားချက်စကားကို ကြားရသောအခါ မိဖုရားကြီးနေထိုင်ရာ ကြက်သရေတိုက်ခန်းသို့ ဝင်ရောက်၍ “အဘယ်မိဖုရားကြီး.. သင့်အား အဘယ်သို့သော မကျန်းမာမှု ဖြစ်သနည်း”ဟု မေးလေလျှင် မိဖုရားကြီးသည် မင်းကြီးမေးသော စကားကို မကြားကျွံပြု၍ (=မကြားယောင် ဟန်ဆောင်၍) နှစ်ကြိမ် သုံးကြိမ် ထပ်၍ မေးလတ်သောအခါကျမှ “အရှင်မင်းကြီး.. အဘယ့်ကြောင့် မရမနေ အတင်းအကြပ် ပြောဆိုမေးမြန်းဘိသနည်း၊ (ရှက်လှပါသည်)၊ တိတ်တိတ်နေတော်မူပါ။ ကာမပိုင် အရှင်သခင် လင်ယောက်ျားရှိကြသည့် အခြားမိန်းမများမှာ ကျွန်တော်မကဲ့သို့ မဟုတ်ကြပါ”ဟု စောင်းပါးရိပ်ခြည်စကား ပြောကြားသဖြင့်



၅၉၂

မင်းကြီးက“သင့်ကို အဘယ်သူက နှိပ်စက်အပ်သနည်း၊ ငါ့အား လျင်မြန်စွာ လျှောက်ထားလော့၊ သင့်ကိုနှိပ်စက်သည့် ထိုသူ၏ဦးခေါင်းကို တောင်းလောင်းပြတ်ကြွေ ငါကား ဖြတ်ခြွေမည်”ဟု ရာဇမာန်စကား ပြောကြားလေလျှင် မိဖုရားကြီးသည် “အရှင်မင်းကြီး.. သင်သည် အဘယ်သူ့ကို မြို့စောင့်ထား၍ သွားတော်မူသနည်း”ဟု ဂုံးချောစကား စ-လေသည်။ မင်းကြီးက “သားတော် မဟာပဒုမ အိမ်ရှေ့မင်းကို မြို့စောင့်ထား၍ ငါသွားသည်”ဟု ဆိုလတ်သော် မိဖုရားကြီးသည် “အရှင်မင်းကြီး.. သင်မင်းကြီး ကိုးစား၍ မြို့စောင့်ထားခဲ့သည့် ထိုသားတော် မဟာပဒုမ အိမ်ရှေ့မင်းသည် ကျွန်တော်မ၏ အိပ်ရာတိုက်ခန်းသို့ လာရောက်ပြီးလျှင် ကျွန်တော်မက ‘ချစ်သား.. ဤသို့ မပြုပါလင့်၊ ငါကား သင်ချစ်သား၏ မယ်တော်ဖြစ်ပါသည်’ဟု သာယာနူးညွတ် တောင်းပန်ပြောဆိုအပ်ပါသော်လည်း မရရှိပဲ ‘ငါ့ကိုဖယ်ရှား အပထား၍ အခြားမင်းဟူ၍ မရှိ၊ ငါသည် သင့်ကို အိမ်၌ထားပြီးလျှင် ကိလေသာအပျော်အမြူးဖြင့် ပျော်မြူးမွေ့လျော်ပေအံ့’ဟု အနိုင့်အထက် ပြောဆို၍ ကျွန်တော်မကို ဆံပင်တို့၌ ဆွဲကိုင်ပြီးလျှင် ထိုမှဤမှ တွန်းဆွဲကာ သူ့စကားကို မလိုက်နာသည့်နောက်ဆုံး ကျွန်တော်မကို တွန်းလှဲပြီးလျှင် အလိုရှိတိုင်း ထောင်းထု ရိုက်နှက် ပုတ်ခတ်၍ သွားခဲ့ချေပြီ”ဟု ဂုံးချောစကား အစွမ်းကုန် ပြောကြားလေ၏။

မင်းကြီး အမျက်မာန်ရှ၍ မဟာပဒုမမင်းသားကို သတ်ဖို့ရန် အမိန့်ပေးခြင်း

     မင်းကြီးသည် မစူးမစမ်း မဆင်ခြင်ပဲ အဆိပ်ထန်သော မြွေဆိုး မြွေဟောက်ပမာ ပြင်းစွာ အမျက်ထွက်၍ အာဏာပါးကွက်သားတို့ကို ခေါ်စေပြီးလျှင် “အချင်းတို့.. သွားကြကုန်၊ ပဒုမမင်းသားကို ဖမ်းဆီးဖွဲ့နှောင်၍ ဆောင်ခဲ့ကြကုန်”ဟု အမိန့်အာဏာ ထားလေ၏။ အာဏာပါးကွက်သားတို့သည် မြို့အလုံးကို လွှမ်းဖုံးဖိစီးကြသည့်အလား အိမ်ရှေ့မင်းသား၏ အိမ်တော်သို့ သွားပြီးလျှင် အိမ်ရှေ့မင်းသားကို ဖမ်းဆီးရိုက်နှက်၍ လက်ပြန်ကြိုးကို တင်းကြပ်စွာ ဖွဲ့ချည်ပြီးနောက် ကုလားဇလပ်ပန်းနီကုံးကို လည်ပင်း၌ စွပ်ကြ၍



၅၉၃

အသတ်ခံရမည့် သူတယောက်အနေ ပြုလုပ်ကြကာ ဆွဲဆောင်လာကြလေ၏။

     အလောင်းတော် အိမ်ရှေ့မင်းသည် “ဤအမှုကား မိဖုရား၏ အမှုဖြစ်သည်”ဟု ကောင်းစွာရိပ်မိ သိရှိတော်မူ၍ “အို အာဏာပါးကွက်သား အချင်းယောက်ျားတို့.. ငါသည် မင်းကြီး၏အပေါ်မှာ တစုံတခု အပြစ်ရှိသောအမှုကို ပြုလုပ်သူမဟုတ်ပါ၊ ငါကား အပြစ်ကင်းသော သူတယောက်သာ ဖြစ်ပါ၏”ဟု ပြောဆိုမြည်တမ်းကာ လိုက်ပါလာလေ၏။ တမြို့လုံး ချောက်ချားပြီးလျှင် “မင်းကြီးသည် မိန်းမ၏စကားကို နာယူမှတ်မှားကာ မဟာပဒုမ အိမ်ရှေ့မင်းသားကို သတ်စေတော့မည်တဲ့”ဟု အချင်းချင်း ပြောကြား စည်းဝေးကြကာ မြို့သူမြို့သားတို့သည် အလောင်းတော် အိမ်ရှေ့မင်း၏ ခြေတော်ရင်း၌ ဝပ်စင်းကြ၍ “အို အရှင်အိမ်ရှေ့မင်း.. ဤရာဇဝတ် အပြစ်ဒဏ်ကား အရှင်အိမ်ရှေ့မင်းနှင့် အလျှင်းပင် မတော်မလျော် မလျောက်ပတ်ပါဘုရား”ဟု ပြောဆိုကြကာ ကျယ်စွာသောအသံဖြင့် ငိုကြွေးကြလေကုန်၏။

     ထို့နောက် မင်းချင်းယောက်ျား အာဏာပါးကွက်သားတို့သည် အိမ်ရှေ့မင်းသားကို မင်းကြီးထံ ခေါ်ဆောင်၍ မင်းကြီးအား ပြသကြလေကုန်၏။ မင်းကြီးသည် မြင်လျှင် မြင်ခြင်း စိတ်ကို မထိန်းချုပ်နိုင်တော့ပဲ “ဤပဒုမမင်းသားကား မင်းမဟုတ်ပဲလျက် မင်းပုံမင်းဟန် စံပယ်မှုကို ပြုသူဖြစ်လေသည်။ ငါ၏သားတော် ဖြစ်ပါလျက် မယ်တော်မိဖုရားကြီးအား ပြစ်မှားသူ ဖြစ်လေသည်။ သွားကြကုန်၊ ချင်း (=ပဒုမမင်းသား)ကို စောရပပါတ (=ခိုးသူများကို ပစ်ချရာ) ချောက်၌ ဦးစိုက်ဂျွမ်းပြန် ပစ်ချကြကာ အသက်ကုန်ဆုံး ပျက်ပြုန်းခြင်းသို့ ရောက်စေကြကုန်”ဟူ၍ တချက်လွှတ် အာဏာစကား မိန့်ကြားတော်မူလေ၏။ အလောင်းတော် အိမ်ရှေ့မင်းသားက “ခမည်းတော်ဘုရား.. သားတော်မှာ ဤအပြစ်မျိုး တစိုးတစိ မရှိဧကန် မှန်ပါသည်။ မိန်းမ၏စကားကို နာယူမှတ်မှား၍ အကျွန်ုပ် (=သားတော်)ကို မဖျက်ဆီး မသတ်ဖြတ်တော်မူပါလင့်”ဟု ခမည်းတော်မင်းကြီးကို



၅၉၄

တောင်းပန်စကား ပြောကြားပါသော်လည်း မင်းကြီးသည် သားတော် အိမ်ရှေ့မင်း၏ စကားကို လုံးဝ နာယူတော်မမူတော့ချေ။

     ထို့နောက် တသောင်းခြောက်ထောင်သော နန်းတွင်းသူတို့သည်“ချစ်သား မဟာပဒုမ.. မိမိအား မလျော်ကန် ဤရာဇ၀တ်အပြစ်ဒဏ်ကို ခံရလေခြင်း..”ဟု သည်းစွာဟစ်အော် ငိုကြွေး မြည်တမ်းကြလေကုန်၏။ ခပ်သိမ်းသော မင်းညီမင်းသား မှူးမတ်များနှင့် ပုဏ္ဏားသူဌေး အစရှိသောသူတို့သည် “အရှင်မင်းကြီး.. မဟာပဒုမမင်းသားသည် ကောင်းသော ကိုယ်ကျင့်တရားရှိသူ ဖြစ်ပါသည်၊ ရာဇဝင်အနွယ်အဆက် မပျက်အောင် စောင့်ရှောက်လျက် ထီးမွေနန်းရံ ခံစံမည့်သူ ဖြစ်ပါသည်။ ထီးညွန့်နန်းလျာ ထိုမဟာပဒုမမင်းသားကို မိန်းမ၏စကား ယုံစားတော်မူ၍ မစဉ်းစား မဆင်ခြင်ပဲ မဖျက်ဆီး မသတ်ဖြတ်သင့်ပါ၊ မင်းဟူသည်မှာ စူးစူးစမ်းစမ်း ဆင်ဆင်ခြင်ခြင် ပြုလုပ်သူဖြစ်ရပါမည်”ဟု ကြောင်းကျိုးဖော်ပြ လျှောက်ထားကြကာ ဤဆိုလတ္တံ့သော ၇-ဂါထာတို့ကို ရွတ်ဆို တင်လျှောက်ကြလေကုန်၏-

(၁) နာဒဋ္ဌာ ပရတော ဒေါသံ၊

အဏုံထူလာနိ သဗ္ဗသော။

ဣဿရော ပဏယေ ဒဏ္ဍံ၊

သာမံ အပ္ပဋိဝေက္ခိယ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ဣဿရော = တိုင်းပြည်စိုးအုပ် မင်းပြုလုပ်သောသူသည်။ ပရတော = သူတပါး၏။ ဒေါသံ = အပြစ်ကို။ အဒဋ္ဌာ = ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ရပဲ။ သဗ္ဗသော-သဗ္ဗာနိ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော။ အဏုံထူလာနိ = ငယ်ငယ်ကြီးကြီး အပြစ်အသီးသီးတို့ကို။ သာမံ အပ္ပဋိဝေက္ခိယ = ကိုယ်တိုင် မထောက်လှမ်း မစူးစမ်းပဲ။ ဒဏ္ဍံ = လက်ဖြတ် ခြေဖြတ် အသေသတ်သည့် မင်းပြစ်ဒဏ်ကို။ န ပဏယေ = အမျက်မာန်ပွါး အာဏာမထားရာ။



၅၉၅

(မဟာသမ္မတမင်း လက်ထက်၌ ငွေတရာမှအထက် ငွေဒဏ်တပ်သောဟူ၍ မရှိခဲ့ချေ။ ကြိမ်ဒဏ် ကဲ့ရဲ့ဒဏ် ပြည်နှင်ဒဏ်မှအထက် လက်ဖြတ် ခြေဖြတ် အသက်ကို သတ်ခြင်းဒဏ်ဟူ၍ လုံးဝမရှိခဲ့ချေ။ နောက်အခါ ကြမ်းကြုတ်ရက်စက်သည့် မင်းများ၏ လက်ထက်မှသာလျှင် ထိုအပြစ်ဒဏ်များ ဖြစ်ပွါးလာလေသည်။ ထို အပြစ်ဒဏ်များကို ရည်စူး၍ အမတ်များသည် ထိုကဲ့သို့ လျှောက်ထားခြင်းဖြစ်သည်။)

(၂) ယော စ အပ္ပဋိဝေက္ခိတွာ၊

ဒဏ္ဍံ ကုဗ္ဗတိ ခတ္တိယော။

သကဏ္ဋကံ သော ဂိလတိ၊

ဇစ္စန္ဓောဝ သမက္ခိကံ။

ယော စ ခတ္တိယော = အကြင် ရေမြေ့သခင် ပြည့်ရှင်မင်းသည်။ အပ္ပဋိဝေက္ခိတွာ = မထောက်မလှမ်း မစူးစမ်းမူ၍။ ဒဏ္ဍံ = လက်ဖြတ် ခြေဖြတ် အသေသတ်သည့် ဒဏ်မျိုးကို။ ကုဗ္ဗတိ = မစဉ်းမစား ပြုမိငြားအံ့။ သော ခတ္တိယော = ထိုရေမြေ့သခင် ပြည့်ရှင်မင်းသည်။ “ဇစ္စန္ဓော = ဝမ်းတွင်းကန်းသည်။ သမက္ခိကံ = ယင်နှင့်ရောလျှင်း စက်ဆုပ်ဖွယ်သော အစာထမင်းကို။ ဂိလတိ ဣဝ = စားမျိုးမိသကဲ့သို့”။ သကဏ္ဋကံ = ဒုက္ခဖြစ်ကြောင်း မကောင်းဒုစရိုက် အမိုက်တည်းဟူသော ဆူးနှင့်ရောလျှင်း အစာထမင်းကို။ ဂိလတိ-ဂိလတိ နာမ = ပြုမှား ပြောမှား ကြံစည်မှား၍ စားမျိုမိသည် စင်စစ်မည်၏။

(၃) အဒဏ္ဍိယံ ဒဏ္ဍယတိ၊

ဒဏ္ဍိယဉ္စ အဒဏ္ဍိယံ။

အန္ဓောဝ ဝိသမံ မဂ္ဂံ၊

န ဇာနာတိ သမာသမံ။

ယော = အကြင် ရေမြေ့သခင် ပြည့်ရှင်မင်းသည်။ အဒဏ္ဍိယံ = ဒဏ်မထားသင့်သူကို။ ဒဏ္ဍယတိ = လွဲချော်ချွတ်မှား ဒဏ်ထားမိ၏။ ဒဏ္ဍိယဉ္စ = ဒဏ်ထားသင့်သူကိုကား။



၅၉၆

အဒဏ္ဍိယံ- (ကရောတိ) = ဒဏ်မထားလျှင်း “ငါကား မင်း”ဟု စိတ်တွင်းမာန်လှိုက် ကိုယ့်အကြိုက်ကိုသာ ပြုလုပ်၏။ သော = ထိုရေမြေ့သခင် ပြည့်ရှင်မင်းသည်။ “ဝိသမံ မဂ္ဂံ = မညီမညွတ် ခရွတ်ခရော် ကြမ်းထော်သော လမ်းကို။ ပဋိပန္နော = အသွားလွဲ၍ ဆင်းရဲဒုက္ခ ရောက်ရှိရသော။ အန္ဓောဝ = ဝမ်းတွင်းကန်းကဲ့သို့”။ သမာသမံ = သုစရိုက်ဆယ်ခဏ်း ညီညွတ်သောလမ်းနှင့် ဒုစရိုက်ဆယ်ခဏ်း မညီညွတ်သောလမ်းကို။ န ဇာနာတိ = စိတ်ဖြာဝေခွဲ မသိနဲကြောင့် လမ်းလွဲလိုက်ကာ ပါယ်လေးရွာ၌ ကြီးစွာဒုက္ခ ရောက်ရှိရလေ၏။

(၄) ယော စ ဧတာနိ ဌာနာနိ၊

အဏုံ ထူလာနိ သဗ္ဗသော။

သုဒိဋ္ဌမနုသာသေယျ၊

သ ဝေ ဝေါဟရိတုမရဟတိ။

ယော စ = အကြင် ရေမြေ့သခင် ပြည့်ရှင်မင်းသည်ကား။ ဧတာနိ ဌာနာနိ = ဒဏ်မထားသင့်, ဒဏ်ထားသင့်သည့် အခွင့်များစွာ ထိုအကြောင်းအရာတို့ကို၎င်း။ (ဒဏ္ဍိယေသုပိ = ဒဏ်ထားသင့်သည့် အခွင့်များစွာ အကြောင်းအရာတို့၌လည်း။) သဗ္ဗသော-သဗ္ဗာနိ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော။ အဏုံ ထူလာနိ = ငယ်ငယ်ကြီးကြီး အမှုအသီးသီးတို့ကို၎င်း။ သုဒိဋ္ဌံ = ကောင်းစွာဆင်ခြင် ဉာဏ်ဖြင့်မြင်သည်ကို။ (ကတွာ = ပညာစက္ခု မြော်ထောက်ရှုကာ ပြုလုပ်ပြီးမှ။) အနုသာသေယျ = အမှားမကပ် တရားဆုံးဖြတ်ငြားအံ့။ သ-သော = ပညာထိန်လင်း ထိုသည့်မင်းသည်။ ဝေ = စင်စစ်။ ဝေါဟရိတုံ = တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ခြင်းငှါ။ အရဟတိ = ကြောင်းကျိုးလျော်ကန် ထိုက်တန်လှပေ၏။



၅၉၇

(၅) နေကန္တမုဒုနာ သက္ကာ၊

ဧကန္တတိခိဏေန ဝါ။

အတ္တံ မဟန္တေ ဌပေတုံ၊

တသ္မာ ဥဘယမာစရေ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ဧကန္တမုဒုနာ ဝါ = သိမ်မွေ့နုလျှင်း တဖက်သတ် ကျင့်ခြင်းဖြင့်၎င်း။ ဧကန္တတိခိဏေန ဝါ = အကြမ်းဖက်လျှင်း တဖက်သတ် ကျင့်ခြင်းဖြင့်၎င်း။ အတ္တံ = မိမိကိုယ်ကို။ မဟန္တေ = ကြီးကျယ်စွာလှ အစိုးရခြင်း တည်းဟူသော ရာထူးဌာနန္တရ၌။ ဌပေတုံ = မြဲမြံခိုင်ကျည် တည်စိမ့်သောငှါ။ န သက္ကာ = မတတ်နိုင်။ တသ္မာ = ထို့ကြောင့်။ ဥဘယံ = အနုအကြမ်း ထိုနှစ်ခဏ်းကို။ (ရာဇာ = တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သောသူသည်)။ အာစရေ-အာစရေယျ = နုတန်လျှင်နု ကြမ်းတန်လျှင်ကြမ်း ဉာဏ်ရည်စွမ်းဖြင့် ခွဲခြမ်းစိတ်ဖြာ ကျင့်ကြံပြုလုပ်ရာ၏။

(၆) ပရိဘူတော မုဒု ဟောတိ၊

အတိတိက္ခော စ ဝေရဝါ။

ဧတဉ္စ ဥဘယံ ဉတွာ၊

အနုမဇ္ဈံ သမာစရေ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ မုဒု = နူးညံ့စိတ်ရင်း (တဖက်သတ် တသမတ်တည်း) သိမ်မွေ့နေသော မင်းကို။ ပရိဘူတော = တိုင်းနေပြည်နေ လူဗိုလ်ခြေတို့ မထေမဲ့နိုး လွှမ်းမိုးဖိစီးအပ်သည်။ ဟောတိ = ဖြစ်၏။ အတိတိက္ခော စ = မျက်မာန်ကြမ်းခက် ထက်လွန်းသော မင်းသည်ကား။ ဝေရဝါ = တတိုင်းပြည်လုံး ရွံမုန်းစိတ်ထား ရန်ပေါများသည်။ ဟောတိ = ဖြစ်၏။ ဧတဉ္စ ဥဘယံ = နုလွန်းလျှင် မထေလေးစား, ကြမ်းလွန်းလျှင် ရန်ပေါများသည့် နှစ်ပါးသော ထိုအချက်ကို။ ဉတွာ = ခွဲခြမ်းစိတ်တွင် သိမြင်၍။ အနုမဇ္ဈံ = ကြမ်းနု နှစ်သွယ်တို့၏



၅၉၈

အလယ်ဖြစ်သော အကျင့်ကို။ (ဝါ) မနုမကြမ်း အလယ်လမ်းကို။ သမာစရေ-သမာစရေယျ = ကျင့်ကြံပြုလုပ်ရာ၏။

(၇) ဗဟုမ္ပိ ရတ္တော ဘာသေယျ၊

ဒုဋ္ဌောပိ ဗဟု ဘာသတိ။

န ဣတ္ထိ ကာရဏာ ရာဇ၊

ပုတ္တံ ဃာတေတုမရဟတိ။

ရာဇ = သမ္မုတိနတ် အိုမင်းမြတ်..။ ရတ္တောပိ = ပြင်းစွာတပ်မက် လောဘနှိပ်စက်သော သူသည်လည်း။ ဗဟုံ = ထွေရာလေးပါး များစွာသောစကားကို။ ဘာသေယျ = လောဘတိုက်တွန်းသဖြင့် မြွက်ညွှန်းပြောဆိုရာ၏။ ဒုဋ္ဌောပိ = ဒေါသအမျက် ခြောင်းခြောင်းထွက်သော သူသည်လည်း။ ဗဟုံ = ထွေရာလေးပါး များစွာသော စကားကို။ ဘာသတိ = ဒေါသတိုက်တွန်းသဖြင့် မြွက်ညွှန်းပြောဆိုတတ်ပေ၏။ (တသ္မာ = ထိုသို့ လောဘဒေါသ နှိပ်စက်ကလျှင် ဓမ္မတံထွာ လူတကာတို့ ထွေရာလေးပါး စကားများတတ်သောကြောင့်)။ ဣတ္ထိကာရဏာ = လောဘဒေါသ ပြွမ်းပြွမ်းထ၍ ဝင်္ကဝုတ်ဉာဏ် အကျင့်တန်သည့် ဖောက်ပြန်ထွေပြား မိဖုရားဟူသော အကြောင်းကြောင့်။ ပုတ္တံ = ထီးညွန့်နန်းလျာ မဟာပဒုမ နာမတွင်ငြား အိမ်ရှေ့မင်းသားကို။ ဃာတေတုံ = မဆင်မခြင် အသက်ဆုံး စီရင်ခြင်းငှါ။ န အရဟတိ = အမှုမလျော်ကန် မထိုက်တန်ပါဘုရား။

     ဤသို့ ကြောင်းကျိုးဖော်ပြ အထူးထူး ပြောဆိုကြသော်လည်း အမတ်များသည် မိမိတို့၏စကားကို မင်းကြီးအား နာယူစေခြင်းငှါ မတတ်နိုင်ပဲ ရှိကြကုန်၏။ ဘုရားအလောင်းတော် မဟာပဒုမ အိမ်ရှေ့မင်းသားသည်လည်း အထူးထူး အထွေထွေ တောင်းပန်စကား ပြောကြားသော်လည်း ခမည်းတော်မင်းကြီးအား မိမိစကားကို နာယူစေခြင်းငှါ မတတ်နိုင်ပဲ



၅၉၉

ရှိလေ၏။ မသိမိုက်ကန်း အန္ဓဗာလဖြစ်သော မင်းသည်ကား “သွားကြကုန်၊ ချင်း (=ပဒုမမင်းသား)ကို စောရပပါတချောက်၌ ယခုပင် ပစ်ချကြကုန်”ဟု အတင်းအကြပ် အာဏာထားလိုရကား-

(၈) သဗ္ဗောဝ လောကော ဧကတော၊

ဣတ္ထီ စ အယမေကိကာ။

တေနာဟံ ပဋိပဇ္ဇိဿံ၊

ဂစ္ဆထ ပက္ခိပထေဝ တံ။

သဗ္ဗောဝ လောကော = တိုင်းသားပြည်သူ ဗိုလ်လူအားလုံးသည်ပင်။ ဧကတော- (ဌိတော) = အိမ်ရှေ့အကြိုက် မျက်နှာကြီးလိုက်ကာ တဖက်သတ် ရပ်တည်လာချေ၏။ အယံ စ ဣတ္ထီ = အဂ္ဂမဟေသီ ဤမိဖုရားသည်ကား။ ဧကိကာ = မျက်နှာငယ်ကာ တယောက်ထီး ဖြစ်ရရှာ၏။ တေန = ထိုသို့ ဗိုလ်လူခပင်း မျက်နှာလိုက်ကြခြင်းကြောင့်။ အဟံ = ပြည်ကြီးဥက္ကဌ် ငါ သမ္မုတိနတ်သည်။ ပဋိပဇ္ဇိဿံ = မိဖုရား၏ စကားကိုသာ လိုက်နာကျင့်သုံးပေတော့အံ့။ ဂစ္ဆထ = သွားကြကုန်။ တံ = ထိုသစ္စာဖောက်ပြား ပဒုမမင်းသားကို။ ပက္ခိပထေဝ = စောရပပါတ ချောက်ကမ်းပါးသို့ လျင်လျားခဏ ယခုပင် ပစ်ချကြကုန်လော့။-

ဟူသော ဤရှစ်ခုမြောက် အမိန့်ပေးဂါထာကို ရွတ်ဆိုလေ၏။

     ဤသို့ ပြည့်ရှင်မင်းကြီးက တချက်လွှတ် အာဏာထုတ်ဆင့်သောအခါ မင်းမိန်းမပေါင်း တသောင်းခြောက်ထောင်တို့အနက် တဦးတယောက်မျှ ပကတိအနေဖြင့် မတည်နိုင်ကြကုန်၊ သည်းထန်စွာ ငိုကြွေးကြကုန်၏။ မြို့နေသူ လူအားလုံးတို့သည် လက်ရုံးလက်မောင်းကို မြှောက်ချီကြကာ အထူးထူး အထွေထွေ မြည်တမ်းကြ၍ ဆံပင်တို့ကို ဖရိုဖရဲ ကြဲဖြန့်ကြလျက် ငိုကြွေး လိုက်ပါကြလေကုန်၏။ မင်းမိုက်သည် “ဤလူများကား ဤမင်းသားကို



၆၀၀

ချောက်ကမ်းပါး၌ ပစ်ချခြင်းအမှုကို တားမြစ်ကောင်း တားမြစ်ကြလိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ ကိုယ်တိုင်ပင် အခြံအရံများနှင့်တကွ ထွက်ချီ၍ လူများအပေါင်း ငိုကြွေးကြစဉ်ပင် အလောင်းတော် အိမ်ရှေ့မင်းသားကို ဦးခေါင်းကိုအောက် ခြေထောက်ကိုအထက် (ဦးစိုက်ဂျွမ်းပြန်) ပြုလုပ်ကာ ကိုင်စေပြီးမှ စောရပပါတ ချောက်ကမ်းပါး၌ ရက်စက်စွာ ပစ်ချစေလေ၏။

အလောင်းတော်၏ မေတ္တာတန်ခိုး

     ထိုအခါ အလောင်းတော်၏ မေတ္တာတန်ခိုးကြောင့် တောင်စောင့်နတ်သည် ကိုယ်ထင်ပြကာ “မဟာပဒုမ.. သင်မကြောက်လင့်”ဟု အလောင်းတော်ကို အားပေးစကား ပြောကြား သက်သာစေပြီးလျှင် လက်နှစ်ဖက်တို့ဖြင့် ပွေ့ပိုက်ကာ ရင်၌အပ်၍ နတ်၏အတွေ့ကို အလောင်းတော်တကိုယ်လုံး နှံ့စေပြီးနောက် တောင်အောက်သက်၍ တောင်ခြေ၌နေသော နဂါးမင်း၏ ပါးပျဉ်းထက်၌ အလောင်းတော်ကို ထားလေ၏။

     နဂါးမင်းသည် ဘုရားအလောင်းတော် မဟာပဒုမမင်းသားကို နဂါးပြည်သို့ ယူဆောင်၍ မိမိ၏ စည်းစိမ်တဝက်ကို အလောင်းတော်မင်းသားအား ခွဲဝေပေးလေ၏။ ဘုရားအလောင်းတော်သည် နဂါးပြည်၌ တနှစ်ပတ်လုံး ချမ်းသာစွာနေပြီးသော် နဂါးမင်းကို “လူ့ရပ်ခရီးသို့ သွားတော့အံ့”ဟု ခွင့်ပန်စကား ပြောကြား၍ နဂါးမင်းက “အဘယ်အရပ်သို့ သွားလိုသနည်း”ဟု မေးသဖြင့် အလောင်းတော်သူမြတ်သည် “ဟိမဝန္တာသို့သွား၍ ရဟန်းပြုပေအံ့”ဟူ၍ မိန့်ဆိုတော်မူလေ၏။ နဂါးမင်းသည် “ကောင်းပြီ”ဟု ဝန်ခံကာ ဘုရားအလောင်းတော်ကို ယူဆောင်ခဲ့၍ လူ့ရပ်လူ့ရွာ ဟိမဝန္တာ၌ ထားပြီးလျှင် ဘုရားအလောင်းတော်အား ရသေ့ရဟန်း ပရိက္ခရာ အသုံးအဆောင်များကို ပေးခဲ့ပြီး မိမိ၏နေရာ နဂါးပြည်သို့ ပြန်သွားလေ၏။ ဘုရားအလောင်း မဟာပဒုမ မင်းသားသည်လည်း ဟိမဝတောသို့ ဝင်ပြီးလျှင် ရသေ့ရဟန်း ပြုလုပ်ပြီးနောက် ဈာန်အဘိညာဏ်တရားများကို



၆၀၁

ဖြစ်ပွါးစေပြီးလျှင် တောသစ်မြစ် သစ်သီး အစာအာဟာရတို့ဖြင့် မျှတတော်မူကာ ဟိမဝန္တာ၌ ချမ်းသာစွာ နေထိုင်တော်မူလေ၏။

     ထို့နောက် တနေ့သ၌ ဗာရာဏသီပြည်သား မူဆိုးတယောက်သည် ဘုရားအလောင်းတော်၏ နေရာဌာနသို့ ရောက်ရှိပြီးကာ ဘုရားအလောင်းတော်ကို မှတ်မိ၍ “အို မင်းမြတ်.. အရှင်သည် မဟာပဒုမမင်းသား မဟုတ်လော”ဟု မေး၍ “အိမ်း.. ဟုတ်သည် အချင်း”ဟု ဖြေဆိုလတ်သော် မူဆိုးသည် ဘုရားအလောင်းတော် မဟာပဒုမ ရသေ့သူမြတ်ကို ရှိခိုး၍ နှစ်ရက်သုံးရက်ခန့် ထိုအရပ်၌ နေပြီးနောက် ဗာရာဏသီပြည်သို့ ပြန်၍ မင်းကြီးအား “အို အရှင်မင်းမြတ်.. အရှင်မင်းမြတ်၏သားတော် မဟာပဒုမမင်းသားသည် ဟိမဝန္တာအရပ်၌ ရသေ့ရဟန်းပြုလုပ်၍ သင်္ခမ်းကျောင်း၌ နေထိုင်လျက် ရှိပါသည်။ အကျွန်ုပ်သည် ထိုမဟာပဒုမမင်းသား၏ အထံ၌ နှစ်ရက်သုံးရက်ခန့် နေပြီးမှ ယခု ပြန်လာခဲ့ပါသည်”ဟူ၍ လျှောက်ထားလေ၏။ မင်းကြီးက “သင်ကိုယ်တိုင် မြင်အပ်ခဲ့သလော”ဟု မေး၍ “အိမ်း.. မြင်အပ်ခဲ့ပါသည် အရှင်မင်းကြီး..” ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။

     မင်းကြီးသည် များစွာသော စစ်သည်ဗိုလ်ပါ ရဲမက်အပေါင်း ခြံရံလျက် ထိုအရပ်သို့ သွားရောက်၍ တောစွန်၌ သစ်ခက် (ယာယီ)တဲနန်း ဆောက်လုပ်ကာ တပ်စခန်းချပြီးလျှင် အမတ်အပေါင်းခြံရံလျက် သင်္ခမ်းကျောင်းသို့ သွားလေလျှင် သင်္ခမ်းကျောင်းတံခါးဝ၌ ရွှေစင်ရုပ်တုအတူ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ပက်ပင်းပါ တွေ့မြင်၍ ရှိခိုးပြီးလျှင် သင့်လျောက်ပတ်ရာ နေရာ၌ ထိုင်နေလေ၏။ အမတ်တို့သည်လည်း အစေ့အစပ်စကား ပြောကြားပြီးလျှင် ထိုင်နေကြကုန်၏။ ဘုရားအလောင်းတော်သည်လည်း မင်းကြီးကို (မိမိ၌ရှိသော သစ်သီး စမ်းရေတို့ဖြင့်) ဖိတ်မန်ပန်ကြားမှု ပြုပြီးလျှင် အစေ့အစပ်စကား ပြောကြားတော်မူလေ၏။

     ထို့နောင်မှ မင်းကြီးသည် ဘုရားအလောင်းတော်ကို “ချစ်သား.. ငါသည် သင့်ကို အလွန်နက်လှသော စောရပပါတချောက်၌



၆၀၂

ဦးစိုက်ကျွမ်းပြန် ပစ်ချစေအပ်ပါလျက် သင်ချစ်သားသည် ဘယ်ပုံဘယ်နည်းဖြင့် အသက်ရှင်လျက် ရှိနေပါသနည်း”ဟု မေးမြန်းလိုရကား-

(၉) အနေကတာလေ နရကေ၊

ဂမ္ဘီရေ စ သုဒုတ္တရေ။

ပါတိတော ဂိရိဒုဂ္ဂသ္မိံ၊

ကေန တွံ တတ္ထ နာမရိ။

တာတ = ချစ်သား..။ အနေကတာလေ = ထန်းအဆက်များစွာ ပမာဏရှိသော။ ဂမ္ဘီရေ စ = ကြောက်မက်ဖွယ်ရာ နက်လည်း နက်စွာထသော။ သုဒုတ္တရေ = ကူးမြောက်ခြင်းငှါ ခဲယဉ်းစွာထသော။ နရကေ ဂိရိဒုဂ္ဂသ္မိံ = စောရပပါတ အမည်ရသား အသွားရခက် လွတ်ထွက်ဖို့ခဲ ချောက်ကမ်းပါးထဲ၌။ ပါတိတော = ဦးစိုက် ဂျွမ်းပြန် အပစ်အချခံရပါလျက်။ တွံ = သင်ချစ်သားသည်။ ကေန = ဘယ်သို့ဖန်တောင်း ဘယ်အကြောင်းကြောင့်။ တတ္ထ = ထိုကြောက်ဖွယ်လွန်ကဲ နရက်ချောက်ထဲ၌။ နာမရိ = အသက်မသေ ရှင်၍နေရပါသနည်း။-

ဟူသော ၉-ခုမြောက်ဂါထာကို ရွတ်ဆိုလေသည်။ ထို့နောက် သားတော်နှင့် ခမည်းတော်တို့ ဤဆိုလတ္တံ့သောအတိုင်း ဖြေကြ မေးကြလေသည်-

(၁၀) နာဂေါ ဇာတဖဏော တတ္ထ၊

ထာမဝါ ဂိရိသာနုဇော။

ပစ္စဂ္ဂဟိ မံ ဘောဂေဟိ၊

တေနာဟံ တတ္ထ နာမရိံ။

တာတ = ခမည်းတော်မြတ် သောင်းလုံးနတ်..။ တတ္ထ = ထိုကြောက်ဖွယ်လွန်ကဲ နရက်ချောက်ထဲ၌။ ထာမဝါ = အားအစွမ်းနှင့် ခိုင်ကျန်းလောက်လုံ ပြည့်စုံစွာသော။ ဂိရိသာနုဇော = တောင်ယဉ်တောင်ဝှမ်း၌ ဖြစ်ထွန်းသန္ဓေ ပေါက်ပွါးပေထသော။ နာဂေါ = နဂါးမင်းသည်။



၆၀၃

ဇာတဖဏော = တန်ခိုးဣဒ္ဓိ ကြီးစွာဖန်ဆင်းအပ်သော ပါးပျဉ်းရှိသည်ဖြစ်လျက်။ မံ = အကျွန်ုပ် (သားတော်)ကို။ ပစ္စဂ္ဂဟိ = တောင်စောင့်နတ်မင်းလက်မှ ဆက်၍တဖန် ခံယူခဲ့လေပြီ။ တေန = ထိုသို့ဖန်တောင်း ထိုအကြောင်းကြောင့်။ အဟံ = အကျွန်ုပ် (သားတော်)သည်။ တတ္ထ = ထိုကြောက်ဖွယ်လွန်ကဲ နရက်ချောက်ထဲ၌။ နာမရိံ = အသက်မသေ ရှင်၍နေပါ၏။

(ဤကား သားတော် ဖြေကြားအပ်သော ဂါထာတည်း)။

     ဤသို့ အလောင်းတော် မဟာပဒုမ ရှင်ရသေ့က ဖြေကြားအပ်သောအခါ ခမည်းတော်မင်းကြီးသည် အလွန်ဝမ်းမြောက် နှစ်သက်ခြင်းသို့ရောက်လျက် “ချစ်သား.. ငါကား ပညာအန္ဓ လူ့ဗာလဖြစ်သောကြောင့် မိန်းမ၏စကားကို နာယူမှတ်မှားကာ ဤကဲ့သို့ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော သင်ချစ်သားအပေါ်၌ ချွတ်ချော်တိမ်းပါး ပြုမှားခဲ့ပါပြီ၊ ခမည်းတော်၏ မတော်ချွတ်မှား အပြစ်များကို သနားရှေးရှူ သည်းခံတော်မူပါ”ဟု တောင်းပန်ဝန်ချစကား ပြောကြားကာ ဘုရားအလောင်းတော်၏ ခြေတော်တို့၌ တုံ့ဝပ်ဦးခိုက်လတ်သော် ဘုရားအလောင်းတော် မဟာပဒုမ ရှင်ရသေ့က “မြတ်သောမင်းကြီး.. ထတော်မူပါ၊ သင်၏အပြစ်ကို ငါသည်းခံပါ၏၊ ဤအခါမှ နောက်ကာလ၌မူ နောက်ထပ်တဖန် ဤကဲ့သို့ မစူးမစမ်း မဆင်မခြင် ပြုလုပ်သူ မဖြစ်ပါလေလင့်”ဟု ခွင့်ပြုကျေနပ်သည့်စကား ပြောကြားတော်မူလေလျှင် ခမည်းတော်မင်းကြီးသည် “ချစ်သား.. သင်ချစ်သားသည် တိုင်းပြည်သို့ ပြန်တော်မူကာ အဖ၏အရိုက်အရာ မင်းစည်းစိမ်ကို လက်ခံ၍ ထီးဖြူစိုက်ဆောက် မင်းပြုလုပ်မှသာလျှင် ဖခမည်းတော်အပေါ် သည်းခံတော်မူရာရောက်ပါမည်”ဟု ပြောဆိုလိုရကား-

(၁၁) ဧဟိ တံ ပဋိနေဿာမိ၊

ရာဇပုတ္တ သကံ ဃရံ။

ရဇ္ဇံ ကာရေဟိ ဘဒ္ဒန္တေ၊

ကိံ အရညေ ကရိဿသိ။



၆၀၄

ရာဇပုတ္တ = မဟာနွယ်ဖွား အို(သားတော်) ပဒုမမင်းသား..။ ဧဟိ = လာပါလော့တံ = သင်ချစ်သားကို။ သကံ ဃရံ = မွေးဖရိုက်ရာ ကိုယ့်ဥစ္စာတည့် နိမ္မာနှုန်းလျော် ဗာရာဏရွှေနန်းတော်သို့။ ပဋိနေဿာမိ = ဖြူထီးလှစ်ဖွင့် ဆောင်ပင့်ပေတော့အံ့။ တေ = သင်ချစ်သား၏။ ဘဒ္ဒံ = ကောင်းခြင်းမင်္ဂလာသည်။ ဟောတု = ဖြစ်ပါစေသတည်း။ ရဇ္ဇံ = ဗာရာဏသီ ပြည်ပူရီဝယ် ဘုန်းရည်လျှံသစ် မင်းအဖြစ်ကို။ ကာရေဟိ = ပြုတော်မူပါလော့။ အရညေ = လူသူမနီး ဤတောကြီး၌။ ကိံ ကရိဿသိ = တိုင်းသားပြည်သူ ဗိုလ်လူမျိုးနွယ် ကောင်းကျိုးကြွယ်အောင် အဘယ်အမှု ပြုနိုင်ချိမ့်မည်နည်း။-

ဟူသော ဤဂါထာဖြင့် တိုင်းတော်ပြည်တော်သို့ ပြန်၍ မင်းပြုလုပ်ရန် တောင်းပန် ပင့်ဖိတ်လေသည်။ ထိုအခါ အလောင်းတော်သူမြတ်က-

(၁၂) ယထာ ဂိလိတွာ ဗဠိသံ၊

ဥဒ္ဓရေယျ သလောဟိတံ။

ဥဒ္ဓရိတွာ သုခီ အဿ၊

ဧဝံ ပဿာမိ အတ္တနံ။

တာတ = ခမည်းတော်မြတ် အို သမ္မုနတ်..။ ပုရိသော = အမှတ်မထား ယောက်ျား တယောက်ယောက်သည်။ ဗဠိသံ = ငါးမျှားချိတ်ကို။ ဂိလိတွာ = သတိမထား အမှတ်မဲ့ မျိုမှားမိ၍။ သလောဟိတံ = အလျှံနီတွေး သွေးနှင့်တကွ။ ဥဒ္ဓရေယျ = နှလုံးအညှို့ စသည်သို့ မရောက်ခင် အလျင်အမြန် တွေးအန် ထုတ်ဆောင်လေရာ၏။ ဥဒ္ဓရိတွာ = အလျင်အမြန် ထွေးအန် ထုတ်ဆောင်ပြီးလတ်သော်။ သုခီ = ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသည်။ အဿ ယထာ = ဧကန်စင်စစ် ဖြစ်လေရာ၏သို့။ ဧဝံ = ဤအတူ။ (အဟံ = မဟာပဒုမ နာမသမုတ် သားတော်အကျွန်ုပ်သည်)။ အတ္တာနံ = မိမိကိုယ်ကို။



၆၀၅

ပဿာမိ = ငါးမျှားချိတ်ကိုမျိုမှား ထိုယောက်ျားသည် လျင်လျားမကြာ ထွေးအန်ကာဖြင့် ချမ်းသာမျက်မှောက် ရောက်သည့်အသွင် ဉာဏ်ဖြင့် မြင်နေပါ၏။-

ဟူ၍ ဖြေကြားတော်မူလေလျှင် တဖန်ထပ်၍ မင်းကြီးသည်-

(၁၃) ကိံ နု တွံ ဗဠိသံ ဗြူသိ၊

ကိံ တွံ ဗြူသိ သလောဟိတံ။

ကိံ နု တွံ ဥဗ္ဘတံ ဗြူသိ၊

တံ မေ အက္ခာဟိ ပုစ္ဆိတော။

တာတ = ချစ်သား..။ တွံ = သင်ချစ်သားသည်။ ကိံ နု = အဘယ်အရာကို။ ဗဠိသံ = ငါးမျှားချိတ်ဟူ၍။ ဗြူသိ = ပညာမောက်မို သူ့ထက်ပို၍ ဆိုလိုတော်မူပါသနည်း။ ကိံ = အဘယ်အရာကို။ သလောဟိတံ = အလျှံနီတွေး သွေးနှင့်တကွဟူ၍။ ဗြူသိ = ပညာမောက်မို သူ့ထက်ပို၍ ဆိုလိုတော်မူပါသနည်း။ တွံ = သင်ချစ်သားသည်။ ကိံ နု = အဘယ်အရာကို။ ဥဗ္ဘတံ = အလျင်အမြန် ထွေးအန် ထုတ်ဆောင်ခြင်းဟူ၍။ ဗြူသိ = ပညာမောက်မို သူ့ထက်ပို၍ ဆိုလိုတော်မူပါသနည်း။ ပုစ္ဆိတော = ပြဿနာနက်လေး သိလိုရေးဖြင့် မေးအပ်ပေငြား သင်ချစ်သားသည်။ တံ = ထိုအကြောင်းကို။ မေ = ငါ့အား။ အက္ခာဟိ = အဖြေစကား ပြန်ကြားပါလော့။-

ဟူ၍ မေးမြန်းတော်မူလေ၏။ ထိုအခါ အလောင်းတော် မဟာပဒုမ ရှင်ရသေ့သည်-

(၁၄) ကာမာဟံ ဗဠိသံ ဗြူမိ၊

ဟတ္ထိအဿံ သလောဟိတံ။

စတ္တာဟံ ဥဗ္ဘတံ ဗြူမိ၊

ဧဝံ ဇာနာဟိ ခတ္တိယ။



၆၀၆

ခတ္တိယ = ရေမြေသနင်း အိုခမည်းတော်မင်း..။ အဟံ = မဟာပဒုမ နာမသမုတ် သားတော် အကျွန်ုပ်သည်။ ကာမေ = ငါးပါးအာရုံ ကာမဂုဏ်တို့ကို။ ဗဠိသံ = စူးဝင်သတ်နှိပ် ငါးမျှားချိတ်ဟူ၍။ ဗြူမိ = ပညာကသိုဏ်း ဉာဏ်ဖြင့်နှိုင်း၍ မှန်တိုင်းနှစ်လို မြွက်ဆိုပါ၏။ ဟတ္ထိအဿံ = ဆင်မြင်းရထား စရှိပြားသည် များလှဂုဏ်သိရ် အထွေထွေသော စည်းစိမ်အစုကို။ သလောဟိတံ = အလျှံနီတွေး သွေးနှင့်တကွဟူ၍။ ဗြူမိ = ပညာကသိုဏ်း ဉာဏ်ဖြင့်နှိုင်း၍ မှန်တိုင်းနှစ်လို အကျွန်ုပ် မြွက်ဆိုပါ၏။ အဟံ = သားတော်အကျွန်ုပ်သည်။ စတ္တံ = အာရုံငါးသင်း စွန့်ပယ်ရခြင်းကို။ ဥဗ္ဘတံ = အလျင်အမြန် ထွေးအန်ထုတ်ဆောင်ရခြင်းဟူ၍။ ဗြူမိ = ပညာကသိုဏ်း ဉာဏ်ဖြင့်နှိုင်း၍ မှန်တိုင်းနှစ်လို မြွက်ဆိုပါ၏။ ဧဝံ = ဤသို့။ (တွံ = သင် ခမည်းတော်မြတ် သောင်းလုံးနတ်သည်)။ ဇာနာဟိ = နက်နဲဝိတ္ထာ အဓိပ္ပါကို စိတ်ဖြာခွဲယူ ပညာဖြင့် သိတော်မူပါလော့။-

ဟူ၍ မင်းကြီး၏အမေးကို ရှင်းလင်း ဖြေကြားတော်မူပြီးလျှင် “မြတ်သောမင်းကြီး.. ဤဆိုအပ်ပြီးသောအတိုင်း ငါ့အဖို့ရာ ဗာရာဏသီမင်းအဖြစ်ဖြင့် ပြုဖွယ်ကိစ္စ လုံးဝမရှိ ဖြစ်ချေသည်။ အထူးမှာကြားလိုသည်မှာ သင် ခမည်းတော်မင်းကြီးသည် ရာဇဓံဆယ်ပါး မင်းကျင့်တရားတို့ကို မပျက်ပြားစေပဲ အဂတိလေးပါး ပယ်ရှားပြီးလျှင် တရားသဖြင့် မင်းပြုတော်မူပါလော့”ဟူ၍ ခမည်းတော်မင်းကြီးအား အဆုံးအမ ဩဝါဒကို ပေးတော်မူလေ၏။

မင်းကြီး ပြည်တော်ပြန်၍ မိဖုရားအား အပြစ်ပေးခြင်း

     ခမည်းတော်မင်းကြီးသည် သားတော်ကို အကြိမ်ကြိမ် ရွှေနန်းတော်သို့ ပင့်ခေါ်ပါသော်လည်း မရရှိပဲ ငိုကြွေးမြည်တမ်းကာ မြို့တော်သို့ ပြန်လေသော် လမ်းခရီးအကြား၌ မှူးမတ်များကို “မှူးမတ်တို့.. ငါသည် အဘယ်သူ့ကို အမှီပြု၍ ဤသို့သော ဂုဏ်ကျေးဇူး အထူးရှိသည့် သားတော်နှင့် ကွေကွင်းခြင်းသို့



၆၀၇

ရောက်ရသနည်း”ဟု မေးမြန်းလေ၏။ မှူးမတ်တို့က “အရှင်မင်းကြီး.. အဂ္ဂမဟေသီ မိဖုရားကြီးကို အမှီပြု၍ ဤသို့သော ဂုဏ်ကျေးဇူး အထူးရှိသည့် သားတော်နှင့် ကွေကွင်း ကွဲကွာခြင်းသို့ ရောက်ရပါသည်”ဟု တညီတညွတ်တည်း တင်လျှောက်ကြ၍ တိုင်းပြည်သို့ ရောက်သောအခါ မိဖုရားကြီးကို ဦးစိုက်ဂျွမ်းပြန် ကိုင်ယူစေကာ စောရပပါတချောက်၌ ပစ်ချစေ၍ မြို့သို့ဝင်ပြီးလျှင် တရားသဖြင့် မင်းပြုတော်မူလေသည်။

     မြတ်စွာဘုရားသည် ဤတရားဒေသနာကို ထုတ်ဆောင်ဟောပြတော်မူ၍ “ရဟန်းတို့.. ဤသို့လျှင် ဤစိဉ္စမာန်သည် ရှေးအခါတုန်းကလည်း ငါ့ကို ဆဲရေးပြစ်မှား ဂုံးတိုက်စကား ပြောခဲ့၍ ကြီးစွာပျက်စီးခြင်းသို့ ရောက်ခဲ့ရလေပြီ”ဟု ဟောတော်မူ၍-

(၁၅) စိဉ္စမာဏဝိကာ မာတာ၊

ဒေဝဒတ္တော စ မေ ပိတာ။

အာနန္ဒော ပဏ္ဍိတော နာဂေါ၊

သာရိပုတ္တော စ ဒေဝတာ။

ရာဇပုတ္တော အဟံ အာသိံ၊

ဧဝံ ဓာရေထ ဇာတကံ။

ရဟန်းတို့.. ယခုအခါ၌ စိဉ္စမာန်သည် ထိုစဉ်အခါ၌ မိထွေးမိဖုရား ဖြစ်ခဲ့ပြီ၊ ယခုအခါ ယောက်ဖတော် ဒေဝဒတ်သည် ထိုစဉ်အခါ ခမည်းတော်မင်းကြီး ဖြစ်ခဲ့ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုစဉ်အခါ ပညာရှိနဂါးမင်း ဖြစ်ခဲ့ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုစဉ်အခါ တောင်စောင့်နတ်မင်း ဖြစ်ခဲ့ပြီ၊ ယခုအခါ ငါဘုရားသည် ထိုစဉ်အခါ မဟာပဒုမမင်းသား ဖြစ်ခဲ့ပြီ၊ ဤသို့ ဤမဟာပဒုမဇာတ်ကို မှတ်ယူကြကုန်လော့-

ဟူသော ဤနောက်ဆုံးဂါထာဖြင့် ဇာတ်တော်ကို ပေါင်းတော်မူလေ၏။ ။(ဤကား မဟာပဒုမဇာတ်တော်တည်း)



၆၀၈

     မြတ်စွာဘုရားသည် ဖော်ပြရာပါ ဤမဟာပဒုမဇာတ်အကြောင်းအရာကို အကျယ်တဝင့် ဖွင့်ပြ ဟောကြားတော်မူပြီးလျှင် “ရဟန်းတို့.. အမှန်စကားပြောကြားခြင်း တရားတခုကို ပယ်စွန့်၍ မဟုတ်စကား ပြောကြားခြင်း မုသာဝါဒ၌ တည်ကြလျက် တမလွန်လောက၌ ရရှိခံစားကြရမည့် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာတရားကို ကျော်လွှားစွန့်ပယ်ပြီးဖြစ်ကြသည့် မုသာဝါဒသမားတို့၏အဖို့မှာ သူတို့မပြုဝံ့သော မကောင်းမှုဟူ၍ မရှိတော့ပြီ”ဟု မိန့်ဆိုတော်မူ၍-

ဧကံ ဓမ္မံ အတီတဿ၊

မုသာဝါဒိဿ ဇန္တုနော။

ဝိတိဏ္ဏပရလောကဿ၊

နတ္ထိ ပါပံ အကာရိယံ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ ဧကံ ဓမ္မံ = သစ္စာစကား တခုသောတရားကို။ အတီတဿ = ကျူးကျော်ဖောက်ဖျက်လျက်။ မုသာဝါဒိဿ = မမှန်စကား ပြောကြားလေ့ရှိသော။ (ဝါ = ပြောကြားလေ့ရှိသောကြောင့်)။ ဝိတိဏ္ဏပရလောကဿ = တမလွန်လောက ဟိုဘဝဝယ် သုခသုံးပါး ချမ်းသာများကို ပယ်ရှားလွန်မြောက်ပြီး ဖြစ်၍နေသော။ ဇန္တုနော = လူ့အပါယ်စာ သတ္တဝါ၏(အဖို့မှာ)။ အကာရိယံ ပါပံ = ချင်းမပြုဝံ့သည့် ဒုစရိုက်အမှုသည်။ နတ္တိ = တစိုးတစိ မရှိတော့ချေ။ (မုသာဝါဒ ဒုစရိုက်မှုကို ပြုဝံ့သူသည် မည်သည့်ဒုစရိုက်မှုမျိုးကိုမဆို ပြုဝံ့တော့သည်သာဟု ဆိုလို၏)—

ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသော တရားနာပရိသတ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။

(ဤကား စိဉ္စမာဏဝိကာ မိန်းမယုတ် စွပ်စွဲလာသော အကြောင်းအရာ အကျယ်စကားရပ်တည်း)။



၆၀၉

စိဉ္စမာဏဝိကာ မိန်းမယုတ်က ဤကဲ့သို့ မဟုတ်မတရား အစွပ်စွဲခံရခြင်း၏ ရှေးကံအကြောင်း

     ဤသို့ စိဉ္စမာဏဝိကာ မိန်းမယုတ်က မဟုတ်မတရား အစွပ်စွဲခံရခြင်း၏ ရှေးကံ အကြောင်းကား-

     လေးအသင်္ချေ ကမ္ဘာတသိန်းကာလ၏ ဟိုဘက် (နိယတဗျာဒိတ်မခံရမီ) တခုသောဘဝဝယ် ဘုရားအလောင်းတော်သည် မကောင်းသော ပါပမိတ်တို့နှင့် ပေါင်းသင်းဆက်ဆံမှု ပြုလုပ်ကာ အယောနိသော မနသိကာရ များသူတယောက်ဖြစ်ခဲ့၍ ထိုအခါ၌ ပွင့်ထွန်းတော်မူသော “သဗ္ဗာဘိဘူ” အမည်တော်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝက “နန္ဒ”အမည်ရှိသော ရဟန္တာမထေရ်မြတ်ကို မာတုဂါမတဦးနှင့် မဟုတ်မတရား စွပ်စွဲပြောဆိုမှု အရိယူပဝါဒ အကုသိုလ်ကံကြီးကို ပြုမှားခဲ့လေသည်။

     ထိုအကုသိုလ်ကံကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ရှည်ကြာ ဆင်းရဲကြီးစွာ ခံစားခဲ့ရပြီးနောက် လူ့ဘဝပါင်း များစွာတို့၌လည်း မဟုတ်မတရား အစွပ်အစွဲခံရ၍ ထိုအကုသိုလ်ကံကြွင်းကြောင့်ပင် ဤနောက်ဆုံးပစ္ဆိမ ဘုရားဖြစ်သော ဘဝ၌လည်း ပရိသတ်လေးပါးတို့၏ အလယ်၌ ရှက်ဖွယ်လိလိ စိဉ္စမာဏဝိကာ မိန်းမယုတ်၏ မဟုတ်မတရား ဤကဲ့သို့ အစွပ်အစွဲကို ခံတော်မူရလေသည်။

     ဤအကြောင်းကို အပဒါန်ပါဠိတော် ပဌမအုပ် (စာမျက်နှာ ၃၄၆+၇)၊ ၃၉-အဝဋဖလဝဂ်၊ ၁ဝ-ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန်၌-

သဗ္ဗာဘိဘုဿ ဗုဒ္ဓဿ၊

နန္ဒော နာမာသိ သာဝကော။

တံ အဗ္ဘက္ခာယ နိရယေ၊

စိရံ သံသရိတံ မယာ။-



၆၁၀

အစရှိသည်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့လေသည်။ ပါဠိနှင့် မြန်မာ အပြည့်အစုံကို ထိုပါဠိတော်နှင့် ပိဋ္ဋကတ်မြန်မာပြန်မှ ထုတ်ယူ မှတ်သားကုန်ရာ၏။

(ဤကား စိဉ္စမာဏဝိကာ မိန်းမယုတ်က မဟုတ်မတရား အစွပ်စွဲခံရခြင်း၏ ရှေးကံ အကြောင်းတည်း။)

သုန္ဒရီပရိဗိုဇ်မဖြင့် စွပ်စွဲလာခြင်းအကြောင်း

     ရှေး၌ ဆိုအပ်ပြီးသောအတိုင်း သာသနာပြင်ပ ဗာဟီရက အယူရှိကြသော တိတ္ထိတို့သည် မိမိတို့၏ လာဘ်ပူဇော်သက္ကာရ ခေါင်းပါးမှုကို အကြောင်းပြုကာ မိစ္ဆာပယောဂအလုပ်ကို အားထုတ်သောအားဖြင့် စိဉ္စမာဏဝိကာမည်သော မိန်းမယုတ် ပရိဗိုဇ်မဖြင့် မဟုတ်မတရား မြတ်စွာဘုရားရှင်ကို အရှက်တကွဲ အကျိုးနဲအောင် စွပ်စွဲကြသကဲ့သို့ပင် အခါတပါး၌ မြတ်စွာဘုရားရှင်ကို သာဝတ္ထိပြည်၌ နေတော်မူစဉ်ပင် သုန္ဒရီမည်သော ပရိဗိုဇ်မဖြင့်လည်း အရှက်တကွဲ အကျိုးနဲအောင် စွပ်စွဲကြလေသည်။ ထိုအကြောင်းအရာကို (ဥဒါန်းပါဠိတော်၊ ၄-မေဃိယဝဂ်၊ ၈-သုန္ဒရီသုတ် ပါဠိအဋ္ဌကထာတို့၌ လာရှိသည့်အတိုင်း) ဤ၌ ဆက်၍ဖော်ပြဦးအံ့။

     မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ မြတ်စွာဘုရားရှင်နှင့်တကွ ရဟန်းသံဃာအပေါင်းမှာ လူနတ်တို့က အရိုအသေပြုအပ် အလေးအမြတ်ပြုအပ် မြတ်နိုးအပ် ပူဇော်အပ် လေးနာအပ်လျက် သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးပါးတို့ကို ရလွယ်တော်မူကြသလောက်ပင် (တဖက်သော ချိန်ခွင်ပေါင်ကဲ့သို့) သာသနာပြင်ပ ဗာဟီရက အယူရှိကြသော တိတ္ထိတို့မှာ ပစ္စည်းလေးပါး ခေါင်းပါးကြလေကုန်သည်။ (မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာအပေါင်းမှာ ရှေးကောင်းမှု အားကြီးလှသော ကြောင့်၎င်း, ဤပစ္စုပ္ပန်ဘ၀၌ အကျင့်မှန်သောကြောင့်၎င်း မြစ်ကြီးနှစ်သွယ်မှ စုပေါင်းစီးဆင်း၍ ကျလာသော ရေအယဉ်ကြီးပမာ



၆၁၁

ပစ္စည်းလေးဖြာ လာဘ်လာဘ မနှိုင်းယှဉ်နိုင်လောက်အောင်ပင် ပေါများလှလေသည်။ တိတ္ထိတို့မှာကား ရှေးကောင်းမှု ကုသိုလ်ကံ မရှိကြသောကြောင့်၎င်း, ပစ္စုပ္ပန်ဘဝ၌ အကျင့်မမှန်သောကြောင့်၎င်း ပစ္စည်းလေးဖြာ လာဘ်ပူဇော်သက္ကာရတို့ ခေါင်းပါးကြခြင်း ဖြစ်လေသည်)။

     ထိုအချိန်၌ သာဝတ္ထိပြည်ဝယ် သုန္ဒရီမည်သော ပရိဗိုဇ်မသည် ပရိဗိုဇ်မတကာတို့ထက် အဆင်းပြည့်ကြွယ် ရှုချင်ဖွယ် အဆစ်အချိုး ပြေပြစ်သူဖြစ်လျက် အရွယ်အားဖြင့်လည်း လှပတင့်တယ်သည့် အရွယ်မှာပင် တည်ရှိသူ ဖြစ်လေသည်။ ထိုသို့ အလွန်တင့်တယ်သူဖြစ်၍လည်း ထိုပရိဗိုဇ်မကို သုန္ဒရီဟူ၍ ခေါ်ဆိုကြလေသည်။ ထိုပရိဗိုဇ်မကား အဆင်းလှသလောက် အကျင့်တန်သူ ကိုယ်နှုတ်နှလုံး မစောင့်သုံး မထိန်းချုပ်သူ ဖြစ်လေသည်။

     တိတ္ထိတို့သည် မြတ်စွာဘုရားရှင်နှင့်တကွ ရဟန်းသံဃာအပေါင်း၏ ပစ္စည်းလေးဖြာ လာဘ်လာဘပေါများမှုကို မရှုစိမ့် မနာလိုကြပဲ ဤဆိုလတ္တံ့သောအတိုင်း စည်းဝေး တိုင်ပင်ကြလေသည်-

ငါတို့သည် ရဟန်းဂေါတမ ဖြစ်ပေါ်လာသည့် အချိန်ကစ၍ ပျက်စီးခြင်းမလှ ပျက်စီးကြ၍ လာဘ်လာဘများ တနေ့ထက်တနေ့ ခေါင်းပါးလာကြရုံမျှမက ငါတို့ကို ရှိသေး၏ဟုပင် တဦးတယောက်ကမျှ အသိအမှတ်မပြုတော့ပေ။ အဘယ်ကိုအမှီပြု၍ လူအပေါင်းက ရဟန်းဂေါတမ၌ အလွန်အမင်း ကြည်ညိုပြီးလျှင် အလွန်ကောင်းမြတ်သော ပူဇော်သက္ကာရမှုကို ပြုလေသနည်း-

ဟူ၍ မြတ်စွာဘုရားရှင်၏ ပစ္စည်းလေးဖြာ လာဘ်လာဘ ပေါများမှု၌ အခြေခံမူလ အကြောင်းရင်းကို စဉ်းစားဆင်ခြင် တိုင်ပင်ဆွေးနွေးကြရာ ထိုအစည်းအဝေး၌ တိတ္ထိဆရာတဦးက-

အရှင်တို့.. ရဟန်းဂေါတမသည် မဟာသမ္မတ အနွယ်အဆက်မှ ဆင်းသက်တော်မူကာ အသမ္ဘိန္န ခတ္တိယနွယ်ရိုး



၆၁၂

မြတ်သော သာကီဝင်မင်းမျိုး၌ ဖြစ်ပွါးလာသူ ဖြစ်လေသည်။ ထို့ကြောင့် လူအပေါင်းက ဤမျှကြီးစွာ ပူဇော်သက္ကာရမှုကို ပြုကြခြင်းဖြစ်သည်-

ဟု မိမိ၏ အယူအဆကို တင်ပြပြောဆိုသောအခါ အခြား တိတ္ထိဆရာတဦးကလည်း-

ရဟန်းဂေါတမ မွေးဖွားစဉ်ကာလ၌ များစွာသော အံ့ဖွယ်သရဲများ ထူးခြားစွာ ဖြစ်ပေါ်ခြင်းကြောင့် လူအပေါင်းက ဤမျှကြီးစွာ ပူဇော်သက္ကာရမှုကို ပြုကြခြင်း ဖြစ်သည်-

ဟု မိမိ၏အယူအဆကို တင်ပြပြောဆိုလေသည်။ ထို့အတူပင်-

ဖွားမြင်ပြီးစ ဒေဝိလရှင်ရသေ့ကို ရှိခိုးစေရန် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက လက်နှစ်ဖက်ကိုယှက်ကာ ဒေဝိလရှင်ရသေ့ဖက်သို့ ဆောင်လတ်သည်တွင် အံ့ဩဖွယ်ရာ အလိုလိုပင် ခြေတော်များက ပျံတက်ကာ ဒေဝိလရှင်ရသေ့၏ ဦးခေါင်းဆံကျစ်တို့၌ တည်သောကြောင့် ဟူ၍၎င်း,

လယ်ထွန်မင်္ဂလာ ပြုသောအခါ သပြေပင်ရိပ်၌ အလောင်းတော်သူမြတ်ကို သိပ်၍ထားရာ အခြားသစ်ပင်များ နေသွားအလိုက် အရိပ်ပြောင်းလည်းသော်လည်း အလောင်းတော်သူမြတ်ကို သိပ်ထားရာ သပြေပင်ရိပ်မှာ မွန်းလွဲသော်လည်း မူလအတိုင်း အရိပ်မပြောင်းပဲ တည်နေကြောင့် ဟူ၍၎င်း,

အလွန်အမင်း အဆင်းလှသောကြောင့် ဟူ၍၎င်း,

နိမိတ်ကြီးလေးပါးကို တွေ့မြင်ကာ သံဝေဂကြီးစွာရလျက် လက်တော်သို့ ရောက်အံ့ဆဲဆဲသော စကြာမင်းစည်းစိမ်ကိုစွန့်၍ ရဟန်းပြုသောကြောင့် လူအပေါင်းက ဤမျှကြီးစွာ ပူဇော်သက္ကာရမှုကို ပြုကြခြင်း ဖြစ်သည် ဟူ၍၎င်း-



၆၁၃

ဤသို့လျှင် တိတ္ထိဆရာကြီး အသီးသီးတို့သည် မြတ်စွာဘုရား၏ သူမတူတန်သော ပါရမီစာဂ စရိယဂုဏ် ကျေးဇူးများကို မသိကြရကား မိမိတို့ ထင်ရာမြင်ရာ မြတ်စွာဘုရားရှင်အား လူများအပေါင်းက မြတ်နိုးပူဇော်ကြခြင်း၏ အကြောင်းများကို (တယောက်တပေါက်) ပြောဆိုကြပြီးလျှင် မြတ်စွာဘုရားရှင်၏အပေါ်၌ လူအများ အကြည်ညိုမဲ့မည့် အကြောင်းအချက်များကို စဉ်းစားရှာကြံကြသောအခါ တစုံတခုသော အကြောင်းအချက်ကိုမျှ မတွေ့ရှိကြရကား “ငါတို့သည် အဘယ်သို့သော အကြောင်းဖြင့် ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ (=မကောင်းသတင်း)ကို ဖြစ်စေကြပြီးလျှင် ထိုရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ဘယ်လိုနည်းဖြင့် ပျက်စီးစေရပါမည်နည်း”ဟူ၍ အကြံယူ တိုင်ပင်ကြလေသည်။ ထိုတိတ္ထိဆရာတို့အနက် ရက်စက်ကြမ်းကြုတ် ယုတ်ညစ်သော အကြံရှိသူ တိတ္ထိဆရာတဦးက-

“အိုအရှင်တို့.. ဤလောက၌ မာတုဂါမနှင့်စပ်သော ချမ်းသာဝယ် မငြိတွယ် မတပ်မက်သောသူဟူ၍ တလူမျှမရှိ၊ ဤရဟန်းဂေါတမကား နတ်နွယ်တမျှ ရုပ်အဆင်းလှသူ ပျိုနုသူ ဖြစ်ချေသည်။ မိမိနှင့် အလှဂုဏ်တူညီသော ရုပ်အဆင်းရှိသည့် မာတုဂါမကို ရရှိသော် ဧကန်တပ်မက် ငြိတွယ်ပေလိမ့်မည်။ အကယ်၍ မတပ်မက် မငြိတွယ်လျှင်လည်း လူအပေါင်းက ယုံမှားအပ်သူ ဖြစ်ပေလိမ့်မည်။ ကိုင်း.. ငါတို့သည် သုန္ဒရီပရိဗိုဇ်မကို ရဟန်းဂေါတမ၏ မကောင်းသတင်း မြေတဝှမ်းလုံး ပြန့်နှံအောင် ရဟန်းဂေါတမထံ လွှတ်ကြကုန်စို့”-

ဟူ၍ အကြံပေးစကား ပြောကြားတင်ပြလေသည်။

     ထိုတိတ္ထိဆရာ၏ အကြံပေး တင်ပြပြောဆိုသော စကားကို ကြားကြရလေလျှင် ကျန်သော တိတ္ထိအားလုံးတို့က “သင် ကြံစည်စဉ်းစားမိသော ဤအချက်သည် အလွန်ကောင်းသော အချက်ဖြစ်ပေသည်၊ ဤအကြံပေးချက်အတိုင်း ပြုလုပ်အပ်သည်ရှိသော် ရဟန်းဂေါတမသည် ကျေးဇူးမဲ့ (=မကောင်းသတင်း)ဖြင့်



၆၁၄

နှိပ်စက်အပ်ရကား ဦးခေါင်းကိုပင် မထောင်နိုင်တော့ပဲ ဟူးဟူးငြားငြား (ဦးတည်မိရာ) အရပ်တပါးသို့ ထွက်ပြေးသွားလိမ့်မည်”ဟု သဘောဆန္ဒ တူမျှကြကာ ထိုတိတ္ထိဆရာ အကြံပေးချက်အတိုင်း သုန္ဒရီပရိဗိုဇ်မကို လွှတ်ဖို့ရန် ထိုပရိဗိုဇ်မ၏အထံသို့ တစုတရုံးတည်း သွားရောက်ကြလေကုန်သည်။

     သုန္ဒရီပရိဗိုဇ်မသည် ထိုတိတ္ထိတို့ကို မြင်လေလျှင် “အဘယ့်ကြောင့် အရှင်ဘုရားတို့သည် တပေါင်းတည်း စုဝေး၍ လာကြသနည်း”ဟု မေးမြန်းလေ၏။ တိတ္ထိတို့သည် အဖြေစကား တခွန်းတပါဒမျှ မပြောကြပဲ အရာမ်၏ အစွန်အဖျား ဖုံးကွယ်ရာအရပ်၌ စုဝေးထိုင်နေကြလေကုန်၏။ သုန္ဒရီပရိဗိုဇ်မသည် ထိုအရပ်သို့ သွား၍ အဖန်ဖန် ခေါ်ဆိုမေးမြန်း ပြောဆိုပါသော်လည်း စကားတို့ကို မရရှိ၍ “အရှင်တို့၏အပေါ် တပည့်တော်မမှာ ဘယ်လိုအပြစ် ရှိပါသနည်း၊ အဘယ့်ကြောင့် တပည့်တော်များ စကားတုံ့ကို မပေးကြသနည်း”ဟု မေးမြန်းလေသော် “ငါတို့ အနှိပ်စက်ခံနေရသည်တို့ကို သင်က လျစ်လျူရှု၍ နေသောကြောင့် စကားတုံ့ကို မပေးကြခြင်းဖြစ်သည်”ဟု တိတ္ထိတို့က ပြောဆိုကြလေသည်။ သုန္ဒရီပရိဗိုဇ်မက “အဘယ်သူသည် အရှင်ဘုရားတို့ကို ညှဉ်းဆဲ နှိပ်စက်သနည်း”ဟူ၍ မေးလေလျှင် တိတ္ထိတို့သည် “ငါတို့ကို ညှဉ်းပန်းနှိပ်စက်၍ လာဘ်ပူဇော်သက္ကာရ ပျက်စီးခေါင်းပါးအောင် ပြုလုပ်ကာ လှည့်လည်ကျက်စား သွားနေသော ရဟန်းဂေါတမကို သင် မမြင်သလော”ဟု အပြစ်တင်စကား ဖွင့်ဟပြောကြားကြကုန်၏။ သုန္ဒရီပရိဗိုဇ်မက “ထိုအရေးကိစ္စ၌ တပည့်တော်မသည် ဘယ်လိုကူညီမှုကို ပြုလုပ်ရမည်နည်း”ဟု ပွင့်ပွင့်လင်းလင်း မေးမြန်းလေလျှင် တိတ္ထိတို့သည် “နှမ.. သင်သည် ဆွေမျိုးဖြစ်သော ငါတို့၏အကျိုးကို တကယ် သည်ပိုးရွက်ဆောင် ပြုလုပ်နိုင်ပါမည်လော”ဟု အခိုင်အမာ ဖွဲ့ချည်စကား ပြောကြားကြလေကုန်၏။

(ဤ၌။ ။အိမ်ရာမထောင် လူ့ဘောင်၌မနေခြင်း အဆက်အစပ်မျှဖြင့် ပရိဗိုဇ်မကို မြှောက်ပင့်ကာ ဆွေမျိုးရင်းချာအနေဖြင့် ပြောဆိုကြခြင်း ဖြစ်သည်။ အလွန် ကြောက်ဖွယ်ကောင်းစွာ့)။



၆၁၅

     ထိုအခါ သုန္ဒရီပရိဗိုဇ်မသည်လည်း စိတ်အားတက်ကြွကာ “အရှင်တို့.. တပည့်တော်မသည် ဘယ်အမှုကို ပြုရမည်နည်း၊ ဘယ်အမှုကို တပည့်တော်မသည် မပြုနိုင်ပဲ ရှိအံ့နည်း၊ ဆွေမျိုးဖြစ်သော အရှင်ဘုရားတို့အတွက် အကျိုးရမည့် အမှုကိစ္စဖြစ်ပါက တပည့်တော်မ၏ အသက်ကိုပင် စွန့်ထားပြီး ဖြစ်ပါသည်”ဟု အဆုံးစကား ပြောကြားလေ၏။ (ထိုသုန္ဒရီပရိဗိုဇ်မသည် ခြေ၌ နွယ်ငြိသော သမင်ကဲ့သို့ မိမိ၏ ပြောစကားအရ မည်သည့်နည်းနှင့်မျှ ရုန်းထွက်၍ မရနိုင်တော့ချေ)။ ထိုအခါ တိတ္ထိတို့သည် “နှမ.. သင်သည် ‘အရှင်ဘုရားတို့အတွက် အကျိုးရမည့်အမှုကိစ္စဖြစ်ပါက တပည့်တော်မ၏ အသက်ကိုပင် စွန့်ထားပြီး ဖြစ်ပါသည်’ဟူ၍လည်း ရဲရဲတောက် အကျိုးလိုသည့်စကား ပြောကြားပါပေ၏။ သင်နှမသည်လည်း ပဌမအရွယ်၌ တည်သူဖြစ်၍ အလွန် လှပတင့်တယ်ခြင်း ကြက်သရေအစုသို့ ရောက်နေသူဖြစ်ပါ၏။ သို့ရကား သင့်ကို အကြောင်းပြု၍ ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးမဲ့ဖြစ်အောင် သင်နှမ တတ်နိုင်သလိုသာ ကြံဆောင် ပြုလုပ်ပါလော့”ဟု မြှောက်ပင့်စကား မှာထားပြောဆိုပြီးလျှင် “ဇေတဝန်ကျောင်းတိုက်သို့ အမြဲမပြတ် ဝင်ထွက်သွားလာလော့”ဟု နည်းပေးစကား ပြောကြား၍ လွှတ်လိုက်ကြလေကုန်၏။

     သုန္ဒရီပရိဗိုဇ် အမိုက်မသည်လည်း လွှသွားပေါ်၌ ပန်းကုံးကစားလိုသူကဲ့သို့၎င်း, အမုန်ယစ်ဆင်ကြမ်းကို နှာမောင်းမှ ဆုပ်ကိုင်ဖမ်းယူလိုသူကဲ့သို့၎င်း, သေမင်းကို နဖူးဖြင့် ခံယူလိုသူကဲ့သို့၎င်း တိတ္ထိတို့စကားကို “ကောင်းပါပြီ အရှင်ဘုရား..”ဟု ဝန်ခံခဲ့၍ ပန်းနံ့သာ လိမ်းကျံခြယ်လယ်ကာ အာခံတွင်းကြိုင်မွှေးမည့် ကွမ်းအထုံဆေးတို့ကို စားဝါး၍ လူအများ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို ကြားနာပြီး မြို့တွင်းသို့ ပြန်ကြ ဝင်ကြသာ အချိန်၌ အခွင့်ကောင်းယူကာ ဇေတဝန်ကျောင်းတိုက်သို့ ရှေးရှုသွားလေ၏၊ လမ်း၌တွေ့သူ လူအပေါင်းတို့က “အဘယ်အရပ်သို့ သွားမည်နည်း”ဟု မေးအပ်သည်ရှိသော်- “ရဟန်းဂေါတမထံသို့ သွားရပါမည်၊ ငါသည် ရဟန်းဂေါတမနှင့်အတူ



၆၁၆

ဂန္ဓကုဋီတတိုက်တည်း၌ နေရသူဖြစ်ပေ၏”ဟု စွန်းငြိထိပါး ပြောကြားခဲ့ပြီးနောက် ဇေတဝန်ကျောင်းတိုက်အနီးသို့ ရောက်သောအခါ၌ ကျောင်းတိုက်အတွင်းသို့ မဝင်ဝံ့ပဲ အခြားတပါးသော တိတ္ထိအရာမ်၌သာ ညဉ့်အိပ်နေ၍ စောစောပင်လျှင် ဇေတဝန်ကျောင်းတော် လမ်းခရီးသို့ သက်ဆင်း၍ သာဝတ္ထိပြည်ဖက်သို့ ရှေးရှုလာလတ်သော် လမ်းခရီးအကြား တွေ့မြင်သူ လူအများက “သုန္ဒရီပရိဗိုဇ်မလေး.. ဘယ့်နှာလဲ၊ သင် ဘယ်သွားနေသလဲ”ဟု မေးမြန်းကြလေလျှင် ကျွန်တော်မသည် ရဟန်းဂေါတမနှင့်အတူ ဂန္ဓကုဋီ တတိုက်တည်း၌ နေထိုင်ပြီး ထိုရဟန်းဂေါတမကို ကိလေသာ အပျော်ထူးဖြင့် ပျော်မြူးမွေ့လျော်စေ၍ ပြန်လာခဲ့ပါသည်”ဟု စွပ်စွဲစကား ပြောကြားလေတော့၏။

     တိတ္ထိတို့သည်လည်း နှစ်ရက်သုံးရက် လွန်မြောက်၍ သုန္ဒရီပရိဗိုဇ်မ ဇေတဝန်ကျောင်းတိုက်သို့ အမြဲမပြတ် ခဏခဏသွားသည်ကို လူအများမြင် အထင်လွဲလောက်သောအခါ၌ သောက်ကြူး (=အရက်သမား)တို့အား ငွေပေး၍ “သွားကြလော့၊ သုန္ဒရီကိုသတ်ပြီးလျှင် ရဟန်းဂေါတမ၏ ဂန္ဓကုကျောင်းအနီး ပန်းဟောင်း အမှိုက်တို့၏အကြား မြောင်းထဲ၌ ပစ်ထားခဲ့ပြီး ပြန်ခဲ့ကြလော့”ဟု ပြောဆိုကြကုန်၏။ သေသောက်ကြူး (=အရက်သမား)တို့သည်လည်း တိတ္ထိတို့ ပြောဆို မှာကြားလိုက်သည့်အတိုင်း ပြုလုပ်ကြလေကုန်၏။ ထို့နောင်မှ တိတ္ထိတို့သည် “ငါတို့၏ တပည့်မကလေး သုန္ဒရီကို မတွေ့ရ”ဟု အုတ်အုတ်ကျက်ကျက် ပြောဆိုပြုလုပ်ကြကာ ကောသလမင်းကြီးထံသို့ သွားရောက်ကြပြီးလျှင် “မြတ်သောမင်းကြီး.. ငါတို့၏ တပည့်မကလေး သုန္ဒရီပရိဗိုဇ်မကလေး ပျောက်ခြင်းမလှ ပျောက်၍နေပါသည်၊ ရှာ၍မတွေ့ပါ”ဟု တိုင်တမ်း ပြောဆိုကြလေသည်။ မင်းကြီးက “အဘယ်အရပ်၌ သင်တို့သည် ယုံမှားသင်္ကာ ရှိကြသနည်း”ဟု မေးမြန်းသောအခါ တိတ္ထိတို့က“မြတ်သောမင်းကြီး.. ဇေတဝန်ကျောင်းတိုက်၌ ငါတို့သည် ယုံမှားသင်္ကာ ရှိကြပါသည်”ဟု ပြောဆိုကြသဖြင့် မင်းကြီးသည်လည်း “ထိုသို့ဖြစ်လျှင်



၆၁၇

ဇေတဝန်ကျောင်းတိုက်ကို ရှာကြကုန်လော့”ဟု အခွင့်ပြုစကား ပြောကြားလိုက်လေသည်။

     ထိုအခါ တိတ္ထိတို့သည် မိမိတို့၏ တပည့်ဒကာများကို ခေါ်ဆောင်ကြပြီးလျှင် ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်ကြ၍ သုန္ဒရီပရိဗိုဇ်မကို ရှာဖွေကြသည့်အဟန်ဖြင့် ပန်းအမှိုက်များကို ဖယ်ရှားကြပြီး မိမိတို့ မူလထားရင်းဖြစ်သည့် သုန္ဒရီပရိဗိုဇ်မ၏ ဥတုဇရုပ်အလောင်းကို မြောင်းထဲမှ ထုတ်ယူကြပြီးလျှင် ခဋင် ညောင်စောင်းထက်သို့ တင်၍ မြို့တွင်းသို့ သွင်းယူခဲ့ကြပြီးနောက် “ရဟန်းဂေါတမ၏ တပည့်များသည် သူတို့ဆရာပြုသည့် မကောင်းမှုကို ဖုံးလွှမ်းကုန်အံ့ဟု ကြံစည်ကြကာ သုန္ဒရီပရိဗိုဇ်မကလေးကို သတ်ပြီးလျှင် ပန်းအမှိုက်ပုံကြား၌ ပစ်၍ထားကြပါကုန်သည်”ဟု ကောသလမင်းကြီးအား ယုံကြည်လောက်အောင် ပြောကြားကြလေကုန်၏။ မင်းကြီးသည်လည်း “ထိုသို့ဖြစ်လျှင် သွားကြလော့၊ တမြို့လုံးအနှံ့ကြားအောင် လှည့်လည် ကြွေးကြော်ကြလော့”ဟု မဆင်မခြင်ပဲ တချက်လွှတ် အမိန့်ထုတ်ပြန်လိုက်လေ၏။

     တိတ္ထိတို့သည်လည်း မင်းကြီး၏ မစူးမစမ်း မဆင်မခြင်ပဲ အမိန့်ထုတ်ပြန်ချက်အရ အားတက်ကြပြီးလျှင် သုန္ဒရီ၏ ရုပ်အလောင်းကို ညောင်စောင်း ခဋင်ငယ်၌ တင်ကြ၍ သာဝတ္ထိပြည်အတွင်း လမ်းမတခုမှ လမ်းမတခုသို့ လမ်းဆုံတခုမှ လမ်းဆုံတခုသို့ ထမ်းဆောင် သွားရောက်ကြပြီးလျှင် လူများအပေါင်းတို့ကို-

“အမောင်တို့ အမိတို့.. သာကီဝင်မင်းသား ရဟန်းများ၏အမှု (=လုပ်ပုံ)ကို ရှုကြလော့၊ ဤသာကီဝင်မင်းသား ရဟန်းတို့သည် အရှက်မရှိကြကုန်၊ သီလမရှိကြကုန်၊ ယုတ်မာသော သဘောရှိကုန်၏၊ မဟုတ်မမှန်သောစကားကို ပြောကြားလေ့ရှိကြကုန်၏။ မမြတ်သော (=မေထုန်)အကျင့်ကို ကျင့်လေ့ရှိကြကုန်၏၊ သို့စင်လျက် ဤရဟန်းများကား (မိမိတို့ကိုယ်ကို သူတော်ကောင်း အယောင်ဆောင်ကြကာ) ငါတို့ကား တရားကျင့်ကြသူ, ကိုယ်ကျင့်ကောင်းကြသူ, မြတ်သောအကျင့်ကို ကျင့်ကြသူ,



၆၁၈

သစ္စာစကား ပြောကြားကြသူ, သီလရှိကြသူ, ကောင်းသောသဘော ရှိကြသူများဟူ၍ (အရှက်မရှိ) ဝန်ခံကုန်ဘိ၏။ ဤရဟန်းတို့အဖို့ရာ ရဟန်းအကျင့်သည် လုံးဝမရှိ၊ မြတ်သောအကျင့်သည် လုံးဝမရှိ။ ဤရဟန်းတို့အဖို့ရာ ရဟန်းအကျင့်ကား ပျောက်ခဲ့လေပြီ၊ မြတ်သောအကျင့်ကား ပျောက်ခဲ့လေပြီ။ ဤရဟန်းတို့၏ သန္တာန်မှာ ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း၊ မြတ်သောအကျင့်သည် အဘယ်မှာရှိအံ့နည်း။ ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏၊ မြတ်သောအကျင့်မှ ကင်းကုန်၏။ အဘယ့်ကြောင့်လျှင် ယောက်ျားသည် ယောက်ျား၏ကိစ္စကို ပြုလုပ်ပြီးလျှင် မိန်းမကို သတ်ပစ်ရဘိ သနည်း (=ဘယ့်နှယ်ဗျာ.. ယောက်ျားက ယောက်ျားကိစ္စကို ပြုလုပ်ပြီး အားနွဲ့သူမိန်းမကို သတ်ပစ်ရတယ်လို့ မတော်လိုက်လေ)”-

ဟူ၍ ကဲ့ရဲ့ရှုတ်ချစကား ပြောကြားကြစေကုန်၏။

     ထိုအခါ၌ သာဝတ္ထိ ပြည်သူပြည်သား လူအများတို့သည် ရဟန်းတို့ကို မြင်ကြလျှင် တိတ္ထိတို့ သင်ကြားပြောဆို ဝါဒဖြန့်ထားသည့်အတိုင်း-

“ဤသာကီဝင်မင်းသား ရဟန်းတို့သည် အရှက်မရှိကြကုန်၊ သီလမရှိကြကုန်၊ ယုတ်မာသော သဘောရှိကုန်၏။ မဟုတ်မမှန်သော စကားကို ပြောကြားလေ့ရှိကြကုန်၏။ မမြတ်သော (=မေထုန်)အကျင့်ကို ကျင့်လေ့ရှိကြကုန်၏။ သို့စင်လျက် ဤရဟန်းများကား (မိမိတို့ကိုယ်ကို သူတော်ကောင်း အယောင်ဆောင်ကြကာ) ငါတို့ကား တရားကျင့်ကြသူ, ကိုယ်ကျင့်ကောင်းကြသူ, မြတ်သောအကျင့်ကို ကျင့်ကြသူ, သစ္စာစကား ပြောကြားကြသူ, သီလရှိကြသူ, ကောင်းသောသဘော ရှိကြသူများဟူ၍ (အရှက်မရှိ) ဝန်ခံကုန်ဘိ၏။ ဤရဟန်းတို့အဖို့ရာ ရဟန်းအကျင့်သည် လုံးဝမရှိ၊ မြတ်သောအကျင့်သည် လုံးဝမရှိ။ ဤရဟန်းတို့အဖို့ရာ ရဟန်းအကျင့်ကား ပျောက်ခဲ့လေပြီ၊



၆၁၉

မြတ်သောအကျင့် ပျောက်ခဲ့လေပြီ။ ဤရဟန်းတို့၏ သန္တာန်မှာ ရဟန်းအကျင့်သည် အဘယ်မှာရှိအံ့နည်း၊ မြတ်သောအကျင့်သည် အဘယ်မှာရှိအံ့နည်း။ ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏၊ မြတ်သောအကျင့်မှ ကင်းကုန်၏။ အဘယ့်ကြောင့်လျှင် ယောက်ျားသည် ယောက်ျား၏ကိစ္စကို ပြုလုပ်ပြီးလျှင် မိန်းမကို သတ်ပစ်ရဘိသနည်း”-

ဟူ၍ သူတော်ကောင်းတို့၏နားနှင့် လားလားမျှ မသင့်လျော် ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကြ, ရေရွတ်ကြ, ချုတ်ချယ်ကြ, ညှဉ်းပန်းကြလေကုန်၏။

     ထိုအခါ များစွာသော ရဟန်းတို့သည် သာဝတ္ထိပြည်အတွင်း ဆွမ်းခံရာမှအပြန် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးဦးညွှတ်ကြပြီးကာ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေကြကုန်လျက်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ သာဝတ္ထိပြည်သူပြည်သား လူအများတို့သည် ရဟန်းတို့ကို မြင်ကြလျှင် ‘ဤသာကီဝင်မင်းသား ရဟန်းတို့သည် အရှက်မရှိကြကုန်၊ သီလမရှိကြကုန်၊ ယုတ်မာသော သဘောရှိကုန်၏၊ မဟုတ်မမှန်သော စကားကို ပြောကြားလေ့ရှိကြကုန်၏။ မမြတ်သော (=မေထုန်)အကျင့်ကို ကျင့်လေ့ရှိကြကုန်၏။ သို့စင်လျက် ဤရဟန်းများက (မိမိတို့ကိုယ်ကို သူတော်ကောင်း အယောင်ဆောင်ကြကာ) ငါတို့ကား တရားကျင့်ကြသူ, ကိုယ်ကျင့်ကောင်းကြသူ, မြတ်သောအကျင့်ကို ကျင့်ကြသူ, သစ္စာစကား ပြောကြားကြသူ, သီလရှိကြသူ, ကောင်းသောသဘော ရှိကြသူများဟူ၍ (အရှက်မရှိ) ဝန်ခံကုန်ဘိ၏။ ဤရဟန်းတို့အဖို့ရာ ရဟန်းအကျင့်သည် လုံးဝမရှိ၊ မြတ်သောအကျင့်သည် လုံးဝမရှိ။ ဤရဟန်းတို့အဖို့ရာ ရဟန်းအကျင့်ကား ပျောက်ခဲ့လေပြီ၊ မြတ်သောအကျင့်ကား ပျောက်ခဲ့လေပြီ။ ဤရဟန်းတို့၏ သန္တာန်မှာ



၆၂၀

ရဟန်းအကျင့်သည် အဘယ်မှာရှိအံ့နည်း၊ မြတ်သောအကျင့်သည် အဘယ်မှာရှိအံ့နည်း။ ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏၊ မြတ်သောအကျင့်မှ ကင်းကုန်၏။ အဘယ့်ကြောင့်လျှင် ယောက်ျားသည် ယောက်ျား၏ကိစ္စကို ပြုလုပ်ပြီးလျှင် မိန်းမကို သတ်ပစ်ရဘိသနည်း’ဟူ၍ သူတော်ကောင်းတို့၏နားနှင့် လားလားမျှ မသင့်လျော် ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကြ, ရေရွတ်ကြ, ချုတ်ချယ်ကြ, ညှဉ်းပန်းကြပါကုန်သည် ဘုရား”-

ဟူ၍ မြတ်စွာဘုရားရှင်ကို လျှောက်ထားကြလေသော် မြတ်စွာဘုရားရှင်က-

“ရဟန်းတို့.. ဤယခု ကဲ့ရဲ့သောအသံသည် ကြာမြင့်စွာ ဖြစ်လိမ့်မည်မဟုတ်၊ ခုနစ်ရက်သာလျှင် ဖြစ်ပြီးနောက် ခုနစ်ရက်လွန်မြေက်သောအခါ၌ ကွယ်ပျောက်၍ သွားလိမ့်မည်။ ရဟန်းတို့.. ထိုသို့ဖြစ်လျှင် ရဟန်းတို့ကိုမြင်က သူတော်ကောင်းတို့၏နားနှင့် လားလားမျှ မသင့်လျော် ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေး ရေရွတ် ချတ်ချယ် ညှဉ်းပန်းကြသည့် ထိုလူများကို-

အဘူတဝါဒီ နိရယံ ဥပေတိ၊

ယော ၀ါပိ ကတွာ န ကရောမိ စာဟ။

ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊

နိဟီနကမ္မာ မနုဇာ ပရတ္ထ။

(မိမိ မမြင်, မကြား, မတွေ့, မသိပဲလျက် မြင်၏, ကြား၏, တွေ့၏, သိ၏-စသည်ဖြင့်) မဟုတ်မမှန် ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏။ မကောင်းမှုကို ပြုပြီးလျှင် ငါမပြုဟု ပြောဆိုသော သူသည်လည်း ငရဲသို့ ကျရောက်ရ၏။ ယုတ်မာသော အမှုရှိကြသည့် ထိုသူနှစ်ဦးသားတို့သည် ဤဘဝမှ စုတေလတ်သော် တမလွန်လောက၌



၆၂၁

(နိရယဂတိဝယ်) တူမျှစွာ ဖြစ်ကြရကုန်၏ဟု ဤဂါထာဖြင့် ပြန်လည်ချေပ ပြောဆိုကြကုန်လော့”-

ဟူ၍ မိန့်တော်မူ၏။

     ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားရှင် အထံတော်၌ ဂါထာကို သင်ယူကြပြီးလျှင် ရဟန်းတို့ကိုမြင်က သူတော်ကောင်းတို့၏နားနှင့် လားလားမျှ မသင့်လျော် ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေး ရေရွတ် ချုတ်ချယ် ညှဉ်းပန်းကြသည့် ထိုလူများကို မြတ်စွာဘုရားရှင် သင်ကြားပေးတော်မူသည့်အတိုင်း-

အဘူတဝါဒီ နိရယံ ဥပေတိ၊

ယော ၀ါပိ ကတွာ န ကရောမိ စာဟ။

ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊

နိဟီနကမ္မာ မနုဇာ ပရတ္ထ။

(မိမိ မမြင်, မကြား, မတွေ့, မသိပဲလျက် မြင်၏, ကြား၏, တွေ့၏, သိ၏-စသည်ဖြင့်) မဟုတ်မမှန် ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏။ မကောင်းမှုကို ပြုပြီးလျှင် ငါမပြုဟု ပြောဆိုသော သူသည်လည်း ငရဲသို့ ကျရောက်ရ၏။ ယုတ်မာသော အမှုရှိကြသည့် ထိုသူနှစ်ဦးသားတို့သည် ဤဘဝမှ စုတေလတ်သော် တမလွန်လောက၌ (နိရယဂတိဝယ်) တူမျှစွာ ဖြစ်ကြရကုန်၏–

ဟူ၍ ဤအချေအပ ဂါထာဖြင့် ပြန်လည်ချေပ ပြောဆိုကြကုန်၏။

လူအများ အသိမှန်ရရှိကြခြင်း

     ထိုကဲ့သို ရဟန်းတော်များ ပြန်လည်ချေပ ပြောဆိုကြသည့် တရားဂါထာကို ကြားသိကြသောအခါ လူအများ၏ စိတ်သန္တာန်၌—

“သာသနာပြင်ပ ဗာဟိရအယူရှိကြသည့် တိတ္ထိများ ဟစ်အော် ကြွေးကြော်ကြကာ တမြို့လုံးအနှံ့ လှည့်လည်ဝါဒဖြန့်ကြသည့် ထိုလူသတ်မှုကို သာကီဝင်မင်းသား



၆၂၂

ရဟန်းတော်များသည် ဧကန်ပင် မပြုအပ်ပေ။ အကြောင်းကို သေချာစွာ စဉ်းစားကြည့်လျှင် ဤရဟန်းတော်များသည် ငါတို့က သူတော်ကောင်းများ နားမချမ်းဖွယ် ကြမ်းတမ်းသော စကားတို့ဖြင့် စွပ်စွဲပြောကြားကြသော်လည်း တစုံတခု ဖောက်ပြန်မှုကို မပြရုံသာမက မိမိတို့၏ သည်းခံခြင်း = ခန္တိဂုဏ်, ကုသိုလ်ကောင်းမှု၌သာ မွေ့လျော်ခြင်း = သောရစ္စဂုဏ် နှစ်ပါးကို လုံးဝ စွန့်ပစ်တော်မမူကြပဲ သည်းခံတော်မူကြကုန်၏၊ မိမိတို့ ပြုကျင့်မြဲဖြစ်သည့် ကုသိုလ်မှု၌သာ မွေ့လျော်တော်မူကြကုန်၏။ အထူးအားဖြင့်ကား ဤသာကီဝင်မင်းသား ရဟန်းတော်များသည် မစူးမစမ်း မဆင်မခြင် စွပ်စွဲကြသည့် ငါတို့ကို ‘အဘူတဝါဒီ နိရယံ ဥပေတိ = မဟုတ်မမှန် ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏’– အစရှိသည်ဖြင့် တရားကိုသာ ဟောဆိုကြကာ ယုံပါစေလို ကျိမ်စာဆိုကြကုန်၏။ မိမိတို့ အပြစ်မရှိကြောင်း ငါတို့တတွေ ကောင်းကောင်းသိကြရန်သာ ‘မကောင်းမှုကို ပြုပြီးလျှင် ငါမပြုဟု ပြောဆိုသော သူသည်လည်း ငရဲသို့ ကျရောက်ရ၏’ဟု ပြောဆိုတော်မူကြကာ ဤရဟန်းတော်များသည် ငါတို့ကို ယုံပါစေလို ကျိမ်စာဆိုကြပေကုန်၏”-

ဟူ၍ အသိမှန် အမြင်မှန် ဆင်ခြင်ဉာဏ်တရား ဖြစ်ပွါးလာလေသည်။ မှန်၏- မြတ်စွာဘုရား ဟောကြားသင်ပြအပ်သော ထိုဂါထာကို ကြားနာကြရသည်၏ အခြားမဲ့မှာပင် ထိုလူများ၏ စိတ်သန္တာန်၌ “ဤအမှုကို ငါတို့သည် မျက်ဝါးထင်ထင် မမြင်အပ်ချေ၊ ကြားအပ်သော အရာမည်သည်လည်း ကြားတိုင်း ဟုတ်သည်လည်း ရှိ၏။ မဟုတ်သည်လည်း ရှိ၏၊ အထူး စဉ်းစားသင့်သည်မှာ ထိုတိတ္ထိတို့သည် ရဟန်းတော်တို့၏အပေါ်၌ အကျိုးမဲ့ကိုသာ လိုလားကြသူများ ဖြစ်သည်၊ အစီးအပွါးမဲ့ကိုသာ လိုလားကြသူများ ဖြစ်သည်၊ သို့ရကား ထိုတိတ္ထိများကို ယုံစား၍ ငါတို့သည် ဤအကြောင်းကို တဖက်သတ် မပြောကြားသင့်ချေ၊ မှန်ပေသည်-



၆၂၃

ရဟန်းတို့သည် သိနိုင်ခဲကုန်၏”ဟူ၍ ရွံ့ရှားခြင်းသဘော သက်ဝင်လာလေသည်၊ ထိတ်လန့်မှု (=သံဝေဂ)တရား ဖြစ်ပွါးလာလေသည်။ ထို့ကြောင့် ထိုကဲ့ရဲ့သံသည် ကြာမြင့်စွာမဖြစ်ပဲ ခုနစ်ရက်သာ ဖြစ်ပြီးလျှင် ခုနစ်ရက်လွန်မြောက်သောအခါ ပျောက်ကွယ်၍ သွားလေတော့၏။

တိတ္ထိတို့၏လူသတ်မှုကြီး အပြည့်အစုံ ပေါ်လွင်လာခြင်း

     ကောသလမင်းကြီးသည်လည်း သုန္ဒရီပရိဗိုဇ်မကို လုပ်ကြံသတ်ဖြတ်ကြသည့် လူသတ်သမားများကို ထင်ရှားပေါ်လွင်အောင် စုံစမ်းရန် မင်းချင်းယောက်ျား စုံထောက်များကို သာဝတ္ထိပြည်အတွင်း နေရာ အနှံ့အပြား စေလွှတ်၍ထားလေသည်။ ထိုအခါ လူသတ်သမား ထိုသေသောက်ကြူးများသည် တိတ္ထိတို့ထံမှ လူသတ်ခရရှိသော ငွေများဖြင့် သေအရက် သောက်ကြလေသော် အရက်မူးလွန်သဖြင့် တဦးနှင့် တဦး ခိုက်ရန်ဖြစ်ကြလေကုန်၏။ လူသတ်သမား သေသောက်ကြူးတယောက်က အခြားလူသတ်သမား သေသောက်ကြူးတယောက်ကို “ထန်းရေမူးသော် ကျွဲခိုးပေါ်”ဟူသော စကားပုံကဲ့သို့ “မင်းက သုန္ဒရီပရိဗိုဇ်မကို တချက်တည်းဖြင့် အပြီးရိုက်သတ်ကာ ပန်းအမှိုက်ပုံကြား ပစ်ထားခဲ့ကာ လူသတ်ခရရှိသော ငွေများဖြင့် အရက်သောက်ထာပ၊ ရှိစေဦး ရှိစေဦး”ဟူ၍ ခိုက်ရန်စကား ပြောကြားလေသည်။ မင်းချင်းယောက်ျား စုံထောက်များသည် ထိုစကားကိုကြားကြလျှင် သေသောက်ကြူး လူသတ်သမားတို့ကို ဖမ်း၍ ပသေနဒီ ကောသလမင်းကြီးအား ပြကြလေကုန်၏။

     မင်းကြီးက “မောင်မင်းတို့သည် သုန္ဒရီပရိဗိုဇ်မကို သတ်အပ်သလော”ဟု စစ်ဆေး မေးမြန်းသည်တွင် လူသတ်သမား သေသောက်ကြူးများသည် “မှန်ပါသည် အရှင်မင်းကြီး..”ဟု ပြန်ကြား လျှောက်ထားကြ လေကုန်၏။ တဖန် မင်းကြီးက “မောင်မင်းတို့ကို အဘယ်သူတို့က အသတ်ခိုင်းသနည်း”ဟု မေးစစ်သောအခါ “သာသနာပြင်ပ တိတ္ထိများက အသတ်ခိုင်းပါသည်



၆၂၄

အရှင်မင်းကြီး..”ဟူ၍ အမှန်အတိုင်း ပြန်ကြား လျှောက်ထားကြလေသည်။ မင်းကြီးသည် တိတ္ထိများကို ရှေ့တော်မှောက်သို့ ခေါ်ဆောင်စေပြီးလျှင် စစ်ဆေးမေးမြန်း၍ ထိုအကြောင်းကို အမှန်အတိုင်း ဝန်ခံစေပြီးနောက်-

“သုန္ဒရီပရိဗိုဇ်မကို ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ = အပြစ်ကို တင်ဆိုလိုသည့်အတွက် တမင်သက်သက် ငါတို့သည် လူသတ်သမားများကို အသတ်ခိုင်းအပ်သည်။ ရဟန်းဂေါတမ၏ အပြစ်လည်း လုံးဝမရှိ၊ ရဟန်းဂေါတမ၏ တပည့်များ၏အပြစ်လည်း လုံးဝမရှိ ဖြစ်သည်။ ဤသုန္ဒရီပရိဗိုဇ်မကို သတ်ဖြတ်သည့်ကိစ္စ၌ လုံးဝ ငါတို့၏ အပြစ်သာလျှင် ဖြစ်သည်ဟု ပြောဆိုကြကာ အသင်တိတ္ထိများသည် မြို့တွင်းသို့ လှည့်လည်ကြရမည်”–

ဟူ၍ အမိန့်တော်မြတ် သတ်မှတ် ပြဋ္ဌာန်းလေ၏။ တိတ္ထိများသည် မင်းကြီး၏ အမိန့်အတိုင်း လိုက်နာပြုလုပ်ကြရကုန်၏။ ထိုအခါ လူများအပေါင်းသည် ရှေးကထက်တိုး၍ မြတ်စွာဘုရားနှင့် တပည့်သား သံဃာတော်တို့အပေါ်၌ ယုံကြည်လာကြ၏။ တိတ္ထိတို့၏အပေါ်၌မူ ထွီဆိုမှု = စက်ဆုပ်ရွံရှာမှုကို တိုး၍ပြုကြလေ၏။ တိတ္ထိတို့သည် လူသတ်မှုအပြစ်ဒဏ်ကို ခံကြရလေကုန်၏။ ထိုအခါမှစ၍ မြတ်စွာဘုရားအား၎င်း, ရဟန်းသံဃာအား၎င်း အတိုင်းထက်အလွန် ပူဇော်သက္ကာရမှု မြတ်နိုးတနာပြုမှုသည် ကြီးကျယ်စွာ ဖြစ်လေတော့၏။

မြတ်စွာဘုရားရှင် ဥဒါန်းကျူးရင့်တော်မူခြင်း

     ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးကြ၍ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေကြကုန်လျက် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့၊ မဖြစ်စဖူး အထူးဖြစ်ပါပေစွာ့၊



၆၂၅

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် ‘ရဟန်းတို့.. ဤအသံသည် ကြာမြင့်စွာ ဖြစ်လိမ့်မည်မဟုတ်၊ ခုနစ်ရက်မျှသာ ဖြစ်လိမ့်မည်၊ ခုနစ်ရက် လွန်မြောက်သောအခါ ဤအသံသည် ပျောက်ကွယ်သွားလိမ့်မည်’ဟူသော ဤစကားကို အလွန့်အလွန် မှန်ကန် ကောင်းမွန်စွာ ဆိုအပ်ပါပေ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ ထိုအသံသည် ကွယ်ပျောက်၍ သွားပါပြီဘုရား”-

ဟု မြတ်စွာဘုရားကို လျှောက်ထားကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “သည်းခံခြင်း ခွန်အားနှင့် ပြည့်စုံသော ပညာရှိ သူတော်ကောင်း၏အဖို့ရာ လူမိုက်များက အလွန့်အလွန် မခံသာအောင် စွပ်စွဲဆဲရေးစကား ပြောကြားလာစေကာမူ သည်းခံနိုင်ခက်သောမည်သည် မရှိစွာ့တကား”ဟူသော ဤအကြောင်းကို ကောင်းစွာသိတော်မူ၍ ထိုအခါ၌ အလွန်နှစ်သက်ခြင်း ပီတိတရားတို့ ထပ်ကာ ထပ်ကာ ဖြစ်ပွါးလာရကား ထိုပီတိတရား၏ အရှိန်အဟုန်တို့သည် ဝမ်းတွင်းမဆံ့ အပြင်သို့ အန်ထွက်လာသကဲ့သို့-

တုဒန္တိ ဝါစာယ ဇနာ အသညတာ၊

သရေဟိ သင်္ဂါမဂတံဝ ကုဉ္ဇရံ။

သုတွာန ဝါကျံ ဖရုသံ ဥဒီရိတံ၊

အဓိဝါသယေ ဘိက္ခု အဒုဋ္ဌစိတ္တော။

သင်္ဂါမဂတံ = စစ်မြေပြင်သို့ သက်ဝင်ရောက်ရှိနေသော။ ကုဉ္ဇရံ = ပွဲတိုင်းအောင်မြင် စစ်ဆင်ကြီးကို။ (ပဋိယောဓာ = မျက်မာန်ခြောင်းခြောင်း တဖက်ရန်သူ သူရဲကောင်းတို့သည်။ ထည့်)။ သရေဟိ = မြှားတို့ဖြင့်။ တုဒန္တိ ဣဝ = ချွန်ချွန်ရွတ်ရွတ် ပစ်ခတ်ကုန်သကဲ့သို့။ အသညတာ = ကိုယ်နှုတ်နှလုံး စောင့်သုံးထိန်းချုပ်ခြင်း အလျှင်းမရှိကုန်သော။ ဇနာ = မလိမ္မာ မယဉ်ကျေး လူလှေးလူမွှား လူမိုက်များတို့သည်။



၆၂၆

ဘိက္ခုံ = သံသရာဘေး ထောက်တွေးဆင်ခြင် ပညာရှိသူတော်စင်ကို။ ဝါစာယ = မဟုတ်မမှန် လုပ်ကြံပြောကြား စကားတည်းဟူသော လှံကန်ဖြင့်။ တုဒန္တိ = အကျိုးမရ ထိုးဆွကြကုန်၏။ (တေဟိ = ထိုလူလှေးလူမွှား လူမိုက်များတို့သည်။ ထည့်)။ ဥဒီရိတံ = မဟုတ်မတရား ပြောကြားအပ်သော။ ဖရုသံ ဝါကျံ = လွှသွားပမာ ကြမ်းတမ်းစွာသည့် တိုင်းထွာဆဲရေးသော စကားကို။ သုတွာန = ကြားရသည်ရှိသော်။ ဘိက္ခု = သံသရာဘေး ထောက်တွေးဆင်ခြင် ပညာရှိ သူတော်စင်သည်။ အဒုဋ္ဌစိတ္တော = ကကစူပမ ဩဝါဒကို နိစ္စကြံပွါး နှလုံးထား၍ ပြစ်မှားသောစိတ် ကင်းကွာဆိတ်လျက်။ အဓိဝါသယေ = သည်းခံနှလုံး ကျင့်သုံး ပွါးများရာ၏။ ။(ကကစူပမဩဝါဒ ဟူသည်မှာ နှစ်ဖက်အရိုးတပ်သော လွှသွား (=ငမန်း)ကြီးဖြင့် ရန်သူတို့က မိမိကို တိုက်ဖြတ်ကြစေကာမူ အမျက်မထွက်ပဲ သည်းခံရမည်ဟူ၍ မူလပဏ္ဏာသပါဠိတော် ကကစူပမသုတ်၌ ဟောတော်မူအပ်သော ဩဝါဒဖြစ်သည်)-

ဤဥဒါန်းဂါထာကို ကျူးရင့်တော်မူလေသည်။

သုန္ဒရီပရိဗိုဇ်မဖြင့် စွပ်စွဲခံရခြင်း၏ ရှေးကံအကြောင်း

     ဤသုန္ဒရီပရိဗိုဇ်မဖြင့် စွပ်စွဲခံရခြင်း၌ “မြတ်စွာဘုရားသည် တိတ္ထိတို့ ထိုကဲ့သို့ ကြံစည် ပြုလုပ်ကြသည်ကို သိတော်မူပါလျက် အဘယ့်ကြောင့် ‘ဤသုန္ဒရီပရိဗိုဇ်မကို သတ်မှုကား တိတ္ထိတို့၏ အမှုဖြစ်သည်’ဟု ရဟန်းတို့အား ပြောကြားတော်မမူသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား-

     အရိယာပုဂ္ဂိုလ်တို့အား ထိုသို့ ပြောကြားခြင်းဖြင့် အကျိုးမရှိချေ၊ (အရိယာပုဂ္ဂိုလ်တို့မှာ ထိုကိစ္စအတွက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အပေါ်၌ မူလကပင် ယုံမှားခြင်း အလျင်းမရှိသောကြောင့်တည်း)။ ပုထုဇဉ်ပုဂ္ဂိုလ်တို့တွင်မူ မြတ်စွာဘုရားက ထိုဝတ္ထုအကြောင်းမှန်ကို ပြောကြားတော်မူခဲ့လျှင် မယုံကြည်ကြသော



၆၂၇

ပုထုဇဉ်ပုဂ္ဂိုလ်တို့အဖို့မှာ အကုသိုလ်တရားသာ တိုးပွါး၍ ကာလရှည်လျားစွာ အစီးအပွါးမဲ့ရုံသာ ဆင်းရဲရုံသာ ဖြစ်လေရာသောကြောင့် စောစောစီးစီးက ဖြေကြားပြောဆိုမှု ပြုတော်မမူခြင်း ဖြစ်သည်ဟု ဖြေရာ၏။

     တနည်းကား မရောက်လာသေးသော ဤကဲ့သို့သော အကြောင်းဝတ္ထုများကို ကြိုတင်၍ ပြောကြားခြင်းသည် ဘုရားရှင်တို့၏ ဓမ္မတာအာစိဏ္ဏ = အလေ့အကျက်တော် မဟုတ်ချေ။ မြတ်စွာဘုရားရှင်သည် အကုသိုလ်ရာဇဝတ်မှုနှင့်စပ်သော အမှုကိစ္စမျိုးအတွက် တရားခံပုဂ္ဂိုလ် (လက်သည်ပုဂ္ဂိုလ်)ကို ညွှန်ပြခြင်းမရှိပဲ ဓမ္မာဓိဋ္ဌာန်ကျကျသာလျှင် ဟောပြတော်မူလေ့ရှိ၏။ (အချေအပဂါထာကို ပြန်လည်စဉ်းစား ကြည့်ပါလေ)။ ကိုယ်တော်မြတ်အတွက်တာ မကောင်းကျိုးပေးခွင့် ရရှိလာသော အကုသိုလ်ကံကိုလည်း ဘယ်နည်းနှင့်မှ မတားမြစ်နိုင်ချေ။ ထို့ကြောင့် ကိုယ်တော်မြတ်နှင့်တကွ တပည့်သံဃာတို့အပေါ်၌ လူအများ စွပ်စွဲကြခြင်းကို၎င်း, ထိုသို့စွပ်စွဲခြင်း၏ အကြောင်းနိမိတ်ဖြစ်သည့် သုန္ဒရီပရိဗိုဇ်မ အသတ်ခံရမှုကို၎င်း လျစ်လျူရှုလျက် နေတော်မူလေသည်။

     လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ကာလပတ်လုံး များစွာသော ကောင်းမှုကုသိုလ် အဆောက်အဦတို့ကို ရိုသေစွာ ဖြည့်ကျင့်တော်မူခဲ့သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အတွက်တာ ဤမျှ ရုန့်ရင်းကြမ်းတမ်းစွာ အစွပ်အစွဲ ခံတော်မူရခြင်း၏ ရှေးမကောင်းမှု အကုသိုလ်ကံကား အဘယ်နည်းဟု မေးဖွယ်ရှိပြန်၏။ အဖြေကား-

     မြတ်စွာဘုရားသည် ဘုရားအလောင်းတော်ဖြစ်စဉ် အတိတ် တခုသောဘဝ၌ မုနာဠိမည်သော သေသောက်ကြူးဖြစ်ခဲ့၍ ယုတ်မာသော သူတို့ကိုသာ မှီဝဲပေါင်းသင်းလျက် မသင့်မလျော်သော နှလုံးသွင်းခြင်း (=အယောနိသော မနသိကာရ) ပြောများသူဖြစ်ကာ လှည့်လည်ခဲ့လေသည်။ တနေ့သ၌ မုနာဠိ သေသောက်ကြူးသည် မြို့တွင်းသို့ ဆွမ်းခံဝင်ရန် သင်္ကန်းရုံနေဆဲသော



၆၂၈

သုရဘိမည်သော ပစ္စေကဗုဒ္ဓါသခင်ကို တွေ့မြင်ရလေ၏။ ထိုအခိုက် မိန်းမတယောက်သည်လည်း ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ အနီးမှ ခရီးဖြတ်၍ သွားလေသည်။ မုနာဠိ သေသောက်ကြူးသည် အယောနိသောမနသိကာရ ပြောများသူဖြစ်ရကား “ဤရဟန်းသည် မမြတ်သော မေထုန်အကျင့်ကို ကျင့်လေ့ရှိ၏”ဟု မဟုတ်မတရား စွပ်စွဲခဲ့လေသည်။

     သူသည် ထိုမကောင်းမှု အကုသိုလ်ကံကြောင့် နှစ်ပရိစ္ဆေဒ သိန်းပေါင်းများစွာ ကာလတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ပြီးလျှင် ထိုစွပ်စွဲခဲ့သည့် မကောင်းမှု အကုသိုလ်ကံ၏ အကျိုး = ဝိပါက်ကြွင်း အနေအားဖြင့် ယခုနောက်ဆုံး ပစ္ဆိမဘဝ၌ မြတ်စွာဘုရားဖြစ်ပြီး၍လည်း သုန္ဒရီပရိဗိုဇ်မဟူသော အကြောင်းကြောင့် လူအပေါင်းတို့၏ မဟုတ်မမှန် စွပ်စွဲခြင်းကို ခံတော်မူရလေသည်။

     ရှေးမကောင်းမှု အကုသိုလ်ကံကြောင့် ဤကဲ့သို့ မဟုတ်မမှန် အစွပ်စွဲခံရသကဲ့သို့ ထို့အတူ စိဉ္စမာန် အစရှိသော ဖောက်ပြန်သူ မိန်းမညစ်တို့၏ မြတ်စွာဘုရားရှင်အပေါ် မဟုတ်မမှန် အစွပ်စွဲခံရခြင်း- အစရှိသော ရောက်ဆိုက်သမျှ ဆင်းရဲဒုက္ခ အလုံးစုံတို့သည် (ဝဋ်တော်ဆယ့်နှစ်ပါးကို ဆိုလိုသည်) ရှေးက ပြုမှားခဲ့သော မကောင်းမှု အကုသိုလ်ကံ၏ အကျိုး = ဝိပါက်ကြွင်းတို့ ဖြစ်ကုန်၏။ ယင်း အကုသိုလ်ကံတို့ကို အပဒါန်ပါဠိတော် (ပဌမအုပ်၊ ခု-၃၊ ၃၄၆-မျက်နှာ)၌ “ကမ္မပိလောတိက = ကြမ်းတမ်းသော အကုသိုလ်ကံများ”ဟူ၍ (အရပ်သုံးအားဖြင့် “ဝဋ်တော်ဆယ့်နှစ်ပါး”ဟူ၍) ခေါ်ဆိုအပ်ကုန်၏။

(ဤဆိုအပ်ပြီးသည်ကား သုန္ဒရီ ပရိဗိုဇ်မဖြင့် စွပ်စွဲခံရခြင်း၏ ရှေးကံအကြောင်းတည်း)။

ဤတွင် အခဏ်း ၂၅-ပြီး၏။