မဟာဗုဒ္ဓဝင်/အခန်း- ၂၆
၆၂၉
အခဏ်း-၂၆
အဋ္ဌမဝါကို သုသုမာရဂိရမြို့၌ ကပ်ဆိုတော်မူခြင်း
မြတ်စွာဘုရားသခင်သည် (ဆိုအပ်ခဲ့ပြီးသောအတိုင်း) ခုနစ်ခုမြောက် (=သတ္တမ)ဝါကို တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ကပ်ဆိုတော်မူကာ အဘိဓမ္မာတရား ဟောကြားတော်မူ၍ ထိုဝါကျွတ်သောအခါ သင်္ကဿမြို့တံခါးသို့ စောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည်သို့ သက်ဆင်းတော်မူပြီးလျှင် စောင်းတန်းဦး၌ သာရိပုတ္တသုတ္တန် အစရှိသော ထိုထိုတရား ဒေသနာတော်များကို ဟောကြားဆုံးမလျက် များလှစွာသော ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ဓမ္မာဘိသမယ တရားထူးကို ရစေပြီးနောက် သာဝတ္ထိပြည်အရပ်သို့ ကြွရောက်တော်မူကာ ဓမ္မဒေသနာသဘင် အမြိုက်ပွဲကြီး ယင်တော်မူပြီး၍ ရှစ်ခုမြောက်ဖြစ်သော အဋ္ဌမဝါကို ဘဂ္ဂတိုင်းအဝင်အပါ သုသုမာရဂိရမြို့၏အနီး ဘေသကဠာမည်သော တောအုပ်ကြီး၌ ခိုမှီးဝါကပ် သီတင်းသုံး နေထိုင်တော်မူလတ်သတည်း။
(ဤယခု မြတ်စွာဘုရားသခင် ရှစ်ခုမြောက် = အဋ္ဌမဝါကပ်ဆိုရာ တိုင်းကား မဇ္ဈိမဒေသရှိ တိုင်းကြီး ၁၆-တိုင်းတွင် သမိုင်းအပါအဝင် ထင်ရှားသော ဘဂ္ဂတိုင်း ဖြစ်လေသည်။ ထိုဘဂ္ဂတိုင်း၏ မြို့တော်ဖြစ်သော သုသုမာရဂိရမြို့ကား ထို့မြို့ကို စတင်ဖန်တီး တည်ထောင်သောအခါ မြို့ရာ၏အနီး မြစ်အတွင်းမှ မိကျောင်းအသံပြုသည်ကို နိမိတ်တခု အစွဲပြုကာ မြို့အမည်မှာ “သုသုမာရဂိရ”မြို့ဟု တွင်လေသည်။ ထိုမြို့၏အနီး ယခု မြတ်စွာဘုရားသခင် ဝါကပ်တော်မူရာ တောအုပ်ကြီးမှာ ဘေသကဠာမည်သော ဘီလူးမ စိုးအုပ်ရာဖြစ်သောကြောင့် (ဌာနီဖြစ်သော ဘီလူးမ၏ ဘေသကဠာဟူသော အမည်ကို ဌာနဖြစ်သော တောအုပ်၌ တင်စား၍ ဌာနျူပစာရအားဖြင့်) “ဘေသကဠာ”တောအုပ်ဟူ၍ အမည်တွင်လေသည်။ ထိုတောအုပ်ကား သားကောင်တို့အား ဘေးမဲ့ပေးရာ ဘေးမဲ့တောအုပ်ကြီးဖြစ်သည်။)
၆၃၀
နကုလပိတုသူကြွယ် ဇနီးမောင်နှံတို့ သောတာပန်တည်ကြခြင်းအကြောင်း
ထိုသို့ မြတ်စွာဘုရားသခင် ရဟန်းအပေါင်းခြံရံလျက် သုသုမာရဂိရမြို့ ဘေသကဠာ တောအုပ်ကြီး၌ သီတင်းသုံး နေထိုင်တော်မူသောအခါ နကုလပိတုသူကြွယ်နှင့် နကုလမာတုသူကြွယ်မ ဇနီးမောင်နှံတို့သည်လည်း သုသုမာရဂိရ မြို့သူမြို့သားတို့နှင့် အတူတကွ မြတ်စွာဘုရား ထံတော်မှောက်သို့ တရားနာ အဖူးအမြော် လာရောက်ကြလေသော် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးတွေ့လိုက်ရလျှင်ပင် “ဤသူကား ငါ၏သားတည်း”ဟူ၍ သားဟူသော အမှတ်ကို ဇနီးမောင်နှံ နှစ်ဦးလုံးပင် ဖြစ်စေကြပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ တုံ့ဝပ်ကြ၍ “ချစ်သား.. သင်ချစ်သားသည် ဤမျှကာလကြာအောင် ငါတို့မိဖနှစ်ပါးကို စွန့်ပစ်ထားပြီး အဘယ်အရပ်သို့များ လှည့်လည်ကျက်စား သွားလာနေသနည်း”ဟူ၍ (ဤဘဝ၌ပင် တကယ်စင်စစ် ကွဲကွာနေသော သားကြီးဩရသကို ပြောကြားသကဲ့သို့) ချစ်လည်းချစ်ခင် အပြစ်လည်းတင်သည့် စကားကို ပြောကြားကြလေကုန်၏။
(အထူးမှတ်ရန်။ ။နကုလပိတုသူကြွယ်ကား ရှေးအခါ၌ ဘဝငါးရာတို့ပတ်လုံး မြတ်စွာဘုရား၏ ဖခင်အရင်း ဖြစ်ခဲ့ဘူးလေသည်၊ ဖထွေးဖြစ်ခဲ့ဘူးသည်ကား ဘဝငါးရာ, ဖကြီးဖြစ်ခဲ့ဘူးသည်ကား ဘဝငါးရာ, ဦးကြီး (=အမေ့မောင်) ဖြစ်ခဲ့ဘူးသည်ကား ဘဝငါးရာ, နကုလမာတု သူကြွယ်မသည်လည်း ဘဝငါးရာ အမိဖြစ်ခဲ့ဘူး၍ ဘဝငါးရာ မိထွေး (=အမေ့ညီမ), ဘဝငါးရာ မိကြီး (=အမေ့အစ်မ), ဘဝငါးရာ အရီး (=အဖေ့နှမ) ဖြစ်ခဲ့ဘူးလေသည်။ ဤသို့လျှင် ရှည်လျားလှစွာ သံသရာကပင် ချစ်ခင်ခြင်း = မေတ္တာသိနေဟဓာတ် အစဉ်တစိုက် ငုပ်ကိန်း လိုက်ပါလာသောကြောင့် နှစ်ဦးလုံးပင် မြတ်စွာဘုရားရှင်ကို မြင်ကြရလျှင် သားဟူသော အမှတ်သညာကို ပြုလုပ်ကြကာ ပကတိအနေဖြင့် တည်နေခြင်းငှါ မစွမ်းနိုင်ပဲ ရှိကြလေကုန်တော့သည်။)
မြတ်စွာဘုရားရှင်သည် သူကြွယ်မောင်နှံနှစ်ဦး စိတ်အလိုဆန္ဒ ပြည့်ဝကာ သတိရလာကြသောအခါ၌ မမုန်းမချစ် လျစ်လျူ အလယ်အလတ် စိတ်နှလုံးရှိကြသော ထိုသူကြွယ်မောင်နှံ
၆၃၁
နှစ်ဦးတို့အား တရားဟောတော်မူလေသည်။ ဒေသနာနိဂုံး ဆုံးသောအခါ၌ နှစ်ဦးလုံးပင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏*။ (အံ ဋ္ဌ ၁၊ ၃၀၇-၈-၉-မှ)
ဗောဓိမင်းသားအကြောင်း
ဤဗောဓိမင်းသား အကြောင်းအရာကား မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဗောဓိရာဇကုမာရသုတ်အဖွင့် (စာမျက်နှာ ၂၂၂-စသည်)၌၎င်း, ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်၊ ၁၂-အတ္တဝဂ်၊ ဗောဓိရာဇကုမာရဝတ္ထုအဖွင့် (မျက်နှာ ၈၅-စသည်)၌၎င်း လာရှိသည်။ ထိုကျမ်းတို့ကို နှီးနှော၍ ဤမဟာဗုဒ္ဓဝင်၌ ရေးသားပေအံ့-
ဤဗောဓိမင်းသားကား ဥဒေနမင်း၏ သားတော်ဖြစ်သည်။ ခမည်းတော် ဥဒေနမင်း၏အထံမှ သင်ကြား၍ ဆင်အတတ် ချွန်းကိုင်အတတ်၌ တဖက်ကမ်းရောက် တတ်မြောက်သူ ဖြစ်လေသည်။ (ဥဒေနမင်း၏ အကြောင်းအရာအကျယ်ကို အရှင်စန္ဒဇောတိမထေရ် မြန်မာပြန်ဆိုအပ်သော ဓမ္မပဒအဋ္ဌကထာ ပိဋကတ် မြန်မာပြန်ကျမ်းမှ မှတ်ယူကုန်ရာ၏။ ဤ၌မူ အကျဉ်းမျှသာ ရေးသားဖော်ပြပေအံ့)။
ကောသမ္ဗီပြည်၌ ပရန္တပမင်း မင်းပြုတော်မူစဉ် မိဖုရားကြီးသည် ကိုယ်ဝန်သား အရင့်အမာရှိလျက် ဟင်းလင်းအပြင် (လသာဆောင်)၌ မင်းနှင့်အတူတကွ နေစာလှုံနေသောအခါ ကမ္ဗလာနီကို ခြုံရုံလျက် ထိုင်နေလေသည်။ ငှက်ဆင်တကောင်သည် သားတစ်ဟု မှတ်ထင်ကာ မိဖုရားကြီးကို သုတ်ယူ၍ ကောင်းကင်သို့ ပျံတက်လေသည်။ မိဖုရားကြီးကား “ယခုအချိန် အသံပြုလျှင် ငါ့ကို စွန့်ပစ်ချလေရာ၏”ဟု စဉ်းစားဆင်ခြင်မိကာ အသံမပြုပဲ တိတ်တိတ်လိုက်ပါသွားလေသည်။
* ဤနကုလပိတုသူကြွယ် ဇနီးမောင်နှံတို့၏အကြောင်းကို သံဃရတနာအခဏ်း၌လည်း ရေးသားဖော်ပြပါဦးမည်။
၆၃၂
ငှက်ဆင်သည် မိမိ အစာစားနေကျ နေရာဖြစ်သည့် တောင်ခြေရင်းတခုဝယ် သစ်ပင်ခွကြား၌ မိဖုရားကြီးကို ချထားလေ၏။ မိဖုရားကြီးသည် လက်ခုပ်တီး၍ ကြီးစွာသောအသံကို ပြုလေသော် ငှက်ဆင်သည် ကြောက်လန့်၍ ပျံသန်း ပြေးသွားလေတော့သည်။ ထိုသစ်ပင်ခွကြား၌ပင် မိဖုရားကြီး၏ ကိုယ်ဝန်သား ဖွားသန့်မှု ဖြစ်လေ၏။ မိဖုရားသည် ညဉ့်သုံးယံပတ်လုံး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကမ္ဗလာကို ခြုံလျက်သာ ထိုင်နေရရှာ၏။
ထိုသစ်ပင်မှ မနီးမဝေးအရပ်၌ ရသေ့တဦးသည် နေထိုင်၏။ ထိုရသေ့သည် မိဖုရား၏အသံကို ကြားရသဖြင့် အရုဏ်တက်သောအခါ သစ်ပင်ရင်းသို့လာ၍ အမျိုးဇာတ်ကို မေးပြီးသော် ရင်းထောင် (=လှေကား)ပြုလုပ်၍ မိဖုရားကို သစ်ပင်ထက်မှ ဆင်းသက်စေပြီးလျှင် မိမိ၏နေရာ သင်္ခမ်းကျောင်းသို့ ယူဆောင်ခဲ့၍ ယာဂုကို တိုက်ကျွေးလေသည်။ သူငယ်၏အမည်ကို မိုးဥတုနှင့် တောင်ငွေ့တို့ကို စွဲယူကာ ဖွားမြောက်ရသောကြောင့် “ဥဒေန”ဟူ၍ အမည်မှည့်ခေါ်လေသည်။
တနေ့သ၌ မိဖုရားသည် ရှင်ရသေ့ တောမှပြန်လာသောအခါ ခရီးဦးကြိုဆို၍ (အနာဂတ် နေထိုင်ရေး စိတ်မအေးနိုင်ရကား) မိန်းမတို့၏ အမူအရာကိုပြကာ ရှင်ရသေ့ကို သီလပျက်ခြင်းသို့ ရောက်စေခဲ့လေ၏။ ထိုသူနှစ်ဦးတို့ အတူတကွ ပေါင်းသင်းနေထိုင်ကြစဉ် ကာလလွန်လတ်သော် ကောသမ္ဗီပြည်၌ ပရန္တပမင်းသည် နတ်ရွာစံလေ၏။ ရသေ့သည် ညဉ့်အခါ ကောင်းကင်နက္ခတ်ကိုကြည့်၍ ပရန္တပမင်း နတ်ရွာစံကြောင်း သိရှိပြီးလျှင် မိဖုရားကို “သင်၏မင်းသည် နတ်ရွာစံလေပြီ၊ သင်၏သားကို ဤတောအရပ်၌ပင် နေစေလိုသလော၊ သို့မဟုတ် ခမည်းတော်၏ ဥစ္စာဖြစ်သော ကောသမ္ဗီပြည်၌ ထီးပြုစိုးအုပ် မင်းပြုလုပ်သည်ကို အလိုရှိသလော”ဟု မေးလေ၏။ မိဖုရားသည် သားတော်အား အစမှစ၍ ဖြစ်ကြောင်းကုန်စင် ပြောကြားတိုင်ပင်လတ်သည်တွင် ထီးဖြူစိုးအုပ် မင်းပြုလုပ်လိုသည့် သားတော်၏ အလိုဆန္ဒကို သိရှိရကာ ရသေ့အား ပြန်ကြားပြောဆိုလေ၏။
၆၃၃
ရှင်ရသေ့ကား ဆင်ကြန်မန္တာန်ကို ကောင်းစွာတတ်သိသူ ဖြစ်သည်။ ဤရသေ့သည် အဘယ်သူ့ထံမှ ထိုအတတ်ကို ရအပ်သနည်းဟူမူ သိကြားမင်းထံမှ ရအပ်၏။ ထင်ရှားစေဦးအံ့.. ရှေးအခါက သိကြားမင်းသည် ထိုရသေ့ထံသို့ ဆည်းကပ်လာရောက်၍ “အရှင်ဘုရားတို့သည် အဘယ်ဖြင့် ပင်ပန်းနွမ်းနယ်ကုန် သနည်း”ဟု မေး၍ ဆင်ဘေးရန်ရှိကြောင်း ပြန်ကြား ပြောဆိုလတ်သည်တွင် သိကြားမင်းသည် ရှင်ရသေ့အား ဆင်ကြန်မန္တာန်နှင့် စောင်းကို ပေးအပ်ပြီးလျှင် “ဆင်များ ပြေးစေလိုလျှင် ဤစောင်းညှို့ကိုတီး၍ ဤမန္တာန်ကို ရွတ်ကြကုန်၊ ဆင်များကို ခေါ်လိုသော် ဤမန္တာန်ကို ရွတ်ဆိုကြကုန်လော့”ဟု မှာကြား ပေးအပ်သွားလေသည်။ ရသေ့သည် ထိုမန္တာန်အတတ်ကို မင်းသားအား ပေးလေသော် မင်းသားသည် တခုသော ညောင်ပင်သို့တက်၍ ဆင်များလာကြလေလျှင် စောင်းညှို့ကိုတီး၍ ဆင်ကြောက်သည့်မန္တာန်ကို ရွတ်ဆိုလေ၏၊ ဆင်တို့သည် ကြောက်လန့်၍ ပြေးလေကုန်၏။
မင်းသားသည် မန္တာန်အတတ်၏ အာနုဘော်ကို လက်တွေ့သိရှိပြီးလျှင် နောက်တနေ့၌ ဆင်ခေါ်သော မန္တာန်ကို ရွတ်ဆိုလေသော် အကြီးဆုံးဆင်မင်းသည် လာလတ်၍ မင်းသားစီးရန် ပခုံးကို ညွတ်၍ခံလေ၏။ မင်းသားသည် ထိုဆင်မင်း၏ ပခုံးထက် တည်နေလျက် စစ်ထိုးနိုင်စွမ်းသော ဆင်သန် ဆင်ပျိုများကို ရွေးကောက်ပြီးနောက် (သက်သေအဖြစ်) မယ်တော်ခြုံသော ကမ္ဗလာနှင့် လက်စွပ်ကို မယ်တော့်ထံမှ တောင်းယူ၍ မိဖနှစ်ပါးတို့ကို ရှိခိုးပြီးနောက် တောမှထွက်ခဲ့ပြီးလျှင် အစဉ်သဖြင့် ထိုထိုရွာနိဂုံးသို့ဝင်၍ “ငါသည် ပရန္တပမင်း၏ သားတည်း၊ စည်းစိမ်ကို အလိုရှိသူတို့သည် ငါ့ထံမှောက်သို့ လာရောက်ကြကုန်လော့”ဟု လူသူဗိုလ်ပါအင်အား စုရုံးပြီးနောက် မြို့ကို စစ်တပ်ကြီးဖြင့် ဝန်းရံ၍ “ငါသည် နတ်ရွာစံ ပရန္တပမင်း၏ သားတော်ဖြစ်သည်။ ငါ့အား ခမည်းတော်၏အမွေ ထီးနန်းကို ပေးကြလော့”ဟု ပြောဆိုကာ မယုံကြည်သူတို့အား
၆၃၄
မယ်တော်၏ ကမ္ဗလာနှင့် လက်စွပ်ကိုပြ၍ မင်းသားဟု ယုံကြည်စေပြီးလျှင် ထီးနန်းစိုးအုပ် အလွယ်တကူဖြင့်ပင် မင်းပြုလုပ်ရလေသည်။ ထိုဥဒေနမင်းသည် ဆင်ဖမ်းကြူးသူ (ဆင်ဖမ်းဝါသနာ အလွန်ကြီးသူ) ဖြစ်ရကား “ဤမည်သောအရပ်၌ ဆင်ကောင်းရှိသည်”ဟူ၍ ပြောဆိုလျှောက်ထားလျှင် အချိန်ကိုမဆွဲပဲ လျင်မြန်စွာသွား၍ ဖမ်းယူလေ့ရှိပေ၏။
စဏ္ဍပဇ္ဇောတမင်းသည် “ထိုဥဒေနမင်း၏အထံ၌ ဆင်အတတ်ကို သင်ယူအံ့”ဟု ကြံစည်ပြီးလျှင် သစ်သားဆင်ရုပ်ကြီး ပြုလုပ်ကာ ထိုဆင်ရုပ်ကြီးအတွင်း၌ စစ်သားသူရဲကောင်းတို့ကို အသင့်ထိုင်နေစေ၍ ဆင်ဖမ်းရန် ထွက်လာသော ဥဒေနမင်းကို ဖမ်းယူပြီး ထိုဥဒေနမင်း၏အထံ၌ ဆင်မန္တာန်အတတ်ကို သင်ယူရန် သမီးတော် (=ဝါသုလဒတ္တာ)ကို စေလွှတ်လေသည်။ နောက်တချိန်၌ ဥဒေနမင်းသည် ထိုစဏ္ဍပဇ္ဇောတမင်း၏ သမီးတော် ဝါသုလဒတ္တာနှင့် မေတ္တာရည်ငံ ဆက်ဆံပေါင်းသင်း၍ သမီးတော်ကို ခိုးယူကာ မိမိ၏မြို့သို့ သွားရောက် ပေါင်းသင်းနေလေသည်။ ထိုဝါသုလဒတ္တာ မိဖုရားမှ သားတော် ဗောဓိမင်းသား ထွန်းကားခဲ့လေသည်။ ဗောဓိမင်းသားသည် ခမည်းတော် ဥဒေနမင်း၏အထံ၌ ဆင်ကြန်မန္တာန်အတတ်ကို သင်ကြား၍ ဆင်အတတ်ဝယ် တဖက်ကမ်းခတ် တတ်မြောက်သူဖြစ်၍ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့၌ နေထိုင်လေသည်။
ဗောဓိမင်းသား ကောကနုဒပြာသာဒ်ကို ဆောက်လုပ်စေခြင်းအကြောင်း
ဗောဓိမင်းသားသည် မြေအပြင်တွင် အခြားပြာသာဒ်တို့နှင့်မတူ တမူထူးခြား ကောင်းကင်သို့ ပျံတက်လုမတတ် ဆန်းပြားလှစွာသော “ကောကနုဒ”မည်သော ပြာသာဒ်ကို ဆောက်လုပ်စေ၍ လက်သမားဆရာကြီးကို “သင်သည် အခြားအရပ်၌လည်း ဤပြာသာဒ်မျိုးကို ဆောက်လုပ်အပ်ဘူးသလော၊ သို့မဟုတ် ဤယခု လက်မှုအတတ်သည် သင့်အဖို့ရာ ရှေးဦးစွာသော
၆၃၅
လက်ရာလေလော”ဟု မေးမြန်းလေ၏။ လက်သမားဆရာကြီးက “အရှင်မင်းမြတ်.. အကျွန်ုပ်၏အဖို့ရာ ရှေးဦးစွာသော လက်ရာဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေသော် ဗောဓိမင်းသားသည် “အကယ်၍များ ဤလက်သမားဆရာကြီးသည် အခြားသူ တဦးဦးအတွက်လည်း ဤကဲ့သို့သော ပြာသာဒ်မျိုးကို ဆောက်လုပ်ခဲ့လျှင် ဤငါ၏ ကောကနုဒပြာသာဒ်သည် လူအပေါင်းတို့ စုတ်သပ်ရွှင်မော အံ့ဩချီးမွမ်းဖွယ် ဖြစ်တော့မည်မဟုတ်ချေ။ သို့ရကား ငါသည် ဤလက်သမားဆရာကြီးကို ကွပ်မျက်သတ်ဖြတ်မှ (သို့မဟုတ်) လက်ခြေတို့ကိုဖြတ်မှ (သို့မဟုတ်) မျက်စိနှစ်လုံးတို့ကို ဖောက်ထုတ်မှ သင့်လျော်ပေမည်၊ ဤသို့ပြုမှသာ အခြားသူတပါးအတွက် ဤပြာသာဒ်မျိုးကို မဆောက်လုပ်နိုင်ချေမည်”ဟူ၍ ရက်စက်ကြမ်းကြုတ်သော အကြံကို ကြံစည်မိလေ၏။
ဗောဓိမင်းသားသည် ထိုမိမိ၏ ရက်စက်ကြမ်းကြုတ်သော အကြံအစည် အကြောင်းအရာများကို မိမိ၏ အလွန်ရင်းနှီးသည့် သူငယ်ချင်းဖြစ်သူ သဉ္ဇိကာပုတ္တ အမည်ရှိသော လုလင်အား ဖွင့်ဟပြောကြားလေသည်။ သဉ္ဇိကာပုတ္တလုလင်သည် ဆင်ခြင်စဉ်းစား သနားညှာတာတတ်သူ ဖြစ်ရကား “ဤမင်းသားသည် ယုံမှားဖွယ်မရှိ၊ ဧကန္တပင် လက်သမားဆရာကြီးကို ဖျောက်ဖျက်ပစ်ပေလိမ့်မည်၊ ပညာရှင်ကြီးကား အဖိုးအတိုင်းမသိ ထိုက်တန်သူ ဖြစ်ပေသည်၊ ထိုအဖိုးအတိုင်းမသိ ထိုက်တန်သော ပညာရှင်ကြီးတယောက်သည် ငါမြင်စဉ် မပျက်စီးပါစေလင့်၊ ထိုပညာရှင်ကြီးအား ငါသည် အမှတ်အချက် အသိပေးဦးမှပဲ”ဟု ဆင်ခြင်ကြံစည်ပြီးလျှင် လက်သမား ဆရာကြီးထံသို့ သွားရောက်၍ “ပြာသာဒ်၌ ဆရာကြီး၏ လုပ်ငန်းစဉ် ပြီးဆုံးပြီလာ၊ မပြီးဆုံးသေးဘူးလား”ဟူ၍ မေးလေ၏။ လက်သမားဆရာကြီးက “ပြီးဆုံးပါပြီ”ဟု ပြောဆိုလေသော် “ဆရာကြီး.. ဗောဓိမင်းသားသည် ဆရာကြီးကို ဖျောက်ဖျက်ပစ်လိုပါသည်။ မိမိကိုယ်ကို သတိထား၍ စောင့်ရှောက်ပါလော့”ဟူ၍ သဉ္ဇိကာပုတ္တလုလင်သည် သတိပေးစကား ပြောကြားလေ၏။
၆၃၆
လက်သမားဆရာကြီးသည်လည်း “အိုအရှင်.. အရှင်သည် အကျွန်ုပ်အား ထိုအကြောင်းကို ပြောကြားသည်မှာ အလွန်ကောင်းမြတ်သော အလုပ်ကို ပြုလုပ်အပ်ပါသည်၊ ဤအရာ၌ အကျွန်ုပ်သည် ပြုလုပ်ဆောင်ရွက်ဖွယ်ရှိသမျှကို သတိထား စဉ်းစား၍ ဆောင်ရွက်ပါမည်”ဟူ၍ ပြောဆိုပြီးနောက် “အချင်း လက်သမား ဆရာကြီး.. အသို့နည်း (=ဘယ့်နှယ်တုန်း) ဤကောကနုဒပြာသာဒ်၌ လုပ်ဆောင်ဖွယ်အလုပ်များ ပြီးစီးပါပြီလော”ဟု ဗောဓိမင်းသားက မေးသောအခါ “အရှင်မင်းမြတ်.. မပြီးဆုံးသေးပါ၊ ရွက်ဆောင်ဖွယ်အမှုများ အများကြီး ကျန်ရှိပါသေးသည်”ဟု ဖြေကြားလေသည်။ မင်းသားက “ဘယ်လိုအလုပ်တွေများ ကျန်ရှိနေသေးပါသနည်း”ဟု မေးအပ်လေသော် “အရှင်မင်းမြတ်.. နောက်မှပဲ လျှောက်ထားပါမည်၊ သစ်သားများကို သာ အမြန်ပို့စေတော်မူပါ”ဟူ၍ လိမ္မာပါးနပ်စွာ လျှောက်ထားလေသည်။ “ဘယ်လိုသစ်သားမျိုးတွေကို ပို့စေလိုသနည်း”ဟု မင်းသားက မေးသောအခါ “ရမနေသား စသည်တို့ကဲ့သို့ ပေါ့ပါးခြောက်သွေ့သည့် အသားများကို ပို့စေလိုပါသည် အရှင်မင်းမြတ်..”ဟူ၍ ဖြေကြား လျှောက်ထားသဖြင့် မင်းသားသည် ယုံကြည်ကာ ထိုပေါ့ပါးခြောက်သွေ့သည့် အသားများကို ပို့စေလေသည်။
ထို့နောင်မှ လက်သမားဆရာကြီးသည် ဗောဓိမင်းသားကို “အရှင်မင်းမြတ်.. အရှင်မင်းမြတ်သည် ဤအချိန်မှစ၍ ကျွန်ုပ်ထံသို့ ကြွလာတော်မမူပါလင့်၊ အဘယ့်ကြောင့်ဆိုသော် အလွန်သိမ်မွေ့သော လက်သမားအလုပ်ကို ပြုလုပ်ရတော့မည့် အကျွန်ုပ်၏အဖို့ရာ အခြားသူတဦးနှင့် စကားပြောဆိုနေရလျှင် အလုပ်ဖင့်နွှဲ အလွဲလွဲဖြစ်နိုင်ပါသည်၊ အထူးအားဖြင့် ထမင်းစားချိန်မှာ အကျွန်ုပ်၏မယား (=လက်သမားကတော်)သည်ပင် အစာထမင်းကို ဆောင်ကြဉ်း ပို့လာပါလိမ့်မည်”ဟု ယုံကြည်လောက်အောင် စကားပြောကြားလေသော် မင်းသားသည်လည်း “ကောင်းပြီ”ဟူ၍ ဝန်ခံလေ၏။
၆၃၇
လက်သမားဆရာကြီးသည်လည်း တိုက်ခန်းတခု၌ နေထိုင်ကာ ထိုပေါ့ပါးသော သစ်သားများကို သူ့အတိုင်းနှင့်သူ လှီးဖြတ်ခုတ်ရွေ၍ မိမိ၏သားမယားတစု အတွင်း၌ နေထိုင်နိုင်လောက်အောင် ဂဠုန်ငှက်ရုပ် သဏ္ဌာန် “ယာဉ်ပျံကြီး” တည်ဆောက်ပြီးလျှင် ထမင်းစားချိန် ရောက်သောကာလ၌ ထမင်းပို့လာသူ ဇနီးသယ် (=လက်သမားကတော်)ကို “အိမ်မှာရှိသမျှ အလုံးစုံကို ရောင်းချပြီးလျှင် ရွှေငွေများကို ယူခဲ့လော့”ဟု မှာကြား ပြောဆိုလိုက်လေသည်။ ဗောဓိမင်းသားသည်လည်း လက်သမားဆရာကြီး ထွက်မပြေးနိုင်ရန် ကောကနုဒပြာသာဒ်ကို ဝန်းရံ၍ အစောင့်အနေများ ချထားလေ၏။ လက်သမားဆရာကြီးသည်လည်း ဂဠုန်ငှက်ရုပ်သဏ္ဌာန် “ယာဉ်ပျံကြီး” ပြီးလတ်သောအခါ “ယနေ့ သားသမီးတွေ အကုန်ခေါ်ဆောင်၍ လာခဲ့”ဟု ဇနီးသယ်ကို မှာကြားလိုက်၍ နံနက်စာ စားပြီးသောအခါ သားမယားများကို ဂဠုန်ငှက်ရုပ်ဝမ်း၌ ထိုင်နေစေ၍ လေသာပြူတင်းပေါက်မှ ငှက်ရုပ်ယာဉ်ပျံကြီးကို မောင်းနှင်ကာ ထွက်ပြေးလေတော့၏။ ထိုလက်သမားဆရာကြီးသည် ဗောဓိမင်းသားချထားသည့် အစောင့်အနေများက “အိုအရှင်မင်းမြတ်.. လက်သမားသည် ထွက်ပြေးလေပြီ”ဟု မြည်တမ်း ပြောဆိုကြစဉ်ပင် ကောင်းကင်ခရီးဖြင့် သွားလတ်၍ ဟိမဝန္တာ၌ သက်ဆင်းပြီးလျှင် မြို့သစ်တခု ဖန်ဆင်းတည်ထောင်၍ မင်းပြုလတ်သည်တွင် “ကဋ္ဌဝါဟနမင်း”ဟူ၍ ထင်ရှား ဖြစ်ပွါးလေတော့သည်။
ဗောဓိမင်းသား ပြာသာဒ်တက်မင်္ဂလာပွဲ၌ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်ခြင်း
ဗောဓိမင်းသားသည်လည်း “ပြာသာဒ်တက် မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပအံ့”ဟု ကြံစည်စီမံကာ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ကောကနုဒပြာသာဒ်၌ နံ့သာမျိုး လေးပါးတို့ဖြင့် အပြေအပြစ် လိမ်းကျံမွမ်းမံ ခြယ်လယ်၍ အောက်မြေအပြင် ပဌမလှေခါးထစ်မှ အစပြုကာ ခြေနင်းဖွယ်ရာ ပိတ်ဖြူလွှာကြီးကို ခင်း၍ထားလေသည်။ (မင်းသားကား သားသမီးမထွန်းကားသူ ဖြစ်သည်၊
၆၃၈
ထို့ကြောင့် “ငါသည် အကယ်၍ သားကိုဖြစ်စေ, သမီးကိုဖြစ်စေ ရလိမ့်မည်မှန်ပါက မြတ်စွာဘုရားသည် ဤပိတ်ပြုအခင်းကို နင်းတော်မူလိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ ခင်းထားလေသည်)။
မင်းသားသည် မြတ်စွာဘုရားရှင် ကြွလာတော်မူသောအခါ တည်ခြင်းငါးမျိုးဖြင့် မြတ်စွာဘုရားရှင်ကို ရှိခိုး၍ သပိတ်တော်ကို ဆီးကြိုယူငင်ပြီးလျှင် “ဝင်တော်မူပါ မြတ်စွာဘုရား”ဟူ၍ လျှောက်ထားလေသည်။ မြတ်စွာဘုရားက ဝင်တော်မမူချေ။ မင်းသားသည် နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း တောင်းပန်လေသည်။ မြတ်စွာဘုရားရှင်သည် ဝင်တော်မမူပဲ သုံးကြိမ်မြောက် တောင်းပန်အပ်သောအခါ၌ အရှင်အာနန္ဒာကို ကြည့်တော်မူလေသည်။ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင် ကြည့်ရှုတော်မူသော အမှတ်ဖြင့်ပင် ပိတ်ဖြူအခင်းကို နင်းတော်မူလိမ့်မည် မဟုတ်ကြောင်း ကောင်းစွာသိတော်မူ၍ မင်းသားကို “မင်းသား.. ပိတ်ဖြူအခင်းများကို ရုပ်သိမ်းစေလော့၊ မြတ်စွာဘုရားသည် ပိတ်ဖြူအခင်းကို နင်းတော်မူလိမ့်မည်မဟုတ်၊ နောင်လာမည့် နောက်သားကို မြတ်စွာဘုရားသည် ငဲ့ကွက်တော်မူသည်”ဟု မိန့်တော်မူ၍ ပိတ်ဖြူအခင်းများကို ရုပ်သိမ်းစေလေ၏။
(ဤအရာဝယ် ဗောဓိမင်းသား၏ ရည်ရွယ်ချက်နှင့် ရှေးကံအကြောင်းကို၎င်း, မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ ပိတ်ဖြူအခင်းကို နင်းတော်မမူခြင်း အကြောင်းကို၎င်း (မ ဋ္ဌ၊ ၃၊ မျက်နှာ ၂၂၂-၃တို့မှ ထုတ်ဆောင်၍) အကျဉ်းမျှ ပြဆိုဦးအံ့-
မင်းသား၏ ရည်ရွယ်ချက်။ ။ဗောဓိမင်းသားကား သားသမီး မထွန်းကားသူဖြစ်သည်၊ သူသည် “မြတ်စွာဘုရားတို့အား အဓိကာရ (=အထိကရ) ကောင်းမှုကုသိုလ်ကို ပြုလုပ်သည်ရှိသော် စိတ်အလိုရှိအပ်ရာကို ရနိုင်၏” ဟူ၍လည်း သတင်းကြားဘူးလေသည်။ သို့ရကား မင်းသားသည် “အကယ်၍ ငါသည် သားသမီးကို ရနိုင်မည့်သူဖြစ်ပါက မြတ်စွာဘုရားသည် ငါ၏ ပိတ်ဖြူအခင်းကို နင်းတော်မူလိမ့်မည်။ အကယ်၍ သားသမီးကို မရနိုင်မည့်သူ ဖြစ်ပါက နင်းတော်မူလိမ့်မည်မဟုတ်”ဟု ရည်ရွယ်ချက်ပြုကာ ပိတ်ဖြူ အခင်းကို ခင်းစေလေသည်။
၆၃၉
ထိုအခါ မြတ်စွာဘုရားသည် “ဤမင်းသား၏အဖို့ရာ သားသမီးများ ဖြစ်ထွန်းမည်လော”ဟု ဆင်ခြင် ကြည့်ရှုတော်မူလေသော် “ဖြစ်ထွန်းလိမ့်မည်မဟုတ်”ဟူ၍ မြင်တော်မူလေသည်။
မင်းသား၏ ရှေးကံအကြောင်း။ ။ထိုဗောဓိမင်းသားကား ရှေးအတိတ်က တခုသောဘဝဝယ် ကျွန်းငယ်တခု၌နေစဉ် အကုသိုလ်ဆန္ဒချင်း တူညီသည့် ဇနီးသယ်နှင့် သဘောတူ ငှက်ငယ်များကို သတ်ဖြတ်၍ စားခဲ့ဘူးလေသည်။ အကယ်၍ ယခုဘဝ၌ ထိုမင်းသား၏ ဇနီးသယ် (=မိဖုရား)သည် ထိုအတိတ်ဘဝ ဇနီးသယ်မှအခြား တပါးသူဖြစ်ခဲ့လျှင် သားသမီးကို ရနိုင်လေရာ၏။ ယခုမှာမူ မင်းသားရော မိဖုရားပါ နှစ်ဦးလုံးပင် ထိုအတိတ်ဘဝက အကုသိုလ်ဆန္ဒ တူညီမျှကြ၍ ငှက်ငယ်တို့ကို သတ်ဖြတ်စားသောက်ခြင်း (=ပါဏာတိပါတ) မကောင်းမှုကို ပြုအပ်ခဲ့လေသည်။ ထို့ကြောင့် ထိုမင်းသား၏အဖို့ရာ သားသမီးဖြစ်ထွန်းနိုင် လိမ့်မည်မဟုတ်ဟူ၍ မြတ်စွာဘုရားရှင် ထင်လင်းစွာ သိမြင်တော်မူလေသည်။
နင်းတော်မမူခြင်းအကြောင်း။ ။(၁) ဖော်ပြရာပါ မင်းသား၏ ရှေးအကုသိုလ်ကံ အကြောင်းကြောင့် မြတ်စွာဘုရားရှင် ပိတ်ဖြူအခင်းကို နင်းတော်မူစေကာမူ သားသမီး မထွန်းကားနိုင်ချေ။ သို့ပါလျက် အကယ်၍ မြတ်စွာဘုရားရှင်သည် ပိတ်ဖြူအခင်းကို နင်းတော်မူခဲ့သော် “မြတ်စွာဘုရားတို့အား အဓိကာရကောင်းမှု ပြုလုပ်ကြသည်ရှိသော် တောင့်တတိုင်း တောင့်တတိုင်းသော အကျိုးကို ရနိုင်ကုန်၏ဟု လောက၌ သတင်းစကား ကျော်ကြားနေ၏၊ ငါကား မြတ်စွာဘုရားအား ကြီးစွာသောကောင်းမှုကို ပြုအပ်ပေ၏၊ သို့စေကာမူ သားသမီးကို မရချေ။ လောက၌ ကျော်ကြားနေသော ဤစကားသည် အလကား အချည်းနှီးသာတည်း”ဟု မင်းသားသည် မှားယွင်းသော မိစ္ဆာအယူကို ယူလေရာ၏။ (ဤကား အကြောင်းတပါး)။ ။(၂) တိတ္ထိများကလည်း “ရဟန်းတို့သည် ပိတ်ဖြူအခင်းကို နင်းကြကာ လှည့်လည်ကျက်စား တလွှားလွှား သွားလာနေကြ၏၊ ၎င်းရဟန်းတို့၏အဖို့ရာ မပြုလုပ်ဝံ့သော အရာဟူ၍ ဘာမျှမရှိ”ဟု ကဲ့ရဲ့စကား ပြောကြားကြကုန်လေရာ၏။ (ဤကား အကြောင်းတပါး)။ ။(၃) ယခု မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ပိတ်ဖြူအခင်းကို နင်းကြရမည့် ရဟန်းတို့အနက် သူတပါး၏ စိတ်ဖြစ်ဟန်ကို ကောင်းစွာသိမြင်ကြသည့် အဘိညာဏ်ရ ရဟန်းတို့သည် များစွာရှိကြကုန်၏၊ ထိုအဘိညာဏ်ရ ရဟန်းတို့သည် နင်းထိုက်သည်ကို သိကြ၍ နင်းကြလိမ့်မည်၊ မနင်းထိုက်သည်ကို
၆၄၀
သိကြ၍ မနင်းကြလိမ့်မည် အမှန်ပင်ဖြစ်သော်လည်း မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနာဂတ်ကာလ၌ကား သတ္တဝါတို့မှာ မဂ်ဖိုလ်ရကြောင်း ကောင်းမှုအထူးတည်းဟူသော ဥပနိဿယကား နုံ့နှေးပေလိမ့်မည်၊ ထို့ကြောင့် အနာဂတ်ဖြစ်မည့် အရေးကို သိကြလိမ့်မည် မဟုတ်ကုန်၊ ထိုသို့ ဥပနိဿယ အားနည်းနုံ့နှေး၍ အနာဂတ်ဖြစ်မည့်အရေးကို မသိကြမည့် နောက်အနာဂတ်ကာလ ရဟန်းတို့သည် ပိတ်ဖြူအခင်းကို နင်းကြသည်ရှိသော် (အခင်းရှင်ပုဂ္ဂိုလ်ကို) တောင့်တသည့်အတိုင်း ပြည့်စုံလျှင် ကောင်းပါ၏၊ မပြည့်စုံခဲ့ချေသော် “ဘုရားမြတ်စွာ လက်ထက်တော် ရှေးအခါက ရဟန်းသံဃာအား ကုသိုလ်ပြု၍ လိုရာဆုကိုတောင်းလျှင် လိုတိုင်း လိုတိုင်းကို ရရှိကြကုန်၏၊ ယခုအခါ၌ကား ထိုကဲ့သို့ လိုရာဆုကိုတောင်း၍ မရတော့ကုန်၊ ထိုဘုရားမြတ်စွာ လက်ထက်တော်အခါက ရဟန်းတို့သည်သာလျှင် အကျင့်ပဋိပတ်ကို ဖြည့်ကျင့်ကြကုန်သည် ထင်ပါ၏၊ ဤယခု ငါတို့လက်ထက် ရဟန်းတို့အား အကျင့်ပဋိပတ်ကို မဖြည့်စွမ်းနိုင်ကြကုန်”ဟူ၍ (အနာဂတ်) လူအပေါင်းတို့သည် နှလုံးမသာမယာ ဖြစ်ကြပေလိမ့်မည်။ (ဤကား အကြောင်းတပါး)။
မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါ အကြောင်းသုံးပါးကြောင့် နင်းတော်မမူပဲ ဆိတ်ဆိတ်နေတော်မူခြင်း ဖြစ်သည်။ အရှင်အာနန္ဒာ မထေရ်မြတ်သည်ကား ဆိုအပ်ပြီးသော အကြောင်းသုံးပါးတို့တွင် တတိယအကြောင်းကို ရည်ရွယ်တော်မူ၍ “နောင်လာမည့် နောက်သားကို မြတ်စွာဘုရားသည် ငဲ့ကွက်တော်မူသည်”ဟု မိန့်ဆိုတော်မူလေသည်)။
မင်းသားသည် ပိတ်ဖြူအခင်းများကို ရုပ်သိမ်းစေ၍ မြတ်စွာဘုရားရှင်ကို ပြာသာဒ်တွင်းသို့ ပင့်ဆောင်ခဲ့ပြီးလျှင် ယာဂုဆွမ်း, ခဲဖွယ်ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီးနောက် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်၏ စိတ်သန္တာန်ဝယ် ‘ချမ်းသာသုခကို လွယ်လွယ်နှင့် ရနိုင်သည်မဟုတ်၊ စင်စစ်ကား ချမ်းသာသုခကို အဆင်းရဲခံမှသာ ရနိုင်သည်’ဟု အကြံဖြစ်ပါသည်ဘုရား”ဟူ၍ လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “မင်းသား.. ငါဘုရား၏ စိတ်သန္တာန်မှာလည်း ဘုရားမဖြစ်မီ အလောင်းတော်ဖြစ်စဉ်ကပင် ဤနည်းအတူ
၆၄၁
အကြံဖြစ်ခဲ့သည်”ဟူ၍ မိန့်တော်မူပြီးလျှင် ကိုယ်တော်မြတ်၏ ဒုက္ကရစရိယာ ကျင့်တော်မူပုံကအစ ပဉ္စဝဂ္ဂီ မထေရ်ငါးဦးတို့အား အနတ္တလက္ခဏသုတ္တန်*ကို ဟောကြား၍ အရဟတ္တဖိုလ်၌ တည်စေသည်တိုင်အောင် အကြောင်းအရာများကို အကျယ်တဝင့် ဟောကြားတော်မူလေသည်။
ဗောဓိမင်းသား သရဏဂုံခံယူခြင်းအကြောင်း
ပဉ္စဝဂ္ဂီမထေရ်ငါးဦးတို့ အရဟတ္တဖိုလ်၌ တည်ကြသည့်အကြောင်း ဟောကြားတော်မူသောအခါ ဗောဓိမင်းသားသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ရှေ့သွားခေါင်းဆောင် (ဆုံးမမည့်သူ)ကို ရရှိခဲ့သော် အချိန်မည်မျှကြာ ကာလအတွင်း၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ချမ်းသာစွာ နေနိုင်ပါသနည်း”ဟု မေးမြန်း လျှောက်ထားလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် “မင်းသား.. ထိုသို့ဖြစ်ခဲ့လျှင် ဤအရာ၌ သင့်ကိုပင် ငါဘုရားသည် တဖန်ပြန်၍ မေးပေအံ့၊ သင်မင်းသား နှစ်သက်သဘောကျသည့်အတိုင်း ဖြေဆိုနိုင်ခွင့်ရှိသည်။ မင်းသား.. ယခု ငါဘုရားမေးမည့်စကားကို သင်မင်းသား မည်သို့မှတ်ယူ သဘောကျသနည်း၊ သင်မင်းသားသည် ဆင်စီးချွန်းကိုင်အတတ်ကို တတ်သိလိမ္မာသည် မဟုတ်လော”ဟု မေးတော်မူ၏။ မင်းသားသည်လည်း “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်ကား ဆင်စီးချွန်းကိုင်အတတ်၌ တတ်သိလိမ္မာသူ မှန်ပါ၏ဘုရား”ဟု ပြန်ကြား လျှောက်ထားလေသည်။
တဖန် မြတ်စွာဘုရားက-
“မင်းသား.. ယခု ငါဘုရားမေးမည့်စကားကို သင်မင်းသား မည်သို့မှတ်ယူ သဘောကျသနည်း၊ ဤလောက၌
* ထိုသုတ္တန်မှာ “ဗောဓိရာဇကုမာရသုတ္တန်”ဟု အမည်တွင်၍ မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ (၄) ရာဇဝဂ်၊ (၅) ဗောဓိရာဇကုမာရသုတ်၊ ပါဠိတော် မျက်နှာ ၂၇၇-မှစ၍ လာရှိသည်။ အကျယ်ကို ပိဋကမြန်မာပြန်မှ ကြည့်ရှုမှတ်ယူကုန်ရာ၏။
၆၄၂
တဦးသောယောက်ျားသည် “ဗောဓိမင်းသားကား ဆင်စီးချွန်းကိုင်အတတ်ကို တတ်သိလိမ္မာ၏၊ ထိုမင်းသား၏အထံ၌ ငါသည် ဆင်စီးချွန်းကိုင်အတတ်ကို သင်ယူပေအံ့”ဟု လာရောက်လေရာ၏။ အထူးအားဖြင့် ထိုယောက်ျားသည်-
(၁) ယုံကြည်မှု = သဒ္ဓါတရားမရှိသူ = ရောက်သင့်သောအရာသို့ မရောက်နိုင်လောက်အောင်ပင် သဒ္ဓါတရားနည်းပါးသူ၊
(၂) အနာရောဂါမကင်းသူ = ရောက်သင့်သောအရာသို့ မရောက်နိုင်လောက်အောင်ပင် အနာရောဂါထူပြောသူ၊
(၃) ဟန်ဆောင်တတ်သူ မာယာများသူ = ရောက်သင့်သောအရာသို့ မရောက်နိုင်လောက်အောင်ပင် ဟန်ဆောင်တတ်သူ မာယာများသူ၊
(၄) ထက်သန်သော လုံ့လမရှိသူ = ရောက်သင့်သောအရာသို့ မရောက်နိုင်လောက်အောင်ပင် လုံ့လဝီရိယ ညံ့ဖျင်းပျင်းရိသူ၊
(၅) ပညာမရှိသူ = ရောက်သင့်သောအရာသို့ မရောက်နိုင်လောက်အောင်ပင် ဉာဏ်ပညာနည်းပါးသူ-
ဖြစ်ခဲ့လျှင် ထိုယောက်ျားသည် သင်၏အထံ၌ ဆင်စီးချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်ပါမည်လော-
ဟူ၍ မေးမြန်းတော်မူသောအခါ ဗောဓိမင်းသားသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. (ဖော်ပြရာပါ အင်္ဂါငါးပါးတို့တွင်) တပါးပါးသော အင်္ဂါနှင့် ပြည့်စုံလျှင်ပင် ထိုယောက်ျားသည် အကျွန်ုပ်၏အထံ၌ ဆင်စီးချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်မည်မဟုတ်ပါ၊ အင်္ဂါငါးပါးလုံးနှင့် ပြည့်စုံသူ ဖြစ်ဘိမူကား အဘယ်ဆိုဖွယ်ရှိအံ့နည်း = ဧကန်ပင်
၆၄၃
မသင်ကြားနိုင်လေရာပါဘုရား”ဟူ၍ ဖြေကြား လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားက တဖန်ပြောင်းလဲ၍-
“မင်းသား.. ယခု ငါဘုရားမေးမည့်စကားကို သင်မင်းသား မည်သို့မှတ်ယူ သဘောကျသနည်း၊ ဤလောက၌ တဦးသောယောက်ျားသည် “ဗောဓိမင်းသားကား ဆင်စီးချွန်းကိုင်အတတ်ကို တတ်သိလိမ္မာ၏။ ထိုမင်းသား၏အထံ၌ ငါသည် ဆင်စီးချွန်းကိုင်အတတ်ကို သင်ယူပေအံ့”ဟု လာရောက်လေရာ၏၊ အထူးအားဖြင့် ထိုယောက်ျားသည်-
(၁) ယုံကြည်မှု = သဒ္ဓါတရားရှိသူ = ရောက်သင့်သောအရာသို့ ရောက်နိုင်လောက်အောင်ပင် သဒ္ဓါတရား ကြီးမားသူ၊
(၂) အနာရောဂါကင်းသူ = ရောက်သင့်သောအရာသို့ ရောက်နိုင်လောက်အောင်ပင် အနာရောဂါ ကင်းရှင်း ကျန်းမာရေးပြည့်တင်းသူ၊
(၃) ဟန်မဆောင်တတ်သူ မာယာမများသူ = ရောက်သင့်သောအရာသို့ ရောက်နိုင်လောက်အောင်ပင် ဟန်မဆောင်သူ မာယာမများသူ ရိုးသားဖြောင့်မတ်သူ၊
(၄) ထက်သန်သော လုံ့လရှိသူ = ရောက်သင့်သောအရာသို့ ရောက်နိုင်လောက်အောင်ပင် ဇွဲလုံ့လဝီရိယ ကြီးမားသူ၊
(၅) ပညာရှိသူ = ရောက်သင့်သောအရာသို့ ရောက်နိုင်လောက်အောင်ပင် ဉာဏ်ပညာကြီးမားသူ-
ဖြစ်ခဲ့လျှင် ထိုယောက်ျားသည် သင်၏အထံ၌ ဆင်စီးချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်ပါမည်လော”-
၆၄၄
ဟူ၍ မေးမြန်းတော်မူသောအခါ ဗောဓိမင်းသားသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. (ဖော်ပြရာပါ အင်္ဂါငါးပါးတို့တွင်) တပါးပါးနှင့် ပြည့်စုံလျှင်ပင် ထိုယောက်ျားသည် အကျွန်ုပ်၏အထံ၌ ဆင်စီးချွန်းကိုင် အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်ရာပါ၏၊ အင်္ဂါငါးပါးလုံးနှင့် ပြည့်စုံသူ ဖြစ်ပါမူကား အဘယ်မှာ ဆိုဖွယ်ရှိအံ့နည်း = ဧကန်ပင် သင်ကြားနိုင်ရာပါ၏ဘုရား”ဟူ၍ ဖြေကြား လျှောက်ထားလေ၏။
ပဓာနိယင်္ဂတရား = ကမ္မဋ္ဌာန်းအလုပ် အားထုတ်သူ၏အင်္ဂါ တရားငါးပါး
ထိုအခါ မြတ်စွာဘုရားရှင်သည်-
မင်းသား.. ဤအတူပင်လျှင် ကမ္မဋ္ဌာန်းအလုပ် အားထုတ်သူ၏ (ကမ္မဋ္ဌာန်းအလုပ် ထမြောက်အောင်မြင်စေရန်) အကြောင်းတရားတို့ကား ငါးပါးတို့ ရှိကုန်၏။ ငါးပါးတို့ဟူသည်မှာ-
(၁) မင်းသား.. ဤငါဘုရား၏ သာသနာ၌ ရဟန်းသည် ယုံကြည်မှု = သဒ္ဓါတရားနှင့် ပြည့်စုံသူဖြစ်၏။ (= ထိုမြတ်စွာဘုရားသည် ဤအကြောင်း ဤအကြောင်းကြောင့် အရဟံဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။ (ပေယျာလ) ဘဂဝါဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏ဟူ၍ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏)။
(၂) အနာကင်းသူ ဆင်းရဲကင်းသူ ဖြစ်၏။ မအေးလွန်း, မပူလွန်းပဲ အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းအလုပ် အားထုတ်ရန် ခံ့သော အညီအညွတ် ကျက်စေတတ်သော ပါစကဝမ်းမီးနှင့် ပြည့်စုံသူဖြစ်၏။
(၃) ဟန်ဆောင်လှည့်ပတ်ခြင်း ကင်းသူဖြစ်၏။ မြတ်စွာဘုရား အထံ၌သော်၎င်း,
၆၄၅
ပညာရှင် သီတင်းသုံးဖော်တို့ အထံ၌သော်၎င်း အမှန်အတိုင်း မိမိကိုယ်ကို ထင်စွာပြုတတ်၏။
(၄) အကုသိုလ်တရားတို့ကို ပယ်ရှားရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် အားထုတ်အပ်သော လုံ့လဝီရိယရှိသူ ဖြစ်၍နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံစွာ အားထုတ်မှုရှိ၏။ အပြစ်ကင်းသော ကုသိုလ်တရားတို့၌ မဆုတ်နစ်သော လုံ့လဝီရိယရှိသူ ဖြစ်၏။
(၅) ပညာရှိသူ ဖြစ်၏။ စင်ကြယ်သန့်ရှင်း ကိလေသာတို့ကို ဖောက်ထွင်းနိုင်လျက် နည်းမှန်လမ်းကျ ဝဋ္ဋကိလေသာ နှစ်ဖြာသောဒုက္ခကို ကုန်ခန်းစေကာ ဖြစ်တတ်စွာသည့် ဥဒယဗ္ဗယဉာဏ် (=ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို သိစွမ်းနိုင်သော ဉာဏ်ပညာ)နှင့် ပြည့်စုံသူဖြစ်၏။
မင်းသား.. ဤဆိုအပ်ပြီးသည့် (သဒ္ဓါတရားနှင့် ပြည့်စုံခြင်း, အနာရောဂါ ကင်းရှင်းခြင်း, ဟန်မဆောင် မလှည့်ပတ် ဖြောင့်မတ်ရိုးသားခြင်း, ထက်သန်သော ဝီရိယရှိခြင်း, ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံခြင်း) တရားတို့သည် ကမ္မဋ္ဌာန်းအလုပ် အားထုတ်သူ၏ (ကမ္မဋ္ဌာန်းအလုပ် ထမြောက်အောင်မြင်စေရန်) အကြောင်းတရား ငါးပါးတို့ ဖြစ်ကုန်၏။ (ပဓာနိယင်္ဂတရား ငါးပါးတို့ ဖြစ်ကုန်၏) မင်းသား.. ဤပဓာနိယင်္ဂတရား ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ရှေ့သွားခေါင်းဆောင် (ဆုံးမမည့်သူ)ကို ရရှိခဲ့သော် ခုနစ်နှစ်ကြာ ကာလအတွင်း၌ပင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ချမ်းသာစွာ နေနိုင်ပေ၏။
မင်းသား.. ခုနစ်နှစ်ဆိုသည်မှာ ကြာလွန်းလှ၏။ ထားဘိဦးလော့၊ ဤ ပဓာနိယင်္ဂတရား ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ရှေ့သွားခေါင်းဆောင် (ဆုံးမမည့်သူ)ကို ရရှိခဲ့သော်
၆၄၆
ခြောက်နှစ်ကြာ ကာလအတွင်း၌ပင် (ပေယျာလ) ငါးနှစ်, လေးနှစ်, သုံးနှစ်, နှစ်နှစ်, တနှစ်ကြာ ကာလအတွင်း၌ပင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ချမ်းသာစွာ နေနိုင်၏။
မင်းသား.. တနှစ်ဆိုသည်မှာ ကြာလွန်းလှ၏။ ထားဘိဦးလော့၊ ဤပဓာနိယင်္ဂတရား ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ရှေ့သွားခေါင်းဆောင် (ဆုံးမမည့်သူ)ကို ရရှိခဲ့သော် ခုနစ်လကြာ ကာလအတွင်း၌ပင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ချမ်းသာစွာ နေနိုင်၏။ မင်းသား.. ခုနစ်လဆိုသည်မှာ ကြာလွန်းလှ၏၊ ထားဘိဦးလော့၊ ဤပဓာနိယင်္ဂတရား ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ရှေ့သွားခေါင်းဆောင် (ဆုံးမမည့်သူ)ကို ရရှိခဲ့သော် ခြောက်လကြာ ကာလအတွင်း၌ပင် (ပေယျာလ) ငါးလ, လေးလ, သုံးလ, နှစ်လ, တလ, လဝက် (=၁၅-ရက်)ကြာ ကာလအတွင်း၌ပင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ချမ်းသာစွာ နေနိုင်၏။
မင်းသား.. လဝက် (=၁၅-ရက်)ဆိုသည်မှာ ကြာလွန်းလှ၏၊ ထားဘိဦးလော့၊ ဤပဓာနိယင်္ဂတရား ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ရှေ့သွားခေါင်းဆောင် (ဆုံးမမည့်သူ)ကို ရရှိခဲ့သော် ခုနှစ်ရက်ကြာ ကာလအတွင်း၌ပင် (ပေယျာလ) ခြောက်ရက်, ငါးရက်, လေးရက်, သုံးရက်, နှစ်ရက်, တရက်ကြာ ကာလအတွင်း၌ပင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ချမ်းသာစွာ နေနိုင်၏။
မင်းသား.. တရက်ဆိုသည်မှာ ကြာလွန်းလှ၏၊ ထားဘိဦးလော့၊ ပဓာနိယင်္ဂတရား ငါးပါးတို့နှင့်
၆၄၇
ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ရှေ့သွားခေါင်းဆောင် (ဆုံးမမည့်သူ)ကို ရရှိခဲ့သော် ညချမ်းအခါ၌ ဆုံးမအပ်မူ နံနက်အခါ၌ တရားထူး (=မဂ်ဖိုလ်)ကို ရပေလိမ့်မည်၊ နံနက်အခါ၌ ဆုံးမအပ်မူ ညချမ်းအခါ၌ တရားထူး (=မဂ်ဖိုလ်)ကို ရပေလိမ့်မည်”–
ဟူ၍ မိန့်ကြား ဖြေဆိုတော်မူလေ၏။
(ဤ၌။ ။ပဓာနိယင်္ဂတရား ငါးပါးတို့နှင့်စပ်၍—
ယုံကြည်, ကျန်းမာ၊ ဖြောင့်စင်းစွာနှင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်သိမြင်၊ ဤငါးအင်၊ မဂ်လျှင် ရကြောင်းတည်း”-
ဟူသော လယ်တီဆရာတော်၏ အချုပ်လင်္ကာကို နှုတ်ရဆောင်ရာ၏။ ။ဤတရားငါးပါးလုံးတို့ပင် လောကီတရားတို့ ဖြစ်ကုန်၏၊ ထိုတွင် သဒ္ဓါတရားရှိခြင်း ဟူရာ၌ သဒ္ဓါသည် (၁) အာဂမသဒ္ဓါ၊ (၂) အဓိဂမသဒ္ဓါ၊ (၃) ဩကပ္ပနသဒ္ဓါ၊ (၄) ပသာဒသဒ္ဓါဟူ၍ လေးပါးရှိ၏၊ ထိုလေးပါးတို့တွင်-
(၁) သဗ္ဗညူ ဘုရားအလောင်းတော်တို့၏ သဒ္ဓါတရားသည် ဘုရားဆုပန်သည်မှစ၍ မပျက်မစီး လာခဲ့သောကြောင့် အာဂမသဒ္ဓါမည်၏။
(၂) အရိယာသာဝကတို့၏ သဒ္ဓါတရားသည် မဂ်ဉာဏ်ကို ရသည်မှစ၍ မပျက်မစီး ရအပ်သောကြောင့် အဓိဂမသဒ္ဓါမည်၏။
(၃) ဘုရား, တရား, သံဃာဟူ၍ ပြောဆိုအပ်သည်ရှိသော် တစုံတယောက်သောသူမျှ တုန်လှုပ်ချောက်ချားစေခြင်းငှါ မတတ်နိုင်လောက်အောင် “မြတ်စွာဘုရားသည် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူပေ၏၊ တရားတော်သည် သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပေ၏၊ သံဃာတော်သည် သုပ္ပဋိပန္နတာဂုဏ်နှင့် ပြည့်စုံပေ၏”ဟု ရတနာသုံးပါးဂုဏ်၌ သက်ဝင်၍ ယုံကြည်ခြင်းသည် ဩကပ္ပနသဒ္ဓါမည်၏။
(၄) ရတနာသုံးပါး၌ ကြည်ညိုခြင်းမျှသည် ပသာဒသဒ္ဓါမည်၏။
ဤယခု ပဓာနိယင်္ဂတရားငါးပါး အပါအဝင် သဒ္ဓါတရားအရကို “ဩကပ္ပနသဒ္ဓါ”တရားကို အလိုရှိအပ်၏။ ဤမှတ်ဖွယ်အထူးကိုလည်း သိရှိရာ၏)။
၆၄၈
ဤသို့ မြတ်စွာဘုရားရှင်က လက်တွေ့ ကိုယ်တွေ့ တရားဟောကြားအပ်သည်ရှိသော် ဗောဓိမင်းသားသည် မြတ်စွာဘုရားကို “ညချမ်းအခါ၌ ဆုံးမအပ်သည်ရှိသော် နံနက်အခါ၌ တရားထူး (=မဂ်ဖိုလ်)ကို ရစွမ်းနိုင်, နံနက်အခါ၌ ဆုံးမအပ်သည်ရှိသော် ညချမ်းအခါ၌ မဂ်ဖိုလ်တရားထူးကို ရစွမ်းနိုင်ရကား မြတ်စွာဘုရားသည် အံ့ဩဖွယ် ကောင်းလှပါ၏၊ တရားတော်သည် အံ့ဩဖွယ် ကောင်းလှပါ၏၊ တရားတော်၏ စ,လယ်,အဆုံး = သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားထားအပ်သည်၏ အဖြစ်သည် အံ့ဩဖွယ် ကောင်းလှပါ၏”ဟူ၍ သဒ္ဓါကြည်ညိုစကား ချီးမွမ်း လျှောက်ထားလေ၏။
ဤသို့ ဗောဓိမင်းသားက မြတ်စွာဘုရားကို သဒ္ဓါကြည်ညိုစကား ချီးမွမ်း လျှောက်ထားလတ်သော် သဉ္ဇိကာပုတ္တလုလင်သည် ဗောဓိမင်းသားကို “ဤအရှင် ဗောဓိမင်းသားသည် ‘မြတ်စွာဘုရားသည် အံ့ဩဖွယ်ကောင်းလှပါ၏။ တရားတော်သည် အံ့ဩဖွယ် ကောင်းလှပါ၏။ တရားတော်၏ စ,လယ်,အဆုံး = သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားထားအပ်သည်၏ အဖြစ်သည် အံ့ဩဖွယ် ကောင်းလှပါ၏’ဟူ၍ ဤသို့သာလျှင် ချီးမွမ်းစကား လျှောက်ထား၏၊ ထိုသို့ပင် လျှောက်ထားငြားသော်လည်း ထိုအရှင်ရဟန်းဂေါတမကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာကို၎င်း ကိုးကွယ်ရာဟူ၍ကား မဆည်းကပ်ဘိချေ”ဟူ၍ ကဲ့ရဲ့ပြစ်တင်စကား ပြောကြားလေ၏။ ထိုအခါ ဗောဓိမင်းသားသည်-
“အချင်း သဉ္ဇိကာပုတ္တ.. ဤသို့ မပြောဆိုပါလင့်၊ အချင်း သဉ္ဇိကာပုတ္တ.. ဤသို့ မပြောဆိုပါလင့်၊ အချင်း သဉ္ဇိကာပုတ္တ.. ငါသည် ဤဆိုလတ္တံ့သော အကြောင်းအရာစကားကို မယ်တော်၏မျက်မှောက်မှ ကြားနာ မှတ်သား ခံယူထားအပ်ဘူးပါသည်-
အချင်း သဉ္ဇိကာပုတ္တ.. အခါတပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းတိုက်၌
၆၄၉
သီတင်းသုံး နေတော်မူ၏။ ထိုအခါ ငါ၏မယ်တော်သည် ငါ့ကို ကိုယ်ဝန်ဆောင် ရှိနေစဉ် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးထိုင်နေပြီးလျှင် မြတ်စွာဘုရားကို ‘ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏ဝမ်းတိုက်၌ တည်ရှိသော ဤသတို့သားသည် (သို့မဟုတ်) ဤသတို့သမီးသည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာကို၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ထိုသတို့သား (သို့မဟုတ်) သတို့သမီးကို ယနေ့ကစ၍ အသက်ရှည်သမျှကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာ, ဥပါသိကာဟူ၍ မှတ်တော်မူပါဘုရား’ဟု လျှောက်ခဲ့လေပြီ။
အချင်း သဉ္ဇိကာပုတ္တ.. အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း အဝင်အပါ ဤသုသုမာရဂိရမြို့မှာပင် သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠာတောအုပ်၌ သီတင်းသုံး နေတော်မူစဉ် အထိန်းတော်သည် ငါ့ကို ရင်ခွင်ဖြင့် ပိုက်ချီ၍ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးရပ်တည်ပြီးလျှင် ‘ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤဗောဓိမင်းသားသည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာကို၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ထိုဗောဓိမင်းသားကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာ ဒါယကာဟူ၍ မှတ်တော်မူပါဘုရား’ဟု လျှောက်ထားခဲ့လေပြီ။
အချင်း သဉ္ဇိကာပုတ္တ.. (မယ်တော်နှင့် အထိန်းတော်တို့ ငါ၏ကိုယ်စား နှစ်ကြိမ်တိုင်တိုင် အသီးအသီး သရဏဂုံ ခံယူခဲ့ပြီးသော) ထိုငါသည် ယခုအခါ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း,
၆၅၀
ရဟန်းသံဃာကို၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာ ဒါယကာဟူ၍ မှတ်တော်မူပါဘုရား”-
ဟူ၍ သဉ္ဇိကာပုတ္တလုလင်ကို တိုင်တည်ကာ မြတ်စွာဘုရား အထံတော်၌ သရဏဂုံ ခံယူလေ၏။
(အထူးမှတ်ရန်။ ။ဤဗောဓိမင်းသား၏ သရဏဂုံခံယူမှုနှင့်စပ်၍ မင်းသား၏ မယ်တော် အထိန်းတော်တို့က ဖော်ပြရာပါအတိုင်း လျှောက်ထားရုံမျှဖြင့် ဗောဓိမင်းသားအဖို့ရာ သရဏဂုံခံယူပြီး ဖြစ်နိုင်ပါသလောဟု မေးမြန်းဖွယ်ရှိ၏။ အဖြေကား.. အစိတ္တကသရဏဂုံ = စိတ်စေတနာမပါပဲ ခံယူဆောက်တည်အပ်သည့် သရဏဂုံဟူ၍ မရှိသောကြောင့် ဗောဓိမင်းသားအဖို့ရာ သရဏဂုံခံယူပြီး မဖြစ်နိုင်ပါ။
ထိုသို့ဖြစ်လျှင် မယ်တော်နှင့် အထိန်းတော်တို့၏ ဗောဓိမင်းသားအတွက် နှုတ်မြွက်၍ ခံယူအပ်သော သရဏဂုံသည် အချည်းနှီး အကျိုးမပြီး ဖြစ်သလော ဟူငြားအံ့။ အကျိုးမပြီး အချည်းနှီးမဖြစ်ပါ။ မယ်တော်နှင့် အထိန်းတော်တို့ ထိုကဲ့သို့ မင်းသားအတွက် နှုတ်မြွက် ဆောက်တည်အပ်သော သရဏဂုံသည် ထိုဗောဓိမင်းသားအဖို့ရာ အစောင့်အနေ ချထားအပ်ပြီး မည်လေသည်။ သို့ရကား ထိုဗောဓိမင်းသားကို မွေးဖွားပြီးနောက် သိကြားလိမ္မာသည့်အရွယ်သို့ ရောက်သောအခါ၌ မိဖတို့က “ချစ်သား.. မောင့်ကို ငါတို့သည် ဝမ်းတိုက်၌ တည်ရှိစဉ်ကပင် သရဏဂုံကို ခံယူစေခဲ့ကြပြီး”ဟူ၍ မိမိတို့မြင်သမျှ စွမ်းသမျှ ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကို ထုတ်ဖော်ပြောကြား၍ သတိရစေ အောက်မေ့စေကြသောအခါ ထိုဗောဓိမင်းသားကလည်း မိဖတို့ပြောစကား၏ အနက်ကို ဆင်ခြင်စဉ်းစားပြီးလျှင် “ငါကား သရဏဂုံတည်သူ ဥပါသကာ ဒါယကာတယောက် ဖြစ်သည်”ဟူ၍ သတိကို ဖြစ်စေသည်နှင့် တပြိုင်နက် သရဏဂုံခံယူပြီးသား ဖြစ်လေတော့၏။ အကြောင်းကား-
ထိုသို့ “ငါကား သရဏဂုံတည်သူ ဥပါသကာ ဒါယကာတယောက် ဖြစ်သည်”ဟူ၍ အောက်မေ့ သတိရသောအခါ ထိုမင်းသား၏သန္တာန်၌ ရတနာသုံးပါး၏ ကိုးကွယ်ရာအဖြစ်ကို မှတ်ယူခြင်းလျှင် ရှေ့သွားရှိသော
၆၅၁
ထိုရတနာသုံးပါး၌ ညွတ်ကိုင်းသောစိတ် ထင်ရှားဖြစ်ခြင်းကြောင့်တည်း။ ဤကား အထူးမှတ်ရန်တည်း။
ဤဆိုခဲ့ပြီးသော ဗောဓိမင်းသား၏ အကြောင်းအရာစုကား မဇ္ဈိမပဏ္ဏာသ ဗောဓိရာဇကုမာရသုတ် ပါဠိ အဋ္ဌကထာ ဋီကာတို့မှ ထုတ်နုတ် ဖော်ပြချက်များ ဖြစ်သည်)။
ဗောဓိမင်းသား သောတာပန်တည်ခြင်း
ထို့နောက် ဗောဓိမင်းသားသည် အပြစ်ခြောက်ပါး ကင်းလွတ်ရာအရပ်၌ ထိုင်နေပြီးကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးချီ၍-
ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် အရှင်မြတ်ဘုရားတို့၏ ဒါယကာတဦး ဖြစ်ပါသည်၊ အမိဝမ်းတွင်း၌ တည်ရှိစဉ် တကြိမ်, ကလေးသူငယ် လူမမယ်ဖြစ်စဉ် တကြိမ်, ယခု သိကြားလိမ္မာသော အရွယ်သို့ ရောက်သောအခါ တကြိမ် = ဤသို့ သုံးကြိမ်တိုင်တိုင် သရဏဂုံခံယူခဲ့သူ ဖြစ်ပါသည်၊ ထိုသို့ ဥပါသကာ ဒါယကာရင်းတယောက် ဖြစ်ပါလျက် အဘယ့်ကြောင့် အကျွန်ုပ်၏ ပိတ်ဖြူအခင်းကို နင်းတော်မမူကြပါသနည်း-
ဟူ၍ လျှောက်ထား မေးမြန်းလေ၏။ ထိုအခါ မြတ်စွာဘုရားက “မင်းသား.. သင်သည် အဘယ်ကို ကြံစည်တောင့်တ၍ ပိတ်ဖြူအခင်းများကို ခင်းထားသနည်း”ဟု မေးတော်မူသည်တွင် မင်းသားသည် “ငါသည် သားကိုဖြစ်စေ, သမီးကိုဖြစ်စေ အကယ်၍ ရနိုင်မည့်သူ ဖြစ်ခဲ့လျှင် မြတ်စွာဘုရားရှင်သည် ငါ၏ပိတ်အခင်းကို နင်းကြွတော်မူလိမ့်မည်ဟု ကြံစည်တောင့်တကာ ခင်းထားပါ၏ဘုရား”ဟူ၍ လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားက “မင်းသား.. ထိုသို့ ကြံစည်တောင့်တ၍ ခင်းသောကြောင့်ပင် ငါဘုရားသည် ထို ပိတ်ဖြူအခင်းကို မနင်းခြင်းဖြစ်သည်”ဟု မိန့်ဆိုတော်မူလေသော် တဖန် ဗောဓိမင်းသားက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည်
၆၅၂
သားကိုဖြစ်စေ, သမီးကိုဖြစ်စေ မရနိုင်မည့်သူ ဖြစ်ပါသလော”ဟု လျှောက်ထား မေးမြန်းပြန်သည်တွင် မြတ်စွာဘုရားရှင်သည် “အိမ်း.. ဟုတ်ပေသည် မင်းသား..”ဟူ၍ မိန့်ကြားတော်မူလေ၏။
တဖန်ဆက်၍ ဗောဓိမင်းသားက “အဘယ်အကြောင်းကြောင့် အကျွန်ုပ်သည် သားသမီးကို မရနိုင်ပါသနည်း”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “မင်းသား.. သင်သည် ရှေးကိုယ်၏အဖြစ် (=ဘ၀)တုန်းက ဇနီးမယားနှင့်တကွ အာရုံငါးပါး လိုက်စားမေ့လျော့ခဲ့သောကြောင့် သားသမီးကို မရနိုင်”ဟူ၍ အရိပ်အမြွက်မျှ မိန့်ကြား ဖြေဆိုတော်မူလေ၏။ ဗောဓိမင်းသားက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်ကာလ အဘယ်ဘဝတုန်းက အကျွန်ုပ်သည် ဇနီးမယားနှင့်တကွ အာရုံငါးပါး လိုက်စားမေ့လျော့ခဲ့ပါသနည်း”ဟု လျှောက်ထား မေးမြန်းသောအခါ မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သောအတိုင်း ဗောဓိမင်းသား၏ အတိတ်ဖြစ်ရပ် အဋ္ဌုပ္ပတ်ကို ထုတ်ဖော် ဟောပြတော်မူလေသည်-
မင်းသား.. ရှေးလွန်လေပြီးသောအခါ ရာပေါင်းများစွာသော လူတို့သည် ကြီးစွာသောလှေဖြင့် သမုဒြာကို ကူးသွားကြသည်တွင် လှေကြီးသည် သမုဒြာအလယ်၌ ပေါက်ကွဲ နစ်မြုပ်ခဲ့လေသည်။ ထိုလူများအပေါင်းမှ ဇနီးမောင်နှံ နှစ်ဦးတို့သည် ပျဉ်ချပ်တချပ်ကို မှီတွယ်ကြ၍ ရေလယ်ကျွန်းတခုသို့ ဆိုက်ရောက်ကြလေ ကုန်၏။ ကြွင်းကျန်သော လူအပေါင်းတို့သည်ကား ထိုသမုဒြာအတွင်းမှာပင် အသက်ဆုံးရှုံးကြလေသည်။
ထိုရေလယ်ကျွန်း၌ များစွာသော ငှက်အပေါင်းသည် နေထိုင်လျက်ရှိ၏။ ထိုဇနီးမောင်နှံတို့သည် အခြားတပါး စားဖွယ်ရာကို မတွေ့ရကား အလွန်ဆာလောင်သည် ဖြစ်ကြ၍ ငှက်ဥများကို နှိုက်ယူကြပြီးလျှင် မီးကျီး၌ဖုတ်၍ စားကြလေကုန်၏။ ငှက်ဥများဖြင့် မလောက် မင မဝကြသောအခါ ငှက်ငယ်များကို ဖမ်းလျက် ဖုတ်ကင်၍ စားကြလေကုန်၏။ ဤနည်းဖြင့် ပဌမအရွယ်, မဇ္ဈိမအရွယ်,
၆၅၃
ပစ္ဆိမအရွယ် = ဤအရွယ်သုံးပါးလုံး၌ပင် ငှက်ဥများ, ငှက်ငယ်များကို နှိုက်ယူဖုတ်ကင်၍ စားကြလေကုန်၏။ အရွယ်သုံးပါးတွင် တခုသော အရွယ်၌မျှ မမေ့မလျော့ခြင်းသို့ မရောက်ကြပဲ နှစ်ဦးလုံးပင် ရသတဏှာ ကာမဂုဏ်ကို လိုက်စား၍ ပျော်ပါး မေ့လျော့ခဲ့ကြလေသည်။
ဤသို့ မြတ်စွာဘုရားရှင်သည် ဗောဓိမင်းသား၏ ဤရှေးအတိတ် မကောင်းမှု အကုသိုလ်ကံကို ဖော်ပြတော်မူ၍-
“မင်းသား.. သင်သည် ထိုစဉ်အခါ အရွယ်သုံးပါးတွင် တပါးပါးသောအရွယ်၌ ဇနီးမယားနှင့်တကွ မမေ့ မလျော့ခြင်းသို့ အကယ်၍ ရောက်ခဲ့လျှင် ထိုမမေ့မလျော့သော အရွယ်၌ ယခုဘဝဝယ် သားသော်၎င်း, သမီးသော်၎င်း ဖြစ်ထွန်းလေရာ၏။
ထိုသို့မဟုတ် သင်တို့နှစ်ဦးတွင် တဦးဦးက အကယ်၍ မမေ့မလျော့ခဲ့လျှင် ထိုမမေ့မလျော့သူကို အစွဲအကြောင်းပြု၍ သားသော်၎င်း, သမီးသော်၎င်း ဖြစ်ထွန်းလေရာ၏။
မင်းသား.. မှန်၏၊ မိမိကိုယ်ကို ချစ်အပ်သောသူဟူ၍ သိသောသူသည် (=ကိုယ့်ကိုယ်ကို ကိုယ်ချစ်လျှင်-ဟု ဆိုလိုသည်) အရွယ်သုံးပါးတို့၌ပင် ကုသိုလ်တရားတို့၌ မမေ့မလျော့ပဲ မိမိကိုယ်ကို စောင့်ရှောက်သင့်လှ၏။ ဤသို့ အရွယ်သုံးပါးလုံး၌ စောင့်ရှောက်ရန် မစွမ်းနိုင်လျှင် တပါးပါးသော အရွယ်၌မူလည်း ဧကန်ပင် မိမိကိုယ်ကို စောင့်ရှောက်သင့်လှ၏”-
ဟူ၍ မိန့်ဆိုတော်မူပြီးလျှင်-
အတ္တာနဉ္စေ ပိယံ ဇညာ၊
ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏံ အညတရံ ယာမံ၊
ပဋိဇဂ္ဂေယျ ပဏ္ဍိတော။
၆၅၄
ရာဇကုမာရ = ဗောဓိမည်ငြား ဒါယကာမင်းသား..။ ပဏ္ဍိတော = ရှေ့နောက်အရေး ထောက်တွေးဆင်ခြင် ပညာရှင်သည်။ အတ္တာနံ = မိမိကိုယ်ကို။ ပိယံ = လောကတခွင် ဘုံအပြင်ဝယ် ချစ်ခင်နှစ်သက် စုံမက်မြတ်နိုးအပ်သူဟူ၍။ စေ ဇညာ = အကယ်ထင်ထင် သိမြင်ငြားအံ့။ နံ = ထိုမိမိကိုယ်ကို။ သုရက္ခိတံ = ပစ္စုပ္ပန်တမလွန် နှစ်တန်ကြီးမြောက် ဘေးမရောက်အောင် ကောင်းစွာ စောင့်ရှောက်အပ်သည်ကို။ ကတွာ = ပြု၍။ ရက္ခေယျ = စောင့်ရှောက်ရာ၏။ တိဏ္ဏံ = ပဌမ ဒုတိယ တတိယအား အရွယ်သုံးပါးတို့တွင်။ အညတရံ ယာမံ = အမှတ်မထား တပါးပါးသောအရွယ်၌။ ပဋိဇဂ္ဂေယျ = ဒုစရိုက်ဆယ်အင် ပြုမတင်အောင် သုတ်သင်ရှင်းလင်းရာ၏။-
ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။
(ဤဂါထာဝယ် “ပညာရှင်သည် မိမိကိုယ်ကို ချစ်အပ်သူဟူ၍ သိလျှင် ထိုမိမိကိုယ်ကို ကောင်းစွာလုံခြုံအောင် စောင့်ရှောက်ရာ၏”ဟူသော စကားရပ်၌- လူဝတ်ကြောင်ဖြစ်သောသူသည် “မိမိကိုယ်ကို စောင့်ရှောက်အံ့”ဟု ကြံစည်ပြီးလျှင် ပြာသာဒ်မ အထက်အပြင် (=အထက်ထပ်)၌ အလွန်လုံခြုံသော အခန်းအတွင်းသို့ ဝင်ရောက်ပြီးလျှင် အစောင့်အနေများကို ပြည့်စုံစွာ ချထားစေကာမူ မိမိကိုယ်ကို စောင့်ရှောက် အပ်သည် မမည်ချေ။ ထိုပအတူပင် ရဟန်းဖြစ်သော သူသည်လည်း အလွန်လုံခြုံသော လိုဏ်အတွင်းဝယ် လေသာပြူတင်းများကို ပိတ်ဆို့၍ နေစေကာမူ မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်ချေ။
စင်စစ်သော်ကား လူဖြစ်သောသူသည် စွမ်းအားရှိသမျှ ဒါန သီလ အစရှိသော ကောင်းမှုတို့ကို ပြုလုပ်အားထုတ်လျှင်၎င်း, ရဟန်းဖြစ်သောသူသည် ဝတ်ကြီး ဝတ်ငယ်တို့ကို ဖြည့်ကျင့်ခြင်း ပရိယတ်ကို သင်ကြားခြင်း ကမ္မဋ္ဌာန်းတရားကို နှလုံးသွင်းခြင်း တည်းဟူသော ရဟန်းကိစ္စတို့၌ ကြောင့်ကြစိုက်ထုတ် ကြိုးအားထုတ်လျှင်၎င်း မိမိကိုယ်ကို စောင့်ရှောက်အပ်သည်မည်၏။
“အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌ မိမိကိုယ်ကို သုတ်သင် စင်ကြယ်စေရာ”ဟူသော စကားရပ်၌- လူဖြစ်စေ, ရဟန်းဖြစ်စေ
၆၅၅
ဆိုခဲ့ပြီးသောအတိုင်း အရွယ်သုံးပါးလုံး၌ပင် မိမိတို့ဆိုင်ရာ ကုသိုလ်ကောင်းမှု ရဟန်းအလုပ်ကိစ္စတို့ကို အားထုတ်ရမည်။ အရွယ်သုံးပါးလုံး၌ ဆိုခဲ့ပြီးသောအတိုင်း အားမထုတ်နိုင်လျှင် အရွယ်သုံးပါးတို့အနက် တပါးပါးသော အရွယ်၌ကား မချွတ်ပင် အားထုတ် သုတ်သင်ရမည်။ ထင်ရှားစေဦးအံ့-
လူဖြစ်သောသူသည် ပဌမအရွယ်၌ လူငယ်တို့ဘာဝ မြူးထူးပျော်ပါး အချိန်ကုန်သွားသောကြောင့် ကုသိုလ်မှုကို မပြုနိုင်ခဲ့သော် မဇ္ဈိမအရွယ်၌ မမေ့မလျော့သူဖြစ်ကာ ကုသိုလ်မှုကို ပြုရမည်။ မဇ္ဈိမအရွယ်၌လည်း သားမယားကို ပြုစုလုပ်ကျွေးနေရသဖြင့် ကုသိုလ်မှုကို မပြုနိုင်ခဲ့သော် ပစ္ဆိမအရွယ်၌ကား ကုသိုလ်မှုကို ဧကန်ပြုရမည်သာတည်း၊ ဤသို့ ပြုသောသူမှသာလျှင် မိမိကိုယ်ကို သုတ်သင်စင်ကြယ်စေသည်မည်၏။ ဤသို့ မပြုသောသူ၏ အဖို့မှာမူ မိမိကိုယ်ကို ချစ်အပ်သည်မမည်၊ မိမိကိုယ်ကို အပါယ်သို့ လည်းလျောင်းရာရှိအောင်သာ ပြုသည်မည်၏။
ရဟန်းဖြစ်သောသူသည်လည်း ပဌမအရွယ်၌ စာပေသင်အံပို့ချ ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ဆောင်ရွက်နေရသဖြင့် ရဟန်းတရား ကမ္မဋ္ဌာန်းတရားကို အားထုတ်ခွင့် မရရှိခဲ့သော် မဇ္ဈိမအရွယ်၌ မမေ့မလျော့ ရဟန်းတရား ကမ္မဋ္ဌာန်းတရားကို အားထုတ်ရမည်။ အကယ်၍ ပဌမအရွယ်တုန်းက သင်ကြားခဲ့သည့် ပရိယတ်၏ အနက်သဘော အဓိပ္ပါယ် အဆုံးအဖြတ် အကြောင်းဟုတ်မဟုတ်ကို မေးမြန်းဆွေးနွေးနေရသဖြင့် မဇ္ဈိမအရွယ်၌ ရဟန်းတရား ကမ္မဋ္ဌာန်းတရားကို အားထုတ်ခွင့်မရရှိခဲ့သော် ပစ္ဆိမအရွယ်၌ မမေ့မလျော့ ရဟန်းတရား ကမ္မဋ္ဌာန်းတရားကို ဧကန်ပင် အားထုတ်ရမည်။ ဤသို့ပြုသော ရဟန်းသည် မိမိကိုယ်ကို သုတ်သင်စင်ကြယ်စေသည် မည်၏။ ဤသို့ မပြုသောသူ၏ အဖို့မှာမူ မိမိကိုယ်ကို ချစ်အပ်သည်မမည်၊ မိမိကိုယ်ကို နောင်တတဖန် ပူပန်ရခြင်းဖြင့်သာလျှင် ပူပန်စေသည်မည်၏။ ဤအထူးမှတ်ဖွယ် အနက်အဓိပ္ပါယ်ကို သိမှတ်ရာ၏။)
ဒေသနာနိဂုံး ဆုံးလတ်သောအခါ၌ ဗောဓိမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်ဆိုက်လာသော ပရိသတ်အဖို့ရာမှာလည်း အကျိုးရသော တရားဒေသနာ ဖြစ်လေသတည်း။
(ဤကား ဗောဓိမင်းသားအကြောင်းတည်း။)
၆၅၆
အရှင်မဟာမောဂ္ဂလာန်၏ဝမ်း၌ မာရ်နတ်ဝင်ခြင်းအကြောင်း
အခါတပါး၌ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမည်သော ဘေးမဲ့တောကျောင်း၌ သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ဟင်းလင်းအပြင် လွင်တီးခေါင်၌ စင်္ကြံကြွနေလျက်ရှိ၏။ ထိုအခါ ယုတ်မာစွာသော မာရ်နတ်သည် အရှင်မဟာမောဂ္ဂလာန်၏ ဝမ်းတွင်းသို့ ပူးဝင်ကာ အူများ၏အတွင်း အစာဟောင်းအိမ်ထက်၌ ထိုင်နေလေ၏။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ စိတ်သန္တာန်ဝယ် “အသို့ဖြစ်ပါသနည်း (=ဘယ်လိုဖြစ်ပါလိမ့်)၊ ငါ၏ဝမ်းသည် ကျောက်ပုံအလား လေးလံလှဘိတကား၊ ပဲထမင်းကို စားသောသူ၏ဝမ်း, ပဲအပြည့် ထည့်ထားသောအိတ်, စိုစွတ်ဖောင်းပွသော ပဲတို့ကဲ့သို့ ဖြစ်နေဘိတကား”ဟူ၍ အကြံအစည် ဖြစ်လေ၏။ ထို့နောက် အရှင်မဟာမောဂ္ဂလာန် မထေရ်သည် “ဤယခု ငါ၏ဝမ်းဗိုက် လေးလံမှုသည် အကယ်၍ အာဟာရဒေါသ (=အစာမကြေခြင်း)ကြောင့် ဖြစ်ခဲ့သော် ဟင်းလင်းအပြင် လွင်တီးခေါင်၌ စင်္ကြံလျှောက်၍ မသင့်လျော်ချေ”ဟု ဆင်ခြင်တော်မူပြီးလျှင် စင်္ကြံမှ သက်ဆင်း၍ သင်္ခမ်းကျောင်းတွင်းသို့ ဝင်ပြီးနောက် ပကတိ ခင်းထားရင်းရှိသော နေရာ၌ ထိုင်နေတော်မူလေ၏။
ထိုသို့ ထိုင်နေပြီးသော် အရှင်မဟာမောဂ္ဂလာန် မထေရ်သည် “အဘယ့်ကြောင့် ဤသို့ ဖြစ်သနည်း”ဟူ၍ မိမိကိုယ်ကို အသင့်အားဖြင့် နှလုံးသွင်း ဆင်ခြင်တော်မူလေ၏။ (မထေရ်သူမြတ်သည် မိမိ၏ စင်ကြယ်သော သီလကို ဆင်ခြင်ပြီးလျှင် “ယမန်နေ့ကသော်၎င်း, ထို၏ ရှေးနေ့များကသော်၎င်း စားခဲ့ပြီးသည့် မကြေမကျက်သော အစာအာဟာရများ ရှိလျှင်သော်၎င်း, မညီမညွတ်သည့် သလိပ်, သည်းခြေ, လေဒေါသများ ရှိလျှင်သော်၎င်း ထိုအလုံးစုံသည် ကြေကျက်ပါစေသတည်း၊ ချမ်းသာနေသာမှု ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်ပြုကာ မိမိလက်ဖြင့် ဝမ်းဗိုက်ကို အကယ်၍ သုံးသပ်လိုက်လျှင် မာရ်နတ်ယုတ်သည် အမှုန့်အမှုန့်
၆၅၇
ကြေမွ၍ သွားလေရာ၏။ မထေရ်မြတ်ကား ထိုကဲ့သို့ ပြုတော်မမူပဲ အသင့်အားဖြင့် (=ရိုးရိုးသာ) နှလုံးသွင်း ဆင်ခြင်တော်မူလေသည်။)
အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မာရ်နတ်ယုတ် ဝမ်းတွင်း၌ ဝင်ရောက်ကာ အူအတွင်း အစာဟောင်းအိမ်ထက်၌ (သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍) ထိုင်နေသည်ကို မြင်တော်မူ၍ မာရ်နတ်ယုတ်ကို “ဟယ် မာရ်ယုတ်.. ထွက်လော့၊ ဟယ် မာရ်ယုတ်.. ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အတွက်တာ ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်”ဟူ၍ မိန့်တော်မူ၏။ (သားသမီးကို ညှဉ်းပန်းလျှင် အမိအဖတို့ကို ညှဉ်းပန်းအပ်သည် မည်သကဲ့သို့၎င်း, တပည့်တို့ကို ညှဉ်းပန်းအပ်လျှင် ဆရာဥပဇ္ဈာယ်တို့ကို ညှဉ်းပန်းအပ်သည် မည်သကဲ့သို့၎င်း, ဇနပုဒ်ကို ညှဉ်းပန်းအပ်လျှင် မင်းကို ညှဉ်းပန်းအပ်သည် မည်သကဲ့သို့၎င်း ထို့အတူ မြတ်စွာဘုရား၏ တပည့်သာဝကကို ညှဉ်းပန်းအပ်လျှင် မြတ်စွာဘုရားကို ညှဉ်းပန်းအပ်သည်သာ မည်၏။ ထို့ကြောင့် မထေရ်မြတ်က “မြတ်စွာဘုရားကို မညှဉ်းဆဲလင့်”ဟူ၍ မိန့်တော်မူလေသည်)။
ထိုအခါ မာရ်နတ်ယုတ်၏ စိတ်သန္တာန်ဝယ် “ဤရဟန်းသည် ငါ့ကို မသိမမြင်ပဲလျက်သာလျှင် ‘ဟယ် မာရ်ယုတ်.. ထွက်လော့၊ ဟယ် မာရ်ယုတ်.. ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အတွက်တာ ရှည့်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်’ဟု ဆို၏။ ထိုရဟန်း၏ဆရာ မြတ်စွာဘုရားသော်မှလည်း ငါ့ကို လျင်မြန်စွာ မသိနိုင်လေရာ၊ တပည့်သာဝကဖြစ်သော ဤရဟန်းကား ငါ့ကို အဘယ်မှာ သိနိုင်လိမ့်မည်နည်း”ဟု အကြံအစည် ဖြစ်လေ၏။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မာရ်နတ်ယုတ်ကို “ဟယ် မာရ်ယုတ်.. ဤဆိုလတ္တံ့သော အခြင်းအရာဖြင့်လည်း သင့်ကို ငါသိ၏၊ ‘ဤရဟန်းသည် ငါ့ကို မသိ’ဟူ၍
၆၅၈
သင် မမှတ်လင့်။ ဟယ် မာရ်ယုတ်.. သင်ကား မာရ်နတ်ဖြစ်၏၊ ဟယ် မာရ်ယုတ်.. သင်၏ စိတ်သန္တာန်ဝယ် ‘ဤရဟန်းသည် ငါ့ကို မသိမမြင်ပဲလျက်သာလျှင် ‘ဟယ် မာရ်ယုတ်.. ထွက်လော့၊ ဟယ် မာရ်ယုတ်.. ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အတွက်တာ ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန်, ဆင်းရဲရန် မဖြစ်စေလင့်’ဟု ဆို၏။ ထိုရဟန်း၏ဆရာ မြတ်စွာဘုရားသော်မှလည်း ငါ့ကို လျင်မြန်စွာ မသိနိုင်လေရာ၊ တပည့်သာဝကဖြစ်သော ဤရဟန်းကား ငါ့ကို အဘယ်မှာ သိနိုင်လိမ့်မည်နည်း’ဟု ဤသို့ အကြံအစည် ဖြစ်ဘိ၏”ဟူ၍ မိန့်ဆိုတော်မူ၏။
ထိုအခါ မာရ်နတ်ယုတ်၏ စိတ်သန္တာန်ဝယ် “ဤရဟန်းသည် ငါ့ကို တကယ်ပင် သိမြင်၍သာလျှင် ‘ဟယ် မာရ်ယုတ်.. ထွက်လော့၊ ဟယ် မာရ်ယုတ်.. ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အတွက်တာ ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန်, ဆင်းရဲရန် မဖြစ်စေလင့်’ဟု ပြောဆိုခြင်း ဖြစ်လေသည်”ဟူ၍ အကြံအစည်ဖြစ်ပြီးလျှင် မာရ်နတ်သည် အရှင်မဟာမောဂ္ဂလန် မထေရ်၏ ခံတွင်းမှထွက်၍ တံခါးရွက်၏ အပြင်ဖက်၌ ရပ်တည်ကာ နေလေ၏။
အရှင်မဟာမောဂ္ဂလာန် မထေရ်သည် တံခါးရွက်၏ အပြင်ဖက်၌ ရပ်တည်ကာနေသော မာရ်နတ်ကို မြင်တော်မူ၍ ထိုမာရ်နတ်ကို “ဟယ် မာရ်ယုတ်.. ဤနေရာ၌လည်း သင့်ကို ငါမြင်၏။ ‘ဤရဟန်းသည် ငါ့ကို မမြင်’ဟု သင် မမှတ်လင့်။ ဟယ် မာရ်ယုတ်.. ထိုသင်သည်ကား ယခုအခါ တံခါးရွက်၏ အပြင်ဖက်၌ ရပ်တည်ကာ နေ၏”ဟူ၍ မိန့်ဆိုတော်မူပြီးလျှင် မထေရ်မြတ်၏ စိတ်သန္တာန်ဝယ်-
“လူတို့၏ ကိုယ်အနံ့သည် ယူဇနာတရာ ဝေးကွာသော အရပ်၌ တည်နေကြသော အာကာသဇိုဝ်းနတ်တို့အား
၆၅၉
ဆင်းရဲဒုက္ခကို ဖြစ်စေ၏။ (ဒီ၊ ၂၊ ၂၆၀-၌ ကြည့်လေ)။ သို့စေကာမူ ဤမာရ်နတ်သည် ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ကြီးသား အလွန်နုနယ် စင်ကြယ်လှငြား တန်ခိုးအာနုဘော် ကြီးမားသည့် နတ်မင်းတဦးဖြစ်ပါလျက် ငါ၏ဝမ်းသို့ ဝင်ပြီးလျှင် အူတို့၏အတွင်း အစာဟောင်းအိမ်ထက်၌ ထိုင်နေသည်မှာ ငါ့အပေါ်၌ အလွန့်အလွန် ပြစ်မှားမည့်သူ့ ဖျက်ဆီးမည့်သူ ဖြစ်ပေလိမ့်မည်။ သို့စင်မျှ စက်ဆုပ်ရွံရှာဖွယ်ရာ အရပ်သို့ ဝင်ရောက်၍ ထိုင်နေနိုင်သော ထိုမာရ်နတ်၏အဖို့ရာ အခြားမပြုဝံ့သော အရာဟူ၍ အဘယ်မှာ ရှိချိမ့်မည်နည်း၊ အခြားသူတယောက်ကို အဘယ်မှာ ရှက်နိုးချိမ့်မည်နည်း (=မည်သည့်အမှုကိုမဆို ပြုဝံ့လိမ့်မည်သာဖြစ်၏။ မည်သူ့ကိုမျှ ရှက်နိုးလိမ့်မည်မဟုတ်)။ ဤလောက၌ “သင်ကား ငါ့ဆွေမျိုးဖြစ်သည်”ဟူ၍ ပြောဆိုအပ်သည်ရှိသော် နူးညံ့ခြင်း သို့ မရောက်သောသူမည်သည် မရှိ။ သို့ရကား ငါသည် ထိုမာရ်နတ်အား ယခုအခါ ဆွေမျိုးအဖို့အစုကို သိစေပြီးလျှင် နူးညံ့သိမ်မွေ့သော ဥပါယ်တမျဉ်ဖြင့်သာလျှင် ထိုမာရ်နတ်ကို လွတ်စေတော့မည်”-
ဟူ၍ အကြံအစည်ဖြစ်လေ၏။ ထိုသို့ အကြံအစည်ဖြစ်ပြီးနောက် မိမိ၏ ရှေးကံအကြောင်း မကောင်းမှုကို ဖော်ပြတော်မူလျက်၏ ဆိုလတ္တံ့သောအတိုင်း မာရ်နတ်အား မိမိ၏ တူတယောက်ဖြစ်ကြောင်း ဆွေမျိုးစပ်တရား ဟောကြားတော်မူလေ၏-
အရှင်မဟာမောဂ္ဂလာန်၏ ရှေးမကောင်းမှု
ဟယ် မာရ်ယုတ်.. ရှေး (ကကုသန်ဘုရား လက်ထက်)၌ဖြစ်ဘူး အကြောင်းထူးတခု ရှိသည်။ ငါသည် ထိုကကုသန်မြတ်စွာဘုရား လက်ထက်တော်အခါက ဒူသီ-မည်သော မာရ်နတ် ဖြစ်ခဲ့ဘူးပြီ။ ထိုအခါ ငါ၏နှမကား ကာဠီအမည်ရှိ၏၊ သင်ကား ထိုငါ၏နှမ ကာဠီ၏သားဖြစ်သည်၊ (သို့ရကား) သင်သည် ငါ၏တူ (နှမ၏သား) ဖြစ်ခဲ့လေပြီ။
၆၆၀
(ဤစကားရပ်ကို အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်သည် ဆွေမျိုးအစဉ်အဆက် = ပဝေဏီအစွမ်းအားဖြင့် မိန့်ဆိုတော်မူအပ်လေသည်။ အနည်းငယ် ထင်ရှားစေဦးအံ့ (လူ့ပြည်လောက၌ ခမည်းတော်၏ အနွယ်အစဉ်, ဘိုးတော်၏ အရွယ်အစဉ် ရာဇဝံသဖြစ်သောသူသည် ခမည်းတော် ဘိုးတော်၏ အရိုက်အရာ မင်းအဖြစ်ကို ခံယူကာ မင်းပြုသကဲ့သို့) နတ်ပြည်လောက၌ ရာဇဝင် အစဉ်အဆက်အားဖြင့် မင်းပြုသောဟူ၍ မရှိချေ။ စင်စစ်သော်ကား နတ်မင်းဖြစ်ထိုက်သော ကောင်းမှုကုသိုလ်ရှင် ဖြစ်သောသူသည် မိမိပြုအပ်သော ကောင်းမှု၏အစွမ်းဖြင့် နတ်ပြည်၌ နတ်မင်းဖြစ်၍ အသက်ထက်ဆုံး တည်ပြီးလျှင် နတ်သက်ကြွေ စုတေလေ၏၊ ထိုနတ်မင်း စုတေပြီးနောက် အခြားနတ်မင်းဖြစ်ထိုက်သည့် ကောင်းမှုကုသိုလ်ရှင် သတ္တဝါတယောက်သည် မိမိပြုအပ်သော ကောင်းမှုကုသိုလ်ကံကြောင့် ထိုနတ်မင်း၏ နေရာ၌ နတ်မင်း ဖြစ်လာလေသည်။ ဤနည်းဖြင့် ယခု ဝသဝတ္တီမာရ်နတ်မင်းသည်လည်း ထိုစဉ်အခါ ဒူသီမာရ်နတ်မင်း၏ တူဖြစ်ခဲ့၍ ထိုဘဝမှ စုတေပြီးလျှင် တဖန် ကုသိုလ်ကောင်းမှုကိုပြု၍ ယခုအခါ ထိုမာရ်နတ်မင်းနေရာ၌ ဖြစ်လာသူ ဖြစ်လေသည်။ ထိုစဉ်က ဒူသီမာရ်နတ်မင်း၏ တူဖြစ်သောနတ်က ယခုအချိန်တိုင် နတ်သက်မကြွေ မစုတေပဲ တည်နေသည်မဟုတ်)။
အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ဤကဲ့သို့ မာရ်နတ်ကို ထိုစဉ်အခါက မိမိ၏ (နှမ၏သား) တူဖြစ်ခဲ့ကြောင်း ဆွေမျိုးစပ်စကား ဟောကြားတော်မူပြီးနောက် တဖန်ဆက်၍ မိမိသည် ထိုစဉ်အခါက ဒူသီမာရ်နတ်ဖြစ်ကာ အလွန်ကြီးလေးသော မကောင်းမှု အကုသိုလ်ကံကို ပြုမှားခဲ့၍ ငရဲ၌ကျရောက်ကာ လွန်စွာဆင်းရဲခဲ့ရကြောင်း မာရ်နတ်အား အကျယ်တဝင့် ဟောကြားတော်မူလေသည်၊ ထိုအကျယ်ဖြစ်သော စကားရပ်ကို ပိဋကတ်မြန်မာပြန် မူလပဏ္ဏာသပါဠိ စာမျက်နှာ ၄၂ ၁-မှ စ၍ ကြည့်ရှုမှတ်သားရာ၏၊ ဤ၌ကား အကျဉ်းမျှ ဖော်ပြပေအံ့-
ဟယ် မာရ်ယုတ်.. ထိုသို့ ငါဒူသီမာရ်နတ် ဖြစ်စဉ်အခါ လောက၌ ကကုသန်မြတ်စွာဘုရားသည် ပွင့်တော်မူဆဲဖြစ်၏။ ကကုသန် မြတ်စွာဘုရားမှာ ဝိဓုရမထေရ်နှင့် သဉ္ဇီဝမထေရ်ဟူ၍ အဂ္ဂသာဝကအစုံ ရှိခဲ့လေသည်။
၆၆၁
ဝိဓုရမည်ခြင်းအကြောင်း
ဟယ်မာရ်ယုတ်.. ကကုသန် မြတ်စွာဘုရား၏ တပည့်သာဝက အများအပြား ရှိကြသည့်အနက် ဝိဓုရမထေရ်သည် ဓမ္မဒေသနာ ပညာအားဖြင့် အသာဆုံး အမြတ်ဆုံး ဖြစ်လေသည်။ ထို့ကြောင့်ပင် ထိုမထေရ်၏ အမည်သည် “ဝိဓုရ”မထေရ်ဟု မည်တွင်လေသည်။ (ဝိဓုရ = ပညာရှိသောမထေရ်ဟု ဆိုလိုသည်)။
သဉ္ဇီဝမထေရ် မည်ခြင်းအကြောင်း
ဟယ်မာရ်ယုတ်.. အရှင်သဉ္ဇီဝမထေရ်သည် တော၌ နေသည်ဖြစ်စေ, သစ်ပင်ရင်း၌ ချဉ်းကပ် နေထိုင်သည်ဖြစ်စေ, ဆိတ်ငြိမ်ရာအရပ်၌ ကပ်ရောက်နေထိုင်သည်ဖြစ်စေ မငြိုမငြင် မပင်မပန်း အလွယ်တကူ နိရောဓသမာပတ်ကို ၀င်စားလေ့ရှိတော်မူ၏။ တချိန်က သဉ္ဇီဝမထေရ်သည် သစ်ပင်ရင်းတခု၌ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေတော်မူသောအခါ နွားကျောင်းသား ဆိတ်ကျောင်းသား လယ်သမား ခရီးသွား လူအများတို့ မြင်ကြသဖြင့် “အချင်းတို့.. အံ့ဩဖွယ်ရှိပါပေစွာ့၊ မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ ဤရဟန်းသည် ထိုင်လျက်သာ ကွယ်လွန်လေပြီ၊ ကိုင်း.. ထိုရဟန်း၏ ဥတုဇရုပ်အလောင်းကို ငါတို့ မီးသင်္ဂြိုဟ်ကြကုန်စို့”ဟု ကြံစည် တိုင်ပင်ကြပြီးလျှင် မြက်, ထင်း, နွားချေးခြောက်များကို ရသမျှ စုရုံးသယ်ယူခဲ့ကြ၍ အရှင်သဉ္ဇီဝ၏ ကိုယ်ပေါ်၌ စုပုံပြီးလျှင် မီးတိုက်၍ ဖဲသွားကြလေကုန်၏။
(နိရောဓသမာပတ် ဝင်စားသော အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်တို့မှာ သမာပတ် မဝင်စားမီကပင် ကြိုတင်၍ အဓိဋ္ဌာန်ပြုထားချက်အရ (၁) မိမိကိုယ်မှ အသီးအခြားဖြစ်၍နေသော မိမိပိုင် အသုံးအဆောင်များကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ကြကုန်။ (၂) သမာပတ်ဝင်စားစဉ်အတွင်း မြတ်စွာဘုရားရှင်က အလိုတော်ရှိ၍ တမန်ရဟန်းကို စေလွှတ်ကာ ခေါ်တော်မူလျှင် ထိုတမန်ရဟန်း မိမိထံမှောက်သို့ မရောက်မီပင် ကြိုတင်၍ သမာပတ်မှ ထ-နှင့်တော်မူကြသည်။ မြတ်စွာဘုရား၌ အလွန်ရိုသေမှုဖြစ်သည်။ (၃) သံဃာတော်က တစုံတခုသော သံဃကိစ္စအတွက် မိမိကို အလိုရှိ၍ တမန်ရဟန်းလွှတ်ကာ ခေါ်ငင်လျှင်
၆၆၂
ထိုတမန်ရဟန်း မိမိထံမှောက်သို့ လာရောက်၍ မခေါ်မီပင် ကြိုတင်၍ သမာပတ်မှ ထ-နှင့်တော်မူကြသည်၊ သံဃာတော်၌ အလွန်ရိုသေမှု ဖြစ်သည်။ (၄) သမာပတ်မဝင်စားမီ ကြိုတင်၍ မိမိ၏ အာယုသင်္ခါရ = ဇီဝိတသန္တာန်အစဉ်ကို ဆင်ခြင် ကြည့်ရှုပြီးမှ အာယုသင်္ခါရ = ဇီဝိတသန္တာန်အစဉ် မပြတ်စဲမီ အချိန်ကိုပိုင်း၍ သမာပတ် ဝင်စားတော်မူကြသောကြောင့် သမာပတ်ဝင်စားစဉ်အတွင်း၌ ပရိနိဗ္ဗာန်ဝင်စံခြင်း ကွယ်လွန်ခြင်း အလျှင်းပင် မရှိကြချေ။ မိမိကိုယ်၌ ကပ်ငြိတည်နေသော ပရိက္ခရာတို့ကိုကား အဓိဋ္ဌာန်မှု သီးခြားမပြုရပဲ သမာပတ်၏ တန်ခိုးကြောင့် ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ကြချေ၊ ထို့ကြောင့် ယခု အရှင်သဉ္ဇီဝမထေရ်ကို နွားကျောင်းသား ဆိတ်ကျောင်းသား လယ်သမား ခရီးသွား လူအများတို့က မီးရှို့ကြသော်လည်း သင်္ကန်းတော် ချည်မျှင်တမျှင်ကိုမျှ မီးမလောင်ကျွမ်းနိုင်ချေ။)
ဟယ်မာရ်ယုတ်.. ထိုအခါ အရှင်သဉ္ဇီဝမထေရ်သည် ထိုညဉ့်လွန်မြောက် နောက်တနေ့နံနက် ရောက်သောအခါ နိရောဓသမာပတ်မှ ထတော်မူ၍ ပေါက်ပွင့်အဆင်း အခိုးကင်းသည့် ခြင်းခြင်းနီသော မီးကျီး၌ နင်းကြွတော်မူကာ သင်္ကန်းတို့ကို ခါပြီးလျှင် နံနက်ခင်းအခါ ရွာတွင်းသို့ ဆွမ်းခံဝင်ကြွတော်မူလေသည်။ ဟယ် မာရ်ယုတ်.. ယမန်နေ့က မီးရှို့ခဲ့ကြသော နွားကျောင်းသား ဆိတ်ကျောင်းသား လယ်သမား ခရီးသွား ထိုလူများသည် အရှင်သဉ္ဇီဝမထေရ် ဆွမ်းခံကြွဝင်လာသည်ကို မြင်ကြ၍ တအံ့တဩ ဖြစ်ရှိကြကာ “အချင်းတို့.. အံ့ဖွယ်ရှိပါပေစွာ့၊ မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ ဤရဟန်းသည် ထိုင်လျက်ပင် ကွယ်လွန်တော်မူခဲ့ပြီး ဖြစ်ပါလျက် ယခုတဖန် အသက်ရှင်၍ လာပြန်ချေပြီ”ဟု ချီးမွမ်းစကား ပြောကြားကြလေသည်။ ဟယ်မာရ်ယုတ်.. ဤကဲ့သို့ လူအပေါင်းတို့က “ပဋိသဉ္ဇီဝိတော = အသက်တဖန် ပြန်၍ ရှင်လာပြန်ချေပြီ”ဟု ပြောဆိုကြခြင်း အကြောင်းရင်းကြောင့် ထိုမထေရ်၏ အမည်သည် “သဉ္ဇီဝမထေရ်”ဟု မည်တွင်လေသည်။ (သဉ္ဇီဝ = တဖန်ပြန်၍ အသက်ရှင်လာသော မထေရ်-ဟု ဆိုလိုသည်။)
၆၆၃
ဒူသီမာရ်နတ်၏ ယုတ်ညံ့သော အကြံအစည်နှင့် လုပ်ကိုင်ဆောင်ရွက်ချက်များ
ဟယ်မာရ်ယုတ်.. ထိုအခါ ဒူသီမာရ်နတ်၏ စိတ်သန္တာန်ဝယ် “ငါသည် သီလရှိသူ, ကောင်းသော သဘောရှိသူ ဤရဟန်းတို့၏ (ပဋ္ဋိသန္ဓေနှင့်စပ်၍) လာရာအရပ်ကို၎င်း, (စုတိနှင့်စပ်၍) သွားရာအရပ်ကို၎င်း မသိရချေ။ ငါသည် ပုဏ္ဏားသူကြွယ်တို့ကို “အမောင်တို့.. လာကြလော့၊ သင်တို့သည် သီလရှိသူ, ကောင်းသော သဘောရှိသူ ရဟန်းတို့ကို ဆဲရေးကြကုန်လော့၊ ရေရွတ်ကြကုန်လော့၊ ချုတ်ချယ်ကြကုန်လော့၊ ညှဉ်းပန်းကြကုန်လော့၊ အမောင်တို့က ဆဲရေးရေရွတ် ချုတ်ချယ် ညှဉ်းပန်းအပ်ကုန်သည်ရှိသော် ထိုရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်လေရာ၏၊ ယင်းစိတ် ဖောက်ပြန်ခြင်းဟူသော အကြောင်းကြောင့် ဒူသီမာရ်နတ်သည် မငဲ့မထောက် ရန်ပြုရန် အခွင့်အပေါက်ကို ရတန်လေရာ၏”ဟူသော ရည်ရွယ်ချက်ဖြင့် အထင်မှားအောင် လှည့်ပတ်ရမူ ကောင်းလေစွာ့”ဟူ၍ အကြံအစည် ဖြစ်လေသည်။
(ဤ၌။ ။ဒူသီမာရ်နတ်၏ အကြံအစည်ဖြစ်ပုံကို ပါဠိတော်ရှိတိုင်း ပိဋကတ်မြန်မာပြန်လာတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်၊ မထင်ရှားလှချေ။ စင်စစ်သော်ကား “ငါသည် သီလရှိသူ, ကောင်းသောသဘောရှိသူ ဤရဟန်းတို့၏ လာရာအရပ်ကို၎င်း, သွားရာအရပ်ကို၎င်း မသိရချေ။ ငါသည် ပုဏ္ဏားသူကြွယ်တို့ကို အချင်းချင်း “အမောင်တို့ လာကြလော့၊ သင်တို့သည် သီလရှိသူ, ကောင်းသော သဘောရှိသူဟု အများက ခေါ်ဆိုကြသည့် ဤရဟန်းတို့ကို ဆဲရေးကြလော့၊ ရေရွတ်ကြလော့၊ ချုတ်ချယ်ကြလော့၊ ညှဉ်းပန်းကြလော့”ဟု ပြောကြားကြလေအောင် ပြောကြားကြသည့်အတိုင်းလည်း ဆဲရေးစကား ရေရွတ်စကား ချုတ်ချယ်စကား ညှဉ်းပန်းစကား ပြောကြားကြလေအောင် လှည့်ပတ်ဖြားယောင်းရမူ ကောင်းလေစွာ့၊ ထိုသို့ လှည့်ပတ်ဖြားယောင်းအပ်သဖြင့် ထိုပုဏ္ဏားသူကြွယ်တို့က ဆဲရေးစကား ရေရွတ်စကား ချုတ်ချယ်စကား ညှဉ်းပန်းစကား ပြောကြားအပ်ကုန်သည်ရှိသော် ထိုရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်လေရာ၏၊ ယင်း စိတ်ဖောက်ပြန်မှုဟူသော အကြောင်းကြောင့် ဒူသီမာရ်နတ်သည် ရန်ပြုနိုင်ရန်
၆၆၄
အခွင့်အပေါက်ကို ရလေရာ၏”ဟူ၍ အကြံအစည် ဖြစ်လေသည်။ ။ဤကဲ့သို့ဆိုမှ တကယ်ဖြစ်ရပ်နှင့် သင့်တင့် လျောက်ပတ်နိုင်ပေမည်)။
ဟယ်မာရ်ယုတ်.. ထိုသို့ အကြံအစည်ဖြစ်ပြီးနောက် ဒူသီမာရ်နတ်သည် မိမိ ကြံစည်သည့်အတိုင်း ပုဏ္ဏားသူကြွယ်တို့ အထင်မှားအောင် လှည့်ပတ်ဖြားယောင်းမှုကို ပြုလေတော့၏။ (လှည့်ပတ်ပုံအကျယ် နောက်၌ ထင်ရှားလတ္တံ့)။ ဟယ်မာရ်ယုတ်.. ထိုအခါ ထိုပုဏ္ဏားသူကြွယ်တို့သည် ဒူသီမာရ်နတ် အလှည့်ပတ် ခံရကုန်သည်ဖြစ်၍ သီလရှိသူ, ကောင်းသောသဘောရှိသူ ရဟန်းတို့ကို (ဤဆိုလတ္တံ့သောအတိုင်း) ဆဲရေးစကား ရေရွတ်စကား ချတ်ချယ်စကား ညှဉ်းပန်းစကား ပြောကြားကြလေကုန်၏။ ပြောကြားကြပုံမှာ-
“အောက်တန်းစား အသက်မွေးမှုရှိကုန်သော မည်းညစ်သော ဇာတ်သဘောရှိကုန်သော ဗြဟ္မာမင်း၏ခြေဖမိုးမှ ဖြစ်ကုန်သော ဤဦးပြည်းယုတ် ရဟန်းယုတ်တို့သည် ‘ငါတို့ကား ဈာန်ဝင်စားသူတို့ ဖြစ်ကုန်၏၊ ငါတို့ကား ဈာန်ဝင်စားသူတို့ ဖြစ်ကုန်၏’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးလံ ထိုင်းမှိုင်းကြကုန်လျက် ကြံမှိုင်၍သာ နေကြကုန်၏။
ဥပမာသော်ကား.. ခင်ပုပ်ငှက်သည် သစ်ခက်အကြား၌ ကြွက်ကိုရှာမှီးလျက် ကြံမှိုင်၍ နေဘိသကဲ့သို့၎င်း, မြေခွေးသည် မြစ်ကမ်း၌ ငါးတို့ကို ရှာမှီးစောင့်စားလျက် ကြံမှိုင်၍ နေဘိသကဲ့သို၎င်း, ကြောင်သည် အိမ်ခြံစပ် မစင်အညစ်အကြေးထွက်ရာမြောင်း အမှိုက်စွန့်ရာအရပ်၌ ကြွက်ကို ရှာမှီးစောင့်စားလျက် ကြံမှိုင်၍ နေဘိသကဲ့သို့၎င်း, မြည်း (=လား)သည် ကျောက်ကုန်းပေါက်သော် အိမ်ခြံစပ် မစင်အညစ်အကြေးထွက်ရာမြောင်း အမှိုက်စွန့်ရာအရပ်၌ ကြံမှိုင်၍ နေဘိသကဲ့သို့၎င်း ဤအတူပင် အောက်တန်းစား အသက်မွေးမှုရှိကုန်သော မည်းညစ်သော ဇာတ်သဘောရှိကုန်သော ဗြဟ္မာမင်း၏
၆၆၅
ခြေဖမိုးမှ ဖြစ်ကုန်သော ဤဦးပြည်းယုတ် ရဟန်းယုတ်တို့သည် ‘ငါတို့ကား ဈာန်ဝင်စားသူတို့ ဖြစ်ကုန်၏၊ ငါတို့ကား ဈာန်ဝင်စားသူတို့ ဖြစ်ကုန်၏’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးလံ ထိုင်းမှိုင်းကြကုန်လျက် ကြံမှိုင်၍သာ နေကြကုန်၏”-
ဟူ၍ ဆဲရေးစကား ရေရွတ်စကား ချုတ်ချယ်စကား ညှဉ်းပန်းစကား ပြောကြားကြလေကုန်၏။
ဟယ်မာရ်ယုတ်.. ထိုအခါ သေသောလူတို့သည် များသောအားဖြင့် ကိုယ်ခန္ဓာပျက်ကြွေ စုတေသည်မှနောက်၌ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် = အပါယ်လေးဘုံသို့ ဘဝပဋိသန္ဓေ ကပ်ရောက်ရလေကုန်၏။
[ဤအရာဝယ် လူအများ အပါယ်လေးဘုံသို့ ကပ်ရောက်ရလေကုန်၏ဟု ဆိုရာ၌ မှတ်ဖွယ်အထူးကား-
ဒူသီမာရ်နတ်သည် အကယ်၍ လူတို့၏ကိုယ်၌ ပူးဝင်၍ ဆဲရေး ရေရွတ် ချွတ်ချယ် ညှဉ်းပန်းမှုကို ပြုခဲ့သည်ရှိသော် (လူတို့မှာ ထိုသို့ ဆဲရေးစကား ပြောကြားလိုသော အလိုဆန္ဒ လုံးဝမရှိသောကြောင့်) လူတို့မှာ အကုသိုလ် မဖြစ်လေရာ၊ ဒုသီမာရ်နတ်မှာသာ အကုသိုလ်ဖြစ်လေရာ၏။ (လူတို့မှာ အကုသိုလ်မဖြစ်ခဲ့သော် အပါယ်သို့ မကျနိုင်လေရာ။)
စင်စစ်သော်ကား ထိုစဉ်အခါ ဒူသီမာရ်နတ်သည် လူတို့၏ကိုယ်၌ မပူးဝင်ပဲ မြင်ကြသူတို့ စိတ်နှလုံးမသာမယာ ဖြစ်လေအောင် ရဟန်းတို့၏အနီး၌ မိန်းမပုံပန်းသဏ္ဌာန်ကို၎င်း, ရဟန်းမတို့၏အနီး၌ ယောက်ျားပုံပန်းသဏ္ဌာန်ကို၎င်း ထိုမှတပါး ရဟန်းတို့နှင့် မလျောက်ပတ်သည့် ဝိသဘာဂအာရုံ အမျိုးမျိုးကို ပြလေသည်။ ပြပုံမှာ.. ထိုစဉ်အခါ ဒူသီမာရ်နတ်သည် ဆောင်းကိုကိုင်၍ ရဟန်းများ ငါးဖမ်းနေသည့်ပုံဟန်, ပိုက်ကွန်ကိုပစ်၍ ရဟန်းများ ငါးဖမ်းနေသည့်ပုံဟန်, နှဲကော*ကိုစိုက်၍ ရဟန်းများ ငှက်ထောင်နေကြသည့်ပုံဟန်, ခွေးအုပ်ကြီးဖြင့် တောအရပ်၌ ရဟန်းများ သားကောင်လိုက်၍ နေကြသည့်ပုံဟန်, မာတုဂါမများကို ခေါ်ဆောင်ကာ သေတင်းကုပ် (=ထန်းရေဆိုင် အရက်ဆိုင်)၌
* နှဲကော = ညောင်စေးစသည် သုတ်၍ ငှက်ထောင်သော ဒုတ်ချောင်းတမျိုး။
၆၆၆
ရဟန်းများ ထိုင်နေကြသည့်ပုံဟန်, က-ခုန်နေကြသည့်ပုံဟန်, သီချင်းသီဆိုနေကြသည့်ပုံဟန်, ရဟန်းမတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာ အရပ်တို့၌ ယောက်ျားပျိုများ ထိုင်နေကြသည့်ပုံဟန်, ရပ်နေကြသည့် ပုံဟန်များကို ပြု၍ ပြလေသည်။ (ဤကား ဒူသီမာရ်နတ်၏ လှည့်ပတ်ဖြားယောင်းပုံတည်း)။
လူတို့သည် တောသို့ သွားကြကုန်သော်၎င်း, ဥယျာဉ်သို့ သွားကြကုန်သော်၎င်း, ကျောင်းသို့ သွားကြကုန်သော်၎င်း နှလုံးမသာယာဖွယ် ထိုအာရုံများကို မြင်ကြရ၍ အိမ်သို့ပြန်လာပြီးလျှင် အခြားတပါးသော လူများအား “အမောင်တို့.. ရဟန်းတို့သည် ဤသို့ သဘောရှိသော ရဟန်းတို့မလုပ်ရမည့် မလျောက်ပတ်သော အမှုကို ပြုလုပ်ကြကုန်၏။ ထိုသူတို့အား ပေးအပ်သည်ရှိသော် အဘယ်မှာလျှင် ကုသိုလ်ဖြစ်နိုင်အံ့နည်း၊ ထိုရဟန်းတို့အား တစုံတခုကိုမျှ မပေးကြကုန်လင့်”ဟု ပြောဆိုကြကုန်၏။
ဤသို့လျှင် ထိုလူများသည် ရဟန်းတို့ကို မြင်တိုင်း မြင်တိုင်းသော အရပ်ဌာန၌ ဆဲရေးစကား ပြောကြားကြကာ အကုသိုလ်တရားကို ပွါးစေကြ၍ အပါယ်လေးဘုံသို့ ဘဝပဋိသန္ဓေ ကပ်ရောက်ကြရလေသည်]။
ဟယ် မာရ်ယုတ်.. ထိုသို့ ဒူသီမာရ်နတ် (အကြည်ညိုမဲ့အောင်) လှည့်ပတ် ဖြားယောင်းအပ်သောအခါ ကကုသန်မြတ်စွာဘုရားရှင်သည် တပည့်ရဟန်းအပေါင်းကို ဒူသီမာရ်နတ် လှည့်ပတ်ဖြားယောင်းအပ်သဖြင့် ပုဏ္ဏားသူကြွယ်တို့ ဆဲရေးရေရွတ်စကား ပြောကြားကြခြင်း ဖြစ်ကြောင်းကို မိန့်တော်မူပြီးလျှင် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မဝိဟာရဈာန်လေးပါးကို ပွါးများနေထိုင်ကြရန် အဆုံးအမ ဩဝါဒပေးတော်မူသဖြင့် ရဟန်းတော်တို့သည် မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒအတိုင်း ဗြဟ္မဝိဟာရ ဈာန်လေးပါးကို ပွါးများနေထိုင်ကြလေကုန်၏။
ဟယ် မာရ်ယုတ်.. ထိုအခါ ဒူသီမာရ်နတ်၏ စိတ်သန္တာန်ဝယ် “ငါသည် ဤနည်းဖြင့် ပြုသော်လည်း ရဟန်းတို့၏ လာရာအရပ် သွားရာအရပ်ကို မသိနိုင်ချေ၊ ငါသည် ပုဏ္ဏားသူကြွယ်တို့ကို ရဟန်းများအား ရိုသေလေးမြတ် ကော်ရော်ပူဇော်မှု ပြုလုပ်ကြအောင် လှည့်ပတ်ဖြားယောင်းရမူ ကောင်းလေစွာ့၊ ယင်းသို့
၆၆၇
လှည့်ပတ်ဖြားယောင်းအပ်သဖြင့် ပုဏ္ဏားသူကြွယ်တို့က ရိုသေလေးမြတ် ကော်ရော်ပူဇော်မှု ပြုအပ်သည်ရှိသော် ထိုရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်လေရာ၏။ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် ရန်ပြုနိုင်ရန် အခွင့်အပေါက်ကို ရလေရာ၏”ဟု အကြံအစည်ဖြစ်ပြီးလျှင် ထိုသို့ ကြံစည်သည့်အတိုင်း ရဟန်းများအား ပုဏ္ဏားသူကြွယ်တို့က ရိုသေလေးမြတ် ကော်ရော်ပူဇော်မှု ပြုလုပ်လာကြအောင် လှည့်ပတ်ဖြားယောင်းလေ၏။ (လှည့်ပတ်ပုံ နောက်၌ ထင်ရှားလတ္တံ့)။
ဟယ် မာရ်ယုတ်.. ထိုသို့ ဒူသီမာရ်နတ် လှည့်ပတ်ဖြားယောင်းသောအခါ ထိုပုဏ္ဏား သူကြွယ်တို့သည် ရဟန်းတို့ကို ရိုသေမှု, လေးနာမှု, မြတ်နိုးမှု, ပူဇော်မှုကို ပြုကြလေကုန်၏။
ဟယ် မာရ်ယုတ်.. သေသောလူတို့သည် များသောအားဖြင့် နတ်ရွာသုဂတိသို့ ဘဝပဋိသန္ဓေ ကပ်ရောက်ရလေကုန်၏။
[ဤအရာဝယ် လူအများ သုဂတိဘုံသို့ ကပ်ရောက်ရကုန်၏-ဟု ဆိုရာ၌ မှတ်ဖွယ်အထူးကား-
ရှေး (အကြည်ညိုမဲ့အောင် ပြုလုပ်သောအခဏ်း)၌ ဆိုအပ်ခဲ့သည့်အတိုင်း ဒူသီမာရ်နတ်သည် လူအများ နှလုံးမသာယာမှုကို ပြုလုပ်တတ်သော အာရုံအမျိုးမျိုးကို ဖန်ဆင်း၍ ပြသကဲ့သို့ ဤ(ကြည်ညိုအောင် ပြုလုပ်သော အခဏ်း)၌လည်း ကြည်ညိုဖွယ်ဖြစ်အောင် ပြုလုပ်တတ်သော အာရုံအမျိုးမျိုးကို ဖန်ဆင်းပြုလုပ်၍ ပြလေသည်။ ပြပုံမှာ-
ဒူသီမာရ်နတ်သည် ထိုအခါ၌ လူအများ မြင်လောက်သောအရပ်၌ ကောင်းကင်၌ ရဟန်းများ ပျံသွားကြသည့်ပုံဟန်, ရပ်တည်ကြသည့် ပုံဟန်, ထက်ဝယ် (=တင်ပလ္လင်)ဖွဲ့ခွေ ထိုင်နေကြသည့်ပုံဟန်, ကောင်းကင်၌ ရဟန်းများ သင်္ကန်းချုပ်၍ နေကြသည့်ပုံဟန်, စာပေပို့ချ၍ နေကြသည့်ပုံဟန်, ကောင်းကင်၌ သင်္ကန်းကိုဖြန့်၍ မိမိကိုယ်ကို ဥတုအငွေ့ ယူနေကြသည့်ပုံဟန်, ရဟန်းပြုသစ်စ ပုဂ္ဂိုလ်များ ကောင်းကင်ခရီးဖြင့် ကြွသွားကြသည့်ပုံဟန်, ကိုရင်ငယ်ကလေးများ ကောင်းကင်၌ ရပ်တည်ကြကာ ပန်းများကို ဆွတ်ခူးနေကြသည့်ပုံဟန်
၆၆၈
စသည်များကို ဖန်ဆင်းပြုလုပ်၍ ပြသလေသည်။ (ဤကား ဒုသီမာရ်နတ်၏ လှည့်ပတ်ဖြားယောင်းပုံတည်း)။
လူတို့သည် တောသို့ သွားကြကုန်သော်၎င်း, ဥယျာဉ်သို့ သွားကြကုန်သော်၎င်း, ကျောင်းသို့ သွားကြကုန်သော်၎င်း ရဟန်းတို့၏ ထိုအကျင့်ပဋိပတ်ကို မြင်ကြရ၍ အိမ်သို့ ပြန်လာပြီးလျှင် အခြားတပါးသော လူများအား “အမောင်တို့.. ရဟန်းတို့တွင် အယုတ်သဖြင့် သာမဏေငယ်များသော်မှလည်း ဤသို့ ဤသို့ တန်ခိုးအာနုဘော် ကြီးမြတ်ကြကုန်၏။ ထိုရဟန်းတို့အား လှူဒါန်းအပ်သော အလှူဒါနသည် အကျိုးကြီးမြတ်လှဘိ၏၊ ထိုရဟန်းတို့အား လှူကြကုန်လော့၊ ရိုသေမှု ပြုကြကုန်လော့”ဟု ပြောဆိုကြကုန်၏။
ထိုအခါ၌ လူတို့သည် ရဟန်းသံဃာကို သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးပါးတို့ဖြင့် ရိုသေကော်ရော် ပူဇော်ကြကုန်လျက် များစွာသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြပြီးလျှင် နတ်ရွာသုဂတိဘုံသို့ ဘဝပဋိသန္ဓေ ကပ်ရောက်ကြရလေသည်]။
ဟယ် မာရ်ယုတ်.. ထိုသို့ ဒူသီမာရ်နတ် (လူအများကြည်ညိုအောင်) လှည့်ပတ် ဖြားယောင်းအပ်သောအခါ ကကုသန်မြတ်စွာဘုရားရှင်သည် တပည့်ရဟန်းအပေါင်းကို ဒူသီမာရ်နတ် လှည့်ပတ် ဖြားယောင်းအပ်သဖြင့် ပုဏ္ဏားသူကြွယ်တို့ ရဟန်းများကို ပစ္စည်းလေးပါးတို့ဖြင့် ရိုသေကော်ရော် ပူဇော်ကြခြင်းဖြစ်ကြောင်းကို မိန့်တော်မူပြီးလျှင် “ရဟန်းတို့.. လာကြလော့၊ သင်တို့သည် ကိုယ်၌ မတင့်တယ်မှု (=အသုဘ)သဘောကို အကြိမ်ကြိမ် ရှုကုန်လျက်၎င်း, အစာအာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိကုန်လျက်၎င်း, အလုံးစုံသောလောက၌ မွေ့လျော်ဖွယ်မရှိဟု အမှတ်ရှိကုန်လျက်၎င်း, အလုံးစုံသော တေဘူမက သင်္ခါရတရားတို့၌ မမြဲခြင်းကို အကြိမ်ကြိမ် ရှုကုန်လျက်၎င်း နေကုန်လော့”ဟူ၍ အဆုံးအမ ဩဝါဒစကားကို မိန့်ကြားတော်မူလေ၏။
ဟယ်မာရ်ယုတ်.. ထိုအခါ ရဟန်းတို့သည် ကကုသန်မြတ်စွာဘုရားရှင် ဆုံးမဩဝါဒ ပေးအပ်သည့်အတိုင်း တောသို့ကပ်ကုန်လျက်၎င်း, သစ်ပင်ရင်းသို့ ကပ်ကုန်လျက်၎င်း, ဆိတ်ငြိမ်ရာသို့ ကပ်ကုန်လျက်၎င်း အသုဘကမ္မဋ္ဌာန်း, အာဟာရေပဋိကူလကမ္မဋ္ဌာန်း,
၆၆၉
သဗ္ဗလောကေအနဘိရတိကမ္မဋ္ဌာန်း, အနိစ္စကမ္မဋ္ဌာန်းတို့ကို စီးဖြန်း အားထုတ်လျက် နေကြကုန်၏။
(ဤ၌။ ။ကကုသန် မြတ်စွာဘုရားရှင်သည် ထိုစဉ်အခါ ဇမ္ဗူဒိပ်ကျွန်းအလုံးကို လှည့်လည်တော်မူလျက် အယုတ်သဖြင့် ရဟန်းနှစ်ပါး သုံးပါးတို့ နေထိုင်ရာအရပ်သို့သော်လည်း ကြွရောက်တော်မူပြီးလျှင် (အံ ၂၊၄၃၃, ၄၃၄-လာအတိုင်း) အကျိုးတရား အသီးသီးကိုပြ၍ ရဟန်းတို့အား ဖော်ပြရာပါ ကမ္မဋ္ဌာန်း ၄-မျိုးကို ဟောကြားတော်မူသည်။ ထိုရဟန်းတို့သည်လည်း ထိုကမ္မဋ္ဌာန်း လေးမျိုးတို့၌ ပဓာနအလုပ် အားထုတ်ကြကာ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကြ၍ အရဟတ္တဖိုလ်၌ တည်ကြလေကုန်သည်)။
ဟယ်မာရ်ယုတ် ထိုမှနောက် အခါတပါးဝယ် ကကုသန် မြတ်စွာဘုရားရှင်သည် အရှင်ဝိဓုရ (လက်ျာရံ) မထေရ်ကို နောက်လိုက်ရဟန်းပြု၍ ရွာတွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူလေသည်။ ထိုအခါ ဒူသီမာရ်နတ်သည် (ပုဏ္ဏားသူကြွယ်တို့က ရဟန်းတို့ကို ဆဲရေးအောင် ပြုလုပ်၍၎င်း, ကြည်ညိုအောင် ပြုလုပ်၍၎င်း လှည့်ပတ်အပ်သော်လည်း ရန်ပြုရန် အခွင့်အပေါက်ကို မရနိုင်ရကား ယခုအခါမှာမူ ကိုယ်တိုင်ပင် လုံ့လကြိုးကုတ် အားထုတ်ကာ ဖျက်ဆီးလိုသဖြင့်) သူငယ်တယောက်၏ ကိုယ်တွင်းသို့ ပူးဝင်ပြီးလျှင် လက်တွင်းတဆုပ်ရှိသော ကျောက်ခဲကို ကောက်ယူကာ အရှင်ဝိဓုရမထေရ်၏ ဦးခေါင်း၌ ပစ်ခတ်မှုကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ပင် ပြုလေတော့၏။ ထိုအခါ အရှင်ဝိဓုရမထေရ်မြတ်၏ ဦးခေါင်းသည် ဦးခေါင်းခွံသို့ ခိုက်ရောက်အောင် ကွဲလေတော့၏။
ဟယ် မာရ်ယုတ်.. ထိုအခါ အရှင်ဝိဓုရ မထေရ်မြတ်သည် ဦးခေါင်းကွဲအက် သွေးတတွေတွေ ယိုစီးကျလျက်ပင်လျှင် (ဣန္ဒြေမပျက်) ကကုသန် မြတ်စွာဘုရားရှင်နောက်သို့ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါတော်မူလေသည်။ ထိုအခါ ကကုသန် မြတ်စွာဘုရားရှင်သည် ဆဒ္ဒန်ဆင်မင်း၏ ကြည့်ခြင်းကဲ့သို့သော ကြည့်ခြင်းမျိုးဖြင့် ကိုယ်တော်အလုံး လှည့်လည်ကာ ကြည့်တော်မူပြီးလျှင် “ဤဒူသီမာရ်နတ်သည် မိမိ၏ အတိုင်းအရှည်ကို မသိစွာ့တကား”ဟု မိန့်ကြားတော်မူလေသည်။ ဟယ် မာရ်ယုတ်..
၆၇၀
ကကုသန်မြတ်စွာဘုရားရှင် ပြန်လှည့်၍ ကြည့်တော်မူသော ခဏမှာပင် ဒူသီမာရ်နတ်သည် ထိုတည်ရာ နတ်လောကမှ လျှောကျ စုတေလေတော့၏၊ ငရဲကြီးသို့လည်း ရောက်ရလေတော့၏။
[ဤ၌။ ။ဆင်ပြောင်၏ ကြည့်ခြင်းကဲ့သို့ ကြည့်တော်မူ၏-ဟူရာဝယ် ဆင်ပြောင်ကြီးသည် ဤမှထိုမှ ပြန်လည်ကြည့်ရှုလိုလတ်သော် လည်ပင်းချည်းသက်သက် မလှည့်ပဲ တကိုယ်လုံးလှည့်၍ ကြည့်သကဲ့သို့၊ ထို့အတူ မြတ်ဘုရားသည်လည်း တကိုယ်လုံးလှည့်၍ ကြည့်တော်မူလေသည်။ ထင်ရှားစေဦး-
ပကတိ လူများအပေါင်း၏ အရိုးများသည် အစွန်းချင်း တေ့ဆက်ကာ တည်ကြလျက် ပစ္စေကဗုဒ္ဓါတို့၏ အရိုးများမှာ ချိတ်ဆက်ဆက်၍ တည်ကြသကဲ့သို့ မြတ်စွာဘုရားရှင်တို့၏ အရိုးများမှာမူ ထိုကဲ့သို့ မဟုတ်ကုန်ချေ၊ မြတ်စွာဘုရားရှင်တို့၏ အရိုးများကား ကွင်းဆက်ဆက်၍ တည်ကြကုန်၏။ ထို့ကြောင့် နောက်သို့ ပြန်၍ ကြည့်သောအခါ၌ လည်ပင်းချည်းသက်သက် မလှည့်နိုင်ပဲ ဆင်ပြောင်ကြီးကဲ့သို့ တကိုယ်လုံးလှည့်၍ ကြည့်တော်မူကြရလေသည်။ ထို့ကြောင့် ကကုသန်မြတ်စွာဘုရားရှင်သည် ယန္တရားစက်ခလုတ်ဖြင့် လှည့်အပ်သော ရွှေရုပ်တုကဲ့သို့ တကိုယ်လုံးလှည့်၍ ကြည့်တော်မူလေသည်။ ထိုသို့ ကြည့်တော်မူပြီးလျှင် ရပ်တည်တော်မူလျက်ပင် “ဤဒူသီမာရ်နတ်သည် မကောင်းမှုကို ပြုသည်ရှိသော် အတိုင်းအရှည်ကို မသိလေ၊ ( အတိုင်းအရှည်ထက်လွန်သော မကောင်းမှုကို ပြုဘိ၏”ဟူ၍ မိန့်တော်မူလေ၏။
“ကကုသန် မြတ်စွာဘုရားရှင် ပြန်လှည့်၍ ကြည့်တော်မူသော ခဏမှာပင် ဒူသီမာရ်နတ်သည် နတ်လောကမှ လျှောကျ စုတေလေတော့၏”ဟူသော စကားရပ်၌ ကကုသန်မြတ်စွာဘုရားရှင် ပြန်လှည့်၍ ကြည့်တော်မူရာ လူ့ပြည်လောက ထိုအရပ်ဌာန၌ပင် စုတေသည်ဟူ၍ မမှတ်ယူရာ၊ မှန်၏- နတ်သက်ကြွေ၍ စုတေသောနတ်သည် (မိမိနတ်ဘုံမှတပါး) ဟူးဟူးငြားငြားအရပ်၌ တည်၍ စုတေရိုးထုံးတမ်းမရှိ၊ ထို့ကြောင့် ဒူသီမာရ်နတ်သည် မိမိစံရာ ဝသဝတ္တီနတ်ပြည်သို့ ပြန်လာ၍ ထိုနတ်ပြည်မှ နတ်သက်ကြွေ စုတေသည်ဟူ၍ မှတ်ယူရာ၏။
ထိုသို့ နတ်သက်ကြွေ စုတေရာမှာလည်း ကကုသန် မြတ်စွာဘုရားရှင်က ပြန်လှည့်၍ ကြည့်တော်မူခြင်းကြောင့် စုတေသည်ဟူ၍ မမှတ်ယူရာ၊ မှန်၏- “ကကုသန်မြတ်စွာဘုရားရှင် ပြန်လှည့်၍ ကြည့်တော်မူသော
၆၇၁
ခဏမှာပင်”ဟူသော စကားသည် ဒူသီမာရ်နတ်၏ စုတေရာကာလကိုမျှသာ ပြသော စကားရပ်ဖြစ်သည်၊ (ကြည့်တော်မူခြင်းကြောင့် စုတေသည်ဟု ပြသောစကားရပ်မဟုတ်) စင်စစ်သော်ကား အလွန် ပြန့်ပြောကြီးမြတ်သည့် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော လက်ျာရံ အဂ္ဂသာဝက မထေရ်မြတ်၌ ပြစ်မှားအပ်လေသောကြောင့် ထိုဒူသီမာရ်နတ်၏ အသက်သည် ပဲခွပ် (=ဓားမ)ကြီးဖြင့် ဖြတ်လိုက်သည့်ပမာ ထိုနေရာမှာပင် ပြတ်၍သွားလေတော့သည်ဟု သတိချပ်ကာ မှတ်ယူရာ၏]။
ဟယ် မာရ်ယုတ်.. ထို(ဒူသီမာရ်နတ် ကျရောက်ရာ) ငရဲကြီး၏ အမည်တို့ကား ဆဖဿာယတနိကဟူ၍၎င်း, သင်္ကုသမာဟတဟူ၍၎င်း, ပစ္စတ္တဝေဒနီယဟူ၍၎င်း သုံးမျိုးတို့ ဖြစ်ကုန်၏။
[ဤ၌။ ။ထိုငရဲကြီးသို့ ကျရောက်သော ငရဲသား သတ္တဝါတို့မှာ မျက်စိ, နား, နှာ, လျှာ, ကိုယ်, ရင်ဝ = ဤခြောက်ဌာန (=ဖဿာယတန ခြောက်ပါးတို့၌) ဆင်းရဲဒုက္ခဝေဒနာကို မခံသာအောင် ဖြစ်စေနိုင်သည့် သံတံကျင်များ အသီးအသီး စိုက်လျက် စိုက်လျက် ရှိလေသည်၊ ထို့ကြောင့် ထိုငရဲသား သတ္တဝါတို့မှာ မျက်စိကလည်းဆင်းရဲ, နားကလည်း ဆင်းရဲ, နှာကလည်း ဆင်းရဲ, လျှာကလည်း ဆင်းရဲ, ကိုယ်ကလည်း ဆင်းရဲ, ရင်ဝကလည်း ဆင်းရဲ = ဤခြောက်ပါးသော ဆင်းရဲကို အလူးအလဲ ခံကြရလေသည်။ ထိုဆင်းရဲခြောက်မျိုးကို “ဆဖဿာယတနဒုက္ခ”ဟု ခေါ်သည်။ ထို ဆဖဿာယတန ဒုက္ခရှိရာဘုံ ဖြစ်သောကြောင့် ထိုငရဲကို “ဆဖဿာယတနိက ငရဲကြီး”ဟူ၍ ခေါ်ဆိုအပ်လေသည်။ ။သင်္ကု = သံတံကျင် + သမာဟတ = ထိုးဆွနှိပ်စက်တတ်သည်။ ထိုးဆွနှိပ်စက်တတ်သည့် သံတံကျင်ပေါင်း ရာပေါင်းများစွာ ရှိရာဖြစ်သောကြောင့် ထိုငရဲကို “သင်္ကုသမာဟတ ငရဲကြီး”ဟူ၍လည်း ခေါ်ဆိုအပ်လေသည်။ ။ပစ္စတ္တ = သူ့ပင်ကိုယ်ကပင်လျှင် + ဝေဒနီယ = ဆင်းရဲဒုက္ခကို ဖြစ်စေနိုင်သည်။ ကမ္မကာရဏကို ပြုလုပ်သူ (=ငရဲထိန်းများ)နှင့် ကင်း၍လည်း သူ့ပင်ကိုယ်ကပင် ဆင်းရဲဒုက္ခဝေဒနာကို ဖြစ်စေနိုင်သောကြောင့် ထိုငရဲကို “ပစ္စတ္တဝေဒနီယ ငရဲကြီး”ဟူ၍လည်း ခေါ်ဆိုအပ်လေသည်]။
ဟယ် မာရ်ယုတ်.. ထို(ငရဲကြီးသို့ ကျရောက်သော)အခါ ငရဲထိန်းတို့သည် ငါ့ထံသို့ ချဉ်းကပ်ကြ၍ “အချင်း.. သင့်နှလုံး၌ သံတံကျင်တခုနှင့် သံတံကျင်တခုတို့ ပေါင်းဆုံမိသောအခါ
၆၇၂
“ငရဲ၌ကျက်ရသော ငါ့အဖို့ရာ အနှစ်တထောင်ရှိပြီဟု သင်သိလော့”ဟူ၍ ဆိုကုန်၏။
[ဤ၌။ ။“သင့်နှလုံးရပ်၌ သံတံကျင်တခုနှင့် သံတံကျင်တခုတို့ ပေါင်းဆုံမိသော အခါ”ဟူသော စကားရပ်ဝယ် သိမှတ်ဖွယ်ကား ထိုငရဲကြီး၌ ကျရောက်သူတို့၏ အတ္တဘောသည် သုံးဂါဝုတ်ပမာဏရှိ၏။ ဒူသီမာရ်နတ်၏ အတ္တဘောသည်လည်း ထိုငရဲ၌ သုံးဂါဝုတ်ပမာဏပင် ရှိလေသည်။ ဒူဿီမာရ်နတ် ထိုငရဲသို့ ကျရောက်သောအခါ ငရဲထိန်းတို့သည် အလျှံတပြောင်ပြောင် တောက်လောင်ကုန်သော ထန်းလုံးခန့် ပမာဏရှိသည့် သံတံကျင်တို့ကို ကိုယ်တိုင်စွဲကိုင်ကြပြီးလျှင် “ဤနေရာဌာနဖြင့် သင်သည် ကြံစည်ပြီးလျှင် မကောင်းမှုကို ပြုအပ်ခဲ့လေပြီ”ဟု ပြောဆိုကြကာ အပြန်ပြန်အလှန်လှန် မုံ့စကျင်း၌ မုံ့ကို ထောင်းကြိတ်သကဲ့သို့ ရင်ဝနှလုံးကို သံတံကျင်တို့ဖြင့် ထိုးကြပြီးလျှင် ငါးကျိပ်သော ငရဲထိန်းတို့သည် ခြေဖက်သို့ရှေးရှု ငါးကျိပ်သော ငရဲထိန်းတို့သည် ဦးခေါင်းဖက်သို့ရှေးရှု ထိုး၍ ထိုး၍ သွားကြလေသည်၊ ထိုသို့သွားကြရာ နှစ်ပေါင်းငါးရာကြာမှ ခြေအစွန်းအဖျား ဦးခေါင်းအစွန်းအဖျားသို့ ရောက်ကြလေသည်။
တဖန် ထိုခြေဖျား ဦးခေါင်းဖျားမှ ရှေးနည်းအတူ ပြန်နစ်၍ သံတံကျင်တို့ဖြင့် ထိုးလာခဲ့ကြရာ နှစ်ပေါင်းငါးရာကြာမှ နှလုံးရင်ဝသို့ ရောက်ကြ ဆုံကြလေသည်။ (နှစ်ရပ်ပေါင်းသော် နှစ်ပေါင်းတထောင်ကြာမှ နှလုံးရင်ဝ၌ သံတံကျင်ချင်း ပေါင်းဆုံမိကြလေသည်၊ ထိုအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ “သင့်နှလုံးရင်ဝ၌ သံတံကျင်တခုနှင့် သံတံကျင်တခုတို့ ပေါင်းဆုံမိကြသောအခါ”ဟူ၍ ဆိုကြခြင်းဖြစ်သည်။]
ဟယ် မာရ်ယုတ်.. ထိုငါသည် မရေမတွက်နိုင်အောင် များလှစွာသည့် နှစ် အရာ အထောင်တို့ ကာလပတ်လုံး ထိုငရဲကြီး၌ ဆင်းရဲကြီးစွာ ကျက်ခဲ့ရလေပြီ။ (ဤမျှနှင့်လည်း မပြီးသေးချေ) ထိုငရဲကြီး၏အရံ ဥဿဒငရဲ၌သာလျှင် နှစ်ပေါင်း တသောင်းကြာ ကာလပတ်လုံး နောက်ဆုံးဖြစ်သော ခံစားရခြင်းမည်သည်ကို ခံစားလျက်(=နောက်ဆုံး ဒုက္ခခံရသောအနေဖြင့်-ဟု ဆိုလိုသည်) ကျက်ခဲ့ရလေပြီ။ (ငရဲကြီး၌ မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ ဒုက္ခဝေဒနာကို ခံရပြီးနောက် ထိုမျှဖြင့်လည်း မပြီးသေးပဲ ထိုငရဲကြီးမှ ထသောအခါ လွတ်သောအခါ ထိုငရဲကြီး၏အရံ
၆၇၃
ဥဿဒငရဲ၌ နှစ်ပေါင်းတသောင်း ဆင်းရဲဒုက္ခဝေဒနာကို ခံရပြန်လေသည်၊ ထိုဥဿဒငရဲဒုက္ခကား ငရဲကြီးဒုက္ခထက် သာလွန်လှသတဲ့။)
ဟယ် မာရ်ယုတ်.. ထိုငရဲ၌ ကျက်ရသော ငါ၏အဖို့ရာ ကိုယ်သည် လူ၏ကိုယ်ကဲ့သို့ဖြစ်၍ ဦးခေါင်းမှာမူ ငါး၏ဦးခေါင်းကဲ့သို့ ဖြစ်လေသည်။ (လူ၏ဦးခေါင်းမှာ လုံးဝန်းသဖြင့် သံတံကျင်ဖြင့် ထိုးသောအခါ ချွတ်ချော်၍ သွားနိုင်၏၊ ငါး၏ ဦးခေါင်းမှာမူ အလျားရှည် အနံပြန့်သောကြောင့် သံတံကျင်ဖြင့် ထိုးသောအခါ မချွတ် လွဲနိုင်ချေ။ ထို့ကြောင့် ငါးဦးခေါင်းကဲ့သို့သော ဦးခေါင်း ဖြစ်ရှိလေသည်။)
အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်သည် ဆိုအပ်ပြီးသောအတိုင်း အတိတ်ဖြစ်ရပ်ကို ဟောကြားတော်မူပြီးနောက် မာရ်နတ်အား ထိတ်လန့်သံဝေဂ ရစိမ့်သောငှါ ဂါထာပေါင်း ၂၁-ဂါထာတို့ဖြင့် ဤဆိုလတ္တံ့သောအတိုင်း ဆုံးမ ဟောကြားတော်မူလေသည်-
ဒူသီမာရ်နတ်သည် တပည့်သာဝက ဝိဓုရရဟန္တာကို၎င်း, ကကုသန်မြတ်စွာဘုရားကို၎င်း ထိပါးနှိပ်စက်၍ ကျက်ရာဖြစ်သော ငရဲသည် အဘယ်သို့ သဘောရှိသော ငရဲဖြစ်သနည်းဟူမူ..
ဒူသီမာရ်နတ်သည် တပည့်သာဝက ဝိဓုရရဟန္တာကို၎င်း, ကကုသန်မြတ်စွာဘုရားကို၎င်း ထိပါးနှိပ်စက်၍ ကျက်ရာဖြစ်သော ငရဲသည် အရာသော သံတံကျင်တို့ဖြင့် လျှိုသတ်နှိပ်စက်ခြင်းရှိ၏။ ထိုအလုံးစုံသော သံတံကျင်တို့သည် ကမ္မကာရဏပြုသူ (=ငရဲထိန်း)တို့နှင့် ကင်း၍လည်း မိမိ ပင်ကိုယ်သဘောအားဖြင့် ဆင်းရဲဒုက္ခဝေဒနာကို ဖြစ်စေနိုင်ကုန်၏။ ဒူသီမာရ်နတ် ကျရောက်ရာ ငရဲကြီးသည် ဤသို့သဘောရှိ၏။
ဟယ်မာရ်နတ် သင်ကား ဤကံ,ကံ၏အကျိုးကို မျက်မှောက်ထင်ထင် သိမြင်သည့် မြတ်စွာဘုရား၏ တပည့်သာဝကရဟန်းကို ထိပါးနှိပ်စက်ခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ (က)
၆၇၄
ကမ္ဘာပတ်လုံး တည်ကုန်သော ဗိမာန်တို့သည် သမုဒြာအလယ်၌ တည်ရှိကြကုန်၏၊ ကြောင်မျက်ရွဲအဆင်း ရှိကုန်လျက် နှစ်သက်ဖွယ်ရှိကုန်၏၊ အလျှံပြိုးပြက် တလက်လက်ထွက်ကုန်၏။ ထိုဗိမာန်တို့၌ အဆင်းအမျိုးမျိုးရှိကြသည့် များလှစွာသော နတ်သမီးတို့သည် က-ခုန်-သီဆိုကြကုန်၏။
ဟယ် မာရ်နတ်.. သင်ကား ဤဗိမာန်တို့၏ အကြောင်းအရာ, နတ်သမီးတို့၏ စည်းစိမ်, ထိုစည်းစိမ်တို့၏ အကြောင်းတရား ဤသုံးပါးကို မျက်မှောက်ထင်ထင် ဉာဏ်ဖြင့်သိမြင်သည့် မြတ်စွာဘုရား၏ တပည့်သာဝက ရဟန်းကို ထိပါးနှိပ်စက်ခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ (ခ)
အကြင်ရဟန်းသည် စင်စစ် မြတ်စွာဘုရား မိန့်ကြား တိုက်တွန်းတော်မူချက်အရ ရဟန်းသံဃာအပေါင်း ကြည့်ရှုစဉ်ပင် မိဂါရသူဌေး၏အမိ ဝိသာခါ၏ (ပုဗ္ဗာရုံ)ကျောင်းပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေခဲ့ပြီ။
ဟယ် မာရ်နတ်.. သင်ကား ဤပြာသာဒ်ကို တုန်လှုပ်စေနိုင်သည့် အဘိညာဉ် အသိဉာဏ်ရှင်ဖြစ်သော မြတ်စွာဘုရား၏ တပည့်သာဝက ရဟန်းကို ထိပါးနှိပ်စက်ခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ (ဂ)
အကြင်ရဟန်းသည် တန်ခိုးစွမ်းအားဖြင့် ထောက်ပံ့အပ်သည်ဖြစ်၍ သိကြားမင်း၏စံရာ ဝေဇယန္တာပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေခဲ့ပြီ၊ နတ်အပေါင်းကိုလည်း ထိတ်လန့်စေခဲ့ပြီ။
ဟယ် မာရ်နတ်.. သင်ကား ဝေဇယန္တာပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေနိုင်သည့် အဘိညာဉ် အသိဉာဏ်ရှင်ဖြစ်သော မြတ်စွာဘုရား၏ တပည့်သာဝက ရဟန်းကို ထိပါးနှိပ်စက်ခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ (ဃ)
အကြင် ရဟန်းသည် သိကြားမင်းစံရာ ဝေဇယန္တာပြာသာဒ်၌ သိကြားမင်းကို “သိကြားမင်း.. တပ်မက်မှုကုန်ရာ လွတ်မြောက်ခြင်းတို့ကို သင်သိသလော”ဟု မေးမြန်း၏။ ပြဿနာအမေးခံရသော
၆၇၅
သိကြားမင်းသည် အမှန်အတိုင်း ထိုရဟန်းအား ပြန်ကြားဖြေဆို၏။
ဟယ်မာရ်နတ်.. သင်ကား ဤသို့ ပြဿနာကို မေးနိုင်လောက်သည့် ဣဒ္ဓိသခင် အဘိညာဉ် အသိဉာဏ်ရှင်ဖြစ်သော မြတ်စွာဘုရား၏ တပည့်သာဝက ရဟန်းကို ထိပါးနှိပ်စက်ခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ (င)
အကြင်ရဟန်းသည် (ဗြဟ္မာ့ပြည်၌ တည်ရှိသည့်) သုဓမ္မာဓမ္မာရုံအနီး၌ ဗြဟ္မာကို “ငါ့ရှင်.. သင်၏သန္တာန်၌ ‘ဤဗြဟ္မာ့ပြည်သို့ လာရောက်နိုင်သည့် ကြီးမြတ်သော တန်ခိုးရှင်ဖြစ်သော ရဟန်းပုဏ္ဏား တဦးတယောက်မျှ မရှိ’ဟူ၍ ရှေးကဖြစ်သော မိစ္ဆာအယူသည် ယခုလည်း ဖြစ်သေးသလော၊ ဗြဟ္မာ့ပြည်၌ (ရှိကြသည့် ဗြဟ္မာတို့၏ ကိုယ်ရောင် ဗိမာန်ရောင် အဆင်တန်းဆာရောင် စသည်တို့ကို) လွန်မြောက်လျက် ပြိုးပြိုးပြက် တလက်လက်တောက်ပသော (မြတ်စွာဘုရားရှင်၏) ကိုယ်တော်ရောင်ကို မြင်၏လော”ဟု မေးမြန်း၏။
အမေးခံရသော ဗြဟ္မာသည် “အရှင်မြတ်.. ငါ၏သန္တာန်၌ ရှေးကဖြစ်သော မိစ္ဆာအယူသည် မဖြစ်တော့ပြီ၊ ဗြဟ္မာပြည်၌ (ရှိကြသည့် ဗြဟ္မာတို့၏ ကိုယ်ရောင် ဗိမာန်ရောင် အဆင်တန်းဆာရောင်-စသည်တို့ကို လွန်မြောက်လျက် ပြိုးပြိုးပြက် တလက်လက်တောက်ပသော (မြတ်စွာဘုရားရှင်၏) ကိုယ်တော်ရောင်ကို မြင်ရပါ၏။ ထိုငါသည် ယခုအခါ ‘ငါကား မြဲ၏၊ အခါခပ်သိမ်း ဖြစ်၏’ဟု အဘယ်မှာလျှင် ပြောဆိုတော့အံ့နည်း”ဟူ၍ ထိုရဟန်းအား အစဉ်အတိုင်း ဟုတ်မှန်သည့်အတိုင်း ဖြေကြား လျှောက်ထား၏။
ဟယ် မာရ်နတ်.. သင်ကား ဤသို့ ပြဿနာကို မေးနိုင်လောက်သည့် ဣဒ္ဓိသခင် အဘိညာဉ် အသိဉာဏ်ရှင်ဖြစ်သော မြတ်စွာဘုရား၏ တပည့်သာဝက ရဟန်းကို ထိပါးနှိပ်စက်ခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ (စ)
၆၇၆
အကြင်ရဟန်းသည် (နန္ဒောပနန္ဒ နဂါးမင်းကို နှိမ်နင်းဆုံးမသောအခါ) မြင်းမိုရ်တောင်ကြီး၏ အထွတ်ကို၎င်း, တောင်ကျွန်း အရှေ့ကျွန်း အနောက်ကျွန်း မြောက်ကျွန်း တည်းဟူသော ကျွန်းကြီးလေးကျွန်းကို၎င်း ဝိမောက္ခဈာန်လျှင် အခြေခံ အကြောင်းရင်းရှိသော အဘိညာဉ် အသိဉာဏ်ဖြင့် တွေ့ထိခဲ့လေပြီ။ (နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမသောအခါ မြင်းမိုရ်တောင်ထွတ်နှင့်တကွ ကျွန်းကြီး လေးကျွန်းလုံးကို နိမ္မိတနဂါးမင်း ရုပ်ကိုယ်ဖြင့် ဖုံးအုပ်တွေ့ထိခဲ့သည်ကို ဆိုတော်မူခြင်း ဖြစ်သည်)။
ဟယ် မာရ်နတ်.. သင်ကား ဤသို့စဉ် ကြီးမြတ်သော အဘိညာဉ် အသိဉာဏ်ရှင်ဖြစ်သော မြတ်စွာဘုရား၏ တပည့်သာဝက ရဟန်းကို ထိပါးနှိပ်စက်ခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ (ဆ)
(ဤ၌။ ။အရှင်မဟာမောဂ္ဂလာန်သည် ကိုယ်တော်မြတ်ကိုပင် အခြားရဟန်းတပါးကဲ့သို့ ပြုလုပ်ကာ ဟောကြားတော်မူခြင်းဖြစ်သည်။ ထိုနည်းမျိုးကို ကျမ်းဂန်တို့၌ “အညာပဒေသနည်း = မိမိကိုယ်ကို သူတပါးကဲ့သို့ ညွှန်ကြားပြောဆိုသောနည်း”ဟူ၍ ခေါ်၏။
ဤယခု ဖော်ပြခဲ့ပြီးသည့် (က)မှ (ဆ)တိုင် အကြောင်းအရာ ခုနစ်ချက်တို့ကို အရှင်မဟာမောဂ္ဂလာန်သည် မိမိ၏ ဣဒ္ဓိရှင်ဖြစ်ကြောင်းကို ကောင်းစွာဖော်ပြလျက် မာရ်နတ်အား ဆုံးမတော်မူခြင်း ဖြစ်သည်။ ထိုခုနစ်ချက်တို့တွင်-
(က) အချက်ကား- ယခု ရေးသားဖော်ပြနေဆဲဖြစ်သည့် မူလပဏ္ဏာသပါဠိတော် မာရတဇ္ဇနီယသုတ္တန်ကို ရည်ညွှန်း၍ မိန့်ကြားတော်မူခြင်းဖြစ်သည်။ (ခ) အချက်ကား- ဝိမာနဝတ္ထု ပေတဝတ္ထုတို့၌ လာရှိသည့် ကိုယ်တော်မြတ်၏ ဒေဝစာရီ လှည့်လည်ဟောကြားနိုင်သည့် အဘိညာဉ်ဉာဏ်ကို ရည်ညွှန်း၍ မိန့်ကြား တော်မူခြင်း ဖြစ်သည်။ (ဂ) အချက်ကား- မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ စာမျက်နှာ ၂၃၅-လာ မောဂ္ဂလ္လာနသုတ္တန်ကို ရည်ညွှန်း၍ မိန့်ကြားတော်မူခြင်း ဖြစ်သည်။ (ဃ) နှင့် (င) အချက်တို့ကိုကား- မူလပဏ္ဏာသပါဠိတော် မျက်နှာ ၃၂ဝ၊ စူဠတဏှာသင်္ခယသုတ္တန်ကို ရည်ညွှန်း၍ မိန့်ကြားတော်မူခြင်း ဖြစ်သည်။ (စ) အချက်ကိုကား- သဂါထာဝဂ္ဂသံယုတ်ပါဠိတော်
၆၇၇
စာမျက်နှာ ၁၄၆၊ အညတရဗြဟ္မသုတ္တန်ကို ရည်ညွှန်း၍ မိန့်ကြားတော်မူခြင်း ဖြစ်သည်။ (ဆ) အချက်ကိုကား- ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယအုပ်၊ စာမျက်နှာ၂၇၊ ဒသဣဒ္ဓိကထာ၌ လာရှိသည့် နန္ဒောပနန္ဒနဂါးမင်းအား ဆုံးမသည့်အခဏ်းကို ရည်ညွှန်း၍ မိန့်ကြားတော်မူခြင်း ဖြစ်သည်။ ။ဤကား အမှာစကားရပ်တည်း။)
မီးသည် စင်စစ် “လူမိုက်ကိုသာ ငါလောင်မည်”ဟု အားမထုတ်ချေ။ လူမိုက်သည်သာ တောက်လောင်နေသော မီးကို ထိပါးပုတ်ခတ်ခြင်းကြောင့် မီးသည် လူမိုက်ကို လောင်လေသည်။ ဟယ် မာရ်နတ်.. ဤအတူပင်လျှင် သင်သည် မြတ်စွာဘုရားကို ထိပါးနှိပ်စက်ခြင်းကြောင့် မီးကိုထိတွေ့သော လူမိုက်ကဲ့သို့ မိမိကိုယ်ကို မိမိသည်ပင် လောင်ကျွမ်းစေလိမ့်မည်။(ဇ)
မာရ်နတ်သည် မြတ်စွာဘုရားကို ထိပါးနှိပ်စက်ခြင်းကြောင့် အကုသိုလ်တရားကို ပွါးစေခဲ့လေပြီ။ ဟယ် မာရ်ယုတ်.. အသို့နည်း သင်သည် ‘ငါ့အား မကောင်းမှုသည် အကျိုးမပေး’ဟုများ မှတ်ထင်ဘိသလော။ (ဈ)
ဟယ် မာရ်ယုတ်.. မကောင်းမှုကို ပြုသောသူ၏ အဖို့မှာ မကောင်းမှု အကုသိုလ်သည် ကာလကြာမြင့်လေလေ ပွါးစီးလေလေဖြစ်၏။ ဟယ် မာရ်နတ်.. မြတ်စွာဘုရားကို ထိပါးနှိပ်စက်ခြင်းမှ ငြီးငွေ့လော့။ (ရှေးအခါ ရဟန်းတို့အား ညှဉ်းဆဲလိုသော သင်၏ဦးရီး ဒူသီမာရ်နတ်၏ အလိုအာသာကဲ့သို့ ဤယခုအခါ သင်၏ ရဟန်းတို့အား ညှဉ်းဆဲလိုသော အလိုအာသာသည်လည်း ကာလရှည်မြင့်စွာ ငရဲဒုက္ခခံရခြင်း၏အကြောင်း ဖြစ်လေသည်။ ထို့ကြောင့်) ရဟန်းတို့၌ ညှဉ်းပန်းလိုသော အလိုအာသာကို သင်မပြုလင့်။ (ည)
ဤသို့လျှင် အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်သည် ဘေသကဠာမည်သော ဘေးမဲ့တောအုပ်အတွင်း၌ မာရ်နတ်ကို ထိတ်လန့်လောက်အောင် ဩဝါဒစကား မိန့်ကြားတော်မူလေ၏။
၆၇၈
ထိုအခါ မာရ်နတ်သည် နှလုံးမသာမယာ ဖြစ်ရှိကာ ထိုနေရာ၌ပင် ရုတ်ခြည်း ကွယ်ပျောက်လေတော့သတည်း*။
ပဉ္စဂ္ဂဒါယကာပုဏ္ဏားအကြောင်း
မြတ်စွာဘုရားရှင်သည် သုသုမာရဂိရမြို့ ဘေသကဠာမည်သော ဘေးမဲ့တော၌ အဋ္ဌမဝါ ကပ်ဆိုတော်မူ၍ ဗောဓိရာဇကုမာရသုတ္တန် အစရှိသော ထိုထိုတရားဒေသနာတို့ဖြင့် ကျွတ်ထိုက်သူ ဝေနေယျသတ္တဝါတို့ကို ချေချွတ်တော်မူပြီးလျှင် ခရီးဒေသစာရီ ကြွချီတော်မူကာ တရားရေအေး အမြိုက်ဆေးကို လူနတ်တို့အား တိုက်ကျွေးတော်မူလေရာ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူခိုက် ဖြစ်သတည်း။
သာဝတ္ထိပြည်၌ ပဉ္စဂ္ဂဒါယကာမည်သော ပုဏ္ဏားတဦးရှိလေသည်၊ ထိုပုဏ္ဏားကား လယ်ဦး, စပါးပုံဦး, ကျီဦး, အိုးဦး, စားဦးအားဖြင့် = ဤအဦးငါးပါးတို့ကို လှူဒါန်းလေ့ရှိသောကြောင့် ပဉ္စဂ္ဂဒါယကဟု အမည်တွင်လေသည်။ (ပဉ္စဂ္ဂ = အဦးငါးပါးတို့ကို + ဒါယက = ပေးလှူလေ့ရှိသူ)။ ထိုအဦးငါးပါး လှူပုံမှာ-
(၁) မိမိစိုက်ပျိုးသော လယ်မြေမှ ရှေးဦးစွာ မှည့်ရင့်ကြသည့် သလေးနှံ မုယောနှံ နတ်ကောက်နှံတို့ကို ယူဆောင်စေ၍ ယာဂု နို့ဃနာ မုံ့ဆန်းစသည် စီရင်ပြီးလျှင် “အဦးအဖျားကို ပေးလှူသော ပညာရှိသည် ဦးဦးဖျားဖျား အကျိုးများကို ရနိုင်၏”ဟု အယူရှိကာ မြတ်စွာဘုရား အမှူးပြုသော သံဃာတော်အား ဖော်ပြရာပါ ယာဂု နို့ဃနာ မုံ့ဆန်း-စသော အလှူဒါနကို ပေးလှူလေသည်။ ဤကား ထိုပုဏ္ဏား၏ လယ်ဦးအလှူတည်း။
(၂) ကောက်စပါးများ မှည့်ကုန် ရင့်ကုန်၍ ရိတ်ပြီး နယ်ပြီးကုန်လတ်သော် ထိုနယ်ပြီးသော စပါးပုံထဲမှ အဦးအဖျားကို ယူဆောင်၍ ထိုhအတူပင် မြတ်စွာဘုရား အမှူးပြုသော
* စကားရပ်စုကို မူလပဏ္ဏာသပါဠိတော် မာရတဇ္ဇနီယသုတ် ပါဠိ အဋ္ဌကထာ ဋီကာတို့မှ ထုတ်ဆောင် ရေးသားအပ်ပါသည်။
၆၇၉
သံဃာတော်အား အလှူဒါနကို ပေးလှူလေသည်။ ဤကား ထိုပုဏ္ဏား၏ စပါးပုံဦးအလှူတည်း။
(၃) ထိုစပါးများကို ကျီအလုံးလုံး အပြည့်ထည့်ပြီးလျှင် ပဌမကျီကို ဖွင့်သောအခါ၌ ရှေးဦး ထုတ်ယူအပ်သော စပါးများကို သီးခြားယူထားပြီးလျှင် ထို့အတူ အလှူဒါနကို ပေးလှူလေသည်။ ဤကား ထိုပုဏ္ဏား၏ ကျီဦးအလှူတည်း။
(၄) ထိုပုဏ္ဏားသည် မိမိအိမ်၌ ချက်တိုင်း ချက်တိုင်းသော ထမင်းအိုး ယာဂုအိုး စသည်တို့မှ အဦးအဖျား ခူးခပ်ယူ၍ ရဟန်းတို့အား လှူလေသည်။ ထိုသို့ မလှူရသေးလျှင် ကလေးများအားသော်မှ ခူးခပ်၍ မကျွေးပေ။ ဤကား ထိုပုဏ္ဏား၏ အိုးဦးအလှူတည်း။
(၅) တဖန် မိမိ ထမင်းစားမည်ရှိသောအခါ ရှေးဦးစွာ ယူဆောင်အပ်သော ဘောဇဉ်ကို နံနက်အခါဖြစ်လျှင် သံဃာတော်အား လှူပြီးမှ စားလေ့ရှိ၏။ နေလွဲအခါဖြစ်လျှင် မိမိအိမ်မှောက် ရောက်လာသော သူတောင်းစားတို့အား (ထိုသူတောင်းစားများမှ မရှိခဲ့လျှင် အယုတ်သဖြင့် ခွေးတို့အား) ပေးပြီးမှ စားလေ့ရှိ၏၊ (မပေးပဲ စားလေ့မရှိ)။ ဤကား ထိုပုဏ္ဏား၏ စားဦးအလှူတည်း။
ဤသို့လျှင် ထိုပုဏ္ဏားသည် အဦးငါးပါးကို လှူဒါန်းလေ့ရှိသောကြောင့် ပဉ္စဂ္ဂဒါယကာပုဏ္ဏားဟူ၍ ထင်ရှားလေသည်။
တနေ့သ၌ မြတ်စွာဘုရားသည် နံနက်မိုးသောက်အခါ အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ် တည်းဟူသော ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ထိုပဉ္စဂ္ဂဒါယကာပုဏ္ဏား ဇနီးမောင်နှံတို့၏ သောတာပတ္တိမဂ်ကို ရရှိကြောင်း အားကောင်းသော ဥပနိဿယ ရှေးကောင်းမှုကို မြင်တော်မူ၍ ကိုယ်လက်သုတ်သင်မှုကို ပြုပြီးလျှင် စောစောစီးစီးပင် ဂန္ဓကုဋီ ကျောင်းတော်တွင်းသို့ ဝင်တော်မူလေ၏။
၆၈၀
(မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတိုက်၌ နံနက်ဆွမ်းခံချိန်သို့ ရောက်သောအခါ ကျောင်းတိုက်တွင်းရှိ ရဟန်းအားလုံးပင် ဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော်သို့ စုရုံးကြရလေသည်။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းများနှင့် အတူတကွ ဆွမ်းခံဝင်တော်မူလိုလျှင် ဂန္ဓကုဋီကျောင်းတော်မှ (မည်သူတဦးတယောက်ကမျှ မပင့်ရပဲ) ထွက်ကြွတော်မူလာသည်။
မြတ်စွာဘုရား တပါးတည်းသာ ဆွမ်းခံကြွတော်မူလိုလျှင် ကျောင်းတော်မှ မြတ်စွာဘုရား ထွက်ကြွတော်မမူလာပဲ ဂန္ဓကုဋီကျောင်းတော်တံခါး ပိတ်မြဲပိတ်လျက် ရှိလေသည်။ ထိုအခါ ရဟန်းများသည် “မြတ်စွာဘုရားကား အကြောင်းထူးရှိ၍ တပါးတည်းသာ ဆွမ်းခံကြွတော်မူလိုသည်ဟု သိရှိကြကာ ရဟန်းများချည်း မြို့တွင်း ရွာတွင်းသို့ ဆွမ်းခံဝင်ကြလေသည်။)
ထိုနေ့၌ ရဟန်းတော်များသည် ဆွမ်းခံချိန်ရောက်၍ ဂန္ဓကုဋီ ကျောင်းတော်အနီးသို့ စုရုံးရောက်ရှိကြသည်တွင် (မြတ်စွာဘုရားရှင် ထွက်ကြွတော်မမူလာပဲ) ဂန္ဓကုဋီ ကျောင်းတော်တံခါး ပိတ်မြဲပိတ်လျက် ရှိသည်ကို မြင်ကြ၍ “ယနေ့ မြတ်စွာဘုရားသည် တပါးတည်းသာ မြို့တွင်းသို့ ဝင်ကြွတော်မူလိုသည်”ဟု သိရှိကြကာ ဆွမ်းခံဝင်ချိန်၌ ဂန္ဓကုဋီကျောင်းတော်ကို လက်ျာရစ်လှည့်၍ မြို့တွင်းသို့ ဆွမ်းခံဝင်ကြလေကုန်၏။
မြတ်စွာဘုရားသည် ပဉ္စဂ္ဂပုဏ္ဏား ထမင်းစားချိန်သို့ ရောက်သောအခါ ကျောင်းတော်မှ ထွက်ကြွတော်မူ၍ သာဝတ္ထိပြည်သို့ ဝင်တော်မူလေ၏။ လူတို့သည်လည်း မြတ်စွာဘုရား တပါးတည်း မြို့တွင်းသို့ ကြွဝင်လာသည်ကို မြင်ကြလျှင်ပင် “ယနေ့ ဧကန်ပင် မြတ်စွာဘုရားသခင် ချီးမြှောက်တော်မူရမည့် သတ္တဝါတဦးတော့ ရှိလေပြီ၊ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် တပါးတည်းသာ မြို့တွင်းသို့ ကြွဝင်တော်မူလာခြင်း ဖြစ်သည်”ဟု သိရှိကြပြီးလျှင် မြတ်စွာဘုရားကို ပင့်ဖိုရန် တဦးတယောက်မျှ မလာရောက်ကြချေ။
၆၈၁
မြတ်စွာဘုရားသည်လည်း အစဉ်သဖြင့် ကြွချီတော်မူခဲ့ရာ ပဉ္စဂ္ဂဒါယကာပုဏ္ဏား၏ အိမ်တံခါးဝသို့ရောက်၍ ရပ်လျက် နေတော်မူလေ၏။ ထိုအချိန်၌ကား ပုဏ္ဏားကြီးသည် စားဖွယ်ဘောဇဉ်ကို ကိုင်ယူလျက် ထိုင်နေဆဲဖြစ်၏။ ပုဏ္ဏေးမကြီးကား ပုဏ္ဏားကြီးအား ယပ်ခပ်ပေးရန် ယပ်ကိုကိုင်လျက် ရပ်တည်နေဆဲဖြစ်၏။ ပုဏ္ဏေးမကြီးသည် မြတ်စွာဘုရားကို မြင်လေလျှင် “ဤပုဏ္ဏားကြီး မြတ်စွာဘုရားကို အကယ်၍ မြင်ချေသော် ထမင်းခွက်ကို ယူဆောင်၍ အလုံးစုံသော စားဖွယ်ဘောဇဉ်ကို လှူလိမ့်မည်၊ ထိုသို့ လှူလိုက်သော် ငါ တဖန်ပြန်၍ ချက်ရပေလိမ့်မည်”ဟု ကြံစည်စဉ်းစားကာ မကြည်ညိုခြင်း, ဝန်တိုခြင်း တရားနှစ်ပါးကို ဖြစ်ပွါးစေလျက် ပုဏ္ဏားကြီး မြတ်စွာဘုရားကို မမြင်နိုင်အောင် ထန်းရွက်ယပ်ဝန်းဖြင့် ကွယ်၍ထားလေ၏။
မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ကိုယ်တော်ရောင်ကို လွှတ်တော်မူလေ၏၊ ပဉ္စဂ္ဂပုဏ္ဏားကြီးသည် မြတ်စွာဘုရားသခင် လွှတ်လိုက်သည့် ပီတရောင်ခြည်တော်ကို မြင်၍ “ဤအရာကား အဘယ်နည်း”ဟု မော့၍ကြည့်လေလျှင် မိမိ၏ အိမ်တံခါးဝ၌ မြတ်စွာဘုရားရှင် ရပ်တည်တော်မူနေသည်ကို မြင်လေ၏။
ပုဏ္ဏေးမကြီးသည်လည်း “ဤပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို မြင်အပ်လေပြီ”ဟု ကြံစည်ကာ ထိုခဏမှာပင် ထန်းရွက်ယပ်ဝန်းကို ပစ်ချထားခဲ့၍ (ပုဏ္ဏားကြီး၏ အလျင်လက်ဦးပင်) မြတ်စွာဘုရားထံသို့ သွားရောက်လျက် ထိခြင်းငါးပါးဖြင့် ရှိခိုးလေ၏။ ရှိခိုးပြီးလျှင် နေရာမှ ထဆဲဖြစ်သော ထိုပုဏ္ဏေးမကြီးအား လျောက်ပတ်သည်ကို သိတော်မူ၍ မြတ်စွာဘုရားသည်-
သဗ္ဗသော နာမရူပသ္မိံ၊
ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊
သ ဝေ ဘိက္ခူတိ ဝုစ္စတိ။
ယဿ = အမှတ်မထင် အကြင်သူ၏ သန္တာန်၌။ သဗ္ဗသော = ခပ်သိမ်းဥဿုံ အလုံးစုံသော။
၆၈၂
နာမရူပသ္မိံ = နာမ်ရုပ်တရား နှစ်ပါး၌။ မမာယိတံ = ငါ, ငါ့ဥစ္စာဟူ၍ တဏှာဒိဋ္ဌိ အစွဲအငြိသည်။ နတ္ထိ = တစိုးတစိ မရှိချေ။ အသတာ စ = နာမ်ရုပ်နှစ်ပါး ချုပ်ပျောက်သွား၍ ထင်ရှားမရှိခြင်းကြောင့်လည်း။ န သောစတိ = စိုးရိမ်ပူဆွေးခြင်း အလျှင်းမရှိချေ။ သ-သော = ထိုသူကို။ ဝေ = စင်စစ်။ ဘိက္ခူတိ = ကိလေသာမဲ မှောင်ထုခဲကို ဖြိုခွဲနိုင်မှု အကြောင်းပြုလျက် ဘိက္ခုခေါ်တွင် သူတော်စင်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏။-
ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။ ပုဏ္ဏေးမကြီးသည် တရားဂါထာအဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ပုဏ္ဏားကြီးသည်လည်း မြတ်စွာဘုရားရှင်ကို အိမ်တွင်းသို့ ပင့်သွင်းကာ မြတ်သောနေရာ၌ ထိုင်နေတော်မူစေပြီးလျှင် အလှူရေစက်ကို လှူဒါန်းချသွန်း၍ မိမိအတွက် ပြင်ဆင်ထားအပ်သော ဘောဇဉ်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် နတ်နှင့်တကွသော လောက၌ အမြတ်ဆုံးသော အလှူခံပုဂ္ဂိုလ် ဖြစ်တော်မူကြပါကုန်၏။ တောင်းပန်ပါသည်ဘုရား.. တပည့်တော်၏ ဤယခုဆွမ်းကို ကိုယ်တော်မြတ်၏ သပိတ်၌ တည်စေတော်မူပါကုန်ဘုရား”ဟု လျှောက်ထားကာ မြတ်စွာဘုရားအား ဆက်ကပ်လှူဒါန်းလေ၏။ မြတ်စွာဘုရားသည် ပုဏ္ဏားကြီးအား ချီးမြှောက်တော်မူရန် ထိုဆွမ်းကို ခံယူ၍ ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအခါ ပုဏ္ဏားကြီးအား လျောက်ပတ်သည်ကို သိတော်မူ၍—
ယဒဂ္ဂတော မဇ္ဈတော သေသတော ဝါ၊
ပိဏ္ဍံ လဘေထ ပရဒတ္တူပဇီဝီ။
နာလံ ထုတုံ နောပိ နိပစ္စဝါဒီ၊
တံ ဝါပိ ဓီရာ မုနိ ဝေဒယန္တိ။
၆၈၃
ပရဒတ္တူပဇီဝီ = သူတပါးလှူကပ် ပစ္စည်းရပ်ဖြင့် အသက်ရှည်ထွေ တည်နေရသော ရဟန်းသည်။ အဂ္ဂတော = အဦးအဖျားမှ။ ယံ ပိဏ္ဍံ ဝါ = အကြင်ဆွမ်းကို၎င်း။ မဇ္ဈတော = အလယ်မှ။ ယံ ပိဏ္ဍံ ဝါ = အကြင်ဆွမ်းကို၎င်း။ သေသတော = အိုးအတွင်းဝယ် အနည်းငယ်ကျန်လျှင်း ကြွင်းသောဆွမ်းအစုမှ။ ယံ ပိဏ္ဍံ ဝါ = အကြင်ဆွမ်းကို၎င်း။ လဘေထ = ကြည်ဖြူသဒ္ဓါ သူလှူသဖြင့် ရရာ၏။ (ယော = ရဟန္တာသခင် အကြင် ပုဂ္ဂိုလ်မြတ်သည်။ ထည့်)။ တံ = ထိုဒါယကာတို့ သဒ္ဓါပြဋ္ဌာန်း လှူဒါန်း၍ရအပ်သော ဆွမ်းကို။ ထုတုံ = ဆွမ်းဦးကိုမှ ငါလျှင်ရ- ဟု အားရရွှင်လန်း ချီးမွမ်းခြင်းငှါ။ နာလံ = အနုနယ လောဘတရား ပယ်စွန့်ရှားသဖြင့် လားလားမျှ မထိုက်တော့ချေ။ (ဆွမ်းဦးကို ရ၍လည်း မချီးမွမ်း- ဟု ဆိုလိုသည်)။ နောပိ နိပစ္စဝါဒီ = ဆွမ်းကျန်ဆွမ်းကြွင်း ရတုံလျှင်လည်း ဝမ်းတွင်းမသာ ဒါယကာကို “ငါစင်ရဟန်း ဤဆွမ်းကြမ်းကို လှူဒါန်းဘိသော် မသင့်လျော်”ဟု ပျက်ချော်မာန မျက်ကောဓဖြင့် ရှုတ်ချစကား ပြောကြားခြင်းလည်း မရှိချေ။ တံ = ထိုချစ်မှု မုန်းမှု နှစ်ခုတရား ပယ်ရှားပြီးဖြစ်သော ပုဂ္ဂိုလ်ကို။ ဓီရာဝ = ဘုရားအစ များလှတုံဘိ ပညာရှိတို့သည်သာလျှင်။ မုနိံ = အာသဝေါကုန်ခန်း ခီဏာသ၀ ရဟန်းဟူ၍။ ဝေဒယန္တိ = ပိုင်းခြားထင်ထင် သိမြင်တော်မူကြကုန်၏။-
ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။ တရားဂါထာအဆုံး၌ ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
(ဤကား ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားအကြောင်းတည်း၊ ဤပဉ္စဂ္ဂဒါယကာ ပုဏ္ဏားအကြောင်းကို သုတ္တနိပါတ်အဋ္ဌကထာ မုနိသုတ်အဖွင့် (ပဌမအုပ်၊ စာမျက်နှာ၊ ၂၅၆)မှ ထုတ်နုတ်ဖော်ပြအပ်ပါသည်။ ဓမ္မပဒအဋ္ဌကထာနှင့် ဖွင့်ဆိုပုံချင်း မတူချေ။)
၆၈၄
မြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်းသို့ သုံးကြိမ်တိုင်တိုင် ကြွတော်မူခြင်းအကြောင်း
ဤမြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်းသို့ သုံးကြိမ်တိုင်တိုင် ကြွတော်မူခြင်းအကြောင်းအရာကို မဟာဝံသကျမ်း ပဌမပိုင်းမှ ထုတ်နုတ်၍ အကျဉ်းချုပ် ရေးသားဖော်ပြပါမည်-
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန် တော၌ ပဌမ၀ါကျွတ်တော်မူခဲ့၍ ထိုမှသည် ဥရုဝေလတောအုပ်သို့ ကြွရောက်တော်မူကာ ဥရုဝေလကဿပ ရသေ့အား တန်ခိုးပြာဋိဟာ ပြတော်မူရာအခဏ်း၌ ဥရုဝေလကဿပ ရသေ့ဆရာကြီးအတွက် အင်္ဂတိုင်း, မဂဓတိုင်း နှစ်တိုင်းတို့မှ လူအပေါင်းတို့ အလှူပွဲကြီးသဘင် နောက်တနေ့၌ ယင်လုလတ်သော် ဥရုဝေလကဿပ ရသေ့ ဆရာကြီး၏ စိတ်သန္တာန်၌ မိမိ၏ အလှူပွဲကြီးသို့ မြတ်စွာဘုရားရှင် မကြွလာစေချင်သော အလိုဆန္ဒကို သိမြင်တော်မူကာ ထိုအလှူပွဲကြီးသဘင် ဆင်ယင်ကျင်းပသောနေ့၌ မြတ်စွာဘုရားရှင်သည် ဥတ္တရကုရုကျွန်းသို့ ကြွရောက်၍ ဆွမ်းခံတော်မူခဲ့ပြီးလျှင် အနောတတ်အိုင်၌ ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ထိုနေ့ညဉ့်အချိန်သို့ ရောက်လတ်သော် (ဘုရားဖြစ်ပြီးနောက် ကိုးလမြောက်၌) သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူ လေသည်။
ထိုအချိန်၌ သီဟိုဠ်ကျွန်း၏အလယ် မြစ်ကမ်း၏အနီး သုံးယူဇနာ အလျားကျယ်လျက် တယူဇနာ အနံပြန့်သော အရပ်ဝယ် ယခုအခါ မဟာနာဂဝန ဥယျာဉ်နေရာ၌ သီဟိုဠ်ကျွန်းရှိ ဘီလူးတို့၏ အစည်းအဝေးကြီး ကျင်းပဆဲဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ထိုဘီလူးများ စည်းဝေးရာသို့ ကြွသွားတော်မူ၍ စည်းဝေးရာ အရပ်၏ အလယ် ယခုအခါ မဟီယင်္ဂဏစေတီတော်တည်ရာ ဌာန၏ အထက်ကောင်းကင်၌ ရပ်တည်တော်မူလျက် မိုးရွာခြင်း, လေပြင်းတိုက်ခြင်း, မှောင်အတိကျခြင်းတို့ဖြင့် ထိုဘီလူးတို့ကို ထိတ်လန့်ကြောက်ရွံ့စေတော်မူလေသည်။
၆၈၅
ထိုအခါ ဘီလူးတို့သည် အလွန်ကြောက်လန့်ကုန်သည်ဖြစ်၍ မြတ်စွာဘုရားရှင်ကို ဘေးမဲ့ပေးရန် လျှောက်ထား တောင်းပန်ကြလေသော် မြတ်စွာဘုရားရှင်သည် “ဘီလူးတို့.. သင်တို့၏ ကြောက်လန့်ခြင်းကို၎င်း, ဆင်းရဲဒုက္ခကို၎င်း ငါဘုရားသည် ပယ်ရှားပေးပေအံ့၊ သင်တို့သည် ငါ့အား ဤကျွန်း၌ နေထိုင်ရာအရပ်ကို ပေးကြလော့”ဟု မိန့်တော်မူလေသည်။ ဘီလူးတို့သည် မြတ်စွာဘုရားကို “ဆင်းရဲခပ်သိမ်း ငြိမ်းတော်မူသော အရှင်မြတ်ဘုရား.. အရှင်ဘုရားအား ဤနေရာကို အကျွန်ုပ်တို့ ပေးပါကုန်၏၊ အရှင်ဘုရားသည် ဤသီဟိုဠ်ကျွန်း တကျွန်းလုံးရှိ အကျွန်ုပ် ဘီလူးအပေါင်းတို့အား ဘေးမဲ့ကိုသာ ပေးတော်မူပါ”ဟူ၍ လျှောက်ထားကြလေကုန်၏။
မြတ်စွာဘုရားရှင်သည် မိုးရွာခြင်း, လေပြင်းတိုက်ခြင်း, မှောင်အတိကျခြင်း တည်းဟူသော တန်ခိုးအစီအရင်ကို ရုပ်သိမ်းတော်မူသဖြင့် ထိုဘီလူးတို့၏ ကြောက်လန့်ခြင်း ငြိမ်းအေးသောအခါ ကောင်းကင်မှ သက်ဆင်းတော်မူ၍ ဘီလူးတို့ပေးသော နေရာသို့ ကြွတော်မူပြီးလျှင် စမ္မခဏ် (=သားရေပိုင်း)ကို ခင်း၍ မြတ်စွ ဘုရားရှင်သည် ထိုင်နေတော်မူလေ၏။ ထို့နောက်မှ မြတ်စွာဘုရားသည် အလျှံတပြောင်ပြောင် တောက်လောင်နေသော ထိုသားရေပိုင်းကို ထက်ဝန်းကျင်မှ ဖြန့်ခင်းတော်မူလေသော် ဘီလူးတို့သည် ပူလောင်ခြင်းဖြင့် ပြင်းစွာ နှိပ်စက်အပ်ကုန်ရကား ကြောက်လန့်ကြပြီးလျှင် ကျွန်း၏ အစွန်းအနား ထက်ဝန်းကျင်၌ မှီတွယ်ရပ်တည်၍ နေကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဂိရိဒီပကျွန်းကို ဤသီဟိုဠ်အရပ်သို့ တန်ခိုးတော်ဖြင့် ဆောင်ယူတော်မူပြီးသော် ဘီလူးများ ထိုကျွန်းသို့ အလုံးစုံဝင်မိကြလျှင် ထိုဂိရိဒီပကျွန်းကို မူလနေရာ၌ တန်ခိုးတော်ဖြင့် ပြန်၍ ထားတော်မူလေ၏။
ဤနည်းဖြင့် သီဟိုဠ်ကျွန်းနေရာမှ ဘီလူးတို့ ရှင်း၍သွားသောအခါ မြတ်စွာဘုရားသည် အလျှံတပြောင်ပြောင် တောက်လောင်နေသည့် ထိုစမ္မခဏ် (=သားရေပိုင်းအခင်း)ကို ရုပ်သိမ်းတော်မူလေ၏။ ထိုအခါ များစွာသော သမ္မာဒေဝနတ်တို့သည်
၆၈၆
သီဟိုဠ်ကျွန်းသို့ လာရောက် စည်းဝေးကြလေကုန်၏၊ ထိုအစည်းအဝေး၌ မြတ်စွာဘုရားသည် နတ်တို့အား တရားဓမ္မကို ဟောကြားတော်မူလေသော် ကုဋေများစွာ သတ္တဝါတို့ ဓမ္မာဘိသမယ တရားထူးကို ရကြလေသည်။ မရေမတွက်နိုင်သော နတ်တို့သည် သရဏဂုံသီလ၌ တည်ကြလေကုန်၏။
မဟာသုမနနတ်မင်းတောင်းပန်၍ ဆံတော်ဓာတ်ကို ပေးအပ်တော်မူခြင်း
သုမနကူဋတောင်၌နေသော မဟာသုမန နတ်မင်းသည် ထိုတရားပွဲ၌ သောတာပန်တည်ပြီးနောက် မြတ်စွာဘုရားကို ပူဇော်ဖွယ်ဝတ္ထုတခုခု ပေးသနားရန် တောင်းပန်လေသည်၊ မြတ်စွာဘုရားရှင်သည် ဦးခေါင်းတော်ကို သုံးသပ်၍ လက်တွင်းခန့် ပမာဏရှိသော ဆံတော်ဓာတ်တို့ကို မဟာသုမနနတ်မင်းအား ပေးအပ်တော်မူပြီးလျှင် ဥရုဝေလတောအုပ်သို့ ပြန်ကြွတော်မူလေ၏။
မဟာသုမနနတ်မင်းသည် ထိုဆံတော်ဓာတ်တို့ကို ရွှေပန်းတောင်းဖြင့် ယူဆောင်ခဲ့၍ (ယခုအခါ မဟီယင်္ဂဏ စေတီတော်တည်ရာ အရပ်ဝယ်) ရတနာအမျိုးမျိုးတို့ဖြင့် စီခင်းအပ်သော နေရာ၌ ဆံတော်ဓာတ်တို့ကို တည်ထားပြီးလျှင် ဣန္ဒနီလာကျောက်စေတီဖြင့် ပိတ်ဖုံး၍ ကိုးကွယ်ပူဇော်လေသည်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသောအခါ စန္ဒကူးထင်းပုံထက်မှ လည်ပင်းတော်အရိုးဓာတ်ကို အရှင်သာရိပုတ္တရာမထေရ်၏တပည့် အရှင်သရဘုမထေရ်သည် တန်ခိုးဖြင့် ပင့်ဆောင်ခဲ့၍ ထိုကျောက်စေတီ နေရာ၌ ထည့်သွင်းတည်ထားပြီးလျှင် ရဟန်းအပေါင်း ခြံရံကာ ကျောက်နီတို့ဖြင့် ဖုံးအုပ်စေကာ စေတီတော်ကို တဆယ့်နှစ်တောင် အမြင့်ရှိအောင် ပြုပြင်၍ ပြန်သွားလေသည်။
ထို့နောက် ဒေဝါနံပိယတိဿမင်း၏ ညီတော် ဥဒ္ဓစူဠာဘယ မင်းသားသည် ထိုစေတီဟောင်းကို ငုံ၍
၆၈၇
အတောင်သုံးဆယ် ဉာဏ်တော်အမြင့်ရှိအောင် ပြုပြင်ပြန်လေသည်။ တဖန် ဒုဋ္ဌဂါမဏိမင်းသည် ထိုစေတီဟောင်းကို ငုံ၍ အတောင်ရှစ်ဆယ် ဉာဏ်တော်အမြင့်ရှိအောင် ပြုပြင်ပြန်လေသည်။ ဤသို့လျှင် မဟီယင်္ဂဏစေတီတော်ကို အဆက်ဆက် ဉာဏ်တော်အဆင့်ဆင့်မြင့်အောင် တည်ထားအပ်လေသည်။
(ဤကား မြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်းသို့ ပဌမအကြိမ် ကြွရောက်တော်မူခြင်းတည်း)
နာဂဒီပကျွန်းသို့ ကြွရောက်တော်မူခြင်း
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ငါးဝါမြောက်၌ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူဆဲအခါ သီဟိုဠ်ကျွန်း နာဂဒီပကျွန်းငယ်၌ ဦးရီးတော် မဟောဒရနဂါးမင်းနှင့် တူတော် စူဠောဒရနဂါးမင်းတို့ ပတ္တမြားပလ္လင်ကို အကြောင်းပြု၍ နှစ်ဖက်မှပင် နဂါးစစ်တပ်ကြီးချီ၍ စစ်ပွဲကြီးကြီးစွာ ဆင်နွှဲလျက်ရှိကြသည်ကို မြင်တော်မူ၍ မြတ်စွာဘုရားသည် တန်ခူးလကွယ်နေ့ နံနက်စောစောအခါ သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ နဂါးတို့အား သနားစောင့်ရှောက်ရန် နာဂဒီပကျွန်းသို့ ကြွရောက်တော်မူလေ၏။
မဟောဒနဂါးမင်း ဟူသည်မှာ ထိုစဉ်အခါ၌ မဟာသမုဒြာအတွင်း ယူဇနာငါးရာ အကျယ်အဝန်းရှိသော နဂါးပြည်၌ အစိုးရသည့် တန်ခိုးကြီးမားသော နဂါးမင်း ဖြစ်လေသည်။
ထိုမဟောဒရနဂါးမင်း၏ နှမဖြစ်သော ကဏှာမည်သော နဂါးမကို ဝဍ္ဎမာနတောင်၌ အစိုးရသော နဂါးမင်းအား ပေးအပ်လေသည်၊ ထိုဝဍ္ဎမာနတောင်၌ အစိုးရနေထိုင်သော နဂါးမင်းနှင့် ကဏှာနဂါးမိဖုရားတို့မှ စူဠောဒရ အမည်ရှိသော သားကို ဖွားမြင်လေသည်။ သို့ဖြစ်၍ စူဠောဒရနဂါးမင်းနှင့် မဟောဒရ နဂါးမင်းတို့သည် တူဝရီး တော်စပ်ကြလေသည်။
၆၈၈
စူဠောဒရနဂါးမင်း၏ အဖွား (အမေ့မိခင်)သည် စူဠောဒရနဂါးမင်း၏ မယ်တော် ကဏှာနဂါးမိဖုရားအား ပတ္တမြားပလ္လင်ကိုပေး၍ စုတေကွယ်လွန်ခဲ့လေရာ ထိုပတ္တမြားပလ္လင်ကို အကြောင်းပြု၍ သူရထိုက် ငါရထိုက် အငြင်းပွါးကြရာမှအစ ဦးရီးတော် မဟောဒရနဂါးမင်းနှင့် တူတော် စူဠောဒရနဂါးမင်းတို့ စစ်ပွဲကြီး ဖြစ်လာလေသည်။ တောင်၌ နေကြသည့် စူဠောဒရနဂါးမင်းနှင့်တကွ စစ်သည်ဗိုလ်ပါတို့သည်လည်း တန်ခိုးကြီးသော နဂါးများပင် ဖြစ်လေသည်။
ထိုအခါ ဇေတဝန်ကျောင်းတိုက် တံခါးမုခ်အနီး လင်းလွန်းပင်၌နေသော သမိဒ္ဓိသုမန-မည်သော ရုက္ခစိုးနတ်မင်းသည် မိမိ၏ ဘုံဗိမာန်ဖြစ်သည့် လင်းလွန်းပင်ကို ယူဆောင်ခဲ့ကာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုတော်မူချက်အရ ထီးဝန်းသဖွယ် မြတ်စွာဘုရား၏ ဦးခေါင်းတော်ထက်၌ လင်းလွန်းပင်ကို မိုးအုပ်လျက် ရှေးက မိမိနေခဲ့ဘူးသည့် ထိုနာဂဒီပကျွန်းသို့ ကပ်ရောက်လာလေသည်။
ထင်ရှားစေဦးအံ့.. ထိုသမိဒ္ဓိသုမန နတ်မင်းသည် အခြားမဲ့ လွန်ခဲ့သောဘဝက နာဂဒီပကျွန်း၌ လူဖြစ်ခဲ့၍ ယခုအခါ ရာဇာယတနစေတီတော် (=လင်းလွန်းပင် စေတီတော်) တည်ရာအရပ်၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ဆွမ်းဘုဉ်းပေး နေတော်မူကြသည်ကို ဖူးတွေ့ရ၍ သဒ္ဓါကြည်ညိုခြင်း ပြင်းစွာဖြစ်ပွါးလျက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား သပိတ်ကို သုတ်သင်ပွတ်တိုက်ရန် သစ်ခက်များကို လှူဒါန်းခဲ့လေသည်။
ထိုကောင်းမှုကြောင့် ထိုလူသည် စုတေသောအခါ သာဝတ္ထိပြည် ဇေတမင်းသား၏ဥယျာဉ်တော် တံခါးမုခ်အနီး လင်းလွန်းပင်၌ သမိဒ္ဓိသုမနမည်သော ရုက္ခစိုးနတ်မင်း ဖြစ်လာလေသည်။ ထိုလင်းလွန်းပင်သည် နောက်အခါ ဇေတဝန်ကျောင်းတိုက်ကြီး တည်ဆောက်သောအခါဝယ် ကျောင်းတိုက်၏အပြင်ပသို့ ရောက်ရှိနေလေသည်။
၆၈၉
မြတ်စွာဘုရားရှင်သည် သမိဒ္ဓိသုမနနတ်မင်း၏ အရှည်သဖြင့် ကြီးပွါးရေးနှင့် နာဂဒီပကျွန်း၏ အစီးအပွါး ဖြစ်ရှိရေးတို့ကို ရှုဆင်ခြင်တော်မူကာ ထိုသမိဒ္ဓိသုမနနတ်မင်းကို လင်းလွန်းပင်နှင့်တကွ နာဂဒီပကျွန်းသို့ ခေါ်ဆောင်တော်မူခဲ့လေသည်။
မြတ်စွာဘုရားရှင်သည် နဂါးမင်းနှစ်ဦးတို့၏ စစ်ပွဲအလယ် ကောင်းကင်၌ ထိုင်နေတော်မူလျက် ထိုနဂါးတို့အား ကြောက်ရွံ့ကြစေရန် အမိုက်မှောင်ကြီးကို ဖန်ဆင်းတော်မူလေ၏။ နဂါးတို့ အလွန်အမင်း ကြောက်ရွံ့လတ်သည်ရှိသော် မြတ်စွာဘုရားရှင်သည် ထိုနဂါးတို့ကို သက်သာစေလျက် အလင်းရောင်ကို တဖန် ပြတော်မူပြန်လေသည်။ နဂါးတို့သည် မြတ်စွာဘုရားရှင်ကို မြင်ကြ၍ လွန်စွာအားရမ်း ဝမ်းမြောက်ကြကာ မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ရိုသေမြတ်နိုး ရှိခိုးကြလေကုန်၏။
မြတ်စွာဘုရားရှင်သည် ထိုနဂါးတို့အား ညီညွတ်ရေးတရားကို ဟောကြားတော်မူလေလျှင် နဂါးမင်းနှစ်ဦးလုံးပင် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကြလျက် ထိုပတ္တမြားပလ္လင်ကို မြတ်စွာဘုရားအား လှူဒါန်းကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် မြေအပြင်သို့ သက်ဆင်းကြွရောက်တော်မူလျက် ပတ္တမြားပလ္လင်၌ ထိုင်နေတော်မူလျက် ထိုနဂါးမင်းနှစ်ဦးတို့ လှူကပ်အပ်သော နတ်၌ဖြစ်သည့် ဆွမ်းအဖျော်တို့ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ကုန်းနေ ရေနေ ကုဋေရှစ်ဆယ်သော ထိုနဂါးတို့ကို တရားဓမ္မ ဟောပြတော်မူကာ သရဏဂုံသီလတို့၌ တည်စေတော်မူလေ၏။
မဏိအက္ခိကနဂါးမင်း တောင်းပန်ခြင်း
မဟောဒရနဂါးမင်း၏ ဦးရီးတော် (အမေ့မောင်)ဖြစ်သော ကလျာဏီအရပ်၌ စိုးအုပ်နေထိုင်သော မဏိအက္ခိကနဂါးမင်းသည်လည်း စစ်ထိုးရန် ထိုနာဂဒီပကျွန်းအရပ်သို့ ရောက်ရှိလာလေသည်။ ထိုနဂါးမင်းကား မြတ်စွာဘုရားရှင် ပဌမအကြိမ် သီဟိုဠ်ကျွန်းသို့ ကြွတော်မူစဉ်ကပင် တရားနာရ၍ သရဏဂုံသီလတို့၌တည်သူ ဖြစ်လေသည်။ မဏိအက္ခိကနဂါးမင်းသည်
၆၉၀
ထိုနာဂဒီပကျွန်း၌ မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အရှင်ဘုရားသည် အကျွန်ုပ်တို့အား အလွန်ကြီးမားလှသည့် ဤသနားစောင့်ရှောက်မှုကို ပြုအပ်ခဲ့ပါပြီ၊ အရှင်ဘုရား မကြွလာသည်ရှိသော် တပည့်တော်တို့အားလုံး ပြာအတိ ဖြစ်ကြရပါမည်။ မြတ်စွာဘုရား.. တပည့်တော်၏အပေါ်၌ အရှင်ဘုရား၏ ငဲ့ညှာ ထောက်ထား အသီးအခြား သနားစောင့်ရှောက်မှုလည်း ဖြစ်စေချင်ပါသည်၊ နောက်တကြိမ် ဤသီဟိုဠ် ကျွန်းသို့ ကြွရောက်တော်မူသောအခါ အကျွန်ုပ်၏ နေထိုင်ရာ ကလျာဏီအရပ်သို့လည်း ကြွရောက် ချီးမြှောက်တော်မူစေချင်ပါသည်ဘုရား”ဟူ၍ လျှောက်ထား တောင်းပန်လေသည်။
မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေတော်မူသဖြင့် သီဟိုဠ်ကျွန်းသို့ နောက်တကြိမ် ကြွရောက်တော်မူရန် လက်ခံ သာယာတော်မူပြီးလျှင် ထိုနေရာ၌ပင် ရာဇာယတနစေတီတော် (=လင်းလွန်းပင် စေတီတော်)ကို တည်ထားစေတော်မူ၍ လင်းလွန်းပင်ကို၎င်း, ပတ္တမြားပလ္လင်ကို၎င်း နဂါးမင်းအား ရိုသေမြတ်နိုး ရှိခိုးကြရန် အပ်နှင်းတော်မူပြီးနောက်-
နဂါးမင်းတို့.. သင်တို့သည် ငါဘုရား၏ ပရိဘောဂ စေတီတော်ဖြစ်သည့် လင်းလွန်းပင်နှင့် ပတ္တမြားပလ္လင်ကို ရိုသေမြတ်နိုး ရှိခိုးကြလော့၊ ထိုသို့ ရှိခိုးခြင်းသည် သင်တို့အဖို့ရာ အထူးထူး အပြားပြား စီးပွါးချမ်းသာရန် ဖြစ်လိမ့်မည်-
ဤသို့ အစရှိသည်ဖြင့် နဂါးတို့အား အဆုံးအမ ဩဝါဒစကား မိန့်ကြားတော်မူပြီးလျှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ပင် ပြန်ကြွတော်မူလေ၏။
(ဤကား မြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်းသို့ ဒုတိယအကြိမ် ကြွရောက်တော်မူခြင်းတည်း)။
၆၉၁
တတိယအကြိမ် သီဟိုဠ်ကျွန်းသို့ ကြွရောက်၍ ထိုထိုအရပ်တို့၌ သမာပတ် ဝင်စားတော်မူခြင်းအကြောင်း
ထို့နောက် သုံးနှစ်မြောက် ရောက်သောအခါ မဏိအက္ခိက နဂါးမင်းသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူသော မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားရှင်ကို ရဟန်းသံဃာတို့နှင့်တကွ သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူပါရန် တဖန် ပင့်လျှောက်ပြန်လေသည်။
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ရှစ်နှစ်မြောက်၌ ဇေတဝန်ကျောင်းတိုက်ဝယ် သီတင်းသုံး နေထိုင်တော်မူစဉ် မဏိအက္ခိကနဂါးမင်း ပင့်လျှောက်သည့်နေ့မှ နောက်တနေ့ (ကဆုန်လပြည့်နေ့)ဝယ် ဆွမ်းဘုဉ်းပေးရန် အချိန်တန်ကြောင်း လျှောက်ထားအပ်သည်ရှိသော် ရဟန်းငါးရာ ခြံရံတော်မူလျက် ဇေတဝန်ကျောင်း၌ပင် သင်္ကန်းရုံတော်မူကာ သီဟိုဠ်ကျွန်း ကလျာဏီအရပ် မဏိအက္ခိကနဂါးမင်း၏ ဘုံဗိမာန်သို့ ကြွရောက်တော်မူလေသည်။
မဏိအက္ခိက နဂါးမင်းသည် အခြံအရံ နဂါးတို့နှင့်တကွ အခြံအရံသံဃာတော် ငါးရာတို့နှင့် တကွဖြစ်သော မြတ်စွာဘုရား တရားမင်းကို (ယခုအခါ) ကလျာဏီ စေတီတော်တည်ရာ အရပ်ဝယ် ဆောက်လုပ်အပ်သော ရတနာမဏ္ဍပ်အတွင်း ခင်းထားအပ်သော ရတနာပလ္လင်၌ နတ်ဖြစ် ခဲဖွယ်ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကျွေးလေသည်။
မြတ်စွာဘုရားရှင်သည် ထိုကလျာဏီစေတီတော် တည်ရာနေရာမဏ္ဍပ်၌ မဏိအက္ခိကနဂါးမင်း အမှူးပြုသော နတ်နဂါးပရိသတ်အပေါင်းအား တရားဟောတော်မူပြီးလျှင် ထိုအရပ်မှ ကောင်းကင်ခရီးဖြင့် ကြွတော်မူခဲ့၍ သုမနတောင်ထိပ်၌ ခြေတော်ရာ (=ပဒစေတီ)တဆူ ချထားတော်မူလေသည်။ ထိုသုမနတောင် ခြေရင်း၌ မြတ်စွာဘုရားသည် တပည့်ရဟန်း
၆၉၂
ငါးရာတို့နှင့်တကွ နေ့သန့် နေထိုင်တော်မူပြီးနောက် ဒီဃဝါပီအရပ်သို့ တဖန် ကြွတော်မူပြန်လေသည်။
မြတ်စွာဘုရားရှင်သည် ထိုဒီဃဝါပီ စေတီတော်တည်ရာအရပ်၌ တပည့်ရဟန်း ငါးရာတို့နှင့်တကွ ထိုင်နေတော်မူပြီးလျှင် (နောက်အခါ ထိုဌာနကို ရှင်လူတို့ အလေးအမြတ် ပြုကြစေခြင်းငှါ) ဖလသမာပတ်ကို ဝင်စားတော်မူလေသည်။ မြတ်စွာဘုရားရှင်သည် သမာပတ်မှ ထပြီးသော် ထိုအရပ်မှတဖန် မဟာမေဃဝန် ဥယျာဉ်သို့ ကြွတော်မူပြန်လေသည်။
မဟာမေဃဝန်ဥယျာဉ်သို့ ရောက်သောအခါ မြတ်စွာဘုရားသည် တပည့်ရဟန်း ငါးရာတို့နှင့်တကွ ယခုအခါ မဟာဗောဓိပင် တည်ရာအရပ်၌ ထိုင်နေတော်မူကာ ဖလသမာပတ်ကို ဝင်စားတော်မူပြန်လေသည်။
ထိုမှတဖန် မဟာစေတီတည်ရာအရပ်သို့ ကြွသွားတော်မူ၍ ရဟန်းငါးရာတို့နှင့်တကွ ဖလသမာပတ် ဝင်စားတော်မူပြီးလျှင် သမာပတ်မှ ထသောအခါ ယခုအခါ ထူပါရုံစေတီတော်တည်ရာအရပ်၌ ထို့အတူပင် တပည့်ရဟန်း ငါးရာတို့နှင့်တကွ ဖလသမာပတ်ကို ဝင်စားတော်မူပြန်လေသည်။
ဖလသမာပတ်မှ ထသောအခါ မြတ်စွာဘုရားရှင်သည် ယခုအခါ ကျောက်စေတီ တည်ရာဌာနသို့ တပည့်ရဟန်း ငါးရာတို့နှင့်တကွ ကြွတော်မူပြီးလျှင် ထိုအစည်းအဝေးသို့ ရောက်လာညီမူကြသော နတ်အပေါင်းတို့ကို အဆုံးအမ ဩဝါဒတရား ဟောကြားတော်မူပြီးလျှင် သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတိုက်တော်သို့ တဖန် ပြန်ကြွတော်မူလေ၏။
(ဤကား မြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်းသို့ တတိယအကြိမ် ကြွရောက်တော်မူခြင်းတည်း။
ဤကား မြတ်စွာဘုရားရှင် သီဟိုဠ်ကျွန်းသို့ သုံးကြိမ်တိုင်တိုင် ကြွတော်မူခြင်း အကြောင်းအရာတည်း။)