မာတိကာသို့ ခုန်သွားရန်

မဟာသုပိနဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၇၇။ မဟာသုပိနဇာတ်
2694ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၇၇။ မဟာသုပိနဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ဝရုဏဝဂ်

၇။ မဟာသုပိနဇာတ်

ကောသလမင်းကြီး၏ တဆယ့်ခြောက်ချက်သောအိပ်မက်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥသဘာ ရုက္ခာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာသုပိနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောသလမင်းကြီးသည် ညဉ့်အခါ၌ မျောက်မျဉ်းအိပ်ပျော်လျက် ပစ္ဆိမယာမ်၌ တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကို မြင်မက်၏။ ညဥ့်အခါ၌ဖြစ်၍ ကြောက်လန့်လျက်နိုး၍ အိပ်မက်တို့ကို မြင်အပ်သည်၏အဖြစ်ကြောင့် ငါ့အား အသို့ဖြစ်လတ္တံ့နည်းဟု သေဘေးမှကြောက်သည်ဖြစ်၍ အိပ်ရာအပြင်၌ ထိုင်လျက်သာလျှင် ညဉ့်ကိုလွန်စေသတတ်။

ထိုအခါ မိုးသောက်သည်ရှိသော် ထိုမင်းကြီးသို့ ပုဏ္ဏားပုရောဟိတ်တို့သည်ကပ်ကုန်၍ မြတ်သောမင်းကြီး ရှင်မင်းကြီးတို့သည် ချမ်းသာစွာအိပ်ရပါ၏လောဟု မေးလျှောက်ကုန်၏။ ဆရာတို့ ငါ့အား အဘယ်မှာချမ်းသာအံ့နည်း၊ ယနေ့ ငါသည် မိုးသောက်သောအခါ တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုမြင်ပြီး၍ ထိုငါသည် ထိုအိပ်မက်ကိုမြင်သောအခါမှစ၍ ကြောက်ခြင်းသို့ ရောက်သည်ဖြစ်၏ဟု ဆို၏။ မြတ်သောမင်းကြီး ဆိုတော်မူလော၊ ထိုအိပ်မက်ကိုကြား၍ သိရကုန်အံ့ဟု လျှောက်သည်ရှိသော် ပုဏ္ဏားတို့အား မြင်သောအိပ်မက်တို့ကိုဆို၍ ဤအိပ်မက်တို့ကို မြင်၏။ အကြောင်းသည် အသို့ဖြစ်လတ္တံ့နည်းဟု မေး၏။ ပုဏ္ဏားတို့သည် လက်တို့ကို ခါကုန်၏။ အဘယ့်ကြောင့် လက်တို့ကို ခါကုန်သနည်းဟုဆိုသည်ရှိသော် မြတ်သောမင်းကြီး အိပ်မက်တို့သည် ကြမ်းကုန်၏ဟု လျှောက်ကုန်၏။ ထိုအိပ်မက်တို့၏အကျိုးသည် အသို့ဖြစ်လတ္တံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး တိုင်းပြည်အန္တရာယ်၎င်း၊ မိဖုယားအန္တရာယ်၎င်း၊ အသက်အန္တရာယ်၎င်း၊ ဤသုံးပါးသော အန္တရာယ်တို့တွင် တပါးပါးသော အန္တရာယ်သည်ဖြစ်လတ္တံ့ဟု လျှောက်ကုန်၏။

ဆရာတို့ ကုစားအပ်သောအိပ်မက် မကုစားအပ်သောအိပ်မက်ရှိလောဟု မေး၏။ မြတ်သောမင်းကြီး ထိုအိပ်မက်တို့သည် အလွန်ကြမ်းသည်၏အဖြစ်ကြောင့် မကုစားအပ်၊ အကယ်၍ မကုစားအပ်ကုန်သော်လည်း ကျွန်ုပ်တို့သည် ထိုအိပ်မက်တို့ကို ကုစားအပ်သည်တို့ကို ပြုပါကုန်အံ့၊ ထိုအိပ်မက်တို့ကိုကုစားအံ့သောငှာ မတတ်နိုင်ကုန်သည်ရှိသော် အကျွန်ုပ်တို့အား အတတ်သင်သောအဖြစ်မည်သည် အဘယ်အကျိုးရှိတော့အံ့နည်းဟု လျှောက်ကုန်၏။ ဆရာတို့ အသို့ပြုလျက် ကုစားကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး အလုံးစုံလေးခုအပေါင်းဖြင့် ယဇ်ကိုပူဇော်ပါကုန်ဟုလျောက်ကုန်၏။ ထိုစကားကိုကြား၍ မင်းကြီးသည် ကြောက်လန့်သည်ဖြစ်၍ ဆရာတို့ ထိုသို့တပြီးကား ငါ၏အသက်သည် သင်တို့၏လက်၌ ဖြစ်၏။ လျင်စွာလျှင် ချမ်းသာခြင်းကို ပြုကုန်လောဟု ဆို၏။ ပုဏ္ဏားတို့သည် များစွာသောဥစ္စာတို့ကို ရကုန်လတ္တံ့၊ များစွာသောခဲဘွယ်ဘောဇဉ်တို့ကို ရကုန်လတ္တံ့ ဟု နှစ်သက်ရွှင်လန်းသောစိတ်ရှိကုန်သည်ဖြစ်၍ မြတ်သောမင်းကြီး ကြံတော်မမူပါလင့်ဟု မင်းကြီးအား သက်သာရာရစေ၍ မင်းအိမ်မှထွက်ပြီးလျှင် မြို့အပ၌ ယဇ်တွင်းကိုပြု၍ များစွာသော အခြေလေးချောင်းရှိကုန်သောသတ္တဝါတို့ကို ယဇ်တွင်း၏အနီး သို့ဆောင်၍ အလုံးစုံသောငှက်အပေါင်းတို့ကို ပေါင်းစု၍ ဤမည်သော ဤမည်သောဝတ္ထုကို ရခြင်းငှါသင့်၏ဟု အဖန်တလဲလဲ သွားကုန်၏။

ထိုအခါ မလ္လိကာမိဖုယားသည် ထိုအကြောင်းကိုသိ၍ မင်းကြီးသို့ကပ်ပြီးလျှင် မြတ်သောမင်းကြီး ပုဏ္ဏားတို့သည် အဖန်တလဲလဲ အဘယ်ကြောင့် သွားကုန်သနည်းဟု မေး၏ ရှင်မိဖုယား သင်သည်ကား ချမ်းသာပေ၏။ ငါတို့၏နားရင်း၌သွားသော မြွေဟောက်ကို မသိသလောဟု မေး၏။ ရှင်မင်းကြီး ထိုသို့သွားသောမြွေဟောက်ဟူသည် အဘယ်နည်းဟု မေး၏။ ငါသည် ဤသို့သဘောရှိကုန်သော မကောင်းသောအိပ်မက်တို့ကို မြင်အပ်ကုန်၏။ ပုဏ္ဏားတို့သည် သုံးပါးကုန်သောအန္တရာယ်တို့တွင် တပါးပါးသောအန္တရာယ်သည် ထင်၏ဟုဆို၍ ထိုအန္တရာယ်တို့ကို ပျောက်ခြင်းငှါ ယဇ်ပူဇော်ကုန်အံ့ဟူ၍ အဖန်တလဲလဲ သွားကုန်၏ဟု ဆို၏။ ရှင်မင်းကြီး နတ်နှင့်တကွသောလောက၌ မြတ်သောသူကို အိပ်မက်ကုစားခြင်းငှါ ရှင်မင်းကြီးသည် မေးတော်မူပြီလောဟု လျှောက်၏။ ရှင်မိဖုယား နတ်နှင့်တကွသော လောက၌ မြတ်သောပုဏ္ဏားဟူသည် အဘယ်နည်းဟု မေး၏။ ရှင်မင်းကြီး နတ်နှင့်တကွသောလောက၌ မြတ်သောပုဂ္ဂိုလ် ဖြစ်တော်မူသော ခပ်သိမ်းသောတရားတို့ကို သိတော်မူသော အထူးသဖြင့် ကိလောတို့မှစင်ကြယ်သော ကိလေသာမရှိသော ကောင်းသော လာခြင်းရှိတော်မူသော ဂေါတမအနွယ်ဖြစ်တော်မူသော ပုဏ္ဏားကို မသိသလော၊ ထိုစကားသည် မှန်၏။ ထိုမြတ်စွာဘုရားသည် အိပ်မက်အကျိုးကို သိ၏။ ရှင်မင်းကြီး ကြွတော်မူချေ၊ ရှင်မင်းကြီးသည် ထိုမြတ်သောပုဏ္ဏားကို မေးတော်မူလောဟု လျှောက်၏။ ရှင်မိဖုယား ကောင်းပြီဟု မင်းကြီးသည် စောစောကလျှင် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက်နေ၏။ မြတ်စွာဘုရားသည် သာယာသောအသံကို မြှောက်တော်မူ၍ မြတ်သောမင်းကြီး အဘယ်ကြောင့် စောစောကလျှင် လာသနည်းဟု မေးတော်မူ၏။

အရှင်ဘုရား အကျွန်ုပ်သည် မိုးသောက်ထအခါ၌ တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုမြင်မက်၍ ကြောက်သောကြောင့် ပုဏ္ဏားတို့အား ကြား၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး အိပ်မက်တို့သည် ကြမ်းကြုတ်ကုန်၏။ ထိုအိပ်မက်တို့ကိုဖျောက်အံ့သောငှါ အလုံးစုံလေးခုအပေါင်းဖြင့် ယဇ်ပူဇော်အံ့ဟု ယဇ်ကို စီရင်ကုန်၏။ များစွာသောသတ္တဝါတို့သည် သေဘေးမှကြောက်ကုန်၏။ အရှင်ဘုရားတို့သည်လည်း နတ်နှင့်တကွသော လောက၌ မြတ်သောပုဂ္ဂိုလ် ဖြစ်တော်မူ၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်ကိုစွဲ၍ အကြင်သိအပ်သောတရားသည် အရှင်ဘုရားတို့၏ ဉာဏ်တော်၌ ထင်ခြင်းသို့မရောက်၊ ထိုထင်ခြင်းသို့ မရောက်သော တရားမရှိ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်၏ ဤအိပ်မက်တို့၏အကျိုးကို ဟောတော်မူပါကုန်လောဟု လျှောက်၏။

မြတ်သောမင်းကြီး ထိုသင်မင်းကြီးဆိုသောစကားသည် မင်းကြီးဆိုတိုင်းသာလျှင် မှန်၏။ နတ်နှင့်တကွသောလောက၌ ငါဘုရားကိုထား၍ တပါးသော အိပ်မက်တို့၏အကျိုးကို၎င်း ဖြစ်ခြင်းကို၎င်း သိခြင်းငှါစွမ်းနိုင်သောသူမည်သည် မရှိ၊ ငါသည် သင်မင်းကြီးအား ဟောအံ့၊ စင်စစ်သော်ကား သင်မင်းကြီးသည် မြင်တိုင်းမြင်တိုင်း အမှတ်ဖြင့်သာလျှင် အိပ်မက်တို့ကိုဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ကောင်းပြီဟု မင်းကြီးသည် မြင်တိုင်း မြင်တိုင်းသော အမှတ်ဖြင့်သာလျှင် ဆိုအံ့သောငှါ အားထုတ်လို၍-

၇၇။ ဥသဘာ ရုက္ခာ ဂါဝိယော ဂဝါ စ၊
အဿော ကံသော သိင်္ဂါလီ စ ကုမ္ဘော။
ပေါက္ခရဏီ စ အပါက စန္ဒနံ။
လာဗူနိ သီဒန္တိ သိလာ ပ္လဝန္တိ၊
မဏ္ဍူကိယော ကဏှသပ္ပေ ဂိလန္တိ၊
ကာကံ သုဝဏ္ဏာ ပရိဝါရယန္တိ၊
တသာ ဝကာ ဧဠကာနံ ဘယာဟိ။

ဟူသော မာတိကာကိုထား၍ လျှောက်၏။

၇၇။ ဥသဘာ၊ နွားနက်ဥသဘလေးခုတို့သည် ဝှေ့အံ့သော အခြင်းအရာကိုပြ၍ ဖဲကုန်၏။ ရုက္ခာ၊ ငယ်စွာကုန်သော သစ်ပင်ချုံတို့သည် ပွင့်ကုန် သီးကုန်၏။ ဂါဝိယော၊ နွားမကြီးတို့သည် ယနေ့ မွေးသော နွားမငယ်၏ နို့ကိုစို့ကုန်၏။ ဂဝါစ၊ လှည်း၌ က အပ်ကုန်သောနို့စို့ နိခွါ နွားငယ်တို့သည် ဝန်ကိုမရွက်ဆောင်နိုင်ကုန်။ အဿော၊ နှစ်ဘက်မျက်နှာရှိသောမြင်းသည် နှစ်ဘက်သောခံတွင်းဖြင့် အစာကိုစား၏။ ကံသော၊ အဘိုး တသိန်းထိုက်သော ရွှေလင်ပန်းကို ဤ၌ ကျင်ငယ်စွန့်လောဟု မြေခွေးအား ဆောင်နှင်း၏။ သိင်္ဂါလီစ၊ အထက်၌ ကျစ်အပ်သောလွန်ကို အောက်က မြေခွေးမစား၏။ ကုမ္လော၊ အချည်းနှီးသောအိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုး၌သာရေလောင်း၏။ ပေါက္ခရဏီ စ၊ ရေကန်အလယ်၌ ရေတို့သည်နောက်ကုန်၍ အနား၌ရေတို့သည် ကြည်ကုန်၏။ အပါကံ၊ တလုံးတည်းသောအိုးဖြင့် ချက်အပ်သော ထမင်းသည် သုံးစုအားဖြင့်ကျက်၏။ စန္ဒနံ၊ အဘိုးတသိန်းထိုက်သော စန္ဒကူးနံ့သာကို ရက်တက်ရည်ပုပ်ဖြင့် ရောင်းစား၏။ လာဗုနိ၊ ဗူးတောင်းတို့သည်။ သီဒန္တိ၊ ရေ၌ နစ်ကုန်၏။ သိလာ၊ ကျောက်ဖျာကြီးတို့သည်။ ပ္လဝန္တိ၊ ရေ၌ပေါ်ကုန်၏။ မဏ္ဍူကိယော၊ ဖားမငယ်တို့သည်။ ကဏှသပ္ပေ၊ မြွေဟောက်တို့ကို။ ဂိလန္တိ၊ မျိုကုန်၏။ ကာကံ၊ ကျီးကို။ သုဝဏ္ဏာ၊ ရွှေဟင်္သာတို့သည်။ ပရိဝါရယန္တိ၊ ခြံရံကုန်၏။ တသာ၊ ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ဝကာ၊ သစ်တို့သည်။ ဧဠကာနံ၊ ဆိတ်တို့အား။ ဘယာ၊ ကြောက်ကုန်၏။

၁။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဦးသော တခုသောအိပ်မက်ကိုဤသို့ မြင်၏။ မျက်စဉ်းညိုအဆင်းနှင့်တူကုန်သော နွားနက် ဥသဘတို့သည် ဝှေ့ကုန်အံ့ဟု အရပ်လေးမျက်နှာတို့မှ မင်းယင်ပြင်သို့လာလတ်ကုန်၍ နွားဥသဘဝှေ့ခြင်းကို ကြည့်ကုန်အံ့ဟု လူအများသည် မင်းယင်ပြင်၌စည်းဝေးသည်ရှိသော် ဝှေ့အံ့သောအခြင်းအရာကိုပြု၍ တွန်၍ ကြုံး၍ မဝှေ့ကုန်မူ၍သာလျှင် ဖဲကုန်၏။ ရှေးဦးစွာ ဤအိပ်မက်ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်မင်းကြီး ဤအိပ်မက်၏ အကျိုးသည် သင်၏ လက်ထက်၌ မဖြစ်သလျှင်ကတည်း၊ ငါဘုရားလက်ထက်တော်၌ မဖြစ်လတ္တံ့သလျှင်ကတည်း၊ နောင်သောအခါ၌ကား တရားမစောင့်ကုန်သော မင်းဆင်းရဲတို့၏၎င်း တရားမစောင့်ကုန်သော သူတို့၏၎င်း လက်ထက်၌ လူတို့သည် ပြောင်းပြန် ဖြစ်ကုန်သည်ရှိသော် ကုသိုလ်သည်ဆုတ်ယုတ်သည်ရှိသော် အကုသိုလ်သည် ပြန့်ပြောသည်ရှိသော် လူတို့၏ ယုတ်သော လောက၌ မိုဃ်းသည် ကောင်းစွာမရွာ၊ မိုဃ်းရွာခြင်းတို့သည် ပြတ်ကုန်လတ္တံ့၊ ကောက်တို့သည် ညှိုးကုန်လတ္တံ့၊ ငတ်မွတ်ခြင်းတို့သည် ဖြစ်ကုန်လတ္တံ့၊ ရွာအံ့ဘိသကဲ့သို့ အရပ် လေးမျက်နှာတို့မှ မိုဃ်းတို့သည်တက်လတ်ကုန်၍ မိန်းမတို့သည် နေပူ၌ဖြန့်၍ လှန်းအပ်ကုန်သော ကောက်အစရှိသည်တို့ကို မိုဃ်းစွတ်အံ့သည်မှ ကြောက်သောကြောင့် အိမ်တွင်းသို့သွင်းသောကာလ၌ ယောကျ်ားတို့သည် ပေါက်တူး, တောင်း လက်စွဲကုန်လျက် လယ်ကန်သင်းတည်အံ့သောငှါ ထွက်ကုန်သည်ရှိသော် ရွာအံ့သောအခြင်းအရာကိုပြ၍ ထစ်ကြိုး၍ လျှပ်စစ်နယ်တို့ဖြင့် ပြက်လျက် ထိုနွားဥသဘတို့သည် မဝှေ့ကုန်၍ ဖဲကုန်သကဲ့သို့ မရွာမူ၍ ပြေးကုန်လတ္တံ့၊ ဤသို့ဆိုအပ်ပြီးသည်ကား ရှေးဦးစွာ ထိုအိပ်မက်၏ အကျိုးတည်း၊ သင်မင်းကြီးအား ထိုအိပ်မက်ဟူသော အကြောင်းကြောင့် တစုံတခုသောအန္တရာယ်မရှိ၊ အနာဂတ်ကိုစွဲ၍ ဤအိပ်မက်ကို မြင်မက်၏။ ပုဏ္ဏားတို့သည်ကား မိမိတို့၏ အသက်မွေးခြင်းကိုမှီ၍ ဆိုကုန်၏ဟု မိန့်တော်မူ၏။

၂။ ဤသို့လျှင် မြတ်စွာဘုရားသည် ပဌမ အိပ်မက်၏ အကြောင်းကိုဟောတော်မူ၍ မြတ်သောမင်းကြီး နှစ်ခုမြောက်သောအိပ်မက်ကို ဆိုလောဟုမိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် နှစ်ခုမြောက်သောအိပ်မက်ကို ဤသို့ မြင်မက်၏။ အလွန်ငယ်ကုန်သော သစ်ပင်တို့သည်၎င်း ငယ်ကုန်သော ချုံတို့သည်၎င်း မြေကိုဖောက်ကုန်၍ တထွာမျှ၎င်း တတောင်မျှ၎င်း တက်ကုန်၍ ပွင့်လည်း ပွင့်ကုန်၏။ သီးလည်း သီးကုန်၏။ နှစ်ခုမြောက်သော ဤအိပ်မက်ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည်ကား အသိနည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း လောက၏ ဆုတ်ယုတ်သောကာလ၌ အသက်တိုသောကာလ၌ ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ သတ္တဝါတို့သည် ထက်သောရာဂရှိကုန်သည် ဖြစ်လတ္တံ့၊ အရွယ်မရောက်ကုန်သေးသည်သာလျှင်ဖြစ်ကုန်သော သတိုးသ္မီးငယ်တို့သည် ယောက်ျားတပါးသို့ရောက်ကုန်၍ ဥတုလာကုန်သည်၎င်း ကိုယ်ဝန် ဆောင်ကုန်သည်၎င်းဖြစ်ကုန်၍ သားသ္မီးတို့ကိုဖွားကုန်လတ္တံ့ ထိုစကားသည် မှန်၏။ ငယ်စွာကုန်သောသစ်ပင်ချုံတို့၏ အပွင့်တို့ကဲ့သို့ ထိုသတိုးသ္မီးငယ်တို့အား ဥတုလာသောအဖြစ်သည် ဖြစ်လတ္တံ့၊ အသီးကဲ့သို့ သားသ္မီးတို့သည် ဖြစ်ကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၃။ မြတ်သောမင်းကြီး သုံးခုမြောက်သောအိပ်မက်ကိုလည်း ဆိုဟု မိန့်တော်မူ၏။ အရှင်ဘုရား နွားမကြီးတို့သည် ထိုနေ့မွေးကုန်သော နွားမငယ်တို့၏နို့ကို စို့ကုန်သည်တို့ကို မြင်မက်၏။ အကျွန်ုပ်၏ သုံးခုမြောက်သော အိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည်ကား အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာ လူတို့၏ ကြီးသောသူတို့ကို အရိုအသေပြုသောအမှု၏ ပျောက်ကွယ်သောကာလ၌ ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ သတ္တဝါတို့သည် အမိအဘတို့၌၎င်း ယောက္ခမမိန်းမ ယောက္ခမယောကျ်ားတို့၌၎င်း အရှက်ကို မဖြစ်စေမူ၍ မိမိတို့သည်သာလျှင် ဥစ္စာကိုစီရင်ကုန်၍ စားရုံဝတ်ရုံမျှကို ကြီးသောသူတို့အား ပေးလိုကုန်သောသူတို့သည် ပေးကုန်လတ္တံ့၊ မပေးလိုကုန်သောသူတို့သည် မပေးကုန်လတ္တံ့၊ ထိုနေ့၌ ဖွားကုန်သော နွားမငယ်တို့၏ နို့ကို စို့ကုန်သောနွားမကြီးတိုကဲ့သို့ ကြီးကုန်သောသူတို့သည် ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍ မိမိတို့မှဖြစ်သောသူငယ်တို့ကို နှစ်သက်စေ၍ အသက်မွေးရကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၄။ မြတ်သောမင်းကြီး လေးခုမြောက်သော အိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ဝန်ကိုရွက်ဆောင်နိုင်သော အလုံးအရပ်နှင့်ပြည့်စုံသောနွားကြီးတို့ကို ထမ်းပိုးအဆင့်ဆင့်တို့ဖြင့်မကကုန်မူ၍ နို့စို့နိခွါဖြစ်ကုန်သောနွားငယ်တို့ကို လှည်း၌ ကကုန်သည်တို့ကို မြင်မက်၏။ ထိုနို့စိုနိုခွါဖြစ်သောနွားငယ်တို့သည် ဝန်ကိုရွက်ဆောင်ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ဝန်ကိုစွန့်၍နေကုန်၏။ လှည်းတို့သည်လည်း မလည်ကုန်၊ အကျွန်ုပ်၏ လေးခုမြောက်သောအိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးကား အသို့နည်းဟုလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏ အကျိုးသည်လည်း နောက်အခါ၌သာလျှင် တရားမစောင့်သောမင်းတို့၏ လက်ထက်၌ ဖြစ်ကုန်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ တရားမစောင့်ကုန်သော မင်းဆင်းရဲတို့သည် ပညာရှိကုန်သော အစဉ်အဆက်၌ လိမ်မာကုန်သော မင်းမှုကိုဆောင်ရွက်ခြင်းငှါစွမ်းနိုင်ကုန်သော အမတ်ကြီးတို့အား စည်းစိမ်ကိုမပေးကုန်လတ္တံ့၊ တရားသဘင်၌ တရားဆုံးဖြတ်သောအရာ၌လည်း ပညာရှိကုန်သောတရားဆုံးဖြတ်ခြင်း၌ လိမ်မာကုန်သောအမတ်တို့ကို မထားကုန်လတ္တံ့၊ ထိုအမတ်ကြီးတို့မှပြန်ကုန်သော အလွန်ငယ်ကုန်သောသူတို့အားကား စည်းစိမ်ကိုပေးကုန်လတ္တံ့၊ ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သောသူတို့ကို တရားဆုံးဖြတ်ရာအရပ်၌ ထားကုန်လတ္တံ့၊ ထိုငယ်ကုန်သောသူတို့သည် မင်းမှုတို့ကို၎င်း၊ သင့် မသင့်တို့ကို၎င်း မသိကုန်သည်ဖြစ်၍ ထိုစည်းစိမ်ကိုရွက်ဆောင်အံ့သောငှါ မတတ်နိုင်လတ္တံ့၊ မင်းမှုတို့ကိုလည်း ရွက်ဆောင်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ ထိုအလွန်ငယ်ကုန်သောသူတို့သည် မတတ်နိုင်ကုန်သည် ဖြစ်၍ မင်းမှုဝန်ကိုစွန့်ကုန်လတ္တံ့၊ ကြီးသည်လည်းဖြစ်ကုန်သော ပညာရှိကုန်သောအမတ်တို့သည် စည်းစိမ်ကိုမရကုန်သည်ဖြစ်၍ မင်းမှုကိစ္စတို့ကိုရွက်ဆောင်အံ့သောငှါ တတ်နိုင်ကုန်သော်လည်း ငါတို့အား ထိုမင်းမှုတို့ဖြင့်အဘယ်မူအံ့နည်း၊ ငါတို့သည် ပြင်ပသာ ဖြစ်ကုန်၏။ အတွင်းသားဖြစ်ကုန်သော ငယ်ကုန် အလွန်ငယ်ကုန်သောသူတို့သည် သိကုန်လတ္တံ့ဟု ဖြစ်ကုန်သောမင်းမှုတို့ကို မစောင့်ကုန်လတ္တံ့၊ ဤသို့ဖြစ်သည်ရှိသော် ခပ်သိမ်းသောအခြင်းအရာအားဖြင့် ထိုတရားမစောင့်ကုန်သော မင်းတို့အား ဆုတ်ယုတ် သည်သာလျှင် ဖြစ်ကုန်လတ္တံ့၊ ဝန်ကိုရွက်ဆောင်ခြင်းငှါ မတတ်နိုင်ကုန်သော နို့ခွါဖြစ်ကုန်သောနွားတို့ကို လှည်း၌ကသော ကာလကဲ့သို့ ဝန်ကိုရွက်ဆောင်နိုင်ကုန်သောနွားကြီးတို့ကို ထမ်းပိုးအဆင့်ဆင့်ဖြင့် မကသောကာလကဲ့သို့ ဖြစ်ကုန်လတ္တံ့၊ ဤအိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၅။ မြတ်သောမင်းကြီး ငါးခုမြောက်သောအိပ်မက်ကို ဆိုလောဟုမိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် တခုသော နှစ်ဘက်သောမျက်နှာရှိသောမြင်းကို မြင်မက်၏။ ထိုမြင်း၏ နှစ်ဘက်နံပါးတို့၌ မုယောနှမ်းကိုပေးကုန်၏။ ထိုမြင်းသည် နှစ်ဘက်သောခံတွင်းဖြင့် စား၏။ အကျွန်ုပ်၏ ငါးခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏ အကျိုးသည်အသို့နည်းဟု လျှောက်၏။

မြင်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်သောအခါ တရားမစောင့်သောမင်းတို့၏ လက်ထက်၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည်မှန်၏။ နောင်သောအခါ တရားမစောင့်ကုန်သောမင်းမိုက်တို့သည် တရားမစောင့်ကုန်သော လျှပ်ပေါ် လော်လည်ကုန်သောသူတို့ကို တရား ဆုံးဖြတ်သောအရာ၌ ထားကုန်လတ္တံ့၊ ကောင်းမှု မကောင်းမှုတို့၌မရှုသော ထိုသူမိုက်တို့သည် တရားသဘင်၌နေ၍ အဆုံးအဖြတ်ကိုပေးကုန်သည်ရှိသော် မြင်းသည် နှစ်ဘက်သောခံတွင်းတို့ဖြင့် မုယောနှမ်းကိုစားသကဲ့သို့ နှစ်ဘက်လည်းဖြစ်ကုန်သော တရားဘက်၏လက်မှ တံစိုးကိုယူ၍ စားကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီး၌ အပြစ်မရှိ။

၆။ မြတ်သောမင်းကြီး ခြောက်ခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား လူအများသည် အဘိုးတသိန်းထိုက်သောရွှေခွက်ကိုသုတ်သင်၍ ဤရွှေခွက်၌ ကျင်ငယ်စွန့်လောဟု တခုသော မြေခွေးဖိုအားပေး၏။ ဤရွှေခွက်၌ ကျင်ငယ်စွန့်ခြင်းကိုပြုသော ထိုမြေခွေးဖိုကိုမြင်မက်၏။ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟုလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ တရားမစောင့်ကုန်သောမင်းတို့သည် အမျိုးနှင့်ပြည့်စုံကုန်သော သူကောင်းသားတို့အားရွံရှာခြင်းကြောင့် စည်းစိမ်ကိုမပေးကုန်လတ္တံ့၊ အမျိုးမြတ်သောသူတို့ကို စွန့်ကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့အားသာလျှင် စည်းစိမ်ကိုပေးကုန်လတ္တံ့၊ ဤသို့ ဖြစ်သည်ရှိသော် အမျိုးမြတ်ကုန်သောသူတို့သည် ဆင်းရဲကုန်သည် ဖြစ်ကုန်လတ္တံ့၊ အမျိုးယုတ်သောလူတို့သည် အစိုးရသည် ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်သောယောကျ်ားတို့သည်လည်း အသက်မွေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ဤသူယုတ်တို့ကိုမှီ၍ အသက်မွေးကုန်အံ့ဟု အမျိုးယုတ်ကုန်သောသူတို့အား သ္မီးကိုပေးကုန်လတ္တံ့၊ ဤသို့လျှင် မြေခွေးဖိုအား ရွှေခွက်၌ ကျင်ငယ်စွန့်ခြင်းနှင့်တူသော ထိုအမျိုးကောင်းသ္မီးတို့၏ အမျိုးယုတ်ကုန်သောသူတို့နှင့်တကွ ပေါင်းဘော်ခြင်းသည် ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၇။ မြတ်သောမင်းကြီး ခုနစ်ခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား တယောက်သောယောက်ျားသည် လွန်ကိုကျစ်၍ ခြေရင်း၌ထား၏။ ထိုယောက်ျားသည် ထိုင်အပ်သောအင်းပျဉ်အောက်၌ အိပ်သော တကောင်သော ဆာမွတ်သောမြေခွေးမသည် ထိုယောက်ျား၏ မသိစဉ်လျှင် ထိုလွန်ကို စား၏။ ဤသို့ အကျွန်ုပ်သည် မြင်မက်၏။ အကျွန်ုပ်၏ ခုနစ်ခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏ အကျိုးသည်အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာလျှင်ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ မိန်းမသည် ယောက်ျား၌လော်လည်ကုန်သည် သေသောက်ခြင်း၌ လော်လည်ကုန်သည် တန်ဆာဆင်ခြင်း၌ လော်လည်ကုန်သည် လှည့်ပတ်ခြင်း၌ လော်လည်ကုန်သည် အာမိသ၌ လော်လည်ကုန်သည် ဖြစ်ကုန်လတ္တံ့၊ သီလမရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ယုတ်မာသော အကျင့်ရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ထိုမိန်းမတို့သည် လင်တို့သည် လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသော အမှုတို့ကိုပြုကုန်၍ ငြိုငြင်သဖြင့် ဆည်းပူးအပ်သောဥစ္စာကို သယောက်လင်တို့နှင့်အတူတကွ သေကိုသောက်ကုန်လျက် ပန်း နံ့သာ နံ့သာပျောင်းတို့ကို ဆင်ယင်ကုန်လျက် အိမ်၌အစောတလျင်ပြုအပ်သော အမှုကိစ္စကိုမကြည့်မူ၍ အိမ်နံရံ၏အထက်အဘို့တို့ဖြင့်၎င်း အပေါက်ရှိရာအရပ်တို့ဖြင့်၎င်း သယောက်လင်ကို စုံစမ်းကြည့်ရှုကုန်လျက် နက်ဖြန် မျိုးကြဲအပ်သည်နှင့်ယှဉ်သော မျိုးစပါးကိုလည်းထောင်း၍ ယာဂုထမင်းခဲဘွယ်အစရှိသည်တို့ကို ပြည့်စုံစေ၍ ခဲကုန်လျက် ခိုးစားကုန်လတ္တံ့၊ အဘယ်သို့ ခိုးစားကုန်လတ္တံ့နည်းဟူမူကား အင်းပျဉ်အောက်၌ ဝင်၍နေသော မွတ်သော မြေခွေးမသည် ကျစ်၍ ကျစ်၍ခြေရင်း၌ထားသောလွန်ကို ခိုးစားသကဲ့သို့ ခိုစားကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၈။ မြတ်မင်းကြီး ရှစ်ခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား မင်းအိမ်တံခါး၌ များစွာကုန်သော အချည်းနှီးသောရေအိုးတို့ဖြင့် ခြံရံ၍ထားအပ်သော တခုသော ကြီးစွာသောရေပြည့်အိုးကို မြင်မက်၏။ အမျိုးလေးပါးတို့သည် တူရူဖြစ်သော အရပ်လေးမျက်နှာတို့မှ၎င်း အထောင့်ဖြစ်သော အရပ်လေးမျက်နှာတို့မှ၎င်း အိုးတို့ဖြင့် ရေကိုဆောင်ကုန်ဆောင်ကုန်၍ ရေပြည့်အိုးကိုလောင်းကုန်၏။ လောင်းတိုင်းလောင်းတိုင်းသောရေသည် အထက်သို့လျှံတက်၍ စီးသွား၏။ ထိုလူတို့သည်လည်း အဖန်တလဲလဲ ထိုပြည့်သောအိုး၌သာလျှင် ရေကိုလောင်းကုန်၏။ အချည်းနှီးသောအိုးတို့ကို ကြည့်သောသူလည်း မရှိ၊ အကျွန်ုပ်၏ ရှစ်ခုမြောက်သော အိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ လူတို့သည် ယုတ်ကုန်လတ္တံ့၊ တိုင်းနိုင်ငံ၌ ဩဇာမရှိသည် ဖြစ်ကုန်လတ္တံ့၊ မင်းတို့သည် ဆင်းရဲသည်ဖြစ်ကုန်လတ္တံ့၊ အကြင်သူတို့သည် အစိုးရသောမင်းတို့သည် ဖြစ်ကုန်လတ္တံ့၊ ထိုမင်းတို့၏ ဘဏ္ဍာတိုက်၌ တသိန်းမျှသောအသပြတို့သည် ဖြစ်ကုန်လတ္တံ့၊ ထိုမင်းတို့သည် ဤသို့ ဆင်းရဲကုန်သည်ရှိသော် ခပ်သိမ်းကုန်သော ဇနပုဒ်သားတို့ကို မိမိအမှုကိုသာလျှင် ပြုစေကုန်လတ္တံ့၊ လူတို့သည်လည်း မင်းတို့နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မိမိတို့၏အမှုကို စွန့်ကုန်၍ မင်းတို့၏ အကျိုးငှါသာလျှင် ကောက်ပဲတို့ကို ကြဲကုန်လျက် စောင့်ရှောက်ကုန်လျက် ရိတ်ကုန်လျက် နယ်ကုန်လျက် သွင်းကုန်လျက် ကြံခင်းတို့ကိုပြုကုန်လျက် ယန္တရားတို့ကိုရွက်ဆောင်ကုန်လျက် တင်လဲအစရှိသည်တို့ကို ချက်ကုန်လျက် ပန်းအရံတို့ကို ပြုကုန်လျက် သစ်သီးအရံတို့ကို ပြုကုန်လျက် ထိုထိုအရပ်၌ ဖြစ်ကုန်သော ကောက်ပဲ အစရှိသည်တို့ကိုဆောင်ကုန်၍ မင်း၏ကျီကိုသာလျှင် ဖြစ်စေကုန်လတ္တံ့၊ မိမိတို့၏အိမ်တို့၌ အချည်းနှီးသော ကျီတို့ကို ကြည့်ကုန်သောသူတို့မည်သည် မရှိကုန်လတ္တံ့၊ အချည်းနှီးသောအိုးတို့ကို မကြည့်မူ၍ ပြည့်သောအိုးကို လောင်းသည်နှင့် တူစွာသာလျှင် ဖြစ်ကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၉။ မြတ်သောမင်းကြီး ကိုးခုမြောက်သောအိပ်မက်ကို ဆိုလောဟု မိန့်တော်မူ၏။ အရှင်ဘုရား တခုသော ငါးပါးသောအဆင်းရှိသော ပဒုမာတို့ဖြင့်ဖုံးလွှမ်းသော နက်စွာသော ထက်ဝန်းကျင်ဆိပ်ရှိသော ရေကန်ကိုမြင်မက်၏။ ထက်ဝန်း ကျင်မှ အခြေနှစ်ချောင်း အခြေလေးချောင်း ရှိကုန်သောသားငှက်တို့သည် သက်ကုန်၍ ထိုရေကန်၌ ရေကိုသောက်ကုန်၏။ ထိုရေကန်၏အလယ်ဖြစ်သော နက်ရာအရပ်၌ ရေသည်နောက်၏။ ကမ်းနားအရပ်တို့၌ အခြေနှစ်ချောင်း အခြေလေးချောင်းရှိကုန်သောသားငှက်တို့၏ နင်းရာအရပ်၌ရေသည် မနောက် ကြည်လင်၏။ ဤသို့ အကျွန်ုပ်သည် မြင်မက်၏။ အကျွန်ုပ်၏ ကိုးခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏ အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ မင်းတို့သည် တရားမစောင့်သည် ဖြစ်ကုန်လတ္တံ့၊ ဆန္ဒာဂတိ အစရှိသည်တို့၏အစွမ်းအားဖြင့် အဂတိသို့လားကုန်လျက် မင်းပြုကုန်လတ္တံ့၊ တရားသဖြင့် ဆုံးဖြတ်ခြင်းမည်သည်ကို မပေးကုန်လတ္တံ့၊ တံစိုးစားသည် ဖြစ်ကုန်လတ္တံ့၊ ဥစ္စာ၌ လော်လည်ကုန်သည်ဖြစ်၍ တိုင်းနိုင်ငံ၌နေကုန်သောသူတို့၌ ခန္တီမေတ္တာကရုဏာမည်သည် မဖြစ်ကုန်လတ္တံ့၊ ကြမ်းကြုတ်ကုန်သည်ဖြစ်လတ္တံ့၊ ကြံညှစ်ယန္တရား၌ ကြံချောင်းကိုကဲ့သို့ လူတို့ကိုနှိပ်စက်ကုန်လျက် အထူးထူးအပြားပြားသော အခြင်းအရာဖြင့် အခွန် းအတုတ်ကို ဖြစ်စေ၍ ဥစ္စာကိုယူကုန်လတ္တံ့၊ လူတို့သည် အခွန်အတုတ်တို့ဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ တစုံတခုကိုပေးအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ရွာ နိဂုံးအစရှိသည်တို့ကိုစွန့်ကုန်၍ ရပ်စွန်ပြည်နားသို့သွား၍ နေကုန်လတ္တံ့။ ရေကန်၏ အလယ်၌ ရေသည်နောက်သကဲ့သို့၎င်း၊ ကမ်းနားအရပ်၌ ရေသည်ကြည်သကဲ့သို့၎င်း အလယ်ဖြစ်သောဇနပုဒ်သည် ဆိတ်သည်ဖြစ်လတ္တံ့၊ ရပ်စွန်ပြည်နားသည် တခဲနက်သောလူနေရှိသည် ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၀။ မြတ်သောမင်းကြီး ဆယ်ခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား တလုံးတည်းသောအိုးဖြင့် ချက်သောထမင်းသည် ထမင်းအိုး၏ တခုသောနံပါး၌ အလွန်ပျော့၏။ တခုသောနံပါး၌ မနပ်၊ တခုသောနံပါး၌ ကောင်းစွာကျက်၏။ ဤသို့ သုံးစုအားဖြင့် ကျက်သည်ကို မြင်မက်၏။ အကျွန်ုပ်၏ ဆယ်ခုမြောက်သောအိပ်မက်သည်ကား ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည်ကား အသို့နည်းဟုလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ နောင်အခါ၌ မင်းတို့သည် တရားမစောင့်သည် ဖြစ်ကုန်လတ္တံ့၊ ထိုသို့ တရားမစောင့်သောကြောင့် ထိုသူတို့၏ အစောင့် အရှောက် နတ်, ပူဇော် သက္ကာရကို ခံသောနတ်, ရုက္ခဇိုဝ်းနတ် အာကာသဇိုင်းနတ်တို့သည် တရားမစောင့်သည် ဖြစ်ကုန်လတ္တံ့၊ တရားမစောင့်ကုန်သောမင်းတို့၏တိုင်းနိုင်ငံ၌ လေတို့သည် မညီညွတ်ကုန်သည်ဖြစ်၍ ပြင်းထန်ကုန်သည်ဖြစ်၍ လာကုန်လတ္တံ့၊ ထိုလေတို့သည် ကောင်းကင်၌ တည်ကုန်သော ဗိမာန်တို့ကို တုန်လှုပ်စေကုန်၏။ ထိုလေတို့သည် တုန်လှုပ်သည်ရှိသော် နတ်တို့သည် အမျက်ထွက်ကုန်သည်ဖြစ်၍ မိုဃ်းရွာစိမ့်သောငှာ မပေးကုန်လတ္တံ့၊ ရွာသော်လည်း အလုံးစုံသောတိုင်း၌ တပြိုင်နက်ဖြင့် မရွာစေလတ္တံ့၊ အလုံးစုံသောတိုင်း၌ လယ်ထွန်ခြင်းအမှုအားဖြင့်၎င်း စိုက်ပျိုးသောအမှုအားဖြင့်၎င်း ကျေးဇူးရှိသည်ဖြစ်၍ မရွာလတ္တံ့၊ တိုင်း၌ ကဲ့သို့ ထို့အတူ ဇနပုဒ်၌၎င်း ရွာ၌၎င်း တခုသောတဘက်ဆည်ကန်၌၎င်း တခုသောအိုင်၌၎င်း တပြိုင်နက် မရွာစေလတ္တံ့၊ တဘက်ဆည်ကန်၏ အထက်အဘို့၌ ရွာသောမိုဃ်းသည် အောက်အဘို့၌ မရွာလတ္တံ့၊ အောက်အဘို့၌ရွာသောမိုဃ်းသည် အထက်အဘို့၌ မရွာလတ္တံ့၊ တခုသောအရပ်အဘို့၌ ကောက်တို့သည် အလွန်မိုဃ်းရွာသဖြင့် ပျက်စီးလတ္တံ့၊ တခုသောအရပ်အဘို့၌ မိုဃ်းမရွာသည်ဖြစ်၍ ကောက်တို့သည် ညှိုးကုန်လတ္တံ့၊ တခုသောအရပ်၌လည်းကောင်းစွာ မိုဃ်းရွာသည်ဖြစ်၍ ပြည့်စုံကုန်လတ္တံ့၊ ဤသို့လျှင် တလုံးတည်းသောထမင်းအိုး၌ထမင်းကဲ့သို့ တယောက်သောမင်း၏ တိုင်းနိုင်ငံ၌ စိုက်ပျိုးသောကောက်တို့သည်လည်း သုံးထွေပြားသည် ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၁။ မြတ်သောမင်းကြီး တဆယ့်တခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား အဘိုးတသိန်းထိုက်သောစန္ဒကူးနှစ်ကို ရက်တက်ပုပ်ဖြင့်ရောင်းစားသည်ကို မြင်မက်၏။ အကျွန်ုပ်၏ တဆယ့်တခုမြောက်သောအိပ်မက်သည် ဤအိပ်မက်တည်း၊ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာလျှင် ငါ၏သာသနာတော် ဆုတ်ယုတ်သည်ရှိသော် ဖြစ်လတ္တံ့၊ ထိုစကားသည်မှန်၏။ နောင်အခါ ပစ္စည်း၌ လော်လည်ကုန်သော အလဇ္ဇီရဟန်းတို့သည် များကုန်လတ္တံ့၊ ထိုအလဇ္ဇီရဟန်းတို့သည် ပစ္စည်း၌ လော်လည်ကုန်သည်ဖြစ်၍ ငါဘုရားသည် ပစ္စည်း၌လော်လည်ခြင်းကိုဖျက်ဆီး၍ ဟောတော်မူအပ်သော တရားတော်ကို သင်္ကန်းအစရှိသော လေးပါးသောပစ္စည်းဟူသော အကြောင်းကြောင့် သူတပါးတို့အား ဟောကုန်လတ္တံ့၊ ထိုစကားသည် မှန်၏။ ပစ္စည်းလေးပါး၌မက်ကုန်၍ ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သောအဘို့၌တည်ကုန်လျက် နိဗ္ဗာန်သို့ရှေ့ရှုပြု၍ တရားကို မဟောကုန်လတ္တံ့၊ စင်စစ်ကား ပုဒ်အက္ခရာတို့၏ပြည့်စုံခြင်းမျှကို၎င်း သာယာသောအသံမျှကို၎င်းနာရ၍ အဘိုးများစွာထိုက်ကုန်သော သင်္ကန်းအစရှိသည်တို့ကို လှုလိမ့်မည် လှူချင်စိတ် ဖြစ်လိမ့်မည်ဟု ဟောကုန်လတ္တံ့၊ အသပြာမက် ရဟန်းပျက်အချို့တို့သည်လည်း ခရီးလမ်းမလမ်းလေးခွနား မင်းအိမ်တံခါးအစရှိသည်တို့၌နေကုန်၍ ကျပ်ပြားမူးမက် မအပ်သောအကပ္ပိယပစ္စည်းတို့ကိုမှီ၍ အလီလီအလာလာ အသပြာလိုလားတော်မူကြ၍ တရားဟောကုန်လတ္တံ့၊ ဤသို့လျှင် ငါဘုရားသည် နိဗ္ဗာန်တရား အဘိုးထားဖြင့်ဟောကြားအပ်သော တရားမြတ်ဒေသနာကြီးကို ပစ္စည်းလေးပါး ကျပ်ပြားမူးပဲအတွက် လက်ကားလက်လီ တရားကုန်သည် မထေရ်ကြီးမထေရ်ငယ်တို့သည် အဘိုးတသိန်း ထိုက်သောစန္ဒကူးနှစ်ကို ရက်တက်ပုပ်ဖြင့်ရောင်းသကဲ့သို့ ဒါယကာ ဒါယိကာမအပေါင်းတို့အား ရောင်းစားကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်းသင်မင်းကြီးအား ဘေးမရှိ။

၁၂။ မြတ်သောမင်းကြီး တဆယ့်နှစ်ခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား အချည်းနှီးသော ဗူးတောင်းတို့သည် ရေ၌နစ်သည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည် အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ တရားမစောင့်သောမင်းတို့၏လက်ထက် လူတို့ဖောက်ပြန်သောအခါ၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ထိုအခါ တရားမစောင့်သော မင်းတို့သည် အမျိုးနှင့်ပြည့်စုံကုန်သော သူတော်ကောင်းတို့အား စည်းစိမ်ကို မပေးကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့အားသာလျှင် စည်းစိမ်ကိုပေးကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့သည် အစိုးရသည်ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့သည် ဆင်းရဲကုန်လတ္တံ့၊ မင်းပွဲသဘင်၌၎င်း မင်းအိမ်တံခါး၌၎င်း အမတ်တို့၏ပွဲသဘင်၌၎င်း တရားဆုံးဖြတ်ရာအရပ်၌၎င်း အချည်းနှီးသော ဗူးတောင်းနှင့်တူကုန်သော အမျိုးယုတ်ကုန်သောသူတို့၏ စကားသည်သာလျှင် နှစ်၍တည်ဘိသကဲ့သို့ မတုန်မလှုပ် ကောင်းစွာတည်သည်သာ ဖြစ်လတ္တံ့၊ သံဃာ့အစည်းအဝေး၌၎င်း၊ သံဃာ့ကံကို ဆောင်ရွက်ရာ၌၎င်း သီလမရှိသော ယုတ်မာကုန်သောရဟန်းတို့၏စကားသည်သာလျှင် မတုန်မလှုပ် ကောင်းစွာတည်သည်ဖြစ်လတ္တံ့၊ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့၏စကားသည် မတုန်မလှုပ် ကောင်းစွာ မတည်လတ္တံ့၊ ဤသို့လျှင် ခပ်သိမ်းသောအခြင်းဘအရာအားဖြင့် အချည်းနှီးသောဗူးတောင်း၏ ရေ၌နစ်သောအခါကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအားဘေးမရှိ။

၁၃။ မြတ်သောမင်းကြီး တဆယ့်သုံးခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ကြီးကုန် အလွန်ကြီးကုန်သော စုလစ်မွန်းချွန်တပ်သောအိမ်ပမာဏရှိသော တခဲနက်သောကျောက်ဖျာကြီးသည် လှေကဲ့သို့ရေ၌ပေါ်သည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏အကျိုးသည်လည်း အသို့နည်းဟု မေးလျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း ဆိုအပ်ခဲ့ပြီးသော ထိုသို့သဘောရှိသော ကာလ၌သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ထိုအခါ တရားမစောင့်သောမင်းတို့သည် အမျိုးယုတ်ကုန်သောသူတို့အား စည်းစိမ်ကိုပေးကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့သည် အစိုးရသည်ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့သည် ဆင်းရဲကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့၌ တစုံတယောက်ကုန်သောသူတို့သည် ရိုသေခြင်းကိုမပြုကုန်လတ္တံ့၊ အမျိုးယုတ်သောသူတို့၌သာလျှင် ရိုသေခြင်းကိုပြုကုန်လတ္တံ့၊ မင်းပွဲသဘင်၌၎င်း အမတ်တို့၏ပွဲသဘင်၌၎င်း တရားဆုံးဖြတ်ရာအရပ်၌၎င်း တရားဆုံးဖြတ်ခြင်း၌ လိမ်မာကုန်သော တခဲနက်သော ကျောက်ဖျာကြီးနှင့်တူကုန်သော အမျိုးကောင်းသားတို့၏ စကားသည် သက်ဝင်၍မတည်လတ္တံ့၊ ထိုအမျိုးသားတို့သည် စကားပြောဆိုကုန်သည်ရှိသော် ဤသူတို့သည် အဘယ်စကားကို ပြောဆိုကုန်သနည်းဟု အမျိုးယုတ်ကုန်သောသူတို့သည် ပြက်ရယ်ကိုသာလျှင် ပြုကုန်လတ္တံ့၊ ဆိုအပ်ပြီးသော အပြားရှိကုန်သော ဆရာဖြစ်ကုန်သော ရဟန်းတို့၏ အစည်းအဝေး၌လည်း သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့ကို အရိုအသေအလေးအမြတ်ပြုအပ်သည်ဟူ၍ မအောက်မေ့ကုန်လတ္တံ့၊ ထိုသီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့၏စကားသည် သက်ဝင်၍မတည်လတ္တံ့၊ ကျောက်ဖျာတို့၏ပေါ်သောအခါကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၄။ မြတ်သောမင်းကြီး တဆယ့်လေးခုမြောက်သော အိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား သစ်မည်စည်ပွင့်ငယ်ပမာဏရှိကုန်သော ဖားငယ်တို့သည် ကြီးကုန် အလွန်ကြီးကုန်သောမြွေဟောက်တို့ကို လျင်သောအဟုန်ဖြင့် ကိုက်လတ်၍ ကြာရိုးကြာစွယ်ကိုကဲ့သို့ ဖြတ်၍ ဖြတ်၍ အသားကိုစား၍ မျိုကုန်သည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏ အကျိုးသည်လည်း အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ လူတို့သည် ဆုတ်ယုတ်ကုန်သောကာလ၌ ဖြစ်ကုန်လတ္တံ့၊ ထိုစကားသည်မှန်၏။ ထိုအခါ လူတို့သည် ပြင်းထန်သောရာဂရှိကုန်သည်ဖြစ်၍ ယုတ်သောသဘောရှိကုန်သော ကိလေသာတို့၏ အလိုသို့လိုက်ကုန်သည်ဖြစ်၍ ငယ်ကုန် အလွန်ငယ်ကုန်သော မိမိ၏ မယားတို့၏အလိုသို့ လိုက်ကုန်လတ္တံ့၊ အိမ်၌ ကျွန်အမှုလုပ် အစရှိသည်တို့သည်၎င်း, နွားကျွဲအစရှိသည်တို့သည်၎င်း သုံးဆောင်ပြီးသောရွှေ, မသုံးဆောင်သောရွှေ အစရှိသည်တို့သည်၎င်း အလုံးစုံလျှင် ထိုမိန်းမငယ်တို့နှင့်သာလျှင် စပ်သည် ဖြစ်လတ္တံ့၊ ဤမည်သော သုံးဆောင်ပြီးသောရွှေ မသုံးဆောင်သေးသောရွှေတို့သည်၎င်း ဤမည်သောအခြံအရံအစရှိသော အမျိုးသည်၎င်း အဘယ်မှာနည်းဟု မေးသည်ရှိသော် ရှိလိုရာအရပ်၌ ရှိသည်ဖြစ်စေ သင့်အား ဤကြောင့်ကြခြင်းဖြင့် အဘယ်မူအံ့နည်း သင်သည် ငါ၏အိမ်၌ရှိသည်ကို၎င်း မရှိသည်ကို၎င်း အဘယ့်ကြောင့်သိလိုသနည်းဟုဆို၍ အထူးထူးသောစကားတို့ဖြင့်ဆဲရေး၍ နှုတ်လှံတို့ဖြင့်ထိုး၍ ကျွန်အစေအပါးကိုကဲ့သို့ အလိုလိုက်စေ၍ မိမိ၏အစိုးရခြင်းကို ဖြစ်စေကုန်လတ္တံ့၊ ဤသို့လျှင် သစ်မည်စည်ပွင့်ငယ်မျှပမာဏရှိသော ဖားမငယ်တို့၏ လျင်သောအဆိပ်ရှိသောမြွေဟောက်ကို မျိုသောအခါကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၅။ မြတ်သောမင်းကြီး တဆယ့်ငါးခုမြောက်သောအိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏ အရှင်ဘုရား ဆယ်ပါးကုန်သော သူယုတ်မာတို့၏အကျင့်တို့နှင့်ပြည့်စုံသော ရွာ၌ကျက်စားသောကျီးကို ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်၏အဖြစ်နှင့် သုဝဏ္ဏဟူ၍ ရအပ်သောအမည်ရှိကုန်သော ရွှေဟင်္သာတို့သည် ခြံရံသည်တို့ကို မြင်မက်၏။ ဤအိပ်မက်၏ အကျိုးသည်လည်း အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ အားနည်းသောမင်းတို့လက်ထက်၌သာလျှင်ဘဖြစ်လတ္တံ့၊ ဘထိုစကားသည်မှန်၏။ နောင်သောအခါ အားနည်းကုန်သောမင်းတို့သည် ဆင်အတတ်အစရှိသည်တို့၌ မလိမ်မာကုန်သည် ဖြစ်လတ္တံ့၊ စစ်ထိုးခြင်း၌ မရဲရင့်သည်ဖြစ်ကုန်လတ္တံ့၊ ထိုအားနည်းကုန်သောမင်းတို့သည် မိမိတို့၏ပြည်စည်းစိမ်ပျက်စီးခြင်းကို ရွံရှာကုန်သည်ဖြစ်၍ တူသောဇာတ်ရှိကုန်သော သူတော်ကောင်းသားတို့အား အစိုးရခြင်းကိုမပေးမူ၍ မိမိ၏ခြေရင်း၌ခစားကုန်သော ဆတ္တာသည်အစရှိသောသူတို့အား စည်းစိမ်ကိုပေးကုန်လတ္တံ့၊ အမျိုးအနွယ်နှင့်ပြည့်စုံကုန်သော သူတော်ကောင်းသားတို့သည် မင်းအိမ်၌ ကိုးကွယ်ရာကိုမရကုန်သည်ဖြစ်၍ အသက်မွေးခြင်းငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ အစိုးရခြင်း၌တည်ကုန်သော အမျိုး အနွယ်ယုတ်ကုန်သော မမြတ်ကုန်သောသူတို့၌ ခစားကုန်သည် ဖြစ်လတ္တံ့၊ ရွှေဟင်္သာတို့သည် ကျီးကိုခြံရံသောကာလကဲ့သို့ ဖြစ်လတ္တံ့၊ ဤ အိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။

၁၆။ မြတ်သောမင်းကြီး တဆယ့်ခြောက်ခုမြောက်သော အိပ်မက်ကို ဆိုဦးလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ရှေး၌ သစ်တို့သည် ဆိတ်တို့ကိုစားကုန်၏။ အကျွန်ုပ်သည်ကား ဆိတ်တို့သည် သစ်တို့ကိုလိုက်ကုန်၍ ကြွပ်ကြွပ်မြည်စေကုန်၍ စားကုန်သည်တို့ကို မြင်မက်၏။ ထိုနောက်မှ တပါးကုန်သော ထိတ်လန့်ခြင်းကိုဖြစ်စေတတ်ကုန်သောသစ်တို့သည် ဆိတ်တို့ကို အဝေးမှသာလျှင်မြင်၍ ကြောက်ခြင်းသို့ရောက်ကုန်သည်ဖြစ်၍ ဆိတ်တို့မှကြောက်ခြင်းကြောင့်ပြေးကုန်၍ တောချုံတို့သို့ဝင်၍ ပုန်းကုန်၏။ ဤအိပ်မက်၏ အကျိုးသည်လည်း အသို့နည်းဟု လျှောက်၏။

မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ တရားမစောင့်သောမင်းတို့၏ လက်ထက်၌ သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ထိုအခါ အမျိုးယုတ်ကုန်သော မင်းကျွမ်းဝင်ဖြစ်ကုန်သောသူတို့သည် အစိုးရသည် ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့သည် မထင်ရှားသည်ဖြစ်၍ ဆင်းရဲသည်ဖြစ်ကုန်လတ္တံ့။ ထိုမင်းကျွမ်းဝင်ဖြစ်ကုန်သောသူတို့သည် မင်းကို မိမိတို့၏စကားကိုယူစေ၍ တရားဆုံးဖြတ်ရာ အရပ်အစရှိသည်တို့၌ အားရှိကုန်သည်ဖြစ်၍ အမျိုးမြတ်ကုန်သော သူတော်ကောင်းအပေါင်းတို့၏ အစဉ်အဆက်မှလာကုန်သော လယ်ယာအစရှိသည်တို့ကို ထိုလယ်ယာအစရှိသည်တို့သည် ငါတို့၏ဥစ္စာတည်းဟု တရားကိုတွေ့ကုန်၍ ထိုသို့တရားတွေ့ခြင်းကြောင့် သင်တို့၏ဥစ္စာတည်း ငါတို့၏ဥစ္စာတည်းဟု လာလတ်ကုန်၍ တရားဆုံးဖြတ်ရာအရပ်အစရှိသည်တို့၌ ငြင်းခုံကြသည်ရှိသော် ကြိမ်နွယ်အစရှိသည်တို့ဖြင့် ပုတ်ခတ်စေ၍ လည်၌ ကိုင်၍ ငင်စေပြီးလျှင် မိမိ၏ပမာဏကိုမသိကြကုန်၊ ငါတို့နှင့်တကွ ငြင်းခုံကြကုန်ဘိ၏။ ယခုအခါ မင်းအားလျှောက်ထား၍ လက်ခြေတို့ကို ဖြတ်ခြင်းအစရှိသည်တို့ကို ပြုကုန်အံ့ဟု ခြိမ်းချောက်ကုန်လတ္တံ့။

ထိုအမျိုးမြတ်သောသူတို့သည် မင်းကျွမ်းဝင်ဖြစ်သောသူတို့မှ ကြောက်သောကြောင့် မိမိတို့၏ဥစ္စာဖြစ်ကုန်သော လယ်ယာအစရှိသည်တို့ကို ဤလယ်ယာအစရှိကုန်သောဝတ္ထုတို့သည် သင်တို့၏ ဥစ္စာသာလျှင်တည်း၊ ထိုဥစ္စာတို့ကို ယူကုန်လောဟုပေးအပ်၍ မိမိတို့၏အိမ်တို့သို့ဝင်၍ ကြောက်ကုန် သည်ဖြစ်၍ အိပ်ကုန်လတ္တံ့၊ အကျင့်ယုတ်မာကုန်သော ရဟန်းတို့သည်လည်း သီလ၌ချစ်မြတ်နိုးကုန်သောရဟန်းတို့ကို အလိုရှိတိုင်း ညှဉ်းဆဲကုန်လတ္တံ့၊ သီလကိုချစ်မြတ်နိုးကုန်သောရဟန်းတို့သည် ကိုးကွယ်ရာကိုမရသည်ဖြစ်၍ တောသို့ဝင်ပြီးလျှင် ချုံတို့၌ပုန်းကုန်လတ္တံ့၊ ဤသို့လျှင် ယုတ်သောဇာတ်ရှိကုန်သော သူတို့သည်၎င်း အကျင့်ယုတ်တ်ကုန်သော ရဟန်းတို့သည်၎င်း နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ဇာတ်နှင့်ပြည့်စုံကုန်သော အမျိုးကောင်းသားတို့၏၎င်း သီလကိုချစ်မြတ်နိုးကုန်သောရဟန်းတို့၏၎င်း ဆိတ်တို့မှကြောက်ခြင်းကြောင့် ထိတ်လန့်ခြင်းတို့ကိုဖြစ်စေတော်ကုန်သောသစ်တို့၏ ပြေးသောကာလကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ၊ ဤအိပ်မက်ကိုလည်း အနာဂတ်ကိုလျှင်စွဲ၍ မြင်မက်၏။ ပုဏ္ဏားတို့သည်ကား များစွာသောဥစ္စာကို ရကုန်လတ္တံ့ဟု အာမိသကိုငဲ့သဖြင့် အသက်မွေးခြင်းကိုမှီ၍ ပြောဆိုကုန်၏ဟု မိန့်တော်မူ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် တဆယ့်ခြောက်ချက်သောအိပ်မက်ကြီးတို့၏အကျိုးကို ဟောတော်မူ၍ မြတ်သောမင်းကြီး ယခုအခါ၌ သင်မင်းကြီးသည်သာလျှင် တဆယ့်ခြောက်ချက်သောအိပ်မက်ကြီးတို့ကို မြင်မက်သည်မဟုတ်သေး။ ရှေးမင်းတို့သည်လည်း မြင်မက်ဘူးကုန်ပြီ၊ ပုဏ္ဏားတို့သည်လည်း ရှေးမင်းတို့အား ဤအတူသာလျှင် အိပ်မက်ကိုယူ၍ ယဇ်ထက်၌ချဘူးကုန်ပြီ၊ ထိုနောင် ပညာရှိတို့သည်ပေးအပ်သောနည်းဖြင့်သွား၍ ဘုရားလောင်းကိုမေးကုန်၏။ ရှေးပညာရှိတို့သည်လည်း ထိုရှေးမင်းတို့အား ဤအိပ်မက်တို့ကို ဟောကုန်သည်ရှိသော် ဤယခုအခါ၌ ငါဘုရားဟောတော်မူသောနည်းဖြင့်သာလျှင် ဟောဘူးကုန်ပြီဟုမိန့်တော်မူ၍ ထိုကောလလမင်းကြီးသည် တောင်းပန် အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရာလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြု၍ ငါးပါးသောအဘိညာဉ်တို့ကို၎င်း ရှစ်ပါးသောသမာပတ်တို့ကို၎င်းဖြစ်စေ၍ ဟိမဝန္တာအရပ်၌ ဈာန်ကစားခြင်းကို ကစားလျက်နေ၏။ ထိုအခါ ဗာရာဏသီမြို့၌ ဗြဟ္မဒတ်မင်းကြီးသည် ဤနည်းဖြင့်လျှင် ဤတဆယ့်ခြောက်ချက်သောအိပ်မက်ကြီးတို့ကိုမြင်မက်၍ ပုဏ္ဏားတို့ကိုမေး၏။ ပုဏ္ဏားတို့သည် ဤအတူသာလျှင် ယဇ်ပူဇော်အံ့သောငှါ အားထုတ်ကုန်၏။ ထိုပုဏ္ဏားတို့တွင် ပုရောဟိတ်၏ ပညာရှိသောလိမ်မာသောတပည့်လုလင်သည် ဆရာကို ဆရာ သင်တို့သည် အကျွန်ုပ်ကို ဗေဒင်တို့ကို သင်စေ၏။ ထိုဗေဒင်တို့၌ တယောက်သောသူကိုသတ်၍ တယောက်သောသူ၏ချမ်းသာခြင်းအမှုကို ပြုခြင်းမည်သည် မရှိသည်မဟုတ်လောဟု ဆို၏။ အမောင်လုလင် ဤဥပါယ်ဖြင့် ငါတို့အား များစွာသော ဥစ္စာသည် ဖြစ်လတ္တံ့၊ သင်သည်ကား မင်းဥစ္စာကို စောင့်လိုယောင်တကားဟု ဆို၏။ လုလင်သည် ဆရာ ထိုသို့တပြီးကား သင်တို့သည်သာလျှင် သင်တို့အမှုကို ပြုကြကုန်လော၊ ငါသည် သင်တို့အထံ၌ မပြုအံ့ဟုဆို၍ သွားသည်ရှိသော် မင်း၏ ဥယျာဉ်သို့ ရောက်၏။

ထိုနေ့၌သာလျှင် ဘုရားလောင်းသည်လည်း ထိုအကြောင်းကိုသိ၍ ယနေ့ငါသည် လူ့ပြည်သို့သွားသည်ရှိသော် များစွာသော သတ္တဝါတို့၏ အနှောင်အဖွဲ့မှလွတ်ခြင်းသည် ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ ကောင်းကင်ခရီးဖြင့် လာလတ်ပြီးလျှင် မင်း၏ ဥယျာဉ်၌သက်၍ ရွှေဆင်းတုကဲ့သို့ မင်္ဂလာကျောက်ဖျာအပြင်၌ နေ၏။ လုလင်သည် ဘုရားလောင်းသို့ကပ်၍ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာနေ၍ နှုတ်ခွန်းဆက်ခြင်းကို ပြု၏။ ဘုရားလောင်းသည်လည်း ထိုလုလင်နှင့်တကွ သာယာသောနှုတ်ခွန်း ဆက်ခြင်းကို ပြု၍ လုလင် မင်းကြီးသည် တရားသဖြင့်မင်းပြုပါ၏လောဟု မေး၏။ အရှင်ဘုရား မင်းသည်ကား တရားစောင့်၏။ ထိုသို့စောင့်သော်လည်း ပုဏ္ဏားတို့သည် မင်းကြီးကို ဆိပ်မဟုတ်ရာ၌ ပြေးသွားစေကုန်၏။ မင်းကြီးသည် တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုမြင်မက်၍ ပုဏ္ဏားတို့အားကြား၏။ ပုဏ္ဏားတို့သည် ယဇ်ပူဇော်အံ့ဟု အားထုတ်ကုန်၏။ အရှင်ဘုရား ဤအိပ်မက်တို့၏ ဤမည်သောအကျိုးသည် ဖြစ်လတ္တံ့ဟု မင်းကိုသိစေ၍ အရှင်ဘုရားတို့အား များစွာသောသတ္တဝါအပေါင်းကို ဘေးမှလွတ်စေခြင်းငှါ မအပ်ပါလောဟု လျှောက်၏။ လုလင် ငါတို့သည် မင်းကို မသိကုန်၊ မင်းသည်လည်း ငါတို့ကို မသိ၊ ဤအရပ်သို့လာလတ်၍ အကယ်၍ မေးငြားအံ့၊ ငါတို့သည် ထိုမင်းအား ပြောဆိုကုန်အံ့ဟု ဆို၏။

လုလင်သည် အရှင်ဘုရား အကျွန်ုပ်သည် ထိုမင်းကို ဆောင်ပါအံ့၊ အရှင်ဘုရားတို့သည် အကျွန်ုပ်၏လာခြင်းကို ငံ့လင့်ကုန်လျက် အတန်ငယ်နေတော်မူပါကုန်လောဟု ဘုရားလောင်းကို ဝန်ခံစေ၍ မင်းအထံသို့သွား၍ မြတ်သောမင်းကြီး တယောက်သော ကောင်းကင်ပျံရှင်ရသေ့သည် ရှင်မင်းကြီးတို့သည် မြင်အပ်သောအိပ်မက်တို့၏အကျိုးကို ဟောအံ့ဟု ရှင်မင်းကြီးတို့ကို ခေါ်စေ၏ဟု လျှောက်၏။ မင်းကြီးသည် ထိုလုလင်၏ စကားကိုကြား၍ ထိုခဏ၌သာလျှင် များစွာသောအခြံအရံဖြင့် ဥယျာဉ်သို့သွား၍ ရှင်ရသေ့ကိုရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၍မေး၏။ အရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ်သည် မြင်အပ်သော အိပ်မက်တို့၏အကျိုးကို သိတော်မူသလောဟု လျှောက်၏။ မြတ်သောမင်းကြီး သိသည်မှန်၏ဟု ဆို၏။ အရှင်ဘုရား ထိုသို့တပြီးကား ဟောတော်မူကုန်လောဟု လျှောက်၏။ မြတ်သောမင်းကြီး ဟောအံ့၊ ရှေးဦးစွာ မြင်တိုင်းသော အိပ်မက်တို့ကို ဆိုဟု ဆို၏။ အရှင်ဘုရား ကောင်းပြီဟု မင်းကြီးသည်-

ဥသဘာ ရုက္ခာ ဂါဝိယော ဂဝါ စ၊
အဿော ကံသော သိင်္ဂါလီ စ ကုမ္ဘော။
ပေါက္ခရဏီ စ အပါက စန္ဒနံ။
လာဗူနိ သီဒန္တိ သိလာ ပ္လဝန္တိ၊
မဏ္ဍူကိယော ကဏှသပ္ပေ ဂိလန္တိ၊
ကာကံ သုဝဏ်ဏာ ပရိဝါရယန္တိ၊
တသာ ဝကာ ဧဠကာနံ ဘယာဟိ။

ဟူသော မာတိကာကိုထား၍ လျှောက်၏။

ဥသဘာ၊ နွားနက်ဥသဘလေးခုတို့သည် ဝှေ့အံ့သော အခြင်းအရာကိုပြ၍ ဖဲကုန်၏။ ရုက္ခာ၊ ငယ်စွာကုန်သော သစ်ပင်ချုံတို့သည် ပွင့်ကုန် သီးကုန်၏။ ဂါဝိယော၊ နွားမကြီးတို့သည် ယနေ့ မွေးသော နွားမငယ်၏ နို့ကိုစို့ကုန်၏။ ဂဝါစ၊ လှည်း၌ က အပ်ကုန်သောနို့စို့ နိခွါ နွားငယ်တို့သည် ဝန်ကိုမရွက်ဆောင်နိုင်ကုန်။ အဿော၊ နှစ်ဘက်မျက်နှာရှိသောမြင်းသည် နှစ်ဘက်သောခံတွင်းဖြင့် အစာကိုစား၏။ ကံသော၊ အဘိုး တသိန်းထိုက်သော ရွှေလင်ပန်းကို ဤ၌ ကျင်ငယ်စွန့်လောဟု မြေခွေးအား ဆောင်နှင်း၏။ သိင်္ဂါလီစ၊ အထက်၌ ကျစ်အပ်သောလွန်ကို အောက်က မြေခွေးမစား၏။ ကုမ္လော၊ အချည်းနှီးသောအိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုး၌သာရေလောင်း၏။ ပေါက္ခရဏီ စ၊ ရေကန်အလယ်၌ ရေတို့သည်နောက်ကုန်၍ အနား၌ရေတို့သည် ကြည်ကုန်၏။ အပါကံ၊ တလုံးတည်းသောအိုးဖြင့် ချက်အပ်သော ထမင်းသည် သုံးစုအားဖြင့်ကျက်၏။ စန္ဒနံ၊ အဘိုးတသိန်းထိုက်သော စန္ဒကူးနံ့သာကို ရက်တက်ရည်ပုပ်ဖြင့် ရောင်းစား၏။ လာဗုနိ၊ ဗူးတောင်းတို့သည်။ သီဒန္တိ၊ ရေ၌ နစ်ကုန်၏။ သိလာ၊ ကျောက်ဖျာကြီးတို့သည်။ ပ္လဝန္တိ၊ ရေ၌ပေါ်ကုန်၏။ မဏ္ဍူကိယော၊ ဖားမငယ်တို့သည်။ ကဏှသပ္ပေ၊ မြွေဟောက်တို့ကို။ ဂိလန္တိ၊ မျိုကုန်၏။ ကာကံ၊ ကျီးကို။ သုဝဏ္ဏာ၊ ရွှေဟင်္သာတို့သည်။ ပရိဝါရယန္တိ၊ ခြံရံကုန်၏။ တသာ၊ ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ဝကာ၊ သစ်တို့သည်။ ဧဠကာနံ၊ ဆိတ်တို့အား။ ဘယာ၊ ကြောက်ကုန်၏။

ဤသို့ ပသေနဒီမင်းကောသလကြီးသည်ဆိုသောနည်းဖြင့်သာလျှင် အိပ်မက်ကိုဆို၏။ ဘုရားလောင်းသည်လည်း ထိုအိပ်မက်တို့၏အကျိုးကို ယခုအခါ၌ မြတ်စွားဘုရားသည် ဟောတော်မူအပ်သောနည်းဖြင့်သာလျှင် အကျယ်အားဖြင့် ဟော၍ အဆုံး၌ မိမိသည် ဝိပ္ပရိယာသော ဝတ္တတိ နယိဓမတ္ထိဟူသော ဤစကားကို ဆို၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။ တေသံ ပဋိဃာတာယ၊ ထိုအိပ်မက်၏အကျိုးတို့ကို ဖျောက်ခြင်းငှါ။ ယံ ပနေတံ ယညကမ္မံ၊ အကြင် ယင်အမှုသည်။ ဝတ္တတိ၊ ဖြစ်၏။ တံ၊ ထိုယဇ်အမှုသည်။ ဝိပရိယာသော၊ ဖောက်ပြန်သောအားဖြင့်။ ဝတ္တတိ၊ ဖြစ်၏။ ဣဓ၊ ဤမင်းကြီးလက်ထက် ငါ့လက်တက်ဖြစ်သောကာလ၌။ ဧတေသံ၊ ထိုအိပ်မက်တို့၏။ နိပ္ဖတ္တိ၊ အကျိုးသည်။ နတ္ထိ၊ မရှိ။

မြတ်သောမင်းကြီး ဤအိပ်မက်ဟူသော အကြောင်းကြောင့် သင်မင်းကြီးအား ဘေးသည်၎င်း ကိုယ်လက်ခက်တရော်ဖြစ်ဘွယ်သည်၎င်း မရှိဟု သိစေ၍ များစွာသောသတ္တဝါအပေါင်းကို အနှောင်အဖွဲ့မှလွတ်စေ၍ တဖန် ကောင်းကင်၌ရပ်လျက် မင်းကြီး အဆုံးအမကိုပေး၍ ငါးပါးသောသီလတို့၌တည်စေ၏။ မြတ်သောမင်းကြီး ဤနေ့မှစ၍ ပုဏ္ဏားတို့နှင့် တပေါင်းတည်းဖြစ်၍ သားတို့ကိုသတ်ခြင်းငှါ ယဇ်မည်သည်ကို မပူဇော်လင့်ဟု ဆို၍ တရားဟောပြီးလျှင် ကောင်းကင်ဖြင့်သာလျှင် မိမိနေရာအရပ်သို့သွား၏။ မင်းကြီးသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်လျက် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး ဤအိပ်မက်ဟူသော အကြောင်းကြောင့် သင်မင်းကြီးအား ဘေးမရှိ၊ ယဇ်ပူဇော်ခြင်းကို ပယ်လောဟု ယဇ်ကိုပယ်စေ၍ များစွာသောသတ္တဝါအပေါင်းတို့အား ဇီဝိတဒါနကိုပေးတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အိပ်မက်အပြား၊ ဆယ်ခြောက်ပါး၊ ထွတ်ဖျားမဟေ ဟောမြွက်ပေ

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာသုပိနဇာတ်သည် ပြီး၏။

*****