မာတိကာသို့ ခုန်သွားရန်

မာရဓီတရဝတ္ထု

ဝီကီရင်းမြစ် မှ

ဗုဒ္ဓဝဂ်

၁။ မာဂဏ္ဍိယ ပုဏ္ဏားကြီးဝတ္ထု

ယဿ ဇိတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ် မာရ်နတ်မင်း၏ တဏှာဟူသော သမီး, အရတီဟူသော သမီး, ရဂါဟူသော သမီး, ဤသမီးသုံးယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင်ကို သတို့သားလောင်းရွေးသူ

တစ်ဖန် ကုရုတိုင်း၌ မာဂဏ္ဍီအမည်ရှိသော ပုဏ္ဏားကြီး၏ သမီးသည် မာဂဏ္ဍီအမည်ရှိသည်သာလျှင် ဖြစ်သတတ်။ မြတ်သောအဆင်းကို ဆောင်သော သတို့သမီးဖြစ်၏။ ထိုမာဂဏ္ဍီ အမည်ရှိသော သတို့သမီးကို တောင့်တကြကုန်သော များစွာကုန်သော များသောဥစ္စာရှိသော ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ များသောဥစ္စာရှိသော မင်းမျိုးတို့သည်လည်းကောင်း “သမီးကို အကျွန်ုပ်တို့အား ပေးပါလော့”ဟု မာဂဏ္ဍီပုဏ္ဏားကြီး၏အထံသို့ ပြောကြားစေလွှတ်ကြလေကုန်၏။ ထိုမာဂဏ္ဍီပုဏ္ဏားကြီးသည်လည်း သင်တို့သည် “ငါ၏သမီးနှင့် မလျောက်ပတ်၊ မထိုက်တန်ကြကုန်”ဟု ဆို၍ အလုံးစုံသောသူတို့ကို ပယ်သည်သာလျှင်တည်း။ ထိုအခါ တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်တော်မူလတ်သည်ရှိသော် ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ယက်အတွင်း၌ ဝင်ရောက်လာသော မာဂဏ္ဍီ အမည်ရှိသော ပုဏ္ဏားကြီးကို မြင်တော်မူလျှင် “အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ပုဏ္ဏားကြီး၏လည်းကောင်း၊ ပုဏ္ဏေးမကြီး၏လည်းကောင်း သုံးပါးသော မဂ်ဖိုလ်တို့၏ အကြောင်းဥပနိဿယ ပြည့်ဝစုံလင်ခြင်းကို မြင်တော်မူလေ၏။ ပုဏ္ဏားကြီးသည်လည်း ရွာအပြင်၌ အမြဲမပြတ် မီးကိုလုပ်ကျွေး၏။ မြတ်စွာဘုရားသည် နံနက်စောစောကလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ပုဏ္ဏားကြီး၏ မီးလုပ်ကျွေးရာဖြစ်သော ထိုအရပ်သို့ ကြွသွားတော်မူလေ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ရုပ်အဆင်းအသရေကို ကြည့်ရှုလျက် “ဤလောက၌ ဤသူနှင့်တူသော ယောက်ျားမည်သည် မရှိ၊ ငါ့သမီးနှင့် လျောက်ပတ်ထိုက်တန်၏၊ ဤသူအား ငါ့သမီးကို ပေးအံ့”ဟု ကြံ၍ မြတ်စွာဘုရားကို “အရှင်ရဟန်း- အကျွန်ုပ်အား သမီးတစ်ယောက်ရှိပါသည်၊ အကျွန်ုပ်သည် ထိုသတို့သမီးနှင့် လျောက်ပတ်,ထိုက်တန်သော ယောက်ျားကို မမြင်ရသေးသောကြောင့် ထိုသတို့သမီးကို တစ်စုံတစ်ယောက်သောသူအား မပေးရသေးပါ၊ အရှင်ဘုရားသည်ကား ထိုသတို့သမီးနှင့် လျောက်ပတ်ထိုက်တန်လှပါ၏၊ အကျွန်ုပ်သည် သင်ရဟန်းအား သမီးကို ခြေရင်းအလုပ်အကျွေး ပြုလုပ်၍ ပေးခြင်းငှာ အလိုရှိပါ၏၊ အကြင်မျှလောက် ထိုသတို့သမီးကို ဆောင်ဦးအံ့၊ ထိုမျှလောက် ဤအရပ်၌သာလျှင် ဆိုင်းငံ့ရပ်တည်လင့်ပါဦး”ဟု ဆိုလေ၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီး၏စကားကို ကြားတော်မူရလျှင် နှစ်သက်ခြင်းကိုလည်း ပြုတော်မမူ၊ တားမြစ်ခြင်းကိုလည်း ပြုတော်မမူ။ ပုဏ္ဏားကြီးသည်လည်း အိမ်သို့သွားသဖြင့် ပုဏ္ဏေးမကြီးအား “အို..ရှင်မ- ယနေ့ ငါ့သမီးနှင့် လျောက်ပတ်ထိုက်တန်သော ယောက်ျားကို မြင်ရပြီ၊ ထိုယောက်ျားအား သတို့သမီးကို ထိမ်းမြားအပ်နှင်းအံ့”ဟု ဆို၍ သမီးကို တန်ဆာဆင်စေပြီးလျှင် ခေါ်ဆောင်၍ ပုဏ္ဏေးမကြီးနှင့် အတူတကွ ထိုအရပ်သို့ သွားလေ၏။ လူများအပေါင်းသည်လည်း အုတ်အုတ်ကျက်ကျက် တစ်ခဲနက်ဖြစ်၍ ထွက်လေ၏။

ဗုဒ္ဓ၏ ပဒစေတီတော်

မြတ်စွာဘုရားသည် ပုဏ္ဏားကြီး မှာထားပြောကြားအပ်သော အရပ်၌ သီတင်းသုံးနေတော်မမူဘဲ ထိုအရပ်၌ ခြေတော်ရာ ပဒစေတီကို ပြထားတော်မူခဲ့ပြီးလျှင် တစ်ပါးသောအရပ်၌ ရပ်တန့်တည်နေတော်မူလေ၏။

(ဘုရားရှင်တို့၏ ခြေတော်ရာ စေတီတော်သည် “ဤခြေတော်ရာကို ဤမည်သောသူ ဖူးမြင်စေသတည်း”ဟု ဓိဋ္ဌာန်၍ နင်းချတော်မူရာ အရပ်၌သာလျှင် ထင်သတတ်၊ ကြွင်းသောအရပ်၌ ထိုခြေတော်ရာကို ဖူးမြင်ရသောသူမည်သည် မရှိလေသတတ်။)

ပုဏ္ဏားကြီးသည် မိမိနှင့်အတူတကွသွားသော ပုဏ္ဏေးမကြီးက “ထိုယောက်ျားကား အဘယ်မှာနည်း”ဟု မေးအပ်သည်ရှိသော် “ဤအရပ်၌ ဆိုင်းငံ့,ရပ်တည်ပါဦး”ဟူ၍ ငါဆိုခဲ့သည်”ဟု ပြောဆိုပြီးလျှင် ကြည့်ရှုရှာဖွေလတ်သည်ရှိသော် ခြေတော်ရာကို မြင်ရသဖြင့် “ဤခြေရာသည် ထိုယောက်ျား၏ ခြေရာပင်တည်း”ဟု ပြလေ၏။ ထိုပုဏ္ဏေးမကြီးသည် လက္ခဏာကြီးငယ်ကို သိကြောင်းဖြစ်သော ဗေဒင်၌ လိမ္မာလှသည်၏အဖြစ်ကြောင့် “ပုဏ္ဏားကြီး- ဤခြေရာသည် ကာမစည်းစိမ်ကို ခံစားလေ့ရှိသောသူ၏ ခြေရာမဟုတ်”ဟု ဆိုလတ်သည်ရှိသော် ပုဏ္ဏားကြီးသည် “အို..ရှင်မ- သင်ကား ရေခွက်၌ မိကျောင်းကို မြင်ဘိ၏။ ငါကား ထိုရဟန်းကို မြင်အပ်သဖြင့် သင့်အား သမီးကို ပေးပါအံ့ဟု ဆိုအပ်ပေပြီ၊ ထိုရဟန်းသည်လည်း ငါ့စကားကို ဝန်ခံလေပြီ”ဟု ဆိုသည်ရှိသော် “ပုဏ္ဏားကြီး- သင်သည် ဤသို့ အကယ်၍ကား ဆိုဘိ၏၊ ထိုသို့ပင်ဖြစ်သော်လည်း ဤခြေရာသည် ကိလေသာကုန်ပြီးသောသူ၏ ခြေရာသာတည်း”ဟု ဆို၍ သုတ္တနိပါတ် အဋ္ဌကထာ စသည်၌လာသော ဤဂါထာကို ရွတ်ဆိုလေ၏။

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊
ဒုဋ္ဌဿ ဟောတိ သဟသာနုပီဠိတံ။
မူဠှဿ ဟောတိ အဝကဍ္ဎိတံ ပဒံ၊
ဝိဝဋ္ဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။

ဗြာဟ္မဏ၊ အရှင်ပုဏ္ဏားကြီး။ ရတ္တဿ၊ ရာဂဖြင့် တပ်ခြင်းအလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ အလယ်ခွက်ငြား ဆောင့်ကြွားကြွားရှိသည်။ ဘဝေ၊ ဖြစ်၏။ ဒုဋ္ဌဿ၊ အမျက်ထွက်ခြင်းဖြင့် ပြစ်မှားလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ သဟသာနုပီဠိတံ၊ လျင်စွာနင်း၍ ဖနောင့်တွင်းနက်သည်။ ဟောတိ၊ ဖြစ်၏။ မူဠှဿ၊ မိုက်မဲစွာ တွေဝေလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ အဝကဍ္ဎိတံ၊ ဒရွတ်ကြောင်းထင် အပျင်းဝင်၍ ဆွဲငင်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဤဒိသံ၊ ဤသို့ ရွှေခြေနင်းရာ ပမာတူလှ ညီစွာကျလျက် တစ်ရာ့ရှစ်ကွက် စက်တော်စုံလင် ကောင်းစွာထင်သော။ ဣဒံ၊ ဤခြေရာသည်ကား။ ဝိဝဋ္ဋစ္ဆဒဿ၊ တဏှာအမိုး ဖွင့်ချိုးထွင်းဖောက် ဘုံသုံးထောက်မှ ထွက်မြောက်လွတ်ကူး ပုဂ္ဂိုလ်ထူး၏။ ပဒံ၊ တွေ့ကြုံခဲအပ် ခြေရာမြတ်ပေတည်း။

မာရ်နတ် နှလုံးမသက်သာပုံ

ထိုသို့ဆိုသောအခါ ပုဏ္ဏေးမကြီးကို ပုဏ္ဏားကြီးသည် “အိုရှင်မ-အသံပွက်ကြမ်း မမြည်တမ်းစမ်းပါလင့်၊ အသံဆူတိတ် ဆိတ်ဆိတ်ဖြစ်၍သာလျှင် လာခဲ့ပါလော့”ဟု ဆိုကာ သွားလတ်သည်ရှိသော် မြတ်စွာဘုရားကို မြင်လေလျှင် “ဤသူကား ထိုယောင်္ကျားပင်တည်း”ဟု ပုဏ္ဏေးမကြီးအား ပြပြီးလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “ရှင်ရဟန်း- သမီးကို သင့်အားပေးပါအံ့”ဟု ဆိုလေ၏။ ဘုရားရှင်သည် “ငါ့အား သင့်သမီးဖြင့် အလိုမရှိ”ဟု မဆိုမူ၍ “ပုဏ္ဏားကြီး- စင်စစ်အားဖြင့် ဟုတ်မှန်သောအကြောင်းကို ငါဆိုဦးအံ့၊ သင်နားထောင်လတ္တံ့လော”ဟု မိန့်တော်မူသဖြင့် “အိုရဟန်း- ဆိုပါလော့၊ နားထောင်ပါအံ့”ဟု နားတော်လျှောက်သည်ရှိသော် တောထွက်တော်မူသည်မှစ၍ လွန်လေပြီးသော အကြောင်းကို ဆောင်ကာ ပြတော်မူလေ၏။

ဗုဒ္ဓဝင်အကျဉ်း

ဘုရားအလောင်းတော်သည် ပြည်စည်းစိမ်ကို စွန့်ပယ်ပြီးလျှင် ကဏ္ဍကမြင်းကို စီးသဖြင့် ဆန္နအမတ်လျှင် အဖော်ရှိသည်ဖြစ်၍ တောထွက်လတ်စဉ် ပြည်တံခါး၌ ရပ်သဖြင့် မာရ်နတ်သားသည် “ရှင်သိဒ္ဓတ်- ပြန်လည်ဆုတ်နစ်ပါလေဦးလော့၊ သင့်အား ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ စကြရတနာသည် ထင်ရှား ဖြစ်ပါလိမ့်မည်”ဟု ဆိုလတ်သည်ရှိသော် “မာရ်နတ်သား- ငါကား ဤစကြရတနာ ရောက်အံ့သော အကြောင်းကို သိ၏၊ ထိုသို့သိသော်လည်း ငါ့အား ထိုစကြရတနာဖြင့် အလိုမရှိ”ဟု ဆိုလေ၏။ ထိုသို့ဆိုသည်ရှိသော် “အဘယ်အကျိုးငှာ တောထွက်ဘိသနည်း”ဟု မေးပြန်သဖြင့် “သဗ္ဗညုတဉာဏ်တော် တည်းဟူသော အကျိုးငှာ တောထွက်၏”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ ယနေ့မှအစပြု၍ ကာမဂုဏ်နှင့် စပ်သောအကြံ အစရှိသည်တို့တွင် တစ်ခုသော အကြံကိုလည်း အကယ်၍ ကြံသည်ဖြစ်အံ့၊ အသင့်အား ပြုအပ်သောအမှုကို ငါသိရပေတော့အံ့”ဟု ဆိုလေ၏။ မာရ်နတ်သားသည် ထိုအခါမှစ၍ အကြားအပေါက် အခွင့်ကို ကြည့်ရှုလျက် ခုနစ်နှစ်တို့ပတ်လုံး ဘုရားလောင်းသို့ အစဉ်လိုက်လေ၏။ မြတ်စွာဘုရားသည်လည်း ခြောက်နှစ်တို့ပတ်လုံး ပြုခြင်းငှာ ခဲယဉ်းသော အမှုသာလျှင်ဖြစ်သော ဒုက္ကရစရိယာကို ကျင့်၍ အသီးအခြားဖြစ်သော အားလုံ့လ အစွမ်းဟု ဆိုအပ်သော ယောက်ျားမြတ်တို့၏ အပြုအမူကိုမှီ၍ ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူပြီးလျှင် အရဟတ္တဖိုလ် ချမ်းသာကို ခံစားတော်မူလျက် ပဉ္စမသတ္တာဟ၌ အဇပါလ ညောင်ပင်ရင်း၌ နေတော်မူလေ၏။ ထိုအခါ မာရ်နတ်သားသည် “ငါကား ဤမျှလောက်သောကာလပတ်လုံး အစဉ်လိုက်၍ အကြားအပေါက် အခွင့်ကို ကြည့်ရှုသော်လည်း ဤသိဒ္ဓတ်မင်းသား၏ တစ်စုံတစ်ခုသော ချွတ်ယွင်းမှုကို မမြင်ရ၊ ယခုအခါ ဤသိဒ္ဓတ်မင်းသားသည် ငါ၏အရာကို လွန်မြောက်သွားခဲ့လေပြီ”ဟူ၍ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ လမ်းခရီးမကြီး၌ နေလေ၏။

မာရ်နတ်သမီးသုံးယောက် ဖြားယောင်းပုံ

ထိုအခါ မာရ်နတ်မင်း၏ တဏှာမည်သော သမီး, အရတီမည်သော သမီး, ရဂါမည်သော သမီး, ဤသုံးယောက်သော သမီးတို့သည် “ငါတို့၏ ခမည်းတော်နတ်မင်းသည် မထင်၊ ယခုအခါ အဘယ်မှာ နေပါဘိသနည်း”ဟု ကြည့်ရှုကြသည်ရှိသော် ထိုသို့သော အခြင်းအရာဖြင့်နေသော မာရ်နတ်မင်းကို မြင်ကြရလျှင် ချဉ်းကပ်၍ “ခမည်းတော်- အဘယ့်ကြောင့် နှလုံးမသာယာခြင်းရှိသည် ဖြစ်ရပါသနည်း”ဟု မေးမြန်းကြလေကုန်၏။ မာရ်နတ်သားသည် သမီးသုံးယောက်တို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ထိုအခါ မာရ်နတ်မင်းကို သမီးသုံးယောက်တို့သည် “ခမည်းတော် မပူပါလင့်၊ ကျွန်မတို့သည် ထိုသိဒ္ဓတ်မင်းသားဘုရားကို မိမိ၏အလို၌ ပါအောင်ပြု၍ ဆောင်ယူခဲ့ကြပါကုန်အံ့”ဟု ဆိုကြလေကုန်၏။ “ချစ်သမီးတို့- ဤသိဒ္ဓတ်မင်းသား မြတ်ဘုရားကား တစ်စုံတစ်ယောက်သောသူသည် အလို၌ပါအောင် ပြုခြင်းငှာ မတတ်ကောင်း”ဟု ဆိုလျှင် “ဖခမည်းတော်- ကျွန်မတို့ မိန်းမတို့မည်သည်ကား ယခုပင်လျှင် ထိုဘုရားသိဒ္ဓတ်ကို ရာဂဟူသော ကျော့ကွင်း စသည်တို့ဖြင့် ဖွဲ့ချည်ကာ ဆောင်ယူခဲ့ကြပါကုန်အံ့၊ သင်ဖခမည်းတော်တို့သည် မကြံစည်ပါကုန်လင့်”ဟု မှာထားပြောကြားခဲ့ပြီးလျှင် မြတ်စွာဘုရားသို့ ချည်းကပ်၍ “ရှင်ရဟန်း- သင်ရဟန်း၏ ခြေတော်ရင်း၌ လုပ်ကျွေးသမှု ပြုစုလိုကြပါကုန်၏”ဟု ဆိုကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုနတ်သမီး သုံးယောက်တို့၏စကားကို စိတ်တော်ဖြင့် အသိအမှတ်ပြုတော်မမူ။ ဝါ၊ နှလုံးသွင်းခြင်း ပြုတော်မမူ။ မျက်စိတို့ကို ဖွင့်၍မျှ ကြည့်ရှုတော်မမူ။ တစ်ဖန် မာရ်နတ်မင်း၏ သမီးတို့သည် “ယောက်ျားတို့၏ အလိုတို့ကား စင်စစ် အမြတ်,အယုတ် အမျိုးမျိုး ဖြစ်ကြကုန်၏။ အချို့သော ယောက်ျားတို့အား သတို့သမီးပျိုတို့၌ ချစ်ခင်နှစ်သက်ခြင်းဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား ပထမအရွယ်၌တည်သော မိန်းမလတ်တို့၌ ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား မဇ္ဈိမအရွယ်၌တည်သော မိန်းမလတ်ကြီးတို့၌ ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား ပစ္ဆိမအရွယ်၌တည်သော မိန်းမအိုကြီးတို့၌ ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေသည်။ အထူးထူးသော အခြင်းအရာတို့ဖြင့် ထိုသိဒ္ဓတ်ဘုရားကို ဖြားယောင်းကြကုန်အံ့”ဟု ကြံ၍ တစ်ယောက်တစ်ယောက်သည် မိန်းမပျို၊ အဆင်းအရွယ် စသည်တို့၏ အစွမ်းဖြင့် တစ်ရာတစ်ရာမျှလောက်သော ကိုယ်တို့ကို ဖန်ဆင်းပြီးလျှင် သတို့သမီးပျိုတို့ကိုလည်းကောင်း၊ တစ်ကြိမ်မျှ သားမဖွားသေးသော မိန်းမတို့ကိုလည်းကောင်း၊ တစ်ကြိမ်မျှသာ သားဖွားခြင်းရှိသော မိန်းမငယ်တို့ကိုလည်းကောင်း၊ မိန်းမလတ်တို့ကိုလည်းကောင်း၊ မိန်းမကြီးတို့ကိုလည်းကောင်း ပြုလုပ်ဖန်ဆင်းလျက် ခုနစ်ကြိမ်တိုင်တိုင် ချဉ်းကပ်၍ မြတ်စွာဘုရားကို “အို..ရှင်ရဟန်း- သင်ရဟန်း၏ ခြေတော်ရင်း၌ လုပ်ကျွေးသမှု ပြုစုလိုကြပါကုန်၏”ဟု ဆိုကြလေကုန်၏။ ထိုစကားကိုလည်း မြတ်စွာဘုရားသည် စိတ်တော်ဖြင့် အသိအမှတ်ပြုတော်မမူ။ ဝါ၊ နှလုံးသွင်းခြင်း ပြုတော်မမူ။ အဘယ်ပုံ နေတော်မူသနည်းဟူမူကား အတုမရှိ မြတ်လှစွာသော သုခဝေဒနာ၏ တည်ရာဟူသော ကာမုပဓိ၊ ခန္ဓမူလက ဒုက္ခ၏ တည်ရာဟူသော ခန္ဓုပဓိ၊ အပါယ်ဆင်းရဲ၏ တည်ရာဟူသော ကိလေသုပဓိ၊ ဇာတိဒုက္ခ ဘဝဒုက္ခ၏ တည်ရာ ကုသိုလ်,အကုသိုလ်စေတနာ ၂၉-ပါးဟု ဆိုအပ်သော သင်္ခါရူပဓိ ဟူသော ဥပဓိလေးပါးတို့၏ ကုန်ရာ အနုတ္တရ ဥပဓိသင်္ခယ နိဗ္ဗာန်မြတ်၌ နှလုံးသွင်းလျက်သာ နေတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုမျှလောက်ဖြင့်လည်း ပြန်မသွားကြကုန်သော ထိုမာရ်နတ်မင်း သမီးသုံးယောက်တို့ကို “ဖဲသွားကြကုန်လော့၊ အဘယ်အာရုံကိုမြင်၍ ဤသို့ လုံ့လပြုကြကုန်ဘိသနည်း” ဟူ၍လည်းကောင်း၊ “ဤသို့ သဘောရှိသော ဖြားယောင်းပုံ အမျိုးမျိုးကို ကင်းသောရာဂရှိသော ဘုရား,ရဟန္တာတို့၏ ရှေ့တော်၌ ပြုခြင်းငှာ မထိုက်” ဟူ၍လည်းကောင်း၊ “ဘုရားရှင်သည်ကား ရာဂအစရှိသည်တို့ကို ပယ်အပ်ကုန်ပြီ၊ အဘယ်သို့သော အကြောင်းဖြင့် ထိုဘုရားရှင်ကို မိမိအလိုသို့ပါအောင် ဆောင်နိုင်ကြကုန်အံ့နည်း” ဟူ၍လည်းကောင်း ဆို၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၇၉] ယဿ ဇိတံ နာဝဇီယတိ၊
ဇိတံ ယဿ နောယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊
အပဒံ ကေန ပဒေန နေဿထ။

[၁၈၀] ယဿ ဇာလိနီ ဝိသတ္တိကာ၊
တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊
အပဒံ ကေန ပဒေန နေဿထ။

ယဿ၊ အကြင်မြတ်စွာဘုရား၏။ ဇိတံ၊ အောင်အပ်သော ကိလေသာအပေါင်းသည်။ ဝါ၊ ကိလေသာအပေါင်းကို ထိုထိုမဂ်ဖြင့် အောင်တော်မူခြင်းသည်။ နာဝဇီယတိ၊ မကောင်းသဖြင့် အောင်ခြင်းမဟုတ်။ လောကေ၊ လောက၌။ ဇိတံ၊ အောင်အပ်ပြီးသော ကိလေသာ အပေါင်းသည်။ ကောစိ၊ တစ်စုံတစ်ခုမျှ။ ယဿ၊ အကြင်ထိုမြတ်စွာဘုရား၏နောက်သို့။ နောယာတိ၊ အစဉ်မလိုက်။ အနန္တဂေါစရံ၊ အဆုံးမရှိသောအာရုံကို အာရုံပြုသော သဗ္ဗညုတဉာဏ်တော်ရှိတော်မူထသော။ အပဒံ၊ ရာဂအစရှိသော ခြေမရှိထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တုမှေ၊ သင်တို့သည်။ ကေန ပဒေန၊ အဘယ်ခြေဖြင့်။ နေဿထ၊ ဆောင်နိုင်ကြကုန်လတ္တံ့နည်း။

ယဿ၊ အကြင်မြတ်စွာဘုရားအား။ ကုဟိဉ္စိ၊ တစ်စုံတစ်ခုသော ဘဝသို့။ နေတဝေ၊ ဆောင်ခြင်းငှာ။ ဇာလိနီ၊ ထက်အောက်ချုပ်စပ် မှေးယှက်တတ်သော ကွန်ယက်ရှိသော။ ဝါ၊ ကွန်ယက်ကို ပြုတတ်သော။ ဝါ၊ ကွန်ယက်နှင့်တူသော (တဏှာဟူလို)။ ဝိသတ္တိကာ၊ ရူပါရုံ စသည်တို့၌ ကပ်ငြိတတ်သော။ ဝါ၊ ကပ်ငြိသောစိတ်၏ ဖြစ်ကြောင်းဖြစ်သော။ ဝါ၊ အဆိပ်ကို ဆောင်ယူလာတတ်သော။ ဝါ၊ အဆိပ်ပွင့် ပွင့်တတ်, အဆိပ်သီး သီးတတ်သော။ ဝါ၊ အဆိပ်ကို သုံးဆောင်ဝံ့သော (တဏှာပင်တည်း)။ တဏှာ၊ တဏှာသည်။ နတ္ထိ၊ မရှိ။ အနန္တဂေါစရံ၊ အဆုံးမရှိသော အာရုံကို အာရုံပြုသော သဗ္ဗညုတဉာဏ်တော် ရှိတော်မူထသော။ အပဒံ၊ ရာဂအစရှိသော ခြေမရှိထသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တုမှေ၊ သင်တို့သည်။ ကေန ပဒေန၊ အဘယ်ခြေဖြင့်။ နေဿထ၊ ဆောင်နိုင်ကြကုန်လတ္တံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော နတ်တို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ မာရ်နတ်သမီး သုံးယောက်တို့သည်လည်း ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်ကြလေကုန်၏။

မာဂဏ္ဍီတို့ အနာဂါမ်တည်ကြောင်း တရားတော်

မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဆောင်တော်မူ၍ “မာဂဏ္ဍီအမည်ရှိသော ပုဏ္ဏားကြီး- ငါဘုရားသည် ရှေးအခါ၌ ဤသုံးယောက်သော မာရ်နတ်မင်းသမီးတို့ကို မြင်ရဖူးလေပြီ၊ သလိပ် (ချွဲခန်း) အစရှိသည်တို့ဖြင့် မှေးယှက် ရှုပ်ထွေးခြင်းမရှိသော အတ္တဘော, ရွှေတုံးရွှေစိုင်နှင့်တူသော အတ္တဘောနှင့် ပြည့်စုံကြပေကုန်၏။ ထိုအခါ၌သော်လည်း ငါဘုရားအား မေထုန်အမှု၌ အလိုဆန္ဒသည် မဖြစ်လေပြီ၊ သင့်သမီး၏ ကိုယ်သည်ကား သုံးဆယ့်နှစ်ပါးသော အခြင်းအရာရှိသော အပုပ်ဖြင့် ဝန်းကျင်ပြည့်၏။ အပ၌ ဆန်းကြယ်စွာ ပြုလုပ်၍ထားအပ်သော မစင်အညစ်အကြေးအိုးနှင့် တူလှပေ၏။ အဆုံးစကား ပြောကြားဦးအံ့၊ ငါ၏ခြေသည် မစင်အညစ်အကြေးဖြင့် လိမ်းကျံသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသတို့သမီး မာဂဏ္ဍီသည်လည်း တံခါးခုံတည်ရာအရပ်၌ တည်ငြားအံ့၊ ထိုသို့ပင် ဖြစ်စေကာမူ ထိုသတို့သမီး မာဂဏ္ဍီ၏ကိုယ်၌ ငါဘုရားသည် ခြေကိုမထိလို”ဟု ဆိုပြီးလျှင် ဤဂါထာကို မိန့်တော်မူလေ၏။

ဒီသွာန တဏှံ အရတိံ ရဂဉ္စ၊
နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သမ္ဖုသိတုံ န ဣစ္ဆေ။

တဏှံ စ၊ တဏှာမည်သော နတ်သမီးကိုလည်းကောင်း။ အရတိံ စ၊ အရတီမည်သော နတ်သမီးကိုလည်းကောင်း။ ရဂဉ္စစ၊ ရဂါမည်သော နတ်သမီးကိုလည်းကောင်း။ ဒိသွာန၊ မြင်ရ၍။ မေထုနသ္မိံ၊ အချင်းချင်း နှစ်သက်ခြင်းတူသော သူတို့၏ အမှု၌။ ဆန္ဒာအပိ၊ လိုအင်ဆန္ဒ အနည်းငယ်မျှသည်လည်း။ နာဟောသိ၊ မဖြစ်ခဲ့ဖူးလေပြီ။ မုတ္တကရီသပုဏ္ဏံ၊ ကျင်ငယ်ကျင်ကြီးတို့ဖြင့် အပြည့်ရှိသော။ ဣဒံ၊ ဤသတို့သမီး မာဂဏ္ဍီကို။ ဒိသွာန၊ မြင်ရ၍။ ကိမေဝ၊ အဘယ်မှာလျှင် လိုအင်ဆန္ဒ ဖြစ်နိုင်တော့အံ့နည်း။ နံ၊ ထိုသတို့သမီး မာဂဏ္ဍီကို။ ပါဒါပိ၊ ခြေတို့ဖြင့်လည်း။ သမ္ဖုသိတုံ၊ ထိခြင်းငှာ။ န ဣစ္ဆေ၊ ငါအလိုမရှိချေ။

ဒေသနာတော်၏အဆုံး၌ မာဂဏ္ဍီပုဏ္ဏား ခင်ပွန်း လင်မယား နှစ်ဦးစလုံးတို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။

မာဂဏ္ဍိယပုဏ္ဏားကြီးဝတ္ထု ပြီး၏။