အနာထပိဏ္ဍကပုတ္တကာလဝတ္ထု
လောကဝဂ်
၁၁။ အနာထပိဏ်သူဌေး၏ သားဖြစ်သော ကာလသတို့သားဝတ္ထု
ပထဗျာ ဧကရဇ္ဇေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ သားဖြစ်သော ကာလအမည်ရှိသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အသပြာရလိုမှုဖြင့် ဥပုသ်အတု စောင့်ခြင်း
ထိုကာလသတို့သားသည် ထိုသို့သဘောရှိသော သဒ္ဓါခြင်းနှင့်ပြည့်စုံသော သူဌေးကြီး၏ သားဖြစ်လျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားခြင်းငှာလည်း အလိုမရှိ။ အိမ်သို့ ကြွလာသောအခါ၌ ဖူးမြင်ခြင်းငှာလည်း အလိုမရှိ။ တရားကိုနာခြင်းငှာလည်း အလိုမရှိ။ သံဃာတော်၏ အမှုကြီးငယ်ကို ပြုခြင်းငှာလည်း အလိုမရှိလေသတတ်။ ဖခင်သူဌေးကြီးသည် “ချစ်သား- ဤသို့မပြုလင့်”ဟု ဆိုသော်လည်း သူဌေးကြီး၏စကားကို မနာမယူ။ ထိုအခါ ကာလသတို့သား၏ ဖခင် အနာထပိဏ်သူဌေးကြီးသည် “ဤသူကား ဤသို့သဘောရှိသော အယူကိုယူ၍ လှည့်လည်နေလျှင် အဝီစိသို့သာ လားရာသည်ဖြစ်လတ္တံ့၊ ငါမြင်ရစဉ် ငါ့သား ငရဲသို့သွားရခြင်းဟူသည်ကား မလျောက်ပတ်လေစွတကား၊ ဤလောက၌ ဥစ္စာကိုပေးသဖြင့် မပျက်သော သတ္တဝါမည်သည်မရှိ၊ ဥစ္စာဖြင့် ငါ့သားကို ဖြတ်အံ့”ဟု ကြံလေ၏။ ထိုအခါ ကာလသတို့သားကို “ချစ်သား- ဥပုသ် ကျင့်သုံးသည်ဖြစ်၍ ကျောင်းတော်သို့ သွားသဖြင့် တရားနာပြီးမှ ပြန်လာခဲ့လော့၊ တစ်ရာသော အသပြာကို သင့်အားပေးအံ့”ဟု ဆိုလေ၏။ “ဖခင်- အမှန် ပေးကုန်ပါအံ့လော”ဟု ပြန်မေးလတ်သော် “ချစ်သား- ပေးပါအံ့”ဟု ဆိုလေ၏။ ထိုကာလသတို့သားသည် သုံးကြိမ်တိုင်အောင် ပဋိညာဉ် ဝန်ခံချက်ကို ယူပြီးလျှင် ဥပုသ်ကျင့်သုံးသည်ဖြစ်၍ ကျောင်းတော်သို့ သွားလေ၏။ တရားနာခြင်းဖြင့်ကား ထိုကာလသတို့သားအား ပြုဖွယ်ကိစ္စသည် မရှိ။ ချမ်းသာရာအရပ် တစ်ခုခုတို့၌ အိပ်ပြီးလျှင် စောစောကတည်းက အိမ်သို့ ပြန်သွားလေ၏။ ထိုအခါ ထိုကာလသတို့သားအား ဖခင်သူဌေးကြီးသည် “ငါ၏သားသည် ဥပုသ်ကျင့်သုံးခဲ့လေပြီ၊ ငါ့သား၏အလို့ငှာ လျင်မြန်စွာ ယာဂုစသည်တို့ကို ဆောင်ယူ၍ လာကြကုန်လော့”ဟု ဆို၍ ပေးခိုင်းလေ၏။ ထိုကာလသတို့သားသည် “အသပြာတို့ကို မယူရသေးသောကြောင့် မစားသေးအံ့”ဟု ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော ယာဂုစသည်ကို ပယ်လေ၏။
ထိုအခါ ကာလသတို့သား၏ ဖခင် သူဌေးကြီးသည် နှိပ်စက်ခြင်းကို သည်းမခံနိုင်သောကြောင့် အသပြာထုပ်ကို ပေးစေရလေ၏။ ထိုကာလသတို့သားသည် ထိုအသပြာထုပ်ကို လက်ဖြင့်ယူပြီးမှသာလျှင် ယာဂုစသော အာဟာရကို စားလေ၏။ ထိုအခါ ကာလသတို့သားကို တစ်ဖန် မိုးသောက်သောနေ့၌ သူဌေးကြီးသည် “ချစ်သား- တစ်ထောင်သော အသပြာကို သင့်အား ပေးဦးအံ့၊ မြတ်စွာဘုရားရှေ့တော်၌ တည်နေလျက် တစ်ခုသော တရားအပိုဒ်ကို သင်ကြားမှတ်ယူခဲ့ပြီးလျှင် ပြန်လာခဲ့လော့”ဟု စေလိုက်လေ၏။ ထိုကာလသတို့သားသည် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရား၏ရှေ့တော်၌ တည်နေလျက်သာလျှင် တစ်ခုသောတရားအပိုဒ်ကို သင်ကြားမှတ်ယူ၍ ပြန်ပြေးခြင်းငှာ အလိုရှိသည်ဖြစ်၏။ ထိုအခါ ကာလသတို့သားအား မြတ်စွာဘုရားသည် မမှတ်သားနိုင်သော အခြင်းအရာကို ပြုတော်မူလေ၏။ ထိုကာလသတို့သားသည် ထိုအပိုဒ်ကို မမှတ်သားနိုင်ရကား အထက်အပိုဒ်ကို သင်ယူဦးအံ့ဟု ဆို၍ နာကြားသည်သာလျှင်တည်း။
ဥပုသ်သည် အတုမှ အစစ်ဖြစ်ခြင်း
ထိုကာလသတို့သားသည်လည်း သင်ယူဦးအံ့ဟု နာကြား၏။ မြတ်စွာဘုရားသည်လည်း မမှတ်သားနိုင်သော အခြင်းအရာကို ပြုတော်မူလေ၏။ ထိုကာလသတို့သားသည်လည်း အထက်အပိုဒ်ကို သင်ယူဦးအံ့ဟုဆို၍ နာကြားစဉ်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုကာလသတို့သားသည် တစ်ဖန် မိုးသောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်းသံဃာနှင့် အတူတကွသာလျှင် သာဝတ္ထိပြည်သို့ ဝင်လေ၏။ သူဌေးကြီးသည် ထိုကာလသတို့သားကိုမြင်လျှင် “ယနေ့ ငါ့သား၏ အခြင်းအရာကား နှစ်သက်ဖွယ်ရှိပေစွ”ဟု ကြံစည်လေ၏။ ထိုကာလသတို့သားသည်လည်း “ငါ့ဖခင်ကား ယနေ့မြတ်စွာဘုရား၏ အထံတော်၌ (မျက်မှောက်တော်၌) အသပြာတို့ကို မပေးပါမူကား ကောင်းလေစွ၊ အသပြာဟူသော အကြောင်းကြောင့် ငါ၏ ဥပုသ်ကျင့်သုံးသောအဖြစ်ကို မသိအောင် ဖုံးထားဘိပါမူကား ကောင်းလေစွ”ဟူသော အကြံသည် ဖြစ်လေ၏။ မြတ်စွာဘုရားသည်ကား ထိုကာလသတို့သား၏ ယမန်နေ့၌ အသပြာ၏ အကြောင်းကြောင့် ဥပုသ်ကျင့်သုံးသည့်အဖြစ်ကို သိတော်မူလေ၏။ သူဌေးကြီးသည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား ယာဂုဆွမ်းကိုလှူစေ၍ သားအားလည်း ပေးစေလေ၏။ ထိုကာလသတို့သားသည် ထိုင်လျက် ဆိတ်ဆိတ်နေသည်ဖြစ်၍သာလျှင် ယာဂုကို သောက်၏။ ခဲဖွယ်ကို ခဲ၏။ ထမင်းကို စား၏။ သူဌေးကြီးသည် မြတ်စွာဘုရား၏ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စအဆုံး၌ သား၏ရှေ့၌ တစ်ထောင်သော ဥစ္စာထုပ်ကို ထားစေပြီးလျှင် “ချစ်သား- ငါသည် သင့်အား ဥစ္စာတစ်ထောင် ပေးအံ့ဆို၍ ဥပုသ်ကို ဆောက်တည်စေသဖြင့် ကျောင်းတော်သို့ စေလွှတ်၏။ ဤကား သင့်အလို့ငှာ အသပြာတစ်ထောင်တည်း”ဟု ဆိုလျှင် ထိုကာလသတို့သားသည် မြတ်စွာဘုရား၏ ရှေ့တော်၌ အသပြာပေးသည်တို့ကို မြင်ရလျှင် ရှက်နိုးလှသောကြောင့် “ကျွန်တော်အား အသပြာတို့ဖြင့် အလိုမရှိပါ”ဟု ဆိုလေ၏။ “ချစ်သား- ယူသာယူလော့”ဟု ဆိုသော်လည်း မယူဘဲသာ နေလေ၏။ ထိုအခါ ကာလသတို့သား၏ဖခင် အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရားကို ရှိခိုး၍ “မြတ်စွာဘုရား- ယနေ့ တပည့်တော်သား၏ အခြင်းအရာသည် နှစ်သက်ဖွယ် ရှိလှပါသည်ဘုရား”ဟု လျှောက်ဆိုလေသောကြောင့် “သူဌေးကြီး- အဘယ်အခြင်းအရာနည်း”ဟု မေးတော်မူသည်ရှိသော် “တပည့်တော်သည် ဤသတို့သားကို ရှေးဖြစ်သောအခါ၌ သင့်အား အသပြာတစ်ထောင်ကို ပေးအံ့ဟု ဆို၍ ကျောင်းတော်သို့ စေလွှတ်အပ်ပါသည်။ တစ်ဖန် မိုးသောက်သောနေ့၌ အသပြာတို့ကို မယူရသေးသောကြောင့် စားခြင်းငှာ အလိုမရှိပါ၊ ယနေ့ကား ပေးသော်လည်း အသံပြာတို့ကို အလိုမရှိပါဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “သူဌေးကြီး- ဪ..ဟုတ်မှန်ပေ၏၊ ယနေ့ သင့်သား၏ သန္တာန်၌ စကြဝတေးမင်း စည်းစိမ်ထက်လည်းကောင်း၊ နတ်ပြည်စည်းစိမ်, ဗြဟ္မာပြည် စည်းစိမ်တို့ထက်လည်းကောင်း သောတာပတ္တိဖိုလ်သည်သာလျှင် မြတ်လှပေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။
ပထဗျာ ဧကရဇ္ဇေန၊ စကြဝတေးမင်း၏ စည်းစိမ်ထက်လည်းကောင်း။ သဂ္ဂဿ ဂမနေန ဝါ၊ နတ်ပြည်,ဗြဟ္မာပြည်စည်းစိမ်ကို ရခြင်းထက်လည်းကောင်း။ သဗ္ဗလောကာဓိပစ္စေန၊ အလုံးစုံသော လောကကို အစိုးရခြင်းထက်လည်းကောင်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သည်။ ဝရံ၊ မြတ်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။