အနာထပိဏ္ဍကပုတ္တကာလဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၃-လောကဝဂ်။ ၁၁-အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု
၁၈၈။ ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဇေတဝန်ကျောင်း ဒါယကာကြီး၏ သားပင်ဖြစ်သော်လည်း သာသနာတော်ကို ကြည်ညိုရမှန်း မသိသောကြောင့် ဖခင်ကိုယ်တိုင် ငွေဖြင့်ဖြားယောင်း၍ ဥပုသ်စောင့်ခိုင်းခြင်း၊ ဘုရားထံမှ တရားတပုဒ်ရအောင် မှတ်စေခြင်းဖြင့် သောတာပန်ဖြစ်သော ကာလအမျိုးသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ပထဗျာ၊ မြေအပြင်၌။ ဧကရဇ္ဇေန၊ ဧကရာဇ်မင်းပြုရသည်ထက်လည်းကောင်း။ သဂ္ဂဿ၊ နတ်ပြည်ဗြဟ္မာပြည်သို့။ ဂမနေန ဝါ၊ သွားရသည်ထက်လည်းကောင်း။ သဗ္ဗလောကာဓိပစ္စေန၊ အလုံးစုံသောလောကကို အစိုးရသည်ထက်လည်းကောင်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သည်။ ဝရံ၊ မြတ်၏။
စကားပြေ
လူ့ပြည်မှာ ဧကရာဇ်မင်း ပြုရသည်ထက်လည်းကောင်း၊ နတ်ပြည်ဗြဟ္မာပြည်သို့ ရောက်ရသည်ထက်လည်းကောင်း၊ တလောကလုံး အစိုးရသည်ထက်လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် အမြတ်ဆုံးဖြစ်၏။
ဧကရဇ္ဇ— စကြဝတေးမင်း၏ စည်းစိမ်။
သဂ္ဂဿ— နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာနှစ်ဆယ်ရ၏။
သဗ္ဗလောက— နဂါး၊ ဂဠုန်၊ ဝေမာတိက၊ ပြိတ္တာနှင့် တကွ အလုံးစုံသော လောကရ၏။
သောတာပတ္တိဖလံ ဝရံ— ၃၁-ဘုံအုပ်ချုပ်နေရသော်လည်း အပါယ်လေးပါးမှ မလွတ်မြောက်နိုင်သေးပဲ သောတာပန်ဖြစ်ရခြင်းသည် အပါယ်လေးပါးမှ လွတ်မြောက်နိုင်ခြင်းကြောင့် ၃၁-ဘုံကို အုပ်ချုပ်နေရခြင်းထက် သောတာပတ္တိဖိုလ်က မြတ်သည်ဟု ဆိုရပါသည်။
မိဘမေတ္တာ
ရတနာသုံးပါးနှင့် ကင်းကွာနေသော သားဖြစ်သူ ကာလကို ဖခင် အနာထပိဏ္ဍိကသဌေးကြီးသည် ငွေတထောင်ပေး၍ ချော့မော့ပြီး ဥပုသ်စောင့်၊ တရားနာခိုင်းရှာသည်။ ကာလကလည်း တရားမရခင်မှာ ငွေမရမချင်း ကျောင်းတော်သို့ မသွားသော်လည်း ဘုရားရှင်၏ တရားတော်ကို နာရ၍ သောတာပန်ဖြစ်ပြီးသည့်နောက် ငွေပေးသည်ကို ရှက်လှသဖြင့် ငွေကို လက်မခံတော့ပဲ ငြင်းပယ်လေသည်။ နောင်ခေတ် မိဘများလည်း အနာထပိဏ္ဍိကကို အတုယူပြီး ရတနာသုံးပါးနှင့် မရင်းနှီးသော သားသမီးများကို ချော့မော့၍ ရင်းနှီးစေသင့်ပေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၃-၄။)
ပါဠိသဒ္ဒါခက်ဆစ်
ဧကရဇ္ဇေန = ကော ရာဇာ ကေရာဇာ။ ဧကရညော ဘာဝေါ ဥကရတ္တံ။ ဧကရာဇ + ဏျ။
သဗ္ဗလောကာဓိပစ္စေန = အဓိပတိနော ဘာဝေါ အာဓိပစ္စံ။ အဓိပတိ + ဏျ။ သဗ္ဗလောကေ အာဓိပစ္စံ သဗ္ဗလောကာဓိပစ္စံ။
အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု ပြီး၏။
လောကဝဂ် ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၃-လောကဝဂ်
၁၁-အနာထပိဏ္ဍိကပုတ္တကာလဝတ္ထုပါဠိဂါထာ
သဗ္ဗလောကာဓိပစ္စေန, သောတာပတ္တိဖလံ ဝရံ။
ပထဗျာ၊ ကမ္ဘာ့ဗွေခွင်, တစ်မြေပြင်လုံး၌။၃ ဧကရဇ္ဇေန ဝါ၊ တစ်ဥုးတည်းအရှင်, ဘုရင်ဧကရာဇ်, ဖြစ်ရသည်ထက်လည်းကောင်း။ သဂ္ဂဿ၊ ချမ်းသာရိပ်ငြိမ်, စည်းစိမ် တွေစုံ, နတ်တို့ဘုံသို့။ ဂမနေန ဝါ၊ ကုသိုလ်ဖန်၍, ဗိမာန်အသင့်, ဘုံအသင့်ဖြင့်, ဂုဏ် မြင့်ဖြိုးမောက်, ရောက်ရသည်ထက်လည်းကောင်း။ သဗ္ဗလောကာဓိပစ္စေန ဝါ၊ တစ် လောကလုံး, သိမ်းကျုံးလွှမ်းမိုး, အုပ်စိုးရသော ဗြဟ္မာမင်းကြီးဖြစ်ရသည်ထက်လည်းကောင်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိ, မည်ရှိထူးခြား, မဂ်ဖိုလ်တရားသည်။ ဝရံ၊ ဂုဏ်အရည်မြင့်, မမီနိုင်တန်း, အလှမ်းဝေးကွာ, ထူးချွန်မွန်မြတ်လှပါပေသည်တကား။
(ပါ-၁၇၈) [သောတာပတ္တိဖလံအရ သောတာပတ္တိကိုမဂ်ကိုပါ ယူ၊-ဓမ္မဋီ။]
၃။ ပထဗျာ ဧကရဇ္ဇေန။ ။ ပထဝီ+သ္မိံ၊ နာသသ္မိံနမာ(နီတိ-၂၁၇)သုတ်, ဝိဗော၊၄၃ အလို “အာ ပတော”ဟူသော ယောဂဝိဘာဂ, ရူ-၈၅အလို အာဒိတော ဩ စ၌ စသဒ္ဒါတို့ဖြင့် သ္မိံကို အာပြု, ဤကို ယပြု, ဝကို ဗပြု။ ရူ-၈၇၌ကား ဆဋ္ဌီသဝိဘတ်ကို အာပြု၏၊ ထိုအလို “ပထဗျာ-တစ်မြေပြင်လုံး၏”ဟု ပေး။ [ပထဗျာတိ ပထဝိယာ၊ ဧကရဇ္ဇေနာတိ ဧကရဇ္ဇသ္မာ, ဧကရဇ္ဇတော ဝါ၊ (ဧကော+ရာဇာ ဧကရာဇာ၊ ဧကရာဇိနော+ဘာဝေါ ဧကရဇ္ဇံ)၊ သဂ္ဂဿ ဂမနေန ဝါတိ သဂ္ဂဿ ဂမနသ္မာ, သဂ္ဂဿ ဂမနတော ဝါ၊ သဗ္ဗလောကာဓိပစ္စေနာတိ သဗ္ဗလောကာ- ဓိပတိသ္မာ, သဗ္ဗာလောကာဓိပတိတော ဝါ၊-ဓမ္မဋီ။]
အနာထပိဏ္ဍိကပုတ္တကာလဝတ္ထုဂါထာနိဿယပြီးပြီ။
လောကဝဂ်ဂါထာနိဿယပြီးပြီ။