မာရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
## ၁၅-သုခဝဂ်
၂-မာရဝတ္ထု
၂၀၀။ သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ၊
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ပဉ္စသာလာမည်သော ပုဏ္ဏားရွာအနီး၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းခံကြွတော်မူသော ဘုရားရှင်အား ဆွမ်းတဇွန်းမျှမရအောင် တရွာလုံးအား နှောင့်ယှက်သော မာရ်နတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ထိုရွာသူအမျိုးသမီး ငါးရာတို့ သောတာပန် ဖြစ်ကြသည်။
အနက်
ယေသံ နော၊ အကြင် ငါတို့အား။ ကိဉ္စနံ၊ ရာဂစသော စိုးရိမ်ကြောင့်ကြဖွယ်သည်။ နတ္ထိ၊ မရှိ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ အာဘဿရာ ဒေဝါ ယထာ၊ အာဘဿရာဗြဟ္မာတို့ ကဲ့သို့။ မယံ၊ ငါတို့သည်။ ပီတိဘက္ခာ၊ ပီတိတည်းဟူသော အစာရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်နေကုန်အံ့။
စကားပြေ
ငါတို့အား ရာဂစသော စိုးရိမ်ကြောင့်ကြဖွယ်ရာ တစုံတခုမျှမရှိပဲ အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ ပီတိလျှင်အစာရှိကုန်သည်ဖြစ်၍ အလွန်ချမ်းသာစွာ အသက်မွေးနိုင်ကုန်၏။
ကိဉ္စနံ— နှောင့်ယှက် ဖျက်ဆီးတတ်သောကြောင့် ရာဂစသည်ကို ကိဉ္စနံ ခေါ်သည်။
ပီတိဘက္ခာ— ဟူသည် တစုံတခုကိုမျှ မစားမသောက်ပဲ အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ နှစ်သက် ဝမ်းမြောက်မှု ပီတိတည်းဟူသော အစာကိုသာ အားထား၍ နေသည်ကိုဆိုသည်။
မာရ်နတ်— ပဉ္စသာလာမည်သော ပုဏ္ဏားရွာအတွင်း ဆွမ်းခံ ဝင်တော်မူသော ဘုရားရှင်ကို ရွာသူရွာသားများအား ဆွမ်းမလောင်းနိုင်အောင် မာရ်နတ်က နှောင့်ယှက်သည့်ပြင် ဆွမ်းရပါသလား ဆွမ်းမရလျှင် ဆာလောင်မှု ဆင်းရဲကို ခံစားရမှာပါဟု ပြက်ရယ်ပြုကာ မေးမြန်းလေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၇။)
ပါဠိသဒ္ဒါခက်ဆစ်
ပီတိဘက္ခာ = ပီတိ ဘက္ခာ ဧတဿာတိ ပီတိဘက္ခော။ ပီတိ + ဘက္ခာ + ဧတ။
အာဘဿရာ = ဣတော စိတ္တော စ အာဘာ သရတိ နိဿရတိ ဧတေသန္တိ အာဘဿရာ။ အာဘာ + သရ် + အ။
မာရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၅-သုခဝဂ်
၂-မာရဝတ္ထုပါဠိဂါထာ
ပီတိဘက္ခာ ဘဝိဿာမ, ဒေဝါ အာဘဿရာ ယထာ။
ယေသံ နော၊ အကြင်ငါတို့၏။ ဝါ၊ တို့မှာ။ ကိဉ္စနံ၊ ဖိစီးနှိပ်စက်တတ်သော ရာဂ စသော ကိလေသာသည်။ [ကိဉ္စတိ မဒ္ဒတိ အဘိဘဝတီတိ ကိဉ္စနံ။ သံ၊ဋီ၊၁၊၂၁၂။] နတ္ထိ၊ မရှိ။ (တေ မယံ၊ ထိုငါတို့သည်။) သုသုခံ၊ စွာ။ ဝတ၊ စစ်။ ဇီဝါမ၊ ကုန်၏။ အာဘဿရာ၊ အာဘဿရာမည်ကုန်သော။၁ ဒေဝါ၊ ဗြဟ္မာတို့သည်။ ပီတိဘက္ခာ၊ ဈာနပီတိဟူသော အစာရှိကုန်သည်။ (ဘဝန္တိ) ယထာ၊ ဖြစ်ကုန်သကဲ့သို့။ (တထာ၊ တူ။ မယမ္ပိ၊ ငါတို့သည် လည်း။) ပီတိဘက္ခာ၊ ကုန်သည်။၂ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ (ပါ-၂၀၀)
၁။အာဘဿရာ။ ။ အာ ဘုသော ဘာတီတိ အာဘာ၊ သရတိ နိဂ္ဂစ္ဆတီတိ သရာ၊ အာဘာ+သရာ ဧတေသန္တိ အာဘဿရာ၊ အာဘာသနံ ဩဘာသနံ အာဘဿော၊ [အာ+ဘာသ '+အ၊ သဒွေဘော်လာ, ဘာ၌ ရဿပြု၊] အာဘဿော+သီလံ ဧတေသန္တိ ဘာဘဿရာ၊ [အာဘဿ+ရ၊-မဏိ၊၂၊၈-၉၊] အာဘာ သရန္တိ နိစ္ဆရန္တိ ဧတေသူတိ အာဘဿရာ(ပဒီ-၂၅၈)။
၂။ပီတိဘက္ခာ။ ။ ဘက္ခီယတေတိ ဘက္ခော၊ ပီတိ+ဘက္ခော ယေသန္တိ ပီတိဘက္ခာ၊ အောက်ဈာန်သုံးပါးဟူသော သပ္ပီတိကဈာန်ကို ဝင်စား၍ နေတော်မူခြင်းကို ပီတိဘက္ခာဟု ဆိုရ သည်(သံ၊ဋ္ဌ၊၁၊၁၆၅)၊ ဘုရားရှင်သည် အာနာပါနစတုတ္ထဈာန်ကိုသာ ဝင်စားရိုးရှိရကား အာနာ ပါနစတုတ္ထဈာန်ဝင်စားခြင်းကို ပီတိဘက္ခာဟု တစ်ချို့ဆိုကြ၏၊ ထိုအလို “ပီတိသဟိတသဒိသေန သုခေန(ထေရ၊ဋ္ဌ၊၁၊၂၆၆)”အဖွင့်ကို မှီး၍ “ပီတိ ဝိယာတိ ပီတိ”ဟုပြု၊ ငြိမ်သက်သဖြင့် သုခဟု ဆိုရသော ဥပေက္ခာကို ပီတိအရယူ။
မာရဝတ္ထုဂါထာနိဿယပြီးပြီ။