မိန်ရာသီ တပေါင်းလဘွဲ့ လူးတား
ရေနက်လေဆိုင်[၁]၊ တူပြိုင်ယှဉ်လျက်၊
ကြွက်နှင့်ကျားမင်း၊ စံခင်းသင်္ချာ၊
ကျယ်စွာစက်ခန်း၊ မိန်မှန်းလေ[၂]။
မှိုင်းဝေမင်းလွင်၊ တောတပြင်မှာ၊
မြသွင်ရွက်ညောင်း၊ တချို့ပြောင်းက၊
တပေါင်းခေါ်ညီ၊ မိန်ရာသီဟု၊
တလီရှေးက၊ ဒွေးဒေဟနှင့်၊
နေလရောင်လျှပ်၊ ရာသီမြတ်တွင်[၃]၊
အာပေါဓာတ်ဆန်း၊ ချင့်မှန်းတိုင်းထွာ[၄]၊
နာရီမှာကား၊ နေ့သာရောက်ညား၊
ဟိုင်းနဲ့ကျားတို့၊ ပျော်ပါးစံနေ၊
တထွေညဉ့်သွား[၅]၊ ကျားနှင့်ခြင်္သေ့၊
မွေ့မွေ့ဘာဘာ၊ သည်အခါ၌၊
ရိုးညှာမြနု၊ ဝတ်မှုံစုတွင်၊
ငွေဥရောင်သွေး၊ ပျံ့မွှေးစီစီ၊
သရဖီနှင့်၊ သိင်္ဂီမြညှောက်၊
ပန်းပျားတောက်တို့၊ ဖြိုးမောက်ရွှင်လန်း၊
ထူးဆန်းလှတင့်၊ ရိုးတံမြင့်နှင့်၊
ပွင့်ကြကြိုင်သင်း၊ မြိုင်လုံးဝင်းမျှ၊
သည်မာသတွင်၊ ငွေအပရံ၊
တွင်းစံပတ္တမြား၊ လရထားနှင့်၊
လှည့်သွားထွန်းလှ၊ ဥတ္တရမှီ၊
ဘရဂုဏ္ဏီ၊ ပြည့်ညီတောက်ပ၊
စူဠလိပ်နန်း[၆]၊ ယှဉ်သန်းတာရာ၊
ဝင်းဝါပြောင်ပြောင်၊ အရောင်စိုစို၊
ဂဠုန်ဂြိုဟ်နှင့်၊ ရွှေကိုအတွင်း၊
ဖလ်ဖြင့်ကျင်း၍၊ နေမင်းသူရိယာ[၇]၊
လှည့်ခဲ့လှာသော်၊ ပြုပ္ပာရောင်မြိုက်၊
ဘဒ္ဒပိုက်နှင့်၊ ရစ်ဝိုက်တူသွား[၈]၊
ဘဝါးဇယ၊ မာသခါကောင်း၊
လတပေါင်းဟု၊ မနှောင်းစေရ၊
ငွေသောင်ဝဝယ်၊ ဖြူလွစီစီ၊
သဲစေတီကို၊ ပြည့်ညီတည်ထား၊
ညွှတ်တွားကြည်လင်၊ ရှိစုံဆင်၍၊
သဘင်ပျော်မြဲ၊ ရာသီပွဲဟု၊
မြစ်ထဲသီတာ၊ ကျွန်းသောင်သာ၌၊
သာယာဖိုမ[၉]၊ ငှက်တို့ကလည်း၊
မြူးကဖန်ဖန်၊ ငါးရွှေတန်လည်း၊
ဆုန်ဆန်တက်ဆင်း၊ ငါးကြင်းတလိုက်၊
တတိုက်တသန့်၊ ငါးရန့်ပျော်ရွှင်[၁၀]၊
မြိုင်ခွင်တောင်တော[၁၁]၊ ဥသြရင့်ကြွေး၊
ကြူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊
အူသည်းညှာတို့၊ ကြွေရှာလိမ့်ဘွယ်၊
လှမျိုးကြွယ်ကို၊ မိမယ်ယဉ်နု၊
ပန်းရည်စုသို့၊ နုနုရွရွ၊
ရွှေဦးစသို့[၁၂]၊ အလှပျောင်းအိ၊
ယှဉ်ဇာတိနှင့်၊ တရှိတူစုံ၊
ချစ်ငွေ့လှုံ၍၊ စက်ခြုံပိုက်လွှမ်း၊
ယုယကမ်းလျက်[၁၃]၊ ကြောင်းလမ်းထွေထွေ၊
မိသံခြေနှင့်[၁၄]၊ လယ်ဗွေထက်တွင်၊
စံပျော်ရွှင်သည်။ ။
လွမ်းကြင်ငှက် ပမာသို့လေ။ ။
နွေခါတည့် ပိုက်နွဲ ဇာပန်းပွဲ[၁၅]။ ။
ရှူလဲမဝလို[၁၆]။ ။
ချိုချိုတည့် ပျံ့မွှေး သံသာသေး။ ။
ရွှေရေးနုလိမ္မာ[၁၇]။ ။
ကွမ်းယာတည့်ခန့်သုံး ယဉ်မှုဆုံး[၁၈]။ ။
မှတ်ချက်
[ပြင်ဆင်ရန်]- ↑ ရေနတ်လေးဆိုင် (ဘ)
- ↑ ကျယ်စွာစက်ခန်း၊ မိန့်မြန်းလေ (ဟ)
- ↑ နေလရောင်မှတ်၊ အရောင်လျှပ်၍ (မ) (ဟ)
- ↑ အာပေါဓာတ်ညီ၊ ချင့်မှီတိုင်းထွာ (မ) (ဟ)
- ↑ ပျော်ပါးစုံစေ့၊ တထွေလှည့်သွား (မ) (ဟ)
- ↑ ဦးယာသည် စူဠအဓိပ္ပာယ် ဆံကျင်ပြန်ရမည့်အစား စူဠလိပ် အနက်ပြန် မှားဟန်တူသည်။ မိန်ရာသီတွင် လိပ်တာရာနှင့် မယှဉ်။ ဆံကျင်တာရာသာ ယှဉ်သည်။ ထိုကြောင့် စူဠဆံနန်း ရှိက သင့်တော်မည်ထင်၏။
- ↑ လမင်းသူရိယာ (ဘ)
- ↑ ယှဉ်ဆိုက်တူသွား (မ) (ဟ)
- ↑ ဘာသာဖိုမ (မ) (ဟ)။ ဟင်္သာဖိုမ (ဘ)
- ↑ ငါးကြင်းတသန့်၊ ငါးရန့်ပျော်ရွှင် (မ) (ဟ)။ ငါးကြင်းတလိုက်၊ ရေ၌ပျော်ရွှင် (ဘ)
- ↑ မြိုင်ခွင်တကြော (မ) (ဟ)
- ↑ ရွှေသိင်္ဂသို့ (မ) (ဟ)
- ↑ ဧမြချမ်းလျက် (မ) (ဟ)
- ↑ မိန့်သံခြေနှင့် (မ) (ဟ)
- ↑ ခွေကာတည့် ပိုက်နွှဲ ဇာပန်းကျဲ (ဘ)။ ခွေကာတည့် ပြိုင်နွှဲ ဇာပန်းဆွဲ (မ) (ဟ)
- ↑ ယဉ်နဲလှပိုမို (မ) (ဟ)
- ↑ ရွှေရေးနုမိလ္လာ (ဘ)။ ရွှေသွေးနုလိမ္မာ (မ) (ဟ)
- ↑ ကွမ်းယာတည့်ခန့်သုံး ရှုမဆုံး (ဘ)
- မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
- [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
- [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
- [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |