မာတိကာသို့ ခုန်သွားရန်

မေဏ္ဍကသေဋ္ဌိဝတ္ထု

ဝီကီရင်းမြစ် မှ
2827ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၀။ မေဏ္ဍကသေဋ္ဌိဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

မလဝဂ်

၁၀။ မေဏ္ဍကသူဌေးကြီး ဝတ္ထု

သုဒဿံ ဝဇ္ဇံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ကို အမှီပြု၍ မြလေးတော၌ နေတော်မူစဉ် မေဏ္ဍကသူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(မေဏ္ဍက+သူဌေး = ဆိတ်ရှိသော + သူဌေး (လိုရာခပ်သိမ်း ပေးနိုင်သော ရွှေဆိတ်ရုပ် များစွာရှိသော သူဌေးကြီးဟူလို)

မေဏ္ဍက သူဌေးကြီး အမည်တွင်ပုံ

မြတ်စွာဘုရားသည် အင်္ဂတိုင်း ဥတ္တရတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် မေဏ္ဍက သူဌေးကြီး၏လည်းကောင်း၊ ထိုသူဌေးကြီး၏ စန္ဒပဒုမာ အမည်ရှိသော သူဌေးကတော်ကြီး၏လည်းကောင်း၊ သားဖြစ်သော ဓနဉ္စယ သူဌေး၏လည်းကောင်း၊ ချွေးမဖြစ်သော သုမနဒေဝီ၏လည်းကောင်း၊ ထိုမေဏ္ဍကသူဌေးကြီး၏ မြေးဖြစ်သော ဝိသာခါ၏လည်းကောင်း၊ ကျွန်ဖြစ်သော ပုဏ္ဏ၏လည်းကောင်း ဤသူတို့၏ သောတာပတ္တိဖိုလ်၌ တည်အံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဘဒ္ဒိယမြို့သို့ ကြွသွားတော်မူပြီးလျှင် မြလေးတော၌ နေတော်မူသတတ်။ မေဏ္ဍက သူဌေးကြီးသည် မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို ကြားရလေ၏။ အဘယ့်ကြောင့် ဤသူဌေးကြီးသည် မေဏ္ဍက သူဌေးမည်သနည်း ဟူမူကား ထိုသူဌေးကြီး၏ အိမ်နောက်ဖေး၌ ရှစ်မင်းပယ်စားမျှလောက်သော အရပ်၌ ဆင်, မြင်း, နွားလားဥသဘ အတိုင်းအရှည်ရှိကုန်သော ရွှေဖြင့်ပြီးသော ဆိတ်ရုပ်တို့သည် မြေကို ဖောက်ခွဲပြီးလျှင် ကျောက်ကုန်းဖြင့် ကျောက်ကုန်းကို ထိခိုက်ကုန်လျက် အိမ်နောက်ဖေးမှ ပေါ်ပေါက်လာကြကုန်သတတ်။ ထိုရွှေဆိတ်ရုပ်တို့၏ ခံတွင်းတို့၌ ငါးပါးသော အဆင်းရှိသော ချည်ထွေး ချည်ခင်တို့ကို ထည့်ထားအပ်ကုန်၏။ ထောပတ်ဆီ ပျား တင်လဲ စသည်တို့ဖြင့်လည်းကောင်း၊ အဝတ်ပုဆိုး ရွှေ ငွေ စသည်တို့ဖြင့်လည်းကောင်း အလိုရှိသည်ရှိသော် ထိုရွှေဆိတ်ရုပ်တို့၏ခံတွင်းမှ ချည်ထွေး ချည်ခင်တို့ကို နုတ်ပယ်လိုက်သည်ဖြစ်အံ့။ တစ်ခုသော ရွှေဆိတ်ရုပ်၏ ခံတွင်းမှသော်လည်း ဇမ္ဗူဒီပါကျွန်း၌ နေကုန်သောသူတို့အား သုံးဆောင်ခြင်းငှာ လောက်သော ထောပတ် ဆီ ပျား တင်လဲ အဝတ် ပုဆိုး ရွှေ ငွေတို့သည် ထွက်ကျလာကုန်၏။ ထိုအခါမှစ၍ မေဏ္ဍကသူဌေးကြီးဟူ၍ ထင်ရှား ကျော်စောလေ၏။

မေဏ္ဍက သူဌေးကြီး၏ အတိတ်

ထိုမေဏ္ဍကသူဌေးကြီး၏ ရှေး၌ပြုအပ်သော ကောင်းမှုကံသည် အဘယ်နည်းဟူမူကား ဝိပဿီ ဘုရားရှင်လက်ထက်၌ ဤသူဌေးကြီးသည် အဝရောဇအမည်ရှိသော သူကြွယ်၏တူဖြစ်၍ ဦးရီးနှင့်တူသော အမည်ရှိသော အဝရောဇမည်သောသူ ဖြစ်လေ၏။ ထိုအခါ ထိုသူ၏ ဦးရီးသည် မြတ်စွာဘုရား၏ ဂန္ဓကုဋိကို ဆောက်လုပ်ခြင်းငှာ အားထုတ်လေ၏။ ထိုတူ-အဝရောဇသည် ဦးရီး၏အထံသို့သွား၍ “ဦးရီး- ကျွန်တော်တို့ နှစ်ယောက်စလုံးတို့သည် အတူတကွသာလျှင် ဆောက်လုပ်ကြကုန်စို့အံ့”ဟု ဆိုလတ်သော် “ငါကား သူတစ်ပါးတို့နှင့် အတူတကွ ဆက်ဆံသည်ကို မပြုမူ၍ တစ်ယောက်အထီးတည်း ဆောက်လုပ်ပေအံ့”ဟု ဆိုလေ၏။ ဦးရီးသည် ပယ်သောအခါကာလ၌ “ဤအရပ်၌ ဂန္ဓကုဋိကို ဆောက်လုပ်သည်ရှိသော် ဤအရပ်ဝယ် ကုဉ္ဇရအမည်ရှိသော ဇရပ်ကို ရခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် တောအုပ်မှ သစ်သားအဆောက်အဦးတို့ကို ဆောင်ယူစေ၍ သည်တိုင်တစ်ခုကို ရွှေဖြင့် ခြယ်စီ၏။ သည်တိုင်တစ်ခုကို ငွေဖြင့် ခြယ်စီ၏။ သည်တိုင်တစ်ခုကို ပတ္တမြားဖြင့် ခြယ်စီ၏။ သည်တိုင်တစ်ခုကို ရတနာခုနစ်ပါးဖြင့် ခြယ်စီ၏။ ထုတ်လျောက်, တံခါးပေါင်, တံခါးမ, တံခါးရွက်, လေသာပြတင်း, အခြင်ရနယ်, အမိုးအုတ်ဟု ဆိုအပ်သော အလုံးစုံတို့ကိုလည်း ရွှေ စသည်တို့ ခြယ်စီမွမ်းမံအပ်သည်တို့ကိုသာလျှင် ပြုလုပ်စေသဖြင့် ဂန္ဓကုဋိတိုက်၏ မျက်မှောက် ရှေးရှုရာအရပ်၌ မြတ်စွာဘုရားအလို့ငှာ ရတနာ ခုနှစ်ပါးဖြင့်ပြီးသော ကုဉ္ဇရအမည်ရှိသော ဇရပ်ကို ဆောက်လုပ်စေလေ၏။ ထိုဇရပ်၏ အထက်၌ တစ်ခဲနက် ရွှေနီဖြင့်ပြီးကုန်သော ကမ္ဗလာ, သန္တာဖြင့် ပြီးကုန်သော အချွန်အထွတ် ထုပိကာတို့သည် ဖြစ်ကုန်၏။ ကုဉ္ဇရဇရပ်၏ အလယ်ဖြစ်သော အရပ်၌ ရတနာမဏ္ဍပ်ကို ဆောက်လုပ်စေလေ၏။ တရားဟော ပလ္လင်နေရာကို တည်ထားစေလေ၏။ ထိုတရားဟော ပလ္လင်နေရာ၏ အခြေတို့သည် တစ်ခဲနက် ရွှေနီဖြင့် ပြီးသည်သာလျှင် ဖြစ်ကုန်၏။ လေးခုသော အပေါင်းတို့သည် ထို့အတူ ရွှေနီတစ်ခဲနက်ဖြင့် ပြီးကုန်၏။ လေးခုသော ရွှေဆိတ်ရုပ်တို့ကိုလည်း ပြုလုပ်စေ၍ တရားဟော ပလ္လင်နေရာ၏ အခြေလေးခုတို့၏အောက်၌ ထားလေ၏။ နှစ်ခုသော ရွှေဆိတ်ရုပ်တို့ကို ပြုလုပ်စေ၍ ခြေတော်ချရာ ခြေနင်းပျဉ်၏အောက်၌ ထားလေ၏။ ခြောက်ခုသော ရွှေဆိတ်ရုပ်တို့ကို ပြုလုပ်စေပြန်၍ မဏ္ဍပ်ကို ထက်ဝန်းကျင်မှ ဝန်းရံစေလျက် ထားလေ၏။ တရားဟောပလ္လင်နေရာတော်ကို ရှေးဦးစွာ ချည်ဖြင့်ပြီးကုန်သော ကြိုးတို့ဖြင့် ရက်လုပ်စေပြီးလျှင် အလယ်၌ ရွှေချည်ဖြင့်ပြီးကုန်သော အထက်၌ ပုလဲဖြင့်ပြီးကုန်သော ချည်တို့ဖြင့် ရက်လုပ်စေ၏။ တရားဟောပလ္လင် နေရာတော်၏ နောက်မှီတံကဲပျဉ်ကား စန္ဒကူးဖြင့်ပြီးသော တံကဲဖြစ်လေ၏။

ဤသို့လျှင် ကုဉ္ဇရဇရပ်ကို ပြီးစေပြီးလျှင် ဇရပ်ပူဇော် သာဓုခေါ်ပွဲကြီးသဘင်ကို ဆင်ယင် ကျင်းပလတ်သည်ရှိသော် ခြောက်သန်း ရှစ်သိန်းကုန်သော ရဟန်းတို့နှင့်အတူတကွ ဝိပဿီ မြတ်စွာဘုရားကို ပင့်ဖိတ်၍ လေးလတို့ပတ်လုံး အလှူကြီးကို ပေးလှူလေ၏။ အဆုံးဖြစ်သောနေ့၌ တိစီဝရိက် သင်္ကန်းသုံးထည်ကို လှူလေ၏။ ထိုရဟန်းတို့တွင် အငယ်ဖြစ်သော သံဃာအား အဖိုးတစ်သိန်းထိုက်သော သင်္ကန်းသည် ရောက်လေ၏။

ငတ်မွတ်သောဘေးကြီး တွေ့ကြုံရပုံ

ဤသို့လျှင် ဝိပဿီဘုရား ထင်ရှားပွင့်တော်မူသောအခါ ကောင်းမှုကို ပြုလုပ်စေပြီးလျှင် ထိုဘဝမှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်,လူ့ပြည်၌သာလျှင် ကျင်လည်သဖြင့် ဤဘဒ္ဒကပ်၌ ဗာရာဏသီပြည်ဝယ် များသော ဥစ္စာရှိသော အမျိုး၌ဖြစ်၍ ဗာရာဏသီသူဌေးကြီး အမည်ရှိသောသူ ဖြစ်လေ၏။ ထိုသူဌေးကြီးသည် တစ်နေ့သ၌ မင်းအား ခစားခြင်းသို့ သွားလတ်သည်ရှိသော် ပုရောဟိတ် ပုဏ္ဏားကိုမြင်လျှင် “ဆရာပုဏ္ဏား- အသို့နည်း၊ နက္ခတ်ကို တခဏမျှ စူးစမ်း ဆင်ခြင်ကြပါကုန်၏လော”ဟု ဆိုလေ၏။ “ဪ.. စူးစမ်း ဆင်ခြင်ပါ၏ ဟူ၍လည်းကောင်း၊ ငါတို့အား တစ်ပါးသော အမှုအဘယ်မှာ ရှိအံ့နည်း ဟူ၍လည်းကောင်း” ဆိုလတ်သော် “ထိုသို့ဖြစ်မူ ဇနပုဒ်၌ အဖြစ်အပျက်သည် အဘယ်သို့ ဖြစ်အံ့နည်း”ဟု မေးလေ၏။ “တစ်ခုသောဘေးသည် ဖြစ်လတ္တံ့”ဟု ဆိုလတ်သော် “ဘေးမည်သည် အဘယ်ဘေးနည်း”ဟု မေးပြန်လေ၏။ “သူဌေးကြီး- ငတ်မွတ်ခေါင်းပါးသောဘေး”ဟု ဆိုပြန်လတ်သော် “အဘယ်အခါ ဖြစ်အံ့နည်း”ဟု မေးပြန်လေ၏။ “ဤနေ့မှ သုံးနှစ်လွန်သောအခါ ဖြစ်လတ္တံ့”ဟု ဆိုလတ်သော် ထိုစကားကို ကြားရလျှင် ဗာရာဏသီသူဌေးသည် များစွာသော လယ်ထွန်ခြင်းအမှုကို ပြုစေ၍ အိမ်၌ရှိသော ဥစ္စာဖြင့်လည်း စပါးကိုသာလျှင် ဝယ်ယူသဖြင့် နှစ်ရာ့ငါးဆယ်ကုန်သော ကျီတို့ကို ဆောက်လုပ်စေပြီးလျှင် အလုံးစုံသော ကျီတို့ကို စပါးတို့ဖြင့် ပြည့်စေလေ၏။ ကျီတို့သည် မဆံ့ကုန်သည်ရှိသော် အိုးထုပ်ကြီးစသည်တို့ကို ပြည့်စေ၍ ကြွင်းသော စပါးကို မြေ၌ တွင်းတို့ကိုတူး၍ မြှုပ်ထားလေ၏။ မြှုပ်ပြီး သိုမှီးပြီးသည်မှ ကြွင်းသောစပါးကို မြေနှင့်တကွ နယ်၍ နံရံတို့ကို လိမ်းကျံစေ၏။ ထိုသူဌေးကြီးသည် အခါတစ်ပါး၌ ငတ်မွတ်ခြင်းဘေး ရောက်လတ်သည်ရှိသော် အကြင်အကြင် ထားအပ်သောစပါးကို သုံးဆောင် စားသောက်လျက် ကျီတို့၌လည်းကောင်း အိုးထုပ်ကြီးစသည်တို့၌လည်းကောင်း စပါးကုန်လတ်သည်ရှိသော် ကျေးကျွန် အခြွေအရံတို့ကို ခေါ်စေ၍ “အမောင်တို့- သွားကြလေကုန်လော့၊ တောင်ခြေရင်းသို့ဝင်၍ အသက်မွေးကြကုန်လျက် ဝပြောသောကာလ၌ ငါ၏အထံသို့ လာလိုကုန်သော သူတို့သည် လာကြကုန်လော့၊ မလာလိုကုန်သော သူတို့သည် ထိုတောင်ခြေရင်း၌ပင် အသက်မွေးကြကုန်လော့”ဟု ဆိုလေ၏။

ထိုကျေးကျွန် အခြွေအရံတို့သည် ငိုကြွေးကုန်လျက် မျက်ရည်နှင့်မျက်ခွက် ရှိကုန်သည်ဖြစ်၍ သူဌေးကြီးကို ရှိခိုးသဖြင့် တောင်းပန်ကန်တော့ကြကုန်သောကြောင့် ခုနစ်ရက်ပတ်လုံး နေစေပြီးလျှင် ထိုသူဌေးဆိုတိုင်း ပြုကြရကုန်၏။ ထိုသူဌေးကြီး၏ အထံ၌ကား အမှုကြီးငယ်ကို ပြုတတ်သော ပုဏ္ဏအမည်ရှိသော ကျွန်တစ်ယောက်သည်သာလျှင် ကျန်ရစ်ခဲ့လေ၏။ ထိုပုဏ္ဏအမည်ရှိသော ကျွန်နှင့်အတူတကွ သူဌေးကတော်သည်လည်းကောင်း၊ သူဌေးသားသည်လည်းကောင်း၊ သူဌေးချွေးမသည်လည်းကောင်း ဤငါးယောက်သော သူတို့သည်သာလျှင် ရှိကုန်၏။ ထိုငါးယောက်သော သူတို့သည် မြေ၌ တွင်းတို့၌ သိုမှီးသိမ်းဆည်း၍ ထားအပ်သော စပါးသည်ပင် ကုန်ပြန်သည်ရှိသော် နံရံ၌ကပ်၍ ထားအပ်သော မြေကိုခွာပြီးလျှင် ရေဖြင့် ဆွတ်လျက် ထိုနံရံမှရအပ်သော စပါးဖြင့် မျှတကြလေကုန်၏။

စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း

ထိုစဉ်အခါ ထိုဗာရာဏသီသူဌေးကြီး၏ဇနီး အိမ်ရှင်ဖြစ်သော သူဌေးကတော်ကြီးသည် ငတ်မွတ်ခြင်းဘေး လွှမ်းမိုးစဉ် နံရံ၌ကပ်ထားသော စပါးရှိသော မြေလည်း ကုန်ခဲ့ပြန်သောကြောင့် နံရံအခြေတို့၌ ကြွင်းသောမြေကို ခွာပြီးလျှင် ရေဖြင့်ဆွတ်၍ တစ်စလယ်ခွဲမျှလောက်သော စပါးကိုရသဖြင့် ထောင်းဖွပ်ပြီးလျှင် တစ်စလယ်သောဆန်ကို ရလတ်သည်ရှိသော် “ငတ်မွတ်ခေါင်းပါးသောကာလ သူခိုးတို့သည် များပြားလှကုန်၏”ဟု ခိုးသူဘေးမှ ကြောက်သဖြင့် တစ်ခုသော အိုး၌ထည့်၍ ပိတ်လျက် မြေ၌ မြှုပ်ထားလေ၏။ ထိုအခါ၌ သူဌေးကတော်ကြီးကို သူဌေးကြီးသည် မင်းအား ခစားရာမှ ပြန်လာ၍ “ရှင်မ- မွတ်သိပ်ဆာလောင်လှပါ၏၊ တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ် ရှိပါသလော”ဟု ဆိုလေ၏။ သူဌေးကတော်ကြီးသည် ရှိသည်ကို မရှိဟု မဆိုတဲ့မူ၍ “ဆန်တစ်စလယ် ရှိပါသည်ဟု ဆိုလေ၏။ ထိုဆန်တစ်စလယ်သည် အဘယ်မှာနည်း”ဟု မေးလျှင် “ခိုးသူဘေးမှ ကြောက်သောကြောင့် ကျွန်တော်မ မြှုပ်နှံ၍ ထားပါသည်”ဟု ပြောဆိုလေ၏။ “ထိုသို့ဖြစ်မူ ထိုဆန်တစ်စလယ်ကို ထုတ်၍ တစ်စုံတစ်ခု ချက်ပါလော့”ဟု ဆိုလတ်သော် “အရှင်သူဌေးကြီး- ယာဂုကို အကယ်၍ ကြိုရသည်ဖြစ်အံ့၊ နှစ်ခါ,နှစ်ကြိမ် သုံးဆောင်ရလတ္တံ့၊ ထမင်းကို အကယ်၍ ချက်ရသည်ဖြစ်အံ့၊ တစ်ခါတစ်ကြိမ်သာလျှင် သုံးဆောင်ရလတ္တံ့၊ အဘယ်ကို ချက်ရပါအံ့နည်း”ဟု မေးလေ၏။ “ငါတို့အား တစ်ပါးသော အကြောင်း အထောက်အပံ့သည် မရှိလေပြီ၊ ထမင်းကိုစား၍ သေကြပါစို့၊ ထမင်းကိုသာ ချက်ပါလော့”ဟု ဆိုလျှင် သူဌေးကတော်ကြီးသည် ထမင်းကိုချက်၍ ငါးခုသော အဖို့အစုတို့ကိုပုံလျက် သူဌေးကြီး၏အဖို့ ထမင်းတို့ကိုခူး၍ ရှေ့၌ထားလေ၏။ ထိုခဏ၌ ဂန္ဓမာဒနတောင်မှ ပစ္စေကဗုဒ္ဓါတစ်ဆူသည် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားရာမှ ထတော်မူ၏။

ထို့ကြောင့် ထိုရှင်ပစ္စေကဗုဒ္ဓါသည်လည်း ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုတော်မူလတ်သည်ရှိသော် “အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ မွတ်သိပ်သောဘေးသည် ဖြစ်၏၊ သူဌေးကြီး၏အိမ်၌လည်း ငါးယောက်သော သူတို့အလို့ငှာ ဆန်တစလယ် ထမင်းကိုလည်း ကျက်အပ်၏။ ဤသူတို့ သဒ္ဓါတရား ရှိကုန်အံ့လော၊ ငါ့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုခြင်းငှာ စွမ်းနိုင်ကြကုန်အံ့လော”ဟု ကြည့်ရှုတော်မူလတ်သော် ထိုသူတို့၏ သဒ္ဓါတရား ရှိသည့်အဖြစ်ကိုလည်းကောင်း၊ သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သည်အဖြစ်ကိုလည်းကောင်း မြင်တော်မူရလျှင် သပိတ်သင်္ကန်းကိုယူ၍ သူဌေးကြီး၏ ရှေ့တူရှုအရပ် တံခါးဝ၌ ရပ်တော်မူလျက်သာလျှင် မိမိကိုယ်တော်ကို ပြတော်မူလေ၏။

မေဏ္ဍက သူဌေးကြီးအလောင်း ဆုတောင်းပုံ

သူဌေးကြီးသည် ထိုရှင်ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် ကြည်လင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “ရှေးအခါ၌လည်း ငါသည် အလှူဒါနကို မလှူလေသောကြောင့် ဤသို့ သဘောရှိသော ငတ်မွတ်သောဘေးကို တွေ့မြင်ရ၏။ စင်စစ်အားဖြင့် ဤထမင်းသည် ငါ့ကို တစ်ရက်မျှသာလျှင် စောင့်နိုင်ရာ၏။ ရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်သောအလှူသည် များစွာကုန်သော ကမ္ဘာကုဋေတို့၌ ငါ၏ စီးပွားချမ်းသာကို ဆောင်နိုင်သည်ဖြစ်လတ္တံ့”ဟု နှလုံးသွင်း၍ ထိုထမင်းခွက်ကိုပယ်သဖြင့် အရှင်ပစ္စေကဗုဒ္ဓါသို့ ချဉ်းကပ်ပြီးလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုး၍ အိမ်သို့ ပင့်ဆောင်လျက် နေရာ၌နေထိုင်သော ပစ္စေကဗုဒ္ဓါ၏ ခြေတို့ကို ဆေးကြောပြီးလျှင် ရွှေခြေဆေးအင်းပျဉ်၌ ထားသဖြင့် ထမင်းခွက်ကိုယူလျက် ရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်၌ ဆွမ်းကို လောင်းလှူလေ၏။ ဆွမ်းသည် တစ်ဝက်မျှ ကြွင်းကျန်လတ်သည်ရှိသော် ရှင်ပစ္စေကဗုဒ္ဓါသည် လက်ဖြင့် သပိတ်ကို ပိတ်တော်မူလေ၏။ ထိုအခါ ထိုရှင်ပစ္စေကဗုဒ္ဓါကို “အရှင်ဘုရား- ဤဆွမ်းသည် တစ်စလယ်သော ဆန်ဖြင့် ငါးယောက်သော သူတို့အလို့ငှာ ချက်အပ်သော ထမင်း၏ တစ်ခုသော အဖို့မျှသာဖြစ်ပါသည်။ ဤငါးဖို့တစ်ဖို့မျှဖြစ်သော ထမင်းကို နှစ်ဖို့ပြုခြင်းငှာ မတတ်ကောင်းပါဘုရား၊ တပည့်တော်အား ဤပစ္စုပ္ပန်ဘ၀၌ သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုတော်မမူကြပါလင့်၊ တပည့်တော်သည် အကြွင်းမဲ့ လှူလိုပါသည် ဘုရား”ဟု လျှောက်ကြား၍ အလုံးစုံသောဆွမ်းကို လှူဒါန်းလေ၏။ လှူဒါန်းပြီး၍သော်ကား “အရှင်ဘုရား- တစ်ဖန်ဖြစ်လေရာ ဖြစ်လေရာအရပ်၌ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မမြင်ရပါလို၊ ဤအခါမှစ၍ အလုံးစုံ ဇမ္ဗူဒီပါကျွန်း၌ နေကုန်သောသူတို့အား မျိုးထမင်းကို ပေးခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်ရပါလို၏၊ မိမိလက်ဖြင့် အမှုကိုပြု၍ အသက်မမွေးရပါလို၊ နှစ်ရာ့ငါးဆယ်သော ကျီတို့ကို သုတ်သင်စေ၍ ဦးခေါင်းကို ရေချိုးပြီးလျှင် ထိုကျီတို့၏တံခါး၌ ထိုင်လျက် အထက်သို့ ကြည့်သောခဏ၌သာလျှင် တပည့်တော်အား သလေးနီ မိုးအယာဉ်တို့သည်ကျ၍ အလုံးစုံသောကျီတို့၌ ပြည့်ပါစေကုန်သတည်း၊ ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌လည်း ဤမယားသည်လည်းကောင်း ဤချွေးမသည်လည်းကောင်း ဤကျွန်သည်လည်းကောင်း ဖြစ်ပါစေဘုရား”ဟု ပတ္တနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။

သူဌေးကတော် စသည်တို့၏ ဆုတောင်းပုံ

ထိုသူဌေးကြီး၏ဇနီး သူဌေးကတော်ကြီးသည်လည်း “ငါ၏လင်ယောက်ျားသည် မွတ်သိပ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်ပါလျက် ငါသည် စားသောက်ခြင်းငှာ မတတ်ကောင်း”ဟု ကြံ၍ မိမိအဖို့ကို ရှင်ပစ္စေကဗုဒ္ဓါအားလှူ၍ “အရှင်ဘုရား- ယခုအခါ၌ ဖြစ်လေရာ ဖြစ်လေရာ သံသရာဘဝ အဆက်ဆက်၌ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မတွေ့မကြုံရပါလို၊ ထမင်းအိုးကို ရှေ့တွင်ထား၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့အား ထမင်းကို ပေးဝေသော်လည်း တပည့်တော်မ၏ မထသေးသမျှ ကာလပတ်လုံး ခူးယူရာအရပ်သည် ပြည့်မြဲတိုင်း ပြည့်သည်သာလျှင် ဖြစ်ပါစေသတည်း၊ ဤလင်ယောက်ျားသည်လည်းကောင်း၊ ဤသားသည်လည်းကောင်း၊ ဤ‌ချွေးမသည်လည်းကောင်း၊ ဤကျွန်သည်လည်းကောင်း ဖြစ်ပါစေဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏သားသည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအားလှူ၍ “အရှင်ဘုရား- ဤနေ့မှစ၍ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မတွေ့မမြင်ရပါလို၊ တပည့်တော်သည် အသပြာတစ်ထောင်ရှိသော အိတ်တစ်လုံးကိုလွယ်၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့အား အသပြာကို ပေးသော်လည်း ဤအသပြာတစ်ထောင်ရှိသော အိတ်သည် ပြည့်မြဲတိုင်းသာ ပြည့်ပါစေသတည်း၊ ဤအမိအဖတို့သည်သာ ဖြစ်ကြပါစေကုန်သတည်း၊ ဤမယား၊ ဤကျွန်သည်သာ ဖြစ်ပါစေဘုရား”ဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏ ချွေးမသည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ “အရှင်ဘုရား- ဤဘဝမှစ၍ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မတွေ့မမြင်ရပါလို၊ တပည့်တော်မလည်း စပါးတောင်းတစ်ခုကို ရှေ့တွင်တည်ထား၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ နေသောသူတို့အား မျိုးထမင်းကို ပေးကမ်းသော်လည်း ကုန်သောအဖြစ်သည် မထင်ပါစေသတည်း၊ ဖြစ်လေတိုင်း ဖြစ်လေတိုင်းသောဘဝ၌ ဤယောက္ခမယောက်ျားသူ, ယောက္ခမမိန်းမသူတို့သည်သာ ဖြစ်ကြပါစေကုန်သတည်း၊ ဤလင်သည်သာလျှင်, ဤကျွန်သည်သာလျှင် ဖြစ်ပါစေဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏ ပုဏ္ဏအမည်ရှိသော ကျွန်သည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ “ဤကိုယ် အဖြစ်မှစ၍ ဤသို့သဘောရှိသော ငတ်မွတ်ခြင်းဘေးကို မကြုံမတွေ့ မမြင်ရပါလို၊ အလုံးစုံသော ဤသခင်တို့သည်သာ ဖြစ်ကြပါစေကုန်သတည်း၊ တပည့်တော်သည် လယ်ထွန်သည်ရှိသော် ဤလက်ယာဘက်၌ သုံးခု၊ ဤလက်ဝဲဘက်၌ သုံးခု၊ အလယ်၌ တစ်ခု၊ ဤသို့အားဖြင့် သစ်သားကျင်းမျှ အတိုင်းအရှည်ရှိကုန်သော ခုနစ်ခု,ခုနစ်ခုသော အရေးအသားတို့သည် ဖြစ်ပါစေကုန်သတည်း”ဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ပစ္စေကဗုဒ္ဓါ ဆုပေး၍ ပြန်ကြွခြင်း

ရှင်ပစ္စေကဗုဒ္ဓါသည် အလုံးစုံသော သူ၏လည်း ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုသောအဆုံး၌ “ဤသို့ ဆုတောင်းတိုင်း ပြည့်စေသတည်း”ဟု မိန့်တော်မူ၍-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော စီးပွားချမ်းသာ မင်္ဂလာအပေါင်းသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ သဗ္ဗေ၊ အလုံးစုံသော။ သင်္ကပ္ပါ၊ အကြံအစည်တို့သည်။ စန္ဒော ပန္နရသော ယထာ၊ ဆယ့်ငါးရက် တက်ထွန်းသော လပြည့်ဝန်းကဲ့သို့။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော စီးပွားချမ်းသာ မင်္ဂလာပေါင်းသည်။ တုယှံ၊ သင်အား။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ အကြံအစည်တို့သည်။ မဏိဇောတိရသောယထာ၊ အလိုဟူသမျှကို ပြီးစေနိုင်သော မဏိဇောတိရသ် ကျောက်မျက်ရတနာကဲ့သို့။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဤသို့လျှင် ရှင်ပစ္စေကဗုဒ္ဓါသည် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုတော်မူလျှင် “ငါသည် ဤသူတို့၏စိတ်ကို ကြည်ညိုစိမ့်သောငှာ သင့်၏”ဟု ကြံတော်မူလျက် “ဂန္ဓမာဒနတောင်သို့ ရောက်သည်တိုင်အောင် ဤသူတို့သည် ငါ့ကို ဖူးမြင်ကြရပါစေကုန်သတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ ဖဲကြွသွားတော်မူလေ၏။ ထိုသူတို့သည်လည်း ဖူးမြင်ကြကုန်လျက်သာ တည်နေကြလေကုန်၏။ ထိုပစ္စေကဗုဒ္ဓါသည် ကြွသွားတော်မူ၍ ထိုဆွမ်းကို ငါးရာသော ပစ္စေဗုဒ္ဓါတို့နှင့် အတူတကွ ခွဲခြမ်း ဝေဖန်တော်မူလေ၏။ ထိုဆွမ်းသည် ရှင်ပစ္စေကဗုဒ္ဓါ၏ အာနုဘော်ကြောင့် အလုံးစုံသော ပစ္စေကဗုဒ္ဓါ ငါးရာတို့အားလည်း လောက်လောက်ငင ဖြစ်၏။ ထိုလှူဒါန်းသော သူတို့သည် ကြည့်ရှုလျက်သာလျှင် တည်နေကြလေကုန်၏။

ဆေးပြီးသောအိုး ထမင်းပြည့်နေခြင်း

မွန်းတည့်သောကာလကို လွန်လတ်သည်ရှိသော်ကား သူဌေးကတော်ကြီးသည် ထမင်းအိုးကိုဆေး၍ စလောင်းအုပ်လျက် ထားလေ၏။ သူဌေးကြီးသည်လည်း မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် တုံးလုံးလှဲ၍ အိပ်ပျော်ခြင်းသို့ ရောက်ရှာလေ၏။ ထိုသူဌေးကြီးသည် ၎င်းညချမ်းသောအခါ နိုး၍ မယားကို “ရှင်မ- ငါသည် အလွန်လျှင် မွတ်သိပ်ဆာလောင်လှ၏၊ ထမင်းအိုး အပြင်၌ ချိုးကပ်သော ထမင်းလုံးတို့သည် ရှိသေးသည်မဟုတ်လော”ဟု ဆိုရှာလေ၏။ သူဌေးကတော်ကြီးသည် ထမင်းအိုးကို ဆေး၍ထားသည်အဖြစ်ကို သိပါလျက်လည်း မရှိဟူသောစကားကို မဆိုတဲ့မူ၍ “ထမင်းအိုးကိုဖွင့်ပြီးမှ ပြောကြားပေအံ့”ဟု ထ၍ ထမင်းအိုးအနီးသို့ သွားပြီးလျှင် ထမင်းအိုးဖွင့်လိုက်သည်ရှိသော် ထိုမျှလောက်သာလျှင် မြလေးငုံ အဆင်းနှင့်တူသော အဆင်းရှိသော ထမင်းဖြင့် ပြည့်လျက် ရှိလေ၏။ ထမင်းအိုး စလောင်းဖုံးသည် ကြွလျက် တည်လေ၏။ သူဌေးကတော်ကြီးသည်လည်း ထိုထမင်းကို မြင်လျှင်မြင်ချင်း နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် ပျံ့နှံ့သော ကိုယ်ရှိသည်ဖြစ်၍ သူဌေးကြီးကို “အရှင်သူဌေးကြီး- ထဦးလော့၊ ကျွန်တော်မသည် ထမင်းအိုးကို ဆေး၍ ပိတ်ထားပါသည်၊ ထိုထမင်းအိုးသည်ကား မြလေးငုံ အဆင်းနှင့်တူသော အဆင်းရှိသော ထမင်းဖြင့် ပြည့်နေပြီ၊ ကောင်းမှုတို့မည်သည်ကား ပြုအပ်သော သဘောရှိကုန်၏၊ အလှူမည်သည်ကား ပေးအပ်သည်နှင့် ယှဉ်၏၊ အရှင်သူဌေးမင်း- ထဦးလော့၊ သုံးဆောင်ပါဦးလော့”ဟု ဆိုလေ၏။

သူဌေးကတော်ကြီးသည် နှစ်ယောက်သော သားအဖတို့အားလည်း ကျွေးမွေးပေးကမ်းလေ၏။ ထိုသားအဖနှစ်ယောက်တို့သည် စားပြီး၍ ထကြကုန်သည်ရှိသော် ချွေးမနှင့်တကွ အတူထိုင်လျက် ကျွန်ပုဏ္ဏအား ထမင်းကို ပေးလေ၏။ ခူး၍ ယူရာယူရာ အရပ်သည် မကုန်နိုင်၊ ယောက်မဖြင့် တစ်ကြိမ်ခူး၍ယူသော အရာ၌သာလျှင် ထင်၏၊ ထိုနေ့၌ပင်လျှင် ကျီစသည်တို့သည် ရှေး၌ ပြည့်ဖူးသော နည်းအားဖြင့်သာလျှင် ပြည့်ကြလေကုန်၏။ သူဌေးကြီး၏ “အိမ်၌ ထမင်းဖြစ်၏၊ ထမင်းတို့ဖြင့် အလိုရှိကြကုန်သော သူတို့သည် လာ၍ ယူကြပါစေကုန်သတည်း”ဟု မြို့၌ ကြွေးကြော်ခြင်းကို ပြုစေလေ၏။ လူတို့သည် ထိုသူဌေးကြီး၏အိမ်မှ မျိုးထမင်းကို ယူကြလေကုန်၏။ ဇမ္ဗူဒီပါ ကျွန်းတစ်ကျွန်းလုံး၌ နေကြကုန်သောသူတို့သည် ထိုဗာရာဏသီ သူဌေးကြီးကိုမှီ၍ အသက်ရှင်ခြင်းကို ရကြလေကုန်သည်သာတည်း။

မေဏ္ဍကသူဌေးကြီး၏ ဘုန်းကံ

ထိုဗာရာဏသီ သူဌေးကြီးသည် ဤဘဝမှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်လျက် ဤငါတို့ဘုရား ထင်ရှား ပွင့်တော်မူသောအခါ ဘဒ္ဒိယမြို့ဝယ် သူဌေးအမျိုး၌ ဖြစ်လေ၏။ ထိုသူဌေးကြီး၏ သူဌေးကတော်ကြီးသည်လည်း များသော စည်းစိမ်ဥစ္စာရှိသော အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် ထိုသူဌေးကြီး၏အိမ်သို့သာ ရောက်သွားလေ၏။ ထိုသူဌေးကြီး၏ ရှေးကောင်းမှုကံကိုမှီ၍ အိမ်၏ နောက်ဘေး၌ ဆိုအပ်ပြီးသော အပြားရှိကုန်သော ဆိတ်ရုပ်တို့သည် ပေါ်ပေါက်လာကြကုန်၏။ သားသည်လည်း ထိုသူတို့၏ သားသည်သာလျှင်, ချွေးမသည် ချွေးမသည်သာလျှင်, ကျွန်သည် ကျွန်သည်သာလျှင် ဖြစ်လေ၏။ ထိုအခါ တစ်နေ့သ၌ မေဏ္ဍကသူဌေးကြီးသည် မိမိ၏ကောင်းမှုကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ရာ့ငါးဆယ်သော ကျီတို့ကို သုတ်သင်စေပြီးလျှင် ဦးခေါင်းကို ရေချိုးလျက် တံခါး၌ထိုင်နေ၍ အထက်သို့ ကြည့်ရှုလေ၏။ အလုံးစုံသော ကျီတို့ကို ဆိုအပ်ခဲ့ပြီးသော အပြားရှိသော သလေးနီစပါးတို့သည် ပြည့်စေကြလေကုန်၏။ ထိုသူဌေးကြီးသည် ကြွင်းသောသူတို့၏ ကောင်းမှုတို့ကိုလည်း စူးစမ်းလိုသည်ဖြစ်ရကား မယားကိုလည်းကောင်း၊ သားစသော သူတို့ကိုလည်းကောင်း၊ “သင်တို့၏ ကောင်းမှုတို့ကိုလည်း စူးစမ်းကြကုန်ဦးလော့”ဟု ဆိုလေ၏။

စန္ဒပဒုမာ သူဌေးကတော်ကြီး၏ ဘုန်းကံ

ထိုအခါ သူဌေးကြီး၏ဇနီး သူဌေးကတော်ကြီးသည် အလုံးစုံသော တန်ဆာကိုဆင်လျက် များစွာသော လူအပေါင်း၏ ကြည့်ရှုစဉ်ပင်လျှင် တစ်စလယ်မျှသော ဆန်ကိုယူ၍ ထိုဆန်တို့ဖြင့် ထမင်းကို ချက်စေပြီးမှ တံခါးမုခ်၌ ခင်းအပ်သောနေရာ၌ နေထိုင်လျက် ရွှေယောက်မကိုကိုင်ပြီးလျှင် “ထမင်းဖြင့် အလိုရှိကုန်သော သူတို့သည် လာကြစေကုန်သတည်း”ဟု ကြွေးကြော်စေသဖြင့် လာတိုင်း,လာတိုင်းကုန်သော သူတို့၏ ဆောင်ယူခဲ့သော ခွက်တို့ကို ပြည့်စေလျက် ပေးလေ၏။ တစ်နေ့ပတ်လုံးပင် ပေးသော်လည်း ယောက်မဖြင့် ခူး၍ယူရာအရပ်သည်သာ ထင်၏။ ရှေးဘုရားရှင်တို့အားလည်းကောင်း၊ ရဟန်းသံဃာတော်အပေါင်းအားလည်းကောင်း၊ လက်ဝဲလက်ဖြင့် ထမင်းအိုးကို, လက်ယာလက်ဖြင့် ယောက်မကိုကိုင်လျက် ဤအတူသာလျှင် သပိတ်၌ ပြည့်စေသဖြင့် ဆွမ်းကို လှူဒါန်းဖူးသည် အဖြစ်ကြောင့် ထိုသူဌေးကတော်ကြီး၏ လက်ဝဲ လက်ဖဝါးအပြင်၌ ပြည့်စေလျက် ပဒုမာကြာလက္ခဏာ ဖြစ်ပေါ်လေ၏။ လက်ယာလက်ဖဝါးအပြင်၌ ပြည့်စေလျက် လဝန်းလက္ခဏာ ဖြစ်ပေါ်လေ၏။ အကြင်ကြောင့် ဓမကရိုဏ် ရေစစ်ကို ကိုင်လျက် ရဟန်းသံဃာတော်အပေါင်းအား ရေကိုစစ်၍ လှူဒါန်းဆက်ကပ်ကာ ထိုမှဤမှ အဖန်ဖန် လှည့်လည်ခဲ့ဖူး၏။ ထို့ကြောင့် သူဌေးကတော်ကြီး၏ လက်ယာခြေဖဝါးအပြင်၌ ပြည့်စေလျက် လဝန်းလက္ခဏာ ဖြစ်ပေါ်လေ၏။ လက်ဝဲခြေဖဝါးအပြင်၌ ပြည့်စေလျက် ပဒုမာကြာ လက္ခဏာ ဖြစ်ပေါ်လေ၏။ ထိုသူဌေးကတော်ကြီးအား ဤလက္ခဏာပါရှိသော အကြောင်းကြောင့် စန္ဒပဒုမာ ဟူသောအမည်ကို မှည့်ခေါ်ကြလေကုန်၏။

သား,ချွေးမနှင့် ကျွန်တို့၏ ဘုန်းကံ

ထိုသူဌေးကြီး၏ သားသည်လည်း ဦးခေါင်းကို ရေချိုးပြီးလျှင် အသပြာတစ်ထောင်ရှိသော အိတ်ကိုယူ၍ “အသပြာဖြင့် အလိုရှိကုန်သောသူတို့သည် လာကြပါစေကုန်သတည်း”ဟု ဆိုလျက် လာကုန်လာကုန်သော သူတို့၏ ယူလာခဲ့သော ခွက်တို့ကို ပြည့်စေသဖြင့် ပေးကမ်းလေ၏။ အိတ်၌ အသပြာ တစ်ထောင်သည် ဖြစ်မြဲတိုင်းပင် ဖြစ်လေ၏။

ထိုသူဌေးကြီး၏ ချွေးမသည်လည်း အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်ပြီးလျှင် စပါးတောင်းကိုယူ၍ ဟင်းလင်းအပြင်၌ နေထိုင်လျက် “မျိုးထမင်းတို့ဖြင့် အလိုရှိကြကုန်သော သူတို့သည် လာကြပါစေကုန်သတည်း”ဟု ဆိုသဖြင့် လာကုန်,လာကုန်သော သူတို့၏ ယူလာခဲ့သော ခွက်တို့ကို ပြည့်စေလျက် ပေးကမ်းလေ၏။ တောင်းသည် ပြည့်မြဲတိုင်းသာလျှင် ပြည့်သည်ဖြစ်လေ၏။

ထိုသူဌေးကြီး၏ ပုဏ္ဏအမည်ရှိသော ကျွန်သည်လည်း အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် ရွှေထမ်းပိုးတို့၌ ရွှေကြိုးတို့ဖြင့် နွားတို့ကို ကစေပြီးလျှင် ရွှေနှင်တံကိုကိုင်၍ နွားနှစ်ကောင်တို့အား နံ့သာလက် ငါးချောင်းရာတို့ကို ပေးသဖြင့် ဦးချိုတို့၌ ရွှေအစွပ်တို့ကို စွပ်ပြီးလျှင် လယ်သို့သွား၍ မောင်းနှင်လေ၏။ ဤလက်ယာဘက်၌ သုံးခု၊ ဤလက်ဝဲဘက်၌ သုံးခု၊ အလယ်၌ တစ်ခု၊ ဤသို့ ခုနစ်ခုကုန်သော အရေးအသားတို့သည် ကွဲ၍သွားကြလေကုန်၏။ ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့သည် ထမင်း၊ မျိုးစပါး၊ ငွေ၊ ရွှေ စသည်တို့တွင် အကြင်အကြင် အလိုရှိရာကို မေဏ္ဍက သူဌေးကြီး၏ အိမ်မှသာလျှင် ယူကြရလေကုန်၏။

ဘုရားထံတော်၌ မဂ်ဖိုလ်ရကြခြင်း

ဤငါးယောက်သော သူတို့သည် ကြီးမြတ်သော ဘုန်းကံရှိကြကုန်၏။ ဤသို့ အာနုဘော်ကြီးမြတ်သော သူဌေးကြီးသည် မြတ်စွာဘုရား ကြွလာတော်မူသတတ်ဟု ကြားသိရလျှင် မြတ်စွာဘုရားအား ခရီးဦးကြိုဆိုခြင်းကို ပြုဦးအံ့ဟု ထွက်လာလတ်သည်ရှိသော် လမ်းခရီးအကြား၌ တိတ္ထိတို့ကို မြင်ရသဖြင့် ထိုတိတ္ထိတို့က “သူဌေးကြီး- သင်သည် ကုသိုလ်ကောင်းမှု ပြုအပ်၏ဟု အယူရှိသောသူဖြစ်ပါလျက် ကုသိုလ်ကောင်းမှု မပြုအပ်ဟု အယူရှိသော ရဟန်းဂေါတမ၏အထံသို့ အဘယ့်ကြောင့် သွားရဘိသနည်း”ဟု ဆို၍ တားမြစ်အပ်သော်လည်း ထိုတိတ္ထိတို့၏ စကားကို မနာမယူမူ၍ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ ထိုအခါ မေဏ္ဍကသူဌေးကြီးအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ မေဏ္ဍကသူဌေးကြီးသည် ဒေသနာတော်၏ အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်၍ မြတ်စွာဘုရားအား တိတ္ထိတို့သည် ကျေးဇူးမဲ့ကိုဆို၍ မိမိအား တားမြစ်သောအဖြစ်ကို လျှောက်ကြားလေ၏။ ထိုအခါ သူဌေးကြီးကို မြတ်စွာဘုရားသည် “သူဌေးကြီး- ဤသတ္တဝါတို့ မည်သည်ကား ကြီးကျယ် မြားမြောင်သော်လည်း မိမိ၏ အပြစ်ကို မမြင်နိုင်ကြကုန်၊ ထင်ရှားမရှိသော်လည်း သူတစ်ပါးတို့၏ အပြစ်ကို ထင်ရှားရှိသည်ဟု ပြုလုပ်၍ ထိုထိုအရပ်တို့၌ ဖွဲကိုကဲ့သို့ လွှင့်ကြဲတတ်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၅၂] သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ဝဇ္ဇာနိ၊ သြပုနာတိ ယထာ ဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတဝါ သဌော။

အညေသံ၊ သူတစ်ပါးတို့၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ ပန၊ အပြစ်ကိုကား။ ဒုဒ္ဒသံ၊ မြင်နိုင်ခဲ၏။ ဟိ၊ ထိုစကားသင့်စွ။ သော၊ ထိုသူတစ်ပါး၏ အပြစ်သာမြင်, မိမိအပြစ် မြင်လေ့မရှိသောသူသည်။ ဘုသံ၊ ဖွဲကို။ သြပုနာတိ ယထာ၊ လွှင့်သကဲ့သို့။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝဇ္ဇာနိ၊ အပြစ်တို့ကို။ ဩပုနာတိ၊ လွှင့်တတ်၏။ သဌော၊ စဉ်းလဲသော ငှက်မုဆိုးသည်။ ကလိံ၊ အပြစ်ရှိသော မိမိကိုယ်ကို။ ကိတဝါဝ၊ သစ်ခက်ကျိုးစသည်တို့ဖြင့် ဖုံးလွှမ်းဘိသကဲ့သို့။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံပန၊ အပြစ်ကိုကား။ ဆာဒေတိ၊ ဖုံးလွှမ်း၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။

မေဏ္ဍက သူဌေးကြီးဝတ္ထု ပြီး၏။