မာတိကာသို့ ခုန်သွားရန်

မေဏ္ဍကသေဋ္ဌိဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၄-မလဝဂ်။ ၁၀-မေဏ္ဍကသေဋ္ဌိဝတ္ထု

၂၅၂။ သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ဝဇ္ဇာနိ၊ ဩပုနာတိ ယထာဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတဝါ သဌော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဘဒ္ဒိယမြို့ကိုမှီ၍ မုလေးတော၌ သီတင်းသုံးနေတော်မူစဉ် မေဏ္ဍကသဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

အညေသံ၊ သူတပါးတို့၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ၊ အပြစ်ကို။ ဒုဒ္ဒသံ၊ မြင်နိုင်ခဲ၏။ သော၊ ထိုသူသည်။ ဘုသံ၊ ဖွဲ့ကို။ ဩပုနာတိ ယထာ၊ လွှင့်သကဲ့သို့။ ပရေသံ၊ သူတပါးတို့၏။ ဝဇ္ဇာနိ၊ အပြစ်တို့ကို။ ဩပုနာတိ၊ လွှင့်၏။ သဌော၊ စဉ်းလဲကောက်ကျစ်သော ငှက်မုဆိုးသည်။ ကလိံ၊ ပြစ်မှားခြင်းရှိသော မိမိကိုယ်ကို။ ကိတဝါ ဣဝ၊ သစ်ရွက်သစ်ခက်တို့ဖြင့် ဖုံးလွှမ်းသကဲ့သို့။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ ပန၊ အပြစ်ကိုကား။ ဆာဒေတိ၊ ဖုံးလွှမ်း၏။

စကားပြေ

သူတပါး၏အပြစ်ကို မြင်လွယ်သော်လည်း မိမိ၏အပြစ်ကို မြင်ရန်ခဲယဉ်း၏။ ဖွဲ့ကိုလွှင့်သော် လွှင့်သူအထံသို့ ဖွဲ့ကျရောက်သကဲ့သို့ သူတပါးအပြစ်ကိုလွှင့်သော် မိမိအပေါ်သို့ အပြစ်ကျရောက်တတ်၏။ စဉ်းလဲကောက်ကျစ်သော မုဆိုးသည် မိမိကိုယ်ကို သစ်ခက်တို့ဖြင့် ဖုံးလွှမ်းသကဲ့သို့ မိမိ၏အပြစ်ကို ဖုံးလွှမ်း၏။
အတ္တနော ပန ဆာဒေတိ ကလိံဝ ကိတဝါ သဌော၌ – ကလိ အရ ငှက်တို့၌ ပြစ်မှားသောကြောင့် အတ္တဘောသည် ကလိမည်၏။
ကိတဝါ– ကိုယ်ကိုဖုံးလွှမ်းထားသော သစ်ရွက်သစ်ခက်စသည်သည် ကိတဝါ မည်၏။
သဌော– ငှက်မုဆိုး ရ၏။

မေဏ္ဍကသဌေး– အိမ်နောက်ဖေး ရှစ်ပယ်မျှလောက်သော အရပ်ဝယ် ခံတွင်းမှ အလိုရှိမှာပစ္စည်းများကို ထုတ်အံပေးနိုင်သော ဆိတ်ရုပ်ကြီးများ ပေါ်ပေါက်လာသောကြောင့် မေဏ္ဍကသဌေးဟူ၍ တွင်သည်။ ဝိပဿီဘုရားလက်ထက်က ဆုတောင်း၍ လှူဒါန်းခဲ့မှုကြောင့်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၂-၅။)
စန္ဒပဒုမာ– စန္ဒပဒုမာသည် မေဏ္ဍကသဌေး၏ ဇနီးဖြစ်သည်။ ရှေးကောင်းမှုကံကြောင့် လက်ဝဲလက်နှင့် လက်ယာခြေတွင် လအမှတ်အသား၊ လက်ယာလက်နှင့် လက်ဝဲခြေ၌ ပဒုမ္မာကြာအမှတ်အသား ပါသောကြောင့် စန္ဒပဒုမာဟု မှည့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၅။)
ဓနဉ္စယနှင့် သုမနဒေဝီ– ဓနဉ္စယသည် မေဏ္ဍကနှင့် စန္ဒပဒုမာ၏ သားဖြစ်သည်။ သုမနဒေဝီသည် ဓနဉ္စယ၏ ဇနီးဖြစ်သည်။
(ဓမ္မ၊ဋ္ဌ၊၂၊၂၃၇။)
မေဏ္ဍကသဌေးနှင့် ဇနီးဖြစ်သူ စန္ဒပဒုမာ၊ သားဖြစ်သူ ဓနဉ္စယ၊ ချွေးမဖြစ်သူ သုမနဒေဝီနှင့် ကျွန်ဖြစ်သူ ပုဏ္ဏတို့သည် ရှေးဘဝ ကောင်းမှုပြု၍ ဆုတောင်းမှုကြောင့် ယခုဘဝ၌ ဆုတောင်းခဲ့သည့်အတိုင်း အတူတကွလာဖြစ်ရသည်။ ငါးယောက်လုံး သောတာပန်ဖြစ်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၅-၈။)

ပါဠိသဒ္ဒါခက်ဆစ်

ဝဇ္ဇံ = ဝဒီယတေတိ ဝဇ္ဇံ။ ဝဒီ + ယ။
ဘုသံ = ဘသတိ ဘသ္မိံ ကရောတီတိ ဘုသံ။ ဘသ် + အ။ (အကို ဥပြု)
ကိတဝါ = ကေတတီတိ ကိတဝါ။ ကိတ် + အဝ။ (ဏွာဒိ၊ ၂၀၀။)
ကလိ = ကလယတိ ပရောမီယတီတိ ကလိ။ ကလိ + ဣ။
သဌော = သဌတီတိ သဌော။ သဌ် + အ။
မေဏ္ဍကသေဋ္ဌိဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၈-မလဝဂ်

၁၀-မေဏ္ဍကသေဋ္ဌိဝတ္ထုအဋ္ဌကထာဂါထာ

၄၈၀။ ဣစ္ဆိတံ ပတ္ထိတံ တုယှံ, ခိပ္ပမေဝ သမိဇ္ဈတု
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ, စန္ဒော ပန္နရသော ယထာ။

တုယှံ၊ သင်၏။ ဝါ၊ သည်။ ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ် သောဆုသည်။ ခိပ္ပမေဝ၊ လျှင်မြန်စွာသာလျှင်။ သမိဇ္ဈတု၊ ပြီးပြည့်စုံပါစေသတည်း။ ပန္နရသော၊ ပက္ခဆန်းတက်, ဆယ့်ငါးရက်မြောက်၌, ယှဉ်လျက်ပေါ်ထွက်လာသော။ စန္ဒော၊ လသည်။ (ပူရတိ) ယထာ၊ ပြည့်သကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ စိတ်ဝယ်ကြံဆ, မှန်သမျှတို့သည်။ ပူရေန္တု၊ ပြည့်စုံပါစေကုန်သတည်း။ (ဋ္ဌ-၂၂၀)

၂။ဇာလံ။ ။ ဇေ သီဃဂတေ ဓာဝန္တေ မိဂါဒယော လာတိ ဂဏှာတိ ဧတေနာတိ ဇာလံ၊ [ဇ+လာ+အ၊-သူစိ၊] ဇလတိ သန္ဒတီတိ ဇလံ(သူစိ)၊ ဇလတိ ဇီဝယတိ လောကန္တိ ဇလံ(ဓာသံ)၊ ဇလေ+ဟိတံ ဇာလံ၊ [ဇလ+ဏ၊-ဓာန်-ဋီ-၅၂၁၊] ဇာလယတိ အစ္ဆာဒေတိ မစ္ဆေ ဧတေနာတိ ဇာလံ(ပိုက်ကွန်)၊ [ဇလ+ဏ၊-ဓာသံ၊] ဇာလံ ဝိယာတိ ဇာလံ(မောဟ)။

၁။ပန္နရသော။ ။ “ပဉ္စ စ+ဒသ စ+ပန္နရသ၊ ပဉ္စဟိ+အဓိကာ ဝါ+ဒသ ပန္နရသ၊ ပန္န- ရသန္နံ+ပူရဏီ ပန္နရသီ၊ ပန္နရသိယံ+နိယုတ္တော ပန္နရသော၊ [ပန္နရသီ+ဏ၊] (တစ်နည်း)ပန္နရသန္နံ '+ပူရဏော ပန္နရသော၊ ပန္နရသေ+နိယုတ္တော ပန္နရသော၊ [ပန္နရသ+ဏ။]

၄၈၁။ ဣစ္ဆိတံ ပတ္ထိတံ တုယှံ, ခိပ္ပမေဝ သမိဇ္ဈတု
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ, မဏိ ဇောတိရသော ယထာ။

တုယှံ၊ ၏။ ဝါ၊ သည်။ ဣစ္ဆိတံ၊ သော။ ပတ္ထိတံ၊ သည်။ ခိပ္ပမေဝ၊ လျှင်။ သမိဇ္ဈတု၊ တည်း။ ဇောတိရသော၊ ဇောတိရသမည်သော။ ဝါ၊ တောက်ပြောင်သော အရောင် (အရည်အသွေး) ရှိသော။ မဏိ၊ ပတ္တမြား (ကျောက်မျက်ရတနာ) သည်။ (ပူရေတိ) ယထာ၊ လိုရာပြည့်စေသကဲ့သို့။ သဗ္ဗေ သင်္ကပ္ပါ ပူရေန္တု။ (ဋ္ဌ-၂၂၁)

၂။ဇောတိရသော။ ။ ဇောတတိ ဒိပ္ပတီတိ ဇောတိ၊ ရသိတဗ္ဗော အဿာဒေတဗ္ဗောတိ ရသော၊ ဇောတိ+ရသော ယဿာတိ ဇောတိရသော၊ ဤဇောတိရသပတ္တမြားသည် မိလိန္ဒ- ၁၂၂၊ ၁၂၃၌လာသော ပတ္တမြား ၁၄မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်၏။

ရတနာ၉မျိုး၏ စွမ်းရည်။ ။ ရတနာ၉မျိုး၏ စွမ်းရည်ကို “ပတ္တမြားဘုန်းတောက်, မြကျောက်အေးချမ်း, စိန်စွမ်း ဂုဏ်ရောင်, ကြောင်ကားသိဒ္ဓိ, မဏိနီလာ, မေတ္တာကဲချုပ်, ဂေါ်မုတ် ခွန်အား, ဥဿဖရားကျန်းမာ, သန္တာကြီးကဲ, ပုလဲကျက်သေရေ, ကိုးဂုဏ်ဝေသည်...ကိုးထွေ နဝရတ်စွမ်းရည်တည်း”ဟု ပညာရှိတို့ စပ်ဆိုခဲ့ကြ၏၊ ထိုတွင် ပတ္တမြား၏ စွမ်းရည်၃မျိုးကို “(၁) ဣစ္ဆိတံ ဒေတိ-လိုရာကို ပေးနိုင်၏၊ (၂)အသောကံ ဒေတိ-စိတ်ကြည်လင်ရွှင်ပြမှုကို ပေးနိုင်၏၊ (၃)တေဇေတိ-တန်ခိုးအာဏာထက်မြက်စေ၏”ဟု သီးခြားဆိုသေးသည်။(သုပြဓာန်)

မေဏ္ဍကသေဋ္ဌိဝတ္ထုပါဠိဂါထာ

၄၈၂။ သုဒဿံ ဝဇ္ဇမညေသံ, အတ္တနော ပန ဒုဒ္ဒသံ၊
ပရေသံ ဟိ သော ဝဇ္ဇာနိ, ဩပုနာတိ ယထာ ဘုသံ၊
အတ္တနော ပန ဆာဒေတိ, ကလိံဝ ကိတဝါ သဌော။

အညေသံ၊ အခြားသူတို့၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ လွယ်ကူစွာ မြင်အပ်၏။ ဝါ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ ပန၊ အပြစ်ကိုကား။ ဒုဒ္ဒသံ၊ ခဲယဉ်းစွာ မြင်အပ်၏။ ဝါ၊ မြင်ခဲ၏။ ဟိ၊ အကျိုးကား။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဘုသံ၊ ဖွဲကို။ ဩပုနာတိ ယထာ၊ လွှင့်သကဲ့သို့။ (တထာ၊ တူ။) ပရေသံ၊ သူတစ်ပါးတို့၏။ ဝဇ္ဇာနိ၊ အပြစ်တို့ကို။ ဩပုနာတိ၊ လွှင့်၏။ သဌော၊ စဉ်းလဲလှည့်ပတ်, ငှက်ဖမ်းသတ်လျက်, အဖျက်လုပ်ရိုး, ငှက်မုဆိုး သည်။ ကိတဝါ ဣဝ၊ ဖုံးကွယ်ကြောင်းသစ်ခက်ကျိုးစသော အရာဝတ္ထုကဲ့သို့။ (ဟုတွာ၊ ၍။) ကလိံ၊ ခန္ဓာကိုယ်ကို။ ဆာဒေတိ ယထာ၊ ဖုံးကွယ်သကဲ့သို့။ (ဧဝံ၊ တူ။) အတ္တနောမိမိ၏။ ဝဇ္ဇံ ပန၊ ကိုကား။ ဆာဒေတိ၊ ဖုံးကွယ်၏။ (ပါ-၂၅၂)

၁။ဟိ။ ။ “ပရေသံ ဟီတိ တေနေဝ ကာရဏေန” ဟူသော အဖွင့်အရ ဟိကို ဖလ ဇောတကယူ၍ ပေးသည်၊ ကာရဏဇောတကယူ၍ “ဟိ (ယသ္မာ)-အကြင်ကြောင့်၊ အညေသံတို့၏၊ ဝဇ္ဇံ-ကို၊ သုဒဿံ-၏၊ အတ္တနော၏၊ ဝဇ္ဇံ ပန-ကိုကား၊ ဒုဒ္ဒသံ-၏၊ (တသ္မာ-ကြောင့်၊) သောသည်၊ ပရေသံ ဝဇ္ဇာနိ-တို့ကို၊ ဘုသံ ယထာ-ဖွဲကိုကဲ့သို့၊ ဩပုနာတိ”ဟုလည်း ပေးကြ၏၊ တပ္ပါကဋီကရဏယူ၍ “ဟိ-ဥပမာဆောင် ထင်အောင်ပြဥုးအံ့”ဟုလည်းကောင်း ဒဠှီကရဏယူ၍“ဟိမှန်၏”ဟုလည်းကောင်း ပေးကြသေး၏။

၂။ကိတဝါ။ ။ ကိတ နိဝါသေ ဧတ္တာဘာဝေါ၊ ကေတတီတိ (နေတတ်သောကြောင့်) ကိတဝေါ၊ ဇူတကာရော, စောရော စ၊ [ကိတ+အဝ၊-မောဂ်-၇၊၂၀၀။]

ဓာန်-ဋီ-၅၃၁။ ။ ကိတဝံ (ကောက်ကျစ်စဉ်းလဲခြင်းသည်)+အဿ အတ္ထီတိ ကိတဝေါ နိပါတနာ၊ [ကိတ+ဏ၊] ကိတ နိဝါသေ ဝါ အဝေါ။

ထောမ၊ ပါရာဘာ၊၃၊၄၁၇။ ။ ကီယတေ(ညှဉ်းဆဲခြင်း) ကိတံ၊ ကိတေန(ညှဉ်းဆဲခြင်း ဖြင့်)+ဝါတီတိ(ဖြစ်တတ်သောကြောင့်) ကိတဝေါ၊ [ကိတ+ဝါ+အ။]

ကောတ္ထုဘ။ ။ ကေတိ ဥဒ္ဓံ ဂစ္ဆတီတိ ကိတော၊ [ကိ+တ၊] ကိတေန(သစ်ခက်ဖြင့်)+ ဝါယတိ ဗန္ဓတီတိ ကိတဝေါ(သက်ခက်ဖြင့် ဖွဲ့ချည်ဖုံးလွှမ်းထားသော ငှက်မုဆိုး)။

သစ်ခက်ကျိုးစသည်ယူ။ ။ ပြအပ်ခဲ့သော ဝိဂြိုဟ်များအရ ကောက်ကျစ်စဉ်းလဲသူ, ငှက်မုဆိုးတို့ကိုသာ ရ၏၊ “သာခဘင်္ဂါဒိကံ ပဋိစ္ဆာဒနံ ကိတဝါ နာမ”ဟူသော အဖွင့်အရ ဤ၌ သစ်ခက်ကျိုးစသော အရာဝတ္ထုကိုရသဖြင့် “ကိတဝဿ+ဟိတာ ကိတဝါ-ငှက်မုဆိုး၏ အစီး အပွားဖြစ်သော သစ်ခက်ကျိုးစသော အရာဝတ္ထု၊ (တစ်နည်း) ကိတဝဿ+ပဋိစ္ဆာဒနံ ကိတဝါငှက်မုဆိုးကို ဖုံးကွယ်ကြောင်းသစ်ခက်စသော အရာဝတ္ထု၊ [ကိတဝ+အ၊]”ဟု ကြံပါ။

ဥပမာတွင် ဥပမာဝင်။ ။ “ကလိံဝ ကိတဝါ သဌော”ကို “ယထာ သကုဏလုဒ္ဒကော ..ကိတဝါ ဝိယ အတ္တဘာဝံ ပဋိစ္ဆာဒေတိ”ဟု အနက်ပေးပုံဖွင့်၏၊ ၎င်းအဖွင့်၌ “ယထာ+ဝိယ”ဟု ဥပမာအနက်ဟော ၂ပုဒ်ပါရကား “ကလိံဝ ကိတဝါ သဌော”ဝယ် ဥပမာအတွင်း၌ ဥပမာဝင်နေ သည်ဟု သိရ၏၊ ထိုတွင် ယထာသည် အဓိကာရနည်းစသည်အရ “ဩပုနာတိ ယထာ ဘုသံ”မှ လိုက်၍ ဝိယကား ဣဝ၏ အဖွင့်တည်း၊ ထိုကြောင့် ဣဝကို ကိတဝါနှင့်တွဲ၍ ယထာကို ဆာဒေတိ နှင့် တွဲပေးရသည်။

မေဏ္ဍကသေဋ္ဌိဝတ္ထုဂါထာနိဿယပြီးပြီ။