မာတိကာသို့ ခုန်သွားရန်

ပဉ္စဥပါသကဝတ္ထုဂါထာ -၂

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၄-မလဝဂ်။ ၉-ပဉ္စဥပါသကဝတ္ထု

၂၅၁။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားနာဖို့ရန် ဘုရားရှင်အထံ ရောက်လာကြသော်လည်း အိပ်ငိုက်နေသူ၊ မြေကိုလက်ဖြင့်ရေးခြစ်နေသူ၊ သစ်ပင်ကို လှုပ်နေသူ၊ ကောင်းကင်ကို ကြည့်နေသူ၊ ရိုသေစွာ တရားနာသူဟု ငါးမျိုးကွဲပြားနေသော ဥပါသကာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရိုသေစွာ တရားနာသော ဥပါသကာ တဦးသာ သောတာပန် ဖြစ်သည်။

အနက်

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ဂဟော၊ ဖမ်းယူသတ်ဖြတ်တတ်သော သတ္တဝါသည်။ နတ္ထိ၊ မရှိ။ မောဟသမံ၊ မောဟနှင့်တူသော။ ဇာလံ၊ ပိုက်ကွန်သည်။ နတ္ထိ၊ မရှိ။ တဏှာသမာ၊ တဏှာနှင့်တူသော။ နဒီ၊ မြစ်သည်။ နတ္ထိ၊ မရှိ။

စကားပြေ

ရာဂနှင့်တူသောမီး၊ ဒေါသနှင့်တူသော ဖမ်းယူသတ်ဖြတ်တတ်သော သတ္တဝါ၊ မောဟနှင့်တူသော ပိုက်ကွန်၊ တဏှာနှင့်တူသော မြစ် မရှိ။
နတ္ထိ ရာဂသမော အဂ္ဂိ– ရာဂသည် အခိုးအလျှံကိုမပြပဲ အတွင်း၌သာ လောင်ကျွမ်းစေနိုင်သောကြောင့် ရာဂမီးသည် မီးတကာတို့တွင် အကြီးမားဆုံးသော မီးဖြစ်ပါသည်။
နတ္ထိ ဒေါသသမော ဂဟော– ဘီလူး စပါးကြီးမြွေ မိကျောင်းဖမ်းခြင်းသည် တခုသောဘဝ၌သာ ဖမ်းခြင်းငှာ စွမ်းနိုင်၏။ ဒေါသ ဖမ်းယူလျှင် အလုံးစုံသောဘဝတို့၌ ဖမ်းယူနိုင်သောကြောင့် ဒေါသသည် အကြီးဆုံးသော ဖမ်းယူခြင်းမည်၏။
နတ္ထိ မောဟသမံ ဇာလံ– မောဟသည် ဘဝသံသရာ၌ အထပ်ထပ် မြှေယှက်ဖွဲ့နှောင်တတ်သောကြောင့် မောဟနှင့်တူသော ကွန်ယက်မရှိဟု ဆိုပါသည်။
နတ္ထိ တဏှာသမာ နဒီ– ဂင်္ဂါမြစ်တို့သည် ပြည့်သောအခါ လျော့သောအခါ ခမ်းခြောက်သောအခါ ရှိကြသော်လည်း တဏှာသည်ကား ပြည့်သောအခါ ခမ်းခြောက်သောအခါမရှိ၊ အမြဲလျော့နေသောကြောင့် ပြည့်နိုင်ခဲ၏။ ထိုကြောင့် တဏှာနှင့်တူသော မြစ်မရှိဟု ဆိုသည်။

ပုဂ္ဂိုလ်ငါးဦး

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ တရားဟောတော်မူစဉ် ပုဂ္ဂိုလ်ငါးဦး အပါအဝင် ပရိသတ်များ တရားနာကြသည်။ ဘုရားရှင်အနီး၌ထိုင်လျက် တဦးသည် ဘဝငါးရာပတ်လုံး မြွေနဂါးမျိုး၌ ဖြစ်ဖူး၍ ထိုင်ပြီးအိပ်ငိုက်နေသည်။ တဦးသည် ဘဝငါးရာပတ်လုံး တီကောင်သတ္တဝါမျိုး၌ ဖြစ်ဖူး၍ လက်ချောင်းဖြင့် မြေကိုရေးခြစ်လျက် ထိုင်နေသည်။ တဦးသည် ဘဝငါးရာပတ်လုံး မျောက်မျိုး၌ဖြစ်ဖူး၍ သစ်ခက်ကို လှုပ်လျက်ထိုင်နေသည်။ တဦးသည် ဘဝငါးရာပတ်လုံး နက္ခတ်ဆရာ ဖြစ်ဖူး၍ ကောင်းကင်ကို မော်ကြည့်ကာ ထိုင်နေသည်။ တဦးသည် ဘဝငါးရာလုံး ဗေဒင်သုံးပုံ တတ်မြောက်သော ပုဏ္ဏားမျိုး၌ဖြစ်ဖူး၍ ဗေဒင်ကို နှောသကဲ့သို့ ရိုသေစွာ တရားကို နာယူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၀။)
ရိုသေစွာ တရား မနာယူနိုင်သူ– ဘဝများစွာ ဘုရား တရား သံဃာ ဆိုသော အသံကို မကြားဖူးသူသည် တရားတော်ကို ရိုသေစွာ မနာယူနိုင်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၁။)
ပဉ္စဥပါသကဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၈-မလဝဂ်

၉-ပဉ္စဥပါသကဝတ္ထုပါဠိဂါထာ

၄၇၉။ နတ္ထိ ရာဂသမော အဂ္ဂိ, နတ္ထိ ဒေါသသမော ဂဟော၊
နတ္ထိ မောဟသမံ ဇာလံ, နတ္ထိ တဏှာသမာ နဒီ။

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ဂဟော၊ ဖမ်းယူတတ်သော တရားသည်။ နတ္ထိ၊ မရှိ။ မောဟသမံ၊ မောဟနှင့် တူသော။ ဇာလံ၊ ပိုက်ကွန်သည်။ နတ္ထိ။ တဏှာသမာ၊ တဏှာနှင့်တူသော။ နဒီ၊ မြစ်သည်။ နတ္ထိ။ (ပါ-၂၅၁)

၁။သမူဟတံ။ ။ သမူဟညိတ္ထာတိ သမူဟတံ၊ သံ+အဝ+ဟန+တ၊ အဝကို ဩပြု၊ တေသု ဝုဒ္ဓိဖြင့် ဩကို ဥုပြု(နီတိသုတ္တ-၂၆၅)၊ ဆရာတို့အလို သံ+ဥ+ဟန+တ၊ ဥကို ဒီဃပြု၊ ဥသည် သက္ကတ၌ “ဥဒ်”ဟု ရှိသည်၊ ပါဠိ၌ ဒ်ပျောက်သောကြောင့် ထိုအစား ဒွေဘော်လာ သင့်လျှင် ဒွေဘော်လာ၍ ဒီဃပြုသင့်လျှင် ဒီဃပြုရ၏၊ ထိုကြောင့် ဥုဒီဃပြုရသည်။ (သီဘာ- ၄, ၁၄)

ပဉ္စဥပါသကဝတ္ထုဂါထာနိဿယပြီးပြီ။