ရသေ့ညီနောင် ရှင်တစ်ထောင်ကို ချေချွတ်တော်မူခြင်း
သင်ခန်းစာ (၃)
[ပြင်ဆင်ရန်]ရသေ့ညီနောင် ရှင်တစ်ထောင်ကို ချေချွတ်တော်မူခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီညီနောင် ၃ဝ တို့ကို ချေချွတ်တော်မူပြီးနောက် ဥရုဝေလတောသို့ ဆက်လက်ကြွတော်မူသည်။ ထိုအချိန်၌ ဥရုဝေလတောတွင် နာမည်ကြီး ရသေ့ညီနောင်များ ဖြစ်ကြ သော ဥရုဝေလကဿပ၊ နဒီကဿပနှင့် ဂယာကဿပတို့ နေထိုင်ကြသည်။ ဥရုဝေလကဿပ ရသေ့ကြီး တွင် တပည့်ရသေ့ ၅၀၀၊ နဒီကဿပရသေ့ကြီးတွင် တပည့်ရသေ့ ၃၀၀ နှင့် အငယ်ဆုံး ဂယာကဿပ ရသေ့ကြီးတွင် တပည့်ရသေ့ ၂ဝဝ အသီးသီး ရှိကြ၏။ ထိုရသေ့တို့သည် ဥရုဝေလဒေသတစ်ဝိုက်တွင် လူအများ၏ လှူဒါန်းပူဇော်မှုကို အများဆုံး ရရှိသော ရသေ့များဖြစ်ကြသည်။
မြတ်စွာဘုရားရှင်သည် ဥရုဝေလကဿပရသေ့ကြီး၏ ကျောင်းသင်္ခမ်းရှိ မီးတင်းကုပ် (မီးပူဇော် ရာတဲ)၌ တည်းခိုခွင့်ပေးရန် ရသေ့ကြီးထံတွင် ခွင့်တောင်းတော်မူသည်။ ရသေ့ကြီးက “မီးတင်းကုပ်ထဲ မှာ အလွန်ကြမ်းတမ်း ခက်ထန်တဲ့ နဂါးကြီး ရှိတယ်၊ အဲဒီနဂါးကြီးက သင့်ကို ရန်ပြုလိမ့်မယ်”ဟု ပြော၏။ သို့သော် မြတ်စွာဘုရားရှင်က “ထိုနဂါးကြီးသည် ငါ့အား မညှဉ်းပန်း မနှိပ်စက်နိုင်ပါ၊ ငါ့အား မီးတင်းကုပ်၌ နေထိုင်ရန်သာ ခွင့်ပြုပါ”ဟု ခွင့်တောင်းလေသည်။ ရသေ့ကြီးကလည်း တည်းခိုခွင့်ပေး လိုက်သည်။ မြတ်စွာဘုရားရှင်သည် တဲကုပ်လေးထဲသို့ ဝင်၍ မြက်ဖျာကလေး ခင်းကာ နေတော်မူ၏။ ထိုအချိန်တွင် အလွန်ကြောက်မက် ဖွယ်ကောင်းသော နဂါးကြီးသည် စိတ်ဆိုးမာန်ဆိုးဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော အခိုးများ လွှတ်ကာ မြတ်စွာဘုရားကို စတင်တိုက်ခိုက်သည်။
မြတ်စွာဘုရားရှင်လည်း နဂါးကြီးကို ထိခိုက်နာကျင်မှု မရှိစေဘဲ နဂါးကြီး၏ အခိုးထက် ပြင်းထန်သော အခိုးများ ပြန်လွှတ်တော်မူသည်။ နဂါးကြီးလည်း အလွန်စိတ်ဆိုးပြီး မီးတောက်မီးလျှံများဖြင့် တိုက်ခိုက်ပြန်သည်။ မြတ်စွာဘုရားရှင် ကလည်း နဂါးကြီး၏ မီးတောက်မီးလျှံများထက် ပို၍ ပြင်းထန်သော မီးတောက်မီးလျှံများကို လွှတ် ပြန်၏။ မြတ်စွာဘုရားနှင့် နဂါးကြီးတို့၏ မီးတောက်မီးလျှံများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လင်းထိန်နေလေသည်။ ထိုအချိန်တွင် ရသေ့ကြီးနှင့် တပည့်တို့သည် မြတ်စွာဘုရား တည်းခိုရာ တဲကုပ်လေးကို ကြည့်ပြီး “အလွန်ချောမောလှပတဲ့ ရဟန်းကြီးကို နဂါးကြီးက ညှဉ်းပန်းနှိပ်စက်ပစ်လိုက်ပြီ” ဟု ပြောဆိုနေကြသည်။
နံနက်မိုးလင်းသောအခါ ဥရုဝေလကဿပရသေ့ကြီးနှင့် တပည့်ရသေ့တို့သည် မြတ်စွာဘုရားရှင် တည်းခိုရာ တဲကုပ်လေးကို လာကြည့်ကြသည်။ မြတ်စွာဘုရားရှင်သည် အကောင်းပကတိ ရှိပြီး သပိတ်၌ ထည့်ထားသော နဂါးကြီးကို မြင်တွေ့ကြရလေရာ မြတ်စွာဘုရားရှင်က နဂါးကြီးကို အနိုင်ရလိုက်ကြောင်း၊ နဂါးကြီးလည်း ထိုခိုက်နာကျင်မှု မရှိကြောင်း သဘောပေါက်သွားကြ၏။ ရသေ့ကြီးသည် မြတ်စွာဘုရား ရှင်ကို အလွန်အထင်ကြီးသွားလေသည်။ သို့သော် ရသေ့ကြီးသည် “ဪ ... ရဟန်းကြီးဟာ တန်ခိုး တော့ အတော်ထက်သားပဲ၊ ဒါပေမဲ့ ငါ့လိုတော့ မြင့်မြတ်တဲ့ ရဟန္တာ မဟုတ်သေးဘူး”ဟု တွေးနေသည်။
နောက်တစ်နေ့ည ရောက်သောအခါ စတုမဟာရာဇ်နတ်မင်းကြီးတို့သည် ကိုယ်ရောင်ကိုယ်ဝါတို့ ဖြင့် ထွန်းလင်းတောက်ပလျက် မြတ်စွာဘုရားထံ လာရောက်တရားနာကြသည်။ နောက်တစ်ညတွင် သိကြားမင်းသည် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းတောက်ပစွာဖြင့် လာရောက်ဖူးမြော်သည်။ နောက် တစ်နေ့ညတွင် သဟမ္ပတိဗြဟ္မာမင်းသည် တောအုပ်ကြီးတစ်ခုလုံးကို ထွန်းလင်းတောက်ပစေလျက် လာရောက်ဖူးမြော်ပြန်သည်။ သို့သော် ရသေ့ကြီးသည် မြတ်စွာဘုရား၏ ဘုန်းတန်ခိုးကြီးမားပုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သော်လည်း သူကဲ့သို့ မြင့်မြတ်သော ရဟန္တာ မဟုတ်ဟုသာ ထင်မြင်ယူဆနေ ဆဲဖြစ်၏။ မြတ်စွာဘုရားရှင်ကလည်း ရသေ့ကြီးသည် နောင်သောအခါ သာသနာတော်၌ အလွန် အားကိုးရမည့် ပုဂ္ဂိုလ်မြတ် ဖြစ်လာမည်ကို ကြိုတင်သိထားသောကြောင့် ရသေ့ကြီး၏ မာန်မာနကျမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသည်။
ဥရုဝေလတောအုပ်အနီးရှိ တိုင်းကြီးနှစ်တိုင်းမှ လူများသည် လစဉ် ကျင်းပမြဲဖြစ်သော ရသေ့ကြီး အား ပူဇော်လှူဒါန်းသည့် အလှူပွဲကြီးကို ကျင်းပနေကြသည်။ သို့ဖြစ်၍ ရသေ့ကြီးတို့ကျောင်း၌ လူများ စည်ကားနေသည်။ ထိုအချိန်တွင် ရသေ့ကြီးက “ရဟန်းကြီးဟာ တန်ခိုးကြီးတယ်၊ ငါ့ဒကာတွေကို တန်ခိုးပြလိုက်ရင် ငါ့ဒကာတွေဟာ ရဟန်းကြီးကို ကြည်ညိုသွားကြလိမ့်မယ်၊ ဒီတော့ မနက်ဖြန် ရဟန်းကြီး ဆွမ်းလာမစားရင် ကောင်းမှာပဲ”ဟု တွေးနေမိသည်။
မြတ်စွာဘုရားရှင်သည် ရသေ့ကြီး၏ အတွေးကို သိတော်မူသည်။ ထို့ကြောင့် နောက်တစ်ရက် အလှူပွဲတွင် ရသေ့တို့ထံ ဆွမ်းစားမကြွဘဲ အခြားနေရာသို့ ကြွတော်မူသည်။ နောက်တစ်ရက် ဆွမ်းစားချိန်၌ တွေ့ကြသောအခါ “ရဟန်းကြီး ... မနေ့က ဘာဖြစ်လို့ ဆွမ်းလာမစားတာလဲ၊ ကျွန်ုပ်တို့ ရဟန်းကြီးကို မျှော်နေကြတာ”ဟု ရသေ့ကြီးက ဟန်ဆောင်ပြောရာ မြတ်စွာဘုရားရှင်က “ရသေ့ကြီး ... သင် တွေးနေတာကို ငါဘုရား သိတယ်၊ မနေ့က ဆွမ်းလာမစားရင် ကောင်းမှာပဲလို့ တွေးနေခဲ့တယ် မဟုတ်လား၊ ဒါ့ကြောင့် ငါဘုရား အခြားနေရာကို ကြွပြီး ဆွမ်းဘုဉ်းပေးလိုက်တယ်”ဟု မိန့်တော်မူ လိုက်၏။ ဤအကြိမ်၌လည်း ရသေ့ကြီးက “ရဟန်းကြီးသည် ငါ၏ စိတ်အကြံကို သိသော်လည်း ငါ ကဲ့သို့ မြင့်မြတ်သော ရဟန္တာ မဟုတ်သေးဘူး”ဟု ထင်နေဆဲ ဖြစ်သည်။
နောက်တစ်ရက်တွင် သိကြားမင်းသည် မြတ်စွာဘုရားရှင်အတွက် ရေကန်၊ သင်္ကန်း လှန်းစရာ စသည်တို့ကို ဖန်ဆင်းပေးသည်။ ရသေ့ကြီးသည် ရေကန်စသည်တို့ကို တွေ့မြင်ရသောအခါ “ဒါတွေ ကို ဘယ်သူလုပ်ပေးထားတာလဲ”ဟုမေး၏။ မြတ်စွာဘုရားရှင်က “သိကြားမင်းလာပြီး ဖန်ဆင်းပေး သွားတာ”ဟု မိန့်တော်မူလိုက်သောအခါ “ဪ ... သိကြားမင်းကတောင်မှ ရဟန်းကြီးကို လာဖန်ဆင်း ပေးသွားတယ်၊ ရဟန်းကြီးဟာ တော်တော်တန်ခိုးကြီးတာပဲ၊ ဒါပေမဲ့ ငါ့လိုမြင့်မြတ်တဲ့ ရဟန္တာတော့ မဟုတ်သေးဘူး”ဟု တွေးနေမိပြန်သည်။ မြတ်စွာဘုရားရှင်နှင့် စကားပြောပြီးသောအခါ “ရဟန်းကြီး ... ဆွမ်းစားချိန် ရောက်ပြီ၊ ဆွမ်း သွားစားရအောင်”ဟု ပြောသည်။ မြတ်စွာဘုရားရှင်သည် “ရသေ့ကြီး . . ရှေ့က သွားနှင့်ပါ၊ ငါဘုရား နောက်က လိုက်ခဲ့မယ်”ဟု မိန့်တော်မူပြီး တန်ခိုးဖြင့် ကြွသွားတော်မူရာ ရသေ့ကြီး၏ကျောင်းသို့ အရင်ရောက်နေတော်မူ၏။ မြတ်စွာဘုရားရှင်က မည်သို့ပင် တန်ခိုးအမျိုးမျိုး ပြသော်လည်း သူကဲ့သို့ ရဟန္တာတော့ မဟုတ်သေးဘူးဟု ရသေ့ကြီးက ထင်နေဆဲဖြစ်သည်။ နောက်ဆုံး၌ မြတ်စွာဘုရားရှင်သည် “ရသေ့ကြီး ... သင်ဟာ သင့်ကိုယ်သင် မြင့်မြတ်တဲ့ ရဟန္တာလို့ ထင်နေခဲ့တယ်၊ တကယ်တော့ သင်ဟာ မြင့်မြတ်တဲ့ ရဟန္တာလည်း မဟုတ်သလို မြင့်မြတ်တဲ့ အကျင့်မှန်လည်း သင့်မှာ လုံးဝမရှိဘူး”ဟု ပွင့်ပွင့်လင်းလင်း မိန့်တော်မူလိုက်သည်။
ထိုအခါမှ ရသေ့ကြီးသည် ထိတ်လန့်ပြီး သူ့အား တပည့်အဖြစ် သတ်မှတ်၍ ရဟန်းပြုပေးပါရန် တောင်းပန်ခဲ့သည်။ ထို့အပြင် ရသေ့ကြီး၏ တပည့် ၅၀၀ တို့သည်လည်း ရသေ့ကြီးနည်းတူ တောင်းပန် ကြ၏။ ထို့နောက် နဒီကဿပရသေ့နှင့် တပည့်ရသေ့ ၃ဝဝ၊ ဂယာကဿပရသေ့နှင့် တပည့်ရသေ့ ၂ဝဝ တို့လည်း ရဟန်းပြုခွင့်တောင်းကြပြီး မြတ်စွာဘုရားရှင်၏ တပည့်သာဝကများ ဖြစ်လာကြသည်။