မြတ်စွာဘုရားနှင့် ဗိမ္ဗိသာရမင်းကြီး တွေ့ဆုံခြင်း
သင်ခန်းစာ (၄)
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီးတွေ့ဆုံခြင်း
[ပြင်ဆင်ရန်]ဘုရားအလောင်းတော်သည် တောထွက်တော်မူလာစဉ် ဗိမ္ဗိသာရမင်းကြီးနှင့်တွေ့ရာ ဘုရားအဖြစ် သို့ ရောက်တော်မူလျှင် ရာဇဂြိုဟ်ပြည်သို့ ရှေးဦးစွာ ကြွရောက်တော်မူပါရန် မင်းကြီးက တောင်းပန် လျှောက်ထားခဲ့သည်။
သို့ဖြစ်၍ ဘုရားရှင်သည် ဘုရားဖြစ်တော်မူသောအခါ ရဟန္တာ ၁ဝဝဝ ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ကြွလာတော်မူပြီး ရာဇဂြိုဟ်မြို့အနီး ထန်းတောကြီးရှိ ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော် မူသည်။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ကြွတော်မူလာကြောင်း ကြားသိသောအခါ ပုဏ္ဏားသူဌေး တစ်သိန်းနှစ်သောင်း ခြံရံလျက် မြတ်စွာဘုရားထံသို့ လာရောက်ဖူးမြော်လေ၏။ ဘုရားရှင်ထံမှောက် ရောက်သောအခါ မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုး၍ အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်နေ လေသည်။
ပုဏ္ဏားသူဌေးတို့သည် မြတ်စွာဘုရားရှင်၏ အနီး၌ ဥရုဝေလကဿပရသေ့ကြီးကို တွေ့ကြရာ “ဥရုဝေလကဿပရသေ့ကြီးက မြတ်စွာဘုရားထံ တပည့်ခံလိုက်တာလား၊ မြတ်စွာဘုရားက ဥရုဝေလ ကဿပရသေ့ကြီးထံ တပည့်ခံလိုက်တာလား”ဟု သံသယ ဖြစ်နေကြ၏။ သူဌေးတို့၏ စိတ်အကြံကို သိတော်မူသော မြတ်စွာဘုရားရှင်က “ချစ်သားကဿပ ... အရင်က ကျင့်ခဲ့တဲ့ မီးပူဇော်ခြင်းစသည့် အကျင့်များကို ကျင့်သေးသလား”ဟု ဥရုဝေလကဿပရသေ့ကြီးအား မေးတော်မူသည်။ ထိုအခါ ရသေ့ကြီးက “မီးပူဇော်ခြင်း အကျင့်များကို မကျင့်တော့ပါ၊ အရှင်ဘုရား ဟောကြားတော်မူတဲ့ တရား တော်ကို သိမြင်ပြီးပါပြီဘုရား”ဟု ပြန်လည်လျှောက်ထား၏။ ထို့နောက် မြတ်စွာဘုရားရှင်၏ ခြေဖမိုး ပေါ်တွင် ဦးခေါင်းကို တင်၍ “တပည့်တော်က အရှင်ဘုရားရဲ့ တပည့်ဖြစ်ပါတယ်ဘုရား”ဟု လျှောက်ထား ၏။ ထိုအခါ သူဌေးအပေါင်းတို့လည်း သံသယ ရှင်းသွားကြတော့သည်။
ထို့နောက် မြတ်စွာဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးနှင့် ပုဏ္ဏားသူဌေး တစ်သိန်း နှစ်သောင်းတို့ကို တရားဟောကြားတော်မူသည်။ တရားအဆုံး၌ ဗိမ္ဗိသာရမင်းကြီးနှင့် ပုဏ္ဏားသူဌေး တစ်သိန်းတစ်သောင်း တို့သည် သောတာပတ္တိဖိုလ်၌ တည်ကြ၏။ ကျန်ပုဏ္ဏားသူဌေး တစ်သောင်းတို့လည်း သရဏဂုံတည် ဥပါသကာများ ဖြစ်ခဲ့ကြလေသည်။
ဗိမ္ဗိသာရမင်းကြီးသည် ရှင်ဘုရင်မဖြစ်မီ မင်းသားဘဝတွင်ပင် တောင့်တချက်ငါးပါး ရှိခဲ့သည်။ ထိုငါးပါးတို့မှာ (၁) မဂဓတိုင်း၏ ရှင်ဘုရင်ဖြစ်လိုခြင်း၊ (၂) မိမိတိုင်းပြည်သို့ မြတ်စွာဘုရား ကြွ လာတော်မူရန် အလိုရှိခြင်း၊ (၃) မြတ်စွာဘုရားအား ရိုသေစွာ ပူဇော်ဆည်းကပ်လိုခြင်း၊ (၄) မြတ်စွာ ဘုရားထံမှ နိဗ္ဗာန် ရောက်ကြောင်း တရားတော်များကို နာကြားလိုခြင်းနှင့် (၅) တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်လိုခြင်းတို့ ဖြစ်သည်။ ယခုအခါ ထိုအချက် ငါးပါးလုံး ပြည့်စုံခဲ့ပြီ ဖြစ်၏။ ထို့နောက် ဗိမ္ဗိသာရမင်းကြီးသည် ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး ဥပါသကာ အဖြစ် မှတ်ယူတော်မူပါဟု လျှောက်ထားလေသည်။ ထို့နောက် မင်းကြီးသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့ကို ဆွမ်းအလှူခံရန် ပင့်ဖိတ်ခဲ့သည်။ မြတ်စွာဘုရားသည် မင်းကြီး၏ ပင့်ဖိတ် ခြင်းကို လက်ခံတော်မူ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နန်းတော်သို့ ပြန် သွားလေသည်။
ဗိမ္ဗိသာရမင်းကြီး၏ ဆွမ်းအလှူတော်ပွဲသို့ ကြွရောက်တော်မူမည့် မြတ်စွာဘုရားကို လူပရိသတ် များစွာတို့က ထန်းတောဥယျာဉ်သို့ လာရောက်ဖူးမြော်ကြသည်။ လူပရိသတ် များလွန်းလှသဖြင့် ရဟန်းတော်တစ်ပါး လမ်းလျှောက် ကြွနိုင်ရုံလောက်ပင် နေရာမရှိ ဖြစ်နေသည်။ သို့ဖြစ်၍ မြတ်စွာ ဘုရားရှင်နှင့် သံဃာတော်များ ရာဇဂြိုဟ်မြို့တွင်းသို့ ကြွနိုင်ရန် သိကြားမင်းက လုလင်ပျိုအသွင် ဖန်ဆင်းကာ လမ်းရှင်းပေးရသည်။
ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားရှင်ကို ကြည်ညိုလှသဖြင့် ထိုဆွမ်းအလှူပွဲတွင် ဝေဠုဝန် ဥယျာဉ်တော်ကို မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ရေစက်သွန်းချ လှူဒါန်းခဲ့၏။ မြတ်စွာဘုရား ရှင်သည် ထိုဝေဠုဝန်ဥယျာဉ် ကျောင်းတိုက်တော်၌ နှစ်ပေါင်းများစွာ ဝါဆိုဝါကပ်တော်မူခဲ့ပြီး တရား ဒေသနာတော်များစွာကိုလည်း ဟောကြားတော်မူခဲ့သည်။