မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း
သင်ခန်းစာ (၅)
[ပြင်ဆင်ရန်]မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးချိန်မှစ၍ ကျွတ်ထိုက်သော သတ္တဝါများကို မနေမနား တရားဓမ္မများ ဟောကြားလျက် သာသနာပြုတော်မူသည်။ ဘုရင်မင်းမြတ်နှင့် သူဌေးသူကြွယ်တို့အား တရားဓမ္မများ ဟောကြားညွှန်ပြခဲ့သကဲ့သို့ ဆင်းရဲသားတို့ကိုလည်း ဟောပြကယ်တင်တော်မူခဲ့၏။ မြတ်စွာဘုရားရှင်သည် မိမိ၏ သာသနာပြုလုပ်ငန်းများ ပိုမိုထွန်းကား ပြန့်ပွားစေရန်နှင့် မိမိမရှိသည့် နောက်တွင်လည်း မိမိဟောကြားခဲ့သော ဒေသနာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေ ရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် သံဃာ့အဖွဲ့အစည်းကြီးကိုလည်း စည်းကမ်းဥပဒေများ စနစ်တကျ သတ်မှတ်ပြဋ္ဌာန်း၍ ဖွဲ့စည်းတည်ထောင်တော်မူခဲ့သည်။
မြတ်စွာဘုရားရှင်သည် သာသနာပြုကာလ ၄၅ နှစ်မြောက်၊ သက်တော် ၈ဝ အရွယ်သို့ ရောက်သောအခါ နောက်ပါရဟန်းများနှင့်အတူ ကုသိနာရုံပြည်သို့ ကြွတော်မူသည်။ လမ်းခရီးတွင် ပါဝါပြည်၌ နားတော်မူရာ စုန္ဒပန်းထိမ်သည်က မြတ်စွာဘုရားအား တောဝက်ပျိုသားနှင့် ဆွမ်းဆက် ကပ်လှူဒါန်း၏။ သက်တော်ကြီးရင့်တော်မူသော မြတ်စွာဘုရားသည် ဝမ်းရောဂါဖြစ်၍ သွေးဝမ်းသွန် တော်မူသည်။ ထိုရောဂါကို သည်းခံတော်မူလျက် ခရီးဆက်ရာ လမ်းခရီးတစ်လျှောက် ပင်ပန်းတော်မူ သည့်အတွက် အကြိမ်များစွာ အနားယူတော်မူရသည်။
လမ်းခရီးတစ်နေရာတွင် ရေဆာတော်မူသဖြင့် အရှင်အာနန္ဒာကို ရေခပ်ခိုင်းတော်မူသည်။ ထိုအခါ အရှင်အာနန္ဒာက ချောင်းကို လှည်းအစီး ၅၀ဝ ဖြတ်သန်းသွားပြီးစအချိန် ဖြစ်နေ၍ ရေများ နောက်ကျိနေကြောင်း၊ ကကုဓာမြစ်သည် သိပ်မဝေးတော့ကြောင်း၊ ထိုမြစ်သို့ ရောက်သောအခါမှသာလျှင် ဘုဉ်း ပေးတော်မူပါရန် လျှောက်ထားလိုက်၏။ သို့သော် မြတ်စွာဘုရားရှင်က သုံးကြိမ်တိုင်တိုင် ရေခပ်ခိုင်း တော်မူသောအခါ အရှင်အာနန္ဒာသည် သပိတ်တော်နှင့် ရေသွားခပ်သည်။ ထိုသို့ ရေခပ်လိုက်သည် နှင့်တစ်ပြိုင်နက် နောက်ကျိနေသော ရေသည် သန့်ရှင်းကြည်လင်သွား၏။ ထိုရေကို ဘုဉ်းပေးတော်မူ ပြီးနောက် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ဆက်လက်၍ ကြွတော်မူသည်။
အင်ကြင်းဥယျာဉ်သို့ ရောက်သောအခါ မြတ်စွာဘုရားရှင်သည် အင်ကြင်းပင်အစုံတို့၏ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းပေါ်တွင် လျောင်းတော်မူနေသည်။ ထိုအခါ အင်ကြင်းပင် အစုံတို့သည် ဘုရားရှင်ကို ပူဇော်သည့်အနေဖြင့် အချိန်အခါမဟုတ်ဘဲ ပင်လုံးကျွတ် ပွင့်ကြ၏။ ထို့နောက် နတ်ဗြဟ္မာများ စုရုံးရောက်ရှိလာကြပြီး နတ်ပန်းများ၊ နတ်တူရိယာများဖြင့် တီးခတ်ပူဇော်ကြ၏။ နတ်ဗြဟ္မာများ ပူဇော်အပြီးတွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော ရဟန်းသံဃာတော်များ၊ လူဒါယကာ၊ ဒါယိကာမများသည် နောက်ဆုံးအနေဖြင့် ရှိခိုးပူဇော်ကြသည်။ ထို့နောက် နောက်ဆုံး ချေချွတ်မည့် သုဘဒ္ဒပရိဗိုဇ်ကို ချေချွတ်တော်မူပြီး သတိတရား အမြဲလက်ကိုင်ထား၍ နေကြရန် မှာကြား တော်မူကာ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်။