အသက်နှင့်လဲ၍ သီလစောင့်သူ
သင်ခန်းစာ (၆) အသက်နှင့်လဲ၍ သီလစောင့်သူ
[ပြင်ဆင်ရန်]တစ်ခါက ရွာတစ်ရွာတွင် ရတနာသုံးပါးကို အလွန်ကြည်ညိုသော လယ်သမားတစ်ယောက် ရှိသည်။ တစ်ခုသော နံနက်တွင် လယ်သမားသည် ရွာဦးကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကာ တောသို့ လယ်ထွန်သွားလေသည်။ အချိန်အတန်ကြာ လယ်ထွန်ပြီး ခေတ္တ ခဏ နားနေစဉ် နွားတစ်ကောင် ပျောက်သွားသည်။ နွားကို နေရာအနှံ့ လိုက်ရှာရင်း တောင်ပေါ်သို့ ရောက်သွား၏။
တောင်ပေါ်တွင် လှည့်လည်ရှာဖွေနေစဉ် စပါးကြီးမြွေတစ်ကောင်က လယ်သမားကို ရုတ်တရက် ရစ်ပတ်လိုက်သည်။ ထိုအချိန်တွင် လယ်သမားအတွက် နွားပြန်တွေ့ရေးထက် အသက်ဘေးမှ လွတ်မြောက်ရေးသည် ပိုအရေးကြီးလေသည်။ ထို့ကြောင့် စပါးကြီးမြွေကြီး၏ ရစ်ပတ်ခြင်းမှ လွတ်မြောက်ရန် အပြင်းအထန် ကြိုးပမ်း၏။ သို့သော် အင်အားချင်း မမျှသဖြင့် လွတ်မြောက်ရန် လမ်းမမြင် ဖြစ်နေသည်။ ထို့ကြောင့် အသင့်ပါလာသော ဓားဖြင့် မြွေကြီး၏ဦးခေါင်းကို ဖြတ်ရန် ကြံစည်လေသည်။
ဤသို့ အကြံဖြစ်သည်နှင့် တစ်ပြိုင်တည်းမှာပင် နံနက်စောစောက ဆရာတော်ထံ၌ ရှစ်ပါးသီလ ဆောက်တည်ထားသည်ကို သတိရလိုက်၏။ ထို့ကြောင့် မိမိသီလကို စောင့်ထိန်းလိုသဖြင့် မြွေကြီးကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သေရမည်ကို ကြောက်လာပြန်သည်။ ထို့ကြောင့် မြွေကြီး၏ ဦးခေါင်းကို ဖြတ်ရန် ဓားကို ကိုင်မိပြန်သည်။ သီလဆောက်တည်ထားသည်ကိုလည်း သတိရပြန် သည်။ ဤသို့ဖြင့် သုံးကြိမ်တိုင်တိုင် ချီတုံချတုံ ဖြစ်နေ၏။ လယ်သမားအတွက် အသက်နှင့်သီလ တစ်ခုခုကို ရွေးချယ်ရမည့် အခြေအနေတွင် လယ်သမားသည် အသက်ကို အသေခံ၍ သီလကို စောင့်ထိန်းမည်ဟု ဆုံးဖြတ်လိုက်ပြီး ဓားကို လွှင့်ပစ်လိုက်သည်။
ဥပုသ်သည်လယ်သမား၏ သီလတန်ခိုးကြောင့် စပါးကြီးမြွေသည် လယ်သမားကို ရစ်ပတ် ထားရာမှ ဖြေလွှတ်၍ တောထဲသို့ ဝင်သွားလေသည်။ ဤသို့ဖြင့် ဥပုသ်သည် လယ်သမားသည် အသက် ဘေးမှ အပြီးတိုင် လွတ်မြောက်သွားလေသည်။
တရားစောင့်သောသူကို တရားက ပြန်စောင့်ရှောက်သည်ဟု မြတ်စွာဘုရား ဟောတော် မူသည့်အတိုင်းပင် သီလကို အသက်နှင့်လဲ၍ စောင့်ထိန်းသူကို သူစောင့်ထိန်းသော သီလက ပြန်၍ စောင့်ရှောက်ခဲ့ခြင်းပင် ဖြစ်သည်။