မာတိကာသို့ ခုန်သွားရန်

ရေဝတတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၆-ဗြာဟ္မဏဝဂ်။ ၂၉-ရေဝတတ္ထေရဝတ္ထု

၄၁၂။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။
အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာမဏေ၏ လာဘ်လာဘဘုန်းကံတို့သည် အံ့ဩဖွယ်ရာပေတည်းဟု အချီးမွမ်းခံရသော အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး ရေဝတထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဣဓ၊ ဤလောက၌။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုညဉ္စ၊ ကုသိုလ်ကိုလည်းကောင်း။ ပါပဉ္စ၊ အကုသိုလ်ကိုလည်းကောင်း။ ဥဘော၊ နှစ်ပါးစုံတို့ကိုလည်းကောင်း။ သင်္ဂံ၊ ကပ်ငြိတတ်သော တဏှာကိုလည်းကောင်း။ ဥပစ္စဂါ၊ လွန်မြောက်၏။ အသောကံ၊ စိုးရိမ်ခြင်းမရှိသော။ ဝိရဇံ၊ ကိလေသာမြူ ကင်းသော။ သုဒ္ဓံ၊ စင်ကြယ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ဤလောက၌ ကုသိုလ်အကုသိုလ် နှစ်ပါးစုံ ကုသိုလ်အကုသိုလ်နှင့် ကပ်ငြိတတ်သော တဏှာကို လွန်မြောက်ပြီးလျှင် စိုးရိမ်ခြင်းလည်းမရှိ ကိလေသာမြူလည်းမရှိသဖြင့် စင်ကြယ်သောသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ပုညံ = ပုနာတီတိ ပုညံ။ ပုနယ+ဏျ (န-လာ)
သင်္ဂံ = သဉ္ဇနံ သင်္ဂေါ။ သဇ်+ဏ။
ဥပစ္စဂါ = ဥ+အတိ+ဂမု+အ+အာ။

ရေဝတတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၆-ဗြာဟ္မဏဝဂ်

၂၉-ရေဝတတ္ထေရဝတ္ထု ပါဠိဂါထာ

၇၁၆။ ယောဓ ပုညဉ္စ ပါပဉ္စ, ဥဘော သင်္ဂ’မုပစ္စဂါ၊
အသောကံ ဝိရဇံ သုဒ္ဓံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤလောက၌။ ပုညဉ္စ၊ ကောင်းမှုလည်းကောင်း။ ပါပဉ္စ၊ မကောင်းမှုလည်းကောင်း။ (ဣတိ၊ ဤသို့။) ဥဘော၊ နှစ်မျိုးလုံးတို့ကို။ (ဆဍ္ဍေတွာ၊ ပယ်စွန့်၍။) သင်္ဂံ၊ ရာဂဒေါသ, အစရှိခုနစ်သွယ်, ငြိတွယ်တတ်သော တရားကို။ ဥပစ္စဂါ၊ လွန်မြောက်ပြီ။ အသောကံ၊ သောကမရှိသော။ ဝိရဇံ၊ ကင်းသော ရာဂစသော မြူရှိသော။ ဝါ၊ ရာဂစသောမြူကင်းသော။ သုဒ္ဓံ၊ ကိလေသာကင်းသဖြင့် သန့်ရှင်းစင်ကြယ်သော။ တံ၊ ပေ။ ဗြူမိ[ဓမ္မဂါနိ-၂-၉၈၌ ရေးခဲ့ပြီ။] (ပါ-၄၁၂)

ရေဝတတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။