မာတိကာသို့ ခုန်သွားရန်

ရောဟိနီခတ္တိယကညာဝတ္ထု

ဝီကီရင်းမြစ် မှ
3012ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁။ ရောဟိနီခတ္တိယကညာဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ကောဓဝဂ်

၁။ ရောဟိနီမင်းသမီးဝတ္ထု

ကောဓံ ဇဟေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ် ရောဟိနီမည်သော မင်းသမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရောဟိနီ၏ နူနာရောဂါနှင့် ဆွမ်းစားကျောင်းအလှူ

တစ်ပါးသောအခါ အရှင်အနုရုဒ္ဓါမထေရ်သည် ငါးရာသောရဟန်းတို့နှင့် အတူတကွ ကပိလဝတ်ပြည်သို့ ကြွသွားတော်မူသတတ်၊ ထိုအခါ အရှင်အနုရုဒ္ဓါမထေရ်၏ ဆွေတော်မျိုးတော်တို့သည် “အနုရုဒ္ဓါမထေရ်မြတ် ကြွလာပြီ”ဟူသော စကားကို ကြားရလျှင် မထေရ်မြတ်၏ နှမဖြစ်သော ရောဟိနီမည်သော မင်းသမီးကို ထားခဲ့၍ မထေရ်မြတ်၏ အထံဖြစ်သော ကျောင်းတော်သို့ သွားရောက်ကြလေကုန်၏။ ရှင်အနုရုဒ္ဓါမထေရ်သည် ဆွေတော်မျိုးတော်တို့ကို “ရောဟိနီကား အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- အိမ်၌ ရှိပါသည်ဘုရား”ဟု လျှောက်ကြကုန်သော် “အဘယ့်ကြောင့် ဤကျောင်းကို မလာဘိသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်ဘုရား- ထိုရောဟိနီ၏ကိုယ်၌ ဆဝိရောဂါမည်သော အရေ၌ဖြစ်သော အနာရောဂါ ဖြစ်နေသည်ဟု ရှက်နိုးလှသဖြင့် မလိုက်လာပါဘုရား”ဟု လျှောက်ကြကုန်သည်ရှိသော် ထိုအနုရုဒ္ဓါမထေရ်သည် “ရောဟိနီကို ခေါ်ချေကြကုန်လော့”ဟု ခေါ်စေတော်မူသောကြောင့် အဝတ်သင်တိုင်းကို ဝတ်ဆင်၍ ရောက်လာသော ရောဟိနီကို “ရောဟိနီ- အဘယ့်ကြောင့် မလာဘိသနည်း”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်မ၏ကိုယ်၌ အရေ၌ဖြစ်သော အနာရောဂါသည် ဖြစ်နေပါသည်။ ထို့ကြောင့် ရှက်နိုးလှသဖြင့် မလာရပါဘုရား”ဟု လျှောက်ကြားလတ်သော် “အသို့နည်း၊ သင်သည် ကောင်းမှုပြုခြင်းငှာ မသင့်လေသလော”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဘုရား”ဟု မေးလျှောက်လတ်သည်ရှိသော် “ဆွမ်းစားဇရပ်ကို ဆောက်လုပ်လေလော့”ဟု မိန့်တော်မူလေ၏။ “အဘယ်ဥစ္စာကိုယူ၍ ဆောက်လုပ်ရပါအံ့နည်းဘုရား”ဟု မေးလျှောက်ပြန်လတ်သော် “သင့်အား ဝတ်ဆင်သော တန်ဆာသည် မရှိလေပြီလော”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- ရှိပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “အဘိုးမည်မျှ ထိုက်တန်အံ့နည်း”ဟု မေးတော်မူလေ၏။ “အဘိုးတစ်သောင်း ထိုက်တန်ပါလိမ့်မည် ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုသို့ဖြစ်မူ ထိုတန်ဆာကိုစွန့်၍ ရောင်း၍ ဆွမ်းစားဇရပ် ဆောက်လုပ်လေလော့”ဟု မိန့်တော်မူပြန်လေ၏။ “အရှင်ဘုရား- အဘယ်သူသည် တပည့်တော်မအတွက် ဆောက်လုပ်ပေးပါလိမ့်မည်နည်းဘုရား”ဟု လျှောက်ပြန်လတ်သော် အနုရုဒ္ဓါမထေရ်မြတ်သည် အနီး၌ တည်နေကုန်သော ဆွေတော်မျိုးတော်တို့ကို ကြည့်ရှု၍ “သင်တို့၏ တာဝန်ဖြစ်စေလော့”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့သည်ကား အဘယ်အမှုကို ပြုလုပ်တော်မူကြပါအံ့နည်းဘုရား”ဟု လျှောက်ကြားလတ်သည်ရှိသော် “ငါသည်လည်း ဤအရပ်၌ ရှိသည်ဖြစ်လတ္တံ့”ဟု မိန့်ဆိုတော်မူပြီးလျှင် “ထိုသို့ဖြစ်မူ ထိုဆွမ်းစားဇရပ်၏ အလို့ငှာ သစ်သားအဆောက်အဦတို့ကို ဆောင်ယူကြကုန်လော့”ဟု မိန့်တော်မူလေ၏။

ကုသိုလ်ပြုခြင်းကြောင့် ဝေဒနာသက်သာခြင်း

ဆွေတော်မျိုးတော်တို့သည် “ကောင်းပါပြီ အရှင်ဘုရား”ဟု ဝန်ခံ၍ ဆောင်ယူကြလေကုန်၏။ ရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ဆွမ်းစားဇရပ်ကို စီရင်တော်မူလျက် ရောဟိနီကို အမိန့်ရှိသည်မှာ “ဘုံနှစ်ဆင့်ရှိသော ဆွမ်းစားဇရပ်ကို ဆောက်လုပ်စေသဖြင့် အထက်၌ ပျဉ်ချပ်တို့ကို ခင်းသောကာလမှစ၍ ဇရပ်၏ အောက်ထပ်ကို အမြဲမပြတ် တံမြက်လှည်း၍ နေရာတို့ကို ခင်းကျင်းလေလော့၊ အမြဲမပြတ် သောက်ရေအိုးတို့ကို တည်ထားလေလော့”ဟု မိန့်ဆိုတော်မူလေ၏။ ရောဟိနီသည် “အရှင်ဘုရား- ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ ဆင်မြန်းသော တန်ဆာကိုရောင်းပြီးလျှင် ဘုံနှစ်ဆင့်ရှိသော ဆွမ်းစားဇရပ်ကို ဆောက်လုပ်စေ၍ အထက်၌ ပျဉ်ချပ်ခင်းသော ကာလမှစ၍ ဇရပ်၏ အောက်ထပ်ကို တံမြက်လှည်းခြင်း စသည်တို့ကို ပြုလုပ်လေ၏။ ရဟန်းတို့သည် အမြဲမပြတ် နေထိုင်ကြရကုန်၏။ ထိုအခါ ရောဟိနီအား ဆွမ်းစားဇရပ်ကို တံမြက်လှည်းစဉ်သာလျှင် အရေ၌ဖြစ်သော အနာရောဂါသည် ညှိုးနွမ်းလာလေ၏။ ဆွမ်းစားဇရပ် ပြီးလတ်သည်ရှိသော် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်းအား ပင့်ဖိတ်၍ ဆွမ်းစားဇရပ်ကို ပြည့်စေသဖြင့် သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား မွန်မြတ်သော ခဲဖွယ်ကို လှူဒါန်း ဆက်ကပ်လေ၏။

မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသည်ရှိသော် “ဤအလှူသည် အဘယ်သူ၏ အလှူနည်း”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ နှမဖြစ်သော ရောဟိနီမင်းသမီး၏ အလှူဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုရောဟိနီသည်ကား အဘယ်မှာနည်း”ဟု မေးတော်မူပြန်၏။ “မြတ်စွာဘုရား- အိမ်၌ရှိပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုရောဟိနီကို ခေါ်ချေလော့”ဟု မိန့်တော်မူလေ၏။ ရောဟိနီသည် လာခြင်းငှာ အလိုမရှိဘဲနေလေ၏။ ထိုအခါ ရောဟိနီကို မြတ်စွာဘုရားသည် အလိုမရှိသော်လည်း ခေါ်စေတော်မူသည်သာလျှင်တည်း၊ ရောက်လာပြီးသည်ရှိသော် ရှိခိုးလျက်နေသော ရောဟိနီကို “ရောဟိနီ- အဘယ်ကြောင့် မလာဘဲနေဘိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်ဘုရား- တပည့်တော်မ၏ကိုယ်၌ အရေ၌ဖြစ်သော အနာရောဂါသည် ရှိနေပါသည်ဘုရား၊ ထို့ကြောင့် ရှက်နိုးလှသဖြင့် မလာဘဲနေရပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “အဘယ်ကိုမှီ၍ သင့်အား ဤအနာရောဂါ ဖြစ်ဘိသနည်း၊ သိ၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မသိပါဘုရား”ဟု နားတော် လျှောက်လတ်သော် “သင်၏ အမျက်ထွက်ခြင်းကိုမှီ၍ ဤအနာရောဂါဖြစ်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် အဘယ်မကောင်းမှုကို ပြုမိပါသနည်းဘုရား”ဟု နားတော်လျှောက်ပြန်သော် “ထိုသို့ဖြစ်မူ နားထောင်လေလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ ရောဟိနီအား မြတ်စွာဘုရားသည် လွန်လေပြီးသောအကြောင်းကို ဤသို့ ဆောင်တော်မူလေ၏။

ရောဟိနီ၏ ရှေးအတိတ် မကောင်းမှု

လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည့်ရှင် မင်းကြီး၏ မိဖုရားကြီးသည် မင်းကြီး၏ တစ်ယောက်သော ကချေသည်မအား ရန်ငြိုးဖွဲ့ပြီးလျှင် ထိုကချေသည်မအား ဆင်းရဲခြင်းကို ဖြစ်စေအံ့ဟု ကြံ၍ များစွာသော ခွေးလှေးယားသီးတို့ကို ဆောင်ယူစေပြီးလျှင် ထိုကချေသည်မကို မိမိအထံသို့ ခေါ်စေ၍ အကြင် အခြင်းအရာဖြင့် ကချေသည်မသည် မသိ၊ ထိုအခြင်းအရာဖြင့် ကချေသည်မ၏ အိပ်ရာ၌လည်းကောင်း၊ အပေါ်လွှမ်း, စုလျား, ကော်ဇောအခင်း စသည်တို့ အကြားတို့၌လည်းကောင်း၊ ခွေးလှေးယားသီးမှုန့်တို့ကို ထားစေလေ၏။ ပြက်ရယ်မှုပြုသကဲ့သို့ ထိုကချေသည်မ၏ကိုယ်၌ ဖြန့်ကြဲလေ၏။ ထိုခဏချင်းပင်လျှင် ကချေသည်မ၏ကိုယ်သည် မီးလောင်ဖုနှင့်တူသော ယားနာဖုအပေါင်း ဖြစ်ရှာလေ၏။ ကချေသည်မသည် ယားယံလှသဖြင့် အိပ်ရာ၌သွား၍ အိပ်လေ၏။ ထိုအိပ်ရာ၌လည်း ကချေသည်မအား ခွေးလှေးယားသီးမှုန့်တို့သည် ကိုက်ခဲဘိသကဲ့သို့ ပြင်းပြသောဝေဒနာသည် ဖြစ်ရရှာလေ၏။ ထိုအခါ ရောဟိနီသည် မိဖုရားကြီး ဖြစ်ဖူးလေသတည်း။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ “ရောဟိနီ ထိုအခါ သင်ရောဟိနီသည် ထိုသို့သောမကောင်းမှုကံကို ပြုဖူးလေပြီ၊ အနည်းငယ်မျှလည်းဖြစ်သော အမျက်ထွက်ခြင်းလည်းကောင်း ငြူစူခြင်းကိုလည်းကောင်း ပြုခြင်းငှာ မသင့်သော သဘောရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၂၁] ကောဓံ ဇဟေ ဝိပ္ပဇဟေယျ မာနံ၊
သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊
အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

ကောဓံ၊ အမျက်ဒေါသကို။ ဧဟေ၊ စွန့်ရာ၏။ မာနံ၊ မာန်မာနကို။ ဝိပ္ပဇဟေယျ၊ ပယ်စွန့်ရာ၏။ သဗ္ဗသံယောဇနံ၊ အလုံးစုံသော သံယောဇဉ်ကို။ အတိက္ကမေယျ၊ လွန်မြောက်ရာ၏။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ အသဇ္ဇမာနံ၊ တွယ်တာကပ်ငြိခြင်းမရှိသော။ အကိဉ္စနံ၊ ရာဂစသော ကြောင့်ကြခြင်းမရှိသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဒုက္ခာ၊ ဆင်းရဲတို့သည်။ နာနုပတန္တိ၊ မကျနိုင်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ရောဟိနီသည်လည်း သောတာပတ္တိဖိုလ်၌ တည်သည်ဖြစ်၍ ထိုခဏချင်း၌သာလျှင် ရောဟိနီ၏ကိုယ်သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကိုယ် ဖြစ်လေ၏။

ရောဟိနီကို နတ်သားလေးဦး လုခြင်းနှင့် သိကြားမင်းဆုံးဖြတ်ပုံ

ထိုရောဟိနီသည် ထိုကိုယ်အဖြစ်မှ စုတေမနေ ကွယ်လွန်လေသည်ရှိသော် တာဝတိံသာနတ်ပြည်ဝယ် နတ်သားလေးယောက်တို့၏ နယ်နိမိတ်အပိုင်းအခြား၌ဖြစ်၍ ကြည်လင်နှစ်သက်ဖွယ် တင့်တယ်သော ရုပ်အဆင်းအထူးသို့ ရောက်သည်ဖြစ်လေ၏။ နတ်သား လေးယောက်တို့သည်လည်း ထိုရောဟိနီနတ်သမီးကိုမြင်လျှင် ဖြစ်သော ချစ်ခင်ခြင်း ရှိကုန်သည်ဖြစ်၍ “ငါ၏အပိုင်းအခြားအတွင်း၌ ဖြစ်၏”ဟု ပြောဆိုကြကုန်လျက် သိကြားနတ်မင်း၏အထံသို့ သွားပြီးလျှင် “ဤနတ်သမီးကိုမှီ၍ တရားတွေ့ခြင်း ဖြစ်ရပါသည်။ ထိုတရားကို စီရင်ဆုံးဖြတ်တော်မူပါ”ဟု လျှောက်ကြားကြလေကုန်၏။ သိကြားမင်းသည်လည်း ထိုရောဟိနီနတ်သမီးကို ကြည့်ရှု၍သာလျှင်ဖြစ်သော ချစ်ခင်ခြင်းရှိသည်ဖြစ်၍ “ဤနတ်သမီးကို မြင်ရသောကာလမှစ၍ အသင်တို့၏စိတ်သည် အဘယ်သို့ ဖြစ်ကြကုန်ဘိသနည်း”ဟု မေးစစ်လေ၏။ ထိုအခါ နတ်သားတစ်ယောက်သည် “အရှင်မင်းကြီး- ကျွန်တော်မျိုး၏ သန္တာန်၌ဖြစ်သော စိတ်ကား စစ်မြေပြင်၌ စည်ကြီးကဲ့သို့ ငြိမ်သက်ခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်လေ၏။ နှစ်ယောက်မြောက်ဖြစ်သော နတ်သားသည် “ကျွန်တော်မျိုး၏ စိတ်ကား တောင်ကျမြစ်ကဲ့သို့ လျင်မြန်စွာဖြစ်လျက်ရှိပါသည်”ဟု လျှောက်လေ၏။ သုံးယောက်မြောက်ဖြစ်သော နတ်သားသည် “ကျွန်တော်မျိုး၏ မျက်စိတို့သည် ဤနတ်သမီးကို မြင်ရသောကာလမှစ၍ ပုစွန်၏မျက်စိကဲ့သို့ ထွက်ကုန်ပါသည်”ဟု လျှောက်လေ၏။ လေးယောက်မြောက်ဖြစ်သော နတ်သားသည်ကား “ကျွန်တော်မျိုး၏စိတ်သည် စေတီ၌ စိုက်အပ်သော တံခွန်ကဲ့သို့ မတုန်မလှုပ် တည်တံ့ခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်လေ၏။ ထိုအခါ နတ်သားတို့ကို သိကြားမင်းသည် “အမောင်နတ်သားတို့- ရှေးဦးစွာ သင်တို့၏စိတ်တို့သည် နှိမ်နင်းနိုင်သော သဘောရှိကြကုန်သေး၏။ ငါသည်ကား ဤနတ်သမီးကို ရသည်ရှိသော် အသက်ရှင်အံ့၊ မရချေသည်ရှိသော် ငါ့အား သေရခြင်း ဖြစ်ပေလတ္တံ့”ဟု ဆိုလေ၏။ နတ်သားတို့သည် “အရှင်မင်းကြီး-- အရှင်မင်းကြီးတို့၏ သေခြင်းဖြင့် အလိုမရှိပါ”ဟု ဆိုကုန်၍ ထိုရောဟိနီနတ်သမီးကို သိကြားမင်းအားစွန့်၍ ဖဲသွားကြလေကုန်၏။ ထိုရောဟိနီနတ်သမီးသည် သိကြားမင်း၏ လွန်စွာချစ်ခင် မြတ်နိုးအပ် နှစ်လိုခြင်းကို ပွားစေတတ်သော နတ်သမီးဖြစ်လေ၏။ “ဤမည်သောကစားပွဲသို့ ကျွန်မတို့ သွားချင်ကြပါသည်”ဟု ဆိုသည်ရှိသော် သိကြားမင်းသည် ထိုနတ်သမီး၏စကားကို ပယ်ရှားခြင်းငှာ မတတ်နိုင်ရှာလေသတည်း။

ရောဟိနီမင်းသမီး ဝတ္ထုပြီး၏။