မာတိကာသို့ ခုန်သွားရန်

လာဇဒေဝဓီတာဝတ္ထု

ဝီကီရင်းမြစ် မှ

ပါပဝဂ်

၃။ လာဇာနတ်သမီးဝတ္ထု

ပုညဉ္စေ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လာဇာနတ်သမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပေါက်ပေါက်လှူသော လယ်တောသူ

အရှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ နေတော်မူလျက် ဈာန်ဝင်စားသဖြင့် ခုနစ်ရက်မြောက်သောနေ့၌ ဈာန်မှထတော်မူပြီးလျှင် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ဆွမ်းခံရာအရပ်ကို ကြည့်လတ်သည်ရှိသော် သလေးကောက်ကြီးခင်းစောင့်သော မိန်းမတစ်ယောက်သည် သလေးနှံတို့ကိုယူ၍ ပေါက်ပေါက်လှော်သည်ကို မြင်ရလျှင် “သဒ္ဓါတရားရှိသလော, သဒ္ဓါတရား မရှိသလော”ဟု စူးစမ်းဆင်ခြင်လေ၏။ “သဒ္ဓါတရားရှိ၏”ဟု သိတော်မူသဖြင့် “ငါ့အား ထောက်ပံ့ခြင်းငှာ တတ်နိုင်အံ့လော, မတတ်နိုင်အံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူပြန်၏။ “သတို့သမီးသည် ကြောက်ရွံ့ခြင်းကင်းလျက် ရဲရဲရင့်ရင့် ငါ့ကို ထောက်ပံ့ခြင်းပြုလတ္တံ့၊ ပြုပြီးလတ်သော်ကား စည်းစိမ်ကြီးကို ရပေလတ္တံ့”ဟု သိတော်မူ၍ သင်္ကန်းရုံသဖြင့် သပိတ်ကိုကိုင်ယူလျက် သလေးစပါးခင်းအနီး၌သာ ရပ်တော်မူလေ၏။ အမျိုးသမီးသည်လည်း မထေရ်ကို မြင်လျှင်မြင်ချင်း ကြည်လင်သောစိတ်ရှိရကား ငါးပါးအပြားရှိသောပီတိ နှံ့ထိသောကိုယ်ရှိသဖြင့် “အရှင်ဘုရား- ရပ်တော်မူပါဦးဘုရား”ဟု လျှောက်ဆို၍ ပေါက်ပေါက်တို့ကိုယူလျက် လျင်မြန်စွာသွားပြီးမှ မထေရ်၏သပိတ်၌ လောင်းထည့်၍ ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သိမြင်အပ်သော တရားတော်သို့ ကပ်ရောက်နိုင်သောသူ ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းလေ၏။ ရှင်မဟာကဿပသည်လည်း “တောင်းသည့်ဆုအတိုင်း ပြည့်စုံစေ”ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူလေ၏။

မြွေကိုက်ခံရ၍ ကွယ်လွန်ကာ နတ်ပြည်၌ဖြစ်

ထိုသတို့သမီးသည်လည်း မထေရ်ကိုရှိခိုး၍ မိမိပေးလှူအပ်သောအလှူကို ဆင်ခြင်လျက် ပြန်လည်ခဲ့လေ၏။ ထိုလယ်ကန်သင်း၏ သွားရာလမ်းခရီး၌ တစ်ခုသောတွင်းဝယ် အဆိပ်ထန်သောမြွေသည် အိပ်နေလေ၏။ ထိုမြွေသည် အရှင်မဟာကဿပမထေရ်၏ သင်္ကန်းဖြင့် ဖုံးလွှမ်းအပ်သော သလုံးမြင်းခေါင်းကို ကိုက်ခြင်းငှာ မတတ်နိုင်၊ သတို့သမီးသည် အလှူကို ဆင်ခြင်အောက်မေ့လျက် ပြန်လည်ခဲ့သည်ရှိသော် ထိုအရပ်သို့ ရောက်လေ၏။ မြွေသည် တွင်းမှထွက်သဖြင့် သတို့သမီးကိုကိုက်၍ ထိုအရပ် လယ်ကန်သင်း၌ပင် လဲစေလေ၏။ ထိုလယ်စောင့်သတို့သမီးသည် ကြည်ညိုသော စိတ်ဖြင့်သာလျှင် တာဝတိံသာနတ်ပြည်ဝယ် ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်၌ အိပ်ရာမှ နိုးလာသကဲ့သို့ အလုံးစုံ တန်ဆာဖြင့် ဆင်ယင်အပ်သောကိုယ်ရှိသော သုံးဂါဝုတ်မျှသော အတ္တဘောဖြင့် ဖြစ်လေ၏။ တစ်ဆယ့်နှစ်ယူဇနာရှိသော နတ်ပုဆိုးကိုဝတ်လျက် တစ်ထည်ကိုရုံလျက် နတ်သမီးတစ်ထောင် ခြံရံအပ်သဖြင့် ရှေးကောင်းမှုကို ထင်ရှားပြခြင်းငှာ ရွှေပေါက်ပေါက်ဖြင့်ပြည့်သော တွဲရရွဲဆွဲသော ရွှေခွက်ဖြင့် တန်ဆာဆင်အပ်သော ဗိမာန်တံခါး၌ရပ်လျက် မိမိ၏ စည်းစိမ်ကိုကြည့်ရှုပြီးလျှင် “ငါသည် အဘယ်ကောင်းမှုကိုပြု၍ ဤစည်းစိမ်ကို ရဘိသနည်း”ဟု နတ်မျက်စိဖြင့် စူးစမ်းဆင်ခြင်လတ်သည်ရှိသော် “ငါ့အရှင်ကောင်းဖြစ်သော ရှင်မဟာကဿပမထေရ်မြတ်အား လှူအပ်သော ပေါက်ပေါက်၏ အကျိုးဆက်ကြောင့် ရ၏”ဟု သိလေ၏။

နတ်စည်းစိမ်အမြဲတည်ရန် ကုသိုလ်ပြုခြင်း

ထိုနတ်သမီးသည် “ဤသို့ အနည်းငယ်သော ကုသိုလ်ဖြင့် ဤသို့သဘောရှိသော စည်းစိမ်ကိုရပြီးလျှင် ယခုအခါ ငါသည် မေ့လျော့ခြင်းငှာမသင့်၊ ထို့ကြောင့် အရှင်ကောင်းအား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ စည်းစိမ်ကို အမြဲတည်အောင်ပြုအံ့”ဟု ကြံလျက် နံနက်စောစောကပင်လျှင် ရွှေဖြင့်ပြီးသော တံမြက်စည်းနှင့် တံမြက်ချေးစွန့်စရာ တောင်းကိုယူသွား၍ အရှင်မဟာကဿပမထေရ်မြတ်၏ ပရိဝုဏ်ကျောင်းကို တံမြက်လှည်းပြီးလျှင် သောက်ရေသုံးဆောင်ရေကို တည်ထားလေ၏။ မထေရ်သည် ထိုအခြင်းအရာကို မြင်ရလျှင် “တစ်စုံတစ်ယောက်သော ပဉ္စင်းငယ်သည်လည်းကောင်း၊ သာမဏေသည်လည်းကောင်း ဝတ်ကိုပြုသည်ဖြစ်လတ္တံ့”ဟု မှတ်သားကာ နေလေ၏။ နတ်သမီးသည် နှစ်ရက်မြောက်သောနေ့၌လည်း ထိုရှေးအတူသာလျှင် ပြုပြန်လေ၏။ မထေရ်သည်လည်း ထို့အတူသာ မှတ်သားလေ၏။

လာဇာနတ်သမီးအား မလာရန် တား

သုံးရက်မြောက်သော နေ့၌ကား မထေရ်မြတ်သည် ထိုနတ်သမီး၏ တံမြက်လှည်းသံကို ကြားရသဖြင့်လည်းကောင်း၊ သံကောက်ပေါက်တို့ဖြင့် ဝင်လာသောကိုယ်ရောင်ကို မြင်ရသဖြင့်လည်းကောင်း တံခါးကို ဖွင့်တော်မူပြီးလျှင် “ဤတံမြက်လှည်းသူကား အဘယ်သူနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်မသည် အရှင်ဘုရားတို့၏ အလုပ်အကျွေးဖြစ်သော လာဇာနတ်သမီးပါဘုရား”ဟု လျှောက်ကြားလျှင် “ငါ့အား ဤသို့အမည်ရှိသော အလုပ်အကျွေး ဒါယိကာမမည်သည် မရှိသည် မဟုက်ပါလော”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- တပည့်တော်မသည် သလေးခင်းလယ်တောကို စောင့်ရှောက်လျက် ပေါက်ပေါက်တို့ကိုလှူ၍ ကြည်ညိုသောစိတ်ရှိသဖြင့် ပြန်လည်လာသည်ရှိသော် မြွေကိုက်၍ သေခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါသည်။ တပည့်တော်မသည် အရှင်မြတ်ကိုမှီ၍ ဤစည်းစိမ်ကို ရပါသည်။ အရှင်ဘုရားတို့အား ဝတ်ကြီးဝယ်ငယ်ကိုပြု၍ စည်းစိမ်ကို အမြဲတည်အောင်ပြုအံ့ဟု နှလုံးပြုသဖြင့် လာပါသည်ဘုရား”ဟု လျှောက်ကြားလေသော် “ယမန်နေ့၌လည်းကောင်း တစ်ဖန် ယမန်နေ့ (တစ်မြန်မနေ့)၌လည်းကောင်း သင်သည်သာလျှင် ဤအရပ်ကို တံမြက်လှည်းသလော၊ သင်သည်သာလျှင် သောက်ရေ သုံးဆောင်ရေ တည်ထားသလော”ဟု မေးပြန်လေ၏။ “အရှင်ဘုရား- ဟုတ်မှန်လှပါသည်”ဟု လျှောက်လတ်သော် “နတ်သမီး- ဖဲလော့၊ ဆုတ်လေလော့၊ သင်ပြုသောဝတ်သည် ပြုပြီးတိုင်းပင် ဖြစ်စေတော့။ ဤအခါမှစ၍ ဤအရပ်သို့ မလာလေနှင့်တော့”ဟု မိန့်ဆိုတော်မူလေ၏။

ဓမ္မကထိကတို့ ကဲ့ရဲ့ခြင်းမှ လွတ်စေရန်

နတ်သမီးက “အရှင်ဘုရား- တပည့်တော်မကုသိုလ်ကို ဖျက်ဆီးတော်မမူပါနှင့်။ အရှင်ဘုရားတို့အား ဝတ်ပြု၍ တပည့်တော်မ၏စည်းစိမ်ကို မြဲမြံစွာတည်အောင် ပြုခြင်းငှာ အခွင့်ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ပြန်ရှာလေ၏။ “နတ်သမီး- ဖဲလော့၊ ငါ့အား နောင်သောအခါ ဆန်းကြယ်သောယပ်ကိုကိုင်လျက် နေထိုင်ကုန်သော တရားဟော ဓမ္မကထိကပုဂ္ဂိုလ်တို့သည် “အရှင်မဟာကဿပ မထေရ်ကြီးအား နတ်သမီးတစ်ယောက် လာရောက်၍ ဝတ်ကြီးဝတ်ငယ်ပြုလျက် သောက်ရေသုံးဆောင်ရေ တည်သတတ်”ဟု ပြောဆိုစရာ မပြုလာနှင့်၊ ဤနေ့မှစ၍ ဤအရပ်သို့ မလာလေနှင့်တော့၊ ဆုတ်ခွာဖဲသွားလေလော့”ဟု မိန့်ဆိုလတ်သော် နတ်သမီးသည် “အရှင်ဘုရား- တပည့်တော်မ ကုသိုလ်ကို ဖျက်ဆီးတော်မမူပါနှင့်ဘုရား”ဟု အဖန်တလဲလဲ တောင်းပန်ရှာ၏။ မထေရ်သည် “ဤနတ်သမီးကား ငါ့စကားကို မနာယူ”ဟု ကြံ၍ “သင်နတ်သမီးသည် အတိုင်းအရှည်ကို မသိ”ဟု လက်ဖျစ်တီးလေ၏။

(နှုတ်ဖြင့်ပြော၍ မရသောအခါ လက်ဖျစ်တီးလေ့ရှိကြသည်။ ရဟန္တာတို့လက်ဖျစ်တီးလိုက်လျှင် မည်သည့်နတ်မဆို မနေနိုင်ကြ၊ ပြန်သွားကြရ၏။)

ထိုနတ်သမီးသည် ထိုအရပ်၌ တည်တံ့စွာ နေခြင်းငှာ မတတ်နိုင်ရကား ကောင်ကင်သို့ပျံတက်၍ လက်အုပ်ချီလျက် “အရှင်ဘုရား- တပည့်တော်မရအပ်သော စည်းစိမ်ကို မဖျက်ဆီးပါလင့်၊ အမြဲတည်အောင် ပြုခြင်းငှာ အခွင့်ပေးတော်မူကြပါဘုရား”ဟု ငိုကြွေးမြည်တမ်းလျက် ကောင်းကင်၌ တည်နေရှာလေ၏။

ကိုယ့်တာဝန်နှင့် ကိုယ်သာ

မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်၌ သီတင်းသုံးတော်မူလျက်သာလျှင် ထိုနတ်သမီး၏ ငိုကြွေးသံကို ကြားတော်မူသဖြင့် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူလျက် နတ်သမီး၏မျက်မှောက်၌နေ၍ တရားဟောတော်မူဘိသကဲ့သို့ “နတ်သမီး- စောင့်စည်း,တားမြစ်ခြင်းကို ပြုခြင်းသာလျှင် ငါ့သားကဿပ၏ တာဝန်တည်း။ “ဤကောင်းမှုသည် ငါတို့အား အကျိုးရှိ၏”ဟု မှတ်သားသဖြင့် ကောင်းမှုကိုပြုခြင်းသည်ကား ကောင်းမှုကုသိုလ်ဖြင့် အလိုရှိသော သူတို့၏ တာဝန်တည်း။ ကုသိုလ်ကောင်းမှုပြုခြင်းသည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ချမ်းသာခြင်း၏အကြောင်းသာ ဖြစ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၁၈] ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

ပုရိသော၊ ယောက်ျားသည်။ ပုညံ၊ ကောင်းမှုကို။ စေ ကယိရာ၊ အကယ်၍ ပြုငြားအံ့။ နံ၊ ထိုကောင်းမှုကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ကယိရာ၊ ပြုရာ၏။ တမှိ၊ ထိုကောင်းမှု၌။ ဆန္ဒံ၊ နှစ်သက်ခြင်း အားထုတ်ခြင်းကို။ ကယိရာထ၊ ပြုလေရာ၏။ ကိံကာရဏာ၊ အဘယ့်ကြောင်းနည်းဟူမူကား။ ပုညဿ၊ ကောင်းမှု၏။ ဥစ္စယော၊ တိုးပွားခြင်းသည်။ သုခေါ၊ ချမ်းသာသို့ရောက်အောင် ဆောင်တတ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ နတ်သမီးသည် လေးဆယ့်ငါးယူဇနာရှိသော ကောင်းကင်ထက်၌ တည်လျက်သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

လာဇာနတ်သမီးဝတ္ထု ပြီး၏။