အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု
ပါပဝဂ်
၄။ အနာထပိဏ်သူဌေးကြီးဝတ္ထု
ပါပေါပိ ပဿတီ ဘဒြံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အနာထပိဏ်သူဌေးကြီး စီးပွားပျက်ခြင်း
အနာထပိဏ် သူဌေးကြီးသည် ဇေတဝန်ကျောင်းတော်ကြီးကို ရည်မှန်းသဖြင့် ငါးဆယ့်လေးကုဋေသော ဥစ္စာကို ဘုရားရှင်သာသနာတော်၌ စွန့်ကြဲ၍ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ နေတော်မူလတ်သည်ရှိသော် နေ့တိုင်း သုံးကြိမ် ကြီးစွာသော ဆည်းကပ်ခစားခြင်းတို့သို့သွားရောက်လေ၏။ သွားလေတိုင်းပင် “အဘယ်ဝတ္ထုကိုယူ၍ လာလေသနည်း”ဟု “သာမဏေတို့သည်လည်းကောင်း, ပဉ္စင်းငယ်တို့သည်လည်းကောင်း ငါ၏လက်ကိုသော်လည်း ကြည့်ရှုကုန့်ရာ၏”ဟု အချည်းနှီးသောလက်ရှိလျက် သွားဖူးသည်မည်သည် မရှိစဖူး။
၂။ နံနက်စာ စားပြီးလတ်သော် ထောပတ်ဆီဦး အစရှိသော ဆေးတို့ကို၊
၃။ ညချမ်းအခါ ပန်းနံ့သာ နံ့သာပျောင်း အဝတ်ပုဆိုး စသည်တို့ကို ယူစေ၍ ကျောင်းသို့ သွား၏။
ဤသို့လျှင် နေ့တိုင်း,နေ့တိုင်း အမြဲကာလပတ်လုံးသာ အလှူလှူ၍ သီလကိုစောင့်ရှောက်၏။ နောက်အဖို့၌ ဥစ္စာ ကုန်ဆုံး ပျက်စီးပြုန်းတီးခြင်းသို့ ရောက်လေ၏။ ကုန်သွယ်ခြင်းကိုမှီ၍ အသက်မွေးသောသူတို့သည်လည်း ထိုအနာထပိဏ် သူဌေးကြီး၏လက်မှ ဥစ္စာ တစ်ဆယ့်ရှစ်ကုဋေဖြစ်သော ကြွေးမြီကို ချေးယူကြကုန်၏။ ထိုသူဌေးကြီး၏ အမျိုးအနွယ်မှရသော ဥစ္စာ, သို့မဟုတ် ပေါင်းစုထားသောဥစ္စာ ငွေတစ်ဆယ့်ရှစ်ကုဋေတို့ကိုလည်း မြစ်ကမ်းနား၌ မြှုပ်၍ထားလေရာ ရေကြောင့် ကမ်းပြိုလတ်သော် ထိုဥစ္စာအားလုံး သမုဒ္ဒရာသို့ ပါဝင်သွားကြကုန်၏။
ဤသို့ ဤအနာထပိဏ်သူဌေးကြီးအား အစဉ်အားဖြင့် ပစ္စည်းဥစ္စာကုန်ခြင်းသို့ ရောက်လေ၏။ ထိုသူဌေးကြီးသည် ဤသို့ပင်ဖြစ်သော်လည်း သံဃာတော်အပေါင်းအား အလှူ လှူမြဲ လှူသည်သာတည်း။ မွန်မွန်မြတ်မြတ်ပြု၍ကား လှူခြင်းငှာ မစွမ်းနိုင်ရှာလေ။ ထိုသူဌေးကြီးသည် တစ်နေ့သ၌ ဘုရားရှင်က “ဒါယကာ သူဌေးကြီး- ဒါယကာကြီး၏အိမ်၌ အလှူလှူရ၏လော”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- လှူရပါ၏၊ လှူရပါသော်လည်း ထိုအလှူသည် ပုန်းရည်ဟင်းလျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲဆွမ်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။
ဒါနဟူသည် နည်းသည်ဟူ၍ မရှိ
ထိုအခါ သူဌေးကြီးကို ဘုရားရှင်သည် “ဒါယကာကြီး- “ခေါင်းပါးသောအလှူကို လှူရ၏တကား”ဟု မကြံလင့်။ စိတ်မွန်မြတ်သည်ရှိသော် ဘုရားစသည်တို့အား လှူသောအလှူသည် ခေါင်းပါးသောမည်သည် မရှိ။ စင်စစ်မူကား သင်ဒါယကာကြီးသည် ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူရလေပြီ။ ငါဘုရားသည် ဝေလာမပုဏ္ဏား ဖြစ်သောအခါ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ထွန်တုံးကင်းအောင်ပြု၍ ကြီးစွာသောအလှူကို ဖြစ်စေလတ်သည်ရှိသော် သရဏဂုံတည်သော တစ်စုံတစ်ယောက်သော သူကိုမျှလည်း မရခဲ့။ မြတ်သော အလှူခံပုဂ္ဂိုလ်တို့မည်သည် ဤသို့လျှင် ရခဲကြကုန်၏။ ထို့ကြောင့် ငါ၏အလှူသည် ခေါင်းပါးလှ၏တကားဟူ၍ မကြံလင့်”ဟု မိန့်တော်မူ၍ ဝေလာမသုတ်ကို ထိုသူဌေးကြီးအား ဟောကြားတော်မူလေ၏။
တံခါးစောင့်နတ်၏အကြံ
ထိုအခါ သူဌေးကြီး၏ တံခါးမုခ်ဦး၌စောင့်သော နတ်သည် မြတ်စွာဘုရားသည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သားတို့သည်လည်းကောင်း အိမ်သို့ ဝင်ကြွလာကြကုန်သည်ရှိသော် ထိုဘုရားနှင့် သာဝကတို့၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် တည်တံ့စွာနေခြင်းငှာ မတတ်နိုင်ရကား “ဤသူတို့သည် ဤအိမ်သို့ မဝင်လာနိုင်ကြရအောင် သူဌေးကြီးကို ကွဲပြားပျက်စီးစေအံ့”ဟု ကြံ၍ သူဌေးကြီးကို ပြောဆိုလိုသော်လည်း အစိုးတရ စည်းစိမ်ရှင်ဖြစ်သောကာလ၌ တစ်စုံတစ်ခုသောစကားကို ဆိုခြင်းငှာ မတတ်နိုင်။ “ယခုအခါ၌ကား ဤသူဌေးကြီးသည် ဆင်းရဲခဲ့လေပြီ။ ငါ့စကားကို နာယူပေလတ္တံ့”ဟု နှလုံးပြုလျက် ညဉ့်အဖို့၌ သူဌေးကြီး၏ ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ကောင်းကင်၌ ရပ်တည်နေလေ၏။
နတ်ကို သူဌေးကြီး နှင်ထုတ်ခြင်း
ထိုအခါ နတ်ကိုမြင်လျှင် “သင် အသူနည်း”ဟု မေးလေ၏။ “အို..အရှင် သူဌေးကြီး- အကျွန်ုပ်ကား သင်သူဌေးကြီး၏ လေးခုမြောက်သော တံခါးမုခ်၌စောင့်သော နတ် ဖြစ်သည်။ အသင့်အား ဆုံးမခြင်းငှာ လာခဲ့ပေ၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ မိန့်ဆိုပါ နတ်မင်း”ဟု တောင်းပန်လေ၏။ “သူဌေးကြီး- သင်သည် နောက်ကာလကို မကြည့်မူ၍သာလျှင် ရဟန်းဂေါတမ၏သာသနာ၌ ဥစ္စာများကို ဖရိုဖရဲ ဖြန့်ကြဲလေဘိ၏၊ ယခုအခါ ဆင်းရဲသောသူ ဖြစ်၍သော်လည်း ထိုဖြန့်ကြဲခြင်းကို မလွှတ်ဘဲ နေသေးသည်သာတည်း၊ ဤသို့ဖြစ်လျှင် နှစ်ရက်,သုံးရက်ချည်းဖြင့်သာလျှင် စားစရာ ဝယ်စရာမျှကိုလည်း သင်မရတော့လတ္တံ့၊ သင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လွန်စွာ စွန့်ကြဲခြင်းမှရှောင်ကြဉ်၍ ကုန်သွယ်,လယ်လုပ်စသော အမှုတို့ကို အားထုတ်လျက် စည်းစိမ်ဥစ္စာကို ကောင်းစွာ တည်စေဦးလော့”ဟု ဆုံးမစကား ပြောကြားလေ၏။ “ဤသည်ကား အသင်နတ်မင်းသည် အကျွန်ုပ်အားပေးအပ်သော အဆုံးအမလော”ဟု ပြန်မေးလတ်သော် “သူဌေးကြီး- ဟုတ်မှန်ပေ၏”ဟု ဆိုလေ၏။ “သွားချေလော့- ငါကား သင်နတ်ကဲ့သို့ သဘောရှိကုန်သောသူတို့၏ အရာသည်လည်းကောင်း၊ အထောင်သည်လည်းကောင်း၊ အသိန်းသည်လည်းကောင်း တုန်လှုပ်ချောက်ချားစိမ့်သောငှာ မတတ်ကောင်းသောသူ ဖြစ်၏၊ သင်သည် မသင့်လျော်သောစကားကို ဆိုဘိ၏၊ ငါ့အိမ်၌ သင်နေခြင်းဖြင့်လည်း အကျိုးမရှိ၊ လျင်မြန်သည်ထက် လျင်မြန်စွာ ငါ၏နေအိမ်မှ ထွက်ခွာသွားလေလော့”ဟု နှင်ထုတ်လေ၏။
အနှင်ခံနတ် မြို့စောင့်ထံ အကူအညီတောင်း
ထိုနတ်သည် သောတာပန်ဖြစ်သော ဘုရားရှင်၏တပည့်အရိယာသာဝက၏စကားကို ကြားရလျှင် တည်နေခြင်းငှာ မတတ်နိုင်ရကား သားငယ်သမီးငယ်တို့ကို ခေါ်ငင်လျက် ထွက်သွားရရှာလေ၏။ ထွက်သွားပြီးသော်ငြားလည်း တစ်ပါးသောအရပ်၌ နေရာအရပ်ကိုမရသဖြင့် “သူဌေးကြီးကို သည်းခံစေပြီးလျှင် ထိုသူဌေးကြီးအိမ်၌သာ ပြန်နေပေအံ့”ဟု ကြံ၍ မြို့ကိုစောင့်ရှောက်သော နတ်သားသို့ချဉ်းကပ်၍ မိမိပြုအပ်သော ပြစ်မှားခြင်းကို ပြောကြားပြီးလျှင် “လာလှည့်ပါလော့၊ အကျွန်ုပ်ကို သူဌေးကြီး၏အထံသို့ ဆောင်ကာ သည်းခံစေ၍ နေရာအရပ်ကို ပေးစေပါလော့ (ပြန်ပေးအောင် ပြုပေးပါ)”ဟု ဆိုရှာလေ၏။ ထိုမြို့စောင့်နတ်သားသည် “သင်ကား မလျောက်ပတ်သောစကားကို ဆိုခဲ့၏။ ငါသည် ထိုသူဌေးကြီး၏ အိမ်သို့သွားခြင်းငှာ မဝံ့”ဟု ဆို၍ ထိုနတ်ဆိုသောစကားကို ပယ်လေ၏။
သိကြားမင်း အကြံပေးပုံ
ထိုနတ်သည် နတ်မင်းကြီးလေးယောက်တို့၏အထံသို့ သွားသဖြင့် ထိုနတ်မင်းကြီးတို့သည် ပယ်အပ်ပြန်လတ်သော် သိကြားနတ်မင်းသို့ ချဉ်းကပ်ပြန်သဖြင့် ထိုအကြောင်းကို ပြောကြားလျှောက်ထားပြီးလျှင် “အရှင်မင်းကြီး- အကျွန်ုပ်သည် နေစရာနေရာ မရပါသဖြင့် သားငယ်,သမီးငယ်တို့ကို လက်ဖြင့်ယူလျက် ခိုကိုးရာမဲ့ လှည့်လည်နေရပါသည်။ အကျွန်ုပ်အား နေစရာနေရာကို ပြန်ပေးစေပါလော့”ဟု အထူးကောင်းမွန်စွာ တောင်းပန်လေ၏။ ထိုအခါ ထိုနတ်ကို သိကြားမင်းသည် “ငါသည်လည်း သင်၏အကြောင်းကြောင့် သူဌေးကြီးကို ပြောဆိုခြင်းငှာ မစွမ်းဆောင်နိုင်၊ တစ်ခုသော အကြောင်းကိုကား သင့်အား ပြောပြလို၏”ဟု ဆိုလေသော် ထိုနတ်သည် “ကောင်းပါပြီ၊ မိန့်တော်မူပါ”ဟု အသနားခံလျှောက်လေ၏။ “သွားချေ- သူဌေးကြီး၏ စာရင်းကိုင်, ဘဏ္ဍာစိုးအသွင်ကို ဖန်ဆင်း၍ သူဌေးကြီး၏လက်မှ ကမ္ပည်းစာရင်းသို့ တင်ထားမှတ်သား၍ ထိုကုန်သွယ်ခြင်းကိုမှီ၍ အသက်မွေးသောသူတို့ ယူသွားသော တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာကို မိမိ၏အာနုဘော်ဖြင့် တောင်းခံ၍ အချည်းနှီးသော တိုက်ခန်းတို့ကို ပြည့်စေပြီးလျှင် မဟာသမုဒ္ဒရာ၌ ပါဝင်သွားလေသော တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာလည်း ရှိ၏။ ဤမှတစ်ပါးဖြစ်သော ဤမည်သောအရပ်၌ ဥစ္စာရှင်မရှိသော တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာလည်း ရှိသေး၏။ ထိုအလုံးစုံကို ဆောင်ယူသဖြင့် သူဌေးကြီး၏ အချည်းနှီးသော တိုက်ခန်းတို့ကို ပြည့်စေလျက် ဒဏ်အမှုပြု၍ သည်းခံကန်တော့ချေလော့”ဟု မိန့်ဆိုလိုက်လေ၏။
သူဌေးကြီးအား တောင်းပန်ခြင်း
ထိုနတ်သည် “ကောင်းပါပြီ.. အရှင်သိကြားမင်း”ဟု ဝန်ခံ၍ ဆိုအပ်ပြီးသောနည်းအားဖြင့် အလုံးစုံကိုပြုပြီးလျှင် တစ်ဖန် သူဌေးကြီး၏ ကျက်သရေရှိသောတိုက်ခန်းကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် ကောင်းကင်၌ ရပ်တည်၍ “ဤသူကား အသူနည်း”ဟု မေးလျှင် “အကျွန်ုပ်ကား အသင်သူဌေးကြီး၏ လေးခုမြောက်သော တံခါးမုခ်၌စောင့်သော အလွန်မိုက်မဲတွေဝေသောနတ် ဖြစ်ပါသည်။ အကျွန်ုပ်သည် အလွန်မိုက်မဲတွေဝေခြင်းကြောင့် အရှင်သူဌေးကြီးတို့၏အထံ၌ အကြင်အပြစ်ကို ပြုမိပါချေပြီ၊ ထိုအပြစ်ကို သည်းခံတော်မူပါ၊ အကျွန်ုပ်သည် သိကြားမင်း၏စကားဖြင့် ငါးဆယ့်လေးကုဋေသော ဥစ္စာကို စုရုံးဆောင်ယူ၍ အချည်းနှီးသော တိုက်ခန်းပြည့်အောင် ဒဏ်အမှုကို ပြုပြီးပါပြီ။ နေစရာနေရာကို မရခြင်းကြောင့် ပင်ပန်းလှပါ၏”ဟု ဆိုလေ၏။ အနာထပိဏ်သူဌေးကြီးလည်း “ဤနတ်ကား “ဒဏ်အမှုကိုလည်း အကျွန်ုပ် ပြုပြီးပါပြီ”ဟု ဆို၏၊ မိမိ၏အပြစ်ကိုလည်း ဝန်ခံ၏၊ ဘုရားသဗ္ဗညုအား ထိုနတ်ကို ပြဦးအံ့”ဟု ကြံပြီးလျှင် အနာထပိဏ် သူဌေးကြီးသည် ထိုနတ်ကို ဘုရားရှင်အထံသို့ ခေါ်ဆောင်သွား၍ ထိုနတ်ပြုအပ်သောအမှုကို လျှောက်ကြားလေ၏။
မကောင်းမှုရှောင် ကောင်းမှုဆောင်
နတ်သည် ဘုရားရှင်၏ခြေတော်ရင်း၌ ဦးခေါင်းဖြင့်ဝပ်လျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်သည် အလွန်မိုက်မဲတွေဝေခြင်းကြောင့် ရှင်တော်မြတ်ဘုရားတို့၏ ဂုဏ်ကျေးဇူးတို့ကို မသိသဖြင့် ယုတ်မာသော အမှုဖြစ်သော စကားကို ဆိုမိပါချေပြီ။ ထိုအပြစ်ကို တပည့်တော်အား သည်းခံတော်မူကြပါဘုရား”ဟု ဘုရားသဗ္ဗညုကို ကန်တော့ပြီးလျှင် သူဌေးကြီးကို ကန်တော့လေ၏။ မြတ်စွာဘုရားသည် ကောင်းမှု မကောင်းမှုဖြစ်သော ကံတို့၏ အကျိုးအစွမ်းဖြင့် သူဌေးကြီးကိုလည်းကောင်း၊ နတ်ကိုလည်းကောင်း ဆုံးမလိုသဖြင့် “အနာထပိဏ်သူဌေးကြီး- ဤလောက၌ ယုတ်မာသော ပုဂ္ဂိုလ်သည်လည်း အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးကို မဖြစ်စေသေး၊ ထိုရွေ့လောက် ကောင်းသောအကျိုးကို မြင်ရသေး၏။ အကြင်အခါ ထိုသူအား မကောင်းမှုသည် အကျိုးကို ဖြစ်စေ၏။ ထိုအခါ မကောင်းသော အကျိုးကိုသာလျှင် မြင်ရချေ၏။ ကောင်းမှုနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း အကြင်ရွေ့လောက် ကောင်းမှုသည် အကျိုးမပေးသေး၊ ထိုရွေ့လောက် မကောင်းကျိုးကို မြင်ရသေး၏။ အကြင်အခါ ကောင်းမှုသည် အကျိုးကို ပေး၏၊ ထိုအခါ ကောင်းကျိုးကိုသာလျှင် မြင်ရ၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
ဒေသနာတော်
ယဒါ စ ပစ္စတီ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
[၁၂၀] ဘဒြောပိ ပဿတီ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတီ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။
ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ပါပံ၊ မကောင်းမှုကံ အသစ်သည်။ န ပစ္စတိ၊ အကျိုးကို မပေးသေး။ တာဝ၊ ထိုမျှလောက်။ ပါပေါပိ၊ မကောင်းမှုနှင့်ယှဉ်သော သူသည်လည်း။ ဘဒြံ၊ ကောင်းသောအကျိုးကို။ ပဿတိ၊ မြင်ရသေး၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ မကောင်းမှုကံသည်။ ပစ္စတိ၊ အကျိုးကိုပေး၏။ အထ၊ ထိုအခါ၌။ ပါပေါ၊ ယုတ်မာသော သူသည်။ ပါပါနိ၊ မကောင်းကျိုးတို့ကို။ ပဿတိ၊ မြင်ရ၏။
ယာဝ၊ အကြင်ရွေ့လောက်။ ဘဒြံ၊ ကောင်းမှုကံ အသစ်သည်။ န ပစ္စတိ၊ အကျိုးကို မပေးသေး။ တာဝ၊ ထိုရွေ့ လောက်။ ဘဒြောပိ၊ ကောင်းမှုရှိသော သူသည်လည်း။ ပါပံ၊ မကောင်းကျိုးကို။ ပဿတိ၊ မြင်ရသေး၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ဘဒြံ၊ ကောင်းမှုကံသစ်သည်။ ပစ္စတိ၊ အကျိုးကို ပေး၏။ အထ၊ ထိုအခါ၌။ ဘဒြော၊ ကောင်းမှုရှိသော သူသည်။ ဘဒြာနိ၊ ကောင်းကျိုးတို့ကို။ ပဿတိ၊ မြင်ရ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ ထိုနတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။