မာတိကာသို့ ခုန်သွားရန်

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ နိဒါန်း

ဝီကီရင်းမြစ် မှ
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၄-၄။ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ နိဒါန်း
3133လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၄-၄။ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ နိဒါန်းသာသနာရေးဝန်ကြီးဌာန

ပဏာမနှင့် ပဋိညာဉ်

၁။ နယမ္ပိ အညာသိတရမ္ပိ တစ္ဆကံ၊
ဝိတစ္ဆကံ ယော သုဝိဘဇ္ဇ ဒေသယီ။
အနကဝေတစ္ဆ ဝိနာသကံ ဝရံ၊
ဝိဘဇ္ဇဝါဒိံ မဏမာမ သာဒရံ။ (ဝံသဋ္ဌဂါထာ)

၂။ ကာမဉ္စ သံဃော သဇနော ဝိနောဒယီ၊
တံ အန္တရာယံ မနသော ဝိဟညဒံ။
ဂေဟဋ္ဌကာနံ သမဏာနစာပရံ၊
သမ္ဗုဒ္ဓသဒ္ဓမ္မမလီနကာရကံ။ (ဣန္ဒဝံသဂါထာ)

၃။ နာသက္ခိ ဥမ္မူလိတဝေ သ သဗ္ဗသော၊
အာဏံ အလဒ္ဓါန ပသာသကဗ္ဗလံ။
ဒါနိဓ သာမဂ္ဂိမဘူတပုဗ္ဗကံ၊
သံဃဿ ရဋ္ဌဿ ဗလံ လဘာမသေ။ (ဣန္ဒဝံသဂါထာ)

၄။ သဒ္ဓမ္မသုဒ္ဓတ္တဌိတတ္တကာမိနော၊
ဝေပုလ္လပေက္ခာ အနုယုတ္တကာ မယံ။
သံဃေန ရညာ စ ဝိနိစ္ဆယံ ဝရံ၊
တဿံ ယုတံ သုဋ္ဌု သမာရဘာမသေ။ (ဣန္ဒဝံသဂါထာ)

၅။ နာနာပ္ပကာရဗ္ဗိပရီတဒဿန၊
သမ္ဘူတ ဤတိံ ဝိဓုနီယ ဝတ္တတံ။
တံ ဓမ္မစက္ကံ ဇိနဘာဝိတံ စိရံ၊
လောကမှိ သဒ္ဓမ္မဇုတိံ ပဘာသယံ။ (ဣန္ဒဝံသဂါထာ)

၁။ ယော ဇိနော၊ ငါးမာရ်အောင်မြင် အကြင် ဘုရားရှင်သည်။ နယမ္ပိ၊ သတ္တဝါတို့, ကောင်းရာပို့သည်, မချို့ဖြောင့်တန်း, လူ့စည်းကမ်းကိုလည်းကောင်း။ ဣတရမ္ပိ၊ လွဲသွေတိမ်းပါး, ချော်၍ သွားက, ဖောက်ပြားပျက်ကြေ, အခက်ပွေလျက်, သက်သေဆုံးရောက်, လုံးလုံးမှောက်မည့်, ကောက်ကျစ်ရမ်းကား, နည်းလမ်းမှားကိုလည်းကောင်း။ တစ္ဆကမ္ပိ၊ ခေတ်တွေသိန်းသောင်း, ကာလပြောင်းလည်း, မစောင်းမရွေ့, ဟောင်းဓလေ့ဖြင့်, ကောင်း၍မှန်သား, သစ္စာတရား ကိုလည်းကောင်း။ ဝိတစ္ဆကမ္ပိ၊ အဖိုးမဟဲ့, ကျိုမတဲ့၍, တရွဲ့တစောင်း, မကောင်း ဧကန်, ဖြစ်မည့်မှန်သည့်, ဖောက်ပြန်ချောက်ချား, အယူမှား အမြင်မှားကိုလည်းကောင်း။ အညာသိ၊ မသိ သိအောင်, သတိဆောင်၍, အခေါင်အဖျား, အကျင့်များသဖြင့်, ပိုင်းခြားခွဲဝေ, သိလည်းသိတော်မူပေပြီ။ သုဝိဘဇ္ဇ၊ သိသည့်အတိုင်း, ခွဲဝေပိုင်း၍။ ဒေသယိ၊ သတ္တဝါအများ, သောင်းတိုက်သားတို့, တရားအလျော်, မှားမချော်အောင်, ဟောဖော်ညွှန်ပြ, ဆုံးမလည်း, ဆုံးမတော်မူခဲ့လေပြီ။ အနေကဝေတစ္ဆနာသကံ၊ အမှားရာထောင်, မြားမြောင်ယွင်းကွက်, အကျင့်ပျက်ကို, ဖျက်ဆီးတော်မူတတ်သော။ ဝိဘဇ္ဇဝါဒိံ၊ ခွဲဝေကန့်ပိုင်း, ဉာဏ်ကသိုဏ်းဖြင့်, မှန်တိုင်းထုတ်ဖော်, ဝေဖန်၍ ဟောတော်မူတတ်သော။ တံဇိနံ ဝရံ၊ မြင့်မြတ်ထူးခြား, ထိုရန်အောင်မြင် မြတ်ဘုရားကို။ သာဒရံ၊ တုပ်ကွရိုကျိုး, မြတ်နိုးသဒ္ဓါ, ရိုသေစွာသာလျှင်။ မယံ၊ သီးခြားဝိနည်းဓိုရ်, ခေါ်ဆိုအမှတ်နှစ်, ကျစ်လစ်ဖွဲ့ထား တပည့်တော်များသည်။ ပဏာမာမ၊ ဦးနှိမ်ညွှတ်လျိုး, ဂုဏ်ကိုကိုး၍, ရှိခိုးကန်တော့ကြပါကုန်၏ ဘုရား။

၂။ သဇနော၊ ရတနာသုံး, အမြတ်ဆုံးကို, နှလုံးကြည်လင်, ဦးထိပ်တင်၍, ပြည်တစ်ခွင်လုံး, ထက်အောက်ကျုံးသား, အလုံးစုံသော လူတို့ ပါဝင်သော။ သံဃော၊ သာသနပါလက, သက်တစ်မျှပင်, ဘုရာ့ဒေသနာ, ထူးမြတ်စွာကို, ကွယ်ကာထိန်းယ, စောင့်ရှောက်ကြသော, ထေရနွယ်လာ, သံဃာတော်အပေါင်း, ရှေ့ဆောင်ကောင်းသည်။ ဂေဟဋ္ဌကာနဉ္စ၊ တိုင်းပြည်အမျိုး, ဘာသာကျိုးတို့, ပွားတိုးစေကြောင်း, ရည်ရွယ်ချောင်းသား, အပေါင်းများစွာ, လူတကာတို့၏လည်းကောင်း။ အပရံ၊ ထိုမှတပါး။ သမဏာနဉ္စ၊ အိမ်ရာမထောင်, လူ့ဘောင်မခို, ထိုထိုများလှ, သာသနာ့ဝန်ထမ်း, ရှင်ရဟန်းတို့၏လည်းကောင်း။ မနသောဝိဟညဒံ၊ ထိခိုက်ဝမ်းနဲ, နှလုံးကွဲမျှ, အသဲထိတ်စရာ, စိတ်မသာအောင်, လွန်စွာဒုက္ခ, ပေးတတ်လှသော။ သမ္ဗုဒ္ဓသဒ္ဓမ္မမလီနကာရကံ၊ မဟာပရမေ, သုံးလူ့ဆွေ၏, သင်္ချေ ၄-ရပ်, တစ်သိန်းကပ်မှ, စ၍တည်ဆောက်, ပေါ်ထွန်းတောက်သည့်, ၃-ထောက်သာသနာ, ရောင်ဝါမသစ်, နောက်ကျုညစ်အောင်, အပြစ်ဧရာ, ပြုတတ်ပါသော။ တံ အန္တရာယံ၊ လူသေလူဖြစ်, ဆိုးညစ်ယုတ်မာ, မိစ္ဆဝါဒ, ပါပခေါင်ဖျား, ထိုကဲ့သို့သော အန္တရာယ်များကို။ ကာမဉ္စ ဝိနောဒယီ၊ တိုင်းလုံးပြည်ပေါ်, အနှ့ကျော်မျှ, အုတ်အော် သံမြွက်, ကံကြီးစွက်၍, ဖျောက်ဖျက်နှိမ်နင်းကြစေကာမူ-

၃။ သသော သံဃော၊ တိုင်းပြည်အဝှန်း ရဟန်းအပေါင်း ထိုသည့်ရှေ့ဆောင် ကောင်းသည်။ ပသာသကဗ္ဗလံ၊ အုပ်ချုပ်သူ ပသာသက နိုင်ငံတော်အစိုးရ၏ ဗလခွန်အား အမျိုးအစားဖြစ်သော။ အာဏံ၊ ဩဇာတန်ခိုး ဥပဒေအမျိုးမျိုး စိုးမိုးချုပ်ခြာ မင်းအားဏာကို။ အလဒ္ဓါန၊ အမှီသဟဲ အစွဲမိမိ မရရှိလေသောကြောင့်။ သဗ္ဗသော၊ တစ်ခုမကြွင်း မြစ်ရင်းမထား အလုံးစုံသော အခြင်းအရာအားဖြင့်။ တံ၊ ဆိုခဲ့လေပြီး ထိုအန္တရာယ်ကြီးကို။ ဥမ္မူလိတဝေ၊ ဖြိုခွင်းပယ်သတ် ရှင်းရှင်းပြတ်အောင် ချိုးဖြတ်ထိုးနှက် အစွမ်းကုန်ဖျက်ခြင်းငှာ။ နာသက္ခိ၊ စွမ်းအင်လျှမ်းတောက် စခန်းပေါက်အောင် အစွမ်းမမြောက် နိုင်ခဲ့ပါပေ။ ဒါနိ၊ ယခု။ ဣဓ၊ သာသနပင်မ, အစဉ်လှသည့်မြန်မာ့ဘုံထီး ဤပြည်ထောင်စုကြီး၌။ အဘူတပုဗ္ဗတံ၊ ရှေးကမဖြစ် ယခုခေတ်မှ ထူးသစ်လှစွာပေါ်၍လာသော။ သံဃဿ စ၊ ရဟန်းရှေ့ဆောင် အခေါင်အဖျား တစ်သိန်းကျော် သံဃာများ၏လည်းကောင်း။ ရဋ္ဌဿ စ၊ သမ္မတကြီးမှူး ဦးစီးအခေါင် ရှေကဆောင်ရှေ့သွား ပြည်ထောင်စုသားအပေါင်း၏လည်းကောင်း။ သာမဂ္ဂိံဗလံ၊ ညီညွတ်ပေါင်းစု အကြောင်းပြုသည့် ယခုထင်ရှား ညီညွတ်ရေးအင်အားကို။ ယသ္မာ၊ အကြင်ကြောင့်။ လဘာမသေ၊ အခွင့်လည်းကောင်း အခါကောင်း၍ အကြောင်းလျောစွာ ရကြပါကုန်၏၊

၄။ တသ္မာ၊ ထို့ကြောင့်။ သံဃေန စ၊ သိန်းကျော်များပြား သံဃာ့အားဖြင့် ချထားရွေးကောက် ဝန်ဆောင်မြှောက်လျက် ထို့နောက်တသီး မြှောက်ချီးတည်ဖွဲ့ လေးဆယ့်ငါးပါးမဟာနာယကများကလည်းကောင်း။ ရညာစ၊ ပြည်ထောင်စုဖွား လူအများတို့ လိုလားရွေးကောက်ပြည်သစ်ဆောက်ဖို့ ချီးမြှောက်တင်ထား အစိုးရမင်းများကလည်းကောင်း။ အနုယုတ္တာကာ၊ သာသနာ့ရန်စွယ် အမြန်ပယ်ဖို့ သွယ်သွယ်ထုံးမှတ် ယူဆုံးဖြတ်ရန် သတ်မှတ်ပိုင်းခြာ ခန့်ထားလွှဲအပ်ကုန်သော။ မယံ၊ ငါတို့သည်။ သဒ္ဓမ္မသုဒ္ဓတ္တဌိတတ္တကာမိနော၊ သာသနာ့အစဉ် မြတ်သုံးအင်၏ ကြည်လင်သန့်ရှင်း တည်တံ့ခြင်းကို ထန်ပြင်းကြီးမား ဆန္ဒထားကြကုန်သည်ဖြစ်၍။ ဝေပုလ္လပေက္ခာ၊ ကြီးမားခံ့ထယ် အနှံ့လယ်၍ ပြန့်ကျယ်စည်ကား တိုးပွားခြင်းကို အလိုရှိကြကုန်သည်ဖြစ်၍။ တဿံယုတံ၊ မိစ္ဆာဝါဒ ပါပညစ်ကျေး ထိုရန်ဘေးနှင့် စပ်ယှဉ်သော။ ဝိနိစ္ဆယံ ဝရံ၊ မျက်နှာမထောက် အမုန်းရောက်ဖို့ ချစ်ကြောက်မုန်းထား ပယ်သောအားဖြင့် ဖောက်ပြားမယိုင် လွန်ကြံ့ခိုင်သည့် ပိုင်နိုင်ကောင်းမြတ်အဆုံးအဖြတ်ကို။ သုဋ္ဌု၊ ကောင်းမွန်စွာ။ သမာရဘာမသေ၊ ဂန္ထန္တရ အဝဝနှင့် ပိဋကသမုတ် ရွှေနှုတ်တော်ထွက် ဓမ္မစက်ကို လေးနက်ပြတ်သား တံမျဉ်းထားလျက် ထင်ရှားပြည့်စုံ (အားထုတ်) ဆုံးဖြတ်ပေးပါကုန်အံ့သတည်း။

၅။ ဇိနဘာဝိတံ၊ သမ္မာသမ္ဗောဓိ ဉာဏ်ထူးရှိ၍ မိမိရရ ကျနထုတ်ဖော် ဖြစ်စေတော်မူအပ်သော။ တံ ဓမ္မစက္ကံ၊ သာသနာအဆုံးအမ မြတ်ဗုဒ္ဓ၏ သုံးဝခေါင်ဖျား ထိုတရားတည်းဟူသော စက်သည်။ နာနပ္ပကာရဗ္ဗိပရီတဒဿန သမ္ဘူတ ဤတိံ၊ ဖောက်ပြန်ချောက်ချား အမြင်မှားသဖြင့်ရေးသားဟောမှု အစုစုမှ ကြောင်းပြုပေါ်ငြား ချော်၍သွားသည့် အမှားတည်းဟူသော ဘေးရန်ကြီးကို။ ဝိဓုနီယ၊ ဖျက်ဆီးခါတွက် အားကုန်နှက်၍။ လောကမှိ၊ အရှေ့လည်းရောက် အနောက်လည်းဝင် ဝန်းကျင်တလွှား ချန်ထားမရ လောကကြီးအတွင်း၌။ သဒ္ဓမ္မဇုတိံ၊ သူတော်ကောင်းတို့ ထုံငြောင်းပွားများ တရားအရောင် မီးတန်ဆောင်ကို။ ပဘာသယံ၊ ဝင်းတပြောင်ပြောင်အရောင်တရွှန်းရွှန်း ထွန်းစေလင်းစေ ထွန်းလင်းစေလျက်။ စိရံ၊ အနှစ်ငါးထောင် မြားမြောင်လှစွာရှည်မြင့်ကြာအောင်။ ဝတ္တတံ-ဝတ္တတု၊ စိတ်ကောင်းနှလုံးမြတ် လူတိုင်းကပ်၍ လွှမ်းပတ်ဖြန့်ဝေလည်၍နေပါစေသတည်း။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ် (၂)
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ
---------
ဝိမုတ္တိ

နိဒါန်း

[ပြင်ဆင်ရန်]

၁။ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ဟု ဆိုအပ်သော မြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်သည် ဘဝသံသရာမှ လွတ်မြောက်ရေးတည်းဟူသော တစ်ခုတည်းသော “ဝိမုတ္တိ” ပန်းတိုင်ကို ရည်မှန်းချက် ထားရှိပေသည်၊ ယင်းလွတ်မြောက်ခြင်း “ဝိမုတ္တိ” ကိုပင် သာယာမြတ်နိုးအပ်သော သဘောပြည့်စုံစေရမည့် သဘောအဓိပ္ပါယ်အားဖြင့်ရသ အရသာဟူ၍ မြတ်စွာဘုရား ဟောတော်မူခဲ့ပေသည်၊ ထို့ကြောင့် ဗုဒ္ဓသာသနာတော်၏ တစ်ခုတည်းသော အရသာသည် “ဝိမုတ္တိ ရသ” ပင်ဖြစ်ကြောင်း သိအပ်ပေ၏၊ ဤအကြောင်းကိုဥဒါန်းပါဠိတော် ဥပေါသထသုတ်၌ အောက်ပါအတိုင်း ဟောကြားတော် မူထားပေသည်။

“ဧဝမေဝံ ခေါ ဘိက္ခဝေ အယံ ဓမ္မဝိနယော ဧကရသော ဝိမုတ္တိရသော”

ရဟန်းတို့ ... ဤမဟာသမုဒ္ဒရာနည်းတူပင်လျှင် ဓမ္မဝိနယဟု ဆိုအပ်သော အဆုံးအမ သာသနာတော်မြတ်သည် ဝိမုတ္တိတည်းဟူသော တစ်ခုတည်းသော အရသာရှိပေသည်။

၂။ “ဝိမုတ္တိ”ဟူသော လွတ်မြောက်မှုသည် အကျိုးတရား ဖြစ်၏၊ အကျိုးတရားဟူသည် အကြောင်းကင်းလျက် ဖြစ်ပေါ်လာရိုး မရှိပေ၊ သို့ဖြစ်သောကြောင့် ယင်းဝိမုတ္တိဟူသော အကျိုးတရား၏ အခြေခံဖြစ်သော အကြောင်းတရားတို့ကို ဗုဒ္ဓရှင်တော်ဘုရားက ညွှန်ပြတော်မူခဲ့ပေသည်၊ ယင်း “ဝိမုတ္တိ” ၏ အကြောင်းတရားများကို “ဝိမုတ္တိပရိပါစနိယ”ဟူ၍ ခေါ်ပေသည်၊ လွတ်မြောက်ခြင်းကို ဖြစ်ပေါ်စေတတ်သော ရင့်ကျက်စေတတ်သော၊ တစ်နည်းအားဖြင့် အရဟတ္တဖိုလ်ဉာဏ်ကို ရင့်သန်စေတတ်သော အကြောင်းတရားများဟု ဆိုလိုပေသည်။

“ဝိမုတ္တိပရိပါစနီယ” ခေါ်သော အကြောင်းတရားများ

၃။ “ဝိမုတ္တိ ပရပါစနီယ” ခေါ်သော အကြောင်းတရားများကို ဒီဃနိကာယ် ပါထိကဝဂ်သင်္ဂီတိသုတ် ပါဠိတော် (၂၀၁)၌ သညာခေါင်းစဉ် ငါးရပ်ပိုင်းခြား၍ ဘုရားရှင် ဟောကြားတော်မူထားပေသည်။ ယင်းသညာငါးပါးတို့ကား အောက်ပါတို့ပင် ဖြစ်၏၊

(က) အနိစ္စသညာ - အရာဝတ္တုတိုင်းကို မမြဲဟု အသိအမှတ်ထားခြင်း, နားလည်သဘောပေါက်ခြင်း,
(ခ) အနိစ္စေ ဒုက္ခသညာ - မမြဲသော အရာဝတ္တုတိုင်းကို ဒုက္ခ(ကျေနပ်ဖွယ် မရှိသော သဘော)ဟု အသိအမှတ် ထားခြင်း,
(ဂ) ဒုက္ခေ အနတ္တသညာ - စိတ်ကျေနပ်ဖွယ် မရှိသော အရာဝတ္တုတိုင်း၌ အတ္တမရှိဟု အသိအမှတ်ထားခြင်း,
(ဃ) ပဟာနသညာ - အနိစ္စ ဒုက္ခ အနတ္တဖြစ်သော သဘောတရား အားလုံးကို တွယ်တာမှုမရှိဘဲ ပယ်စွန့်ရမည်ဟု နားလည် သဘောပေါက်ခြင်း,
(င) ဝိရာဂသညာ - ယင်း အနိစ္စ ဒုက္ခ အနတ္တဖြစ်သော သဘောတရား တို့ကို ပယ်စွန့်နိုင်လောက်အောင် တပ်မက်ခြင်း ကင်းစေရမည်ဟု အသိအမှတ်ထားခြင်း, နားလည် သဘောပေါက်ခြင်း တို့ဖြစ်လေသည်။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌လည်း “ဝိမုတ္တိပရပါစနီယ” ခေါ် သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ခြင်း အကြောင်းတရားများကို ၁၅-ပါး အရေအတွက်အားဖြင့် ပြည့်စုံကျယ်ဝန်းစွာဖွင့်ပြ ဟောကြားတော်မူပေသည်၊ ယင်း ဝိမုတ္တိအကြောင်းတရား ၁၅-ပါးတို့သည် အောက်ပါတို့ပင် ဖြစ်ကြ၏၊

(၁-၃) သဒ္ဓါတရား မရှိသူကို ရှောင်ကြဉ်ခြင်း, သဒ္ဓါတရားရှိသူနှင့် ပေါင်းသင်းခြင်း, ကြည်ညိုဖွယ်ကောင်းသော သုတ္တန်များကို ရွတ်ဖတ်နာကြား၍ အနက်အဓိပ္ပါယ် စဉ်းစားဆင်ခြင်ခြင်း (သဒ္ဓါ)
(၄-၆) ပျင်းရိသူကို ရှောင်ကြဉ်ခြင်း, လုံ့လဝိရိယရှိသူနှင့် ပေါင်းသင်းခြင်း, သမ္မပ္ပဓာန်တရား လေးပါးကို စဉ်းစားလိုက်နာ အားထုတ်ခြင်း (ဝီရိယ)၊
(၇-၉) သတိကင်းမဲ့သူကို ရှောင်ကြဉ်ခြင်း, သတိကောင်းသူနှင့်ပေါင်းသင်းခြင်း, သတိပဋ္ဌာန်လေးပါးကို စဉ်းစားလိုက်နာအားထုတ်ခြင်း (သတိ)၊
(၁၀-၁၂)သမာဓိနည်းသူရှောင်ကြဉ်ခြင်း, သမာဓိကောင်းသူနှင့် ပေါင်းသင်းခြင်း, သမာဓိ စျာန်ဝိမောက္ခ တရားများကို စဉ်းစားလိုက်နာအားထုတ်ခြင်း (သမာဓိ)
(၁၃-၁၅)ပညာမရှိသူကို ရှောင်ကြဉ်ခြင်း, ပညာရှိသူနှင့် ပေါင်းသင်းခြင်း, နက်နဲသောဉာဏ်ဖြင့် သုံးသပ်ကျက်စားရမည့် သုတ္တန်တို့ကိုရွတ်ဖတ်နာကြား အနက်အဓိပ္ပာယ်တို့ကိုစဉ်းစားခြင်း, ပွားများခြင်း (ပညာ)။

အထက်ပါ ပါတိကဝဂ် သင်္ဂီတိသုတ်နှင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော် သုတ္တန်နှစ်ရပ်တို့ကို အနှစ်ချုပ်၍ကြည့်လျှင် “ဝိမုတ္တိရသ” ရရှိခံစားနိုင်ရေးအတွက် လိုအပ်သော အကြောင်းတရားဖြစ်သည့် “ဝိမုတ္တိပရပါစနီယ” တရားတို့မှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ နှင့် ယထာဘူတဉာဏ်ဟု ခေါ်သော ဝိပဿနာဉာဏ်တို့ပင်ဖြစ်ကြောင်း တွေ့ရှိရပေသည်။

၄။ အထက်ဖော်ပြပါ “ဝိမုတ္တိရသ” ၏ အကြောင်းဖြစ်သောတရားများကို သုံးသပ်ဆင်ခြင်သည်ရှိသော် ဤသို့တွေ့ရပေသည်။ “သဒ္ဓါ” ယုံကြည်မှု ပြည့်စုံအောင် ထူထောင်ရမည်ဖြစ်သည်၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှုရရှိရေးအတွက် လေ့လာပွားများရမည့် တရားများမရှိသေးလျှင် ရှိအောင်၊ မပြည့်စုံသေးလျှင် ပြည့်စုံအောင် စူးစိုက်ယုံကြည်မှုဖြင့် အားထုတ်ရမည်ဖြစ်သည်၊ ယင်းသို့မိမိကိုယ်တိုင် သဒ္ဓါတရား ရင့်သန်ပွားများအောင် ပြုလုပ်ရမည်ဖြစ်သောကြောင့် သဒ္ဓါယုံကြည်မှုပြည့်ဝသူမျိုးနှင့်သာ ဆက်ဆံပေါင်းသင်း ဖို့လည်း လိုအပ်ပေသည်၊ သာသနာဓမ္မအပေါ်၌ အယုံအကြည်မရှိသူ သဒ္ဓါတရားခေါင်းပါးသူမျိုးကိုလည်း ဝေးစွာရှောင်ကြဉ်ရမည်ဖြစ်ပေသည်၊ ဤသို့ သဒ္ဓါတရား ကိုထူထောင်ရာ၌ ကြည်ညိုဖွယ်ဖြစ်သော ဘုရားဟော တရားတော်များကို အချိန်အခွင့်ရတိုင်း ရွတ်ဖတ်ခြင်း နာကြားခြင်း အနက်အဓိပ္ပာယ် စဉ်းစားဆင်ခြင်ခြင်းများကို မုချမသွေ ပြုလုပ်ရပေလိမ့်မည်၊ ဤသို့သော သဒ္ဓါဓာတ်ကို ဗောဓိပက္ခိယတရားအနေအားဖြင့် သဒ္ဓိန္ဒြေဟူ၍လည်ကောင်း၊ သဒ္ဓါဗိုလ်ဟူ ၍လည်းကောင်း ခေါ်ဆိုရလေသည်။

၅။ ဗောဓိပက္ခိယတရားဟူသည်ကား ဗောဓိ+ပက္ခ+ဣယဟူသော ရင်းမြစ်အရ “ဗောဓိ”သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင်သော အသိဉာဏ် ဖြစ်၍ “ပက္ခ”သည် အစိတ်အပိုင်း, အကြောင်းအင်္ဂါ, အဖို့အစု ဟူသော အနက် ရှိ၏၊ “ဣယ”သည်ကား ဖြစ်သည်ဟူသော အနက်ကို ပြပေသည်၊ သို့ဖြစ်သောကြောင့် ဗောဓိပက္ခိယတရားဟူသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ မှန်ကန်သော အသိဉာဏ်ပညာကို ရရာရကြောင်းဖြစ်သော အကြောင်းအင်္ဂါ အဖို့အစု ဖြစ်သော တရားဟု ဆိုလိုပေသည်။

၆။ ဝိမုတ္တိရသ ရရှိခံစားနိုင်ရေးအတွက် လုံ့လဝီရိယ စိုက်ထုတ်ဖို့လည်း လိုပေသည်၊ ဘဝသံသရာမှ လွတ်မြောက်မှု ရရှိရေးအတွက် ထိုင်ပြီး စဉ်းစားနေရုံမျှ တွေးတောကြံစည်နေရုံမျှ ဆင်ခြင်စိတ်ကူးနေရုံမျှဖြင့် ကိစ္စမပြီးနိုင်ချေ၊ သမ္မပ္ပဓာန် နည်းမှန် လမ်းမှန်အတိုင်း တကယ်တမ်း ကျင့်ကြံကြိုးကုတ် အားထုတ်ပါမှ ကိစ္စပြီးမည် ဖြစ်ပေသည်၊ အချို့သူတို့သည်ကား သီလရှိဖို့မလို၊ တရားအားထုတ်ဖို့မလို၊ မိမိစိတ်အတွင်း၌ အသိဉာဏ်ရလျှင် ကိစ္စပြီးသည်ဟု မှတ်ထင်ကြသည်၊ အမှန်ကား ထိုသို့ မဟုတ်ပေ၊ စစ်မှန်သော ဗောဓိဉာဏ်ကို ရရှိရေးအတွက် သမ္မာဝါယာမ လုံ့လဝီရိယသန်သန်ဖြင့် အားထုတ်ဖို့ လိုအပ်ပေသည်၊ ဥပမာအားဖြင့် ဓားသည် သွေးမှ ထက်သည်၊ ထက်မှ ခုတ်လိုရာကို ခုတ်နိုင်သကဲ့သို့ ဖြစ်ပေသည်။

၇။ ဝိမုတ္တိရသ၏ အကြောင်းဖြစ်သော အသိဉာဏ်ဟူသည်ကား လူသာမန်လူပြိန်းတို့၏ အသိဉာဏ်မျိုး မဟုတ်ပေ၊ ရုပ်နာမ်ဓမ္မတို့၏ အတွင်းသဘောကို ထိုးဖောက်၍ သိမြင်ခြင်း, မဂ်ဖိုလ်နှင့် လျော်အောင် သိမြင်ခြင်းဟု ဆိုအပ်သော ပဋိဝေဓဉာဏ် အနုလောမဉာဏ်မျိုးကို ဆိုလိုပေသည်၊ ထိုဉာဏ်မျိုးကို ရရှိအောင် နည်းမှန်လမ်းမှန် ဇွဲသန်သန်ဖြင့် အားထုတ်ဖို့ အမှန်လိုအပ်ပေသည်၊ ယင်းသို့အားထုတ်မှုမျိုးကို သမ္မပ္ပဓာန်လုံ့လဟု ခေါ်ပေသည်။

သမ္မပ္ပဓာန်ဆိုသည်မှာ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ရအောင်, အကုသိုလ်ဖြစ်မိလျှင် အလားတူ အကုသိုလ်မျိုး ထပ်၍မဖြစ်ရအောင် ရှောင်ကြဉ်ပယ်ရှားနိုင်ရန် ကြိုးစားခြင်း, မဖြစ်သေးသော ကုသိုလ်ကို ဖြစ်အောင်, ဖြစ်ပြီးသော ကုသိုလ်ကို အထုံရ၍ တိုးတက်အားရှိလာအောင် ကြိုးစားအားထုတ်ခြင်းမျိုး ဖြစ်ပေသည်၊ ဤသမ္မပ္ပဓာန်လုံ့လကိုဖြစ်ပွားစေလိုသော သူသည် ပျင်းရိပေါ့ပျက်သောသူများနှင့် အလျှင်းပင် မပေါင်းသင်းမိအောင် ဝေးစွာရှောင်ကြဉ်ရမည် ဖြစ်သည်၊ အကယ်၍ လူပျင်းလူညံ့နှင့် ပေါင်းသင်းမိပါလျှင် မိမိသည်လည်း အားထုတ်လိုစိတ်မရှိဘဲ ပျက်စီးသွားတတ်ပေသည်၊ အခြားတစ်ဘက်တွင်မူ ဇွဲလုံ့လဝီရိယ ရှိသူမျိုးနှင့် ပေါင်းသင်းဖို့ရန် လိုအပ်ပေသည်၊ သို့မှသာ မိမိ၌လည်း ကြိုးစားအားထုတ်မှုအရှိန် တိုးတက်လာနိုင်ပေသည်၊ ဤသို့သော သမ္မပ္ပဓာန်လုံ့လဝီရိယမျိုးကို ဝီရိယိန္ဒြေ, ဝီရိယဗိုလ်, ဝီရိယိဒ္ဓိပါဒ်, ဝီရိယသမ္ဗောဇ္ဈင်, သမ္မာဝါယာမမဂ္ဂင် အမည်ဖြင့် ဗောဓိပက္ခိယတရားစုတွင် ဘုရားရှင် ဟောကြားထားတော်မူပေသည်။

၈။ ဝိမုတ္တိရသ ရရှိရေးအတွက် အခြားလိုအပ်သော အကြောင်းတစ်ရပ်မှာ ဆင်းရဲဟူသမျှတို့မှ လွတ်မြောက်ရန် ရှေးရှုသော အလွန်ခိုင်မာသည့် သတိကိုမွေးမြူရန် ဖြစ်ပေသည်၊ သတိမြဲအောင် ထူထောင်ပေးဖို့လိုအပ်ပေသည်၊ သတိကို မိမိကိုယ်၌လည်းကောင်း၊ ခံစားမှုဝေဒနာ၌လည်းကောင်း၊ ဖြစ်ပေါ်နေသောစိတ်၌လည်းကောင်း၊ တွေ့ကြုံနေသော တရားဓမ္မတို့၌လည်းကောင်း တစ်ချက်မျှအလွတ်မပေးဘဲ မပြတ်သတိချပ်၍ ပွားများရမည်ဟု ဘုရားရှင် ဟောတော်မူထားပေသည်၊ ယင်းကဲ့သို့ ကာယ, ဝေဒနာ, စိတ္တ ဓမ္မတို့၌ သတိမြဲအောင်ပွားများအားထုတ်နေစဉ်အခါတွင် သတိကင်းသူ, မေ့လျော့ပေါ့ဆသူများကို မမှီဝဲဘဲ ရှောင်ကြည်ရမည်၊ မိမိကဲ့သို့ သတိရှိသူ သတိမြဲသူမျိုးနှင့်သာ ပေါင်းသင်းဆက်ဆံရန် လိုအပ်ပေသည်၊ ဤသို့သော သတိမျိုးကို သတိန္ဒြေ, သတိဗိုလ်, သတိသမ္ဗောဇ္ဈင်, သမ္မာသတိမဂ္ဂင်အမည်ဖြင့် ဗောဓိပက္ခိယတရားစုတွင် ဟောထားတော်မူပေသည်၊ ယခုအခါ မြန်မာပြည်အရပ်ရပ်၌ သတိပဋ္ဌာန်ရိပ်သာများနှင့် အခြားသော ကမ္မဋ္ဌာန်းတိုက် ဂူချောင်တို့၌ သတိပဋ္ဌာန်လုပ်ငန်းကို အစဉ်တစိုက် အားထုတ်နေကြခြင်းသည် ရုပ်ဝါဒီများအမြင်ဖြင့် အပိုအလုပ် ပြောင်လှောင်ပြက်ချော် သရော်ဖွယ်အလုပ်ဟု ထင်စရာရှိသော်လည်း အမှန်စင်စစ် ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ မဟာသတိပဋ္ဌာနသုတ် စသည်တို့၌ ဟောကြားထားတော်မူသည့် လမ်းစဉ်အတိုင်း ကျင့်ကြံပွားများ အားထုတ်နေကြခြင်းသာ ဖြစ်၍ “ဝိမုတ္တိပရိပါစနီယလမ်းစဉ်” အမှန်ပင် ဖြစ်ပေသည်။

၉။ ဝိမုတ္တိရသအတွက် အခြားလိုအပ်သော အကြောင်းတစ်ရပ်မှာ သမာဓိပင် ဖြစ်ပေသည်၊ သတိပဋ္ဌာန်လုပ်ငန်းကို လုပ်သည်ဖြစ်စေ, ဝိပဿနာ သက်သက်ကိုရှုမှတ်သည်ဖြစ်စေ သမာဓိသည် မပါလျှင် မပြီးသောတရား ဖြစ်ပေသည်၊ စိတ်မတည်ငြိမ်လျှင် ဉာဏ်မကြည်လင်၊ အမှန်သဘောကို မမြင်၊ ထို့ကြောင့် ပညာဉာဏ် စူးရှထက်မြက်ရေးအတွက် သမာဓိတည်ရန် လွန်စွာလိုအပ်လှပေသည်။

ရှေးအခါက ဒေါဏအမည်ရှိသော ဆရာကြီးသည် မိမိ၏တပည့် အဇ္ဇုနအားလေးအတတ်ကို သင်ကြားပေးသောအခါ သစ်ပင်ခွကြား၌ တင်ထားသော ငှက်ရုပ်ကို ချိန်၍ မြားဖြင့်ပစ်စေရာ၌ ဤသို့ ဆိုဖူးလေသည်၊ အခြား အခြားသော တပည့်တို့သည် ငှက်ရုပ်၏ မျက်လုံးကို ထိမှန်အောင် ပစ်မည်ဟု ချိန်ရွယ်သောအခါ နှုတ်သီးကိုရော အခြား အမွေးအတောင်တို့ကိုပါ မြင်နေကြလေသည်၊ ဤလိုမြင်နေသမျှ ငှက်ရုပ်၏ မျက်လုံးကို ထိမှန်အောင် မပစ်နိုင်ကြပေကုန်၊ သို့ဖြစ်၍ သင်သည် ငှက်ရုပ်၏ မျက်လုံးမှတပါး အခြား ဘာကိုမျှ မမြင်ရအောင် စူးစိုက်၍ ကြည့်ပါ၊ ငှက်ရုပ်၏ မျက်လုံးတစ်ခုတည်းကိုသာမြင်အောင် စူးစိုက်၍ ကြည့်ပြီး ပစ်သောအခါ သင်၏မြားသည် ငှက်ရုပ်၏ မျက်လုံးကိုသာ ထွင်းဖောက်၍ သွားလိမ့်မည်ဟု ဆုံးမဖူးလေသည်။(မဟာဘာရတ၊ ရှေးဟောင်းသက္ကတကျမ်း)

ဤဥပမာကဲ့သို့ပင် သမာဓိခိုင်ကျည်အောင် ပွားများအားထုတ်သောအခါ ရုပ်နာမ်ဓမ္မ အာရုံအဖို့အစု တစ်ခုတည်း၌သာ ဧကဂ္ဂတာကျအောင် ရှုမှတ်နိုင်ဖို့ လိုအပ်ပေသည်၊ ဤကဲ့သို့ သမာဓိကို ထူထောင်နေစဉ်တွင် သမာဓိနည်းပါး လျှပ်ပေါ်လော်လည်သည့် လူစားမျိုးကို အထူးရှောင်ကြဉ်ရပေသည်၊ သမာဓိအလွန်ကောင်းသူ လေးနက်တည်ငြိမ်သူများနှင့်သာ ဆက်ဆံပေါင်းသင်းရမည်ဖြစ်သည်၊ ဤသို့သော သမာဓိမျိုးကို သမာဓိန္ဒြေ, သမာဓိဗိုလ်, သမာဓိသမ္ဗောဇ္ဈင်, သမ္မာသမာဓိမဂ္ဂင်ဟု ဗောဓိပက္ခိယတရားစုတွင် ဟောတော်မူထားပေသည်။

၁၀။ ဝိမုတ္တိရသ ရရှိရေးအတွက် အခြားလိုအပ်သော အကြောင်းတစ်ရပ်မှာ ပညာဉာဏ်ပင် ဖြစ်သည်၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို ဝိပဿနာတင်၍ ရှုမြင်ပွားများသောသူ၊ ရုပ်နာမ်တို့၏ သဘောသဘာဝကို သိမြင်ရန် လေ့လာလိုက်စားသူ မည်သူမဆို နက်နဲသော ဉာဏ်ပညာရှိရန် လိုအပ်ပေသည်၊ ဤသို့သော ဉာဏ်ပညာမျိုး ရင့်သန်လာစေရေးအတွက် မြတ်စွာဘုရား၏ သုတ္တန် အဘိဓမ္မာ တရားတော်များကို မပြတ် ရွတ်ဖတ်ရမည်၊ နာကြားမှတ်သားရမည်၊ အနက်အဓိပ္ပာယ် ဆင်ခြင်စဉ်းစားရမည် ဖြစ်ပေသည်၊ ဤကဲ့သို့ ဉာဏ်ပညာ ကြီးမြင့်အောင် ကြိုးစားလုံးပမ်းနေသော အခါမျိုး၌ ပညာမဲ့သူ, ရုပ်နာမ်တရားတို့၌ အဝါးမဝ မသိနားမလည်သူမျိုးကို အထူးရှောင်ကြဉ်ကြရမည်၊ ပညာရှိသူ ပရမတ္ထသဘာဝတို့ကို ကွဲပြားခြားနားစွာ ပြောပြသင်ကြားနိုင်သူ, ဝိပဿနာ ကျင့်လမ်း ကြံလမ်းတို့ကို ယထာဘူတကျကျညွှန်ပြတတ်သူမျိုးနှင့်သာ ဆက်ဆံ မှီဝဲရမည် ဖြစ်ပေသည်၊ ဤသို့သော ပညာမျိုးကို ဗောဓိပက္ခိယ တရားစုတွင် ဝီမံသိဒ္ဓိပါဒ်, ပညိန္ဒြေ, ပညာဗိုလ်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, သမ္မာဒိဋ္ဌိမဂ္ဂင် ဟူသော အမည်အမျိုးမျိုးဖြင့် ဟောကြားတော်မူထားပေသည်။

၁၁။ အထက်တွင် ဆိုခဲ့သော သမာဓိနှင့် ပညာတည်းဟူသော သဘာဝနှစ်ရပ်သည် ဒွန်တွဲ၍ နေပေသည်၊ သမာဓိနှင့် ပညာကို တွဲစပ်အသုံးပြုမှသာ အချင်းချင်း အကြောင်းပြု၍ စွမ်းရည် ထက်မြက်လာပေမည်၊ သမာဓိရှိလေလေ အမြင်မှန် ရလေလေ ဖြစ်ပေသည်၊ ဤအကြောင်းကို မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပေသည်။

“သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိသံသော၊ သမာဓိပရိဘာဝိတာ ပညာ မဟပ္ဖလာ ဟောတိ မဟာနိသံသာ၊ ပညာပရိဘာဝိတံ စိတ္တံ သမ္မဒေဝ အာသဝေဟိ ဝိမုစ္စတိ” (ဒီ၊၂၊၁၀၂။)

အကျင့်သီလဖြင့် မွှမ်းထုံအပ်သော စိတ်၏ တည်ကြည်မှု သမာဓိသည် လွန်စွာ အကျိုးရင်း အကျိုးဆက် ကြီးမားလှ၏၊ သမာဓိဖြင့် လွှမ်းခြုံစိမ့်ထုံအပ်သော ပညာဉာဏ်သည် အကျိုးရင်း အကျိုးဆက် အလွန်တရာကြီးမြတ်လှ၏၊ ထိုသို့သော ပညာဖြင့် လွှမ်းခြုံစိမ့်ထုံအပ်သော စိတ်သည် အာသဝေါတရားတို့မှ အမှန်စင်စစ် လွတ်မြောက်လေ၏၊

သမထနှင့် ဝိပဿနာ

၁၂။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ကြိုးစားအားထုတ်၍ ထူထောင်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာ သာသနာတော်၌ လူသားတို့အား နိဗ္ဗာန်တည်းဟူသော သံသရာလမ်းဆုံးပန်းတိုင်သို့ အရောက်ပို့ဆောင်နိုင်သော တရားတစ်စုံ ရှိပေသည်၊ ယင်းသည်ကား အခြားမဟုတ်၊ အထက်၌ ဆိုခဲ့သောသမာဓိနှင့် ပညာပင် ဖြစ်သည်၊ ယင်းသမာဓိနှင့် ပညာသည် သမထနှင့် ဝိပဿနာပင်ဖြစ်ပေသည်၊ လောကုတ္တရာစခန်းသို့ တက်လှမ်းကြရာ၌ သမာဓိသည် ပညာကို အခြေခံအနေဖြင့် ကျေးဇူးပြုသကဲ့သို့ ပညာသည်လည်း သမာဓိကိုပြန်လည် ကျေးဇူးပြုပေသည်။

အကယ်၍ ဝိပဿနာသည် ကိလေသာထုထည်ကို ထုနှက်ဖြိုခွဲသည့်လက်နက်ဖြစ်သည်ဆိုလျှင် သမာဓိသည် ထိုလက်နက်ကို ပစ်မလွဲအောင် ထိန်းချုပ်တည့်မတ်ပေးသည့် ကိရိယာတန်ဆာသဖွယ် ဖြစ်ပေသည်၊ ဝိပဿနာ ပညာသည် နီဝရဏအရှုပ်အထွေးတို့ကို ခုတ်ထွင်ပယ်ရှင်းသည့် ဓားလက်နက် ဖြစ်သည်ဆိုလျှင် သမာဓိသည် ထိုဓါးလက်နက်ကို ထက်မြက်အောင် သွေးရမည့် ဓားသွေးကျောက်ပမာ ဖြစ်လေသည်။

၁၃။ သို့ဖြစ်သောကြောင့် ယခုခေတ်အခါ၌ သမာဓိထူထောင်ရန် မလို၊ ဝိပဿနာရှုလျှင် ကိစ္စပြီးသည်ဟု ပြောဆိုတတ်မှုမျိုးသည် အမှားစင်စစ်သာဖြစ်သည်၊ သမာဓိမပါလျှင် ဝိပဿနာအသား မတက်ကြောင်း လက်တွေ့အားထုတ်ဖူးသူတိုင်း သိကြပေသည်၊ ထို့ပြင် သမထနှင့် ဝိပဿနာသည် ဘုရားဟောမဟုတ်၊ မဂ္ဂသစ္စာတွင် ပါဝင်သော သမ္မာသမာဓိနှင့် သမ္မာဒိဋ္ဌိကို ချဲ့ကားဖန်တီးထားခြင်းမျှသာ ဖြစ်သည်ဟူသော အမြင်မျိုးသည်လည်း ဗုဒ္ဓသာသနာတော်ကိုဖျက်ဆီးသည့် အမြင်မျိုးသာ ဖြစ်ပေသည်၊ ဝေနေယျသတ္တဝါတို့၏ ဘဝထွက်မြောက်လမ်းကို ပိတ်ဆီးကာကွယ်သော ဓမ္မအန္တရာယ်တစ်မျိုးပင် ဖြစ်လေသည်။

တစ်ဆင့်ထက် တစ်ဆင့် မြင့်သော ကျင့်စဉ်

၁၄။ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌ နက်ရှိုင်းသည် မဟုတ်ပေ၊ ကမ်းစပ်မှအတွင်းပိုင်းသို့ တဖြည်းဖြည်းသာ နက်၍နက်၍ သွားလေသည်၊ ဗုဒ္ဓသာသနာ့ကျင့်စဉ်များသည်လည်း မဟာသမုဒ္ဒရာကဲ့သို့ပင် လွယ်ရာမှ ခက်, တိမ်ရာမှ နက်၍သာ သွားလေသည်။ သို့ဖြစ်သောကြောင့် စ၍ ကျင့်လျှင်ကျင့်ချင်း အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်သို့ ရောက်၍သွားသည် မဟုတ်ပေ၊ ပထမဦးစွာ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဟူသော သီလမဂ္ဂင်တို့ကို အမှန်တကယ်ပြည့်စုံအောင် ပွားများရမည်၊ ထို့နောက် သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော သမာဓိမဂ္ဂင်တို့ကို သတိပဋ္ဌာန် စသော ကျင့်လမ်း ကြံလမ်းအမှန်တို့ဖြင့် ထူထောင်ရမည်၊ ဤသို့ သီလနှင့် သမာဓိကို ခိုင်ခိုင်ကြီး အခြေခံပြီးမှသမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဟူသော ပညာမဂ္ဂင်ကို ဆွတ်လှမ်းရပေသည်၊ ဤကဲ့သို့ သီလ, သမာဓိ, ပညာကို ပွားများရာတွင် ပုဂ္ဂိုလ်၏ ပါရမီအလိုက် အနှေး အမြန်ရှိလေသည်၊ လက်တွေ့ကျင့်ကြံအားထုတ်၍ တရားထူးရသောအခါ ထိုသိက္ခာသုံးပါးသည် ပြည့်ဝစုံလင်သွားကြောင်း ဥဒါန်းပါဠိတော် ဥပေါသထသုတ်၌ ဟောကြားတော်မူထားပေသည်။

ရတနာစုရာ သာသနာ

၁၅။ ဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးရာ၌ လူတို့၏ အခြေခံပါရမီ အနုအရင့်အလိုက် စရိုက်ဝါသနာနှင့် နီးစပ်သင့်လျော် မှန်ကန်ပါမှ မုချအကျိုးရှိနိုင်ကြောင်း ထိုဥဒါန်းပါဠိတော်၌ပင် ဆက်လက် ဟောထားပေသည်၊ လူသည် ဉာဏ်တိမ်သူ, ဉာဏ်နက်နဲသူ, ဉာဏ်ပညာ အလယ်အလတ်ရှိသူဟူ၍ သုံးမျိုးသုံးစား ရှိနိုင်သည်ဖြစ်ရာ မိမိပညာဉာဏ် အခြေခံပမာဏနှင့်သင့်မြတ် လိုက်ဖက်သော ကျင့်နည်းကြံနည်းတို့ကို ကျင့်သုံးမှသာလျှင် လိုအပ်သောအကျိုး ပြီးစီးနိုင်ပေသည်။

၁၆။ ဤအကြောင်းနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ သာသနာတော်မြတ်သည် ရတနာမျိုးစုံ တည်ရှိသော မဟာသမုဒ္ဒရာနှင့် တူညီသည့်အကြောင်းကို ဥဒါန်းပါဠိတော်ကြီး၌ပင် တွေ့ရပေသည်၊ သမုဒ္ဒရာတွင်း၌ ပုလဲ သန္တာ ကြောင်မျက်ရွဲ ခရုသင်း ရွှေ ငွေ ပတ္တမြားနီ ပတ္တမြားပြောက် စသော ရတနာမျိုးစုံ ရှိသကဲ့သို့ သာသနာတော်၌လည်း သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင် ၇-ပါး မဂ္ဂင်ရှစ်ပါးတည်းဟူသော အကျင့်မြတ် ရတနာများ ရှိပေသည်၊ ယင်းကျင့်စဉ်မှန်တို့ကို အထက်တွင် ဆိုခဲ့သည့်အတိုင်း ဗောဓိပက္ခိယတရားဟု ဆိုရပေသည်။

ရတနာဟူသည် တစ်မျိုးတည်း မဟုတ်

၁၇။ လောက၌ ရတနာအမျိုးမျိုး ရှိသည့်အနက် ရွှေကိုသာ ရတနာဟုလက်ခံ၍ စိန် ကြောင် နီလာ စသည်တို့ကို ရတနာမဟုတ်ဟု ငြင်းဆိုပါလျှင် ထိုလူမျိုးကို စိတ်မနှံ့သောသူဟု ဆိုကြလိမ့်မည် ဖြစ်သည်၊ ဤနည်းအတူ မဂ္ဂငရရှစ်ပါးကိုသာ ကျင့်စဉ်တရားဟုဆိုပြီး အခြားသော သတိပဋ္ဌာန် သမ္မပ္ပဓာန် စသော ကျင့်စဉ်တရားတို့ကိုမူ ဘုရားဟောတရား မဟုတ်ဟုဆိုလျှင် ထိုသူမျိုးကို စိတ်မမှန်သောသူ, သို့တည်းမဟုတ် ဗုဒ္ဓသာသနာတော်မြတ်ကို ထိပါး ပုတ်ခတ်သူ ဟူ၍ ဆိုရလိမ့်မည် ဖြစ်ပေသည်၊ အမှန်ကား အထက်၌ ဆိုခဲ့ပြီးသော သဒ္ဓါ ဝီရိယ စသည့် “ဝိမုတ္တိပရိပါစနီယ” တရားများသည်ပင်လျှင် ဣန္ဒြေငါးပါး ဗိုလ်ငါးပါး စသည် ဖြစ်သောကြောင့် ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်လောက်ကိုသာ ကွက်ယူပြီး ကျန်သောတရားတော်တို့ကို ငြင်းပယ်မည်ဆိုလျှင် သာသနာတော်၏ အန္တရာယ်သာ ဖြစ်ပေလိမ့်မည်။

ဟောစဉ်တရားများ (အနုပုဗ္ဗိကထာ)

၁၈။ ဗုဒ္ဓမြတ်စွာဘုရားသည် လူပုဂ္ဂိုလ်တို့၏ ပါရမီအနုအရင့်ကို အကြွင်းမဲ့သိမြင်တော်မူသည့် အားလျော်စွာ အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော ပညာနုနယ်သေးသည့် ပရိတ်သတ်များအား တရားဟောရာတွင် ဟောစဉ်တရား (အနုပုဗ္ဗိကထာ)ကို ဟောတော်မူလေ့ရှိပေသည်၊ ဤအကြောင်းနှင့် စပ်လျဉ်း၍ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် ဥဂ္ဂသုတ်၌ ဥဂ္ဂသူကြွယ်က ရဟန်းတစ်ပါးအား အောက်ပါအတိုင်း လျှောက်ထားဖူးလေသည်။

“အရှင်ဘုရား . . . တပည့်တော်သည် ကြည်ညိုလေးစားသော စိတ်ထားဖြင့် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပါသည်၊ ဘုရားရှင်သည် တပည့်တော်အား အလှူဒါနနှင့်စပ်သော တရား, အကျင့်သီလနှင့် စပ်သောတရား, နတ်ပြည်ရောက်ကြောင်း ကောင်းသောတရား, ကာမဂုဏ်အာရုံတို့၏အပေါ်၌ အပြစ်မြင်ဖွယ်တရား, ထိုကာမဂုဏ်အာရုံ ညွှန်ဗွက်မှ လွတ်ထွက်စေရန် ကျင့်ကြံပွားများရမည့်တရား-ဤသို့လျှင် အဆင့်ဆင့်အားဖြင့် တရားကို ဟောတော်မူပါသည် ဘုရား။”

၁၉။ ဤ ဥဂ္ဂသူကြွယ်ဆိုသူသည်ကား ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက တစ်ဦး တစ်ဦးလျှင် ပရိတ်သတ်အခြံအရံငါးရာစီရှိသော ဥပါသကာရှစ်ဦးအနက် တစ်ဦးပါဝင်သူ ဖြစ်ပေသည်၊ ကျန်သော ဥပါသကာခုနှစ်ဦးမှာ ဓမ္မိကဥပါသကာ, ဝိသာခဥပါသကာ, ဓမ္မဒိန္နဥပါသကာ, စိတ္တသူကြွယ်, ဟတ္တကအာဠဝက, စူဠအနာထပိဏ်, မဟာအနာထပိဏ်တို့ ဖြစ်ကြလေသည်။

၂၀။ ထို လူဝတ်ကြောင် ဥပါသကာတို့သည် ဗုဒ္ဓဘာသာဝင်တို့၌ ရှိအပ်သော ဥပါသကာအင်္ဂါ(၇)ပါးတို့နှင့် အမှန်တကယ် ပြည့်စုံကြ၏၊ ဥပါသကာအင်္ဂါ(၇)ပါးဟူသည်တို့မှာ အောက်ပါတို့ပင် ဖြစ်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ်၌ ဟောကြားထားပေသည်။

(၁) ရဟန်းတော်များကို မပြတ်မလပ် ဖူးတွေ့ခြင်း၊
(၂) တရားနာရန် သတိမေ့လျော့မှု မရှိခြင်း၊
(၃) မြတ်သော သီလ၌ တည်ခြင်း၊
(၄) ထေရ နဝ မဇ္ဈိမ ဖြစ်သော ရဟန်းတော်တို့၌ ကြည်ညိုမှုများခြင်း,
(၅) ထိပါးလိုသော စိတ်, အပြစ်ရှာလိုသော စိတ် မရှိဘဲ တရားနာခြင်း,
(၆) ဗုဒ္ဓသာသနာတော်မှ တပါး အခြား၌ အလှူခံထိုက်သူ (ကိုးကွယ်ထိုက်သူ)ကို မရှာခြင်း,
(၇) အမြတ်တနိုး ရှေ့တန်းတင်၍ ပြုလုပ်ရမည့်အမှုမျိုးကို ဤသာသနာတော်၌သာ ပြုလုပ်ခြင်း,
ဤ ၇-ပါးတို့ပေတည်း။

ဖော်ပြပါ ဥပါသကာအင်္ဂါ(၇)ရပ်တို့တွင် အမှတ်(၁) (၂) (၃) (၄) (၅) အင်္ဂါရပ်တို့သည် အထူး အရေးကြီးသော အင်္ဂါရပ်များ ဖြစ်ကြပေသည်၊ သာသနာစောင့် သီလဝန္တ ရဟန်းသံဃာတော်များကို လေးစားကြည်ညို ရိုသေစွာ တရားနာယူခြင်း, သာသနဓမ္မနှင့် ပတ်သက်၍ အမေးပုစ္ဆာ ပြဿနာများကို မေးလျှောက်နာယူခြင်းသည် တရားအဆင့်အတန်း အထက်တန်းသို့တက်လှမ်းလိုသော ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသိကာမများအဖို့ မရှိမဖြစ် ရှိရမည့် အင်္ဂါရပ်များ ဖြစ်ပေသည်၊ ကြွင်းသော အင်္ဂါနှစ်ရပ်သည်လည်း ဤအထက်ပါ အင်္ဂါတို့၌ပင် အကျုံးဝင်ပြီး ဖြစ်သွားလေသည်။

သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း

၂၁။ “သမ္မာဒိဋ္ဌိ”ဟူသော စကားလုံး၌ “ဒိဋ္ဌိ”ဟူသော စကားလုံးသည် အမြင်, မြင်ခြင်းပင် ဖြစ်သည်၊ သို့သော် ဤအမြင်သည်ကား မျက်စိဖြင့် မြင်နိုင်သည့်အမြင်မျိုး မဟုတ်၊ ပညာဉာဏ်ဖြင့် မြင်သော အမြင်မျိုး ဖြစ်သည်၊ ဒိဋ္ဌိ အမြင်ဟူသော စကားအရ ဘာကိုမြင်သည် ဆိုသည့် အမြင်ခံရမည့်အချက် ရှိရမည်ဖြစ်ကြောင်း သိနိုင်ပေသည်၊ ယင်းကဲ့သို့ မြင်ရမည့်အရာနှင့် မြင်ပုံ မြင်နည်းမှန်ကန်မှုကို “သမ္မာ”ဟူ၍ ဆိုပေသည်၊ မြင်ရမည့်အရာလည်း မမှန်, မြင်ပုံမြင်နည်းလည်းမမှန်ပါလျှင် သမ္မာမဟုတ်ဘဲ ၎င်း၏ဆန့်ကျင်ဘက် မိစ္ဆာ ဖြစ်လေသည်၊ သို့ဖြစ်သောကြောင့် “သမ္မာဒိဋ္ဌိ” နှင့် “မိစ္ဆာဒိဋ္ဌိ” သည် အလွန်မတည့်သောသဘာဝနှစ်ရပ် ဖြစ်လေသည်၊ “သမ္မာဒိဋ္ဌိ သမ္မာဒိဋ္ဌိ”ဟု ဆိုပြီး မြင်ရမည့်အရာနှင့် မြင်ပုံမြင်နည်း မမှန်မကန် ဖြစ်နေပါကလည်း အမှန်တကယ် သမ္မာဒိဋ္ဌိမဟုတ်ဘဲ မိစ္ဆာဒိဋ္ဌိ ဖြစ်နေတတ်ပေသည်၊ ဤသို့မိစ္ဆာအမြင် ဖြစ်နေလျှင် “သမ္မာဒိဋ္ဌိ”ဟူသော ဝေါဟာရသည် အနှစ်သာရ မရှိဘဲ အလွန်ချူချာသည့်ကလေးကို မောင်သံချောင်းဟု ခေါ်ဆိုထားသကဲ့သို့ ရုဠှီ(အထင်စွဲ)စကားသာ ဖြစ်ပေသည်။

၂၂။ ဤကဲ့သို့ သမ္မာဒိဋ္ဌိနှင့် စပ်လျဉ်း၍ မှားယွင်းတိမ်းစောင်း ချွတ်ချော်မရှိစေရန် မြတ်စွာဘုရားသည် အမှန်မြင်ရမည့် အရာများနှင့် အမှန်မြင်ပုံမြင်နည်းတို့ကို အထူးတလည် ဟောကြားတော်မူခဲ့လေသည်၊ မူလပဏ္ဏာသပါဠိတော် သမ္မာဒိဋ္ဌိသုတ်(၁)၌ မြင်ရမည့် အမှန်တရားများနှင့် မြင်ပုံမြင်နည်းတို့ကို အောက်ပါအတိုင်း ဟောကြားထားပေသည်။

သမ္မာဒိဋ္ဌိ-ဟူသည်ကား အကုသိုလ်နှင့်ကုသိုလ်၏ အကြောင်းရင်းမူလ, ကုသိုလ်နှင့် ကုသိုလ်၏ အကြောင်းရင်း မူလတို့ကို မှန်ကန်စွာသိမြင်ခြင်း, အာဟာရ၏ အကြောင်းရင်း, အာဟာရ၏ ချုပ်ငြိမ်းခြင်း, အာဟာရချုပ်ငြိမ်းခြင်းသို့ ရောက်စေတတ်သော အကျင့်မှန်တို့ကို သိမြင်ကျင့်ကြံခြင်း, ဆင်းရဲခြင်း အမှန်တရား=ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏အကြောင်း အမှန်တရား=သမုဒယသစ္စာ၊ ဆင်းရဲဒုက္ခချုပ်ငြိမ်းခြင်း အမှန်တရား=နိရောဓသစ္စာ၊ ထိုနိရောဓသစ္စာသို့ ရောက်ရာရောက်ကြောင်းဖြစ်သော အကျင့်တရား=မဂ္ဂသစ္စာတို့ကို သိမြင်ခြင်း, ဤသို့ မသိသေးလျှင် သိအောင်အားထုတ်ခြင်း, အိုခြင်းနှင့်သေခြင်း, ထိုအိုခြင်းနှင့် သေခြင်းအကြောင်းတရား၊ အိုခြင်းနှင့် သေခြင်း၏ ချုပ်ငြိမ်းခြင်းတရား၊ ထိုအိုမှု သေမှု ကင်းမဲ့ရာ ချုပ်ငြိမ်းရာသို့ ရောက်စေတတ်သော အကျင့်တရားတို့ကို သဘောပေါက်နားလည်ခြင်း သိမြင်ခြင်းတို့သည်ကား မှန်သောအမြင် ဖြောင့်သော အမြင်တို့ဖြစ်ပေသည်၊ ထိုသို့သော သမ္မာဒိဋ္ဌိ အမြင်မျိုးရှိသူဖြစ်လျှင် ဗုဒ္ဓတရားတော်များကို ဝေဖန်ပုတ်ခတ်ခြင်း, အထွန့်တက်ခြင်း မရှိ၊ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ် သက်ဝင်ယုံကြည်သူ ဖြစ်လာပေသည်၊ ဘုရားရှင် အဆုံးအမကို အပြည့်အဝ ခံယူသူ ဖြစ်လာပေသည်။

၂၃။ တနည်းအားဖြင့် သမ္မာဒိဋ္ဌိသည် ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဒသဝတ္ထုကသမ္မာဒိဋ္ဌိ၊ စတုသစ္စသမ္မာဒိဋ္ဌိဟူ၍ (၃)မျိုးရှိလေသည်၊ ထို(၃)မျိုးတို့တွင် သတ္တဝါတို့သည် မိမိတို့ ပြုလုပ်သော ကုသိုလ် အကုသိုလ်ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံသာလျှင် အမိ, ကံသာလျှင်အဖ ဖြစ်ကြကုန်၏၊ ကံ၏ ကောင်းမွေ ဆိုးမွေကိုသာ ခံစံကြရကုန်၏၊ ကံသာလျှင်အကြောင်းအရင်း ရှိ၏၊ ကံသာလျှင် ဆွေမျိုး ဖြစ်၏၊ ကံသာလျှင် ကိုးကွယ်ရာ အားထားရာ ဖြစ်၏၊ မည်သူမဆို မည်သူမပြု မိမိမှုဆိုသည့်အတိုင်း မိမိပြုလုပ်သောကံ၏ ကောင်းမွေ ဆိုးမွေကို မချွတ်ဧကန် ခံရမည်ဟု မြင်သော အမြင်မျိုးသည် သမ္မာဒိဋ္ဌိ(မှန်သော အမြင်) ဖြစ်ပေသည်၊ ဤတွင် သတ္တဝါတို့ပြုလုပ်သော ကံတရားသည် အမြင်ခံရမည့်တရား ဖြစ်၏၊ ထိုကံ၏ အစွမ်းသတ္တိရှိပုံကို မြင်ခြင်းသည် မှန်ကန်သော မြင်ပုံ မြင်နည်း ဖြစ်ပေသည်။

၂၄။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိဆိုရာ၌ မှန်မှန်ကန်ကန် မြင်ရမည့် အချက်ဆယ်ရပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ ယင်း အချက်ဆယ်ရပ်အပေါ် မှန်ကန်သောမြင်ပုံ မြင်နည်းနှင့် ဆက်စပ်၍ ဤသို့ သိမှတ်အပ်၏၊ ပေးလှူမှု, အပူဇော်ကြီး ပူဇော်မှု, သာမညပူဇော်မှု, သုစရိုက်ဒုစရိုက် ပြုလုပ်မှု၏ အကျိုးရင်းအကျိုးဆက်, မိဘကို ပြုစုလုပ်ကျွေးမှု၏ အကျိုး, ငရဲ ပြိတ္တာ နတ်သိကြား ဗြဟ္မာ စသော ဥပပတ်သတ္တဝါများ, ပစ္စုပ္ပန်ဘဝ, တမလွန်ဘဝ, ဤဘဝ, နောက်ဘဝတို့ကို ထူးသောဉာဏ်ဖြင့်သိ၍ ဟောကြားနိုင်သော သူတော်ကောင်း ရဟန်းပုဏ္ဏားများ ရှိမှု၊ ဤဆယ်ချက်သည် ဉာဏ်ဖြင့် မြင်ရမည့် မြင်ကွင်းမြင်ကွက်ဆယ်ချက် ဖြစ်လေသည်၊ ဤမြင်ကွင်း မြင်ကွက်များအပေါ်၌ အကျိုးရှိသည်, ဧကန်ရှိသည်ဟု မြင်လျှင် ထိုအမြင်သည် သမ္မာဒိဋ္ဌိ=မှန်သောအမြင် ဖြစ်သည်၊ ဆိုလိုသည်မှာ အလှူ လှူခြင်း၏ အကျိုးရှိသည်, ကုသိုလ် အကုသိုလ်ကံ၏အကျိုးရင်း အကျိုးဆက် ရှိသည် စသည်ဖြင့် မြင်ခြင်းမျိုးကို ဆိုလိုသည်။

၂၅။ ဆိုခဲ့ပြီး ဒသဝတ္ထုက မြင်ကွင်းမြင်ကွက် ဆယ်မျိုးသည် ဉာဏ်ပညာဖြင့်သာမြင်နိုင်သော အချက်များ ဖြစ်သည်၊ ပကတိမျက်စိဖြင့် မြင်နိုင်သောအချက်မျိုး မဟုတ်ပေ၊ သို့ဖြစ်၍ ပကတိမျက်စိဖြင့် မမြင်ရသည့်အတွက် အကျိုးမရှိ, မုချမရှိဟု ယူဆလျှင် မိစ္ဆာဒိဋ္ဌိ=မှားသောအမြင် ဖြစ်ပေသည်၊ မြင်စရာကားအတူတူပင် ဖြစ်သည်၊ မြင်ပုံမြင်နည်းကို လိုက်၍ သမ္မာနှင့်မိစ္ဆာ ကွဲပြားသွားခြင်းဖြစ်ကြောင်း အထူးသတိချပ်အပ်ပေသည်၊ အလှူ၏အကျိုး ရှိ၏ စသည်ဖြင့် မြင်ခြင်းသည် အဘယ့်ကြောင့် သမ္မာဒိဋ္ဌိ ဖြစ်ရသနည်းဆိုသော် သဘာဝကျသောကြောင့် ဖြစ်သည်၊ သဘာဝအားဖြင့် အကျိုးရှိနေသောကြောင့်ဖြစ်သည်၊ အလှူ၏အကျိုး မရှိ စသည်ဖြင့် မြင်ခြင်းသည် အဘယ့်ကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ရသနည်းဆိုသော် သဘာဝမကျသောကြောင့်, သဘာဝနှင့် လွဲချော်နေသောကြောင့် ဖြစ်သည်၊ ရှိပါလျက် မရှိဟု ထင်ခြင်းသည်သာ အမှားစင်စစ်ဖြစ်ပေသည်။

၂၆။ စတုသစ္စသမ္မာဒိဋ္ဌိဆိုရာ၌ ရုပ်နာမ်ဓမ္မဟူသော ဥပါဒါနက္ခန္ဓာငါးပါး, တဏှာ လောဘ ရုပ်နာမ်ဓမ္မတို့၏ ချုပ်ငြိမ်းမှု, ထိုချုပ်ငြိမ်းမှုကို ရရှိရန် ကျင့်လမ်းကြံလမ်း၊ ဤအချက်လေးရပ်သည် မြင်ရမည့် အချက်လေးရပ် ဖြစ်သည်၊ သို့ဖြစ်၍ မြင်ပုံမြင်နည်းနှင့် စပ်လျဉ်း၍ကား ဥပါဒါနက္ခန္ဓာငါးပါးသည် အမှန်စင်စစ် ဒုက္ခတရားဖြစ်၍ ဒုက္ခဟု မြင်မှသာ သမ္မာဒိဋ္ဌိ(အမြင်မှန်) ဖြစ်ပေသည်၊ ဒုက္ခဟု မမြင်, သုခဟု မြင်လျှင် သဘာဝမကျသည့်အတွက် မိစ္ဆာဒိဋ္ဌိ=မှားသောအမြင် ဖြစ်ပေသည်၊ ထိုနည်းတူ တဏှာသည် ဒုက္ခကို ဖြစ်စေတတ်သော အကြောင်းမှန် ဖြစ်၍ အကြောင်းမှန် ဖြစ်ကြောင်း မြင်လျှင် သမုဒယသစ္စာဖြစ်၍ မှန်သောအမြင် ဖြစ်ပေသည်၊ ထိုနည်းအတူ နိရောဓသစ္စာနှင့် မဂ္ဂသစ္စတို့ကိုလည်း သိအပ်ပေသည်။

၂၇။ တစ်နည်းအားဖြင့် သမ္မာဒိဋ္ဌိကို လောကီသမ္မာဒိဋ္ဌိ, ဗောဓိပက္ခိယသမ္မာဒိဋ္ဌိဟုနှစ်မျိုး ခွဲခြားအပ်၏၊ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသည်သာ ဘဝသံသရာ၌ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ မှန်ချေသည်ဟု မြင်သောအမြင်မှန်သည် လောကီသမ္မာဒိဋ္ဌိ ဖြစ်ပေသည်၊ ပဋိစ္စသမုပ္ပါဒ်နှင့်တကွ ခန္ဓာ, အာယတန, အနတ္တသဘာဝတို့ကိုမြင်သော အမြင်သည် ဗောဓိပက္ခိယသမ္မာဒိဋ္ဌိ မည်ပေသည်။

သမ္မာဒိဋ္ဌိ အမြင်မှန်အယူမှန်ဖြစ်အောင်လုပ်နည်း

၂၈။ သမ္မာဒိဋ္ဌိ အမြင်မှန်ကို ရရှိအောင် မည်ကဲ့သို့ ရှာဖွေရပုံကို မူလပဏ္ဏာသပါဠိတော်၊ မဟာဝေဒလ္လသုတ်၌ မြတ်စွာဘုရား နည်းပေးတော်မူထားပေသည်။

သမ္မာဒိဋ္ဌိအမြင်မှန်ကို ရလိုသူသည်-
(၁) သဘာဝဓမ္မတို့ကို သိကြားနားလည်သူ, အမြင်မှန်ရှိသူ, အသိစုံသူတို့ထံ ကောင်းစွာ ချဉ်းကပ်၍ နာခံ မှတ်သားခြင်း, (ဤသို့နာခံမှတ်သားသည်ကို “ပရတော ဃောသ”ဟူ၍ ခေါ်ပေသည်။)
(၂) ကောင်းမွန်စွာ နာခံ မှတ်သားပြီးသော တရားဓမ္မတို့ကို အသင့်အလျော်အားဖြင့် နှလုံးသွင်းတတ်ခြင်း, (ဤသည်ကို “ယောနိသော မနသိကာရ”ဟူ၍ ခေါ်သည်။)

ဤ ပရတောဃောသနှင့် ယောနိသောမနသိကာရဟူသော အကြောင်းနှစ်ပါးသည် သမ္မာဒိဋ္ဌိ ထူထောင်ရန်အတွက် အခြေခံအကြောင်း ဖြစ်ကြောင်းသိရပေသည်။

အဆိုပါ အကြောင်းနှစ်ရပ် မရှိလျှင်၊ ဝါ-ချို့တဲ့လျှင် သမ္မာဒိဋ္ဌိ (အမြင်မှန် အယူမှန်) မဖြစ်နိုင်ဟု ဧကန် သိအပ်ပေသည်။

သမ္မာဒိဋ္ဌိကို သုတေသနလုပ်၍ ရကောင်းသလော

၂၉။ ယင်း သမ္မာဒိဋ္ဌိကို အသင့်အတင့်ခံယူခြင်း, ပြင်ဆင်မွမ်းမံခြင်း, လေ့လာအားထုတ်ခြင်းပြုလျှင် စေတာဝိမုတ္တိဟုခေါ်သော ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သော သမာဓိကိုလည်းကောင်း၊ ပညာဝိမုတ္တိဟု ခေါ်သော ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်တည်းဟူသော အကျိုးအာနိသင်ကို လည်းကောင်း မုချ ရရှိစေနိုင်ပေသည်။

သမ္မာဒိဋ္ဌိ အမြင်မှန်ကို ရရှိရေးအတွက် ပြင်ဆင်မွမ်းမံ ပြုရာ၌ အင်္ဂါ(၅)ရပ်ရှိပေသည်၊ ၎င်းတို့မှာ-
(၁) သီလဖြင့် မွမ်းမံခြင်း,
(၂) သုတဖြင့် မွမ်းမံခြင်း,
(၃) ဆွေးနွေးခြင်း သာကစ္ဆာဖြင့် မွမ်းမံခြင်း,
(၄) တည်ကြည်သော သမထဖြင့် မွမ်းမံခြင်း,
(၅) ဝိပဿနာဖြင့် မွမ်းမံခြင်းတို့ ဖြစ်ပေသည်။

ဤ သမ္မာဒိဋ္ဌိ ဖြစ်ပွားကြောင်း အင်္ဂါ(၅)ရပ်တို့ကို မူလပဏ္ဏာသပါဠိတော် မဟာဝေဒလ္လသုတ်၌ပင် ဆက်လက် ဟောကြားထားတော်မူလေသည်။

အထက်ပါ မဟာဝေဒလ္လသုတ်တော်အရ ဘုရားရှင်၏ အဆုံးအမတော်ကို စေ့ငုသေချာစွာ ချင့်ချိန်ကြည့်မည်ဆိုလျှင် သမ္မာဒိဋ္ဌိကို သုတေသနလုပ်၍ မရကြောင်း ပြတ်ပြတ်သားသား သိမြင်ရမည် ဖြစ်သည်။

ဗုဒ္ဓသာသနာတော်၌ ပါဝင်သော စစ်မှန်သော သမ္မာဒိဋ္ဌိကို ရလိုပါမူကား ရိုသေလေးမြတ်စွာ တရားနာယူခြင်း, အသင့်အလျော်အားဖြင့် နှလုံးသွင်းတတ်ခြင်းဖြင့် ရယူရန် ဖြစ်ပေသည်၊ သမ္မာဒိဋ္ဌိဖြစ်ရေးအတွက် တရားနာကြားမှု ဟူသော ပရတောဃောသ, ယထာဘူတကျကျ နှလုံးသွင်း ဆင်ခြင်တတ်မှုဟူသော ယောနိသောမနသိကာရ ဤအချက်နှစ်ရပ်နှင့် ပြည့်စုံရန် လိုအပ်ကြောင်းသိရပေသည်၊ ဤတွင် အရေးကြီးသော အချက်တစ်ရပ်ကို သတိပြုရပေမည်၊ ယင်းကား ဆရာကောင်းဆရာမှန် ရရှိရေးပင် ဖြစ်သည်။

ဆရာကောင်းဆရာမှန်ထံမှ တရားမှန်ကို မကြားမနာရလျှင် အနက် အဓိပ္ပာယ် လွဲချော်မှတ်သားမိနိုင်သည်၊ အနက်အဓိပ္ပာယ် ချွတ်ချော်တိမ်းယိမ်းနေပါလျှင် အသင့်အလျော်အားဖြင့် စဉ်းစားနှိုင်းချိန်နိုင်တော့မည် မဟုတ်ပေ၊ ထို့ကြောင့် ဤသုတ်တော်၌ ဟောတော်မူအပ်သော သမ္မာဒိဋ္ဌိဖြစ်ကြောင်း အင်္ဂါနှစ်ရပ်တွင် ပရတာဃောသ (ဆရာကောင်းဆရာမှန်ထံမှ တရားနာခွင့် ရရှိရေး) သည် အလွန်တစ်ရာ အရေးကြီးလှကြောင်း ထင်ရှားပေသည်၊ ဆရာမမှန်လျှင် သမ္မာဒိဋ္ဌိအသံပေး၍ မိစ္ဆာဒိဋ္ဌိတရားများကိုသာ ဟောနေမည် ဖြစ်ပေသည်၊ ထိုအခါ ထိုသို့သော ဆရာမျိုးကို ကံမကောင်း အကြောင်းမလှသဖြင့် ဆည်းကပ်မိသူများအတွက် “အမှီမကောင်း၊ ယှဉ်မိပေါင်းက၊ အလောင်းတို့လျက်၊ ကျင့်ကောင်းပျက်၏”ဟူသော စကားကဲ့သို့ ဆုံးရှုံးနစ်နာမှုကြီးစွာ ဖြစ်ကြရရှာပေလိမ့်မည်။

မိစ္ဆာဒိဋ္ဌိသုတေသန

၃၀။ ဤကဲ့သို့ သမ္မာဒိဋ္ဌိဆိုနေရင်းက အနှစ်သာရ အထည်ကိုယ်အားဖြင့် သမ္မာဒိဋ္ဌိ မဟုတ်ဘဲ မိစ္ဆာဒိဋ္ဌိ ဖြစ်နေပုံနှင့် ပတ်သက်၍ ဖြစ်တေတ်သော မိစ္ဆာဒိဋ္ဌိများအကြောင်းကို ဓမ္မအမွေဘဏ္ဍာတိုက်ထဲမှ အနည်းငယ် ထုတ်၍ ပြပေဦးအံ့။

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် သမ္မာဒိဋ္ဌိ ဖြစ်ပုံဖြစ်နည်းသာမက မိစ္ဆာဒိဋ္ဌိဖြစ်ပုံဖြစ်နည်းများကိုလည်း ပြည့်ပြည့်စုံစုံ ထုတ်ဖော် ဟောကြားတော်မူခဲ့ပေသည်၊ သမ္မာဒိဋ္ဌိဘက်၌ အကြွင်းအကျန် မရှိ၊ အမှန်တရားအားလုံးကို ဖော်ထုတ် ပေးတော်မူထားသကဲ့သို့ မိစ္ဆာဒိဋ္ဌိဘက်၌လည်း အမှားဟူသမျှ တစ်ခုမျှ မကျန်ရအောင် အကုန် ဖွင့်ပြထားတော်မူခဲ့သည်၊ ဗုဒ္ဓပိဋကတ်တော်၌ မိစ္ဆာဒိဋ္ဌိအားလုံးကိုဖွင့်ပြထားသော တရားဒေသနာတော်သည်ကား ဒီဃနိကာယ် သီလက္ခန္ဓဝဂ်လာ ဗြဟ္မဇာလသုတ်တော်ပင် ဖြစ်လေသည်၊ ဗြဟ္မဇာလသုတ်၌ မိစ္ဆာဒိဋ္ဌိပေါင်း ၆၂-မျိုးကို ထုတ်ပြတော်မူထား၏၊ ယင်းမိစ္ဆာဒိဋ္ဌိ ၆၂-မျိုးတို့ကား- သဿတဝါဒ (၄)မျိုး၊ ဧကစ္စသဿတဝါဒ (၄)မျိုး၊ အန္တာနန္တဝါဒ (၄)မျိုး၊ အမရာဝိက္ခေပဝါဒ (၄)မျိုး၊ အဓိစ္စသမုပ္ပန္နဝါဒ (၂)မျိုး၊ သညီဝါဒ (၁၆)မျိုး၊ အသညီဝါဒ (၈)မျိုး၊ နေဝသညီ နာသညီဝါဒ (၈)မျိုး၊ ဥစ္ဆေဒဝါဒ (၇)မျိုးနှင့် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ (၅)မျိုး၊ စုစုပေါင်း (၆၂)မျိုး ဖြစ်လေသည်။

မြတ်စွာဘုရားသည် ကမ္ဘာလောကတွင် ရှိရှိသမျှ မိစ္ဆာဒိဋ္ဌိအားလုံး ဤဗြဟ္မဇာလသုတ်၌ ပါဝင်ပုံကို ဥပမာဆောင်၍ ဖော်ပြတော်မူခဲ့သည်၊ ကျွမ်းကျင်သော ကွန်ပစ်သမားသည် ရေကန်ငယ်တစ်ကန်လုံး လွှမ်းခြုံမိအောင် ကွန်ကို ပစ်လိုက်သောအခါ ရေကန်တွင်းရှိသမျှ ငါးတို့သည် ကွန်အုပ်မိခြင်းကို ခံနေကြရ၍ ကူးလျှင်လည်း ဤကွန်ထဲမှာပင် ကူးကြရသည်၊ ငုပ်လျှင် ပေါ်လျှင်လည်း ဤကွန်ထဲမှာသာ ငုပ်ရပေါ်ရသည်၊ ကွန်မှ မလွတ်နိုင်ကြချေ၊ ဤဥပမာကဲ့သို့ပင် ကမ္ဘာလောကအတွင်းရှိ မိစ္ဆာအယူ မှန်သမျှသည် ဤဗြဟ္မဇာလသုတ် တရားတော်ထဲ၌ အကျုံးဝင်သည်သာ ဖြစ်သည်၊ ဗြဟ္မဇာလသုတ်လာ မိစ္ဆာအယူမှ လွတ်သော မိစ္ဆာဒိဋ္ဌိဟူ၍ မရှိကြောင်း တိကျပြတ်သားစွာ ဟောတော်မူခဲ့ပေသည်။

ဤဗြဟ္မဇာလသုတ်လာ မိစ္ဆာအယူတို့ကို အနည်းငယ်ဖော်ပြရသော်-

သဿတဒိဋ္ဌိ လေးမျိုးအနက် ကြံစည်စူးစမ်းမှုမျှဖြင့် အတ္တနှင့် လောကသည် မြဲ၏၊ နိစ္စတရားဟု ယူသော သဿတဒိဋ္ဌိတစ်မျိုး ပါရှိ၏၊ ဧကစ္စသဿတ လေးဝါဒတွင် ကြံစည်စူးစမ်းမှုဖြင့် ရုပ်မမြဲ နာမ်မမြဲ (အချို့မြဲ အချို့မမြဲ)ဟု ယူသော ဧကစ္စသဿတဒိဋ္ဌိတစ်မျိုး ပါရှိ၏၊ အဓိစ္စသမုပ္ပန္နခေါ် အကြောင်းမရှိ နှစ်ဝါဒတွင် ကြံစည်စူးစမ်းမှုဖြင့် အတ္တနှင့်လောကသည် ဘာအကြောင်းမျှ မရှိ၊ (အတိတ်ဘဝ စသည် မရှိ) သူ့ဟာသူ ဖြစ်လာသည်ဟု ယူသောအယူ ပါရှိ၏၊

ဒီဝါဒ (၁၆)မျိုးတွင် ရုပ်သည် သေပြီးသည့်နောက် မပျက်စီးဟု ယူသော အယူဝါဒတစ်မျိုး ပါရှိ၏၊ ဥစ္ဆေဒဒိဋ္ဌိ(၇)မျိုးတွင် မဟာဘုတ်ရုပ်လေးပါး အစုအဝေးသည် သေပြီး ပြတ်၏၊ (နောက်ဘဝ မရှိ) ဟူသော အယူ ပါရှိ၏၊ ဒိဋ္ဌဓမ္မဝါဒ (၅)မျိုးတွင် လက်ရှိဘဝ၌ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခံစားနိုင်သမျှ ခံစားမှုသည်သာ မှန်၏ဟု ယူသော အယူနှစ်မျိုး ပါရှိ၏၊

ထိုမိစ္ဆာဒိဋ္ဌိတို့နှင့် ပတ်သက်၍ အကျိုးအပြစ်ကို စိစစ်ဝေဖန်ပြရာတွင် ထိုမိစ္ဆာဝါဒရှင်တို့သည် မိမိတို့အယူကို နှစ်ခြိုက်ဝမ်းသာသည့် ဝေဒနာကို ခံစားကြ၏၊ အမှန်ကို မသိကြသည့်အတွက် အဝိဇ္ဇာနှင့်တဏှာသည် သူတို့ကို ပူးသတ်နေကြ၏၊ သူတို့၏ ဝေဒနာသည် မိစ္ဆာအာရုံကို တွေ့ထိမှုဖဿကြောင့် ဖြစ်ရ၏၊ ထိုသူတို့သည် ဖဿကြောင့် ဒွါရ(၆)ပါးတို့တွင် တွေ့ထိ ခံစားကြကုန်၏၊ ထို့ကြောင့် ထိုမိစ္ဆာဝါဒရှင်တို့သည် ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ, ဗျာဓိ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဟူသော သံသာရဒုက္ခတို့ကို အတောမသတ် ခံစားသွားကြရရှာလေသည်၊ သူတို့သည်ကား သံသရာဝဋ်အတွင်းတစ်လျှောက်မှာ ကရွတ်ကင်းလျှောက် ထာဝရ ကျင်လည်နေကြရတော့သည်၊ ဤကဲ့သို့ ဗုဒ္ဓမြတ်စွာ ဝေဖန်ပြတော်မူသည်။

ထို ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိတို့၏ ဘောင်အတွင်းမှာ ပေါ်ပေါက်သော မိစ္ဆာအယူများလည်း ရှိသေး၏၊ ၎င်းတို့သည်ကား ကံတည်းဟူသော အကြောင်းတရားကိုပယ်သော အကိရိယဒိဋ္ဌိ၊ ကုသိုလ်ကံ, အကုသိုလ်ကံ၏ အကျိုးတရားမရှိဟု အကျိုးကို ပယ်သော နတ္ထိကဒိဋ္ဌိ၊ ကံ-ကံ၏ အကျိုးနှစ်ပါးစုံကို ပယ်သသော အဟေတုကဒိဋ္ဌိတို့ ဖြစ်ပေသည်၊ ဤဒိဋ္ဌိတို့သည် အထက်၌ ဖော်ပြခဲ့သော ဒသဝတ္ထုက သမ္မာဒိဋ္ဌိဆိုင်ရာ အချက်(၁၀)ချက်ပေါ်၌ မှောက်မှောက်မှားမှား မြင်သောအားဖြင့် ဖြစ်ပေါ်လာသော မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေသည်။

မိစ္ဆာဒိဋ္ဌိနှင့် ပတ်သက်၍ မြတ်စွာဘုရား မှတ်ချက်ချ ဟောကြားထားသော စကားတော်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဧကင်္ဂုတ္တရအပိုင်း၌ ထင်ရှားစွာ ပါရှိလေသည်၊ မြတ်စွာဘုရားစကားတော်ကား ဤသို့တည်း-

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ မဟာသာဝဇ္ဇံ၊ ယထယိဒံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိပရမာနိ ဘိက္ခဝေ မဟာသာဝဇ္ဇာနိ၊

ရဟန်းတို့ . . . မိစ္ဆာဒိဋ္ဌိလောက် အပြစ်ကြီးလေးလှသော တခြားသော တရားတစ်စုံတစ်ရာကိုမျှ ငါဘုရား မြင်တော်မမူ၊ ချစ်သားတို့ . . . မိစ္ဆာဒိဋ္ဌိသည် အတိုင်းထက်အလွန် အပြစ်များပြားလှပေသည်။

ထို့ပြင် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တစ်ယောက် ပေါ်ပေါက်လာလျှင် ထိုမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်သည် လူအပေါင်းတို့ကို သူတော်ကောင်းတရားမှ ပယ်ရှားပြီး သူယုတ်မာတရား၌တည်စေပုံ စသည်ကိုလည်း ဟောကြားတော်မူပေသည်။

ဤဘုရားရှင်၏ မိန့်တော်သံကို သိမြင်သော ပညာရှိတို့သည် မိစ္ဆာဒိဋ္ဌိ (အမြင်မှားမှု)ကို အထူးရှောင်ကြဉ်ကြလေသည်။

ဝိနစ္ဆယဆရာတော်တို့၏ ဆောင်ရွက်ချက်

၃၁။ ဤ ဝိနစ္ဆယကို ပြုစုကြသော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ဆရာတော်များသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တစ်သိန်းကျော် သံဃာတော်တို့၏ ကိုယ်စား မိမိတို့အပေါ် ကျရောက်နေသော သာသနာပြု တာဝန်ဝတ္တရားကို ထမ်းဆောင်ကြရသူများ ဖြစ်ပေသည်၊ ဝိဝါဒါဓိကရုဏ်းများ ငြိမ်းအေးသွားစေရန် ဆုံးဖြတ်ပေးရမည့် ကိစ္စ၌ ဆန္ဒ ဒေါသ ဘယ မောဟဟူသော အဂတိတရားလေးပါး ကင်းစင်ရေးကို အထူး သတိချပ်ခဲ့ကြပေသည်။

ချစ်သဖြင့် လိုလားသဖြင့် အဂတိလိုက်ခြင်း, မုန်းတီးသဖြင့် အဂတိလိုက်ခြင်း, ကြောက်ရွံ့ စိုးရိမ်သဖြင့် အဂတိလိုက်ခြင်း, အမှန်ကို မသိသဖြင့် အဂတိလိုက်ခြင်း ဟူသော အမှားတို့ကို ရှောင်ရှားရာ၌ ဗုဒ္ဓသာသနာတော်မြတ်အတွက် သေရေးရှင်ရေးတမျှ အလွန့်အလွန် အရေးကြီးလှသော ကိစ္စတစ်ရပ်ဖြစ်၍ မည်သူကိုမျှ မလိုလား, မည်သူ့ကိုမျှ မေတ္တာမပျက်, မည်သူကိုမျှ မကြောက်ဘဲ မောဟာဂတိတည်းဟူသော မသိမှုအစွန်း လွတ်အောင်သာ အထူးသတိထား ဆောင်ရွက်ကြပေသည်။

ဤကဲ့သို့ ကြီးလေးလှသော သာသနာ့တာဝန်ကို ထမ်းဆောင်ရာ၌ မြတ်စွာဘုရား၏ ရွှေမျက်နှာတော် တစ်ခုတည်းကိုသာကြည့်၍ ဆုံးဖြတ်ချမှတ်ရမည်ကို ကောင်းစွာ နှလုံးပိုက်မိကြသည်၊ ထို့ပြင် မူးယစ်သော သူများသည် အမူးအယစ် ပြေပျောက်သောအခါ ချမ်းသာခြင်းသို့ ရောက်သကဲ့သို့ အမြင်မှား အယူမှား နေသောသူတို့သည် အမြင်မှန်ရောက်၍ ချမ်းသာကြပါစေ ဟူသော မေတ္တာ စေတနာကိုလည်း ထားရှိကြပေသည်။

ယခု ဤရုံးတော်၌ စွဲဆိုထားသော လူသေလူဖြစ်မှုနှင့် ယင်း၏ သက်ဆိုင်ရာဝါဒတို့နှင့် စပ်လျဉ်း၍ စောဒကဆရာတော်တို့က စောဒနာ(၂၁)ချက်ကို စေဒနာကြသည်ဆိုသော်လည်း အမှန်စင်စစ် ၂၁-ချက် မကပေ၊ လိမ္မော်သီးတစ်လုံးတွင် အမွှာများစွာ ပါဝင်သကဲ့သို့ စောဒနာတစ်ခုတွင် အချက်အလက်ပေါင်း မြောက်များစွာ ပါဝင်နေသည်ကို တွေ့ရပေသည်၊ အကြမ်းဖျင်းအားဖြင့်ပါဝင်သော စောဒနာချက်ပေါင်း (၂၄၀)ကျော် ရှိပေသည်။

ဤမျှ ကျယ်ပြန့် များပြားလှသော စွဲချက်တို့ကို မကြွင်းမကျန် ပါဝင်နိုင်ရေး, ဘုရားရှင်၏ အလိုတော်ကျ တည့်မတ် မှန်ကန်စွာ ဆုံးဖြတ် ချမှတ်ပေးနိုင်ရေးတို့အတွက် ဝိနည်းဓိုရ်ဆရာတော်တို့သည် ဤ ကမ္ဘာအေး၌ ဝါဆိုပြီး (၄)လမျှအချိန်ယူလျက် ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ သုံးသပ်ရှုမြင်ခဲ့ကြရပေသည်။

နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို အဋ္ဌကထာ ဋီကာနှင့်တကွ အပြန်ပြန်အလှန်လှန် သုံးသပ်ဆင်ခြင်ခြင်း, ဆရာစဉ်ဆက် ဆုံးဖြတ်ချက်များကို သုံးသပ်ခြင်း စသည်ဖြင့် လစ်ဟင်းမှု မရှိအောင် နေ့မအား ညမအား ကြိုးစားစိစစ်ခဲ့ကြပေသည်၊ ထိုသို့ စိစစ်ရာ၌ စောဒနာ သောဓနာနှင့် ပတ်သက်၍ ကျမ်းပေါင်း ၂၀၀-ကျော် သုတ်ပေါင်း ၅၀၀-ကျော်ကို အသုံးပြုကာ ညှိနှိုင်းတိုက်ဆိုင် စိစစ်ခဲ့ကြပေသည်။

ထို့ပြင် အချို့အရာ၌ အများ သံသယကင်းရှင်းစေရန် မြောက်ပိုင်းဗုဒ္ဓဘာသာကျမ်းများနှင့် အခြား လောကီကျမ်း အဆိုအမိန့်များကိုလည်း အနည်းငယ်ယူ၍ ဖြေရှင်း စိစစ်ထားပေသည်၊ သို့ရာတွင် ဝိနစ္ဆယ ချမှတ်သောအခါတွင်ကား ထေရဝါဒပိဋကတ် ကျမ်းစာများအရသာ ဆုံးဖြတ်ချက် ချမည်ဖြစ်ပေသည်။

ဤကဲ့သို့ အမှုကို ကိုင်တွယ်ရာတွင် အဓိကရုဏ်းဖြစ်ရာ ဝါဒရေးရာကိုသာ အဓိကထားပြီး စောဒကဘက် စုဒိတကဘက် နှစ်ဘက်လုံးကို မျှမျှတတ ကြည့်ရှုသုံးသပ်ခဲ့ပေသည်၊ စုဒိတကတို့ဘက်မှ အယူအဆရေးရာနှင့် ပတ်သက်၍လည်းကောင်း၊ ချေပသော သောဓနာချက်များနှင့် ပတ်သက်၍လည်းကောင်း မှန်လျှင် မှန်သည့်အလျှောက် လက်ခံရန် အသင့်ရှိခဲ့ကြပေသည်၊ မမှန်လျှင်လည်း မည်သည့်ဘက်က မမှန်သည် ဖြစ်စေ ဘုရားရှင်၏ မျက်နှာတော်ကိုသာ ကြည့်၍ မမှန်ကြောင်း ဆုံးဖြတ်ရန် တိကျပြတ်သားသော အဓိဋ္ဌာန် ရှိပေသည်။

ဤကဲ့သို့ ဝိနည်းဓိုရ်ဆရာတော်များသည် တည်ကြည်ဖြောင့်မတ်သော စိတ်ကို ထားရှိပြီး ပိဋကတ်ကျမ်းဂန်အရ အချိန် လုံလုံလောက်လောက်ယူ၍ စောဒနာ သောဓနာတို့ကို စိစစ်ခြင်းအားဖြင့် ပါသင့်ပါထိုက်သော အချက်အလက်အခြေအနေများ စုံလင်စွာ ပါရှိစေလျက် ဤလူသေလူဖြစ် ဝါဒါနုဝါဒဝိနစ္ဆယကို ချမှတ်တော်မူကြမည် ဖြစ်သည်။

ပုထုဇဉ်တို့ သဘောသည်ကား သန္ဒိဋ္ဌိပရာမာသိတာ-မိမိအမြင်ကို လွဲမှားစွာ သုံးသပ်ခြင်း, အာဓာနဂ္ဂါဟိတာ-မိမိအယူမှ မှန်သည်ဟု စွဲမြဲစွာ ယူခြင်း, ဒုပ္ပဋိနိဿဂ္ဂိတာ-မစွန့်လွှတ်နိုင်လောက်အောင် ဆုပ်ကိုင်ထားခြင်းများ ရှိတတ်ပေသည်။

သို့ရာတွင် ဘယ်သူမပြု မိမိမှု ဟူသော စကားရပ်ကဲ့သို့ ကောင်းမှုကို ပြုလျှင် ကောင်းကျိုး ရရှိခြင်း မကောင်းမှုကို ပြုလျှင် မကောင်းကျိုးကို ရရှိခြင်းသည် ကြားလူ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်၊ မိမိအမှု မိမိသာလျှင် စီရင်ခြင်းဖြစ်ကြောင်း အသင့်အတင့် နှလုံးသွင်းနိုင်လျှင် သူတော်ကောင်းသဘောသို့ သက်ရောက်ပေလိမ့်မည်။

ဤဝိနစ္ဆယသည်ကား ဝိဝါဒါဓိကရုဏ်း ပြေငြိမ်းစေရေးအတွက် ဓမ္မဝိနယနှင့်အညီ ဝါဒမှန် ပေါ်ထွက်ရေးကိုသာ စူးစိုက်ဆောင်ရွက်ထားခြင်း ဖြစ်ပေသည်။