လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/အလှည့်ကျ ဥက္ကဋ္ဌဆရာတော်၏ သြဝါဒကထာ
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ အပ်နှံပွဲ၌ နိုင်ငံတော်
သံဃမဟာနာယက အလှည့်ကျ အဖွဲ့ခွဲဥက္ကဋ္ဌ
ဗာရာဏသီဆရာတော်၏ ဩဝါဒကထာ
၁။ သာသနာဝင် ရာဇဝင်တွေကို ရှည်လျားစွာ မပြောတော့ဘဲ “အောင်ကျော်ချမ်းအေး မန္တလေး” ဆိုတဲ့ ဆောင်ပုဒ်အရ ကောဇာသက္ကရာဇ် ၁၂၂၁-ခုနှစ်တွင် မန္တလေးမြို့တော်ကို တည်ထောင်တော်မူ၍ သူမတူအောင် သာသနာပြုသွားသည့် မင်းတုန်းဘုရင်သည် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး၏ တိုးတက်စည်ပင်ရေးကို ရှေးရှု၍ အလွန် သာသနာပြုတော်မူသည်၊ ကျောင်းတိုက်ကြီးပေါင်း မြောက်များစွာ တည်ဆောက်၍ တံဆိပ်တော်ရ မရ ဆရာတော်များအား လစဉ်ဆွမ်းဆန်တော်များ ထောက်ပံ့လှူဒါန်းလေသည်၊ ရဟန်း ဝိနည်း သိက္ခာပုဒ် မပျက်ပြားစေရန်အတွက် မဟာဒါန်ဝင်များ ခန့်ထားတော်မူလျက် အဘက်ဘက်မှ မလိုရအောင် ဆောင်ရွက်တော်မူသည်၊ ပါဠိတော် ပိဋကကျမ်းစာများကို ကျောက်ဖြူပြား၌ ရေးသွင်းစေ၍ သေလက္ခရာရုဠှ ပဉ္စမ သံဂါယနာ ဒါယကာခံယူတော်မူသွားလေသည်။
၂။ သို့ကလောက် သာသနာတော်ထွန်းကားနေသည့်အချိန်မှာပင် ဓာတ်ဆရာဦးပိုသည် သာသနာ ၅၀၀၀-ကိစ္စနှင့် စပ်လျဉ်းပြီး မျှတသော အများဝါဒကို ဆန့်ကျင်လျက် ရတနာသုံးပါးကို စော်ကားခဲ့သည်၊ ထိုအခါ သာသနာပြု မင်းတုန်းမင်းတရားကြီးက ငပိုကို ခေါ်ယူ ကိုယ်တိုင် စစ်မေးပြီး သမာနဝါဒ မျှတညီညွတ်သော အယူကိုယူဖို့နှင့် အများကို မပုတ်ခတ်ဖို့ ဖျောင်းဖျတော်မူခဲ့သည်၊ သို့သော် ဦးပိုသည် တယူသန် အယူသည်း ခေါင်းမာသူ ဖြစ်၍ သူ၏ အယူကို မစွန့်သည့်အတွက် ကွက်မျက်ခံခဲ့ရလေသည်၊ ဤကိစ္စတွင် ဦးပိုသည် သတ္တိပြောင်သော သူရဲကောင်း မဖြစ်ဘဲ တပင်ရွှေထီးမင်းလက်ထက်က လက်မထိပ်၌ အပ်ရိုက် လူရွေးပွဲတွင် အရွေးမခံရ၍ ရှက်ရမ်းရမ်းပြီး မိမိဗိုက်ကိုခွဲ အူထုတ်ပြီး အသေခံသွားသော ဗလမင်းထင်ကဲ့သို့ မိုက်ရူးရဲသူ တစ်ဦးအဖြစ်သာ အဖတ်တင်ခဲ့လေသည်။
၃။ ထို့နောက် သားတော် သီပေါမင်းလက်ထက် ၁၃၄၇-ခုနှစ်တွင် ထီးကျိုးစည်ပေါက်၍ မြန်မာနိုင်ငံတရပ်လုံး နယ်ချဲ့လက်သို့ ကျရောက်သွားသောအခါ ဗုဒ္ဓ သာသနာတော်မြတ်သည်လည်း မင်းစိုးရာဇာတို့ အစောင့်အရှောက်ကင်းကွာသွားပြီး တိုင်းသူပြည်သားတို့၏ လက်တွင်း၌ အကွပ်မရှိသေ ကြမ်းကဲ့သို့ ပရမ်းပတာ ဖြစ်ခဲ့ရလေသည်။
၄။ လွန်ခဲ့သော ၁၃၀၉-ခုနှစ်က မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်ရလာသောအခါတွင်မှ ဗုဒ္ဓသာသနာတော်ကို ပြန်လည်ထူထောင်ခဲ့ကြရသည်၊ သို့သော် ယခင် မြန်မာဘုရင်များခေတ်ကနှင့် မတူတော့ဘဲ မြန်မာနိုင်ငံအတွင်း၌ ဘာသာပေါင်းစုံ ဝါဒပေါင်းစုံ ဝင်ရောက်နေနှင့်ပြီး ဖြစ်နေပေသည်၊ ပိဋကကျမ်းဂန် အမျိုးမျိုးမှာလည်း ဘာသာခြား စီးပွားရေးသမားတို့က ဖြစ်သလို ပုံနှိပ်ထုတ်ဝေထားကြသဖြင့် မန္တလေး ပဉ္စမသံဂါယနာတင် ကျောက်စာတော်မူနှင့် ညှိပြီး ဆဋ္ဌသံဂါယနာတင်ခဲ့ကြလေသည်။
၅။ သို့ရာတွင် ဓမ္မစက်ကို သူတော်ကောင်းတို့ကသာ လိုက်နာကြ၍ မသူတော်တို့က ဓမ္မစက်ကို မလိုက်နာကြချေ၊ ထို့ကြောင့် ဗုဒ္ဓသာသနာတော်ကြီး၌ အတွင်းအပြင် မသန့်ရှင်းမှုများ ရှိလာသဖြင့် လွန်ခဲ့သော နယုန်လက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပပြီး သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ဝိနည်း ဓမ္မကံ လုပ်ထုံးလုပ်နည်း စသည်တို့ကို ရေးဆွဲ၍ ပြဋ္ဌာန်းခဲ့ကြရ၏၊ ဤကဲ့သို့ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၏ ဆုံးဖြတ်ပြဋ္ဌာန်းချက်အရ ဤနိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးနှင့်တကွ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ပေါ်ပေါက်လာခဲ့ရသည်၊ နိုင်ငံတော် အစိုးရကလည်း ဓမ္မစက်ကို မလိုက်နာသူများအတွက် ဆုံးမနိုင်သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။
၆။ သို့ဖြစ်၍ နိုင်ငံတော်အတွင်းရှိ တစ်သိန်းကျော် သံဃာတော်များ၏ ကိုယ်စား သာသနာရေး သာသနာ့ကိစ္စ အရပ်ရပ်ကို တာဝန်ခံ၍ ဆောင်ရွက်ရသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် နိုင်ငံတော်အတွင်း၌ ဓမ္မရေးရာ ပြဿနာဖြစ်သော ဝိဝါဒါဓိကရုဏ်းကိစ္စရပ်များကို အေးငြိမ်းစေရန် အလို့ငှာ ဓမ္မ ဝိနယနှင့် လည်းကောင်း၊ အစိုးရဥပဒေနှင့် လည်းကောင်း နှစ်ဘက်နှစ်လမ်း အကျုံးဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့များ ဖွဲ့စည်းပေးခဲ့ပေသည်။
၇။ ထိုဝိနည်းဓိုရ်အဖွဲ့များအနက် အမှတ်(၁)အဖွဲ့က ကျောက်သင်္ဘောဝါဒကို ဆုံးဖြတ်ပေးခဲ့ပြီးဖြစ်၏၊ ယခု အမှတ်(၂)ဝိနည်းဓိုရ် အဖွဲ့က လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒ ဆိုသည်တို့ကို စီရင်ဆုံးဖြတ် ဝိနိစ္ဆယ ချမှတ်ပေးခဲ့ပေသည်။
၈။ ဤကိစ္စနှင့် စပ်၍ အနည်းငယ်ပြောကြားလိုသည်မှာ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့က သူတို့ကို ဝိနည်းဓိုရ်ရုံးမတင်ပါနှင့်၊ မဟာနာယက ဆရာတော်များကပဲ ဆုံးမပါ၊ နာခံပါ့မယ် ဆိုတဲ့ စာကို လာတင်ခဲ့ဖူးပေသည်၊ ဤကိစ္စနှင့် ပတ်သတ်၍ ဆရာတော်တို့ လေးလေးနက်နက် စဉ်းစားခဲ့ကြသည်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည် အရင်းအမြစ်နှင့်တကွ ဝိဝါဒါဓိကရုဏ်းဖြစ်အောင် ဖန်တီးနေပုံကိုပါ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ခဲ့ကြသည်၊ ဤကဲ့သို့ သုံးသပ်သောအခါ အောက်ပါ အချက်နှစ်ရပ်ကို တွေ့ရပေသည်-
(က) တစ် အချက်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အနေဖြင့် မိမိဆန္ဒရှိရာ သဘောအတိုင်း လုပ်ခွင့်မရှိ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတို့နှင့် အညီသာလျှင် လုပ်ပိုင်ခွင့် ရှိသည်ဟူသော အချက်ဖြစ်၏၊
(ခ) နှစ် အချက်က သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည် အလွန်အခြေခံခိုင်သည်၊ ဘုရားသာသနာနှင့် မဆိုင်ဟူ၍ ပကာသနိယကံ ပြုထားသော ဒါယကာ ဒါယကာမတို့က မကြည်ညိုနိုင်ဟု အပ္ပသာဒပဝေဒနီယကံပြုထားသော သာသနာ့ဆန့်ကျင်ဘက် တောင်တွင်းကြီးဦးဥက္ကဋ္ဌကိုမှ ရွေးပြီး ဆရာတင်ထားကြသည်၊ သမ္မာဒိဋ္ဌိအဖွဲ့ဝင်တို့၏ လုပ်နည်းလုပ်ဟန်မှာလည်း သွေးရိုးသားရိုး ဘာသာ သာသနာကို အေးချမ်းစွာ ကျင့်ကြံသူတို့၏ လုပ်ရပ်မျိုး မဟုတ်ဘဲ သူတစ်ပါးတို့အား ပုတ်ခတ်ပြီး မိမိ မဲရအောင် ဖန်တီးကြသော ရှေးခေတ် နိုင်ငံရေးသမားတို့၏ နိုင်ငံရေး လုပ်နည်းလုပ်ဟန်မျိုးဖြစ်ကြောင်း တွေ့ရသည်၊ ထို့ကြောင့် ယခုလို စာတင်ခြင်းသည် “မီးကြီးငြမ်းခို၊ ထမင်းရေပူ လျှာလွှဲ” ဆိုသကဲ့သို့အခြေအနေအရ ပျားရေနှင့် ဝမ်းလာချခြင်းသာ ဖြစ်သည်၊ တကယ်လိုက်နာမည်ဟု ယုံကြည်ရန် ခက်သည်။
၉။ ဤကဲ့သို့ သုံးသပ်တော်မူကြသဖြင့် ဆရာတော်များ၏ ပုဂ္ဂလဆန္ဒအနေဖြင့် သနားကရုဏာ ငဲ့ညှာလိုလှပါသော်လည်း နှစ်ဘက်အခြေအနေအရ ယခုလို ဝိနည်းဓိုရ်ရုံးဖွဲ့၍ စစ်ဆေးဆုံးဖြတ်စေခဲ့ခြင်း ဖြစ်ပေသည်၊ အကယ်တန္တု သံဃမဟာနာယကထံ တင်လာသော စာထဲမှာ ပါသကဲ့သို့ ဆရာတော်ကြီးများ ဆုံးမရာကို နာခံမည်ဆိုသည့်အတိုင်း သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် လူကြီးများမှာ ရိုးသားဖြူစင်သော စိတ်ထားရှိရိုးမှန်လျှင် ယခု ဝိနည်းဓိုရ်ဆရာတော်ကြီးများက ပညာရှေ့သွား မေတ္တာထား၍ ရေးသားဆုံးဖြတ် ဆုံးမအပ်သည်တို့ကို ရှေ့တွင်တစ်မျိုး ကွယ်ရာတစ်မျိုး မလုပ်ဘဲ အမှန်တကယ် လိုက်နာကြလိမ့်မည်ဟု ဆရာတော်တို့ မျှော်လင့်ပေသည်၊ အထက်က ဆရာတော် ဆိုခဲ့သည့်အတိုင်း ဓမ္မစက်ကို သူတော်ကောင်းတို့ကသာ လိုက်နာသည်၊ အာဏာစက်ကိုမူ မသူတော်တို့လည်း မလိုက်နာမနေရ လိုက်နာကြရပေလိမ့်မည်၊ သို့ဖြစ်၍ ဤသီးခြား ဝိနိစ္ဆယရုံးတော်၏ ဆုံးဖြတ်ချက်သည် သူတော်ကောင်းကို ပိုကောင်းစေပြီး သူယုတ်မာကို သူတော်ကောင်း ဖြစ်လာစေမည့် ဆုံးဖြတ်ချက် ဖြစ်ပေသည်။
၁၀။ ဤလူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယသည် အဂတိတရားလေးပါးကင်းပေသည်၊ ကင်းပုံမှာ ဓမ္မရေးရာပြဿနာဖြစ်၍ မည့်သည့်ပုဂ္ဂိုလ်ကိုမျှ ချစ်ခင်ငဲ့ညှာစရာ မလိုသဖြင့် ဆန္ဒာဂတိကင်းပေသည်၊ သခင်မြတ်ဆိုင်က ဝိနည်းဓိုရ်ရုံး ပျက်စေရန်နှင့် ၂၅၀၀-သာသနာနှင့် ရဟန်းသံဃာတော်များအပေါ် အာဃာတကြီးမားလှစွာဖြင့် ဟိုစာတင် ဒီစာဖြန့် လုပ်ခြင်းသည် ဆရာတော်ကြီးများ၏ သမာဓိကို မတုန်လှုပ်စေနိုင်သဖြင့် ဒေါသာဂတိလည်း ကင်းပေသည်၊ ဆရာတော်ကြီးများ၏ ဘဝသည် မည်သူ့ကိုမျှ ကြောက်စရာမလိုသည့် အနေအထားတွင်ရှိ၍ ဘယာဂတိလည်း ကင်းပေသည်၊ ဝိနည်းဓိုရ် ဆရာတော်ကြီးများသည် ဘာသန္တနှင့်တကွ ပိဋကတ်ကျမ်းဂန် စွမ်းသန်တော်မူရုံမျှမက မပြတ်လေ့လာ ဆည်းပူးလျက် ရှိသည့်အပြင် ယခု ဝိနိစ္ဆယကို လေးလတာမျှ အချိန်လုံလုံလောက်လောက်ယူပြီး ကျကျနန ရေးသားစီရင်တော်မူသည့် အတွက်ကြောင့် မောဟာဂတိလည်း ကင်းပေသည်။
၁၁။ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများနှင့် ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ ဆောင်ရွက်ချက်သည် နိဂ္ဂဟေ နိဂ္ဂဟိတဗ္ဗံ-နှိပ်ထိုက်သူကို နှိပ်ရမည်၊ ပဂ္ဂဟေ ပဂ္ဂဟိတဗ္ဗံ- မြှင့်ထိုက်သူကို မြှင့်ရမည်ဟူသော တရားတော်နှင့်အညီသာ ဖြစ်သည်၊ ထို့ပြင် အဘူတံ အဘူတတော နိဗ္ဗေဋ္ဌေတဗ္ဗံ= မဟုတ်မမှန်သည်ကို မဟုတ်မမှန်သည့်အကြောင်း ဖြေရှင်းရမည်ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဩဝါဒ ညွှန်ကြားချက်နှင့်လည်း အညီသာ ဖြစ်ပေသည်။
၁၂။ ယခုလို ရဟန်း၊ ရှင်၊ လူ ပြည်သူတို့အကျိုးငှာ ဗုဒ္ဓသာသနာ(ဘုရားအဆုံးအမတော်ကြီး) သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဓမ္မစက် အာဏာစက်တို့ဖြင့် ထက်ထက်မြက်မြက် ဆောင်ရွက်ခွင့်ရအောင် မိမိ ပင်ပန်းဆင်းရဲမှုကို ပဓာနမထားဘဲ ဤကမ္ဘာအေးမှာ ဝါဆို၍ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယကို ရေးသားပြုစု ဆုံးဖြတ်ချမှတ်တော်မူကြသော ထားဝယ်မြို့၊ ဃောသိတာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး အမှူးရှိသော သီးခြား ဝိနည်းဓိုရ်ဆရာတော် ၅-ပါးတို့၏ စေတနာ၊ ဆန္ဒ၊ ဇွဲ၊ လုံ့လ၊ ပညာဉာဏ်၊ ပဋိဘာန်တို့ကိုလည်း ချီးကျူးပါသည်၊ ထို့ပြင် ဤဝိနိစ္ဆယ အောင်မြင်ရေးအတွက် အဘက်ဘက်က ကူညီခဲ့ကြသော ပုဂ္ဂိုလ်များအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကိုယ်စား ကျေးဇူးတင်ပါသည်။
၁၃။ အထူးသဖြင့် ဤနိုင်ငံတော်၌ မပေါ်ပေါက်ခဲ့ဖူးသေးသော သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စနစ်တကျ ပေါ်ပေါက်စေပြီး မဆုံးဖြတ်ခဲ့ဖူးသေးသော ယခုလို သာသနာတော်တစ်ရပ်လုံးနျင့် သက်ဆိုင်သည့် ဓမ္မရေးရာ အဆုံးအဖြတ်မျိုး ချမှတ်နိုင်အောင် အာဏာစက် အကူအညီပေးပေသော နိုင်ငံတော် အစိုးရအားလည်း တစ်သိန်းကျော် သံဃာတော်တို့၏ကိုယ်စား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ကိုယ်စား ကျေးဇူးဥပကာရ အထူးတင်လျက် အစဉ်မေတ္တာပို့သလျက် ရှိကြောင်း နိဂုံးချုပ် မိန့်ကြားလိုက်ပါသည်။
၁၃၄၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂)ရက်။
၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်။