ဝိနည်းပဒေသာသင်တန်း/ကုလဒူသက သိက္ခာပုဒ်
၁၃။ ကုလဒူသက သိက္ခာပုဒ်
အမျိုးလေးပါးတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတတ်သော ယုတ်မာသော အကျင့်ရှိသော အကြင်ရဟန်းသည် တစ်ခုသော မြို့ရွာနိဂုံးကို အမှီပြု၍ နေ၏၊ ထိုရဟန်း၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ထိုရဟန်းသည် ဖျက်ဆီးအပ်သော အမျိုးတို့ကိုလည်း မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ ထိုကြောင့် ထိုရဟန်းကို အခြားရဟန်းတို့က “အရှင်သည် အမျိုးတို့ကို ဖျက်ဆီးတတ်၏၊ ပန်းပင်ငယ်စိုက်ပျိုးခြင်း စသော ယုတ်မာသောအကျင့် ရှိ၏၊ အရှင်၏ ယုတ်မာသောအကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန် ၏၊ အရှင်သည် ဖျက်ဆီးအပ်သော အမျိုးတို့ကိုလည်း မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ အရှင်သည် ဤကျောင်းမှ ဖဲသွားလေလော့၊ အရှင်သည် ဤကျောင်း၌ နေခြင်းဖြင့် အကျိုးမရှိ”ဟု ဆိုရာ၏၊ ဤသို့ ဆိုအပ်သည်ရှိသော် အခြားရဟန်းတို့ကို ထိုရဟန်းက “သင်တို့သည် ချစ်သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ မုန်းသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ တွေဝေသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ကြောက်သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ထိုသို့သဘောရှိသော အာပတ်ဖြင့် အချို့သော ရဟန်းကို နှင်ထုတ်ကုန်၏၊ အချို့သော ရဟန်းကို မနှင်ထုတ်ကုန်”ဟု ဆိုငြားအံ့။
ထိုရဟန်းကို အခြားရဟန်းတို့က “အရှင်သည် ဤသို့ မဆိုလင့်၊ ဘုရားတပည့်တော်တို့သည် ချစ်သောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်၊ မုန်းသောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်၊ တွေဝေသောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်၊ ကြောက်သောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်။ အရှင်သည်သာလျှင် အမျိုးလေးပါးတို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အရှင်၏ ပန်းပင်ငယ် စိုက်ပျိုးခြင်း စသော ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အရှင်သည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကို မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ အရှင်သည် ဤကျောင်းမှ ဖဲသွားလေလော့၊ အရှင်သည် ဤကျောင်း၌နေခြင်းဖြင့် အကျိုး မရှိ”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊ (ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊၊) ထိုရဟန်းကို သံဃာ့အလယ်သို့ ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်ပြန်၏၊
ထိုနောက် သံဃာတော်က ထိုရဟန်းအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထို အယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ ၏ အဆုံး၌ ထိုရဟန်းအား ကုလဒူသက သံဃာဒိသေသ်အာပတ် သင့်၏၊ (ကိုးကြိမ် ကိုးခါ ဆုံးမရ၏)။
(ဆောင်) ဆန္ဒာဂတိ လိုက်ကြ၏ဟု စသည်ပြောမှု၁သမနုဘာသနံ ဓမ္မကံတည်း၂ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄ ကြောင်းရင်း လေးတန် အင်ညီပြန်၊ သင့်ရန် ဒူသန။
စတ္တာရော ယာဝတတိယကာ
သံဃာဒိသေသ် နောက်ဆုံးသိက္ခာပုဒ်လေးပုဒ်တို့သည် လွန်ကျူးမိပြီးစ ချက်ချင်း သံဃာဒိသေသ်အာပတ် မသင့်သေး၊ ဉတ်တစ်ကြိမ် ကမ္မဝါစာ သုံးကြိမ် ဆုံးမပြီးသောအခါ မိမိအယူကို မစွန့်ဘဲ ဆက်လက်စွဲကိုင်ထားမှသာ သံဃာဒိသေသ်အာပတ် သင့်သည်။ ထို့ကြောင့် သံဃာသင်းခွဲသော ရဟန်းဟု သာမညမေးလျှင် ဒုက္ကဋ်အာပတ်သာ ဖြေဆိုသင့်သည်ကို သတိပြုပါ။ ယာဝတတိယကသိက္ခာပုဒ် လေးခု ရှိသည်။ ကြွင်းသော သိက္ခာပုဒ် (၃)ပုဒ်တို့၌လည်း အလားတူပင် ဖြစ်၏၊ အင်္ဂါ (၄)ပါးကိုလျှင်လည်း သိရှိနိုင်သည်။
ဒုဗ္ဗစသိက္ခာပုဒ် အကြောင်းရင်းနိဒါန်း
ကောသမ္ဗီပြည်၌ ဘုရားရှင်သီတင်းသုံးတော်မူစဉ် ရဟန်းတော်များ၏ ဆုံးမစကားကို အရှင်ဆန္နမထေရ်သည် နာခံမှု မရှိဘဲ ပြန်လှန်ပြောဆိုလေ့ရှိ၏၊ အရှင်ဆန္နမထေရ်ကား ဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သည့်အပြင် တောထွက်စဉ်ကလည်း မြင်းမြီးဆွဲမောင်ဆန်အဖြစ် အတူလိုက်ပါခဲ့ရသူ ဖြစ်၍ အခြားရဟန်းများသည် သူ့နောက်မှ ပေါ်လာသူများ ဖြစ်ကြ၏၊ နောက်မှ ပေါက်သည့် ရွှေကြာပင်များက သူ့ကို ဆရာလာလုပ်ရန် မလို”ဟု အပြောမခံ အဆိုမခံ လုပ်နေသည်။ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ အရှင်ဆန္နအား ကဲ့ရဲ့ပြစ်တင်တော်မူကာ ဤ ဒုဗ္ဗစသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
အရှင်ဆန္နမထေရ်သည် ငါ့ဆရာ ငါ့ဘုရား ငါနှင့် အရင်းနှီးဆုံး ဤသို့ စွဲယူထားသော ယင်းမာနကြောင့်ပင်လျှင် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် တရားထူး တရားမြတ်ကို မရရှိခဲ့ပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး မှာကြား ထားခဲ့သည့် ဗြဟ္မဒဏ် (သံဃာများက ဝိုင်းပယ်ထားသော) ကံဆောင်သောအခါ အားကိုးစရာ ဘုရားရှင်လည်း မရှိတော့၍ မာန်မာနတွေ ကျကာ ဆိတ်ငြိမ်ရာသို့ ကပ်၍ တရားအားထုတ်သဖြင့် အရှင်အာနန္ဒာ၏ အကူအညီဖြင့် ရဟန္တာဖြစ်တော်မူရသည်။ ဤကဲ့သို့ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များနှင့် အကျွမ်းဝင်ခြင်းကို အကြောင်းပြု၍လည်း မာန်မာနများ ဖြစ်တတ်သည်ကို သတိပြုသင့်ပေသည်။
ဒုဗ္ဗစဇာတိကရဟန်း
ဒုက္ခေန ဝစော ဒုဗ္ဗစော = ဆင်းရဲသဖြင့် ဆိုအပ်သော စကား၊ ဒုဗ္ဗစောဇာတိ အဿာတိ ဒုဗ္ဗစဇာတိကော = ဆင်းရဲသဖြင့် ဆိုအပ်သော စကားရှိသောရဟန်း၊ ရဟန်းများက တစ်စုံတစ်ရာ ပြောဆိုဆုံးမသော် အဆုံးမမခံ ပြန်လှန်ပြောတတ်သော သဘောရှိသော ရဟန်းဟူ၏၊ ပြောရဆိုရ ခက်သော ရဟန်းတည်း။
သဟဓမ္မိက = သီတင်းသုံးဖော်
သဟ = အတူ၊ ဓမ္မ = တရား၊ ဣက = ကျင့်သူ၊ သဟဓမ္မိက = အတူတကွ တရားကျင့်ဘက် ဖြစ်သူ (ဝါ) သီတင်းသုံးဖော်တည်း။ ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေရ, သာမဏေရီဟူ၍ သီတင်းသုံးဖော် (၅)ဦး ရှိ၏၊ ရသေ့, ဖိုးသူတော်, သီလရှင်တို့ သီတင်းသုံးဖော် (၅)ဦး၌ မပါဝင်ပေ။
သဟဓမ္မများ
သီတင်းသုံးဖော်တို့၏ ဥစ္စာဖြစ်သော သိက္ခာပုဒ်များအကြောင်းနှင့် စပ်သော စကား၊ အကျိုးအကြောင်းပြ၍ ပြောဆိုအပ်သော စကား၊ ကြည်ညိုဖွယ်ဖြစ်အောင် နေနည်း ပြောနည်းကိုပြသော စကားများနှင့် သိက္ခာပုဒ်ဆိုင်ရာ စကားများ အားလုံးကို သဟဓမ္မဟု မှတ်ပါ။
သာသနာကြီးပွားကြောင်း
“ဧဝံ သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမည ဝစနေန အညမည ဝုဋ္ဌာပနေနာတိ အပြစ်တွေ့လျှင် အချင်းချင်း ပြောဆိုဆုံးမ သတိပေးကြ၊ အာပတ်တွေ သင့်ရောက်နေလျှင် ထိုအာပတ်တို့မှ ထမြောက်စင်ကြယ်အောင် ကူညီကြသောကြောင့်သာ ယခုမျက်မြင်အခြေအနေအထိ မြတ်စွာဘုရားရှင်၏ ပရိသတ်သာသနာတော်ကြီး၊ သီလ သမာဓိ ပညာ သိက္ခာအကျင့်များ ကြီးပွားနေသည် တိုးတက်နေသည်ဟု ပြဆိုသည်။
သာသနာကြီးပွားတိုးတက်မှုဟူသည်
ဤစကားကို ထောက်၍ ဘုရားတည် ကျောင်းဆောက်, သံဃာအရေအတွက် များပြားနေရုံမျှဖြင့် သာသနာကြီးပွားသည်ဟု မဆိုနိုင်။ အပြစ်အာပတ် စင်ကြယ်သော ပရိသတ်၊ သီလ သမာဓိ ပညာ သိက္ခာ (၃)ရပ်ကို ကျင့်သော ရှင်လူပရိသတ် တိုးပွားမှသာ သာသနာ ကြီးပွားတိုးတက်သည်ဟု ဆိုနိုင်သည်။
သာသနာပြုခြင်းဟူသည်
တချို့သော ပုဂ္ဂိုလ်တို့သည် ဘုရားအဆူပေါင်းများစွာ တည်နေကြသည်၊ ကျောင်းတွေများစွာ ဆောက်လုပ်နေကြသည်၊ ကြီးစွာသော ဒုလ္လဘရှင်ပြု ရဟန်းခံပွဲများကို ပြုနေကြသည်၊ ထိုသို့ ပြုနေကြသည်ကိုပင် သာသနာပြုနေသည်ဟု ထင်တတ်ကြသည်။ အပြစ်အာပတ်တွေ မစင်ကြယ်၊ သီလ သမာဓိ ပညာကျင့်စဉ်တွေ မကျင့်ပါဘဲ ဆောင်ရွက်နေကြလျှင်ကား ဘုရားရှင် အလိုတော်ကျ သာသနာပြုခြင်းမျိုး မဖြစ်နိုင်ပေ၊ သာသနာတော် တိုးတက် ကြီးပွားအောင်ပြုသည်ဟူသော စကားအဆိုများ မဟုတ်နိုင်ကြောင်း သတိပြုသင့်သည်။
ကုလဒူသကသိက္ခာပုဒ် အဓိပ္ပာယ်
ဤသိက္ခာပုဒ်သည် ရှည်လျားလှ၏၊ အကျဉ်းချုပ် မှတ်ရန်ကား -ရဟန်း တစ်ပါးသည် ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားအစစ်အမှန်ကို ဖျက်ဆီးနေ၏၊ မြင်ကုန်ကြားကုန်သော ရဟန်းကောင်းတို့က ကုလဒူသက ရဟန်းကို သူနေသော ကျောင်းတိုက်, မြို့ရွာမှ နှင်ထုတ်ရမည်။ ထိုအခါ အနှင်ထုတ်ခံရသော ရဟန်းက နှင်ထုတ်ထားသော ရဟန်းတို့ကို ဆန္ဒာဂတိ စသော အဂတိလေးပါး လိုက်ကြသည်ဟု ပြောလျှင် ရဟန်းတို့က ဤသို့ မပြောဖို့ရန် တားမြစ်ရမည်၊ တားမြစ်ပါလျက် ထိုအပြော ထိုအလုပ်တွေကို မစွန့်လျှင် သမနုဘာသနကံ ပြုရမည်၊ ကံပြု၍ မပြီးခင် ထိုအယူကို စွန့်လျှင် ကောင်း၏၊ ကံပြီးသည့်တိုင်အောင် ထိုအယူကို မစွန့်လျှင် ကုလဒူသက သံဃာဒိသေသ် အာပတ်သင့်သည်ဟု ပြသော သိက္ခာပုဒ်တည်း။
ဂါမ နိဂမ နဂရ = ရွာ နိဂုံး မြို့ အထူး
မြို့ရိုး တံတိုင်း အရံ မရှိ၊ စျေးလည်း မရှိသည်ကား ရွာ။ မြို့ရိုး တံတိုင်း အရံမရှိ စျေးသာ ရှိသည်ကား နိဂုံး။ နှစ်ပါးစုံ ရှိသည်ကား မြို့တည်း။ ယခုခေတ်၌ စစ်တပ်နှင့် ရဲစခန်းတို့ကို အကာအရံတံတိုင်းဟု ယူက သင့်မည် ထင်ပါသည်။
(ဆောင်) တံတိုင်းရံ မရှိ၊ စျေးသာ ရှိ၊ မှတ်ဘိ နိဂုံးတည်း။ နှစ်ပါးစုံ ရှိ၊ မြို့ဟု သိ၊ မရှိ ဂါမတည်း။
ကုလဒူသက = အမျိုးလေးပါးကို ဖျက်ဆီးပုံ
မင်း, သူဌေး, ကုန်သည်, သူဆင်းရဲဟူသော အမျိုးလေးပါးတို့ကို ဖျက်ဆီးတတ်သောကြောင့် “ကုလေ ဒူသေတီတိ ကုလဒူသကောအရ အမျိုးလေးပါးတို့ကို ဖျက်ဆီးသူတည်း။
ဤ၌ မစင်, ညွန်, ရွှံ့ပုပ်တို့ဖြင့် ပက်၍ ဖျက်ဆီးခြင်း၊ တုတ်, ဓား လက်နက်တို့ဖြင့် ရိုက်ပုတ်ခြင်းတို့ဖြင့် ဖျက်ဆီးသည် မဟုတ်၊ ချီးမြှောက်ထောက်ပံ့ခြင်း၊ ချစ်ခင် လေးစားကြည်ညို ခင်မင်ရင်းနှီးလာစေခြင်း အကျိုးငှာ ပန်းပေးခြင်း၊ သစ်သီးပေးခြင်း စသော ကုလဒူသနဝတ္ထုရှစ်ပါးတို့ကို ဆောင်ရွက်ပေးခြင်းဟူသော ယုတ်မာသော အကျင့်ဖြင့် မိမိအပေါ်၌သာ ခင်မင် ကြည်ညို သဒ္ဓါတရားဖြစ်စေ၍ ပန်းပေးခြင်း သစ်သီးပေးခြင်းစသည်ကို မပြုကုန်သော ထိုကုလဒူသနအမှုမျိုးတို့ကို မပြုကုန်သော သီလကို ချစ်မြတ်နိုးကြသည့် ရဟန်းကောင်း ရဟန်းမြတ်တို့အပေါ်၌ ကြည်ညိုသဒ္ဓါတရား ပျက်ပြား၍ မလှူချင် မတန်းချင် ဖြစ်စေသည်ကို အမျိုးလေးပါးဖျက်ဆီးသူဟု ဆိုသည်။
သဒ္ဓါတရားပျက်စီးပုံ
ဥပမာ - မိန်းကလေးတစ်ယောက်သည် ပင်ကိုအားဖြင့် နဂိုက သဒ္ဓါတရား ကောင်းသူကလေးတည်း။ သို့သော် “ဒါနံ သဗ္ဗတ္ထသာဓကံ”အရ ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေ၏ဟူသော စကားကို သဘောပေါက်၍ ရဟန်းတစ်ပါးက သူ့ကို ကြည်ညိုလာအောင် ခင်မင်လာအောင် ထိုမိန်းကလေးအား ပန်း သစ်သီး စသည်ကို ပေးကမ်းလိုက်ရာ ထိုရဟန်း အားသာ ပို၍ လှူချင်တန်းချင်စိတ် ဖြစ်ကာ ချစ်ခင်လာပေမည်။ သို့သော် ထိုကဲ့သို့ ပေးဖော်မရသော လဇ္ဇီသူမွန် သီလရှိသူ အရှင်မြတ်တို့အား မလှူချင်, မတန်းချင်, မဆည်းကပ်ချင်, မကိုးကွယ်ချင် ဖြစ်လာတော့သဖြင့် ထိုမိန်းကလေး၏ နဂိုက ရှိနေသော အစစ်အမှန်သဒ္ဓါတရားကား ပျက်ပြားလေပြီ၊ ဤကဲ့သို့ပင် အခြားသူများအား ပန်း, သစ်သီးစသည်ပေးရာ၌ နည်းတူ သိပါ။
ကုလဒူသကသိက္ခာပုဒ် အကြောင်းရင်းနိဒါန်း
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးတော်မူစဉ် အဿဇိပုနဗ္ဗသုက အမည်ရှိသော အလဇ္ဇီရဟန်းယုတ်တို့သည် ကီဋာဂိရိဇန ပုဒ်(နိဂုံး)ရွာကြီး၌ နေထိုင်ကြပြီးလျှင် ဒါယကာ ဒါယိကာမတို့အား ပန်းပေး ခြင်း၊ သစ်သီးပေးခြင်း၊ အခိုင်းအစေခံခြင်း၊ ဆေးကုဗေဒင်ဟောခြင်းစသော လူမှုကိစ္စ အဝဝတို့ကို လိုက်လံဆောင်ရွက်ပေးခြင်း၊ မာတုဂါမများ လူငယ်လေး များနှင့်အတူ ပျော်ပွဲစားထွက်ခြင်း၊ မာတုဂါမတို့နှင့်အတူ အိပ်ခြင်း၊ ညစာ စားခြင်း၊ အရက်သောက်ခြင်း၊ ကစားနည်းအမျိုးမျိုးတို့ကို ကစားခြင်း၊ ကခြင်း၊ သီဆိုခြင်း၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ လက်ခုပ်လက်ဝါး တီး၍ ပူးတွဲ၍ ကခုန်ခြင်း၊ သင်္ကန်းကြီးတို့ကို ဖြန့်ခင်းပေးလျက် ကချေသည်မတို့ကို သင်္ကန်းပေါ်တက်စေ၍ အကခိုင်းခြင်းစသော အမျိုးလေးပါးတို့အား ပျက်စီးစေခြင်း၏ အကြောင်းဖြစ်သော မကောင်းသော အကျင့်ဆိုးမှန်သမျှကို ပြုကျင့်ကြလျက် နေထိုင်သွားလာကြကုန်၏၊ ဒါယကာ ဒါယိကာမများသည် ခင်မင်ရင်းနှီးမှုအရ ပေးကမ်းထောက်ပံ့ လှူဒါန်းမှုများ ပြုနေကြသော်လည်း ယင်းအလှူဒါနကြောင့် ကောင်းကျိုးချမ်းသာ ခံစားရမည်ဟူသော ယုံကြည်မှု သဒ္ဓါအစစ်အမှန် မရှိကြတော့ချေ။
ရဟန်းအစစ်အမှန်အတွက် အခက်တွေ့ရ
ကြည်ညိုဖွယ်ရာ ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသော ရဟန်းတစ်ပါးသည် ကာသိတိုင်း၌ ဝါကပ်၍ ဝါကျွတ်သောအခါ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမြော်ရန် ထွက်ခွာလာရာ လမ်းခရီးတွင် ကီဋာဂိရိဇနပုဒ်သို့ ရောက်၍ ဆွမ်းခံချိန် ဖြစ်သောကြောင့် ဣန္ဒြေရရ စက္ခုန္ဒြေချလျက် သေခိယသိက္ခာပုဒ်တော်တို့နှင့် ညီစွာ ဆွမ်းခံဝင်လေရာ လောင်းလှူမည့်သူ မရှိချေ။ ကီဋာဂိရိဇနပုဒ်သူ ဇနပုဒ်သားတို့သည် သဒ္ဓါတရားအစစ်အမှန် ပျက်စီးလျက် ရှိလေသည်။ အဿဇိပုနဗ္ဗသုကရဟန်းတို့ကဲ့သို့ ဖော်ရွေပျူငှာခြင်း, ပြုံးရယ်ခြင်း နှုတ်ဆက်ခြင်း မရှိ၊ စက္ခုန္ဒြေချ၍ သွားသည်ကိုပင် အပြစ်မြင်ကာ ကဲ့ရဲ့ကြ ရှုတ်ချကြလေသည်။ ဆွမ်း ခဲဖွယ် ဘောဇဉ်များ မရရှိပါချေ။
ဥပါသကာကောင်းနှင့် တွေ့ဆုံခြင်း
ထိုအခါ သဒ္ဓါတရား အစစ်အမှန်ရှိသော ဥပါသကာကောင်း တစ်ယောက်သည် ထိုကြည်ညိုဖွယ်ရာ ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသော အာဂန္တုက ရဟန်းအား တွေ့ရှိသဖြင့် အိမ်သို့ ပင့်ဆောင်ပြီးလျှင် ဆွမ်းမရရှိသေးကြောင်း သိ၍ ဆွမ်းဆက်ကပ်၏၊ ဆွမ်းကပ်ပြီးနောက် ကီဋာဂိရိဇနပုဒ်ကြီး၌ အဿဇိပုနဗ္ဗသုကရဟန်းတို့၏ ကုလဒူသနမှု (သဒ္ဓါတရား ဖျက်ဆီးမှု) ဒကာဒကာမတို့၏ သဒ္ဓါတရားပျက်စီးနေမှု ဖြစ်ပျက်ပုံ အလုံးစုံကို တင်ပြ၍ မြတ်စွာဘုရားရှင်အား လျှောက်ထားပေးပါရန် ဥပါသကာကြီးက ပန်ကြားလိုက်၏၊ အာဂန္တုကရဟန်းလည်း မြတ်စွာဘုရားရှင်ထံသို့ ရောက်သောအခါ ဥပါသကာ ပြောပြသည့်အတိုင်း အကြောင်းစုံကို ဘုရားရှင်အား လျှောက်ထား တင်ပြလေသည်။
အဂ္ဂသာဝကနှစ်ပါး လွှတ်၍ နှင်ထုတ်စေခြင်း
မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့ကို စေလွှတ်၍ ပဗ္ဗာဇနီယ (နှင်ထုတ်ခြင်း)ကံပြုရန် မိန့်ကြားတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးတို့က အဿဇိပုနဗ္ဗသုကရဟန်းတို့သည် ကြမ်းကြုတ်သောကြောင့် မည်သို့မည်ပုံ နှင်ထုတ်ရမည်ကို ဘုရားရှင်အား မေးမြန်း လျှောက်ထားကြရာ ဘုရားရှင်က သံဃာများများ ခေါ်ဆောင်သွားရန် မိန့်ကြားတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးတို့လည်း သံဃာအင်အားဖြင့် ကြွရောက်၍ ကီဋာဂိရိဇနပုဒ်မှ ထွက်သွားကြစေရန် ပဗ္ဗာဇနီယကံပြု၍ နှင်ထုတ်ရာ အဿဇိပုနဗ္ဗသုက ရဟန်းနှင့် အပေါင်းပါသံဃာတို့သည် အချို့ လူထွက်ကြကုန်၏၊ အချို့လည်း အရပ်တစ်ပါးသို့ ထွက်သွားကြကုန်၏၊
သိက္ခာပုဒ်ပညတ်တော်မူခြင်း
အချို့ရဟန်းတို့ကား ပြန်လှန်ကဲ့ရဲ့ကာ အဂတိတရား လိုက်စားသည် ဟု အဂ္ဂသာဝကနှစ်ပါးနှင့် သံဃာတော်များကို ပြန်လည် စွပ်စွဲကြကုန်၏၊ ဤ အကြောင်းအရာတို့ကို ဘုရားရှင် သိတော်မူ၍ ဤကဲ့သို့ ဒါယကာ ဒါယိကာမတို့ သဒ္ဓါတရားအစစ်အမှန်ကို ပျက်စီးအောင် ကျင့်သုံးကြသော ယင်း ကုလဒူသနအမှုများ ပြုလုပ်ခြင်းမှ တားမြစ်ရန် ဤကုလဒူသကသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
ဤသိက္ခာပုဒ်လာ ယုတ်မာသော အကျင့်များ
ယုတ်မာသောအကျင့်ဟူသည် ဒါယကာ ဒါယိကာမတို့အား ပေးကမ်းဖို့ရန် ရည်မှန်း၍ ပန်းပင်စိုက်ခြင်း, ရေလောင်းခြင်း စသော ရဟန်းတို့နှင့် မလျော်သော အကျင့်များတည်း။ ထိုကဲ့သို့ ပန်းပင်စိုက်ခြင်း စသည်ပြုရာ၌လည်း ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းကိုယ်တိုင် မြေတူး၍ စိုက်ပျိုးခြင်း စသည်၌ မြေတူးမှုကြောင့် ပါစိတ်အာပတ် သင့်၏၊ အကပ္ပိယဝေါဟာရ (မအပ်သော အသုံးအနှုန်း)ဖြင့် သုံးနှုန်း၍ စေခိုင်းရာ၌လည်း ဒုက္ကဋ်အာပတ် သင့်၏၊ ထို အသီးအပွင့်တို့ကိုလည်း ရဟန်းတို့ မစားသုံးသင့်တော့ချေ။
စိုက်ပျိုးကောင်းသော နည်းလမ်းများ
ကျောင်းတိုက်သာယာအောင် (အာရာမတ္ထာယ)၊ သစ်ပင် ပန်းပင်တို့ စိမ်းလန်းစိုပြေအောင် (ဝနတ္ထာယ) စိုက်လိုလျှင် “ဤမြေကို သိစမ်းဤ ပန်းပင်ကို သိစမ်း” စသည်ဖြင့် ကပ္ပိယဝေါဟာရ အပ်စပ်သော အသုံးအနှုန်းများဖြင့် ပြောဆို၍ လူ သာမဏေစသည်တို့ကို စေခိုင်းရမည်။ မူလက ရဟန်းတို့ စားသုံးရန်ဟု မရည်ရွယ်ဘဲ စိုက်ပျိုးခဲ့ခြင်းဖြစ်က သီးပွင့်လာသော အခါ၌ ရဟန်းတို့ သုံးဆောင်နိုင်ခွင့် ရှိသည်။
ကပ္ပိယဝေါဟာရ = အပ်စပ်သော အသုံးအနှုန်း
ဤမြက်ပင်ကို သိလော့။ ဤသစ်ပင်ကို သိလော့။ ဤပန်းပင်ကို ဘုရားတင်ရန် သိလော့။ ရေတွင်း သိပါ။ မြေ သိပါ။ ကန်သင်း သိပါ။ ရေမြောင်း သိပါ။ ဤသစ်ပင်အတွက် ရေသိပါ။ ဤကဲ့သို့ ကပ္ပိယဝေါဟာရဖြင့် စေခိုင်းခြင်းတို့မှာ ဘုရားတင်လှူရန် ပန်းပင်စိုက်မှု ကျောင်းဝင်းခြံစည်းရိုး သစ်ပင်စိုက်မှု အရိပ်အာဝါသအတွက် သစ်ပင်စိုက်မှုပြုရာ၌သာ အပ်စပ်၏၊ အသီး အပွင့် အရွက် စားရန် စိုက်ပျိုးခြင်းကိုကား ကပ္ပိယဝေါဟာရဖြင့်လည်း မြွက်ဆို၍ မခိုင်းကောင်းချေ၊ မအပ်သော နည်းဖြင့် စိုက်ပျိုးထားသော သစ်ပင် မှ အသီး အပွင့် အရွက်တို့ကို သုံးဆောင်လျှင် သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊
အကပ္ပိယဝေါဟာရ = မအပ်စပ်သော အသုံးအနှုန်း
ပေါင်းပင် မြက်ပင်များကို နုတ်ပါ၊ စိုက်ပါ၊ ရိတ်ဖြတ်ပါ။ ပန်းပင် သစ်ပင် စိုက်ပါ၊ ပန်းခူးပါ၊ ရေတွင်းတူးပါ၊ မြေတူးပါ၊ ရေလောင်းပါ။ ဤသို့ စသည်ဖြင့် လူတို့ သုံးနှုန်းသည့်အတိုင်း ပြောဆိုသုံးနှုန်း၍ စေခိုင်းလျှင် ပါစိတ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ်ပါ သင့်၏၊
စေခိုင်းခွင့် သုံးဆောင်ခွင့် ရပုံများ
ပရိယာယ်ဖြင့် သွယ်ဝိုက်၍ ပြောကြားခြင်း၊ အရိပ်နိမိတ်ပြု၍ စေခိုင်းခြင်း၊ ကျောင်းခြံစည်းရိုး အာရာမ်အတွက် စိုက်ထားခြင်း၊ အရိပ်ရရန်အတွက် စိုက်ထားခြင်း ဤသို့သော သစ်ပင်များမှ ဖြစ်ထွန်းလာသော အသီးအပွင့်များကို ကပ္ပိခိုင်း၍ သုံးဆောင်လျှင် အာပတ်မသင့်ချေ။ စေခိုင်းနိုင်ခွင့် ရှိသည်။ ထို့ကြောင့် အထက်၌ ဆိုခဲ့သော ပရိယာယ်, နိမိတ်, အာရာမတ္ထာယ, ဝနတ္ထာယ အချက်များကိုလည်း သိထားရန် အရေးကြီးပါသည်။
ပရိယာယ်ဖြင့် စိုက်ပျိုးစေခြင်း
ရှေးလူကြီးများသည် နောင်လာနောင်သားများအတွက် သီးပင်စားပင်များ စိုက်ပျိုးခဲ့ကြသဖြင့် ယခုခေတ်လူတို့ စားသုံးနေကြရသည်။ မိမိအကျိုးအတွက်လည်းကောင်း, နောင်လာနောင်သားများ စားသုံးရန်အတွက်လည်းကောင်း သစ်ပင် ပန်းပင်များ စိုက်ပျိုးသင့်ကြောင်း၊ ရေတွင်းရေကန် တူးခြင်းသည် အကျိုးများကြောင်း၊ ထိုအမှုများကို လုပ်ချင်ကိုင်ချင်လာအောင် ကြောင်းကျိုးပြ၍ ပရိယာယ်ဖြင့် ပြောကြား ပြုစေရာ၌ကား အာပတ်မသင့် ချေ။
အရိပ်အရောင်ပြ၍ စိုက်ပျိုးစေခြင်း
နှုတ်မှ တစ်စုံတစ်ရာ မပြောဆိုဘဲ ရဟန်းတစ်ပါးသည် ပေါင်းမြက် ထူထပ်ရာ၌ ပေါက်တူးကို ကိုင်လျက် ရပ်နေ၏၊ တပည့် သာမဏေများက မြင်၍ မြက်ရှင်းစေလိုကြောင်း သဘောပေါက်နားလည်၍ ပေါက်တူးပေါက်ကာ မြက်ရှင်းပေးကြ၏၊ အလားတူ စိုက်ပျိုးစေလိုသော သစ်ပင်ပျိုးပင် အနီး၌ တူရွင်းကို ကိုင်လျက် ရပ်နေခြင်း စသည်ဖြင့် ဒါယကာများနှင့် သာမဏေတို့က နားလည်အောင် အရောင်ပြ၍ စိုက်ပျိုးစေရာ၌ အာပတ်မသင့်ချေ။ ထို့ပြင် သစ်ပင်ကို ရေလောင်းစေလိုသောအခါ နှုတ်မှ ပြောဆိုခြင်း မပြုဘဲ ရေပုံးကို သစ်ပင်နား၌ ချထား၏၊ နားလည်သဘောပေါက်သော ဒါယကာနှင့် သာမဏေတို့က ရေလောင်းခြင်း, သစ်ပင်ခုတ်လှဲခြင်းစသည် ပြုပေးသည်။ ဤသို့ အရိပ်နိမိတ်ပြု၍ စေခိုင်းရာ၌ အာပတ်မသင့်။
ရေလောင်း ရေချိုး စသည် မပြုကောင်း
ကုလသင်္ဂဟတ္ထာယ = အမျိုးလေးပါးတို့ကို ပေးကမ်းချီးမြှောက်ရန်၊ ပရိဘောဂတ္ထာယ = သုံးဆောင်စားသောက်ရန် ရည်ရွယ်၍ ပန်းပင်နှင့်သီးပင်, စားပင်, သုံးပင်များကို ရဟန်းကိုယ်တိုင် ရေမလောင်းကောင်းရုံမျှမက ရေလောင်းပြီး ဖြစ်စေရန် ရည်ရွယ်၍ ထိုသစ်ပင် ပန်းပင်တို့၏ ခြေရင်း၌ မျက်နှာသစ်ခြင်း၊ ရေချိုးခြင်းပင် ပြုလုပ်ခွင့် မရှိချေ။ ရဟန်းတော်များ အထူးသတိထားသင့်သော အချက်များ ဖြစ်သည်။ သို့ရာတွင် ခြံစည်းရိုးနှင့် အရိပ်အာဝါသအတွက် ရည်ရွယ်၍ စိုက်ပျိုးထားသော သစ်ပင်များကို ရေလောင်းကောင်း၏၊ သစ်ပင်ရင်း၌လည်း ရေချိုးကောင်း၏၊
ကုလဒူသန (၈) ပါး
(၁) ပန်းပွင့်ပေးခြင်း၊ (၂) သစ်သီးပေးခြင်း၊ (၃) ဆပ်ပြာမှုန့်ပေးခြင်း၊ (၄) အင်္ဂတေ (ဘိလပ်မြေ၊ ထုံး၊ သဲ၊ အုတ်မှုန့်) မြေညက်ပေးခြင်း၊ (၅) သစ် ဝါး စသည်(ဆောက်လုပ်ရေးပစ္စည်း)ပေးခြင်း၊ (၆) ဒန်ပူပေးခြင်း၊ (၇) သတင်းစကား ပို့ပေးခြင်း (လူတို့၏ အစေအပါးခံခြင်း)၊ (၈) ဆေးကုခြင်း (ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင် အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ပေးခြင်း) တို့တည်း။
(ဆောင်)ပွင့်, သီး, မှုန့်, မြေ, ဝါး, ပူ, ခြေ, ဝဇ္ဇေ ဒူရှစ်ဖြာ။
ပန်းပွင့်ပေးခြင်း
ရဟန်းသည် မိမိပိုင်သော ပန်းကို ပန်ဆင်ရန်နှင့် နတ်တင်ရန်အတွက် မိဘတို့အားလည်း မပေးအပ်၊ မပေးကောင်း။ ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မူကား ပေးကောင်း၏၊ ခေါ်, မခေါ်ဘဲ ရောက်လာကြကုန်သော မိဘတို့မှ ကြွင်းသော အဆွေအမျိုးတို့အားလည်း ရတနာသုံးပါးကို ပူဇော်ခြင်းငှာ ပေးကောင်း၏၊ သို့ရာတွင် တန်ဆာဆင်ခြင်းငှာလည်းကောင်း, ဗိဿနိုးနတ် စသည်တို့ကို ပူဇော်ခြင်းငှာလည်းကောင်း မိဘတို့အားလည်း မပေးကောင်း။ဒါယကာတို့ကို သိမ်းသွင်းစည်းရုံးရန် ရည်ရွယ်ချက်ဖြင့် ပေးကမ်းလျှင် ကုလဒူသနဖြစ်၍ ဒုက္ကဋ်အာပတ် သင့်၏၊ ကျောင်းတိုက်အတွက် သံဃာအတွက် ရည်ရွယ်သတ်မှတ်ထားသော ပန်းများကို ကျောင်းထိုင်ဘုန်းကြီးအနေဖြင့် အစိုးတရ ပိုင်စိုးပိုင်နင်း ပြုလုပ်၍ လူဒါယကာတို့အား ပေးလျှင် ကုလဒူသနထုလ္လစ္စဉ်းအာပတ် သင့်၏၊
သူတစ်ပါးပိုင်သော ပန်းနှင့် သံဃာပိုင်သော ပန်းကို မရိုးသားသောစိတ် (ခိုးလိုသော စိတ်ဖြင့်)ပေးလျှင် တန်ဖိုးအလျောက် ပါရာဇိကအာပတ်အထိ သင့်ရောက်နိုင်၏၊ သစ်သီးစသည် ပေးရာ၌လည်း ဤနည်းတူပင် ဖြစ်သည်။ ဤသို့ ကုလဒူသနဒုက္ကဋ်၊ ကုလဒူသနထုလ္လစ္စဉ်း၊ ကုလဒူသန ပါရာဇိကအာပတ်များ ရှိသည်ဟု ခွဲခြားမှတ်သားထားသင့်သည်။
သစ်သီးပေးခြင်း
မိမိဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း, အကျွမ်းဝင်သည့် သူတစ်ပါး၏ ဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း ပန်းကဲ့သို့ပင် ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မိဘတို့နှင့် ရောက်လာကုန်သော အဆွေအမျိုးတို့အား ပေးကောင်း၏၊
သူတစ်ပါးပိုင် သံဃာပိုင် ကျောင်းပိုင်သစ်သီးကို ပေးရာ၌ တန်ဖိုးအလျောက် ပါရာဇိက ထုလ္လစ္စဉ်း ဒုက္ကဋ်အာပတ်သင့်၏၊ မိမိပိုင် သစ်သီးများကိုမူ (၁) လူမမာ မကျန်းမာသူအားလည်းကောင်း၊ (၂) စားရမဲ့ သောက်ရမဲ့ တောင်းစားနေသူအားလည်းကောင်း ပေးရာ၌ ကုလဒူသန အာပတ်မသင့်။ ထို့ပြင် သံဃာတော်များအား သံဃိက သစ်သီးဝေနေစဉ် ဒါယကာ ဒါယိကာများ ရောက်လာပါက ၎င်းတို့အား ထက်ဝက်သော ဝေစုကို သမ္မုတိရသော ရဟန်းအနေဖြင့် ပေးနိုင်ခွင့် ရှိ၏၊ သမ္မုတိမရသော ရဟန်းအနေဖြင့် သံဃာကို ပန်ကြားပြီးမှသာ ပေးရမည်။ သံဃိကအာရာမ် ကျောင်းတိုက်ကြီး၌ အစောင့်အရှောက် (ရက္ခက)ရဟန်းသည် မိမိစောင့်ရှောက်ခအတွက်ဟု ရည်မှတ်၍ အပင်အရေအတွက်မည်မျှ (သို့မဟုတ်) အသီးအရေအတွက် မည်မျှဟု ခွဲခြား၍ သတ်မှတ်ထားရမည်။ မိမိအတွက် သတ်မှတ်ထားသော ဝေစုမှ သစ်သီးများကို ကျောင်းသို့ လာရောက်တောင်းသူအား လေးငါးလုံး ပေးရမည်။ (သို့မဟုတ်) ဤအပင်မှ ယူနိုင်ကြောင်း ညွှန်ပြနိုင်သည်။ သံဃိကပိုင်မှ သစ်သီးများကိုမူ သံဃာအား ပန်ကြားပြီးမှသာ ပေးခွင့်ရှိ၏၊
ဝိနည်းပြစ်လွတ်အောင် ပေးကျွေးနည်း
ဝိနည်းသိက္ခာပုဒ်တော်ကို လေးစားသော ရဟန်းတော်များအနေဖြင့် သစ်သီး မုန့်ပဲ သွားရည်စာ ကျွေးမွေးလိုပါက လူဒါယကာတို့ကို တံမြက် လှည်းခြင်း၊ မြက်ရှင်းခြင်း၊ ပန်းကန်ဆေးခြင်း စသော ဝေယျာဝစ္စအမှု တစ်ခုခုကို ပြုလုပ်ရန် စေခိုင်းရ၏၊ ထိုသို့ စေခိုင်းရာ၌လည်း ဤ သစ်သီးခဲဖွယ်ကို စား၍ ဤဝေယျာဝစ္စ အမှုကို ပြုလော့ဟု တစ်ဆက်တည်း ကျွေး၍မခိုင်းရ။ ဤသို့ တစ်ဆက်တည်း ကျွေး, ခိုင်းလျှင် နိဿဂ္ဂိပါစိတ်အာပတ်မှ မလွတ်ပေ။ ဤအလုပ်ကို လုပ်ပါဟု ခိုင်းထားပြီးမှ ဤသစ်သီးကို စားပါဟု ဝေယျာဝစ္စ ပြုလုပ်သူအား ကျွေးမွေးရာ၌ ကုလဒူသန မဖြစ်၊ အာပတ် မသင့်ချေ။
ဆပ်ပြာစသည် ပေးခြင်း
ရဟန်းသည် မိမိပိုင်ဆပ်ပြာမှုန့် ဆပ်ပြာခဲ သွားတိုက်ဆေး စသည်ကို ဝေယျာဝစ္စပြုလုပ်သူအား ပေးကမ်းစွန့်ကြဲနိုင်၏၊ သူတစ်ပါးပိုင်ပစ္စည်း သံဃာပိုင်ပစ္စည်း ကျောင်းပိုင်ပစ္စည်းများကို ပေးရာ၌ ရှေးနည်းအတူ ကုလဒူသန အာပတ်များ သင့်နိုင်၏၊ ရဟန်းသည် မိမိ မဘုဉ်းပေးမီ ဆွမ်း ခဲဖွယ် ဘောဇဉ်များကို အမိနှင့် အဖအား ကျွေးမွေးကောင်း၏၊ ထို့ပြင် မိဘတို့အား လုပ်ကျွေး ပြုစုနေသူ၊ ကျောင်းကိစ္စ သံဃာ့ကိစ္စ ဝေယျာဝစ္စဆောင်ရွက်သူနှင့် ရှင်လောင်းတို့အားလည်း ပေးနိုင်၏၊ အာပတ်မသင့်ချေ။
လောကွတ်ပျူငှာ ပြုစုသင့်သူများ
ရဟန်းတော်များသည် မိမိကျောင်းသို့ ရပ်ဝေးမှ ရောက်ရှိလာသော ဧည့်သည်အားလည်းကောင်း, လှူဒါန်းရန် ပစ္စည်းမရှိ အထီးကျန် ဆင်းရဲသားအားလည်းကောင်း, အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များအားလည်းကောင်း, အစိုးရအမှုထမ်း မင်းစိုးရာဇာတို့အားလည်းကောင်း, လာဘ်လာဘကို မမျှော်လင့်ဘဲ အန္တရာယ်ပြုမည့် ဘေးမှ လွတ်စေရန် ရည်ရွယ်၍ လောကွတ်ပျူငှာ ပြုကောင်းသည်။ ပြုစုသင့်သည်။ သောက်ရေသုံးရေ ပေးရမည်။ နံနက်ပိုင်းတွင် ဆွမ်း ခဲဖွယ် ဘောဇဉ်များ ကျွေးမွေးရမည်။ ညနေပိုင်းဖြစ်မူ ချက်စားလိုပါက သာမဏေနှင့် ကပ္ပိယတို့ထံ အပ်နှံထားသော ဆန် ဆီ ရှိလျှင် ထုတ်ပေးရမည်။ အိပ်ရာ နေရာပေးရမည်။ ရဟန်းတို့၏ အသက်အန္တရာယ်ကိုလည်းကောင်း, ကျောင်းကန်ဘုရား အဆောက်အဦးကိုလည်းကောင်း အန္တရာယ်ပြုနိုင်သူတို့အား သံဃိကပစ္စည်းကိုပင် ပေးကျွေးကောင်း၏၊ မိမိ မဘုဉ်းပေးမီ သီးခြား ခွဲထား၍ ပြင်ဆင်ကျွေးကောင်း၏၊ ဤသို့ ပြုစုခြင်းဖြင့် မိမိအပေါ် ကြည်ညို၍ ပစ္စည်းလေးပါး လှူဒါန်းလိမ့်မည်ဟု မျှော်လင့်ချက် မထားရ။ အန္တရာယ်မှ အသက်ဘေးမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပေးကမ်းကျွေးမွေးခြင်း ပြုစုခြင်း ဖြစ်သည်ဟု စိတ်က အောက်မေ့ဆင်ခြင်၍ ပြုစုကျွေးမွေးရမည်။
အင်္ဂတေ, သစ်, ဝါး စသည် ပေးခြင်း
ဖျော်စပ်ပြီးသော အင်္ဂတေ မြေညက် (သို့မဟုတ်) ထုံး, သဲ, ဘိလပ်မြေ, အုတ်မှုန့်ပေးခြင်း, ဒန်ပူပေးခြင်း, ကြိမ်, နွယ်, လျှော်, ဝါး, သစ်သား, သစ်ငယ်, မြက်, ဖြူဆံမြက်, ပြိန်းမြက်စသော ဆောက်လုပ်ရေးပစ္စည်းများမှ ကိုယ်ပိုင် ပစ္စည်းများကို လူဒါယကာတို့အား (၁) ဖြားယောင်းသိမ်းသွင်းရန်၊ ကြည်ညိုစေရန်၊ လှူဒါန်းစေရန် ရည်ရွယ်ချက်ဖြင့် ပေးလျှင် ဒုက္ကဋ်၊ (၂) မထေရ်ကြီး ကျောင်းထိုင် ဘုန်းကြီးအဖြစ် အပေါ်စီး ရ၍ ပိုင်စိုးပိုင်နင်းပြုလုပ်၍ ပေးလျှင် ထုလ္လစ္စဉ်း၊ (၃) ခိုးကြောင်ခိုးဝှက်ပြု၍ သံဃာ မသိအောင် ပုန်းကွယ်ဖုံးဝှက်၍ (ခိုးလိုသောစိတ်ဖြင့်) ပေးလျှင် တန်ဖိုးအလျောက် ပါရာဇိကအာပတ်အထိ သင့်စေနိုင်၏၊
ဆေးကုသပေးခြင်း
ရဟန်းတော်များသည် လူဒါယကာ ဒါယိကာမတို့အား ဆေးမကုအပ်၊ ဆေးမပေးအပ်၊ ဆေးနည်းလည်း မပေးအပ်၊ ဆေးပေး ဆေးကုလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ သဒ္ဓါတရားပြည့်စုံ၍ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော ဘုရားဒါယကာ ကျောင်းဒါယကာ အလှူဒါယကာတို့ကို ဆေးပေးခြင်း ဆေး ကုခြင်း မပြုရ။
ဝိနည်းပြစ်လွတ်အောင် ဆေးနည်းပေးခြင်း
ဒါယကာတစ်ဦးက “တပည့်တော်၏ မိခင် ဖျားနာနေသဖြင့်, မည်သည့်ရောဂါ ဖြစ်နေ၍ ဆေးနည်း ပြောပြပါဘုရား၊ ဆေးနည်းကောင်း ညွှန်ပြပါဘုရား”ဟု လျှောက်ထားလာလျှင် ဆေးပညာ ဗဟုသုတရှိသော ရဟန်းသည် ဆေးနည်းကို တိုက်ရိုက် မပြောပြရ။ အနီး၌ရှိသော ဆေးကုကောင်းသူ ရဟန်း သာမဏေ တစ်ဦးဦးအား ပြောသည့်အနေဖြင့် “မည်သည့်ရဟန်း မည်သည့် ရောဂါဖြစ်စဉ်က မည်သည့်ဆေးဖြင့် ကုသ၍ ပျောက်ကင်းဖူးကြောင်း” ပြောကြားနိုင်သည်။ ဒါယကာဖြစ်သူက နံဘေးမှ ကြားနာမှတ်သား၍ သူ၏ မိခင်အား ထိုဆေးနည်းအတိုင်း ကုသပါလျှင် ထိုဆေးနည်းပြောကြားသော ရဟန်းမှာ ကုလဒူသနအမှု ပြုရာမရောက်၊ အာပတ် မသင့်ချေ။
သို့မဟုတ် ဒါယကာဖြစ်သူက ဝိနည်းနားလည်သဖြင့် မည်သူဖျားနာသည် မည်သူအတွက်ဟု နာမည်ကို မဖော်ညွှန်းဘဲ “ဤရောဂါမျိုး ဖြစ်နေသူကို မည်သည့်ဆေးဖြင့် ကုသရသနည်း”ဟု ဆေးပညာသဘောသက်သက်ကို မေးရာ၌ ထိုရောဂါ ပျောက်ကင်းစေနိုင်သည့် ဆေးနည်းများကို ပြောပြခွင့် ရှိ၏၊
ဆေးကုကောင်းသော ပုဂ္ဂိုလ်များ
ရဟန်းနှင့် သာမဏေများသည် မိမိ၏ ခမည်းတော် မယ်တော်နှင့် ၎င်းတို့ အား ပြုစုလုပ်ကျွေးသူ မိမိအား ဝေယျာဝစ္စ ပြုလုပ်ပေးသူနှင့် ရှင်လောင်းတို့အား ဆေးကုပေးအပ်၏၊ လူနာအား ဆေးနည်းပြောပြခြင်း ထိုလူနာ၏ ပစ္စည်းဖြင့် ဆေးဖော်စပ်ပေးခြင်း သို့မဟုတ် မိမိပစ္စည်းဖြင့် ဆေးဖော်စပ် တိုက်ကျွေး ကုသပေးခြင်း ပြုနိုင်၏၊ အကယ်၍ မိမိ၌ ဆေးပစ္စည်းများ မရှိပါက ဆွေမျိုးများထံ တောင်း၍လည်းကောင်း, ဖိတ်ကြားထားသော ဒါယကာများထံမှ အလှူခံ၍လည်းကောင်း, မရပါက နေမွန်းလွဲအချိန်တွင် အိမ်စဉ်လှည့်လည်ရပ်၍ ဆွမ်းခံသကဲ့သို့ ဆေးပစ္စည်း အလှူခံ၍လည်းကောင်း ဆေးပစ္စည်းတို့ကို ရှာဖွေ ဖော်စပ် ကုသပေးကောင်းသည်။
မိဘမှ တစ်ပါးသော ဆွေမျိုးများအား ဆေးကုသပုံ
ထို့ပြင် ရဟန်းနှင့် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်တော်စပ်သူ ညီအစ်ကို မောင်နှမနှင့် ဦးကြီး ဦးလေး အဒေါ်စသည်တို့အား ၎င်းတို့၏ ဆေးပစ္စည်းဖြင့် ဖော်စပ်၍ ကုသပေးခွင့် ရှိ၏၊ အကယ်၍ မိမိပိုင် ဆေးပစ္စည်းဖြင့် ကုသပေးရပါက နောင်တစ်ချိန်တွင် အစားပြန်ပေးကြရန် ပြောဆို၍ ဆေးကုသပေး နိုင်သည်။ အလိုက်သိ၍ အစားပြန်ပေးပါက ယူရမည်။ ပြန်မပေးပါက ၎င်းဆေးတို့ကို အစားပြန်မတောင်းရ။
သီတင်းသုံးဖော်ရဟန်း၏ မိဘများအား ဆေးကုသပုံ
ဆေးပညာတတ်ကျွမ်းသော ရဟန်းသည် မိမိနှင့် အတူနေရဟန်း, ဆရာရဟန်း, တပည့်ရဟန်းတို့၏ မိခင်ဖခင်တို့အား မလွှဲမရှောင်သာ၍ ဆေးကုသပေးရပါက ထိုသားရဟန်း၏ ဆေးဝါးဖြင့် ကုသပေးရမည်။ ထိုရဟန်း၌ အရန်အသင့် ဆေးမရှိပါက မိမိ၏ ဆေးဝါးများကို သားရဟန်းပိုင်အဖြစ် ပေးအပ်ပြီးမှသာ ထိုသားရဟန်း၏ ဆေးဖြင့် ကုသပေးရမည်။
တခြားဆေးကုကောင်းသူများ
ထို့ပြင် အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များ, စစ်ရှုံးလာသော ဘုရင်နှင့် မင်းမှုထမ်းများ, ခရီးသည်များ, ရပ်ဝေးမှ ရောက်လာသော ခရီးသွားဧည့်သည်များ, ဆွေမျိုးမရှိ အထီးကျန်သူတို့သည် မကျန်းမာသဖြင့် ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခိုလာပါက ဆေးကုသပေးနိုင်သည်။ ကုလဒူသနအာပတ် မသင့်ချေ။
ပရိတ်ရွတ်ခြင်း ကမ္မဝါစာဖတ်ခြင်း
“ဘုရားတပည့်တော်တို့၏ နေအိမ်နှင့် ရပ်ကွက်ကို ပရိတ်, ကမ္မဝါဖြင့် အရံအတားပြုလုပ်ပေးတော်မူပါဘုရား၊ ပရိတ်, ကမ္မဝါစာ ဖတ်၍ စောင့်ရှောက် ပေးတော်မူပါဘုရား”ဟု တောင်းပန်လျှောက်ထားရာ၌ ပရိတ် မရွတ်အပ်၊ မရွတ်ကောင်း၊ ကမ္မဝါစာလည်း မဖတ်ကောင်း၊ မလိမ္မာသော ဒါယကာအား နားလည်သဘောပေါက်စေရန် ရှင်းပြ၍ ဝိနည်းနှင့် ညီအောင် ပြန်လည် လျှောက်ထားစေရမည်။ “ပရိတ်တရားတော် ချီးမြှင့်ပေးတော်မူပါဘုရား၊ (သို့မဟုတ်) ပရိတ်ရွတ် ကြွတော်မူပါဘုရား၊ ကမ္မဝါဖတ် ကြွတော်မူပါဘုရား”ဟု လျှောက်ထားပါက ပရိတ်နှင့် ကမ္မဝါစာ ရွတ်ဖတ်ခွင့် ရှိ၏၊ ဒါယကာတို့ လျှောက်ထားတတ်ဖို့ အရေးကြီး၏၊
ပရိတ်ရေနှင့် ပရိတ်ချည် ပြုလုပ်ပေးခြင်း
ပရိတ်ရေနှင့် ပရိတ်ချည်တို့ကို ရဟန်း၏ ပစ္စည်းဖြင့် ပြုလုပ်မပေးရ၊ ဒါယကာ ဒါယိကာမတို့ ပိုင်သော ရေနှင့် ချည်ခင်တို့ဖြင့်သာ ပရိတ်ရေနှင့် ပရိတ်ချည် ပြုလုပ်ပေးရမည်။ ရဟန်းသည် ပရိတ်ရွတ်နေစဉ် ရေကို လက်ဖြင့် မွှေနှောက်ပေးခြင်း၊ ချည်ကို လက်ဖြင့် ကိုင်တွယ်သုံးသပ်ပေးခြင်း ပရိတ်ရေနှင့် ပရိတ်ချည်တို့ကို ပြုလုပ်ပေးနိုင်၏၊ အာပတ်မသင့်ချေ။ ပရိတ်သဲ ပရိတ်ခဲ ပရိတ်ပန်းတို့ ပြုရာ၌လည်း နည်းတူပင် သဘောပေါက် သိမြင်ပါလေ။
ဂါထာမန္တန်စသည် မန်းမှုတ်ခြင်း
ဆေးကုသခြင်းဟု ဆိုရာ၌ စားဆေး ထိုးဆေး လိမ်းဆေးတို့ဖြင့် ကုသခြင်းသာမဟုတ် ဂါထာမန္တန်ဖြင့် မန်းမှုတ်ပေးခြင်း၊ အထက်လမ်း အောက်လမ်း ပယောဂနည်းများဖြင့် ဆေးကုသခြင်း၊ ပျောက်စေခြင်း၊ ဆေးကုသခြင်းတို့ကိုလည်း ရဟန်းတော်များ ပြုလုပ်ခွင့် မရှိချေ။ အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ ဂဝံရုပ် ဆေးဖယောင်းတိုင် ဆေးနွားရုပ်စသော အဆောင်များ, အဂ္ဂိရတ်ဓာတ်လုံးများ, စိန်ဆေးကန့် ဝက်ဒုဋ္ဌ်ဟင်လက် စသောအစီအရင်များကို ပေးခြင်းသည်လည်း ဒါယကာဒါယိကာမတို့၏ ပိုမိုကြည်ညို အားကိုးအားထားမှုများကို ခံရသဖြင့် သဒ္ဓါတရားအစစ်အမှန်ကို ပျက်စီးစေသောကြောင့် ကုလဒူသနအမှု၌ အကျုံး ဝင်လေ၏၊ ဓာတ်ရိုက် ဓာတ်ဆင် ယတြာချေ ကျောက်တုံးမ နတ်စီး ဓာတ်စီး လက္ခဏာဟော ဗေဒင်ဟော နိမိတ်ကောက်ခြင်း ချဲအတိတ် ထီအတိတ် ပေးခြင်းတို့ကိုလည်း အလားတူ ကုလဒူသနအမှုတို့ဟု ဆိုအပ်၏၊ ရဟန်းတော်များ အထူးသတိထား ရှောင်ကြဉ်ရမည့် အချက်များ ဖြစ်သည်။
တမန်သည် ပြုခြင်း
တစ်ရပ်တစ်ကျေးရောက်ရှိနေသူထံသို့ သွားရောက်၍ သတင်းစကား ပြောကြားပေးခြင်း၊ အကျိုးအကြောင်းစုံစမ်း၍ မူလစေလွှတ်သူထံ တစ်ဖန် ပြန်၍ သတင်းပို့ခြင်း (= တမန်သည်) မပြုလုပ်အပ်၊ ပြုလုပ်လျှင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ထိုသို့ သတင်းစကား သွားရောက်ပြောကြားခြင်းကြောင့် ရရှိသောဆွမ်းကို ဘုဉ်းပေးလျှင် မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ လူတို့၏ လောကီစီပွားရေးကိစ္စ အိမ်မှုကိစ္စ ကျန်းမာရေး လူမှုရေးကိစ္စတို့နှင့် စပ်သော သတင်းစကားတို့ကို သွားရောက် မပြောကြားရန် တားမြစ်တော်မူခြင်း ဖြစ်သည်။
သတင်းစကား ပို့ဆောင်ကောင်းသော အရာများ
ရဟန်း သာမဏေ ရှင်လောင်းတို့၏သတင်းစကား မယ်တော် ခမည်းတော်နှင့် မိမိရဟန်း၏ ဝေယျာဝစ္စပြုလုပ်ပေးသူတို့၏ သတင်းစကားကိုမူ သွားရောက် ပြောကြားပေးကောင်း၏၊ လူဒါယကာတို့၏ ဘုရားတည် ကျောင်းဆောက် ရှင်ပြု အလှူဒါနပွဲ စသော သာသနာရေး ကုသိုလ်ရေးနှင့် စပ်လျဉ်းသည့် သတင်းစကားတို့ကိုမူ ပြောကြားပေးကောင်း၏၊ အာပတ် မသင့်ချေ။
လမ်းခရီးကြုံ၍ မေးမြန်းသဖြင့် ပြောကြားခြင်း
ခရီးသွား ခရီးပြန်ရင်း လမ်းကြုံ၍ ဒကာတို့က အကျိုးအကြောင်း မေးမြန်းသဖြင့် ဖြေကြားပြောဆိုရာ၌မူ အာပတ်မသင့်ချေ။ ဥပမာအားဖြင့် မန္တလေးမြို့မှ ဖခင်ဖြစ်သူ ဦးဘက ရန်ကုန်မြို့ရှိ သားဖြစ်သူ ကိုဝထံသို့ ခရီးသွားကြုံမည့် ဥုးသောဘိတကို မိမိမကျန်းမာကြောင်း၊ ဆေးရုံတက်၍ ဗိုက်ခွဲရကြောင်း စသည်ပြောကြားပေးပါရန် မှာကြားလျှောက်ထားလိုက်၏၊ ဥုးသောဘိတသည် “ကောင်းပြီ၊ ကောင်းပါရဲ့၊ ဟုတ်ကဲ့၊ ပြောပေးမည်၊” စသည်ဖြင့် ဝန်ခံခြင်း မပြုလုပ်ခဲ့ဘဲ ရန်ကုန်မြို့သို့ ရောက်သောအခါ ကိုဝ၏ အိမ်သို့ သွား၏၊ ကိုဝက စတင်၍ မိမိဖခင်ကြီး၏ ကျန်းမာရေးအကြောင်း အခြေအနေကို မေးပါက ပြောပြခွင့်ရှိ ၏၊ အကြောင်းစုံ ပြောပြနိုင်၏၊ အာပတ် မသင့်ချေ။ သို့သော် ကိုဝက မမေးမြန်းဘဲ မိမိက စတင်၍ သင်၏ ဖခင်ကြီး မကျန်းမာကြောင်း၊ ဆေးရုံတက် ကုသရကြောင်း၊ ဗိုက်ခွဲရကြောင်း စသည် သတင်းစကား ပြောကြားလျှင် ဥုးသောဘိတသည် ကုလဒူသနဒုက္ကဋ်အာပတ် သင့်၏၊ လမ်းခရီးကြုံ၍ ရဟန်းတော်တို့ မှာကြားမှု အပြုခံရပါက အာပတ် မသင့်အောင် ပြောကြားပေးနည်းများကို မှတ်သားသင့်ပါသည်။
အနေသန (၂၁) ပါး
ဝိနည်းတော်အရ မအပ်သောနည်းဖြင့် ပစ္စည်းလာဘ်လာဘရအောင် ရှာမှီးခြင်းကို အနေသနဟု ခေါ်၏၊ ၎င်းတို့မှာ ကုလဒူသန (၈)ပါး အပါအဝင် (၂၁)ပါး ရှိသည်။ ၎င်းတို့မှာ --
၁။ ပန်းပေး၍ လာဘ်လာဘရှာမှီးခြင်း (ပုပ္ဖဒါန)၊
၂။ သစ်သီးပေး၍ လာဘ်လာဘရှာမှီးခြင်း (ဖလဒါန)၊
၃။ ဒန်ပူ (သွားတိုက်တံ) ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဒန္တကဋ္ဌဒါန)
၄။ ချိုးရေ မျက်နှာသစ်ရေ ပေး၍ လာဘ်လာဘရှာမှီးခြင်း (နှာနမုခေါဒကဒါန)၊
၅။ ဆပ်ပြာခဲ ဆပ်ပြာမှုန့် ပေး၍ လာဘ်လာဘရှာမှီးခြင်း (စုဏ္ဏဒါန)၊
၆။ မြေဖြူ မြေနီမှုန့် ဘိလပ်မြေ ထုံးမှုန့်ပေး၍ လာဘ်လာဘရှာမှီးခြင်း (မတ္တိကာဒါန)၊
၇။ ဝါး ဓနိ သက်ကယ် စသည်ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဝေဠုဒါန)၊
၈။ သစ်သားစသော ဆောက်လုပ်ရေးပစ္စည်းများပေး၍ လာဘ်လာဘ ရှာမှီးခြင်း (ဒါရုဒါန)၊
၉။ မိမိကိုယ်ကို နှိမ့်ချ၍ ခင်ဗျား ကျွန်တော် ဟုတ်ကဲ့ စသည်ဖြင့် ဒါယကာတို့အား ပြောကြား၍ လာဘ်လာဘရှာမှီးခြင်း (စာတုကမျတာ)၊
၁၀။ မမှန်တစ်ချက် မှန်တစ်ချက်ပြော၍ လာဘ်လာဘရှာမှီးခြင်း (မုဂ္ဂသူပျတာ)၊
၁၁။ ကလေးထိန်းပေး၍ လာဘ်လာဘရှာမှီးခြင်း (ပါရိဘနျတာ)၊
၁၂။ လူတို့၏ အမှုကိစ္စတို့ကို ကူညီလုပ်ကိုင်ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဇင်္ဃပေသနိကတာ)၊
၁၃။ ဆေးကုပေး၍ လာဘ်လာဘရှာမှီးခြင်း (ဝဇ္ဇကမ္မ)၊
၁၄။ တမန်အမှုပြုလုပ်ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဒူတကမ္မ)၊
၁၅။ လက်ဆောင် တုန့်ပြန်ပေး၍ လာဘ်လာဘရှာမှီးခြင်း (လာဘေနလာဘံ နိဇီဝီသန)၊
၁၆။ ယာမြေခင်းအင်္ဂါလက္ခဏာကို နိမိတ်ဖတ်ဟော၍ လာဘ်လာဘရှာမှီးခြင်း (ဝတ္ထုဝိဇ္ဇာ)၊
၁၇။ လယ်မြေ၏ အင်္ဂါလက္ခဏာကို နိမိတ်ဖတ်ဟော၍ လာဘ်လာဘ ရှာမှီးခြင်း (ခေတ္တဝိဇ္ဇာ)၊
၁၈။ ယောက်ျား မိန်းမတို့၏ ကြန်အင်လက္ခဏာကို နိမိတ်ဖတ်ဟောကြား၍ လာဘ်လာဘရှာမှီးခြင်း (ဓာတ်ရိုက် ဓာတ်ဆင် ဗေဒင်ဟော ချဲအတိတ် ထီအတိတ်ဟောတို့ကိုပါ ယူ၊) (ဣတ္ထိပုရိသလက္ခဏာ)
၁၉။ အမြဲ ဆွမ်းခံမကြွရန် တားမြစ်ထားသော (၆)ဌာနတို့၌ ရင်းနှီးစွာ အမြဲ ဆွမ်းခံခြင်း (အဂေါစရဌာန)၊
၂၀။ မင်းစိုးရာဇာ အစိုးရအမှုထမ်းတို့နှင့် အကျွမ်းတဝင် မိတ်ဖွဲ့၍ ပစ္စည်းလာဘ်လာဘရှားမှီးခြင်း (ရာဇဝလ္လဘ)၊
၂၁။ သာသနာတော်၌ မကြည်ညိုသူ (ဘာသာခြား)သာသနာတော်၏ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တို့နှင့် မိတ်ဖွဲ့၍ လာဘ်လာဘရှာမှီးခြင်း (သာသနပစ္စတ္ထိက)၊
ဤဖော်ပြပါ မအပ်သော ရှာမှီးခြင်း အနေသန (၂၁)ပါးဖြင့် ရရှိလာသော ပစ္စည်းကို မှီဝဲသုံးဆောင်လျှင် သုံးဆောင်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ဤနည်းတို့ဖြင့် ရရှိသော ပစ္စည်းတို့ကို အခြားရဟန်းများလည်း မသုံးဆောင်အပ် သုံးဆောင်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊
အမြဲ ဆွမ်းမခံအပ်သော (၆) ဌာန
ရဟန်းသံဃာတော်များသည် အောက်ဖော်ပြပါ (၆)ဌာနသို့ အကျွမ်းတဝင်ပြု၍ အမြဲတမ်း ဆွမ်းမခံအပ်ပေ။
၁။ ပြည့်တန်ဆာမအိမ်၊
၂။ မုဆိုးမအိမ်၊
၃။ အပျိုကြီးအိမ်၊
၄။ ပဏ္ဍုက် (မိန်းမလျာ)အိမ်၊
၅။ ဘိက္ခုနီမကျောင်း၊
၆။ သေတင်းကုပ် (အရက်ဆိုင်) ဟု (၆)ဌာနတို့တည်း။
(ဆောင်) ပဏ္ဍုက်, ပြည့်တန်ဆာ, အပျိုကြီးဂေဟာ, လင်ကွာ မုဆိုးမ။ ဘိက္ခုနီကျောင်း, အရက်ဆိုင်ပေါင်း၊ ၎င်း ခြောက်ဌာန။ အကျွမ်းတဝင်ပ၊ ဆွမ်းခံကြွ၊ မှတ်ကြ အနေသန။
မိစ္ဆာဇီဝများ အကျဉ်းမှတ်ရန်
မိစ္ဆာ = မှားယွင်းသော၊ အာဇီဝ = အသက်မွေးမှု။ အာဇီဝပါရိသုဒ္ဓိသီလခန်းတွင် အကျယ်ရေးသားခဲ့ပြီး ဖြစ်သည်။ အကျဉ်းချုပ် မှတ်သားရန် ပြန်လည်ရေးသားပါဦးမည်။ မစင်ကြယ်သော ပစ္စည်းကို သုံးဆောင်ခြင်း မှီဝဲခြင်းသည် မိစ္ဆာဇီဝ မည်၏၊ ယခုပြဆိုခဲ့ပြီးသည့်အတိုင်း
၁။ အမျိုးလေးပါးတို့၏ သဒ္ဓါတရားဖျက်ဆီးခြင်း (ကုလဒူသန)၊
၂။ မအပ်သော ရှာမှီးခြင်း (၂၁-ပါးသော အနေသန)၊
၃။ ကြည်ညိုသူ ပေါများ၍ ပစ္စည်းလာဘ်လာဘ ရရှိစေရန် ဟိတ်ဟန်ထုတ်၍ အရောင်ဆောင်ခြင်း (ကုဟန)၊
၄။ ဒါယကာ ဒါယိကာမတို့အား မြှောက်ပင့်ပြောကြားခြင်း (လပန)၊
၅။ စျာန် မဂ် ဖိုလ် တရားထူး ရသယောင် ဝါကြွားခြင်း (အဘူတဥလ္လာပန)၊
၆။ မိမိအား ပစ္စည်း လှူဒါန်းစေရန် စောင်းပါးရိပ်ခြည်ပြုခြင်း (နေမိတ္တိက)၊
၇။ မလှူ လှူအောင် အကြပ်ကိုင်ခြင်း (နိပ္ပေသိက)၊ ၎င်း အမှုတို့ကို ပြုလုပ်၍ရသော ပစ္စည်းများကို သုံးဆောင် မှီဝဲလျှင်လည်း မိစ္ဆာဇီဝ ဖြစ်၏၊
ကုဟန = အယောင်ဆောင် ဟိတ်ဟန်ထုတ်ခြင်း
ရဟန်းတော်များသည် မိမိကိုယ်တိုင် စီစဉ်၍ ရှေ့တော်ပြေးလမ်းပြများ, အခမ်းအနားအဆောင်အယောင်များဖြင့် သွားလာခြင်း, ခင်းကျင်းပြသခြင်း ပြုလုပ်ပါက ဟိတ်ဟန်ထုတ်ခြင်း ကုဟနမည်၏၊ ဒါယကာတို့က ပူဇော်လိုသဖြင့် သူတို့ဘာသာ ပြုလုပ်သော အခမ်းအနားမှာမူ ဟိတ်ဟန်ထုတ်ရာ မရောက်ပါ။ ကတ္တီပါသင်္ကန်း, ပိုးဖဲသင်္ကန်း, ဖော့ရှန်သင်္ကန်း အရောင်တလက်လက် ထွက်သောသင်္ကန်း စသည် ဝတ်ဆင်ခြင်းသည်လည်း ကုဟနမှု ပြုရာရောက်၏၊
လူအကြည်ညိုခံလိုသဖြင့် တောရကျောင်း၌ နေခြင်း၊ မအိပ်မနေ အားထုတ်သည်ဟု ဟုတ်သည့်အတိုင်း လူတို့အား ပြောကြားလျှင်သော်လည်းကောင်း, မဟုတ်ဘဲ ပြောကြားလျှင်သော်လည်းကောင်း၊ ဟိတ်ဟန်ထုတ်၍ သူတစ်ပါး အထင်ကြီးအောင် ဝါကြွားပြောကြားခြင်းသည်လည်း ကုဟန မည်၏၊ ငါ၏ ကျောင်းသို့ ကျားကြီးတစ်ကောင်လာသည်။ တစ္ဆေ သရဲများ ငါ့ထံလာ၍ တရားနာကြသည်။ မမြင်ရသော နတ်တို့ ငါ့ထံ လာကြသည်၊ စသည်ဖြင့် လူအထင်ကြီးအောင် ပြောကြားခြင်း၊ ပရိသတ်အလယ်၌ စိပ်ပုတီး ကိုင်၍ နှုတ်သီးတလှုပ်လှုပ် ပြုလုပ်ခြင်း၊ လူမြင်ကွင်း လူလာသောအခါကျမှ ကမ္မဋ္ဌာန်းထိုင်ပြခြင်း၊ လူရှေ့ သူရှေ့အများမြင်သာ ထင်သာသော နေရာတို့၌ သတိပဋ္ဌာန်အမှတ်ဖြင့် လမ်းလျှောက်ခြင်း လောဘအလိုဆန္ဒ နည်းပါးသူဟု လူအများ အထင်ကြီးစေရန် ပတ္တပိုဏ်ဘုဉ်းပေးခြင်း၊ လူအများ အထင်ကြီး အောင် သက်သတ်လွတ်စားခြင်း၊ သင်္ကန်းအဟောင်းအညံ့ကို ဝတ်ခြင်း၊ သုသာန်၌ တရားကျင့်ခြင်း၊ အကြားအမြင်ပေါက်သူဟု လူအများထင်အောင် သိအောင်ပြုခြင်း၊ လူထုပရိသတ် အုတ်အော်သောင်းတင်း ဝိုင်းဝန်းကြည့်ရှု အောင် ပြုလုပ်ခြင်း စသည်တို့သည် ဟန်ဆောင်မှုပြုလုပ်ခြင်း (ကုဟန) မည်၏၊ ဤသို့ ကုဟနအမှုကို ပြု၍ရသော ပစ္စည်းလာဘ်လာဘဖြင့် အသက်မွေးမှုသည်လည်း မိစ္ဆာဇီဝပင် ဖြစ်၏၊ ကုဟနသုံးမျိုးကို ရှေ့၌ ရေးခဲ့ပြီး ဖြစ်သည်။
လပန = မြှောက်ပင့်ပြောဆို၍ ပစ္စည်းရှာခြင်း
ရဟန်းသည် ဒါယကာတို့ကို သာသနာ့ဒါယကာကြီး၊ ဘုရားဒကာကြီး၊ ကျောင်းဒကာကြီး၊ ကျောင်းအစ်မကြီး၊ ဘုရားဒကာကြီး၊ မင်းကတော်ကြီး၊ ဝန်မင်း၊ အမတ်မင်း၊ ဥက္ကဋ္ဌကြီး၊ တိုင်းမှူးကြီးစသည်ဖြင့် ကြီးတစ်လုံးကို မချတမ်းသုံး၍ မိမိအား သဒ္ဓါကြည်ညို ပိုမိုလှူဒါန်းချင်အောင် မြှောက်ပင့် ပြောဆို၏၊ ထိုသို့ ပြောဆိုခြင်းကြောင့် ရရှိသောပစ္စည်းတို့ကို သုံးဆောင်လျှင် မိစ္ဆာဇီဝ ဖြစ်၏၊ ဤသို့ မြှောက်ပင့်ပြောဆိုခြင်း (လပန)ကိုလည်း ရဟန်းတို့ မပြုသင့်ချေ။
အဘူတဥလ္လပန = စျာန်မဂ်ဖိုလ် ရသယောင် ဝါကြွားခြင်း
မိမိကို လူတို့ အထင်ကြီး၍ ကြည်ညိုစေရန် ငါသည် စျာန်ရသည်၊ စျာန်ကို ဝင်စားနိုင်သည်၊ သောတာပန် ဖြစ်သည်၊ သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်သည်၊ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရသည်၊ ငါသည် ထိနမိဒ္ဓကို ပယ်အပ်ပြီ၊ ငါသည် ဆိတ်ငြိမ်ရာ အရပ်၌သာ မွေ့လျော်သည် စသည်ဖြင့် ဝါကြွားပြောဆိုခြင်း၊ မိမိကိုယ်တိုင်က တောကျောင်းနေသူဖြစ်၍ တောကျောင်းဘုန်းကြီးသည် ရဟန္တာပုဂ္ဂိုလ် ဖြစ်သည်၊ မိမိက သင်္ကန်းအညို ဝတ်ထားလျက် အရိယာပုဂ္ဂိုလ်တို့သည် သင်္ကန်းအညိုကို ဝတ်၏ဟူ၍လည်းကောင်း၊ မိမိက ဥုးကောသလ္လ၏ တပည့်ဖြစ်၍ ဥုးကောသလ္လ၏ တပည့်ရဟန်းများသည် တန်ခိုးကြီးသော စျာန်ရပုဂ္ဂိုလ်များ ဖြစ်ကြ၏ဟူ၍လည်းကောင်း သွယ်ဝိုက်၍ ပြောကြားလျှင်လည်း မဟုတ်မမှန် ဝါကြွားပြောဆိုခြင်း (အဘူတဥလ္လာပန) မည်၏၊
နိမိတ္တကမ္မ = အရိပ်အရောင်ပြ ပြောဆိုခြင်း
ကြံချောင်းများ ထမ်းလာသော ဒါယကာကို တွေ့၍ “ဒါယကာတို့၏ ကြံခင်းမှ ကြံသည် ချို၏လော”ဟု မေးခြင်း၊ စားဖွယ်သောက်ဖွယ် တစ်စုံတစ်ခု ယူဆောင် သယ်ပိုးလာသူကို “ဘာတွေ သယ်ဆောင်လာသလဲ, စားစရာတွေ ပါကြသလားစသည်ဖြင့် မေးခြင်းသည် မလွှဲမရှောင်သာ အားနာ၍ လှူစေရန် အရိပ်အရောင် ပြောဆိုခြင်းမှန်သမျှသည် နိမိတ္တကမ္မမည်၏၊ ဤသို့ ပြောဆို၍ ရသော ပစ္စည်းဝတ္ထုကို သုံးဆောင်မှီဝဲလျှင် မိစ္ဆာဇီဝ ဖြစ်၏၊
နိပ္ပေသိက = မလှူ, လှူအောင် အကြပ်ကိုင်ပြောဆိုခြင်း
မိမိအား တစ်စုံတစ်ရာ မလှူဒါန်းဖူးသူ ရွာသူရွာသား ရပ်သူရပ်သားတို့ကို “ဤသူတွေဟာ သဒ္ဓါတရားက ခွေးလျက်တာထက် ပြောင်သေးတယ်၊ ဒီလူ တွေကို တရားဟောလျှင် လျှာသာထွက်၍ ဖတ်ဖတ်မောမယ်၊ ဆန်ဖြူတစ် ခွက်မျှ ထွက်မည့်ပုံမပေါ်” စသည် ပြောခြင်း၊ “ဒီဒကာကြီးကို သဒ္ဓါတရား မရှိဘူးလို့ ဘယ်သူပြောသလဲ? အမြဲတမ်း ကန်တော့ဆွမ်းလောင်းတဲ့ ဒကာကြီးပဲ၊ ဒီဒကာကြီးက နတ္ထိကို လှူတယ်” စသည်ဖြင့် အပြစ်ပြော၍ ပရိသတ်အလယ်၌ ကဲ့ရဲ့ရှုတ်ချခြင်း၊ ပြက်ရယ်ပြုခြင်း၊ နောက်ကွယ်၌ သဒ္ဓါတရားနည်းပါးသူ ကပ်စေးနည်းသူ နှမြောတွန့်တိုသူဟု ကဲ့ရဲ့ခြင်း၊ မကောင်းသတင်းဖြန့်ခြင်းသည် ထိုသူအား မလှူ, လှူအောင် အကြပ်ကိုင်ရာ ရောက်သဖြင့် ဂုဏ်ကို ကြိတ်ခြေ၍ အပြစ်ရှာခြင်း (နိပ္ပေသိက) မည်၏၊ ဤနည်းဖြင့် ရရှိသော ပစ္စည်းကို သုံးဆောင်မှီဝဲလျှင် မိစ္ဆာဇီဝ ဖြစ်၏၊
သတိထားရန်
အထက်၌ ဖော်ပြခဲ့သော ကုလဒူသနမှု, အနေသနမှု, မိစ္ဆာဇီဝအမှုတို့အနက် ကုလဒူသနအမှုပြုသော ရဟန်းကိုသာထိုမြို့ ထိုရွာ ထိုကျောင်းတိုက်မှ နှင်ထုတ်ခြင်း (ပဗ္ဗာဇနီယကံ) ပြုရမည်။ အခြားသော အနေသနအမှု မိစ္ဆာဇီဝမှုပြုလုပ်သော ရဟန်းများကိုမူ နှင်ထုတ်ခြင်းအမှု ပြုရန် မလိုချေ။ နောက်ထပ်တစ်ဖန် အလားတူ အမှုများ မကျူးလွန်တော့ပါဟု စိတ်ဆုံးဖြတ်လျက် ရရှိထားသော ပစ္စည်းများကို စွန့်ပစ်၍ သင့်ရောက်သော အာပတ်ကို ဒေသနာကြား ကုစားရန်သာ လိုသည်ကို သိရှိမှတ်သားသင့်သည်။
(ရဟန်းကျင့်ဖွယ်၊၁၄၂။)
သမ္မာအာဇီဝဖြစ်ရန် လိုရင်းအချက်များ
ကုလဒူသနရှစ်ပါး၊ အနေသနနှစ်ဆယ့်တစ်ပါး၊ ကုဟန, လပန, ဥလ္လပန, နိမိတ္တကမ္မ, နိပ္ပေသိက ဟူသော မိစ္ဆာဇီဝငါးပါး၊ ကုဟနသုံးပါး၊ လပန တစ်ဆယ့်သုံးပါး၊ နေမိတ္တိကတာ ခြောက်ပါး၊ နိပ္ပေသိကတာ တစ်ဆယ့်တစ်ပါး၊ အနာမာသ ရွှေ, ငွေနှင့် စပ်၍ မအပ်သော အလှူခံနည်းဖြင့် ရသောပစ္စည်း၊ ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ တောင်းခြင်းကြောင့် ရသော ပစ္စည်း၊ မိမိ၌ ရဟန်းကျေးဇူး မရှိဘဲ ရှိယောင်မူ၍ ပြောဆိုခြင်းကြောင့် ရသော ပစ္စည်း၊ လာဘ်ကို တောင့်တ၍ ပြုသောအမှုကြောင့် ရသောပစ္စည်း၊ ပင်ကို ရိုးသား သာသနာကြီးပွားလိုသော စိတ်ဖြင့် မဟုတ်ဘဲ လူအများ၏ ချီးမွမ်း ပူဇော်သက္ကာရကို တောင့်တ၍ ဝိနည်းကို လေးစားဟန်ဖြင့် စာပေသင်ယူကာ စာသင်တိုက်ဖွင့်ခြင်း၊ ကျော်ဇောထင်ရှားလို၍ (ဝါ) ကိုယ့်ကျောင်းတိုက် စည်ကားတိုးတက်လို၍ ကိုယ်တိုင်လည်း တရားအားထုတ်ခြင်း၊ သူတစ်ပါးကိုလည်း ပြသသည်ဆိုကာ ရိပ်သာထောင်ခြင်း၊ မိမိကိုယ်ကို စျာန်ရသူ မဂ်ဖိုလ်ရသူထင်အောင် စျာန်မဂ်ဖိုလ်နှင့် နီးစပ်သော စျာန်စကား မဂ်စကား ပြောဆိုမှု, သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်းဟူသော ဣရိယာပုထ် လေးပါးတို့၌ လူသူအများ အထင်ကြီးအောင် ဟိတ်ဟန်ဆောင်ခြင်းအမှုတို့ဖြင့် ရရှိလေသမျှသော ပစ္စည်းတို့ကို သုံးဆောင်ခြင်းသည် မိစ္ဆာဇီဝ ဖြစ်၏၊
သုတ်သီလက္ခန် ဗြဟ္မဇာလသုတ်တော်၌ ဟောကြားထားသော မိစ္ဆာဇီဝ အမှုမျိုး (၁၅၂)ပါး ရှိသေး၏၊ ထိုပါဠိတော် မြန်မာပြန်၌ ကြည့်ရှုကြပါရန် သိစေအပ်ပါသည်။
ထိုမိစ္ဆာဇီဝပစ္စည်းတို့ကို အပြစ်ကျူးလွန်သူ ထိုရဟန်းနှင့်တကွ သီတင်းသုံးဖော် ငါးဦးလုံးပင် မသုံးစွဲကောင်း သုံးစွဲတိုင်း ရဟန်းမှာ ဒုက္ကဋ်အာပတ်၊ သာမဏေတို့မှာ ဒဏ်ထိုက်၏၊ ထိုမိစ္ဆာဇီဝတို့မှ ရှောင်ကြဉ်၍ တရားသဖြင့် ရသော ပစ္စည်းတို့ဖြင့်သာ နေထိုင်စားသောက် အသက်မွေးသော ရဟန်းသည် သမ္မာအာဇီဝ ဖြစ်သည်၊ အသက်မွေးမှု စင်ကြယ်မှသာ သမ္မာအာဇီဝမဂ္ဂင်နှင့် ပြည့်စုံမည်ဖြစ်၍ တရားအားထုတ်မည့် ရဟန်း သာမဏေတို့ အထူးသတိထား သင့်ပေသည်။ လိုက်နာကျင့်ကြံ အားထုတ်ရမည့်တရား၏ အခြေခံသီလဖြစ် ကြောင်း သဘောပေါက်နားလည်ကြသည်ဖြစ်၍ အထူး လေးစားလိုက်နာကြရန် တိုက်တွန်းအပ်ပါသည်။