ဝိနည်းပဒေသာသင်တန်း/သံဃာဒိသေသ်အာပတ် (၁၃)ပါး အကျဉ်း
သံဃာဒိသေသ်အာပတ် (၁၃) ပါး အကျဉ်း
၁။ သုက္ကဝိဿဋ္ဌိ = လွတ်စေလိုသော စေတနာရှေးရှိသော မောစနဿာဒ ရာဂဖြင့် နိမိတ်ကိုလုံ့လပြု၍ သုက်လွှတ်ခြင်း။
၂။ ကာယသံသဂ္ဂ = မာတုဂါမနှင့် ကိုယ်လက်နှီးနှောခြင်း။
၃။ ဒုဋ္ဌုလ္လဝါစာ = မေထုန်နှင့်စပ်သော ဝစ္စမဂ်, ပဿာဝမဂ်နှင့်စပ်သော ရုန့်ရင်းသောစကားကို မာတုဂါမအား ပြောခြင်း။
၄။ အတ္တကာမပါရိစရိယ = မိမိအတွက် မေထုန်အလှူခံခြင်း။
၅။ သဉ္စရိတ္တ = မိန်းမနှင့်ယောက်ျားကို အောင်သွယ်ပေးခြင်း။
၆။ ကုဋိကာရ = မိမိနေထိုင်ဘို့ရာ ဆောက်လုပ်သူဒါယကာမရှိသော ဥလ္လိတ္တ စသော ပမာဏလွန် ကျောင်းငယ် ဆောက်ခြင်း။
၇။ ဝိဟာရကာရ = မိမိနေထိုင်ဘို့ရာ ဆောက်လုပ်သူဒါယကာရှိ ဥလ္လိတ္တ စသော ကျောင်းကြီး ဆောက်ခြင်း။
၈။ ပထမဒုဋ္ဌဒေါသ = မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်း အလျှင်းမရှိဘဲ ရဟန်းကို ပါရာဇိကဖြင့် စွပ်စွဲခြင်း။
၉။ ဒုတိယဒုဋ္ဌဒေါသ = တစ်ပါးသော အဘို့အမည် တည်ရာပြု၍ ရဟန်းကို ပါရာဇိကဖြင့် စွပ်စွဲခြင်း။ (ဥပမာ - ဆိတ်ဖိုကို ဒဗ္ဗဟု, ဆိတ်မကို မေတ္တိယာ ဟု နာမည်ပေး၍ ဒဗ္ဗနှင့် မေတ္တိယာတို့သည် မေထုန်မှီဝဲကြသည်ဟု စွပ်စွဲခြင်းမျိုးတည်း။)
၁၀။ သံဃဘေဒ = သံဃာကွဲပြားမှု လုံ့လပြု၍ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ဆုံးမရာ အယူကို မစွန့်ခြင်း။
၁၁။ ဘေဒါနုဝတ္တက = သံဃာသင်းခွဲသော သူ၏နောက်သို့ အတုလိုက်သော ရဟန်းကို ကမ္မဝါစာဖြင့် ဆုံးမရာ ထိုနောက်လိုက်ရဟန်းက အယူကို မစွန့်ခြင်း။
၁၂။ ဒုဗ္ဗစ = သိက္ခာပုဒ်ဖြင့် အဆုံးအမ မခံ၊ ပြန်လှန်ပြော၍ ကမ္မဝါစာဖြင့် ဆုံးမရာ အယူကို မစွန့်ခြင်း။
၁၃။ ကုလဒူသက = ပန်းပေးခြင်း သစ်သီးပေးခြင်း စသည်ဖြင့် ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီး၍ ကမ္မဝါစာဖြင့် ဆုံးမရာ အယူကို မစွန့်ခြင်း။(အကျယ်ကို ဆိုင်ရာသိက္ခာပုဒ်သို့ ရှုပါ။)
သံဃာဒိသေသ်အာပတ်ကုစားနည်း
ရှေးဦးစွာသံဃာဒိသေသ်အာပတ် တစ်ကယ်သင့် မသင့် ဆုံးဖြတ်ရမည်။ သံဃာဒိသေသ်အာပတ်မသင့်ဘဲ ဝတ်ဆောက်တည်လျှင် ဒုက္ကဋ်အာပတ်သင့် သည်။ သံဃာကို ညှဉ်းဆဲရာလည်း ရောက်သည်။ သင့်ရောက်ခဲ့သော် ညဉ့်ဖုံး လွှမ်းမှု ရှိ မရှိ ဆုံးဖြတ်ရမည်။
သံဃာဒိသေသ်အာပတ် သင့်ရောက်သောရဟန်းသည် အာပတ်သင့် ရောက်သောရက် အရုဏ်မတက်မီ အာပတ်ကို ဒေသနာမကြားလျှင် ညဉ့်ဖုံး လွှမ်းသည် မည်၏၊ ညဉ့်ဖုံးလွှမ်းရာရောက်၏၊ အာပတ်သင့်ရောက်သောရက် အရုဏ်မတက်မီ ဒေသနာကြားလျှင် ညဉ့်ဖုံးလွှမ်းသည် မမည်။ ညဉ့်ဖုံးလွှမ်းရာ မရောက်။ ထို့ကြောင့် ရှေးဆရာတော်ကြီးအချို့သည် အရုဏ်မတက်မီ ဘုရား ဝတ်ပြုခါနီး၌ နေ့စဉ် ဒေသနာကြားတော်မူလေ့ ရှိကြသည်။ ညဉ့်ဖုံးလွှမ်း, မဖုံးလွှမ်းကို ဖုံးလွှမ်းခြင်း အင်္ဂါ (၁၀)ပါးဖြင့် စိစစ်ရာ၏၊
ဖုံးလွှမ်းခြင်းအင်္ဂါ (၁၀) ပါး
(၁) အာပတ်သင့်ခြင်း၊ (၂) အာပတ်သင့်၏ဟု အမှတ်ရှိခြင်း၊ (၃) ပကတတ်ဖြစ်ခြင်း၊ (၄) ပကတတ်ဟု အမှတ်ရှိခြင်း၊ (၅) အန္တရာယ် (၁၀)ပါး တစ်ပါးပါး မရှိခြင်း၊ (၆) အန္တရာယ်မရှိဟု အမှတ်ရှိခြင်း၊ (၇) ရဟန်းတစ်ပါးပါး ထံ သွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်ခြင်း၊ (၈) သွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်၏ဟု အမှတ်ရှိခြင်း၊ (၉) ဖုံးလွှမ်းခြင်းငှာ အလိုရှိခြင်း၊ (၁၀) ဖုံးလွှမ်းခြင်းဟု (၁၀)ပါး ဖြစ်သည်။
ဖုံးလွှမ်းခြင်းအင်္ဂါ (၁၀) ပါး ရှင်းလင်းချက်
(၁) အာပတ်သင့်ခြင်း၊
(၂) အာပတ်သင့်၏ဟု အမှတ်ရှိခြင်းဟူသည် သင့်ရောက်သော အမှုသည် အာပတ်သင့်သော အမှု ဟုတ်ခြင်းတည်း။ “အာပတ်သင့်၏၊ သင့်ပြီ”ဟု သိခြင်းတည်း။ ဤသို့ သိလျက် ဖုံးအံ့၊ ဖုံးသည် မည်၏၊ အာပတ်ဟုမသိလျှင် ဖုံးသည် မမည်။အာပတ်မဟုတ်သည်ကို အာပတ်ဟုလည်းကောင်း, အာပတ်မဟုတ်ဟု လည်းကောင်း အမှတ်ရှိ၍ ဖုံးသော်လည်း ဖုံးသည်မမည်။ (လဟုက)ထုလ္လစ္စဉ်း စသော အောက်အာပတ် (၅)ပုံကို (ဂရုက)သံဃာဒိသေသ်ဟူ၍လည်းကောင်း (ဂရုက)သံဃာဒိသေသ်ကို (လဟုက)ထုလ္လစ္စဉ်းစသော အောက်အာပတ် (၅)ပုံ ဟူ၍လည်းကောင်း ဖုံးအံ့။ ဖုံးသည်မမည်။ အလဇ္ဇီကား ဖြစ်၏၊ ဂရုကကို လဟုကထင်၍ ဒေသနာကြားအံ့။ ကြားသည်မမည်။ ဖုံးသည်လည်း မမည်။ ဂရုကကို ဂရုကဟုသိ၍ ဖုံးအံ့။ ဖုံးသည်မည်၏၊ ဂရုက လဟုကဟု မသိဘဲသော်ကား အာပတ်ကို ဖုံးမည်ဟု ဖုံးအံ့ ဖုံးသည်သာ မည်၏၊
(၃) ပကတတ်ဖြစ်ခြင်း၊
(၄) ပကတတ်ဟုအမှတ်ရှိခြင်းဟူသည် သုံးပါး သော ဥက္ခေပနီယကံ အပြုမခံရသော ရဟန်းသည် ပကတတ်မည်၏၊ ပကတတ်ရဟန်း ဖြစ်၏၊ မိမိကိုယ်ကို ပကတတ်ရဟန်းဟု သိလျက် ဖုံးအံ့၊ ဖုံးသည် မည်၏၊ ပကတတ်မဟုတ်ဘဲ အပကတတ်ဖြစ်ခဲ့သော် အပကတတ် ဟု သိသော်လည်းကောင်း, မသိသော်လည်းကောင်း, ဖုံးလို၍ ဖုံးသော်လည်းကောင်း ဖုံးသည်မမည်။
(၅) အန္တရာယ် (၁၀)ပါး တစ်ပါးပါး မရှိခြင်း၊
(၆) အန္တရာယ်မရှိဟု အမှတ်ရှိခြင်းဟူသည် အန္တရာယ် (၁၀)ပါး တစ်ပါးမျှ မရှိလျှင် အန္တရာယ် ကင်းသည် မည်၏၊ အန္တရာယ်ကင်းလျက်, အန္တရာယ်ကင်းကြောင်းသိလျက် ဖုံးအံ့ - ဖုံးသည် မည်၏၊ ကြောက်တတ်သောကြောင့် ညဉ့်မိုက်သောအခါ ဘီလူးစသော အန္တရာယ်ရှိသည် ထင်၍ ဖုံးအံ့။ ဖုံးသည် မမည်။ တောကြို တောင်ကြား နေသူ ဖြစ်၍ မြစ်စသည် ကူး၍ ဒေသနာကြားအပ်သည် ဖြစ်အံ့။ ဘီလူးဘေး, မြွေဘေး, ရေဘေးစသည်လည်း ရှိအံ့။ အန္တရာယ်တစ်ခုရှိ၍ သာလျှင် အန္တရာယ်ရှိသည်ထင်၍ ဖုံးအံ့၊ ဖုံးသည်မမည်။ အန္တရာယ်ရှိသူအား အန္တရာယ်ရှိသည်ထင်၍ လည်းကောင်း, မရှိဟုထင်၍လည်းကောင်း ဖုံးလျှင် မဖုံးသည်သာ မည်၏၊
(၇) ရဟန်းတစ်ပါးထံသွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်ခြင်း၊
(၈) သွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်၏ဟု အမှတ်ရှိခြင်းဟူသည် ရဟန်း တစ်ပါးပါးထံ သွား၍ ဒေသနာကြားရန် စွမ်းနိုင်သူကား၊ စွမ်းနိုင်မှန်းသိလျက် ဖုံးအံ့ - ဖုံးသည် မည်၏၊ ခံတွင်းအနည်းငယ်နာရုံ, သွားနာရုံ, ဆွမ်းစား မကောင်းရုံမျှဖြင့် စွမ်းနိုင်သော်လည်း မစွမ်းနိုင်ဟု ထင်၍ ဖုံးအံ့ - ဖုံးသည် မမည်။ မစွမ်းနိုင်သူကား စွမ်းနိုင်သည်ထင်၍လည်းကောင်း၊ မစွမ်းနိုင်ဟု ထင်၍လည်းကောင်း ဖုံးအံ့ - မဖုံးသည်သာမည်၏၊
(၉) ဖုံးလွှမ်းခြင်းငှာ အလိုရှိခြင်း၊
(၁၀) ဖုံးလွှမ်းခြင်းတို့မှာ ပေါ်လွင် ထင်ရှား၏၊
ဖုံးလွှမ်းခြင်းကြောင့် အရုဏ်တက်သည်နှင့် ပဋိစ္ဆာဒနဒုက္ကဋ်လည်း သင့်၏၊
ဖုံးလွှမ်းမှု လိုရင်းသုံးပါး
၁။ ဖုံးလွှမ်းခြင်းငှာ အလိုရှိခြင်း၊
၂။ ဒေသနာမကြားတော့ဟု ဝန်ချခြင်း၊
၃။ အရုဏ်တက်ခြင်းတည်း။
(ဆောင်) သင့်တုံအာပတ်, ပကတတ်, ကင်းလတ်အန္တရာယ်, ကြားငှာ စွမ်းငြား, သညီပွား, ရှစ်ပါးသရုပ်ချယ်, ဖုံးလွှမ်းလိုငြား, ဖုံးလွှမ်းထား, ဆယ်ပါး ဖုံးလွှမ်းဖွယ်။
ဖုံးလိုဝန်ချ, အရုဏ, တက်ကလိုရင်းတည်း။
သံဃာဒိသေသ် (၁၃) ပါးမှ ထူးခြားချက်များ
သံဃာဒိသေသ် (၁၃)ပါးရှိသော်လည်း ရှေးဆုံးသိက္ခာပုဒ် (၅)ပုဒ်သာ အာပတ်အသင့်များလေသည်။ ထို (၅)ပုဒ်တို့တွင်လည်း ရှေးဆုံး (၃)ပုဒ်သာ အာပတ်သင့်လွယ်၏၊ သံသယဖြစ်တတ်ကြ၏၊ အတ္တကာမပါရိစရိယသိက္ခာ ပုဒ်၊ သဉ္စရိတ္တသိက္ခာပုဒ်တို့ကား သိသာထင်ရှား၏၊ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်, ကာယသံသဂ္ဂသိက္ခာပုဒ်နှင့် ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်တို့ကို အနည်းငယ် တင်ပြ လိုသည်။
သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်
အင်္ဂါ (၃) ပါး
သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်၌ (၁) လွတ်စေလိုသော စေတနာထင်ရှားရှိခြင်း၊ (၂) လုံ့လပယောဂပြုခြင်း၊ (၃) သုက်လွတ်ခြင်းဟု အင်္ဂါ (၃)ပါးရှိ၏၊ ထိုအင်္ဂါ များ မပြည့်စုံလျှင် သံဃာဒိသေသ်အာပတ် မသင့်ချေ။
(ဆောင်) လွတ်စေလို့ငှာ စေတနာတည့်, ဗျာပါလုံ့လ ပြုမိကလျှင်း, သုက်လွတ်ခြင်းဟု, ကြောင်းရင်းသုံးလီ, အင်္ဂါညီ, သင့်ပြီ ဝိဿဋ္ဌိ။
သုက်လွတ်ခြင်း၌ ရာဂ (၁၁) မျိုး
၁။ မောစနဿာဒရာဂ = ရှေးအဘို့၌ သုက်ကို လွတ်စေလိုသော စေတနာ ထင်ရှားရှိသောရာဂဖြင့် သုက်လွှတ်ခြင်း။ ဤနံပါတ်တစ် ရာဂသည်သာ သံဃာဒိသေသ်အာပတ်သင့်၏၊
၂။ မုစ္စနဿာဒရာဂ = သုက်လွတ်ဆဲခဏ၌ သာယာခြင်း။
၃။ မုတ္တဿာဒရာဂ = သုက်လွတ်ပြီးသောအခါ သာယာခြင်း။
၄။ မေထုနဿာဒရာဂ = မေထုန်အမှု၌ သာယာခြင်း။
၅။ ဖဿဿာဒရာဂ = အတွေ့အထိ၌ သာယာခြင်း။
၆။ ကဏ္ဍုဝဏဿာဒရာဂ = ယားနာဖျောက်ခြင်း၌ သာယာခြင်း။
၇။ ဒဿနဿာဒရာဂ = မြင်ခြင်း၌ သာယာခြင်း။
၈။ နိဿဇ္ဇဿာဒရာဂ = မာတုဂါမနှင့် အတူထိုင်နေခြင်း၌ သာယာခြင်း
၉။ ဝါစဿာဒရာဂ = ရုန့်ရင်းသော စကားမျိုးကို ပြောဆိုခြင်း၌ သာယာခြင်း။
၁၀။ ဂေဟဿိတပေမရာဂ = အမိ, အမ, နှမ, ဆွေမျိုးကိုမှီသော ချစ်ခြင်း၌ သာယာခြင်း။
၁၁။ ဝနဘင်္ဂိယရာဂ = တောထဲမှ ဆွတ်ခူး၍ဆောင်ယူလာသော ပန်း, သစ်သီး စသည်ကို မှီ၍ဖြစ်သော သာယာခြင်း။
ဤနောက်ရာဂ (၁၀)မျိုးဖြင့် နိမိတ်၌ လုံ့လပြု၍ သုက်လွတ်သော်လည်း လွတ်လိုသောစေတနာ မရှိမူ သံဃာဒိသေသ်အာပတ်မသင့်ဟု သိ။
(ပါတိမောက္ခမေဒိနီ -၁၀၂။)
ထိုကြောင့် အင်္ဂါ (၃)ပါး၊ ရာဂ (၁၁)ပါးတို့နှင့် သေသေချာချာ စိစစ်ပါ လေ။ အာပတ်တကယ်သင့်ပြီဟု ယုံကြည်စိတ်ချရမှသာလျှင် ပရိဝါသ်ဆောက် တည် ကုစားပါ။ မိမိကိုယ်တိုင် မဆုံးဖြတ်နိုင်လျှင် ကျမ်းတတ်လဇ္ဇီပုဂ္ဂိုလ်၏ အကြံဉာဏ် အဆုံးအဖြတ်ကို အဖြစ်မှန်ပြောပြ၍ ခံယူလေ။
အိမ်မက်မက်၍ သုက်လွတ်ဆဲ အချိန်၌ နိုးလာသော် မလှုပ်ရှားဘဲ ငြိမ်နေက သာယာသော်လည်း အာပတ်မသင့်သေး။ သို့သော် ထိုသို့ နိုးလာ၍ သိသောအခါ ပို၍လွတ်စေလိုသော စေတနာဖြင့် တစ်ဆံချီမျှသော်လည်း ကိုယ်ကိုလှုပ်ရှားမိပါက သံဃာဒိသေသ်အာပတ်သင့်နိုင်သည်။ သင်္ကန်း, အိပ်ရာခင်းစသည်ကို မပေကျံစေလိုသော စေတနာဖြင့် လှုပ်ရှားမိပါမူ အပြစ် မဖြစ်ပါ။
ကာယသံသဂ္ဂသိက္ခာပုဒ်
မွေးဖွားခါစ သူငယ်မကိုပင်ဖြစ်စေ လူဇာတ်ရှိသော မိန်းမကို ထိလို, ကိုင်လို သုံးသပ်လိုသော ကာယသံသဂ္ဂရာဂစိတ်ဖြင့် ဆံပင်, မွေးညင်း, အင်္ဂါ ကြီးငယ်တို့ကို ထိကိုင်သုံးသပ် ပွေ့ဖက်လျှင် ကာယသံသဂ္ဂသံဃာဒိသေသ် အာပတ်သင့်၏၊
အင်္ဂါ (၅) ပါး
(၁) လူမိန်းမဖြစ်ခြင်း, (၂) လူမိန်းမဟုသိခြင်း, (၃) ကာယသံသဂ္ဂရာဂ ရှိခြင်း, (၄) လုံ့လပယောဂ အားထုတ်ခြင်း, (၅) ထိကိုင်မိခြင်း ပေါင်း (၅)ပါး။
(ဆောင်) လူမိန်းမပင်, မိန်းမထင်လျက်, သံသဂ်ရာဂ, လုံ့လပြုလျဉ်း, ကိုင်မိခြင်းဟု, ကြောင်းရင်းငါးလီ, အင်္ဂါညီ, သင့်ပြီ သံသဂ္ဂ။
ခြေကို ဆုပ်နယ်၍ ရှိခိုးလိုသော မိန်းမကို တားမြစ်အပ်၏၊ ခြေကို သော်လည်း သင်္ကန်းဖြင့် ဖုံးလွှမ်းအပ်၏၊ မတုန်မလှုပ်သော်လည်း နေအပ်၏၊ မတုန်မလှုပ်နေသော ရဟန်းအား စိတ်ကသာယာသော်လည်း အာပတ် မသင့်။ ဆွမ်းလောင်း, ဆွမ်းကပ်ရာ၌ မတော်တဆ လက်စသည်တို့ဖြင့် ထိမိရုံမျှဖြင့် သံဃာဒိသေသ်အာပတ်မသင့်။ ရာဂစိတ်ဖြင့် မိမိ၏ ကာယပယောဂ, ဝစီပယောဂပါမှ သင့်သည်။ ဆရာဝန် ဆရာမတို့ စမ်းသပ်ရာ, ဆေးထိုးရာ၌လည်း ငြိမ်၍ သာယာရုံမျှဖြင့် သံဃာဒိသေသ်အာပတ် မသင့်ဟု မှတ်ပါ။ သို့သော် စမ်းသပ်စဉ် ဆေးထိုးစဉ် သာယာမှုဖြင့် မိမိကိုယ်ကို လှုပ်ရှားမိပါက သံဃာဒိသေသ်အာပတ်သင့်နိုင်သည်။
ဘုရားပွဲ ကျောင်းပွဲ မော်တော်ယာဉ်ပေါ်စသည်တို့၌ မာတုဂါမများ ကြား တိုးဝှေ့ကြရာတွင် သံဃာဒိသေသ်အာပတ်သင့်တတ်သည်။ ၎င်း မာတုဂါမတို့၏ လက်, ခြေ, ဆံပင်စသည်နှင့် ယုတ်စွအဆုံး အဝတ်ပါးကြားမှ တိုးထွက် နေသော အမွေးတို့ကို ထိလိုသော စိတ်ဖြင့် ထိအောင်ကြိုးစား၍ ထိမိခဲ့သော် သံဃာဒိသေသ်အာပတ်သင့်သည်။ ရဟန်းတော်များ သတိထားသင့်သည်။
ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်
အပျို လူပျိုတို့ မေထုန်နှင့်စပ်သောစကား ပြောဆိုသကဲ့သို့ သိ, ကြား နားလည်နိုင်သော မိန်းမအား ဝစ္စမဂ်, ပဿာဝမဂ်, မေထုန်နှင့် စပ်သော ရုန့်ရင်းသော စကားပြောကြားလျှင် ထိုခဏ၌ ထိုမိန်းမနားလည်ပါက ဒုဋ္ဌုလ္လဝါစာ သံဃာဒိသေသ်အာပတ်သင့်၏၊
အင်္ဂါ (၅) ပါး
(၁) လူမိန်းမဖြစ်ခြင်း, (၂) မိန်းမဟုမှတ်ထင်ခြင်း, (၃) ရုန့်ရင်းသော စကား၌ သာယာခြင်း, (၄) ထိုရာဂဖြင့်ပြောခြင်း, (၅) ပြောဆဲခဏ၌ ချက်ချင်း သိခြင်း ပေါင်း ၅ ပါးဖြစ်သည်။
(ဆောင်) လူမိန်းမပင်, မိန်းမထင်လတ်, ဝါစဿာဒ, ထိုရာဂဖြင့်, ပြောပြလေဘိ, ချက်ချင်းသိဟု, ကြောင်းရင်းငါးလီ, အင်္ဂါညီ, သင့်ပြီ ဒုဋ္ဌုလ္လ။
သိခရဏီသိ = နင်ဟာ အသားစွန်းထွက်နေသည်။ သမ္ဘိန္နာသိ = ဝစ္စမဂ်, ပဿာဝမဂ်စပ်နေသည်။ ဥဘတောဗျဉ္ဇနကာသိ = သင့်မှာ မဂ်နှစ်ခုရှိသည်။ အနိမိတ္တာသိ = နိမိတ်မပါတဲ့ ကောင်မ, နိမိတ္တမတ္တာသိ = ပြည့်ပြည့်စုံစုံ မပါဘဲ နိမိတ်ရာလေးမျှပါတဲ့ကောင်မ စသည့်ဆဲရေးခြင်း, ဝစ္စမဂ်, ပဿာဝမဂ်နှင့် စပ်သော ဆဲရေးခြင်း, ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း, စောင်ခြုံ လာသော မိန်းမအား ဝစ္စမဂ် ပဿာဝမဂ်တို့ကို ရည်ညွှန်း၍ သွယ်ဝိုက်သောနည်းဖြင့် သင်၏ စောင်မွှေး တိုသလား? ရှည်သလား? ဟု မေးလျှင် သံဃာဒိသေသ်အာပတ် သင့်တတ်သည်။ သတိရှိစေ။
မေထုန်ကို တောင်းခြင်း၊ မေထုန်ပြုနည်းမေးခြင်း စသည်တို့သည် သံဃာဒိသေသ်အာပတ်သင့်၏၊ မာတုဂါမအင်္ဂါဇာတ်ကို ယူ၍ ဆဲရေးတိုင်း ထွာတတ်သောသူတို့ သတိထားသင့်၏၊
(ဆောင်) အသားစွန်းထွက်, စပ်လျက်မဂ်နေ, ဗျည်းနှစ်ထွေ, ဆဲလေ သံဃာဒိ၊ ဝစ္စ ပဿာဝ မေထုန, ဆိုက သံဃာဒိ၊
ဤခြောက်ပုဒ်မှာ သက်သက်သာ, မှတ်ပါ သံဃာဒိ၊
အကြွင်းပုဒ်စု, မေထုနနှင့်, စပ်ဆိုသင့် မှတ်လင့် သံဃာဒိ။
ကြွင်းသော သံဃာဒိသေသ် (၁၀)ပါးတို့မှာ သိသာထင်ရှားပါသည်။