ဝိနည်းပဒေသာသင်တန်း/ဒုတိယပါရာဇိက
ဒုတိယပါရာဇိက
အဒိန္နာဒါနသိက္ခာပုဒ်- ဥစ္စာရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးဘဲလျက် လူဇာတ်ရှိသောသူ ပိုင်ဆိုင်သော သူတစ်ပါး၏ နီလကဟာပဏခေါ် ငွေ တစ်ကျပ်၏ လေးဖို့တစ်ဖို့ တစ်မတ်ကိုဖြစ်စေ, ၎င်းတစ်မတ်နှင့် ညီတူညီမျှ ထိုက်တန်သော ဝတ္ထုကိုဖြစ်စေ ခိုးလိုသော စိတ်ဖြင့် မခိုးယူရ၊ ခိုးခြင်း (၂၅)ပါးတို့တွင် တစ်ပါးပါးသော ခိုးနည်းဖြင့် ခိုးယူလျှင် အဒိန္နာဒါန ပါရာဇိကအာပတ် သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။
အင်္ဂါ (၅) ပါး -
၁။ အဒိန္နံ = လူဇာတ်ရှိသောသူ၏ သူတစ်ပါးပိုင်သည့် ဥစ္စာဖြစ်ခြင်း၊
၂။ သူ့ဥစ္စာမှန်း သိခြင်း၊
၃။ ထေယျသင်္ခါတံ = ခိုးလိုသောစိတ် ရှိခြင်း၊
၄။ အာဒိယေယျ = ခိုးယူခြင်း၊
၅။ ယထာရူပေ တထာရူပံ = ဂရုပရိက္ခရာခေါ် နီလကဟာပဏ၏ ရွှေစင် တစ်မတ်တန်မှ စ၍ အထက် ပစ္စည်းဖြစ်ခြင်း ပေါင်း (၅)ပါး ဖြစ်၏၊
(ဆောင်) လူဇာတ်ရှိငြား သူတစ်ပါး၏ ပိုင်ထားဥစ္စာ၁, သူ့ဥစ္စာဟု, သိမှတ်မှုနှင့်၂ ဂရုပရိက်၃ ထေယျစိတ်သွင်း၄ ခိုးယူခြင်းဟု၅ ကြောင်းရင်းငါးလီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။
ဒုတိယပါရာဇိကသိက္ခာပုဒ်၌ အနုပညတ်မှာ ဂါမာ ဝါ အရညာ ဝါ ဖြစ်ပါသည်။ အနုပညတ် (၃)မျိုးတို့တွင် အာပတ္တိဥပထမ္ဘက အနုပညတ် ဖြစ်သည်။ ခိုးရာအရပ် မလစ်လပ်စေခြင်းငှာ မူလပညတ်ကို ပိုပြီးထောက်ပံ့ ခိုင်မြဲစေသော အနုပညတ် ဖြစ်၏၊
အနုပညတ် (၃) မျိုး
၁။ အာပတ္တိကရ အနုပညတ် = တိရစ္ဆာနဂတာယပိ ပညတ်ကဲ့သို့ အာပတ်ထပ်မံသင့်နိုင်သော အနုပညတ်ဖြစ်သည်။
၂။ အနာပတ္တိကရ အနုပညတ် = အညတြ အဓိမာနာ ပညတ်ကဲ့သို့ လွန်ကဲသော အဓိမာနရှိသူ အာပတ်မသင့်ဟု အာပတ်မသင့်ခြင်းကို ပြုတတ်သော အနုပညတ်ဖြစ်သည်။
၃။ အာပတ္တိဥပထမ္ဘက အနုပညတ် = ဂါမာ ဝါ အရညာ ဝါ ကဲ့သို့ မူလ ပညတ်ထားပြီး အာပတ်ကို ပိုပြီး ခိုင်မြဲစေသော အနုပညတ် ဖြစ်သည်။
ဒုတိယပါရာဇိက အဓိပ္ပာယ်များ
နီလကဟာပဏ မိဿကကဟာပဏ = ငွေစင်တစ်ကျပ်၏ လေးဖို့ တစ်ဖို့ကို တစ်မတ်ဟု ဆိုရသည်။ ထိုရှေးဟောင်း ငွေစင်တစ်မတ်ကား ရွှေငါးပဲ၊ ငွေငါးပဲ၊ ကြေးနီဆယ်ပဲတို့ ပေါင်းစပ်၍ထားသော ပဲနှစ်ဆယ်ရှိ နီလကဟာပဏ၏ လေးပုံတစ်ပုံဖြစ်သော တစ်မတ်ခေါ် ငါးပဲသားတည်း။ ခေတ်အလိုက် ရွှေ ငွေ ပေါက်စျေးနှင့် တွက်၍ရသော ငွေ၏ တန်ဖိုးကို သိပါ။ ရွှေတစ်ပဲ တစ်ရွေး, ငွေတစ်ပဲ တစ်ရွေး, ကြေးနီနှစ်ပဲ နှစ်ရွေးပေါင်းသော် (လေးရွေးကြီး တစ်ပဲ ဖြစ်သောကြောင့်) ငါးပဲတစ်မတ်၏ တန်ဖိုးကို ခန့်မှန်း၍ သိပါလေ။
အာပတ်အဆင့်အဆင့် ခွဲခြားပုံ
ဆိုခဲ့သော တစ်မတ်တန်နှင့် အထက်ပစ္စည်းများ ခိုးလျှင် ပါရာဇိက၊ တစ်မတ်တန်အောက် တစ်ပဲတန်အထက် ခိုးလျှင် ထုလ္လစ္စဉ်း၊ တစ်ပဲတန်အောက် ခိုးယူလျှင် ဒုက္ကဋ်အာပတ် သင့်၏၊
နေရာပြောင်းရွှေ့ခြင်းကြောင့် အာပတ်သင့်နိုင်ပုံ
တစ်မတ်တန်အထက် သူတစ်ပါးပိုင်ဝတ္ထုပစ္စည်းကို ခိုးလိုသော စိတ်ဖြင့် သုံးသပ် ထိရုံထိလျှင် ဒုက္ကဋ်၊ လှုပ်သွားလျှင် ထုလ္လစ္စဉ်း၊ နေရာက ရွေ့သွားလျှင် ပါရာဇိကအာပတ် သင့်၏၊ ဤနေရာ၌ သူတစ်ပါးက ခရီးကြုံ၍ ပေးလိုက်သော ရွှေ, ငွေပစ္စည်းများ သယ်ဆောင်သွားရာတွင် ခိုးလိုသောစိတ် မဖြစ်အောင် ထိန်းသိမ်းရန် ခဲယဉ်းလှ၏၊ ဆောင်ယူသွားစဉ် ခိုးလိုသော စိတ် ဖြစ်ပါက အထက်ပါအတိုင်း အာပတ်အဆင့်ဆင့်သင့်ကာ ပါရာဇိက ကျနိုင်သည်ကို အထူး သတိပြုပါ။
မိဘပစ္စည်းပင်ဖြစ်စေ သတိပြုရန်
ဒုတိယပါရာဇိကသည် အလွန် သိမ်မွေ့လှ၏၊ မိဘပစ္စည်းပင် ဖြစ်စေကာမူ ခိုးလိုသော စိတ်ဖြင့် ကိုင်တွယ်သုံးသပ်ခြင်း မပြုရာ။ မြွေဆိုးတနဲ မီးခဲပမာ သတိပြု၍ ရှောင်ကြဉ်ရာ၏၊ ကျော့ကွင်း၌ မိနေသော သမင်နှင့် မြှုံး၌ မိနေသော ငါးတို့ကို ခိုးလိုသော စိတ်ဖြင့် ဖြုတ်လွှတ်လိုက်အံ့၊ ပါရာဇိကအထိ အဆင့်ဆင့် အာပတ်သင့်နိုင်သည်။ သနားသော စိတ်ဖြင့် ဖြုတ်လွှတ်အံ့၊ အာပတ်မသင့်။ စိတ်ထားသည် အရေးကြီးလှသည်။
မိမိကိုယ်တိုင် သွားရင်း လာရင်း ကျော့ကွင်း၌ မိနေသော် ဖြုတ်မသွားကောင်း၊ ဥစ္စာရှင် ဖြုတ်ပေးမှ သွားကောင်းကြောင်း ဘုန်းတော်ကြီးဦးသီလ သာဓကဖြင့် သိပါ။ တခြားသူက လာရောက် ဖြုတ်ပေးသည်ကို လက်မခံခဲ့ပါ။ ဥစ္စာရှင် လာဖြုတ်ပေးမှ လက်ခံတော်မူ၏၊ ဘဏ္ဍာစားထိုက်မည် စိုးရွံ့သောကြောင့် ကိုယ်တိုင် မဖြုတ်ခြင်း ဖြစ်သည်။
ထေယျသင်္ခါတ = ခိုးလိုသော စိတ်
စိတ်ရိုးစိတ်ကောင်းဖြင့် ယူခြင်းမျိုး မဟုတ်ဘဲ ခိုး၍ တိုက်ခိုက်လုယက်၍ ညာဖြန်းလှည့်ပတ်၍ တရားတွေ့၍ ခိုးလိုသော စိတ်ဖြင့် ရထား, သင်္ဘော, ကား စသည်တို့၌ ကျနှုန်းအတိုင်း မပေးရအောင် တိမ်းရှောင်ပုန်းဝှက်လိုသော စိတ်ဟူသမျှကို ထေယျသင်္ခါတဟု မှတ်ပါ။ အကျွမ်းဝင် ခင်မင်၍ ရင်းနှီး၍ ယူခြင်း ခေတ္တခဏ ငှားရမ်းလို၍ ယူခြင်းများတို့ကို အာပတ် မသင့်ကြောင်း ပြလို၍ ထေယျသင်္ခါတံဟု ပြဆိုထားသည်။
(ဆောင်) တာဝကာလိ, ဝိဿာသိက, ယူခြင်းမျှကို, တားမြစ်လို, မိန့်ဆို ထေယျသင်္ခါတ။
ခိုးခြင်း (၂၅) ပါး
နာနာဘဏ္ဍပဉ္စက၊ ဧကဘဏ္ဍပဉ္စက၊ သာဟတ္ထိကပဉ္စက၊ ပုဗ္ဗပယောဂပဉ္စက၊ ထေယျာဝဟာရပဉ္စက၊ ဤပဉ္စက ငါးခုပေါင်းသော် (၅-၅ =၂၅) ခိုးခြင်း (၂၅)ပါး ရှိသည်ဟု အကျဉ်းအားဖြင့် သိပါ။
(ဆောင်) နာ, ဧ, သာ, ပု၊ ထေယျစု၊ ငါးခု ပဉ္စကလာ။
(က) နာနာဘဏ္ဍပဉ္စက
၁။ အာဒိယေယျ = အာရာမ်ကို တရားတွေ့၍ ခိုးခြင်း။
၂။ ဟရေယျ = ဆောင်ယူ ထမ်းယူသွားသော သူတစ်ပါးဥစ္စာကို ခိုးခြင်း။
၃။ အဝဟရေယျ = အပ်နှံထားသော ဘဏ္ဍာကို ခိုးခြင်း။
၄။ ဣရိယာပထဝိကောပေယျ = ဘဏ္ဍာဆောင်လာသူ သယ်ယူလာသူကို ဘဏ္ဍာနှင့်တကွ ခိုးခြင်း။
၅။ ဌာနာစာဝေယျ = ကုန်း၌ တည်နေသော ဘဏ္ဍာကို နေရာရွှေ့ပြောင်းထား၍ ခိုးခြင်း။
ဤငါးပါးကို နာနာဘဏ္ဍပဉ္စကဟု ခေါ်သည်။
(ခ) ဧကဘဏ္ဍပဉ္စက
၁။ အာဒိယေယျ = ပိုင်ရှင်၏ သက်ရှိ ကျွန်ကိုဖြစ်စေ, တိရစ္ဆာန်ကိုဖြစ်စေ တရားတွေ့၍ တရားဆင်၍ ခိုးခြင်း၊
၂။ ဟရေယျ = ဆောင်ယူသွားသော သက်ရှိသတ္တဝါကို ခိုးခြင်း၊
၃။ အဝဟရေယျ = အပ်နှံထားသော သက်ရှိသတ္တဝါကို ခိုးခြင်း၊
၄။ ဣရိယာပထဝိကောပေယျ = သက်ရှိသတ္တဝါ ဆောင်ယူလာသည်ကို သတ္တဝါနှင့်တကွ ခိုးခြင်း၊
၅။ ဌာနာစာဝေယျ = ကုန်း၌ တည်နေသော သတ္တဝါကို နေရာရွှေ့ထား၍ ခိုးခြင်း၊
ဤငါးပါးကို ဧကဘဏ္ဍပဉ္စကဟု ခေါ်သည်။
(မှတ်ချက်) နာနာဘဏ္ဍပဉ္စကကား သက်မဲ့, ဧကဘဏ္ဍပဉ္စကကား သက်ရှိ ဤသို့ ထူး၏၊ ခိုးပုံခြင်းကား တူသည်။
(ဆောင်) အာ, ဟရ, အဝ, ဣရိ, ဌာနာရှိ မှတ်သိ နာဧပါ။
(ဂ) သာဟတ္ထိကပဉ္စက
၁။ သာဟတ္ထိက = သူတစ်ပါး၏ ဘဏ္ဍာကို ကိုယ်တိုင် ခိုးခြင်း၊
၂။ အာဏတ္တိက = သူတစ်ပါးကို စေခိုင်းတိုက်တွန်း၍ ခိုးခြင်း၊
၃။ နိဿဂ္ဂိယ = ကင်းထားရာအရပ် ကြံစည်ရာအရပ်တို့၏ အတွင်း၌နေ၍ အပြင်သို့ ပစ်လွှင့်ခိုးခြင်း၊
၄။ အတ္ထသာဓက = စွမ်းနိုင်သောအခါ ခိုးပါဟု စေခိုင်းခြင်း၊ မခိုးမီကပင် ပါရာဇိကအကျိုးကို ပြီးစေတတ်သော ခိုးခြင်းဟူ၏၊
၅။ ဓုရနိက္ခေပ = အာရာမ်ကို တရားတွေ့ခြင်း, အပ်ထားသော ဘဏ္ဍာကို မပေးခြင်း, တာဝကာလိက ခဏယူထားသည်ကို မပေးခြင်း, ဘဏ္ဍာစား ထိုက်သည်ကို မပေးခြင်း၊ ထို့ကြောင့် ဥစ္စာရှင်က ငါတော့ ရမှာမဟုတ်ပါဘူးဟု လုံ့လလျှော့ချခြင်းဖြင့် ပြန်မပေးသူ၏ ခိုးခြင်း။
(ဆောင်) သဟ, အာဏ, နိဿဂ္ဂိယ, အတ္ထ, ဓုရပါ။
(ဃ) ပုဗ္ဗပယောဂပဉ္စက
၁။ ပုဗ္ဗပယောဂ = စေခိုင်းအပ်သူက ဧကန် ခိုးမည်ဖြစ်လျှင် စေခိုင်းသူမှာ ခိုင်းစဉ်ကပင် မခိုးမီ ရှေးအဖို့ကပင် ခိုးခြင်း၊
၂။ သဟပယောဂ = မြှုပ်ထားသော ငွေအိုးစသည်ကို နေရာမှ ရွေ့စေ၍လည်းကောင်း ကန်သင်းစသည်ကို ပြောင်း၍သော်လည်းကောင်း၊ ကိုယ့်လယ်ယာဘက် ချဲ့ယူလို၍ ငုတ်တိုင် ပေကြိုး ခြံဝင်းတိုးချဲ့ခြင်း- စသော ပယောဂနှင့်တကွ ခိုးခြင်း၊
၃။ သံဝိဓာဝဟာရ = ဤမည်သော ဘဏ္ဍာကို ခိုးအံ့ဟု သုံးပါးလေးပါး သဘောတူ တိုင်ပင်၍ တစ်ပါးက ခိုးသော် သဘောတူ ရဟန်းအားလုံး ခိုးခြင်း၊
၄။ သင်္ကေတကမ္မ = နံနက်စသော အချိန် (၁၀)နာရီစသော အချိန် အချိန်းအချက် အမှတ်ပြုှ၍ ခိုးခြင်း၊
၅။ နိမိတ္တကမ္မ = မျက်စိမှိတ်ပြခြင်း လက်ပြ ခြေပြပြုလုပ်၍ ခိုးခြင်း၊
(ဆောင်) ပုဗ္ဗ, သဟ, ပယောဂပါ၊ သံဝိဓာ, သင်္ကနိမိတ္တာ။
(င) ထေယျာဝဟာရပဉ္စက
၁။ ထေယျာဝဟာရ = ပုံးလျှိုးကွယ်လျှိုး လိမ်လည်လှည့်ပတ်၍ ခိုးခြင်း၊ လျှို့ဝှက်၍ ခိုးခြင်း၊ တောင်းတင်း ချိန်ခွင် အသပြာ စဉ်းလဲပြု၍ ခိုးခြင်း၊ ငွေတုထုတ်လုပ်ခြင်း စသည် ပါဝင်၏၊
၂။ ပသာယှာဝဟာရ = အနိုင်အထက် လုယက်၍ ဓားပြတိုက်၍ ခိုးခြင်း၊ ရသင့်သော အခွန်ထက် ပိုတောင်း၍ ခိုးခြင်း၊
၃။ ပရိကပ္ပါဝဟာရ = ဘဏ္ဍာကိုဖြစ်စေ အရပ်ကိုဖြစ်စေ ကြံဆ၍ခိုးခြင်း၊
၄။ ပဋိစ္ဆန္နာဝဟာရ = မြူမှုန် သစ်ရွက်တို့ဖြင့် ဖုံးလွှမ်းထား၍ ရွှံ့နွံအတွင်း သဲအတွင်း နင်းသွင်း၍ ခိုးခြင်း၊
၅။ ကုသာဝဟာရ = ကမ္ဗည်းလိပ်စာ ပြောင်း၍ ခိုးခြင်း၊
ဤငါးပါးကို ထေယျာဝဟာရပဉ္စကဟု ခေါ်၏၊
(ဆောင်) ထေ, ပ, ပရိ၊ ပဋိစ်ကုသာ၊ ဤငါးပါးမှာ၊ ယှဉ်ကာ ဝဟာရ၊ ခိုးမှုပြ၊ နှစ်ဆယ့်ငါး ထေယျာ။
ဝိဿာသဂ္ဂါဟ (= အကျွမ်းဝင်၍ယူခြင်း) အင်္ဂါ ၅-ပါး
ကင်းသော ညှဉ်းဆဲခြင်းရှိသော ယူခြင်း၊ မညှဉ်းဆဲမူ၍ ယူခြင်း၊ အကျွမ်းတဝင် ယူခြင်းဟု ဆိုလိုသည်။ ဝိဿာသဂ္ဂါဟအင်္ဂါ (၅) ပါး ရှိ၏၊
၁။ သံဒိဋ္ဌ = မြင်ဖူးကာမျှ အဆွေခင်ပွန်းဖြစ်ခြင်း၊
၂။ သမ္ဘတ္တ = မြဲမြံသော အဆွေခင်ပွန်းဖြစ်ခြင်း၊
၃။ အလပိတ = “ငါ့ဥစ္စာကို အလိုရှိသောအခါ ယူလော့”ဟု ပန်ကြားဖွယ်မရှိ ပြောထားခြင်း၊
၄။ ဇီဝိတ = အသက်ရှင်ခြင်း၊
၅။ ဂဟိတေ အတ္တမန = ယူသော် ဝမ်းမြောက်ကျေနပ်ခြင်း၊ ပေါင်း (၅)ပါးတည်း။ ထို ငါးပါးထဲက ရှေ့သုံးပါးတို့တွင် တစ်ပါးပါးကို ယူကာ နောက်နှစ်ပါးနှင့် ပေါင်းသော် အင်္ဂါသုံးပါး ဖြစ်၏၊ ယင်းအင်္ဂါသုံးပါး ရှိက ယူကောင်းပြီ ဟူ၏၊
(မှတ်ချက်) ငါသေသော်, ငါသေသောအခါ, မင်းယူတော့ဟု ပေးမူ ပေးရာမရောက်၊ မယူကောင်းသည်ကို သတိရှိစေ။
ဒုတိယပါရာဇိကအာပတ် အဆုံးအဖြတ်များ
မြေ၌ တည်သော ဥစ္စာ, ကြည်းကုန်း၌ တည်သော ဥစ္စာ, ကောင်းကင်၌ တည်သော ဥစ္စာ, ဟင်းလင်းပြင်၌ တည်သော ဥစ္စာ ရေ၌ တည်သော ဥစ္စာ, လှေ၌ တည်သော ဥစ္စာတို့ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ အဖော်ကိုသော်လည်း ပေါက်တူး ခြင်းတောင်း စသည်ကိုလည်းကောင်း ရှာအံ့၊ မြေကို တူးအံ့၊ နွယ်ကို ဖြတ်အံ့၊ မြေကို ယက်အံ့၊ ပစ္စည်းသို့ မရောက်မီ သွားလာလှုပ်ရှားမှု မှန်သမျှ ဒုက္ကဋ်အာပတ် သင့်၏၊ ပစ္စည်းကို သုံးသပ်အံ့ ဒုက္ကဋ်၊ ပစ္စည်းကို လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ ပစ္စည်းကို နေရာမှ ရွေ့စေအံ့ ပါရာဇိက အာပတ်သင့်၏၊ (ဤ၌ မြေတူး, နွယ်ဖြတ် ပြုရာ၌ ပါစိတ် မဟုတ်၊ ဒုက္ကဋ်သာ သင့်၏)
သူတစ်ပါးပိုင်ပစ္စည်း ငါးပဲတန်နှင့်အထက် တန်ဘိုးရှိသော ပစ္စည်းကို ဦးခေါင်း ပခုံး ခါးစသည်၌ တင်ဆောင် သယ်ယူလာခြင်းတို့၌ ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ တခြား ပခုံး ခါးစသည်သို့ ချလိုက်အံ့ ပါရာဇိကအာပတ် သင့်၏၊
အာရာမ်, ကျောင်း, လယ်, ရွာ, တောတို့တွင် မြေ, ကြည်းကုန်း, ကောင်းကင်, ဟင်းလင်းပြင် လေးဌာနတို့၌ တည်ရှိသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့်, ရလိုမှုဖြင့် တရားစွဲအံ့၊ အဖော်ရှာခြင်း သွားလာလှုပ်ရှားမှု မှန်သမျှ၌ ဒုက္ကဋ်၊ ဥစ္စာရှင်အား ယုံမှားစေအံ့ ထုလ္လစ္စဉ်း၊ ဥစ္စာရှင်က ငါမရတော့ပြီဟု ဝန်ချအံ့ ပါရာဇိကအာပတ် သင့်၏၊
ရေ ဒန်ပူ မြက် သစ်ရွက် စသည်တို့တွင် ငါးပဲ ငါးပဲထက်အလွန် ထိုက်တန်သော ရေစသည်ကို ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏၊
အပ်နှံထားသောဥစ္စာ အနီး၌ထားသော ဥစ္စာကို ဥစ္စာရှင်က “ငါ၏ ဥစ္စာကို ပေးပါ”ဟု ဆိုလာသော် ငါမယူဟု ငြင်းဆိုအံ့ ဒုက္ကဋ်၊ ဥစ္စာရှင်အား ယုံမှားစေအံ့ ထုလ္လစ္စဉ်း၊ ဥစ္စာရှင်သည် “ငါ့အား ပြန်ပေးတော့မည် မဟုတ်”ဟု ဝန်ချအံ့ ပါရာဇိကအာပတ် သင့်၏၊
ကင်းထားရာအရပ် အကောက်ဌာနသို့ ဝင်၍ အခွန်ပေးရမည့်ဥစ္စာကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ ကင်းကို ခြေလှမ်း လွန်စေအံ့ ထုလ္လစ္စဉ်း၊ ဒုတိယခြေလှမ်းကို ကျော်လွန်အံ့၊ ပါရာဇိက အာပတ်သင့်၏၊
ခြေနှစ်ချောင်းရှိသော သတ္တဝါ လူ ကြက် ငှက်စသည် ခြေလေးချောင်း ဆင် မြင်း နွားစသည်တို့ကို ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ နေရာမှ ရွေ့စေအံ့ ပါရာဇိက၊ ခြေလျင်ခေါ်ဆောင်အံ့ ခြေတစ်လှမ်းကို ရွေ့စေအံ့ ထုလ္လစ္စဉ်း၊ ဒုတိယခြေလှမ်းကို ရွေ့စေအံ့ ပါရာဇိကအာပတ် သင့်၏၊ များသော အခြေရှိသော ကင်းမြီးကောက် ကင်းခြေများ (ခူ, တီ, သံကောင် ဥစ္စာလိင်္ဂပိုး)တို့ကို ငါးပဲ ငါးပဲထက်အလွန် ထိုက်တန်သော ကင်းမြီးကောက် စသည်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ နေရာမှ ရွေ့စေအံ့ ပါရာဇိက၊ ခြေလှမ်းရွေ့စေအံ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ထုလ္လစ္စဉ်း၊ နောက်ဆုံးခြေလှမ်းကို ရွေ့စေအံ့ ပါရာဇိကအာပတ် သင့်၏၊
တိုင်ပင်၍ ခိုးခြင်း၌ အများတိုင်ပင်၍ တစ်ဦးက ခိုးအံ့ အားလုံးပါရာဇိက အာပတ် သင့်၏၊ ရဟန်းလေးပါး အဆင့်ဆင့် ခိုးခိုင်းရာတွင် ခိုးသောရဟန်း ဝန်မခံမီ အဆင့်ဆင့်ခိုးခိုင်းသော ရဟန်းတို့၌ ဒုက္ကဋ်၊ ခိုးသောရဟန်း ဝန်ခံအံ့ မူလစေခိုင်းသော ရဟန်းတို့အား ထုလ္လစ္စဉ်း၊ ခိုးသူသည် ထိုဥစ္စာကို ခိုးအံ့ ရဟန်းလေးပါးလုံး ပါရာဇိကအာပတ် သင့်၏၊ ပိုင်ရှင် မရှိသော, ပိုင်ရှင်က အာလျပြတ် စွန့်ပစ်ထားအပ်သော ပိုင်ရှင်မဲ့ ပစ္စည်းကို ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ဒုက္ကဋ်၊ နေရာမှ ရွေ့စေအံ့ ဒုက္ကဋ်၊ ငါးပဲအောက် ပစ္စည်း၌လည်း ထို့အတူပင် ဖြစ်၏၊
အနာပတ္တိ အာပတ်မသင့်သူများ
မိမိဥစ္စာဟု ထင်မှတ်၍ ယူသောရဟန်းအား အာပတ်မသင့်၊ အကျွမ်းဝင်၍ယူခြင်း၊ အခိုက်အတန့်ယူခြင်း၊ ပြိတ္တာ သိမ်းဆည်းသော ဥစ္စာ၊ တိရစ္ဆာန် သိမ်းဆည်းသော ဥစ္စာတို့ကို ယူခြင်း၌လည်း အာပတ်မသင့်။ ပံ့သုကူဟု ထင်မှတ်၍ ယူသောရဟန်း၊ စိတ်ပျံ့လွင့်သော ရဟန်း၊ ရူးသောရဟန်း၊ ဝေဒနာ ဖိစီးသော ရဟန်း၊ လက်ဦးအစ လွန်ကျူးသောရဟန်းတို့ အာပတ်မသင့်။
(ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်၊၇၃)