ဝိနည်းပဒေသာသင်တန်း/တတိယပါရာဇိက
တတိယပါရာဇိက
မနုဿဝိဂ္ဂဟသိက္ခာပုဒ် - ပဋိသန္ဓေတည်နေခြင်းကို အရင်းအစပြု၍ လူဇာတ်ရှိသောသူကို သေစေလိုသော စိတ်ဖြင့် ကိုယ်တိုင်သတ်၍ ဖြစ်စေ၊ သူတစ်ပါးကို စေခိုင်း၍ ဖြစ်စေ၊ ထိုသူ သေသော်လည်းကောင်း, သေခြင်းကို ဆောက်တည်စေခြင်းငှာ ဓားလက်နက်ကို ထိုသူ၏ အနီး၌ ထား၍ ထိုဓား လက်နက်ဖြင့် ထိုသူ သေသော်လည်ကောင်း, ထိုသူအား သေချင်စိတ် ဖြစ်လာအောင် “အို...အသင်၊ သင်၌ ယုတ်မာသော မကောင်းသော အသက်ရှင်နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်၌ အသက်ရှင်နေခြင်းထက် သေခြင်းက မြတ်၏” စသည်ဖြင့် သေခြင်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၍ ထိုပြောဆိုမှုကြောင့် ထိုသူ သေသော်လည်ကောင်း မနုဿဝိဂ္ဂဟပါရာဇိက အာပတ်သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။
၁။ သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ = လူဇာတ်ရှိသောသူကို သေစေလိုသောစိတ်ဖြင့် ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ သတ်ခြင်း၊
၂။ သတ္ထဟာရကံ ဝါဿ ပရိသေယျ = သေချင်နေသူ အလွယ်တကူ သေရအောင် ဓားလက်နက်ရှာ၍ အနီး၌ ပို့ထားခြင်း၊
၃။ မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ = သေရခြင်း၏ အကျိုးရှိပုံကို ထင်ရှားပြ၍ ချီးမွမ်းခြင်း၊
၄။ မရဏာယ ဝါ သမာဒပေယျ = သေဖို့ရာ နည်းလမ်းပြ ပြုလုပ်သင်ပြ ပေးခြင်း၊ ဤလေးနည်းတို့တွင် တစ်နည်းနည်းဖြင့် သေသွားအောင် ပြုလုပ်ခဲ့သော် မနုဿဝိဂ္ဂဟပါရာဇိကအာပတ် သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။
အင်္ဂါ (၅) ပါး
၁။ မနုဿဝိဂ္ဂဟံ = လူသားဇာတ် ရှိခြင်း၊
၂။ သဉ္စိစ္စ၌ သံသဒ္ဒါဖြင့် သတ္တဝါဟု အမှတ်ရှိခြင်း၊
၃။ စိစ္စသဒ္ဒါဖြင့် သတ်လိုသော စိတ်ရှိခြင်း၊
၄။ ဇီဝိတာ ဝေါရောပေယျဖြင့် လုံ့လပြုခြင်း၊
၅။ သေဆုံးခြင်းဟူ၍ ဤသို့အင်္ဂါ (၅)ပါးကို ပြသည်။
(ဆောင်)လူဇာတ်လည်းရှိ၁ သတ္တဝါဟု သိ၍၂ သတ်မည်လိုလား စိတ်စက်ထားဖြင့်၃ အားပါးစိုက်လျှင်း၄ စုတေခြင်းဟု၅ ကြောင်းရင်း ငါးလီ အင်္ဂါညီ၊ ကျပြီ ပါရာဇိက်။
တတိယပါရာဇိက အဓိပ္ပာယ်များ
မနုဿဝိဂ္ဂဟ - လူဇာတ်ဖြစ်သော သူ၏ ကိုယ်ဟူသည် အမိဝမ်းတွင်း၌ ရှေးဦးစွာ (ပဋိသန္ဓေ)စိတ် (ဝိညာဉ်) ဖြစ်ပေါ်သည်မှစ၍ သေသည့်ကာလ တိုင်အောင်သော အတွင်း၌ဖြစ်သော ဤသတ္တဝါသည် လူဇာတ်ဖြစ်သော သူ၏ကိုယ် မည်၏၊
အသက်ဇီဝိတိန္ဒြေမှ ချပုံ - အသက်ဇီဝိတိန္ဒြေကို ဖြတ်၏၊ ချုပ်စေ၏၊ ခန္ဓာအစဉ်ကို ပျက်စေ၏၊ အသက်ကို ဆောင်တတ်သော ဓားလက်နက်ရှာ၍ အနီး၌ ထားခြင်း၌ သံလျက် ခက်ရင်း လှံ ဆောက်ပုတ် ကျောက်ခဲနှင့် ကြွင်းသော လက်နက်များ အဆိပ်ကိုသော်လည်းကောင်း တစ်ခုခုရှာ၍ အနီး၌ ချထားပေးခြင်းကို ယူရပါသည်။
သေခြင်း၏ ဂုဏ်ကျေးဇူး - သေခြင်း၏ ဂုဏ်ကျေးဇူးဟူသည် အသက်ရှင်နေခြင်း၌ အပြစ်ကို ပြ၏၊ သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုခြင်းကို ဆိုသည်။
သေခြင်းငှာ ဆောက်တည်စေခြင်း - လက်နက်ကိုသော်လည်းကောင်း ဆောင်ယူပါ၊ ဓားနှင့်ထိုးသေပါ၊ အဆိပ်စားသေပါ၊ ကြိုးဆွဲချသေပါဟူ၍ ဤသို့ ခိုင်းခြင်းတည်း။
သေစေလိုသော စိတ်အကြံ - သေခြင်း၌အမှတ်၊ သေခြင်း၌စေတနာ၊ သေခြင်း၌ အလိုအကြံတို့တည်း။ ဤတွင် ပါဏ = သတ္တဝါ,
ပါဏာတိပါတ = သတ္တဝါကို သတ်ခြင်း,
ပါဏာတိပါတီ = သတ္တဝါကို သတ်လေ့ရှိသူ,
ပါဏာတိပါတပယောဂ = သတ္တဝါကို သတ်ဖြတ်ကြောင်း လုံ့လပယောဂဟူ၍ လေးချက်ကို ခွဲခြား မှတ်သားသင့်၏၊
ပါဏာတိပါတပယောဂ (၆) ပါး
၁။ သာဟတ္ထိကပယောဂ = မိမိလက်ဖြင့် သတ်ပုတ်ညှဉ်းဆဲခြင်း၊
၂။ နိဿဂ္ဂိယပယောဂ = မြား လှံ ယန္တရား ကျောက်ခဲစသည်တို့ဖြင့် ပစ်လွှင့်ခြင်း ပယောဂ၊
၃။ အာဏတ္တိကပယောဂ = ဤသူကို သတ်လိုက်ဟု စေခိုင်းသူ၏ သတ်ခိုင်းခြင်း ပယောဂ၊ (၎င်း၌လည်း ၆-မျိုး လာရှိ၏၊)
၄။ ထာဝရပယောဂ = ရွှေ့ပြောင်း၍ မရကောင်းသော တွင်းတူးခြင်း, မှီရာ တံကဲပျဉ် အနီး၌ ဓားကို ချထားခြင်း, ဟုန်းခတ်ခြင်း စသည်တို့ဖြင့် သတ်ကြောင်း ပယောဂ၊
၅။ ဝိဇ္ဇာမယပယောဂ = အာတဗ္ဗနဟု ဆိုအပ်သော မန္တာန်ကို စီရင်သဖြင့် သတ်ကြောင်း ပယောဂ၊
၆။ ဣဒ္ဓိမယပယောဂ = ကမ္မဝိပါကဇိဒ္ဓိဖြင့် သတ်ကြောင်းပယောဂဟူ၍ ဖြစ်၏၊
(ဆောင်) သာ, နိ, အာ, ထာ, ဝိဇ္ဇာ, ဣဒ္ဓိ ပါဏာတိ၊ ခြောက်ရှိ ပယောဂါ။
အာဏတ္တိကပယောဂ (၆) ပါး
ဝတ္ထု, ကာလ, ဩကာသ, အာဝုဓ, ဣရိယာပထ, ကြိယာဝိသေသဟု စေခိုင်းခြင်း သတ်ခိုင်းခြင်း ပယောဂ (၆)ပါး ရှိသည်။
၁။ ဝတ္ထု = သတ်အပ်သော သတ္တဝါဟူသော ဝတ္ထု၊
၂။ ကာလ = နံနက်စသော အချိန်ကာလ၊
၃။ ဩကာသ = မြို့ ရွာ တော စသော အရပ်၊
၄။ အာဝုဓ = ဓား လှံ စသော လက်နက်၊
၅။ ဣရိယာပထ = သတ်အပ်သူ (အသတ်ခံရသူ)၏ သွားခြင်း ထိုင်ခြင်း စသော ဣရိယာပုထ်၊
၆။ ကြိယာဝိသေသ = ထိုးခြင်း ခုတ်ခြင်းစသော ကြိယာအထူး။
(ဆောင်) ဝတ္ထု ကာလ ဩကာသ ဝုဓ ဣရိယာ ကြိယာဝိသေ ဤခြောက်ထွေ ပြားလေ အာဏတ္တာ။
တတိယပါရာဇိကအာပတ် အဆုံးအဖြတ်များ
တတိယသိက္ခာပုဒ်ပါဠိလာ သေအောင်လုပ်နည်း (၄)မျိုးမှ တစ်မျိုးမျိုးဖြင့် စတင်အားထုတ်အံ့ ဒုက္ကဋ်၊ ဆင်းရဲ ဒုက္ခဝေဒနာဖြစ်အံ့ ထုလ္လစ္စဉ်း၊ လူသေအံ့ ပါရာဇိကဟု အဆင့်ဆင့် ခွဲပြီး မှတ်သားပါ။
လူကို သတ်အံ့ဟု မည်သည့်နည်းနှင့်မဆို အားထုတ်အံ့ ဒုက္ကဋ်၊ ဝေဒနာကို ဖြစ်စေအံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိက၊ မည်သူဟု မရည်ရွယ်ဘဲ တစ်ဦး တစ်ယောက် ကျ၍ သေလိမ့်မည်ဟု တွင်းတူးအံ့ ဒုက္ကဋ်၊ ထိုတွင်းထဲသို့ လူကျအံ့ ဒုက္ကဋ်၊ ကျ၍ ဒုက္ခဝေဒနာ ဖြစ်စေအံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကအာပတ် သင့်၏၊ လူယောင်ဆောင်ထားသော ဘီလူး ပြိတ္တာများနှင့် တိရစ္ဆာန်ကျအံ့ ဒုက္ကဋ်၊ သေအံ့ ထုလ္လစ္စဉ်း။
အဆင့်ဆင့် စေခိုင်းရာ၌ အာပတ်သင့်ပုံ
ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သော ရဟန်းအား ပြောပါလေ၊ ဤမည်သော ရဟန်းကလည်း ဤမည်သောရဟန်းအား ဤမည်သော ရဟန်းသည် ဤမည်သော သူကို သတ်ပါစေ”ဟု ပြောပါစေ၊ ဤသို့ စေခိုင်းအံ့ ဒုက္ကဋ်၊ ထိုရဟန်းသည် တစ်ပါးသောရဟန်းအား ပြောအံ့ ဒုက္ကဋ်၊ သတ်သူရဟန်းသည် ဝန်ခံအံ့ မူလစေခိုင်းသော ထိုရဟန်းအား ထုလ္လစ္စဉ်း၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့ ရဟန်းလေးပါးလုံး ပါရာဇိက အာပတ် သင့်၏၊
ရဟန်းတစ်ပါးသည် “ဤမည်သောသူကို သတ်လော့”ဟု စေခိုင်းအံ့ ဒုက္ကဋ်၊ စေခိုင်းပြီးမှ စိတ်မကောင်းသဖြင့် မသတ်နှင့်တော့ဟု ပြန်ပိတ်၏ အခိုင်းခံရသော ရဟန်းသည် “ငါ့ကို စေခိုင်းအပ်ပြီးဖြစ်သည်”ဟု ဆို၍ ထိုသူကို သတ်အံ့၊ မူလစေခိုင်းသော ရဟန်းအား အာပတ်မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏၊ ကိုယ်ဖြင့် နှုတ်ဖြင့် ကိုယ်, နှုတ်ဖြင့် တမန် လွှတ်၍ စာရေး၍ ချီးကျူးပြောဆိုခြင်းမည်သည်တို့ကို ဖော်ပြပါအတိုင်း သိပါ။
ဤကဲ့သို့ သေရသော သူသည် ပစ္စည်းဥစ္စာကိုသော်လည်းကောင်း ရတတ်၏၊ အခြံအရံအကျော်အစောသော်လည်းကောင်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏၊ ဤသို့ ကိုယ်အမူအရာဖြင့် ပြခြင်း၊ နှုတ်ဖြင့် ပြောခြင်း၊ တမန်ဖြင့် သတင်းပေးခြင်း၊ စာရေးခြင်းတို့၌ စာလုံးတိုင်း စာလုံးတိုင်း ရှေ့ရှေ့ပယောဂတို့၌ ဒုက္ကဋ်၊ စာကြည့်၍ သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကကျ၏၊
ဆေးပေးခြင်း၌ အာပတ်သင့်ပုံ
ထောပတ်ကိုသော်လည်းကောင်း, ဆီ, ပျားရည်, တင်လဲတို့ကိုသော် လည်းကောင်း “ဤဆေးကို လျက်၍ သေလိမ့်မည်”ဟု ပေးအံ့ ဒုက္ကဋ်၊ ထိုဆေးကို လျက်၍ ဒုက္ခဝေဒနာ ဖြစ်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကကျ၏၊
ဓမ္မာရုံအနီးသို့ ဆောင်ခြင်း
ဤမည်သော စကားကို, တရားကို ကြားသော် လန့်၍ သေလိမ့်မည်ဟု ငရဲ၌ ဖြစ်ထိုက်သူအား ငရဲနှင့် စပ်သောစကားကို ပြောအံ့ ဒုက္ကဋ်၊ ထိုစကားကို ကြား၍ လန့်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကအာပတ် သင့်၏၊ (နတ်ပြည်အကြောင်းလည်း နည်းတူပင်။)
အာရုံငါးပါး - အဆင်း အသံ အနံ့ အရသာ အတွေ့အထိ မနှစ်မြို့ဖွယ် အာရုံတစ်ခုခုကို သေလိမ့်မည်ဟု အနီးသို့ ဆောင်အံ့ ဒုက္ကဋ်၊ ခံရသူ ဒုက္ခဝေဒနာဖြစ်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကအာပတ်သင့်၏၊
ဆိုဆုံးမခြင်း
ဤသို့သေပါ၊ ဤသို့ သေရသောသူသည် ပစ္စည်းဥစ္စာကိုသော်လည်း ရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏ဟု မမေးဘဲ ပြောအံ့ ဒုက္ကဋ်၊ ထိုအဆုံးအမစကားဖြင့် သေတော့အံ့ဟု ဒုက္ခဝေဒနာဖြစ်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိက အာပတ်သင့်၏၊
အချိန်းအချက်နှင့် နိမိတ်အမှတ်
နံနက် ညနေ ညချမ်းစသဖြင့် အချိန်ကာလ အချိန်းအချက်ဖြင့် မျက်စိမှိတ် မျက်ခုံးပင့် ခေါင်းညိတ် အမှတ်အသားဖြင့် ထိုသူကိုသတ်လော့ဟု ပြောအံ့ ဒုက္ကဋ်၊ ထိုအချိန် ထိုအမှတ်နိမိတ်အတိုင်း သတ်အံ့ နှစ်ဦးလုံး ပါရာဇိက၊ ထိုအချိန် ထိုနိမိတ်အမှတ်၏ ရှေ့ဖြစ်စေ နောက်ဖြစ်စေ ထိုသူကိုသတ်အံ့ဟု ပြောသော ရဟန်းအား အာပတ်မသင့်။ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏၊
အာပတ်မသင့်သူများ
သတ်လိုသောစိတ် မရှိသော ရဟန်း, မသိသော ရဟန်း, မသေစေလိုသော ရဟန်း, သည်းခြေပျက်၍ ရူးသော ရဟန်း, အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လူကို သေအောင် ပြုမိ၍ သေသွားသော်လည်း အာပတ် မသင့်ပေ။ (ပါရာဇိကဏ် မြန်မာပြန်-၁၀၃။)