ဝိနည်းပဒေသာသင်တန်း/ပရိက္ခရာရှစ်ပါး
ပရိက္ခရာရှစ်ပါး
ပတ္တော တိစီဝရံ ကာယ-ဗန္ဓနံ ဝါသိ သူစိ စ၊
ပရိဿဝနမိစ္စေတေ၊ ပရိက္ခာရဋ္ဌ ဘာသိတာ။
(၁) သပိတ်၊ (၂) သင်းပိုင်၊ (၃) ဧကသီ၊ (၄) ဒုကုဋ်၊ (၅) ခါးပန်းကြိုး၊ (၆) ပဲခွပ် (ဝါ) ဓားမတို၊ (၇) အပ်နှင့် အပ်ချည်၊ (၈) ရေစစ်ဟူ၍ ပရိက္ခရာ (၈)ပါး ရှိ၏၊
ဤပရိက္ခရာရှစ်ပါးတို့တွင် အပ်စပ်သော သပိတ်သင်္ကန်းတို့ကို ရှေး၌ ရေးခဲ့ပြီ။
ခါးပန်းကြိုး
ကြိုးအများ ပေါင်း၍ ပြုအပ်သော ခါးပန်းကြိုး၊ ရေမြွေဦးခေါင်းသဏ္ဌာန် ပြုအပ်သော ခါးပန်းကြိုး၊ မုရိုးစည်သဏ္ဌာန်, ဆောက်လုံးသဏ္ဌာန် ခါးပန်းကြိုးတို့ကို ဆောင်လျှင် ဒုက္ကဋ်၊ အပြားရက်သော ခါးပန်းကြိုး၊ ဝက်အူသဏ္ဌာန် ပြုအပ်သော ခါးပန်းကြိုးတို့ကို ခွင့်ပြုတော်မူ၏၊ မုရိုးစည်သဏ္ဌာန် ပြုအပ်သော အမြိတ်အဆာ, ဆောက်လုံးသဏ္ဌာန် ပြုအပ်သော အမြိတ်အဆာတို့ကို ခွင့်ပြုတော်မူသည်။ ခါးပန်းသီးကိုလည်း ခွင့်ပြုတော်မူ၏၊
(စူဠဝါပါဠိတော်မြန်မာပြန်၊၂၇၉။)
ဝါသိ (= ပဲခွပ်^ဓားမတို)
ပဲခွပ်အရ သင်ဓုန်းဓားဟု ယူဆနေကြ၍ ပရိက္ခရာရှစ်ပါးတွင် သင်ဓုန်းဓားအစစ် မထည့်နိုင်သူတို့ သံဖြူဓား ပလတ်စတစ်ဓားကို ထည့်နေကြပါသည်။ သာမညဖလသုတ်အဋ္ဌကထာ၌ ဒန်ပူသတ်သောအခါ, ညောင်စောင်းအင်းပျဉ် အပေါင်(ဘောင်)ပြုလုပ်သောအခါ, သင်္ကန်းဖြင့် တဲထိုးရန် သစ်ရွေသောအခါ, ကြံခွံ ခွာသောအခါ, အုန်းသီးစသည် ခွဲသောအခါ ပဲခွပ်ကို ရဟန်းတို့ အသုံးပြုကြောင်း ဆိုသည်။ (ဝိ၊ဋ္ဌ၊၁၊၁၈၅။)
ထို့ကြောင့် ဝါသိ-အရ ပဲခွပ်ဟူသည် သင်ဓုန်းဓား မဟုတ်ကြောင်း ဓားမတိုသာဖြစ်ကြောင်း တိပိဋကဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်စာအုပ် သတ္တမတွဲ နိဒါန်းစာမျက်နှာ (ဃ)၌ ဖော်ပြထားသည်။
ရေစစ်
“ရဟန်းတို့ ..ခရီးရှည်သွားသော ရဟန်းသည် ရေစစ်ကို တောင်းလျှင် ပေးရမည်၊ မပေးသော ရဟန်းအား ဒုက္ကဋ်၊ ရဟန်းတို့ ..ရေစစ်မပါသော ရဟန်းသည် ခရီးရှည် မသွားအပ်၊ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”ဟု ပညတ်တော်မူ၏၊ ရေစစ်ပုဝါ, ဓမ္မကရိုဏ်, လေစုပ်, ရေစစ် စသည် မရှိမူ နှစ်ထပ်သင်္ကန်းစွန်းကိုလည်း “ဤနှစ်ထပ်သင်္ကန်းဖြင့် စစ်၍ ရေသောက်အံ့”ဟု ဆောက်တည်ရမည်။
“ရဟန်းတို့ လေးတိုင်စင် စိုက်၍ အဝတ်ကြက်သော ရေစစ်, နှစ်၍ စစ်သော ရေစစ်တို့ကို ခွင့်ပြုတော်မူ၏၊” (စူဠဝါပါဠိတော်မြန်မာပြန်၊၂၅၅။)
အခြားပရိက္ခရာများ
ထီး, ဖိနပ်, ယပ်, တောင်ဝှေး, ခြင်ထောင်, ခေါင်းအုံး, နိသီဒိုန်အခင်းတို့ကိုလည်း ခွင့်ပြုတော်မူ၏၊
ထီး, - အဝတ်ထီး, ဖျာထီး, သစ်ရွက်ထီးတို့ကို ခွင့်ပြုတော်မူသည်။ ပိုးချည်တို့ဖြင့် လှပအောင် ရွှေချည်, ငွေချည် အလှဆင်ထားသော ထီးများ မအပ်၊ မနာမဖျားသော ရဟန်းသည် အာရာမ်အတွင်း၌လည်းကောင်း, အာရာမ်ဥပစာ၌လည်းကောင်း ထီးကိုဆောင်းခြင်းငှာ ခွင့်ပြုတော်မူ၏၊ ကိုယ်ပူနာ, သည်းခြေပျက်နာ, မျက်စိအားနည်းခြင်း, ထီးနှင့်ကင်းလျှင် ဝေဒနာ တစ်ခုခုဖြစ်တတ်သော ရဟန်းလေးဦးတို့အား ရွာ၌လည်းကောင်း, တော၌လည်းကောင်း ထီးဆောင်းခြင်းငှာ အပ်၏၊ မိုးရွာလျှင်လည်း အပ်၏၊ သစ်ရွက်ထီး, ထန်းလက်စလူ နေရာအားလုံး အပ်၏၊
ဖိနပ် - ဤဖိနပ်အရာ၌ သားရေမှတစ်ပါး ရဟန်းတို့အား မအပ်၊ သားရေဖိနပ်သာ အပ်သည်ဟု သိ။ (ခြင်္သေ့သားရေ, ကျားသားရေ, ကျားသစ်ရေ, ကြောင်သားရေ စသည်တို့ကို ပယ်သည်။ မဟာဝါ စမ္မခဏ္ဍက စာမျက်နှာ (၂၇၄)တွင် ရှုပါ။ (ပါတိမောက္ခမေဒိနီ၊၄၆၉။)
(မှတ်ချက်) ရာဘာဖြင့် ပြုလုပ်ထားသော ဖနောင့်ဖုံး ဖမိုးဖုံး မပါသော ဖိနပ် များလည်း အပ်၏ဟု မဟာပဒေသလေးပါးနှင့် ညှိ၍ ရှေးဆရာတော်ကြီးများ ယူကြသည်။
ယပ် - (၁) လေးထောင့်ယပ်၊ (၂) ထန်းရွက်ယပ်၊ (၃) လျှော်ဖြင့် ပြီးသော ယပ်၊ (၄) ပန်းရင်းဖြင့်ပြီးသော ယပ်၊ (၅) ဥဒေါင်းမြီးဖြင့်ပြီးသော ယပ်တို့ကို ခွင့်ပြုတော်မူ၏၊ စာမရီသားမြီးယပ်ကို မဆောင်အပ်၊ ဆောင်သော ရဟန်း ဒုက္ကဋ်။ (စူဠဝါပါဠိတော်မြန်မာပြန်၊၂၇၁။)
တောင်ဝှေး - ဂိလာန (= နာသောရဟန်း)က ဒဏ္ဍသမ္မုတိကို (၃)ကြိမ် တောင်းပန်ရ၏၊ သံဃာမှ ဉတ္တိဒုတိယကံဖြင့် ဒဏ္ဍသမ္မုတိ ပေးရ၏၊
(စူဠဝါအရသာ၊ ၁၉၅။)
(မှတ်ချက်) မဇ္ဈိမလေးတောင် ပကတိခြောက်တောင်ရှိသော တောင်ဝှေးကိုသာ သမုတ်၍ ပေးရသည်။ ထိုထက် ရှည်သော, တိုသော တောင်ဝှေးသည်ကား သမ္မုတိကင်းသော်လည်း ရဟန်းအားလုံး အပ်၏၊ (စူဠဝါအရသာ၊၁၆၀။)
ခြင်ထောင် = မကသကုဋိ, ကာတိစီဝရကုဋိ, ကာဝုစ္စတိဟု အဋ္ဌကထာဆိုသည် အဝတ်ကျောင်းငယ် ဖြစ်၏၊
ခေါင်းအုံး = ခေါင်းအုံးကား ဦးခေါင်းပမာဏရှိသော်သာ အပ်၏၊ ဦးခေါင်းပမာဏ ခေါင်းအုံးဟူသည် ထောင့်သုံးထောင့်တို့တွင် နှစ်ထောင့်တို့၏ အကြား အနံအားဖြင့် တစ်ထွာလေးသစ် အလယ်တောင်ဆုပ် အလျား တစ်တောင့်ထွာ နှစ်တောင်သာ အပ်သည်။ အနံ - တောင်ဆုပ်၊ အလျား - နှစ်တောင် ဟူ၏၊ ထိုထက်ကြီးမူ မအပ်၊ အငယ်ပမာဏ ကျမ်းဂန်၌ မပြ။
ကျမ်းဂန်၌ ဂိလာနမဟုတ်လျှင် ခေါင်းအုံးနှင့် ခြေအုံးနှစ်မျိုးသာ အပ်ကြောင်း လာ၏၊ ထိုကြောင့် ဝိနည်းဓိုရ်ပုဂ္ဂိုလ်များကား ခေါင်းအုံးကို တံတောင်ဖြင့် ထောက်ခြင်း၊ ရင်ဘတ်အောက် ထားခြင်းများကို မပြုဘဲ ရှောင်ကြဉ်ကြ၏၊ အချို့ကား တံတောင်ဖြင့် ထောက်ခြင်း, လက်ဖြင့်ထောက်ခြင်းများကို သံသယမရှိကြ။ (ပါတိမောက္ခမေဒိနီ၊၄၃၀။)
သုဒ္ဓပါစိတ်
စိတ္တံ ပါတေတီတိ ပါစိတ္တိယံ၊ ကုသိုလ်စိတ်ကို ကျစေတတ်သောကြောင့် ပါစိတ္တိယခေါ်သည်။ စိတ္တနှင့် ပါတကို ရှေ့နောက်ပြန် တ-ကို ချေ၍ ဏျ ပစ္စည်းသက် ဣအာဂုံလာရကား ပါစိတ္တိယ ဖြစ်သည်။ မြန်မာပြန်သောအခါ ပါစိတ်ဟု ပြန်၏၊ နိဿဂ္ဂိသဘော မပါသောကြောင့် သုဒ္ဓပါစိတ် - ပါစိတ်သက်သက်ဟု ဆိုသည်။ စေတနာနှင့်တကွ သင့်အပ်သော ပါစိတ်အာပတ်ဖြစ်သည့်အခါ ကုသိုလ်စိတ်များ ကွယ်ပျောက်သောကြောင့် “ကုသိုလ်စိတ်ကို ကျစေတတ်သော အာပတ်”ဟု ဆိုသည်။