မာတိကာသို့ ခုန်သွားရန်

ဝိနည်းပဒေသာသင်တန်း/မုသာဝါဒဝဂ် သိက္ခာပုဒ် (၁၀)ပါး

ဝီကီရင်းမြစ် မှ
3308ဝိနည်းပဒေသာသင်တန်းမုသာဝါဒဝဂ် သိက္ခာပုဒ် (၁၀)ပါးဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

သုဒ္ဓပါစိတ် (၉၂) ပါး

၁။ မုသာဝါဒဝဂ် သိက္ခာပုဒ် (၁၀)ပါး၊
၂။ ဘူတဂါမဝဂ် သိက္ခာပုဒ် (၁၀)ပါး၊
၃။ ဩဝါဒဝဂ် (၁၀)ပါး၊
၄။ ဘောဇနဝဂ် (၁၀)ပါး၊
၅။ အစေလကဝဂ် (၁၀)ပါး၊
၆။ သူရာပါနဝဂ် (၁၀)ပါး၊
၇။ သပ္ပါဏကဝဂ် (၁၀)ပါး၊
၈။ သဟဓမ္မိကဝဂ် (၁၂)ပါး၊
၉။ ရတနဝဂ် (၁၀)ပါး၊
ဤသို့လျှင် ဝဂ်အားဖြင့် (၉)ဝဂ်၊ သိက္ခာပုဒ်အားဖြင့် (၉၂)ပါး ဖြစ်သည်။

မုသာဝါဒဝဂ် သိက္ခာပုဒ် (၁၀) ပါး

၁။ ရဟန်း၏ သိလျက်ချွတ်ယွင်းသောစကားကို ပြောဆိုခြင်းကြောင့် မုသာဝါဒပါစိတ်အာပတ်သင့်၏၊
၂။ ရဟန်းကို နှုတ်လှံထိုးခြင်း, ဆဲရေးခြင်းကြောင့် ဩမသဝါဒပါစိတ်အာပတ်သင့်၏၊
၃။ ရဟန်းတို့ကို ချောပစ်ကုန်းတိုက်ခြင်းကြောင့် ပေသုညပါစိတ်အာပတ် သင့်၏၊
၄။ လူ သာမဏေအား ပါဠိအဋ္ဌကထာကို ပုဒ်ပြိုင်သံပြိုင် စာချပေးအံ့ ပဒသောဓမ္မပါစိတ်အာပတ်သင့်၏၊
၅။ လူ, သာမဏေ, တိရစ္ဆာန်နှင့် နှစ်ညဉ့် သုံးညဉ့်ထက်အလွန် တစ်မိုးတစ်ရံတည်းကျောင်း, အိမ်, ဇရပ်၌ အတူ အိပ်အံ့၊ ပထမ သဟသေယျပါစိတ်အာပတ်သင့်၏၊
၆။ မာတုဂါမ (အမျိုးသ္မီး)နှင့် တစ်မိုးတစ်ရံတည်းသော ကျောင်း, အိမ်, ဇရပ်တို့၌ အတူအိပ်အံ့၊ ဒုတိယ သဟသေယျပါစိတ်အာပတ် သင့်၏၊
၇။ သိကြားလိမ္မာသော ယောက်ျားကို ကြဉ်ထား၍ မာတုဂါမအမျိုးသ္မီးအား ငါးပုဒ်ခြောက်ပုဒ်ထက် ပိုလွန်သော ပါဠိတော်အဋ္ဌကထာဓမ္မကို ဟောကြားအံ့၊ ဓမ္မဒေသနာပါစိတ်အာပတ်သင့်၏၊
၈။ လူ, သာမဏေအား စျာန်မဂ်ဖိုလ်တရားကို ပြောကြားအံ့၊ ဟုတ်မှန်သည်ရှိသော် ဘူတာရောစနပါစိတ်အာပတ်သင့်၏၊
၉။ ပြောကြားခွင့် သမ္မုတိရသူ မဟုတ်ဘဲ သံဃာဒိသေသ် ဒုဋ္ဌုလ္လအာပတ်ကို လူ, သာမဏေအား ပြောကြားအံ့ ဒုဋ္ဌုလ္လာရောစနပါစိတ်အာပတ် သင့်၏၊
၁၀။ မြေအစစ်ဖြစ်သော ဇာတပထဝီကို ကိုယ်တိုင်တူးခြင်း, သူတစ်ပါးကို တူးခိုင်းခြင်း, ရေးခြစ်ခြင်း, မီးတိုက်ခြင်း, ဖျက်ဆီးခြင်းကြောင့် ပထဝီခဏနပါစိတ်အာပတ်သင့်၏၊

၁။ မုသာဝါဒသိက္ခာပုဒ် အဓိပ္ပာယ်

သမ္ပဇာန

မပြောမီ ပြောခါနီးခဏနှင့် ပြောဆဲခဏ၌ အလွဲအမှားကို မိမိက လိမ်ပြောနေကြောင်း သိခြင်း (အမှားကို အမှားမှန်းသိခြင်း)ကို သမ္ပဇာန ဟုဆိုသည်။ တချို့သောအရာ၌ အလွဲအမှားကို ပြောဆိုပြုလုပ်နေသော်လည်း ကိုယ်တိုင်ကမူ အမှန် ထင်နေတတ်၏၊ ထိုနေရာမျိုး၌ စေတနာ မပါ၍ မုသာဝါဒအပြစ် မရှိ။

မုသာဝါဒ

မဟုတ်မှန်သော ဝတ္ထုကို မုသာဟု ခေါ်၏၊ ရွှေအစစ်ကို ရွှေမဟုတ် ဟု ပြောဆိုရာ၌ ပြောတိုင်း မဟုတ်သောကြောင့် ထိုရွှေအစစ်သည်ပင် မုသာ ဖြစ်ရလေသည်။ ဝါဒ သဒ္ဒါသည် ပြောခြင်း အနက်ရှိ၏၊ ယေဘုယျနည်းတည်း။ မုသားပြောသည်ဟု ဆိုထားသော်လည်း လက်လှုပ်, ခြေလှုပ်, ဦးခေါင်း ညိတ်, ဦးခေါင်းရမ်း, စာရေးသား၍ လိမ်ခြင်းစသော ကိုယ်အင်္ဂါဆိုင်ရာဖြင့် လိမ်ခြင်းကိုပါ ဝါဒအရ သွင်းယူရမည်။ ထို့ကြောင့် ကိုယ်နှုတ်တစ်ပါးပါးဖြင့် လိမ်လည်လှည့်စားကြောင်း စေတနာကို မုသာဝါဒဟု မှတ်ပါ။

မုသားဆိုသောရဟန်းအပြစ် (၇) ပါးနှင့် အာပတ် (၅) ချက်

၁။ ဥတ္တရိမနုဿဓမ္မကို ပြောကြားခြင်းအကျိုးငှာ မုသားဆိုသောရဟန်း ပါရာဇိက။
၂။ အမူလကပါရာဇိကဖြင့် စွပ်စွဲခြင်းအကျိုးငှာ မုသားဆိုသောရဟန်း သံဃာဒိသေသ်။
၃။ သံဃာဒိသေသ်ဖြင့် စွပ်စွဲခြင်း မုသားဆိုသောရဟန်း ပါစိတ်။
၄။ အမူလကထုလ္လစ္စဉ်းစသော အောက်အာပတ်ငါးပုံဖြင့် စွပ်စွဲခြင်းကြောင့် ဒုက္ကဋ်။
၅။ သင်၏ကျောင်း၌ နေသောရဟန်းကား ရဟန္တာဖြစ်သည် စသော ပရိယာယ်ဖြင့် သူတစ်ပါးကဲ့သို့ သွယ်ဝိုက်၍ ဥတ္တရိမနုဿဓမ္မကို ပြောကြား ခြင်းအကျိုးငှာ မုသားဆိုသော ရဟန်း၊ နားထောင်သူ သိအံ့ ထုလ္လစ္စဉ်း။
၆။ ထိုသို့ပြောရာ၌ တစ်ဖက်သား နားမလည်လျှင် ဒုက္ကဋ်။
၇။ သက်သက် မုသားဆိုသောရဟန်း ဤသိက္ခာပုဒ်ဖြင့် ပါစိတ်သင့်၏၊

(ဆောင်) စတုတ္ထပါရာ, သံဃာဒိသေသ်, ပါစိတ်ဖြစ်လတ်၊
ဒုက္ကဋ် ထုလ္လစ္စဉ်း, တစ်ခင်းဒုက္ကဋ်, ပါစိတ် ထပ်ပြား၊
ခုနစ်ပါး မုသားအပြစ်တည်း။ (ဘာသာဋီ၊၂၂၂။)
မုသားဆိုက, အာပဉ္စ, တွေးဆ စီစစ်ယူ။ (မေဒိနီ၊၁၅၈။)

၂။ ဩမသဝါဒသိက္ခာပုဒ်အဓိပ္ပာယ်

ရဟန်းကို ဆဲရေးခြင်းကြောင့်ဩမသဝါဒ ပါစိတ်အာပတ်သင့်၏၊ ဘိက္ခု နီမများနှင့် လူ, သာမဏေများကို ဆဲရေးခြင်းကြောင့်ကား ဒုက္ကဋ်အာပတ် သင့်၏၊

ဆဲရေးကြောင်းစကား (ဆဲဆိုသော စကားလုံး)များကို နှုတ်လှံ (လှံနှင့်တူသော နှုတ်)ဟု ခေါ်၏၊ ထိုစကားလုံးများကို ပြောဆိုဆဲရေးခြင်းသည် နားလည်းမခံသာ စိတ်နှလုံးလည်း မခံသာအောင်ရှိ၍ လှံဖြင့် ထိုးသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့်ဩမသဝါဒ (= နှုတ်လှံထိုးခြင်း)ဟု အနက်ပေးကြသည်။

အက္ကောသဝတ္ထု

အမျိုးအမည် စသည်ကို ထိပါးပုတ်ခတ်၍ ဆဲခြင်းစသည်ဖြင့် ကိုင်တွယ် ထိပါးဖွယ် အရာဝတ္ထုများကို အက္ကောသဝတ္ထု (= ဆဲရေးကြောင်းဝတ္ထု)ဟု ခေါ်၏၊ ထိုအက္ကောသဝတ္ထုတို့ကား (၁၀)မျိုး ရှိ၏၊

၁။ ဇာတိ = အမျိုးဇာတ်၊
၂။ နာမ = နာမည်၊
၃။ ဂေါတ္တ = အနွယ်၊
၄။ ကမ္မ = သူ၏အလုပ်အကိုင်၊
၅။ သိပ္ပ = အတတ်ပညာ၊
၆။ အာဗာဓ = သူ့မှာရှိနေသော အနာရောဂါ၊
၇။ လိင်္ဂ = သူ၏ အချိုးကျ, မကျ ပုံသဏ္ဌာန်၊
၈။ ကိလေသ = သူ့မှာဖြစ်တတ်သော လောဘ, ဒေါသ, မာန, ဣဿာ, မစ္ဆရိယ စသည်...
၉။ အာပတ္တိ = သူတစ်ပါး၌ သင့်ရောက်နေသော အာပတ်အပြစ်၊
၁၀။ အက္ကောသ = မေထုန်နှင့် စပ်၍လည်းကောင်း, ယောက်ျားအင်္ဂါဇာတ်, မိန်းမအင်္ဂါဇာတ်နှင့် စပ်၍လည်းကောင်း, ဟဲ့ခွေး ဟဲ့နွား စသည်ဖြင့်လည်းကောင်း, ဆဲရေးခြင်း၊
ဤသို့လျှင် ဩမသဝါဒပါစိတ် အာပတ်သင့်ဖို့ရာ အက္ကောသဝတ္ထု (၁၀)ပါး ရှိ၏၊

ဇာတိ နာမ ဂေါတ္တ ကမ္မံ၊ သိပ္ပံ အာဗာဓ လိင်္ဂိကံ၊
ကိလေသာပတ္တိ အက္ကောသော၊ ဒသ ဝိဓောတိ ဝုစ္စရေ။

အာပတ်အမျိုးမျိုးသင့်ပုံ

ထိုအက္ကောသဝတ္ထု တစ်မျိုးမျိုးဖြင့် ရဟန်းကို တိုက်ရိုက်ဆဲမူ ပါစိတ်၊ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ရည်ညွှန်း၍ ဆဲမူ ဒုက္ကဋ်၊ လူ, သာမဏေ, ဘိက္ခုနီမတို့အား ဆဲမူ ဒုက္ကဋ်ပင်။ ပါဠိတော်မှ အလွတ်ဖြစ်သော ဟဲ့သူခိုး စသည်ဖြင့် ဆဲမူလည်း ဒုက္ကဋ်၊ ဆဲရေးလို၍ မဟုတ်ဘဲ ရယ်မြူးပျော်ရွှင်လို၍ (အောင်မယ် မင်းသားကြီး လာသကိုး) စသည်ဖြင့် ပြောခြင်း၊ လူထွားကြီး လာပြီဟေ့, ပညာရှိကြီးလာပြီဟေ့ စသည်ဖြင့် ပြောခြင်းဟူသမျှတို့၌ ဒုဗ္ဘာသီအာပတ်ဟု မှတ်။

(ဆောင်) မည်, နွယ်, မှု, ဇာတ်၊ နာ, သွင်, တတ်၊ ကိပတ်ဆဲ ဆယ်ပါး။
တိုက်ရိုက်ဆဲမူ၊ ပါစိတ်ဟူ၊ ရည်မူ ဒုက္ကဋ်ကြား။
လူ နီ သာမဏေ၊ ဆဲတုံပေ၊ ထွေထွေ ဒုက္ကဋ်ငြား။
ပါဠိလွတ်မှု၊ ဆဲခြင်းပြု၊ မှတ်ရှု ဒုက္ကဋ်ထား။

၃။ ပေသုညသိက္ခာပုဒ် အဓိပ္ပာယ်

ရဟန်းတစ်ပါးက ရဟန်းတစ်ပါးအား ဇာတိစသော အက္ကောသဝတ္ထုဖြင့် ဆဲရာ၌ ဆဲသံကို ကြားသော ရဟန်းက ကုန်းချောသောအားဖြင့် ဆောင်ပို့ခြင်းကို ဘိက္ခုပေသုညဟု ခေါ်၏၊ ပေသုညပါစိတ်သင့်၏၊ အက္ကောသ ဝတ္ထုမှတစ်ပါး အခြားဆဲနည်းဖြင့် ဆဲသည်ကို ပို့လျှင် ဒုက္ကဋ်၊ လူ, သာ, မဏေ, ဘိက္ခုနီမတို့ကို ကုန်းတိုက်ရာ၌လည်း ဒုက္ကဋ်။

ပိသတိ = မိတ်ဆွေ နှစ်ဦးကို ကွဲပြားအောင် ကြိတ်ခြေတတ်၏၊ ဣတိ = ထို့ကြောင့်။ ပိသုနော = ပိသုနပုဂ္ဂိုလ် မည်၏၊ ပိသုနဿ = မိတ်ဆွေနှစ်ပါး ကွဲပြားအောင် ကြိတ်ခြေတတ်သူ၏၊ ကမ္မံ = အမှုလုပ်ငန်းသည် (ကုန်းချောစကား ပြောမှုသည်) ပေသုညမည်၏၊ ပိသုနနောင် ကမ္မအနက်၌ ဏျပစ္စည်း နျကိုညပြု ပိ၏ ဣကို ဧပြု၍ ပေသုညဟု ပြီးသည်။

(တစ်နည်း) ပိသတိ ဘိန္နံ ကရောတီတိ ပိသုနာ၊ (ဝါစာ) ကွဲပြားအောင် ပြုတတ်သော စကား။ ပိသုနမေဝ ပေသုညံ ဏျပစ္စည်း ညပြု၊ ၎င်းစကားကိုပင် ရစေ။

(တစ်နည်း) ပိသတိ ဘိန္နံ ကရောတီတိ ပိသုနော၊ (ဘိက္ခု) ပိသုနဿကမ္မံ ပေသုညံ၊ ရဟန်း၏ ကုန်းချောမှု စကားကို ရစေ။

(တစ်နည်း)ပိယဿ ဘာဝေါ ပိယော(ဘာဝ နောက်ပုဒ်ကျေ)၊ ပိယတော သုညော ပိယသုညော၊ ချစ်သည်အဖြစ်မှ ဆိတ်ခြင်းကို ရစေ။ပိယသုညဿ ကရဏံ ပေသုညံ၊ ပိယသုညကရ ဟုဆိုအပ်လျှက် နိရုတ္တိနည်းအားဖြင့် ပိယကို ပေ၊ ကရကို ချေ၍ ပေသုညဟု ရုပ်ပြီးသည်၊ ချစ်သည်အဖြစ်မှ ဆိတ်ခြင်းကို ပြုတတ်သော စကားကို ရစေ။ မုန်းအောင် ပြုတတ်သော စကားဟူ၏၊ ကုန်းချောစကား, ကတုန်းကတိုက် ပြုလုပ်သော စကား ဟူလို။

၄။ ပဒသောဓမ္မသိက္ခာပုဒ်

လူ, သာမဏေ, သီလရှင်တို့အား သံပြိုင်စာချပေးလျှင် ပါစိတ်အာပတ် သင့်၏၊ ရဟန်းချင်းဖြစ်စေ, ဘိက္ခုနီမအားဖြစ်စေ သံပြိုင်စာချရာ၌ကား အာပတ်မသင့်၊ ဓမ္မအရ သင်္ဂါယနာသုံးတန်တင်သော ပါဠိတော် အဋ္ဌကထာဓမ္မ, သင်္ဂါယနာ မတင်သော ရာဇောဝါဒ စသော ဓမ္မမျိုးကို ယူပါ။ တစ်စုံတစ်ယောက်က စီကုံးရေးသားအပ်သော ပါဠိများနှင့် မေဏ္ဍကပဥှာ, မိလိန္ဒပဥှာတို့ကဲ့သို့ မိမိဉာဏ်အား ထင်သည်ကို ဟောသောစကားမျိုးကို မယူရ။ တခြား ဘာသာ မြန်မာနိဿယအနက်များကို သံပြိုင်ချသော်လည်း အာပတ် မသင့်။

ပဒသော၌ မှတ်သားဖွယ်

ပဒသဒ္ဒါသည် အစုဟူသော အနက်ကို ဟော၏၊ သော-ပစ္စည်းကား ဝိစ္ဆာအနက်၊ ထို့ကြောင့် “ပဒံ ပဒံ = ကောဋ္ဌာသံ ကောဋ္ဌာသံ = အစုအစု”ဟု ဖွင့်ကြသည်။ ပဒသော = ပုဒ်တိုင်း ပုဒ်တိုင်း၊ (ဝါ ) အဖို့တိုင်း အဖို့တိုင်း၊ (ဝါ) အစုအစုအားဖြင့် အနက်ပေး။ ရှေးက ပဒသော = ပုဒ်ပြိုင်ဟု အနက်ပေးကို ဆင်ခြင် စဉ်းစားသင့်၏၊

ပဒလေးမျိုး

ပဒ, အနုပဒ, အနွက္ခရ, အနုဗျဉ္ဇန-ဟု လေးမျိုး ပြား၏၊ ထိုတွင် ဂါထာ၌ ရှေ့ပါဒကို ပဒ, နောက်ပါဒကို အနုပဒ, တစ်လုံးသော အက္ခရာကို အနွက္ခရ, ရှေ့ပုဒ်နှင့်တူသော နောက်ပုဒ်ကို အနုဗျဉ္ဇန။

(တစ်နည်း) ဝိဘတ်အဆုံး ရှိသော ရှေ့ပုဒ်ကို ပဒ, ဝိဘတ်အဆုံးရှိသော နောက်ပုဒ်ကို အနုပဒ, တစ်လုံးသော အက္ခရာကို အနွက္ခရ, ဝိဘတ်မရှိသော အက္ခရာအပေါင်းကို အနုဗျဉ္ဇနဟု ဆိုသည်။ (မေဒိနီ၊၂၆၃။)

(ဆောင်) ဂါထာ၌မှာ၊ ပထမာ၊ ပါဒါ ပဒဆို။
ဒုတိယဟု၊ နောက်ပုဒ်စု၊ အနုပဒဆို။
တစ်လုံးသော အက်၊ ယင်းကိုလျှက်၊ အနွက္ခရဆို။
ရှေ့ပုဒ်တူပြု၊ နောက်ပုဒ်စု၊ အနုဗျဉ္ဇနဆို။
(စုဏ္ဏိယ) ဝိဘတ်ဆုံးနေ၊ ရှေ့ပုဒ်ပေ၊ မှတ်လေ ပဒဆို။
ဝိဘတ်ဆုံးပြု၊ နောက်ပုဒ်စု၊ မှတ်လေ ပဒဆို။
တစ်နည်းမှာစွက်၊ တစ်လုံးအက်၊ အနွက္ခရဆို။
ဓိကင်းအက်စု၊ အပေါင်းပြု၊ အနုဗျဉ္ဇနဆို။

လူ, သာမဏေတို့ကို သံပြိုင်စာပေပို့ချရာ၌ ပါဠိတော် အဋ္ဌကထာများ ဖြစ်လျှင် အာပတ်မှ လွတ်ရန် ခဲယဉ်းသောကြောင့် သံပြိုင်မဖြစ်မိအောင် သတိပြုသင့်၏၊

(ဆောင်) အချီအချ၊ ပြိုင်တူကျ၊ မှတ်ကြ ပဒပြိုင်။
အချီ မမျှ၊ ပြိုင်တူချ၊ အနုပဒပြိုင်။
အစတစ်ခု၊ ပြိုင်တူပြု၊ အနုနွက္ခရပြိုင်။
အနိစ္စနှစ်ခု၊ ပြိုင်တူပြု၊ အနုဗျဉ္ဇနပြိုင်။

အာပတ်မသင့်ပုံများ

ဝါစေယျ - ပို့ချအံ့ဟု ဆိုသောကြောင့် သံပြိုင်စာချမှ အာပတ်သင့်သည်။ စာချသော အရာမဟုတ်လျှင် အာပတ်မသင့်၊ ထို့ကြောင့် သာမဏေနှင့် ရဟန်း တွဲ၍ ပြိုင်တူဆို စာတက်ကြရာ၌လည်းကောင်း, တွဲ၍ စာပြန်ရာ၌ “လည်းကောင်း, သာမဏေအထံ ရဟန်းက စာတက်ရာ၌လည်းကောင်း, ပရိတ်ရွတ်ရာ၌လည်းကောင်း သံပြိုင်ဆိုမိသော်လည်း အာပတ်မသင့်ဟု မှတ်။

၅။ ပထမသဟသေယျ သိက္ခာပုဒ်

တစ်မိုးတစ်ရံတည်းသော ကျောင်း၌ လူ, သာမဏေ, တိရစ္ဆာန်တို့နှင့် အတူ (၃)ညဉ့်ထက်ပို၍ အိပ်လျှင် ပါစိတ်အာပတ်သင့်၏၊

အုတ်, ကျောက်, အင်္ဂတေ, မြက်, သစ်ရွက်အမိုး ငါးပါးတို့တွင် တစ်မျိုး မျိုးနှင့် မိုး၍ အလုံးစုံအမိုး ရှိသော, များသော အမိုးရှိ၍ အယုတ်ဆုံး အဝတ်ဖြင့် မိုးသော၊ အလုံးစုံအကာရှိ, များသောအားဖြင့် အကာရှိသော ကျောင်း ဖြစ်လျှင် အာပတ်သင့်သည်။ (အယုတ်ဆုံးအားဖြင့် လက်သမား အတောင်အားဖြင့် တစ်တောင့်ထွာ မြင့်လျှင် အရံအကာ ဖြစ်သည်။)

(ဆောင်) အုတ်, ကျောက်, အင်္ဂတေ, မြက်, ပဏ္ဏေ၊ ငါးထွေ အမိုးတည်း။

အာပတ်သင့်ပုံများ

ဆိုခဲ့ပြီးသော ကျောင်းတို့၌ အနုပသမ္ပန္နနှင့်အတူ သုံးညဉ့်ပတ်လုံး အိပ်ပြီး ၍ လေးခုမြောက်သော ညဉ့်၌ နေဝင်သည်မှစ၍ အနုပသမ္ပန္နအရေအတွက်အားဖြင့်လည်းကောင်း, ထပြီး ပြန်အိပ်ခြင်း၌ အိပ်ခြင်းအရေအတွက်အားဖြင့် လည်းကောင်း ညီမျှသော ပါစိတ်အာပတ် သင့်၏၊ လူ, သာမဏေ, တိရစ္ဆာန် အရေအတွက်များသလောက် အိပ်သောအကြိမ် များသလောက် အာပတ်တွေ တိုးပွားသည်။ (တိရစ္ဆာန်ဟူရာ၌ကား ပါရာဇိကလောက်သော တိရစ္ဆာန် အကြီးစားများတည်း၊ အိမ်မြှောင် ပိုးဟပ် စသည်တို့ကား သဟသေယျ မလောက်ကြ၍ အာပတ်မသင့်။)

သဟသေယျ ဟင်းလေးအိုး

အရုဏ်တက်အောင် သုံးညဉ့်အပြည့် အိပ်ပြီးလျှင်ကား လေးရက်မြောက် နေ့ နေဝင်လျှင် လူ, သာမဏေ, တိရစ္ဆာန်ရှိရာ (သဟသေယျလောက်သော) ကျောင်း အိမ်စသည်၌ ဦးခေါင်း မချရ၊ ဦးခေါင်းချမိသည်နှင့် တစ်ပြိုင်နက် အာပတ်သင့်၏၊ ထိုဦးခေါင်းချပြီးနောက် အရုဏ်မတက်စေကာမူ အာပတ်မှ မလွတ်တော့ပြီ၊ ငါးရက်မြောက်နေ့ နေဝင်လျှင် လူ စသည်ရှိရာကျောင်း၌ ဦးခေါင်းချအိပ်က သဟသေယျအာပတ် ဆက်ပြန်၏၊ ဤနည်းအတိုင်း လူ, သာမဏေရှိရာကျောင်း၌ ဆက်ကာဆက်ကာ အိပ်သွားလျှင် (အရုဏ် မတက်ခင် ထသော်လည်း) အာပတ် အဆက်မပြတ်ချေ။ ဤသို့ အဆက် မပြတ်သင့်နေသော အာပတ်တို့ကို သဟသေယျ ဟင်းလေးအိုးဟု ခေါ်ရိုး ပြုကြသည်။

သဟသေယျဖြတ်နည်း

အဆက်မပြတ်နိုင်သော သဟသေယျအာပတ်ကို ဖြတ်လိုလျှင် နေဝင်ပြီးနောက် လူစသည်တို့ ရှိရာကျောင်း၌ ဦးခေါင်း မချမိစေဘဲ လူစသည် မရှိရာ (ရဟန်းတို့ချည်း ရှိရာ) ကျောင်း၌ဖြစ်စေ, လွင်ပြင်၌ဖြစ်စေ အိပ်ရမည်။ ဤသို့ အိပ်လျှင် သဟသေယျ အဆက်ပြတ်၏၊ နောက်ထပ် သုံးညဉ့် လူ စသည်တို့နှင့်အတူ သုံးညဉ့် အရုဏ်တက်အောင် အိပ်ခွင့်တစ်ဖန် ရပြန်၏၊

အိမ်, ကား, ရထား စသည်တို့၌ သတိထားဖွယ်

နှစ်ထပ်သုံးထပ်စသည် အထပ်များစွာရှိသော အိမ်ကျောင်းတို့၌ အတွင်းက လှေကား တပ်ထားလျှင် အထပ်အားလုံးပင် သဟသေယျ ဖြစ်နိုင်၏၊ အပြင်လှေကား တပ်ထားသဖြင့် အပေါ်ထပ်နှင့် အောက်ထပ် အဆက်အသွယ် မရှိလျှင်ကား သဟသေယျ မဖြစ်နိုင်။

အိမ်အတွင်းခန်းတို့၌ အသီးအခြား ကာထားပြီး တံခါးပိတ်ပင် ရှိစေကာမူ သဟသေယျ ဖြစ်ကောင်းသည်။ မီးသင်္ဘော၌ ရွက်ထည်အဝတ် အကာ ချထားလျှင်လည်း သဟသေယျ ဖြစ်ကောင်းသည်။ မီးရထား, မော်တော်ကား စသည်တို့၌ တစ်တွဲတည်း တစ်ဆက်တည်းတို့၌ သဟသေယျပင် ဖြစ်၏၊ သဟသေယျ လွတ်လိုက ပက်လက်ကုလားထိုင်ပေါ်၌ ခြေနှစ်ဘက် မတင်ဘဲ အောက်ကြမ်းပြင်ပေါ်မှာ ခြေကို ထိလျက် အိပ်လျှင်ကား သဟသေယျ လွတ်၏၊ ဦးခေါင်းမချဘဲ ထိုင်၍ အိပ်လျှင် နံရံစသည် မှီ၍ အိပ်လျှင် သဟသေယျပါစိတ်အာပတ် မသင့် ဟူ၏၊ ထက်ဝက်အမိုး ထက်ဝက်အကာရှိသော ကျောင်းမျိုး၌ကား ဒုက္ကဋ်။

၆။ ဒုတိယ သဟသေယျ

မာတုဂါမနှင့်အတူ တစ်မိုးတစ်ရံတည်းသော ကျောင်း, အိမ်, ဇရပ် စသည်၌ အိပ်လျှင် ပါစိတ်အာပတ် သင့်၏၊ ရှေ့သိက္ခာပုဒ်အရ လူယောက်ျား, တိရစ္ဆာန် (အထီး)များနှင့် သုံးညဉ့် အိပ်ခွင့် ရသေး၏၊ ဤသိက္ခာပုဒ်၌ မာတုဂါမနှင့် အတူတကွ တစ်ညဉ့်မျှ (နေဝင်သည်နှင့် တစ်ပြိုင်နက်) အိပ်ခွင့် (ဦးခေါင်းချခွင့်) မရတော့ချေ။ ပါရာဇိကလောက်သော အခြားတိရစ္ဆာန်မများနှင့် အတူအိပ်ရာ၌ကား ဒုက္ကဋ် အာပတ်သင့်၏၊

အစိတ္တကအာပတ်

လွန်ကျူးလိုသော စေတနာ မရှိဘဲ, မသိဘဲ သင့်ရောက်သော အာပတ်မျိုးကို အစိတ္တအာပတ်ဟု ခေါ်၏၊ ဤသဟသေယျ နှစ်ပုဒ်လည်း အစိတ္တကပင်တည်း။ ထို့ကြောင့် မာတုဂါမ, လူ, သာမဏေ စသည်တို့ ရှိမှန်းမသိ၍ ဝင်ရောက်အိပ်လျှင် လည်းကောင်း, မိမိ အိပ်နေရာအရပ်သို့ မာတုဂါမစသူတို့ မိမိ မသိဘဲ ဝင်ရောက်အိပ်လျှင်လည်းကောင်း အာပတ်မှ မလွတ်၊ သဟသေယျပါစိတ်အာပတ်များ သင့်၏၊

ဒိဝါသေယျ သိက္ခာပုဒ်

ပထမပါရာဇိက ဝိနီတဝတ္ထု ပါဠိတော်၌ နေ့အခါ အိပ်သော ရဟန်း သည် မိမိနှင့် သက်ဆိုင်သော တံခါးကို ပိတ်ရမည်။ အခန်းတွင်း အိပ်လျှင် အခန်းတံခါးကိုပိတ် ကျောင်းဆောင်တွင်း အိပ်လျှင် ကျောင်းတံခါးပိတ်၍ အိပ်ရမည်။ မပိတ်ဘဲ အိပ်လျှင် ဒိဝါသေယျ သိက္ခာပုဒ်အရ ဒုက္ကဋ်အာပတ် သင့်၏၊

အများနှင့်ဆိုင်သော ကျောင်းအခန်းများ၌ကား နောက်ဝင်မည့်ပုဂ္ဂိုလ် ပိတ်လိမ့်မည်ဟု နှလုံးသွင်း၍ အိပ်ရမည်။ တံခါးစောင့်ရှိလျှင် မှာထား၍ ဖြစ်စေ, သူစောင့်လိမ့်မည်ဟု နှလုံးသွင်း၍ဖြစ်စေ အိပ်ကောင်း၏၊ ထိုသို့ နှလုံးမသွင်းမိဘဲ အိပ်လျှင် ဒုက္ကဋ်ပင် ဖြစ်သည်။

ပတ္တာတပ်ထားသော, ဆုံငယ်တပ်ထားသော တံခါးများသာ ပိတ်ရမည်၊ ဆွဲတံခါး ကဲလားပြတင်းပေါက်များ ပိတ်ဖွယ်လိုမည် မထင်။

(ဘာသာဋီကာ၊၂၃၁။)

အာပတ်သင့်ပုံများ

မာတုဂါမအရ အယုတ်ဆုံး ထိုနေ့မွေးဖွားသော အသက်ရှင်ဆဲသော လူမိန်းမကို ယူ။ ကိုယ်ထင်ရှားရှိသော ဘီလူးမ, ပြိတ္တာမ, မေထုန်လောက်သော ဝတ္ထုဖြစ်သော တိရစ္ဆာန်မ, ပဏ္ဍုက်ယောက်ျား, ဥဘတောဗျည်းတို့ကား ဒုက္ကဋ်၊ ကိုယ်ထင်ရှား မရှိသော ဘီလူးမ, ပြိတ္တာမ, မေထုန်မလောက်သော တိရစ္ဆာန်မ တို့၌ အနာပတ္တိ။

မိန်းမအလောင်းကောင်

သေပြီးသော မိန်းမသည် ပါရာဇိကဝတ္ထုပင် ဖြစ်သော်လည်း အနုပါဒိန္နကအဖို့၌ တည်သောကြောင့် သဟသေယျအာပတ် မသင့်ဟု ဆိုကြ၏၊ ကာယသံသဂ္ဂရာဂဖြင့် ကိုင်လျှင် အလောင်းကောင် မပျက်သေးလျှင် ထုလ္လစ္စဉ်း, အလောင်းကောင် ပျက်လျှင် ဒုက္ကဋ်၊ မာတုဂါမ၏ သုံးစွဲရန်ဖြစ်သော (လှူပြီးမဟုတ်သော) အဝတ်များကို ကိုင်လျှင်လည်း ဒုက္ကဋ်။

(ဆောင်) ထက်ဝက် မပျက်, စပ်ယှက် ပါရာ၊
ထက်ဝက် ပျက်က, ထုလ္လစ္စယာ၊
ညိုမည်းပုပ်ပွ, ဖြစ်ထ ကောင်မှာ၊
မှီဝဲလတ်, ဒုက္ကဋ် အာပတ်သာ။ (ပါရာဇိက ပြန်ကြည့်၊)

၇။ ဓမ္မဒေသနာသိက္ခာပုဒ် အဓိပ္ပာယ်

အနီးအနား၌ နားလည်သူယောက်ျား မရှိဘဲ မာတုဂါမအား တစ်ယောက်လျှင် ခြောက်ခွန်းကျထက် ပို၍ ပါဠိ အဋ္ဌကထာဓမ္မကို ဟောလျှင် ပါစိတ်၊ နားလည်သော ယောက်ျားဟူသည် ရိုးရိုးသားသား ပြောသော စကား ဆန်းဆန်းပြားပြားပြောသော စကားဟု ခွဲခြားနိုင်လောက်သူတည်း။ ဝိဂ္ဂဟ သဒ္ဒါနှင့် လာသမျှ အယောင်ဆောင်ထားသူကို မယူရ၊ လူစင်စစ်ယောက်ျား၏ ကိုယ်ကိုသာ ယူရမည်။ မာတုဂါမဟူသည်လည်း ထိုကဲ့သို့သော စကားမျိုးကို နားလည်လောက်သော မိန်းမတည်း။

မြန်မာဘာသာစကားဖြင့် တရားစကားပြောရာ၌ အနား၌ ယောက်ျား မရှိဘဲ ခြောက်ခွန်းထက်ပို၍ ပြောသော်လည်း အာပတ်မသင့်၊ ယခုကာလ သီလပေးများ၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ပါဠိတွေ ပါနေသော်လည်း ဓမ္မဒေသနာသဘောတရားဟော မဟုတ်သောကြောင့် အာပတ်သင့်ဖွယ် မရှိဟု ဆိုကြ၏၊ (ဘာသာဋီကာ၊၂၃၂။)

မြန်မာလို သရဏဂုံပေးခြင်း သီလပေးခြင်းသာ ပို၍ကောင်းမည် ထင်ပါသည်။ ဝိနည်းဓိုရ် ဆရာတော်ကြီးများ ပါဠိလို သီလပေးမှုကို ရှောင်ကြဉ်တော်မူကြသည်။ ယောက်ျားတစ်ဦး အနီးအနားမှာ ထား၍ သီလပေးတော်မူကြသည်ကိုလည်း တွေ့ဖူးပါသည်။

အာပတ်သင့်ပုံများ

လူယောက်ျား, ယောင်ဆောင်ထားသောဘီလူး, တိရစ္ဆာန်, ပြိတ္တာတို့နှင့် အတူတကွတည်ရှိသော မိန်းမအား တရားဟောသော်လည်း ပါစိတ်အာပတ်၊ ဘီလူးမ, ပြိတ္တာမ, တိရစ္ဆာန်မ, ပဏ္ဍုက်တို့အား တရားဟောသော ရဟန်းအား ဒုက္ကဋ်။

(ဆောင်) ဘီလူး, ပြိတ္တံ, တိရစ္ဆာန်မ, ပဏ္ဍက, ဟောပြ ဒုက္ကဋာ။

အာပတ်မသင့်ပုံများ

ထိုင်ထဣရိယာပုထ်ကို ပြောင်း၍ တရားဟောလျှင် ခြောက်ခွန်းပေါင်း များစွာ ဟောနိုင်၏၊ မာတုဂါမများ ထိုင်နေရာ၌လည်း တစ်ယောက်လျှင် ခြောက်ခွန်းစီကျ မှန်း၍ဖြစ်စေ, ခြောက်ခွန်းစီဟောမည်ဟု ပြော၍ဖြစ်စေ ဟောနိုင်သည်။

ပုစ္ဆာမေးက ဖြေခွင့်ရ

မာတုဂါမက “ဒီဃနိကာယ်ဆိုတာ ဘယ်လိုအကြောင်းအရာကို ပြသော နိကာယ်ပါလဲဘုရား” စသည်ဖြင့် မေးလာလျှင် ဒီဃနိကာယ်ပါဠိတော် အဋ္ဌကထာအားလုံးပင် ဟောကောင်းသည်။ မမေးဘဲ တရားဟောလျှင်သာ ခြောက်ခွန်းထက် ပိုရာ၌ အာပတ်သင့်သည်။

အင်္ဂါ (၅) ပါး သတိပြုသင့်

၁။ ပါဠိအဋ္ဌကထာဓမ္မကို ခြောက်ခွန်းထက် ပို၍ ဟောခြင်း၊
၂။ တတ်သိနားလည်လောက်သော မာတုဂါမဖြစ်ခြင်း၊
၃။ ဣရိယာပုထ် အပြောင်းအလွဲ မရှိခြင်း၊
၄။ တတ်သိနားလည်သူ ယောက်ျား မရှိခြင်း၊
၅။ ပြဿနာ ဖြေသောအရာ မဟုတ်ခြင်း - ပေါင်း ၅-ပါးတည်း။

(ဆောင်) ဓမ္မခြောက်ခု၊ ပိုအောင်ပြုသား၊ မာတုဂါမ၊ နားလည်စွနှင့်၊
ယာပထဣရိ၊ မပြောင်းမိဘဲ၊ တတ်သိယောက်ျား၊ နီးနား မပါ၊
ပြဿနာ ဖြေခင်း၊ မဟုတ်ခြင်းဟု၊ ကြောင်းရင်း ငါးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဓမ္မဒေသန။
အာပတ်ဆုံးဖြတ်ရာ၌ လွယ်ကူစေရန် အင်္ဂါများပါ ရေးလိုက်သည်။

၈။ ဘူတာရောစန သိက္ခာပုဒ်အဓိပ္ပာယ်

ဘူတ = ဟုတ်မှန်သည်ကို။ အာရောစန = ပြောကြားခြင်း။

စျာန်, မဂ်, ဖိုလ်ကို ရပြီးသော ရဟန်းသည် မိမိ စျာန်မဂ်ဖိုလ်ရကြောင်းကို လူ, သာမဏေအား အမှန်အတိုင်းပြောလျှင် ပါစိတ်၊ (မိမိ မရဘဲ စျာန်မဂ်ဖိုလ် ရသည်ဟု လိမ်ပြောလျှင်ကား ပါရာဇိက၊ ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ် ပြန် ကြည့်၊၊) သာသနာတော်၏ မွန်မြတ်ပုံကို သူတို့အားလည်း အားကျစေလို, အားတက်စေလို၍ ဘိက္ခု, ဘိက္ခုနီတို့အား အမှန်အတိုင်း ပြောကောင်း၏၊ အာပတ် မသင့်၊ နားထောင်သူ လူ, သာမဏေက နားထောင်ဆဲခဏ ချက်ချင်း သိမှ ဤဘူတာရောစနပါစိတ်အာပတ်သင့်၏၊ ချက်ချင်းမသိမူ ဒုက္ကဋ်၊ ပရိယာယ်အားဖြင့် သွယ်ဝိုက် ပြောကြားရာ၌ သိသိ, မသိသိ ဒုက္ကဋ်သာ၊ ပြောသင့်သော အကြောင်းရှိ၍ ဘိက္ခု, ဘိက္ခုနီတို့အား ပြောသော ရဟန်း, အာဒိကမ္မိကရဟန်း အာပတ်မသင့်။

အနာပတ္တိ၌ ဥမ္မတ္တက မယူရ

အရိယာပုဂ္ဂိုလ်တို့အား ဥမ္မတ္တကစသည် မရှိကောင်း။ စျာနလာဘီပုဂ္ဂိုလ်တို့၌ ရူးခြင်းစသည် ဖြစ်လတ်သော် စျာန်မှ လျှောကျကုန်၏၊ ထို့ကြောင့် စျာနလာဘီနှင့် အရိယာပုဂ္ဂိုလ်တို့ကို ဥမ္မတ္တက၌ မယူရ။

(ဆောင်) စျာန်မဂ်ဖိုလ်၊ ဥတ္တိရိရယ်က၊ မိမိ၌ ရှိသည်မှန်၊
သမဏေလူပါနှော၊ ပြောပြမိပြန်၊
ချက်ချင်းလည်းသိဟန်၊ မညွှန်းပြန် သူများ၊
အင်လေးဖြာ၊ အစုံကပ်လျှင်လ၊
ပါစိတ္တိ ဘူတာပတ်ရယ်က၊ ဆုံးဖြတ် မမှား။

(အထူး) ဤသိက္ခာပုဒ်သည် ပညတ်တော်ကို မသိသော်လည်း အာပတ် သင့်ရကား အစိတ္တကအာပတ်တည်း။ ဤအရာ၌ အရိယာအရှင်မြတ်တို့သည် ပညတ်တော်ကိုသိလျက် မလွန်ကျူးကုန်။ ပုထုဇန်တို့ကား ဘုရား အာဏာတော်ကို လွန်ကျူးသော ဗလဝအကုသိုလ်စေတနာကြောင့် စျာန်မှ လျှောကျ ကုန်၏၊ ပညတ်တော်ကို မသိကုန်သော စျာနလာဘီ ပုထုဇန်တို့သည် ဝတ္ထု၌ လောဘ၏အစွမ်းဖြင့် အကုသိုလ်စိတ်ဖြင့်လည်း ပြောကြားခြင်း ရှိနိုင်ကုန်သေး၏၊ (မေဒိနီ၊၂၇၂။)

၉။ ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်

ရဟန်းတစ်ပါး သံဃာဒိသေသ် အာပတ်သင့်သည်ကို မိမိက သမ္မုတိ ရသူမဟုတ်ဘဲ လူ, သာမဏေအား ပြောလျှင် ပါစိတ်အာပတ်သင့်၏၊

ဒုဋ္ဌုလ္လအရ ပါရာဇိကအာပတ်ကိုပါ ရသင့်သော်လည်း နောင် ရှောင်ကြဉ်ရန် ပြောဆိုခွင့်ရသော သမ္မုတိပေးခြင်းကို ထောက်၍ ဤ၌ သံဃာဒိသေသ်ကိုသာ ယူရမည်။

သမ္မုတိပေးပုံ

သံဃာစည်းဝေးပြီးနောက် သံဃာ့အလယ်မှာ “ဥုးတိဿ၏ ဒုဋ္ဌုလ္လ အာပတ်ကို လူ, သာမဏေအား ပြောနိုင်ဖို့ရန် ဥုးဓမ္မကို သမုတ်ပါသည်။” သဘောတူလျှင် ဆိတ်ဆိတ်နေပါ။ ဤသို့ (၃)ကြိမ် ပြော၍ သမ္မုတိပေးရသည်။

ပါရာဇိကအာပတ် သင့်ပြီးဖြစ်လျှင် နောင်ရှောင်ကြဉ်ဖို့ မလိုတော့သောကြောင့် သမ္မုတိရသော ရဟန်းက ပြောသော်လည်း ထိုရဟန်းအတွက် အကျိုးမရှိတော့ပြီ။

ဝတ္ထုနှင့် အာပတ် တွဲပြောမှ

“ဥုးတိဿသည် သံဃာဒိသေသ်အာပတ်သင့်၏”ဟု အာပတ်ကိုသာ ပြောသည် ဖြစ်စေ၊ “ဥုးတိဿသည် သုက္ကဝိဿဋ္ဌိအမှုကို ပြု၏”ဟု ဝတ္ထုကိုသာ ပြောသည်ဖြစ်စေ အာပတ်မသင့်သေး၊ “ဥုးတိဿသည် သုကဝိဿဋ္ဌိအမှုကို ပြုသောကြောင့် သံဃာဒိသေသ်အာပတ်သင့်၏”ဟု ဝတ္ထုနှင့်အာပတ် တွဲ၍ ပြောမှသာ ပါစိတ်အာပတ်သင့်သည်။

အောက်အာပတ်ငါးပုံကို ပြောကြားလျှင် ဒုက္ကဋ်၊ သာမဏေတို့၏ လွန်ကျူးမှုကို ပြောလျှင်ဒုက္ကဋ်၊ သာမဏေများ၏ ပါဏာတိပါတစသော ရှေ့ငါးပါးသည် ဒုဋ္ဌုလ္လ၊ ဝိကာလဘောဇန စသည်နှင့် သံဃာဒိသေသ်လာ သုက္ကဝိဿဋ္ဌိ စသော အမှုများကို လွန်ကျူးခြင်းသည် အဒုဋ္ဌုလ္လ မကြမ်းသော အပြစ်များ တည်း။ သာမဏေတို့၏ ဒုဋ္ဌုလ္လ, အဒုဋ္ဌုလ္လ အဇ္ဈာစာရတို့ကို ပြောကြားသော ရဟန်းအားလည်း ဒုက္ကဋ်အာပတ်ပင် သင့်သည်။

၁၀။ ပထဝီခဏန သိက္ခာပုဒ်အဓိပ္ပာယ်

မြေအစစ် ဇာတပထဝီကို ကိုယ်တိုင်တူးလျှင်လည်းကောင်း, သူတစ်ပါးကို တူးခိုင်းလျှင်လည်းကောင်း ပါစိတ်၊ တူးခြင်းတစ်မျိုးသာမက ဖောက်ခွဲခြင်း, ခြစ်ခြင်း, မီးတိုက်ခြင်း စသော ဖျက်ဆီးခြင်း အားလုံးကို ယူပါ။

ပထဝီအမျိုးမျိုး

ဇာတပထဝီ, အဇာတပထဝီဟု နှစ်မျိုး ရှိသည်။ ထိုတွင် ဇာတပထဝီ ဟူသည် မြေဖြစ်ပြီးသော ပထဝီ (မြေအမျိုးတွင် ပါဝင်သော ပထဝီ)တည်း။ အဇာတပထဝီဟူသည်ကား မြေအမျိုးတွင် မပါဝင်သော ပထဝီတည်း။

ဇာတပထဝီ (၃) မျိုး

ဇာတပထဝီလည်း-၁။ သုဒ္ဓပထဝီ ၂။ မိဿကပထဝီ ၃။ ပုဉ္ဇပထဝီအားဖြင့် သုံးမျိုး ပြား၏၊

၁။ သုဒ္ဓပထဝီဟူသည် ကျောက်စသည်နှင့် မရောသော မြူမှုန် (ဖုံ) သက်သက် (သို့မဟုတ်) မြေညက် သက်သက် ပံသုမတ္တိကာတို့တည်း။(မြေမှုန့်, မြူမှုန့်, ဖုံဟုခေါ်သော အပေါ်ယံမြေကို ပံသုဟု ခေါ်၏၊ မြူမှုန်တို့၏ အောက်၌ရှိသော မြေသားကို မတ္တိကာဟု ခေါ်သည်။)

၂။ မိဿကပထဝီဟူသည် ကျောက်, ကျောက်စရစ်, အိုးခြမ်းကွဲ, ကျောက်ပြုတ်သဲတို့တွင် တစ်ခုခုနှင့်မြေ (ပံသုမတ္တိကာ)ကား နှစ်ဖို့ ကျောက် စသည် တို့ကား တစ်ဖို့ ဤသို့ သုံးဖို့တစ်ဖို့ ရောနေသော မြေတည်း။

၃။ ပုဉ္ဇပထဝီဟူသည် မိုဃ်းလေးလထက် အလွန် မိုဃ်းစွတ်ပြီးသော မြေမှုန့်, မြူမှုံ, မြေစိုင်တို့တည်း။

ဤ၌ လက်ဆုပ်ပမာဏထက် လွန်သော ဆင်ပမာဏအောက် ယုတ် သော ကျောက်သည် ပါသာဏ (= ကျောက်) မည်၏၊ ပဲနောက်စေ့ပမာဏမှ စ၍ လက်ဆုပ်ပမာဏရှိသော ကျောက်သည် သက္ခရ (= ကျောက်စရစ်) မည်၏၊ ကျောက်စရစ်, သဲတို့စု၍ ကျောက်ဖြစ်နေသော ကျောက်သည် မရုမ္ဗ (= ကျောက်ပြုတ်)မည်၏၊ ကျောက်အမှုန်လေးများကား မရု (=သဲတို့)တည်း။ ဆင်ပမာဏထက်ကြီးလျှင် ပဗ္ဗတ (= ကျောက်တောင်)ဟု ခေါ်၏၊ ဤသို့ ပဗ္ဗတ, ပါသာဏ, သက္ခရ, မရုမ္ဗ, မရုတို့ကို မှတ်လေ။

ပုဉ္ဇပထဝီနှင့် စပ်၍ လွင်ပြင်ရှိ ခြတောင်ပို့ ခြအိမ်များနှင့် ပန်အိုး၌ ထည့်ထားအပ်သော မြေများလည်း ပထမတစ်ကြိမ် မိုဃ်းစွတ်ပြီးနောက် လေးလကြာလျှင် ဇာတပထဝီတွင် ပါဝင်ကြသည်။ မတူးကောင်း, မဖျက် ကောင်းဟု မှတ်ပါ။

ဆိုအပ်ပြီးသော ကျောက်စသည်တို့နှင့် တစ်ဝက် တစ်ဝက်ထက် များလျှင် မြေညက်ကများလျှင် မိဿကပထဝီသည်လည်းကောင်း၊ ကျောက်ဖျာပေါ်၌နေသော သိမ်မွေ့သော မြူမှုန်သည်လည်းကောင်း, တစ်ကြိမ် မိုးစွတ်ပြီး၍ လေးလလွန်သော ပုဉ္ဇပထဝီသည်လည်းကောင်း, မီးမလောင်သေးသော မြေသည်လည်းကောင်း ဇာတပထဝီ ခေါ်သည်။ မအပ်သော အကပ္ပိယမြေ ဟူ၏၊

အဇာတပထဝီ (၃) မျိုး

၁။ သုဒ္ဓပထဝီ = ကျောက်ခဲသက်သက် စသော ပထဝီတည်း။
၂။ မိဿကပထဝီ = မြေမှုန့်, မြေညက်အနည်းငယ် ကျောက်ခဲစသည် များများရောနေသော မြေ။
၃။ ပုဉ္ဇပထဝီ = လေးလအောက် ယုတ်လျော့၍ မိုဃ်းစွတ်စိုသော မြူမှုန့်, မြေညက် အစုအပုံတို့တည်း။
မီးလောင်ထားသောမြေ သုံးဖို့တစ်ဖို့ထက် အလွန် ကျောက်စသည် ရောသောမြေ, လေးလအောက် လျော့သော မိုဃ်းစွတ်သော မြေသုံးမျိုးကို အဇာတပထဝီဟု ခေါ်သည်။ အပ်သော ကပ္ပိယမြေတို့တည်း။

အာပတ်သင့်, မသင့်

ထိုဇာတပထဝီတွင် ပါဝင်သော သုဒ္ဓပံသု, သုဒ္ဓမတ္တိကာ, မိဿပံသု, မိဿမတ္တိကာများ တူးဖောက်ခွဲဖျက် မီးတိုက်ခြင်း, ခြေ, လက်, တုတ်တို့ဖြင့် ခြစ်ခြင်း, ရေးသားခြင်း, အယုတ်သဖြင့် မြေပျက်အောင် ကျင်ငယ်ကို ပြင်းပြင်း စွန့်ခြင်းတို့တွင် တစ်ခုခုပြုလျှင် ပါစိတ်၊ ထိုဇာတပထဝီပေါ်၌ သပိတ်ဖုတ်ရန်, ဆိုးရည်ကျိုရန် မီးမွှေးလျှင် မီးတိုက်ရာရောက်၍ ပါစိတ်ပင်။

ထိုဇာတပထဝီကိုပင် သစ်တုံးလှိမ့်ရင်း, တောင်ဝှေးထောက်ရင်း, တံမြက် လှည်းရင်း ပျက်စေသော်လည်း ဖျက်လိုသော စိတ်မရှိလျှင် အာပတ်မသင့်၊ ဇာတပထဝီတွင် မပါဝင်သော အုတ်, ကျောက်စသည်တို့ များစွာပါသော မြေ, မီးလောင်ပြီးသော မြေ, မိုးမစွတ်သေးသော မြေ, မိုဃ်းစွတ်သော်လည်း လေးလမပြည့်သေးသော မြေပုံ တောင်ပို့ ခြအိမ်များကို ဖျက်ဆီးသော်လည်း အာပတ်မသင့်။

အပ်သော ခိုင်းနည်း

ဤတွင်းကို, ဤမြေကို ကပ္ပိစမ်း သိစမ်း၊ ဤမြေဖြင့် အလိုရှိသည် ဤမြေကို ယူခဲ့စမ်း စသော ခိုင်းခြင်းများသည် အပ်သော ခိုင်းခြင်းတည်း။ နေရာကို မသတ်မှတ်ဘဲ မြေပေါက်လိုက် တွင်းတူးလိုက် စသည်ဖြင့် ခိုင်းသော်လည်း အာပတ်မသင့်၊ သို့ရာတွင် “ကပ္ပိစမ်း၊ သိစမ်း” စသော အသုံးများကို သုံးမိအောင် အလေ့အကျင့်ဖြစ်အောင် သုံးစွဲသင့်ပေသည်။

မအပ်သော ခိုင်းနည်း

ဤမြေကို တူးစမ်း, ဤတွင်းကို တူးစမ်း, ဤမြေကို ခွဲစမ်း, ဖောက်စမ်း, ဖြိုဖျက်စမ်း, မီးတိုက်စမ်း စသည်ဖြင့် မြေကို တိုက်ရိုက်ညွှန်ပြ၍ ခိုင်းခြင်းသည် မအပ်သော ခိုင်းခြင်းတည်း၊ အာပတ်သင့်၏၊

(ဆောင်) ၁။ဇာတ, အဇာတ၊ နှစ်ခုမျှ၊ ပြားထ ပထဝီ။ 
၂။ သုဒ္ဓ, မိဿ၊ပဉ္စသုံးဝ၊ ပြားကုန်ကြ၊ ဇာတ ပထဝီ။ 
၃။ သက်သက်မြေကို၊ သုဒ္ဓ ဆိုရ၊ သံ ကျောက် စရော၊ မိဿကော၊ မှတ်လော သုံးဖို့တစ်ဖို့တည်း။ 
၄။ ကျောက်နည်း မြေများ၊ ရောမူကား၊ ဟောကြားဇာတတည်း။ 
၅။ မိုဃ်းလေးလခံ၊ မြေပုံမှန်၊ ခေါ်ရန် ပုဉ္ဇတည်း။ 
ဆိုပြီး ပမာဏ၊ လွန်ရောထမြေ၊ မီးလောင်မြေပ၊ အဇာတ၊ ခေါ်ရလေသတည်း။ 
၇။ ဇာတပထဝီ၊ 
၈။ အကပ္ပီ၊ ကပ္ပီဇာတတည်း။ (မေဒိနီ၊၂၇၅။)

အင်္ဂါ (၃) ပါး

၁။ ဇာတပထဝီဖြစ်ခြင်း 
၂။ ဇာတပထဝီမှန်း သိခြင်း၊ (အမှတ်တမဲ့ မသိဘဲ ခြစ်မိ, တူးမိရာ၌ အနာပတ္တိ။) 
၃။ တူးခြင်း, တူးစေခြင်းတို့တည်း။