မာတိကာသို့ ခုန်သွားရန်

ဝိနည်းပဒေသာသင်တန်း/ဘူတဂါမဝဂ်

ဝီကီရင်းမြစ် မှ

၂။ ဘူတဂါမဝဂ်

၁။ ကြီးပွားဆဲ ကြီးပွားပြီးသော သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းကြောင့် ဘူတဂါမပါတဗျ ပါစိတ်အာပတ်သင့်၏၊

၂။ အညဝါဒက ကံပြုပြီးနောက် အမေးတခြား အဖြေတလွဲ ပြောဆိုမှုကြောင့် အညဝါဒက ပါစိတ်တစ်ချက် သင့်၏၊

၃။ သမ္မုတိရထားသော ရဟန်းကို ကဲ့ရဲ့ခြင်းကြောင့် ဥဇ္ဈာပနကပါစိတ်။ ရှုတ်ချခြင်းကြောင့် ခိယျနကပါစိတ်။

၄။ သံဃိကဖြစ်သော ညောင်စောင်း, ကုတင်, ထိုင်ခုံ, ဘုံလျှို, ခတ်အခင်း တို့ကို ကိုယ်တိုင်ခင်း သူတစ်ပါးတို့ကို ခင်းစေပြီး၍ ထိုသံဃိက ညောင်စောင်း စသော အခင်းတို့ကို ကိုယ်တိုင်လည်း မသိမ်းဆည်း၊ သူတစ်ပါးကိုလည်း မသိမ်းဆည်းခိုင်း မပန်ကြားဘဲ အရပ်တစ်ပါးသို့ ဖဲသွားခြင်းကြောင့် ပထမသေနာသနပါစိတ်။

၅။ သံဃိကကျောင်း၌ အိပ်ရာနေရာ (၁၀)မျိုးတို့ကို ကိုယ်တိုင်ခင်း၍ သူတစ်ပါးကို ခင်းခိုင်း၍ အခြားအရပ်သို့ ညဉ့်အိပ်သွားလျှင် ကိုယ်တိုင် ဖြစ်စေ ခိုင်း၍ဖြစ်စေ သိမ်းထားခဲ့ရမည်။ ထိုကဲ့သို့ မပြုသောရဟန်း ဒုတိယသေနာသနပါစိတ်။

၆။ သံဃိကကျောင်း၌ နေရာကျဉ်းကြပ်လျှင် မထေရ်ကြီးထွက်သွားမှာပဲ ဟူသော စိတ်ယုတ်မာဖြင့် မထေရ်ကြီး အနီးအပါး တိုးဝှေ့နေခြင်းကြောင့် အနုပခဇ္ဇပါစိတ်။

၇။ ရဟန်းတစ်ပါးကို အခြားရဟန်းတစ်ပါးက သံဃိကကျောင်းမှ ကိုယ်တိုင် ဖြစ်စေ, သူတစ်ပါးကိုဖြစ်စေ နှင်ထုတ်လျှင် နိက္ကဍ္ဎနပါစိတ်။

၈။ သံဃိကဖြစ်သော အထက်ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင် ရှိသော ကုဋီတွင် အပေါင်၌ အခြေတပ်သော ညောင်စောင်း အင်းပျဉ်ကို ဖိ၍ထိုင် ဖိ၍အိပ်အံ့၊ ဝေဟာသကုဋီပါစိတ်။

၉။ ကြီးသောကျောင်းကို ဆောက်စေလိုသော ရဟန်းသည် တံခါးပေါင်၏ ထက်ဝန်းကျင် နှစ်တောင့်ထွာအရပ်တိုင်အောင် တံခါးရွက်တံခါးပေါင်တို့ကို မလှုပ်ရှားအောင် ထားခြင်းငှာ, အထက် လေသာပြူတင်းကို အပြေအပြစ် ပြုခြင်းငှာ အင်္ဂတေမြေညက်တို့ဖြင့် အထပ်ထပ်လိမ်းကျံအပ် လိမ်းကျံစေခိုင်းအပ်၏၊ အမိုးကိုလည်း နှစ်ထပ်သုံးထပ်အထိ စိမ်းစိုသော ကောက်ပဲသီးနှံ မရှိရာအရပ်၌ ရပ်လျက် ကိုယ်တိုင် စီမံနိုင်သည်။ ထိုနှစ်ထပ်သုံးထပ်ထက် တိုး၍ စီမံလျှင်ကား စိမ်းစိုသော ကောက်ပဲသီးနှံ မရှိရာ အရပ်၌ရပ်လျက် စီမံစေကာမူ မဟလ္လကဝိဟာရပါစိတ်။

၁၀။ ပိုးရှိသောရေဟု သိလျက် ရေကို မြက်သို့, မြေညက်သို့ လောင်းထည့်အံ့၊ လောင်းထည့်စေအံ့၊ (တစ်နည်း) ပိုးရှိသော ရေထဲသို့ မြက်ကို မြေညက်ကို လောင်းထည့်အံ့၊ လောင်းထည့်စေအံ့၊ သပ္ပါဏကပါစိတ်အာပတ် သင့်၏၊

၁။ ဘူတဂါမပါတဗျ သိက္ခာပုဒ်အဓိပ္ပာယ်

ဘူတဂါမာ ဘဝန္တီတိ ဘူတာ၊ အဘဝုန္တိ ဘူတာ၊ ဖြစ်ကုန်ဆဲ ကြီးပွားကုန်ဆဲကို ဘူတာ၊ ဖြစ်ကုန်ပြီး ကြီးပွားကုန်ပြီးကို ဘူတာ၊ ဘူတာနံ ဂါမော ဘူတဂါမော = ဖြစ်ကုန်ဆဲ ကြီးပွားကုန်ဆဲ၊ ဖြစ်ကုန်ပြီး, ကြီးပွားကုန်ပြီးသော မြက်သစ်ပင်တို့၏ ဂါမောအပေါင်းသည် ဘူတဂါမော = ဘူတဂါမ် မည်၏၊ ပါတဗျာနံ ဘာဝေါ ပါတဗျတာ။ ပါတဗျာနံ = ဖြတ်ခြင်း, ခွဲခြင်း, မီးတိုက်ခြင်း စသည်ဖြင့် အလိုရှိတိုင်း သုံးစွဲအပ်သော သစ်ပင်အပေါင်း၏၊ ဘာဝေါ = ဖြစ်ကြောင်းဖြစ်ရာ ဖျက်ဆီးခြင်း ကြိယာသည်၊ ပါတဗျတာ = ပါတဗျတာ မည်၏၊ ဆိုလိုရင်းမှာ သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းဟု ဆိုလိုသည်။

ဗီဇဂါမ, ဘူတဂါမ

မျိုးစေ့အပေါင်းကို ဗီဇဂါမ်, သစ်ပင်အပေါင်းကို ဘူတဂါမ်ဟု ခေါ်ကြသည်။ ထိုတွင် ဗီဇဂါမ်သည် မူလ = အမြစ်, ခန္ဓ = ပင်စည်၊ ဖလု = အဆစ်, အဂ္ဂ = အညွန့်, ဗီဇ = အစေ့အားဖြင့် ငါးပါး ပြား၏၊ ထိုမျိုးစေ့အဖြစ်၌ တည်ရှိသော ဗီဇဂါမ်ကို ဖျက်ဆီးလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

(ဆောင်) မြစ်, ဆစ်, ပင်စည်၊ ညွန့်, စေ့မှီ၊ ငါးလီ ဗီဇဂါမ်၊
ဖျက်လေသမျှ ဒုက္ကဋ၊ မုချ သင့်ရမှန်။

ထိုမျိုးစေ့ကို စိုက်ပျိုးသည့်အခါ အမြစ်သာ ထွက်၍ အညွန့်မထွက်သေးလျှင်လည်းကောင်း, အညွန့်သာ ထွက်၍ အမြစ်မထွက်သေးလျှင်လည်းကောင်း, ဗီဇဂါမ်ပင်တည်း။ အမြစ်, အညွန့် (၂)မျိုးလုံး ထွက်လျှင်ကား ဘူတဂါမ်တွင် ပါဝင်၏၊ ဖျက်ဆီးလျှင် ပါစိတ်အာပတ်တည်း။

သတိထားရန်

သောက်ရေအိုး, သောက်ရေကန်များ၏ အပြင်ဘက်၌ ရေညှိဟု ခေါ်အပ်သော မှော်သေးကလေးများကို တွေ့ရတတ်၏၊ ထိုမှော်သေးကလေးများ၌ အရွက်အညွန့်လည်း မပါရကား ဗီဇဂါမ်တွင် ပါဝင်လေသည်။ သို့ဖြစ်၍ ထိုရေညှိများကို ရဟန်းကိုယ်တိုင် ပွတ်တိုက်ဆေးက ဒုက္ကဋ်အာပတ် သင့်၏၊ သတိပြုပါလေ။

မအပ်သော ခိုင်းနည်း

ဤသစ်ပင်ကို ဖြတ်စမ်း, ချိုင်စမ်း, လှဲစမ်း၊ ဤအသီးကို ဆွတ်စမ်း, ငရုတ်သီးထောင်းစမ်း, ကြက်သွန်လှီးစမ်း, ခရမ်းချဉ်သီး ချက်စမ်း, အပင်ပေါက်မည့် ကြံ, ဝါးစသည်ကို ဖြတ်စမ်းစသော ခိုင်းခြင်းသည် မအပ်သော ခိုင်းနည်းဖြစ်၍ အာပတ်သင့်၏၊ ထိုတွင် သစ်ပင် ဘူတဂါမ်၊ ငရုတ်သီး, ခရမ်းချဉ်သီးစသည် အပင်မှ လွတ်ပြီး မျိုးစေ့ကား ဗီဇဂါမ်တည်း။

အပ်သော ခိုင်းနည်း

ဤသစ်ပင်ကို သိစမ်း, ကပ္ပိစမ်း ဤငရုတ်သီးကို ကပ္ပိစမ်းစသော ပထဝီခဏနသိက္ခာပုဒ်၌ ပြခဲ့သော ခိုင်းနည်းကား အပ်သော ခိုင်းနည်းတည်း။ မည်သည့်သစ်ပင် မည်သည့်ငရုတ်သီးဟု မညွှန်ဘဲ သစ်ပင်ခုတ်လိုက်, ငရုတ်သီး ထောင်းလိုက်စသော ခိုင်းခြင်း၌ အပြစ်မရှိပါ။ သို့ရာတွင် သိစမ်း, ကပ္ပိစမ်းဟု ပြောဆိုသော အလေ့အထ ရှိသင့်ပေသည်။

ဖျက်ဆီးလိုသော စိတ်မရှိဘဲ သစ်တုံးလှိမ့်ရာ တောင်ဝှေးထောက်၍ စင်္ကြံသွားရာအခါ စသည်တို့၌ မြက်, သစ်ပင်တို့ ပျက်စီးသော်လည်း အာပတ် မသင့်။

ကပ္ပိခြင်း

ဗီဇဂါမ် အပင်ပေါက်ဦးမည့် သစ်ပင်, သစ်စေ့, သစ်သီး, ကြံစသည်တို့ကို ရဟန်းများ သုံးဆောင်ကောင်းလောက်အောင် ဗီဇဂါမ်ကို ဖျက်ဆီးရာမရောက် အောင် လူ, သာမဏေတို့အား ကပ္ပိခိုင်းရသည်။ ကပ္ပိပုံမှာ - အပင်ပေါက်နိုင်သော သစ်သီး, ကြံ စသည်တို့ကို ရဟန်းက ကပ္ပိယံ ကရောဟိ ဆိုပြီးနောက် လူ, သာမဏေက ကပ္ပိယံ ဘန္တေဟု ဆိုလျက် (ဆိုတုန်းဖြစ်စေ, ဆိုပြီး ချက်ချင်းဖြစ်စေ, မီးဖြင့်သော်လည်းတို့, ဓားဖြင့်သော်လည်းခုတ်, လက်သည်းဖြင့် သော်လည်း ဆိတ်ရမည်၊ ဓားရာ, လက်သည်းရာ အပေါက်အဖြစ် ထင်ရှား လျှင် အပ်ပြီ၊ ထက်ပိုင်းပြတ်လျှင်ကား ဆိုဖွယ်ရာ မရှိပြီ။)

ကပ္ပိခြင်း (၅) မျိုး

၁။ မီးဖြင့် ကပ္ပိခြင်း၊ ၂။ ဓားဖြင့် ကပ္ပိခြင်း၊ ၃။ ထက်သော မပုပ်သော လက်သည်းဖြင့် ကပ္ပိခြင်း၊ ၄။ အစေ့နုဖြစ်ခြင်း၊ ၅။ အစေ့ထုတ်ပယ်၍ စားခြင်းသည်ပင် ကပ္ပိခြင်းဟု - (၅)မျိုး လာ၏၊

(ဆောင်) မီး, ဓား, လက်သည်း၊ ကပ္ပိနဲ၊ နုဆဲ, ပယ်နုတ်ခွာ။
ဗီဇမျိုးမှာ၊ ကပ္ပိကာ၊ မှန်စွာ စားရမှာ။

(မှတ်ချက်) အစေ့နုခြင်းနှင့် ထုတ်ပယ်၍ရသော အစေ့တို့ကား ကပ္ပိဖွယ် မရှိ၊ ပင်ကိုကပင် အပ်ခြင်း ကပ္ပိပြီးဖြစ်နေပြီဟု သိ။

ဘူတဂါမ်ကို ကပ္ပိခြင်း (၅)မျိုးဖြင့် ကပ္ပိရမည် မဟုတ်၊ ဘူတဂါမ်မှ လွတ်သော, ကြွေကျပြီးသော, နောင်အခါ အပင်ပေါက်ဦးမည်ဖြစ်သော ဗီဇဂါမ်ကိုသာ ရဟန်းတော်များ သုံးဆောင်ကောင်းအောင် ကပ္ပိရသည်။

သတိပြုဖွယ်

မြေ၌ပေါက်နေသော အပင်များ, အပင်၌ရှိနေသော အသီးများကို ကပ္ပိသော်လည်း ထိုအပင် ထိုအသီးတို့ကို မဖြတ်ကောင်း မခုတ်ကောင်း မခူးဆွတ် ကောင်းဟု သိပါ။ ကြံချောင်းတို့ကို စည်းထားသော ကြိုးနွယ်ကို ကပ္ပိလျှင် ခွက်အရာ၌ တည်သောကြောင့် ကပ္ပိရာမရောက်၊ ကြံစည်း၌ပါသော ထင်း ချောင်းကို ကပ္ပိလျှင် အားလုံးကပ္ပိပြီးသား ဖြစ်၏၊ အပ်၏၊ ကွမ်းရွက်၌ တည် သော စမုံစပါး၊ အဆံချောင်နေသော သစ်သီး၊ တစပ်တည်း မတည်အံ့၊ ခွက် အရာ၌ တည်၍ မအပ်။ အစေ့များ တစပ်တည်း တည်အောင်ပြု၍ တစ်စေ့ကို ကပ္ပိလျှင် အပ်သည်။ ဆန်ပြုတ်, ယာဂု၌တည်သော ငရုတ်သီးမှည့် အစေ့များ တစပ်တည်း မတည်အံ့၊ တစ်စေ့စီ ကပ္ပိရမည်၊ ငရုတ်သီးအစေ့များနှင့် ရောနေသော ဆွမ်းတို့ကို ကပ္ပိရာ၌ ဆွမ်းကိုဖြစ်စေ, ငရုတ်စေ့ကိုဖြစ်စေ ကပ္ပိအံ့၊ အပ်သည်။ ခရမ်းချဉ်သီးမှည့် အစိမ်းအတိုင်း သုတ်ထားရာ၌ ထိစပ်နေက အဖတ်ကို ဖြစ်စေ, အစေ့ကိုဖြစ်စေ ကပ္ပိရမည်။ မီးဖုတ်ထား ပြုတ်ထားလျှင်ကား ကပ္ပိရန် မလိုချေ။ ရောချေထားသော ခရမ်းချဉ်သီးမှည့်, ဆီးသီးမှည့်များ, ထန်းလျက်နှင့် ရောချေထားသော သီးသီးမှည့်များ လက်ဖြင့် ဆိတ်၍ မရသဖြင့် သစ်ရွက်ဖြင့် ထိကပ်၍ ထိုသစ်ရွက်ကို ကပ္ပိသည်ကို တွေ့မြင်ရဖူးသည်။

ဆက်လက်မှတ်သားဖွယ်

ဓားဖြင့်ခုတ်-ဟူရာ၌ အပ်ဖြင့်, စူးဖြင့် ထိုးခြင်းများလည်း ပါဝင်၏၊ ထိုသို့ ကပ္ပိရာ၌ သစ်သီးစသော ဝတ္ထုက ရဟန်း၏ လက်ထဲ၌ ရှိနေမှ ကိုင်ထားမှ မဟုတ်၊ ထောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသော သစ်သီးပုံ ကြံပုံ ကိုလည်း ရဟန်းက မထိမကိုင်ဘဲ “ကပ္ပိယံ ကရောဟိ”ဟု ဆိုလျှင် လူ, သာမဏေက တစပ်တည်း တဆက်တည်း စုပုံနေသော သစ်သီးတစ်လုံး ကြံတစ်ချောင်းကို “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ ခုတ်လိုက်ထိုးလိုက်လျှင် အားလုံးပင် ကပ္ပိပြီး ဖြစ်တော့၏၊ တစ်ကြိမ်ကပ္ပိပြီးသော သစ်သီးများကို (အကပ်မခံရသေးလျှင်) နောက်နောက်ရက်များ၌ပင် ထပ်၍ မကပ္ပိရတော့ဘဲ အကပ်ခံ၍ စားသောက်နိုင်၏၊ ပါဠိလို မဆိုတတ်လျှင် မြန်မာလို ရဟန်းက “ကပ္ပိစမ်း”ဟု ဆိုသောအခါ လူ သာမဏေက “ကပ္ပိပါ၏ ဘုရား”ဟု ပြန်ဆို၍ ဓားစသည် ဖြင့်ခုတ်လျှင်လည်း ကပ္ပိခြင်းကိစ္စ ပြီးမြောက်တော့သည်သာ။ သုံးဆောင် ကောင်းပြီ။

ကပ္ပိယံ ကရောဟိ အဓိပ္ပာယ်

ကပ္ပဿ = သမဏဝေါဟာရအား။ အနုရူပံ = လျော်သော အမှုတည်း။ ကပ္ပိယံ = ရဟန်းတို့အား အပ်စပ်ကြောင်းဖြစ်သော အသုံးအနှုန်းအား လျော် သော အမှုကို (သဒ္ဒါနက်)၊ (ဝါ) အပ်သည်ကို (အဓိပ္ပာယ်နက်)၊ (ဝါ) ကပ္ပိခြင်းကို(ဝေါဟာရ သုံးစွဲရိုးအနက်)။ ကရောဟိ = ပြုလောဟု အနက်ဆို၊ ကပ္ပိယံ ဘန္တေ-၌ ဘန္တေ = အရှင်ဘုရား။ ကပ္ပိယံ = အပ်သည်ကို။ ကရောမိ = ပြုပါ၏ဟု အနက်ပေးလေ။

၂။ အညဝါဒက သိက္ခာပုဒ်အဓိပ္ပာယ်

အညဝါဒကေ = မေးအပ်သောအကြောင်းမှ တစ်ပါးသောအကြောင်းကို ပြောဆိုတတ်သူ၏ အဖြစ်ကြောင့်လည်းကောင်း။ ဝိဟေသကေ = သံဃာကို ညှဉ်းဆဲတတ်သူ၏ အဖြစ်ကြောင့်လည်းကောင်း။ ပါစိတ္တိယံ = ပါစိတ် အာပါတ်သည်။ ဟောတိ = ဖြစ်၏၊ အညဝါဒကပုဒ် ဝိဟေသကပုဒ်တို့သည် ဘာဝပဓာနပုဒ်တို့ ဖြစ်သည်။ အညံ = မေးအပ်သောအကြောင်းမှ တစ်ပါးသောအကြောင်းကို။ ဝဒတိ = ပြောဆိုတတ်၏ - ဝိဂြိုဟ်အရ အညဝါဒက သဒ္ဒါသည် မေးအပ်သောအနက်မှ တစ်ပါးသော အနက်ကို ပြောဆိုဖုံးလွှမ်းသူ ရဟန်းကို ရသော်လည်း, ဘာဝသဒ္ဒါ မပါသော်လည်း ဘာဝအနက်ကို ပဓာန ကောက်၍ မေးအပ်သောအနက်မှ တစ်ပါးသော အနက်ကို ပြောဆိုဖုံးလွှမ်း တတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ (တစ်ပါးသော အနက်ကို တစ်ပါးသော အနက်ဖြင့် ဖုံးလွှမ်းပစ်ခြင်း) ကြိယာကို ရသည်။

(ဆောင်) အညဝါဒက, ပုဒ်အရ၌, မုချ ပြောသူ, ရ၏ဟူလည်း၊
ဤမူဘာဝ, ပဓာနဖြင့်, အည အနက်, မေးသည့် ချက်ကို၊
အနက် တစ်လမ်း, ဖျက်ဖို့ မှန်း၍, ဖုံးလွှမ်း ပြောခါ၊
ကြိယာ, မှန်စွာ အရကောက်။

ဝိဟေသက-အရလည်း ညှဉ်းဆဲတတ်သူရဟန်းကို ရသော်လည်း ဘာဝပုဒ် အရကို ပဓာနကောက်၍ ညှဉ်းဆဲတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ဆိတ်ဆိတ်နေသောအားဖြင့် ညှဉ်းဆဲခြင်း ကြိယာကို ရသည်။

(ဆောင်) ဝိဟေသက, ပုဒ်အရ၌, မုချ ညှဉ်းသူ, ရ၏ဟူလည်း၊
ဤမူဘာဝ, ပဓာနဖြင့်, သံဃာ့ ညှဉ်းရန်, အတွင်းကြံ၍၊
နှုတ်သံ မကြွေ, ဆိတ်ဆိတ်နေ, ကောက်လေ သတိပြု။

ပါစိတ် ဒုက္ကဋ် ခွဲခြားချက်

အညဝါဒကအမှု ဝိဟေသကအမှု ပြုသောရဟန်းကို သံဃာက ကမ္မဝါစာဖြင့် အညဝါဒကကံ ဝိဟေသကကံသို့ တင်ပေးရသည်။ ကံပြုရသည် ဟူလို။ ထိုကံပြုပြီးနောက် အညဝါဒကအမှု သို့မဟုတ် ဝိဟေသကအမှုကို ထပ်မံ၍ ပြုမှ ပါစိတ်အာပတ်သင့်သည်။ ကံမပြုသေးခင် အညဝါဒကအမှု ဝိဟေသကအမှုကို ပြုခိုက်၌ကား ဒုက္ကဋ်အာပတ်သာ သင့်၏၊ အညဝါဒကကံ ဝိဟေသကကံသို့ ကံပြုပုံကို ပါဠိတော်မှ ထုတ်ဆောင်ပြအံ့။

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးစဉ်အခါ အရှင်ဆန္နမထေရ်သည် မလွန်ကျူးသင့်သည်ကို လွန်ကျူး၍ သံဃာအလယ်၌ မေးစိစစ်သောအခါ မေးမြန်းအပ်သော အကြောင်းကို မဖြေလိုသဖြင့် ထိုစကားကို အခြားစကားဖြင့် ဖုံးလွှမ်းပစ်၏၊ မေးစိစစ်ပုံ ပြန်ဖြေပုံ ပါဠိတော်သို့ ကြည့်ပါ။

ဆန္နရဟန်းအား အညဝါဒကကံ ပြုပုံ

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော အညေနညံ ပဋိစရတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဆန္နဿ ဘိက္ခုနော အညဝါဒကံ ရောပေယျ၊ ဧသာ ဉတ္တိ။

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော အညေနညံ ပဋိစရတိ၊ သံဃော ဆန္နဿ ဘိက္ခုနော အညဝါဒကံ ရောပေတိ၊ ယဿာယသ္မတော ခမတိ ဆန္နဿ ဘိက္ခုနော အညဝါဒကဿ ရောပနာ၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။

ရောပိတံ သံဃေန ဆန္နဿ ဘိက္ခုနော အညဝါဒကံ၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

ဝိဟေသကကံ တင်ပုံ

ထိုအခါ အရှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုသော် အာပတ်သင့်၏ဟု နှလုံးသွင်း၍ ဆိတ်ဆိတ်နေလျက် သံဃာကို ညဉ်းဆဲ၏၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထား၍ ဝိဟေသကကံသို့ တင်ရန် ဘုရားရှင်ခွင့်ပြုတော်မူသည်။ ဉတ်တစ်ကြိမ် ကမ္မဝါတစ်ကြိမ် ပေါင်း နှစ်ကြိမ်ပြုရ၍ ဉတ္တိဒုတိယကံဟု ခေါ်၏၊

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော တုဏှီဘူတော သံဃဿ ဝိဟေသေတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဆန္နဿ ဘိက္ခုနော ဝိဟေသကံ ရောပေယျ၊ ဧသာ ဉတ္တိ။

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော တုဏှီဘူတော သံဃံ ဝိဟေသေတိ၊ သံဃော ဆန္နဿ ဘိက္ခုနော ဝိဟေသကံ ရောပေတိ၊ ယဿာယသ္မတော ခမတိ ဆန္နဿ ဘိက္ခုနော ဝိဟေသကဿ ရောပနာ၊ သော တုဏှဿ ယဿ နက္ခတိ၊ သော ဘာသေယျ။

ရောပိတံ သံဃေန ဆန္နဿ ဘိက္ခုနော ဝိဟေသကံ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

အင်္ဂါ (၃) ပါး

၁။ အညဝါဒက ဝိဟေသက ကံသို့ ဓမ္မကံအဖြစ်ဖြင့် တင်အပ်ပြီးဖြစ်ခြင်း။
၂။ အာပတ်ဖြင့်ဖြစ်စေ, ဝတ္ထုဖြင့်ဖြစ်စေ အမေးမြန်း အစိစစ်ခံရခြင်း၊
၃။ မိမိအပြစ်ကို ဖုံးလွှမ်းလိုသည့်အတွက် တစ်ပါးသောအနက်ဖြင့် တစ်ပါးသောအနက်ကို ဖုံးလွှမ်းပစ်ခြင်း သို့မဟုတ် ဆိတ်ဆိတ်နေခြင်း ပေါင်း အင်္ဂါ ၃-ပါးတည်း။

၃။ ဥဇ္ဈာပနက သိက္ခာပုဒ်အဓိပ္ပာယ်

ဥဇ္ဈာပနက = ကဲ့ရဲ့ခြင်း

မိမိမုန်းသူ၏ အကြောင်းကို အခြားရဟန်းတို့အထံသွား၍ အထင်သေး အမြင်သေးဖြစ်အောင် တိုက်ရိုက်ပြော၏၊ ထိုသို့ အခြားရဟန်းတို့က မိမိ မုန်းသူအပေါ်၌ အထင်သေးအမြင်သေးစေကြောင်း စကားကို ဥဇ္ဈာပနက (= ကဲ့ရဲ့ခြင်း)ဟု ဆိုသည်။

ခိယျနက = ရှုတ်ချခြင်း

ရှင်ဒဗ္ဗသည် ဆန္ဒာဂတိလိုက်၏ စသော စကားကို တစ်စုံတစ်ယောက်ထံသို့ တိုက်ရိုက်ကား သွား၍မပြော၊ သို့သော် ထိုထိုရဟန်းများ ကြားလောက်အောင် (ကြားလောက်သည့် နေရာတို့၌) မိမိတို့ အပေါင်းအဖော်ချင်း မုန်းသူ ၏ အပြစ်ကို အတင်းပြောခြင်း မကောင်းသတင်းလွှင့်ခြင်းသည် ခိယျနက (= ရှုတ်ချခြင်း) မည်၏၊

ထိုကဲ့သို့ တိုက်ရိုက်သွားပြောလျှင်လည်းကောင်း, မိမိတို့အချင်းချင်း အတင်းပြောလျှင်လည်းကောင်း အသီးအသီး ပါစိတ်အာပတ်သင့်၏၊

အာပတ်ခွဲခြားချက်များ

အပြစ်ပြော အတင်းပြောခံရသော ရဟန်းက ကမ္မဝါစာဖြင့် သမုတ်အပ်သူ (အိပ်ရာနေရာကို အာဂန္တုများအတွက် ခင်းပေးသော သေနာသနပညာပက, သံဃာများကို ဆွမ်းစားလှည့်ညွှန်ပြသော ဘတ္တုဒ္ဒေသက, ယာဂု စသည် ဝေဖန်သော ယာဂုဘာဇက, ဖလဘာဇက, ခဇ္ဇဘာဇက ဤသို့ စသည်ဖြင့် သံဃာက သမုတ်ထားသော သံဃာ့ဝန်ဆောင်) ရဟန်းဖြစ်မှ ပါစိတ်အာပတ် သင့်သည်။ ထိုကဲ့သို့ သမ္မုတိရသူ မဟုတ်လျှင်လည်းကောင်း၊ ပြောရာပုဂ္ဂိုလ် က ရဟန်း မဟုတ်၊ လူ, သာမဏေ ဖြစ်လျှင်လည်းကောင်း၊ လူ, သာမဏေ၏ မဟုတ်မမှန်သော အပြစ်ကို ပြောလျှင်လည်းကောင်း ဒုက္ကဋ် အာပတ်သာ၊ အမှန် ဆန္ဒာဂတိ စသော အဂတိလိုက် ဝေဖန်သူကို ပြောလျှင်ကား အာပတ် မသင့်။

(ဆောင်) ရဟန်းထံမူ, ပါစိတ်ဟူ, သာ လူ ဒုက္ကဋ်သိ၊
သမ္မုတိ မရ, ရဟန်းမျှ, ပြောက ဒုက္ကဋ်သိ၊
လူ သာမဏေ, ပြစ်ပြောလေ, တထွေ ဒုက္ကဋ်သိ။

၄။ ပထမသေနာသန သိက္ခာပုဒ်

သံဃိကဖြစ်သော ညောင်စောင်း, အင်းပျဉ်, ဘုံလျှို (ဖုံ) ခတ်အခင်းတို့ကို လွင်တီးခေါင်၌ ကိုယ်တိုင်ခင်းပြီး၍ဖြစ်စေ, လူ သာမဏေကို အခင်းခိုင်း၍ ဖြစ်စေ, ထိုနေရာမှ တခြားတစ်နေရာသို့ ညအိပ်ညနေ သွားလိုလျှင်, ကိစ္စရှိ၍ ရွာတွင်း မြို့တွင်း စသည်သို့ဖြစ်စေ သွားလိုလျှင်, ထိုညောင်စောင်း စသည်ကို ကိုယ်တိုင်သော်လည်း မသိမ်းဆည်း, တစ်ယောက်ယောက်ကိုသော်လည်း မသိမ်းဆည်းခိုင်း, မိမိပစ္စည်းကဲ့သို့ သဘောထား၍ စောင့်ရှောက်မည့် ရဟန်း သာမဏေ အာရာမ်စောင့်ကိုသော်လည်း ကြည့်ရှုရန် အပ်နှံပန်ပြောခြင်း မပြုဘဲ သွားလျှင် ပထမသေနာသနပါစိတ်အာပတ် သင့်၏၊

ညောင်စောင်း လေးမျိုး

မဉ္စတိ ပုဂ္ဂလံ ဓာရေတီတိ မေဉ္စာ၊ ပုဂ္ဂိုလ်ကို ဆောင်တတ်သော ညောင် စောင်း၊ မဉ္စတိ သယနာဒိကြိယံ ကရောတိ ဧတ္ထာတိ မေဉ္စာ၊ အိပ်ခြင်းစသော ကြိယာကိုပြုရာ ညောင်စောင်းကို ရ၏၊

၁။ အခြေ၌ အပေါင်စွပ်သော မသာရကညောင်စောင်း၊
၂။ အပေါင်၌ အခြေစွပ်သော အာဟစ္စပါဒကညောင်စောင်း၊
၃။ အခြေနှင့်တစပ်တည်း အပေါင်ရှိသော ဗုန္ဒိကာဗဒ္ဓညောင်စောင်း၊
၄။ ပုဇွန်ခြေသဏ္ဌာန် ကောက်သော အခြေရှိသော ကုဠီရပါဒညောင်စောင်းဟု လေးမျိုး ပြား၏၊ မြန်မာက ကုတင်ဟု ခေါ်၏၊

အင်းပျဉ်လေးမျိုး

ပီဌတိ ဒုက္ခံ ဟိံသတီတိ ပီဌံ၊ ဒုက္ခကို ညှဉ်းဆဲတတ်သော၊ အင်းပျဉ်ကို ရ၏၊ ယခုကာလ စားပွဲ, ကုလားထိုင်, ထိုင်ခုံအမျိုးမျိုးတည်း။ ညောင်စောင်းနည်းတူ လေးမျိုး ပြား၏၊

အထူးကား - လေးတောင်အလျားရှိသည်ကား ညောင်စောင်း၊ လေးတောင်အောက် တိုသောအလျားရှိသည်ကား အင်းပျဉ်ဟုဆိုကြ၏၊

(ဆောင်) မသာရက၊ ဗုန္ဒိကနှင့်၊ ကုဠီရပါဒ၊ အာဟစ္စ၊ လေးဝ ညောင်စောင်းပြား။အင်းပျဉ်၌လည်း၊ ထိုလေးတည်း၊ ပြားနည်း သိစေသား။

လေးတောင်ရှိသည်၊ ညောင်စောင်းမည်၊ တိုသည် အင်းပျဉ်ထား။

ဘိသိံ - ဘိသိဟူသည် အပြင်က အဝတ်ဖြစ်စေ, သမင်ရေစသော အပ်သော သားရေဖြင့်ဖြစ်စေ အခွံပြု၍ လူမွေးနှင့် ပန်းညိုရွက်ကို ဖယ်ထားပြီး အမွေး, သစ်ရွက်, မြက်, လျှော်, အဝတ်တို့ကို အဆာသွတ်၍ ပြုအပ်သော မွေ့ရာ ဘုံလျှိုကို ဆိုသည်။

(ဆောင်) သားမွေး, သစ်ရွက်၊ အဝတ်, မြက်၊ လျှော်စွက် ဘုံလျှို ငါး။

ကောစ္ဆံ - ကုစီယတိ သင်္ကောစီယတီတိ ကောစ္ဆော၊ အလယ်၌ တွန့်ထားသော (ကျုံ့ထားသော) ခတ်ခင်းတည်း။ ထိုအခင်းကား လျှော်, ပန်းရင်းမြက်, ဖြူဆံမြက်, ပြိတ်မြက် တစ်ပါးပါးဖြင့် ပြုထားသည်။ အတွင်း၌ ရစ်၍ ဖွဲ့ထားသည်။အထက်အောက်ကျယ်၍ အလယ်ကျဉ်းပြီး ထက်စည်သဏ္ဌာန် ရှိသည်။ အလယ်၌ ခြင်္သေ့ရေ စသည်တို့ဖြင့် ဝန်းရံထားသည်။ ဤ အခင်း၌ မအပ်သော သားရေမည်သည် မရှိ။

အဇ္ဈောကာသေ - လွင်တီးခေါင်ဟူသည် မိုဃ်းလေးလသာ မိုဃ်းရွာသောအရပ်၌ မိုဃ်းလေးလအတွင်း၊ မိုဃ်းလ, ဆောင်းလ နှစ်မျိုးလုံး မိုဃ်းရွာသော အရပ်၌ ရှစ်လအတွင်း ပကတိသော လွင်တီးခေါင်အရပ်၊ မိုဃ်းစွတ်သော မဏ္ဍပ်, သစ်ပင်ရင်း, ကျီးစသည်တို့ အသိုက်ပြု၍ အမြဲနေသော သစ်ပင်အောက် အရပ်တို့ကို ဆိုသည်။ မဉ္စ စသော သံဃိကပစ္စည်းများ မထားကောင်းသော အရပ်တို့တည်း။

ပန်ကြားအပ်သော သူများ

ပရိက္ခရာ ပျက်စီးမှာကြောက်သော လဇ္ဇီသူတော်ကောင်းဖြစ်သော သာမဏေ, အာရာမ်စောင့်မျိုးကို ဆိုသည်။ အလဇ္ဇီဖြစ်မူ မပန်ကြားကောင်း၊ ပန်ကြားသော်လည်း အာပတ်မှ မလွတ်၊ မပန်ကြားဘဲ သိမ်းထားလိမ့်မည် ဟူသော စိတ်မျိုးမရှိမူ၍ သွားအံ့၊ ခဲတစ်ကျ လွန်သော် ပထမခြေလှမ်း ဒုက္ကဋ်၊ ဒုတိယခြေလှမ်း ပါစိတ်၊ ပုဂ္ဂလိကပစ္စည်းဖြစ်မူ ဒုက္ကဋ်၊ အယုတ်ဆုံး သပိတ်ခြေကိုသော်လည်း ထိုအရပ်မျိုး၌ ထားသော် ဒုက္ကဋ်အာပတ်ဟု သိ။

(ဆောင်) သံဃာ့ဥစ္စာ၊ ပါစိတ်လာငြား၊ တစ်ပါးပုဂ္ဂလ၊ ဥစ္စာမျှ၊ မှတ်ကြ ဒုက္ကဋာ။ အယုတ်ဆုံးပေ၊ သပိတ်ခြေ၊ ထားလေ ဒုက္ကဋာ။

၅။ ဒုတိယသေနာသန သိက္ခာပုဒ်

သေနာသနဟူသော သဒ္ဒါသည် ကျောင်းကိုလည်းကောင်း, အိပ်ရာ နေရာအခင်းများကိုလည်းကောင်း ဟောနိုင်၏၊ ဤ ပထမ ဒုတိယသေနာသန သိက္ခာပုဒ်နှစ်ခုတို့၌ သေနာသနသဒ္ဒါကား အိပ်ရာနေရာများကို ဟော၏၊ သေန္တိ ဧတ္ထာတိ သေနံ = အိပ်ရာ (အိပ်စရာ) အခင်း၊ အာသန္တိ ဥပဝိသန္တိ ဧတ္ထာတိ အာသနံ = ကပ်ဝင်နေထိုင်ရာ ထိုင်စရာအခင်း၊ သေနံ စ = အိပ်စရာအခင်းလည်း၊ အာသနံ စ = ထိုင်စရာအခင်းလည်း၊ သေနာသနာနိ = အိပ်စရာနှင့် ထိုင်စရာ အခင်းတို့တည်း။

ဤဒုတိယသေနာသနသိက္ခာပုဒ် ဆိုလိုရင်းမှာ သံဃိကကျောင်းပေါ်ဝယ် အိပ်စရာ နေစရာအခင်းများကို ခင်း၍ နေထိုင်ပြီးနောက် ထိုနေရာမှ ဖဲသွားလိုသည့်အခါ ကိုယ်တိုင် ရုပ်သိမ်းခြင်း သို့မဟုတ် သူတစ်ပါးကို အသိမ်းခိုင်းခြင်း (သို့မဟုတ်) တစ်ယောက်ယောက်ထံ အပ်နှံ ပန်ကြားခြင်း မရှိဘဲ ဖဲသွားသော ရဟန်းသည် အရံရှိသော် အရံကို အရံမရှိသော် ဥပစာကို ခြေလှမ်း လွန်အံ့ ဒုက္ကဋ်၊ ဒုတိယခြေလှမ်းလွန်အံ့ ပါစိတ်အာပတ်သင့်၏၊

ပန်ကြားပုံများ

သံဃိကကျောင်း သံဃိကအခင်း နှစ်ပါးစုံဖြစ်မှသာ ပါစိတ်, တစ်ပါးပါးဖြစ်မူ ဒုက္ကဋ်၊ ပန်ကြားဟူရာ၌ ရဟန်း, သာမဏေ, အာရာမ်စောင့် တစ်ဦးဦးထံ ပန်ကြားရမည်၊ မရှိလျှင် ကျောင်းဒကာကို ပန်ကြားရမည်၊ ကျောင်းဒကာထံ အပ်နှံသွားရမည်၊ လက်မခံအံ့၊ ကိုယ်တိုင် သိမ်းဆည်းသွားရမည်၊ ခြမစားနိုင်ဟု ဆုံးဖြတ်နိုင်အံ့၊ မပန်ကြားဘဲလည်း သွားကောင်း၏၊ အာပတ် မသင့်၊ သို့သော် ဂမိကရဟန်းကျင့်ဝတ်၌ ပန်ကြားအပ်နှံ သိမ်းဆည်းသွားရမည်ဟု ဟောကြားထားတော်မူသည်။

သေယျ (၁၀) မျိုး

သေန္တိ ဧတ္ထာတိ သေယျာ။ ဧတ္ထ = ဤနေရာ၌၊ သေန္တိ = အိပ်ကြ ထိုင်ကြကုန်၏၊ ဣတိ = ဤသို့ အိပ်ကြထိုင်ကြရာ နေရာအခင်းသည်၊ သေယျော = သေယျ မည်၏၊ အိပ်စရာ ထိုင်စရာ အခင်းများကို သေယျဟု ခေါ်သည်။ သေယျ (၁၀)မျိုး ရှိ၏၊ 
၁။ ဘိသိ = ဘုံလျှို၊ 
၂။ စိမိလိက = အဝတ်ကြမ်း၊ 
၃။ ဥတ္တရတ္ထရဏ = အပေါ်လွှမ်းအခင်း၊ 
၄။ ဘူမတ္ထရဏ = မြေအခင်း၊ 
၅။ တဋ္ဋိက = ဖျာကြမ်း၊ 
၆။ စမ္မခဏ္ဍ = သားရေပိုင်း၊ 
၇။ နိသီဒန = နိသီဒိုန်အခင်း၊ 
၈။ ပစ္စတ္ထရဏ = သီးခြားအခင်း (အမွေးရှိသော ကော်ဇော အခင်း)၊ 
၉။ တိဏသန္ထရ = မြက်အခင်း၊ 
၁၀။ ပဏ္ဏသန္ထာရ = သစ်ရွက်အခင်း စသဖြင့် သေယျ (၁၀)မျိုး ဟောတော်မူသည်။

(ဆောင်) ဘိသိ, စိမိ၊ ဥတ်, ဘူမိ၊ တဋ္ဋိ စမ္မခဏ်။
နိသိ, ပစ္စ၊ မြက်, ပဏ္ဏ၊ သေယျ ဆယ်ခုမှန်။

ထိုသေယျတို့ကို မသိမ်းဆည်းဘဲသွားလျှင် ခြတက်၍ ကျောင်းရော အခင်းပါ ပျက်စီးတတ်သောကြောင့် ပါစိတ်အာပတ်သင့်သည်။

၆။ အနုပခဇ္ဇသိက္ခာပုဒ် အဓိပ္ပာယ်

သံဃိကကျောင်းဝယ် တစ်ခုသော နေရာ၌ မိမိအလျင် နေနှင့်သော ရဟန်းကို ထသွားစေထိုက်သူ မဟုတ်မှန်းသိလျက် ထိုရဟန်း၏ အနီးသို့ “ကျဉ်းကြပ်၍ သူထွက်သွားလိမ့်မည်”ဟု ကြံရွယ်ချက် စိတ်ယုတ်မာဖြင့် ကပ်ရောက်ထိုင်အံ့ ပါစိတ်အာပတ် သင့်သည်။

ထသွားစေထိုက်သူ မဟုတ်သော ပုဂ္ဂိုလ် (၃) ယောက်

၁။ မိမိထက် သိက္ခာဝါကြီးသော သီတင်းကြီးရဟန်းကို မိမိထက် သိက္ခာဝါ ကြီးသောကြောင့် ထသွားအောင် မပြုလုပ်ကောင်း၊
၂။ ဂိလာနရဟန်းကို ရောဂါသည်ဖြစ်ခြင်းကြောင့် ထသွားအောင် မပြုကောင်း၊
၃။ သံဃာအား ကျေးဇူးများသောကြောင့် ဗဟုပကာရဂုဏ်, ဂုဏ်ထူးဖြစ်သော ဂုဏဝိသိဋ္ဌဂုဏ်နှစ်ပါးရှိ၍ သံဃာသည် သီးခြားကျောင်းပေးထားအပ်သော ဘဏ္ဍာဂါရိက, ဓမ္မကထိက, ဝိနည်းဓိုရ်, ဂဏဝါစက စာချဆရာဖြစ်သော ရဟန်းတို့ကို ထိုဂုဏ်တွေရှိခြင်းကြောင့် ထသွားအောင် မပြုကောင်း၊ ထိုပုဂ္ဂိုလ်များကို သံဃာပေးသောသူဟု ဆို၏၊ ဂုဏ်ထူးရှိသူများ ဖြစ်၍ သံဃာက သီးခြားနေရာကို သံဃာထံ ပန်ပြောလျက် ပေးထားလေ့ရှိ၏၊

ဤသို့ သီတင်းကြီး, သူနာ, သံဃာပေးသောသူ ပုဂ္ဂိုလ် (၃)မျိုးကို ထသွားအောင် မပြုကောင်းမှန်း သိခြင်းကို ဇာနံဟု ဆိုသည်။

(ဆောင်) သီတင်းကြီး, သူနာ, သံဃာပေးသောသူ၊ သုံးယောက်ဟူ ထမူ မထစေ အပ်။

အနုပခဇ္ဇ၊ အနု-ရှေး, ဥပ-ရှေးရှိသော ခိ-ဓာတ် တွာ-ပစ္စည်း၊ ခိ-ဓာတ် = ဟိံသန - ညှဉ်းဆဲခြင်းအနက်ဟော၊ အနီးသို့ ကပ်ရောက်ခြင်းဖြင့် ညှဉ်းဆဲ ခြင်း, ဥပစာအတွင်းသို့ ဝင်နေခြင်း ဟူ၏၊ ဆိုအပ်ပြီးသော ရဟန်းသုံးမျိုးတို့၏ ညောင်စောင်း အင်းပျဉ်တို့၏ ဥပစာ ထိုရဟန်းတို့၏ ထွက်ရာဝင်ရာ ဥပစာသို့ ဝင်ခြင်း, နေထိုင်ခြင်း, ဝင်အိပ်ခြင်းကို အနုပခဇ္ဇဟု ခေါ်သည်။ ရှေးနိဿယ၌ အနုပခဇ္ဇ - တိုးဝှေ့၍ဟု အနက်ပေးသည့်အတွက် “ပွတ်ကပ်ကြပ်နေအောင် ဝင်ထိုင်နေသည်”ဟု ထင်မှားတတ်ကြသည်။

ဥပစာအရ ယူပုံ

ဥပစာ-အရ ကြီးသောကျောင်းဖြစ်အံ့ ညောင်စောင်း, အင်းပျဉ်၏ အရပ်လေးမျက်နှာမှ တစ်တောင့်ထွာ ယူ၊ နံရံဘက်က ဥပစာ မရလျှင်လည်း ကောင်း, ငယ်သောကျောင်း ဖြစ်လျှင်လည်းကောင်း တစ်ခုတစ်ခုသော အရပ် မှ တစ်တောင့်ထွာကို ယူရသည်။

ဝင်ရာအရပ်ဥပစာ ထွက်ရာအရပ်ဥပစာ

ဝင်ရာအရပ်ဥပစာကား ခြေဆေးရာနေရာမှစ၍ ညောင်စောင်း, အင်းပျဉ်တိုင်အောင် တစ်တောင့်ထွာ လမ်းခရီးကိုယူ၊ ထွက်ရာအရပ် ဥပစာကား ညောင်စောင်း, အင်းပျဉ်မှ ကျင်ငယ်စွန့်ရာ အရပ်တိုင်အောင် တစ်တောင့်ထွာ လမ်းခရီးကို ယူရသည်။

အာပတ်သင့်ပုံများ

ထိုရဟန်း၏ ကျဉ်းမြောင်းခြင်းကို အလိုရှိ၍ ဥပစာ၌ ဆယ်ပါးသော အိပ်ရာတို့တွင် တစ်ခုခုသော အိပ်ရာကို ခင်းအံ့ ခင်းစေအံ့ ဒုက္ကဋ်၊ ခင်းပြီးနောက် ထိုင်ရုံသာထိုင်အံ့ ပါစိတ်တစ်ချက်၊ အိပ်ရုံသာ အိပ်အံ့ ပါစိတ်တစ်ချက်၊ ထိုင်ခြင်း အိပ်ခြင်းနှစ်ပါးစုံ ပြုအံ့ ပါစိတ်နှစ်ချက်၊ ထ၍ထ၍ ထိုင်ခြင်း အိပ်ခြင်း အကြိမ်ကြိမ်ပြုအံ့ အကြိမ်တိုင်း အကြိမ်တိုင်း ပါစိတ်အာပတ်သင့်၏၊

ဖဲသွားစေလိုခြင်း စိတ်ယုတ်မာဖြင့် ကပ်ဝင်နေထိုင်မှ ပါစိတ်အာပတ် သင့်သည်။ မကျန်းမာခြင်း စသည်ကြောင့်လည်းကောင်း နေရာအခက်အခဲ မတတ်သာ၍ ကပ်ဝင်နေထိုင်သူမှာ အာပတ်မသင့်။

၇။ နိက္ကဍ္ဎန သိက္ခာပုဒ်အဓိပ္ပာယ်

ခိုက်ရန်ဒေါသစသည် မပြုတတ်သော ရဟန်းတစ်ပါးကို သံဃိကကျောင်းမှ စိတ်ဆိုး၍ နှင်ထုတ်လျှင်လည်းကောင်း နှင်ထုတ်ခိုင်းလျှင်လည်းကောင်း ပါစိတ်အာပတ်သင့်၏၊

နှင်ထုတ်ဟူရာ၌ တရားသဖြင့် နေသူကို နှင်ထုတ်မှသာ အာပတ်သင့်သည်။ ခိုက်ရန်ပြုတတ်သော ရဟန်း၊ အလဇ္ဇီရဟန်း၊ ရန်ဖြစ်တတ်, ငြင်းခုံတတ်, ဆန့်ကျင်ဘက်စကားကို ပြောတတ်, စကားများတတ်, သံဃာ၌ အဓိကရုဏ်း ပြုစေတတ်သော ရဟန်း၊ ဆရာဥပဇ္ဈာယ်၏ ဝတ်ကို ကောင်းစွာ မပြုကျင့်သော အနီးနေ အန္တေဝါသိကတပည့်, အတူနေ သဒ္ဓိဝိဟာရိက တပည့်ရဟန်းတို့ကို နှင်ထုတ်နိုင်သည်။

အာပတ်သင့်ပုံများ

ခိုက်ရန်ပြုတတ်သော ရဟန်းများနှင့် ထိုသူတို့၏ ပရိက္ခရာကိုကား သံဃိကတစ်တိုက်လုံးမှ နှင်ထုတ်သော်လည်း အာပတ်မသင့်၊ အလဇ္ဇီရဟန်း သာမဏေနှင့် ကောင်းမွန်စွာ ဆုံးမသည်ကို မလိုက်နာသော ရဟန်း သာမဏေများကိုမူ မိမိနေရာ သံဃိကကျောင်း ကျောင်းတစ်ဆောင်မှသာ နှင်ထုတ်ခွင့်ရှိ၏၊ တစ်တိုက်လုံးမှကား နှင်ထုတ်ခွင့်မရှိ၊ မိမိနှင့် အကျွမ်းမဝင်သူ သူများပိုင် ပုဂ္ဂလိကကျောင်းမှ နှင်ထုတ်ရာ၌လည်းကောင်း, လူ သာမဏေကို လည်းကောင်း, ပရိက္ခရာပစ္စည်းများကိုလည်းကောင်း, ဆွဲထုတ်ရာ၌ ဒုက္ကဋ်၊ မိမိနှင့် အကျွမ်းဝင်သူ ပုဂ္ဂလိကကျောင်းမှ စိတ်ဆိုး၍ နှင်ထုတ်လျှင်လည်းကောင်း, မိမိပုဂ္ဂလိကပိုင်ကျောင်းမှ သဘောမကျသူဟူသမျှကို နှင်ထုတ်ရာ၌လည်းကောင်း အာပတ်မသင့်ပေ။

အင်္ဂါသုံးပါး

(၁) သံဃိကကျောင်းဖြစ်ခြင်း၊ (၂) ခိုက်ရန်ငြင်းခုန်စသည် မပြုတတ်သော ရဟန်းဖြစ်ခြင်း၊ (၃) စိတ်ဆိုး၍ နှင်ထုတ်ခြင်း, အနှင်ခိုင်းခြင်း၊ ပေါင်း (၃) ပါးတည်း။

(ဆောင်) သံဃာ့ကျောင်းမှန်, ခိုက်ရန်မသန်း, ရဟန်းဖြစ်လျက်, အမျက်ထွက် လျှင်း, ငင်ခြင်းစေလတ်, အင်သုံးရပ်, နိက္ကဍ္ဎနတည်း။

၈။ ဝေဟာသကုဋိ သိက္ခာပုဒ်အဓိပ္ပာယ်

အထက်၌ ကြမ်း, ပျဉ်ချပ်တို့ဖြင့် မစီမခင်းအပ်သေးသော မဇ္ဈိမပုရိသ ဦးခေါင်းလွတ်အောင် မြင့်သော သံဃိကကျောင်း၏ ဆင့်ပေါ်တွင် တင်ထား အပ်သော, အပေါင်တွင် ခြေစွပ်သော စို့ ပရစ် မထိုးအပ်သေးသော ညောင်စောင်း အင်ပျဉ်ဟု ခေါ်သော ခုတင် ထိုင်ခုံတို့ကို ဖိ၍ မထိုင်ရ၊ မအိပ်ရ၊ ထိုသို့ ပြုလုပ်လျှင် ဝေဟာသကုဋိသုဒ္ဓပါစိတ်အာပတ် သင့်၏၊

ဤသိက္ခာပုဒ်သည် ညောင်စောင်း, အင်းပျဉ်ခြေထောက်များ ပြုတ်ထွက်၍ အောက်ထပ်၌ သွားလာနေထိုင်သူ၏ အပေါ်သို့ ကုတင်ခြေထောက် ပြုတ်ကျဖူးသောကြောင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။ ခြေထောက်ကို ထွင်း၍ အပေါင်တပ်ထားလျှင်ကား ပြုတ်ထွက်သွားဖွယ် မရှိ၍ ဤသိက္ခာပုဒ်နှင့် မဆိုင်။ ထိုညောင်စောင်းခြေများလည်း အပေါင်၌ စွဲနေအောင် (မကျွတ်နိုင်အောင်) စို့ (သံ)ရိုက်ထားလျှင် ကျွတ်ထွက်ဖွယ် မရှိတော့ရကား ဤသိက္ခာပုဒ်၌ ထိုကဲ့သို့ စို့ (သံ) မရိုက်ဘဲ တပ်ရုံတပ်ထားသော ညောင်စောင်းခြေများ ဖြစ်သည်ဟု မှတ်။

အင်္ဂါလေးပါး

(၁) သံဃိကကျောင်းဖြစ်ခြင်း၊ (၂) ဦးခေါင်းကို မတိုက်မိလောက်အောင် မြင့်သော ဝေဟာသကုဋိဖြစ်ခြင်း၊ (ဦးခေါင်းကို တိုက်မိလောက်အောင် နိမ့်နေလျှင် ဖိထိုင်သူမှာ အာပတ်မသင့်၊ အောက်က သွားလာသူ၏ တာဝန်သာ)၊ (၃) အောက်ထပ်၌ သွားလာသုံးစွဲလေ့ရှိခြင်း၊ (အောက်ထပ်၌ သစ်သားစသည် ပုံထား၍ နေထိုင်သုံးစွဲခြင်း မရှိလျှင် အပေါ်ထပ်ကုတင်ပေါ်၌ ထိုင်နေသော်လည်း အာပတ်မသင့်၊ နေထိုင်ရာ မဟုတ်သော အောက်ထပ်၌ လာရောက် နေထိုင်သူ၏ အပြစ်သာ၊ (၄) စို့, သံ မရိုက်အပ်သော အာဟစ္စပါဒက ညောင်စောင်း အင်းပျဉ်၌ ထိုင်ခြင်း, အိပ်ခြင်း၊ ပေါင်း လေးပါးတည်း။

(မှတ်ချက်) မဇ္ဈိမ, ပုရိ၊ ခေါင်းမထိ၊ ကုဋိကိုသာ ယူ။

(ဆောင်) သံဃိကကျောင်း၊ ဦးခေါင်း မထိ၊ ကုဋိဝေဟာ၊ အောက်မှာ သုံးဆောင်၊ စို့ပေါင် မနှက်၊ ခြေရှိလျက်လျှင်၊ ညောင်အင်၌သာ၊ ထိုင်အိပ်ပါ၊ ဝေဟာ အင်္ဂါလေး။

၉။ မဟလ္လကဝိဟာရ သိက္ခာပုဒ်အဓိပ္ပာယ်

ကျောင်းဒကာရှိသော ကြီးသော ဥလ္လိတ္တာ, ဝလိတ္တကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် တံခါးရွက် တံခါးဘောင်များကို ခိုင်မြဲစေဖို့ရာ တံခါးဘောင် (ကျည်းခွေ)၏ ပတ်ပတ်လည် နှစ်တောင့်ထွာအရပ်ကို အင်္ဂတေ (သို့မဟုတ်) မြေညက်တို့ဖြင့် (တံခါးရွက်ဖြင့် ရိုက်မိတတ်၍ ကွာမကျအောင်) အထပ်ထပ် လိမ်းကျံနိုင်သည်။ လေသာပြူတင်း တံခါးရွက်များကို ခိုင်မြဲအောင် ပြုဖို့ရန်လည်း ထိုလေသာပြူတင်း၏ ပတ်ပတ်လည်၌ အထပ်ထပ် လိမ်းကျံနိုင်သည်။ အပေါ်အမိုးကိုလည်း နှစ်ထပ် သုံးထပ်အထိ ကောက်ပင်, ပဲပင်, ဗူး, ဖရုံပင် မရှိရာအရပ်၌ ရပ်လျက် ကိုယ်တိုင် ကြပ်မတ် စီမံနိုင်သည်။ ထိုနှစ်ထပ် သုံးထပ်ထက် တိုး၍ စီမံလျှင်ကား ကောက်ပဲသီးနှံ မရှိရာအရပ်၌ ရပ်လျက် စီမံစေကာမူ ပါစိတ်အာပတ်သင့်၏၊

(ဆောင်) ဥလ္လိတ္တာ ဝလ္လိတာ ကျောင်းမျိုးသာ, ဤမှာ ဝိဟာယူ။ (မေဒိနီ၊၂၉၄။)

ဒွိတ္တိစ္ဆဒနဿပရိယာယံပုဒ် အဓိပ္ပာယ်

ဒွိတ္တိနှင့် ပရိယာယသည် ဆဒနဿပုဒ်ခြားလျက် သမာသ်စပ်ထားသည် ဖြစ်၍ အယုတ္တသမာသ်ပုဒ်တည်း။ နဝံ ပန ဘိက္ခုနာ စီဝရလာဘေနကဲ့သို့, နဝံ ပန ဘိက္ခုနာ သန္ထတံကဲ့သို့ နဝံနှင့် စီဝရ၊ နဝံနှင့် သန္ထတံ ကျော်စပ်အနက် ပေးရသည်။ ဒွိတ္တိနှင့် ပရိယာယံကို တွဲ၍ အနက်ပေးရသည်ဟု မှတ်။

နတ္ထိ ဟရိတံ ဧတ္ထာတိ အပ္ပဟရိတံ = စိမ်းစိုသော ကောက်ပဲသီးနှံ မရှိသော အရပ်တည်း။ အပ္ပသဒ္ဒါသည် အပ္ပိစ္ဆောကဲ့သို့ မရှိခြင်း အဘာဝ အနက်ကို ဟောသည်။ ဟရိတသဒ္ဒါသည် စိမ်းစိုသော အဖျား၌ သီးသော ကောက်မျိုး, အဆစ်၌သီးသော ဗူး ဖရုံစသော ပဲမျိုးတို့ကိုယူ။ အကြင်မျိုးစေ့ သည် လယ်ယာတို့၌ ကြဲထားကာမျှဖြစ်၍ အပင်မပေါက်သေးသော်လည်း မိုဃ်းရွာသော် အပင်ပေါက်လတ္တံ့၊ ထိုမျိုးစေ့ ကြဲထားရာ အရပ်မျိုးကိုလည်း စိမ်းစိုသော ကောက်ပဲ ဟရိတပင် ဆိုရမည်။

တတော စေ ဥတ္တရိ အပ္ပဟရိတေပိ ဌိတော အဓိဋ္ဌဟေယျ။

စိမ်းစိုသော ကောက်ပဲရှိရာ အရပ်မျိုး၌ ရပ်၍ စီရင်သော ရဟန်းအား ဒုက္ကဋ်၊ ကောက်ပဲပင် မရှိသော်လည်း စုလစ်မွန်းချွန် မတင်သော ကျောင်းဖြစ်အံ့၊ ခေါင် လျောက် နံပါး စုလစ်မွန်းချွန်တင်သော ကျောင်းဖြစ်အံ့၊ ထုပိကာ၏ နံပါး၌ ရပ်သော, အမိုးပေါ်၌ နေသော ယောက်ျားသည် အမိုးစွန်း ခြင်မြိတ်စွန်းဖြင့် အောက်သို့ ငုံ့ကြည့်သော် မြေ၌ရပ်၍ စီရင်သောရဟန်းကို မြင်အံ့၊ ရဟန်းကလည်း အပေါ်သို့ မော်၍ကြည့်သော် ထိုအမိုး၌နေသော ယောက်ျားကို မြင်အံ့၊ ထိုမြင်ရာအရပ်၌သာ ရပ်ရမည်။ မြင်ရာအရပ်အတွင်း၌ ကောက်ပဲပင် မရှိသော်လည်း ပြိုကျသည်ရှိသော် ထိုရဟန်းကို ပိမည်စိုး၍ မရပ်အပ်ဟု သိ။

နှစ်ထပ်သုံးထပ် မိုးပုံ

အဖြောင့်အားဖြင့်မိုးသော် သုံးထပ်, အဖြောင့်မိုးခြင်းထက်အလွန် လည်၍မိုးသော် သုံးထပ်လည်၍ မိုးခြင်းထက်အလွန် မစီရင်ရ၊ ထိုသို့မိုးရာ၌ နှစ်ထပ်မိုးပုံကို သဘောမကျသေးလျှင် ဖျက်ကာဖျက်ကာ သဘောကျသည့်တိုင်အောင် စီမံ၍ သုံးခုမြောက်အထပ်ကိုကား ဤနည်းအတိုင်း မိုးရစ်တော့ဟု မှာထား၍ သွားရမည်။ မသွားဘဲ ကြည့်နေလျှင်လည်း ထပ်၍ မပြောရ၊ ထပ်၍ ပြောဆိုစီမံလျှင် ပါစိတ်အာပတ်သင့်၏၊

သုံးထပ်ထက်အလွန် မြက်သစ်ရွက်တို့ဖြင့် မိုးအံ့၊ မြက်ဆုပ် သစ်ရွက်ဆုပ် အရေအတွက်အတိုင်းပါစိတ်၊ အုတ်ကျောက် အင်္ဂတေတို့ဖြင့်မိုးအံ့၊ အုတ်စသည် အရေအတွက်အတိုင်း ပါစိတ်အာပတ် သင့်၏၊

၁၀။ သပ္ပါဏကသိက္ခာပုဒ် အဓိပ္ပာယ်

သပ္ပါဏကံ ဥဒကံ တိဏံ ဝါ မတ္တိကံ ဝါ ပုဒ်တို့ကို နှစ်နည်းအနက်ပေးရာ၌ ပထမနည်းအလို “ပိုးရှိသော ရေကို ယူ၍ မြက်ထဲသို့သော်လည်းကောင်း, မြေညက်ပေါ်သို့လည်းကောင်း, ကိုယ်တိုင်ဖြစ်စေ ခိုင်း၍ဖြစ်စေ သွန်ပစ်လောင်းထည့်သည်ဟု ဆိုသည်။ ဤနည်းအရ ရေအိုး ရေကန် ရေတွင်းများမှ ပိုးရှိသော ရေကို ပိုးရှိမှန်းသိလျက် မသွန်မလောင်းကောင်းဟု မှတ်။ ဒုတိယနည်း - ပိုးရှိသော ရေထဲသို့ မြက် (သစ်ရွက်, သစ်ခက်)တို့ကိုသော်လည်းကောင်း, မြေညက်ကိုသော်လည်းကောင်း, ကိုယ်တိုင်ဖြစ်စေ ခိုင်း၍ဖြစ်စေ လောင်းထည့်သည်ဟု ဆိုလိုသည်။ ဤနည်းဝယ် ပိုးရှိသော ရေဟူရာ၌ သစ်ရွက်, သစ်ခက်, အမှိုက်, မြေညက်တို့ကို ထည့်လိုက်လျှင် ရေ နောက်သွားသဖြင့် ပိုးကလေးများ သေဖွယ်ရှိသော နည်းနည်းပါးပါး ကျင်းအိုင်ကလေးများရှိ ရေကိုသာ ဆိုလိုသည်။ မြစ်ချောင်း ကန်ကြီးများဝယ် များစွာသော ရေ၌ကား ထိုမြက်စသည် ထည့်၍ ပိုးမသေနိုင်၊ ဤသိက္ခာပုဒ်ကို သိဉ္စနသိက္ခာပုဒ်ဟုလည်း အချို့နေရာ၌ နာမည်ပေးသည်။

အထူးသိရန်

သောက်ခြင်း ချိုးခြင်းဟု ဆိုအပ်သော အတွင်းသုံးဆောင်ခြင်းကို အထက် သပ္ပါဏကသိက္ခာပုဒ် ရှိပြီးဖြစ်သောကြောင့် ဤသိက္ခာပုဒ်ကို အပ သုံးဆောင်ခြင်းကို ရည်၍ ဝတ္ထုအလျောက် ဟောတော်မူသည်။ ဤ သိက္ခာပုဒ် နှစ်ခုအပေါင်းကို အထူးပြု၍ (ဝါ) သပ္ပါဏကချည်းပြု၍ သေစေလိုသော စေတနာမရှိဘဲ သွန်းလောင်းခြင်း၌ ပညတ်တော်မူခြင်းကြောင့် ပဏ္ဏတ္တိဝဇ္ဇ ဖြစ်သည်။ သေစေလိုသော စေတနာရှိလတ်သော် သဉ္စိစ္စပါဏ သိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ် သင့်၏၊ ဤသိက္ခာပုဒ်ဖြင့် ပါစိတ်မသင့်ဟု ဝိမတိဆို၏၊

ဆီမီး၌ ကျ၍ ပိုးဖလံစသည်တို့ သေကုန်အံ့ဟု သိလျက် ဆီမီးထွန်းသော ရဟန်းအား ဝဓကစေတနာနှင့် ကင်း၍ ပါစိတ်အာပတ် သင့်သကဲ့သို့ ဤရေကို သုံးဆောင်ခြင်းဖြင့် ပိုးတို့ သေကုန်အံ့ဟု ရှေးအဖို့၌ သိသော ရဟန်း ၏ သွန်လောင်းခြင်း၊ သွန်လောင်းစေခြင်းသည် ဝဓကစေတနာ (သေစေလိုသော စေတနာ)နှင့် ကင်း၍လည်း ပါစိတ်အာပတ် သင့်ကောင်းသောကြောင့် ပဏ္ဏတ္တိဝဇ္ဇဟု သာရတ္ထဆို၏၊ (မေဒိနီ၊၂၉၈။)

အင်္ဂါ (၄) ပါး - 
၁။ ပိုးရှိသော ရေဖြစ်ခြင်း၊ 
၂။ သွန်လောင်းသဖြင့် ပိုး သေအံ့ဟု သိခြင်း၊ 
၃။ ပိုးသေလောက်အောင် ရေကုန်ခန်းခြင်း စသည်သို့ ရောက်ခြင်း၊ 
၄။ သေစေလိုသော စေတနာ မရှိဘဲ မြက်စသည်သို့ သွန်လောင်းခြင်း၊ ပေါင်း (၄)ပါး တည်း။

(ဆောင်) ပိုးရှိသောရေ၁၊ သွန်လောင်းလေသော်၊ ပိုးသေမည်သိ၂ ရေ၏ ဖြစ်ချက်၊ သေလောက်လျက်ပင်၃၊ မြက် မြေ ခပင်း၊ သွန်းထည့်ခြင်းဟု၄ ကြောင်းရင်းလေးဖြာ၊ အင်ညီညာ သပါဏကသင့်။