ဝိနည်းပဒေသာသင်တန်း/ဘေဒါနုဝတ္တက သိက္ခာပုဒ်
၁၁။ ဘေဒါနုဝတ္တက သိက္ခာပုဒ်
သံဃာကွဲပြားအောင် လုံ့လပြုသော ရဟန်း၏ အယူဝါဒကို တစ်ပါး နှစ်ပါးကုန်သော ရဟန်းတို့သည် အတုလိုက်၍ ကျင့်ကြကုန်၏၊ ထိုရဟန်းတို့က အခြားရဟန်းတို့အား “အရှင်တို့ ..ထိုရဟန်းအား တစ်စုံတစ်ခုမျှ မဆိုကုန်လင့်၊ ထိုရဟန်းသည် ဓမ္မကိုလည်း ဆိုလေ့ရှိ၏၊ ဝိနည်းကိုလည်း ဆိုလေ့ရှိ၏၊ ငါတို့၏ ထောက်ခံချက်အတိုင်း သူသည် ဆို၏၊ ငါတို့သည်လည်း ထိုအယူကို နှစ်သက်ကြကုန်၏”ဟု ဆိုကုန်ကြ၏၊
ထိုရဟန်းတို့ကို အခြားရဟန်းတို့က “အရှင်တို့ ... ဤသို့ မဆိုကုန်လင့်၊ ထိုရဟန်းသည် ဓမ္မကိုလည်း ဆိုလေ့မရှိ၊ ဝိနည်းကိုလည်း ဆိုလေ့မရှိ၊ အရှင်တို့သည်လည်း သံဃာတော်၏ ကွဲပြားခြင်းကို မနှစ်သက်အပ်ကုန်၊ အရှင်တို့သည် သံဃာတော်နှင့် သဘောချင်း ညီညွတ်ကုန်လော့၊ ညီညွတ်ခြင်း၏ အကျိုးကား ညီညွတ်သော သံဃာတော်သည် ငြင်းခုံခြင်း မရှိ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာစွာဖြင့် တူသော ပါတိမောက်ပြလျက် ချမ်းသာစွာ နေရာ၏”ဟု ပြောဆိုရမည်။
နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ကုန်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ကုန်ငြားအံ့ ဒုက္ကဋ်အာပတ်သင့်၏၊ (ကြားလျက် မပြောဆိုကုန်ငြားအံ့ ဒုက္ကဋ်) ထိုရဟန်းတို့ကို သံဃာအလယ်သို့ ခေါ်ဆောင်၍ ထပ်မံပြောဆိုရမည်။ ထိုအယူကို စွန့်ငြားအံ့ ကောင်း၏၊ မစွန့်လျှင် ဒုက္ကဋ်အာပတ် သင့်ပြန်၏၊
ထို့နောက် သံဃာတော်တို့က ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် သမနုဘာသနကံ ပြုရမည်။ ဆုံးမ၍ အယူကို စွန့်ကြလျှင် ကောင်း၏၊ အယူကို မစွန့်ကြလျှင် သုံးကြိမ်မြောက် ကမ္မဝါစာအဆုံး၌ ထိုနောက်လိုက်ရဟန်းတို့အား ဘေဒါနုဝတ္တက သံဃာဒိသေသ်အာပတ် သင့်၏၊
(မှတ်ချက်) နှစ်ပါး သုံးပါးထက်အလွန် နောက်လိုက်ရဟန်းများ ဖြစ်နေလျှင် တစ်ပေါင်းတည်း မဆုံးမအပ်၊ နှစ်ပါးစီ သုံးပါးစီ ခွဲ၍ ဆိုဆုံးမ ရမည်။
(ဆောင်) သံဃာခွဲသူ့ နောက်လိုက်မှုနှင့်၁၊ သမနုဘာသနံ ဓမ္မကံတည်း၂၊ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃၊ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄၊ ကြောင်းရင်းလေးတန် အင်ညီပြန်၊ သင့်ရန် အနုဝတ္တက။
သံဃဘေဒကကံ - သံဃာကို အသင်းအစု ကွဲသွားအောင် ခွဲခြားမှုပြုသော ကံတည်း။ ပဉ္စာနန္တရိယကံကြီးငါးပါးတွင် ပါဝင်သည်။ မိဘတို့ကို အသေသတ်သော ကံကဲ့သို့ပင် သေလွန်ပြီးနောက်ဘဝ၌ ဧကန်မုချ ငရဲသို့ ကျရောက်ရသော ကံကြီး ဖြစ်သည်။
သံဃာကွဲပြားကြောင်း ဘေဒကရဝတ္ထု (၁၈) ပါး
၁။ ကုသလကမ္မပထဓမ္မ (၁၀)ပါးကို အဓမ္မဟု ပြခြင်း၊
၂။ အကုသလကမ္မပထဓမ္မ (၁၀)ပါးကို ဓမ္မဟု ပြခြင်း၊
၃။ ဝိနယကို အဝိနယဟု ပြခြင်း၊
၄။ အဝိနယကို ဝိနယဟု ပြခြင်း၊
၅။ မြတ်စွာဘုရားဟောကြားအပ်သော ဘာသိတကို အဘာသိတဟု ပြခြင်း၊
၆။ မြတ်စွာဘုရား မဟောကြားအပ်သော အဘာသိတကို ဘာသိတဟု ပြခြင်း၊
၇။ ဘုရားရှင်၏ အလေ့အကျင့် အာစိဏ္ဏကို အနာစိဏ္ဏဟု ပြခြင်း၊
၈။ ဘုရားရှင်၏ အလေ့အကျင့် မဟုတ်သော အနာစိဏ္ဏကို အာစိဏ္ဏဟု ပြခြင်း၊
၉။ ဘုရားရှင်ပညတ်တော်မူအပ်သော ပညတ္တကို အပညတ္တဟု ပြခြင်း၊
၁၀။ ဘုရားရှင် မပညတ်တော်မူအပ်သော အပညတ္တကို ပညတ္တဟု ပြခြင်း၊
၁၁။ အာပတ်သင့်ရောက်သော အာပတ္တိကို အနာပတ္တိဟု ပြခြင်း၊
၁၂။ အာပတ်မသင့်ရောက်ကြောင်း အနာပတ္တိကို အာပတ္တိဟု ပြခြင်း၊
၁၃။ ပေါ့ပါးသော လဟုအာပတ်ကို လေးသော ဂရုကအာပတ်ဟု ပြခြင်း၊
၁၄။ လေးသော ဂရုကအာပတ်ကို ပေါ့သော လဟုကအာပတ်ဟု ပြခြင်း၊
၁၅။ ကုစား၍ အကြွင်းရှိသော သာဝသေသအာပတ်ကို အနဝသေသအာပတ်”ဟု ပြခြင်း၊
၁၆။ ကုစား၍အကြွင်းမရှိသော အနဝသေသအာပတ်ကို သာဝသေသအာပတ်ဟု ပြခြင်း၊
၁၇။ ရုန့်ရင်းသော ဒုဋ္ဌုလ္လအာပတ်ကို အဒုဋ္ဌုလ္လအာပတ်ဟု ပြခြင်း၊
၁၈။ မရုန့်ရင်းသော အဒုဋ္ဌုလ္လအာပတ်ကို ဒုဋ္ဌုလ္လအာပတ်ဟု ပြခြင်းဟူ၍ ဘေဒကရဝတ္ထု (၁၈)ပါး ဖြစ်သည်။
(ဆောင်) ဓမ္မ-ဝိနယ၊ ဘာသိတ၊ စိဏ္ဏ-ပညတ္တံ။
အာပတ်-လဟုက ဒုဋ္ဌုလ္လ၊ သာဝသေသမှန်။
တစ်ဆယ့်ရှစ်ခု၊ ကွဲပြားမှု၊ ဝတ္ထုကိုးဒုက်ရန်။
သိက္ခာပုဒ် (၃) ပါးလာ အဓိကရဏ သဒ္ဒါ (၃) ပါး အထူး
ပထမဒုဋ္ဌဒေါသသိက္ခာပုဒ်၌ အဓိကရဏကား ပါရာဇိကအာပတ်ဟူသော အာပတ္တာဓိကရုဏ်းကို ဟောသည်။ ဒုတိယဒုဋ္ဌဒေါသသိက္ခာပုဒ်၌ အဓိကရဏကား ဒဗ္ဗမလ္လပုတ္တဟူသော အမည်ပညတ်၏တည်ရာ ဆိတ်ဖို သတ္တဝါဒြပ်ကို ဟောသည်။ ဤသံဃဘေဒကသိက္ခာပုဒ်၌ အဓိကရဏကား သံဃာကွဲပြားခြင်း၏ ဘေဒကရဝတ္ထု (၁၈)ပါးသော အကြောင်းကို ဟောသည်။ ဤသို့ အာပတ်, တည်ရာ, အကြောင်းကို ဟောကြောင်း ခွဲခြားသိပါ။
(ဆောင်) အာပတ်, တည်ရာ၊ ကြောင်းဟောပါ၊ သုံးဖြာ အဓိကရဏ။
မြင်ကုန်ကြားကုန်သောရဟန်းတို့၏ တာဝန်
မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် သံဃာသင်းခွဲနေသော ရဟန်းရှိရာ အယုတ်ဆုံး ယူဇနာဝက် (ဝါ) နှစ်ဂါဝုတ်မျှလည်းဖြစ်သော ဝေးကွာသော ခရီးသို့ ကိုယ်တိုင်သွား၍ မာယသ္မာ စသော စကားအစဉ်ဖြင့် ဆို၍ တားမြစ် ဆုံးမရမည်။ မြင်လျက်ကြားလျက် ကိုယ်တိုင်သွား၍ မဆိုဆုံးမက ဒုက္ကဋ်၊ တမန်စေ၍ဖြစ်စေ, စာပေး၍ဖြစ်စေ ပြောဆိုဆုံးမသော ရဟန်းအားလည်း ကိုယ်တိုင်သွားသည် မဟုတ်သောကြောင့် အာပတ်မှ မလွတ်။
သံဃာသင်းခွဲမှု နိဒါန်း
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်က ဖြစ်ရပ် ဖြစ်သည်။ ဒေဝဒတ်ရဟန်းသည် သူ၏ မိတ်ဆွေများ ဖြစ်ကြသော ကောကာလိက, ကဋမောဒကတိဿ, သမုဒ္ဒဒတ္တတို့နှင့် တိုင်ပင် ညှိနှိုင်း၍ မြတ်စွာဘုရားရှင်၏ အာဏာစက်ကို ပျက်ပြားစေရန် သံဃာဂိုဏ်းအုပ်စု ကွဲပြားစေရန် ကြံစည်အားထုတ်ကြလေသည်။
မြတ်စွာဘုရားရှင် ခွင့်ပြုတော်မမူနိုင်သည့် အချက်ကြီး (၅)ချက်က်ို လျှောက်ထားတောင်းခံလေသည်။ ထိုအချက်ကြီး (၅)ချက်သည် လာဘ်လာဘ အခြံအရံ အကျော်အစော ဂုဏ်သတင်းကြီးမားလိုသူတို့အတွက် အလွန်ကောင်းသော အချက်များပင် ဖြစ်ကြသည်။ အရှိန်အဝါ ဂုဏ်သတင်း အကျော်အစောတို့ကို လိုလားသော စိတ်ထားဖြင့် ထိုအကျင့်များကို ကျင့်ပါက မိစ္ဆာဇီဝဖြစ်သောကြောင့် မြတ်စွာဘုရားရှင်သည် ဤကဲ့သို့ လိုလား၍ ကျင့်သည်များကို စက်ဆုပ်တော်မူသည်။
အရှင်ဒေဝဒတ် တောင်းဆိုသော အချက်ကြီး (၅) ချက်
၁။ ရဟန်းများသည် အသက်ထက်ဆုံး တောရကျောင်း၌ နေကြရမည်။ ရွာနီးကျောင်း၌နေသော ရဟန်းအား အပြစ်ဒဏ် သတ်မှတ်တော်မူပါ။ (အာရညကင်္ဂဓုတင်)
၂။ ရဟန်းများသည် အသက်ထက်ဆုံး ဆွမ်းခံလှည့်လည်၍ ရသောဆွမ်းကိုသာ စားရမည်။ ပင့်ဖိတ်လှူသောဆွမ်း, ပို့သောဆွမ်းကို စားသုံးသော ရဟန်းအား အပြစ်ဒဏ် သတ်မှတ်တော်မူပါ။ (ပိဏ္ဍပါတ်ဓုတင်)
၃။ ရဟန်းများသည် လူတို့ စွန့်ပစ်ထားသော အဝတ်သင်္ကန်း (ပံသုကူသင်္ကန်း) ကို အသက်ထက်ဆုံး ဝတ်ရုံကြရမည်။ ဒါယကာတို့ လှူသော သင်္ကန်းကို ဝတ်ရုံသော ရဟန်းအား အပြစ်ဒဏ် သတ်မှတ်ပညတ်တော်မူပါ။ (ပံသုကူဓုတင်)
၄။ ရဟန်းများသည် အသက်ထက်ဆုံး သစ်ပင်ရင်းမှာနေ၍ ရုက္ခမူဓုတင် ကျင့်သုံးနေထိုင်ရမည်။ ကျောင်းအဆောက်အဦး အတွင်း၌ နေသော ရဟန်းအား အပြစ်ဒဏ်သတ်မှတ် ပညတ်တော်မူပါ။ (ရုက္ခမူဓုတင်)
၅။ ရဟန်းများသည် အသက်ထက်ဆုံး အသား, ငါး စားခြင်းကို ရှောင်ကြဉ်ရမည်။ အသားငါး စားသုံးသော ရဟန်းအား အပြစ်ဒဏ်သတ်မှတ် ပညတ်တော်မူပါ။ (သက်သတ်လွတ်၊ ဘေးမဲ့)
ဤအချက်ကြီး (၅)ချက်တို့သည် ကိလေသာ နည်းပါးခြင်း၏အကြောင်း၊ ရောင့်ရဲလွယ်ခြင်း အလိုဆန္ဒ နည်းပါးခြင်း၏အကြောင်း ဖြစ်ပါသည်ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်က “ချစ်သားဒေဝဒတ် ဤ အချက်တို့ကို ကျင့်လိုသောသူများ ကျင့်သုံးကြရန် ငါဘုရား ခွင့်ပြုတော်မူပြီး ဖြစ်သည်။ ဤသို့ အပြစ်ဒဏ်သတ်မှတ် ပညတ်ရန်ကား မသင့်လျော်ချေ”ဟု ဒေဝဒတ်ရဟန်း၏ လျှောက်ထားချက်ကို ပယ်မြစ်တော်မူသည်။
ဒေဝဒတ်ရဟန်းသည် မျှော်လင့်ထားသည့်အတိုင်း ဘုရားရှင်ထံမှ ငြင်းပယ်မှုကို ရရှိသောအခါ ဘုရားရှင်အနီးမှ ထွက်ခွာလာ၍ “ရဟန်း ဂေါတမသည် ရဟန်းများ ကျင့်သုံးရန် အလွန်ကောင်းမွန်သည့် အကျင့် (၅)မျိုးကို ခွင့်မပြု၊ ငါတို့သည် ကောင်းမြတ်သော အကျင့် (၅)မျိုးတို့ကို ကျင့်ကြကုန်အံ့”ဟု ဆို၍ ရဟန်းများနှင့် လူများ သိအောင် ကြေညာလေသည်။
နောက်လိုက်ပရိသတ် များလာခြင်း
အရှင်ဒေဝဒတ်က ဤသို့ ကြေညာပြီးသည့်နောက် သဒ္ဓါတရားနည်းပါးသူ ဉာဏ်နည်းသူတို့က ဒေဝဒတ်နှင့် အပေါင်းပါတို့အား ခြိုးခြံစွာကျင့်သူများအဖြစ် ချီးမွမ်းကြသည်။ တချို့ရဟန်းငယ်များလည်း အရှင် ဒေဝဒတ်တို့နောက် လိုက်ပါ၍ ကျင့်ကြံ လိုက်နာကြသည်။ လူဒကာဒကာမများလည်း အားပေးထောက်ခံလာကြသည်။
သဒ္ဓါ-ပညာ ညီမျှသူတို့ လက်မခံ
သဒ္ဓါတရားရှိသူ ဉာဏ်အမြော်အမြင် ကြီးမားသူတို့ကမူ “ဒေဝဒတ်သည် သံဃာအချင်းချင်းကွဲပြားအောင်, ဘုရားရှင်၏ အာဏာစက် ပျက်ပြားအောင် အားထုတ်ဘိတကား”ဟု ပြစ်တင်ရှုတ်ချကြလေသည်။ ထိုအကြောင်းကို ရဟန်းတော်များ ကြားသိ၍ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်သည် ဒေဝဒတ်အား ခေါ်ယူစစ်ဆေး မေးမြန်းတော်မူ၍ ပြစ်တင် ရှုတ်ချတော်မူကာ သံဃဘေဒသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
သမဂ္ဂ နှင့် ဝဂ္ဂ
သမဂ္ဂ (= ညီညွတ်သောသံဃာ) ဟူရာ၌ တူသော ပေါင်းသင်းခြင်းရှိသော, တူသော သိမ်၌တည်သော သံဃာတော်ကို ဆိုသည်။ ဤသာသနာတော်၌ ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ဓမ္မကို အဓမ္မဟု အဝိနယကို ဝိနယဟု ဝိနယကို အဝိနယဟု ဤသို့ အစရှိသည်ဖြင့် (၁၈)ပါးသော ဘေဒကရဝတ္ထုတို့ဖြင့် ပြောကြားကြ, ပြကြပါသည်။ မိမိတို့၏ အယူဝါဒသို့ လိုက်ပါကြရန် ဆွဲဆောင်ကြပါသည်။ ထိုသို့ ဆွဲဆောင်ပြီးလျှင် အသီးအခြား ခွဲခြား၍ ဥပုသ်ကံ ပဝါရဏာကံ, ထိုမှ တစ်ပါးသော သံဃာ့ကံကြီး ကံငယ်တို့ကို ပြုကြပါကုန်သည်။ ဤနည်းဖြင့် သံဃာကွဲပြားသည် (= ဝဂ္ဂ) မည်ပါသည်။
သံဃရာဇိ (သံဃာ့အရေးအကြောင်း)
တစ်ဘက်သော သံဃာအစု၌ ရဟန်းတစ်ပါးရှိ၍ ကျန်တစ်ဘက်သော အစု၌ နှစ်ပါး ရှိပြီးလျှင် လေးပါးမြောက် ရဟန်းက “ဤကား ဓမ္မ၊ ဤကား ဝိနယ၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း၊ ဤမဲဆန္ဒကို ယူလော့၊ ဤ မဲဆန္ဒကို နှစ်သက်လော့”ဟု ပြောကြားခြင်း၊ ဤနည်းအတူ တစ်ဘက်မှ နှစ်ပါး ကျန်တစ်ဘက်မှ နှစ်ပါး၊ တစ်ဘက်မှ သုံးပါး ကျန်တစ်ဘက်မှ သုံးပါး၊ တစ်ဘက်မှ သုံးပါး၊ ကျန်တစ်ဘက်မှ လေးပါး ရှိ၍ ရှစ်ယောက်မြောက် ရဟန်း သည် “ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒတည်း၊ ဤအယူကို ယူလော့၊ ဤအယူကို နှစ်သက်လော့ဟု ပြောကြားခြင်း၊ ဤသို့လျှင် နှစ်ဘက်ပေါင်းမှ သံဃာလေးပါး၊ ငါးပါး၊ ခြောက်ပါး၊ ခုနစ်ပါး၊ ရှစ်ပါးရှိ၍ အယူကွဲပြားသော်လည်း သံဃာကွဲပြားဖို့ အရေးအကြောင်းမျှသာ ဖြစ်၍ သံဃာကွဲပြားခြင်း မဖြစ်သေးပါ။
သံဃဘေဒ (သံဃာ ကွဲပြားခြင်း)
တစ်ဘက်သော သံဃာအစု၌ ရဟန်းလေးပါး ရှိ၍ အခြားတစ်ဘက်သောအစု၌လည်း လေးပါး ရှိပြီးလျှင် ကိုးပါးမြောက်သော ရဟန်းတစ်ပါးက “ဤကား တရားတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒတည်း၊ ဤအယူကို ယူကြကုန်လော့၊ ဤအယူကို နှစ်သက်ကြကုန်လော့”ဟု ပြောကြားအံ့၊ ဤနည်းဖြင့် တစ်ဘက်မှ လေးပါး တစ်ဘက်မှ ငါးပါး နှစ်ဘက်ငါးပါးစီ ဤသို့စသည်ဖြင့် ကိုးပါးကိုးပါးထက် အလွန်ရှိလျှင် သံဃာကွဲပြားရာ အရေးအကြောင်းလည်းဖြစ်၍ သံဃာလည်း စင်စစ် ကွဲပြားပါတော့သည်။ ဤကား သံဃာအက်ကြောင်းထင်ခြင်း (=သံဃရာဇိ) သံဃာကွဲပြားခြင်း (= သံဃဘေဒ) နှစ်မျိုးတို့တည်း။
ဘေဒါနုဝတ္တကသိက္ခာပုဒ် နိဒါန်း
ရာဇဂြိုဟ်မြို့၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်ဒေဝဒတ်သည် သံဃာသင်းခွဲမှုကို ပြုလုပ်ရာ ရဟန်းတော်များက အရှင်ဒေဝဒတ်အား ဝိုင်းဝန်း ပြစ်တင်ပြောဆိုကြသည်ကို အရှင်ဒေဝဒတ်ဘက်မှ လိုက်၍ ခုခံပြောဆိုကြသော အရှင်ကောကာလိက စသော နောက်လိုက် ရဟန်းများအကြောင်းကို ဘုရားရှင်အား ရဟန်းတို့က လျှောက်ထားရာ ဘုရားရှင်သည် ထိုအရှင်ဒေဝဒတ်နောက်လိုက်ရဟန်းတို့အား ကဲ့ရဲ့ပြစ်တင်တော်မူကာ ဤ ဘေဒါနုဝတ္တကသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
အနုဝတ္တက အရ နောက်လိုက်ပုံ
နောက်လိုက် ဟူရာ၌ သံဃာကွဲပြားအောင်ပြုသော ရဟန်း၏ နောက်မှ တကောက်ကောက် လိုက်နေခြင်းကို ဆိုသည် မဟုတ်၊ ထိုရဟန်းက အဓမ္မကို ဓမ္မဟု ယူ၏၊ အဓမ္မကို ဓမ္မဟု နှစ်သက်၏၊ အဓမ္မကို ဓမ္မဟု ကြိုက်၏၊ ထိုရဟန်း ယူသည့်အတိုင်း, နှစ်သက်သည့်အတိုင်း, ကြိုက်သည့်အတိုင်း လိုက်၍ ယူခြင်း, နှစ်သက်ခြင်း, ကြိုက်ခြင်းကို နောက်လိုက်ဟု ဆိုလိုသည်။
ဧကော ဝါ ဒွေ ဝါ တယော ဝါ
သံဃာသည် သံဃာအား ကံပြုခြင်းငှာ မတတ်ကောင်းသောကြောင့် သုံးပါးထက် အလွန်ဖြစ်သော ရဟန်းတို့ကို ကံမပြုကောင်းရကား ဤ “ဧကော ဝါ ဒွေ ဝါ တယော ဝါ”ဟု ဟောတော်မူသည်။
သံဃာသင်းခွဲသူ၏ နောက်လိုက်ရဟန်းတို့သည် လေးပါး, ငါးပါးစသည် ဖြစ်အံ့၊ သုံးပါးထက် မပိုစေမူ၍ သီးခြားခွဲ၍ အကြိမ်ကြိမ် ကံပြုရမည်ဟု သိပါ။ အဋ္ဌကထာများ၌ “န သံဃော သံဃဿ ကမ္မံ ကရောတိ” သံဃာသည် သံဃာအား ကံမပြုကောင်းဟု ဆိုသော စကားအရ နှိပ်သော နိဂ္ဂဟကံ၏ အစွမ်းဖြင့်ဖြစ်သော ကံမျိုးကို ယူရမည်။ ချီးမြှောက်သော ဥဗ္ဘာဟိကကံ စသည်တို့ကိုကား အများပင်အပ်သည်ဟု ဋီကာများ ဆိုကြ၏၊
(ဆောင်) သံဃာသည်ကား၊ သံဃာအား၊ ကံကား မပြုရ။
ထိုစကားအရ၊ နိဂ္ဂဟ၊ ကံမျှ ယူရန်ပြ။
ဥဗ္ဘာဟိက၊ ဒိကမ္မ၊ များစွာ အပ်ဟုပြ။