ဝိနည်းပဒေသာသင်တန်း/ဘေသဇ္ဇသိက္ခာပုဒ်နှင့် စပ်၍ မှတ်ဖွယ်များ
ဘေသဇ္ဇသိက္ခာပုဒ်နှင့် စပ်၍ မှတ်ဖွယ်များ
ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ ဤဆေးငါးမျိုးတို့ကို အကပ်ခံပြီးနောက် (၇)ရက်အထိသာ သိမ်းဆည်း၍ ဆေးအဖြစ်ဖြင့် စားသောက်နိုင်၏၊ (၇)ရက်လွန်လျှင်ကား ထိုထောပတ်စသည်တို့ နိဿဂ္ဂိထိုက်၏၊ ရဟန်းမှာ ပါစိတ်အာပတ် သင့်၏၊ ထိုသင့်သော အာပတ်ကို ဒေသနာကြား ကုစားလိုလျှင် ထိုထောပတ်စသည်ကို ရှေးဦးစွာ စွန့်ပြီးမှ ဒေသနာကြား ရသည်။ မစွန့်ဘဲ ဒေသနာကြားလျှင် ထိုအာပတ်မှ မလွတ်နိုင်။
ထိုထောပတ်စသည်ကို အကပ်ခံသည့်အခါ (၇)ရက်စာလောက် မှန်း၍ အကပ်ခံထားသင့်သည်။ (၇)ရက်အတွင်း ကုန်ပုံမရလျှင် (၇-ရက် မလွန်ခင်) ဤထောပတ်စသော ဆေးတို့ကို ငါ မစားတော့ပြီ၊ ခြေနယ်ဆီ, ကိုယ်လိမ်းဆီ စသည်ပြုလုပ်၍ ခန္ဓာကိုယ်၏ အပြင်အပ၌သာ သုံးစွဲတော့မည်ဟု အဓိဋ္ဌာန် (စိတ်ကူး)လိုက်ရမည်။ ထိုအပြင်အပ၌ သုံးဖို့ဖြစ်လျှင်ကား (၇)ရက် လွန်သော်လည်း အပြစ်မရှိ။
(၇) ရက်အတွင်း သတ်မှတ်ချက်
ထောပတ်စသော ဆေးငါးပါးတို့ကို အကပ်ခံပြီး ခုနစ်ရက်အတွင်းသာ စားကောင်းသည်ဟု ဆိုသော်လည်း (ဂိလာန)အနာရောဂါ ရှိသူအား ခွင့်ပြုခြင်းကြောင့် ဆာလောင်မွတ်သိပ်ခြင်း (ပိပါသ) အကြောင်းရှိရုံမျှဖြင့် မစားကောင်းသည်ကို သတိပြုပါ။ အားနည်းသော ရောဂါ, အသွေးအသား ပိန်ခြောက်သော ရောဂါ, လေနာရောဂါ စသည် ရှိသူတို့သာ ထိုရောဂါအတွက် စားကောင်းသည်။ ဆာလောင်မွတ်သိပ်ရုံ အကြောင်းဖြစ်မူကား ယာမကာလိကခေါ် အဖျော်ရည် စသည်ကိုသာ သောက်ကောင်းသည်။
ရောဂါရှိပါက ဆေးငါးပါးနှင့် စတုမဓူကို နံနက်ခင်း အကပ်ခံပြီးလျှင် ဤနေ့အဖို့ နေလွဲ, မလွဲ စားကောင်းသည်။ သို့သော် မနက်ဖြန် စသော နောက်နေ့ (၆-နေ့) တို့၌ကား နံနက်ခင်း စားလိုလျှင် ယနေ့ကပ်ထားသော ဆွမ်း, ခဲဖွယ်, ဘောဇဉ်များနှင့် ရောနှော၍ မစားရ၊ ထို့အပြင် ပါးစပ်၌ အာမိသများ ကပ်ငြိနေလျှင် ထိုအာမိသတို့ကို ပြောင်စင်အောင် ဆေးပြီးမှ စားရသည်။ ဆေးစားပြီးလျှင်လည်း ပါးစပ်ကို ပြောင်စင်အောင် ဆေးပြီးမှ တခြားအာမိသတို့ကို စားကောင်းသည်။ ရှေးရှေးနေ့တို့က အကပ်ခံထားသော ယာဝဇီဝိကဆေးတို့ကို စားရာ၌လည်း ပါးစပ်စင်ကြယ်အောင် ဆေးပြီးမှသာ စားကောင်းသည်။ ကာလိကချင်းလည်း မတူ, ကပ်သောနေ့လည်း မတူလျှင် ရောနှော၍ မစားကောင်းသည်ကို သတိပြုသင့်သည်။ ကာလိက လေးပါး ခွဲခြားပုံ နောက်တွင် ပြဆိုပါမည်။
နိဿဂ္ဂိထိုက်၍ စွန့်ခြင်း
“ခုနစ်ရက် လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ် သင့်၏”ဟူသည် ရှစ်ရက်မြောက် အရုဏ်တက်လေသော် စွန့်ခြင်းဝိနည်းကံ ရှိ၏၊ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်မျိုးမျိုးထံ စွန့်ရမည်။
သံဃာအား စွန့်ပုံ, ဂိုဏ်းအား စွန့်ပုံတို့ကို သင်္ကန်းစွန့်နည်းပြသောအခါ ဖော်ပြပါမည်။ ယခုပုဂ္ဂိုလ်ထံ စွန့်ပုံကို ပြဆိုမည် ဖြစ်ပါသည်။ နိဿဂ္ဂိထိုက်နေသော ထောပတ်စသော ဆေးပစ္စည်းကို စွန့်လိုလျှင် ရဟန်း, ပုဂ္ဂိုလ် တစ်ပါးပါးထံ၌ စွန့်ရမည်။
ပုဂ္ဂိုလ်ထံ စွန့်ပုံ
“အရှင်ဘုရား တပည့်တော်၏ ဤဆေးသည် ခုနစ်ရက် လွန်သည်ဖြစ်၍ စွန့်ထိုက်နေပါသည်ဘုရား၊ တပည့်တော်သည် ဤဆေးကို အရှင်ဘုရားအား စွန့်ပါ၏”ဟု ဆို၍ စွန့်ရမည်။ စွန့်ပြီးနောက် အာပတ်ကို ရည်ရွယ်၍ ဒေသနာ ကြားရမည်။ ထို့နောက် ထိုရဟန်းသည် စွန့်ပြီးသော ဆေးကို “အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ဆို၍ ပြန်ပေးရမည်။
(သတိ)ခုနစ်ရက်လွန်၍ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကို အနာလိမ်းခြင်း, စားသောက်သုံးဆောင်ခြင်း မပြုအပ်၊ မပြုကောင်း သို့ရာတွင် ငဲ့ကွက်ခြင်း မရှိ အာလယပြတ် လူ, သာမဏေတို့အား စွန့်ပြီး၍ ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကိုကား သုံးဆောင်ခြင်း, စားသောက်ခြင်းငှာလည်း အပ်သည်ဟု ဆိုပါသည်။
အနုပသမ္ပန္နဿ စတ္တေန ဝန္တေန မုတ္တေန အနပေက္ခော ဒတွာ ပဋိလဘိတွာ ပရိဘုဉ္ဇတိ။ (အနာပတ္တိ) (ပါရာဇိကဏ်ပါဠိတော်၊၃၆၄။)
ကြံရည်, ထန်းလျက်ရည်, သံပုရာရည်, စသည်များ
ဗဟုသုတအတွက် မှတ်ရန်
ဖာဏိတံ နာမ ဥစ္ဆုမှာ နိဗ္ဗတ္တံ ပါဠိတော်နှင့်အညီ ကြံမှ ဖြစ်သော ဝတ္ထုတည်းဟု ဆိုသည် အားလျော်စွာ အဖတ် မပါအောင် စစ်ပြီးသော ကြံရည်မှ စ၍ ကြံနှင့်ဆိုင်သမျှ ကျိုချက်ပြီး အရည်, အပြစ်, အခဲအားလုံးကို ဖာဏိတဟု ဆိုသည်။ ယခုအခါ ကြံမှတစ်ပါးသော အခြားသော ဝတ္ထုများမှ ထွက်သော သကြားများနှင့် ထန်းရည်, သကာရည်, ထန်းလျက်, ကြံသကာ, စသည်များကိုလည်း ဖာဏိတ၌ သွင်းယူကြ၏၊ (ရှေးခေတ်က ထန်းရည် အသုံးမရှိ၍ ကျမ်းဂန်တို့၌ မပါခြင်း ဖြစ်မည်ဟု ယူဆရသည်။)
ဤပြဆိုခဲ့ပြီးသော စကားစဉ်အရ ကြံမဟုတ်သော ထန်းရည်, ထန်းလျက်ရည်များသည်လည်းကောင်း၊ သကြားအမျိုးမျိုးသည်လည်းကောင်း သတ္တာဟကာလိကတို့တည်း။ ထိုသတ္တာဟကာလိကတို့ကို ဆာလောင်မွတ်သိပ်ရုံ ပိပါသ အကြောင်းမျှဖြင့် နေလွဲသောအခါ မသောက်ကောင်း မစား ကောင်းပါ။ အနာရောဂါရှိမှ စားကောင်း သောက်ကောင်း၏၊
ဘေသဇ္ဇခန္ဓက၌ ခွင့်ပြုချက်
သို့သော် ဘေသဇ္ဇခန္ဓက၌အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ အဂိလာနဿ ဂုဠောဒကံ”ဟု ဂိလာနအတွက် ကြံသကာ, ထန်းလျက်, သကြားခဲကိုလည်းကောင်း၊ ဂိလာန မဟုတ်သူ လူကောင်းများအတွက် ကြံရည်, ထန်းလျက်ရည်, သကြားရည်, သကာခဲ အရည်ကိုလည်းကောင်း ခွင့်ပြုတော်မူ၏ဟု မိန့်ဆိုတော်မူသောကြောင့် ဂိလာန မဟုတ်သူ ကျန်းမာသူတို့အားလည်း ရေအေးနှင့် ဖျော်စပ်ထားသော အရည်များကို ဆာလောင်မွတ်သိပ်ခြင်း ပိပါသအကြောင်းရှိလျှင် သောက်ကောင်း၏ဟု သိပါ။ မွန်းလွဲသောအခါဖြစ်လျှင် မဆာဘဲ မသောက်ကောင်းဟူ၍ မှတ်ပါ။
ယခုကာလ အခဲပါ စားနေကြပုံ
ဤဘေသဇ္ဇခန္ဓကလာ ပညတ်ချက်အရ ထန်းလျက်ခဲ, သကာခဲ, တင်လဲခဲ, ကြံသကာ, နုနယ်ပွဲရက်, သကြားအမှုန့်, အခဲများ စသည်တို့သည် ယနေ့ အကပ်ခံ၍ နေလွဲသောအခါ ခုနစ်ရက်အတွင်း နောက်နောက် ရက်များ၏ နေလွဲ မွန်းလွဲအခါ လေနာခြင်း, အားနည်းခြင်း စသော ရောဂါ ရှိသူနှင့် ဆေးဖက်ဝင်ဖြစ်မှ စားကောင်း၏၊ ယခုကာလ၌ကား ရဟန်း, သာမဏေများနှင့် ဥပုသ်သည်များ အဆိုပါ ထန်းလျက်ခဲ, ကြံသကာခဲ, သကြားလုံးတို့ကို မွန်းလွဲချိန်၌ စားကောင်းသည်ထင်၍ စားလေ့ရှိကြ၏၊ ဒကာ ဒကာမတို့ကလည်း ကပ်လေ့ရှိကြ၏၊ အမှန်အားဖြင့်မူ ထိုအခဲများ နေမွန်းလွဲပြီးပါက မစားကောင်းဟူ၍ မှတ်ပါ။
တေလ (= ဆီ)နှင့် စပ်၍ မှတ်ရန်
တေလ = ဆီ ဟူရာ၌ နှမ်းဆီ, ပဲဆီ, မုန်ညင်းဆီများနှင့် ဝက်ဆီ, ဝံဆီ, လင်းပိုင်ဆီ, မြည်းဆီ, ငါးကြီးဆီစသော သားငါးဆီ အမျိုးမျိုးတို့ ပါဝင်၏၊ သစ်မည်စည်ဆီ, ကြက်ဆူဆီတို့ ပါဝင်၏၊
တေလံ နာမ တိလတေလံ သာသပတေလံ မဓုကတေလံ ဧရဏ္ဍတေလံ ဝသာတေလံ။ ပါရာဇိကဏ်ပါဠိတော်(၃၆၃။)
သားငါးဆီများ၌ အရိုး, အသား, အဖတ် မပါအောင် စစ်ပြီးသား ဖြစ်ရမည်။ ယာဝကာလိက အသီးအစားအစာ, မုယောစပါးမှုန့်, ဆန်မှုန့် စသည် ရောထားလျှင် ၇-ရက် မအပ်၊ ခဲဖွယ်ကဲ့သို့ နံနက်ပိုင်း တစ်ရက်သာ အပ်သည်။ အားနည်းသော ရောဂါရှိသော ရဟန်း, သာမဏေတို့သည် ထောပတ်, ငါးကြီးဆီ စသည်များကို ညအခါ ရေနွေးနှင့်စပ်၍ ခုနစ်ရက်သာ ထားကာ သုံးဆောင်ရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားအားဆေးတောင့်များ သားငါးဆီပါလျှင် ယာဝဇီဝိကမဟုတ် သတ္တာဟကာလိကဖြစ်၍ ခုနစ်ရက်သာ ထား၍ သုံးဆောင်ကောင်းသည်။ ယာဝကာလိကအသီး စပါးမျိုး, ပဲမျိုးပါသော ဖျော်ရည်တို့သည်လည်း မွန်းမတည့်မီသာ သောက်ကောင်းသည်ဟု မှတ်ပါ။