ဝိနည်းပဒေသာသင်တန်း/ရတနဝဂ် သိက္ခာပုဒ် ၁၀-ပါး
(၉) ရတနဝဂ် သိက္ခာပုဒ် ၁၀-ပါး အကျဉ်း
၁။ မင်းဇာတ်ရှိသော ဦးထိပ်၌ ဘိသိက်ရေစင်ဖြင့် သွန်းလောင်းအပ်ပြီးသော (ဝါ) ဘိသိက်ခံပြီးသော မင်း၏ မထွက်လာသေးသော၊ မင်း မထွက်လာ သေးသော မိဖုရားရတနာရှိသော စက်တော်ခန်းဆောင်၌ မဝင်မီ ရှေး၌ မသိစေဘဲ တံခါးခုံကို ကျော်လွန်စေခြင်းကြောင့် အန္တေပုရပါစိတ်။
၂။ ရတနာနှင့် ရတနာအသုံးအဆောင်ကို အာရာမ်အတွင်းနှင့် မိမိ နေထိုင် ရာဌာနအတွင်း အရပ်တို့ကို ကြဉ်ထား၍ ကိုယ်တိုင်ကောက်ယူ သူတစ်ပါးကို အကောက်ခိုင်းခြင်းကြောင့် ရတနပါစိတ်။
[ဥစ္စာရှင်သည် ဆောင်ယူလာလိမ့်မည်ဟု ရည်ရွယ်၍ ရတနာနှင့် ရတနာ အသုံးဆောင်တို့ကို အာရာမ်အတွင်းနှင့် မိမိနေထိုင်ရာ ဌာနအတွင်းအရပ်တို့၌ ကိုယ်တိုင်လည်းကောက်ယူ, သူတစ်ပါးကိုသော်လည်း ကောက်ယူခိုင်း၍ သိမ်းထားရာ၏၊ ဤကောက်ယူသိမ်းခြင်းသည် ထိုရတနာ ရတနသမ္မတကို တွေ့ရာ၌ ကျင့်ရာသော ဝတ်တည်း။]
၃။ အဆောတလျင် ဖြစ်သော ပြုဖွယ်ကိစ္စကို ကြဉ်ထား၍ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ နေလွဲအခါ၌ ရွာတွင်းသို့ ဝင်သောကြောင့် ဝိကာလေ ဂါမပ္ပဝိသနပါစိတ်။
၄။ အရိုးဖြင့် ပြုအပ်သော, ဆင်စွယ်ဖြင့် ပြုအပ်သော, ဦးချိုဖြင့် ပြုအပ်သော အပ်ကျည်တောက်ကို ပြုလုပ်ခြင်းကြောင့် ခွဲခြင်းရှေးရှိသော သူစိဃရ ပါစိတ်။
၅။ အသစ်ဖြစ်သော ညောင်စောင်း, အသစ်ဖြစ်သော အင်ပျဉ်ကို ပြုစေလို သော ရဟန်းသည် အောက်ဖြစ်သောဘောင်ကို ကြဉ်ထား၍ ဘုရားရှင်၏ လက်သစ်တော်ဖြင့် လက်ရှစ်သစ် အခြေရှိအောင် ပြုစေနိုင်၏၊ ထို လက်ရှစ်သစ် အခြေထက်လွန်သော ပမာဏကို ဖြတ်ခြင်းရှေးရှိသော မဉ္စပီဋ္ဌဆေဒနကပါစိတ်။
၆။ ညောင်စောင်း, အင်းပျဉ်ကို မြှေးယှက်အပ်သော လဲရှိသည် (ဝါ) လဲပါ သော အခင်းရှိသည်ကို ပြုစေခြင်းကြောင့် လဲကို ထုတ်ခြင်းရှေးရှိသော တူလောနဒ္ဓ ဥဒ္ဓါလနကပါစိတ်။
၇။ နိသီဒိုန်ကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်အထွာတော်ဖြင့် အလျား ၂-ထွာ၊ အနံ ၁-ထွာခွဲ၊ အဆာ ၁-ထွာ ထိုပမာဏကို လွန်စေသော ရဟန်း အား နိသီဒနဆေဒနကပါစိတ်။
၈။ အနာလွှမ်းသင်္ကန်းကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်၏ လက်သန်း အထွာတော်ဖြင့် အလျား ၄-ထွာ၊ အနံ ၂-ထွာ၊ ထိုပမာဏကို လွန်စေသော ရဟန်းအား ကဏ္ဍုပဋိစ္ဆာဒိဆေဒနကပါစိတ်။
၉။ မိုးရေခံသင်္ကန်းကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်၏ လက်သန်း အထွာတော်ဖြင့် အလျား ၆-ထွာ၊ အနံ ၂-ထွာခွဲ၊ ထိုပမာဏကို လွန်စေ သော ရဟန်းအား ဝဿိကသာဋိကဆေဒနကပါစိတ်။
၁၀။ မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏရှိသော ထိုထက်လွန်သော သင်္ကန်းကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်၏ လက်သန်းအထွာတော်ဖြင့် အလျား ၉-ထွာ၊ အနံ ၆-ထွာ ပမာဏ ပြုမည်၊ ထိုပမာဏထက် လွန်စေသော ရဟန်းအား နန္ဒထေရဆေဒနကပါစိတ်။
၁။ အန္တေပုရသိက္ခာပုဒ် အဓိပ္ပာယ်
နန်းတော်တွင်းနှင့် စပ်၍ ပညတ်အပ်သောကြောင့် အန္တေပုရသိက္ခာပုဒ်ဟု နာမည်တပ်သည်။ ခတ္တိယဇာတ်ရှိ၍ ဘိသိက်ခံပြီး မင်းနှင့်မိဖုရားရတနာတို့ စက်တော်ခန်းဆောင်မှ မထွက်သေးမီ ရဟန်းက မိမိ ဝင်ရောက်လာမည့်အကြောင်း မသိစေဘဲ (တစ်ယောက်ယောက်ကို သံတော်ဦး အတင်မခိုင်းဘဲ) ရုတ်တရက် ဝင်သွားလျှင် မင်းနှင့် မိဖုရားတို့ ပျော်ပါးခိုက်ကြုံနေက မျက်နှာပျက်စရာဖြစ်သောကြောင့် တံခါးခုံ ကျော်လွန်ဝင်ရောက်သော ရဟန်းမှာ ပါစိတ်အာပတ် သင့်၏၊
နန်းတော်ဝင်ပြစ် (၁၀) ပါး
၁။ မိဖုရားကဖြစ်စေ, ရဟန်းကဖြစ်စေ ပြုံးမိသော် အထင်လွဲခံရတတ်ခြင်း။
၂။ မိဖုရားငယ် ကိုယ်ဝန်တည်သော် အထင်လွဲခံရတတ်ခြင်း။
၃။ ရတနာတစ်ပါးပါး ပျောက်သော် အထင်လွဲခံရတတ်ခြင်း။
၄။ လျှို့ဝှက်အပ်သော သတင်းစကား အပြင်ဘက်ရောက်သွားသော် အထင်လွဲခံရတတ်ခြင်း။
၅။ သားက အဘကို, အဘက သားကို သတ်ရန် လုပ်ကြံသော် အထင်လွဲ ခံရတတ်ခြင်း။
၆။ ဌာနန္တရ ရာထူးနိမ့်သူကို မြှင့်ပေးသော် အထင်လွဲခံရတတ်ခြင်း။
၇။ ရာထူးမြင့်တက်သူကို နှိမ့်ချသော် အထင်လွဲခံရတတ်ခြင်း။
၈။ အခါမဟုတ်သည်၌ စစ်ထွက်ခိုင်းသော် အထင်လွဲခံရတတ်ခြင်း။
၉။ စစ်ထွက်အသွား ခရီးအကြားမှ ပြန်ခေါ်သော် အထင်လွဲခံရတတ်ခြင်း။
၁၀။ ဆင်မြင်းစသည်တို့ဖြင့် ကျဉ်းမြောင်းခြင်း၊ နှစ်သက်ဖွယ် အဆင်းအသံ စသည်များပြားခြင်း။
ဤကား နန်းတော်ဝင် အပြစ် ၁၀-ပါးတည်း။
(ဆောင်) ပြုံး, ကိုယ်ဝန်, ပျောက်၊ သတင်းရောက်, လုပ်ကြံ၊ ဌာနံ နိမ့်တက်၊ စစ်ထွက် ပြန်ခေါ်၊ ကိုးဘော်တင်ခံ၊ ကျဉ်းမြောင်းပြန်၊ ဆယ်တန်နန်းတော်ပြစ်။
အာပတ်အဆင့်ဆင့် သင့်ပုံ
အပ္ပဋိသံဝိဒိတ-၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ ပန်ကြား၏ဟု အမှတ်ရှိ သော ရဟန်း၊ မင်းမျိုး မဟုတ်သူ အဘိသိက်မင်းတို့၏ အိပ်ရာတိုက်ခန်းတွင်းသို့ ဝင်သောရဟန်း၊ မင်း, မိဖုရား နှစ်ယောက်စလုံး (သို့မဟုတ်) တစ်ယောက်ယောက် ထွက်ပြီးသော အိပ်ရာတိုက်ခန်းကို ဝင်သောရဟန်း၊ အိပ်ရာတိုက်ခန်း မဟုတ်သည်ကို ဝင်သောရဟန်း၊ ဥမ္မတ္တကရဟန်း စသည် တို့၌ အာပတ်မသင့်။
၂။ ရတနသိက္ခာပုဒ် အဓိပ္ပာယ်
ရွှေ ငွေ ပုလဲစသော ရတနာဆယ်ပါးကို ရတန၌ သွင်းယူ၍ ရတနာ အတုများနှင့် ဝတ်စားတန်ဆာစသော လူတို့အသုံးအဆောင် (စောင် အိပ်ယာလိပ် စသည်)ကို ရတနသမ္မတ၌ သွင်းယူရမည်။
ထိုရတန, ရတနသမ္မတ အသုံးအဆောင်များကို ကျောင်းတိုက်အတွင်း မိမိနေရာဌာန (အဆောင်)အတွင်းမှတစ်ပါး အခြားပြင်ပအရပ်၌ လူတို့ မေ့နေရစ်, ကျနေရစ်ခဲ့သော် ကောက်ယူ၍ သိမ်းမထားရ။ ကောက်ယူသိမ်းထားလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်။
အာရာမ်အတွင်း မိမိနေထိုင်ရာဌာန (အဆောင်)အတွင်း ဖြစ်မူကား ကိုယ်တိုင်ဖြစ်စေ, သူတစ်ပါးကို ခိုင်း၍ဖြစ်စေ ကောက်ယူသိမ်းထားပေးရန် ဝတ္တရားရှိ၏၊ ထိုဝတ္တရားပျက်လျှင်ကား ဝတ္တဘေဒ (ဝတ္တရားပျက်ကွက်မှု ကြောင့်) ဒုက္ကဋ်အာပတ်သင့်သေးသည်။
ရတနာ (၁၀) ပါး
ပတ္တမြားနီ, ပတ္တမြားပြောက်, မြ, ပုလဲ, ခရုသင်း, ကျောက်စလင်း, ကြောင်မျက်ရွဲ, သန္တာ, ရွှေ, ငွေ - ပေါင်း (၁၀)ပါးတည်း။
(ဆောင်) နီ ပြောက် မြ လဲ၊ လင်း ရု ရွဲ ရွှေ၊ သန္တာ ငွေ၊ ဆယ်ထွေ ရတနာ။ (မေဒိနီ၊၄၂၂။)
အဇ္ဈာရာမ
အာရာမံ အဓိကိစ္စပဝတ္တတီတိ အဇ္ဈာရာမံ၊ အာရာမ်ကို စွဲ၍ဖြစ်သော အာရာမ်အတွင်းကို ရ၏၊ အကာရှိမူ အကာအထိ အကာမရှိမူ အစွန်ဆုံး ကျောင်းမှ ခဲနှစ်ကျအထိအရပ်ကို အာရာမဟု ခေါ်၏၊ ထိုအာရာမ်အတွင်းရှိ ကျောင်းဆောင်များနှင့် ကျောင်းပရိဝုဏ်များကို အဇ္ဈာရာမဟု ခေါ်၏၊
အဇ္ဈာဝသထ
အာဝသထံ အဓိကိစ္စ ပဝတ္တတီတိ အဇ္ဈာဝသထံ၊ ရွာတွင်းကျောင်းကို စွဲ၍ဖြစ်သော ရွာတွင်း ကျောင်းအတွင်းကို ရ၏၊ မိမိနေရာ အရပ်တည်း။ ထို မိမိနေရာအရပ်ဟူသည် အာရာမ်အတွင်းမှာဖြစ်စေ, အခြားအရပ် (ရွာထဲ တောထဲ)မှာဖြစ်စေ, ခေတ္တဖြစ်စေ, အမြဲဖြစ်စေ မိမိနေခိုက် အိမ်, ကျောင်း ဇရပ်များတည်း။ ထို မိမိနေရာဌာနက အကာအရံရှိလျှင် အတွင်းကို, မရှိလျှင် ကျည်ပွေ့တစ်ကျအတွင်းကို အဇ္ဈာဝသထဟု ခေါ်သည်။
ကောက်သိမ်းထားရာ၌ ရည်ရွယ်ချက်
လူတို့ ကျနေရစ် မေ့ရစ်ရာ၌သာ “ဥစ္စာရှင်တို့ လာယူလိမ့်မည်”ဟု ရည်ရွယ်ချက်ဖြင့် သိမ်းထားခွင့် ရှိသည်။ လူတို့က သိမ်းထားပေးပါဟု ခိုင်းထား၍ ဖြစ်စေ, ကိုယ်တိုင် ဘဏ္ဍာစိုးလုပ်၍ဖြစ်စေ သိမ်းထားလျှင် ပါစိတ်၊ ဘဏ္ဍာစိုးဟူရာ၌လည်း ဝိဿာသဂ္ဂါဟစိတ် ပံ့သုကူအမှတ် ထေယျစိတ်များ မဖြစ်စေမူ၍ ဘဏ္ဍာစိုးသဘောမျိုးဖြင့် သိမ်းထားခြင်းကိုဆိုသည်။
အာပတ်အဆုံးအဖြတ်များ
ရွှေ ငွေ နှစ်ပါးကို မိမိအကျိုးငှာသိမ်းထားအံ့ နိဿဂ္ဂိပါစိတ်၊ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်, စေတီ, နဝကမ္မအကျိုးငှာ သိမ်းထားအံ့ ဒုက္ကဋ်၊ ကြွင်းရတနာ ရှစ်ပါးကို အလုံးစုံတို့၏အကျိုးငှာ သိမ်းထားအံ့ ဒုက္ကဋ်၊ အကပ္ပိယ ရွှေ, ငွေ စသော ဝတ္ထုကိုဖြစ်စေ, ကပ္ပိယအဝတ်, စောင် စသည်ကိုဖြစ်စေ အယုတ်ဆုံး မိခင်၏ ဥစ္စာကိုသော်လည်း ဘဏ္ဍာစိုးသဘောမျိုးဖြင့် သိမ်းထားသောရဟန်း ပါစိတ်၊ မိဘတို့၏ အပ်စပ်သော ပစ္စည်းဝတ္ထုကိုကား မိမိဥစ္စာပြု၍ သိမ်းထားကောင်း၏၊ ဤဝတ္ထုကို သိမ်းထားပေးပါဟု ခိုင်းအံ့ မသိမ်းထားကောင်းဟု ပယ်ရမည်။ စိတ်ဆိုးပြီး ချထားသွားအံ့၊ သိမ်းထားကောင်းသည်၊ လုံခြုံရာ နေရာအရပ်ကိုလည်း ညွှန်ပြကောင်းသည်ဟု သိ။
(ဆောင်) ရွှေ, ငွေ နှစ်ပါး၊ သိမ်းဆည်းထား၊ မှတ်သား နိဿဂ္ဂိ။
သံဃ, ဂဏ၊ ပုဂ္ဂ, နဝ၊ စေတိယ၊ သိမ်းက ဒုက္ကဋ်သိ။
အကြွင်းရှစ်ခု၊ သိမ်းထားမှု၊ မှတ်ရှု ဒုက္ကဋ်သိ။
ဘဏ္ဍာစိုးပြု၊ သိမ်းထားမှု၊ မှတ်ရှု ပါစိတ်သိ။
အာပတ်အဆင့်ဆင့်သင့်ပုံ
ခွင့်ပြုအပ်သော အရပ်၌ မရိုသေသဖြင့် ကောက်ယူမထားသော ရဟန်းအား ဒုက္ကဋ်၊ ခွင့်ပြုအပ်သော အရပ်၌ ကောက်ယူသိမ်းထားသောရဟန်း အာပတ်မသင့်၊ သုံးသပ်ကောင်းသော ရတနသမ္မကို အကျွမ်းဝင်၍လည်းကောင်း၊ တာဝကာလိကလည်းကောင်း၊ ပံ့သုကူအမှတ်ဖြင့်လည်း ကောက်ယူသောရဟန်း အာပတ်မသင့်၊ သီတင်းသုံးဖော် ငါးဦးတို့ ဥစ္စာဖြစ်မူ အာပတ် မသင့်။
၃။ ဝိကာလေ ဂါမပဝေသနသိက္ခာပုဒ် အဓိပ္ပာယ်
အစ္စာယိက ကရဏီယ-အရ အဆောတလျင် (ရုတ်တရက်) ဖြစ်ပေါ်လာ သော ကိစ္စဟူသည် ခိုးသူဘေး, မီးဘေးစသော ဘေးရန်အန္တရာယ် ဖြစ်ပေါ်လာခြင်းတည်း။ ထိုကဲ့သို့ အန္တရာယ် မရှိလျှင် ထင်ရှားရှိသော ရဟန်းကို မတိုင်ကြားဘဲ မွန်းတည့်ပြီးနောက် နေလွဲသောအခါ ရွာတွင်းသို့ဝင်လျှင် ပါစိတ်၊ အန္တရာယ်ရှိလျှင်ကား ဝင်ကောင်း၏၊
ပန်ပြောပုံ
ထင်ရှားရှိသော ရဟန်းထံ “အဟံ ဘန္တေ (အာဝုသော) ဝိကာလေ ဂါမပ္ပဝိသနံ အာပုစ္ဆာမိ”ဟု ပါဠိလို ဖြစ်စေ၊ “အရှင်ဘုရား တပည့်တော်သည် နေလွဲသောအခါ ရွာတွင်းဝင်ခြင်းကို ပန်ပြောပါ၏”ဟု မြန်မာလို ဖြစ်စေ၊ “ရွာတွင်း ဝင်မလို့ပါ၊ ရွာတွင်း (မြို့တွင်း) သွားပါရစေ” စသည်ဖြင့် ပန်ပြော တိုင်ကြား လျှောက်ထား၍ သွားရမည်။
ရဟန်းနှစ်ပါး မြို့တွင်း ရွာတွင်းသို့ အတူဝင်လိုရာ၌ အချင်းချင်း အပြန်အလှန် ပန်ပြောနိုင်၏၊ အများရဟန်းများ ဝင်ရာ၌လည်း နီးရာရဟန်းအား ပန်ပြောနိုင်သည်။ မြို့ရွာတွင်းရှိ ကျောင်းတိုက်များသို့ သွားလိုရာ၌ကား ပန်ပြောဖွယ် မလိုရုံသာမက ခါးပန်းကြိုးမဖွဲ့, သင်္ကန်းမရုံဘဲပင် သွားနိုင်သည်ဟု ဆိုကြ၏၊ သို့ရာတွင် ရွာတွင်းက ဖြတ်သွားရမည်ဆိုလျှင် သင်္ကန်းရုံ, ခါးပန်းဖွဲ့၍ သွားခြင်းက ပို၍ ကြည်ညိုဖွယ်အသွင်ကို ဆောင်မည်ဖြစ်ပါသည်။
ထိုရွာ၌ ကိစ္စမပြီးမူ၍ ရွာတစ်ပါးသို့ ထပ်သွားဦးအံ့ ဟူသော လုံ့လဖြင့် သွားသော် တစ်ဖန် ပန်ကြားဖွယ် ကိစ္စမရှိ၊ လုံ့လငြိမ်းပြီးမှ တစ်ဖန်သွားဖို့အကြောင်းပေါ်မူ ထပ်မံ ပန်ကြားအပ်၏၊ ရွာသို့ဝင်ခြင်း လုံ့လဥဿာဟ ငြိမ်းပြီး၍ ကျောင်းသို့ ပြန်သွားကုန်သော ရဟန်းတို့သည် လမ်းခရီးအကြား၌ ရွာတစ်ခုသို့ ဝင်လိုသော အကြောင်းပေါ်၍ ဝင်လိုကုန်အံ့၊ ပန်ကြားရဦးမည်။
အိမ်၌ဖြစ်စေ, ဆွမ်းစားဇရပ်၌ ဖြစ်စေ, ဆွမ်းစားပြီး၍ ဆီအလို့ငှာ ဖြစ်စေ, ထောပတ်အလို့ငှာဖြစ်စေ ရွာတွင်းသို့ ဝင်လိုသော ရဟန်းသည် အနီး၌ ရဟန်းရှိအံ့ ပန်ကြားရမည်။ ရဟန်းမရှိအံ့ မရှိဟု အာဘောဂ (နှလုံးသွင်း) ထားပြီး သွားကောင်းသည်။ လမ်းမသို့ ရောက်မှ ရဟန်းကို မြင်သော်လည်း ပန်ကြားရန် မလို။ ရွာလမ်းခရီးဖြင့် သွားသော ရဟန်းသည် ဆီစသည်အလို့ငှာ အိမ်သို့ သွားလိုသောစိတ် ဖြစ်အံ့။ အနီးရှိရဟန်းကို ပန်ကြားသွားရမည်။ လမ်းအတိုင်း သွားအံ့ ပန်ကြားရန် မလိုဟု မှတ်။
အာပတ်သင့်ပုံများ
ဝိကာလ၌ တိကပါစိတ်၊ ကာလ၌ ဒုကဒုက္ကဋ်၊ ကာလ၌ ကာလဟု အမှတ်ရှိသော ရဟန်းအား အာပတ်မသင့်။ အဆောတလျင်ကိစ္စကြောင့် သွားသောရဟန်း, ထင်ရှားရှိသော ရဟန်းကို ပန်ကြားရန် ရဟန်းမရှိဟု မပန်ကြားဘဲ ရွာတွင်းသို့ ဝင်သောရဟန်း၊ ရွာတွင်းကျောင်း ဘိက္ခုနီမကျောင်း တိတ္ထိကျောင်း ဆွမ်းစားဇရပ်သို့ သွားသောရဟန်း၊ ရွာလယ်ခရီးဖြင့် သွားသော ရဟန်း၊ ဘေးရန်တို့ကြောင့် ဝင်သောရဟန်း၊ ဥမ္မတ္တကစသည်တို့အား အာပတ် မသင့်။
၄။ သူစိဃရသိက္ခာပုဒ် အဓိပ္ပာယ်
ဒေသနာမကြားမီ အပ်ကျည်ကို ခွဲပစ်ရမည်ဖြစ်သောကြောင့် ခွဲခြင်းရှေးရှိသော ပါစိတ်အာပတ်ဟု ဆို၏၊ နွားရိုး, ကျွဲရိုးစသော အရိုးအမျိုးမျိုး ဆင်စွယ် သားချိုတစ်ခုခုဖြင့် အပ်ကျည်ပြုလုပ်အံ့ ပြုလုပ်ခိုင်းအံ့ ဒုက္ကဋ်၊ ပြီးသော် ပြီး၍ ရသော် ဘေဒနကပါစိတ် ဟူ၏၊
စတုက္ကပါစိတ်ဖြစ်ပုံ
၁။ မိမိပြု၍ မပြီးသေးသော အပ်ကျည်ကို ကိုယ်တိုင်ပြု၍ ပြီးစေသော ရဟန်း ပါစိတ်။
၂။ မိမိ ပြု၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးကို ဆက်လက်ပြီးစေ၍ ရသောရဟန်း ပါစိတ်။
၃။ သူတစ်ပါးပြု၍ မပြီးသေးသော အပ်ကျည်ကို ကိုယ်တိုင်ပြီးစေ၍ ရသော ရဟန်း ပါစိတ်။
၄။ သူတစ်ပါးပြု၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးကို ဆက်လက်ပြီးစေ၍ ရသောရဟန်းအား ပါစိတ်၊
ဤသို့ လေးချက်ခွဲ၍ စတုက္ကပါစိတ်ဟု မှတ်ပါ။ နိဿဂ္ဂိပါစိတ်လာ အခင်းတို့၌လည်း ထို့အတူ စတုက္ကပါစိတ်လေးချက် ခွဲနိုင်သည်ကို မှတ်ပါလေ။
သူတစ်ပါးအကျိုးငှာ ကိုယ်တိုင်ပြုခြင်း, သူတစ်ပါးကို ပြုစေခြင်းတို့ကြောင့် ဒုက္ကဋ်၊ အနားပတ်သီး, ပွတ်နှိပ်လေး, ခါးပန်းသီး, မျက်စဉ်းကျည်, မျက်စဉ်းတံ, ပဲခွပ်ရိုး, ရေသုတ်တို့ကို ပြုသောရဟန်းအား အာပတ်မသင့်။
၅။ မဉ္စပီဌသိက္ခာပုဒ် အဓိပ္ပာယ်
မဉ္စ, ပီဌတို့ကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ အသစ်ပြုစေလိုလျှင် ဘုရားရှင်၏ လက်သစ်တော်ဖြင့် ရှစ်လက်သစ် (လက်မအားဖြင့် ကိုးလက်မ၊ လူတို့အထွာအားဖြင့် တစ်ထွာခန့်ရှိကြောင်း ကုဋိကာရသိက္ခာပုဒ်စသည်၌ ဆိုခဲ့ပြီ၊) အလွန်ဆုံး အခြေ ရှိစေရမည်။ ထိုထက်ရှည်လျှင်ကား ဆေဒနက ပါစိတ်၊ ခြေထောက်၏ ပိုသော ပမာဏကို ဖြတ်ပြီးမှ အာပတ်ကို ဒေသနာ ပြောရမည်။
အခြေကို တိုင်းတာရာ၌ကား ဘောင်ဟု ခေါ်သော အပေါင်ထဲ ဝင်နေသော အခြေကို တိုင်းရန် မလို၊ အပေါင်မှ ထွက်လာသော အခြေကိုသာ တိုင်းရမည်။ သူတစ်ပါးထံမှ အခြေရှည် ညောင်စောင်းကို ရလျှင် ဖြတ်၍ (သို့မဟုတ်) အပိုကို မြေတွင် မြှုပ်၍ သုံးစွဲရမည်။
၆။ တူလောနဒ္ဓသိက္ခာပုဒ် အဓိပ္ပာယ်
ညောင်စောင်း ကုတင်ကိုဖြစ်စေ, အင်းပျဉ် ထိုင်ခုံကိုဖြစ်စေ အပေါ်၌ လဲအဆာသွတ်သော အခင်းရှိသော အခင်းရှိအောင် ကိုယ်တိုင်ပြုပြု, သူတစ်ပါးကို ခိုင်း၍ ရရ၊ လဲအဆာကို ထုတ်ပြီးနောက် ဒေသနာပြောရသော ဥဒ္ဓါလနကပါစိတ်၊ ဆိုလိုရင်းမှာ ညောင်စောင်း အင်ပျဉ်ပေါ်၌ လဲအဆာ သွတ်ထားသော ဖုံမွေ့ရာများကို မခင်းရဟု မိန့်တော်မူလိုသည်။
လဲ (၃) မျိုး
၁။ လက်ပံပင်စသော သစ်ပင်မှ ဖြစ်သော သစ်ပင်လဲ၊
၂။ နွယ်ပင်မှ ဖြစ်သော နွယ်လဲ၊
၃။ ရှင်မွေးလွန်းစသော မြက်မျိုးမှ ဖြစ်သော မြက်လဲ၊
ဤသို့ ရုက္ခတူလ, လတာတူလ, ပေါဋကီတူလဟု တူလ (= လဲ)သုံးမျိုး ရှိ၏၊ ဝါဂွမ်းမှို့များလည်း ရုက္ခတူလ၌ သွင်းယူရမည်။
(ဆောင်) ရုက္ခ လတာ၊ ပေါဋကာ၊ တူလာ သုံးမျိုးရှိ။
သစ်ပင်, မြက်, နွယ်၊ လဲ သုံးသွယ်၊ မှတ်ဖွယ် ကျန်းဂန်ရှိ။
လဲ, မှို့သွတ်ထားသော အခင်းများကို ဂိလာန မဟုတ်လျှင် မအိပ် မထိုင်ကောင်း၊ အနာပေါက်ခြင်းစသော မကျန်းမာမှုကြောင့် ရိုးရိုးအခင်းပေါ်၌ မထိုင်နိုင် မအိပ်နိုင်သော ဂိလာနတို့ကား ထိုလဲမှို့အခင်းများနှင့် ခေါင်းအုံးများကို ခင်း၍ အိပ်ကောင်း၏၊
ဝိနည်းဓိုရ်ပုဂ္ဂိုလ်များကားခေါင်းအုံးများကို လက်ထောက်ခြင်း ရင်ဘတ်အောက်၌ထားခြင်း, ခါးအောက်၌ထားခြင်းများကိုလည်း ရှောင်ကြဉ်ကြ၏၊ ကျမ်းဂန်တို့၌ ဂိလာနမဟုတ်လျှင် ခေါင်းအုံး ခြေအုံး နှစ်မျိုးအပ်ကြောင်းကို မိန့်ဆိုလေသည်။ ယခုကာလ ဝါဂွမ်းများကို အတွင်းသွင်း၍ ချုပ်ထားသော စောင်များကို ကိုယ်အောက်မှာ ထား၍ ခင်း၍ မအိပ်ကောင်း။ အချို့ကား မှီအုံးကို အသုံးပြုလျက် ရှိကြ၏၊ မှီအုံးကား မအပ်သည်သာဟု မှတ်။
အာပတ်မသင့်ပုံ
အာယောဂပတ် ခါးပန်း, အံသကိုဋ်, သပိတ်အိတ်, ရေစစ်, ခေါင်းအုံးတို့၌ လဲထည့်သော် အာပတ်မသင့်၊ သူတစ်ပါးပြုထားသော လဲဖွဲ့ယှက်သော ညောင်စောင်း, အင်းပျဉ်ကို ရသော် လဲကို ထုတ်၍ သုံးဆောင်သော ရဟန်း အာပတ်မသင့်၊ ဥမ္မတ္တကစသည်တို့လည်း အာပတ်မသင့် ဟူ၏၊
၇။ နိသီဒနသိက္ခာပုဒ် အဓိပ္ပာယ်
နိသီဒိုန်ကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ ချုပ်လိုသော ရဟန်းသည် ဘုရားရှင်၏ အထွာတော်ဖြင့် အလျား နှစ်ထွာ၊ အနံ တစ်ထွာခွဲ၊ အမြိတ်ခေါ်သော အဆာ တစ်ထွာ ဤအတိုင်းအရှည်ရှိသော (ငယ်သာလျှင် ငယ်စေ၊ သည့်ထက် မပိုရသော) နိသီဒိုန်ကိုသာ ချုပ်နိုင်သည်။ ထိုထက် လွန်လျှင် ဖြတ်ပစ်ရခြင်းရှိသော ဆေဒနကပါစိတ်။
(မှတ်ချက်) ဘုရားရှင် ၁-ထွာကို ၁၃-လက်မခွဲ ရှိကြောင်း ပြဆိုခဲ့ပြီး ဖြစ် သည်။ အဆာ ၁-ထွာနှင့်ဆိုလျှင် လက်မ ၄၀-ခန့်ရှိ၏၊ ထိုင်နိုင် လောက်ရုံ ရှိသည်၊ ရှင်စော တစ်ထွာ မဇ် သုံးထွာ တို့မှာ လေးထွာခွဲနှင့် တွက်လျှင် နိသီဒိုန်ကား အတော်ကြီးမားနေမည် ဖြစ်သည်။ စဉ်းစား နှိုင်းချိန်တော်မူကြပါကုန်။
နိသီဒိုန်ပညတ်တော်မူခြင်း
စီဝရက္ခန္ဓက ပဏီတဘောဇနဝတ္ထု၌ ရဟန်းများသည် မွန်မြတ်သော အစာအာဟာရတို့ကို စားကြပြီးနောက် တရားလက်လွတ် အိပ်ပျော်ကြသည့်အခါ အိပ်မက် မက်၍ သုက်လွတ်ကြသဖြင့် သင်္ကန်း, ကျောင်း, အိပ်ရာနေရာ၊ ခန္ဓာကိုယ်များ ပေရေနေခြင်းကြောင့် သင်္ကန်းကို စောင့်ရှောက်ခြင်း စီဝရဂုတ္တိ၊ ကျောင်းအိပ်ရာနေရာများကို စောင့်ရှောက်ခြင်း သေနာသနဂုတ္တိ၊ ခန္ဓာကိုယ်ကို စောင့်ရှောက်ခြင်း ကာယဂုတ္တိအကျိုးငှာ ပညတ်တော်မူသည်။ ထို့ကြောင့် နိသီဒိုန်ကို သုက်နှီးသင်္ကန်းဟုလည်း ခေါ်ကြသည်။
နိသီဒိုန် အသုံးပြုပုံ
နိသီဒိုန်ကို ယခုကာလ နေရာထိုင်ခင်းများကဲ့သို့ ခင်း၍လည်း အသုံးပြုကြသည်။ ဆွမ်းစားသည့်အခါ တစ်ပိုင်းကိုခင်း (၂-ထွာ)၊ အမြိတ်အဆာ (၃-မွှာ)ကို တင်ပလ္လင်ခွေပေါ်၌ တင်ကာ ဆွမ်းဟင်းစက်များကို ကာကွယ်ခြင်း အကျိုးငှာလည်း အသုံးပြုကြသည်။ သင်းပိုင်အတွင်းက ခံ၍ ဝတ်ဖို့ရန်လည်း ဖြစ်သည်။ ရှေ့ဘက်က ခံဝတ်လျှင် အလယ်က အဆာ အပြတ်အစကို နောက် သို့ ခါးတောင်းကျိုက်သလို၊ နောက်ဘက်က ခံဝတ်လျှင် ၎င်းအလယ်စကို ပေါင်ကြားမှ ရှေ့သို့ယူ၍ ကြိုးငယ်ဖြင့်, တွယ်အပ်ဖြင့် ချည်ထားရသည်။
အာပတ်မသင့်ပုံများ
ဒသာ ဝိဒတ္ထိကား အနုပညတ်၊ ပမာဏနှင့် ယှဉ်သော နိသီဒိုန်, ပမာဏအောက် ယုတ်လျော့သော နိသီဒိုန်ကို ပြုသောရဟန်းအား အာပတ်မသင့်၊ သူတစ်ပါး ပမာဏထက် လွန်အောင် ပြုထားသည်ကိုရသော် ဖြတ်၍ သုံးဆောင်သော ရဟန်း အာပတ်မသင့်၊ မျက်နှာကြက်စသည် ပြုသောရဟန်း အာပတ်မသင့်၊ ကိုယ်တိုင်ပြုလျှင် ပြုပြီးသည်၏ အဆုံး၌ အာပတ်သင့်၍ သူတစ်ပါးကို ခိုင်းရာ၌ ခိုင်းအပ်သူထံမှ ရသည့်အခါ အာပတ်သင့်သည်။
၈။ ကဏ္ဍုပဋိစ္ဆာဒိသိက္ခာပုဒ် အဓိပ္ပာယ်
ကဏ္ဍု သဒ္ဒါသည် ယားနာကိုသာ ဟောသော်လည်း ဤသိက္ခာပုဒ်၌ ယားနာကို ဥပလက္ခဏနည်း (အစိတ်ကို မှတ်၍ ဆိုသောနည်း)ဖြင့် ဆိုထားသည်။ ထို့ကြောင့် ကဏ္ဍုသဒ္ဒါဖြင့် ယားနာ, ဝဲနာ, သွေးစုနာ, အရည်ထွက် သော ဘဂန္ဒိုလ်နာ, ဆီးချိုရောဂါ, ဒူလာ, မြင်းသရိုက်နာနှင့် ကြီးကျယ်သော အရည်ထွက်သော အနာဟူသမျှကို ယူစေလိုသည်။
ထိုအနာများသည် ချက်မှအောက် ဒူးဆစ်မှအထက်၌ ပေါက်လျှင် သင်းပိုင်ကို ပေမည်စိုးသောကြောင့် ထိုအနာကို ဖုံးလွှမ်းကာကွယ်ဖို့ရာ အနာလွှမ်းခေါ် သင်္ကန်းတစ်မျိုးကို ခွင့်ပြုတော်မူရသည်။ (ကဏ္ဍု = အနာကို၊ ပဋိစ္ဆာဒိ = ဖုံးလွှမ်းသည်၊)
၉။ ဝဿိကသာဋိကသိက္ခာပုဒ် အဓိပ္ပာယ်
ဝေဿ = မိုးအခါ၌၊ အဓိဋ္ဌာတဗ္ဗာ = အဓိဋ္ဌာန်တင်ထိုက်သော သင်္ကန်းသည် ဝဿိကာ မည်၏၊ သာဋိကသဒ္ဒါကား ဝတ္ထသဒ္ဒါ၏ ပရိယာယ်တည်း။ မိုးအခါဝယ် ဝဿိကသာဋိကာဟူသော နာမည်ဖြင့် အဓိဋ္ဌာန်တင်၍ အခြားအခါဝယ် ဝိကပ္ပနာပြု၍ဖြစ်စေ, ပရိက္ခာရစောဠအဓိဋ္ဌာန်တင်၍ဖြစ်စေ, ဆောင်အပ်သော သင်္ကန်းကို ဝဿိကသာဋိကာဟု ခေါ်သည်။
မိုးအခါ၌သာ အဓိဋ္ဌာန်တင်၍ ရေသနုပ်ကဲ့သို့ အသုံးပြုရသော မိုးရေကို ခံကြရ ချိုးကြရသောကြောင့် မိုးရေခံသင်္ကန်းဟု ခေါ်သည်။ သင်္ကန်းဟု ဆိုသော်လည်း ဆိုးရည်ဖြင့် ပကတိသင်္ကန်းရောင် ထွက်အောင်ဆိုးမှ မဟုတ် ဆင်စွယ်ရောင်ကဲ့သို့ ခပ်ဝါဝါအရောင်ထွက်ရုံမျှ တစ်ကြိမ်လောက်ဆိုးလျှင်ပင် ဝတ်ကောင်းပြီ ဟူ၏၊
၁၀။ နန္ဒတ္ထေရသိက္ခာပုဒ် အဓိပ္ပာယ်
ညီတော်နန္ဒထေရ်ကို အကြောင်းပြု၍ ပညတ်အပ်သောကြောင့် နန္ဒတ္ထေရသိက္ခာပုဒ်ဟု ခေါ်သည်။ ဘုရားရှင်၏ သင်္ကန်းပမာဏနှင့် ညီမျှသော သို့မဟုတ် ထို့ထက်ပင် ရှည်သော သင်္ကန်းကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ ချုပ်ရာဝယ် ရသည်ဖြစ်စေ ထိုသင်္ကန်း၏ အပိုပမာဏကို ဖြတ်ရခြင်းရှိသော ပါစိတ်အာပတ် သင့်၏၊
ဘုရားရှင်၏ သင်္ကန်းတော်
ဘုရားရှင်၏ သင်္ကန်းတော်ကား ဘုရားအထွာတော်ဖြင့် အလျား ၉-ထွာ အနံ ၆-ထွာ ရှိ၏၊ သင်္ကန်းဟူရာ၌လည်း သင်းပိုင်ကို ဆိုလိုသည် မဟုတ်၊ ဧကသီနှင့် သင်္ကန်းကြီးကိုသာ ဤ၌ ဆိုလိုသည်။ (သင်းပိုင်ပမာဏမှာ ထိုမျှလောက်ပင် မရှည်ရာ။)
ယခုကာလပုဂ္ဂိုလ်များလည်း မိမိအထွာဖြင့် အလျား ၄-တောင်ထွာ၊ အနံ ၃-တောင် ရှိသော ဧကသီသင်္ကန်းကြီးကိုသာ ဝတ်ရုံထိုက်သည်။ ထိုမျှလောက် သင်္ကန်းဖြင့် ပရိမဏ္ဍလ, သုပ္ပဋိစ္ဆန္နဖြစ်အောင် ဝတ်နိုင်သည်ဟု သေခိယ၌ ဆိုခဲ့သည်။ ဘုရားရှင် ၁-ထွာကို ၁၃-လက်မခွဲနှုန်းထားဖြင့် စီဝရအခန်း၌ တွက်ပြထားသည်၊ ထိုအခန်း၌ ကြည့်တော်မူကြပါကုန်။
သုဒ္ဓပါစိတ် ပြီး၏၊