ဝိနည်းပဒေသာသင်တန်း/သီလဝန္တ = သီလရှိသူ
သီလဝန္တ = သီလရှိသူ
ဆိုခဲ့ပြီးသော သီလ (၄)မျိုးတို့ကို ပြည့်စုံအောင်ကျင့်သူ ကျူးလွန်မိခဲ့သော် ဒေသနာသုဒ္ဓိ ပါတိမောက္ခသံဝရသီလကို ဘုရားရှင်ပညတ်တော်မူသော ဒေသနာလာရှိသည့်အတိုင်း ဒေသနာဖြင့် စင်ကြယ်အောင် ကုစားခြင်း၊ သံဝရသုဒ္ဓိ ဣန္ဒြိယသံဝရသီလကို သတိဖြင့် စောင့်စည်း၍ စင်ကြယ်အောင် ပြုခြင်း၊ ပရိယေဋ္ဌိသုဒ္ဓိ, အာဇီဝပါရိသုဒ္ဓိကို ဝီရိယဖြင့် အပ်စပ်အောင် ရှာမှီး၍ ပြည့်စုံစေခြင်း ပစ္စဝေက္ခဏာသုဒ္ဓိ ပစ္စယသန္နိဿိတသီလကို ပညာဖြင့် ဆင်ခြင် ၍ ပြည့်စုံစေခြင်းများ ပြုပြီးသူသည် သီလဝန္တ (= သီလရှိသူ, သီလစင်ကြယ် သူ) ဟု ဆိုရ၏၊
(ဆောင်) ရဟန်းကျင့်ဝတ် တစ်ပါးချွတ်က ဘုရားမကြိုက် ကဲ့ရဲ့ထိုက်၏၊
ရဟန်းကျင့်ဝတ် တစ်ပါးတတ်က လူ, နတ်ဦးခိုက် ပူဇော်ထိုက်၏၊
ယခု ပြဆိုခဲ့သော သီလ (၄)ပါးတို့တွင် တစ်ပါးပါး ချွတ်ယွင်းလေက မြတ်စွာဘုရားရှင် မကြိုက်မနှစ်သက်၊ ဘုရားရှင် ကဲ့ရဲ့ထိုက်သော အကဲ့ရဲ့ခံရမည့် ပုဂ္ဂိုလ် ဖြစ်လေသည်။ သီလတစ်ပါးပါး ကျင့်နိုင်လျှင်လည်း လူတွေ, နတ်တွေ ဦးခိုက်ပူဇော်ထိုက်သည်ဟု ရှေးဆရာတော်ကြီးတို့ ဆုံးမတော်မူကြသည်။ ထို့ကြောင့် ဤသီလလေးပါးတို့ကို ပြည့်စုံအောင်, သီလဝန္တဖြစ်အောင်, သီလစင်ကြယ်အောင် ကြိုးစားသင့်သည်။
ဒုဿီလနှစ်မျိုး
၁။ နိဿီလဖြစ်သော ဒုဿီလ၊
၂။ ဒူသီတသီလဖြစ်သော ဒုဿီလဟု နှစ်မျိုး ရှိသည်။
ပါရာဇိကသိက္ခာပုဒ် တစ်ပါးပါးပျက်၍ သီလအလျဉ်းမရှိသော ပုဂ္ဂိုလ်သည် နိဿီလဖြစ်သော ဒုဿီလမည်၏၊ ပါရာဇိကမှ ကြွင်းသော သံဃာဒိသေသ်စသော သိက္ခာပုဒ်တစ်ခုခု ပျက်သောသူသည် ဒူသီတဖြစ်သော ဒုဿီလပုဂ္ဂိုလ် မည်၏၊ ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စဉ်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်, ဒုဗ္ဗာသီဟု အာပတ်(၇)ပုံ ရှိရာတွင် ပါရာဇိကအာပတ် ကျူးလွန်လျှင် နိဿီလဖြစ်သော ဒုဿီလ၊ကြွင်းသော အာပတ် (၆)ပုံ ကျူးလွန်လျှင် ဒူသီတဖြစ်သော ဒုဿီလပုဂ္ဂိုလ်ဟု ခွဲခြားမှတ်ပါ။
အလဇ္ဇီ နှင့် လဇ္ဇီ
အလဇ္ဇီလက္ခဏာ (၃) ပါး
သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ၊ အာပတ္တိံ ပရိဂူဟတိ၊
အဂတိဂမနဉ္စ ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ အလဇ္ဇီပုဂ္ဂလော၊
သဉ္စိစ္စ = သိလျက် စေတနာနှင့်တကွ။ အာပတ္တိံ = အာပတ်သို့။ အာပဇ္ဇတိ = ရောက်၏၊ (ဝါ) လွန်ကျူး၍ ကျင့်၏၊ အာပတ္တိံ = သင့်သော အာပတ်ကို။ ပရိဂူဟတိ = ဒေသနာမကြား မကုစားဘဲ လျှို့ဝှက်ထား၏၊ အဂတိဂမနဉ္စ = မလားသင့် မလားထိုက်သော အဂတိတရားလေးပါးသို့။ ဂစ္ဆတိ = လိုက်၍ ကျင့်၏၊ ဧဒိသော = ဤသို့ သဘောရှိသော အင်္ဂါသုံးပါးနှင့် ပြည့်စုံသောသူကို။ အလဇ္ဇီပုဂ္ဂလော = အလဇ္ဇီပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊
၁။ သိလျက် စေတနာနှင့်တကွ အာပတ်သင့်ရောက်ခြင်း။
၂။ သင့်ရောက်နေသော အာပတ်တို့ကို ဒေသနာမကြား မကုစားဘဲ လျှို့ဝှက်ထားခြင်း။
၃။ ဆန္ဒ, ဒေါသ, မောဟ, ဘယ အဂတိတရား လေးပါးသို့ လိုက်၍ ကျင့်ခြင်း။
ဤအင်္ဂါ (၃)ပါးနှင့် ပြည့်စုံသူသည် အလဇ္ဇီပုဂ္ဂိုလ် ဖြစ်၍ ဤအင်္ဂါ (၃)ပါး အပြန်အားဖြင့် လှည့်၍ ယူလျှင် လဇ္ဇီပုဂ္ဂိုလ် အရှက်ရှိသော ပုဂ္ဂိုလ် ဖြစ်သည်။ အဂ္ဂိယမှု, ကုလဒူသနမှု, သဘင်ခံမှု, ငွေတိုးပေးမှု, ရောင်းမှုဝယ်မှု, ရွှေ ငွေ အလှူခံမှု, ဗေဒင်ဟော, ဆေးကု, လက္ခဏာဖတ်မှု, ဓာတ်စီး နတ်စီး အတိတ်ဟော အနာဂတ်ဟောမှု စသည်တို့ကို ပြုနေသော ရဟန်းတို့ကို အလဇ္ဇီဟု သိရာ၏၊
ပေါရာဏကမ္မ သင်္ကန်းချုပ်ဆိုး ဆံရိတ် လက်သည်း ခြေသည်းလှီးခြင်း, သေနာသနဝတ် ကျောင်းပြုပြင်ခြင်း စသည်နှင့် အာစရိယဝတ် ပိဏ္ဍာစာရိကဝတ် ဝတ္တခန္ဓကလာ ဝတ်အမျိုးမျိုးတို့မှတစ်ပါး အခြားသော ဂီဟိကမ္မ (= လူတို့၏ အမှုကိစ္စ) ဖြစ်သော ပန်းချီ, ပန်းပု, စူး, ဆောက်, လက်သမားမှု စသော နဝကမ္မအမှုတို့၌သာ အလေ့အလာများသော လူမှုကိစ္စတို့၌သာ အချိန်ကုန်နေသော ရဟန်းကိုလည်း ဆရာတို့က အလဇ္ဇီဟုပင် ဆိုကြသည်။ အလဇ္ဇီ ပုဂ္ဂိုလ်ဟူသည် အရှက်မရှိသော ဘုရားစကား မနာယူ ပြုချင်ရာပြုနေသော သူတည်း။
အလဇ္ဇီဒုဿီလရဟန်းတို့ကား အလှူခံတစ်ကျိပ်လေးယောက်တို့၌ မပါဝင်ဟု “အလဇ္ဇီဘာဝါဒိ ပကာသက”ကျမ်း၌ အတိအလင်း ဆိုထား၏၊ အလဇ္ဇီဒုဿီလရဟန်းတို့ကို ထောက်ပံ့လှူဒါန်းအားပေးနေသော ဒါယကာ ဒါယိကာမတို့ကား သာသနာဖျက်နေသောသူများ ဖြစ်၏၊ ဤအချက်ကို သာသနာပြုနေပါသည်ဟု ဆိုသောသူတို့ သတိထားသင့်သော အချက် ဖြစ်သည်။
အဂတိတရား (၄) ပါး
၁။ ဆန္ဒာဂတိ = ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း။
၂။ ဒေါသာဂတိ = မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း။
၃။ မောဟာဂတိ = မသိနားမလည်သဖြင့် မလားအပ်သည်သို့ လားခြင်း။
၄။ ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလားအပ်သည်သို့ လားခြင်း။
ကျောင်းတိုက်တစ်ခု, ဌာနတစ်ခု, အဖွဲ့အစည်းတစ်ခုခုမှာ အကြီးအကဲပြုလုပ်နေသောသူသည် အဂတိတရားလေးပါး မလိုက်မှားဖို့ အရေးကြီး လှသည်။
အလှူခံ တစ်ကျိပ်လေးယောက်
၁။ တိရစ္ဆာန် = ခွေး ဝက် ကြက် ငှက် သားသမင် စသည်များ၊
၂။ ဒုဿီလ = မုဆိုး တံငါ လူလိမ် လူညာ သီလမရှိသူများ၊
၃။ သီလဝန္တ = သီလနှင့် ပြည့်စုံသော ရှင်, လူ, ရဟန်းများ၊
၄။ တာပသ = ကိလေသာကို ပူပန်စေသော စျာန်ရ, စျာန်မရ ရသေ့များ၊
၅။ မဂ္ဂဋ္ဌ = မဂ်ဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊
၆။ ဖလဋ္ဌ = ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊
၇။ ပစ္စေက = ပစ္စေကဗုဒ္ဓါအရှင်မြတ်များ၊
၈။ သမ္ဗုဒ္ဓ = မြတ်စွာဘုရားရှင်၊
တိရစ္ဆာနေ ဒုဿီလေ စ၊ သီလဝန္တေ စ တာပသေ။
မဂ္ဂဋ္ဌေတေ ဖလဋ္ဌေ စ၊ ပစ္စေကေ စေဝ သမ္ဗုဒ္ဓေ။
လဇ္ဇီပုဂ္ဂိုလ် ဝိနည်းတတ်သော် သာသနာတော် တည်၏၊ အလဇ္ဇီပုဂ္ဂိုလ် ဝိနည်းတတ်သော်လည်း မကျင့်သောကြောင့် ထိုသူသန္တာန်၌ သာသနာတော် မတည်။ သူတစ်ပါးကိုလည်း သာသနာတော်တည်အောင် မတတ်နိုင်။ ထို့ကြောင့် လဇ္ဇီဝိနည်းတတ်သော သူတို့သည်သာ သာသနာတော်ကို စောင့်လတ္တံ့။ “အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿန္တိ = နောင်အခါ သာသနာတော်ကို လဇ္ဇီပုဂ္ဂိုလ်တို့သည်သာ စောင့်ရှောက်ကုန်လတ္တံ့”ဟု သင်္ဂါယနာထေရ်အရှင်တို့ မိန့်ဆိုတော်မူကြသည်။
လဇ္ဇီပုဂ္ဂိုလ်ဟူသည်
လဇ္ဇီပုဂ္ဂိုလ် အရှက်ရှိသော သူတို့၏ သဘောသည် အနည်းငယ်မျှသော အပြစ်ကလေးကိုပင် အပြစ်ကြီးဟု နှလုံးပိုက်၏၊ မိမိ၏ အသက်ကို မငဲ့, ဒါယကာတို့ ဒါယိကာမတို့ မျက်နှာကို မငဲ့, ပစ္စည်းလေးပါး လာဘ်လာဘကို မငဲ့, မိမိ၏ ပတ်ဝန်းကျင် သီတင်းသုံးဖော်တို့၏ မျက်နှာကို မငဲ့, ဘုရားရှင်၏ ရွှေမျက်နှာတော်ကိုသာ ငဲ့၍ ဝိနည်းဒေသနာတော်နှင့်အညီ မချွတ်မယွင်း အမှားမရှိအောင် သတိဆောင်၍ ကျင့်ရာသည်။(ဝိနည်းဥပဒေတော်ကြီး၊ ၁၉၁၊၊)
ပုဂ္ဂိုလ် (၄) မျိုး
ဤသာသနာတော်၌ ---
၁။ လဇ္ဇီသူတော်ကောင်း၊
၂။ လဇ္ဇီသူယုတ်မာ၊
၃။ အလဇ္ဇီသူတော်ကောင်း၊
၄။ အလဇ္ဇီသူယုတ်မာဟု ပုဂ္ဂိုလ်လေးမျိုး ခွဲခြား မှတ်သားသင့်၏၊
ထိုလေးယောက်တို့တွင် ---
၁။ ဝိနည်းအရာ၌ ရိုသေလေးစားမှု ရှိ၍ ဣဿာ = သူတစ်ပါး စည်းစိမ်ကို ငြူစူမှု၊ မစ္ဆရိယ = မိမိစည်းစိမ်ကို လျှို့ဝှက်မှု၊ မာယာ = မိမိ၌ ရှိသော အပြစ်ကို ဖုံးကွယ်လှည့်ပတ်မှု၊ သာဌေယျ = မိမိ၌ မရှိသော ဂုဏ်တို့ကို ဖော်ပြ၍ ကောက်ကျစ်စဉ်းလဲမှု စသည် မရှိသူ ရိုးသားဖြောင့်မတ်သူသည် လဇ္ဇီသူတော်ကောင်း မည်၏၊
၂။ ဝိနည်းအရာ၌ ရိုသေလေးစားမှုရှိ၍ ဣဿာ မစ္ဆရိယ မာယာ သာဌေယျစသည် များပြားသောသူသည် လဇ္ဇီသူယုတ်မာမည်၏၊
၃။ ဝိနည်းအရာ၌ ရိုသေလေးစားမှု မရှိမူ၍ (ဝါ) မရှိသော်လည်း ဣဿာ မစ္ဆရိယ မာယာ သာဌေယျ စသည် နည်းပါး, ရိုးသားဖြောင့်မတ်၍ မိမိ မကျင့်နိုင်စေကာမူ ကျင့်သူကို အားပေး အမှန်ကို ရေးသားပြောဆိုခြင်း စသည်ဖြင့် စိတ်ကောင်းရှိသူသည် အလဇ္ဇီသူတော်ကောင်း မည်၏၊
၄။ နောက်ဆုံး လေးနံပါတ်ပုဂ္ဂိုလ်သည်ကား ဝိနည်းကိုလည်း ရိုသေလေးစားမှု မရှိ၊ သိက္ခာပုဒ်တော်တို့ကို လွန်ကျူးကျော်နင်းရန်လည်း ဝန်မလေး၊ ဣဿာ မစ္ဆရိယ မာယာ သာဌေယျ စသည် ပေါများ၍ ရိုးသားဖြောင့်မတ်ခြင်း မရှိ၊ မိမိလည်း မကျင့် သူတစ်ပါးကိုလည်း အပြစ်ဆို ကိုယ်လိုရာသို့ဆွဲ သူတော်ကောင်းတွေကို ရှုတ်ချ၍ မဟုတ်မတရား ရေးသား ပြောဆိုတတ်သော သူသည် အလဇ္ဇီသူယုတ်မာ မည်၏၊
ထို ပုဂ္ဂိုလ်လေးမျိုးလေးစားတို့တွင် မိမိသည် လဇ္ဇီသူတော်ကောင်း ဟုတ်သည် မဟုတ်သည်ကို မိမိသာလျှင် အသိဆုံးဖြစ်၍ ကိုယ်တိုင်ဆုံးဖြတ်ချက်ချကာ လဇ္ဇီမဖြစ်သေးလျှင် လဇ္ဇီလက္ခဏာသုံးပါးနှင့်အညီ လဇ္ဇီဖြစ်အောင် သူတော်ကောင်း မဟုတ်သေးလျှင် သူတော်ကောင်းလက္ခဏာနှင့်အညီ သူတော်ကောင်း ဟုတ်အောင် ပြုပြင်ပါလေ။
အလဇ္ဇီသူယုတ်မာ မဖြစ်အောင် ကြိုးစား
အလဇ္ဇီလက္ခဏာသုံးပါးတို့ကို အမြဲ သတိထား၍ ရှောင်ကြဉ်ပါ။ ဝိနည်းကို ရိုသေလေးစားပါ။ ကိုယ့်အတွက်နှင့် သူတစ်ပါး အပြစ် မဖြစ်ပါစေနှင့်၊ မနာလိုဝန်တိုသော စိတ်ကိုလည်း မမွေးလေလင့်၊ ကိုယ့်ထက်သာသူတွေ တွေ့လာလျှင်လည်း မနာလိုဝန်တို မဖြစ်လင့်၊ သူများထက် သာအောင်, နာမည်ကြီးအောင်, ဘုန်းကြီးအောင်, လာဘ်လာဘ ပေါများအောင် တရားမကျင့်လင့်။ သီတင်းသုံးဖော် အချင်းချင်း, စာသင်တိုက် အချင်းချင်း, ရိပ်သာ အချင်းချင်း ယှဉ်ပြိုင်အနိုင်ယူလိုသော စိတ် မပြုလင့်။ ဤသို့ပြုလျှင် အပြစ် တိုးပွား၍ ငရဲလားချိမ့်မည်။ အတွင်းစိတ်ထား မရိုးသားပါက မိစ္ဆာဇီဝ ဖြစ်၍ ဒုက္ကဋ်အာပတ်တွေ စုသည်နှင့် တူ၏၊ ရသောပစ္စည်းများ တခြားရဟန်းတို့အား လှူပြန်လျှင် ဒုက္ကဋ်အာပတ်တွေ ပေးဝေနေသည်နှင့် တူ၏၊ မိစ္ဆာဇီဝဖြင့် ရသောပစ္စည်းများကို သုံးစွဲသော သူတိုင်း ဒုက္ကဋ်အာပတ်သင့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလဇ္ဇီလူယုတ်မာ မဖြစ်အောင် အရေးကြီးလှပါသည်။
သူခိုးဓားပြကြီး (၅) မျိုး
ရဟန်းတစ်ပါးသည် ရာထောင်များစွာ တပည့်ပရိသတ်တွေ ခြံရံလျက် မြို့ရွာများကို လှည့်လည်ကာ “ဒါယကာ ဒါယိကာမတို့၏ အပူဇော်ကို ဘယ်တော့များ ခံရပါ့မလဲ”ဟု ကြံစည်၍ ထိုကဲ့သို့ အပူဇော်ခံရအောင် ကြံစည် ကြိုးစား အားထုတ်သဖြင့် လူအများတို့၏ အပူဇော်ကို ခံရ၏၊ ထိုသူသည် သာသနာတော်ကြီးပွားရေး သတ္တဝါတွေ အကျိုးများရေး မရည်ရွယ်ဘဲ သာသနာတော်ကို မှီပြီး မိမိ ကြီးကျယ်ခမ်းနားရေးကိုသာ ရည်ရွယ်အားထုတ်သော ပထမသူခိုးဓားပြပင်တည်း။
ရဟန်းတစ်ပါးကား ဘုရားဟောတော်မူအပ်သော မဂ်ဖိုလ်နိဗ္ဗာန် ပရိယတ်တရားတော်ကို သူကိုယ်တိုင် ကြံစည်သိသကဲ့သို့ ဘုရားဟောသော ပါဠိတော်အတိုင်း မကျင့်ဘဲ နည်းသစ်တွေ ထွင်ကာ ကျင့်သဖြင့် ကိုယ့်ဖာသာ ကိုယ်တိုင်တွေ့ ကိုယ်ကိုယ်တိုင် ဉာဏ်ဖြင့် မြင်ရ၍ ကိုယ်တွေ့ဉာဏ်မြင်တရားဟု ဘုရားရှင်၏ တရားတော်ကို ခိုးယူ၏၊ ထိုသူသည်လည်း ဒုတိယသူခိုးဓားပြ တစ်မျိုးပင်တည်း။
ရဟန်းတစ်ပါးကမူ သီလဖြူစင် သန့်ရှင်းစင်ကြယ်သော ရဟန်းတော်ကို မြင်မှု ကြားမှု ယုံမှားမှု မရှိဘဲ သီလမစင်ကြယ်သောသူဟု စွပ်စွဲ၏၊ထိုသူလည်း တတိယသူခိုးဓားပြ တစ်မျိုးပင် ဖြစ်သည်။
ရဟန်းတစ်ပါးကား သံဃိကပစ္စည်းဖြစ်သော ကျောင်းမှ စ၍ မြက် ဝါးတို့တိုင်အောင် ဂရုဘဏ်ပစ္စည်း (၂၅)ပါးတို့ကို လူတို့အား ပေး၏၊ သံဃိကပစ္စည်းဖြစ်၍ ပေးစွန့်၍ မရပေ၊ ထိုသူသည်လည်း စတုတ္ထသူခိုးတစ်မျိုး ဖြစ်၏၊
ရဟန်းတစ်ပါးကမူ မိမိမှာ ထင်ရှားမရှိသော စျာန်မဂ်ဖိုလ်တရားကို ရှိဟန်ဆောင်၍ ယုတ်မာသော အလိုဆိုးဖြင့် လူတို့အား ပြောဆို၏၊ ထိုသူကား တစ်ယောက်နှစ်ယောက်ကိုသာမက တစ်လောကလုံး လူရော နတ်ပါ လိမ်ညာရာ ကျသောကြောင့် အကြီးဆုံး သူခိုးဓားပြတည်း။ ဤသို့ သူခိုး ဓားပြကြီး (၅)မျိုးကို ပါရာဇိကဏ်ပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည်။
(ဝိနည်းဥပဒေတော်၊ ၁၉၇။)
သီလပျက်ခြင်းအပြစ် (၅) ပါး
၁။ သီလပျက်သူသည် မေ့လျော့ခြင်းကြောင့် စည်းစိမ်ပျက်၏၊
၂။ မကောင်းသော သတင်းဆိုး အမျိုးမျိုး ထွက်၏၊
၃။ ချဉ်းကပ်ရာ ပရိသတ်၌ ရဲတင်းမှု မရှိ၊ မျက်နှာငယ်ရ၏၊
၄။ သေသောအခါ အကုသိုလ်ကံစသော အပြစ်, မကောင်းသော နိမိတ်တွေ ထင်လာသောကြောင့် တွေဝေ၍ သေရ၏၊
၅။ သေပြီးနောက် မကောင်းသူတို့သွားရာ အပါယ်လေးရွာသို့ လားရ၏၊
(ဆောင်) စောင့်ထိန်းသီလ ပျက်ကြသူတွေ၊ စည်းစိမ်ပျက်ခြင်း သတင်းမဝေ၊
ပရိသတ်လယ် မျက်နှာငယ်ပေ၊ တွေဝေခြင်း သေလျှင်း ပါယ်ဘုံလေ။
သီလပျက်ခြင်း အပြစ် (၁၆) ပါး
၁။ သီလပျက်သူကို သီလမရှိခြင်းကြောင့် နတ်လူတို့ မမြတ်နိုး။
၂။ စက်ဆုပ်ဖွယ်ဖြစ်သောကြောင့် သီတင်းသုံးဖော်တို့ မဆုံးမလို (ဝါ) မဆက်ဆံလို ရှောင်ဖယ်ကြသည်။
၃။ ဒုဿီလအပြစ်ကို ကဲ့ရဲ့သံကြားလျှင် သီလပျက်သူ မိမိပါ စိတ်ဆင်းရဲ၏၊
၄။ သီလအကျင့်ကောင်းကြောင်း ချီးမွမ်းသံကြားလျှင် ကောင်းမှု မပြုမိလေဟု စိတ်ပူပန်၏၊ (အချို့ မနာလိုအပြစ်ရှာ၍ ပြောချင်ဆိုချင်၏၊)
၅။ သီလမရှိသောကြောင့် ပိုက်ဆံလျှော်ပုဆိုးကဲ့သို့ အရုပ်ဆိုး၏၊ ဂုဏ်သတင်း မထွက်၊ ကိုယ်အဆင်း မလှ။
၆။ အတုလိုက်၍ ချဉ်းကပ်သူ ဆည်းကပ်သူကို အပါယ်ဒုက္ခ ကြာရှည်စွာ ရစေခြင်းကြောင့် အတွေ့ဆိုး ရှိ၏၊
၇။ ပစ္စည်းလှူဒါန်းသူတို့ အကျိုးရ နည်းစေရကား အဖိုးမတန်။
၈။ နှစ်ရှည်လှောင်သွင်း မစင်တွင်းသဏ္ဌာန် သန့်ရှင်းသုတ်သင်ရန် မလွယ်ကူ။
၉။ မသာထင်းတုံး တောနှင့်ရွာ နှစ်ဌာနလုံး မသုံး၊ သီလပျက်သူသည် လူစည်းစိမ် ရဟန်းစည်းစိမ် နှစ်ပါးလုံးမှ ဆုံးရှုံး၏၊
၁၀။ နွားအုပ်နောက် လိုက်နေသော်လည်း မြည်းသည် နွားမဟုတ်၊ ရဟန်းဟု ဝန်ခံနေသော်လည်း သီလပျက်သူသည် ရဟန်းမဟုတ်။
၁၁။ လူမြင်တိုင်းကို ပြောမည်ဆိုမည်၊ ကဲ့ရဲ့မည်၊ ရန်သူထင်၍ အမြဲတမ်း ထိတ်လန့်၏၊
၁၂။ အဖော်ပြု အတူမနေထိုက်သော လူသေကောင်နှင့် တူ၏၊
၁၃။ သုသာန်မီးခဲ ရဲနေသော်လည်း ပုဏ္ဏား မပူဇော်၊ သီလပျက်သူ စာတတ်နေသော်လည်း သီတင်းသုံးဖော်တို့ မပူဇော်။
၁၄။ ဝမ်းတွင်းကန်းသူ အဆင်း မမြင်နိုင် မသိနိုင်၊ သီလပျက်လျှင် တရားထူး တရားမြတ် မရနိုင်။
၁၅။ ဒွန်းစဏ္ဍား၏သား မင်းစည်းစိမ် စိတ်ကူးလျှင် ကူးမည်သာ၊ သီလပျက်သူ သူတော်ကောင်းတရား စိတ်မကူး။
၁၆။ ငါ ချမ်းသာနေသူဟု ထင်သော်လည်း အဂ္ဂိခန္ဓောပမဒုက္ခဖြင့် ဒုက္ခရောက်လျက်သာ ရှိချေ၏၊ (ငါးမျှားချိတ် မျိုသော ငါးအနေ ဒုက္ခကိန်း သေ၏၊) (ဝိသုဒ္ဓိမဂ်အရသာ၊၆၅။)
အဂ္ဂိက္ခန္ဓောပမသုတ်
မြတ်စွာဘုရားရှင်သည် မီးတောက်ပြင်းထန် မီးလျှံထိန်ညီး စွဲလောင်နေသော မီးတောက်မီးပုံကြီးကို ညွှန်ပြ၍ မီးပုံကြီးနှင့် မိန်းမပျိုကညာ ပွေ့ဖက်၍ ထိုင်ခြင်း အိပ်ခြင်း ဤနှစ်ခုတို့တွင် အဘယ်ကို တောင့်တအပ်သနည်းဟု မေးတော်မူရာ ရဟန်းတို့က မြတ်စွာဘုရား ... ပျိုကညာကို ပွေ့ဖက်၍ နေခြင်းကိုသာ တောင့်တအပ်ပါသည်။ မီးပုံကြီးကို ပွေ့ဖက်၍ နေခြင်းကား ဆင်းရဲကြောင်းသာ ဖြစ်ပါသည်ဘုရားဟု လျှောက်ထားကြလေရာ အောက်ပါဒေသနာတော်ကို ဟောတော်မူသည်။
ချစ်သားတို့ ...ထင်ရှားစွာ သိစေဦးအံ့၊ ဒုဿီလပုဂ္ဂိုလ်သည် ယုတ်သော သဘောရှိ၏၊ မစင်ကြယ်သူဖြစ်၍ တွေးတောစရာ အကျင့်ရှိ၏၊ (လူစုတွေ့လျှင် ငါ့အကြောင်းကို တိုင်ပင်ပြောဆိုကြသလားဟု တွေးပူစရာ အကျင့် ရှိ၏၊ ဖုံးလွှမ်းသော ရှက်ဖွယ် ပြစ်မှု ရှိ၏၊ ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် မရှိဘဲ ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာ မပြတ် ယိုစီး၏၊ ယောက်သွားပုပ်နှင့် တူ၏ (ဝါ) သာသနာတော်၌ အမှိုက်ဖြစ်၏၊ ထို့ကြောင့် ဒုဿီလအား မီးပုံကြီးပွေ့ဖက်၍ နေရခြင်းကို မြတ်၏ဟု တောင့်တအပ်၏၊ မီးပုံကြီး ပွေ့ဖက်ရခြင်းကြောင့် သေခြင်းသည်လည်းကောင်း, သေလုနီးပါး ဒုက္ခသည်လည်းကောင်း ဖြစ်ရာ၏၊ သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ၌ မဖြစ်။ ဒုဿီလဖြစ်ကြောင်း ပျိုကညာပွေ့ဖက်ရခြင်းကြောင့်ကား သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ၌ စင်စစ် ဖြစ်၏၊ ဤသို့လျှင် မီးပုံကြီး ဥပမာအားဖြင့် မိန်းမနှင့် စပ်သော ကာမဂုဏ်ညစ် ခံစားပြစ်ကို ပြတော်မူ၏၊ ဤ၌ လျော့လျော့ပေါ့ပေါ့ ဥပမာပြသည်၊ ငရဲ၌ တူသော ညီမျှသော ဥပမာ လောက၌ မရှိသောကြောင့်တည်း။
မေထုန်ကြီး (၁) ပါး၊ မေထုန်ငယ် (၇) ပါး
၁။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် မြတ်သော အကျင့်ရှိ၏ဟု ဝန်ခံ၏၊ မာတုဂါမနှင့်အတူ ရှဉ်းစုံမကပ် မေထုန်မှီဝဲခြင်းအမှုကို မပြု၊ အဗြဟ္မစရိယသိက္ခာပုဒ်ကို ရှောင်ကြဉ်၏၊
၂။ ယင်းသို့ ရှဉ်းစုံမကပ်သော်လည်း မာတုဂါမ၏ ဆေးလိမ်းကျံခြင်း, အယား ဖျောက် ပွတ်သပ်ပေးခြင်း, နှိပ်နယ် ဆုပ်ကိုင်ပေးခြင်း, ရေချိုးပေးခြင်း စသည်ကို သာယာ၏၊ သဘောကျ၏၊ လိုလားနှစ်သက်၏၊ ဤအမူအရာသည် မြတ်သော သီလ၏ ကျိုးခြင်း ပေါက်ခြင်း ကျားခြင်း ပြောက်ခြင်း ဖြစ်၏၊ မစင်ကြယ်သော အကျင့် ဖြစ်၏၊ မေထုန်ငယ်နှင့် ယှဉ်၍ ကျင့်သည် မည်၏၊ ထိုရဟန်းသည် ဇာတိ ဇရာ မရဏမှ မလွတ်၊ သံသရာဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်။
၃။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူးသော်လည်း မာတုဂါမနှင့် တခိခိ ရယ်မော၏၊ ကိုယ်လက်ထိပါး ကစား၏၊ ပြုံးရယ် ရွှင်မြူး၏၊ ထိုသို့ ရယ်မှု ပြောမှု ဆိုမှုကို သာယာနှစ်သက်၏၊ သဘောကျ လက်ခံ၏၊ ဤအမူအရာ သည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။
၄။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိသော်လည်း မာတုဂါမနှင့် မျက်စိချင်း ဆုံ၍ ကြည့်၏၊ တစိမ့်စိမ့် စူးစိုက်၍ ကြည့်၏၊ တစောင်း ကြည့်၏၊ မျက်စိထောင့်ကပ်၍ ကြည့်၏၊ ထိုကြည့်ခြင်းမျိုးကို နှစ်သက်သဘောကျ၏၊ သာယာ၏၊ ဤ အမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။
၅။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံသော်လည်း မာတုဂါမ၏ အသံကို နားထောင်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက်၌ မာတုဂါမ၏ ရယ်ပြော တေးဆို ငိုယိုခြင်းစသော မိန်းမအသံမျိုးစုံကို နားထောင်၏၊ သာယာ၏၊ နှစ်သက်၏၊ ဤအမူအရာသည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။
၆။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံနားမထောင် စွန့်ပစ်သော်လည်း ရှေးရှေးအခါ၌ မာတုဂါမနှင့် ရယ်ဖူး ပြောဖူး သွားလာဖူး ကစားဖူးသည်တို့ကို စိတ်ကူး၍ ပြန်ပြောင်းအောက်မေ့၍ သာယာ၏၊ ဤ အမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။
၇။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံပစ် ရှေးဖြစ် မကြံသော်လည်း ကာမဂုဏ်ငါးပါးနှင့် ပြည့်စုံနေသောသတို့သား သတို့သမီး ဇနီးမောင်နှံအစုံကို ကြည့်၍ သာယာ၏၊ အားကျ၏၊ ဤအမူအရာသည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။
၈။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံပစ် ရှေးဖြစ်မကြံ မောင်နှံအစုံကို မကြည့်ဘဲ ငုံ့ရှောင်နေသော်လည်း ဤရဟန်းသီလအကျင့်ဖြင့် နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်ရလို၏ဟု တောင့်တ၏၊ သာယာ၏၊ နှစ်သက်၏၊ ဤအမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။
ဤသို့ မာတုဂါမ၏ ပွတ်သပ်သာယာခြင်း စသော မေထုန်ငယ် (၇)ပါးနှင့် ယှဉ်ခြင်းကြောင့် ကျိုးပေါက်ကျားပြောက်လျှင်လည်း သီလညစ်နွမ်း၏၊ သီလသိက္ခာပုဒ်ကြီးများ ပျက်စီးခြင်း မရှိ၊ ညစ်နွမ်းရုံသာဖြစ်သော်လည်း သံသရာဝဋ်က ထွက်မြောက်ကြောင်း နိယျာနိကအန္တရာယ်ကို ပြုနိုင်ကြပေသည်။
(ဆောင်) ရှဉ်းစုံမကပ်၊ ပွတ်သပ်မကျူး၊ ရယ်မြူးမရှိ၊ မျက်စိမဆုံ၊ သံမျိုးစုံပစ်၊ ရှေးဖြစ်မကြံ၊ မောင်နှံငုံ့ရှောင်၊ နတ်ဘောင်မရွယ်၊ ဤရှစ်သွယ်၊ မှတ်ဖွယ်အပြန် မေထုန်တည်း။
သီလကျိုးပေါက် ကျားပြောက်ခြင်း
သီလကျိုးပေါက် ကျားပြောက်ခြင်းတို့သည် ညစ်နွမ်းကြောင်း ဖြစ်၏၊ လာဘ, ယသ စသော အကြောင်းဖြင့်လည်းကောင်း, မေထုန်ငယ် (၇)ပါးနှင့် ယှဉ်ခြင်းဖြင့်လည်းကောင်း ကျိုးပေါက်ခြင်း စသည်ကို သိအပ်၏၊
၁။ ပစ္စည်းလေးပါး လာဘ်စသည်ကို ငဲ့၍ သီလပျက်သောအခါ အာပတ်အစု ခုနစ်ခု၌ ထိုထိုအစု၏ ဥဒ္ဒေသအစွမ်းဖြင့် အစသိက္ခာပုဒ် အဆုံးသိက္ခာပုဒ် ပျက်လျှင် အနံစွန်း အမြိတ်စွန်း စုတ်ပြတ်သော အဝတ်နှင့် တူ၏၊ (ခဏ္ဍ)ကျိုးပြတ်သော သီလမည်၏၊
၂။ အလယ်သိက္ခာပုဒ် ပျက်လျှင် အလယ်ပေါက်သော အဝတ်နှင့် တူ၏၊ (ဆိဒ္ဒ)ပေါက်ထွင်းသော သီလမည်၏၊
၃။ အစဉ်အတိုင်း နှစ်ခု သုံးခု ပျက်လျှင် အမည်း အနီ စသည်ဖြင့် ကျောက်ကုန်း ဝမ်းဗိုက် ကြောင်ကျားသော နွားနှင့် တူ၏၊
(သဗလ) ကြောင်ကျားသော သီလမည်၏၊
၄။ အကြားအကြားပျက်လျှင် အပြောက်အကွက် အကြိုအကြား ဆန်းကြယ်သော နွားနှင့် တူ၏၊ (ကမ္မာသ) ပြောက်ကွက်သော သီလ မည်၏၊ ဤသို့ ခဏ္ဍ, ဆိဒ္ဒ, သဗလ, ကမ္မာသတို့ကို မှတ်သား၍ သိအပ်၏၊
(ဆောင်) စ, ဆုံးနှစ်ရပ်၊ ပျက်စီးလတ်၊ ကျိုးပြတ်ခေါ်ခဏ္ဍ။
အလယ်အတွင်း၊ ပျက်စီးခြင်း၊ ပေါက်တွင်း မည်ဆိဒ္ဒ။
စဉ်တိုင်းအများ၊ ပျက်စီးငြား၊ ကြောင်ကျား သဗလ။
အကြားအကြားကွက်၊ ပျက်စီးလျက်၊ ပြောက်ကွက် ကမ္မာသ။
(ဝိသုဒ္ဓိမဂ်အရသာ၊၆၁။)
ကောဓ စသော ပါပဓမ္မများ
၁။ ကောဓ = အမျက်ထွက်ခြင်း၊
၂။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း၊
၃။ မက္ခ = သူတစ်ပါး၏ ကျေးဇူးကို ချေဖျက်ခြင်း၊
၄။ ပဠာသ = အင်တူအမှု အပြိုင်ပြုခြင်း၊
၅။ ဣဿာ = သူ့စည်းစိမ်ကို ငြူစူခြင်း၊
၆။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်း၊
၇။ မာယာ = ရှိသော အပြစ်ကို ဖုံးလွမ်းခြင်း၊
၈။ သာဌေယျ = မရှိသော ဂုဏ်ဖြင့် ပလွှားဝါကြွားခြင်း၊
၉။ ထမ္ဘ = စိတ်ခက်ထန်ခြင်း၊
၁၀။ သာရမ္ဘ = သူ့ထက် လွန်ကဲအောင် ပြုခြင်း
၁၁။ မာန = ထောင်လွှားခြင်း၊
၁၂။ အတိမာန = လွန်စွာ ထောင်လွှားခြင်း၊
၁၃။ မဒ = မာန်ယစ်ခြင်း၊
၁၄။ ပမာဒ = တောမျောက်အလား စိတ်လွှတ်ထား မေ့လျော့ခြင်း၊
ဤသို့ယုတ်မာသော တရားဆိုးတို့ မဖြစ်လျှင် သီလကျိုးပေါက် ပြောက်ကျားခြင်း မဖြစ်နိုင်။
သီလဖြူစင်ကြောင်း ဝေါဒါန
လာဘ်, ပူဇော်သက္ကာရ, သိလောက စသည်ကြောင့် သိက္ခာပုဒ်တစ်ခုမျှ မပျက်သော သီလ၊ ပျက်လျှင်လည်း ပါရာဇိက ဝန်ခံခြင်း, သံဃာဒိသေသ် ဝတ်ဆောက်တည်ခြင်း, ကြွင်းသော အာပတ် နိဿဂ္ဂိစွန့်ပြီး ဒေသနာကြားခြင်း စသည်ဖြင့် ကုစားပြီးသော သီလ၊ မေထုန်ငယ် ခုနစ်ပါး, ကောဓစသော ယုတ်မာသော တရားတို့ မနှိပ်စက်အပ်သော သီလတို့သည် မကျိုးမပေါက် မကျားမပြောက်သော သီလတို့ မည်ကုန်၏၊ တဏှာကျွန်၏ အဖြစ်မှ လွတ်စေ၍ တော်လှန်ကောင်းမြတ်သူ၏ အဖြစ်ကို ပြုတတ်သောကြောင့် ဘုဇိဿတို့လည်း မည်ကုန်၏၊ ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ဝိညူပသတ္ထတို့လည်း မည်ကုန်၏၊ တဏှာဒိဋ္ဌိတို့ မဖျက်ဆီးနိုင်သောကြောင့် အပရာမဋ္ဌတို့လည်း မည်ကုန်၏၊ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့ကို ဖြစ်စေတတ်သောကြောင့် သမာဓိသံဝတ္တနိကတို့လည်း မည်ကုန်၏၊ ထို့ကြောင့် မကျိုးခြင်း စသည်သည် ဖြူစင်ကြောင်း ဖြစ်၏၊
သီလမရှိသော ရဟန်းတို့ အပြစ်ခံရပုံ ဥပမာ (၆) ခု
၁။ သီလ မရှိဘဲ ရှိခိုးခံရခြင်းသည် သားမြီးဆွဲကြိုးဖြင့် သလုံးမြင်းခေါင်းကို ပွတ်ဆွဲခံရသည်ထက် နာကြည်းသော ငရဲပွတ်ဆွဲကြိုး ရှိ၏၊
၂။ သီလ မရှိဘဲ လက်အုပ်ချီခံရခြင်းသည် ရင်ဝ လှံထိုးခံရသည်ထက် စူးဝင်သော ငရဲလှံမ ရှိ၏၊
၃။ သီလ မရှိဘဲ ဆွမ်းဘောဇဉ် စားသောက်ခြင်းသည် လောလောပူသော သံတွေခဲ မျိုရသည်ထက် ဝမ်းလောင် အူကျွမ်း ငရဲဆွမ်း ရှိ၏၊
၄။ သီလ မရှိဘဲ သင်္ကန်းဝတ်ရုံခြင်းသည် မီးလျှံတောက်ပသော သံပူပြား ပတ်ရသည်ထက် အလျှံကောင်းသော ငရဲသင်္ကန်း ရှိ၏၊
၅။ သီလ မရှိဘဲ ညောင်စောင်း အင်းပျဉ် သုံးဆောင်ခြင်းသည် သံပူညောင်စောင်း အင်းပျဉ် ထိုင်ရ အိပ်ရသည်ထက် ပူပြင်းသော ငရဲညောင်စောင်း အင်းပျဉ် ရှိ၏၊
၆။ သီလ မရှိဘဲ ကျောင်းကြီးကျောင်းငယ်၌ ဆင်းတက် လျောင်းစက်ခြင်းသည် သံဒယ်အိုးကြီး သံဒယ်အိုးငယ်၌ နစ်ချည် ပေါ်ချည် ကန့်လန့်ဖြစ်ချည်ထက် ကိုယ်မချိအောင် တက်ရဆင်းရသော ငရဲဒယ်အိုး ကျောင်းကြီး ရှိ၏၊
ဤသို့လျှင် သားမြီးကြိုး, လှံမ, သံတွေခဲ, သံပြား, သံညောင်စောင်း အင်းပျဉ်, သံဒယ်အိုးကြီးဥပမာ (၆)ခုတို့ဖြင့် ရှိခိုးခံ, လက်အုပ်ချီခံ, ဆွမ်းမျို, သင်္ကန်းဝတ်, ညောင်စောင်း အင်းပျဉ်ထိုင်, ကျောင်း၌ ဆင်းတက် လျောင်းစက်သော သုံးဆောင်ခြင်းတို့ကြောင့်ဖြစ်သော သီလပျက်သူတို့၏ ခံစားပြစ်တို့ကို ပြတော်မူ၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊၆၈)
(ဆောင်) သီလမရှိ ဒုဿီလမှန်၊ သားမြီးဆွဲကြိုး ရှိခိုးလက်ခံ။ ရင်ဝလှံစူး လက်အုပ်ဖူးပြန်၊ သံတွေခဲ ဆွမ်းပွဲအလှူခံ။ သံပူအပြား ပတ်ငြားစီဝရံ၊ ကုဋင်ညောင်စောင်း သံချောင်းပူဟန်။ ငရဲအိုးကြီး ကျောင်းကြီး တူ-ပြန်၊ အိုးငယ်က တူကြ ကျောင်းငယ်မှန်။
သီလပျက်စီးခြင်း၌ နှလုံးသွင်းဖွယ် (၁၁) ချက်
၁။ မာတုဂါမ၏ အဆင်း အသံ အနံ့ အတွေ့စသော ကာမဂုဏ်ချမ်းသာသည် မီးပုံကြီးပွေ့ရသည်ထက် ပူပြင်းသော ငရဲမီးပုံကြီး ရှိ၏၊ ထိုကာမဂုဏ်ချမ်းသာတို့ကို လက်မလွှတ်သော ရဟန်းအား ရှူနာမွှေးဆိမ့် အိမ့်သော ချမ်းသာကား အဘယ်မှာနည်း။
၂။ သီလ မရှိဘဲ ရှိခိုးခံခြင်းသည် သားလုံးမြင်းခေါင်းကို သားမြီးဆွဲကြိုး အရိုးခိုက်အောင် ပွတ်ဆွဲခံရသည်ထက် နာကြည်းသော ငရဲပွတ်ဆွဲကြိုး ရှိ၏၊
(၃), (၄), (၅), (၆), (၇)နံပါတ်တို့အတွက် “သီလ မရှိဘဲ ..” အစရှိသော အထက်၌ ပြခဲ့ပြီးသည့် ဥပမာ (၆)ခုအတိုင်း ဆင်ခြင်ပါ။
၈။ သီလမရှိသော ရဟန်းသည် တွေးတောဖွယ် အကျင့်ရှိ၏၊ ယောက်သွားပုပ်နှင့် တူ၏၊ ကိလေသာ စွတ်စို၏၊ ယုတ်မာ၏၊ အတွင်းပုပ်၏ဟု ဘုရားရှင် ကဲ့ရဲ့တော်မူ၏၊
၉။ ရဟန်း မဟုတ်တော့ဘဲ ရဟန်းအသွင်ယူနေသူသည် မိမိကိုယ်ကို တူးဖြို၏၊ ထိုသူအား အသက်ရှင်ခြင်းသည် ထွီထွီတကယ် စက်ဆုပ်ဖွယ် သာတည်း။
၁၀။ မစင်နှင့် ခွေးကောင်ပုပ်ကို တန်ဆာဆင်လိုသူ ဝေးစွာ ရှောင်သည်၊ ဒုဿီလနှင့် မိစ္ဆာဇီဝကို သီလဝန်အရှင် ဝေးစွာရှောင်သည်၊ ဒုဿီလနှင့် မိစ္ဆာဇီဝသည် စိန်ရွှေဖိတ်လျှံ ခြယ်စီမံလည်း အဘယ်မှာ အဖိုးတန်တော့အံ့နည်း။
၁၁။ ဒုဿီလသည် ဘေးအပေါင်းမှ မလွတ်မူ၍ ချမ်းသာအပေါင်းမှ လွတ်၏၊ နတ်ပြည်နတ်ရွာ တံခါးပိတ်၏၊ အပါယ်လေးရွာ တံခါးပွင့်၏၊ သနားစရာ ဧကန် ဖြစ်၏၊ ဒုဿီလနှင့်တူသော သနားစရာကောင်းသောသူ လောကမှာ မရှိပြီ။
သီလအကျိုး ရှုဆင်ခြင်ဖွယ်
သီလပျက်ခြင်း၌ အပြစ်များစွာ ဆင်ခြင်ကာ ရှုလျှင် ဖြူစင်ကြောင်း ဝေါဒါန ပြည့်စုံ၏၊ သီလပြည့်စုံခြင်း၌ အကျိုးကိုလည်း ဆင်ခြင်ကာ ရှုအပ်၏၊
၁။ သီလစင်ကြယ်သော ရဟန်း၏ သပိတ်ဆောင်ခြင်း သင်္ကန်းဆောင်ခြင်းသည်ပင် ကြည်ညိုဖွယ် ရှိ၍ အတုခိုးဖွယ် များလေစွ။
၂။ အမိုက်မှောင်သည် နေရောင်အတွင်း၌ မဝင်နိုင်သကဲ့သို့ စွပ်စွဲခြင်းစသော ဘေးသည် သီလဝန်၏ စိတ်အတွင်းသို့ မဝင်နိုင်။
၃။ လမင်းသည် အရောင်ပြည့်မှ ကောင်းကင်၌ တင့်တယ်သည်။ ရဟန်းသည် သီလပြည့်မှ ဖြူစင်မှ ခြိုးခြံစွာကျင့်ရာ သာသနာတောအုပ်၌ တင့်တယ်သည်။
၄။ သီလရှိသူရဟန်း၏ ကိုယ်နံ့, အညစ်အကြေးနံ့သည်ပင် နတ်ဗြဟ္မာတို့ကို ဝမ်းမြောက်စွာ မွှေးကြိုင်စေသည်။ သီလနံ့ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
၅။ သီလအနံ့သည် နံ့သာအားလုံးတို့ကို လွှမ်းမိုး၏၊ ပိတ်ပင် တားဆီး၍ မရ၊ အရပ်ဆယ်မျက်နှာလုံး အညီအမျှ လှိုင်၏၊
၆။ သီလရှိသူအား လှူသောပစ္စည်းမှာ နည်းသော်လည်း ကြီးကျယ်သော အကျိုး ရှိ၏၊ ထို့ကြောင့် သီလရှိသူသည် ပူဇော်ခြင်း၏တည်ရာ အရိုအသေပြုခြင်း၏တည်ရာ ဖြစ်၏၊
၇။ သီလရှိသူသည် မျက်မှောက်ဘဝ ဘေးရန် မနှိပ်စက်။ နောက်ဘဝ၏ အမြစ်ကို (ဒုဿီလသဘောကို) တူးပစ်၏၊
၈။ သီလရှိသူအား (ဣဇ္ဈတိ စေတော ပဏီဓိ သီလဝိသုဒ္ဓတ္တာ) အလိုရှိလျှင် လူစည်းစိမ် နတ်စည်းစိမ် မခဲယဉ်းပြီ၊ ပြည့်စုံနိုင်၏၊ သီလရှိသူ၏ စိတ်သည် အေးမြချမ်းသာသော နိဗ္ဗာန်သို့ ပြေးဝင်နေ၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊၇၁။)
စေခိုင်းတိုက်တွန်းခြင်း အာဏတ္တိ
စည်းစိမ်အားလုံးတို့၏ အကြောင်းရင်းဖြစ်သော သီလ၌ အခြင်းအရာများစွာ ပြွမ်းသော အကျိုးအာနိသင်ကို ထင်မြင်အောင် ပြရာ၏၊ ထင်မြင်အောင် ရှုရာ၏၊ သီလပြည့်စုံခြင်း၌ အကျိုးများစွာကို ရှုလျှင် ဖြူစင်ကြောင်း ဝေါဒါနနှင့် ပြည့်စုံ၏၊ ဤသို့ သီလအာနိသင် ထင်မြင်အောင် ပြနိုင်ရှုနိုင်သော ရဟန်းသည် သီလပျက်အံ့သည်မှ ထိတ်လန့်၏၊ ဩတ္တပ္ပနှင့် ယှဉ်သော ဉာဏ်သံဝေဂ ရ၏၊ သီလပြည့်စုံခြင်းသို့ ညွတ်ကိုင်းရှိုင်းကာ သက်ဝင်လာ၏၊
ထို့ကြောင့် သီလပျက်စီးခြင်း အပြစ်ကိုလည်းကောင်း, သီလပြည့်စုံခြင်း အကျိုးကိုလည်းကောင်း ထေရ, နဝ, မဇ္ဈိမ အရွယ်သုံးပါး အခါသုံးပါးလုံးတို့၌ ရိုသေစွာ အဖန်ဖန်ရှုလျက် ပါတိမောက္ခသံဝရသီလစသော သီလလေးဆူကို အရေးယူကာ ဖွေးဖြူစေရာ၏၊(ဝိသုဒ္ဓိမဂ်အရသာ၊၇၁။)
ရဟန်းကောင်းရဟန်းမြတ် ဖြစ်ရန် အချက်ကြီး (၁၅) ချက်
၁။ သက္ကော စ = ဝိနည်းအရာ၌ လိမ္မာကျွမ်းကျင် ကျစ်ကျစ်လျစ်လျစ် ရှိ၍ ပဓာနိယင်္ဂတရားငါးပါးနှင့် ပြည့်စုံကာ ကမ္မဋ္ဌာန်းဘာဝနာ ကျင့်စွမ်းနိုင်ရမည်။
၂။ ဥဇု စ = ကိုယ်နှုတ်ကောက်ကျစ်မှုကို ပယ်ခြင်းဖြင့် ဖြောင့်မတ်ရမည်။
၃။ သုဟုဇူ စ = စိတ်ထားကောက်ကျစ်မှုကို ပယ်ခြင်းဖြင့် အလွန်ဖြောင့်မတ်သူ ဖြစ်ရမည်။
၄။ သုဝစော စ = ပြောဆိုဆုံးမ၍ လွယ်ကူသူ ဖြစ်ရမည်။
၅။ မုဒု စ = ကိုယ်နှုတ်နှလုံး သုံးပါးလုံး နူးညံ့သိမ်မွေ့သူ ဖြစ်ရမည်။
၆။ အနတိမာနီ စ = မာန်မာနတွေ ထောင်လွှားခြင်း မရှိရ။
၇။ သန္တုဿကော စ = ပစ္စည်းလေးပါး လာဘ်လာဘတို့၌ ရောင့်ရဲလွယ်ရမည်။
၈။ သုဘရော စ = အစားအသောက်အနေအထိုင် ဂျီးမများ၊ မိမိရော သူတစ်ပါးပါ အမွေးအမြူ လွယ်ကူရမည်။
၉။ အပ္ပကိစ္စော စ = တာဝန်ကြောင့်ကြ အလုပ်ကိစ္စ နည်းပါးရမည်။
၁၀။ သလ္လဟုကဝုတ္တိ = ပေါ့ပါးလျင်မြန်စွာ သွားလာနိုင်အောင် ပစ္စည်းနည်း နိုင်သလောက် နည်းရမည်။
၁၁။ သန္တိန္ဒြိယော စ = အစဉ်သဖြင့် ငြိမ်သက်တည်ကြည်သော စက္ခုစသော ဣန္ဒြေ ရှိရမည်။
၁၂။ နိပကော စ = ရင့်ကျက်သော အသိအလိမ္မာဉာဏ်ပညာ ရှိရမည်။
၁၃။ အပ္ပဂဗ္ဘော = ရိုင်းစိုင်းယုတ်မာ ကြမ်းတမ်းသော ကိုယ်နှုတ်စိတ်အမူအရာများ မရှိရ။
၁၄။ ကုလေသွနနုဂိဒ္ဓေါ = အိမ်သားအိမ်သူ လူဒါယကာ ဒါယိကာမတို့အပေါ်၌ ကပ်ငြိတွယ်တာ မက်မောခြင်း မရှိရ။
၁၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ ယေန ဝိညူ ပရေ ဥပဝဒေယျုံ = ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့ ပြစ်တင်စရာဆိုလျှင် အနည်းငယ် အသေးအဖွဲအပြစ်အာပတ်ကလေးတို့ကိုပင် မပြုမကျင့်ရဟူ၍ ခုဒ္ဒကနိကာယ် မေတ္တသုတ်၌ ရဟန်းကောင်းရဟန်းမြတ် ဖြစ်ရန် အချက် (၁၅)ချက် ဟောထားသည်ကို ရိုသေစွာ အလေးဂရုပြု၍ လိုက်နာကျင့်ဆောင်သင့်သည်။
ပဓာနိယင်္ဂတရား (၅) ပါး
၁။ ရတနာသုံးပါး မိဘဆရာသမား မိမိ သင်ယူရမည့် အတတ်ပညာ အသိပညာတို့ကို ယုံကြည်မှု သဒ္ဓါတရားရှိခြင်း။
၂။ ပါစကဝမ်းမီး ကောင်း၍ အနာရောဂါကင်း ကျန်းမာရေးကောင်းမွန်ခြင်း။
၃။ လှည့်ပတ်ခြင်း မာယာ, ကောက်ကျစ်စဉ်းလဲမှု သာဌေယျ မရှိခြင်း။
၄။ လုံ့လဝီရိယ ကြိုးစားအားထုတ်မှု ရှိခြင်း။
၅။ အတတ်ပညာ ရုပ်, နာမ် ကြောင်းကျိုးတို့၌ ထိုးထွင်း၍ သိနိုင်သော ပညာရှိခြင်း၊ ပေါင်း ငါးပါး ရှိပါသည်။
(ဆောင်) ယုံကြည်သဒ္ဓါ၊ ကျန်းမာခြင်း တွဲ၊ စဉ်းလဲ မပြု၊ အားထုတ်မှု ပါ၊ ပညဝါ၊ ငါးဖြာ ပဓာနိယင်္ဂတရားတည်း။