မာတိကာသို့ ခုန်သွားရန်

ဝိနည်းပဒေသာသင်တန်း/သီလ (၄)မျိုး

ဝီကီရင်းမြစ် မှ
3322ဝိနည်းပဒေသာသင်တန်းသီလ (၄)မျိုးဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

သီလ (၄) မျိုး

၁။ ပါတိမောက္ခသံဝရသီလ,
၂။ ဣန္ဒြိယသံဝရသီလ,
၃။ အာဇီဝပါရိသုဒ္ဓိသီလ,
၄။ ပစ္စယသန္နိဿိတသီလဟု သီလ (၄)မျိုး ရှိသည်။

၁။ ပါတိမောက္ခသံဝရသီလ

စောင့်ထိန်းသူ ကျင့်ကြံလိုက်နာသူကို အပါယ်ဆင်းရဲစသည်တို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ ကိုယ်နှုတ်တို့ကို မလွန်ကျူးခြင်း တည်းဟူသော စောင့်ထိန်းခြင်းကြောင့် သံဝရ မည်၏၊ ရဟန်းတော်တို့အတွက် မြတ်စွာဘုရားရှင်သည် ပညတ်တော်မူအပ်သော အကျဉ်း (၂၂၇)သွယ်, ရဟန်းမများအတွက် (၃၀၄)သွယ် သိက္ခာပုဒ်တော်တို့သည် ပါတိမောက္ခသံဝရသီလဟူသော ပေယျာလမုခအားဖြင့် ပြတော်မူအပ်သော ကုဋေပေါင်း ကိုးထောင်ကျော် (၉၁၈၀၅၀၃၆၀၀၀)သိက္ခာပုဒ်တို့၏ မူလ အခြေခံ ဖြစ်ကြ၍ အရေးအကြီးဆုံး မှတ်သားသင့် မှတ်သားထိုက် ကျက်မှတ်သင့် ကျက်မှတ်ထိုက်လှပါသည်။ နောက်၌ အကျယ်ဝေဖန်ပြပါဦးမည်။

(ဆောင်) ကိုးထောင်တစ်ရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေ ထုတ်။
ငါးသန်း သုံးသောင်း၊ ခြောက်ထောင်ပေါင်း၊ များတောင်း သိက္ခာပုဒ်။

၂။ ဣန္ဒြိယသံဝရသီလ

စက္ခုန္ဒြေ, သောတိန္ဒြေ, ဃာနိန္ဒြေ, ဇိဝှိန္ဒြေ, ကာယိန္ဒြေ, မနိန္ဒြေ ဣန္ဒြေ ခြောက်ပါး မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် တံခါးခြောက်ပေါက်တို့ကို လုံခြုံအောင် စောင့်စည်းခြင်း ဖြစ်သည်။ မျက်စိဖြင့် ရှုကြည့်ခြင်း စသည် တို့တွင် ရူပါရုံစသော အာရုံတို့အပေါ်၌ နိမိတ္တဂ္ဂါဟီ (= ယောက်ျား မိန်းမ လှ, မလှ စသည် အမှတ်ပြုခြင်း) အနုဗျဉ္ဇနဂ္ဂါဟီ (= လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော အစိတ်အပိုင်းတို့ကို အာရုံပြုခြင်း) မရှိမူ၍ ဣတ္ထိ ပုရိသ (= မိန်းမဟု ယောက်ျားဟု သိကြောင်း) နိမိတ်အမှတ်အသားတို့ကို မယူအပ်။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အာရုံတို့ကို ခင်မင်စရာ နှစ်သက်စရာ တွယ်တာစရာ စသည် အလိုကြီးခြင်း အဘိဇ္ဈာ, မုန်းစရာ အမျက်ထွက်စရာ စိတ်ဆိုးစရာ နှလုံးမသာယာစရာ ဒေါမနဿ စသည်တို့ကို မတိုးပွားအောင် သတိထား၍ စောင့်စည်းရ၏၊ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ သတိပဋ္ဌာန်လေးပါး ပွားများနေသင့်သည်။ သတိပဋ္ဌာန်တရား တစ်ခုခု ပွားများနေလျှင် ဣန္ဒြိယသံဝရသီလ လုံခြုံမည် ဖြစ်သည်။

၃။ အာဇီဝပါရိသုဒ္ဓိသီလ

အသက်မွေးခြင်းတည်းဟူသော အကြောင်းကြောင့် ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ ကာယဒုစရိုက် (၃)ပါး၊ မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပဝါစာ, ဝစီဒုစရိုက်လေးပါး ပေါင်း (၇)ပါးတို့မှ ရှောင်ကြဉ်လျှင် သမ္မာအာဇီဝ ဖြစ်၏၊

အသက်မွေးခြင်းဟူသော အကြောင်းမရှိဘဲ သက်သက် ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်လျှင် သမ္မာဝါစာဖြစ်၏၊ အသက်မွေးခြင်းဟူသော အကြောင်းမရှိဘဲ သက်သက် ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်လျှင် သမ္မာကမ္မန္တဟု ဝိရတီ (၃)ပါးကို အကျဉ်းအားဖြင့် မှတ်သားထားပါ။

ထို (၃)ပါးတို့တွင် သမ္မာအာဇီဝ၏ ဆန့်ကျင်ဘက် အပြန်အားဖြင့် မိစ္ဆာအာဇီဝဖြစ်ပုံ များများသဘောပေါက်အောင် လေ့လာမှတ်သားပါ။ ထို့ကြောင့် မိစ္ဆာအာဇီဝဟူသည် မကောင်းသောအားဖြင့် မမှန်ကန်သောအားဖြင့် အသက်မွေးရသော ခိုးဆိုးတိုက်ခိုက် လုယက်သတ်ဖြတ် လိမ်ညာ, အနိုင်အထက်ပြု၍ စီးပွားရှာခြင်း၊ မုဆိုး တံငါ သားငါးမွေးမြူရေးလုပ်၍ အသက် မွေးခြင်း၊ မတရား ရှေ့နေလိုက်ခြင်း၊ လာဘ်ပေး လာဘ်ယူခြင်း၊ တံစိုးလက်ဆောင် ယူခြင်း၊ သတ်မှတ်ထားသော လခ, လုပ်အားခထက် အပိုရအောင် ကြံဆောင် စီးပွားရှာ အသက်မွေးခြင်းမှန်သမျှတို့သည် မိစ္ဆာအာဇီဝ (မကောင်း သော အသက်မွေးခြင်း) ဖြစ်သည်။ အလေး တင်း တောင်း ချိန်ခွင် လိမ်၍ ရောင်းဝယ်ခြင်းတို့သည်လည်း မိစ္ဆာအာဇီဝဟုပင် ဆိုရသည်။ လူကုန်သွယ် ခြင်း, လက်နက်ကုန်သွယ်ခြင်း, အဆိပ်ကုန်သွယ်ခြင်း, မူးယစ်ဆေးဝါး ကုန် သွယ်ခြင်း, သားစား မွေးမြူရေးလုပ်ခြင်းဖြင့် စီးပွားရှာခြင်းသည်လည်း မိစ္ဆာဇီဝပင် ဖြစ်သည်။

ရဟန်းတော်များမှာ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ် (၆)ပါး၊ လွန်ကျူးခြင်းဖြင့် ယုတ်မာသော အသက်မွေးခြင်း၊ ဒါယကာ ဒါယိကာမတို့အား ချီးမြှောက်ထောက်ပံ့ခြင်းငှာ ပန်းပေးခြင်း, သစ်သီးပေးခြင်း စသော ကုလဒူသန (၈)ပါး၊ ပစ္စည်းရှာဖွေရာ၌ ကုဟန (၃)ပါး၊ လပန (၁၃)ပါး၊ နေမိတ္တိကတာ (၆)ပါး၊ နိပ္ပေသိကတာ (၁၁)ပါး၊ အနေသန (၂၁)ပါး၊ လာဘ, သက္ကာရ, သိလောက, ပါပိစ္ဆာ အကြောင်းတို့ဖြင့်လည်းကောင်း, လာဘေန လာဘနိဇီဂီသနတာတို့ဖြင့်လည်းကောင်း, အပဝါရိတ အညာတကဝိညတ္တိတို့ကြောင့်လည်းကောင်း ရသော ပစ္စည်းဖြင့် အသက်မွေးခြင်း၊ ဗြဟ္မဇာလသုတ်လာ တိရစ္ဆာနဝိဇ္ဇာတို့ဖြင့်လည်းကောင်း ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း၊ ချဲအတိတ် ထီအတိတ် ပေးခြင်းတို့ဖြင့်လည်းကောင်း ရသော ပစ္စည်းတို့ဖြင့် ယုတ်မာသော အသက်မွေးခြင်းသည် မိစ္ဆာဇီဝ မည်၏၊

အာဇီဝသိက္ခာပုဒ် (၆) ပါးစသည်တို့၏ အကျယ်

အနညာညာပဒေသေန၊ ဒုဝေ အဘူတကိတ္တနာ။
သဉ္စရိတ္တာ ဒွေ ပဏီတာ၊ သူပေါဒနန္တိ ဆ ဇီဝါ။

အသက်မွေးခြင်းဟူသော အကြောင်းကြောင့် (ဝါ) အသက်မွေးမှု ချောင်ချိသက်သာအောင် ယုတ်မာသော အလိုဆိုးဖြင့် မိမိ၌ ထင်ရှားမရှိသော ဥတ္တရိမနုဿဓမ္မ စျာန်မဂ်ဖိုလ်တရားတို့ကို လိမ်ညာဝါကြွား၍ ပြောဆိုအံ့ -စတုတ္ထပါရာဇိက။ ထို့အတူ အသက်မွေးမှုကြောင့် မိန်းမ ယောက်ျား နှစ်ဦးသားတို့၏ အောင်သွယ် အောင်တမန်လုပ်အံ့ - သဉ္စရိတ္တသံဃာဒိသေသ်၊ မိမိကျောင်းဒကာအား သင်၏ ကျောင်း၌နေသော ဆရာတော်သည် ရဟန္တာ ဖြစ်သည် စသည်ဖြင့် သူတစ်ပါးကို ပြောသလိုလို ညွှန်၍ သွယ်ဝိုက်၍ ပြောဆိုအံ့ - သိလျှင် ထုလ္လစ္စဉ်း၊ မသိလျှင် ဒုက္ကဋ်။ ပဏီတဘောဇဉ်ကို မနာမဖျားဘဲ မိမိအလို့ငှာ တောင်းစားအံ့ - သုဒ္ဓပါစိတ်၊ ဘိက္ခုနီမသည် ပဏီတကိုးမျိုးကို တောင်းစားအံ့ - ပါဋိဒေသနီ။ ဟင်းကိုလည်းကောင်း, ထမင်းကိုလည်းကောင်း မိမိအလို့ငှာ ဆွမ်းခံရပ်ခြင်းမျိုး မဟုတ်ဘဲ တောင်းစားအံ့ - သူပေါဒနဝိညတ္တိ ဒုက္ကဋ်၊ ဤသို့ သိက္ခာပုဒ်ခြောက်ခု ရှိသည်။

ကုလဒူသန (၈) ပါး

ဒါယကာ ဒါယိကာမတို့၏ ပင်ကို သာသနာတော်ကို ကြည်ညိုနေသည့် သဒ္ဓါတရား ပျက်ပြားအောင် ပန်းပေးခြင်း, သစ်သီးပေးခြင်း, ရေချိုးကသယ်မှုန့်ပေးခြင်း, မြေညက်ပေးခြင်း, ဝါးပေးခြင်း, ဒန်ပူပေးခြင်း, ခြေဖြင့် သွား၍ ပစ္စည်း စကား သယ်ဆောင်ပေးခြင်း, ဆေးကုပေးခြင်းဟု ရှစ်မျိုး ရှိသည်။ သံဃာ၏ ဥစ္စာဖြစ်သော မြေညက်, ပန်းစသော ဂရုဘဏ်ပစ္စည်းတို့ကို အစိုးရသဖြင့် (ဝါ) ကိုယ်ပိုင် ထင်၍ ပေးသော ရဟန်းအား ကုလဒူသနဒုက္ကဋ်နှင့် တကွ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ခိုးလိုသော စိတ်ဖြင့် ပေးသောရဟန်းအား ပစ္စည်းတန်ဖိုးအလိုက် ဒုက္ကဋ်, ထုလ္လစ္စဉ်း, ပါရာဇိကအာပတ် သင့်၏၊ အကျယ်ကို ကုလဒူသကသိက္ခာပုဒ်တွင် ထပ်မံ ပြဆိုပါမည်။

(ဆောင်) ပွင့်, သီး, မှုန့်, မြေ၊ ဝါး, ပူ, ခြေ၊ ဝဇ္ဇေ ဒူရှစ်ဖြာ။

ကုဟန (= အံ့ဩဖွယ်ပြုခြင်း) သုံးပါး။

၁။ ပစ္စယပဋိသေဝနကုဟနာ၊
၂။ သာမန္တဇပ္ပနကုဟနာ၊
၃။ ဣရိယာပထသန္နိဿိတကုဟနာဟု အံ့ဩဖွယ်ပြုခြင်း သုံးပါး ရှိ၏၊

၁။ ပစ္စယပဋိသေဝနကုဟနာ

ဒါယကာ ဒါယိကာမတို့က ပစ္စည်းလာဘ်ဖြင့် လာလှူသောအခါ အလိုနည်းပါးလေဟန် ပယ်လှန်၍ အတင်းလှူလျှင်ဖြစ်စေ, များများလှူလျှင်ဖြစ်စေ အသင်တို့အား ချီးမြှောက်သောအားဖြင့် အလှူခံရတော့မည်ဟု ဆို၍ ထပ်ခါ ထပ်ခါ လှူချင်အောင် လာဘ်များများရအောင် အံ့ဩဖွယ်ပြုခြင်း စသည်တို့တည်း။

၂။ သာမန္တဇပ္ပနကုဟနာ

ယုတ်မာသော အလိုဆိုးဖြင့် စျာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်စရာစကားဖြင့် အံ့ဩဖွယ်ပြုခြင်း သူတစ်ပါးကို ပြောသကဲ့သို့ မိမိနှင့် နီးစပ်အောင်ပြောခြင်း, အလိုဆိုးဖြင့် ကိုယ်နှုတ်ကို လူရှေ့သူရှေ့၌ လွန်စွာ စောင့်စည်းဟန်ဆောင်၍ အလွန် မျက်မှောင်ကြုတ်ခြင်း, အံ့ဩစေခြင်း စသည်တည်း။

၃။ ဣရိယာပထသန္နိဿိတကုဟနာ

ယုတ်မာသော အလိုဆိုးဖြင့် သူတစ်ပါးတို့ ချီးမွမ်းအောင် အထင်ကြီးအောင် ပြုအပ်သော သွား, ရပ်, ထိုင်, လျောင်း, ဣရိယာပုထ်တို့ဖြင့် ပြုရိုးပြုစဉ် မဟုတ်ဘဲ ဖြည်းဖြည်းသက်သာ ဟန်ဆောင်ကာ လူအများ မြင်ရာ၌သာ အံ့ဩဖွယ်ပြုခြင်း စသည်တည်း။ ထိုသို့ အထင်ကြီးအောင် ဟိတ်ဟန်ဆောင် အားထုတ်မှုဖြင့် ရလေသမျှ ပစ္စည်းတို့ကို သုံးဆောင်ခြင်းသည် မိစ္ဆာဇီဝပင် ဖြစ်၏၊

လပနာ (၁၃) ပါး (= မြှောက်ပင့်၍ပြောခြင်း)

လပနာ, အာလပနာ, သလ္လပနာ, ဥလ္လပနာ, သမုလ္လပနာ, ဥန္နဟနာ, သမုန္နဟနာ, ဥက္ကာစနာ, သမုက္ကာစနာ, အနုပိယဘာဏိတာ, စာတုကမျတာ, မုဂ္ဂသူပျတာ, ပါရိဘဋျတာဟု (၁၃)ပါးသော လပနာများ ရှိသည်။

၁။ လပနာ = ပစ္စည်းရလို၍ မြှောက်ပင့်၍ပြောခြင်း၊
၂။ အာလပနာ = ဒကာက မပင့်ဖိတ်ဘဲ “ငါလာခဲ့မည်”ဟု တင်ကြို၍ ဆိုခြင်း၊ တစ်နည်း - မည်သည့်မင်း, အမတ်, သူဌေး, ဗိုလ်မှူးသည် ငါ့ကို အလွန် ကြည်ညို၏၊ ငါသည် မည်သည့် ရာထူးရှိ ပုဂ္ဂိုလ် ဖြစ်၏၊ စသည်ဖြင့် မိမိကိုယ်ကို မြှောက်၍ ဆိုခြင်း။
၃။ သလ္လပနာ = ဒကာတို့နှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့် အခွင့်ပေးကာ ကောင်းစွာ ဆိုခြင်း။
၄။ ဥလ္လပနာ = ကျောင်းဒကာကြီး, ရဟန်းဒကာကြီး, ဗိုလ်မှူးကြီး, မင်းကတော်ကြီး စသည်ဖြင့် ကြီးတစ်လုံးကို သုံး၍ မြှောက်ကာ ပင့်ကာ ဆိုခြင်း။
၅။ သမုလ္လပနာ = ခပ်သိမ်းသော အဖို့အားဖြင့် လွန်စွာ မြှောက်ပင့်၍ ဆိုခြင်း။
၆။ ဥန္နဟနာ = ဆင့်ကာဆင့်ကာ ရစ်၍ ဆိုခြင်း၊ ရှေ့နှစ်အခါတွေက ဤ အချိန်၌ ကောက်ဦး ပဲဦး လှူကြသည်၊ ယခု မလှူပြီလော? လှူဒါန်းပါမည်ဟု ဝန်မခံမချင်း ဆင့်ကာဆင့်ကာ ရစ်၍ ဆိုခြင်း။
၇။ သမုန္နဟနာ = ခပ်သိမ်းသော အဖို့အားဖြင့် လွန်စွာ ရစ်ပတ်၍ ဆိုခြင်း။
၈။ ဥက္ကာစနာ = ချီးကျူး၍ပြခြင်း ဤဒါယကာသည် ငါ့ကို ဘယ်အခါမှ မမေ့၊ လှူစရာရှိလျှင် ငါ့အားသာ လှူသည် စသည် ပြောဆိုခြင်း။
၉။ သမုက္ကာစနာ = ခပ်သိမ်းသော အဖို့အားဖြင့် အဖန်ဖန် ချီးကျူး၍ ပြောဆိုခြင်း။
၁၀။ အနုပိယဘာဏိတာ = အမှန်ကို မငဲ့၊ ချစ်ခင်အောင် အဖန်ဖန် များစွာ ဆိုခြင်း။
၁၁။ စာတုကမျတာ = မိမိကိုယ်ကို နှိမ်ချ၍ ခင်ဗျား, ကျွန်တော်, ဟုတ်ကဲ့ စသည်ဖြင့် အောက်ကျစွာ ဆိုခြင်း။
၁၂။ မုဂ္ဂသူပျတာ = ပဲနောက်ဟင်းအလား မဖောက်ပြန်သော (ဝါ) ကျက်သော ပကတိပဲနောက်က နည်း၏၊ ဖောက်ပြန်၍ မကျက်သော ဝိကတိ ပဲနောက်က များ၏၊ ထို့အတူ ဒါယကာ ဒါယိကာမတို့ ကျေနပ်အောင် ပကတိအမှန် နည်း၍ ဝိကတိအမှား များများ ဆိုခြင်း။
၁၃။ ပါရိဘဋျတာ = ကလေးငယ်တို့ကို အထိန်းသည်ကဲ့သို့ ရင်ခွင်ဖြင့် ပုခုံးဖြင့် ချီပိုးခြင်း။

နိမိတ္တကတာ (၆) ပါး

နိမိတ္တက, နိမိတ္တကမ္မ, ဩဘာသ, ဩဘာသကမ္မ, သာမန္တဇပ္ပန, ပရိကတာဟု (၆)ပါး ရှိ၏၊

၁။ နိမိတ္တက = ( နိမိတ္တ+နိမိတ္တက+နိမိတ္တကတာ) ဟု သုံးမျိုး ခွဲခြားမှတ်ပါ။ အမှတ်သညာကို ဖြစ်စေသော ကာယကံ ဝစီကံ ပစ္စည်းလှူရန် အမှတ်ရနေအောင် ပြုမှု ပြောမှုသည် နိမိတ္တ မည်၏၊ နိမိတ်ပြု၍ အသက်မွေးသူသည် နိမိတ္တကမည်၏၊ ထိုသူ၏ ဖြစ်ကြောင်းအမူအရာသည် နိမိတ္တကတာ မည်၏၊ ပစ္စည်းလာဘ်ရလို၍ နိမိတ်ပြုခြင်း အလိုပြခြင်း စသည်ဖြင့် များသောအပြား ရှိ၏၊
၂။ နိမိတ္တကမ္မ = စားသောက်ဖွယ် ယူဆောင်သွားသည်ကို မြင်လိုက်၍ “စားသောက်ဖွယ်တွေ ရခဲ့ကြသလား?မလှူကြတော့ပြီလော?” စသည်ဖြင့် နိမိတ်ပြုခြင်း။
၃။ ဩဘာသ = မိမိ၏ အလိုကို ပြခြင်း, ရဟန်းတို့အား ဤပစ္စည်းမျိုး ရှားပါးလှသည် ရခဲလှသည် စသည်ဖြင့် ပြောခြင်း။
၄။ ဩဘာသကမ္မ = အလိုပြခြင်းကို ပြုခြင်း, လာလှူအောင် ပြုခြင်းတည်း။ “နွားငယ်ကလေးတို့သည် နို့စို့သလော? နို့ပြတ်ပြီလော? ရက်တက် သောက်သလော?”ဟု မေး၏၊ နို့စို့သေး၏ဟု ဆိုလတ်သော်မဟုတ် တန်ရာ၊ အကယ်၍ နို့စို့လျှင် ရဟန်းတို့အား နွားနို့ ရကုန်ရာ၏” ဤသို့ စသည်ဖြင့် လာလှူအောင် ပြုခြင်း။
၅။ သာမန္တဇပ္ပန = လိုအပ်သော ပစ္စည်းသို့ နီးကပ်အောင် ဆိုခြင်း၊ ကြံချောင်း, ထန်းလျက်ခဲ, ငါးခြောက်ပြား, ဆန်အိုး, ထောပတ်အိုးတို့ကို တွေ့၍ တွေ့မြင်ခဲ့ပုံ နိမိတ်ဥပမာ ပြဆိုသော ကုလူပကရဟန်းကြီးတစ်ပါး ဝတ္ထုဖြင့် သိအပ်၏၊
၆။ ပရိကထာ = လိုအပ်သော လာဘ်ရအောင် သွယ်ဝိုက်၍ သိုင်းဝိုင်း၍ လှည့်ပတ်၍ ပြောခြင်း။

နိပ္ပေသိကတာ (၁၁) ပါး

ကိုယ်နယ်ဆီကို ဝါးခြမ်းစိတ်ဖြင့် ခြစ်ပစ်သကဲ့သို့ သူတစ်ပါးတို့၏ ဂုဏ်သတင်းကျော်စောမှုကို ခြစ်ပစ်သော သူသည် တစ်နည်း - နံ့သာခဲကို ကြိတ်ခြေ၍ အနံ့ရှာသကဲ့သို့ သူတစ်ပါးတို့၏ ဂုဏ်ကို ကြိတ်ခြေ၍ လာဘ်ကို ရှာသောသူသည် (နိပ္ပေသေတီတိ နိပ္ပေသိကော) နိပ္ပေသိက မည်၏၊ ထိုသူ၏ ဖြစ်ကြောင်းအမူအရာသည် နိပ္ပေသိကတာ မည်၏၊ ၎င်းနိပ္ပေသိကတာသည် အက္ကောသနာ, ဝမ္ဘနာ, ဂရဟနာ, ဥက္ခေပနာ, သမုက္ခေပနာ, ခိပနာ, သံခိပနာ, ပါပနာ, သမ္ပာပနာ, အဝဏ္ဏဟာရိတာ, ပရပိဋ္ဌိကမံသကတာဟု (၁၁)ပါး ရှိသည်။

၁။ အက္ကောသနာ = ကြောက်၍ လှူလာအောင် ဆဲရေးခြင်း (၁၀)ပါးဖြင့် ဆဲရေးခြင်း၊

ဇာတိ နာမ ဂေါတ္တ ကမ္မံ၊ သိပ္ပံ အာဗာဓ လိင်္ဂိတံ။
ကိလေသာပတ္တိ အက္ကောသာ ဒသဝိဓာ တထာ ဣမေ။

၂။ ဝမ္ဘနာ = နှိပ်စက်၍ ရှုတ်ချ၍ ဆိုခြင်း၊
၃။ ဂရဟနာ = သဒ္ဓါတရားနည်းသူ စသည်ဖြင့် အပြစ်တင် ကဲ့ရဲ့ခြင်း၊
၄။ ဥက္ခေပနာ = ဤအလှူ၌ ဤသူကို မပြောကြနှင့်ဟု ပယ်ထုတ်သော စကားကို ဆိုခြင်း၊ တစ်နည်း မလှူသောသူကို “အလှူရှင်ကြီးပါတကား”ဟု မြှောက်၍ ဆောင့်ချစကား ဆိုခြင်း၊
၅။ သမုက္ခေပနာ = ကျိုးကြောင်းပြ၍ ပယ်ထုတ်သော စကားကို ဆိုခြင်း (ဝါ) အလှူရှင်သဒ္ဓါတုံးကြီး စသည်ဖြင့် လွန်စွာ ချီးမြှောက် ဆောင့်ချစကား ဆိုခြင်း၊
၆။ ခိပနာ = ဤသူသည် လူဖြစ်ကျိုးမနပ်၊ အဟောင်းသာ စားသည်ဟု ပြက်ရယ်လှောင်ပြောင် ပြောဆိုခြင်း၊
၇။ သံခိပနာ = အလှူခံ လာတိုင်း လစ်လပ်သည် မရှိ နတ္ထိကို လှူ၏ဟု လွန်စွာ ပြက်ရယ်ဆိုခြင်း၊
၈။ ပါပနာ = မလှူသောသူ၏ အဖြစ်သို့ ရောက်အောင် စေးနဲသည် လူဖြစ်ကျိုးမနပ် စသည် ဆိုခြင်း၊
၉။ သမ္ပာပနာ = ခပ်သိမ်းသော အဖို့အားဖြင့် မလှူသောသူ၏ အဖြစ်သို့ ရောက်အောင် ဆိုခြင်း၊
၁၀။ အဝဏ္ဏဟာရိတာ = ကြောက်၍ ရှက်၍ ငါ့အား လှူသတဲ့ဟု တစ်အိမ်မှ တစ်အိမ်, တစ်ရွာမှတစ်ရွာ ကျေးဇူးမဲ့ကို ဆောင်၍ ပြောဆိုခြင်း၊
၁၁။ ပရပိဋ္ဌိကမံသကတာ = မျက်မှောက်ချိုသာ ကွယ်ရာမှာ အပြစ်ပြောခြင်း (မျက်နှာချင်း မဆိုင်ဝံ့၍ နောက်ကွယ်မှ ကျောက်ကုန်းသားကို ဖဲ့စားသည်နှင့် တူသော စကားဟူလို) (ဝိသုဒ္ဓိမဂ်အရသာ၊၃၀။)

လာဘနိဇိဂီသနတာ

လာဘေန လာဘနိဇိဂီသနတာ = ပစ္စည်းလာဘ်ကို ရလို၍ တစ်အိမ်မှ ရသော အာမိသအနည်းငယ်ကို နောက်တစ်အိမ်သို့ ဆောင်ပို့လျက် ပို၍ အမြတ်ရအောင် လာဘ်ရှာခြင်း၊ 
အပဝါရိတဝိညတ္တိ = လိုအပ်သောပစ္စည်း အလှူခံပါဟု ဖိတ်မန်ထားခြင်း မရှိသူအား ပစ္စည်းတို့ကို တောင်းခံခြင်း၊ 
အညာတကဝိညတ္တိ = အထက် ဆွေ (၇)ဆက်, အောက် မျိုး (၇)ဆက် မတော်စပ်သူတို့ထံ အာမိသပစ္စည်း တောင်းခံခြင်း၊ 
တိရစ္ဆာနဝိဇ္ဇာ = မဂ်ဖိုလ်နှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော တိရစ္ဆာန်အတတ်။
(မှတ်ချက်) အင်္ဂဝိဇ္ဇာအတတ်, လက္ခဏာဟောအတတ်, နိမိတ်ကျမ်း အတတ် စသည်ဖြင့် သီလက္ခန် ဗြဟ္မဇာလသုတ်၌ များစွာလာသည်။

အနေသန (၂၁) ပါး

(ဆောင်) ၁။ မျက်သစ်ရေထက်၊ ဆွမ်းတုံ့စွက်၊ သစ်ရွက် ချိုးမှုန့်ပါ။
၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။
၃။ ခိုင်းစေရာခံ၊ စေတမန်၊ မြေကျန် အတတ်ပါ။
၄။ ခေတ္တအင်္ဂ၊ နက္ခတ္တ၊ သုံးဝ ထိုဝိဇ္ဇာ။
၅။ ပေါင်းပါ ဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ် နေသနာ။
(ခုဒ္ဒကပါဌအဋ္ဌကထာ - မေတ္တသုတ်အဖွင့်)

တစ်နည်း- ၁။ မျက်သစ်ရေထက်၊ ခိုင်းစေစွက်၊ သစ်ရွက်ချိုးမှုန့်ပါ။
၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။
၃။ နာခွဲလိမ်းဆေး၊ ဝမ်းအန်ဆေး၊ ချက်ပေးဆီ နှစ်ဖြာ။
၄။ ပေါင်းပါဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ်နေသနာ။
(ဓမ္မသင်္ဂဏီမူလဋီကာ စိတ္တုပ္ပါဒကဏ္ဍကုလကထာအဖွင့် ပါတိမောက္ခမေဒိနီ၊ ၁၅၂၊သို့ရှု)

လာဘ သက္ကာရ သိလောက ပါပိစ္ဆာများ

လာဘ = ပစ္စည်းလေးပါး လာဘ်လာဘတို့ကို ရလိုခြင်း။
သက္ကာရ = လူ ရှင်ရဟန်းများတို့၏ အပူဇော်ကို ခံလိုခြင်း။
သိလောက = မြို့ရွာနိုင်ငံကမ္ဘာ့အလယ်တွင် ထင်ရှားကျော်စောမှု ဂုဏ်ရှိန် သတင်းကြီးမှုတို့ကို လိုလားခြင်း။
ပါပိစ္ဆာ = ပလီပစာ ယုတ်မာကောက်ကျစ် ဆိုးညစ်မည်းညို အလိုသော့သွမ်း ရဟန်းဆန်း ဖြစ်ခြင်း။

နိမိတ္တ စသည် (၄) မျိုး

အသက်မွေးမှု စင်ကြယ်ရန် အာဇီဝကို သုတ်သင်သော ရဟန်းအား ပစ္စည်းလေးပါးတို့တွင် သင်္ကန်း, ဆွမ်း ပစ္စည်းနှစ်ပါးတို့၌ နိမိတ်, ဩဘာ, ပရိကထာ, ဝိညတ် (၄)မျိုး မအပ်၊ ကျောင်း၌ ဝိညတ်တစ်မျိုး မအပ်၊ နိမိတ်, ဩဘာ, ပရိကထာ (၃)မျိုးကား ဓုတင်မဆောင်သော ရဟန်းအား အပ်စပ်၏၊ ဆေးပစ္စည်း၌ကား မကျန်းမမာ အနာရောဂါဖြစ်လျှင် လေးမျိုးလုံး အပ်၏၊

အဓိပ္ပာယ်

နိမိတ် = ပစ္စည်းကို ရည်ရွယ်၍ အလိုကို သိအောင် ရိပ်ကာ ဝဲကာ သွယ်ကာ ဝိုက်ကာ ဆိုခြင်း ပြုခြင်းတည်း။ (ဥပမာ) ကျောင်းအလို့ငှာ မြေကို သုတ်သင်ခြင်း၊ ပန္နက်ရိုက်ထားခြင်း သာသနာအလံ ကြိုတင်ထောင်ထားခြင်း စသည် သင်္ကန်း, ဆွမ်း, ဆေး နည်းတူသိ။
ဩဘာ = အဖြောင့်ကိုမဆို အလိုကိုသိအောင် အရိပ်အယောင်ပြ၍ ဆိုခြင်း၊ (ဥပမာ) တိုက်ပြသာဒ်၌ နေနိုင်သူ ဒကာတို့အား အဘယ်၌ နေကြသနည်း။ ရဟန်းတို့အားလည်း တိုက်ပြသာဒ်အပ်သည် စသည်ပြောဆိုခြင်း၊ သင်္ကန်း, ဆွမ်း, ဆေး နည်းတူသိပါ။
ပရိကထာ = ပရိယာယ်အားဖြင့် စောင်းချိတ်၍ ဆိုခြင်းတည်း၊ ရဟန်း သံဃာအား ကျောင်းက ကျဉ်းမြောင်း၏၊ ဆွမ်း ရှားပါး၏၊ သင်္ကန်း ဆင်းရဲ၏၊ စသည် ဆိုခြင်းမျိုး ဖြစ်သည်။
ဝိညတ် = ဖိတ်မန်မထားသူကို တိုက်ရိုက်ပင် ကျောင်းလှူလော့၊ ဆွမ်းလှူလော့၊ သင်္ကန်းလှူလော့ဟု ဆိုခြင်းမျိုးတည်း။
မိစ္ဆာဇီဝ (ဝိသုဒ္ဓိမဂ်အရသာ-၄၇။)

မိစ္ဆာဇီဝနှင့် စပ်၍ အရှင်ဩဘာသ (မုဒုံ) စီရင်ရေးသားတော်မူသော ဝိနည်းဥပဒေတော်ကြီး စာမျက်နှာ (၁၈၀)၌ ဆိုထားသော အချက်များကို ဤနေရာ၌ ထပ်မံ၍ တင်ပြလိုပါသည်။

ယုတ်မာသော မကောင်းသော အသက်မွေးခြင်းဟူသည် ---

သုတ် ဝိနည်း အဘိဓမ္မာ ပိဋကတ်တော်လာအတိုင်း ရိုသေ၍ ရိုးသားသော စိတ်ထားဖြင့် ပြုခြင်းမျိုး မဟုတ်ဘဲ ဤသို့ ရပ်သော်, သွားသော်, ထိုင်သော်, လျောင်းသော် မြင်မြင်သမျှကို ကြည်ညိုလိမ့်မည်မှတ်၍ ဣရိယာပုထ်ကို ရိုသေစွာထားခြင်း၊ ဤသို့ပြုသော် တောရဆောက်တည်သော်, သုသာန်ဓုတင်နေသော် လူတို့ ချီးမွမ်းကြည်ညိုလတ္တံ့ဟု နှလုံးပိုက်၍ ပြုခြင်း, ဆောက်တည်ခြင်း, နေခြင်း, ဓုတင်အမျိုးမျိုး ဆောက်တည်ခြင်း၊ ပစ္စည်း လှူစိမ့်သောငှာ ဒါယကာတို့အား နိမိတ်ပြုခြင်း, အရိပ်အယောင်ပြခြင်း, ဒါယကာတို့အား ရှုတ်ချခြင်း, ကဲ့ရဲ့ခြင်း, ချီးမြှောက်ပြောဆိုခြင်း, ပြက်ရယ်ပြုခြင်း မိမိကို စျာန်မဂ်ဖိုလ်ရသူဟု ထင်အောင် စျာန်မဂ်ဖိုလ်နှင့် နီးစပ်သော စကားကို ပြောဆိုခြင်း၊ အထင်ကြီးအောင် ငါကား ဤအမည်ရှိသော ဆရာ၏ တပည့်အရင်းတည်း၊ ငါ၏ ဆရာကား ဤမည်သော ကျော်ကြားသော ဆရာ၏ တပည့်တည်း စသည်ဖြင့် မိမိလာသော ဆရာစဉ်ဆက်အနွယ်၏ကောင်းသော အဖြစ်ကို ဒါယကာတို့အား သိစေခြင်း၊ ငါ့ကို မည်သည့်သူဌေးကြီး, အမတ်ကြီး, စစ်ဗိုလ်ကြီး, ဝန်ကြီးက ကိုးကွယ်သည် ကြည်ညိုသည် စသည်ဖြင့် ဒကာ ဒကာမတို့၏ အရှိန်အဝါကို သုံး၍ အထင်ကြီးစေခြင်း၊ မိမိကို ခင်တွယ်အောင် ၎င်းတို့အား ရှေ့ဦးစွာ ကိုယ်က စတင်၍ ပြုံးရယ်ခြင်း၊စတင်၍ နှုတ်ဆက်ခြင်း လောကွတ်ပျူငှာလုပ်ခြင်း၊ နည်းလမ်းမကျသော်လည်း ၎င်းတို့ ပြုသမျှကို လိုက်လျောခြင်း အောက်ကျနောက်ကျခံ၍ ဆက်ဆံခြင်း၊ ရွာသူရွာသား ကလေးသူငယ်တို့ကို ထိန်းယချီပိုးခြင်းဟူသမျှတို့ကြောင့် ရလာသော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းသည် မိစ္ဆာဇီဝ ဖြစ်၏၊ ဒါယကာ ဒါယိကာမတို့နှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့် အခွင့်ပေးကာ ကောင်းစွာ ဆိုခြင်းသည် သလ္လပနာ မည်၏၊ (လပန = မြှောက် ပင့်ခြင်း ၁၃-ပါး၊ ပြန်ကြည့်) ထိုကဲ့သို့ ပြုသော ရဟန်းကို လာဘ်ကို တောင့်တသော ရဟန်း, ပူဇော်သက္ကာရကို တောင့်တသော ရဟန်း, အကျော်အစောကို တောင့်တသော ရဟန်း, ယုတ်မာသော ရဟန်း, အလိုရမ္မက်ရှိသော ရဟန်း, ယုတ်မာသော အလိုရမ္မက်ဖြင့် နှိပ်စက်သော ရဟန်းဟု ခေါ်သည်။

အချို့သော ရဟန်းတို့က မိမိတို့၏အပေါ်၌ မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှာလည်းကောင်း, ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှာလည်းကောင်း ဒါယကာ ဒါယိကာမတို့နှင့် ဆန့်ကျင်မည်စိုး၍ နည်းလမ်းကျ မကျသည်ကို ပဓာနမထားဘဲ ၎င်းတို့၏ အလိုသို့ လိုက်လျော၍ နေထိုင်ပြောဆိုခြင်းဖြင့် ကြည်ညိုခြင်းကို ခံယူကုန်၏၊ ဤသို့ ပြုခြင်းသည် ရဟန်းတော်များ၏ အဆင့်အတန်းကိုလည်း နိမ့်ကျအောင် ပြုရာရောက်သည်။ ဘုရားရှင်၏ အလိုတော်နှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လေသည်။

ဘုရားရှင်၏ အလိုတော်မှာ ရဟန်းတော်များ၏အပေါ်၌ မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေချင်သည်။ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေချင်သည်။ မှန်၏၊ သို့သော် နိမ့်ကျသော နည်းလမ်းများကို သုံး၍ ကြည်ညိုခြင်းကို ခံယူကုန်သော လပန, သလ္လပန စသော ရဟန်းတို့ကိုကား ဘုရားရှင် စက်ဆုပ်တော်မူ၏၊ ဘုရားသားတော်ပီပီ အထက်တန်းကျကျ ဝိနည်းတော်နှင့်အညီ တည့်တည့်မတ်မတ် ပြောဆိုနေထိုင်၍ လူတို့က ဝိနည်းတော်နှင့် အညီနေထိုင်သော ရဟန်းတို့အား ကိုးကွယ်ဆည်းကပ်ရခြင်းသည် မြတ်၏ဟု အမြင်မှန်ရကြသဖြင့် မကြည်ညိုသေးသော သူတို့ကလည်း ကြည်ညိုလေအောင် ကြည်ညိုပြီးသော သူတို့ကလည်း တိုး၍ ကြည်ညိုလေအောင် ဝိနည်းတော်နှင့်အညီ ပြုသော ရဟန်းတို့ကိုသာလျှင် ဘုရားရှင် ချီးမွမ်းတော်မူ၏၊

ဒါယကာနှင့် ဝိနည်းစည်းကမ်း

အစစအရာရာ၌ ဒါယကာ ဒါယိကာမတို့ကို မှီခို၍ နေရသောကြောင့် ရဟန်းတိုင်း ၎င်းတို့နှင့် သင့်သင့်မျှမျှ နေအပ်၏၊ နေသင့်၏၊ သို့သော် ဝိနည်းတော်၏ စည်းဝိုင်းအတွင်း၌ နေထိုင်နေရကား ဝိနည်းတော်နှင့် မညီသော အရာများ၌ ၎င်းတို့၏ အလိုသို့ မလိုက်လျောသင့်ပေ။ ဒါယကာ ဒါယိကာမတို့ကလည်း ရဟန်းတော်များ၏ အလိုသို့ လိုက်လျောရခြင်းကို ဂုဏ်ငယ်သည်ဟု မယူသင့်။ အမှန်မှာ မိမိတို့ ပြုစုလှူဒါန်းသော ကုသိုလ်ကောင်းမှု အလှူဒါနသည် အလှူခံတို့နှင့် သင့်လျော်လျောက်ပတ်လေလေ မိမိတို့ ဒကာများအနေဖြင့် အကျိုးများလေလေ ဖြစ်သည်။ ထို့ကြောင့် ငွေကုန် လူပန်းသလောက် အကျိုးရရှိလေအောင် တတ်နိုင်သရွေ့ အလှူခံရဟန်းတို့၏ အလိုသို့ လိုက်လျော၍ ဝိနည်းနှင့်အညီ ကုသိုလ်ကောင်းမှု ပြုသင့် ပြုအပ်ပေသည်။

နှစ်ဦးနှစ်ဘက် အလိုက်သိဖို့လို

အလှူရှင်ဒါယကာ ဒါယိကာမတို့သည် အလှူခံရဟန်းတော်တို့၏ အလိုသို့ လိုက်လျောသကဲ့သို့ အလှူခံရဟန်းတို့ကလည်း နှစ်ဦးနှစ်ဘက် အကျိုးရှိစေခြင်းငှာ အလှူရှင်တို့ ရည်မှန်းထားသည်ထက်လည်း ပိုမကုန်စေဘဲ မိမိ အလိုရှိနေသော အပ်စပ်သော အရာဝတ္ထုတို့ကိုလည်း ဝိနည်းနှင့်အညီ ရရှိလေအောင် ပြောဆိုညွှန်ကြားတတ်ဖို့ လိုသည်။

ရဟန်းတော်များသည် ဒါယကာ ဒါယိကာမတို့က လှူဒါန်း ထောက်ပံ့ နေကြ၍ မငြိုမငြင် မဆင်းရဲဘဲ ဝတ်ရ စားရ အိပ်ရသည် မှန်၏၊ သို့ပါလျက် နည်းလမ်း ကျ, မကျကို ပဓာနမထားဘဲ ခြွင်းချက်မရှိဘဲ အလှူရှင်တို့၏ အလိုသို့ မလိုက်လျောလေသနည်းဟူမူ မလိုက်လျောသင့်ဘဲလျက် လိုက်လျောခြင်းသည် ဒါယကာ ဒါယိကာမတို့ကို မြှူစားရာ ချော့စားရာ ရောက်၍ မိစ္ဆာဇီဝအဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိလေသည်။ ဤကား နှစ်ဦးနှစ်ဘက်လုံး သိထားဖို့ လိုအပ်သော အချက်များ ဖြစ်သည်။

ဟန်မလုပ်စကောင်း

သာသနာဝန်ထမ်း ရဟန်းကောင်းများသည် မိမိကိုယ်ကို စျာန်ရပုဂ္ဂိုလ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်ဟု မှတ်ထင်လေအောင် ဟန်မလုပ်စကောင်း အယုတ်ဆုံးအားဖြင့် လူအများ၏ အထင်ကြီးစိမ့်သောငှာ, ချီးမွမ်းပူဇော်သက္ကာရကို ခံယူရစိမ့်သောငှာ တောရဆောက်တည်ခြင်း, ဓုတင်ကျင့်ခြင်း, ဆွမ်းခံကြွခြင်း စသည်တို့ကိုသော်မှ မပြုအပ် မပြုသင့်ပေ။ မိမိက တစ်စုံတစ်ရာ ထုတ်ဆောင်၍ ပြောဆိုခြင်း မပြုဘဲ လူအများ၏ ချီးမွမ်းပူဇော် သက္ကာရကို မျှော်လင့်တောင့်တ၍ မိမိကိုယ်ကို စျာနလာဘီ စျာန်ရပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်လေအောင် ဟန်ပန်လုပ်ခဲ့သော် ဒုက္ကဋ်အာပတ် သင့်၏၊

လူအများအထင်ကြီးခံရခြင်း

မိမိသည် ဝိနည်းအကျင့်တို့၌ ကျစ်လျစ်၍ ကမ္မဋ္ဌာန်းဘာဝနာအလုပ်ကို ပင်ကိုရိုးသားသော စိတ်ဓာတ်ဖြင့် အားကြိုးမာန်တက် ပွားများ၏၊ တရားကျင့်ကြံအားထုတ်၏၊ တစ်စတစ်စဖြင့် လူတို့က မိမိအား စျာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ဟု ထင်မှတ်ကြ၏၊ ထင်မှတ်ကြသည့်အတိုင်းလည်း မိမိအား ခမ်းနားကြီးကျယ်စွာ ကြိုဆိုကြ၏၊ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့်လည်း လှူဒါန်းပူဇော်ကြ၏၊ မိမိအားလည်း လူအများတို့က စျာန်ရအရိယာ ရဟန္တာဟု ထင်မှတ်နေကြသည်ကို သိ၏၊ သို့သော် မိမိသည် စျာန်ရအရိယာ ရဟန္တာ မဟုတ် သူလိုငါလို ပုထုဇဉ်ရဟန်းပဲဟု ထုတ်ဖော်ကြေညာခြင်း မပြုဘဲ မြုံလျက် နေ၏၊ မြုံ၍ ဆိတ်ဆိတ်နေခြင်းအားဖြင့် ဟန်ဆောင်ရာရောက်၍ ဒုက္ကဋ်အာပတ်လည်း အဆက်မပြတ် သင့်သည်။ ရသော ပစ္စည်းတို့မှာလည်း မစင်ကြယ်၍ ၎င်းတို့ဖြင့် အသက်မွေးခြင်းသည်လည်း မိစ္ဆာဇီဝပင် ဖြစ်တော့သည်။

မဟုတ်လျှင် မဟုတ်ကြောင်း ဝန်ခံပါ

မိမိသည် အထင်ကြီးခံရ၍ လာဘ်လာဘပေါများသောကြောင့် တခြား ရဟန်းများအား တစ်ဆင့် လှူပြန်၏၊ ထိုရဟန်းခမျာမှာ နေရင်းထိုင်ရင်း ဘာမျှ မပြုဘဲ အထင်ကြီးအောင် ဟိတ်ဟန်ဆောင်မှုဖြင့် ရသောပစ္စည်းကို လက်ခံ သုံးစွဲမိခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်ကြကုန်၏၊ သို့ဖြစ်၍ သူများ စုံစမ်းမေးမြန်းခြင်းကို မစောင့်လေလင့်။ မိမိကို ရဟန္တာဟု, အောက်အရိယာဟု, စျာန်ရဟု ထင်မှတ်နေကြပြီဟု သိလျှင်သိချင်း မဟုတ်လျှင် မဟုတ်ကြောင်းကို ထုတ်ဖော်ဝန်ခံ ကြေညာပါလေ။ ထုတ်ဖော်ကြေညာပြီး၍ ရသော ပစ္စည်းသည် နတ်ဘုံနတ်နန်း နတ်ဩဇာနှင့် တူ၏၊ ဂုဏ်သတင်း ကျော်စောလို၍ ကျင့်သော ဟီနသီလကို သုတ်သင်ပါလေ သူတော်ကောင်းအပေါင်းတို့။

သူခိုးကြီး မဟာစောရ

ဗုဒ္ဓမြတ်စွာက ကိုယ့်မှာ ဥတ္တရိမနုဿဓမ္မလို့ခေါ်တဲ့ စျာန်မဂ်ဖိုလ်တရား မရှိဘဲနဲ့ ဟန်လုပ်ပြီးတော့များ ညာနေလို့ရှိရင် (လူတွေကို လှည့်စားလိမ်ညာနေလို့ရှိရင်) ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက သူခိုးကြီးလို့ကို အမိန့်တော် ရှိပါတယ်။ မဟာစောရတဲ့-ဟု ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အခြေပြု ပဋ္ဌာန်းတရားတော်၌ ဖော်ပြထားပါသည်။

စာသင်သားနှင့် စာသင်တိုက်

ပင်ကို ရိုးသားသော စိတ်ဓာတ်ဖြင့် မဟုတ်ဘဲ လူအများ၏ ချီးမွမ်း ပူဇော်သက္ကာရလာဘ်လာဘ တောင့်တ၍ ကျော်စောလို၍ ဝိနည်းလေးစားဟန်ဖြင့် စာပေကိုလည်း မသင်ယူလေလင့်၊ စာသင်တိုက်တို့ကိုလည်း မဖွင့်လေလင့်။ သူတစ်ပါးကို နှိမ်ချလို ချုပ်ချယ်လို၍ စာသင်လျှင် ပို၍ပင် ဆိုးသေး၏၊ ကဿပဘုရားရှင်သာသနာတော်၌ ကပိလရဟန်းသည် စာတတ်ပုဂ္ဂိုလ်ကြီး ဖြစ်၏၊ တပည့်ငါးရာကျော်အား စာပေပို့ချပေးနေသော ဆရာကြီးတစ်ဆူ ဖြစ်၏၊ အစ်ကိုရဟန္တာကြီးက ဆိုဆုံးမသည်ကို မနာခံ မာန်မာန တက်နေသူ အထင်ကြီးနေသူတည်း။ လဇ္ဇီသူတော်ကောင်းတို့ကို စာဖြင့် ချုပ်ချယ်၏၊ အမေ နှမ အစ်မတို့ကို သံဃိကပစ္စည်းများ ပေးကမ်း၏၊ ထို့ကြောင့် သေသောအခါ အဝီစိသို့ ရောက်ရ၏၊ယခု ဂေါတမမြတ်စွာဘုရားရှင်လက်ထက်၌ ပုပ်ဟောင်သော ပါးစပ်ဖြင့် ရွှေငါးကြီး ဖြစ်၏၊ ဘုရားရှင် မျက်မှောက်တွင် မိမိ၏ ဖြစ်အင်ကို ပြောပြ၍ သေဆုံးပြီး အဝီစိငရဲသို့ ပြန်သွားရ၏၊ (ဓမ္မပဒ၊ တဏှာဝဂ်၊၂၄)

အလဇ္ဇီ စာတတ်လျှင် အပါယ်ရိက္ခာ အပါယ်စရိတ် ပြည့်စုံ၏၊ ဤနည်းမျိုးကား စာသင်ခြင်းထက် စာသင်တိုက်ဖွင့်ခြင်းထက် စာမသင်ဘဲ, စာသင်တိုက်မတည်ဘဲ အိပ်နေခြင်းက ပိုမြတ်သေး၏၊

တရားအားထုတ်ခြင်းနှင့် ရိပ်သာထောင်ခြင်း

ကျော်စောထင်ရှားလို၍, လာဘ်လာဘပေါများလို၍, ကိုယ့်ကျောင်းတိုက် စည်ကားကြီးပွားလို၍ ကိုယ်တိုင်လည်း တရားအားထုတ်သည်, သူများကိုလည်း တရားပြသည်, ရိပ်သာဖွင့်သည်ဟု ရိပ်သာမထောင်လေလင့်၊ (သည်ယုန်မြင်၍ သည်ချုံထွင်သည်နှင့် တူ၏၊) အမြင်အားဖြင့် ကောင်းသလောက် အတွင်းစိတ်ထား ကောက်ကျစ်လှ၍ နိဗ္ဗာန်သို့ မရောက်ဘဲ အပါယ်သို့ ရောက်ချိမ့်မည်။

လာဘ်လာဘ ရရန်နှင့် နိဗ္ဗာန်ရောက်ရန်

“ချစ်သားရဟန်းတို့ ...လာဘ်လာဘကို မှီ၍ ကျင့်သော အကျင့်မည်သည်ကား တစ်မျိုးတခြားတစ်ပါး ဖြစ်၏၊ နိဗ္ဗာန်သို့ ရောက်ရန် အကျင့်သည်ကား တစ်မျိုးတခြား တစ်ပါး ဖြစ်၏၊ ဤသို့ ကျင့်သည်ရှိသော် လာဘ်ပူဇော်သက္ကာရကို ရပေလတ္တံ့ဟူ၍ အရညကင်ဓုတင်, သုသာန်ဓုတင် စသော အကျင့်ကို ပြုကျင့်သော ရဟန်းအား အပါယ်လေးဘုံတို့သည် တံခါး ဟင်းလင်းပွင့်ကုန်၍သာလျှင် တည်ကုန်၏၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ဖြင့် ဖြစ်ပေါ်လာသော ကျောင်း သင်္ကန်း ဆွမ်း ဆေး စသော လာဘ်ပူဇော်သက္ကာရကို ပယ်ခွာစွန့်ပစ်လျက် သစ်ပင်ရင်း, တော, ဆိတ်ငြိမ်ရာ အရပ်သို့ ဝင်ပြီး ကောင်းမွန်စွာ စေ့ဆော်ကြိုးကုတ် လုံ့လဥဿာဟဝီရိယ ရှိသည့် သီလ သမာဓိ ပညာ ပြည့်စုံစွာ ကျင့်သော ရဟန်းသည် အရဟတ္တဖိုလ်ထိအောင် ရယူနိုင်လေ၏”ဟု မိန့်တော်မူ၏၊

ဓုတင်ကျင့်သူနှင့် မကျင့်သူ

လာဘ်လာဘ ပူဇော်သက္ကာရ ကျော်စောထင်ရှားလို၍ တောရဓုတင် သုသာန်ဓုတင် စသည်တို့ကို မဆောက်တည် လေလင့်၊ မကျင့်လေလင့်။ ငရဲသို့ လားချိမ့်မည်၊ ပြိတ္တာမူလည်း ဖြစ်ချိမ့်မည်။မိမိစိတ်က မရိုးသားလျှင် မဆောက်တည်လေနှင့်၊ မဆောက်တည်ဘဲ နေခြင်းကား ပို၍ မြတ်သေးသည်။ အဘယ်ကြောင့်ဆိုသော် မဆောက်တည်ခြင်းကြောင့် အာပတ်မသင့်ပါ၊ ဆောက်တည်ခြင်းကြောင့် မိစ္ဆာဇီဝဖြစ်၍ ဒုက္ကဋ်အာပတ်တွေ အဆက်မပြတ် သင့်သည်။ ပကတိရိုးသားသော စိတ်ဖြင့် ဆောက်တည်နိုင်လျှင် ဓုတင် (၁၃)ပါးလုံး တစ်ပြိုင်တည်း ဆောက်တည်ပါလေ။ ကိလေသာကို ခေါင်းပါးစေသော ဘုရားရှင် ချီးမွမ်းတော်မူသော အကျင့်ဖြစ်သည်။

သက်သတ်လွတ်စားခြင်

သူတစ်ပါးတွေ အထင်ကြီးစေခြင်းငှာ, ဂုဏ်ရှိန်သတင်း ကြီးမားစေခြင်းငှာ ရည်ရွယ်၍ လာဘ်လာဘကို ရည်ရွယ်၍ သက်လွတ်ဘေးမဲ့ ဟင်းသီး ဟင်းရွက်တို့ကိုသာ မစားလေလင့်၊ (သားငါးအရိုး စူးလျှင် နုတ်ရ လွယ်သည်၊ အာလူး သစ်သီးအရိုး စူးလျှင် နုတ်ရခက်သည်။) မစားတတ်ဘဲ သက်သတ်လွတ် မစားလေလင့်၊ မစားတတ်ဘဲ သက်သတ်လွတ် စားခြင်းသည် မိစ္ဆာဇီဝ (= မကောင်းသော အသက်မွေးခြင်း) ဖြစ်၍ အာလူး, သစ်သီးတို့အတွက် သာမက ကြွင်းသော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးစသော ပစ္စည်းများ အတွက်လည်း ဒုက္ကဋ်အာပတ် အဆက်မပြတ် သင့်သည်။ မိမိကိုယ်ကို အထင်ကြီးအောင် ပြုခြင်းသည် အပါယ်သို့ မရောက်ရောက်အောင် ကြိုးစားသည်နှင့် တူ၏၊

လာဘ်လာဘအမျိုးမျိုးနှင့် ဘုန်းတန်ခိုးကြီးခြင်း

“ချစ်သားရဟန်းတို့ ..လာဘ်ပူဇော်သက္ကာရဆိုသည်မှာ မိုးကြိုးစက်ကဲ့သို့ လွန်စွာ ထက်မြက် စူးရှလှပေသည်။ လာဘ်လာဘဆိုသော မိုးကြိုးကြီး အပစ်ခံရပြီဆိုမှဖြင့် သူတော်ကောင်းသဘောတွေ ညက်ညက်ကြေကုန် လေ၏၊ သို့အတွက်ကြောင့် လာဘ်လာဘအမျိုးမျိုးနှင့် ဘုန်းတန်ခိုးကြီးမား မည်ကို ကြောက်လန့်ကြရမည်”ဟု ရှင်တော်မြတ်ဘုရား မိန့်တော်မူ၏၊
(နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။)

ဤသို့လျှင် ဆိုခဲ့ပြီးသော လူတို့၏ မိစ္ဆာဇီဝ, ရဟန်းတို့၏ မိစ္ဆာဇီဝဟု နှစ်မျိုး ရှိသည်။ ထိုမိစ္ဆာဇီဝတို့မှ ရှောင်ကြဉ် စောင့်စည်းခြင်းသည် သမ္မာအာဇီဝ ဖြစ်၍ အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊ အာဇီဝပါရိသုဒ္ဓိသီလသည် အရေးကြီးသောကြောင့် အတော်စုံလင်အောင် စုဆောင်းတင်ပြပါမည်။

(၄) ပစ္စယသန္နိဿိတသီလ

ပစ္စည်းတို့ကို သုံးဆောင်ရာ၌ သာယာမက်မောခြင်း တွေဝေခြင်းများကို ပယ်၍ တရားသဖြင့် ရှာဖွေ၍ ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းကို “ပဋိသင်္ခါယောနိသော”စသော ပါဠိဖြင့်ဖြစ်စေ, “ချမ်းပူကို ဖျက် ခြင်မှက်လေနေ” စသော မြန်မာ လင်္ကာများဖြင့်ဖြစ်စေ နှလုံးသွင်း၍ ပညာဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်ကာ မေတ္တာပို့၍ သုံးဆောင်သောအားဖြင့် ပြည့်စုံစေအပ်၏၊ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါး စသည်တို့ကို သုံးစွဲတိုင်း ဆင်ခြင်အပ်၏၊ သုံးစွဲတိုင်း မဆင်ခြင်နိုင်လျှင် နံနက်, နေ့ခင်း, ညချမ်း, မိုးသောက် လေးကြိမ် ဆင်ခြင်အပ်၏၊ မဆင်ခြင်မိဘဲ အရုဏ်တက်လျှင် ထိုနေ့ သုံးဆောင်သမျှ ပစ္စည်းများ ဣဏပရိဘောဂ (= ကြွေးတင်သော သုံးဆောင်ခြင်း) ဖြစ်၏၊

သုံးဆောင်ခြင်း (ပရိဘောဂ) ၄-မျိုး

ထေယျပရိဘောဂ, ဣဏပရိဘောဂ, ဒါယဇ္ဇပရိဘောဂ, သာမိပရိဘောဂ ဟူ၍ သုံးဆောင်ခြင်း (ပရိဘောဂ) လေးမျိုး လာရှိ၏၊

၁။ ထေယျပရိဘောဂ - ဒုဿီလ (= သီလမရှိသူ)တို့၏ သုံးဆောင်ခြင်းသည် ထေယျပရိဘောဂ မည်၏၊ ဘုရားရှင်သည် သီလဝန္တ (= သီလရှိသူ)အား ပစ္စည်းလေးပါးကို ခွင့်ပြုသည်။ ဒုဿီလအား ခွင့်မပြု။ လှူဒါန်းသူ ဒါယကာတို့သည်လည်း အကျိုးကြီးမားဖွံ့ဖြိုးလို၍ သီလဝန္တအား လှူသည်၊ ဒုဿီလအား လှူသည် မဟုတ်။ ဒုဿီလသည် သီလဝန္တ၏ ပစ္စည်းတို့ကို ခိုးယူသူနှင့် တူ၏၊ ထို့ကြောင့် ထေယျပရိဘောဂ (= ခိုး၍ သုံးဆောင်ခြင်း) မည်၏၊

၂။ ဣဏပရိဘောဂ - သီလဝန္တဖြစ်လျက် ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ဣဏပရိဘောဂ မည်၏၊ အလှူခံပုဂ္ဂိုလ်က မစင်ကြယ်လျှင် ဒက္ခိဏဝိသုဒ္ဓိ မဖြစ်၊ အလှူ၏ အကျိုး ဖွံ့ဖြိုးခြင်း မရှိ၊ ကြွေးမြီ ယူစားသူနှင့် တူ၏၊ ဣဏပရိဘောဂ ဖြစ်၏၊ ဣဏပရိဘောဂအပြစ်မှ လွတ်လိုလျှင် ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ရသည်။

၃။ ဒါယဇ္ဇပရိဘောဂ - သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ သုံးဆောင်ခြင်းသည် ဒါယဇ္ဇပရိဘောဂ မည်၏၊ သေက္ခပုဂ္ဂိုလ်တို့သည် ဘုရားရှင်၏ သားတော် အစစ်များ ဖြစ်ကြ၍ ဘဘုရားရှင်၏ ပစ္စည်းတို့ကို အမွေခံယူ၍ သုံးဆောင်ကြသည်။ လူဒါယကာတို့က လှူဒါန်းသော်လည်း ဘုရားရှင် ခွင့်ပြုမှ သုံးဆောင်အပ်သောကြောင့် ဘုရားပစ္စည်းသာ ဖြစ်ချေ၏၊ လူတို့သည် ဘုရားဟော နိဗ္ဗာန်စသော အကျိုးနှင့် လဲလှယ်ကြသဖြင့် ဘုရားရှင် မျက်နှာတော်ကြောင့်ရသော ပစ္စည်းဟူ၍သာ သိအပ်ပေ၏၊ ဘုရားရှင်သည် ဓမ္မဒါယာဒသုတ်၌ “ချစ်သားတို့ ...ငါဘုရား၏ ဓမ္မအမွေကို ခံယူကြ၊ ငါဘုရား၏ အာမိသအမွေကို မခံယူချင်ကြနှင့်”ဟု ဟောတော်မူသည်။

၄။ သာမိပရိဘောဂ - ရဟန္တာတို့၏ သုံးဆောင်ခြင်းသည် သာမိပရိဘောဂ မည်၏၊ ရဟန္တာတို့သည် တဏှာကျေးကျွန်အဖြစ်မှ လွတ်လာကြသဖြင့် သခင်ဖြစ်ကြကုန်ပြီး ပစ္စည်းသုံးဆောင်ရာ၌ တဏှာ၏ အမိန့်ကို နားမထောင်၊ ပဋိကူလ (= ရွံစရာအာရုံ)ကို အပဋိကူလ (= ရွံစရာအာရုံ) မဟုတ်သောအားဖြင့်လည်းကောင်း, အပဋိကူလကို ပဋိကူလအားဖြင့် လည်းကောင်း, ထို နှစ်ပါးကို လျစ်လျူရှုခြင်းအားဖြင့်လည်းကောင်း မိမိအလိုအတိုင်း သုံးဆောင်နိုင်ကုန်၏၊ ဒါယကာတို့၏ နှလုံးအလိုကိုလည်း ပြည့်စေနိုင်ကုန်၏၊ ထို့ကြောင့် သခင်သုံး သုံးဆောင်နိုင်ကြ၍ သာမိပရိဘောဂ မည်၏၊

(ဆောင်) ထေယျ ဣဏ၊ ဒါယဇ္ဇနှင့် ပိုင်လှ သာမိ၊ လေးခုရှိ၊ ပရိဘောဂသာ။

ပုထုဇဉ် ဒါယဇ္ဇ, သာမိ ဖြစ်ပုံ

ပုထုဇဉ်သီလဝန္တ၏ ဆင်ခြင်၍ သုံးဆောင်ခြင်းကား ဒါယဇ္ဇ ဖြစ်၏၊ ဒါယကာတို့၏ နှလုံးအလိုကို မချွတ်ယွင်းသောကြောင့်တည်း။ ထို့ကြောင့် ဒါယဇ္ဇ၌ ရေတွက်ဟု ဆိုအပ်ပြီ။ ကလျာဏပုထုဇဉ် ဆင်ခြင်၍ သုံးဆောင်ခြင်းလည်း ဒါယဇ္ဇသာဖြစ်၏၊ သေက္ခပုဂ္ဂိုလ်၌ ရေတွက်သောကြောင့်တည်း။

ပုထုဇဉ်ဖြစ်သော်လည်း ခေါင်းပါးသော အကျင့်၌ တည်၍ မက်မောခြင်း မရှိ, ကပ်ငြိခြင်း မရှိဘဲ သုံးဆောင်အံ့၊ သာမိနှင့် တူ၏၊ ဤလေးပါးသော ပရိဘောဂတို့တွင် သာမိပရိဘောဂသည် အမြတ်ဆုံး ဖြစ်၏၊ အမြတ်ဆုံးကို အလိုရှိသော ရဟန်းသည် ဤဆိုခဲ့ပြီးသော နည်းအတိုင်း မက်မောခြင်း မရှိ၊ ကပ်ငြိခြင်း မရှိဘဲ ပစ္စဝေက္ခဏာဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတသီလကို ဖြည့်ကျင့်အပ်၏၊

ဘုရားစကား နား၌ရှိသော ရဟန်းသည် ရေနှင့်တကွ ပစ္စည်းလေးပါး တို့ကို ဆင်ခြင်၍ သုံးစွဲ စားမျိုသင့်၏၊ ပစ္စည်းလေးပါးတို့၌ ရေသည် ကြာရွက် ကြာချပ်၌ မငြိကပ်သကဲ့သို့ ပစ္စည်းလေးပါး လာဘ်လာဘများပြားသော်လည်း အနာဆေးလိမ်းသကဲ့သို့ သင့်ရုံ သတိပြု စားသုံးသင့်၏၊ သားငယ်၏ အသားမျိုး, ဝင်ရိုးနယ်ဆီသဘော မက်မောမရှိ ခန္ဓာကိုယ်မျှတရုံ စားသုံး၏၊ ရေသည် နာခြင်း, ဆာခြင်း, မွတ်သိပ်ခြင်း ငြိမ်းကြောင်း ဆေးမည်၏၊ သောက်, ချိုး, ဆေးကြော, ဖွပ်လျှော်တိုင်း ဆင်ခြင်ရာ၏၊

အင်္ဂုတ္တိုရ်ပါဠိတော် မိန့်ဆိုချက်

မြတ်စွာဘုရားရှင်သည် အစ္ဆရာသင်္ဃာတဝဂ်၌ လက်ဖျစ်တစ်ချက် တီးရုံခန့်လောက်ကြာအောင် မေတ္တာပွားသော မေတ္တာပို့သော ရဟန်းသည် သာမိကအနဏဒါယာဒပုဂ္ဂိုလ် ဖြစ်၏၊ အမွေခံ ကြွေးမတင် သခင် ဖြစ်၏၊ တိုင်းသူပြည်သားတို့၏ ဆွမ်းကို သုံးဆောင်ထိုက်၏ဟု ပါဠိတော်အဋ္ဌကထာ ဖွင့်ဆိုထားသည်။

သီလ (၄) ပါးနှင့် တရားကိုယ်

ဖော်ပြပါ သီလလေးပါးတို့တွင် ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေအပ်၏၊ ဘုရားရှင် ပညတ်တော်မူသမျှ ပါတိမောက္ခကို ကုဋေကိုးထောင်ကျော်သိက္ခာပုဒ်တို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့် အကုန်ယူ၍ အသက်၌ပင် မငဲ့ကွက်ဘဲ ကောင်းစွာ ဖြည့်ကျင့်ရသည်။ သာဝကတို့အရာကား ဘုရား မပညတ်သည်ကို ငါတို့ မပညတ်အံ့။ ဘုရားရှင် ပညတ်သည်ကို ငါတို့ မဖျက်ပါအံ့။ ပညတ်တော်မူသောအတိုင်း အကုန်ယူ၍ ကျင့်ပါအံ့ဟု ဆုံးဖြတ်ချက် ချထားရမည် ဖြစ်၏၊

ပါတိမောက်လာ သိက္ခာပုဒ်တို့ကို မလွန်ကျူးခြင်း, စောင့်ထိန်းခြင်း, လိုက်နာခြင်း, ကုစားခြင်းတို့ဖြင့် စင်ကြယ်သန့်ရှင်းအောင် သုတ်သင်ရမည် ဖြစ်သည်။

ဣန္ဒြိယသံဝရသီလကို သတိဖြင့် ပြည့်စုံစေအပ်၏၊ သတိဖြင့် စောင့်ရှောက်လျှင် အဘိဇ္ဈာဒေါမနဿ စသော အကုသိုလ်တရားတို့ မနှိပ်စက်နိုင်ကုန်။ ဣန္ဒြိယသံဝရသီလ မပြည့်စုံလျှင် ပါတိမောက္ခသံဝရသီလသည်လည်း စောင့်စည်းရန် အကာမရှိသော ကောက်ခင်းကဲ့သို့ အရှည်မခံ၊ တံခါးမပိတ်သော ရွာကဲ့သို့ ကိလေသာခိုးသူတို့ ဝင်၍ ညှဉ်းဆဲကုန်၏၊ အမိုးမလုံသော အိမ်ကဲ့သို့ ရာဂမိုးဝင်၍ စွတ်စိုနိုင်၏၊

အာဇီဝပါရိသုဒ္ဓိသီလကို ဝီရီယဖြင့် ပြည့်စုံစေအပ်၏၊ ကောင်းသော လုံ့လဝီရိယ ရှိသော သူသည်သာလျှင် မိစ္ဆာဇီဝကို ပယ်နိုင်၏၊ မအပ်မရာသော ပစ္စည်း, အစားအသောက်တို့ကို မရှာဖွေဘဲ ဆွမ်းခံသွားခြင်းစသော ဝီရိယဖြင့်သာ ရှာ၍ ရသော စင်ကြယ်သော ပစ္စည်းတို့ကို သုံးဆောင်ခြင်းဖြင့် လည်းကောင်း, မစင်မကြယ် မအပ်မရာ ရှာဖွေရသော ပစ္စည်းတို့ကို မြွေဆိုးအသွင် ရှောင်ကြဉ်ခြင်းဖြင့်လည်းကောင်း အာဇီဝကို ပြည့်စုံစေအပ်၏၊

ပစ္စယသန္နိဿိတသီလကို ပညာဖြင့် ပြည့်စုံစေအပ်၏ ပညာရှိသော သူသည် ပစ္စည်းလေးပါးတို့၌ အပြစ်အကျိုးတို့ကို မြင်၏၊ ပစ္စဝေက္ခဏာ မဆင်ခြင်မူ၍ သုံးဆောင်စားသောက်ရာ၌ ဣဏပရိဘောဂအပြစ် ဖြစ်၏၊ သန္နိဓိဒုက္ကဋ်, ဝိကာလဒုက္ကဋ် အာပတ်သင့်၏၊ သုံးဆောင်စဉ် ဆင်ခြင်လျှင် အာပတ်မသင့်။ ပစ္စည်း၌ မက်မောခြင်း တွေဝေခြင်းကို ပယ်၍ ဓမ္မိယလဒ္ဓ (= တရားသဖြင့် ရသောပစ္စည်း)ကို ပညာဖြင့် ဆင်ခြင်၍ သုံးဆောင် စားသောက်သောအားဖြင့် ပြည့်စုံစေအပ်၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊၅၀။)