ဝိနည်းပဒေသာသင်တန်း/အနိယတခန်း
အနိယတခန်း
ပထမ အနိယတသိက္ခာပုဒ်
တစ်ပါးသောရဟန်းသည် တစ်ယောက်သော မာတုဂါမနှင့် မျက်စိကွယ်ရာ နံရံစသည်ဖြင့် ဖုံးလွှမ်းအပ်သော မေထုန်အမှု၌ လျောက်ပတ်ခြင်းငှာ စွမ်းနိုင်သော (ဝါ) မေထုန်မှီဝဲခြင်းအမှုကို ပြုခြင်းငှာ စွမ်းနိုင်သော နေရာ၌ ထိုင်နေငြားအံ့။
ထိုရဟန်းကို ယုံကြည်အပ်သော စကားရှိသော အရိယာဖြစ်သော ဥပါသိကာမသည် မြင်၍ မေထုနပါရာဇိက, ကာယသံသဂ္ဂ, သံဃာဒိသေသ်, ရဟောနိသဇ္ဇပါစိတ် တစ်ခုခုဖြင့် ဆိုငြားအံ့၊ ထိုသို့ပင် ဆိုသော်လည်း ထိုင်ခြင်းကို ဝန်ခံသော ရဟန်းကို ပါရာဇိက, သံဃာဒိသေသ်, ပါစိတ် တစ်ခုခုဖြင့် ပြုစေထိုက်၏၊ ယုံကြည်အပ်သော စကားရှိသော အရိယာဥပါသိကာမသည် ဝတ္ထုကို ဖော်ပြ၍ ဆိုရာတွင် ရဟန်းက ဝန်ခံသော်သာလျှင် (ဝါ) ဝန်ခံမှသာ ပြုထိုက်၏၊ ပြုရမည်။ အာပတ်သည် အနိယတအာပတ်တည်း။ (ဝါ) အမြဲ မသတ်မှတ်အပ်သော အာပတ်တည်း။
ဒုတိယ အနိယတသိက္ခာပုဒ်
နေရာသည် နံရံစသည် ဖုံးလွှမ်းခြင်း မရှိ၊ မေထုန်အမှု၌ လျောက်ပတ် ခြင်းငှာ မစွမ်းနိုင်၊ မာတုဂါမကို ရုန့်ရင်းကုန်သော စကားတို့ဖြင့် အယုတ်တမာ ပြောဆိုခြင်းငှာ စွမ်းနိုင်သည်သာ ဖြစ်၏၊ ထိုသို့ သဘောရှိသော နေရာ၌ တစ်ပါးသော ရဟန်းသည် တစ်ယောက်သော မာတုဂါမနှင့် အတူတကွ မျက်စိ နား နှစ်ပါး၏ဆိတ်ကွယ်ရာ၌ ထိုင်နေအံ့၊ ထိုရဟန်းကို ယုံကြည်ထိုက်သော စကားရှိသော အရိယာဥပါသိကာမသည် ဒုဋ္ဌုလ္လဝါစာ, သံဃာဒိသေသ်, ရဟောနိသဇ္ဇပါစိတ်ဖြင့် ဆိုငြားအံ့၊ ထိုသို့ဆိုသော်လည်း ထိုင်ခြင်းကို ဝန်ခံသောရဟန်းကို သံဃာဒိသေသ်, ပါစိတ်တစ်ခုခုဖြင့် ပြုစေထိုက်၏၊ ယုံကြည်ထိုက်သော စကားရှိသော အရိယာဥပါသိကာမသည် ဝတ္ထုကိုဖော်ပြ၍ ဆိုရာတွင် ရဟန်းက ဝန်ခံသော်သာလျှင် (ဝါ) ဝန်ခံမှသာ ပြုထိုက်၏ (ဝါ) ပြုရမည်။ ဤအာပတ်သည်လည်း အနိယတအာပတ်တည်း။ အမြဲ မသတ်မှတ်အပ်သော အာပတ်တည်း။
ပထမအနိယတ သိက္ခာပုဒ်အဓိပ္ပါယ်
ဤသိက္ခာပုဒ်ကား မျက်စိမမြင်နိုင်လောက်အောင် ဖုံးကွယ်သော နေရာဝယ် မာတုဂါမနှင့် အတူတကွ ထိုင်နေသော ရဟန်းကို အရိယာဥပါသိကာမက တွေ့မြင်၍ ပါရာဇိက, သံဃာဒိသေသ်, ပါစိတ်အာပတ် တစ်မျိုးမျိုးဖြင့် စွပ်စွဲစေကာမူ သို့မဟုတ် နေထိုင်ပုံအခြင်းအရာနှင့်တကွ ဝတ္ထုကိုဖော်ပြ၍ စွပ်စွဲစေကာမူ ထိုရဟန်းက ဟုတ်ကြောင်းဝန်ခံမှသာ ဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်။ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရဟု ဝိနည်းအဆုံးအဖြတ်၏ လက္ခဏာ (ဆုံးဖြတ်နည်း)ကိုပြသော သိက္ခာပုဒ်တည်း။
ဧကော ဧကာယ စာစပ်ပုံ
ဧကော ဧကာယ = တစ်ယောက်ချင်းချင်းဟု အနက်ပေးရိုး ရှိသော်လည်း ကျကျနနပေးလျှင် ယော ပန ဘိက္ခု = အကြင်ရဟန်းသည်။ ဧကော = တစ်ပါးတည်း။ ဟုတွာ = ၍။ ဧကာယ = တစ်ယောက်တည်းသော။ မာတုဂါမေန = မာတုဂါမနှင့်။ သဒ္ဓိံ = တကွ - ဟု ပေးရမည်။
အလံ ကမ္မနိယေ ဖွင့်ပုံ
ကမ္မနိ = မေထုန်အမှု၌။ ခမံ = ခံ့သော သဘောသည် (ဝါ) လျောက်ပတ်သော သဘောသည်။ ကမ္မနိယံ = ကမ္မနိယ မည်၏၊ မေထုန်မှု၌ လျောက်ပတ်သော သဘောဟူသည် မေထုန်မှီဝဲလောက်သော အကွယ်အကာရှိခြင်း, လုံခြုံခြင်း သဘောတည်း။ အလံ (ပရိယတ္တံ) ကမ္မနိယံ ယဿာတိ အလံကမ္မနိယံ၊ ယဿ = အကြင်နေရာ၏၊ အလံ (ပရိယတ္တံ) = စွမ်းနိုင်သော။ ကမ္မနိယံ = မေထုန်အမှု၌ ခံ့သော သဘောသည်။ အတ္ထိ = ရှိ၏၊ ဣတိ = ထိုကြောင့်။ တံ = ထိုနေရာသည်။ အလံကမ္မနိယံ = အလံကမ္မနိယ မည်၏၊ ဤ၌ စွမ်းနိုင် ဟူသည် မေထုန်ပြုနေသည့်အခါ ကွယ်ကာနိုင်ခြင်းတည်း။ ဤစကားစဉ် အရ မေထုန်မှုကို ကွယ်ကာနိုင်လောက်အောင် အကွယ်အကာရှိသော နေရာ ကို အလံကမ္မနိယ ခေါ်သည်ဟု မှတ်။
နိသဇ္ဇံ ကပ္ပေယျ အရ ယူရပုံ
ဣရိယာပုထ် လေးပါးတို့တွင် နိသဇ္ဇံ-အရ ထိုင်ခြင်းဣရိယာပုထ်ကို ပြသဖြင့် ထိုင်ပြီးနောက်မှ လျောင်းရသည့်အတွက် ထိုင်ခြင်းထက်ပင် ပို၍ ဖြစ်နိုင်ခဲသော လျောင်းခြင်းဣရိယာပုထ်ကိုပါ ယူရသည်။
သဒ္ဓေယျ ဝစသာ။ ပေ။ ဝဒေယျ
ယုံကြည်ထိုက်သော စကားရှိသူဟူသည် မည်သည့်နည်းနှင့်မျှ မုသား မပြောသော အရိယာဥပါသိကာမတည်း။ ထိုဥပါသိကာမသည် ပါရာဇိက, သံဃာဒိသေသ်, ပါစိတ်, အာပတ်သုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ပြောဆိုစွပ်စွဲအံ့၊ ဟူလို။
နိသဇ္ဇံ ဘိက္ခု။ ပ။ ကာရေတဗ္ဗော
ယုံကြည်လောက်သော အရိယာဥပါသိကာမက စွပ်စွဲစေကာမူ (သူမြင်တိုင်း ဟုတ်ချင်မှ ဟုတ်မည်၊ အမြင်လွဲချင် လွဲတတ်သည် ဖြစ်၍) ရဟန်းက မာတုဂါမနှင့် အတူထိုင်မိပါကြောင်း ဝန်ခံမှသာ သင့်တော်ရာအာပတ်ဖြင့် ဆုံးဖြတ်ရမည်။
ယေန ဝါ။ ပ။ ဝဒေယျ
ဤကား ထိုအရိယာဥပါသိကာမ၏ ပြောဆိုစွပ်စွဲပုံ တစ်နည်းကို ပြသော ဝါကျတည်း။ ရှေ့နည်း၌ တိဏ္ဏံ ဓမ္မာနံ အညတရေန ဝဒေယျ ပါရာဇိကေန ဝါစသည်ဖြင့် ဆိုသောကြောင့် အရိယာဥပါသိကာမက အာပတ်တပ်၍ ပထမစောဒနာပုံကို ပြ၏၊ ဤနည်း၌ကား အရိယာဥပါသိကာမက အာပတ်နာမည် တပ်တတ်ချင်မှ တပ်တတ်မည် ဖြစ်သောကြောင့် အာပတ်နာမည် မတပ်ဘဲ နေထိုင်ပုံ, (သို့မဟုတ်) အိပ်နေပုံ အခြင်းအရာနှင့်တကွ မေထုန်မှု ကိုယ်လက်နှီးနှောမှုအစရှိသော ဝတ္ထုကို ထုတ်ဖော်၍ စောဒနာစွပ်စွဲပုံကို ပြ၏၊
တေန သော ဘိက္ခု ကာရေတဗ္ဗော
ဤဝါကျ၌ ပဋိဇာနမာနောဟု မပါသော်လည်း ရှေ့ဝါကျမှ လိုက်စေရမည်။ ထိုအခြင်းအရာနှင့်တကွ ဝတ္ထုကို ဖော်ပြ၍ စောဒနာခံရသော ရဟန်းကို သူက ဟုတ်မှန်ကြောင်း ဝန်ခံမှသာ ထိုစွပ်စွဲသော အခြင်းအရာဖြင့် (အာပတ်တပ်၍) ဆုံးဖြတ်ရမည်။
ကာရေတဗ္ဗော
ဤနေရာတွင် သဒ္ဒါနက်အားဖြင့် ပြုစေထိုက်ဟူရာ၌ ပြုစေဟူသည် အာပတ်ကို ကုစားစေခြင်းတည်း။ ထိုသို့ ကုစားစေခြင်း အကုစားခိုင်းခြင်းကိုပင် ဝေါဟာရတ္ထ (သုံးစွဲရိုးအနက်)အားဖြင့် မည်သည့်အာပတ် သင့်ကြောင်း ဆုံးဖြတ်ခြင်းဟု ဆိုကြသည်။ (တဗ္ဗ-ပစ္စည်းနှင့် လာသမျှ၌ ထိုက်, သင့်ဟုသာ အနက်ပေး၊ အပ်ဟု အနက်မပေးရ၊ တကယ်ပြုနေမှသာ အပ်ဟု သုံးရမည်။)
အယံ ဓမ္မော အနိယတော
ပါရာဇိကဟူ၍လည်းကောင်း, သံဃာဒိသေသ်ဟူ၍လည်းကောင်း, ပါစိတ်ဟူ၍လည်းကောင်း အမြဲသတ်မှတ်၍ မရသောကြောင့် “အနိယတော = မမြဲသော အာပတ်”ဟု ဆိုသည်။ ဤအနိယတသိက္ခာပုဒ်နှစ်ပါး၌ အာပတ်အင်္ဂါဟု အထူးမရှိပါ။ ပါရာဇိကဖြစ်လျှင် ပါရာဇိကအင်္ဂါအတိုင်း သံဃာဒိသေသ်, ပါစိတ်ဖြစ်လျှင် ထိုဆိုင်ရာသိက္ခာပုဒ် အင်္ဂါအတိုင်းပင် ဖြစ်သည်ဟု သိပါ။
မာတုဂါမအရ ယူပုံ
ဤပထမအနိယတ၌ ပထမပါရာဇိက ကာယသံသဂ္ဂတို့ပါဝင်သောကြောင့် မွေးဖွားစမှ စ၍ အသက်ရှင်ဆဲ မိန်းမဟူသမျှကို ယူ။ ဧကော ဧကာယဟူရာ၌ ယောက်ျားအဖော်မရှိခြင်းကို ယူ၊ အဘယ့်ကြောင့်နည်း? မိန်းမတို့သည် မေထုန်မှုကဲ့သို့ ကြီးလေးသော အပြစ်များကို ဖုံးထားလေ့ရှိကြ, တစ်ယောက်အပြစ်ကို သူတစ်ပါးအား ဖော်ပြလေ့မရှိကြသောကြောင့်တည်း။
ဒုတိယအနိယတသိက္ခာပုဒ် အဓိပ္ပါယ်
န ဟေဝ ခေါ ပန (ပ) နာလံ ကမ္မနိယံ၊ နေရာက အကွယ်အကာမရှိ ဟာလာဟင်းလင်း ဖြစ်နေ၍ မေထုန်ပြုခြင်းငှာ မဖြစ်နိုင်ဟု ဆိုသောကြောင့် ရဟောအရ မျက်စိကွယ်ရာကို မယူဘဲ နားကွယ်ရာကိုသာ ယူရခြင်း၊ အလဉ္စ။ ပ။ ဩဘာသိတုံဟု ဆိုသောကြောင့် သံဃာဒိသေသ်အရာဝယ် ပါဠိတော်၌ တိုက်ရိုက်ပြသော ကာယသံသဂ္ဂအပြင် ဒုဋ္ဌလ္လဝါစာ, သံဃာဒိသေသ်အာပတ်ကိုလည်း ထပ်မံသွင်းယူရခြင်း၊ ပါစိတ်အရာဝယ် ဘိက္ခုနောဝါဒဝဂ်, အစေလကဝဂ်တို့၌ လာသော ရဟော နိသဇ္ဇသိက္ခာပုဒ် နှစ်ပါးကို ယူရခြင်း, မိန်းမများလည်း အဖော်ဖြစ်နိုင်ခွင့် ရှိခြင်းသာ ရှေ့သိက္ခာပုဒ်မှ ထူး၏၊
မိန်းမအဖော်ကိုပါ ယူရခြင်းနှင့် ရဟောအရ ယူပုံ
မိန်းမတို့သည် အခြားတစ်ယောက်၏ မေထုန်ဖြင့် ဖောက်ပြန်သည်ကို မဖော်ပြလိုကြသော်လည်း ကာယသံသဂ္ဂ, ဒုဋ္ဌုလ္လဝါစာမှုကိုကား ထုတ်ဖော် ပြောကြားတတ်ကြလေသည်။ ထို့ကြောင့် ဤသိက္ခာပုဒ်အရ အဖော်ဟူရာ၌ ယောက်ျားအဖော်ကို သာမက မိန်းမအဖော်ကိုပါ ယူရ၏၊ ရဟောအရ နား၏ ကွယ်ရာအရပ်ဟူရာ၌လည်း တစ်ဆယ့်နှစ်တောင်ဖြင့် သတ်မှတ်ကြ၏၊ ထိုကြောင့် ဟာလာဟင်းလင်း အပြင်ဝယ် မာတုဂါမနှင့် အတူနေရာ၌ တစ်ဆယ့်နှစ်တောင် အတွင်းမှာ (ယောက်ျားဖြစ်စေ, မိန်းမဖြစ်စေ) မရှိလျှင် ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ ဖြစ်သည်။
အနိယတသိက္ခာပုဒ် ပညတ်ရကျိုး
အနိယတသိက္ခာပုဒ်၌ အာပတ်အမည် အထူးမတပ်လည်း သိက္ခာပုဒ်၌ ပြထားသော “အရိယာဥပါသိကာမကိုယ်တိုင်ဖြစ်စေ, အခြား ယုံကြည်လောက် သူကဖြစ်စေ အာပတ်ဝတ္ထုနှစ်ခု ပြ၍ စွပ်စွဲပြောဆိုစေကာမူ အစွပ်စွဲခံရသော ရဟန်းက (ဟုတ်ပါသည်ဟု) ဝန်ခံမှသာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်။ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရ”ဟု ဝိနည်းတော် ဆုံးဖြတ်နည်းလက္ခဏာကို ပြခြင်းအကျိုးငှာ ဤအနိယတသိက္ခာပုဒ် နှစ်ပါးကို ပြတော်မူသည်။
ဤလက္ခဏာသည် ဘိက္ခုနီများအတွက်လည်း သက်ရောက် အကျုံးဝင်သောကြောင့် ဘိက္ခုနီပါတိမောက်၌ အနိယတသိက္ခာပုဒ်များကို မပြတော့ ချေ။ (သာရတ္ထဋီကာ။)
(ဆောင်) အနိယတုတ်, သိက္ခာပုဒ်၌၊ ဖော်ထုတ်အာပတ်၊ ထူးမတပ်လည်း၊ ဆုံးဖြတ်နည်းနာ၊ လက္ခဏာကို၊ လျော်စွာ ပြမှု၊ ပညတ်ပြု၏၊ ဘိက္ခုနီ လည်း၊ ဤတိုင်းမှီးဘိ့ု၊ တသီးတခြား၊ ထပ်မထားသည်၊ မှတ်သား ဋီကာ အမိန့်တည်း။ (ဘာသာဋီကာ၊၁၂၅။)
လဇ္ဇီနှင့် အလဇ္ဇီရဟန်းများအတွက် ဆုံးဖြတ်ရန်
ဤ၌ ဖော်ပြသော နည်းနှစ်မျိုးလုံး၌ “ဝန်ခံမှသာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်”ဟု မိန့်တော်မူသောကြောင့် နဂိုက လဇ္ဇီသူတော်ကောင်းဟု ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုအစွပ်စွဲခံရသော ပုဂ္ဂိုလ်က ဟုတ်မှန်ကြောင်းဝန်ခံမှ ဆိုင်ရာအာပတ်ဖြင့် ဆုံးဖြတ်ရမည်။ မဟုတ်ပါဟု ငြင်းဆိုနေလျှင် အာပတ် မတပ်ဘဲ ဆုံးဖြတ်ရမည်။
အလဇ္ဇီပုဂ္ဂိုလ်ဟု ထင်ရှားသူက မဟုတ်ပါဟု ငြင်းကွယ်နေလျှင်ကား “နေဝ သုဒ္ဓ နာသုဒ္ဓ = စင်ကြယ်သူလည်း မဆိုရ၊ မစင်ကြယ်သူလည်း မဆိုရ”ဟု ဆုံးဖြတ်ရမည်။