ဝိနည်းဥပဒေတော်ကြီး/ကထိန် အမြွက်
၄၇။ ကထိန် အမြွက်
ထိုတိုက်ထဲ၌၊ ခိုင်မြဲစွာလှ၊ စီဝရတွက်၊ ကြောင့်ကြစိုက်ထား၊ အနက်သွား၊ ခေါ်ငြား ကထိန။
အဓိပ္ပာယ်။ ။ ကထိနသဒ္ဒါသည် မလှုပ်မရှား ခိုင်မြဲခြင်း အနက်ကို ဟော၏၊ တိုက်တာအတွင်း၌ ကထိန်ခင်းမှုမည်သည် ထိုတိုက်နှင့် စပ်၍ အလွန် ခိုင်မြဲသော စီဝရပလိဗောဓမှုကို ပြုခြင်းတည်း။ တပေါင်းလပြည့်တိုင်အောင် စီဝရကာလသမယကို ခိုင်မြဲစေနိုင်သော ဒဠှီကမ္မမှုကြီး ဆိုလိုသည်။
မိုးနောက်ဆုံးလ၊ ကထိန်ကျ၊ ခင်းရ ထိုအခါ။
အဓိပ္ပာယ်။ ။ ကထိန်ခင်းမှု မည်သည် မိုးလေးလတို့တွင် နောက်ဆုံး တစ်လသည် ကထိန်ကာလ ကျ၏၊ ထိုတစ်လအတွင်း၌ ခင်းရ၏၊ သီတင်းကျွတ် လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်တိုင် ဤ ၁-လကို ဆိုသည်။
ဤတိုက်တွင်းမှာ၊ ဝါပထမ၊ ကျွတ်သူမှ၊ ခင်းရ ပုဂ္ဂိုလ်မှာ။
အဓိပ္ပာယ်။ ။ ပုဂ္ဂိုလ်မှာမူကား ဤတိုက်တွင်းမှာ ပထမဝါ ကပ်ခဲ့၍ သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြု၍ လပြည့်ကျော် ၁-ရက်နေ့၌ ပထမဝါ ကောင်းစွာ ကျွတ်လတ်သော ပုဂ္ဂိုလ်သည်သာ ကထိန်ခင်းရသည်။ ဒုတိယဝါသား ရဟန်း, ဝါပျက်သော ရဟန်း, ဝါ မကပ်ခဲ့ရသော ရဟန်းတို့ မခင်းရကုန်။
ပုရိမဝါသားပင် ဖြစ်သော်လည်း မိမိဝါကျွတ်ရာ တိုက်တာ၌သာ ခင်းရသည်၊ တစ်ပါးတိုက်တာ၌ မခင်းရ။
အစဉ်အတိုင်း ပြုရန် ကိစ္စ ၈-ပါး
ခံ, ရွေး, ပေးနှင်း၊ စွန့်, ထိုးခြင်း၊ တင်, ခင်း, နုမောဒါ။
၁။ ကထိန်သင်္ကန်းကို အလှူခံမှု၊
၂။ သံဃာတော်တို့က ကထိန်ခင်းထိုက်သော ပုဂ္ဂိုလ်ကို ရွေးချယ်ခန်း၊
၃။ သိမ်တွင်းသို့ သွား၍ ထိုပုဂ္ဂိုလ်အား ကထိန်သင်္ကန်းကို ပေးခန်း၊
၄။ တိစီဝရိက် အဓိဋ္ဌာန်တင်ရှိသော သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြု၍ အဓိဋ္ဌာန်စွန့်မှု၊
၅။ ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒု ထိုးမှု၊
၆။ အမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊
၇။ နှုတ်မြွက်၍ ခင်းမှု၊
၈။ အနုမောဒနာခန်း - အစဉ်အတိုင်း ပြုရန်ကိစ္စ ၈-ပါးတည်း။
ပြုပုံကား။ ။ ကထိန်လှူလိုသော ဒါယကာသည် ဝါဦး, ဝါလယ်ဆီကပင် မိမိ ကြည်ညိုရာ ကျောင်းတိုက်၌ “ဝါကျွတ်လျှင် အရှင်တို့ တိုက်တာမှာ ကထိန်သင်္ကန်း ကပ်လှူလိုပါသည်”ဟု လျှောက်ကြား၍ ထားခြင်းငှာ သင့်မြတ်လှ၏၊ ထိုတိုက်တာတွင် သံဃထေရ်ကြီးများက ဝါတွင်းအခါကပင် ကထိန်ခင်းထိုက် သော အင်္ဂါ ၈-ပါးနှင့် ပြည့်စုံအောင် ကြောင့်ကြစိုက်မှု, ဝိနည်းတိစီဝရိက် ဆောင် မှု, အမေး-အဖြေ သင်ကြားမှုများကို ကြောင့်ကြစိုက်၍ ထားရမည်။
ဒါယကာတို့မှာလည်း သံဃိက အလှူစစ်မှ အကျိုးကြီးသည်ဖြစ်၍ သံဃိက အလှူမြောက်လေအောင် ပုဂ္ဂိုလ်ကို ရည်စူးခြင်းမှ ကင်းစေရာ၏၊ သံဃာကို မရည်စူးဘဲ ဆရာတော်ကြီး, ကျောင်းထိုင်ဘုန်းကြီး စသော ပုဂ္ဂိုလ်ကို ရည်စူး၍ လှူလျှင် ထိုသင်္ကန်းသည် သံဃိကသင်္ကန်း မဟုတ်သောကြောင့် ကထိန်သင်္ကန်းအရာ မမြောက်၊ ထိုသင်္ကန်းဖြင့် ကထိန်ခင်းသော်လည်း ကထိန်မမြောက်၊ ကထိန်မမြောက်လျှင် ကထိန်၏ အကျိုးများ မရ။ ထို့ကြောင့် ကထိန်သင်္ကန်းကို လှူခါနီး၌ ပုဂ္ဂိုလ်တစ်ပါးကို မရည်စူးမိအောင် သံဃာကို ရည်စူးမိအောင် ဟောပြောသင့်ကြပေသည်။
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့် အတွင်း သင့်လျော်ရာ နေ့ရက်၌ သင်္ကန်း ၃-ထည်တို့တွင် တစ်ထည်ထည်ကို ယူဆောင်၍ ထိုတိုက်တွင်းရှိ သံဃထေရ်ကြီးထံသို့ သွား၍ -
“ဣမံ စီဝရံ ကထိနတ္ထာယ သံဃဿ ဒေမ၊ ဣမိနာ စီဝရေန ကထိနံ အတ္ထရထ = ဤသင်္ကန်းကို ကထိန်အကျိုးငှာ သံဃာတော်အား ပေးလှူပါကုန်၏၊ ဤသင်္ကန်းဖြင့် ကထိန်ကို ခင်းတော်မူကြပါဘုရား”ဟု ဆို၍ လှူဒါန်းရမည်။ မဆိုတတ်ရှိလျှင် သံဃထေရ်ကြီးက သင်ကြား၍ ရေစက်ခံ အနက်ပါ ဆိုစေ။
မျက်နှာသုတ်ပဝါ, လက်ကိုင်ပဝါ စသည်တို့နှင့်တကွ ဖျင်ထည်, ပိတ်ထည်, သင်္ကန်းထည်များ အပိုအမို ပါရှိသေးခဲ့လျှင် ဉတ်သင်္ကန်း၏ အရံပြု၍-
“ဣမာနိ စီဝရာနိ သံဃဿ ဒေမ = ဤသင်္ကန်းတို့ကို သံဃာတော်အား ပေးလှူပါကုန်၏”ဟု ရေစက်ချ၍ သင့်ရာက ထားလေ။ (ခံခန်း ပြီး၏၊)
ရွေးချယ်ပုံ။ ။ ကထိန်မည်သည် နေ့လွန်ခြင်းငှာ မအပ်ရကား ထိုနေ့၌ပင် တိုက်ရှိ သံဃာကုန် စည်းဝေး၍ ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ သော ပုဂ္ဂိုလ်ကို ရွေးချယ်အပ်၏၊
မေးပုံ ပြုပုံ။ ။ အရှင်ဘုရားတို့ ...ကထိန်သင်္ကန်း ဖြစ်ပေါ်လာပါသည်။ ကထိန်သင်္ကန်းကို သင်္ကန်းနွမ်းပါးသော ရဟန်းအား ပေးအပ်၏ဟု ဆိုသော ကြောင့် အဘယ်အရှင်သည် သင်္ကန်း နွမ်းပါးပါသနည်းဟု မေးအပ်၏၊ ဤ အရှင်သည် နွမ်းပါး၏ဟု ဆိုလျှင် ဤအရှင်သည် ပုဗ်, ပစ်, ဓိဋ္ဌ်, တ္ထာ၊ မာ, ဗောဓာ၊ ဥဒ်, အာ, ရှစ်ခုသိ ဟူသည်နှင့်အညီ ပုဗ္ဗကရဏ, ပစ္စုဒ္ဓိုရ်, အဓိဋ္ဌာန်, အတ္ထာရ, မာတိကာ, ပလိဗောဓ, ဥဒ္ဓါရ, အာနိသင်ကို သိခြင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံပါ၏လောဟု မေးအပ်၏၊ ပြည့်စုံလျှင် ထိုအရှင်အား ဉတ္တိဒုတိယ ကမ္မဝါစာဖတ်၍ ပေးအပ်၏၊ ရှေးက မပြည့်စုံလျှင် ယခု ပြည့်စုံအောင် သင်ယူ ရမည်။ မသင်နိုင်လျှင် နားလည်သော ဝိနည်းဓိုရ်က ပြပေး၍ ပြပေးသောအတိုင်း ပြုနိုင်လျှင်လည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ ကထိန်ခင်းထိုက်သောသူ ဖြစ်၏၊ သင်္ကန်း နွမ်းပါးသူ မရှိအံ့၊ မထေရ်ကြီးအား ပေးအပ်၏၊ ထိုမထေရ်ကြီးသည် လည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသူသာ ဖြစ်ရမည်။ [ကမ္မဝါကံဆောင်၊ အခန်း- ၂၀၊ ကထိန်ခင်း အတ္ထုပ္ပတ်ကျဉ်း။]
ပေးပုံ။ ။ မေး-ဖြေ ရွေးချယ်၍ ရသောအခါ လေးပါး, ငါးပါးသော သံဃာသည် ထိုပုဂ္ဂိုလ် ထိုသင်္ကန်းတို့ကို ယူဆောင်၍ ခဏ္ဍသိမ်သို့ သွားပြီးလျှင် ထိုပုဂ္ဂိုလ်ကို ‘တိဿ’ ဟု အမည်မှည့်၊ ဉတ်ကမ္မဝါစာ ဖတ်ကြား၍ ထိုပုဂ္ဂိုလ်အား’ သင်္ကန်းကိုပေး။ သင်္ကန်းလျာ မဟုတ်၊ သင်္ကန်းပြီးပြီး ဖြစ်လျှင် ဉတ်ကမ္မဝါစာ၌ ‘ဣဒံ သံဃဿ ကထိနစီဝရံ’ဟု ဖတ်လေ။
ဉတ်ကမ္မဝါစာ ဖတ်ရန် အစီအစဉ်
အမည်မှည့်ခြင်း။ ။ ယခုအခါ ကမ္မဝါစာ ရွတ်ဖတ်ရာ၌ လွယ်ကူပါစေခြင်း အကျိုးငှာ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ ကထိန်ခင်းထိုက်သော အရှင်မြတ် (ဦးပညာ)ကို ‘တိဿ’ဟူ၍ အမည်မှည့်ပါ၏၊ အရှင်မြတ်က မိမိအမည်တော်ကို ‘တိဿ’ဟူ၍ မှတ်တော်မူပါ၊ သံဃာတော်မြတ်အပေါင်းကလည်း ထိုအရှင်မြတ် ကို ‘တိဿ’ဟူ၍ မှတ်တော်မူပါ။
ကမ္မဝါစာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သုဏာတု မေ ဘန္တေ သံဃော။ ဣဒံ သံဃဿ ကထိနစီဝရံ ဥပ္ပန္နံ။ ယဒိ သံဃဿ ပတ္တကလ္လံ။ သံဃော ဣမံ ကထိနစီဝရံ တိဿဿ ဘိက္ခုနော ဒဒေယျ ကထိနံ အတ္ထရိတုံ။ ဧသာ ဉတ္တိ။
သုဏာတု မေ ဘန္တေ သံဃော။ ဣဒံ သံဃဿ ကထိနစီဝရံ ဥပ္ပန္နံ။ သံဃော ဣမံ ကထိနစီဝရံ တိဿဿ ဘိက္ခုနော ဒေတိ ကထိနံ အတ္ထရိတုံ။ ယဿာယသ္မတော ခမတိ ဣမဿ ကထိနစီဝရဿ တိဿဿ ဘိက္ခုနော ဒါနံ ကထိနံ အတ္ထရိတုံ။ သော တုဏှဿ။ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒိန္နံ ဣဒံ သံဃေန ကထိနစီဝရံ တိဿဿ ဘိက္ခုနော ကထိနံ အတ္ထရိတုံ။ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမိ။
အနက်။ ။ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော ထိုမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏၊
အရှင်ဘုရားတို့ ...သံဃာသည် ကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာအား ဤကထိန်သင်္ကန်းသည် ဖြစ်ပေါ်လာ၏၊ အကယ်၍ သံဃာအား လျောက်ပတ်သောအခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤကထိန် သင်္ကန်းကို တိဿအမည်ရှိသော ရဟန်းအား ကထိန်ခင်းခြင်းငှာ ပေးရာ၏၊ ဤကား သိစေခြင်းတည်း။
အရှင်ဘုရားတို့ ...သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာအား ဤကထိန်သင်္ကန်းသည် ဖြစ်ပေါ်လာ၏၊ သံဃာသည် ဤကထိန် သင်္ကန်းကို တိဿ အမည်ရှိသော ရဟန်းအား ကထိန်ခင်းခြင်းငှာပေး၏၊ ဤ ကထိန်သင်္ကန်းကို တိဿအမည်ရှိသော ရဟန်းအား ကထိန်ခင်းခြင်းငှာ ပေးခြင်း ကို အကြင်အရှင်အား နှစ်သက်ခြင်းရှိ၏၊ ထိုအရှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အရှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအရှင်သည် ပြောဆိုရာ၏၊
သံဃာသည် ဤကထိန်သင်္ကန်းကို တိဿအမည်ရှိသော ရဟန်းအား ကထိန်ခင်းခြင်းငှာ ပေးအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်းရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါ သည်။ (ပေးခန်း ပြီး၏၊)
စွန့်ပုံ။ ။ ဉတ်ကမ္မဝါစာ ဆုံးလျှင် ထိုပုဂ္ဂိုလ်က ခင်းလိုရာ ဌာနသို့ ထို သင်္ကန်းကို ယူခဲ့၍ ထိုနေရာ၌ ထိုင်နေ၍ ဉတ်သင်္ကန်းသည် ဒုကုဋ်သင်္ကန်း ဖြစ်ခဲ့သော် ဒုကုဋ်ဟောင်းကို ကိုင်ပြီး ‘ဣမံ သံဃာဋိံ ပစ္စုဒ္ဓရာမိ — ဤသင်္ကန်းကို ဒုကုဋ်သင်္ကန်းအဖြစ်မှ ရုပ်သိမ်းပါ၏’ဟု ဆို၍ အဓိဋ္ဌာန်စွန့်။ (စွန့်ခန်း ပြီး၏၊၊)
ကပ္ပဗိန္ဒုထိုးပုံ။ ။ ဉတ်သင်္ကန်း၌ ကပ္ပဗိန္ဒုထိုး။ (ထိုးခန်း ပြီး၏၊)
တင်ပုံ။ ။ ဉတ်သင်္ကန်းကို “ဣမံ သံဃာဋိံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို ဒုကုဋ်သင်္ကန်းဟူ၍ အဓိဋ္ဌာန်ပါ၏၊ (ဝါ) ဆောက်တည်ပါ၏”ဟု မြွက်ဆို၍ အဓိဋ္ဌာန်တင်။ (တင်ခန်း ပြီး၏၊)
ခင်းပုံ။ ။ ထိုသင်္ကန်းကို ကိုင်၍ “ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ = ဤ ဒုကုဋ်သင်္ကန်းဖြင့် ကထိန်ကို ခင်းပါ၏”ဟု သုံးကြိမ်ဆို၍ခင်း။ ထိုသို့ ဆိုသည်ကိုပင် အခင်းဆိုသတည်း။
ကိုယ်ရုံဖြစ်ခဲ့သော် “ဣမိနာ ဥတ္တရာသင်္ဂေန ကထိနံ အတ္ထရာမိ”ဟု ဆို။ သင်းပိုင်ဖြစ်ခဲ့သော် “ဣမိနာ အန္တရဝါသကေန ကထိနံ အတ္ထရာမိ”ဟု ဆို။ သိမ်အပြင်မှာလည်း ခင်းရပါ၏၊ မိမိနေရာ ကျောင်းပေါ်မှာလည်း ခင်းရပါ၏၊
တန်ဆောင်း, မဏ္ဍပ်, ပရိသတ် အလယ်မှာလည်း ခင်းကြ၏၊ ထိုပုဂ္ဂိုလ်မှာ ခင်းခြင်း မြောက်ပြီ၊ တိုက်တွင်းရှိ သံဃာများ အခင်း မမြောက်ကြသေး။
(ခင်းခန်း ပြီး၏၊)
အနုမောဒနာပြုပုံ။ ။ ခင်း၍ ပြီးလျှင် သံဃာကို အနုမောဒနာ ပြုကြရန် “အတ္ထတံ အာဝုသော သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော အနုမောဒထ = ငါ့ရှင်တို့ , သံဃာသည် ကထိန်ကို ခင်းအပ်၏၊ ကထိန်ခင်းခြင်းသည် တရားတော်နှင့် လျော်၏၊ ငါ့ရှင်တို့သည် အနုမောဒနာ ပြုကြကုန်လော့၊ (ဝါ) ဝမ်းမြောက်ကြကုန်လော့”ဟု ၃-ကြိမ်ဆို၍ တောင်းပန်ရမည်။
အနုမောဒနာ ပြုသော ထိုရဟန်းတို့သည် “အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော အနုမောဒါမ = အရှင်ဘုရားတို့ ... သံဃာသည် ကထိန်ကို ခင်းအပ်ပြီ၊ ကထိန်ခင်းခြင်းသည် တရားတော်နှင့် လျော်၏၊ (ဘုရားတပည့်တော်တို့သည်) အနုမောဒနာ ပြုပါကုန်၏၊ (ဝါ) ဝမ်းမြောက် ပါကုန်၏”ဟု သုံးကြိမ် ဆိုရာ၏၊ [အကြီး အငယ်, အနည်း အများ အားလျော်စွာ ဘန္တေ၊ အာဝုသော။ အနုမောဒါဟိ၊ အနုမောဒထ။ အနုမောဒါမိ၊ အနုမောဒါမ ဟု ဆို။]
ထိုတိုက်မှာ ပုရိမဝါ ချောမောစွာ ကျွတ်ခဲ့သော ရဟန်းမှ ပါဝင်ရသည်။ အနုမောဒနာပြုသူတို့မှာ ကထိန်ခင်းခြင်း မြောက်ပြန်၏၊ ကထိန်အာနိသင် ၅-ပါးကို ရကြလေသည်။ (အနုမောဒနာခန်း ပြီး၏၊)
ထိုတိုက်၌ သံဃာ မလုံမလောက်ရှိခဲ့သော် တစ်ပါးတိုက်တာမှ ဉတ်ကမ္မဝါ ‘စာ ဖတ်တတ်သော ရဟန်းများကို ပင့်ခေါ်၍ ဖတ်စေရမည်။
ဒါယကာတို့က တစ်ပါးတိုက်တာမှ သူတို့ ကြည်ညိုရာ ပုဂ္ဂိုလ်များကို ပင့်လိုလျှင် ပင့်စေရပါ၏၊ မျက်နှာသုတ်ပဝါမှ စ၍ အလုံးစုံသော သင်္ကန်းအထည်တို့ကို သံဃိကအနေနှင့်ချည်း လှူကြသည်ဖြစ်လျှင် အနုမောဒနာပြုသော ထိုတိုက်တာ သံဃာသာ ရ၏၊ ဒါယကာတို့က တစ်ပါးတိုက်တာမှ ပင့်သံဃာများဖို့ အသီးပြု၍ထားသော သင်္ကန်းများ ဖြစ်ခဲ့လျှင် သူတို့ အလိုရှိရာ လှူရ၏၊
သင်္ကန်းမှ တစ်ပါးသော ဝတ္ထုပရိက္ခရာတို့ကိုမူကား ထိုအခါ၌ ထိုတိုက်တွင်း မှာ ရှိနေသော တစ်ပါးတိုက်တာ သံဃာများလည်း ညီတူညီမျှ ရထိုက်၏၊ သာမဏေများကိုလည်း အနုမောဒနာပြုစေ၍ သင်္ကန်းများကို အဖို့ပေးဝေကြ၏၊
ကထိန်ခင်းနည်း အကျဉ်းချုပ် ပြီး၏၊
ကထိန်ခံမည့်သူ ပြည့်စုံရမည့် အင်္ဂါ-၈ပါး
ပုဗ္ဗကရဏံ၊ ပစ္စုဒ္ဓံ၊ ဓိဋ္ဌာန်, အတ္ထာရ၊ မာတိ, ဗောဓံ၊ ဥဒ္ဓါရံ၊ နိသံ အင်ရှစ်ဝ။
၁။ ပုဗ္ဗကရဏကို သိခြင်း၊
၂။ ပစ္စုဒ္ဓိုရ်ကို သိခြင်း၊
၃။ အဓိဋ္ဌာန်ကို သိခြင်း၊
၄။ ခင်းမှုဟူသော အတ္ထာရကို သိခြင်း၊
၅။ မာတိကာ ၈-ပါးကို သိခြင်း၊
၆။ ပလိဗောဓ ၂-ပါးကို သိခြင်း၊
၇။ ဥဒ္ဓါရဟု ဆိုအပ်သော ကထိန်နုတ်ခြင်း၂-ပါးကို သိခြင်း၊
၈။ အာနိသင် ၅-ပါးကို သိခြင်း၊ ကထိန်ခင်းထိုက်ရာ အင်္ဂါ ၈-ပါးတည်း။
ပုဗ္ဗကရဏ ၇-ပါး
လျှော်, စီ, ဖြတ်, တွဲ၊ ချုပ်, ဆိုးနဲ၊ ထိုးမြဲ ခွန်ပုဗ္ဗ။
၁။ သင်္ကန်းလျာအဝတ်ကို ဖွပ်လျှော်ရခြင်း၊
၂။ ပဉ္စခန်း, သတ္တခန်း စသည် မျဉ်းချမှု, အမှတ်ပြုမှုတို့ဖြင့် စီရင်ရခြင်း၊
၃။ စီရင်ချက်အတိုင်း ဖြတ်ရခြင်း၊
၄။ တဲအပ်တွယ်ရခြင်း၊
၅။ ချုပ်ရခြင်း၊
၆။ ဆိုးရခြင်း၊
၇။ ကပ္ပဗိန္ဒု ထိုးရခြင်း၊ ပုဗ္ဗကရဏ (၇)ပါး။
ပစ္စုဒ္ဓါရံ၊ အဓိဋ္ဌာန်၊ ခင်းပြန် အတ္ထာရ။
အဓိပ္ပာယ်။ ။ သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြုရခြင်း၊ ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်ရခြင်း၊ နှုတ်မြွက်၍ ခင်းရခြင်း။
[ယခုကာလ၌ကား ချုပ်ပြီး, ဆိုးပြီးကို ဉတ်သင်္ကန်း ပြုလုပ်ရန် လှူကြသည် ဖြစ်၍ ပုဗ္ဗကရဏ ၇-ပါးတွင် ကပ္ပဗိန္ဒုထိုးမှု တစ်ခုသာ ပြုဖွယ် ရှိပေသည်။]
မာတိကာ ၈-ပါး
ဖဲသွား, ပြီးပြေ၊ ဆုံးဖြတ်ထွေ၊ ပျောက်လေ နုတ်ပြီကြား။
အာသာပြတ်တုံ၊ ဆောင်းလကုန်၊ နုတ်ကြုံ, မာ ရှစ်ပါး။
မာတိကာ ၈-ပါး၏ သရုပ်ကား —
၁။ ကထိန်အာနိသင်ကို ရရှိသော ရဟန်းတို့တွင် အချို့သော ရဟန်းသည် တပေါင်းလပြည့် မတိုင်မီအတွင်း၌ ပြီးပြီးသော သင်္ကန်းကို ယူ၍ တပေါင်းလ အတွင်း မပြန်ပြီဟု ထိုတိုက်တာမှ အရပ်တစ်ပါးသို့ ဖဲသွားခြင်း တစ်ပါး၊ ဤသို့ ဖဲသွားရာ၌ သင်္ကန်း ချုပ်လုပ်ရန် ကိစ္စသည် တိုက်တွင်း၌ပင် ပြီးစီး လျက်ရှိသောကြောင့် တိုက်တွင်း၌ပင် စီဝရပလိဗောဓ ပြတ်၏၊ တပေါင်းလ အတွင်း ဤတိုက်သို့ မပြန်ပြီဟု ထွက်သောကြောင့် တိုက်အရံကို လွန်သည်နှင့် တစ်ပြိုင်နက် အာဝါသပလိဗောဓ ပြတ်၏၊ ပလိဗောဓ ၂-ပါး ပြတ်ရာ၌ ထိုပုဂ္ဂိုလ်မှာ ပျက်၏၊ ဖဲသွားခြင်းလျှင် အဆုံးရှိသော ကထိန်နုတ်ခြင်း မည်၏၊
၂။ ပြီးပြေ -- ဆိုသည်ကား မချုပ်မဆိုးရသေးသော သင်္ကန်းကို ယူ၍ ထိုနည်းတူ ထွက်သွား၏၊ သင်္ကန်းကို အရပ်တစ်ပါးသို့ ရောက်မှ ချုပ်မည်ဟု ယူခဲ့၍ အရပ်တစ်ပါး၌ ချုပ်လုပ်၏၊ ဤ၌ မပြန်ပြီဟု ထွက်သောကြောင့် တိုက်တာ အရံကို လွန်ရာ၌ အာဝါသပလိဗောဓ ပြတ်၏၊ သင်္ကန်းကို ရောက်ရာ၌ ချုပ်မည်ဟု ယူခဲ့သောကြောင့် စီဝရပလိဗောဓ မပြတ်သေး၊ သင်္ကန်းချုပ်လုပ်၍ ပြီးပြေမှ ပြတ်၏၊ ကထိန်ငြိမ်း၏၊ သင်္ကန်းပြီးခြင်းလျှင် အဆုံးရှိသော ကထိန်နုတ်ခြင်း မည်၏၊
၃။ ရောက်ရာ၌ သင်္ကန်းကိုလည်း ချုပ်လုပ်မည်၊ တပေါင်းလပြည့်အတွင်းမှာပင် တိုက်တာသို့ ပြန်မည်-ဟု ထွက်သွား၍ တိုက်ပြင်အရပ်တစ်ပါးသို့ ရောက်မှ သင်္ကန်းကိုလည်း မချုပ်ပြီ၊ တိုက်သို့လည်း မပြန်ပြီဟု စိတ်ဆုံးဖြတ်ရာ၏၊ ဆုံးဖြတ်ရာ၌ ကထိန်ငြိမ်း၏၊ [သိသာပြီ။]
၄။ ပျောက်လေ-ဆိုသည်ကား ထိုနည်းတူ ထွက်သွား၍ တိုက်ပြင်သို့ ရောက်မှ သင်္ကန်းလည်း ပျောက်၍သွား၏၊ မပြန်လိုပြီဟု စိတ်ဖြစ်၏၊ ကထိန်ငြိမ်း ၏၊ [သိသာပြီ။]
၅။ နုတ်ပြီကြား —ဆိုသည်ကား ထိုနည်းတူ ထွက်သွားရာ၏၊ ထိုရဟန်း ထွက်သွားသည်နောက် ထိုတိုက်မှာ ကထိန်နုတ်ရန် အကြောင်းရှိ၍ ထိုကထိန်ကို နုတ်ရ၏၊ သင်္ကန်းကို ရောက်ရာ၌ ချုပ်လုပ်ပြီးမှ ထိုတိုက်တာမှာ ကထိန်နုတ်ကြောင်းကို ကြား၏၊ ပြန်မည်ဟု စိတ်ရှိသော်လည်း နုတ်ကြောင်းကို ကြားသည်နှင့် တစ်ပြိုင်နက် ထိုရဟန်းမှာ ကထိန်ငြိမ်း၏၊
၆။ ထိုနည်းတူ ထွက်သွား၍ ရောက်ရာ၌ သင်္ကန်းကို ချုပ်လုပ်၍ ပြန်မည်ဟု ကြံလျက် မပြန်ဖြစ်တဲ့နိုင်ရှိ၍ တပေါင်းလအတွင်းမှာ ပြန်လာရာ ထိုတိုက် တာ၌ အကြောင်းရှိ၍ ထိုကထိန်ကို နုတ်ကြသည်ကို ထိုရဟန်းလည်း ရောက်လာခိုက် ကြုံ၍ သံဃာနှင့်အတူ နုတ်ရာပါလေ၏၊ ငြိမ်း၏၊
၇။ အာသာပြတ်တုံ —ဆိုသည်ကား အရပ်တစ်ပါး၌ သင်္ကန်းလျာ ရလိမ့်မည်-ဟု အာသာနှင့်တကွ ထိုတိုက်တာသို့ မပြန်ပြီ-ဟု ထွက်သွား၏၊ အာသာရှိ သေးသည့်အတွက် တိုက်ပြင် အရပ်တစ်ပါးသို့ ရောက်သော်လည်း စီဝရပလိဗောဓ ရှိသေး၏၊ ကထိန် မငြိမ်းသေး၊ ထို ကထိန်လျာသည် မရ ရှိလေ၏၊ အာသာပြတ်၏၊ ကထိန်ငြိမ်း၏၊
၈။ အာသာနှင့်တကွ ထွက်သွားရာ အာသာရှိရာ ကထိန်သင်္ကန်းလျာ ရမူကား ထိုသင်္ကန်းလျာအတွက် ချုပ်လုပ်ရန် စီဝရပလိဗောဓ ဆက်၍ သွားပြန်၏၊ ပြီးပြေဆုံးဖြတ် စသည်တို့သို့ ရောက်ပြန်လေ၏၊ အကျယ်ကို ခန္ဓက ပရိဝါရ တို့၌ ယူလေ။ (လယ်တီဝိနယသံခိပ်ကျမ်း) [ကင်္ခါဘာသာဋီကာ (ပထမအုပ်) စာမျက်နှာ-၃၁ရလည်း ကြည့်။]
(မာတိကာ ၈-ပါးပြီး၏၊)
သင်္ကန်းနှင့်စပ်၊ ကျောင်းနှင့်စပ်၊ နှစ်ရပ် ဗောဓပြား။
[ဤ ပလိဗောဓနှစ်ပါး ထင်ရှားပြီ။]
အန္တရုဗ္ဘာ၊ သဟုဗ္ဘာ၊ နှစ်ဖြာ နုတ်ခြင်းပြား။
အဓိပ္ပာယ်။ ။ အန္တရုဗ္ဘာရ နုတ်ခြင်း၊ သဟုဗ္ဘာရ နုတ်ခြင်းဟူ၍ နုတ်ခြင်း နှစ်ပါး ရှိ၏၊ ထိုတိုက်တာတွင်း၌ ကထိန်နုတ်မှုကိုပင် ထိုရဟန်း မပြန်မီ နုတ်မှု, ထိုရဟန်း ပြန်လာ၍ မီသဖြင့် ထိုရဟန်းနှင့်တကွ နုတ်မှုဟူ၍ နှစ်ပါး ဖြစ်သတည်း။ ဤ၌ ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် ကထိန်နုတ်ခြင်းသည် သံဃိက လှူထားသော သင်္ကန်းများကို ကထိန်အာနိသင် မရသော ရဟန်းများပါ ရစေလို၍လည်းကောင်း၊ ကထိန်ခင်းထားသဖြင့် ရရှိအပ်သော သင်္ကန်းကာလကို ပျက်ပြားစေ၍ အကာလသင်္ကန်းကို လှူလိုသူ၏ အကာလသင်္ကန်းကို အလှူခံနိုင်ခြင်း အကျိုးငှာလည်းကောင်း ဖြစ်လေသည်။ ကထိန် ထပ်ခင်းလို၍ မဟုတ်၊ ကထိန်ကို ထပ်၍ မခင်းကောင်းဟု ပါစိတ်ပါဠိတော် (မြန်မာပြန်) ဘိက္ခုနီပါတိမောက်၊ နဂ္ဂဝဂ်၊ ကထိနုဒ္ဓါရ ပဋိဗာဟန သိက္ခာပုဒ်၌ ဖော်ပြထားသော ဝတ္ထုကြောင်းကို ထောက်သောအားဖြင့် သိအပ်၏၊ ထင်ရှားစေဦးအံ့ — ဤ သိက္ခာပုဒ်ကို ထောက်လျှင် တရားနှင့် မလျော်ညီသော ကထိန်နုတ်ခြင်းကို တား မြစ်လျှင် အာပတ်မသင့်ဟူသော သဘောမှာ ပေါ်လွင်ပါသည်။ ထို့ကြောင့် တရားနှင့် လျော်ညီသော ကထိန်နုတ်ခြင်းကိုသာလျှင် ဘုရားရှင် ခွင့်ပြုတော်မူချေသည်ဟု သိအပ်၏၊ ကထိန်ခင်းခြင်းကြောင့် တပေါင်းလပြည့်နေ့ တိုင်အောင် သင်္ကန်းကာလ ဖြစ်နေသည်ကို အကာလဖြစ်အောင် ကထိန်နုတ်ခြင်းကို ဘုရားရှင် ခွင့်ပြုတော်မူ၏၊ (ဝါ) ရရှိထားသော အကျိုးတို့ကို ဖျက်ပယ်တော်မူ၏၊ သို့ဖြစ်၍ ထိုအကျိုးတို့ကို တစ်ဖန်ခိုင်မြဲစေခြင်းငှာ ကထိန်ကို ထပ်၍ မခင်း ကောင်းဟု သန္နိဋ္ဌာန်ချ မှတ်အပ်၏၊ ပရိဝါသမာနတ္တာဒိဝိနိစ္ဆယကျမ်း၊ ကထိန် အဆုံးအဖြတ်၊ ဥဗ္ဘာရအခန်း၌ ဖော်ပြထားသော ဝေဖန်ချက်ကိုလည်း ဖတ်တော် မူကြပါကုန်။ တရားနှင့် လျော်ညီသော ကထိန်နုတ်ခြင်းနှင့် ပတ်သက်၍ အကျယ် သိလိုလျှင် ပါတိမောက်ဘာသာဋီကာနှင့် ဘုရားဥပဒေတော်ကြီးတို့၌ ရှု။
နိသင်ငါးမှာ၊ ဤသို့လာ၊ သေချာ မှတ်ထားပါ။
အဓိပ္ပာယ်။ ။ အာနိသံသသည် အနာမန္တစာရ, အသမာဒါနစာရ, ဂဏ ဘောဇန, ယာဝဒတ္ထစီဝရ, ယော စ တတ္ထ စီဝရုပ္ပါဒ —ဟူ၍ ၅-ပါး ရှိ၏၊ ထို ၅-ပါးတို့တွင် ကထိန်အာနိသင် တည်ရှိနေသမျှ ကာလပတ်လုံး —
၁။ အစေလကဝဂ်၊ စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်းသည် အနာမန္တစာရ မည်၏၊
၂။ စီဝရဝဂ်၊ ဒုတိယကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်းသည် အသမာဒါနစာရ မည်၏၊
၃။ ဘောဇနဝဂ်၊ ဂဏဘောဇနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်းသည် ဂဏဘောဇန မည်၏၊
၄။ စီဝရဝဂ် ပထမကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်းသည် ယာဝ ဒတ္ထစီဝရ မည်၏၊
၅။ အာရာမ်အတွင်း၌ ‘သံဃဿ ဒေမ’ဟု ဆို၍ လှူအပ်သော သင်္ကန်းတို့ကို ကထိန်အာနိသင်ရသော ရဟန်းတို့သာ ပိုင်ဆိုင်ခြင်းသည် ယော စ တတ္ထ စီဝရုပ္ပါဒ မည်၏၊ ဤကား ကထိန်အာနိသံသ ၅-ပါးတည်း။
ဝါဒကွဲပုံ။ ။ ကထိန်ခင်းရာ၌ ဝါဒအမျိုးမျိုး ရှိ၏၊ အချို့က -- ၁။ တိစီဝရိက် ဆောက်တည်သော ပုဂ္ဂိုလ်သာလျှင် ကထိန်ခင်းအပ်၏၊ မဟုတ်လျှင် မခင်းအပ်-ဟု ဆို၏၊ ၂။ အချို့က ကထိန်သင်္ကန်းကို ပေးသောအရာ၌သာ သံဃာကို အလိုရှိသည်၊ ခင်းသော အရာ၌ကား သံဃာကို အလိုမရှိဟု ဆို၏၊ ၃။ အချို့က ခင်းသော အရာ၌လည်း သံဃာကို အလိုရှိသည်ဟု ဆို၏၊ [ဤဝိဝါဒတို့ကို ညောင်လွန့် ဆရာတော်ဘုရားကြီး စီရင်တော်မူသော ပကိဏ္ဏကဒီပနီကျမ်း-ဒုတိယတွဲ၌ လာသော အောက်ပါ အဆုံးအဖြတ်တို့ဖြင့် ရှင်းပြပါအံ့။]
၁။ ကထိန်သင်္ကန်းကို မပေးမီကပင် တိစီဝရိက်ကို ဆောင်၍ ခင်းရမည်၊ ပေးပြီးမှ တိစီဝရိက်ကိုဆောင်၍ ခင်းလျှင် အပ်မည်, မအပ်မည်ကိုလည်း သိလိုပါသည်ဟူသော ပုစ္ဆာ၌ — ဤစကားရပ်ဝယ် ရဟန်းဖြစ်သည်က အစပြု၍ သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှ ကာလပတ်လုံး တိစီဝရိက် ဆောင်သော ပုဂ္ဂိုလ်ချည်းသာ သာသနာတော်၌ ရှိရမည်ဟူသော စကားကို စီဝရက္ခန္ဓက ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ သေချာစွာကြည့်။ အထက်ပါ ပုစ္ဆာအတိုင်း နှစ်ပါးလုံးသော အခြင်းအရာအားဖြင့်ပင် အပ်သည်သာဟု မှတ်ရာ၏၊ ထို့ကြောင့် ဝိနယာလင်္ကာရဋီကာ၌ —
တသ္မာ တိစီဝရာဓိဋ္ဌာနဿ ဒုပ္ပရိဟာရတ္တာ သဗ္ဗဒါ ဓာရေတုံ အသက္ကောန္တော ဟုတွာ ပရိက္ခာရစောဠဝသေန ဓာရေန္တောပိ တံ ပစ္စုဒ္ဓရိတွာ အာသန္နေ ကာလေ တိစီဝရာဓိဋ္ဌာနေန အဓိဋ္ဌဟန္တောပိ ကထိနံ အတ္ထရိတုံ လဘတိယေဝါတိ ဒဋ္ဌဗ္ဗံ။ —ဟူ၍ မိန့်အပ်၏၊
တသ္မာ = ထို့ကြောင့်။ တိစီဝရာဓိဋ္ဌာနဿ = မိမိ အမည်ဖြင့် သင်္ကန်းသုံးထည်ကို အဓိဋ္ဌာန်သော ပုဂ္ဂိုလ်၏၊ ဒုပ္ပရိဟာရတ္တာ = ဆောင်နိုင်ခဲသည်၏ အဖြစ်ကြောင့်။ သဗ္ဗဒါ = အခါခပ်သိမ်း။ ဓာရေတုံ = ဆောင်ခြင်းငှာ။ အသက္ကောန္တော = မစွမ်းနိုင်သည်။ ဟုတွာ = ဖြစ်၍။ (ဝါ)ဖြစ်သောကြောင့်။ ပရိက္ခာရစောဠဝသေန = ပရိက္ခာရစောဠအစွမ်းဖြင့်။ ဓာရေန္တောပိ = ဆောင်သော်လည်း။ တံ = ထိုပရိက္ခာရစောဠအဓိဋ္ဌာန်ကို။ ပစ္စုဒ္ဓရိတွာ = ပစ္စုဒ္ဓိုရ်ပြု၍။ အာသန္နေ ကာလေ = ကထိန်ခင်းခါနီးကာလ၌။ တိစီဝရာဓိဋ္ဌာနေန = တိစီဝရိက်အဓိဋ္ဌာန် တင်ခြင်းဖြင့်။ အဓိဋ္ဌဟန္တောပိ = အဓိဋ္ဌာန်တင်သော ရဟန်းသည်လည်း။ ကထိနံ = ကထိန်ကို။ အတ္ထရိတုံ = ခင်းခြင်းငှာ။ လဘတိယေဝ = ရသည်သာလျှင်တည်း။ ဣတိ = ဤသို့။ ဒဋ္ဌဗ္ဗံ = မှတ်အပ်၏၊ (ဤကား အနက်။)
တိစီဝရိက် ဆောင်၍ ကထိန်ခင်းရကြောင်း ဝိနိစ္ဆယ ပြီး၏၊
၂။ ကထိန်သင်္ကန်းကို ပေးသော အရာ၌သာ သံဃာကို အလိုရှိရမည်၊ ခင်းသော အခါ၌လည်း သံဃာကို အလိုရှိရမည်, မရှိရမည်ကိုလည်းကောင်း သိလိုပါ သည်ဟူသော ပုစ္ဆာ၌ — ကထိန်ကံသည် စတုဝဂ္ဂကရဏီယကံဖြစ်၍ ခံသူ တစ်ပါး, ပေးသူလေးပါး အနည်းဆုံးအားဖြင့် ပြုအပ်သောကြောင့်လည်းကောင်း၊ ကထိနတ္ထာရံ ကေ လဘန္တိ၊ ကေ န လဘန္တိ၊ ဂဏဝသေန တာဝ ပစ္ဆိမကောဋိယာ ပဉ္စ ဇနာ လဘန္တိ၊ ဥဒ္ဓံ သတသဟဿမ္ပိ —ဟူသော ပါဌ်၌ အတ္ထာရံသဒ္ဒါဖြင့် အဋ္ဌကထာဆရာ ဆိုသောကြောင့်လည်းကောင်း၊ ကထိနဿ ကတီ မူလာနိ ဧကံ မူလံ သံဃော —ဟူ၍ သံဃာသည် ကထိန်၏ မူလမည်ကြောင်း ပရိဝါ၌ လာသောကြောင့်လည်းကောင်း ကထိန်သင်္ကန်းကို ပေးခြင်း ခင်းခြင်း နှစ်ပါးလုံး၌ပင် သံဃာကို အလိုရှိရမည်သာဖြစ်၍ ပေးသောအခါ၌လည်း သံဃာက ပေးမှ၊ ခင်းသော အခါ၌လည်း သံဃာ၏ မျက်မှောက်၌ ခင်းမှပင် အပ်သည်ဟု မှတ်ရာ၏၊
ကထိနတ္ထာရံ = ကထိန်ခင်းခြင်းကို။ ကေ = အဘယ်သူတို့သည်။ လဘန္တိ = ရပါကုန်သနည်း။ ကေ = အဘယ်သူတို့သည်။ န လဘန္တိ = မရပါကုန်သနည်း။ ဣတိ အယံ = ဤသည်ကား။ ပုစ္ဆာ = အမေးတည်း။ တာဝ = ရှေးဦးစွာ။ ဂဏဝသေန = ဂိုဏ်း၏ အစွမ်းဖြင့်။ ပစ္ဆိမကောဋိယာ = အဆုံးစွန်အားဖြင့်။ ပဉ္စ ဇနာ = ငါးယောက်သော ရဟန်းတို့သည်။ လဘန္တိ = ရကုန်၏၊ ဥဒ္ဓံ = အထက်၌။ သတသဟဿမ္ပိ = တစ်သိန်းပင်တည်း။ လဘန္တိ = ရကုန်၏၊ (ဤကား အဋ္ဌကထာပါဌ်၏ အနက်။)
ကထိနဿ = ကထိန်၏၊ မူလာနိ = မူလတို့သည်။’ ကတီ = အဘယ်မျှလောက်တို့ပါနည်း။ ကထိနဿ = ၏၊ မူလံ = မူလသည်။ သံဃော = သံဃာဟု ဆိုအပ်သော။ ဧကံ = တစ်ခုတည်း။ (ဤကား ပရိဝါပါဠိ၏ အနက်။)
ကထိန်သင်္ကန်းကို ပေးသောအခါ ခင်းသောအခါ နှစ်ပါးလုံး၌ သံဃာရှိမှ အပ်ကြောင်း ဝိနိစ္ဆယ ပြီး၏၊
အမှာ။ ။ ဝိဝါဒရှိ၍ မတင်မကျ ဖြစ်နေလျှင် ဝိနည်းအရာဝယ် ဂရုဘက်သို့ လိုက်၍ ပြုခြင်းသည် အကောင်းဆုံးနည်း ဖြစ်သည်ဟူ၍ သိတော်မူကြပါကုန်
ကထိန်အမြွက် ပြီးပြီ။