မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/သုသာန်၌ ကျောင်းဆောက်၍ နေအပ်, မနေအပ် အဆုံးအဖြတ်

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၄၈။ သုသာန်၌ ကျောင်းဆောက်၍ နေအပ်, မနေအပ် အဆုံးအဖြတ်
3390ဝိနည်းဥပဒေတော်ကြီး — ၄၈။ သုသာန်၌ ကျောင်းဆောက်၍ နေအပ်, မနေအပ် အဆုံးအဖြတ်အရှင်သြဘာသ

၄၈။ သုသာန်၌ ကျောင်းဆောက်၍ နေအပ်, မနေအပ် အဆုံးအဖြတ်

အချို့က သုသာန်၌ နေအပ်၏၊ အချို့က မနေအပ်ဟု ဆိုကြ၏၊ မနေအပ် ဟု ဆိုကြသော ပုဂ္ဂိုလ်တို့တွင် အချို့က ဝိသုဒ္ဓိမဂ်အရသာ၊ သုသာန်ဓုတင်အခန်း ၌ လာသည့် “သုသာန်၌ မဏ္ဍပ် ညောင်စောင်း သောက်ရေ သုံးရေ စသည်ကို ထားစေ၍ စာပေပို့ချကာ မနေအပ်” ဆိုသော စကားကို သုသာန်၌ မနေအပ်ဟု အဓိပ္ပာယ် ကောက်ကြ၏၊ အချို့က “ဆဝကုဋိ၌ (ဝါ) မိုးထိမူအရ သုသာန်ကုဋိ၌ ဝါမဆိုအပ်” ဆိုသော စကားကို ထောက်၍ သုသာန်၌ မနေအပ်ဟု ယူဆကြ၏၊

သုသာန်ဓုတင်ကို မာန်ချိုးရန် အလို့ငှာ ဒေါသစိတ်မာန် ခက်ထန်သော ပုဂ္ဂိုလ်တိုင်း ဆောက်တည်ဖို့ ကောင်း၏၊ ယခုမူ သုသာန်၌ မနေအပ်ဟု အချို့ ဆိုသောကြောင့် သုသာန်၌ နေ၍ သုသာန်ဓုတင်ကို ပိုင်ပိုင်နိုင်နိုင် ဆောက်တည် လိုသော ပုဂ္ဂိုလ်များမှာ မဆောက်တည်ဝံ့ပေ။ အမှန်မှာ ဝိနည်းအရလည်း သုသာန်၌ နေအပ်၏၊ သုတ္တန်နည်းဖြင့်လည်း နေအပ်၏၊ နေအပ်မှန်း သိလျက် သုသာန်၌ မနေအပ်ဟု ဆိုသော ပုဂ္ဂိုလ်တို့ကို အားနာ၍ ထုတ်ဖော်မရေးဘဲ ဆိတ်ဆိတ်နေမည် ဆိုလျှင် အဂတိလိုက်စားရာလည်း ကျသည်ဟူ၍လည်းကောင်း၊ ယခုလက်ရှိ မသိ နားမလည်သော ပုဂ္ဂိုလ်တို့နှင့်တကွ နောင်လာနောက်သားများ၏ အကျိုးကိုလည်း မငဲ့ရာရောက်သည်ဟူ၍လည်းကောင်း၊ သုသာန်၌ မနေအပ်ဟု ယူဆသော ပုဂ္ဂိုလ်တို့ကိုလည်း လမ်းမှန်သို့ရောက်အောင် မဆွဲဆောင်ရာကျသောကြောင့် ဝတ္တရားပျက်သည်ဟူ၍လည်းကောင်း စိတ်ကူးမိသောကြောင့် ရေးတော့မည်ဟု ဆုံးဖြတ်ပါသည်။ ထို့ကြောင့် သုသာန်၌ နေအပ်ကြောင်းကို ဝိနည်းလမ်းကြောင်းဖြင့်လည်း ရှင်းပြပါမည်၊ သုတ္တန်နည်းဖြင့်လည်း ရှင်းပြပါမည်။ [သုသာန်၌နေ၍ သုသာန်ဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်၊ ရွာကျောင်း မြို့ကျောင်း တောကျောင်းတို့မှ ညဉ့်ဘက်၌ သုသာန်သို့ လာ၍ သုသာန်ဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ်နှစ်မျိုး ရှိကြောင်း ကိုလည်း ရှင်းပြပါအံ့။]

သုသာန်၌ နေအပ်ကြောင်းကို ဝိနည်းလမ်းကြောင်းဖြင့် ရှေးဦးစွာ ရှင်းပြပါအံ့။

၁။ ဆဋ္ဌမူ မဟာဝဂ္ဂပါဠိတော်(၂၁၂) ဝဿူပနာယိကက္ခန္ဓက၊ ဝဿံ အနုပဂန္တဗ္ဗဋ္ဌာနာနိ ခေါင်းစဉ်အောက်၌ -- န ဘိက္ခဝေ ဆဝကုဋိကာယ ဝဿံ ဥပဂန္တဗ္ဗံ၊ ယော ဥပဂစ္ဆေယျ၊ အာပတ္တိ ဒုက္ကဋဿ။

ဘိက္ခဝေ = ရဟန်းတို့ ...။ ဆဝကုဋိကာယ = ဆဝကုဋိ၌။ ဝဿံ = ဝါသို့။ န ဥပဂန္တဗ္ဗံ = မကပ်ရောက်အပ် (ဝါမဆိုအပ်)။ ယော = အကြင်ရဟန်း သည်။ ဥပဂစ္ဆေယျ = ကပ်ရောက်ငြားအံ့ (ဝါဆိုငြားအံ့)။ တဿ ဘိက္ခုနော = ထိုရဟန်းအား။ ဒုက္ကဋဿ = ဒုက္ကဋ်အာပတ်သို့။ အာပတ္တိ = ရောက်ခြင်း သည်။ ဟောတိ = ဖြစ်၏ဟု ဆိုသည်။ [ဆဝကုဋိကို မဟာဝါပါဠိတော် (မြန်မာပြန်) အပိုဒ်-၂၀၄ (၅) ၌ သူသေကောင်ထားရာ တဲဟု ပြန်ဆို၏၊ မိုးထိမူ၌ကား သုသာန်ကုဋိဟု ပြန်ဆို၏၊]

၂။ ဤစကားကို မဟာဝဂ္ဂအဋ္ဌကထာ၊ဝဿူပနာယိကက္ခန္ဓက၊ ဝဇာဒီသု ဝဿူပဂမနကထာ ခေါင်းစဉ်အောက်၌ -- န ဘိက္ခဝေ ဆဝကုဋိကာယန္တိ ဆဝကုဋိကာ နာမ ဋင်္ကိတမဉ္စာဒိဘေဒါ ကုဋိ၊ တတ္ထ ဥပဂန္တုံ န ဝဋ္ဋတိ။ သုသာနေ ပန အညံ ကုဋိကံ ကတွာ ဥပဂန္တုံ ဝဋ္ဋတိ။

န ဘိက္ခဝေ ဆဝကုဋိကာယန္တိ = န ဘိက္ခဝေ ဆဝကုဋိကာယံ --ဟူသည်ကား။ ဆဝကုဋိကာ နာမ = ဆဝကုဋိမည်သည်။ ဋင်္ကိတမဉ္စာဒိဘေဒါ = ဋင်္ကိတညောင်စောင်း စသည် အပြားရှိသော။ ကုဋိ = ကုဋိတည်း။ တတ္ထ = ထိုဆဝကုဋိ၌။ ဥပဂန္တုံ = ကပ်ရောက်ခြင်းငှာ (ဝါဆိုခြင်းငှာ)။ န ဝဋ္ဋတိ = မအပ်။ ပန = မအပ်သည်မှတစ်ပါး အပ်သည်ကို ဆိုဦးအံ့။ သုသာနေ = သုသာန်၌။ အညံ = ဆဝကုဋီမှ တစ်ပါးသော။ ကုဋိကံ = ကုဋိကို။ ကတွာ = ပြု၍ (ဆောက်လုပ်၍)။ ဥပဂန္တုံ = ကပ်ရောက်ခြင်းငှာ (ဝါဆိုခြင်းငှာ)။ ဝဋ္ဋတိ = အပ်၏ဟု ဖွင့်ဆိုသည်။ [သုသာနေ ပန အညံ ကုဋိကံ ကတွာ ဥပဂန္တုံ ဝဋ္ဋတိ = သုသာန်၌ ဆဝကုဋိမှ တစ်ပါးသော ကျောင်းကို ဆောက်လုပ်၍ ဝါကပ်ခြင်းငှာ အပ်၏ဟူသော စကားအရ ဝါတွင်း၌ပင် ကျောင်းဆောက်၍ နေအပ်လျှင် ဝါပ၌ကား ဆိုဖွယ်ရာ မရှိပြီဟု မှတ်ယူအပ်၏၊ ဝါတွင်းဝါပ နှစ်ခုလုံး၌ တစ်သက်လုံး နေနိုင်၏ဟု သန္နိဋ္ဌာန်ချ မှတ်ယူအပ်၏၊]

မှတ်ချက်။ ။ ဆဝကုဋိ (ဝါ) ဋင်္ကိတညောင်စောင်း၏ ပုံသဏ္ဌာန်ကို ဆဋ္ဌမူ၊ သာရတ္ထဒီပနီဋီကာ၊ တတိယတွဲ၊ ဝဿံ အနုပဂန္တဗ္ဗဋ္ဌာနကထာ ဝဏ္ဏနာ၌ --

ဋင်္ကိတမေဉ္စာ နာမ ဒီဃေ မဉ္စပါဒေ မဇ္ဈေ ဝိဇ္ဈိတွာ အဋနိယော ပဝေသေတွာ ကတော မေဉ္စာ။ တဿ ဣဒံ ဥပရိ ဣဒံ ဟေဋ္ဌာတိ နတ္ထိ၊ ပရိဝတ္တေတွာ အတ္ထတောပိ တာဒိသောဝ ဟောတိ၊ တံ သုသာနေ ဒေဝဋ္ဌာနေ စ ဌပေန္တိ၊ စတုန္နံ ပါသာဏာနံ ဥပရိ ပါသာဏံ အတ္ထရိတွာ ကတံ ဂေဟမ္ပိ “ဋင်္ကိတမေဉ္စာ”တိ ဝုစ္စတိ။

ဋင်္ကိတမေဉ္စာ နာမ = ဋင်္ကိတညောင်စောင်းမည်သည်။ ဒီဃေ = ရှည်ကုန် သော။ မဉ္စပါဒေ = ညောင်စောင်း၏ ခြေတို့ကို။ မဇ္ဈေ = အလယ်၌။ ဝိဇ္ဈိတွာ = ထွင်းဖောက်၍ (စရွေးထွင်း၍)။ အဋနိယော = ဘောင်တို့ကို။ ပဝေသေတွာ = သွင်း၍ (စရွေးပေါက်၌ သွင်း၍)။ ကတော = ပြုလုပ်အပ်သော။ မေဉ္စာ = ညောင်စောင်းတည်း။ တစ်နည်း — ဒီဃေ = ရှည်ကုန်သော။ မဉ္စပါဒေ = ညောင်စောင်း၏ ခြေတို့ကို။ မဇ္ဈေ = အလယ်၌။ ဝိဇ္ဈိတွာ = ထွင်းဖောက်၍။ အဋနိယော = ဘောင်တို့ကို။ ပဝေသေတွာ =သွင်း၍။ ကတော = ပြုလုပ်အပ် သော။ မေဉ္စာ = ညောင်စောင်းသည်။ ဋင်္ကိတမေဉ္စာ နာမ = ဋင်္ကိတညောင် စောင်းမည်၏၊ တဿ = ထိုဋင်္ကိတညောင်စောင်း၏၊ ဣဒံ = ဤသည်ကား။ ဥပရိ = အထက်တည်း (အပေါ်ပိုင်းတည်း)။ ဣဒံ = ဤသည်ကား။ ဟေဋ္ဌာ = အောက်တည်း (အောက်ပိုင်းတည်း)။ ဣတိ = ဤသို့ အထက်ပိုင်း အောက်ပိုင်း ဟူ၍ (အထက်ပိုင်း အောက်ပိုင်းမည်သည်)။ နတ္ထိ = မရှိ။ ပရိဝတ္တေတွာ = အထက်အောက် ပြန်လှန်၍။ အတ္ထတောပိ = ခင်းပါသော်လည်း။ တာဒိသောဝ = ထိုရှေးကနှင့် တူသည်သာလျှင် (ပြန်လှန်၍ မခင်းမီ ရှေးကလိုပင်)။ ဟောတိ = ဖြစ်၏၊ တံ = ထိုဋင်္ကိတညောင်စောင်းကို။ သုသာနေ စ = သုသာန်၌လည်း ကောင်း။ ဒေဝဋ္ဌာနေ စ = နတ်တို့၏ နေရာ၌လည်းကောင်း။ ဌပေန္တိ = ထားကုန် ၏၊ စတုန္နံ = လေးလုံးကုန်သော။ ပါသာဏာနံ = ကျောက်တို့၏၊ ဥပရိ = အထက်၌ (အပေါ်၌)။ ပါသာဏံ = ကျောက်ပြားကို။ အတ္ထရိတွာ = ခင်း၍ (တင်ထား၍)။ ကတံ = ပြုလုပ်အပ်သော။ ဂေဟမ္ပိ = အိမ်ကိုလည်း။ ဋင်္ကိတမေဉ္စာတိ = ဋင်္ကိတမဉ္စဟူ၍။ ဝုစ္စတိ = ဆိုအပ်၏ဟူ၍ ဖွင့်ဆိုရှင်းပြ၏၊ [ဝိမတိဝိနောဒနီဋီကာ၌လည်း နည်းတူပင် ဖွင့်ဆိုသည်၊၊]

သုသာန်၌ နေအပ်ကြောင်းကို ဝတ္ထုကြောင်းဖြင့်လည်း ရှင်းပြပါဦးအံ့။

၃။ ဘုရားရှင် လက်ထက်တော်၌ ရဟန်းတစ်ပါးသည် သုသာန်၌ နေ၏၊ ထို ရဟန်းသည် အလွန်တရာမှ အသက်မွေးဝမ်းကျောင်း၌ ရောင့်ရဲ လွယ်ကူရကား ရွာထဲ၌ ဆွမ်းမခံဘဲ သေလွန်ပြီးသော မိဘ ဘိုးဘွားတို့ကို ရည်စူး၍ သုသာန်၌ လူတို့ ထားသွားသော အစားအသောက်များကိုသာ စားသောက် ၍ နေ၏၊ ရောင့်ရဲလွယ်ကူသလောက်လည်း ထိုရဟန်းသည် သိသိသာသာ ကြီး ဝဖြိုးလာ၏၊ လူတို့က ထိုရဟန်းအား “သေလွန်သော မိဘဘိုးဘွားတို့ကို ရည်စူး၍ ငါတို့ ထားသွားသော အစားအသောက်များကို ငါတို့ မပေးဘဲ အဘယ့်ကြောင့် ကိုယ်တိုင်ယူ၍ စားရသနည်း၊ ဝလိုက်တာလည်း ဖီးလို့၊ အသားတွေကလည်း ကျစ်ကျစ်လျစ်လျစ် ရှိလှ၏၊ လူသားကို စားနေဟန် တူ၏”ဟု ကဲ့ရဲ့ကြကုန်၏၊ ထို့ကြောင့် ထိုရဟန်းကို အကြောင်းပြု၍ “ရေ, တံပူတို့ကို ကြဉ်၍ မည်သည့်ဝတ္ထုကိုမှ လူ, သာမဏေ, တိရစ္ဆာန်, နတ် တို့က မပေး, မကပ်ဘဲလျက် ကိုယ်တိုင်ယူ၍ မစားမသောက်ရ၊ စားသောက် လျှင် မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏”ဟူသော ဒန္တပေါနသိက္ခာပုဒ်ကို ဘုရားရှင် ပညတ်တော်မူချေသည်။ [အကယ်၍ သုသာန်၌ နေခြင်းကို ဘုရားရှင် မနှစ်သက်ပါမူ သုသာန်၌လည်း မနေရဟု ပညတ်တော်မူချေမည်၊ ယခုသော်ကား အကပ်မခံဘဲ မစားရဟုသာ ပညတ်တော်မူချေသည်။ ဤအချက်တို့ကို ထောက်လျှင် သုသာန်၌ နေအပ်၏ဟူသော သဘောမှာ ပေါ်လွင်ပါသည်၊၊]

၄။ ဒုတိယဝတ္ထု။ ။ ဝိနည်း၌ ဧတဒဂ်ရသူ အရှင်ဥပါလိ၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူသော ရဟန္တာကြီး အရှင်ကပ္ပိတကသည်လည်း သုသာန်၌ နေ၏၊ တစ်နေ့၌ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့တွင် သီတင်းကြီးဖြစ်သော ဘိက္ခုနီသည် ကွယ်လွန်၏၊ ထိုဘိက္ခုနီတို့သည် ရုပ်အလောင်းကို အရှင်ကပ္ပိတက၏ ကျောင်း အနီး၌ မီးသင်္ဂြိုဟ်၍ အရိုးစေတီပြုလုပ်ပြီးနောက် ထိုစေတီသို့ မကြာမကြာ သွား၍ ငိုကြကုန်၏၊ ထိုငိုသံ နှိပ်စက်သဖြင့် အရှင်ကပ္ပိတကသည် စေတီကို ဖျက်ဆီး၍ ကစဉ့်ကရဲ ဖြန့်ကျဲထားလေ၏၊ ထိုဘိက္ခုနီတို့သည် “ဤကပ္ပိတက သည် ငါတို့အရှင်မ၏ စေတီကို ဖျက်ဆီး၏၊ ယနေ့ညဉ့်ပင် ကပ္ပိတကကို သတ်ကြစို့”ဟု တိုင်ပင်ကြကုန်၏၊ ထိုအကြောင်းကို ဘိက္ခုနီတစ်ပါးက အရှင်ဥပါလိအား ပြောကြား၍ အရှင်ဥပါလိကလည်း အရှင်ကပ္ပိတကအား လျှောက်ထားလေ၏၊ အရှင်ကပ္ပိတကသည် ကျောင်းမှ ထွက်ခွာ၍ ပုန်းကွယ် ‘နေရလေ၏၊ ထိုညဉ့်၌ပင် ထိုဘိက္ခုနီတို့သည် အရှင်ကပ္ပိတက၏ ကျောင်းသို့ လာ၍ ကျောင်းကို ကျောက်တုံး ကျောက်ခဲတို့ဖြင့် ပြားအောင် ထုလေကုန်၏၊ “ကပ္ပိတကတော့ သေလောက်ပေါ့”ဟု ဆို၍ ပြန်သွားကြလေသည်။

နံနက် လင်းသော် မြို့တွင်း၌ ဆွမ်းခံကြွနေသော အရှင်ကပ္ပိတကကို မြင်ကြ လေရာ “ဒီကပ္ပိတကဟာ အသက်ရှင်နေသေးတယ်၊ ငါတို့ တိုင်ပင်တာကို ဘယ်သူ သွားပြောပါလိမ့်မလဲ”ဟု စုံထောက်ကြလေ၏၊ အရှင်ဥပါလိ သွားပြောကြောင်း သိကြလေ၍ အရှင်ဥပါလိကို ဆဲဆိုကြိမ်းမောင်းကြလေ ၏၊ ထို့ကြောင့် ထိုဘိက္ခုနီတို့ကို အကြောင်းပြု၍ “အကြင်ဘိက္ခုနီသည် ရဟန်းယောက်ျားကို ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ငြားအံ့၊ ဆဲရေးမူလည်း ဆဲရေးငြားအံ့၊ ထိုဘိက္ခုနီအား ပါစိတ်အာပတ်သင့်၏”ဟူသော ဘိက္ခုအက္ကောသန သိက္ခာပုဒ်ကို ဘုရားရှင် ပညတ်တော်မူချေသည်။[သုသာန်၌ နေခြင်းအတွက်ကိုမူ ဘုရားရှင် ပညတ်တော်မမူချေ။ ဤအချက်ကို ထောက် လျှင် သုသာန်၌ နေခြင်းကို ဘုရားရှင် နှစ်သက်တော်မူ၏၊ (ဝါ) ခွင့်ပြုတော် မူ၏ဟူ၍ မှတ်ယူအပ်၏၊ ရဟန္တာဖြစ်၍ ခွင့်ပြုတော်မူသည်ဟု မယူလေလင့်၊ ရဟန္တာ (အရိယာ)များအတွက် တစ်မျိုး၊ ပုထုဇဉ် ရဟန်းများအတွက် တစ်မျိုး ဟူ၍ နှစ်မျိုး ပညတ်တော်မမူချေ၊ ရဟန်းအားလုံးအတွက် တစ်မျိုးတည်းသာ ပညတ်တော်မူချေသည်။]

ဝိနည်းလမ်းကြောင်းဖြင့် သုသာန်၌ နေအပ်ကြောင်းကို ရှင်းပြပြီးပါပြီ၊ ယခု သုတ္တန်နည်းဖြင့်လည်း နေအပ်ကြောင်းကို ရှင်းပြပါဦးအံ့။

ရှေးဦးစွာ ဓုတင် ၁၃-ပါးလုံးကို တစ်ပြိုင်တည်း ဆောက်တည်နိုင်, မနိုင်ကို သိထားဖို့ လိုသည့်အလျောက် ဝိသုဒ္ဓိမဂ်အရသာ၊ ဓုတင်အရသာ အခန်း-စာမျက်နှာ-၅၅ ၌ လာသော အောက်ပါ စကားကို သုံးသပ်ပါလေ။

၁။ တစ်ပြိုင်တည်း ၁၃-ပါး။ ။ လွင်တီးခေါင်၌ တောကျောင်းအင်္ဂါ ပြည့်စုံအောင် ဝေးသောသုသာန် ဖြစ်ငြားအံ့၊ ရဟန်းတစ်ပါးတည်းသည်လည်း တစ်ပြိုင်တည်း ဓုတင် ၁၃-ပါးလုံး သုံးဆောင်ခြင်းငှာ စွမ်းနိုင်၏၊ [ဤစကားသည် သုသာန်၌နေသော ပုဂ္ဂိုလ်ကို ရည်၍ ဆိုသောစကား ဖြစ်သည်။ (ဝါ) ပြလတ္တံ့သော ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ၏ နည်းကို မှီ၍ ဆိုသော စကား ဖြစ်သည်၊၊] ဤစကားသည် သုသာန်၌ နေအပ်ကြောင်းကို ထင်ရှားစွာ ပေါ်လွင်စေ၏၊ သို့သော် ထင်ရှားပေါ်လွင်သည်ထက် ထင်ရှားပေါ်လွင်လေ အောင် အခြားကျမ်းများဖြင့်လည်း သုသာန်၌ နေအပ်ကြောင်းကို နောက်၌ ပြပါဦးမည်။

၂။ ဓုတင် ဆောက်တည်ပုံကို ဝိသုဒ္ဓိမဂ်အရသာ၊ သုသာန်ဓုတင်အခန်း၌ “န သုသာနံ ပဋိက္ခိပါမိ၊ သောသာနိကင်္ဂံ သမာဒိယာမိ။ န သုသာနံ = သုသာန် မဟုတ်သော နေရာကို။ ပဋိက္ခိပါမိ = ပယ်ပါ၏၊ သောသာနိကင်္ဂံ =သုသာန်၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ဆောက်တည်ပါ၏၊။ တစ်ခွန်းခွန်းဖြင့် ဆောက်တည်အပ်၏” ဟူသော စကားဖြင့် ဖော်ပြထား၏၊

“န သုသာနံ = သုသာန်မဟုတ်သော နေရာကို။ ပဋိက္ခိပါမိ = ပယ်ပါ၏” ဟူသော စကားအရ သုသာန်မဟုတ်သော နေရာကို ပယ်လျှင် “သုသာန်၌သာ နေပါ၏”ဟူ၍ အဓိပ္ပာယ်အလိုလို ထွက်သည်။ ဤစကားကို ပြလတ္တံ့သော “ပျက်ခြင်းအင်္ဂါ”၌ လာသည့် “သုသာန်မဟုတ်သော အရပ်၌ နေကာမျှဖြင့် သုံးယောက်လုံး ဓုတင်ပျက်၏”ဆိုသော စကားနှင့် ပေါင်းစပ်၍ယူလျှင် သုသာန်၌ နေသော ပုဂ္ဂိုလ်ကို ရည်၍ ဤဓုတင်ဆောက်တည်ပုံကို ဖော်ပြသည်ဟု သိအပ်၏၊

၃။ ပျက်ခြင်းအင်္ဂါကို ဝိသုဒ္ဓိမဂ်အရသာ၊ သုသာန်ဓုတင်အခန်း၌ သုသာန် မဟုတ်သော အရပ်၌ နေကာမျှဖြင့် သုံးယောက်လုံး ဓုတင်ပျက်၏၊ အင်္ဂုတ္တိုရ်ဆောင်တို့ကား ပစ္ဆိမယံ၌ ဖဲသွားခြင်းကို ဆိုသောကြောင့် သုသာန် မသွားသော နေ့၌ ဓုတင်ပျက်သည်ဟု ဆိုကုန်၏ဟူသော စကားဖြင့် ဖော်ပြထား ၏၊

အထက်စာပိုဒ်၌ လာသော စကားများကို စိစစ်လျှင် ပျက်ခြင်းအင်္ဂါ နှစ်မျိုး ရှိသည်ဟု သိအပ်၏၊ “သုသာန် မဟုတ်သော အရပ်၌ နေကာမျှဖြင့် သုံးယောက် လုံး ဓုတင်ပျက်၏” ဆိုသောစကားသည် ပထမပျက်ခြင်း အင်္ဂါကို ဖော်ပြသော စကားဖြစ်သည်။ “အင်္ဂုတ္တိုရ်ဆောင်တို့ကား ပစ္ဆိမယံ၌ ဖဲသွားခြင်းကို ဆိုသောကြောင့် သုသာန် မသွားသော နေ့၌ ဓုတင်ပျက်သည်” ဆိုသော စကားသည် ဒုတိယပျက်ခြင်း အင်္ဂါကို ဖော်ပြသော စကားဖြစ်သည်ဟူ၍ မှတ်အပ်၏၊

ပျက်ခြင်းအင်္ဂါ နှစ်ရပ်ရှိလျှင် ဆောက်တည်သော နည်းလည်း နှစ်နည်း ရှိရမည်ဟု သိအပ်၏၊ ပထမနည်းမှာ သုသာန်၌ နေ၍ ဆောက်တည်သောနည်း ဖြစ်သည်၊ (ဝါ) ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ၏နည်း ဖြစ်သည်။ ဒုတိယနည်းကား ရွာကျောင်း မြို့ကျောင်းတို့မှ သုသာန်သို့ ညဉ့်အခါတွင် လာ၍ မဇ္ဈိမယံကို ကုန်စေပြီးလျှင် ပစ္ဆိမယံ၌ ဖဲသွားရမည်ဟု ဆိုသောနည်း ဖြစ်သည်၊ (ဝါ) အင်္ဂုတ္တိုရ် ‘ဆောင် ပုဂ္ဂိုလ်တို့၏ နည်းဖြစ်သည်။ [ဤပျက်ခြင်း အင်္ဂါနှစ်မျိုးတို့သည်လည်း သုသာန်၌ နေအပ်ကြောင်းကို ထင်ရှားစွာ ပေါ်လွင်စေ၏၊]

ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ၏ နည်းကို ပြပါအံ့။

၄။ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၊ ဓုတင်္ဂနိဒ္ဒေသ၊ သောသာနိကင်္ဂကထာ၌ -- တသ္မံ ပန ဝသန္တေန စင်္ကမမဏ္ဍပါဒီနိ ကာရေတွာ မဉ္စပီဌံ ပညပေတွာ ပါနီယ ပရိဘောဇနီယံ ဥပဋ္ဌာပေတွာ ဓမ္မံ ဝါစေန္တေန န ဝသိတဗ္ဗံ။

တသ္မံ = ထိုသုသာန်၌။ ဝသန္တေန = နေသော ရဟန်းသည်။ စင်္ကမမဏ္ဍပါဒီနိ = စင်္ကြံ မဏ္ဍပ် စသည်တို့ကို။ ကာရေတွာ = ဆောက်လုပ်စေ၍။ မဉ္စပီဌံ = ညောင်စောင်း အင်းပျဉ်ကို။ ပညပေတွာ = ခင်းစေ၍။ ပါနီယပရိဘောဇနီယံ = သောက်ရေ သုံးဆောင်ရေကို။ ဥပဋ္ဌာပေတွာ = တည်ထားစေ၍။ ဓမ္မံ = တရားစာပေကို။ ဝါစေန္တေန = ပို့ချသင်ကြားလျက်။ န ဝသိတဗ္ဗံ = မနေသင့်ဟု ဆို၏၊ [ဤစကားသည် သုသာန်၌ မနေအပ်ဟု မဆိုပါ၊ သုသာန်၌ နေသော ပုဂ္ဂိုလ်ကို ရည်၍ ဆိုသောစကား ဖြစ်သည်၊ သုသာန်၌ နေ၍ သုသာန်ဓုတင်ကို ဆောက်တည်ခြင်းသည် အလွန်ဆောင်နိုင်ခဲသော အမှုဖြစ်၍ အချိန်ရှိခိုက် လုံ့လစိုက်ဆိုသည်နှင့်အညီ သုသာန်၌ စာသင်သားများအတွက် စင်္ကြံ မဏ္ဍပ် စသည်တို့ကို ဆောက်လုပ်စေ၍ ညောင်စောင်း အင်းပျဉ်ကို ခင်းစေ၍ သောက်ရေ သုံးရေကို တည်ထားစေ၍ စာသင်သားများအား တရားစာပေ ပို့ချကာ မနေဘဲ မရဏာနုဿတိ စသော ကမ္မဋ္ဌာန်းကို စီးဖြန်း၍နေရန် သတိပေးသော အနေဖြင့် ဤစကားကို အဋ္ဌကထာ ဆရာဆိုသည်ဟူ၍ သိအပ်၏၊]

၅။ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ၊ ဓုတင်္ဂနိဒ္ဒေသ၊ သောသာနိကင်္ဂကထာ ဝဏ္ဏနာ၌ - သောသာနိကေန နာမ အပ္ပကိစ္စေန သလ္လဟုကဝုတ္တိနာ ဘဝိတဗ္ဗန္တိ ဒေဿတုံ “တသ္မိံ ပန ဝသန္တေနာ”တိအာဒိ ဝုတ္တံ။

သောသာနိကေန နာမ = သုသာန်ဓုတင်ဆောင် ရဟန်းမည်သည်။ အပ္ပကိစ္စေန = နည်းသော ပြုဖွယ်ကိစ္စရှိသည်၊ (ဝါ) ပြုဖွယ်အမှု နည်းပါးသည်။ သလ္လဟုကဝုတ္တိနာ = ပေါ့ပါးသော အသက်မွေးခြင်း ရှိသည်။ ဘဝိတဗ္ဗံ = ဖြစ်သင့်၏၊ ဣတိ ဣမံ အတ္ထံ = ဤသို့သော အနက်အဓိပ္ပာယ်ကို။ ဒေဿတုံ = ပြခြင်းငှာ။ “တသ္မံ ပန ဝသန္တေနာ”တိအာဒိ = “တသ္မိံ ပန ဝသန္တေန”ဤသို့ အစရှိသော စကားကို။ ဝုတ္တံ = အဋ္ဌကထာဆရာ မိန့်ဆိုအပ်ပြီဟု ဆို၏၊ [ဤစကားသည် သုသာန်၌ နေ၍ သုသာန်ဓုတင် ဆောက်တည်ခြင်း၏ အကျိုးကို ရာခိုင်နှုန်းပြည့် ရစေခြင်းငှာ ဓုတင်ဆောင် ပုဂ္ဂိုလ်အား ဝေယျာဝစ္စ နည်းနိုင် သလောက် နည်းအောင်ပြု၍ ရောင့်ရဲလွယ်ကူစွာဖြင့် အသက်မွေးရန် သတိပေးသော အနေဖြင့် အပိုဒ် (၄)၌ ပြဆိုခဲ့သော အဋ္ဌကထာဆရာ၏ စကားကို ဖြည့်စွက်၍ မဟာဋီကာဆရာ ဆိုသော စကားဖြစ်သည်ဟူ၍ သိအပ်၏၊]

အချို့က ဓုတင်အကျိုးငှာသာလျှင် သုသာန်၌ နေအပ်သောကြောင့် ကျောင်းဝေယျာဝစ္စ စသော အထွေထွေ ကိစ္စကို မလုပ်ရ၊ လုပ်လျှင် အာပတ် သင့်၏ဟု ဆို၏၊ [ဤ အယူလည်း တက်တက်စင်အောင် မှား၏၊ အဘ ယ်ကြောင့်ဆိုသော် ဓုတင်ဆောက်တည်ခြင်းသည် ဝိနည်းသိက္ခာပုဒ်အရ ဆောက်တည်ခြင်း မဟုတ်၊ သုတ္တန်နည်းအရ ဆောက်တည်ခြင်း ဖြစ်သည်၊ ကျောင်းဝေယျာဝစ္စ စသော အထွေထွေကိစ္စကို လုပ်ခြင်းဖြင့် ဓုတင်အကျိုး ယုတ်၍ ကုသိုလ် အရနည်းသည်၊ မှန်၏၊ သို့သော် ဓုတင်အလုပ်သည် ဝိနည်းတော်၌ အကျုံးမဝင်ရကား ဓုတင်အကျိုး ဆုတ်ယုတ်ခြင်းဖြင့် အာပတ်မသင့်ဟူသောကြောင့်တည်း။] အာပတ် မသင့်ဟု ဆိုသော်ငြားလည်း ဓုတင်အကျိုးကို မငဲ့ဘဲ မနေအပ်ပေ။ အဘယ့်ကြောင့်နည်း? “သုသာနေ ပန အညံ ကုဋိကံ ကတွာ ဥပဂန္တုံ ဝဋ္ဋတိ” —ဟူသော ဝိနည်းတော်ပါဌ်အရ ကျောင်းဆောက်၍ နေနေမှဖြင့် ဓမ္မတာအရ ကျောင်းဝေယျာဝစ္စမှာ မများလျှင်လည်း အနည်းအကျဉ်းတော့ ရှိမည် ဟူသော အကြောင်းကို ထောက်၍ ဝေယျာဝစ္စကို အလျှင်းမလုပ်ရဟု မဆိုဘဲ နည်းနိုင်သလောက် နည်းအောင် လုပ်ဖို့ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာ ဆိုသည်။ ဝေယျာဝစ္စလုပ်ခြင်းကြောင့် အာပတ် မသင့်သော်ငြားလည်း ဓုတင်အကျိုးကား ဝေယျာဝစ္စများသလောက် ဆုတ်ယုတ်လေသည်။ အာပတ်မသင့်၍ ဓုတင်အကျိုးကို မငဲ့ဘဲ အထွေထွေကိစ္စ ဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်စေမည် ဆိုလျှင် သုသာန်၌ နေနေခြင်းသည် အဓိပ္ပာယ်မရှိသော နေခြင်းမျိုး ဖြစ်ချိမ့်မည်-ဟူသော ကြောင့်တည်း။ [သုသာန်၌နေသော ပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းဘာဝနာ အလုပ်၌ အဓိကထား၍ အချိန်ကို ကုန်စေအပ်သည် ဟူလို။]

၆။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (မြန်မာပြန်) ပထမတွဲ၊ သောသာနိကင်္ဂကထာ၌ “ထို သုသာန်လက္ခဏာရောက်သော အရပ်၌နေသော ရဟန်းသည် စင်္ကြံ မဏ္ဍပ်တို့ကို ဆောက်လုပ်စေ၍ ညောင်စောင်း အင်းပျဉ်ကို ခင်း၍ သောက်ရေ သုံးဆောင်ရေကို တည်ထား၍ တရားစာပေ သင်ကြားပို့ချလျက် ထည်ထည်ဝါဝါ မနေသင့်ချေ၊ ဤဓုတင်သည် ဆောင်နိုင်ခဲစွာ ဝန်လေးလှ၏ဟု ဆိုသည်။ [ဤစကားသည် အပိုဒ် (၄)နှင့် (၅)တို့၌ ပြခဲ့သော အဋ္ဌကထာဆရာ နှင့် မဟာဋီကာဆရာတို့၏ စကားများကို မှီ၍ ပြန်ဆိုသော စကား ဖြစ်သည်၊ သူတစ်ပါးအား စာပေပို့ချကာ ဟိတ်ကြီး ဟန်ကြီးလုပ်၍ မနေဘဲ ကုပ်ကုပ်ကလေးဖြင့် ကမ္မဋ္ဌာန်းစီးဖြန်း၍ နေရန် သတိပေးသော စကားဖြစ်သည်ဟူ၍ သိအပ်၏၊]

ဝိသုဒ္ဓိမဂ်အရသာ၊ သုသာန်ဓုတင်အခန်း၌ လာသော အောက်ပါစကားကို စိစစ်ပါအံ့။

၇။ ထိုသုသာန်၌ ညောင်စောင်း သောက်ရေ သုံးရေ စသည်ကို ထားစေ၍ စာပေပို့ချကာ မနေအပ်၊ ဤဓုတင်သည် ဝန်လေး၏ဟု ဆိုသော စကားမှာ အပိုဒ် (၄), (၅)နှင့် (၆)တို့၌ ပြဆိုခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (မြန်မာပြန်)တို့၏ စကားများမှ ကောက်နုတ်၍ အတိုချုံးကာ ကျမ်းပြုဆရာတော်ဘုရား ဆိုသော စကားဖြစ်သည် ဟူ၍သိ။

[ဤစကားကို သုသာန်၌ မနေအပ်ဟု မယူလေလင့်၊ ယူလျှင် ခုတ်ရာတခြား ရှရာတခြား ဖြစ်ချိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရွာကျောင်း မြို့ကျောင်းများ ၌ နေထိုင်သော ပုဂ္ဂိုလ်သည် သုသာန်ဓုတင်ကို ဆောက်တည်လိုလျှင် ညဉ့်အခါ ၌ သုသာန်သို့လာ၍ မဇ္ဈိမယံကို ကုန်စေပြီး ပစ္ဆိမယံ၌ ဖဲသွားရမည်ဟု ကျမ်း၌ ဆိုထားရကား မည်သူမှ အချိန်မတော် ညဉ့်အခါတွင် သုသာန်သို့ လာ၍ စာပေပို့ ချမည် မဟုတ်ပေ၊ စာသင်သားများလည်း ရှိမည် မဟုတ်ပေ။ အဋ္ဌကထာဆရာကလည်း “ထို သုသာန်၌။ ပ။ တရားစာပေကို ပို့ချ သင်ကြားလျက် မနေသင့်” ဟူသော စကားကို ဆိုမည် မဟုတ်ပေ။ ထိုနည်းတူ မဟာဋီကာဆရာကလည်း အဋ္ဌကထာဆရာ၏ စကားကို ဖွင့်ဆိုမည် မဟုတ်ပေ ဟူသောကြောင့်တည်း။ သို့ဖြစ်လျှင် အဋ္ဌကထာဆရာနှင့် မဟာဋီကာဆရာတို့သည် ထိုစကားတို့ကို အဘယ်ကြောင့် ဆိုသနည်းဟု မေးဖွယ် ရှိ၏၊ အဖြေကား ရွာကျောင်း မြို့ကျောင်းများ၌နေသော ပုဂ္ဂိုလ်တို့ကို ရည်၍ ဆိုခြင်း မဟုတ်၊ သုသာန်၌နေသော ပုဂ္ဂိုလ်ကို ရည်၍ ဆိုခြင်းကြောင့် ထိုစကားတို့ကို ထိုဆရာတို့ ဆိုကြသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သုသာန်၌ နေအပ်ကြောင်း ထင်ရှားလေပြီ။]

ချဲ့ဦးအံ့ —- အချို့က ဝိသုဒ္ဓိမဂ်အရသာ၊ စာမျက်နှာ-၇၀ ၌ လာသည့် “သုသာန်သို့ သွားသောအခါလည်း လမ်းမကြီးမှ ဖဲ၍ လမ်းယောင် လမ်းငယ်ဖြင့် မထင်မရှား သွားအပ်၏”ဟူသော စကားတွင် “မထင်မရှား သွားအပ်၏”ဟု ဆိုသောစကားကို ထောက်၍ သုသာန်၌ ထင်ထင်ရှားရှား နေခြင်းသည်လည်း မအပ်ဟု ဆိုကြ၏၊ [မထင်မရှား သွားအပ်၏ ဟူသော စကားသည် ရွာကျောင်း မြို့ကျောင်းများ၌ နေသော ပုဂ္ဂိုလ်တို့ကို ရည်၍ ဆိုသောစကား ဖြစ်သည်။ သုသာန်၌ နေသော ပုဂ္ဂိုလ်တို့ကို ရည်၍ ဆိုသော စကားမဟုတ်။ ရွာကျောင်း မြို့ကျောင်းများ၌နေသော ပုဂ္ဂိုလ်တို့ကို ရည်၍ ဆိုသောစကားသည် ထိုသူတို့နှင့် သာ ဆိုင်သည်။ သုသာန်၌ နေသော ပုဂ္ဂိုလ်နှင့် မဆိုင်ပါ။ ထို့ကြောင့် “မထင်မရှား သွားအပ်၏”ဟု ရွာကျောင်းမြို့ကျောင်းများ၌နေသော ပုဂ္ဂိုလ်တို့ကို ရည်၍ ဆိုသော စကားဖြင့် သုသာန်၌ မနေအပ်ဟု သုသာန်၌နေသော ပုဂ္ဂိုလ်အား စောဒနာခြင်းသည် ခုတ်ရာတခြား ရှရာတခြားဖြစ်၍ သဘာဝလည်း မကျ၊ သုသာနေ ပန အညံ ကုဋိကံ ကတွာ ဥပဂန္တုံ ဝဋ္ဋတိ = ဆဝကုဋိမှ တစ်ပါးသော ကျောင်းကို ဆောက်လုပ်၍ ဝါကပ်ခြင်းငှာ အပ်၏—ဆိုသော မဟာဝဂ္ဂ အဋ္ဌကထာဆရာ၏ စကားကိုလည်း မလေးစားရာ ရောက်သည်။ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာဆရာကိုလည်း လွန်ဆန်ရာ ရောက်သည်။ အဘယ့်ကြောင့်ဆိုသော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာ၏ နည်းဖြင့်ပင် ထိုပုဂ္ဂိုလ်သည် သုသာန်၌နေ၍ သုသာန်ဓုတင်ကို ဆောက်တည်သောကြောင့်တည်း။]

မှတ်ချက်။ ။ ပါတိမောက္ခဝိနိစ္ဆယကျမ်း၌ ကုဋိကာရသိက္ခာပုဒ်နှင့် ပတ်သက်၍ ကျောင်းမဆောက်အပ်သော အရပ် ၁၆-ပါးကို ဖော်ပြထားရာတွင် ကြီးသောသုသာန်လည်း ပါဝင်နေ၏၊ [ပါရာဇိကဏ် အဋ္ဌကထာကို မှီ၍ ဖော်ပြသည်ဟူ၍ သိတော်မူကြပါကုန်။] ကြီးသောသုသာန်၌ မနေအပ်ဟု ဆိုရုံမျှဖြင့် သုသာန်၌ မနေအပ်ဟု မယူလေလင့်၊ ကြီးသော သုသာန်၌ မနေအပ်ဟု ဆိုလျှင် ထိုအောက်ငယ်သော သုသာန်များ၌ နေအပ်၏ဟူ၍ သိအပ်၏၊

ဆဝကုဋိမှ တစ်ပါးသော ကျောင်းကို ဆောက်၍ သုသာန်၌ ဝါကပ်ခြင်းငှာ အပ်၏ဟု မဟာဝါ အဋ္ဌကထာဆရာ ဆို၏၊ သုသာန်၌ နေ၍ သုသာန်ဓုတင် ဆောက်တည်ပုံကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ ဖော်ပြ၏၊ ကြီးသော သုသာန်၌ ကျောင်း မဆောက်အပ် ဟု ပါရာဇိကဏ် အဋ္ဌကထာဆရာ ဆို၏၊ [အထက်၌ ဖော်ပြခဲ့ပြီ။] ဤဆရာသုံးဦးတို့၏ အလိုတော်နှင့် ကိုက်ညီအောင် ပြုသောအား ဖြင့် ဝိသုဒ္ဓိမဂ် အရသာ၊ သုသာန်ဓုတင်ဆောက်တည်ပုံ အခန်း၌ ဥက္ကဌ်, မဇ္ဈုံ, မုဒုဟူ၍ သုသာန် ၃-မျိုး ပြသကဲ့သို့ ဤ၌လည်း အကြီး အလတ် အငယ်ဟူ၍ သုသာန် ၃-မျိုး ပြအပ်၏၊ ထို့ကြောင့် ကြီးသောသုသာန်သည် ဥက္ကဌ်၌ အကျုံးဝင်၍ နေ့စဉ် မီးဖုတ်၊ အပုပ်နံ့ နံ၊ ဆွေမျိုးတို့ သွား၍ ငိုကြွေးသံရှိသောကြောင့် ၎င်း၌ မနေအပ်ဟု ယူအပ်၏၊ မဇ္ဈုံ (အလတ်)နှင့် မုဒု (အငယ်)တို့၌ အကျုံးဝင်သော သုသာန်များကား ကျောင်းဆောက်၍ တစ်သက်လုံး နေအပ်၏၊ [ဥက္ကဌ်၌ အကျုံးဝင်သော သုသာန်မျိုး၌ မနေအပ် ဟူလို။]

သိဖွယ်။ ။ သုသာန်၌ မနေသော ပုဂ္ဂိုလ်တို့ကို ငဲ့ညှာသောအားဖြင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက ရွာကျောင်းစသည်တို့မှ ညဉ့်အခါ၌ သုသာန်သို့ ထွက်၍ သုသာန်ဓုတင်ကို ဆောက်တည်သော အင်္ဂုတ္တိုရ်ဆောင်ပုဂ္ဂိုလ်တို့၏ နည်းကိုလည်း ဖော်ပြ၏၊ ထို့ကြောင့် သုသာန်၌နေ၍ သုသာန်ဓုတင်ကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ၏နည်းဖြင့် ဆောက်တည်ခြင်းသည် ဂရုဖြစ်၍ လေးသည်။ ရွာကျောင်း စသည်တို့မှ ညဉ့်အခါမှ သုသာန်သို့ ထွက်၍ သုသာန်ဓုတင် ကို အင်္ဂုတ္တိုရ်ဆောင် ပုဂ္ဂိုလ်တို့၏နည်းဖြင့် ဆောက်တည်ခြင်းသည် လဟုဖြစ်၍ ပေါ့သည်ဟူ၍ သိအပ်၏၊

ဤ၌ ဟပ်မိနေ၍ သုသာန်မြေတွင် သိမ်သမုတ်ပြီး ထိုသိမ်မြေ၌ ဆောက် တည်ထားသော ကျောင်းတစ်ကျောင်း၏ စည်းမျဉ်းကို ဖော်ပြပါအံ့။

သုသာန်၌နေသော ရဟန်းတော်များသည် အဓိကအားဖြင့် ကမ္မဋ္ဌာန်း ဘာဝနာအလုပ်၌ အချိန်ကို မကုန်စေဘဲ အထွေထွေကိစ္စ ဆောင်ရွက်ခြင်းဖြင့် အချိန်ကို ကုန်စေမည်ဆိုလျှင် သုသာန်၌ နေနေခြင်းသည် အဓိပ္ပာယ် မရှိသော နေခြင်းမျိုး ဖြစ်ချိမ့်မည်ဟူသောအကြောင်းကို ထောက်၍ ဒါယကာများနှင့် တိုင်ပင်ညှိနှိုင်းပြီး အောက်ပါ စည်းမျဉ်းကို ရေးဆွဲပါသည်။

၁။ အဓိကအားဖြင့် ကမ္မဋ္ဌာန်းဘာဝနာအလုပ်၌ အချိန်ကို ကုန်စေနိုင်ရန် အလို့ငှာ ဤသုသာန် + +ကျောင်းတွင် သီတင်းသုံးနေထိုင်သော ပုဂ္ဂိုလ်သည် ရပ်ရွာများ၌ ကျင်းပသော သုမင်္ဂလာ ဒုမင်္ဂလာ အလှူများသို့ လိုက်ရန် မလို။ ဤသုသာန်၌ သင်္ဂြိုဟ်သော မသာအသုဘသို့လည်း လိုက်ရန် မလို။ [အခြားကျောင်းများ၌ ကျင်းပသော ရှင်ပြုရဟန်းခံ စသော အလှူမျိုးနှင့် ပတ်သက်၍ကား သင့်တော်သလို ချိန်ဆ၍ ဆောင်ရွက်ပါလေ။]

၂။ ဥပဇ္ဈာယ်ဆရာအဖြစ် ခံယူ၍ ရှင်, ရဟန်းပြုပေးဖို့ မလို။ နိဿယည်းဆရာ အဖြစ်လည်း ခံယူ၍ တပည့်တပန်း မွေးရန် မလို။ [မချီးမြှင့်လျှင် မဖြစ်သော ကိစ္စမျိုး ပေါ်ပေါက်လျှင်ကား သင့်သလို ချီးမြှင့်လိုက်ပါလေ။]

၃။ ဒါယကာများအား တရားပြ တရားဟောပြောဖို့ မလို။ [ဥပုသ်နေ့များ၌ ဒါယကာများ ကျောင်းသို့လာ၍ သီလတောင်းခံလျှင် တိုတိုတုတ်တုတ်ဖြင့် လိုရင်း ကိစ္စကို ဆောင်ရွက်ပေးလိုက်ပါလေ။ ဤသို့ ခွင့်ပြုခြင်းသည် ဒါယကာများ လျှောက်ထားတောင်းပန်၍ ၎င်းတို့အား ငဲ့ညှာသောအားဖြင့် ခွင့်ပြုခြင်း ဖြစ်သည်။]

အရှင် + + +

ကျောင်းဘုန်းကြီး

ဤ၌ ဟပ်မိနေ၍ ဆဋ္ဌမူ၊ ပုဂ္ဂလပညတ် ပါဠိတော် (မြန်မာပြန်)နှာ-၈၄၊ အပိုဒ်-၂၀၁ ၌ လာသော အဆိုကို ဖော်ပြပါအံ့။ ထို မာတိကာပုဒ်၌ — ငါးမျိုး သော သုသာန်ဓုတင်ဆောင်ပုဂ္ဂိုလ်တို့သည် အဘယ်တို့နည်း။ အကြင်ရဟန်း သည် နုန့်နှေးတွေဝေသောကြောင့် သောသာနိကဓုတင်ကို ဆောက်တည်၏၊ အကြင်ရဟန်းသည် ယုတ်မာသော အလိုဆိုးရှိသည်ဖြစ်၍ ယုတ်မာသော အလိုဆိုး နှိပ်စက်အပ်သည်ဖြစ်၍ သောသာနိကဓုတင် ဆောက်တည်၏၊ အကြင် ရဟန်းသည် ရူးသွပ်သောကြောင့် စိတ်ပျံ့လွင့်သောကြောင့် သောသာနိကဓုတင် ဆောက်တည်၏၊ အကြင်ရဟန်းသည် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်တို့သည်လည်းကောင်း ချီးမွမ်းအပ်၏ဟု နှလုံးသွင်း၍ သောသာနိကဓုတင် ဆောက်တည်၏၊ စင်စစ်သော်ကား အကြင်ရဟန်းသည် အလိုနည်းခြင်းကိုသာ မှီ၍ ရောင့်ရဲခြင်းကိုသာ မှီ၍ ခေါင်းပါးခြင်းကိုသာ မှီ၍ ဤကောင်းသော အကျင့်၌ အလိုရှိသော အဖြစ်ကိုသာ မှီ၍ သောသာနိကဓုတင် ဆောက်တည်၏၊ ဤငါးမျိုးသော သောသာနိကဓုတင်ဆောင် ပုဂ္ဂိုလ်တို့တွင် ဤပုဂ္ဂိုလ်သည် မြတ်လည်း မြတ်၏၊ ချီးမွမ်းလည်း ချီးမွမ်းထိုက်၏၊ အကြီး အမှူးလည်း ဖြစ်၏၊ အလွန်လည်း မြတ်၏၊ အထူးသဖြင့်လည်း မြတ်၏၊

ဥပမာသော်ကား နွားမမှ နို့ရည်, နို့ရည်မှ နို့ဓမ်း, နို့ဓမ်းမှ ဆီဥ, ဆီဥမှ ထောပတ်, ထောပတ်မှ ထောပတ်ကြည်သည် ဖြစ်၏၊ ထိုနွားနို့အရသာ ငါးမျိုးတို့တွင် ထောပတ်ကြည်ကို အမြတ်ဆုံးဟူ၍ ဆိုအပ်သကဲ့သို့ ဤအတူ အကြင် သောသာနိကဓုတင် ဆောက်တည်သော ရဟန်းသည် အလိုနည်းခြင်းကိုသာ မှီ၍ ရောင့်ရဲခြင်းကိုသာ မှီ၍ ခေါင်းပါးခြင်းကိုသာ မှီ၍ ဤကောင်းသော အကျင့်၌ အလိုရှိသော အဖြစ်ကိုသာမှီ၍ သောသာနိကဓုတင် ဆောက်တည်၏၊ ထိုသောသာနိကဓုတင်ဆောင် ပုဂ္ဂိုလ်ငါးမျိုးတို့တွင် ဤပုဂ္ဂိုလ်သည် မြတ်လည်း မြတ်၏၊ ချီးမွမ်းလည်း ချီးမွမ်းထိုက်၏၊ အကြီးအမှူးလည်း ဖြစ်၏၊ အလွန်လည်း မြတ်၏၊ အထူးသဖြင့်လည်း မြတ်၏၊ သောသာနိကဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်တို့သည် ဤငါးမျိုးတို့တည်း။

ဆောင်ပုဒ် (၁) တောအင်္ဂါညီ၊ သုသာန်မှီ၊ အောင်ပြီ ဆယ့်သုံးပါး။

(၂) သေခြင်းတရား၊ ပွားပါများ၊ စိတ်ထားခက်ထန် လျော့ပြီမှန်။
(၃) ကျော်စောထင်ရှား၊ စိတ်ထားငြား၊ မှောက်မှားတဲ့တရား။
(၄) လာဘ်ကို မျှော်ကိုး၊ သုသာန်တိုး၊ ဇောက်ထိုးကျသကိုး။
(၅) ပင်ကိုစိတ်ရိုး၊ သုသာန်တိုး၊ နေကျိုးနပ်သကိုး။

[သုသာန်၌ ကျောင်းဆောက်၍ နေအပ်, မနေအပ်ဟူသော ပြဿနာ ပြီးပြီ၊၊]