မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/အလုံးစုံ မဖြတ်သော သင်္ကန်း အပ်, မအပ်

ဝီကီရင်းမြစ် မှ
3404ဝိနည်းဥပဒေတော်ကြီး — ၄၉။ အလုံးစုံ မဖြတ်သော သင်္ကန်း အပ်, မအပ်အရှင်သြဘာသ

၄၉။ အလုံးစုံ မဖြတ်သော သင်္ကန်း အပ်, မအပ်

၁။ ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ချုပ်သော သင်္ကန်းဖြင့် (ဝါ) အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့် ကထိန်ခင်းအပ်, မခင်းအပ်။

၂။ ငါးပိုင်းငါးစပ် စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ ချုပ်သော သင်္ကန်းကို (ဝါ) အလုံးစုံ မဖြတ်သော သင်္ကန်းကို ဝတ်ရုံအပ်, မအပ်။

၃။ (၁၁)ခန်းထက် ပိုလွန်သော သင်္ကန်းဖြင့် ကထိန်ခင်းအပ်, မခင်းအပ်။

ဤပြဿနာ သုံးခုကို ဝိနိစ္ဆယအနေဖြင့် ရေးခြင်းမဟုတ်၊ ဆွေးနွေးသော အနေဖြင့် ရေးခြင်း ဖြစ်သည်။ ဝိနည်းတော်သိက္ခာပုဒ်ကို ဘုရားရှင်၏ အလိုတော် နှင့် ကိုက်ညီအောင် ဆောက်တည်ကျင့်သုံးအပ်သောကြောင့် စိစစ်ဝေဖန်ထိုက်သော အချက်အလက်များကို စိစစ်ဝေဖန်၍ လိုက်နာဆောက်တည် ကျင့်သုံးသင့် မသင့် ဆုံးဖြတ်နိုင်ရန်အလို့ငှာ စာရှုသူတို့အား ကူညီသော အနေဖြင့် စာရေးသူ၏ ထင်မြင်ယူဆပုံကို ထုတ်ဆိုရေးခြင်း ဖြစ်သည်။ ဤ သင်္ကန်းကိစ္စမှာ နေ့ရှိသမျှ အာပတ် မဆက်မပြတ် သင့်စေနိုင်၍ ရဟန်းတော်များအဖို့ သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စ ဖြစ်ပေသည်။

ဝိဝါဒကို စိစစ်ဝေဖန်ခြင်း

အောက်ပါစာပိုဒ်တို့ကို မရေးသားမီ စာရေးသူ၏ သဘောထားကိုရှေးဦးစွာ ထုတ်ဆိုပါအံ့။ အယူအဆချင်း မတိုက်ဆိုင်၍ တစ်ဘက်သားအား ထိပါး ပုတ်ခတ်လိုသော စိတ်ထားမျိုးဖြင့် ရေးခြင်း မဟုတ်ပါ။ အများ၏ အကျိုးကို ရည်၍ စာရေးသူ၏ ထင်မြင်ယူဆပုံကို ၎င်းတို့ စိစစ်ဝေဖန်ပြီး နှစ်သက်ရာဝါဒကို ရွေးချယ်၍ ဆောက်တည်ကျင့်သုံးနိုင်စေခြင်းအကျိုးငှာ ထိုထင်မြင်ယူဆပုံကို စိတ်ရိုး သဘောရိုးဖြင့် ပွင့်ပွင့်လင်းလင်း ထုတ်ဆိုရေးသားခြင်း ဖြစ်သည်။ [ဝါဒချင်း မတိုက်ဆိုင်သော အခြားကဏ္ဍများ၌လည်း ဤအတိုင်း သိတော်မူကြပါ ကုန်။]

ဤပြဿနာသုံးခုမှာ ရဟန်းအားလုံးနှင့် သက်ဆိုင်သောကြောင့် ဂိုဏ်းစွဲ ဝါဒစွဲ မထားဘဲ ကျမ်းအကိုးအကားနှင့် ဆွေးနွေးကြ၍ အဖြေမှန်ကို ရှာကြဖို့ သင့်ပေသည်။

မဆွေးနွေးမီ လျှောက်ထား တောင်းပန်ပါရစေ။ ‘ဆွေးနွေး’ဟူသည် သား နှင့်အဘ, ညီရင်းအစ်ကိုကဲ့သို့ ရင်းနှီးကြင်နာစွာ နှီးနှောတိုင်ပင်၍ လမ်းမှန်ကို မတွေ့, တွေ့အောင် ရှာခြင်းမျိုး ဖြစ်သည်။ သို့ဖြစ်၍ DEBATE ခေါ် စကားရည် လုပွဲများနှင့် တရားရုံးများ၌ တစ်ဘက်သား ပြောသောစကားကို သဘာဝကျသော်လည်း နှလုံးမမူဘဲ မိမိတို့ဘက်သို့ မပါပါအောင် ဟိုကပ်သည်ကပ် လုပ်ကာ လူဝတ်ကြောင်တို့ ဆင်ခြေထိုးကြသကဲ့သို့ ဤဆွေးနွေးပွဲ၌ မပြုလုပ်ကြရန် တောင်းပန်ပါ၏၊ ကုသိုလ်လို၍ ရဟန်းပြုကြရကား လမ်းမှန်သို့ မရောက်မချင်း မှားသော အယူဝါဒ ဟူသမျှကို ပြင်ဖို့ရန်မှာ ရဟန်းတိုင်း၏ တာဝန် ဖြစ်ပေသည်။

ရဟန်းတော်များသည် (အထူးသဖြင့် ဝိနည်းလေးစားသော ပုဂ္ဂိုလ်များ သည်) ဝါဒစွဲ မရှိသင့်ပါ၊ (ဝါ) မိမိလက်ရှိ အယူဝါဒသာလျှင် မှန်သည်၊ အခြားသူ ယူသော အယူဝါဒမှာ မှားသည်ဟူ၍ အယူမသီးသင့်ပါ။ အဘယ့်ကြောင့်ဆို သော် မိမိ၏ အယူအဆမှာ ကျမ်းနှင့်မညီ အလွဲလွဲအချော်ချော် ဖြစ်နေလျှင် ထိုအတိုင်း ကျင့်ကြံ အားထုတ်ခြင်းဖြင့် ပင်ပန်းကျိုးမနပ်သည်သာမက အထူးထူးသော အာပတ်သို့ပင် ရောက်လေသောကြောင့်တည်း။ စာပေမည်မျှပင် တတ်စေကာမူ တစ်ခါတစ်ရံ အယူအဆ မှားတတ်ပါသည်။ ဤကဲ့သို့သော အမှားမျိုးကို ပြင်ပလူများကလည်း မကဲ့ရဲ့သင့်ပါ။ မှားသူ ကာယကံရှင်ကိုယ်တိုင် ကလည်း သူတော်ကောင်း ပညာရှိပီပီ မိမိ၏ အမှားကိုဝန်ခံ၍ လမ်းမှန်သို့ လိုက်ဖို့ရန် ဝန်မလေးသင့်ပါ။ အမှန်မှာ မိမိ၏အမှားကို ဝန်ခံသောသူသည် လမ်းမှန်ကို ပြသောသူထက်ပင် လှိုက်လှိုက်လှဲလှဲ ချီးကျူးခြင်းကို ခံထိုက်ပေသည်။ မှားမှန်းသိလျက် အမှားကို ဝန်မခံဘဲ ဇွတ်မှိတ်၍ မိမိဘက်သို့ မပါပါအောင် ဆွဲဆောင်၍ ပြောဆိုခြင်းမျိုးသည် သူတော်ကောင်းတရားလည်း မဟုတ်ပါ။ မုသာဝါဒသိက္ခာပုဒ်နှင့်လည်း ငြိစွန်းလေသည်။ သူများတကာထက် သာလိုသောကြောင့် ဝိနည်းသိက္ခာပုဒ်၌ ထူးကဲ၍ ဆောက်တည်ခြင်းမျိုးသည် လည်း သူတော်ကောင်းတို့၏ အလေ့အကျင့် မဟုတ်ပါ၊ (ဝါ) ကျော်စော ထင်ရှား လို၍ ပြုရာသို့ ရောက်မှန်းမသိ ရောက်လေသည်။ အယူအဆ လွဲမှားပြီး ပင်ကို ရိုးသားသော စိတ်ဖြင့် ထူးကဲစွာ ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်ကိုကား သဘာဝကျအောင် မယူဆတတ်ဘူးဟု ပြောဆိုရုံမှတစ်ပါး အပြစ်မတင်သင့်ပါ။ သိက္ခာပုဒ်များမှာ များပြား၍ အဓိပ္ပာယ်မှာလည်း နက်နဲကျယ်ဝန်းလှရကား မိမိ၏ လက်ရှိ အယူဝါဒမှာ ဘုရားရှင်၏ အလိုတော်ကျဖြစ်ပြီဟူ၍ တထစ်ချ မယူဆသင့်ပေ။ ချွတ်ယွင်းချွတ်ချော်နေချင်လည်း ချွတ်ချော်နေလိမ့်မည်။ ထို့ကြောင့် ဆွေးနွေးပွဲ များများပြုလုပ်ဖို့ လိုသည်။

ဖြစ်တတ်ပုံကို ဆိုဦးအံ့။ ။ သိက္ခာပုဒ်၏ အနက်အဓိပ္ပာယ်ကို စိစစ်ဝေဖန် ရာ၌ တစ်ခါတစ်ရံ အယူအဆ ကွဲလွဲ၍ အချို့စိတ်ဝမ်းပင် ကွဲကြလေသည်။ အယူအဆ ကွဲလွဲခြင်းဖြင့် စိတ်ဝမ်းကွဲကြခြင်းသည် ကလေးဆန်ဆန် ပြုကြသည်နှင့်လည်း တူ၏၊ သူ့ထက်ငါ မသာ, သာအောင်လုပ်မည်ဟူသော စိတ်ထား မျိုးဖြင့် သိက္ခာပုဒ်တော်ကို ဂုဏ်တုဂုဏ်ပြိုင် ကျင့်ကြံ ဆောက်တည်ကြသည် နှင့်လည်း တူ၏၊ ကုသိုလ်ရေးအတွက် ကျင့်ကြံအားထုတ်နေကြရကား ကိုယ် မယူချင်လျှင်နေ၊ သူများသဘောကျ၍ ယူလျှင် ထိုသူတို့၏ အပေါ်၌ စိတ်ခုရန် မသင့်ပေ။ ဝိနည်းသိက္ခာပုဒ်၌သာလျှင် မဟုတ်၊ အခြားဘာသာရပ်များ၌လည်း အဓိပ္ပာယ် နက်နဲခက်ခဲသလောက် အယူအဆလည်း ကွဲလွဲတတ်လေသည်။ သို့ဖြစ်၍ အယူအဆ ကွဲလွဲခြင်းဖြင့် တစ်ဘက်သားကို နာမည်ကြီးအောင် လုပ်သည်ဟူ၍လည်းကောင်း၊ ဂိုဏ်းဂဏကို မထီမဲ့မြင် ပြုသည်ဟူ၍လည်းကောင်း မဆိုသင့်ပေ။ အဖြေမှန်ကို ရစေခြင်းငှာ တစ်ဦးတည်း၏ သဘောကို မယူဘဲ အများပညာရှိတို့နှင့် တွေ့ဆုံ၍ ထပ်တလဲလဲ ရင်းနှီးစွာ ဆွေးနွေးဖို့ လိုသည်။ ပညာရှိများနှင့် တွေ့ဆုံဆွေးနွေးလေလေ လမ်းမှန်သို့ ရောက်လေလေ ဖြစ်သည်။

ဆွေးနွေးပွဲများလေလေ လမ်းမှန်သို့ ရောက်လေလေ ဖြစ်သောကြောင့် ဝိနည်းစာပြန်ပွဲ စသည်တို့၌ ဝိနည်းနှင့်ပတ်သက်၍ မရှင်းမလင်းသော အချက် အလက်များကို မည်သူမဆို တင်ပြဆွေးနွေး နှီးနှောနိုင်ရန် အလို့ငှာ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ကဏ္ဍတစ်ခုအနေဖြင့် ဦးစားပေး၍ အချိန်လုံလောက်စွာဖြင့် ကျင်းပဖို့ သင့်ပေသည်။ ဆွေးနွေးရာ၌ ဝါကြီးဝါငယ် အသက်အရွယ် ပဓာနမထားဘဲ သာတူညီမျှ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ပြုဖို့ သင့်ပေသည်။ ထို့ကြောင့် ကြီးသောသူကလည်း နိုင်ထက်စီးနင်း မပြောသင့်ပါ၊ ငယ်သောသူကလည်း ကြောက်ရွံ့နေဖို့ မလိုပါ။ ပြောလိုသမျှကို သဘာဝကျကျ ပြောသင့်၏၊ အားနာ၍ တဘက်သို့ လိုက်လျှင် အဂတိလိုက်စားသည်မည်သောကြောင့် အလဇ္ဇီအဖြစ်သို့ ရောက်မှန်းမသိ ရောက်လေတော့သည် ဟူ၍ သတိပြုစေလိုပါ၏၊ ယခု —

၁။ အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့် ကထိန်ခင်းအပ်, မခင်းအပ်၊
၂။ အလုံးစုံ မဖြတ်သော သင်္ကန်းကို ဝတ်ရုံအပ်, မအပ် --ဟူသော ပြဿနာတို့ ကို ရှေးဦးစွာ ဆွေးနွေးကြပါစို့။

ဤ ပြဿနာနှစ်ခုမှာ အမည်သာ ကွဲသည် သဘောချင်းကား တစ်ခုနှင့် တစ်ခု ဆက်စပ်လျက် နေသည်။ ထို့ကြောင့် ၎င်းတို့ကို တစ်ခုစီ ခွဲခြား၍ မဆိုဘဲ ပေါင်းစု၍ ဆိုပါအံ့။

ကောဇာ သက္ကရာဇ် ၁၂၈၃-ခု၊ သီတင်းကျွတ်လဆုတ် ၅-ရက်နေ့၊ မန္တလေး မြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နဝမမြောက် ကွန်ဖရင့်ကြီးမှ ကြီးမှူးကျင်းပသော ရတု, လင်္ကာ, ပျို့, ကဗျာ ယှဉ်ပြိုင်ပွဲကြီးတွင် “ကဗျာပဏ္ဍိတ”ဘွဲ့နှင့် ပထမဆု ရွှေတံဆိပ်ရ ဆရာတော် ဦးနိဂြောဓအရှင်မြတ်သည် မြန်မာဘုရင်တို့ ကိုးကွယ် ဆည်းကပ်သော သံဃရာဇာနှင့် ရာဇာဓိရာဇဂုရု ဆရာတော်ဘုရားကြီး (၃၀) ကျော်တို့ စီရင်တော်မူသော ကျမ်းကြီးကျမ်းငယ် ပေါင်းစုံတို့မှ ကျမ်းပေါင်း (၁၀၀) မျှ ရွေးချယ် ကောက်နုတ်၍ တည်းဖြတ်ပြင်ဆင်ပြီး ဝိနယသမူဟဝိနိစ္ဆယကျမ်း ပထမတွဲ, ဒုတိယတွဲ, တတိယတွဲ ဟူသော အမည်ဖြင့် ကျမ်း ၃-ကျမ်းကို ပြုစုတော်မူသည်။ ဤ ဝိနယသမူဟဝိနိစ္ဆယကျမ်း (ပထမတွဲ)၌ ပဏ္ဍိတဝံသာဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု —ဟူသော ဘွဲ့တံဆိပ်တော်ရ၊ အမရပူရရွှေမြို့တော်၊ ဗန်းမော်ဆရာတော်ဘုရားကြီး စီရင်တော်မူသော ကထိနဝိသောဓနီကျမ်းလည်း ပါဝင်၏၊ ဤ ကထိနဝိသောဓနီကျမ်းမှ ကောက်နုတ်ယူထားသည့် အဆိုများကို မူရင်း စာကိုယ်အတိုင်း ရှေးဦးစွာ တင်ပြပါအံ့။

(၁) ကထိန် အမေးအဖြေ ၁၅-ချက်တို့တွင် ဒွါဒသမ ဟုဆိုသော နံပါတ် (၁၂) အမေးအဖြေ၌ သင်္ကန်းပြီးပြီးဖြစ်လျှင် — သစေ ကတစီဝရမေဝ ဥပ္ပဇ္ဇတိ။ သုန္ဒရမေဝ —ဟူ၍ အဋ္ဌကထာ လာရကား ချုပ်လုပ်စီရင်ခြင်း အမှုကို မပြုရ။ ကိစ္စချောမွန်၊ အလွန်ကောင်းလှပေတော့သည်။ ထိုသို့ပင် ကောင်းသော်လည်း ‘အစ္ဆိန္နာသိဗ္ဗိတံ ပန န ဝဋ္ဋတိ --ဟူ၍ အဋ္ဌကထာ လာပြန်ရကား ဘုရားသခင် ပညတ်တော်နှင့် လျော်စွာ မဟာမဏ္ဍလ, အဍ္ဎမဏ္ဍလတို့နှင့်တကွ ပဉ္စခန်း, သတ္တခန်း စသည် စီရင်တိုင်းထွာပြီးလျှင် စီရင်သည့်အတိုင်း အပိုင်း မြောင်း တရုတ် ချုပ်လုပ်အပ်သော အရာများကို ဓားငယ်ဖြင့် ဖြတ်၍ ချုပ်အပ်သော သင်္ကန်း ဟုတ်ပါ၏လော။ ဟုတ်ပါ၏ဘုရားဟု ဖော်ပြထား၏၊

(၂) ပြဆိုရေးသားအပ်ပြီးသော ထိုကထိန် အမေးအဖြေ ၁၅-ချက်တို့တွင် ဒွါဒသမအမေးပုစ္ဆာကို စောဒနာ သောဓနာ ထင်စွာပြု၍ ဝိနိစ္ဆယ ထုတ်လိုက် ဦးအံ့။ ချုပ်ချုပ်သမျှ အလုံးစုံကို ဓားငယ်ဖြင့် အကုန်ဖြတ်၍ ချုပ်အပ်သော အကြောင်းကို ထိုဒွါဒသမအမေးတွင် ဆိုအပ်လေသည်။ အများတကာနှင့် မတူသော ထိုအယူဝါဒ၏ ဟုတ်ရာသော သဘောလက္ခဏာကို အဘယ်ပါဠိ ပညတ်ဖြင့် မှတ်သိ ယုံကြည်ရပါအံ့နည်းဟု မေးမြန်းဖွယ်ရှိသည်မှာ ကထိန်လျာ သင်္ကန်း၏ အာဒိ, မဇ္ဈ, ပရိယောသာနအားဖြင့် သုံးပါးတို့တွင် အာဒိဟု ဆိုအပ်သော ပုဗ္ဗကရဏကို — ပုဗ္ဗကရဏံ သတ္တဟိ ဓမ္မေဟိ သင်္ဂဟိတံ၊ ဓောဝနေန၊ ဝိစာရဏေန၊ ဆေဒနေန၊ ဗန္ဓနေန၊ သိဗ္ဗနေန၊ ရဇနေန၊ ကပ္ပကရဏေနဟု ကထိန်လျာအဝတ်ကို ဖွပ်လျှော်ခြင်း၊ ဖွပ်လျှော်ပြီးသည်ကို ကွဲအိမ်တရုတ်တို့နှင့် တကွ ပဉ္စခန်း, သတ္တခန်း, နဝခန်း, ဧကာဒသခန်း စီရင်တိုင်းထွာခြင်း၊ တိုင်းထွာ စီရင်သည့်အတိုင်းဖြတ်ခြင်း၊ ဖြတ်အပ်ပြီးသည်ကို တဲစပ်ဖွဲ့ခြင်း၊ တဲစပ်ဖွဲ့အပ်ပြီး သည်ကို ချုပ်ခြင်း၊ ချုပ်အပ်ပြီးသည်ကို ဆိုးခြင်း၊ ဆိုးအပ်ပြီးသည်ကို ကပ္ပဗိန္ဒုထိုးခြင်းအားဖြင့် ခုနစ်ပါးရှိကြောင်းကို ပရိဝါပါဠိတော်၌ ဟောတော်မူသည်။ ထိုသို့ ဟောတော်မူအပ်သော ပုဗ္ဗကရဏ ခုနစ်ပါးတို့တွင် ဖြတ်ခြင်း ဆေဒန အမှုကို ပြုရသည့် ကိစ္စသဘောလည်း တခြား၊ ချုပ်ခြင်း သိဗ္ဗနအမှုကို ပြုရသည် ကိစ္စသဘောလည်း တခြား၊ ဤ ကိစ္စနှစ်ပါး၏ သဘော မရောယှက်။ ဤကို ထောက်၍ အပ်ဖြင့် ချုပ်သည်ကို အဖြတ်ဟူ၍ မယူအပ်။ ချုပ်ခြင်း သိဗ္ဗန အမှုသည် ဖြတ်ခြင်း, တဲစပ်ဖွဲ့ခြင်းလျှင် ရှေ့သွားအကြောင်းရင်း နိဒါနကိစ္စ ရှိသည်ဖြစ်၍ စင်စစ် မြောင်း တရုတ် ချုပ်အပ်သမျှ အရာများကို ဓားငယ် စသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်အပ်သည်ဟု မှတ်ယူအပ်သည်။ ထို့ကြောင့် မဟုတ်လော၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ၌ ဒါယကာတို့ဘာသာ ချုပ်၍လာသော ကထိန်လျာသင်္ကန်းမှာ မြောင်းသော တရုတ်သော ဟူ၍ အထူးမဆိုလေခဲ့။ သစေ ကတစီဝရမေဝ ဥပ္ပဇ္ဇတိ၊ သုန္ဒရမေဝ။ အစ္ဆိန္နာသိဗ္ဗိတံ ပန န ဝဋ္ဋတိ။ သစေ = အကယ်၍။ ကတစီဝရမေဝ = ချုပ်လုပ် အပ်ပြီးသော သင်္ကန်းသည် သာလျှင်။ ဥပ္ပဇ္ဇတိ = ဖြစ်လာခဲ့အံ့။ သုန္ဒရမေဝ = ကောင်းလှတော့သည် သာလျှင်တည်း။ ပန တထာပိ = ထိုသို့ပင် ကောင်းသော်လည်း။ အစ္ဆိန္နာ = မဖြတ်မူ၍။ သိဗ္ဗိတံ = ချုပ်ခဲ့သော သင်္ကန်းသည်။ န ဝဋ္ဋတိ = မအပ်။

ဤသို့ သာမညသာ အဋ္ဌကထာဆရာတော်မြတ် မိန့်အပ်လေသည်။ နောက်ဝါကျ၌ သာမညပင် ဆိုသော်လည်း — ပဉ္စဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ဆိန္ဒိတွာ သံဃာဋိ ဝါ ဥတ္တရာသံဂေါ ဝါ အန္တရဝါသကော ဝါ ကာတဗ္ဗောဟူ၍ လာသော ၎င်းအဋ္ဌကထာ၏ ရှေ့ဝါကျကို ထောက်၍ မြောင်း အစပ်ကို မဖြတ်မူ၍ ချုပ်လုပ်သည်ကိုသာ မအပ်ဟု မှတ်ယူအပ်သင့်သည် ဟူငြားအံ့။ ကြီးမား ထင်ရှားသော မြောင်းစပ်ကို ဖြတ်အပ်သည်၏ အဖြစ်ကို ဆိုသဖြင့် ထိုအစပ်လွှာတွင် အကျုံးဝင်သော ကွဲအိမ်တရုတ်များကိုလည်း ဖြတ်အပ်သည်၏ အဖြစ်ကို သိလောက်၍သာ အဋ္ဌကထာ မဆိုသည်။ လိုအပ်သော အမှုပင် ဖြစ်သည်ဟု မှတ်။ ထို့ကြောင့် မဟုတ်လော၊ ၎င်းအဋ္ဌကထာ၏ သံဝဏ္ဏနာဋီကာ၌ — “ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ဆိန္ဒိတွာတိ ယထာ ပဉ္စ ခဏ္ဍိကာဒီနံ သံဃာဋိအာဒီနံ တိဏ္ဏံ စီဝရာနံ အညတရပ္ပဟောနကာနိ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာဒိဝသေန ပဉ္စ ဝါ ခဏ္ဍာနိ အတိရေကာနိ ဝါ သတ္တာဒိခဏ္ဍာနိ ဟောန္တိ။ ဧဝံ ဆိန္ဒိတွာ”ဟု အကြင်အခြင်းအရာဖြင့် ဖြတ်သည် ရှိသော် မဟာမဏ္ဍလ, အဍ္ဎမဏ္ဍလမှ စ၍ ပဉ္စခန်း, သတ္တခန်း စသည် ဖြစ်၏၊ ထိုအခြင်းအရာဖြင့် ဖြတ်၍ ချုပ်အပ်ကြောင်းကို ဖွင့်ဆိုအပ်လေသည်။ [ဤ သင်္ကန်းပြဿနာတို့၌ လာသည့် ဤကွင်းချိတ် ["] အမှတ်အသား အတွင်း၌ ပါရှိသော စကားများသည် စာရေးသူ၏ ထင်မြင်ယူဆချက် ဖြစ်သည်၊ နောက်၌လည်း ဤအတိုင်း သိတော်မူကြပါကုန်။ ပြဆိုခဲ့ပြီးသော သံဝဏ္ဏနာဋီကာ (ဝါ) ကင်္ခါဝိတရဏီဋီကာသစ်၌ လာသော ပါဌ်ကို ပါဠိစာပေ မတတ်သော ပုဂ္ဂိုလ်များ အတွက် အနက်ပြန်ဆိုပါအံ့။ ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ဆိန္ဒိတွာတိ =ပဉ္စဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ဆိန္ဒိတွာ ဟူသည်ကား။ ယထာ ယေန အာကာရေန = အကြင် အခြင်းအရာဖြင့်။ ဆိန္ဒိယမာနာနိ = ဖြတ်အပ်ကုန်သည် ရှိသော်။ ပဉ္စခဏ္ဍိကာဒီနံ = ငါးခန်းရှိသော သင်္ကန်း အစရှိကုန်သော။ သံဃာဋိအာဒီနံ = ဒုကုဋ် အစရှိကုန်သော။ တိဏ္ဏံ စီဝရာနံ = သုံးထည်သော သင်္ကန်း တို့တွင်။ အညတရပ္ပဟောနကာနိ = တစ်ထည်ထည်အား လောက်ကုန်သော။ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာဒိဝသေန = အိမ်ဝန်းကြီး အိမ်ဝန်းငယ် စသည်တို့၏ အစွမ်းဖြင့်။ ပဉ္စခဏ္ဍာနိ ဝါ = ငါးခန်းတို့သည်လည်းကောင်း။ အတိရေကာနိ = ငါးခန်းထက် ပိုလွန်ကုန်သော။ သတ္တာဒိခဏ္ဍာနိ ဝါ = ခုနစ်ခန်း စသော အခန်း တို့သည်လည်းကောင်း။ ဟောန္တိ = ဖြစ်ကုန်၏၊ ဧဝံ တထာ တေန အာကာရေန = ထိုသို့သော အခြင်းအရာဖြင့်။ ဆိန္ဒိတွာ = ဖြတ်၍။

ထင်မြင်ချက်။ ။ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ် ဝန်းကြီး အိမ်ဝန်းငယ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်အပ်သည် ဟူသော ဗန်းမော်ဆရာတော်ဘုရားကြီး၏ ပြဆိုချက်များမှာ ခိုင်မာလှပေသည်။ ဆိုဦးအံ့ — ဤပါဌ်သည် ပထမ ကထိနသိက္ခာပုဒ်၌ ဖွင့်ဆိုသော ပါဌ်ဖြစ်၍ ကထိန်သင်္ကန်းနှင့် တိစီဝရိက်သင်္ကန်း ၃-ထည်တို့ကိုသာလျှင် ရည်၍ ဆိုခြင်း မဟုတ်၊ အခြား ဝတ်ရုံသော အပိုသင်္ကန်းများကိုလည်း ရည်၍ ဆိုခြင်း ဖြစ်သည် ဟူ၍ မှတ်ယူအပ်၏၊]

(၃) န အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ တဒဟေဝ သဉ္ဆိန္နေန သမဏ္ဍလီကတေန အတ္ထတံ ဟောတိ ကထိနံ။

တဒဟေဝ = ထိုကထိန်လျာ သင်္ကန်းရသော နေ့၌သာလျှင်။ သဉ္ဆိန္နေန = ကောင်းစွာ ဖြတ်သဖြင့်။ သမဏ္ဍလီကတေန = ကွဲအိမ်ဟု ဆိုအပ်သော မဟာမဏ္ဍလ, အဍ္ဎမဏ္ဍလတို့နှင့်တကွ ပြုအပ်သော။ ပဉ္စကေန ဝါ = ငါးစပ်ဖြတ်ကိုလည်းကောင်း။ အတိရေကပဉ္စကေန ဝါ = ငါးစပ်ငါးဖြတ်ထက် လွန်သော အစပ်အဖြတ်ကိုလည်းကောင်း။ အညတြ- ဌပေတွာ = ကြဉ်ထား၍။ ကထိနံ = ကထိန်သည်။ အတ္ထတံ = အခင်းမြောက်သည်။ န ဟောတိ = မဖြစ်။ [ဝိနည်းမဟာဝါပါဠိတော်]

န အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါတိ ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ကတွာ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ ဒေဿတွာ ကတေနေဝ ဝဋ္ဋတိ။ ဧဝဥှိ သမဏ္ဍလီကတံ ဟောတိ။ တံ ဌပေတွာ အညေန အစ္ဆိန္နကေန ဝါ ဒွတ္တိစတုခဏ္ဍေန ဝါ န ဝဋ္ဋတိ။

န အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါတိ = ဝါ ဟူသည်ကား။ ပဉ္စ ဝါ ခဏ္ဍာနိ = ငါးစပ် ငါးပိုင်းတို့ကိုလည်းကောင်း။ အတိရေကာနိ ဝါ ခဏ္ဍာနိ = ငါးစပ် ငါးပိုင်းထက် လွန်ကုန်သော သတ္တ နဝ ဧကာဒသ အစပ်အပိုင်းတို့ကို လည်းကောင်း။ ကတွာ = ဖြတ်သည်ကို ပြု၍။ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ = အိမ်ကွဲဟု ဆိုအပ်ကုန်သော မဟာမဏ္ဍလ, အဍ္ဎမဏ္ဍလတို့ကို။ ဒေဿတွာ = ဖြတ်သောအားဖြင့် ထင်စေ၍။ ကတေနေဝ = ချုပ်ခြင်းကို ပြုအပ်သော သင်္ကန်း ဖြင့်သာလျှင်။ ဝဋ္ဋတိ = ကထိန်ခင်းခြင်းငှာ အပ်၏၊ ဧဝံ ဟိ = ဤသို့ မဟာမဏ္ဍလ အဍ္ဎမဏ္ဍလတို့ကို ဖြတ်သောအားဖြင့် ထင်စေ၍ ချုပ်ခြင်းကို ပြုအပ် သော်သာလျှင်။ သမဏ္ဍလီကတံ = မဟာမဏ္ဍလ အဍ္ဎမဏ္ဍလတို့နှင့်တကွ ပြုအပ် သော ပဉ္စခန်း သတ္တခန်းစသော သင်္ကန်းသည်။ ဟောတိ = ဖြစ်၏၊ တံ = ထို မဟာမဏ္ဍလ အဍ္ဎမဏ္ဍလတို့နှင့်တကွ ပြုအပ်သော ပဉ္စခန်း သတ္တခန်း စသော သင်္ကန်းကို။ ဌပေတွာ = ကြဉ်ထား၍။ အညေန = တစ်ပါးသော။ အစ္ဆိန္နကေန ဝါ = အလျှင်းမဖြတ်သော သင်္ကန်းဖြင့်လည်းကောင်း။ ဒွတ္တိစတုခဏ္ဍေန ဝါ = နှစ်ပိုင်း သုံးပိုင်း လေးပိုင်းသာ အခန်းအစပ် ဖြတ်သော သင်္ကန်းဖြင့်လည်း ကောင်း။ န ဝဋ္ဋတိ = ကထိန်ခင်းခြင်းငှာ မအပ်။ (၎င်းပါဠိတော်၏ အဋ္ဌကထာ၊၊) ဤသို့လာသော ပါဠိ အဋ္ဌကထာ နှစ်ရပ်တို့၏ ပိဏ္ဍတ္ထ အဓိပ္ပာယ်ကို ထိုကထိန်လျာ အထည်အလိပ်ကို ရသည့်နေ့ ကောင်းစွာဖြတ်၍ မဟာမဏ္ဍလ အဍ္ဎမဏ္ဍလတို့နှင့် တကွ ချုပ်လုပ်အပ်သော ပဉ္စခန်း သတ္တခန်း စသော သင်္ကန်း မဟုတ်လျှင် ကထိန်အခင်း မမြောက်ဟု မှတ်ယူအပ်သည် ဖြစ်၍လည်း ချုပ်လုပ်အပ်သော မြောင်း တရုတ် ဟူသမျှကို အပိုင်းအပိုင်း ဓားငယ် စသည်ဖြင့် ဖြတ်၍ ချုပ်အပ်သည်ဟု မြဲမြဲ မှတ်လေ။

မှတ်ချက်။ ။ ဤ၌ ဟပ်မိနေ၍ ဆဋ္ဌမူ၊ မဟာဝဂ်ပါဠိတော် (မြန်မာပြန်) နှင့် ပရိဝါပါဠိတော် (မြန်မာပြန်)တို့၌ လာသော အဆိုများနှင့် ညောင်လေးပင် ဆရာတော်ဘုရား စီရင်သော ကထိန်အရသာကျမ်း၌ လာသော အဆိုကိုလည်း ကြားညှပ်၍ တင်ပြပါအံ့။

(က) ဆဋ္ဌမူ၊ မဟာဝဂ်ပါဠိတော် (မြန်မာပြန်) ကထိနက္ခန္ဓက နှာ-၃၅၇၊ အပိုဒ်-၃၀၈ ၌ လာသည့် ထိုရောက်သော နေ့မှာပင်လျှင် ဖြတ်အပ်သော အိမ်ကြီး အိမ်ငယ်နှင့် တကွသော ငါးခန်းသင်္ကန်းကိုလည်းကောင်း၊ ငါးခန်းထက် အလွန် သင်္ကန်းကိုလည်းကောင်း ကြဉ်ထား၍ ကထိန်ခင်းသော် ခင်းသည် မမည်ဆိုသော စကားနှင့် စာမျက်နှာ-၃၅၈၊ အပိုဒ်-၃၀၉ ၌ လာသည့် “ထိုရောက်သော နေ့မှာပင်လျှင် ဖြတ်အပ်သော အိမ်ကြီး အိမ်ငယ်နှင့်တကွသော ငါးခန်းသင်္ကန်းဖြင့် ဖြစ်စေ, ငါးခန်းထက် လွန်သော ခုနစ်ခန်း ကိုးခန်းသင်္ကန်း စသည်ဖြင့် ဖြစ်စေ ခင်းသော် ကထိန်ခင်းသည် မည်၏” ဆိုသော စကားများကို မြဲမြဲသတိရှိတော်မူကြပါကုန်။ [ဤစာပိုဒ်၌ လာသော “ထိုရောက်သော နေ့မှာပင် လျှင် ဖြတ်အပ်သော အိမ်ကြီး အိမ်ငယ်နှင့်တကွသော ငါးခန်းသင်္ကန်းကို လည်းကောင်း၊ ငါးခန်းထက် အလွန် သင်္ကန်းကိုလည်းကောင်း” ဆိုသောစကား များကို စိစစ်လျှင် ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်အပ်သည်ဟူသော သဘောမှာ ပေါ်လွင်ပါသည်။ အဘယ့်ကြောင့်နည်း? ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို ဖြတ်ဖို့ မလိုဟု ဆိုလျှင် စိစစ်ခဲ့ပြီးသော စကားအစီအစဉ်အစား ‘ဖြတ်အပ်သော’ဟူသော အထူးပြုပုဒ်ကို အိမ်ကြီး အိမ်ငယ် ရှေ့တွင် မထားဘဲ ငါးခန်းသင်္ကန်းရှေ့တွင် ထားကာ “ထို ရောက်သော နေ့မှာပင်လျှင် အိမ်ကြီး အိမ်ငယ်နှင့် တကွသော ဖြတ်အပ်သော ငါးခန်းသင်္ကန်းကိုလည်းကောင်း၊ ငါးခန်းထက်အလွန် သင်္ကန်းကိုလည်းကောင်း”ဟု ဆိုချိမ့်မည် ဟူသောကြောင့်တည်း။ သိလောက်ပြီ။ အောက်၌ ပြလတ္တံ့သော စာပိုဒ် (ခ)၏ အဓိပ္ပာယ်ကိုလည်း ဤအတိုင်း သိတော်မူကြပါကုန်။]

(ခ) ထိုနေ့ပင် ကောင်းစွာ ဖြတ်အပ်သော အိမ်ရှည် အိမ်တိုနှင့် တကွဖြစ် သော ငါးခန်း ငါးခန်းထက် အလွန်ကို ထား၍ ကထိန် မခင်းအပ်။ ဆဋ္ဌမူ၊ ပရိဝါပါဠိတော် (မြန်မာပြန်) ကထိနဘေဒ၊ နှာ-၃၉၈၊ အပိုဒ်-၄၀၃။ ထိုနေ့ပင် ကောင်းစွာ ဖြတ်အပ်သော အိမ်ရှည် အိမ်တိုနှင့်တကွဖြစ်သော ငါးခန်း သင်္ကန်းဖြင့်လည်းကောင်း၊ ငါးခန်းထက်လွန်သော သင်္ကန်းဖြင့်လည်းကောင်း ကထိန် ခင်းအပ်၏၊ ဆဋ္ဌမူ၊ ပရိဝါပါဠိတော် (မြန်မာပြန်) ကထိနဘေဒ၊ နှာ-၃၉၉၊ အပိုဒ် ၄၀၃။ [အိမ်ရှည် အိမ်တို ဟူရာ၌ အိမ်ကြီးနှင့် အိမ်ငယ်တို့ကို ဆိုလိုသည်။ အိမ်ကြီးနှင့် အိမ်ငယ်ဆိုသော စကားသည် ငါးပိုင်း ငါးစပ် စသော အခန်းတို့ကို ဆိုသည် မဟုတ်၊ ထိုအခန်းတို့ကို ဖွဲ့စပ်သော အခန်းနှစ်ခုတို့ကို ဆိုသည်၊ ၎င်းတို့ နှစ်ခုတွင် အကြီးကို အချို့က အိမ်ဝန်းကြီး ဟူ၍လည်းကောင်း၊ အချို့က အိမ်ကြီး ဟူ၍လည်းကောင်း ခေါ်၏၊ အငယ်ကို အချို့က အိမ်ဝန်းငယ်ဟူ၍လည်းကောင်း၊ အချို့က အိမ်ငယ်ဟူ၍လည်းကောင်း ခေါ်၏၊ ငါးပိုင်း ငါးစပ် စသော အခန်းတို့နှင့်တကွ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ် လျှင် မြောင်း တရုတ်တို့ကိုလည်း အပိုင်းပိုင်း ဖြတ်ယူရမည်ဟူ၍ သိ။ အောက်၌ ပြဆိုထားသော သင်္ကန်းချုပ်လုပ်ပုံ အခန်း၌ ဖော်ပြထားသည်။]

(ဂ) ညောင်လေးပင်မြို့၊ တောရကျောင်းတိုက်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ၊ နာယကဆရာတော်ဘုရား စီရင်တော်မူသော ကထိန်အရသာကျမ်း၊ စာမျက်နှာ-၆၅၊ အမှတ်-၂၂ ၌ ကထိန်အခင်း မမြောက်ပုံ ၂၄-ပါးကို ပြရာတွင် “ငါးခန်း, ငါးခန်းထက် အလွန်ရှိသော ထိုနေ့ဖြတ်သော အိမ်ကြီး အိမ်ငယ်နှင့် တကွသော သင်္ကန်းမှ တစ်ပါးသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ခင်းသည် မမည်”ဟု ဆို၏၊ [ဤစာပိုဒ်၌ လာသည့် “ထိုနေ့ဖြတ်သော”ဆိုသော စကားသည် “ငါးခန်း ငါးခန်းထက် အလွန်ရှိသော”ဆိုသော စကားများ၏ ရှေ့မှ မလာဘဲ နောက်မှ လာသည်ကို ထောက်၍ ဤရှိရင်းစွဲ စာသွားအတိုင်း အဓိပ္ပာယ်ကောက်လျှင် ငါးပိုင်း ငါးစပ်စသော အခန်းတို့ကို မဖြတ်ဘဲ နေမည်ဆိုလျှင် နေနိုင်၏၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကိုမူကား မဖြတ်ဘဲနေလို့ မဖြစ်ဟူ၍ ဆိုရပေမည်။ ငါးပိုင်း ငါးစပ် စသော အခန်းတို့ကို ဖြတ်ခြင်းနှင့် ပတ်သက်၍ ဝိဝါဒ မရှိရကား ၎င်းတို့ကိုလည်း ဖြတ်သော ကိစ္စ၌ သိမ်းကျုံး၍ ထိုဆရာတော်ဘုရားဆိုသည် ဟူ၍ သိအပ်၏၊]

(၄) “ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ကတွာ”ဟု အဋ္ဌကထာလာခြင်း ကြောင့် ပဉ္စခန်းစသည် ဖြစ်ခြင်း၏အကြောင်း မြောင်းကိုသာ ဖြတ်၍ ချုပ်သည်။ တရုတ်ကိုကား “မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ ဒေဿတွာ”ဟု အဋ္ဌကထာ လာခြင်းကြောင့် ပိုင်းပိုင်းဖြတ်၍ မချုပ်သော်လည်း ကွဲအိမ်ထင်ရုံမျှ ချုပ်ရိုးပြကာ ဖြင့်ပင် အပ်ပါသကော ဟူငြားအံ့၊ မအပ်လေသည်သာ။ ဆိုရာဆိုစု တစ်ခုတွေ့ တစ်ခုမှတ်မျှနှင့် အပ်ပါသကောဟု အပြောအဆို အလွန်မောက်မို အားကြီးလွန်း သည်။ ၎င်း အဋ္ဌကထာ၏ အဓိပ္ပာယ်ကို ထိုကဲ့သို့ မမှတ်အပ်။ မှတ်ချေသည်ရှိ သော် ၎င်းအဋ္ဌကထာ၏ သံဝဏ္ဏေတဗ္ဗပါဠိတော်၌ မဟာမဏ္ဍလ အဍ္ဎမဏ္ဍလတို့နှင့် တကွ ပဉ္စခန်း သတ္တခန်း စသည်ပြုရာသော အကြောင်းကြိယာပြ ‘သဉ္ဆိန္နေန’ဟူသော ပုဒ်နှင့် ဝိရုဒ္ဓသဘော ဖြစ်ခဲ့ရာသည်။ ပြဆိုအပ်ခဲ့ပြီးသော ကထိန်သင်္ကန်း၏ ပုဗ္ဗကရဏ ခုနစ်ပါးကို ဟောရာ ပရိဝါပါဠိတော်နှင့်လည်း မနှီးနှောလေရာ။ ပြဆိုအပ်ပြီးသော ကင်္ခါဋီကာ စာကိုယ်လာဟန်ကို ထောက်၍ ‘ကတွာ, ဒေဿတွာ’ဟူသော ပုဒ်တို့၏ အနက်အဓိပ္ပာယ်သည် ‘ဆိန္ဒိတွာ’ ဟူသော ပုဒ်၏ အနက်အဓိပ္ပာယ်ပင်တည်းဟု အသင့်အားဖြင့် မှတ်ယူ၍ ပဉ္စခန်း စသည်ဖြစ်ခြင်း၏ အကြောင်း မြောင်းကိုသာ ဖြတ်၍ ချုပ်အပ်သည် မဟုတ်၊ ကွဲအိမ်ဖြစ်ခြင်း၏ အကြောင်းဟုတ်သော တရုတ်ကိုလည်း ဖြတ်၍ ချုပ်အပ်သည် ဟု မှတ်ယူသင့်သည်။ ကထိန်အခင်း ချို့တဲ့ပျက်စီးခြင်း အကြောင်းသုံးပါးကို ဖွင့်ဆိုရာ ပရိဝါအဋ္ဌကထာ၌လည်း ကရဏဝိပန္နံ နာမ တဒဟေဝ ဆိန္ဒိတွာ အကတံ။ တဒဟေဝ = ထိုကထိန်လျာ အဝတ်သင်္ကန်းကို ရသောနေ့၌သာလျှင်။ ဆိန္ဒိတွာ = ဓားငယ် စသည်ဖြင့် ပိုင်းပိုင်းဖြတ်၍။ အကတံ = ချုပ်လုပ်ခြင်းကို မပြုအပ်သော သင်္ကန်းသည်။ ကရဏဝိပန္နံ နာမ = အချုပ်အလုပ် ချို့တဲ့ ချွတ်ယွင်းသည် မည်၏၊ ဤသို့ သာမညချုပ်ချုပ်သမျှ အရာကို နှံ့စေ၍ မိန့်အပ် လေသည်ကို ထောက်ထားသဖြင့်လည်းကောင်း၊ ချုပ်သော အရာချည်း ဖြစ်လျက် တစ်လုံးစား တစ်ကွက်ကျန် မြောင်းအစပ်ကိုသာ ဖြတ်၍ ကွဲအိမ် တရုတ်ကို မဖြတ် နေအပ်သော ယုတ္တိသဘော မရှိကောင်းရာသည်ကို ဆင်ခြင်သဖြင့် လည်းကောင်း၊ မြောင်းသော တရုတ်သောဟု သဘောမမှတ်၊ ချုပ်ချုပ်သမျှ အရပ်ကို ဖြတ်၍သာ ချုပ်အပ်လေသည်ဟု မှတ်ယူ နှလုံးသွင်းရာသည်။ [‘ဒေဿတွာ’ဆိုသော ပါဠိစကား၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ဉာဏ်မီသလောက် အရပ်သုံး အသုံးအနှုန်းဖြင့် ရေး၍ ရှင်းပြပါအံ့။ ‘ဒေဿတွာ’ဆိုသော ပါဠိစကားကို မြန်မာလို တိုက်ရိုက်ပြန်ဆိုလျှင် “ပြ၍ (ထင်စေ၍)”ဟု ပြန်ဆိုရပေမည်၊ ပြ၍ (ထင်စေ၍) ဆိုသော စကားဖြင့် ဆက်စပ်၍ ပြန်ဆိုလျှင် “မဟာမဏ္ဍလ အဍ္ဎမဏ္ဍလာနိ ဒေဿတွာ”ဟူသော ပုဒ်သည် “အိမ်ဝန်းကြီး အိမ်ဝန်းငယ် တို့ကို ပြ၍ (ထင်စေ၍)”ဟု အဓိပ္ပာယ်ထွက်သည်။ ပြ၍ (ထင်စေ၍) ဆိုသော စကားမှာ စာပေအသုံးအနှုန်း ဖြစ်၍ အဓိပ္ပာယ် ထင်ထင်ရှားရှား မပေါ်လွင်ရ ကား ဆိုလိုရင်း အဓိပ္ပာယ်ကို ထင်ထင်ရှားရှား ပေါ်လွင်စေခြင်းငှာ အရပ်သုံး အသုံးအနှုန်းဖြင့် ပြန်ဆိုပါအံ့။ သက်ဆိုင်သော အကြောင်းအရာကို ထောက်၍ အရပ်သုံး အသုံးအနှုန်းဖြင့် ပြန်ဆိုလျှင် အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို ပြ၍ (ထင်စေ၍)ဆိုသော စကားသည် အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို (ရုပ်လုံးဖော်၍ဟု အဓိပ္ပာယ်ထွက်သည်။ ရှင်းပြပါအံ့ — ပါဠိတော်၌ သင်္ကန်းချုပ်လုပ် ပုံကို ဖော်ပြရာဝယ် ငါးပိုင်း ငါးစပ် စသော အခန်းတို့နှင့် တကွ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ထည့်သွင်းထားသည်။ ဤသို့ ထည့်သွင်းထား သည်ကို ထောက်သောအားဖြင့် မဟာဝါအဋ္ဌကထာ ဆရာသည် ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ ဖော်၍ အိမ်ဝန်းကြီး အိမ်ဝန်း ငယ်တို့ကို မဖော်ဘဲ ချုပ်မည်စိုး၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကိုလည်း (ရုပ်လုံးဖော်၍ ချုပ်စေလို သော စေတနာဖြင့် ဒေဿတွာဆိုသော စကားကို သုံးစွဲခြင်းဖြစ်သည်ဟူ၍ ထင်မြင်ပါ၏၊ ထို့ကြောင့် ဒေဿတွာဆိုသော ပါဠိစကားကို အရပ်သုံး အသုံး အနှုန်းဖြင့် ပြန်ဆိုလျှင် ဤနေရာ၌ (ရုပ်လုံးဖော်၍ဟု အဓိပ္ပာယ်ထွက်သည်။ ‘(ရုပ်လုံးဖော်၍”ဆိုသော စကားကို စိစစ်လျှင် အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို မည်ကဲ့သို့ (ရုပ်လုံး) ဖော်ရမည်နည်း? ဓား စသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်ခြင်း ဖြင့် ဖော်ရမည်လော? သို့တည်းမဟုတ် ဓားဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်ခြင်းဖြင့် ဖော်ပြရမည်လော? ဟူ၍ မေးဖွယ် ရှိ၏၊ အဖြေကား ခေါက်၍ မချုပ်ဘဲ ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်ခြင်းဖြင့် ဖော်ရမည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်နည်း? ပါဠိတော်၌ ဖြတ်၍ချုပ်ရမည်ဟု ဆိုထားခြင်းကြောင့် မဟာဝါအဋ္ဌကထာဆရာသည် ဓားစသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်ခြင်းဖြင့် ဖော်ခြင်းကို မည်သည့်နည်းနှင့်မှ ဆိုလိုမည် မဟုတ်ပေဟူသော ကြောင့်တည်း။ ပြဆိုခဲ့ပြီးသော အချက်အလက် အကြောင်းအရာများကို ထောက်သောအားဖြင့် “ကတွာ ဒေဿတွာ ဟူသော ပုဒ်တို့၏ အနက်အဓိပ္ပာယ် သည် ဆိန္ဒိတွာ ဟူသော ပုဒ်၏ အနက်ပင်တည်းဟု အသင့်အားဖြင့် မှတ်ယူ၍” ဟူသော ဗန်းမော်ဆရာတော်ဘုရားကြီး၏ အဆိုမှာ ဆီလျော်လှသည်၊ သဘာဝ ကျလှသည်ဟူ၍ ဆိုအပ်ပါသည်။ ဆိုဦးအံ့ — မဟာဝါ အဋ္ဌကထာဆရာနှင့် ပရိဝါ အဋ္ဌကထာဆရာသည် ရှင်မဟာဗုဒ္ဓဃောသ တစ်ဦးတည်းပင် ဖြစ်ရကား မဟာဝါအဋ္ဌကထာ၌လာသော ‘ဒေဿတွာ’ဆိုသော စကားနှင့် ပရိဝါအဋ္ဌကထာ၌လာသော ‘ဆိန္ဒိတွာ’ဆိုသော စကားတို့၏ အနက်အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်ရပေမည်။ အဘယ်ကြောင့်နည်း? အကြောင်းအရာ တစ်ခုတည်းကို ပင် တစ်နေရာ၌ အဓိပ္ပာယ်တစ်မျိုး, အခြားတစ်နေရာ၌ အဓိပ္ပာယ်တစ်မျိုး, အဓိပ္ပာယ်နှစ်မျိုးဖြင့် အဘယ်ဆရာမှ ဆိုမည် မဟုတ်သောကြောင့်တည်း။ ပြဆို ခဲ့ပြီးသော ဗန်းမော်ဆရာတော်ဘုရားကြီး၏ အဆိုအမှတ် (၂)၌ ဖော်ပြထား သော ကင်္ခါဝိတရဏီအဋ္ဌကထာဆရာသည်လည်း ရှင်မဟာဗုဒ္ဓဃောသပင် ဖြစ်၍ ထိုဆရာဆိုသော “သစေ ကတစီဝရမေဝ ဥပ္ပဇ္ဇတိ၊ သုန္ဒရမေဝ၊ အစ္ဆိန္နာသိဗ္ဗိတံ ပန န ဝဋ္ဋတိ”ဟူသော ပါဌ်၌လာသည့် “အစ္ဆိန္နာ သိဗ္ဗိတံ = မဖြတ်ဘဲ ချုပ်ခဲ့သော သင်္ကန်းသည်”ဆိုသော စကားကို စိစစ်လျှင် ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်သော သင်္ကန်းသည် မအပ်ဟူသော သဘောမှာ ပေါ်လွင်ပါသည်၊၊]

(၅) မြောင်း တရုတ် ချုပ်ချုပ်သမျှ အရပ်ကို ပိုင်းပိုင်းဖြတ်လျှင် ပဉ္စခန်း သင်္ကန်း၌ပင် ငါးစပ် ငါးလွှာမက အစပ်အလွှာ များခဲ့ရာ၍ သင့်နိုင်စရာ သဘော ယုတ္တိ ရှိနိုင်ပါအံ့လော ဟူပြန်ငြားအံ့။ သဗ္ဗညု ဘုရားသခင်သည် ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏာပထသို့ ဒေသစာရီအကြွတွင် မဂဓရာဇ်တိုင်းသားတို့၏ လယ်ခင်း လယ်တာပုံကို နည်းပြ၍ သင်္ကန်းစီရင်လိုကြောင်းနှင့် အမိန့်တော်မြတ် ရှိ၍ အရှင်အာနန္ဒာသည် ကောင်းစွာ သင်္ကန်းချုပ်လုပ်စီရင်၍ ပြလာသည်ကာလ-

ပဏ္ဍိတော ဘိက္ခဝေ အာနန္ဒော၊ မဟာပညော ဘိက္ခဝေ အာနန္ဒော၊ ယတြ ဟိ နာမ မယာ သံခိတ္တေန ဘာသိတဿ အတ္ထံ ဝိတ္ထာရေန အာဇာနိဿတိ၊ ကုသိမ္ပိ နာမ ကရိဿတိ၊ အဍ္ဎကုသိမ္ပိ နာမ ကရိဿတိ၊ မဏ္ဍလမ္ပိ နာမ ကရိဿတိ၊ အဍ္ဎမဏ္ဍလမ္ပိ နာမ ကရိဿတိ၊ ဝိဝဋ္ဋမ္ပိ နာမ ကရိဿတိ၊ အနုဝိဝဋ္ဋမ္ပိ ကရိဿတိ၊ ဂီဝေယျကမ္ပိ နာမ ကရိဿတိ၊ ဇင်္ဃေယျကမ္ပိ နာမ ကရိဿတိ၊ ဗာဟန္တမ္ပိ နာမ ကရိဿတိ၊ ဆိန္နကံ ဘဝိဿတိ သတ္ထလူခံ၊ သမဏသာရုပ္ပံ၊ ပစ္စတ္ထိကာနဉ္စ အနဘိစ္ဆိတံ၊ အနုဇာနာမိ ဘိက္ခဝေ ဆိန္နကံ သံဃာဋိံ၊ ဆိန္နကံ ဥတ္တရာသင်္ဂံ၊ ဆိန္နကံ အန္တရဝါသကံ။

ဘိက္ခဝေ = ရဟန်းတို့။ အာနန္ဒော = အာနန္ဒာသည်။ ပဏ္ဍိတော = အကြောင်းအကျိုးကို ထိုးထွင်း၍ သိတတ်သော ဉာဏ်ရှိ၏၊ ဘိက္ခဝေ = ရဟန်းတို့။ အာနန္ဒော = အာနန္ဒာသည်။ မဟာပညော = ကြီးကျယ်သော ပညာရှိ၏၊ မယာ = ငါဘုရားသည်။ သံခိတ္တေန = အကျဉ်းအားဖြင့်။ ဘာသိတဿ = ဟောပြောအပ်သော စကား၏၊ အတ္ထံ = အနက်ကို။ ယတြ ဟိ နာမ- ယော နာမ အာနန္ဒော = အကြင်အာနန္ဒာသည်။ ဝိတ္ထာရေန = အကျယ်အားဖြင့်။ အာဇာနိဿတိ = သိနိုင်ဘိ၏၊ သော အာနန္ဒော = ထို အာနန္ဒာသည်။ ကုသိမ္ပိ နာမ = အနားပတ်လွှာ မြောင်းရှည်လွှာမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ အဍ္ဎကုသိမ္ပိ နာမ = တရုတ်မြောင်းတိုလွှာမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ မဏ္ဍလမ္ပိ နာမ = အိမ်ဝန်းကြီး မဟာမဏ္ဍလမည်သည် ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ အဍ္ဎမဏ္ဍလမ္ပိ နာမ = အိမ်ဝန်းငယ် အဍ္ဎမဏ္ဍလမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဝိဝဋ္ဋမ္ပိ နာမ = ကွဲအိမ် နှစ်ခုကို တပေါင်းတည်းပြု၍ ချုပ်အပ်သော ခေါင်စပ်မည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ အနုဝိဝဋ္ဋမ္ပိ နာမ = ခေါင်ရံစပ်မည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဂီဝေယျကမ္ပိ နာမ = လည်ထိရာ အရပ်၌ ထပ်၍ချုပ်အပ်သော အာဂန္တုကလွှာမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဇင်္ဃေယျကမ္ပိ နာမ = သားလုံးမြင်းခေါင်းထိရာ အရပ်၌ ထပ်၍ချုပ်အပ်သော အာဂန္တုကလွှာမည် သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဗာဟန္တမ္ပိ နာမ = လက်လိပ်စပ်မည်သည် ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ သတ္ထလူခံ = ဓားလှီး၍။ ဆိန္နကံ = ဖြတ်အပ် သည်။ ဘဝိဿတိ = ဖြစ်ဘိ၏၊ သမဏသာရုပ္ပံ = ရဟန်းအား လျောက်ပတ် ပေစွ။ ပစ္စတ္ထိကာနဉ္စ = ရန်သူတို့သည်မူလည်း။ အနဘိစ္ဆိကံ = လိုချင်ဖွယ် မရှိဘိ စွ။ ဘိက္ခဝေ = ရဟန်းတို့။ ဆိန္နကံ = ဖြတ်အပ်သော။ သံဃာဋိံ = ဒုကုဋ်ကို။ ဆိန္နကံ = ဖြတ်အပ်သော။ ဥတ္တရာသင်္ဂံ = ကိုယ်ဝတ်ကို။ ဆိန္နကံ = ဖြတ်အပ် သော။ အန္တရဝါသကံ = သင်းပိုင်ကို။ အနုဇာနာမိ = ငါဘုရား ခွင့်ပြုတော်မူ၏၊

ဝိနည်းမဟာဝါ ပါဠိတော်။ ။ [သင်္ကန်းချုပ်လုပ်ထားပုံကို မိန့်ဆိုတော်မူပြီးမှ “သတ္ထလူခံ = ဓားလှီး၍။ ဆိန္နကံ = ဖြတ်အပ်သည်။ ဘဝိဿတိ = ဖြစ်ဘိ၏” ဆိုသော စကားကို မိန့်ဆိုသည်ကို ထောက်သောအားဖြင့် ငါးပိုင်း ငါးစပ်စသော အခန်းတို့နှင့်တကွ အိမ်ဝန်းကြီး အိမ်ဝန်းငယ် စသည်တို့ကို ဓားဖြင့် ပိုင်းပိုင်း ဖြတ်၍ ချုပ်အပ်ပေသည် ဟူ၍ မှတ်ယူအပ်၏၊]

(၆) ကုသိမ္ပိ နာမာတိအာဒီသု ကုသီတိ အာယာမတော စ ဝိတ္ထာရတော စ အနုဝါတာဒီနံ ဒီဃပတ္တာနမေတံ အဓိဝစနံ။ အဍ္ဎကုသီတိ အန္တရန္တရာ ရဿပတ္တာနံ နာမံ။ မဏ္ဍလန္တိ ပဉ္စခဏ္ဍိကစီဝရဿ ဧကေကသ္မိံ ခဏ္ဍေ မဟာမဏ္ဍလံ။ အဍ္ဎမဏ္ဍလန္တိ ခုဒ္ဒကမဏ္ဍလံ။ ဝိဝဋ္ဋန္တိ မဏ္ဍလဉ္စ အဍ္ဎမဏ္ဍလဉ္စ ဧကတော ကတွာ သိဗ္ဗိတံ မဇ္ဈိမခဏ္ဍံ။

အနုဝိဝဋ္ဋန္တိ တဿ ဥဘောသု ပေဿသု ဒွေ ခဏ္ဍာနိ။ ဂီဝေယျကန္တိ ဂီဝါဝေဌနဋ္ဌာနေ ဒဠှီကရဏတ္ထံ အညံ သုတ္တသံသိဗ္ဗိတံ အာဂန္တုကပတ္တံ။ ဇင်္ဃေယျကန္တိ ဇင်္ဃပါပုဏနဋ္ဌာနေ တထေဝ သံသိဗ္ဗိတံ ပတ္တံ။ ဂီဝဋ္ဌာနေ စ ဇင်္ဃဋ္ဌာနေ စ ပတ္တာနမေဝေတံ နာမန္တိပိ ဝဒန္တိ။ ဗာဟန္တန္တိ အနုဝိဝဋ္ဋာနံ ဗဟိ ဧကေကံ ခဏ္ဍံ။ ဣတိ ပဉ္စခဏ္ဍိကစီဝရေနေတံ ဝိစာရိတံ။

ကုသိမ္ပိ နာမာတိ အာဒီသု = ကုသိမ္ပိ နာမ ဤသို့ အစရှိသော ပါဠိတော် တို့၌။ ကုသီတိ ဧတံ = ‘ကုသီ’ဟူသော ထိုအမည်သည်။ အာယာမတော စ = အလျားအားဖြင့်လည်းကောင်း။ ဝိတ္ထာရတော စ = အနံအားဖြင့်လည်းကောင်း။ အနုဝါတာဒီနံ = အနားပတ် အစရှိကုန်သော။ ဒီဃပတ္တာနံ = ရှည်သော အနား ပတ်ပိုင်းလွှာတို့၏၊ အဓိဝစနံ = အမည်တည်း။ အဍ္ဎကုသီတိ ဧတံ = ‘အဍ္ဎကုသီ’ ဟူသော ထိုအမည်သည်။ အန္တရန္တရာ = ကွဲအိမ်တို့၏ အကြားအကြား၌။ ရဿပတ္တာနံ = တိုသော တရုတ်ပိုင်းလွှာတို့၏၊ နာမံ = အမည်တည်း။ မဏ္ဍလန္တိ = မဏ္ဍလံဟူသည်ကား။ ပဉ္စခဏ္ဍိကစီဝရဿ = ငါးစပ် ငါးပိုင်းရှိသော သင်္ကန်း၏၊ ဧကေကသ္မိံ = တစ်ခုတစ်ခုသော။ ခဏ္ဍေ = အစပ်အပိုင်း၌။ မဟာမဏ္ဍလံ = အိမ်ဝန်းကြီးတည်း။ အဍ္ဎမဏ္ဍလန္တိ = ‘အဍ္ဎမဏ္ဍလံ’ဟူသည်ကား။ ခုဒ္ဒကမဏ္ဍလံ = အိမ်ဝန်းငယ်တည်း။ ဝိဝဋ္ဋန္တိ = ‘ဝိဝဋ္ဋ’ဟူသည်ကား။ မဏ္ဍလဉ္စ = အိမ်ဝန်းကြီး လွှာကိုလည်းကောင်း။ အဍ္ဎမဏ္ဍလဉ္စ = အိမ်ဝန်း ငယ်လွှာကိုလည်းကောင်း။ ဧကတော = တပေါင်းတည်း။ ကတွာ = ပြု၍။ သိဗ္ဗိတံ = ချုပ်အပ်သော။ မဇ္ဈိမခဏ္ဍံ = အလယ်ခေါင်စပ်ပိုင်းလွှာတည်း။ အနုဝိဝဋ္ဋန္တိ = ‘အနုဝိဝဋ္ဋံ’ဟူသည် ကား။ တဿ = ထိုခေါင်စပ်ပိုင်းလွှာ၏၊ ဥဘောသု ပေဿသု = လက်ဝဲ လက်ယာ နံပါးနှစ်ဘက်တို့၌။ ဒွေ = နှစ်ခုကုန်သော။ ခဏ္ဍာနိ = အစပ်အပိုင်း အလွှာတို့တည်း။ ဂီဝေယျကန္တိ = ‘ဂီဝေယျကံ’ဟူသည်ကား။ ဂီဝဝေဌနဋ္ဌာနေ = လည်ကို ရစ်ပတ်ရာအရပ်၌။ ဒဠှီကရဏတ္ထံ = မြဲမြံစွာ ပြုခြင်းငှာ။ အညံ = တစ်ပါးသော။ သုတ္တသံသိဗ္ဗိတံ = ချည်ဖြင့် ကောင်းစွာ ချုပ်အပ်သော။ အာဂန္တုကပတ္တံ = ပြင်ထပ်ပေးသော အာဂန္တုကလွှာ တည်း။ ဇင်္ဃေယျကန္တိ = ဇင်္ဃေယျကံဟူသည်ကား။ ဇင်္ဃေပါပုဏနဋ္ဌာနေ = သလုံးမြင်းခေါင်းသို့ ရောက်ရာ အရပ်၌။ တထေဝ = ထိုဂီဝေယျက အတူသာလျှင်။ သံသိဗ္ဗိတံ = ကောင်းစွာ ချုပ်အပ်သော။ ပတ္တံ = အလွှာတည်း။ ဧတံ = ထိုဂီဝေယျကံ, ဇင်္ဃေယျကံဟူသော အမည်သည်။ ဂီဝဋ္ဌာနေ စ = လည် ထိပါးရာ အရပ်၌လည်းကောင်း။ ဇင်္ဃဋ္ဌာနေ စ = သလုံးမြင်းခေါင်း ထိပါးရာ အရပ်၌လည်းကောင်း။ ပတ္တာနမေဝ = ပကတိ အလွှာတို့၏သာလျှင်။ နာမံ = အမည်တည်း။ ဣတိ = ဤသို့လည်း။ ဝဒန္တိ =ဆိုကြကုန်၏၊ ဗာဟန္တန္တိ = ‘ဗာဟန္တံ’ ဟူသည်ကား။ အနုဝိဝဋ္ဋာနံ = ခေါင်ရံစပ် တို့၏၊ ဗဟိ = အပ၌။ ဧကေကံ = တစ်ဘက် တစ်ခုစီသော။ ခဏ္ဍံ = အစပ်အပိုင်း အလွှာတည်း။ ဣတိ = ဤသို့။ ပဉ္စခဏ္ဍိကစီဝရေန = ငါးစပ် ငါးခန်းရှိသော သင်္ကန်းဖြင့်။ ဧတံ = ထိုကုသိ အစရှိသော အလုံးစုံကို။ ဝိစာရိတံ = စီရင်အပ်၏၊ [၎င်း ဝိနည်း မဟာဝါအဋ္ဌကထာ။]

(၇) အာဒိသဒ္ဒေန ဒွိန္နံ ခဏ္ဍိကာနံ အန္တရာ မာတိကာကာရေန ထပိတပတ္တဉ္စ ဒီဃပတ္တန္တိ ဒဋ္ဌဗ္ဗံ။ အာဒိသဒ္ဒေန = အာဒိသဒ္ဒါဖြင့်။ ဒွိန္နံ = နှစ်ခုကုန်သော။ ခဏ္ဍိကာနံ = အခန်းအလွှာတို့၏၊ အန္တရာ = အကြား၌။ မာတိကာကာရေန = မြောင်း၏ အခြင်းအရာဖြင့်။ ထပိတပတ္တဉ္စ = ထားအပ်သော မြောင်းလွှာကို လည်း။ ဒီဃပတ္တန္တိ = ဒီဃပတ္တဟူ၍။ ဒဋ္ဌဗ္ဗံ = မှတ်အပ်၏၊ ၎င်း အဋ္ဌကထာမှာ ‘အနုဝါတာဒီနံ’ဟူသော ပုဒ်၏ အဖွင့် ဝိမတိဝိနောဒနီဋီကာ။ ဤသို့လာသော ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ သင်္ကန်းချုပ်လုပ်စီရင်ပုံနှင့် ညီစွာ တရုတ်လွှာကို မရိယာဒ ထား၍ မဟာမဏ္ဍလလွှာ, အဍ္ဎမဏ္ဍလလွှာတို့ကို တပေါင်းတည်း ပြုလုပ်၍ ချုပ်အပ်သော် တခဏ္ဍက ဖြစ်၏၊ မြောင်းရှည်လွှာကို မရိယာဒ ထား၍ ၎င်းခဏ္ဍက ငါးခုတို့ကို တပေါင်းတည်း ပြုလုပ်၍ ချုပ်အပ်ပြီးလျှင် အနားပတ် တင်ခြင်း၊ အနုဇာနာမိ ဘိက္ခဝေ ဂဏ္ဌိကပ္ဖလကံ အန္တေ အပ္ပေတုံ၊ ပါသကပ္ဖလကံ သတ္တင်္ဂုလံ ဝါ အဋ္ဌင်္ဂုလံ ဝါ ဩဂါဟေတွာ အပ္ပေတုံ —ဟူသော ပါဠိတော်နှင့် လျော်စွာ ကမ္ပတ်သီးအိမ်ကို အနားပတ်စွန်း၌ တပ်ခြင်း၊ ကမ္ပတ်ကွင်းအိမ်ကို ခုနစ်သစ် ရှစ်သစ် အနားပတ်တွင်းသို့ ဆုတ်၍ တပ်ခြင်းအမှုတို့ကို ပြုပြီးသည့် ကာလ ပဉ္စခန်းသင်္ကန်း၏ ချုပ်လုပ်ရခြင်း ကိစ္စ ပြီး၏၊ သတ္တခန်း၊ နဝခန်း၊ ဧကာဒသခန်းတို့ကို ထိုနည်းကို မှီ၍ သိအပ်၏၊ ဧကာဒသခန်းထက် လွန်၍ ကျမ်းဂန်မလာ။ သင်္ကန်းလျာ အထည်အလိပ်များကို အနံ လက်လေးသစ် အောက် ဆုတ်ဖြတ်၍ ဝေခြမ်းလျှင် အနားပတ်လွှာ၊ မြောင်း တရုတ်လွှာမျှ မရ။ အပရိဘောဂ ဖြစ်လေရာ၍ စီဝရဘာဇကရဟန်းအား တားမြစ်အပ်သော ဟေဋ္ဌိမပရိစ္ဆေဒေန စတုရင်္ဂုလဝိတ္ထာရံပိ —အစရှိသည်ဖြင့် လာသော အဋ္ဌကထာ စကားကို ထောက်က အနံ လက်လေးသစ်အောက် မြောင်း တရုတ်များကိုလည်း သေးငယ်စေလွန်းသဖြင့် မသင့်ရာ ဖြစ်၍ ဧကာဒသခန်းထက် လွန်လျှင် အခန်း အစပ်မှန်း မြောင်း တရုတ်မှန်း မသိ ရှိခဲ့ရာ၏၊ ထို့ကြောင့် ကျမ်းဂန်လာသမျှ ဧကာဒသခန်းထက် လွန်၍ သင့်အံ့ မထင်။ ဤသို့ သင်္ကန်းစီရင်အပ်သော အရာ၌ မြောင်းလွှာ, တရုတ်လွှာ, မဟာမဏ္ဍလလွှာ, အဍ္ဎမဏ္ဍလလွှာ, အနားပတ်လွှာ, ကမ္ပတ်အိမ်လွှာတို့သည် ထင်ရှားစွာလာရာ ငါးစပ်ငါးလွှာမက အစပ် အလွှာများခဲ့ရာသည်ဟု မြောင်း တရုတ်တို့ကို မဖြတ်မူ၍ မချုပ်မနေရာ၊ ဖြတ်၍ ချုပ်မှသာ သင့်နိုင်ရာသော သဘောယုတ္တိရှိချေသည်ဟူ၍ မှတ်ယူနှလုံးထားအပ် သည်။

(၈) အများတကာပင် မဖြတ်ဘဲ ပြုကြသည့် အမှုဖြစ်၍ သူများတကာ ရှေးအစဉ်အလာတို့ ပြုထုံးကျင့်ပုံသို့သာ လိုက်၍ ပြုကျင့်အပ်သည်။ သူများတကာထက် လိမ်မာချင် တတ်ချင်၍ မသင့် ဟူငြားအံ့။ တတ်ချင် လိမ်မာချင်၍ ဟူသော ထိုစကားကို မဆိုသင့် မဆိုအပ်။ သဗ္ဗညုဘုရားသခင် ရွှေပြည်နိဗ္ဗာန်စံဝင်တော်မူ၍ များမကြာ နှစ်တစ်ရာတိုင် ရောက်လျှင်ပင် ဒုတိယသင်္ဂါယနာတင် ရဟန္တာအရှင်မြတ်တို့သည် အာစိဏ္ဏကပ္ပေါ ဧကစ္စော ကပ္ပတိ၊ ဧကစ္စော န ကပ္ပတိ —ဟု ရှေးဆရာတို့ အလေ့အလာ အကျင့်သည် အချို့အပ်, အချို့မအပ်ရှိ ကြောင်းကို မိန့်ဆို ဆုံးဖြတ်တော်မူကြသည်ကို ထောက်ရှုလျှင် ယခုကာလမှာ ဆိုဖွယ်ရာ မရှိပြီ။ နှစ်ပေါင်း ၂၀၀၀-ကျော်၍ သာသနာတော် အဓွန့်ရှည်ခဲ့ရကား အများတကာ အစဉ်အလာတို့ အမှုကို အလွန်ပင် စူးစမ်းဆင်ခြင်၍ ပြုအပ် သည်။ ဝိနည်းပညတ် မအပ်ကြောင်း ထင်ရှားရှိလျက် ယခု မျက်မြင်နားကြား များသောအားဖြင့် ဤ ကထိန်ခင်း တစ်ခုတွင်ပင် ကွဲအိမ် တရုတ်ကို ဝေးစွ၊ မြောင်းအစပ်ကိုပင် မဖြတ်ဘဲ ချုပ်၍ ခင်းသူခင်းကြ။ ပိုး, ဖဲ, ကတ္တီပါ, သက္ကလပ်တို့ကိုလည်း အနားပတ်ယောင် ချုပ်လုပ်၍ ခင်းသူခင်းကြ၊ သင်းပိုင်ကိုလည်း လေးမျက်နှာ အနားပတ် မတင်ဘဲ ခင်းသူခင်းကြ၊ သတ္တမ ပုဗ္ဗကရဏ ဖြစ်သော ကပ္ပဗိန္ဒုအမှုကိုလည်း ဥဒေါင်းမျက်လုံး ကြမ်းပိုးကျောက်ကုန်း ပမာဏအရပ်ကို တခဲနက် အဆင်းမပျက်စေမူ၍ နန်းတွင်းသူ မင်းမောင်းမတို့ မျက်ရေးကွက် သကဲ့သို့ ဗိန္ဒုလက္ခဏာ မရောက် ပြုလုပ်၍ ခင်းသူက ခင်းကြ၊ ဤသို့ အယုတ္တ အကပ္ပိယ ဝါဒရှင် အလွန်များခဲ့သည်။ ထို့ကြောင့် သူများတကာ ရှေးအစဉ် အလာတို့ ပြုထုံးကျင့်ပုံ ရှိပြီကောဟု သဘောမထားအပ်။

သိက္ခမာနေန ဘိက္ခဝေ ဘိက္ခုနာ အညာတဗ္ဗံ ပရိပုစ္ဆိတဗ္ဗံ ပရိပဥှိတဗ္ဗံ။

ဘိက္ခဝေ = ရဟန်းတို့။ ဘိက္ခမာနေန = ကျင့်လိုသော။ ဘိက္ခုနာ = ရဟန်းသည်။ အညာတဗ္ဗံ = သိအပ်၏၊ (ဝါ) သိအောင် ပြုအပ်၏၊ ပရိပုစ္ဆိတဗ္ဗံ = အဖန်တလဲလဲ မေးမြန်းအပ်၏၊ ပရိပဥှိတဗ္ဗံ = အပြန်ပြန် အလှန်လှန် ဉာဏ်ဖြင့် တိုင်းထွာ နှိုင်းရှည့်အပ်၏၊ ဤသို့ သဗ္ဗညုဘုရား ဟောကြားမိန့်မှာတော်မူ အပ်သည်နှင့် လျော်ညီစွာ ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းဂန်တို့ကို ကြည့်ရှု ထောက်ထား သူတစ်ပါးတို့ကို မေးမြန်းနှီးနှော သဘောယုတ္တိ ရှိ, မရှိကို နှိုင်းရှည့် ဆင်ခြင်၍သာ ပညတ်သိက္ခာပုဒ်တော်နှင့် မလျော်မလျောက်ပတ်လျှင် --

ပါတိမောက္ခံ ဝိသောဓေန္တော၊ အပ္ပေဝ ဇီဝိတံ ဇဟေ။
ပညတ္တံ လောကနာထေန၊ န ဘိန္ဒေ သီလသံဝရံ။

ပါတိမောက္ခံ = ပါတိမောက္ခသံဝရသီလကို။ ဝိသောဓေန္တော = သုတ်သင် သော ရဟန်းသည်။ အပ္ပေဝ = စင်စစ်သာလျှင်။ ဇီဝိတံ = အသက်ကို။ ဇဟေ = စွန့်ရာ၏၊ လောကနာထေန = လူသုံးပါးတို့၏ ကိုးကွယ်ရာ မြတ်စွာဘုရား သည်။ ပညတ္တံ = ပညတ်တော်မူအပ်သော။ သီလသံဝရံ = စောင့်ရှောက်အပ် သော သီလသိက္ခာကို။ န ဘိန္ဒေ = မဖျက်ရာ။

ဤသို့လာသော ဩဝါဒ မိန့်ချက်ဖြင့် အသက်ကို စွန့်ပစ်ရာ၏၊ ရှေးအစဉ် အလာ အများတကာတို့ အလေ့အကျင့်ကို ငဲ့ကွက်ညှာတာ၍ သိက္ခာပုဒ်ပဋိပတ် ပညတ်တော်အာဏာစက်ကို မပျက်စေသင့်ဟု မှတ်ယူနှလုံးထားအပ်သည်။

(၉) ကထိန်ခင်းမည့် ဉတ်သင်္ကန်းကဲ့သို့ချည်း ပကတိဝတ်ရုံသည့် သင်္ကန်းများကိုလည်း ဖြတ်မှသာ အပ်သည်ဟူ၍ မှတ်ရအံ့လော ဟူငြားအံ့ —

တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော တိစီဝရေ ကရီယမာနေ သဗ္ဗံ ဆိန္နကံ နပ္ပဟောတိ။ အနုဇာနာမိ ဘိက္ခဝေ ဒွေ ဆိန္နကာနိ ဧကံ အစ္ဆိန္နကံ —အစရှိသည်ဖြင့် လာသော ပါဠိတော်မြတ်နှင့် အညီ တိစီဝရိက် သင်္ကန်းသုံးထည်လုံးကို ဖြတ်သော် မလောက်ဖြစ်ခဲ့လျှင် နှစ်ထည်ကို ဖြတ်၍ တစ်ထည်ထည်ကို မဖြတ် သုံးဆောင်အပ်သည်။ နှစ်ထည်ကိုဖြတ်၍ မလောက် ဖြစ်ခဲ့ပြန်လျှင် တစ်ထည်ကိုသာ ဖြတ်၍ နှစ်ထည်ကို မဖြတ် သုံးဆောင်အပ် သည်။ တစ်ထည်ကိုဖြတ်၍ မလောက်ရှိခဲ့ပြန်လျှင် — အနုဇာနာမိ ဘိက္ခဝေ အနွာဓိကမ္ပိ အာရောပေတုံ—ဟု ခွင့်ပြုတော်မူသည်နှင့်အညီ မြောင်းတရုတ်ရာကို ဒုကုဋ်အခြင်းအရာဖြင့် အာဂန္တုကလွှာ ပေး၍ သလင်းထောင်သဖြင့် သုံးဆောင်အပ်သည်။ ဤကဲ့သို့ အရာမဟုတ် ဖြစ်လျှင် အစ္ဆိန္နဉ္စ အနွာဒိန္နံ၊ န ဓာရေယျ တိစီဝရံ —ဟု လာရကား ဖြတ်၍ သုံးဆောင်မှသာ အပ်သည်ဟု မှတ်ယူနှလုံးထားအပ်သည်။ ဒွါဒသမ ကထိန်စကားရပ်မှာ စောဒနာ သောဓနာ ထင်စွာပြု၍ သံသယကင်းစေအပ်သော ဝိနိစ္ဆယစကားစဉ်သည် ဤတွင်ရွေ့ တစ်ခန်းပြီး၏၊ [ကထိန်သင်္ကန်းကဲ့သို့ ပကတိဝတ်ရုံသော တိစီဝရိက် သင်္ကန်းသုံးထည်တို့ကိုလည်း ဖြတ်၍ ချုပ်အပ်သည်ဟု သိလောက်ပြီ။]

(၁၀) ကုသိ ဒါတဗ္ဗာ၊ အဍ္ဎကုသိ ဒါတဗ္ဗာ၊ မဏ္ဍလံ ဒါတဗ္ဗံ၊ အဍ္ဎမဏ္ဍလံ ဒါတဗ္ဗံ၊ အနုဝါတော ဒါတဗ္ဗော၊ ပရိဘဏ္ဍံ ဒါတဗ္ဗံ —ဟူ၍ သံဃာ့ဘဏ္ဍာတိုက်၌ ရှိသော ပစ္စည်းဘဏ္ဍာကို အလိုရှိ၍ တောင်းလာသူတို့အား အနည်းငယ် ပေးစွန့်စိမ့်သောငှာ သံဃာသည် ဉတ္တိ ဒုတိယကမ္မဝါစာဖြင့် သမုတ်၍ ထားအပ် သော သမ္မုတိရ အပ္ပမတ္တက ဝိဿဇ္ဇကရဟန်းသည် သင်္ကန်းချုပ်လုပ်ရာ မြောင်းလွှာ မလောက်၍ တောင်းလာသူအား မြောင်းလွှာ၊ တရုတ်လွှာ မလောက်၍ တောင်းလာသူအား တရုတ်လွှာ၊ အိမ်ဝန်းကြီးလွှာ မလောက်၍ တောင်းလာသူ အား အိမ်ဝန်းကြီးလွှာ၊ ကွဲအိမ်ဝက်လွှာ မလောက်၍ တောင်းလာသူအား ကွဲအိမ်ဝက်လွှာ၊ အလျားအနားပတ်လွှာ မလောက်၍ တောင်းလာသူအား အလျားအနားပတ်လွှာ၊ အနံအနားပတ်လွှာ မလောက်၍ တောင်းလာသူအား အနံအနားပတ်လွှာ ပေးအပ်ကြောင်းကို ဟောတော်မူအပ်သော စူဠဝါပါဠိတော်မြတ်။

ဧကေကံ ပန န ပါပုဏာတိ၊ ဆိန္ဒိတွာ ဒါတဗ္ဗံ၊ ဒဒန္တေဟိ စ အဍ္ဎမဏ္ဍလာဒီနံ ဝါ ဥပါဟနတ္ထဝိကာဒီနံ ဝါ ပဟောနကာနိ ခဏ္ဍာနိ ကတွာ ဒါတဗ္ဗာနိ ဟူ၍ သင်္ကန်းဝေဖန်ရာ တစ်ထည်စီ မလောက်လျှင် ကွဲလွှာ၊ အိမ်လွှာ၊ တရုတ်လွှာ၊ မြောင်းလွှာ၊ အနားပတ်လွှာ၊ ဖိနပ်အိတ်၊ ရေစစ်ပဝါ၊ မျက်နှာသုတ်စသည် ပြုလုပ်စရာ လောက်အောင် ပိုင်းဖြတ်၍ ပေးဝေအပ်ကြောင်းကို မိန့်ဆိုအပ်သော ဝိနည်း မဟာဝါအဋ္ဌကထာ။

ဤသို့ ပါဠိအဋ္ဌကထာလာသည် ဖြစ်သောကြောင့်လည်း ဘုရားသခင် ရွှေလက်ထက်တော်မှ စ၍ ရှေးရှေး ရဟန်းသံဃာတော်မြတ်တို့သည် မြောင်း တရုတ် ချုပ်လုပ်သမျှ အရပ်ရပ်ကို ပိုင်းပိုင်းဖြတ်၍သာ ချုပ်လုပ်ကြသည့် လက္ခဏာ အလွန်ထင်ရှားခဲ့ရကား ဓားငယ်စသည်ဖြင့် အပိုင်းပိုင်းဖြတ်၍ ချုပ်အပ်ကြောင်းကို အားကြီးစွာ ပါဠိ အဋ္ဌကထာ ဋီကာထောက်ညှိ ယုတ္တိ သဘာဝတို့ဖြင့် ပြဆိုရေးသားအပ်သော ထို ကထိနဝိသောဓနီ ထွက်ဆိုဆုံးဖြတ်ချက်ကိုသာ နှစ်သက်လေးမြတ် ယုံကြည်အပ်သည်ဟု မှတ်။ [မြောင်းလွှာ, တရုတ်လွှာ, အိမ်ဝန်းကြီးလွှာ, အိမ်ဝန်းငယ်လွှာ, အနားပတ်လွှာတို့ကို တောင်းလာသူအား တောင်းသော အလွှာကို ပေးဝေရသည်ကို ထောက်လျှင် ထိုအလွှာ တို့ကို တစ်ခုစီ တစ်ခုစီ ပိုင်းပိုင်းဖြတ်၍ ချုပ်ရသည် ဟူ၍ သန္နိဋ္ဌာန်ချ မှတ်ယူ အပ်၏၊]

အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့်လည်း ကထိန်မခင်းအပ်ဟူ၍လည်း ကောင်း၊ အလုံးစုံ မဖြတ်သော သင်္ကန်းကိုလည်း မဝတ်ရုံအပ်ဟူ၍လည်းကောင်း ဗန်းမော်ဆရာတော်ဘုရားကြီးက အထောက်အထား ခိုင်လုံစွာဖြင့် ဆိုတော်မူ၏၊

ယခု, ကျိုက်လတ် ပစ္ဆိမာရုံ ဆရာတော်ဘုရားကြီး စီရင်တော်မူသော ပါမောဇ္ဇဒီပနီကျမ်း၊ စာမျက်နှာ (၂၃၆) ‘ကထိန်သင်္ကန်း’ စသော အဆုံးအဖြတ် ကို ပြကြောင်းဟူသော ခေါင်းစဉ်အောက်၌ လာသည့် စကားများကို ဖော်ပြ ပါအံ့။

“ကထိန်ခင်းအပ်သော ဉတ်သင်္ကန်းကိုလည်း ငါးပိုင်းငါးစပ် ခွဲဖြတ်ရုံသာ မဟုတ်၊ တရုတ်မြောင်းဟူသမျှကို အစပ်တိုင်း ဖြတ်၍ ငါတို့ ခင်းတိုင်းခင်းတိုင်း စီရင်ခဲ့သည်။ ဝတ်ရုံသမျှလည်း ယင်းအတိုင်းမှ သင့်လျော်သည်။ ဝိနည်းအကျော် ဗန်းမော်ဆရာတော်ကြီးလည်း ယင်းသို့ပင်တည်း။ ထို့ကြောင့် ‘သဗ္ဗဆိန်၊ ဉတ် ကထိန် နေရာကျ၊ အာက - ခင်ကြီး။ တိုင်းလုံးကျော်၊ ဗန်းမော်တဲ့ဓီး’ဟု ဥဒါန်း စကားကိုလည်း မိန့်ထားလေ၏၊ ကင်္ခါဋီကာသစ်၌ -- ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ဆိန္ဒိတွာတိ ယထာ ပဉ္စခဏ္ဍိကာဒီနံ သံဃာဋိအာဒီနံ တိဏ္ဏံ စီဝရာနံ အညတရပ္ပဟောနကာနိ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာဒိဝသေန ပဉ္စခဏ္ဍာနိ ဝါ အတိရေကာနိ ဝါ သတ္တာဒိခဏ္ဍာနိ ဟောန္တိ၊ ဧဝံ ဆိန္ဒိတွာ —ဟု မိန့်အပ်၏၊ ယင်းဋီကာဆရာလည်း ပါဠိ အဋ္ဌကထာ ဋီကာတို့ကို မြင်၍ ယင်းသို့ ဖြတ်ရမည့် အဖြစ်ကို စင်စစ် ထင်ရှားစွာ ဖွင့်ထားလေ၏”ဟု ကျိုက်လတ် ပစ္ဆိမာရုံ ဆရာတော်ဘုရားကြီးလည်း မိန့်ဆိုတော်မူ၏၊ [ဆိန္ဒိတွာဆိုသော စကားကို ကင်္ခါဝိတရဏီ အဋ္ဌကထာဆရာနှင့် ဋီကာဆရာတို့ သုံးသည်ကို ထောက်၍ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာမဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို လည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်အပ်သည်ဟု ဤကျိုက်လတ် ပစ္ဆိမာရုံ ဆရာတော်ဘုရားကြီး ဆို၏၊ ကင်္ခါဝိတရဏီအဋ္ဌကထာဆရာသည် မဟာဝါ အဋ္ဌကထာဆရာ ဖြစ်တော်မူသော ရှင်မဟာဗုဒ္ဓဃောသပင် ဖြစ်သည်။ ထို့ ကြောင့် ကင်္ခါဝိတရဏီအဋ္ဌကထာ၌ လာသည့် “ဆိန္ဒိတွာ”ဆိုသော စကားသည် အထက်၌ ဖော်ပြခဲ့သော မဟာဝါ အဋ္ဌကထာ၌လာသည့် “ဒေဿတွာ”ဆိုသော စကားနှင့် အဓိပ္ပာယ် အတူတူပင် ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏၊]

အလွန်ထင်ရှားသော ဆရာတော်ဘုရားကြီးတစ်ပါး စီရင်တော်မူသော ဝိနယသာရဂဏ္ဌိကျမ်း၊ စီဝရက္ခန္ဓက၌ “စီဝရဝိနိစ္ဆယ၌ ငါးခန်း၊ ငါးခန်းထက် အလွန်ဖြစ်သော သင်္ကန်းသည် အပ်၏၊ ငါးခန်းအောက် အယုတ်ကား မအပ်သည်သာတည်း။ ဆရာတို့ကား ငါးခန်း, ခုနစ်ခန်း, ကိုးခန်း စသည်ဖြင့် ဖြတ်၍ ချုပ်အပ်သော သင်္ကန်းသည်သာ အပ်၏၊ ခြောက်ခန်း, ရှစ်ခန်း စသည်ကား မအပ် ဟူကုန်၏၊ ‘အစ္ဆိန္နကေ န ဝဋ္ဋတိ’ဟူသောကြောင့် ကြီးသောအနံရှိသော အဝတ်ကို ပဉ္စခန်း စသည်ဖြတ်၍ မချုပ်ဘဲ ချုပ်ကြောင်းသာပြ၍ ချုပ်အံ့၊ မအပ်။

ကေစိတို့ကား မြောင်း တရုတ် စသည်၌လည်း ဖြတ်၍မချုပ်ဘဲ ချုပ်ကြောင်းပြကာမျှဖြင့် မအပ် ဟူကုန်၏၊ မသင့်အနေတည်း။ အဘယ်ကြောင့်နည်း ဟူမူကား ‘မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ ဒေဿတွာ’ဟု အဋ္ဌကထာဆရာတို့ မိန့်သောကြောင့်တည်း။ အကယ်၍ ချုပ်ကြောင်း ပြကာမျှဖြင့် မအပ်၊ ဖြတ်၍ ချုပ်မှသာ အပ်သည်ဖြစ်အံ့၊ ‘ဒေဿတွာ’ဟု မမိန့်မူ၍ ‘ဆိန္ဒိတွာ’ဟု အဋ္ဌကထာ ဆရာ မိန့်လေရာ၏၊ ထို့ကြောင့် မြောင်း တရုတ် စသည်တို့၌ ဖြတ်၍မချုပ်ဘဲ ချုပ်ကြောင်းပြကာမျှဖြင့်ပင် အပ်၏ဟု သန္နိဋ္ဌာန်ချမှတ်အပ်၏”ဟု ဆို၏၊

[ကေစိဆရာတို့ကား ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ချုပ်သော သင်္ကန်းကို (ဝါ) အလုံးစုံ မဖြတ်သော သင်္ကန်းကို မဝတ်ရုံအပ် ဟု ဆိုကြ၏၊ ကေစိဆရာတို့၏ အဆိုနှင့် ထို ဆရာတော်ဘုရားကြီး အဆိုတို့တွင် အဘယ်ဆရာ၏ အဆိုကို ယူသင့်သနည်းဟူမူ ကေစိဆရာတို့၏ အဆိုကား ကျမ်းအများကို ကိုးကား၍ ဆိုခြင်းကြောင့် ထိုဆရာတော်ဘုရားကြီး၏ အဆို ထက် လေးသည်ဖြစ်၍ ကေစိဆရာတို့၏ အဆိုကို ယူသင့်ပေသည်ဟု ဆိုအပ်၏၊ ‘ဆိန္ဒိတွာ’ဆိုသော စကားကို မသုံးဘဲ ‘ဒေဿတွာ’ဆိုသော စကားကို မဟာဝါအဋ္ဌကထာဆရာ သုံးသည်ကို ထောက်၍ ဓားစသည်ဖြင့် ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ ချုပ်ခြင်းသည်လည်းအပ်သည်ဟု ထိုဆရာတော်ဘုရားကြီး ဆို၏၊ ဤအဆိုကို အထက်၌ ပြဆိုခဲ့ပြီးသော ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ကျိုက်လတ် ပစ္ဆိမာရုံဆရာတော်ဘုရားကြီးတို့ မိန့်ဆိုတော်မူသော စကားရပ်များ အရ လက်ခံနိုင်ရန် ခဲယဉ်းလှပေသည်။ ‘ဒေဿတွာ’ဆိုသော စကားကို တစ်နေရာ၌ တွေ့ရုံမျှဖြင့် ဓား စသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ချုပ်ခြင်းသည် လည်းအပ်သည်ဟု အယူမသီးသင့်ပေ။ ပြဆိုခဲ့ပြီးသော ပါဠိတော်နှင့် အခြား ကျမ်းများ၏ အဆိုတို့နှင့်တကွ ပတ်ဝန်းကျင် အချက်အလက်များကိုလည်း ထောက်ထားသင့်ပေသည်။ ဤသို့ ဆိုခြင်းသည် ထိုဆရာတော်ဘုရားကြီးအား ပြန်လှန်ပြောဆိုသော အနေဖြင့် ဆိုခြင်း မဟုတ်၊ ဤပြဿနာကို လေ့လာဝေ ဖန်နေသော သူအား သဘောပေါက်အောင် ဓမ္မဓိဋ္ဌာန်အားဖြင့် ရှင်းပြသော အနေဖြင့် ဆိုခြင်း ဖြစ်သည်။]

ဤသင်္ကန်းပြဿနာတို့နှင့် ပတ်သက်ပြီး ကမာဝက်ရွာ၊ ရွှေကျင်နိကာယ နာယကဆရာတော်ဘုရားကြီး ဥုးစန္ဒောဘာသနှင့် ဆွေးနွေးဖူး၍ နောက် များမကြာမီ ၎င်းထံမှ အောက်ပါ သင်္ကန်းအဆုံးအဖြတ်စာမူ (မိတ္တူ)ကို ရရှိပါသည်။ ဤစာအုပ်ကို တည်းဖြတ်ပြင်ဆင်ပေးသော ဆရာတော်ဘုရားလည်း ဤစာမူအတိုင်း မိတ္တူတစ်စောင် ရရှိသည်ဟု သိရ၏၊ [ဤနာယကဆရာတော်ဘုရားကြီး ဥုးစန္ဒောဘာသသည်လည်း ကထိန်ခင်းရာ၌ စျေးမှ ဝယ်ယူသော သင်္ကန်းဖြင့် မခင်းဘဲ ရွာမှ အလှူရှင်များကိုယ်တိုင် ချုပ်လုပ်၍ လှူဒါန်းသော သင်္ကန်းဖြင့်၊ (ဝါ) အခန်းကြီးတို့ကို သာလျှင်မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ် တို့ကိုလည်း ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်းပိုင် သင်္ကန်းဖြင့် ကထိန်ကို ခင်းတော် မူ၏၊]

သင်္ကန်းအဆုံးအဖြတ်

သင်္ကန်းအရာမှာ ရှုပ်ထွေးလှ၏၊ ပါဠိတော်မှာ ဖြတ်၍ချုပ်သည်ကို ဟောတော်မူ၏၊ သို့သော် မြန်မာများ ချုပ်ပုံနှင့် မတူ၊ ကာလအလွန်ကြာ၍ ရှေးက ဘယ်လိုချုပ်ကြသည်ကို မျက်မြင် မဟုတ်ဘဲ စာဆိုနှင့် အမှန်ဆုံးဖြတ်ဖို့ ခဲယဉ်းလှ၏၊

_____ ဆရာတော်ဘုရားကြီးကား — ‘ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ကတွာ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ ဒေဿတွာ ကတေနေဝ ဝဋ္ဋတိ’ --ဟူသော မဟာဝါ ကထိန အဋ္ဌကထာကို ထောက်၍ အခန်းကြီးများလောက်ကိုသာ ဓားဖြင့် ဖြတ်၍ အိမ်ဝန်းကြီးငယ်တို့ကို အပ်ဖြင့် ပြ၍ ချုပ်သော ယခုကာလချုပ်သော သင်္ကန်းများသည် အပ်ကောင်းပါ၏ဟု သံသယကို ဖြေဖျောက်တော်မူ၏၊ ထိုကဲ့သို့ မဖြေဖျောက်နိုင်က အားလုံး ဓားဖြင့်ဖြတ်၍ သလင်းထောင် နဘေထပ် ၍ ချုပ်လုပ်စေပြီး သုံးဆောင်နိုင်လျှင် သာ၍ကောင်း၏၊ [ဤစာပိုဒ် နှစ်ခုစလုံးကို ခြုံ၍ ယူလျှင် ပါဠိတော်မှာ ဖြတ်၍ ချုပ်သည်ကို ဟောတော်မူ၏ဆိုသော စကားသည် တစ်ခုမကျန် အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုပါ သိမ်းကျုံး၍ ဆိုသည်ဟူသော သဘောမှာ ပေါ်လွင်ပါသည်။]

သင်္ကန်းအဆုံးအဖြတ် ပြီး၏၊

အထက်ပါ အဆုံးအဖြတ်ကို မည်သူက မေး၍ မည်သူက ရေးသားဖြေဆို ကြောင်း သိလိုသောကြောင့် ထိုကမာဝက် နာယကဆရာတော်ဘုရားကြီးထံသို့ စာရေးသူ သွား၍ မေးလျှောက်၏၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ၊ မဟာနာယက ဖြစ်တော်မူသော အဘယာရာမ ဆရာတော်ဘုရားကြီး အရှင်အဂ္ဂဓမ္မာဘိဝံသသည် မော်လမြိုင်၊ တောင်ဝိုင်းကြီး၊ အဘယာရုံကျောင်း တိုက်၌ ၁၃၀၂-ခုနှစ်လောက်တွင် သီတင်းသုံးနေတော်မူစဉ် ထားဝယ်မြို့မှ ရဟန်းတစ်ပါးက ဤပြဿနာမျိုးနှင့် ပတ်သက်၍ မေးလျှောက်သဖြင့် ဖြေဆို သည်ဟု ၎င်းထံမှ သိရပါသည်။ ဤအကြောင်းကို ယခင် တောင်ဝိုင်းကြီးကျောင်း သစ်၊ ယခု သထုံခရိုင်၊ ဇုတ်သုတ်ရွာ၊ နောင်တော်ကြီးတောရကျောင်းတိုက်၊ ဘုန်းတော်ကြီး ဦးဣန္ဒာသဘက ၎င်းအား ပြောပြသည့်အပြင် ဖြေဆိုသည့် စာမိတ္တူကိုလည်း ပေးသည်ဟူ၍ ၎င်းနာယကဆရာတော်ဘုရားကြီးက မိန့်တော်မူ သည်။ ထိုမိတ္တူစာကို ယခုထက်တိုင် သိမ်းဆည်းထားသည်ဟု ပြောသောကြောင့် တောင်းကြည့်ရာ အထက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။ စာရေးသူ ရရှိသော အထက်ပါ မိတ္တူစာမူမှာ အဘယာရာမ ဆရာတော်ဘုရား ကြီး ဖြေဆိုသည့် စာမူမှ ကူးယူသော မိတ္တူစာမူဖြစ်သည်ဟု သိရ၏၊

ပါဠိတော်မှာ ဖြတ်၍ ချုပ်သည်ကို ဟောတော်မူ၏ဆိုသော စကားကို သာမညအားဖြင့် ဖော်ပြထားသည်ကို ထောက်လျှင် အဘယာရာမဆရာတော် ဘုရားကြီးသည်လည်း ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်း ကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်စေချင်သည်ဟူ၍ ဆိုရပေမည်။ ဘုရားရှင်၏ လက်ထက်တော်၌ ချုပ်သော သင်္ကန်းများနှင့် ယခုခေတ် ချုပ်သော သင်္ကန်းများမှာ တစ်ခုနှင့်တစ်ခု ပုံသဏ္ဌာန် ချင်း မတူငြားသော်လည်း ထိုခေတ်၌ သင်္ကန်းများကို ဓားစသည်ဖြင့် ပိုင်းပိုင်း ဖြတ်၍ ချုပ်လျှင် ယခုခေတ် သင်္ကန်းများကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်အပ်သည် မဟုတ်ပါလော။ “ပုဗ္ဗကရဏံ သတ္တဟိ။ ပ။ ကပ္ပကရဏေန”ဟု ကထိန်လျာ အဝတ်ကို ဖွပ်လျှော်ခြင်း၊ ဖွပ်လျှော်ပြီးသည်ကို ကွဲအိမ်တရုတ်တို့နှင့်တကွ ပဉ္စခန်း၊ သတ္တခန်း၊ နဝခန်း၊ ဧကာဒသခန်း စီရင်တိုင်းထွာခြင်း၊ တိုင်းထွာစီရင်သည့်အတိုင်း ဖြတ်ခြင်း၊ ဖြတ်အပ်ပြီးသည်ကို တဲစပ်ဖွဲ့ခြင်း၊ တဲစပ် ဖွဲ့အပ်ပြီးသည်ကို ချုပ်ခြင်း၊ ချုပ်အပ်ပြီးသည်ကို ဆိုးခြင်း၊ ဆိုးအပ်ပြီးသည်ကို ကပ္ပဗိန္ဒုထိုးခြင်းအားဖြင့် ခုနစ်ပါးရှိကြောင်းကို ပရိဝါပါဠိတော်၌ ဟောတော် မူသည်။ ထိုသို့ ဟောတော်မူအပ်သော ပုဗ္ဗကရဏ ၇-ပါးတို့တွင် ဖြတ်ခြင်း ဆေဒနအမှုကို ပြုရသည့် ကိစ္စသဘောလည်း တခြား၊ ချုပ်ခြင်း သိဗ္ဗနအမှုကို ပြုရသည့်ကိစ္စသဘောလည်း တခြား၊ ဤကိစ္စနှစ်ပါး၏ သဘော မရောယှက်။ ဤကို ထောက်၍ အပ်ဖြင့် ချုပ်သည်ကို ‘အဖြတ်’ဟူ၍ မယူအပ်။ ချုပ်ခြင်း သိဗ္ဗနအမှုသည် ဖြတ်ခြင်း တဲစပ်ဖွဲ့ခြင်းလျှင် ရှေ့သွားအကြောင်းရင်း နိဒါန ကိစ္စရှိသည်ဖြစ်၍ စင်စစ် မြောင်း တရုတ် ချုပ်အပ်သမျှအရာများကို ဓားငယ် စသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်အပ်သည်ဟု မှတ်ယူအပ်သည်ဟူသော ဗန်းမော် ဆရာတော်ဘုရားကြီး၏ အဆိုကို သုံးသပ်ပါက ဓားဖြင့် မဖြတ်ဘဲ ခေါက်၍ ချုပ်သည်ကို အဖြတ်ဟူ၍ မယူအပ်ပေ။

ယခု, မဟာဝါ ပါဠိတော် (မြန်မာပြန်) စီဝရက္ခန္ဓက၌လာသော စကားများ မှ ရွေးချယ် ယူထားသော အောက်ပါစကားများကို ဖော်ပြပါအံ့။

၃၄၅။ ထိုနောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော် တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီကြွချီတော်မူ၏၊ မြတ်စွာဘုရားသည် လေးထောင့် ကန်သင်း ဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်ကို မြင်တော်မူ၍ အရှင်အာနန္ဒာကို “အာနန္ဒာ ...သင်သည် လေးထောင့်ကန်သင်းဖွဲ့သော, အစဉ်ဖွဲ့သော, အကြားအကြား၌ အကန့်ဖွဲ့သော, ခရီးဆုံကဲ့သို့ ဖွဲ့သော မဂဓတိုင်းသူတို့ ၏ လယ်မြေကို မြင်၏လော”ဟု မိန့်တော်မူ၏၊ “မြင်ပါသည် အရှင်ဘုရား”ဟု (လျှောက်၏)။ “အာနန္ဒာ ... သင်သည် ရဟန်းတို့အား ဤသို့ သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှာ စွမ်းနိုင်ပါမည်လော”ဟု (မေးတော်မူ၏)။ “စွမ်းနိုင်ပါသည် အရှင်ဘုရား”ဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် တစ်ဖန် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏၊ ထိုအခါ အရှင်အာနန္ဒာသည် များစွာသော ရဟန်း တို့၏ သင်္ကန်းတို့ကို စီရင်ပြီး၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီး လျှင် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသောအရှင်ဘုရား ... တပည့် တော် စီမံပြီးသော သင်္ကန်းတို့ကို ကြည့်ရှုတော်မူပါ”ဟု လျှောက်၏၊

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရား စကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို “ရဟန်းတို့’ ... အာနန္ဒာ သည် ပညာရှိပေစွ၊ ရဟန်းတို့ ...အာနန္ဒာသည် ကြီးသော ပညာရှိ ပေစွ၊ အာနန္ဒာသည် ငါဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ပါဠိတော်၏အနက်ကို အကျယ်အားဖြင့် သိဘိ၏၊ အနားပတ် တရုတ် မြောင်းရှည် မည်သည်ကိုလည်း ပြုဘိ၏၊ တရုတ် မြောင်းငယ်ကိုလည်း ပြုဘိ၏၊ အိမ်ဝန်းကြီးကိုလည်း ပြုဘိ၏၊ အိမ်ခွဲကိုလည်း ပြုဘိ၏၊ အလယ်ခေါင်ကိုလည်း ပြုဘိ၏၊ ခေါင်ရံကိုလည်း ပြုဘိ၏၊ လည်ထိရာ၌ ခံသော အနားပတ်ကိုလည်း ပြုဘိ၏၊ မြင်းခေါင်းထိရာ၌ ခံသော အနားပတ်ကိုလည်း ပြုဘိ၏၊ လက်လိပ်ကိုလည်း ပြုဘိ၏၊ ဖြတ်လည်း ဖြတ်ဘိ ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ ရဟန်းတို့အား လျောက်ပတ်၏၊ ရန်သူတို့သည်လည်း အလိုမရှိအပ်။ ရဟန်းတို့ ... ဖြတ်သော ဒုကုဋ် ဖြတ်သော ကိုယ်ဝတ် ဖြတ်သော သင်းပိုင်ကို ခွင့်ပြု၏”ဟု မိန့်တော်မူ၏၊ [ဤအကြောင်းနှင့် ပတ်သက်၍ အထက်၌ ဖော်ပြခဲ့ပြီးသော ဗန်းမော် ဆရာတော်ဘုရားကြီး၏ အဆိုအမှတ် (၅)နှင့်တကွ စာရေးသူ၏ ထင်မြင်ချက်ကိုလည်း ပြန်၍ နှလုံးသွင်းတော်မူပါ။ ဤစကားများမှာ ပကတိ ဝတ်ရုံသော သင်္ကန်းသုံးထည်တို့ကို ရည်၍ ဆိုသော စကားများ ဖြစ်သည်ဟူ၍ သိအပ်၏၊၊]

အထက်ပါအပိုဒ်၌ ဖော်ပြထားသော စကားတို့တွင် “ဖြတ်လည်း ဖြတ်ဘိ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ ရဟန်းတို့အား လျောက်ပတ်၏၊ ရန်သူတို့သည် လည်း အလိုမရှိအပ်”ဟူသော စကားတို့ကို ဝေဖန်ပါအံ့။

အကယ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို မဖြတ်စေဘဲ ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ ဖြစ်စေလိုလျှင် ငါးပိုင်း ငါးစပ်စသော အခန်းတို့ကို အတည့်အလင်း ဘုရားရှင် ထုတ်ဖော်၍ မိန့်တော်မူမည်၊ ယခုသော်ကား ထိုကဲ့သို့ မိန့်တော်မမူဘဲ ခြုံ၍ “ဖြတ်လည်း ဖြတ်ဘိ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ ရဟန်းတို့အား လျောက်ပတ်၏”ဟူ၍ မိန့်တော်မူသည်။ ထို့ကြောင့် ဉာဏ်မီ သလောက် ပြောရမည်ဆိုလျှင် “ဖြတ်လည်း ဖြတ်ဘိ၏”ဟူသော စကားသည် ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ဖြတ်ဘိ၏ ဟူသော အဓိပ္ပာယ်ကို ပေါ်လွင်စေပါ သည်။ “ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍”ဟူသော စကားသည် ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ် တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်လုပ်ခြင်းကိုဆိုသည် ဟူသော အဓိပ္ပာယ်ကို ပို၍ လေးနက်စေပါသည်။ အဘယ်ကြောင့်နည်း? ချုပ်ချုပ်သမျှ အရာကို ခေါက်၍ မချုပ်ဘဲ ပိုင်းပိုင်းဖြတ်၍ ချုပ်လေလေ ထိုသင်္ကန်းမှာ ပို၍ ကြမ်းတမ်းလေလေ ဖြစ်သောကြောင့်တည်း။

၃၆၀။ တစ်ရံရောအခါ တစ်ပါးသော ရဟန်းအား သုံးထည်သော သင်္ကန်းကို ချုပ်လုပ်သည်ရှိသော် သုံးထည်လုံးကို ဖြတ်သဖြင့် မလောက်မင’ ဖြစ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ “ရဟန်းတို့ ... နှစ်ထည်သော သင်္ကန်းတို့ကို ဖြတ်၍ တစ်ထည်သော သင်္ကန်းကို မဖြတ်ဖို့ရန် ခွင့်ပြု၏”ဟု (မိန့်တော်မူ၏)။

နှစ်ထည်သော သင်္ကန်းတို့ကို ဖြတ်၍ တစ်ထည်သော သင်္ကန်းကို မဖြတ်ဘဲ ထားသော်လည်း မလောက်မင ဖြစ်ပြန်သဖြင့် မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ရဟန်းတို့... နှစ်ထည်သော သင်္ကန်းတို့ကို မဖြတ်ဘဲ တစ်ထည်သော သင်္ကန်းကို ဖြတ်ဖို့ရန် ခွင့်ပြု၏”ဟု (မိန့်တော်မူ၏)။ နှစ်ထည်သော သင်္ကန်းတို့ကို မဖြတ်ဘဲ တစ်ထည်သော သင်္ကန်းကို ဖြတ်သော်လည်း မလောက်မင ဖြစ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ “ရဟန်းတို့ ... သလင်းထောင်ကိုလည်း တင်စိမ့်သောငှာ ခွင့်ပြု၏”ဟု (မိန့်တော်မူ၏)။

“ရဟန်းတို့ ...အလုံးစုံသော မဖြတ်သောသင်္ကန်းကို မဆောင် အပ်၊ အကြင် ရဟန်းသည် ဆောင်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏”ဟု (မိန့်တော်မူ၏)။

ဆရာတော်ဘုရားကြီး ဦးဗုဓ်စီရင်သော ဝိနည်းငယ်လေးစောင် ခုဒ္ဒသိက္ခာ နိဿယ၊ စီဝရအခန်း၌ကား -

၃-၁၇။ တီသု = သုံးထည်သော သင်္ကန်းတို့တွင်။ ယံ ယာနိ ဒွေ ဝါပိ = အကြင်နှစ်ထည်သော သင်္ကန်းတို့ကိုလည်း။ ဆိန္ဒမာနာနိ = ဖြတ်အပ်ကုန်သည်ရှိသော်။ ပဟောန္တိ = လောက်ကုန်၏၊ တေ ဒွေ ဝါပိ = ထိုနှစ်ထည်သော သင်္ကန်းတို့ကိုမူလည်း။ ဆိန္ဒိတဗ္ဗာနိ = ဖြတ်အပ်ကုန်၏၊ ယံ ဧကံ ဝါ = အကြင် တစ်ထည်သော သင်္ကန်းကိုမူလည်း။ ဆိန္ဒမာနံ = ဖြတ်အပ်သည်ရှိသော်။ ပဟောတိ = လောက်၏၊ တံ ဧကံ ဝါ = ထိုတစ်ထည်သော သင်္ကန်းကိုမူလည်း။ ဆိန္ဒိတဗ္ဗံ = ဖြတ်အပ်၏၊ သဗ္ဗေသု = အလုံးစုံ သုံးထည်သော သင်္ကန်းတို့သည်။ အပ္ပဟောန္တေသု = ဖြတ်၍ မလောက်ကုန်သည်ရှိသော်။ အနွာဓိံ ဝါ = သလင်းထောင်ကိုမူလည်း။ (ဝါ) လျားရှည်နံကြီး၊ ရပြီးလောက်ကာ၊ သင်္ကန်းလျာကို၊ လိုရာဖြတ်လျက်၊ ၎င်းထက်ဝယ် ဖြည့်စွက်ထပ်ချုပ်၊ မြောင်း တရုတ်ဟု၊ ဒုကုဋ်အသွင်၊ အလွှာတင်ခြင်းကို။ (ဝါ) ဒုကုဋ်အဟန်၊ သဏ္ဌာန်တူမှု၊ အာဂန္တုဟု၊ ထပ်ပြုချုပ်မြှောင်၊ သလင်းထောင်ကို။ အာဒိယေယျ = ယူရ၏၊ အစ္ဆိန္နဉ္စ အနာဒိန္နံ = တစ်ထည်နှစ်ထည်ကိုလည်း မဖြတ်အပ်၊ သလင်းထောင်ကို လည်း မယူအပ်သော။ တိစီဝရံ = သင်္ကန်းသုံးထည်ကို။ န ဓာရေယျ = မဆောင်ရာ။

န ဘိက္ခဝေ သဗ္ဗံ အစ္ဆိန္နကံ ဓာရေတဗ္ဗံ --၌ သဗ္ဗစ္ဆိန္နဖြစ်အောင် အိမ်ကြီး အိမ်ငယ် မြောင်း တရုတ် အနားပတ် ဖြတ်ကောင်းသမျှ အလုံးစုံကို ဖြတ်၍ချည်း အချို့ စီရင်ကုန်၏၊ ကာလ, ဒေသ, ပမာဏကို မသိခြင်းမှတစ်ပါး ထိုသူတို့၏ ဒုဂ္ဂဟိတဂါဟအကြောင်း မရှိပြီ။ ဇီဝက လှူသော အနံရှစ်တောင် အလျား တစ်ဆယ့်ခြောက်တောင်ရှိသော သင်္ကန်းလျာကဲ့သို့ နံကြီးလျားရှည် ရသည်ရှိ သော် ဒုကုဋ်ပမာဏ စသည်ဖြင့်သာ ဖြတ်၍ မသုံးဘဲ ဒုကုဋ်စသည်၌ အယုတ်ဆုံး ပဉ္စခန်းမျှသော်လည်း ဖြတ်၍သုံးစိမ့်သောငှာ ယခင်သိက္ခာပုဒ်ကို ပညတ် တော်မူသည်။ ဤကဲ့သို့ ပြည့်စုံလောက်အောင် မရသောကြောင့် အနုဇာနာမိ ဘိက္ခဝေ ဒွေ ဆိန္နကာနိ ဧကံ အစ္ဆိန္နကံ —စသည်ဖြင့် ခွင့်ပြုတော်မူသည်။ ဤ အနက်ကို ပြလို၍ တီသု ... စသည်ကို မိန့်”ဟု ဆို၏၊

အထက်၌ ဖော်ပြခဲ့ပြီးသော မဟာဝါ၌ လာသည့်စကားနှင့် ဦးဗုဓ်မူ ဝိနည်း ငယ်လေးစောင်ပါဌ်၊ ခုဒ္ဒသိက္ခာနိဿယ၌ လာသည့် စကားတို့ကို သုံးသပ်ကြပါစို့။

ဤစကားနှစ်ရပ်တို့၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ သင်္ကန်းသုံးထည်လုံးကို ဖြတ်၍ ချုပ်ရမည်။ ဖြတ်၍ အဝတ် မလောက်မငဖြစ်လျှင် သလင်းထောင်ကို တင်ရမည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဖြတ်ခြင်းသည်သာလျှင် အဓိကအချက် ဖြစ်သည်။ သို့သော် ဖြတ်ခြင်း၌ ဝါဒချင်း မတူကြပါ။ ဗန်းမော်ဆရာတော်ဘုရား ကြီးနှင့် ဆရာတော်ဘုရားကြီး ဦးဗုဓ်တို့၏ အာဘော်တို့ကို ထောက်လျှင် ၎င်းတို့၏ လက်ထက်၌ပင် အချို့က ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ ဖြတ်ကြ၍ အချို့က ထိုအခန်းတို့ကိုသာမက အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ် တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်ကြသည်ဟူသော ဝိဝါဒရှိ သည်မှာ ပေါ်လွင်ပါ၏၊

ဤဝါဒ နှစ်မျိုးတွင် အဘယ်ဝါဒဘက်သို့ လိုက်သင့်သနည်းဟု မေးလျှင် “အလုံးစုံ မဖြတ်သောသင်္ကန်း”ဟူသော စကား၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ရှေးဦးစွာ ရှာဖို့လိုသည်ဟူ၍ ဖြေအပ်၏၊ ထို့ကြောင့် ဤစကား၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ရှာကြပါစို့။

ဤတွင် “အလုံးစုံ”ဆိုသော စကားမှာ “သဗ္ဗ”ဟူသော ပါဠိစကားကို မြန်မာ ဘာသာဖြင့် ပြန်ဆိုထားသော စကားဖြစ်သည်။ သဗ္ဗသဒ္ဒါ၌ ‘သာဝသေသ သဗ္ဗ’ နှင့် ‘အနဝသေသ သဗ္ဗ’ဟူ၍ နှစ်မျိုး ရှိ၏၊ သာဝသေသ သဗ္ဗသည် ခြွင်းချက် ရှိသော သဗ္ဗမျိုး ဖြစ်၍ အနဝသေသ သဗ္ဗသည် ခြွင်းချက် မရှိသော သဗ္ဗမျိုး ဖြစ်သည်၊ သာဓက ထုတ်ဆောင်ပြပါအံ့။

သဗ္ဗေ ဘာယန္တိ မစ္စုနော။ ။ သဗ္ဗေ =ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ မစ္စုနော = သေခြင်းမှ။ ဘာယန္တိ = ကြောက်ကုန်၏၊ ဤတွင် ခပ်သိမ်းကုန်သော သတ္တဝါတို့ဟု ဆိုသော်လည်း သက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ ပယ်အပ်ပြီးကုန်သော မြတ်စွာဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊ သက္ကာယဒိဋ္ဌိ အားကြီးလွန်းကုန်သော ဆင်အာဇာနည်, မြင်းအာဇာနည်, နွားအာဇာနည်တို့သည်လည်းကောင်း သေခြင်းမှ မကြောက်ကုန်ဟု ဓမ္မပဒ အဋ္ဌကထာ၊ ဒဏ္ဍဝဂ္ဂ၊ ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု၌ ရှင်းပြထား၍ ဤ၌လာသည့် “သဗ္ဗ”ဆိုသော စကားသည် ခြွင်းချက်ရှိသော သာဝသေသ သဗ္ဗ ဖြစ်သည် ဟူ၍ သိအပ်၏၊ အလုံးစုံ မဖြတ်သော သင်္ကန်းဆိုသော စကားသည် ဘယ်သဗ္ဗ၌ အကျုံးဝင် သနည်းဟူမူ — အလုံးစုံဆိုသော စကားကို အရပ်သုံးစကားဖြင့် ပြောလျှင် “အားလုံး” သို့မဟုတ် “အကုန်လုံး”ဟူ၍ လူတိုင်း သိကြ၏၊ အကယ်၍ ဤစကား သည် ခြွင်းချက်ရှိသော သာဝသေသ သဗ္ဗ၌ အကျုံးဝင်ပါမူ အဋ္ဌကထာဆရာ ဋီကာဆရာတို့သည် ခြွင်းချက်ရှိကြောင်းကို ဖွင့်ဆိုကြမည်။ ထိုဆရာတို့ မဖွင့်ဆိုသည်ကို ထောက်လျှင် အလုံးစုံ မဖြတ်သော သင်္ကန်းဆိုသော စကားသည် ခြွင်းချက်မရှိသော အနဝသေသ သဗ္ဗ၌ အကျုံးဝင်သည်ဟု ယူအပ်၏၊

ထို့ကြောင့် ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်သော သင်္ကန်းသည် အလုံးစုံ မဖြတ်သော သင်္ကန်း၌ အကျုံးဝင်သည်ဟူ၍ ယူအပ်၏၊ အလုံးစုံ မဖြတ်သော သင်္ကန်းကို သုံးဆောင်လျှင် ဒုက္ကဋ်အာပတ် သင့်၏ဟု ဆိုထားခြင်းကြောင့် ထိုအခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းကိုသာလျှင် သုံးဆောင်အပ်၏ဟု ယူသော ဝါဒဘက်သို့ လိုက်သင့်ပေသည်။

အချို့က ကထိန်သင်္ကန်းကိုသာလျှင် ဖြတ်ဖို့ လိုသည်၊ ပကတိ ဝတ်ရုံသော သင်္ကန်းတို့ကိုကား ဖြတ်ဖို့မလို ဟူ၍ ဆိုကြ၏၊

ကထိန်သင်္ကန်းကဲ့သို့ ပကတိဝတ်ရုံသော သင်္ကန်းတို့၌လည်း အလုံးစုံဖြတ် ရမည်ဟု ယူအပ်၏၊ အဘယ်ကြောင့်နည်းဆိုသော် —

(၁) အထက်၌ ပြဆိုခဲ့သော ပကတိဝတ်ရုံသော သင်္ကန်းတို့နှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင်ပင် အရှင်အာနန္ဒာကို ချီးမွမ်းရာ၌ “ရဟန်းတို့.. အာနန္ဒာ သည် ပညာရှိပေစွ။ ပ။ အနားပတ် တရုတ်မြောင်းရှည် မည်သည်ကို လည်း ပြုဘိ၏၊ တရုတ်မြောင်းငယ်ကိုလည်း ပြုဘိ၏၊ ပ။ ဖြတ်လည်း ဖြတ်ဘိ ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ ရဟန်းတို့အား လျောက်ပတ်၏၊ ပ။ ရဟန်းတို့ ...ဖြတ်သောဒုကုဋ် ဖြတ်သောကိုယ်ဝတ် ဖြတ်သောသင်းပိုင်ကို ခွင့်ပြု၏”ဟု မိန့်ဆိုသော စကားတို့တွင် အနားပတ် တရုတ်မြောင်းရှည် မြောင်းငယ် အလုံးစုံကို ဓားဖြင့်ဖြတ်၏ဟူ၍ မိန့်ဆိုတော်မူသည်ဟု အထက်၌ ဖော်ပြ ခဲ့ပြီ။

(၂) ရဟန်းတို့ ...အလုံးစုံ မဖြတ်သော သင်္ကန်းကို မဆောင်အပ်၊ ဆောင် သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟူသော စကားကို အဋ္ဌကထာဆရာ ဋီကာဆရာတို့ မဖွင့်ဆိုကြပါ။ မဖွင့်ဆိုခြင်းသည် “အလုံးစုံ မဖြတ်သော သင်္ကန်း သည်” ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်း ငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ချုပ်သော သင်္ကန်းဖြစ်သည်ဟူသော အဓိပ္ပာယ်ကို ပို၍ လေးနက်စေသည်။

(၃) ကထိန်သင်္ကန်းသည် ပကတိဝတ်ရုံသော သင်္ကန်းကဲ့သို့ ဝတ်ရုံဖို့လှူ သော သင်္ကန်း ဖြစ်သည်၊ ဝတ်ရုံဖို့ချည်း ဖြစ်သောကြောင့် ကထိန်သင်္ကန်းကဲ့သို့ ပကတိ ဝတ်ရုံသော သင်္ကန်းတို့ကိုလည်း ဖြတ်သင့်ပေသည်။ ပြဆိုခဲ့ပြီးသော ဗန်းမော် ဆရာတော်ဘုရားကြီး၏ အဆိုအမှတ် (၂)၌ လာသည့် “ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ဆိန္ဒိတွာတိ ယထာ ပဉ္စခဏ္ဍိကာနံ သံဃာဋိအာဒီနံ တိဏ္ဏံ စီဝရာနံ အညတရပ္ပဟောနကာနိ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာဒိဝသေန ပဉ္စ ဝါ ခဏ္ဍာနိ အတိရေကာနိ ဝါ သတ္တာဒိခဏ္ဍာနိ ဟောန္တိ။ ဧဝံ ဆိန္ဒိတွာ” ဟူသော ပါဌ်နှင့် အဆိုအမှတ် (၉) နှင့် (၁၀)တို့၌ လာသော စကားများကိုလည်း ပြန်၍ နှလုံးသွင်းတော်မူကြပါကုန်။

(၄) “ကထိန်သင်္ကန်း၌ ဖြတ်ပုံ, ချုပ်ပုံ, အခန်းဖွဲ့ပုံ, မြောင်း တရုတ်ထားပုံ တို့သည် အထက်၌ ပြဆိုခဲ့သော ပကတိဝတ်ရုံသော သင်္ကန်းချုပ်လုပ်ပုံအတိုင်း ပင် ဖြစ်သည်၊ အထူးပြု၍ ကျမ်းဂန်တို့၌ မပြထားပါ”ဟူသောကြောင့်တည်း။ အမှန်မှာ ပကတိဝတ်ရုံသော သင်္ကန်းချုပ်လုပ်ပုံကို မှီ၍ အဋ္ဌကထာဆရာသည် ကထိန်သင်္ကန်း ချုပ်လုပ်ပုံကို စီရင်လေသည် ဟူ၍ သိအပ်၏၊

ထို့ကြောင့် ကထိန်သင်္ကန်းကဲ့သို့ ပကတိဝတ်ရုံသော သင်္ကန်းတို့ကိုလည်း ဖြတ်၍ ချုပ်ရမည်ဟု ယူအပ်ပေသည်။ အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့် ကထိန် မခင်းအပ်ဟု ယူလျှင် အလုံးစုံ မဖြတ်သော သင်္ကန်းကိုလည်း မဝတ်ရုံအပ်ဟု ယူမှသာလျှင် သဘာဝကျသည် မဟုတ်ပါလော။

သင်္ကန်းချုပ်လုပ်ပုံ အမှန်

ငါးပိုင်း ငါးစပ် စသော အခန်းတို့ကို တစ်ခုစီ ပိုင်းပိုင်းဖြတ်လျှင် ၎င်းတို့ကို ဖွဲ့စပ်ချုပ်လုပ်ရန် အလို့ငှာ မြောင်းတို့ကိုလည်း တစ်ခုစီ အပိုင်းပိုင်းဖြတ်ရတော့ မည်။ [မြောင်းတို့ကို မဖြတ်ဘဲ နေလို့မရတော့ပြီ ဟူလို။] အိမ်ဝန်းကြီး အိမ်ဝန်း ငယ်တို့ကို တစ်ခုစီ ပိုင်းပိုင်းဖြတ်လျှင် ၎င်းတို့ကို ဖွဲ့စပ်ချုပ်လုပ်ရန် အလို့ငှာ တရုတ်တို့ကိုလည်း မြောင်းတို့ကဲ့သို့ တစ်ခုစီ ပိုင်းပိုင်းဖြတ်ရတော့မည် ဟူ၍ သိအပ်၏၊ မှန်, မမှန် သိအောင် သင်္ကန်းတစ်ထည်ကို အနီး၌ ဖြန့်ထား၍ ပိတ်အုပ်တစ်အုပ်ကိုယူ။ လက်တွေ့သဘောဖြင့် ထိုသင်္ကန်းအတိုင်း ဖြတ်ဘိသကဲ့ သို့ စိတ်ဖြင့် ထိုပိတ်အုပ်ကို ဖြတ်၍ စမ်းသပ်တော်မူပါ။ ကျမ်းဆရာများ သုံးစွဲသော အသုံးအနှုန်းကို လိုက်၍သာ ငါးပိုင်းငါးစပ်ဟု ရေးရသည်။ အမှန်မှာ ထိုသင်္ကန်း၌ ငါးပိုင်း လေးစပ်သာ ရှိသည်။

စာရေးသူ ရှင်းပြသည်ကို သဘောမပေါက်လျှင်လည်း စိတ်ရှုပ်ထွေးစရာ မဟုတ်ပေ၊ အဘယ်ကြောင့်နည်း? အထက်၌ ပြဆိုခဲ့ပြီးသော ငါးပိုင်း ငါးစပ် စသော အခန်းတို့နှင့်တကွ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓား စသည်ဖြင့်, ပိုင်းပိုင်းပြတ်အောင် ဖြတ်လျှင် လိုရင်းကိစ္စ ပြီးသောကြောင့် တည်း။

ယခုခေတ်ချုပ်သော သင်္ကန်းတို့နှင့် ပတ်သက်၍ ဆိုပါအံ့ — စာရေးသူ ကိုယ်တိုင် စမ်းသပ်၍ တွေ့ရှိသလောက် ပြောရမည်ဆိုလျှင် ယခုခေတ်၌ ချုပ်သော ကိုယ်ရုံသင်္ကန်းနှင့် သင်းပိုင်တို့၌ ငါးခန်းစီ ရှိကြ၏၊ ယင်းငါးခန်းတို့ကို အဝတ်ပိုင်း သုံးပိုင်းဖြင့် ချုပ်ထား၏၊ သင်္ကန်းပုံစံ၌ -- (၂), (၃) အမှတ်ပြ အဝတ်ပိုင်း တစ်ပိုင်း၊ (၄), (၅) အမှတ်ပြ အဝတ်ပိုင်း တစ်ပိုင်း ယင်းအဝတ်ပိုင်း နှစ်ပိုင်းတို့ကို (၁) အမှတ်ပြ အလယ်ပိုင်းနှင့် စပ်၍ ချုပ်ထား၏၊ စပ်၍ ချုပ်ထားသော ယင်းနေရာ နှစ်နေရာတို့၌သာလျှင် အဝတ်သား ပြတ်နေသည်။ [အဝတ်သား ပြတ်သည့် ဤနှစ်နေရာတို့မှတစ်ပါး အခြားအဝတ်သားပြတ်နေသည့် နေရာ အလျှင်း မရှိပါ။] ထင်ရှားစေအံ့။

အမှတ် (၁) အလယ်ခန်း၌ မြောင်းနှစ်ခု ရှိ၏၊ ယင်း မြောင်းနှစ်ခုတို့ကို ရုပ်လုံးဖော်ရာ၌ အဝတ်ကို အပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်ခြင်းဖြင့် ရုပ်လုံး ဖော်ထား၏၊ သို့ဖြစ်၍ ဤ (၁) အမှတ်ပြ အလယ်ပိုင်း၌ ဖြတ်ထားသည့်နေရာ အလျှင်း မရှိပါ။

ကျန်အဝတ်ပိုင်း နှစ်ပိုင်းတို့၌လည်း (၄), (၅) အမှတ်ပြ အခန်းနှစ်ခန်းတို့၏ အကြား၌ ရှိသော မြောင်းတစ်ခုကိုလည်းကောင်း၊ (၂), (၃) အမှတ်ပြ အခန်း နှစ်ခန်းတို့၏ အကြားရှိသော မြောင်းတစ်ခုကိုလည်းကောင်း အဝတ်ကို၊ ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ ချုပ်ခြင်းဖြင့် ရုပ်လုံးဖော်ထား၏၊ သင်္ကန်းတစ်ထည်လုံးတွင် မြောင်းလေးခု ရှိ၏၊ ယင်းမြောင်းလေးခုတို့မှာလည်း ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်ထားသော မြောင်းတို့သာ ဖြစ်သောကြောင့် စပ်၍ ချုပ်ထားသော နေရာ၊ ထို နှစ်နေရာတို့မှတစ်ပါး အခြား ဖြတ်ထားသည့်နေရာ အလျှင်း မရှိပါ။ ယင်း သုံးပိုင်းကို ဖြတ်ခြင်းမှာ ကျမ်း၏ အဆိုကို ငဲ့သောအားဖြင့် ဖြတ်ခြင်း မဟုတ်၊ ချုပ်ရာ၌ ပိတ်အုပ်အတိုင်း အရှည်အလိုက် မဖြတ်လျှင် မဖြစ်၍ ဖြတ်ခြင်း ဖြစ်သည်။

အခန်းကြီး ငါးခန်းတို့၌ရှိသော အိမ်ဝန်းကြီး အိမ်ဝန်းငယ် တရုတ်တို့ကိုလည်း ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်ချုပ်ခြင်းဖြင့်သာ ရုပ်လုံးဖော်ထား၏၊

ထို့ကြောင့် သင်္ကန်းတစ်ထည်လုံး၌ အဝတ်သုံးပိုင်းကို စပ်၍ ချုပ်သော ချုပ်ရိုးကြောင်း နှစ်ခုတို့မှတစ်ပါး အခြား အပိုင်းပိုင်းဖြတ်၍ ချုပ်သောအရာ အလျှင်း မရှိပါ။ [ယင်းအဝတ်သုံးပိုင်းတို့ကို ဖြတ်ခြင်းမှာလည်း ကျမ်း၏ အဆိုကို ငဲ့သောအားဖြင့် ဖြတ်ခြင်းမဟုတ်၊ ချုပ်ရာ၌ အဝတ်အတိုင်းအရှည်အလိုက် မဖြတ်လျှင်မဖြစ်၍ ဖြတ်ခြင်းဖြစ်ပေသည်။] ပူးတွဲပါ ရေးဆွဲထားသော သင်္ကန်းပုံစံ ကို ရှုတော်မူကြပါကုန်။ သင်္ကန်းပတ်ပတ်လည်၌ ချုပ်ထားသော အနားပတ်တို့ နှင့် ပတ်သက်၍ ဝေဖန်ဖို့ မရှိသောကြောင့် ၎င်းတို့၏ အကြောင်းကို ထည့်မရေး ခြင်း ဖြစ်သည်။

မှတ်ချက်။ ။စာမျက်နှာ(၃၅၂)မှ ကိုယ်ရုံသင်္ကန်းပုံစံဖြင့် ပူးတွဲကြည့်ရှုတော်မူပါ။

အခန်းကြီးတို့ကိုပင် ပိုင်းပိုင်းမဖြတ်ဘဲ ယင်းအခန်းကြီးတို့၏ အဝတ်လွှာ တို့ကိုပင် ခေါက်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့၏ အကွက် အသီးသီးတို့ကို ဖော်၍ ချုပ်လေသည်။ ယင်းအခန်းကြီးတို့၏ အဝတ်လွှာတစ်ခု တည်းဖြင့်ပင် အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ရုပ်လုံးဖော်၍ ခေါက်ချုပ်ခြင်းသည် သင်္ကန်းကုန်သည်များ ကြေညာသကဲ့သို့ ဝိနည်းတော်နှင့် အညီ ချုပ်လုပ်သည်ဟု ဆိုပါမည်လော၊ (ဝါ) ပြဆိုခဲ့ပြီးသော ဗန်းမော်ဆရာတော် ဘုရားကြီး၏ အဆိုအမှတ် -၂ ၌ လာသော ထိုပုဗ္ဗကရဏ ခုနစ်ပါးတို့နှင့်အညီ ချုပ်လုပ်သည်ဟု ဆိုပါမည်လော၊ (ဝါ) ဤသင်္ကန်းမျိုးကို ဘုရားရှင်၏ အလိုတော်နှင့် ကိုက်ညီသော (အလုံးစုံဖြတ်သော) သင်္ကန်းဟု ဆိုပါမည်လော။

ဆိုဦးအံ့ — ဤသင်္ကန်းမျိုးသည် အလုံးစုံမဖြတ်သော သင်္ကန်းဖြင့်လည်း ကထိန် မခင်းအပ်၊ အလုံးစုံ မဖြတ်သော သင်္ကန်းကိုလည်း မဝတ်ရုံအပ်ဟု ယူဆသော ပုဂ္ဂိုလ်တို့အားသာလျှင် မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် တရုတ် တို့ကို မဖြတ်သော်လည်း ငါးပိုင်း ငါးစပ်စသော အခန်းကြီးတို့ကို ဖြတ်လျှင် ဝတ်ရုံအပ်၏ဟု ယူဆသော ပုဂ္ဂိုလ်တို့အားလည်း မအပ်ဟူ၍ ဆိုရပေမည်။ ဇီဝက လှူသော သင်္ကန်းလျာမှာ ဖြတ်၍ ချုပ်လောက်အောင် ကြီးသောကြောင့် ဖြတ်၍ ချုပ်စေသည်။ ယခုခေတ် ပိတ်အုပ်များသည်လည်း အလိုရှိသလိုဖြတ်၍ ချုပ်လောက်အောင် ကြီးသောကြောင့် ဖြတ်၍ချုပ်အပ်သည်ဟူ၍ ယူအပ်သည် မဟုတ်ပါလော။

ရဟန်းတို့ ...အလုံးစုံမဖြတ်သော သင်္ကန်းကို မဆောင်အပ်၊ အကြင် ရဟန်းသည် ဆောင်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု ဘုရားရှင် မိန့်တော်မူ၏၊ ယခုခေတ်မှာကား အလျှင်းမဖြတ်သော သင်္ကန်းတို့ကို ရဟန်းတော်များ အားလုံးလိုလိုပင် ဝတ်ရုံနေကြရရှာ၏၊ အပြစ်ရှာသော အနေဖြင့် ရေးခြင်းမဟုတ်ပါ။ ဝိနည်းတော်ဘက်၌ ဟာလွန်းနေ၍ ရဟန်းတော်များ ကိုလည်း သီလစင်စင်ကြယ်ကြယ်ဖြင့် နေစေလိုသော စေတနာဖြင့်လည်း ကောင်း၊ အလွန်ဆင်းရဲ ပင်ပန်းကြီးစွာဖြင့် ရှာ၍ရသော ချွေးနှဲစာကို ရက်ရက် ရောရော အကုန်ခံ၍ လှူဒါန်းကြသော အလှူရှင်ခမျာများကိုလည်း ရာနှုန်း အပြည့် အကျိုးကျေးဇူး ခံစားစေလိုသော စေတနာဖြင့်လည်းကောင်း ပွင့်ပွင့် လင်းလင်း ထုတ်ဆိုရေးခြင်းဖြစ်သည်။

နိဂုံး။ ။ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်သော သင်္ကန်းဖြင့် (ဝါ) အလုံးစုံမဖြတ်သော သင်္ကန်းဖြင့် ကထိန်ခင်းအပ်-မခင်းအပ်။ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်သော သင်္ကန်းကို (ဝါ) အလုံးစုံ မဖြတ်သော သင်္ကန်းကို ဝတ်ရုံအပ်, မအပ် ဟူသော ဤပြဿနာ နှစ်ခုတို့ကို ဆုံးဖြတ်ကြပါစို့။

၁။ ဗန်းမော်ဆရာတော်ဘုရားကြီးက အလုံးစုံမဖြတ်သော သင်္ကန်းဖြင့်လည်း ကထိန်မခင်းအပ်၊ အလုံးစုံမဖြတ်သော သင်္ကန်းကိုလည်း မဝတ်ရုံအပ်ဟု အထောက်အထား ခိုင်လုံစွာဖြင့် မိန့်ဆိုတော်မူ၏၊

၂။ ကျိုက်လတ် ပစ္ဆိမာရုံ ဆရာတော်ဘုရားကြီးသည်လည်း ဗန်းမော်ဆရာတော် ဘုရားကြီးအတိုင်းပင် ယူတော်မူ၏၊ [အထက်၌ ဖော်ပြခဲ့ပြီးပြီ။]

၃။ အဘယာရာမ ဆရာတော်ဘုရားကြီးသည်လည်း ပြဆိုခဲ့ပြီးသော ‘သင်္ကန်း အဆုံးအဖြတ်’ ၌ ပါဠိတော်မှာ ဖြတ်၍ ချုပ်သည်ကို ဟောတော်မူ၏ဟူ၍ ဆိုသည်။ ပါဠိတော်၌ ဖြတ်၍ ချုပ်ရမည်ဟုဆိုလျှင် ရှေးခေတ်ချုပ်သော သင်္ကန်းများနှင့် ယခုခေတ်ချုပ်သော သင်္ကန်းများမှာ ချုပ်လုပ်ပုံချင်း မတူစေကာမူ ယခုခေတ်ချုပ်သော သင်္ကန်းများကိုလည်း ခေါက်၍ မချုပ်ဘဲ ဖြတ်၍ ချုပ်သင့်သည် မဟုတ်လော။

၄။ မဟာဝဂ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၃၀၈၊ ၃၀၉၊ ပရိဝါပါဠိတော် (မြန်မာ ပြန်) အပိုဒ်-၄၀၃ တို့နှင့် ညောင်လေးပင် ဆရာတော်ဘုရား စီရင်တော်မူသော ကထိန်အရသာကျမ်းတို့၌လည်း ငါးပိုင်း ငါးစပ် စသော အခန်းတို့နှင့် တကွ အိမ်ဝန်းကြီး အိမ်ဝန်းငယ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းဖြင့် ကထိန်ခင်းမှသာလျှင် ကထိန်မြောက်သည်ဟု ဆိုသည်ဟူ၍ အထက်၌ ဖော်ပြခဲ့ပြီးပြီ။ [အလုံးစုံမဖြတ်သော သင်္ကန်းဖြင့် ကထိန် မခင်းအပ် ဟူလို။]

၅။ အဘယာရာမ ဆရာတော်ဘုရားကြီးသည်လည်း ငါးပိုင်း ငါးစပ် စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို လည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်စေချင်သည်ဟူ၍ အထက်၌ ဖော်ပြခဲ့ပြီးပြီ။

၆။ ကမာဝက်ရွာ၊ ရွှေကျင်နိကာယ နာယကဆရာတော်ဘုရားကြီး ဦးစန္ဒောဘာသသည်လည်း ကထိန်ခင်းရာ၌ စျေးမှဝယ်လာယူသော သင်္ကန်းဖြင့် မခင်းဘဲ ရွာမှ အလှူရှင်များ ကိုယ်တိုင် ချုပ်လုပ်၍ လှူဒါန်းသော သင်္ကန်းဖြင့် (ဝါ) အခန်းကြီးတို့ကိုသာလျှင် မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်းပိုင်သင်္ကန်းဖြင့် ကထိန်ကို ခင်းတော်မူ၏၊ [အထက်၌ ဖော်ပြခဲ့ပြီ။]

၇။ “ရဟန်းတို့ ...အလုံးစုံ မဖြတ်သော သင်္ကန်းကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏”ဟူသော စကား၏ ဆိုလိုရင်းအဓိပ္ပာယ် မှာ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ မဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းကိုသာလျှင် ဝတ်ရုံအပ်၏ဟု ဆိုလိုရင်းဖြစ်သည်ဟူ၍ အထက်၌ ရှင်းပြခဲ့ပြီးပြီ။

၈။ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာမဟုတ်၊ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်အပ်သည်- ဟု ပါဠိတော်နှင့် အဋ္ဌကထာဆရာ ဋီကာဆရာတို့ ဆိုကြ၏၊ ဓားစသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်လျှင်လည်း အပ်သည်ဟု အဋ္ဌကထာဆရာ ဋီကာဆရာ တစ်ဦးတစ်ယောက်မျှ မဆိုပါ။ အဘယ်ကြောင့် မဆိုသနည်း? အဖြေကား-ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ ချုပ်လျှင်လည်း အပ်သည်ဟု အကယ်၍ ဆိုလျှင် ပါဠိတော်နှင့် ထိုအဋ္ဌကထာဆရာ ဋီကာဆရာတို့နှင့်သာ ဆန့်ကျင်မည် မဟုတ်၊ ကထိန်အမြွက် အခန်း၌ ပြဆိုထားသော ထိုပုဗ္ဗကရဏ ၇-ပါးတို့၌ လာသည့် အမှတ် (၂) ပဉ္စခန်း, သတ္တခန်း စသည်မျဉ်းချမှု အမှတ်ပြုမှုတို့ဖြင့် စီရင်ရခြင်း၊ (၃) စီရင်ချက်အတိုင်း ဖြတ်ရခြင်း၊ (၄)တွဲအပ် တွယ်ရခြင်း၊ (၅) ချုပ်ရခြင်း--ဟူသော ဤပြုဖွယ်ကိစ္စ လေးရပ်တို့နှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်မည် ဖြစ်သောကြောင့်တည်း။ သို့ဖြစ်၍ ဓား စသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်ခြင်းသည်သာလျှင် ဘုရားရှင်၏ အလိုတော် နှင့် ကိုက်ညီသည်ဟု ယူအပ်ပေသည်။

ဤအချက်အလက် အကြောင်းအရာ အလုံးစုံကို ထောက်သောအားဖြင့် (၁) အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့်လည်း ကထိန်မခင်းအပ်၊ (၂) အလုံးစုံ မဖြတ်သော သင်္ကန်းကိုလည်း မဝတ်ရုံအပ်ဟူ၍ ယူအပ်ပေသည်။ ဗန်းမော် ဆရာတော်ဘုရားကြီး စီရင်သည့် ကထိနဝိသောဓနီကျမ်းကို ရွေးချယ်၍ မိမိ စီရင်သော ဝိနယသမူဟဝိနိစ္ဆယကျမ်း၌ ထည့်သွင်းသည်ကို ထောက်လျှင် ဆရာတော် ဦးနိဂြောဓ အရှင်မြတ်သည်လည်း စာရေးသူကဲ့သို့ပင် ယူဆသည်ဟု ဆိုအပ်ပေသည်။

ပြဆိုခဲ့ပြီးသော အချက်အလက် အကြောင်းအရာတို့ကို သဘာဝမကျဟု ယူဆသော ပုဂ္ဂိုလ်တို့အား မည်သို့မျှ မပြောလိုပါ၊ သို့သော် အချက်အလက် အကြောင်းအရာတို့မှာ သဘာဝကျသော်လည်း ကာလဒေသအလိုက် အများကျင့်သုံးသလို ကျင့်သုံးဆောက်တည်အပ်သည်ဟု ဆိုလျှင်ကား “ကာလသာ ရွေ့ သည်၊ ဘုရားရှင် ပညတ်တော်မူသော အာဏာတော် (သိက္ခာပုဒ်)ကား မရွေ့”ဟူ၍ ပြောလိုပါ၏၊ ကာလဒေသ အကြိုက်ကို လိုက်၍ ပြုရမည်လော၊ သို့တည်း မဟုတ် ဘုရားရှင်၏ အကြိုက်ကို လိုက်၍ ပြုရမည်လောဟု ပြန်၍ မေးလိုပါ၏၊

စာရေးသူကဲ့သို့ ယူဆသော ပုဂ္ဂိုလ်တို့အား ယခုခေတ်ချုပ်သော သင်္ကန်း များနှင့် ပတ်သက်၍ အနည်းငယ် ပြောလိုပါ၏၊ ယခုခေတ် ချုပ်သော သင်္ကန်းများကို မဝတ်ရုံအပ်ဟု သိသော်လည်း ဤသင်္ကန်းမျိုးသာ ရှိ၍ ဤသင်္ကန်းမျိုးကို မဝတ်ရုံဘူးဟု ဆိုလျှင် အဘယ်သို့ ဝတ်ရုံနေထိုင်ရပါအံ့နည်းဟူ၍ မေးဖွယ် ရှိ၏၊ အဖြေကား အလုံးစုံဖြတ်သော သင်္ကန်းကို မရသေးသမျှ ကာလပတ်လုံး ယခုခေတ် ချုပ်အပ်သော သင်္ကန်းတို့ကိုသာ ဝတ်ရုံနေဦးဟူ၍ ဖြစ်သည်။ စာရေးသူအဖို့မှာကား သင်္ကန်းကုန်သည်တစ်ဦး၏ အထံ၌ ဒါယကာများက သင်္ကန်းသုံးထည်ကို ရှစ်ဆယ့်ငါးကျပ်ဖြင့် အထူး မှာချုပ်၍ ကပ်လှူသဖြင့် ၎င်းတို့ကိုပင် ဝတ်ရုံနေ၏၊

သင်္ကန်းကုန်သည်များ၏ အလိုကို ရဟန်းတော်များက လိုက်ရမည်လော၊ သို့တည်းမဟုတ် ရဟန်းတော်များ၏ အလိုကို သင်္ကန်းကုန်သည်များက လိုက်ရမည်လောဟူ၍ မေးလိုပါ၏၊

သဘာဝကျကျ ဖြေမည်ဆိုလျှင် ရဟန်းတော်များ၏အလိုကို သင်္ကန်းကုန်သည်များက လိုက်ရမည်ဟူ၍ ဖြေအပ်သည် မဟုတ်ပါလော၊ ဟုတ်သည်ဟု ဆိုလျှင် ရဟန်းတော်များသာ ညီညွတ်ဖို့ လိုသည်၊ ရဟန်းတော်များ၏ အလို တော်အတိုင်း ကုန်သည်များက ချုပ်ကြမည်သာ၊ အလုပ်ကား အနည်းငယ် ပိုသည်၊ မှန်၏၊ အလုပ်ပိုသလောက် ချုပ်ခ အဖို့ငွေကို ပို၍ ယူရန်ဖြစ်သည်၊ အလှူရှင်တို့ကလည်း တန်ဖိုးအနည်းငယ် ပိုလာ၍ မလှူဘဲ နေကြမည်မဟုတ်ပါ၊ လှူမြဲတိုင်း လှူကြမည်သာ။ ထို့ကြောင့် ဤကိစ္စအတွက် ပူပင်စရာ မရှိပါ။ ရဟန်းတော်များ၏ အလိုကျဖြစ်အောင် သင်္ကန်းကုန်သည်များက အပြိုင်အဆိုင် ချုပ်လုပ်ကြမည်သာတည်း။

ရှေးဆရာတော်ဘုရားကြီးတို့ ဝန်ခံပုံ

ကျိုက်လတ် ပစ္ဆိမာရုံ ဆရာတော်ဘုရားကြီးသည် ထို ပါမောဇ္ဇဒီပနီကျမ်း စာမျက်နှာ-၂၀၉ “သန္နိဓိ ဖြစ်, မဖြစ်ကို ပြခြင်းအကြောင်း”ဟူသော ခေါင်းစဉ် အောက်၌ “ထိုတွင် ဆွမ်းခဲဖွယ်တို့ကို လူ, ရှင်တို့အား ပေးစွန့်က ယာဂုကျိုဆဲ အိုး၏ အထက်မှ လက်ကို ဖြန့်၍ ခံယူသော သာမဏေ၏ လက်မှ ၎င်းအိုး၌ ကျသော်လည်း ၎င်းအိုး သန္နိဓိ မဖြစ်ဟု ပါစိတ် အဋ္ဌကထာ မိန့်ဆိုသောကြောင့် ဇွန်း, ပန်းကန်, ဆွမ်းစားခွက်တို့ကို အနပေက္ခ မစွန့်ဘဲ စားမဲဟင်းလျာ ဆွမ်းခဲဖွယ်ကိုသာ ပေးစွန့်၊ ၎င်းခွက်တို့ကို မစွန့်။ ၎င်းခွက်တို့ကို မစွန့်ဘဲလျက် ၎င်းဇွန်း ယောက်ချိုတို့ဖြင့် မွှေချက်ပြုတ်ခြင်း စားမဲဟင်းလျာတို့ကို ကော်ခပ်ခြင်းသည် အလျှင်းမအပ်ဟု မှတ်၊ အဘယ့်ကြောင့်နည်းဟူမူ ဇွန်း, ပန်းကန်တို့၌ ငြိကပ်ကုန်သော ဆီအညစ်အကြေးတို့ကို ပေးခြင်းငှာလည်း မဖြစ်နိုင်ခြင်း၊ ယူ၍လည်း မရနိုင်သောကြောင့်တည်း။

သစေပိ ပတ္တော ဒုဒ္ဓေါတော ဟောတိ၊ ယံ အင်္ဂုလိယာ ဃံသန္တဿ လေခါ ပညာယတိ။ ပ။ တသ္မာ ပတ္တံ ဓောဝိတွာ ပုန တတ္ထ အစ္ဆောဒကံ ဝါ အာသိဉ္စိတွာ အင်္ဂုလိယာ ဝါ ဃံသိတွာ နိသေနဟဘာဝေါ ဇာနိတဗ္ဗော။ —စသည် မကောင်း သဖြင့် ဆေးပွတ်အပ်သော (ဝါ) စင်ကြယ်အောင် ဆေးတိုက်ပွတ်အပ်သော် လည်း ဆီအညစ်အကြေး အစေးရှိသော အဖြစ်ကို သိရန် ရေကြည်စွာ ထည့်၍ ကြည့်လျှင် ရေပေါ်၌ ဆီအစေး မတက်၊ ကွင်း၍ကွက်၍ မပေါ်လာမှ စင်ကြယ် ကြောင်းကို သိရမည်၊ လက်ရေး လက်ကြောင်းထင် ဆီအစေး မစင်ကြယ်သော သပိတ်ဖြင့် နက်ဖြန်နေ့ ဆွမ်းစားခြင်းကို ပြုက ပါစိတ်အာပတ် သင့်ကြောင်း၊ ၎င်း ဆီအစေးစွန့်၍လည်း မဖြစ်နိုင်ခြင်းကြောင့် စင်ကြယ်, မစင်ကြယ်ကို ရေကြည်ဖြင့် ထည့်၍ ကြည့်ရမည်ဟူ၍သာ ပင်ပန်းကြီးစွာ ဆို၊ အကပ်ကို စွန့်လိုက်ရမည်ဟုလည်းကောင်း အဋ္ဌကထာ မဆို၍ ၎င်းသပိတ်ဖြင့် ဆွမ်းစား တိုင်း သန္နိဓိပါစိတ်နှင့် ဒုက္ကဋ်အာပတ် သင့်ခြင်းမှ ကင်းလွတ်ရန် အဖန်ဖန် သပိတ် ပန်းကန် ဇွန်း စသည်တို့ကို ဆေးပွတ်တိုက်မှ စင်ကြယ်မည်။ ၎င်း ဝီရိယ, သတိ ပေါ့သော ရဟန်းတို့ကို ၎င်းအာပတ်မှ မလွတ်မကင်းရာ။ ၁၂၃၃-ခုနှစ် ငါတို့က ၎င်းဆိုအပ်ပြီးသောအတိုင်း လျှောက်မှ ဝိနည်းအကျော် ဗန်းမော် ဆရာတော်ဘုရားကြီးကပင် ဇွန်းပန်းကန်တို့၌ ကပ်ငြိသော ဆီအညစ်အကြေးကို အလေးမပြု၊ ဟင်းအိုး၌ စိုက် ခပ်ယူခြင်း စကုန်သော အမှုတို့ကို နောင်မပြုပါဟု ဝန်ခံဖူးသည် တဝ။ သောဝစ္စဿတာ မင်္ဂလာနှင့် ဝိနည်းလိမ္မာ ကျင့်သိက္ခာပြည့်စုံ အလုံမြို့အဝင် ခင်မွန်သုံးဂိုဏ်းချုပ် ဆရာတော်ကြီးလည်း ၁၂၂၈-ခုနှစ် ဓားကို လည်းကောင်း၊ ဖရဲ, သခွား စသည်ကိုလည်းကောင်း အကပ်ခံပြီးမှ လှီးဖြတ်လျှင် အညိုအမည်း ထင်က တစ်ဖန်ပင် အကပ်ခံပြန်မှ သင့်လျော်ကြောင်းကို လျှောက် ၍ ဝန်ခံ၊ အကပ်တဖန် ခံပါပြီဟု ပဋိညာဉ်ပေးဖူးလေသည်”ဟူ၍ ဆို၏၊

စာမျက်နှာ (၂၄၉)၌ကား မိမိ၏ အမှားကို ဝန်ခံသောအနေဖြင့် ထို ကျိုက်လတ် ပစ္ဆိမာရုံ ဆရာတော်ဘုရားကြီးသည် “ငါးပိုင်း, ငါးစပ် တရုတ်မြောင်းရှည်အတို မဖြတ်ဘဲ ကထိန်ခင်းကြ၍ အာနိသင်ရပြီအမှတ်ဖြင့် တပေါင်းလပြည့်တိုင် ဆယ်ရက်လွန်စေ၍ သင်္ကန်းစသည်တို့ကို ထားခြင်းကြောင့် ဒသာဟာတိက္ကန္တ နိဿဂ္ဂိပါစိတ် သင့်၊ မဖြတ်သော သင်္ကန်းစသည်တို့ကို ဝတ်ခြင်းကြောင့် ဒုက္ကဋ် အာပတ် သင့်၏ဟု ၃၃-ခုနှစ်က ဗန်းမော်ဆရာတော် အမိန့်ရှိဖူး၍ ငါတို့လည်း သဘောကျ၍ ၎င်းအတိုင်းပင် ကထိန်ခင်းပေသည်”ဟူ၍ ဆို၏၊

ဤဆရာတော် သုံးပါးတို့၏ ပြုမူပုံမှာ အလွန်တရာမှ ချီးကျူးထိုက်၍ အတု ခိုးလောက်သော စံနမူနာ ဖြစ်သည်။ သူတော်စင်ပီပီ ၎င်းတို့၏ အမှားကို ဝန်ခံတော်မူကြပေသည်။ မိမိ၏ အမှားကို ဝန်ခံခြင်းသည် ရှက်စရာကောင်းသော အလုပ်ဖြစ်သည်ဟူ၍ အချို့ ထင်မှတ်ကြ၏၊ အမှန်မှာ မိမိ၏ အမှားကို မှားမှန်း သိလျှင်သိချင်း မရှက်မကြောက် ရဲရဲဝံ့ဝံ့နှင့် ပရိသတ်၏ အလယ်၌ ဝန်ခံခြင်းသည် သူတော်စင်တို့၏ အလေ့အကျင့် ဖြစ်ရကား ဂုဏ်ယူထိုက်သော အရာဖြစ်သည်ဟူ၍ ပညာရှိသူတော်စင်တို့ ဆိုကုန်၏၊ အထင်သေး အမြင်သေး ခံရမည်စိုးသဖြင့် မှားမှန်း သိငြားသော်လည်း ဝန်မခံဘဲ ဇွတ်မှိတ်၍ ပြုခြင်းမျိုးသည် ပညာမဲ့သော သူတို့၏ အလေ့အကျင့်ဖြစ်ရကား ပညာရှိသူတော်စင်တို့၏ အမြင်၌ မိမိသည်ပင် မိမိကိုယ်ကို အထင်သေး အမြင်သေးဖြစ်အောင် ဖန်တီး နေသည်နှင့် တူ၏၊ ပညာမဲ့သော သူတို့၏ ကဲ့ရဲ့ခြင်းကို မကြောက်လေလင့်၊ ၎င်းတို့၏ ချီးမွမ်းခြင်းကိုလည်း အလိုမရှိလေလင့်၊ ပညာရှိသူတော်စင်တို့၏ ချီးမွမ်းခြင်းကိုသာလျှင် အလေးပြုရာ၏၊ မိမိ၏ အမှားကို မပြုပြင်ဘဲ နေနေခြင်းသည် ကုသိုလ်လို၍ ရဟန်းပြုရာ မရောက်ဘဲ မိမိကိုယ်ကို မနစ်, နစ်အောင် ပြုရာရောက်သည်ဟူ၍လည်းကောင်း၊ မိမိအား ကိုးကွယ်ဆည်းကပ်နေသော ရဟန်း, သာမဏတို့နှင့်တကွ ဒါယကာ ဒါယိကာမတို့ကိုလည်း လမ်းမှားသို့ ပို့ဆောင်ရာကျသည်ဟူ၍လည်းကောင်း၊ နောင်လာနောင်သားများအတွက်လည်း မကောင်းသော အမွေအနှစ်ကို ချန်ထားရာကျသည်ဟူ၍လည်းကောင်း သတိ ချပ်စေလိုပါ၏၊ ပြဆိုခဲ့ပြီးသော ဤပြဿနာနှစ်ခုနှင့် ပတ်သက်၍ ဤစာအုပ်ကို တည်းဖြတ်ပြင်ဆင်ပေးသော ဆရာတော်ဘုရားသည်လည်း စာရေးသူ ယူဆသကဲ့သို့ ယခု ယူဆလေပြီ။(သာဓု သာဓု သာဓု)

ဤကိစ္စမှာ နေ့ရှိသမျှ အာပတ် အဆက်မပြတ် သင့်စေနိုင်၍ လေးလေး နက်နက် စဉ်းစားဆုံးဖြတ်တော်မူကြပါကုန်။ [အကယ်၍ စာရေးသူ ယူဆသကဲ့ သို့ မယူဆပါက သည်းခံခွင့်လွှတ်တော်မူကြပါကုန်။]

၁။ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ချုပ်သော သင်္ကန်းဖြင့် (ဝါ) အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့် ကထိန်ခင်းအပ်, မခင်းအပ်။ ၂။ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ ချုပ်သော သင်္ကန်းကို (ဝါ) အလုံးစုံ မဖြတ်သော သင်္ကန်းကို ဝတ်ရုံအပ်, မအပ် ဟူသော ပြဿနာနှစ်ခု ပြီးပြီ။

ဖြည့်စွက်ရေးခြင်း

ဤပြဿနာကို ကောဇာသက္ကရာဇ် ၁၃၂၅-ခုနှစ်တွင် ရေးပြီးသည်၊ မှန်၏၊ သို့သော် ကျေးဇူးရှင် ပထမ မန်လည်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူသော ဤပြဿနာမျိုးကဲ့သို့သော စီဝရဝိသဇ္ဇနာကို မမျှော်လင့်ဘဲလျက် တွေ့ရှိ၍ ဖြည့်စွက်ရေးသွင်းခြင်း ဖြစ်သည်။ ကျေးဇူးရှင် ပထမ မန်လည်ဆရာတော်ဘုရားကြီးသည် မြန်မာဘုရင်လက်ထက် ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ အလွန် ထင်ရှားကျော်ကြားတော်မူသော ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။ အင်္ဂလိပ် အစိုးရ လက်ထက်၌လည်း နိုင်ငံတစ်ဝန်းလုံး၏ လေးစားကြည်ညိုခြင်းကို ခံယူတော်မူရသည်။ ၎င်းအား အလွန်လေးစား အားကိုးအားထားကြသည့် အလျောက် အများသိကြသော ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး အပါအဝင် အလွန်ထင်ရှားသော ကျမ်းတတ် ဆရာတော်ဘုရားကြီးအများကပင် မရှင်းလင်းသော အကြောင်းအရာ အချက်အလက်များကို မေးလျှောက်ကြ၍ ဖြေဆိုလေသည်။ ထို ဖြေဆိုသော ဝိသဇ္ဇနာပေါင်းချုပ်ကို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မြို့မကျောင်း၊ မန်လည်စာပေစောင့်ရှောက်ရေးအဖွဲ့က ပိဋကတ္တယ ကောဝိဒ, ဂန္ထန္တရပါရဂူ, အဂ္ဂမဟာပဏ္ဍိတ, မကာရလောပ အနွယ်ဝင် ကျေးဇူးရှင် ပထမ မန်လည်ဆရာတော်ဘုရားကြီး၏ ‘ပညာဝီမံသနကထာကျမ်း’ ဟူသော အမည်ဖြင့် အုပ်ရေ (၃၀၀၀)အထိ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ကောဇာသက္ကရာဇ် ၁၃၃၉-ခုနှစ်တွင် ရိုက်နှိပ်လေသည်။ အဆိုပါ ‘ပညာဝီမံသနကထာကျမ်း’ကို ဆရာတော်ဘုရား (အရှင်တေဇ) ကံအားလျော်စွာ မကြာသေးမီက တွေ့ရှိ၍ ဖတ်ရှုရာ ငါးပိုင်း ငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်း တရုတ်တို့ကို ဓားစသည်ဖြင့် ပိုင်းပိုင်း မဖြတ်ဘဲ ခေါက်၍ချုပ်သော သင်္ကန်းဖြင့် (ဝါ) အလုံးစုံ မဖြတ်သော သင်္ကန်းဖြင့် ကထိန်လည်း မခင်းအပ်၊ ဝတ်လည်း မဝတ်ရုံအပ်ဟု စာရေးသူ ယူဆသကဲ့သို့ ကျေးဇူးရှင် ပထမ မန်လည် ဆရာတော်ဘုရားကြီးသည်လည်း ယူဆ၍ အခိုင်အမာ ဆိုထားသည်ကို တွေ့ရှိသဖြင့် ထိုကျမ်းစာအုပ်ကို စာရေးသူထံ ပို့ခဲ့ပါသည်။ သက်ဆိုင်သော ထို စီဝရဝိသဇ္ဇနာကို ဖတ်ရှုရာ အယူအဆချင်း ကိုက်ညီနေသည်ကို တွေ့ရှိရပါသည်။ စာရှုသူတို့၏ အကျိုးကို ရည်ရွယ်၍ (ဝါ) စာရေးသူ တင်ပြသော အကြောင်းအရာ အချက်အလက်များကို လက်ခံသင့်, မသင့် စိစစ်ဝေဖန် ဆုံးဖြတ်နိုင်ရန် အလို့ငှာ ထိုစီဝရဝိသဇ္ဇနာကို ကောဇာသက္ကရာဇ် ၁၃၄၁-ခု၊ သီတင်းကျွတ်လဆန်း ၃-ရက်၊ တနင်္ဂနွေနေ့၌ ဖြည့်စွက်ရေးသွင်းပါသည်။ [ပညာဝီမံသနကထာကျမ်း၊ နှာ-၄၇၈၊ စီဝရဝိသဇ္ဇနာ၊ ကထိန်သင်္ကန်း အစီအရင်နှင့် အမြဲ ဝတ်ရုံသော သင်္ကန်း၌ ငါးစပ် ငါးခန်း ဖြတ်ရုံနှင့် အပ်, မအပ် မေးလျှောက်ရာ ဖြေဆိုသော ဝိသဇ္ဇနာ။] ထိုဖြေဆိုသော ဝိသဇ္ဇနာကို မူရင်းစာမူအတိုင်း ဖော်ပြ ပါအံ့။

စီဝရဝိသဇ္ဇနာ

ကထိန်သင်္ကန်း အစီအရင်နှင့် အမြဲဝတ်ရုံသော သင်္ကန်း၌ ၅-စပ်,

၅-ခန်း ဖြတ်ရုံနှင့် အပ်, မအပ် မေးလျှောက်ရာ ဖြေဆိုသော ဝိသဇ္ဇနာ

ကထိန်ဉတ်သင်္ကန်း သဗ္ဗဆိန်မှ အပ်, မအပ်၊ အမြဲဝတ်ရုံသော သင်္ကန်းလည်း ငါးပိုင်း ငါးခန်း ဖြတ်ရုံသာ အပ်, မအပ် ဟူသော အမေးနှစ်ချက်တို့၌ တိစီဝရိက်သင်္ကန်းမျိုး ဖြစ်လျှင် ကထိန်သင်္ကန်းဖြစ်စေ, ကထိန်မဟုတ် အမြဲဝတ်ရုံ သော သင်္ကန်းမျိုးပင်ဖြစ်စေ ဝိဝဋ္ဋ, အနုဝိဝဋ္ဋ, ဂီဝေယျက, ဇင်္ဃေယျက, ဗာဟန္တ ဟူသော ငါးခန်း ငါးစပ် စသည်ကို ဓားဖြင့် ဖြတ်၍ ထိုအခန်းအစပ်တို့၏ အစိတ် ဖြစ်သော ကုသိ, အဍ္ဎကုသိ, မဏ္ဍလ, အဍ္ဎမဏ္ဍလတို့ကိုလည်း အကုန်ဖြတ်ခြင်းကို သာလျှင် ပါဠိ, အဋ္ဌကထာကြီးတို့၌ ထင်ပေကုန်၏၊

မဏ္ဍလ, အဍ္ဎမဏ္ဍလ စသည်တို့ကို ဓားဖြင့် မဖြတ်အပ်။ ချည်ချုပ်ရိုးဖြင့်သာ ဖြတ်ခြင်းကိုကား ဝိနယဂုဠှတ္ထဒီပနီ၌သာ ထင်၏၊ အဘယ်ကဲ့သို့ ပါဠိတော်၌ ထင်သနည်း။

“ပဏ္ဍိတော ဘိက္ခဝေ အာနန္ဒော၊ မဟာပညော ဘိက္ခဝေ အာနန္ဒော၊ ယတြ ဟိ နာမ မယာ သံခိတ္တေန ဘာသိတဿ ဝိတ္ထာရေန အတ္ထံ အာဇာနိဿတိ၊ ကုသိမ္ပိ နာမ ကရိဿတိ၊ အဍ္ဎကုသိမ္ပိ နာမ ကရိဿတိ၊ မဏ္ဍလမ္ပိ နာမ ကရိဿတိ၊ အဍ္ဎမဏ္ဍလမ္ပိ နာမ ကရိဿတိ၊ ဝိဝဋ္ဋမ္ပိ နာမ ကရိဿတိ၊ အနုဝိဝဋ္ဋမ္ပိ နာမ ကရိဿတိ၊ ဂီဝေယျကမ္ပိ နာမ ကရိဿတိ၊ ဇင်္ဃေယျကမ္ပိ နာမ ကရိဿတိ၊ ဗာဟန္တမ္ပိ နာမ ကရိဿတိ၊ ဆိန္နကံ ဘဝိဿတိ၊ သတ္ထလူခံ သမဏသာရုပ္ပံ ပစ္စတ္ထိကာနဉ္စ အနဘိစ္ဆိတံ။ အနုဇာနာမိ ဘိက္ခဝေ ဆိန္နကံ သံဃာဋိံ ဆိန္နကံ ဥတ္တရာသင်္ဂံ ဆိန္နကံ အန္တရဝါသက”န္တိ။ —

ဟူသော ဝိနည်းမဟာဝါ စီဝရက္ခန္ဓက ပါဠိတော် (ဝိ၊၃၊၄၀၀-၄၀၁။)၌ “ဆိန္နကံ ဘဝိဿတိ သတ္ထလူခံ”ဟူသော ပါဠိတော်ပါဌ်ဖြင့် အလုံးစုံ ပဉ္စခန်း စသော အခန်း၊ ကုသိ စသော အစိတ်တို့ကို ဓားငယ်ဖြင့် လှီးဖြတ်ခြင်းရှိသည့် အဖြစ်သည် ထင်၏၊

၎င်းမဟာဝါ အဋ္ဌကထာ စီဝရက္ခန္ဓက အဖွင့် (ဝိ၊ဋ္ဌ၊၃၊၄၀၈။)၌လည်း —

ကုသိမ္ပိ နာမာတိအာဒီသု ကုသီတိ အာယာမတော စ ဝိတ္ထာရတော စ အနုဝါတာဒီနံ ဒီဃပတ္တာနမေတံ အဓိဝစနံ။ အဍ္ဎကုသီတိ အန္တရန္တရာ ရဿပတ္တာနံ နာမံ။ ဂီဝေယျကန္တိ ဂီဝါဝေဌနဋ္ဌာနေ ဒဠှီကရဏတ္ထံ အညံ သုတ္တသံသိဗ္ဗိတံ အာဂန္တုကပတ္တံ။ ဇင်္ဃေယျကန္တိ ဇင်္ဃပါပုဏနဋ္ဌာနေ တထေဝ သံသိဗ္ဗိတံ ပတ္တံ။ ဂီဝဋ္ဌာနေ စ ဇင်္ဃဋ္ဌာနေ စ ပတ္တာနမေဝေတံ နာမန္တိပိ ဝဒန္တိ။

ဟူသော ပါဌ်တို့ဖြင့် အလျား အနားပတ်ပြား, အနံ အနားပတ်ပြား, တရုတ်မြောင်းရှည်အပြား, တရုတ်မြောင်းတိုအပြား, လည်ခံ အာဂန္တုကအပြား, မြင်းခေါင်းသလုံးခံ အာဂန္တုကအပြား အာစရိယဝါဒအားဖြင့် လည်တည်ရာ, မြင်းခေါင်း သလုံးတည်ရာ အနားပတ်အပြားတို့၏ အခြားအခြား အလွှာအဖြစ် ကို ပြဆိုသောကြောင့် အသီးအသီး ဓားဖြင့် ဖြတ်ခြင်းတို့ကို သိအပ်ကုန်၏၊

ဤ ကုသိအဖွင့်၌လည်း —

အနုဝါတာဒီနံ ဒီဃပတ္တာနန္တိ အာယာမတော ဝိတ္ထာရတော စ အနုဝါတံ။ အာဒိ-သဒ္ဒေနဒွိန္နံ ခန္ဓာနံ အန္တရာ မာတိကာကာရေန ဌပိတပတ္တဉ္စ “ဒီဃပတ္တ”န္တိ ဒဋ္ဌဗ္ဗံ။ (ဝိမတိဋီကာ၊၂၊၁၉၈။)နှင့်အညီဟူ၍ မှတ်ရာသတည်း။

မဏ္ဍလန္တိ ပဉ္စခဏ္ဍိကစီဝရဿ ဧကေကသ္မိံ ခဏ္ဍေ မဟာမဏ္ဍလံ။ အဍ္ဎမဏ္ဍလန္တိ ခုဒ္ဒကမဏ္ဍလံ။ ဝိဝဋ္ဋန္တိ မဏ္ဍလဉ္စ အဍ္ဎမဏ္ဍလဉ္စ ဧကတော ကတွာ သိဗ္ဗိတံ မဇ္ဈိမခဏ္ဍံ။ အနုဝိဝဋ္ဋန္တိ တဿ ဥဘောသု ပေဿသု ဒွေ ခဏ္ဍာနိ။ ဗာဟန္တန္တိ အနုဝိဝဋ္ဋာနံ ဗဟိ ဧကေကံ ခဏ္ဍံ။ ဣတိ ပဉ္စခဏ္ဍိကစီဝရေနေတံ ဝိစာရိတန္တိ။ အထ ဝါ အနုဝိဝဋ္ဋန္တိ ဝိဝဋ္ဋဿ ဧကပဿတော ဒွိန္နံ ဧကပဿတော ဒွိန္နန္တိ စတုန္နမ္ပိ ခဏ္ဍာနမေတံ နာမံ။—

ဟူသော ဝိနယသင်္ဂဟ အဋ္ဌကထာ၊ မဟာဝါ အဋ္ဌကထာ ပါဌ်ဖြင့် တစ်ခု တစ်ခုသော အခန်း၌ အိမ်ဝန်းကြီးကိုလည်းကောင်း, အိမ်ဝန်းငယ်ကိုလည်းကောင်း တပေါင်းတည်း ပြု၍ ချုပ်အပ်သည်ကို ပြသောကြောင့် အိမ်ဝန်းကြီး, အိမ်ဝန်းငယ်တို့ကိုလည်းကောင်း, ပဉ္စခန်း သတ္တခန်း စသည်တို့ကိုလည်းကောင်း အသီးအသီး ဓားငယ်ဖြင့် ဖြတ်အပ်သည်ကို သိအပ်၏၊

ဤ မဟာဝါ စီဝရက္ခန္ဓက အဋ္ဌကထာတို့မှ တစ်ပါး စူဠဝါ သေနာသနက္ခန္ဓက အဋ္ဌကထာ, ဝိနယသင်္ဂဟ စတုပစ္စယဝိဘာဂ နိဒ္ဒေသ အဋ္ဌကထာတို့ ၌လည်း အပ္ပမတ္တက ဝိသဇ္ဇက သမ္မုတိရသော ရဟန်း၏ ဝတ်ကိုပြရာ —

“အာဂန္တုကပတ္တံ အာရောပေဿာမီ”တိ ယာစန္တဿ ကုသိယာ စ အဍ္ဎကုသိယာ စ ပဟောနကံ ဒါတဗ္ဗံ။ “မဏ္ဍလံ နပ္ပဟောတီ”တိ အာဂတဿ မဏ္ဍလံ ဧကံ ဒါတဗ္ဗံ၊ အဍ္ဎမဏ္ဍလာနိ ဒွေ ဒါတဗ္ဗာနိ၊ ဒွေ မဏ္ဍလာနိ ယာစန္တဿန ဒါတဗ္ဗာနိ။ အနုဝါတပရိဘဏ္ဍတ္ထိကဿ ဧကဿ စီဝရဿ ပဟောနကံ ဒါတဗ္ဗံ။ —

ဟူသော ပါဌ်တို့ဖြင့် အာဂန္တုကဖြစ်သော သလင်းထောင် အလွှာကို တင်အံ့ဟု တောင်းလာသော ရဟန်းအား တရုတ်မြောင်းရှည်, တရုတ်မြောင်းတို လောက်အောင် ပေးအပ်၏၊ အိမ်ဝန်းကြီး မလောက်ဟု တောင်းလာသော ရဟန်းအား အိမ်ဝန်းကြီး တစ်ခုကိုသာ ပေးအပ်၏၊ အိမ်ဝန်းငယ်ကိုကား နှစ်ခုကို ပေးအပ်၏၊ အိမ်ဝန်းကြီး နှစ်ခုကို မပေးအပ်။ အလျားအနားပတ် အနံအနားပတ်ကို အလိုရှိသော ရဟန်းအား သင်္ကန်းတစ်ထည်လုံး တင်လောက်အောင် ပေးအပ်၏ဟု အသီးအသီး အခြားအခြားစီ ဆိုသောကြောင့်လည်း ထိုကုသိ, အဍ္ဎကုသိ, မဏ္ဍလ, အဍ္ဎမဏ္ဍလ စသည်တို့၏ ဓားဖြင့် လှီးဖြတ်အပ်သည့် အဖြစ်ကို သိအပ်ပေ၏၊

၎င်း မဟာဝါ စီဝရက္ခန္ဓက အဋ္ဌကထာ စီဝရဝိကလ အရာ၌လည်း-

စီဝရဝိကလကံ နာမ သဗ္ဗေသံ ပဉ္စ ပဉ္စ ဝတ္ထာနိ ပတ္တာနိ၊ သေသာနိပိ အတ္ထိ၊ ဧကေကံ ပန န ပါပုဏာတိ၊ ဆိန္ဒိတွာ ဒါတဗ္ဗာနိ။ ဆိန္ဒန္တေဟိ စ အဍ္ဎမဏ္ဍလာဒီနံ ဝါ ဥပါဟနတ္ထဝိကာဒီနံ ဝါ ပဟောနကာနိ ခဏ္ဍာနိ ကတွာ ဒါတဗ္ဗာနိ၊ ဟေဋ္ဌိမပရိစ္ဆေဒေန စတုရင်္ဂုလဝိတ္ထာရမ္ပိ အနုဝါတပ္ပဟောနကာယာမံ ခဏ္ဍံ ကတွာ ဒါတုံ ဝဋ္ဋတိ။ —

ဟူသော ပါဌ်တို့ဖြင့် သင်္ကန်းမလောက်၍ ဖြတ်ပြီးပေးကုန်သော ရဟန်း တို့သည် အဍ္ဎမဏ္ဍလ စသည်လောက်အောင် အပိုင်းပြု၍ ပေးအပ်ကုန်၏ဟု ဆိုခြင်းကြောင့် အဍ္ဎမဏ္ဍလ စသည်တို့၏ ဓားဖြင့် လှီးဖြတ်အပ်သည့် အဖြစ်ကို သိအပ်၏၊

ဤအရာ၌ အဘိဓာန်ဋီကာဆရာ၏ အလိုအားဖြင့်ကား - မဏ္ဍလဟူသည် အနားပတ်, ဝိဝဋ္ဋဟူသည် မြောင်း, ကုသိဟူသည် မြောင်းတို့၏ အလယ်၌ တည်သော အခန်း အစိတ်ဟူ၍ ယူလို၏၊ ထို့ကြောင့် —

မဏ္ဍလာဒယော တဒင်္ဂါနိ သမူဟဘူတဿ စီဝရဿ အဝယဝါနိ။ မဍိ ဘူသာယံ၊ အလော။ မဏ္ဍလံ။ စီဝရပရိယန္တော ယံ မဟာပထဝိယာ စက္ကဝါဠပဗ္ဗတော ဝိယ စီဝရဿ သမန္တတော တိဋ္ဌတိ။ ဝိဝဋ္ဋော နာမ စီဝရမဇ္ဈဂတမဂ္ဂေါ။ သော ဟိ ဝိသုံ ဝိသုံ ဝဋ္ဋတီတိ ဝိဝဋ္ဋောတိ ဝုစ္စတိ၊ ဝဋ္ဋ အာဝဋနေ။ ကုသိနာမ မဂ္ဂါနံ မဇ္ဈဂတဝတ္ထခဏ္ဍံ၊ ကုသ ဆေဒနေ၊ ကမ္မနိ ဣ။ ကုသိ ပုမိတ္ထိယံ —ဟူ၍ ဆို၏၊

၎င်းအဘိဓာန်ဋီကာ (ဓာန်၊ဋီ၊၂၀၈။)သို့ လိုက်၍ အချို့သော ဆရာတို့သည် မဏ္ဍလ၊ အနားပတ်, ဝိဝဋ္ဋ၊ မြောင်း, ကုသိ၊ သင်္ကန်းအစပ်အလွှာဟူ၍ အနက် ပေးကြကုန်၏၊ ထိုသို့ ဆိုကုန်သော်လည်း ဤအဋ္ဌကထာ, ဋီကာကြီးတို့သာ ပမာဏဟူ၍ မှတ်ရာ၏၊

ဤသို့လျှင် ဤစီဝရက္ခန္ဓက ပါဠိ အဋ္ဌကထာတို့၌လာသော စီဝရဝိစာရဏ နည်းတို့သည်ကား အလုံးစုံ ကထိန်သင်္ကန်း ဟုတ်, မဟုတ်တို့နှင့် ဆက်ဆံသော သဗ္ဗသာဓာရဏ စီရင်နည်း ဖြစ်၏၊ သို့ဖြစ်၍ မြတ်စွာဘုရား ရွှေလက်ထက်တော် အခါကလည်း ဤသိက္ခာပုဒ်တော်ဖြစ်သော ကာလမှစ၍ ဤနည်းအတိုင်း သာလျှင် ဓားဖြင့် လှီးဖြတ် စီရင်ဝတ်ရုံကြသည် ဖြစ်ကုန်၏၊ ထို့ကြောင့် —

တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော တိစီဝရေ ကရိယမာနေ သဗ္ဗံ ဆိန္နကံ နပ္ပဟောတိ —ဟူသော နိဒါန်းပါဠိတော် (ဝိ၊၃၊၄၁၂။) ပါဌ်ဖြင့် ရဟန်းတစ်ဦးအား တိစီဝရိက် သင်္ကန်း ၃-ထည် ပြုသည်ရှိသော် အလုံးစုံ သင်္ကန်း ၃-ထည်စလုံး ဖြတ်၍ မလောက်သော အဖြစ်သည် ပေါ်လာ၏၊ ထိုဝတ္ထုကို အကြောင်းပြု၍ —

အနုဇာနာမိ ဘိက္ခဝေ ဒွေ ဆိန္နကာနိ။ ပ။ ဧကံ အစ္ဆိန္နကန္တိ။ (ဝိ၊၃၊၄၁၂၊၊) ဟူသော ပါဠိတော်ပါဌ်ဖြင့် နှစ်ထည်တို့ကိုဖြတ်၊ တစ်ထည်ကို မဖြတ်လင့်ဟု အနုညာတ ပြုတော်မူပြန်၏၊ ယင်းသို့ နှစ်ထည် မဖြတ်လောက်ပြန်ရာ “အနုဇာနာမိ ဘိက္ခဝေ ဒွေ အစ္ဆိန္နကာနိ ဧကံ ဆိန္နကံ”ဟူသော ပါဠိတော် (ဝိ၊၃၊၄၁၂၊၊) ပါဌ်ဖြင့် နှစ်ထည်တို့ကို မဖြတ်လင့်၊ တစ်ထည်ကိုသာ ဖြတ်ဟု အနုညာတ ပြုတော်မူပြန်၏၊ ယင်းသို့ တစ်ထည်ပင် ဖြတ်၍ မလောက်ပြန်ရာ “အနုဇာနာမိ ဘိက္ခဝေ အနွာဓိကမ္ပိ အာရောပေတုံ၊ န စ ဘိက္ခဝေ သဗ္ဗံ အစ္ဆိန္နကံ ဓာရေတဗ္ဗံ၊ ယော ဓာရေယျ၊ အာပတ္တိ ဒုက္ကဋဿ”ဟူသော ပါဠိတော် (ဝိ၊၃၊၄၁၂။) ပါဌ်ဖြင့် သလင်းတောင်တင်ဟု ခွင့်ပြုတော်မူ၍ ဖြတ်လောက်မူ အလုံးစုံမဖြတ်ဘဲ တိစီဝရိက်သင်္ကန်းကို မဆောင်အပ်။ ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့် စေဟု ပညတ်တော်မူ၏၊

သို့ဖြစ်သော်လည်း ဤသဗ္ဗဆိန္နအရာ၌ သဗ္ဗဆိန္နအဖြစ်ကို —

စီဝရဝိစာရဏမတ္တေနာတိ “ပဉ္စကံ ဝါ သတ္တကံ ဝါ နဝကံ ဝါ ဧကာဒသကံ ဝါ ဟောတူ”တိ ဧဝံ ဝိစာရိတမတ္တေန။ ဆေဒနမတ္တေနာတိ ယထာဝိစာရိတဿ ဝတ္ထဿ ဆေဒနမတ္တေန။ (ဝိ၊၃၊၄၁၂။)ဟူ၍လည်းကောင်း, [စာရေး သူ၏ ပြင်ဆင်ချက်။ ။ ဤပါဠိစာပိုဒ်ပါ ကျမ်းညွှန်း (ဝိ၊၃၊၄၁၂။)ကို သတိမေ့လျော့၍ မှားပြီး ညွှန်းမိသည်ဟု ယူဆ၏၊ ကျမ်းညွှန်းအမှန်မှာ (ဝိ၊ဋ္ဌ၊၃၊၃၉၁၊၊)သာ ဖြစ်သည်။]

အညတြ ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါတိ ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ကတွာ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ ဒေဿတွာ ကတေနေဝ ဝဋ္ဋတိ။ ဧဝဥှိ သမဏ္ဍလီကတံ ဟောတိ၊ တံ ဌပေတွာ အညေန အစ္ဆိန္နကေန ဝါ ဒွတ္တိစတုခဏ္ဍေန ဝါ ဝဋ္ဋတိ။ (ဝိ၊ဋ္ဌ၊၃၊၃၉၂။) —

ဟူ၍လည်းကောင်း လာကုန်သော ကထိနက္ခန္ဓက ပါဠိ, အဋ္ဌကထာတို့၌ ကထိနစီဝရဝိစာရဏကို ဆိုရာ ပဉ္စခန်း, သတ္တခန်း, နဝခန်း, ဧကာဒသခန်း ဟုဆိုအပ်သော အခန်းတို့ကိုသာ စီရင်ခြင်း, ဖြတ်ခြင်းတို့ကို မှတ်၍ ပြကုန် သောကြောင့်လည်းကောင်း —

တီသု ပန စီဝရေသု ဒွေ ဝါ ဧကံ ဝါ ဆိန္ဒိတွာ ကာတဗ္ဗန္တိ ဧတ္ထ အနုဇာနာမိ ဘိက္ခဝေ ဆိန္နကံ သံဃာဋိံ ဆိန္နကံ ဥတ္တရာသင်္ဂံ ဆိန္နကံ အန္တရဝါသကန္တိ။ (ဝိ၊ဋ္ဌ၊၃၊၄၀၉။) ဝစနတော ပဉ္စခဏ္ဍ သတ္တခဏ္ဍဒိဝသေန ဆိန္ဒိတွာဝ ကာတဗ္ဗံ။ န အဆိန္ဒိတွာတိ အတ္ထော —ဟူ၍ လာသော(ဝိနယာလင်္ကာရဋီကာ၊၂၊၃၇၆။) ၌လည်း ပဉ္စခန်း, သတ္တခန်း စသည်ဖြင့် ဖြတ်ခြင်းတို့ကို မှတ်၍ ပြကြကုန် သောကြောင့်လည်းကောင်း။

ဝိနယဂုဠှတ္ထ ဒီပနီ၌ ပဉ္စခန်း, သတ္တခန်း စသည်တို့၏ အစပ် အခန်းတို့ကို သာ ဓားဖြင့် ဖြတ်ရကုန်၏၊ မဏ္ဍလ အဍ္ဎမဏ္ဍလ စသည်တို့ကိုကား ဓားဖြင့် မဖြတ်ဘဲ ချုပ်ရိုးသဏ္ဌာန်သာ ပြ၍ ချုပ်အပ်ကုန်၏ဟု ဆို၏၊

အုတ်ကျောင်း ဆရာတော်ကြီးလည်း “သဗ္ဗံ ဘိက္ခဝေ အစ္ဆိန္နကံ ဓာရေတဗ္ဗံ” ၌ သဗ္ဗဆိန္နဖြစ်အောင် အိမ်ကြီး, အိမ်ငယ်, မြောင်း တရုတ်, အနားပတ်, ဖြတ် ကောင်းသမျှ အလုံးစုံကို ဖြတ်၍ချည်း အချို့ စီရင်ကုန်၏၊ ကာလ ဒေသ ပမာဏကို မသိခြင်းမှ တစ်ပါး ထိုသူတို့၏ ဒုဂ္ဂဟိတဂ္ဂါဟ အကြောင်းမရှိပြီဟု အလုံးစုံအိမ်ကြီး, အိမ်ငယ် စသည်တို့ကို ဖြတ်ခြင်း၌ မနှစ်သက်သော အဖြစ်ကို ပြ၏၊

ဤဆရာကြီးတို့ကား ဆိန္နကံ ဘဝိဿတိ သတ္ထလူခံ သမဏသာရုပ္ပံ ပစ္စတ္ထိကာနံ အနဘိစ္ဆိတံ။ အနုဇာနာမိ ဘိက္ခဝေ ဆိန္နကံ သံဃာဋိံ ဆိန္နကံ ဥတ္တရာသင်္ဂံ ဆိန္နကံ ဆိန္တရဝါသကံဟူသော အနုညာတ သိက္ခာပုဒ် (ဝိ၊၃၊၄၀၁၊၊) ကို အာပတ္တိက အရာမဟုတ်၊ “န စ ဘိက္ခဝေ သဗ္ဗံ အစ္ဆိန္နကံ ဓာရေတဗ္ဗံ၊ ယော ဓာရေယျ၊ အာပတ္တိ ဒုက္ကဋဿ”ဟူသော ဝါရိတသိက္ခာပုဒ် (ဝိ၊၃၊၄၀၀၊၊) ဖြင့် ပဉ္စခန်း, သတ္တခန်း စသည်တို့ကို မဖြတ်သော်သာ အာပတ်သင့်၏ဟု နှလုံးသွင်း အယူတော် ရှိကြကုန်၏ဟူ၍ သဘောရရန် ရှိ၏၊

[စာရေးသူ၏ ပြင်ဆင်ချက် — ဤစာပိုဒ်၌ ပါရှိသော ဒုတိယကျမ်းညွှန်း (ဝိ၊၃၊၄၀၀။)ကို သတိမေ့လျော့၍ မှားပြီး ညွှန်းမိသည်ဟု ယူဆ၏၊ ကျမ်းညွှန်း အမှန်မှာ (ဝိ၊၃၊၄၁၂။)သာ ဖြစ်သည်။]

ထို့ကြောင့် အဋ္ဌကထာ, ဋီကာတို့၌ ထင်သည့်အတိုင်း မြောင်း တရုတ် အိမ်ကြီး, အိမ်ငယ်, အနားပတ်တို့ကို ဓားဖြင့် ဖြတ်သည်ဖြစ်စေ, ဋီကာ, ဒီပနီ နောက်နောက် ဆရာတော်ကြီးတို့ အယူအတိုင်း ဓားဖြင့် မဖြတ်သည်ဖြစ်စေ ပါဠိတော်, အဋ္ဌကထာတို့၌ မြောင်း တရုတ် စသည်တို့ကို မဖြတ်သော် အာပတ် သင့်သည်ကို တိုက်ရိုက် မပြမဆိုခြင်းကြောင့် အသင့်ချည်းဟူ၍လည်း မှတ်ဖွယ် သင့်ပေ၏၊ သို့သော်လည်း အဋ္ဌကထာကြီးတို့နှင့်အညီ စီရင်ခြင်းသာ အတိယုတ္တ ပသဋ္ဌတရ ဖြစ်၏ဟူ၍ နှလုံးသွင်းရာသတည်း။

ဤအရာ၌ ပကတိ အမြဲဝတ်ရုံသော တိစီဝရိက် သင်္ကန်းသည်သာလျှင် မလောက်သော် အလုံးစုံ မဖြတ်ခြင်း အပ်၏၊ ကထိန်သင်္ကန်းမူကား မဖြတ်မူ မအပ်၊ ဖြတ်မှသာ အပ်၏၊

ကထိနံ ပန ဆိန္နကမေဝ ဝဋ္ဋတိ အာဝေဏိကလက္ခဏတ္တာ။ ကင်္ခါဋီကာဟောင်း (ကင်္ခါ၊ဋီ၊၇၂။)

ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍနိ ဆိန္ဒိတွာတိ ယထာ ပဉ္စခဏ္ဍိကာဒီနံ သံဃာဋိအာဒီနံ တိဏ္ဏံ စီဝရာနံ အညတရပ္ပဟောနကာနိ မဟာမဏ္ဍလအဍ္ဎမဏ္ဍလာဒိဝသေန ပဉ္စ ခဏ္ဍာနိ ဝါ အတိရေကာနိ ဝါ သတ္တာဒိခဏ္ဍာနိ ဟောန္တိ၊ ဧဝံ ဆိန္ဒိတွာ။ ၎င်းဋီကာသစ်။ (ကင်္ခါ၊ဋီသစ်၊၂၇၆။)

တဒဟေဝ သဉ္ဆိန္နေနာတိ သံဃေန ကထိနတ္ထာရကဿ ကမ္မဝါစံ ဝတွာ ဒိန္နေနေဝ တဒဟေဝ သဉ္ဆိန္နေန သမဏ္ဍလီကတေန ဘဝိတဗ္ဗံ။  ဝဇိရဗုဒ္ဓိဋီကာ (ဝဇိရ၊၄၉၁။)

ဤသို့ ဋီကာအများ လာသည်၏ အဖြစ်ကြောင့်တည်း။

ဤကင်္ခါဋီကာသစ်စကားကို ထောက်လျှင်လည်း မဏ္ဍလ, အဍ္ဎမဏ္ဍလ စသည်တို့ကို ဖြတ်မြဲကဲ့သို့ပင် အဓိပ္ပာယ်ရောက်ပေ၏၊ ယခုပြဆိုခဲ့သည်ထက် ပါဠိ, အဋ္ဌကထာ, ဋီကာပါဌ်များကို အထူးတွေ့သေးလျှင်လည်း အသေအချာ ရေးသား၍ သနားကယ်မတော်မူပါဦးတော့ အရှင်ဦးသောမဘုရား။

စီဝရဝိသဇ္ဇနာ ပြီး၏၊