မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/ကျင်ကြီးအိမ် (ဝစ္စကုဋိ) တက်စဉ် ကျင့်ဝတ်

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၅၂။ ကျင်ကြီးအိမ် (ဝစ္စကုဋိ) တက်စဉ် ကျင့်ဝတ်
3348ဝိနည်းဥပဒေတော်ကြီး — ၅၂။ ကျင်ကြီးအိမ် (ဝစ္စကုဋိ) တက်စဉ် ကျင့်ဝတ်အရှင်သြဘာသ

၅၂။ ကျင်ကြီးအိမ် (ဝစ္စကုဋိ) တက်စဉ် ကျင့်ဝတ်

မိမိသည် ကျင်ကြီးအိမ်သို့ ဝင်လို၏၊ ထိုကျင်ကြီးအိမ် (ဝစ္စကုဋိ) ပြင်ပ၌ ရပ်၍ အတွင်း၌ လူရှိ, မရှိ သိရန် ချောင်းဟန့်ရာ၏၊ အတွင်း၌ ရှိနေသော ရဟန်းကလည်း ချောင်းပြန်ဟန့်ရမည်၊ ကုဋီသို့ မဝင်မီ အပြင်၌ရှိသော သင်္ကန်းကို ကိုယ်ရုံ (ဧကသီ) သင်္ကန်းကို ချွတ်ခွာ၍ တင်ထားခဲ့ရမည်၊ မဆောမလျင် ကုဋီသို့ ဝင်ရမည်၊ အဆောတလျင် မဝင်ရ။ ကုဋိခြေနင်း၌ ရပ်သဖြင့် သင်းပိုင်ကို ပင့်ရမည်။ ‘အဉ်း-အဉ်း’ဟု ညည်းညူလျက် ကျင်ကြီးကို မစွန့်ရ၊ ဒန်ပူကို ကိုက်ခဲလျက်လည်း ကျင်ကြီးကို မစွန့်ရ။

ကျင်ကြီးသရောက် ကျင်ငယ်သရောက်များ၏ အပြင်ဘက် (ဘေး)သို့ ချော်ထွက်အောင် မစွန့်ရ၊ သူ့သရောက် သူ့သရောက်၌သာ စွန့်ရမည်။ [ကျောင်း တိုက်တွင်းဖြစ်မူ ကျင်ကြီးကျင်ငယ် စွန့်ရန် သတ်မှတ်ထားသည့် နေရာမှတစ်ပါး အခြားတလင်းပြင် စသည်များ၌ မစွန့်ရ။]

ကျင်ကြီးတွင်း၌ ကနုတံကို မချရ၊ ကြမ်းသော ဆွေးသော ကွဲအက်သော ကနုတံဖြင့် မခြစ် မသုတ်ရ၊ ကနုတံပုံး နှစ်လုံးတွင် အဟောင်းကို ထိုင်သော နေရာ၏ ဝဲဘက်၌ ထား၍ အသစ်ပုံးကို ယာဘက်၌ ထားသင့်သည်၊ သုံးပြီး ကနုတံများကို အဟောင်းပုံးတွင် ဖရိုဖရဲ ချမထားဘဲ စီလျက်နေအောင် ချထား သင့်သည်။ ရေများများ သုံးနိုင်လျှင် သို့မဟုတ် သံဃာနည်းသောကျောင်း ဖြစ် လျှင် ကနုတံများကို ပုံး၌ များစွာ မထားဘဲ ၄-၅ ခုသာ ထား၍ သုံးပြီးကနုတံကို ကိုယ်စီကိုယ်င ချက်ချင်းဆေးသော စည်းကမ်းဖြင့် အသုံးပြုသင့်ပေသည်။ [ရေစစ်နှင့် တကွ သန့်သက်ရေအိုးကို ထားရှိရမည်။] ကျင်ငယ်လမ်း (ကျင်ငယ်ခွက်)၌ တံတွေး မထွေးရ၊ ထွေးလျှင် သုက်အဆင်း ထင်ဖွယ်ရာရှိ၍ တံတွေး မထွေးရဟု မြစ်သည်၊ တံတွေးဖြင့် နှပ်ကိုပါ ယူရသောကြောင့် ‘နှပ်’ကိုလည်း ထိုကျင်ငယ်လမ်း (ကျင်ငယ်ခွက်)၌ ညှစ်၍ မစွန့်ရ။ [သို့ဖြစ်၍ ကုဋိအိမ်အတွင်း၌ ထွေးခံတစ်လုံး ထားသင့်ပေသည်။] ကျင်ကြီး သွားပြီးသောအခါ ဒွါရကို ရေဖြင့် ဆေးရမည်။ [ရေရှိလျက် ဒွါရကို မဆေးလျှင် ဒုက္ကဋ်အာပတ်သင့်စေဟု အာစမနသိက္ခာပိုဒ်ကို ဘုရားရှင်ပညတ်တော်မူချေသည်။] ထို့ကြောင့် သန့်သက်ရေ မဆောင်ကုန်သော ရဟန်း, သန့်သက်ရေ မဆေးကုန်သော ရဟန်း, ရေအိမ်၌ သန့်သက်ရေ မထားကုန်သော ရဟန်းတို့ကား အလဇ္ဇီသာ။

သန့်သက်ရေဆေးမှုသည် အလွန် တန်းမြင့်သော ယဉ်ကျေးမှုတစ်မျိုး ဖြစ် ၏၊ ကနုတံ ခြစ်ရုံမျှဖြင့် မစင်ကြယ်နိုင်သည်မှာ (မိမိလက်ကို မစင်လူးရာဝယ် သုတ်ပစ်ရုံနှင့် အနံ့ မပျောက်ပုံကို ထောက်၍) ထင်ရှား၏၊ ထို့ကြောင့် တုတ်သုတ်, စက္ကူသုတ် နှစ်မျိုးလုံးပင် သန့်ရှင်းအောင် မတတ်နိုင်ပေ။ [သို့ဖြစ်၍ သံဃာတော်များသာ မဟုတ်၊ လူပုဂ္ဂိုလ်တို့သည်လည်း တုတ်, စက္ကူတို့ဖြင့် သုတ်ပြီးနောက် ရေဆေးခြင်း အလေ့အထကို ပြုလုပ်သင့်ကြပေသည်။]

“စပ်စပ်-ပြတ်ပြတ်” အသံမျိုး မမြည်အောင် ဆေးရမည်၊ သန့်သက်ခွက်၌ ရေအကြွင်းအကျန် မထားရ၊ ကျင်ကြီးအိမ်သည် ကျင်ကြီး ပေလူးနေငြားအံ့၊ ရေဖြင့် ဆေးခဲ့ရမည်။ သန့်သက်ရေအိုး၌ ရေ မရှိလျှင် ရေထည့်လောင်းခဲ့ရမည်၊ ကျင်ကြီးအိမ်၌ အမှိုက်ရှိလျှင် လှည်းပစ်ခဲ့ရမည်။ [သို့ဖြစ်၍ ကျင်ကြီးအိမ်၌ တံမြက်စည်း တစ်ချောင်းကိုလည်း ထားသင့်ပေသည်။] ကျင်ကြီးစွန့်ပြီး၍ သုတ်သင်ပြီးလျှင် ကျင်ကြီးအိမ် ခြေနင်း၌ ရပ်လျက် သင်းပိုင်ကို ဖုံးလွှမ်းရမည်။ အရေး တကြီး သုတ်သီးသုတ်ပြာ မထွက်ရ၊ သင်းပိုင်ကို ပင့်၍လည်း ထွက်မလာရ။

မှတ်ချက်။ ။ ယခုကာလ၌ ကုဋိတက်ခါနီးဝယ် အတွင်းသို့ မရောက်မီ ကိုယ်ရုံသင်္ကန်းကို တန်းပေါ်၌ တင်ထားခဲ့သူ နည်းပါးနေရုံမက အချို့ ကုဋိများ၌ သင်္ကန်းတန်းကို အတွင်း၌ ထား၍ အချို့ကုဋိများမှာ သင်္ကန်းတန်းပင် မရှိပါ။ သင်္ကန်းတန်းကို အပြင်ဘက်၌ ထား၍ ထိုတန်းပေါ်တွင် ကိုယ်ရုံသင်္ကန်းနှင့်တကွ ခြုံထည်ကိုပါ ထားပစ်ခဲ့ရမည်။

ကျင်ကြီးအိမ် (ဝစ္စကုဋိ) တက်စဉ် ကျင့်ဝတ် ပြီးပြီ။