ဝိနည်းဥပဒေတော်ကြီး/ဆွမ်းစားရာ ကျင့်ဝတ်
၅၁။ ဆွမ်းစားရာ ကျင့်ဝတ်
ရဟန်း, သာမဏေတို့သည် လူ့ဘဝတုန်းကလို ဒူးနှစ်ဘက် ထောင်ခြင်း၊ ဒူးတစ်ဘက် ထောင်ခြင်းတို့ကို ပြုလုပ်၍ ဆွမ်းမစားအပ်၊ တင်ပလ္လင်ခွေ ထိုင်၍ စားရမည်၊ သေခိယသိက္ခာပုဒ် — သက္ကစ္စဝဂ်, ကဗဠဝဂ်, သုရုသုရုဝဂ်တို့တွင် ပါရှိသည့် ဆွမ်းစားပုံ စည်းကမ်းအတိုင်း ဆွမ်းကို စားရမည်။
“အကပ်ခံနည်း”၌ ပြခဲ့သည့်အတိုင်း ရထရေဏုမြူသည် အကပ်ခံလောက် သော အာဟာရတွင် ပါဝင်ရကား ဆွမ်းခံတုန်းဖြစ်စေ၊ ဆွမ်းစားတုန်းဖြစ်စေ ထိုမြူမှုန်မျိုး သပိတ်, စားခွက်အတွင်းသို့ ကျခဲ့လျှင် ထိုမြူနှင့်တကွ ဆွမ်းအနည်း ငယ်ကို ယူပစ်ရမည်။ သို့မဟုတ် ထပ်၍ အကပ်ခံရမည်။ ယူ၍လည်း မပစ်၊ ထပ်၍လည်း အကပ်မခံဘဲလျက် ဆက်လက်၍ ဆွမ်းခံလျှင် ဝိနယဒုက္ကဋ်ခေါ် ဒုက္ကဋ်အာပတ် သင့်၏၊ ဆက်၍ ဆွမ်းစားလျှင် ထိုမြူမှုန်ကို စားမိက အကပ်မခံ ဘဲ စားရာရောက်သဖြင့် ဘောဇနဝဂ်၊ ဒန္တပေါနသိက္ခာပုဒ်အရ သုဒ္ဓပါစိတ် အာပတ်သင့်၏၊
ထို့ပြင် ဆွမ်းလုတ်ကို ပါးစပ်သို့ သွတ်သွင်းပြီးနောက် ပါးစပ်တွင်းမှ ဆွမ်းလုံး တစ်လုံး ဖြစ်စေ၊ အများဖြစ်စေ သပိတ်ထဲသို့ ပြန်၍ကျလျှင် ထပ်၍ အကပ်ခံ လေ့ရှိကြ၏၊ သို့သော် ထိုပြန်ကျလာသော ဆွမ်းလုံးသည် ပါးစပ်ထဲ၌ ရှိသော သွားရည် နှုတ်ခမ်းရည် စသည်နှင့် မလူးဘဲ ပြန်ကျလျှင် အကပ်မပျက်သေး၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထိုသွားရည်အတွက် အကပ်ပျက် ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံး ပြန်ကျသည့်အခါ ထပ်၍ အကပ်ခံခြင်းသည် ဆွမ်းလုံးကျသည့်အတွက် သပိတ်အတွင်းရှိ ဆွမ်းများ အကပ်ပျက်သည်ဟု ယူဆသောကြောင့် ထပ်၍ အကပ်ခံခြင်း မဟုတ်၊ ပြန်ကျလာသော ဆွမ်းလုံးက သွားရည် စသည်ဖြင့် လူးလာ၍ အကပ်ပျက်သောကြောင့် ထိုပြန်ကျလာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံခြင်း ဖြစ်သည်ဟု မှတ်။ [ဆွမ်းလုံးကျသည့်အတွက် သပိတ်အတွင်းရှိ ဆွမ်းများ အကပ်မပျက်ဟု သိ။]
ထို့ပြင် ဆွမ်းအချိုပွဲ စသည် စားရာ၌ လက်မဆေးဘဲစားလျှင် လက်၌ ရထရေဏုမြူမျှလောက်သော မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့် ထိရာ ခဲဖွယ်, ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီး အချိုပွဲ စားခါနီး လက်ဆေးရမည်။ ညာလက်ကိုသာ ဆေး၍ ဘယ်လက်ကို မဆေးလျှင် ဘယ်လက်ဖြင့် စားဖွယ်များကို ကိုင်ရာ၌လည်း ဤနည်းအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် ဘယ်လက်ကို မဆေးလျှင် ထိုလက်ဖြင့် စားဖွယ်များကို မကိုင်မိစေရအောင် သတိပြုလေ။
ဆိုဖွယ် ရှိသေး၏၊ အချို့ကား စားမည်ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် သင်္ကန်းကို သိမ်းကြ၏၊ ထိုသို့ သိမ်းရာဝယ် သင်္ကန်း၌ ရထရေဏုမြူမှုန်ကို ကိုင်မိလျှင် လက်မဆေးသူနှင့် အတူပင်တည်း။ အချို့ကား အချိုပွဲစားစဉ် အကပ် မခံထားသော လက်သုတ်ပုဝါကို သုတ်လိုက်၊ အချိုပွဲကို နှိုက်လိုက်နှင့် စားကြ၏၊ ထိုသို့ စားရာ၌ လက်သုတ်ပုဝါ ညစ်ပေတော့မည်မှာ သေချာပြီ၊ လက်သုတ်ပုဝါ၌ ရထရေဏုမြူမှုန်ပါလျှင် စားဖွယ်များလည်း အကပ်ပျက်လိမ့်မည်။ ထို့ကြောင့် အစာစားမည်ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် အစာမှ တစ်ပါး အခြား လက်သုတ် ပုဝါ, သင်္ကန်းစသည်ကို မကိုင်ဘဲ စားခြင်းကိစ္စပြီးမှသာ လက်ဆေး၍ လက်သုတ်ပုဝါကို သုတ်သင့်ကြပေသည်။ ထိုသို့မဟုတ်ဘဲ ၎င်းတို့ကို ကိုင်မိလျှင် လက်ကို ထပ်၍ ဆေးပြီးမှ စားရမည်။ အကပ်ခံထားသော လက်သုတ်ပုဝါ၌ ပါလာသည့် ထိုမြူမှုန်မျိုး ခဲဖွယ်ဘောဇဉ်တို့၌ မတော်တဆ ထိ, ကျသော်လည်း အကပ်မပျက်ရကား လက်သုတ်ပုဝါကိုလည်း ဆွမ်းများကဲ့သို့ပင် အကပ်ခံ ထားနှင့်ရာ၏၊
အမှာ။ ။ မျက်ရည် တံတွေး နှပ် စသည်တို့တွင် အကြင် မျက်ရည်စသော ဝတ္ထုသည် တည်ရာမှ လျှော၍ လက်၌လည်းကောင်း, သပိတ်၌လည်းကောင်း ကျကုန်အံ့၊ ထိုတည်ရာမှ ကျပြီးသော မျက်ရည် စသော ဝတ္ထုကို အကပ်ခံအပ်၏၊ [လက်၌ ကျလျှင်ကား လက်ကို စင်ကြယ်အောင် ဆေးပြီးမှ စားရမည်။] တံတွေး သွားရည်တို့ အတွက်ကြောင့် အကပ်ပျက်ရကား စားဖွယ်သောက်ဖွယ်များကို စားသောက်တုန်းအခါ၌ စကားမပြောဘဲ စားသောက်ခြင်းသည် စားဖွယ် သောက်ဖွယ်များ၌ တံတွေး သွားရည်များ ကျရောက်စေနိုင်သော အကြောင်း လုံးဝမရှိ၍ အလွန်ကောင်းမြတ်သော အလေ့အထ ဖြစ်သည်ဟု ဆိုရပေမည်။ အကယ်၍ စကားမပြောလျှင် မဖြစ်၍ ပြောရလျှင် မိမိစားနေသော သပိတ် ဟင်းခွက် စသည်တို့၌ တံတွေး သွားရည်များ မကျရောက်စေခြင်းငှာ မိမိ၏ ပါးစပ်ကို ထိုခွက်တို့၏ အပြင်ဘက်သို့ စောင်းငဲ့၍ ပြောရန် သတိ ရှိအပ်ပေ သည်။
ဓားငယ်နှင့် ကြံစသည်တို့ကို အကပ်ခံ၍ ထိုဓားငယ်ဖြင့် ကြံစသည်တို့ကို ခွဲကုန်သော် အညစ်အကြေး အညိုရောင်သော်လည်းကောင်း၊ သံချေးသော် လည်းကောင်း ထင်အံ့၊ ထို အညစ်အကြေး အညိုရောင်, သံချေးတို့သည် အသစ်ဖြစ်သည် မည်ကုန်၏၊ တစ်ဖန် ကပ်စေ၍ သုံးဆောင်အပ်၏၊ ဓားငယ်ကို ဆေး၍ ခွဲကုန်အပ်သော် အညစ်အကြေး အညိုရောင်သော်လည်းကောင်း, သံချေးသော်လည်းကောင်း မထင်၊ သံနံ့မျှသည် ဖြစ်၏၊ အာပတ်၏အင်္ဂါ မလောက်။ [ပါစိတ်ဘာသာဋီကာ၊ ဒန္တပေါနသိက္ခာပုဒ်၌ လာသည့် ‘နဝသမုဋ္ဌိတံ’ ဟူသော ပုဒ်၏ အဓိပ္ပာယ်ကို ရှင်းပြသော စာပိုဒ်ကိုလည်း ရှု။]
သတိ။ ။ ထိုနေ့စားသော ဆွမ်းခဲဖွယ်၏ အရသာသည် နေလွဲသောအခါ ၌ ဝမ်းတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏၊ ထို့ကြောင့် ဆွမ်းစားပြီးလျှင် ခံတွင်း၌ အာမိသ အငြိအကပ် မရှိရလေအောင် သွား, ခံတွင်းတို့ကို စင်ကြယ်စွာ ဆေးကြောပွတ်တိုက်ပါလေ။ [သိမ်မွေ့သော အာမိသ ဖြစ်အံ့၊ အရသာ မထင်အံ့၊ အာပတ်၏အင်္ဂါ မလောက်။]
အစားအသောက်နှင့် ပတ်သက်၍ အပြစ် အနာအဆာ များလှ၏၊ ထို့ကြောင့် ဘေသဇ္ဇ, သန္နိဓိကာရက, ဒန္တပေါနသိက္ခာပုဒ်တို့နှင့် “ကာလိကလေးပါး အမြွက်, ဆေးဟူသော မှီရာ နိဿယအမြွက်”တို့ကိုလည်း ကျေလည်ပွန်းတီး အောင် လေ့လာတော်မူကြပါကုန်။ [၁၃၂၅-ခု၊ တန်ဆောင်မုန်းလဆန်း ၁၄- ရက်တွင် ပထမအကြိမ် ရေး၍ ပြီးသည်။]
ဒုတိယအကြိမ် ဖြည့်သွင်းခြင်း
ဤ၌ ဟပ်မိနေ၍ ဆဋ္ဌမူ စူဠဝဂ်ပါဠိတော် (မြန်မာပြန်) ဝတ္တက္ခန္ဓက၊ ဆွမ်းစား ဇရပ်၌ ပြုရမည့်ဝတ်၊ နှာ-၃၈၆၊ အပိုဒ်-၂ အောက်ဆုံး စာကြောင်း၌ “ရွာတွင်း၌ သင်္ကန်းကြီးကို ဖိလျက်လည်း မနေထိုင်အပ်”ဟူ၍ လာသော သိက္ခာပုဒ်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို စာရှုသူတို့ စိစစ်ဝေဖန်နိုင်ရန်အလို့ငှာ အောက်ပါ ကျမ်းများကို ကိုးကားကာ အတိုချုံး၍ ဉာဏ်မီသလောက် စာရေးသူ၏ ထင်မြင် ယူဆပုံကို တင်ပြပါအံ့။ [ဤသိက္ခာပုဒ်သည် ဆွမ်းစားတိုင်း ဆွမ်းစားတိုင်း၌ ဒုက္ကဋ်အာပတ်ကို သင့်စေနိုင်၍ အလွန်အရေးကြီးသော သိက္ခာပုဒ်ဖြစ်သည် ဟူ၍ သတိချပ်တော်မူကြပါကုန်။]
“ရွာတွင်း၌ သင်္ကန်းကြီးကို ဖိလျက်လည်း မနေထိုင်အပ်”ဟူသော ဤ သိက္ခာပုဒ်ကို အဘယ်ကြောင့် ဘုရားရှင် ပညတ်တော်မူသနည်းဟူမူ “ထိုအခါ၌ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မကောင်းသဖြင့် ဝတ်ရုံကုန်လျက် အသွင်အပြင် မပြည့် စုံကုန်ဘဲ ဆွမ်းစားဇရပ်သို့ သွားကုန်၏၊ ကျော်တက်၍လည်း မထေရ်ကြီးရဟန်း တို့၏ ရှေ့မှ ရှေ့မှ သွားကုန်၏၊ မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍လည်း ထိုင် ကုန်၏၊ ရဟန်းငယ်တို့ကိုလည်း နေရာဖြင့် တားမြစ်ကုန်၏၊ သင်္ကန်းကြီးကို လည်း ဖိ၍ ရွာတွင်း၌ ထိုင်ကုန်၏”ဟူသော အကြောင်းတို့ကြောင့် ပညတ်တော် မူခြင်းဖြစ်သည်။ [ဆဋ္ဌမူ၊ စူဠဝဂ်ပါဠိတော် (မြန်မာပြန်) ဝတ္တက္ခန္ဓက၊ နှာ-၃၈၅၊ ဆွမ်းစား ဇရပ်၌ ပြုရမည့် ဝတ်၊ အပိုဒ်၊ ၃၆၃-၃၆၄။]
နှာ-၃၈၆ အပိုဒ်ငယ်-၃ ၌ “ရေ ပေးလတ်သော် လက်နှစ်ဖက်တို့ဖြင့် သပိတ် ကို ကိုင်၍ (သိမ်းဆည်း၍) ရေကို ခံရမည်၊ နှိမ့်၍ မထိမခိုက်မိစေဘဲ သပိတ်ကို ကောင်းစွာ ဆေးရမည်။”
အပိုဒ်ငယ်-၄ ၌ “လက်ဆေးခံ ရှိမူ လက်ဆေးခံကို ရေမစိုပါစေလင့်၊ အနီးရှိ ရဟန်းတို့ကို ရေမစိုပါစေကုန်လင့်၊ သင်္ကန်းကြီးကို ရေမစိုပါစေလင့်။”
အပိုဒ်ငယ်-၅ ၌ “လက်ဆေးခံ မရှိမူ အနီးရှိ ရဟန်းတို့ကို ရေမစိုပါစေလင့်၊ သင်္ကန်းကြီးကို ရေမစိုပါစေလင့်၊ မြေ၌နှိမ့်၍ ရေကို သွန်းလောင်းရမည်”ဟူ၍ ဖော်ပြထားသည်။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ စီရင်တော်မူသော “စူဠဝဂ္ဂဘာသာဋီကာ၊ နှာ-၄၁၂၊ ဝတ္တက္ခန္ဓက အဋ္ဌကထာ၊ ပထမအပိုဒ်၊ န သံဃာဋိံ ဩတ္ထရိတွာတိ =ကား။ သံဃာဋိံ = ဧကသီသင်္ကန်းကြီး ကို။ အဝတ္ထရိတွာ = လွှမ်းဖိ၍။ န နိသီဒိတဗ္ဗံ = မထိုင်ရာ” ဟူ၍လည်းကောင်း
ဒု-စာပိုဒ်၌ “ဥဘောဟိ ဟတ္ထေဟီတိ =ဟိ အစရှိသော စကားရပ်ကို။ ပတ္တဓောဝနဥဒကံ = သပိတ်ဆေးကြောင်း ရေကို။ သန္ဓာယ = ရည်ရွယ်တော် မူ၍။ (ဘဂဝတာ)၊ ဝုတ္တံ = ပြီ။ ပန = ဆက်။ ဒက္ခိဏောဒကံ = အလှူရေကို။ ပုရတော = ရှေ့၌။ အာဓာရကေ = သပိတ်ခြေ၌။ ပတ္တံ = ကို။ ဌပေတွာ = ထား၍။ ဂဟေတဗ္ဗံ = ခံယူရာ၏၊ ” [ဤစကားအရ ဒက္ခိဏောဒကဟူသည် တစ်စက်တစ်စက် ချအပ်သော အလှူရေစက် မဟုတ်၊ သင်္ကန်း စသည်နှင့် တွဲဘက်၍ လှူအပ်သော ရေတစ်မျိုးဟု မှတ်ပါ။ စီဝရက္ခန္ဓက သံဃေ ဘိန္နေ စီဝရုပ္ပါဒကထာ၌လည်း ဤ ဒက္ခိဏောဒက ပါခဲ့ပြီ။] ဟူ၍လည်းကောင်း။
အောက်ဆုံးအပိုဒ်၌ “န သံဃာဋိံ ဩတ္ထရိတွာ။ ။ အဝတ္ထရိတွာတိ ပါရုတသံဃာဋိံ အဝတ္ထရိတွာ၊ အနုက္ခိပိတွာတိ အတ္ထော၊ (ဝိမတိ) ရွာတွင်း ဆွမ်းစား ဇရပ်သို့ လာသောအခါ ဧကသီနှင့် သင်္ကန်းကြီးကို ထပ်၍ ဖြစ်စေ, တစ်ထည်စီ ဖြစ်စေ ရုံလာရ၏၊ ထိုရုံအပ်သော သင်္ကန်းကို သံဃာဋိဟု ဆိုသည်ဟူ၍လည်း ကောင်း ဖွင့်ဆိုထားသည်။ [သံဃာဋိ ဆိုသည်မှာ ဒုကုဋ်သင်္ကန်းကိုသာလျှင် ဆိုသည် မဟုတ်၊ ဧကသီသင်္ကန်းကိုလည်း ဆိုသည်ဟူ၍ သိ။]
အထက်ပါ ကျမ်းများ၏ အဆိုတို့ကို ခြုံ၍ စိစစ်လျှင် ဆွမ်းစားရာ၌ ရေ စသည်တို့ မတော်တဆ ဖိတ်လျှင် သံဃာဋိ (သင်္ကန်းကြီး)ကို ရေမစို (မညစ်ပေ) ရလေအောင် ကာကွယ်သောအနေဖြင့် သင်္ကန်းကြီးကို ဖိ၍ မထိုင်စေဘဲ အနည်းငယ်မြှောက်၍ (ပင့်၍) ထိုင်လျက် စားစေခြင်းငှာ ဤသိက္ခာပုဒ်တော်ကို မြတ်စွာဘုရားရှင် ပညတ်တော်မူခြင်းဖြစ်သည် ဟူသော သဘောမှာ ပေါ်လွင်လေသည်။ ဆိုဦးအံ့ -- ဤသိက္ခာပုဒ်တော်သည် ရွာတွင်း ဆွမ်းစားဇရပ်၌သာလျှင် အကျုံးဝင်သည် မဟုတ်၊ အခြားမည်သည့် နေရာမှာပဲစားစား ရေစသည်တို့ ဖိတ်တတ် ဖိတ်လေ့ရှိရကား ဆွမ်းစားသော နေရာတိုင်း၌ အကျုံးဝင်သည်ဟူ၍ မှတ်ယူအပ်ပေသည်။ [ဆိုလိုသည်မှာ သင်္ကန်းရုံလျက်ဖြစ်စေ ရမ်းလျက်ဖြစ်စေ ဆွမ်းစားသောအခါ၌ သံဃာဋိကို ဖိ၍ မထိုင်ဘဲ မြှောက်၍ (ပင့်၍)၊ (ဝါ) ဒုကုဋ်ကို ဖိ၍ မထိုင်ဘဲ မြှောက်၍ (ပင့်၍)၊ ဧကသီဖြစ်လျှင် ဧကသီကို ဖိ၍ မထိုင်ဘဲ မြှောက်၍ (ပင့်၍) ထိုင်ရမည်ဟူ၍ ဖြစ်သည်။] ဤကား “ရွာတွင်း၌ သင်္ကန်းကြီးကို ဖိလျက် မနေထိုင်အပ်”ဟူသော သိက္ခာပုဒ်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို အတိုချုံး၍ ဉာဏ်မီသလောက် တင်ပြခြင်းဖြစ်သည်။ [ဤသိက္ခာပုဒ် ကား ဆွမ်းစားရာ၌ လိုက်နာ ကျင့်ကြံအပ်သော သိက္ခာပုဒ်ဖြစ်၍ သေခိယ ပရိမဏ္ဍလဝဂ်၊ ဒသမ (ဥက္ခိတ္တက)သိက္ခာပုဒ်ဖြင့် စောဒနာခြင်းငှာ မထိုက်ဟု ဆိုအပ်ပါသည်။]
ဆွမ်းစားရာ၌ ရေ စသည်တို့ မတော်တဆ ဖိတ်လျှင် သင်္ကန်းကြီးကို ရေမစို (မညစ်ပေ)ရလေအောင် ကာကွယ်သောအနေဖြင့် အထက်ပါ သိက္ခာပုဒ်ကို ဘုရားရှင် ပညတ်တော်မူခြင်း ဖြစ်သည်ဟူ၍ ထင်မြင်ပါ၏၊ [၁၃၃၇-ခုနှစ်၊ တပို့တွဲလဆန်း ၁၁-ရက်၊ (10.2.76) အင်္ဂါနေ့၊ ဒု-အကြိမ် ဖြည့်သွင်းခြင်း ပြီး၏၊]
တတိယအကြိမ် ဖြည့်သွင်းခြင်း
ဆက်ရေးဖို့ အကြောင်းပေါ်လာ၍ ဆက်ရေးပါအံ့။ စာရေးသူနှင့် ဤကျမ်း ကို တည်းဖြတ်ပြင်ဆင်ပေးသော ဆရာတော်ဘုရား (အရှင်တေဇ)သည် အထက် ၌ ဖော်ပြခဲ့သော ထင်မြင်ချက်များမှာ မြတ်စွာဘုရားရှင်၏ အလိုတော်နှင့် အညီ ဖြစ်သည်ဟု ယူဆသည့်အတိုင်း ထိုနေ့မှစ၍ ဆရာ တပည့်နှစ်ပါးလုံး ဆွမ်းစားရာ၌ ရေ စသည်ကို မတော်တဆ ဖိတ်လျှင် သင်္ကန်းကြီးကို ရေမစို (မညစ်ပေ) ရလေအောင် ကာကွယ်သောအနေဖြင့် ဖိမထိုင်ဘဲ မြှောက်၍ (ပင့်၍) ထိုင်လျက် စားလေသည်။ အများ၏ အကျိုးကို ရည်၍ စာရေးသူနှင့် တိုင်ပင်ပြီး ဗုဒ္ဓဓမ္မလောကစာစောင် အတွဲ-၂၂၊ အမှတ်-၁၈ ၌ ထိုသို့ ထင်မြင်ယူဆသည့် အကြောင်းအရာများကို ရေးသား ထည့်သွင်းလေသည်။
စာရေးသူတို့၏ အမှားကို ဝန်ခံခြင်း
၎င်းနောက် စာရေးသူတို့နှင့် သမဂ္ဂဖြစ်သူ အရှင်သီလဝန္တသည် ဤကိစ္စနှင့် ပတ်သက်၍ အများသိကြသော ဆရာတော်ဘုရား (ကလောင်အမည်) ‘ရွှေထီး ဣန္ဒရာ’အား မေးလျှောက်၍ ထိုဆရာတော်ဘုရားက ပြန်စာ ချီးမြှင့်တော်မူ သည်။ အရှင်သီလဝန္တက တစ်ဖန် စာရေးသူတို့ထံသို့ ထိုမူရင်း ပြန်စာကို ပို့ခဲ့၏၊ [ဆွမ်းစားရာ၌ သင်္ကန်းကြီးကို ဖိမထိုင်ဘဲ မြှောက်၍ (ပင့်၍) ထိုင်လျက် ဆရာ, တပည့်နှစ်ပါး စတင်စားသော နေ့မှ စ၍ ထိုစာမူရင်း ပြန်စာကို အရှင်သီလဝန္တ ထံမှ ရရှိသော နေ့အထိဆိုလျှင် တစ်နှစ်ကျော်ကျော် ရှိပြီ။] စာရေးသူတို့ (ဆရာ တပည့် နှစ်ပါး) ထိုပြန်စာကို ဖတ်ပြီး အသေးစိတ် တိုင်ပင်ဆွေးနွေးရာ အထက်၌ ဖော်ပြခဲ့သော ယူဆချက်များမှာ မြတ်စွာဘုရားရှင်၏ အလိုတော်ကျ မဟုတ်ဟု ထင်မြင်လာပါသည်။ စာရှုသူတို့လည်း စိစစ်ဝေဖန်၍ မြတ်စွာဘုရားရှင်၏ အလိုတော်ကျ ဆောက်တည်ကျင့်သုံးနိုင်ရန် အလို့ငှာ ထိုမူရင်း ပြန်စာ၏ မိတ္တူနှင့်တကွ စာရေးသူတို့ (ဆရာတပည့် နှစ်ပါး)၏ ထင်မြင်ယူဆချက်များကို တင်ပြပါအံ့။
ရွှေထီး ဣန္ဒရာ၏ စာ မိတ္တူ
သို့ -
အသျှင်သီလဝန္တ
စိတ္တသုခတောရ၊ ကျောက်တစ်လုံးကျေးရွာ
မုဒုံမြို့နယ်၊
၁၃၃၈-၁၀-၁၅ နေ့စွဲပါသော အသျှင်မြတ်ထံမှ ပေးစာကို တပို့တွဲ လဆန်း ၁၂-ရက်နေ့က တပည့်တော် လက်ခံရရှိပါသည်။ ထိုရက် အတွင်းက အမှုကိစ္စကလေးများ ရှိနေသောကြောင့် ချက်ချင်း စာမရေး အား၍ ယခုမှ စာပြန်ရပါသည်။
န သင်္ဃာဋိံ ဩတ္ထရိတွာ အန္တရဃရေ နိသီဒိတဗ္ဗံ—ဟူသော ပညတ် ချက်သည် တိမ်သလိုလိုနှင့် အလွန်နက်ရှိုင်းလှပါသည်။
စူဠဝဂ်ပါဠိတွင် ဆဗ္ဗဂ္ဂီတို့သည် ရွာတွင်း၌ သင်္ကန်းကြီးကို ဖိထိုင်ကြ သည်ဟု မတင့်တယ်သော အသွင်ဖြင့် ပြဆိုထားပါသည်။ ဆဗ္ဗဂ္ဂီများ သင်္ကန်းကြီးကို ဖိထိုင်သည်ဟုဆိုသော “သံဃာဋိမ္ပိ ဩတ္ထရိတွာ အန္တရဃရေ နိသီဒန္တိ”ဟူသော ပါဠိကို စံကျောင်းဆရာတော်က “သံဃာဋိမ္ပိ = ဒုကုဋ်ကိုလည်း။ ဩတ္ထရိတွာ = ဖိ၍။ အန္တရဃရေ = ရွာတွင်း၌။ နိသီဒန္တိ = ထိုင်ကုန်၏”ဟု အနက်ဖော်ပါသည်။ ဒုကုဋ်ကို ဖိ၍ ထိုင်ခြင်းသည် မတင့်တယ်သောကြောင့် (န သင်္ဃာဋိံ ဩတ္ထရိတွာ အန္တရဃရေ နိသီဒိတဗ္ဗံဟု ရွာတွင်း၌ ဒုကုဋ်ကို ဖိ၍ မထိုင်အပ်ဟူသော ပညတ်ချက် ပေါ် လာပါသည်။ ဤနေရာ၌ စဉ်းစား တွေးတောဖွယ်ရာ အတော်များများ ရှိနေပါသည်။
(၁) ဒုကုဋ်ကို ဖိထိုင်ရုံမျှဖြင့် အဘယ့်ကြောင့် ပညတ်ချက် ဖြစ်လာ သနည်း။
(၂) ဒုကုဋ်ဟူသည် အဘယ်နည်း။
(၃) ဩတ္ထရိတွာဟူသည် အဘယ်နည်း။
ဤသို့ စသောအားဖြင့် မေးမြန်းစုံစမ်းဆင်ခြင်ဖွယ်ရာများ ရှိနေ ပါသည်။ ဤတွင် အမှတ် (၁) ပြဿနာအရ ဒုကုဋ်ကို ရုံလျက် ဖိထိုင် ခြင်းဖြင့် တင့်တယ်မှုပျက်စီးဖွယ် မထင်သောကြောင့် ဆရာတော် အရှင်မြတ်တို့က ထိုသိက္ခာပုဒ်၏ အခြားမဲ့၌ ပညတ်တော်မူသော “ဥဒကေ ဒိယျမာနေ” စသော သိက္ခာပုဒ်ကို ငဲ့တော်မူကုန်၍ သင်္ကန်း ရေစိုမည် စိုးသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်ဟု မိန့်ဆိုတော် မူကြပါသည်။ သို့သော် ပညတ်ချက်တွင် ဥဒကေ ဝိဇ္ဇမာနေ = ရေရှိ သော် စသော စကား မပါသောကြောင့်လည်းကောင်း, ဥဒကေ ဒိယျမာနေ စသော နောက်သိက္ခာပုဒ်နှင့် ဤသိက္ခာပုဒ် ဆက်စပ်မှု မရှိသော ကြောင့်လည်းကောင်း ဤအကြောင်းပြချက်သည် လေးနက်မှု မရှိလှပါ။ လောကအမြင်အားဖြင့် သင်္ကန်းရုံ၍ ရိုးရိုးသင်္ကန်းကို ဖိထိုင်ခြင်းနှင့် သင်္ကန်းကို ပင့်ထိုင်ခြင်း နှစ်မျိုးတို့တွင် သင်္ကန်းကို ပင့်ထိုင်ခြင်းက ဟန် အမူအရာပျက်၍ တင့်တယ်မှု မရှိပါ။ ထို့ကြောင့် ရွာတွင်း၌ သင်္ကန်းကို ပင့်မထိုင်ရဟု “န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိဿာမိ”ဟု သေခိယ ၌ ပညတ်ချက် ဖြစ်ပေါ်လာပါသည်။ အကယ်၍ ထိုင်မည့်နေရာ၌ ရေရှိ လျှင် သင်္ကန်းကြီးကိုသာမက သင်းပိုင်ကိုပါ ပင့်ထိုင်ရမည့် ကိန်းသို့လည်း ဆိုက်နေပါသည်။ ထို့ကြောင့် ဤသိက္ခာပုဒ်သည် သင်္ကန်း ရေစိုမည်စိုး၍ ပင့်ထိုင်ရန် ပညတ်သော သိက္ခာပုဒ် ဟုတ်ဟန်မတူပါ။ ပါဠိတော်၌လည်း အကြောင်းအရင်းကို ဖော်ပြထားခြင်း မရှိပါ။ အကြောင်းရင်း ဖော်ပြ မထားသောကြောင့် လွယ်မယောင်နှင့် ခက်နေခြင်း ဖြစ်ပါသည်။
ဤသိက္ခာပုဒ်သည် ရဟန်းအချင်းချင်း အမြင်မတော်၍ ဘုရားသျှင်ထံ လျှောက်ထားသောကြောင့် ပညတ်သော သိက္ခာပုဒ် ဖြစ်ပါ သည်။ ရဟန်းအချင်းချင်း အမြင်မတော်သည်ကို ထောက်သောအား ဖြင့် သင်္ကန်းအပေါ် ဖိ၍ ထိုင်ပုံသည် အမြင်မတင့်တယ်သော ထိုင်ပုံ သဘောသို့ သက်ဝင်ပါသည်။ ထို့ကြောင့် ဒုတိယပြဿနာကို ဆက် လက်လေ့လာရန် လိုပါသည်။ ဒုတိယပြဿနာကား (ဒုကုဋ်ဟူသည် အဘယ်နည်း) ဖြစ်ပါသည်။ သင်္ဃာဋိဟူသော ပုဒ်ကို ဒုကုဋ်ဟု ဘာသာ ပြန်ကြသည်။ ဒုကုဋ်ဟူသော စကားသည် (ဒိဂုဏ)ဟူသော ပုဒ်က ရွေ့လျောလာဟန် တူပါသည်။ ဒိဂုဏကား နှစ်ထပ်သင်္ကန်းကို ဟောပါ သည်။ ယခုလည်း ဒုကုဋ်သင်္ကန်းဆိုလျှင် နှစ်ထပ်သင်္ကန်းကြီးကိုပင် ညွှန်ပြကြပါသည်။ သို့ရာတွင် သံဃာဋိဟူသော ပုဒ်သည် သဒ္ဒါအနေ အထားအားဖြင့် (သံ ရှေးရှိသော ဃဋ ဓာတ် ဏိ ပစ္စည်း) ဖြစ်ပါသည်။
သံ ဟူသော ဥပသာရပုဒ်ကား (သံ သမောဓာန သင်္ခေပ သမန္တတ္ထ သမိဒ္ဓိသု စသောအားဖြင့် အဗျယဝဂ်၌ ဆိုသောကြောင့် ၁။ ပေါင်းခြင်း၊ ၂။ အကျဉ်းချုံးခြင်း၊ ၃။ ထက်ဝန်းကျင်၊ ၄။ ပြည့်စုံခြင်း၊ ၅။ ကောင်းစွာ၊ ၆။ လွန်ကဲခြင်း၊ ၇။ အတူတကွ၊ ၈။ အနည်းငယ်၊ ၉။ ရှေးရှုခြင်း၊ ၁၀။ ဆက်ဆံပေါင်းသင်းခြင်း၊ ၁၁။ ပိတ်ဆို့ခြင်း၊ ၁၂။ အမွန်အစဖြစ်ခြင်း၊ ၁၃။ ပူဇော်ခြင်း၊ ၁၄။ အဖန်ဖန်ပြုခြင်း စသော အနက်များကို ဟောရာ ဤနေရာအတွက် ပေါင်းခြင်းဟူသော သမောဓာနအနက်နှင့် ကောင်းစွာ ဟူသော သမ္မာအနက်များနှင့် ဆီလျော်ပါသည်။
ဃဋ ဓာတ်ကား သံဃာဋေ ပေါင်းခြင်းဟူသော အနက်ကို ဟော ပါသည်။ သံဃာဋိဟူသော ပုဒ်၏ အဓိပ္ပာယ်မှာ ဗုဒ္ဓပညတ်တော်အရ ကောင်းစွာ ပေါင်းစုဆက်စပ်ထားသော သင်္ကန်းဟု ဆိုလိုပါသည်။
သမ္မာ ဃဋိယတေတိ သံဃာဋိဟု ဝိဂြိုဟ်ဆို၍ ဝိနည်းပညတ်ချက် နှင့်အညီ အဝတ်စများကို လယ်ကွက်သဏ္ဌာန် ကောင်းစွာ ပေါင်းစုထား အပ်သော သင်းပိုင်, ဧကသီနှင့် နှစ်ထပ်သင်္ကန်းကြီးတို့ကို သင်္ဃာဋိဟု ဆိုလိုရိပ်ထင်ပါသည်။ ထိုသို့ပင် ဆိုလိုရိပ်ထင်သော်လည်း ဤသိက္ခာပုဒ် ၌ ပြထားသော သင်္ဃာဋိသဒ္ဒါကိုကား “သင်္ဃာဋိန္တိ ပါရုတသင်္ဃာဋိံ”ဟု စူဠဝါ ယောဇနာ (၉၀)၌ ဖွင့်ဆိုသောကြောင့် သင်းပိုင်ကို အရ မကောက် နိုင်ဘဲ ရုံသော ဧကသီသင်္ကန်းနှင့် နှစ်ထပ်ဒုကုဋ်သင်္ကန်းကြီးတို့ကိုသာ အရကောက်ယူနိုင်ပါသည်။
ဤသိက္ခာပုဒ်အတွက် အရေးကြီးသော ပြဿနာမှာ အမှတ် (၃) ပြဿနာ ဖြစ်ပါသည်။ အမှတ် (၃) ပြဿနာဖြစ်သော ဩတ္ထရိတွာ ဟူသော ပုဒ်ကို ဆရာတော်အရှင်မြတ်တို့က “အန္တရဃရေ = ရွာတွင်း၌။ သင်္ဃာဋိံ = ဒုကုဋ်ကို။ ဩတ္ထရိတွာ = ဖိ၍။ န နိသီဒိတဗ္ဗံ =မထိုင် အပ်ဟု အနက် ပြန်ဆိုကြပါသည်။ ထိုသို့ အနက်ပြန်ဆိုခြင်းကို အခြေတည်၍ ယခု ဆွေးနွေးနေရခြင်း ဖြစ်ပါသည်။ ရှေးဆရာတော်များ အနက်ပေးပုံ အဓိပ္ပာယ်ယူဆပုံများကို ခေတ္တ ပယ်ထား၍ ဩတ္ထရိတွာဟူသော ပုဒ်၏ သဒ္ဒရုပ်ကို ရှေးဦးစွာ ရှင်းလင်းရပါသော် ဩတ္ထရိတွာဟူသော ပုဒ်သည် သဒ္ဒါအနေအထားအားဖြင့် “အဝ ရှေးရှိသော ထရ ဓာတ် တွာ ပစ္စည်း” ဖြစ်ပါသည်။ အဝ ဟူသော ဥပသာရပုဒ်သည် —
ဝိယောဂေ ဇာနနေ စာဓော၊ ဘာဂနိစ္ဆယ သုဒ္ဓိသု။
ဤသဒတ္ထေ ပရိဘဝေ၊ ဒေသဗျာပန ဟာနိသု။
ဝစောကြိယာယ ထေယျေ စ၊ ဉာဏပ္ပတ္တာဒိကေ အဝ။”
ဟု အဗျယဝဂ်၌ ဆိုသည့်အတိုင်း —
၁။ မယှဉ်ခြင်း ကွေကွင်းခြင်းဟူသော ဝိယောဂ အနက်၊
၂။ သိခြင်းဟူသော ဇာနန အနက်၊
၃။ အောက်အဖို့ဟူသော အဓောဘာဂ အနက်၊
၄။ ဆုံးဖြတ်ခြင်းဟူသော နိစ္ဆယ အနက်
၅။ စင်ကြယ်ခြင်းဟူသော သုစိ အနက်
၆။ အနည်းငယ်ဟူသော ဤသဒ အနက်
၇။ ကဲ့ရဲ့ခြင်း မထီမဲ့မြင်ပြုခြင်းဟူသော ပရိဘဝ အနက်
၈။ အရပ်ပြန့်နှံ့ခြင်းဟူသော ဒေသဗျာပန အနက်
၉။ ဆုတ်ယုတ်ခြင်းဟူသော ဟာနိ အနက်
၁၀။ နှုတ်အမူအရာဟူသော ဝစောကြိယာ အနက်
၁၁။ ခိုးခြင်းဟူသော ထေယျ အနက်
၁၂။ ဉာဏ်ဖြင့် ရောက်ခြင်းဟူသော ဉာဏပ္ပတ္တိအနက် —
စသော အနက်များစွာကို ဟောနိုင်ပါသည်။ ထိုအနက်များစွာအနက် ဩတ္ထရိတွာ၌ ပါဝင်သော (အဝ)သဒ္ဒါကား အမှတ် (၃)ဖြင့် ပြအပ်သော အဓောဘာဂ အောက်အဖို့ဟူသော အနက်ကို ဟောပါသည်။
“ထရဓာတ်”ကား ကစ္စာယနာ ဓာတုမဉ္ဇူသာ ဂါထာနံပါတ်-၅၈၌ ထရ - သန္ထရဏေဟု ဓာတ်နက်လှစ်သောကြောင့် ဖြန့်ခင်းခြင်းဟူသော အနက်ကို ဟောပါသည်။ (ဩ အဝဿ)ဟူသော သုတ်ဖြင့် အဝကို ဩ ပြု၊ တွာ ပစ္စည်းသက် ဣ လာ၍ ရုပ်ပြီးလတ်သော် ဩတ္ထရိတွာဟူသော ပုဒ်သည် (အောက်အဖို့၌ ခင်း၍)ဟူသော အနက် ထွက်လာပါသည်။ ဤအနက်အတိုင်း မှန်ကန်ပါမူ သင်္ဃာဋိကို ဖိထိုင်သည် မဟုတ်ဘဲ ရုံ ထားရာမှ ခွာကာ အောက်က ခင်းထိုင်သည်ဟု အဓိပ္ပာယ် သက်ရောက် ပါသည်။
ရုံထားသော သင်္ကန်းကို ခွာကာ အောက်က ဖိထိုင်ခဲ့သော် အမြင် အားဖြင့် မတင့်တယ်သောကြောင့် ကြည်ညိုပြီး ပုဂ္ဂိုလ်များ အကြည်ညို ပျက်၍ မကြည်ညိုသော ပုဂ္ဂိုလ်များ ကဲ့ရဲ့ဖွယ် ဖြစ်သောကြောင့် သိက္ခာပုဒ်တင်ရန် အခွင့်အလမ်း ပေါ်လာပါသည်။ ဤ စကားရပ်ကို အထောက်အခံ ပြုသောအားဖြင့် ဝိနယာလင်္ကာရဋီကာ၊ ၁၉၄၀ ပြည်ကြီးမဏ္ဍိုင်ရိုက်၊ စာမျက်နှာ-၃၂၃၊ စာကြောင်း ရေ ၁၁-၌ “န သင်္ဃာဋိံ ဩတ္ထရိတွာတိ န သင်္ဃာဋိံ အတ္ထရိတွာ နိသီဒိတဗ္ဗာ”ဟု ဖွင့်ပြထား ပါသည်။ အနက်ဖော်ပါသော် — န သင်္ဃာဋိံ ဩတ္ထရိတွာတိ =န သင်္ဃာဋိံ ဩတ္ထရိတွာဟူသည်ကား။ သင်္ဃာဋိံ = ရုံသော သင်္ကန်းကို။ အတ္ထရိတွာ = ဖြန့်ခင်း၍။ န နိသီဒိတဗ္ဗာ = မထိုင်အပ်ဟု အနက်ဖော်ပါမည် အရှင်မြတ်ဘုရား။
အသျှင်မြတ်ဘုရား၏ အမေးသည် လွယ်မယောင်နှင့် ခက်၍ တိမ် မယောင်နှင့် နက်ပါသည်။ သို့ပါ၍ အသျှင်မြတ်၏ ယူဆချက်, ဗုဒ္ဓဓမ္မလောကစာစောင် ၂၂^၁၈တို့၌ ဖော်ပြသော မုဒုံ ဦးတေဇ၏ ယူဆ ချက်၊ ဆရာတော်ကြီး ဦးဩဘာသတို့၏ ယူဆချက်များကို မှားယွင်း သည်ဟု တပည့်တော် မဆိုရဲပါ။
တပည့်တော်၏ ယခုတင်ပြချက်ကိုလည်း ဧကန်အမှန်ဟု မဆိုလို ပါ။ အတ္တနောမတိဟူ၍သာ လျှောက်ဆိုဝံ့ပါသည်။
အထူးမှာ ဤသိက္ခာပုဒ်သည် (အန္တရဃရေ)ဟု ထင်ထင်ရှားရှား ပါသောကြောင့် ရွာတွင်း ဆွမ်းစားဇရပ်အတွက် ပညတ်ချက် ဖြစ်ပါ သည်။
“ဘတ္တဂ္ဂံ ပရိဝိသနဋ္ဌာနံ”ဟု စူဠဝါယောဇနာ၌ ပြသောကြောင့် ဒါယကာများ ဆွမ်းလုပ်ကျွေးရာ ဌာနသည် ဘတ္တဂ္ဂ ဖြစ်ပါသည်။ ဒါယကာများ ဆွမ်းလုပ်ကျွေးရာဌာနဆိုသည်ကိုလည်း စူဠဝါ ယောဇနာ-၉၀ ၌ “မနုဿာနံ ပရိဝိသနဋ္ဌာနံ နာမ ယတ္ထ မနုဿာ သပုတ္တဒါရာ အာဝသိတွာ ဘိက္ခူ ဘောဇေန္တိ”ဟု ဖွင့်ပြထားသောကြောင့် ဤသိက္ခာပုဒ်သည် ကျောင်းတိုက်တာ အာရာမ်အတွင်း ရိုးရိုး ဆွမ်းစားရာ၌ မပါဝင်ဟု ယူဆ ပါသည်ဘုရား။
ကျန်းမာချမ်းသာ၍ သာသနာတော်အကျိုး သည်ပိုး ဆောင်ရွက် တော်မူနိုင်ပါစေသောဝ်။
ဦးဒေဝိန္ဒ (ရွှေထီးဣန္ဒရာ)
တည်တောကျောင်း၊
တစ်ဆင့်^ဦးအာလောက
ရွှေစည်းခုံကျောင်းတိုက်၊ ထီးချိုင့်မြို့၊ စစ်ကိုင်းတိုင်း၊
၁၃၃၈-ခုနှစ်၊ တပို့တွဲလဆုတ် ၆-ရက်နေ့။
စာရေးသူတို့ (ဆရာ, တပည့်နှစ်ပါး)၏ ထင်မြင်ယူဆချက်များမှာ အောက် ပါအတိုင်း ဖြစ်သည်။
ရွာတွင်း၌ သင်္ကန်းကြီးကို ဖိလျက်လည်း မနေထိုင်အပ်ဟူသော ဤ သိက္ခာပုဒ်သည် အထက်၌ ဖော်ပြထားသော သိက္ခာပုဒ်သုံးခုတို့နှင့် ဆက်စပ်မှု ရှိ, မရှိ စိစစ်ဖို့ လိုသည်ဖြစ်၍ ထိုသိက္ခာပုဒ်တို့ကို လွယ်ကူစွာဖြင့် ရှုနိုင်ရန် အလို့ငှာ အောက်၌ ထပ်မံ၍ ဖော်ပြကာ စိစစ်ပါအံ့။
နှာ-၃၈၆၊ အပိုဒ်ငယ် (၃)၌ “ရေ ပေးလတ်သော် လက်နှစ်ဖက်တို့ဖြင့် သပိတ်ကို ကိုင်၍ (သိမ်းဆည်း၍) ရေကို ခံရမည်။ နှိမ့်၍ မထိမခိုက်မိစေဘဲ သပိတ်ကို ကောင်းစွာ ဆေးရမည်။
အပိုဒ်ငယ် (၄)၌ လက်ဆေးခံ ရှိမူ လက်ဆေးခံကို ရေမစိုပါစေလင့်၊ အနီးရှိ ရဟန်းတို့ကို ရေမစိုပါစေကုန်လင့်၊ သင်္ကန်းကြီးကို ရေမစိုပါစေလင့်။”
အပိုဒ်ငယ် (၅)၌ “လက်ရေဆေးခံ မရှိမူ အနီးရှိ ရဟန်းတို့ကို ရေမစိုပါစေ လင့်၊ သင်္ကန်းကြီးကို ရေမစိုပါစေလင့်၊ မြေနှိမ့်၍ ရေကို သွန်းလောင်းရမည်”ဟူ၍ ဖော်ပြထားသည်။
ဆရာတော်ဘုရား (ရွှေထီးဣန္ဒရာ)၏ ပြန်စာ၌ လာသည့် “ဥဒကေ ဝိဇ္ဇမာနေ = ရေရှိသော် စသော စကား ဤသိက္ခာပုဒ်၌ မပါသောကြောင့်လည်း ကောင်း၊ ဥဒကေ ဒိယျမာနေ စသော နောက်သိက္ခာပုဒ်နှင့် ဆက်စပ်မှု မရှိ သောကြောင့်လည်းကောင်း”ဟူသော အဆိုတို့ကို ထောက်သောအားဖြင့်လည်း ကောင်း၊ စူဠဝဂ်ပါဠိတော် (မြန်မာပြန်)၌လည်း ဤသိက္ခာပုဒ်ကို သီးခြားအပိုဒ်ဖြင့် ဖော်ပြထားသည်ကို ထောက်သောအားဖြင့်လည်းကောင်း၊ အောက်၌ ပြလတ္တံ့ သော ဝိနယာလင်္ကာရဋီကာ၏ ဖွင့်ဆိုချက်ကို ထောက်သောအားဖြင့်လည်း ကောင်း ဤသိက္ခာပုဒ်သည် ထိုသိက္ခာပုဒ်သုံးခုတို့နှင့် ဆက်စပ်မှုမရှိ၊ သီးခြား သိက္ခာပုဒ် ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏၊ [ပါဠိတော်၌လည်း ဤသိက္ခာပုဒ်ကို သီးခြားအပိုဒ်ဖြင့် ဖော်ပြထားသည်ဟု ဆရာတော်ဘုရား (အရှင်တေဇ)ထံမှ သိရ၏၊] သို့ဖြစ်၍ ဆွမ်းစားရာ၌ သင်္ကန်း ရေစိုမည်စိုး၍ ကာကွယ်သောအနေ ဖြင့် သင်္ကန်းကြီးကို ဖိ, မထိုင်စေဘဲ မြှောက်၍ (ပင့်၍) ထိုင်လျက် စားစေခြင်းငှာ ဤသိက္ခာပုဒ်ကို မြတ်စွာဘုရားရှင် ပညတ်တော်မူသည်ဟု မယူသင့်ပေ။ သို့ဖြစ် လျှင် အဘယ်သို့ ယူအပ်သနည်းဟူမူ ဆရာတော်ဘုရား (ရွှေထီးဣန္ဒရာ) ညွှန်းသည့်အတိုင်း ဝိနယာလင်္ကာရဋီကာ၊ ၁၉၄၀ ပြည်ကြီးမဏ္ဍိုင်ရိုက်၊ စာမျက်နှာ ၃၂၃၊ စာကြောင်းရေ-၁၁ ၌ “န သင်္ဃာဋိံ ဩတ္ထရိတွာတိ န သင်္ဃာဋိံ အတ္ထရိတွာ နိသီဒိတဗ္ဗာ — ဟု ဖွင့်ဆိုထားသည့် (အနက်) န သင်္ဃာဋိံ ဩတ္ထရိတွာတိ န သင်္ဃာဋိံ ဩတ္ထရိတွာ-ဟူသည်ကား— သင်္ဃာဋိံ = ရုံသောသင်္ကန်းကို။ အတ္ထရိတွာ = ဖြန့်ခင်း၍။ န နိသီဒိတဗ္ဗာ = မထိုင်အပ်”ဟူသော ဖွင့်ဆိုချက်ကို ထောက်သော အားဖြင့် ထိုစဉ်က ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းကြီးကို ရုံထားရာမှ ခွာ၍ ဖြန့်ခင်းပြီး ဖိထိုင်လျက် ဆွမ်းစားကြသည်ဟု ယူလျှင် မှားအံ့ မထင်။ ဤသို့ ပြုခြင်းသည် အမြင်အားဖြင့် မတင့်တယ်၍ မကြည်ညိုရသေးသော သူတို့အား ကြည်ညိုစေခြင်းငှာလည်းကောင်း, ကြည်ညိုပြီးသောသူတို့အား တိုး၍ ကြည်ညို စေခြင်းငှာလည်းကောင်း မဖြစ်စေနိုင်၊ (တစ်နည်း) မကြည်ညိုရသေးသော သူတို့အား မကြည်ညိုစေခြင်းငှာလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား အကြည်ညို ပျက်စေခြင်းငှာလည်းကောင်း ပြုသည်မည်၍ ရွာတွင်း၌ သင်္ကန်းကြီးကို ဖိလျက်လည်း မနေထိုင်အပ်ဟူသော ဤသိက္ခာပုဒ်ကို မြတ်စွာဘုရားရှင် ပညတ်တော်မူသည်ဟု ယူအပ်ပေသည်။ [ဤသို့ ထင်မြင်ယူဆသည့် နေ့မှ စ၍ စာရေးသူတို့ (ဆရာ, တပည့် နှစ်ပါးလုံး) ဆွမ်းစားရာ၌ သင်္ကန်းကြီးကို ဖိမထိုင်ဘဲ မြှောက်၍ (ပင့်၍) ထိုင်လျက် စားသော အကျင့်ကို စွန့်လွှတ်၍ ရှေးနဂိုရ် စားနေကျအတိုင်း (ဝါ) အများသူငါ စားသကဲ့သို့ သင်္ကန်းကြီးကို ဖိထိုင်လျက် စားနေပြီ။] ဤသို့ စားခြင်းသည် သင်္ကန်းကြီးကို ဖိမထိုင်ဘဲ မြှောက်၍ (ပင့်၍) ထိုင်လျက် စားခြင်းထက် ပို၍ သိပ်သည်းသည်၊ တင့်လည်း တင့်တယ်သည်၊ ဣန္ဒြေလည်းရသည်ဟု အားလုံး ဆိုကြမည် ဖြစ်သည်။ သို့ပါလျက် အဘယ် ကြောင့် တစ်နှစ်ကျော်ကျော်တိုင်အောင် ထိုသို့ စားလေသနည်းဟူမူ ထိုသို့ စ၍ စားစဉ်ကပင် ဆရာ တပည့်နှစ်ပါးလုံး ထိုအတိုင်းပင် ဆို၏၊ သို့သော် ထိုစဉ်က ဤသိက္ခာပုဒ်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို မှားပြီး အဓိပ္ပာယ်ကောက်မိသော ကြောင့် ထိုသို့ စားခြင်းဖြစ်သည်။ ယခု မှားမှန်းသိ၍ ပြင်လိုက်ပြီ။ အမှား ဟူသမျှကို မှားမှန်းသိလျှင် သိချင်း အကြိမ်မည်မျှပင် ပြင်ရစေကာမူ မရှက် မကြောက်ဘဲ ပြောင်ပြောင်ကြီး ပြင်မည်ဆိုသော ဝါဒကို ဆရာတပည့် နှစ်ပါး လုံး လက်ကိုင်ထားသည် ဖြစ်၍ ဤအမှားကို မဆိုင်းမတွဘဲ ပြင်ခြင်း ဖြစ်သည်။ ဤအမှားကို ပြင်နိုင်သော ကျေးဇူးမှာ ဆရာတော်ဘုရား (ရွှေထီးဣန္ဒရာ)၏ အလွန်ကြီးမားသော ကျေးဇူးဖြစ်၍ ၎င်းအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကာ သာဓုခေါ်လျက် ရိုသေလေးမြတ်စွာဖြင့် ရှိခိုးကန်တော့ပါ၏၊ [သာဓု သာဓု သာဓု] ဤဆရာတော်ဘုရားသည် စာရေးသူကို တောထွက်ကြီးမှန်း မသိ၍ တကယ့်မထေရ်ကြီးဟု ထင်မှတ်ကာ စာရေးသူကို ၎င်း၏ ပြန်စာ၌ “ဆရာတော်ကြီး ဦးဩဘာသ”ဟု ခေါ်ဆို ရေးသားရှာသည်။ [ဆရာတော်ဘုရား ...ဘုရား တပည့်တော်သည် ပါဠိစာပေ အလျှင်းမတတ်သော တောထွက်ကြီး ဖြစ်ပါသည် ဘုရား။] ထိုပြန်စာ ပို့ခဲ့သော ကျေးဇူးကို အမှတ်ရလျက်ရှိနေ၍ အသျှင်သီလဝန္တ အားလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကာ သာဓုခေါ်လျက် ရှိနေပါ၏၊
[သာဓု သာဓု သာဓု]
ဆွမ်းစားရာ ကျင့်ဝတ် ပြီးပြီ။
၁၃၃၈-ခုနှစ်၊ တပေါင်းလဆုတ် ၅-ရက်၊
အင်္ဂါနေ့ (၈-၃-၇၇)။