ဝိနည်းဥပဒေတော်ကြီး/ဒေသနာဂါမ် အာပတ် ကုစားနည်း
၆၀။ ဒေသနာဂါမ်အာပတ် ကုစားနည်း
သီတင်းငယ်က သီတင်းကြီးထံ ဒေသနာပြောပုံ
ငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ - အရှင်ဘုရား ... ဘုရားတပည့်တော်သည် အလုံးစုံ သင့်သမျှသော အာပတ်တို့ကို ထင်စွာ ပြုပါ၏၊
ကြီး။ ။ သာဓု အာဝုသော သာဓု သာဓု - ကောင်းပြီ ငါ့ရှင်၊ ကောင်းပြီကောင်းပြီ။
ငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပဋိဒေသေမိ - အရှင်ဘုရား ...ဘုရားတပည့်တော် သည် များစွာကုန်သော အမျိုးမျိုးဝတ္ထု ရှိကုန်သော အလုံးစုံကုန်သော အာပတ်တို့သို့ ရောက်ပါပြီ၊ ထိုအာပတ်တို့ကို အရှင်ဘုရား၏ အထံ၌ ပြောပြပါ၏၊
ကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော - ငါ့ရှင် ...ထို အာပတ်တို့ကို ရှုပါ၏လော။
ငယ်။ ။ အာမ ဘန္တေ ပဿာမိ - မှန်ပါ အရှင်ဘုရား ...ရှုပါ၏၊
ကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ - ငါ့ရှင် ...နောက်နောင်အခါ (အာပတ်မသင့်အောင်) စောင့်စည်းလော့။
ငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ - ကောင်းပါပြီ အရှင်ဘုရား ... ကောင်းစွာ စောင့်စည်းပါအံ့။
ကြီး။ ။ သာဓု အာဝုသော သာဓု သာဓု - ကောင်းပြီ ငါ့ရှင် ...ကောင်းပြီ ကောင်းပြီ။
[ငယ် ပြီး၏၊]
သီတင်းကြီးက ပြောပုံ
(အနက်အဓိပ္ပာယ် အငယ်၌ ကဲ့သို့ ယူ။)
ကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာတ္တိယော အာဝိကရောမိ။
ငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
ကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပဋိဒေသေမိ။
ငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
ကြီး။ ။ အာမ အာဝုသော ပဿာမိ။
ငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
ကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
ငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
[ကြီး ပြီး၏၊]
ဝတ္ထု သဘာဂ ဖြစ်ခဲ့မူ ပြန်ကြားပုံ
ငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပဋိဒေသေမိ။
ကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော။
ငယ်။ ။ အာမ ဘန္တေ ပဿာမိ။
ကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
ငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
ကြီး။ ။ သာဓု အာဝုသော သာဓု သာဓု။
မှတ်ချက်။ ။ ဝတ္ထုသဘာဂကား အတူတကွ လွန်ကျူးရာ၌ ထင်ရှား၏၊ တခြားစီ လွန်ကျူးခြင်း၊ မအပ်မရာပစ္စည်း အသီးသီး ရှိသူချင်းဖြစ်လျှင် မထင်ရှား။ [ဝတ္ထုသဘာဂ ရှိ, မရှိကို သိဖို့ရန် ခဲယဉ်း၏၊ ထို့ကြောင့် ပြန်ကြားသင့်၏၊၊]
ဤအမှုကို “နောင် ငါ မပြုတော့ပြီ၊ နောင် ရှောင်ကြဉ်မည်”ဟူသော စိတ်နှင့် ပြောမှ ထိုအာပတ် ထသည်။
ဒေသနာလည်းပြော၏၊ နောင်ထိုအမှုကို ပြုလိုလျက်လည်း ရှိနေ၏ ဆိုလျှင် ထိုအာပတ် မထ။
နိဿဂ္ဂိအာပတ်နှင့် ခွဲခြင်း ဖြတ်ခြင်း ရှေးရှိသော သုဒ္ဓပါစိတ်အာပတ်တို့ အတွက် မိမိ၌ ရှိနေသော ဝတ္ထုတို့ကို မစွန့်, မခွဲ, မဖြတ်မူ၍ ဒေသနာပြောလျှင် ထိုအာပတ်တို့ မထဟု တထစ်ချ မှတ်လေ။ [ဤထက် အကျယ်သိလိုလျှင် မိုးနံကုန်း ဝိနိစ္ဆယပကိဏ္ဏကဒီပနီကျမ်း (ဒုတိယတွဲ) စာမျက်နှာ၊ ၇၀ မှ ၇၂ တို့၌ ရှု၊၊]
အထူးသိဖွယ်။ ။ အာပတ် မသင့်အောင် ဖြည့်ကျင့်သော သီလ, သင့်သော်လည်း တရားနှင့်အညီ ကုစားပြီးသော သီလသည် ဝိသုဒ္ဓသီလ မည်၏၊ [နောင် ဤကဲ့သို့ မပြုတော့အံ့ဟု ဆောက်တည်ခြင်းသည်လည်း ကုစားသည် မည်၏၊] အာပတ်သင့်၍ မကုစားသေးသော သီလသည် အဝိသုဒ္ဓသီလ မည်၏ ဝက်သားလော, ဝံသားလော၊ ပါစိတ်လော, ဒုက္ကဋ်လော၊ လွန်ကျူးမိပြီလော, မလွန်ကျူးသေးသလောဟု ဝတ္ထု၌လည်းကောင်း၊ အာပတ်၌လည်းကောင်း၊ ကျူးလွန်ခြင်း၌လည်းကောင်း ယုံမှားသော သူ၏ သီလသည် ဝေမတိကသီလ မည်၏၊ ထိုတွင် အဝိသုဒ္ဓသီလကို ကုစားအပ်၏၊ ဝေမတိကသီလရှိလျှင် မလွန်ကျူးမူ၍ စိစစ်၍လည်းကောင်း၊ မေးမြန်း၍လည်းကောင်း ယုံမှား ဖျောက်အပ်၏၊ ယုံမှား ပျောက်သောအခါ အပ်လျှင်ပြု, မအပ်လျှင် ရှောင်၊ မဂ်ဖိုလ် ရောက်အောင် ချမ်းသာလတ္တံ့။
အပြစ်ငယ်ကိုပင် ရှောင်လျှင် အပြစ်ကြီးကို သာ၍ ရှောင်လတ္တံ့၊ သီလငယ် မှ မပြည့်စုံလျှင် သီလကြီး ပြည့်စုံကြောင်း မရှိဟု ဟောတော်မူချေသည်။
သတိ။ ။ အာပတ်သင့်သည်ကို ရှုအံ့ဟု ဘယ်အခါမှ အားမထုတ်ရ၊ အနာပတ္တိကိုသာ ရှုပါအံ့ဟု နှလုံးထားအပ်၏၊
အဓမ္မိက ဒိဋ္ဌာဝိကမ္မ (မတရားသော ဒေသနာ ပြောခြင်း)
အာပတ်မသင့်ဘဲ ဒေသနာပြောခြင်း၊ ဒေသနာဂါမ် မဟုတ်ဘဲ ဒေသနာ ပြောခြင်း၊ ပြောပြီးကို ထပ်ပြောခြင်း၊ လေးငါးပါး အတူပြောခြင်း၊ စိတ်ဖြင့် ပြောခြင်း၊ နာနာသံဝါသကထံ ပြောခြင်း၊ သိမ်အတူမနေ (သိမ်နိမိတ် ကျောက်တိုင်အတွင်း တစ်ပါးအပြင် တစ်ပါးအားဖြင့်) တစ်သိမ်စီ နေလျက် ပြောခြင်း၊ အပကတတ်ထံ ပြောခြင်း၊ ဤကား မတရားဒေသနာပြောခြင်း မည်၏၊ ဒုက္ကဋ်အာပတ် ထပ်သင့်၏၊ (ဝိနည်းကံ ချွတ်သောကြောင့် အာပတ်ဟောင်းမှာလည်း မထ။) [ပရိဝါ] ကျောက်တိုင်အတွင်းကား ဗဒ္ဓသိမ်, အပြင်ကား ဂါမသိမ်ဟု သိ။
သမာနသံဝါသကထံပြော, သိမ်အတူနေ၍ပြော, ပကတတ်ထံပြော, တစ်ပါး နှစ်ပါး သုံးပါး အတူပြော, နှုတ်သံဖြင့်ပြော၊ ဤကား ဓမ္မိကဒိဋ္ဌာဝိကမ္မ ၅-ပါးတည်း။ သုံးပါး အတူပြောခြင်း ယခု ပြုလေ့မရှိကြ။
အမှာ။ ။ အနာပတ္တိဟု ပြထားပါလျက် အာပတ္တိဟု မယူလေလင့်၊ အာပတ္တိဟု ပြထားပါလျက် အနာပတ္တိဟု မယူလေလင့်၊ (ဝါ) အပ်သည်ကို မအပ်၊ မအပ်သည်ကို အပ်၏ဟု မယူလေလင့်။ အတိအကျ ဟောထားတော်မူခြင်း မရှိသော အချို့အရာများ၌ ဝိဝါဒရှိရကား ဝိနည်းအရာဝယ် အပေါ့ဘက်သို့ မလိုက်ဘဲ အလေးဘက်သို့ လိုက်ခြင်းသည် အကောင်းဆုံးနည်း ဖြစ်သည်။ ဂရုကေ ဌာတဗ္ဗံ သဘောကိုလည်း သိထားအပ်၏၊
ဂရုကေ ဌာတဗ္ဗံ သဘော
ကျမ်းဂန်တို့၌ အပ်, မအပ်အဆို တိုက်ရိုက်ရှိလျှင် ရှိတိုင်းသာ တည်ရသည် ဆိုရသည်။ တိုက်ရိုက် မရှိရာ၌သာ “ဂရုကေ ဌာတဗ္ဗံ”ဟု ဆိုသည်။ အပ်, မအပ် အဆို တိုက်ရိုက် ရှိပါလျက် “ဂရုကလဟုကေသု ဂရုကေ ဌာတဗ္ဗံ၊ ဧတံ ဝိနယလက္ခဏံ”ဟုဆိုလျှင် ကျမ်းဂန်အဆိုကို ဂရုမပြုဘဲ ဂရုအသံ မြည်သူ ဖြစ်၏၊ မရွာဘဲ ချုန်းသော မိုးနှင့် တူ၏၊ ပမာဒဝိဟာရီဘာဝလျှင် အကြောင်း ရှိရာ၏၊
ငိုခြင်းသည် ကလေး၏ အား၊ အဆင်းသည် မာတုဂါမ၏ အား၊ ဒေါသသည် ဗာလ၏ အား၊ ခန္တီသည် ပဏ္ဍိတ၏ အား၊ ဂရုကေ ဌာတဗ္ဗံ -- အဆို လေ့ခြင်းသည် ကျမ်း၌ အားကိုးကင်းမဲ့သော ဘုန်းကြီး၏ အားတည်း။ [အစစ အရာရာ ဂရုဘက်သို့ လိုက်၍ မပြုသင့်ပါ။ ကိုယ်တိုင် မဆုံးဖြတ်တတ်လျှင် သဘာဝကျကျ ဆုံးဖြတ်တတ်သော လဇ္ဇီကျမ်းတတ် ပုဂ္ဂိုလ်နှင့် ဆွေးနွေး၍ ထိုပုဂ္ဂိုလ်အကြံဉာဏ်ပေးသည့်အတိုင်း ပြုလေ။]
ဒေသနာဂါမ် အာပတ် ကုစားနည်း ပြီးပြီ။
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။”
ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော ထိုမြတ်စွာဘုရား အား ရိုသေစွာ ရှိခိုးပါ၏၊