ဝိနည်းဥပဒေတော်ကြီး/အာဏာပါတိမောက် သံဃဥပုသ်ကံ ပြုခန်း
၆၁။ အာဏာပါတိမောက် သံဃဥပုသ်ကံ ပြုခန်း
မှတ်ချက်။ ။ ပုဗ္ဗကရဏ ၄-ပါး, ပုဗ္ဗကိစ္စ ၅-ပါး, ပတ္တကလ္လအင်္ဂါ ၄-ပါး တို့နှင့် ပတ်သက်၍ ပါတိမောက်ပြမည့် ရဟန်းက မေး၍ သံဃာတော်၏ ကိုယ်စား အခြားရဟန်းတစ်ပါးက ဖြေဆိုသော ‘မူ’ ဖြင့် မရေးဘဲ ရွတ်ဆိုရာ၌ ပို၍ လွယ်ကူစေခြင်းငှာ ပါတိမောက်ပြမည့် ရဟန်းတစ်ပါးတည်းကပင် အမေး အဖြေ နှစ်ခုလုံးကို ပေါင်း၍ ရွတ်ဆိုသော ‘မူ’ဖြင့် ရေးသားပါအံ့။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သမ္မဇ္ဇနီ ပဒီပေါ စ၊ ဥဒကံ အာသနေန စ။
ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကရဏ”န္တိ ဝုစ္စတိ။ — ဟူ၍ အဋ္ဌကထာ ဆရာမြတ်တို့ မိန့်ဆိုအပ်သည်နှင့်အညီ —
ဥပုသ်အိမ် သိမ်အပြင်၌ တံမြက်လှည်းခြင်းကိစ္စ ပြီးပါပြီဘုရား။
ဆီမီးညှိထွန်းခြင်းကိစ္စမှာ နေတည်းဟူသော အရောင်အလင်းကို ရသည် ဖြစ်၍ ညှိထွန်းဖွယ်ကိစ္စ မရှိပါဘုရား။ [မှောင်လျှင် ထွန်း၍ ပြီးပါပြီဘုရားဟု ဆို။]
နေရာခင်းခြင်းနှင့်တစ်ကွ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း ကိစ္စ ပြီးပါပြီဘုရား။
ဤလေးပါးသော အမှုကိစ္စတို့ကို (ဝါ) တံမြက်, ဆီမီး, ရေ, နေရာ- ကိစ္စ လေးဖြာတို့ကို သံဃာမစည်းဝေးမီရှေးအဖို့၌ ပြုအပ်သောကြောင့် ဥပုသ်ကံ၏ ပုဗ္ဗကရဏ - ဟူ၍ မိန့်ဆိုအပ်၏၊
ဆန္ဒ ပါရိသုဒ္ဓိ ဥတုက္ခာနံ၊ ဘိက္ခုဂဏနာ စ ဩဝါဒေါ။
ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကိစ္စ”န္တိ ဝုစ္စတိ။— ဟူ၍ အဋ္ဌကထာဆရာ မြတ်တို့ မိန့်ဆိုအပ်သည်နှင့်အညီ —
နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ မရောက်လာသော ဥပုသ်ပြုပြီးသော ရဟန်း, ဂိလာနရဟန်း, ကိစ္စပ္ပသုတ ရဟန်းတို့သည် ပေးအပ်သော ဆန္ဒနှင့် ဂိလာနရဟန်း, ကိစ္စပ္ပသုတရဟန်းတို့သည် ပေးအပ်သော ပါရိသုဒ္ဓိတို့ကို ဆောင် ၍ သံဃာအား လျှောက်ကြားခြင်း ကိစ္စမှာ သိမ်တွင်းရှိ သီမဋ္ဌကသံဃာသည် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ရောက်သည်ဖြစ်၍ ဆောင်၍ လျှောက်ကြားဖွယ်ကိစ္စ မရှိပါဘုရား။ [ဆန္ဒ ပါရိသုဒ္ဓိ ပေးပုံ, ဆောင်ယူ၍ လျှောက်ပုံတို့ကို ပါတိမောက် ဘာသာဋီကာ ဥပုသ်ပြု ပရိကမ်၌ ရှု။]
ဥတုသည် ဟေမန္တ-ဆောင်းဥတု, ဂိမှာန-နွေဥတု, ဝဿာန-မိုးဥတုအား ဖြင့် သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် ယခုရောက်ဆဲဖြစ်သော ဥတုကား (ဂိမှာန-နွေဥတု) ဖြစ်ပါသည်ဘုရား။ [လျော်ရာဆို။]
ဤဂိမှာန-နွေဥတု၌ ပထမပက္ခ, ဒုတိယပက္ခ စသောအားဖြင့် ရှစ်ပက္ခ အတိုင်းအရှည် ရှိ၏၊ ထိုရှစ်ပက္ခတို့တွင် တစ်ပက္ခလွန်သည် ဖြစ်၍ နှစ်ပက္ခမြောက် ရောက်ဆဲဖြစ်သဖြင့် ခြောက်ပက္ခ ကြွင်းပါသေးသည်ဘုရား။ [လျော်ရာ ဆို။]
[ဝါထပ်မည့်နှစ် ဖြစ်မူ ဤဂိမှာန နွေဥတု၌ ဝါထပ်လငင်သောကြောင့် ပထမပက္ခ, ဒုတိယပက္ခ, စသောအားဖြင့် ဆယ်ပက္ခ အတိုင်းအရှည် ရှိ၏၊ ထို ဆယ်ပက္ခတို့တွင် တစ်ပက္ခလွန်, နှစ်ပက္ခမြောက် ရောက်ဆဲဖြစ်သဖြင့် ရှစ်ပက္ခကြွင်း စသည်ဖြင့် လျော်ရာ ဆိုအပ်၏၊ ပထမပက္ခ၌ လွန်သောပက္ခ မရှိ၊ တစ်ပက္ခမြောက် ရောက်ဆဲဖြစ်သဖြင့် ဝါ, မထပ်လျှင် ၇-ပက္ခ၊ ဝါထပ်လျှင် ၉-ပက္ခ ကြွင်းပါသေးသည်ဘုရား ဟူ၍လည်းကောင်း။ ဝါ, မထပ်လျှင် နောက်ဆုံး ပက္ခ၌ ရှစ်ပက္ခမြောက် ရောက်ဆဲ၊ ဝါထပ်လျှင် ဆယ်ပက္ခမြောက် ရောက်ဆဲ၊ ကြွင်းပက္ခ မရှိပါဘုရား ဟူ၍လည်းကောင်း ဆိုအပ်၏၊]
ဤဥပုသ်အိမ် သိမ်အပြင်၌ စည်းဝေးလာရောက်ကြသော ရဟန်းတို့ကား (လေးပါး) အရေအတွက် ရှိပါသည်ဘုရား။ [လျော်ရာဆို။]
ဘိက္ခုနီတို့သည် ဩဝါဒအလို့ငှာ ချဉ်းကပ်ခြင်းကို ရပါအံ့လောဟု တောင်းပန်သော ဩဝါဒကို လျှောက်ကြားခြင်း ကိစ္စမှာ ယခုအခါ ဘိက္ခုနီတို့ မရှိသော ကြောင့် လျှောက်ကြားဖွယ်ကိစ္စ မရှိပါဘုရား။
ဤငါးပါးသော အမှုကိစ္စတို့ကို (ဝါ) ဆန္ဒလျှောက်ကြား, ပါရိသုဒ္ဓိ လျှောက်ကြား, ဥတုလျှောက်ကြား, ရဟန်းအရေအတွက် လျှောက်ကြား, ဘိက္ခုနီဩဝါဒ လျှောက်ကြား ကိစ္စငါးဖြာတို့ကို သံဃာစည်းဝေးပြီးသည်နောက် ပါတိမောက် မပြမီ ရှေးအဖို့၌ ပြုအပ်သောကြောင့် ဥပုသ်ကံ၏ ပုဗ္ဗကိစ္စ ဟူ၍ မိန့်ဆိုအပ်၏၊
ဥပေါသထော ယာဝတိကာ စ ဘိက္ခူ ကမ္မပ္ပတ္တာ၊
သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။
ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊
“ပတ္တကလ္လ”န္တိ ဝုစ္စတိ။ — ဟူ၍ အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုအပ် သည်နှင့် အညီ —
ဥပုသ်သည် နေ့၏အစွမ်းဖြင့် စာတုဒ္ဒသီဥပုသ်, ပန္နရသီဥပုသ်, သာမဂ္ဂီ ဥပုသ်ဟူ၍ သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် ယခု ပြုဆဲဖြစ်သော ဥပုသ်ကား ပန္နရသီ (စာတုဒ္ဒသီ) ဥပုသ် ဖြစ်ပါသည်ဘုရား။ [လျော်ရာဆို။]
ပြုတတ်သော ကာရက၏အစွမ်းဖြင့် သံဃဥပုသ်, ဂဏဥပုသ်, ပုဂ္ဂလဥပုသ် ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင် သံဃဥပုသ် ဖြစ်ပါသည်ဘုရား။
ပြုအပ်သော အခြင်းအရာ ကာတဗ္ဗာကာရ၏ အစွမ်းဖြင့် သုတ္တုဒ္ဒေသ ဥပုသ်, ပါရိသုဒ္ဓိဥပုသ်, အဓိဋ္ဌာန်ဥပုသ် ဟူ၍ သုံးပါးအပြား ရှိ၏၊ ထိုသုံးပါးတို့တွင် သုတ္တုဒ္ဒေသဥပုသ်ဖြစ်ပါသည်ဘုရား။
အကြင်မျှလောက်လေးပါး, လေးပါးထက် အလွန်ဖြစ်ကုန်သော ပကတတ် ရဟန်းတို့သည်လည်း သုတ္တုဒ္ဒေသ, သံဃဥပုသ်ကံအား လျောက်ပတ်ကုန်၍ တစ်သိမ်တည်း၌ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း တည်လျက် ရှိကုန်၏၊ သဘောတူဝတ္ထုကြောင့် သင့်သော အာပတ်တို့သည်လည်း မရှိကုန်၊ ထိုရဟန်းတို့ ၏ နှစ်ထောင့်ထွာ ဟတ္ထပါသ်အတွင်းမှ ကြဉ်အပ်ကုန်သော လူ, ဘိက္ခုနီ စသော နှစ်ကျိပ်တစ်ယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်တို့သည်လည်း မရှိကုန်။
ဤလေးပါးသော အင်္ဂါတို့ဖြင့် (ဝါ) ဥပုသ်နေ့, သံဃာသိမ်တူ ဟတ္ထပါသ် တည်, သဘာဂါပတ် မရှိ, ဝဇ္ဇနီကြဉ်ဖယ် အင်္ဂါလေးသွယ်တို့ဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သော ဥပုသ်ကံကို လျောက်ပတ်သောအခါ ရှိသောကြောင့် ပတ္တကလ္လ ဟူ၍ မိန့်ဆိုအပ်၏၊
ပုဗ္ဗကရဏပုဗ္ဗကိစ္စာနိ သမာပေတွာ ဒေသိတာပတ္တိကဿ သမဂ္ဂဿ ဘိက္ခုသံဃဿ အနုမတိယာ ပါတိမောက္ခံ ဥဒ္ဒိသိတုံ အာရာဓနံ ကရောမ။
(သာဓု သာဓု သာဓု)
ပုဗ္ဗကရဏ ၄-ပါးနှင့် ပုဗ္ဗကိစ္စ ၅-ပါးတို့ကို ပြည့်စုံစေပြီး၍ သင့်သော အာပတ်အတွက် ဒေသနာပြောပြီးသော ညီညွတ်သော သံဃာတော်၏ အလိုနှင့် အညီ ဘုရားတပည့်တော်တို့သည် ပါတိမောက်ကို ပြခြင်းငှာ အားထုတ်ကြ ကုန်အံ့။
(သာဓု သာဓု သာဓု)
၁။ နိဒါနုဒ္ဒေသ
ဥပေါသထဉတ်။ ။ သုဏာတု မေ ဘန္တေ သံဃော။ အဇ္ဇုပေါသထော ပန္နရသော (စာတုဒ္ဒသော)။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။
အရှင်ဘုရားတို့ ...သံဃာတော်သည် ဘုရားတပည့်တော်၏ စကားကို နာတော်မူလော့။ ယနေ့ ဥပုသ်နေ့သည် ပန္နရသီ တစ်ဆယ့်ငါးရက် (စာတုဒ္ဒသီ တစ်ဆယ့်လေးရက်) မြောက်သော နေ့တည်း။ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာတော်သည် ဥပုသ်ကို ပြုရာ၏၊ ပါတိမောက်ကို ပြရာ၏၊
သံဃာတော်သည် ပုဗ္ဗကရဏ ၄-ပါးနှင့် ပုဗ္ဗကိစ္စ ၅-ပါးတို့ကို ပြုပြီးပြီလော။ အရှင်ဘုရားတို့ ...အာပတ်မှ စင်ကြယ်ခြင်းကို ပြောကြားကြကုန်လော့။ ပါတိမောက်ကို ပြပေအံ့။ ထို ပါတိမောက်ကို အလုံးစုံ ထေရ, နဝ, မဇ္ဈိမ ဖြစ်ကုန်သော ထင်ရှားရှိကုန်သော ဘုရားတပည့်တော်တို့သည် ကောင်းစွာ နာကြ ကုန်အံ့၊ နှလုံးသွင်းကုန်အံ့။ အကြင်ရဟန်းအား အာပတ်သည် အကယ်၍ ရှိငြားအံ့၊ ထိုရဟန်းသည် ထင်စွာ ပြုရာ၏၊ အာပတ်သည် အကယ်၍ မရှိငြားအံ့၊ ဆိတ်ဆိတ်နေရာ၏၊ ဆိတ်ဆိတ်နေလျှင် အရှင်တို့ကို အာပတ်မှ စင်ကြယ်ကုန် ၏ ဟူ၍ သိမှတ်ရပါအံ့။ အမှန်မှာ တစ်ပါးစီ တစ်ပါးစီ မေး၍ တစ်ပါးစီတစ်ပါးစီ ဖြေကြားရမည် ဖြစ်သည်။ ယခုသော်ကား ဤရဟန်းပရိသတ်ကို ပေါင်းစု၍ တစ်ပါးစီ တစ်ပါးစီ မေးသကဲ့သို့ သုံးကြိမ်တိုင်အောင် မေးစိစစ်ပါအံ့။ အကြင် ရဟန်းသည် သုံးကြိမ်တိုင်အောင် မေးစိစစ်အပ် သည်ရှိသော် အာပတ်သင့်မှန်း သိလျက် ထင်ရှားရှိသော အာပတ်ကို ထင်စွာ မပြုငြားအံ့၊ ထိုရဟန်းအား သိလျက် ချွတ်ယွင်းသော စကားကို ဆိုသည်မည်ခြင်းကြောင့် သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ် သင့်၏၊ အရှင်တို့ ...စင်စစ် သိလျက် ချွတ်ယွင်းသော စကားကို ဆိုခြင်းကို စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော အာပတ်ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထို့ကြောင့် အာပတ်သင့်မှန်း သိသောရဟန်းသည် သင့်သော အာပတ်မှ စင်ကြယ်ခြင်းကို အလိုရှိလျှင် ထင်ရှားရှိသော အာပတ်ကို ထင်စွာပြုအပ်၏၊ ထင်စွာပြုခြင်း၏ အကျိုးကား အာပတ်အတွက် တစ်အုံနွေးနွေး မပူပန်ရတော့ဘဲ ထိုရဟန်းအား စျာန်မဂ်ဖိုလ် နိဗ္ဗာန်တရားကို ရခြင်းငှာ ချမ်းသာသော အကျင့်သည် ဖြစ်ပေါ်နေ၏၊ [ရဟန်းဖြစ်သည်မှစ၍ ငါးဝါ မရ သေးခင် နဝ = သီတင်းငယ်ဟုလည်းကောင်း၊ ငါးဝါရသူမှ စ၍ ဆယ်ဝါအတွင်း မဇ္ဈိမ = သီတင်းလတ်ဟုလည်းကောင်း။ ဆယ်ဝါရသူမှစ၍ ဝါနှစ်ဆယ်အတွင်း ထေရ = ထေရ်ဟုလည်းကောင်း၊ ဝါနှစ်ဆယ်အထက်ကို မဟာထေရ = မဟာထေရ် = မထေရ်ဟုလည်းကောင်း ခေါ်၏၊]
အရှင်တို့ ...နိဒါန်းကို ပြအပ်ပြီးသည်သာတည်း။ ထိုနိဒါန်း၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏ လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါ ကုန်၏လော၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သော ကြောင့်သာလျှင် ဆိတ်ဆိတ် နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကုန်၏ဟူ၍ သိမှတ်ရ၏၊
နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။
အထူးသိဖွယ်။ ။ ဘိက္ခုပါတိမောက်၌ ငါးဥဒ္ဒေသ ရှိ၏၊ ထိုပါတိမောက်ကို ပြရာ၌ အကျယ်ပြခြင်း အကျဉ်းပြခြင်း ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် ငါးဥဒ္ဒေသလုံးကို (ဝါ) တစ်စောင်လုံးကို ရွတ်ဆိုခြင်းသည် အကျယ်ပြသည် မည်၏၊ လေးဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ၊ သုံးဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ၊ နှစ်ဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ၊ တစ်ဥဒ္ဒေသ အဆုံးထိကိုဖြစ်စေ ရွတ်ဆိုခြင်းသည် အကျဉ်းပြသည် မည်၏၊ ၎င်းလေးဥဒ္ဒေသတို့ကို ဤသို့ ပိုင်းခြားထား၏၊ ‘သမ္မဇ္ဇနီ ပဒီပေါ စ’ မှ စ၍ ‘အနိယတ’ အဆုံးထိကို လေးဥဒ္ဒေသ, သံဃာဒိသေသ် အဆုံးထိကို သုံးဥဒ္ဒေသ, ပါရာဇိက အဆုံးထိကို နှစ်ဥဒ္ဒေသ, နိဒါန်းအဆုံးထိကို တစ်ဥဒ္ဒေသ ဟူ၍ လေးပိုင်း ပိုင်းခြားထား၏၊
ရွတ်ဆိုသောနည်း။ ။ ရွတ်ဆိုသောနည်းကို သာမန်အားဖြင့် ဖော်ပြပါအံ့။ နိဒါန်းဆုံး၍ ပါရာဇိကကို ဆက်၍ ပြလိုလျှင် ပါရာဇိကအခန်း၌ ပါရှိသည့် အတိုင်း “ထိုပါတိမောက်၌ လေးပါးကုန်သော ပါရာဇိကအမည်ရှိကုန်သော ဤအာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်၏အဖြစ်သို့ ရောက်ကုန်၏” ဟူသည်မှ စ၍ ဥဒ္ဒေသဆုံးထိ (ဝါ) ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤ အာပတ်မှ စင်ကြယ်ကြကုန်၏ ဟူ၍ သိမှတ်ရ၏ဟူသော စကားအထိ ဆို။ သံဃာဒိသေသ်ကို ဆက်၍ ပြလိုလျှင် “အရှင်တို့ ...တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ် အမည်ရှိကုန်သော ဤအာပတ်တို့သည် သရုပ်အားဖြင့် ပြအပ် သည်၏ အဖြစ်သို့ ရောက်ကုန်၏”ဟူသည်မှ စ၍ ဥဒ္ဒေသအဆုံးထိ (ဝါ) ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကြကုန်၏ ဟူ၍ သိမှတ် ရ၏ဟူသော စကားထိ ဆို။ [ကျန် နှစ်ဥဒ္ဒေသတို့အတွက် သိလောက်ပြီ။]
အကျယ်တစ်စောင်လုံးကို ပြသောအခါ အကြားအကြား ဥဒ္ဒေသအဆုံး၌ “နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။ ပါရာဇိကကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။ သံဃာဒိသေသ်ကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။ အနိယတကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ” ဟူသည်တို့ကို မရွတ်ဆိုမူ၍ တစ်စောင်လုံး အဆုံးသို့ ရောက်မှ ‘အကျယ်ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ’ဟူ၍ဖြစ်စေ၊ ‘ဝိတ္ထာရုဒ္ဒေသသည် ပြီးခြင်းသို့ ရောက်ပြီ’ဟူ၍ ဖြစ်စေ ရွတ်ဆိုအပ်၏၊ (သာဓု သာဓု သာဓု)
“ရှေးဦးစွာသော စီဝရဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ နှစ်ခုတို့၏ ပြည့် ကြောင်းဖြစ်သော ဧဠကလောမဝဂ် (ခေါ်) ကောသိယဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ပတ္တဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ သုံးဆယ်ကုန်သော စွန့်ခြင်း ဝိနည်းကံ ရှိကုန်သော နိဿဂ္ဂိယပါစိတ်အမည် ရှိကုန်သော အာပတ်တို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။ ရှေးဦးစွာသော မုသာဝါဒဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဘူတဂါမဝဂ် (ခေါ်) သေနာသနဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ လ။ ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ရတနဝဂ် (ခေါ်) ရာဇဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ ကိုးဆယ့်နှစ်ပါးကုန်သော သုဒ္ဓပါစိတ်အမည်ရှိကုန်သော အာပတ်တို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။ လေးပါးကုန်သော ပါဋိဒေသနီ အမည်ရှိကုန်သော အာပတ်တို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။ ရှေးဦးစွာသော ပရိမဏ္ဍလဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥဇ္ဇဂ္ဃိကဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ လ။ ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပါဒုကဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။ သေခိယ အမည်ရှိကုန်သော သိက္ခာပုဒ်တို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။ ခုနစ်ပါးကုန်သော အဓိကရဏသမထ အမည်ရှိကုန်သော သဘောတရားတို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ ဟူသည်တို့ကား တစ်ခုချင်း အနေဖြင့် ‘ဥဒ္ဒေသ’မဟုတ်၍ ရွတ်ဆိုအပ်ကုန်၏၊
မထေရ်ကြီး အစိုးရသောကြောင့်လည်းကောင်း၊ အန္တရာယ်ကြောင့်လည်း ကောင်း အစလေးဥဒ္ဒေသမျှ ပြသောအခါလည်း အကြား၌ ‘နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ’ စသည်တို့ကို မရွတ်ဆိုမူ၍ အနိယတအဆုံးသို့ ရောက်မှ ‘အရှင်တို့ ...နိဒါန်းကို ပြခဲ့ပြီးပါပြီ၊ လေးပါးကုန်သော ပါရာဇိကအမည် ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ် အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ နှစ်ပါးကုန်သော အနိယတအမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ သုံးဆယ်ကုန်သော စွန့်ခြင်း ဝိနည်းကံရှိကုန်သော နိဿဂ္ဂိယ ပါစိတ်အမည်ရှိကုန်သော အာပတ်တို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီး ကုန်ပြီ၊ ကိုးဆယ့်နှစ်ပါးကုန်သော သုဒ္ဓပါစိတ် အမည်ရှိကုန်သော အာပတ်တို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ၊ လေးပါးကုန်သော ပါဋိဒေသနီ အမည်ရှိ ကုန်သော အာပတ်တို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ၊ သေခိယ အမည်ရှိကုန်သော သိက္ခာပုဒ်တို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ၊ ခုနစ်ပါးကုန်သော အဓိကရဏသမထ အမည်ရှိကုန်သော သဘောတရားတို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ။ ဤမျှအတိုင်းအရှည်ရှိသော သိက္ခာပုဒ်တော်သည် ထိုမြတ်စွာဘုရား၏ ပါတိမောက်၌ လာ၏၊ ပါတိမောက်၌ အကျုံးဝင်၏၊ လခွဲတစ်ကြိမ် သရုပ်အားဖြင့် ပြအပ်သည်၏ အဖြစ်သို့ ရောက်၏၊ ထိုပါတိမောက်၌ အလုံးစုံ ထေရ, နဝ, မဇ္ဈိမ ဖြစ်ကုန်သော ရဟန်းတို့သည် ငြင်းခုန်ခြင်း မရှိကုန်သည် ဖြစ်၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျင့်အပ်၏၊
အနိယတကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီဟု ရွတ်ဆို အပ်၏၊ (သာဓု သာဓု သာဓု)
အစ သုံးဥဒ္ဒေသမျှ ပြသောအခါလည်း အကြား၌ “နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ”စသည်တို့ကို မရွတ်ဆိုမူ၍ သံဃာဒိသေသ်အဆုံးသို့ ရောက်မှအရှင်တို့ ...နိဒါန်းကို ပြခဲ့ပြီးပါပြီ၊ လေးပါးကုန်သော ပါရာဇိက အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ တစ်ဆယ့်သုံးပါး ကုန်သော သံဃာဒိသေသ်အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ နှစ်ပါးကုန်သော အနိယတအမည်ရှိကုန်သော အာပတ်တို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ။ လ။ ခုနစ်ပါးကုန်သော အဓိကရဏ သမထ အမည်ရှိကုန်သော သဘောတရားတို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ။ ဤမျှအတိုင်းအရှည် ရှိသော သိက္ခာပုဒ်တော်သည်။ လ။ ကျင့်အပ်၏၊
သံဃာဒိသေသ်ကို သရုပ်အားဖြင့်ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီဟု ရွတ်ဆိုအပ်၏၊ (သာဓု သာဓု သာဓု)
အစ နှစ်ဥဒ္ဒေသမျှ ပြသောအခါလည်း အကြား၌ ‘နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ’ဟူသည်ကို မရွတ်ဆိုမူ၍ ပါရာဇိက အဆုံးသို့ ရောက်မှ “အရှင်တို့ ..နိဒါန်းကို ပြခဲ့ပြီးပါပြီ၊ လေးပါးကုန်သော ပါရာဇိက အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြခဲ့ပြီးကုန်ပြီ၊ တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ် အမည်ရှိကုန်သော အာပတ်တို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန် ပြီ။ လ။ ခုနစ်ပါးကုန်သော အဓိကရဏသမထ အမည်ရှိကုန်သော သဘော တရားတို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ။ ဤမျှအတိုင်းအရှည်ရှိသော သိက္ခာပုဒ်တော်သည်။ လ။ ကျင့်အပ်၏၊
ပါရာဇိကကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီဟု ရွတ် ဆိုအပ်၏၊(သာဓု သာဓု သာဓု)
[ဤသို့သော ရွတ်ဆိုနည်းကို အမြတ်တနိုး အတိအကျ လိုက်နာအပ်၏၊ ချိန်နှင့် တူသော ဉာဏ်ဖြင့် ချိန်စက်၍ ဆိုသောကြောင့်တည်းဟု ဆရာမြတ်တို့ မိန့်ဆိုကုန်၏၊ အကြားကြား၌ ထည့်ဆိုမိလျှင်လည်း ပြောလောက်အောင် အပြစ်မရှိ ဟူ၏၊]
အစ တစ်ဥဒ္ဒေသမျှ ပြသောအခါ နိဒါန်းအဆုံး၌ နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီဟူသည်ကို မရွတ်ဆိုမူ၍ “အရှင်တို့ ...နိဒါန်းကို ပြခဲ့ပြီးပါပြီ၊ လေးပါးကုန်သော ပါရာဇိက အမည်ရှိကုန်သော အာပတ်တို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ။ လ။ ခုနစ်ပါးကုန်သော အဓိကရဏသမထ အမည်ရှိကုန်သော သဘောတရားတို့ကို အရှင်ဘုရားတို့ ကြားခဲ့ပြီးကုန်ပြီ။ ဤမျှအတိုင်းအရှည်ရှိသော သိက္ခာပုဒ်တော်သည်။ လ။ ကျင့်အပ်၏၊
နိဒါန်းကို ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီဟု ရွတ်ဆိုအပ်၏၊
(သာဓု သာဓု သာဓု)
ဤရွတ်ဆိုသောနည်းမှာ ဘိက္ခုပါတိမောက်သက်သက် ပြန်ဆိုရန်အတွက် ရွတ်ဆိုသောနည်းနှင့် ဆက်စပ်နေ၍ ဤ၌ မဖော်ပြထားသော ကျန်သက်ဆိုင် သော အချက်အလက်များကို ထိုရွတ်ဆိုသောနည်းမှ စိစစ်၍ ယူလေ။
[ရွတ်ဆိုသောနည်း ပြီးပြီ။]
အန္တရာယ် ၁၀-ပါး
၁။ မင်းလာခြင်း၊
၂။ ကျောင်းစသည် မီးလောင်ခြင်း၊
၃။ သူခိုး ခိုးခြင်း၊
၄။ မိုးကြီးရွာခြင်း သို့မဟုတ် ရေကြီးလာခြင်း၊
၅။ လူအများ လွှမ်းမိုးလာခြင်း၊
၆။ ရဟန်းကို ဘီလူး ပူးခြင်း၊
၇။ ခြင်္သေ့, သစ်, ကျား စသော သားရဲကောင်များ ဝင်လာခြင်း။
၈။ ရဟန်းကို မြွေကိုက်ခြင်း၊
၉။ အသက်အန္တရာယ်ဖြစ်လောက်အောင် ရဟန်းတစ်ပါးပါး မကျန်းမာ ဖြစ်လာခြင်း သို့မဟုတ် ပျံတော်မူခြင်း သို့မဟုတ် သတ်မည်ဟု ကြံစည်ခြင်း၊
၁၀။ ဗြဟ္မစရိယခေါ် သာသနာတော်၏ အန္တရာယ်ဖြစ်လောက်အောင် (လူထွက် ရလောက်အောင်) ရဟန်းတစ်ပါးပါးကိုဖြစ်စေ၊ အများကိုဖြစ်စေ ဖမ်းယူ ခြင်းတည်း။
အထူးမှတ်ဖွယ်။ ။ တစ်ပါးအား အဓိဋ္ဌာန်ဥပုသ်, နှစ်ပါး သုံးပါးတို့အား ပါရိသုဒ္ဓိဥပုသ်, လေးပါး စသော သံဃာတော်အား သုတ္တုဒ္ဒေသဥပုသ်ကို ပြုရ မည်ဟု ပညတ်တော်မူခြင်းကြောင့် နှစ်ပါးသုံးပါးရှိလျက် အဓိဋ္ဌာန်ဥပုသ်ကို မပြုကောင်းသကဲ့သို့ သံဃာရှိလျက် ပါရိသုဒ္ဓိဥပုသ်ကို မပြုကောင်းဟု မှတ်ရာ၏၊
အကျဉ်း, အကျယ်။ ။ ဤသုတ္တုဒ္ဒေသ သံဃဥပုသ်ပြုရာ၌ အထက်၌ ဖော်ပြထားသော အန္တရာယ် ၁၀-ပါးတို့တွင် တစ်ပါးပါးမှ မရှိလျှင် ဘိက္ခုပါတိမောက်ကို ဆုံးအောင် (အကျယ်) ရွတ်ဆိုရမည်။ အန္တရာယ်တစ်ပါးပါး ရှိလျှင် သော်လည်းကောင်း ဆုံးအောင်ရသူ မရှိလျှင်သော်လည်းကောင်း နိဒါန်းအဆုံးမှ နောက်ရောက်ရာအခန်း၌ တန့်ရပ်ပြီးဆုံးစေသောအားဖြင့် အကျဉ်းလည်း ရွတ်နိုင်၏၊
အန္တရာယ် အလျှင်းမရှိဘဲလျက် အကျဉ်းအားဖြင့်ပြလျှင် ဒုက္ကဋ်အာပတ် သင့်ခြင်းကြောင့် အလျှင်းမပြသော သံဃာတော်အား ဆိုဖွယ်ရာမရှိဟု မှတ်ရာ၏၊
မိမိတို့နေရာ ကျောင်းတိုက်၌ သံဃာလောက်လျက် ဥပုသ်နေ့ရောက် ပါတိမောက်ပြမည့် ရဟန်းမရှိသော် ဉာဏ်ကောင်းသော ရဟန်းတစ်ပါးကို သာမန္တကျောင်းတိုက်သို့ စေလွှတ်၍ အနည်းဆုံး တစ်ဥဒ္ဒေသမျှကို သင်ကြားစေပြီး လျှင် သုတ္တုဒ္ဒေသ သံဃဥပုသ်ကို ပြုရမည်။ တစ်ဥဒ္ဒေသလောက်ကိုမှ ရအောင် ကျက်နိုင်မည့်သူ မရှိလျှင် သံဃဥပုသ်ပြုရာ ကျောင်းတိုက်သို့ သွား၍ သုတ္တုဒ္ဒေသ သံဃဥပုသ်ပြုကြရမည်။ မသွားဘဲ လုံးလုံးဥပုသ်မပြုမူ၍ ဖြစ်စေ၊ ဂဏဥပုသ်, ပါရိသုဒ္ဓိဥပုသ်, အဓိဋ္ဌာန်ဥပုသ်တို့ကို ပြု၍ဖြစ်စေ နေငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ဥပုသ်နေ့၌ သံဃဥပုသ်ပြုသော ကျောင်းတိုက်မှ အန္တရာယ် ၁၀-ပါးလည်း မရှိ၊ သံဃဥပုသ် ပြုပြီးလည်း မဟုတ်ဘဲလျက် သံဃဥပုသ်ပြုသော ရဟန်းမရှိ သည့် ကျောင်းတိုက်သို့ မသွားအပ်၊ မသွားကောင်း။ လုံးလုံး ဥပုသ် မပြုရန်ဖြစ် စေ၊ ဂဏ, ပါရိသုဒ္ဓိ, အဓိဋ္ဌာန်ဥပုသ်ပြုရန်ဖြစ်စေ ထိုအရပ်သို့ သွားငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊
ဂဏဥပုသ်ပြုရာအရပ်မှ ရဟန်းတစ်ပါးတည်း ရှိရာသို့သွား၍ နှစ်ပါး ပါရိသုဒ္ဓိဥပုသ်ပြုကောင်း၏၊ [သံဃဥပုသ် ပြုရာအရပ်မှ ရဟန်းတစ်ပါးတည်း ရှိရာသို့ ပါရိသုဒ္ဓိဥပုသ်ပြုခြင်းငှာ သွားအပ်၏ဟု မယူလေလင့်။]
တောနေရဟန်းသည် ဧကစာရီဖြစ်အံ့၊ တော၌ အဓိဋ္ဌာန်ဥပုသ်သာ ပြုမည်။ ဒွိစာရီဖြစ်အံ့၊ ပါရိသုဒ္ဓိ ဥပုသ်သာပြုမည်။ တိစာရီဖြစ်အံ့၊ ဂဏဥပုသ်သာ ပြုမည်။ သံဃဥပုသ်ကို မပြု။ ထို့ကြောင့် ဥပုသ်နေ့၌ သံဃဥပုသ်ပြုသော ကျောင်းတိုက်သို့ မသွားအပ်၊ သွားလျှင် ထိုကျောင်းတိုက်၌ သံဃဥပုသ်ပြုပြီးမှ တောကျောင်းသို့ ပြန်ခဲ့ရမည်။ မပြုခဲ့ဘဲ ပြန်လာလျှင် ဒုက္ကဋ်အာပတ်သင့်၏၊
အာပတ်ရှိသော ရဟန်း ဥပုသ် မပြုအပ်ဟု ဟောတော်မူသောကြောင့် အာပတ်ရှိလျှင် ဥပုသ်မပြုမီ ဒေသနာပြောအပ်၏၊ အာပတ်တန်းလန်းနှင့် ပါတိမောက် နာလျှင် ဒုက္ကဋ်အာပတ် သင့်၏၊ ပါတိမောက်ပြနေစဉ် အာပတ်ကို သတိရအံ့၊ အနီး၌ရှိသော ရဟန်းတစ်ပါးပါးအား “ဤနေရာမှ ထသောအခါ အာပတ်ကို ကုစားပါမည်”ဟု တိုးတိုးပြောဆို၍ ပါတိမောက် နာအပ်၏၊
ဝဂ်ဖြစ်လျက် ဓမ္မဝိနယ သမဂ္ဂသညာဖြင့် ပါတိမောက် ပြအံ့၊ ပြစဉ် လက်ရှိ သံဃာထက် အရေအတွက်များသော ရဟန်းများ ဝင်လာအံ့၊ ပြန်၍ ပြအပ်၏၊ အတူအမျှ ဝင်လာအံ့၊ အနည်းငယ် ဝင်လာအံ့၊ အကြွင်းကို နာအပ်၏၊ ပြပြီးမှ သော်လည်းကောင်း၊ အားလုံး ထကုန်မှသော်လည်းကောင်း အများဝင်လာအံ့၊ ပြန်၍ ပြအပ်၏၊ (အရေအတွက်)အတူ, အနည်းဝင်လာအံ့၊ ပြပြီးသော ရဟန်းတို့ထံ ပါရိသုဒ္ဓိဥပုသ် ပြုအပ်၏၊
ဤထက် အကျယ် သိလိုလျှင် ကမ္မဝါကံဆောင် အခန်း-၂၀၊ ပါတိမောက်ဘာသာဋီကာ၊ ညောင်လွန့်တောရကျောင်း၊ ဆရာတော်ဘုရားကြီး စီရင်အပ် တော်မူသော ဥပုသ်ပြုခြင်း ဝိနိစ္ဆယနှင့် ထိုဥပေါသထ သံမူဠှနိဂ္ဂဟစာတမ်းတို့၌ ရှုတော်မူကြပါကုန်။
မှတ်ချက်။ ။ ဝိမတိဝိနောဒနီ ဋီကာ၌ ဥပုသ်ဉတ်ထားစဉ် သမဂ္ဂဖြစ် လျက် ပါတိမောက်ပြစဉ်၌သာ ဝင်လာသောကြောင့် ဝဂ်ဖြစ်သည်ဟု ဆိုရသည်။ ဉတ်ပြီးနှင့်ခြင်းကြောင့် ကံကား မပျက်။ အားလုံး ထကုန်မှ ရောက်လာသူတို့သည် သိမ်ပသို့ (ဝါ) ဂါမသိမ်သို့ ရောက်သွားသော ရဟန်းတစ်ပါးပါးထံ ပါရိသုဒ္ဓိ ကြားအပ်၏ဟု ဆို၏၊ (ဤစကားဖြင့် သိမ်သို့ မလိုက်နိုင်သော ဂိလာန စသည်သည် ဥပုသ်ပြုပြီး သိမ်မှ ပြန်လာသူ ရဟန်းတစ်ပါးကို အနီးသို့ ဆောင်၍ ပါရိသုဒ္ဓိ ကြားခြင်းငှာ အပ်သည်ဟု သိအပ်၏)ဟူ၍ ကမ္မဝါကံဆောင် အခန်း-၂၀၊ ဥပုသ်ပြု အတ္ထုပ္ပတ်ကျဉ်း၌ ဆို၏၊
အာဏာပါတိမောက် သံဃဥပုသ်ကံ ပြုခန်း ပြီးပြီ။