မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/ဥပေါသထ ကံဆောင်ခန်း

ဝီကီရင်းမြစ် မှ
3410ဝိနည်းဥပဒေတော်ကြီး — ၆၂။ ဥပေါသထ ကံဆောင်ခန်းအရှင်သြဘာသ

၆၂။ ဥပေါသထ ကံဆောင်ခန်း

သုံးပါးဉတ်ထား၍ ပါရိသုဒ္ဓိဥပုသ်ပြုခြင်း

[ပုဗ္ဗကရဏ စသည်တို့ကို ဉတ်မထားဘဲ မေးဖြေအပ်၏၊ တစ်ပါးတည်း သက်သက်မူလည်း ပြောကြားအပ်၏၊]

ပုဗ္ဗကရဏ စသည် ကြားပုံ။ ။ တံမြက်လှည်းခြင်း၊ ဆီမီးညှိထွန်းခြင်း၊ သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း၊ နေရာခင်းခြင်း ကိစ္စတို့သည် ပြီးကုန်ပြီ။ ဤကား ပုဗ္ဗကရဏလေးပါးတည်း။

ဆန္ဒကိုလည်းကောင်း, ပါရိသုဒ္ဓိကိုလည်းကောင်း ဆောင်၍ ကြားဖွယ် မရှိ။ ဥတုသည် (ဆောင်း, နွေ, မိုး) ဥတု၊ တစ်ပက္ခလွန်, နှစ်ပက္ခမြောက်ရောက်ဆဲ, ခြောက်ပက္ခ ကြွင်းသေး၏၊ ရဟန်းအရေအတွက် သုံးပါး ဖြစ်၏၊ ဘိက္ခုနီတို့ တောင်းပန်သော ဩဝါဒကို လျှောက်ကြားဖွယ် မရှိ။ ဤကား ပုဗ္ဗကိစ္စငါးပါး တည်း။ (ဆန္ဒ ပါရိသုဒ္ဓိသည် ဆောင်သော်လည်း ဂဏ ပုဂ္ဂလထံသို့ မရောက်၊ သံဃာ့ထံသို့သာ ရောက်သည်။) ဥတုနှင့် ပက္ခကို လျော်ရာဖြေ။

ယခုပြုဆဲ ဥပုသ်သည် ပန္နရသီ (စာတုဒ္ဒသီ) ဥပုသ်, ဂဏဥပုသ်, ပါရိသုဒ္ဓိ ဥပုသ် ဖြစ်၏၊ ရဟန်းသုံးပါး ဟတ္ထပါသ် မစွန့်၊ သဘာဂအာပတ် မရှိ၊ ဝဇ္ဇနီယပုဂ္ဂိုလ် မရှိ၊ ဤအင်္ဂါလေးပါးရှိသော ကံသည် ပတ္တကလ္လ မည်၏၊

ဂဏဉတ်။ ။ သုဏန္တု မေ အာယသ္မန္တာ။ အဇ္ဇုပေါသထော ပန္နရသော (စာတုဒ္ဒသော)။ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ မယံ အညမညံ ပါရိသုဒ္ဓိဥပေါသထံ ကရေယျာမ။

[အရှင်ဘုရားတို့ ...အရှင်တို့သည် ဘုရားတပည့်တော်၏ စကားကို နာတော်မူကြကုန်လော့၊ ယနေ့ ဥပုသ်နေ့သည် ပန္နရသီ တစ်ဆယ့်ငါးရက် (စတုဒ္ဒသီ တစ်ဆယ့်လေးရက်) မြောက်သော နေ့တည်း၊ အရှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ ဘုရားတပည့်တော်တို့သည် အချင်းချင်း ပါရိသုဒ္ဓိဥပုသ်ကို ပြုကြကုန်အံ့။]

ပါရိသုဒ္ဓိ အကြီးကြားပုံ။ ။ ပရိသုဒ္ဓေါ အဟံ အာဝုသော၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ။ (ဒုတိယမ္ပိ။ တတိယမ္ပိ။ သုံးခေါက်ဆို။ သာဓု သာဓု သာဓု။)

[ငါ့ရှင်တို့ ...တပည့်တော်သည် အာပတ်မှ စင်ကြယ်ပါ၏၊ တပည့်တော်ကို အာပတ်မှ စင်ကြယ်သောသူ ဟူ၍ မှတ်ကြကုန်လော့။]

အငယ်ကြားပုံ။ ။ ပရိသုဒ္ဓေါ အဟံ ဘန္တေ၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ။ (ဒုတိယမ္ပိ။ တတိယမ္ပိ။ သုံးခေါက်ဆို။ သာဓု သာဓု သာဓု။)

[အရှင်ဘုရားတို့ ...ဘုရားတပည့်တော်သည် အာပတ်မှ စင်ကြယ်ပါ၏၊ ဘုရားတပည့်တော်ကို အာပတ်မှ စင်ကြယ်သောသူ ဟူ၍ မှတ်တော်မူကြပါကုန် လော့။]

နှစ်ပါးဉတ်မထားဘဲ ပါရိသုဒ္ဓိဥပုသ်ပြုခြင်း

[ပုဗ္ဗကရဏ စသည်ကို ယခင်နည်းမှီ၍ ကြားအပ်၏၊ ရဟန်းအရေအတွက် နှစ်ပါးဖြစ်ခြင်း၊ ဉတ်မထားရခြင်းသာ ထူး၏၊]

အကြီး။ ။ ပရိသုဒ္ဓေါ အဟံ အာဝုသော။ ပရိသုဒ္ဓေါတိ မံ ဓာရေဟိ။ (ဒုတိယမ္ပိ။ တတိယမ္ပိ။ သုံးခေါက်ဆို။ သာဓု သာဓု သာဓု။)

အငယ်။ ။ ပရိသုဒ္ဓေါ အဟံ ဘန္တေ။ ပရိသုဒ္ဓေါတိ မံ ဓာရေထ။(ဒုတိယမ္ပိ။ တတိယမ္ပိ။ သုံးခေါက်ဆို။ သာဓု သာဓု သာဓု။)

တစ်ပါးတည်း အဓိဋ္ဌာန်ဥပုသ်ပြုခြင်းဒ

[တံမြက်လှည်းခြင်း စသော ပုဗ္ဗကရဏလေးပါးကို ရှေးဦးစွာ ပြုထားရ သည်၊ ပုဗ္ဗကိစ္စ, ဥတု, ပက္ခတို့ကို မှတ်သား ဆင်ခြင်ရသည်၊ တစ်ပါးသော ရဟန်းများ ကြွလာချိန်ကုန်အောင် မျှော်ရသည်၊ တစ်ပါးသော ရဟန်းများ ကြွလာလျှင် ထိုရဟန်းတို့နှင့် သံဃဥပုသ်, မလောက်လျှင် ဂဏဥပုသ်ပြုရသည်။ မကြွလာသော်လည်းကောင်း၊ ဝိသဘာဂရဟန်းသာ ကြွလာသော်လည်းကောင်း ထိုအခါ အဓိဋ္ဌာန်ပြုရသည်၊ ဝိသဘာဂနှင့် သိလျက် ကံ, မပြုအပ်။]

အဓိဋ္ဌာန်ပုံ။ ။ အဇ္ဇ မေ ဥပေါသထော ပန္နရသော (စာတုဒ္ဒသော) အဓိဋ္ဌာမိ။ (သုံးကြိမ် ဆောက်တည်အပ်၏၊)

[ယနေ့ ငါ၏ ဥပုသ်နေ့သည် ပန္နရသီ တစ်ဆယ့်ငါးရက် (စာတုဒ္ဒသီ-တစ်ဆယ့်လေးရက်) မြောက်သော နေ့တည်း၊ ငါသည် အဓိဋ္ဌာန်ပါ၏၊]

ဥပေါသထ ကံဆောင်ခန်း ပြီးပြီ။