မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/နိဿဂ္ဂိယပါစိတ် အခန်း

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၁၅။ နိဿဂ္ဂိယပါစိတ် အခန်း
3361ဝိနည်းဥပဒေတော်ကြီး — ၁၅။ နိဿဂ္ဂိယပါစိတ် အခန်းအရှင်သြဘာသ

၁၅။ နိဿဂ္ဂိယပါစိတ် အခန်း

၁။ ပတ္တဝဂ်

၁။ ပတ္တသန္နိစယ

အကြင်ဘိက္ခုနီသည် အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော ကိုယ်ပိုင် မြေ, သံသပိတ်ကို အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုဘဲလျက် သိုမှီးသိမ်းဆည်းငြားအံ့။ ထိုဘိက္ခုနီအား ပတ္တသန္နိစယနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [ဘိက္ခုတို့မှာ အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုဘဲလျက် (၁၀)ရက် ထားခွင့်ရ၏၊ ဘိက္ခုနီတို့မှာ ကား (၁)ရက်မျှ ထားခွင့် မရ။ နိဿဂ္ဂိယပါစိတ်အာပတ်ဟူသမျှ၌ စွန့်ခြင်း ဝိနည်းကံ ရှိသည်ချည်းတည်း။]

၂။ စီဝရဘာဇန

အကြင်ဘိက္ခုနီသည် အကာလသင်္ကန်းကို ကာလသင်္ကန်းဟု အဓိဋ္ဌာန် (ဆောက်တည်)၍ ခွဲဝေစေငြားအံ့။ ထိုဘိက္ခုနီအား စီဝရဘာဇနနိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊

၃။ စီဝရအစ္ဆိန္ဒန

အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီနှင့် သင်္ကန်းချင်း လဲလှယ်ပြီးမှ နောက် ၌ ထိုဘိက္ခုနီအား “အရှင်မ ...သင်၏ သင်္ကန်းကို ပြန်ယူလော့၊ ငါ၏ သင်္ကန်းကို ယူခဲ့လော့၊ သင်၏ သင်္ကန်းသည် သင်၏ ဥစ္စာသာဖြစ်၍ ငါ၏ သင်္ကန်းသည် ငါ၏ ဥစ္စာသာဖြစ်သည်၊ ငါ၏ သင်္ကန်းကို ယူခဲ့လော့၊ သင်၏ သင်္ကန်းကို ပြန်ယူလော့”ဟု ဆို၍ ထိုသင်္ကန်းကို ကိုယ်တိုင်မူလည်း ပြန်၍ လုယူငြားအံ့။ သူတစ်ပါးကိုမူလည်း လုယူစေငြားအံ့။ ထိုဘိက္ခုနီအား စီဝရအစ္ဆိန္ဒနနိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏၊

၄။ အညံဝိညာပန

အကြင်ဘိက္ခုနီသည် ထောပတ်စသော ဝတ္ထုတစ်မျိုးကို တောင်း၍ ရပြီးမှ ဆီစသော အခြားဝတ္ထုတစ်မျိုးကို တောင်းပြန်ငြားအံ့။ ထိုဘိက္ခုနီအား အညံဝိညာပနနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

၅။ အညံစေတာပန

အကြင်ဘိက္ခုနီသည် ဆီစသော ဝတ္ထုတစ်မျိုးကို လဲလှယ်စေပြီးမှ ထောပတ် စသော အခြားဝတ္ထုတစ်မျိုးကို ပြန်၍ လဲလှယ်စေငြားအံ့။ ထိုဘိက္ခုနီအား အညံစေတာပနနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

၆။ သံဃိကေန အညံစေတာပန

အကြင်ဘိက္ခုနီသည် သင်္ကန်းစသော ပစ္စည်းအတွက် ရည်စူး၍ လှူထား သော သံဃိကပရိက္ခရာဖြင့် သင်္ကန်းကို မလဲလှယ်စေဘဲလျက် ဆေးစသော အခြားဝတ္ထုကို လဲလှယ်စေငြားအံ့။ ထိုဘိက္ခုနီအား သံဃိကေန အညံစေတာပန နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

၇။ သံဃိက သံယာစိကေန အညံစေတာပန

အကြင်ဘိက္ခုနီသည် သင်္ကန်းစသော ပစ္စည်းအတွက် ရည်စူး၍ လှူထား သော သံဃိကပရိက္ခရာနှင့် မိမိကိုယ်တိုင် တောင်း၍ရသော ပရိက္ခရာတို့ဖြင့် သင်္ကန်းကို မလဲလှယ်စေဘဲလျက် ဆေးစသော အခြားဝတ္ထုကို လဲလှယ်စေ ငြားအံ့။ ထိုဘိက္ခုနီအား သံဃိက သံယာစိကေန အညံစေတာပနနိဿဂ္ဂိပါစိတ် အာပတ် သင့်၏၊

၈။ မဟာဇနိကေန အညံစေတာပန

အကြင်ဘိက္ခုနီသည် ဆန်စသော ဝတ္ထုအတွက် ရည်စူး၍ လှူထားသော အများပိုင် (ဂိုဏ်း) ပရိက္ခရာဖြင့် ဆန်ကို မလဲလှယ်စေဘဲလျက် ဆေးစသော အခြားဝတ္ထုကို လဲလှယ်စေငြားအံ့။ ထိုဘိက္ခုနီအား မဟာဇနိကေန အညံစေတာပနနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

၉။ မဟာဇနိကသံယာစိကေန အညံစေတာပန

အကြင်ဘိက္ခုနီသည် ဆန်စသော ဝတ္ထုအတွက် ရည်စူး၍လှူထားသော အများပိုင် (ဂိုဏ်း) ပရိက္ခရာနှင့် မိမိကိုယ်တိုင် တောင်း၍ရသော ပရိက္ခရာတို့ဖြင့် ဆန်ကို မလဲလှယ်စေဘဲလျက် ဆေးစသော အခြားဝတ္ထုကို လဲလှယ်စေငြားအံ့။ ထိုဘိက္ခုနီအား မဟာဇနိကသံယာစိကေန အညံစေတာပနနိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊

၁၀။ ပုဂ္ဂလိကသံယာစိကေန အညံစေတာပန

အကြင်ဘိက္ခုနီသည် သစ်, ဝါး စသော ပစ္စည်းအတွက် ရည်စူး၍ လှူထား သော မိမိပိုင် (ပုဂ္ဂလိက)ပရိက္ခရာနှင့် မိမိကိုယ်တိုင် တောင်း၍ရသော ပရိက္ခရာ တို့ဖြင့် သစ်, ဝါးကို မလဲလှယ်စေဘဲလျက် ဆေးစသော အခြားဝတ္ထုကို လဲလှယ် စေငြားအံ့။ ထိုဘိက္ခုနီအား ပုဂ္ဂလိကသံယာစိကေန အညံစေတာပနနိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏၊

ရှေးဦးစွာ ပတ္တဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၂။ စီဝရဝဂ်

၁။ ဂရုပါဝုရဏစေတာပန

အကြင်ဘိက္ခုနီသည် လေးသော ခြုံထည်ကို တောင်းလျှင် အလွန်ဆုံး လေးကံသ တန်ဖိုးရှိသော ခြုံထည်ကိုသာ တောင်းရမည်။ ထိုထက်ပို၍ တန်ဖိုးရှိ သော ခြုံထည်ကို တောင်းငြားအံ့။ ထိုဘိက္ခုနီအား ဂရုပါဝုရဏစေတာပန နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [တစ်ကံသသည် လေးအသပြာနှင့် ညီမျှ၏၊]

၂။ လဟုပါဝုရဏစေတာပန

အကြင်ဘိက္ခုနီသည် ပေါ့ပါးသော ခြုံထည်ကို တောင်းလျှင် အလွန်ဆုံး နှစ်ကံသခွဲ တန်ဖိုးရှိသော ခြုံထည်ကိုသာ တောင်းရမည်။ ထိုထက်ပို၍ တန်ဖိုး ရှိသော ခြုံထည်ကို တောင်းငြားအံ့။ ထိုဘိက္ခုနီအား လဟုပါဝုရဏစေတာပန နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

မှတ်ချက်။ ။ ဘိက္ခုတို့ကဲ့သို့ ဘိက္ခုနီတို့အတွက်လည်း နိဿဂ္ဂိယပါစိတ် သိက္ခာပုဒ် (၃၀) ရှိသည်။ [ဘိက္ခု နိဿဂ္ဂိယအခန်း၌လာသော ပုရာဏစီဝရ, စီဝရပဋိဂ္ဂဟဏ, ကောသိယ, သုဒ္ဓကာဠက, ဒွေဘာဂ, ဆဗ္ဗဿ, နိသီဒနသန္ထတ, ဧဠကလောမ, ဧဠကလောမ ဓောဝါပန, ပတ္တ, ဝဿိကသာဋိက, သာသင်္က သိက္ခာပုဒ်၊ ဤ (၁၂)ပါးကို ဖယ်ပြီးကျန်သော ‘သာဓာရဏ’ သိက္ခာပုဒ် (၁၈)ပါးကို ယူ၍ ဤ၌ တိုက်ရိုက်ပြထားသော ‘အသာဓာရဏ’သိက္ခာပုဒ် (၁၂)ပါးနှင့် ပေါင်းလျှင် (၃၀) ဖြစ်သည်။]

နိဿဂ္ဂိယပါစိတ်အခန်း ပြီးပြီ။