မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/သံဃာဒိသိသ်အခန်း

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၁၄။ သံဃာဒိသိသ်အခန်း
3395ဝိနည်းဥပဒေတော်ကြီး — ၁၄။ သံဃာဒိသိသ်အခန်းအရှင်သြဘာသ

၁၄။ သံဃာဒိသေသ်အခန်း

၁။ ဥဿယဝါဒိကာ

အကြင်ဘိက္ခုနီသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်သားနှင့်လည်း ကောင်း၊ ကျွန်နှင့်လည်းကောင်း၊ အလုပ်သမားနှင့်လည်းကောင်း၊ အယုတ်သဖြင့် ရဟန်း, ပရိဗိုဇ်တို့နှင့်လည်းကောင်း အငြင်းအခုံ ဖြစ်ပွား၍ တရားတွေ့ငြားအံ့၊ ထိုဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးချင်း ခဏ၌ ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်း ဖြစ်သော ဥဿယဝါဒိကာ မည်သော သံဃာဒိသေသ် အာပတ်သို့ ရောက်၏၊

၂။ စောရီဝုဋ္ဌာပန

အကြင်ဘိက္ခုနီသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ တိတ္ထိတို့၏ အထံ၌ ရသေ့မ ပရိဗိုဇ်မ မပြုရသေးသော သို့မဟုတ် အခြားဘိက္ခုနီတို့၏ အထံ၌ သာမဏေမ မပြုရသေးသော လူဝတ်ကြောင်အဖြစ်ဖြင့် မိမိထံသို့လာသည့် သတ်ထိုက်သော ခိုးသူမကို သိလျက် မင်းအားလည်းကောင်း, ဘိက္ခုနီသံဃာအားလည်းကောင်း, ဗိဿနိုးနတ် ခန္ဓနတ်တို့ကို ကိုးကွယ်ဆည်းကပ်သော လူအပေါင်းကို အုပ်စိုးသည့် အကြီးအမှူးအားလည်းကောင်း, ကုသိုလ်ကောင်းမှုပြုသော လူအသင်းအဖွဲ့ အားလည်းကောင်း, ကုန်သည်အစည်းအရုံးအားလည်းကောင်း မပန်ကြားဘဲ လျက် ရဟန်းပြုပေးငြားအံ့၊ ထိုဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးချင်း ခဏ၌ ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော စောရီဝုဋ္ဌာပန မည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊ [လူဝတ်ကြောင် အဖြစ်ဖြင့် လာသူကိုသာ ရဟန်းမပြုပေးကောင်း၊ ထိုသူတို့၏ထံ၌ ရသေ့မ ပရိဗိုဇ်မ သာမဏေမပြု၍ မိမိထံသို့ ထိုအသွင်ဖြင့် လာလျှင်ကား ရဟန်းပြုပေးကောင်း ၏ဟု သိ။]

၃။ ဂါမန္တရ

အကြင်ဘိက္ခုနီသည် အခြားရွာသို့မူလည်း တစ်ယောက်တည်း သွားငြားအံ့၊ မြစ်တစ်ဘက်ကမ်းသို့မူလည်း တစ်ယောက်တည်း သွားငြားအံ့၊ ညဉ့်အခါ၌ အပေါင်းအဖော်နှင့် ခွဲ၍မူလည်း တစ်ယောက်တည်း နေငြားအံ့၊ ခရီးသွားစဉ် အပေါင်းအဖော်နှင့် ခွဲ၍မူလည်း တစ်ယောက်တည်း နောက်ချန်၍ နေရစ်ငြား အံ့၊ ထိုဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးချင်း ခဏ၌ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော ဂါမန္တရ မည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊

၄။ ဥက္ခိတ္တဩသာရဏ

အကြင်ဘိက္ခုနီသည် ညီညွတ်သော ဘိက္ခုနီသံဃာက ဟုတ်မှန်သော အကြောင်းဝတ္ထုဖြင့် ဝိနည်းတော်အတိုင်း စစ်ဆေးသတိပေး၍ ဉတ်ကမ္မဝါစာ ဖြင့် နှင်ထုတ်ထားသော ဘိက္ခုနီကို ထိုကံပြုသော ဘိက္ခုနီသံဃာအားလည်း မပန်ကြား, ဂိုဏ်း၏ အလိုဆန္ဒကိုလည်း သိအောင် မပြုဘဲလျက် သံဃာ့ဘောင် သို့ ဩသာရဏကံဖြင့် ပြန်၍ သွင်းငြားအံ့၊ ထိုဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးချင်း ခဏ၌ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်း ဖြစ်သော ဥက္ခိတ္တဩသာရဏ မည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊ [လွန်ကျူး လျှင် လွန်ကျူးချင်း ခဏ၌ ဆိုသည်မှာ ‘ဩသာရဏကမ္မဝါစာ၏ အဆုံး၌’ဟု ဆိုလိုသည်။]

၅။ အဝဿုတဘုဉ္ဇန

အကြင်ဘိက္ခုနီသည် တပ်နှစ်သက်သော ရာဂစိတ် ရှိသည်ဖြစ်၍ ထိုကဲ့သို့ သော ရာဂစိတ်ရှိသည့် ယောက်ျား၏ လက်မှ ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကို ဖြစ်စေ မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထို ဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးချင်း ခဏ၌ ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော အဝဿုတဘုဉ္ဇနမည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊ [ရေ တံပူကို ခံယူလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ တပ်နှစ်သက်သော ရာဂစိတ်ဆိုသည်မှာ ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်မျိုး မဟုတ်၊ ရိုးရိုး ချစ်ကြိုက်သော ရာဂစိတ်ကို ဆိုလိုသည်။]

၆။ ဥယျောဇိကာ

အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီအား “အရှင်မ ... ဤယောက်ျား၌ တပ်နှစ်သက်သော ရာဂစိတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရှင်မ၌ တပ်နှစ် သက်သော ရာဂစိတ် မရှိလျှင် အရှင်မအား သူ အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အရှင်မ ငါတိုက်တွန်းပါ၏၊ ဤယောက်ျားပေးသမျှ ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကို ဖြစ်စေ အရှင်မ၏ လက်ဖြင့် ခံယူ၍ ခဲမူ၌လည်း ခဲလော့၊ စားမူလည်း စားလော့”ဟု ပြောဆိုတိုက်တွန်းငြားအံ့၊ ထို ဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးချင်း ခဏ၌ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော ဥယျောဇိကာ မည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊ [ခဲလော့ စားလော့ဟု ပြောဆို တိုက်တွန်းရုံဖြင့် သံဃာဒိသေသ်အာပတ် မသင့်သေး၊ ဒုက္ကဋ်အာပတ်သာ သင့်၏၊ တိုက်တွန်းသည့်အတိုင်း ထိုဘိက္ခုနီ ခံယူလျှင် တိုက်တွန်းသော ဘိက္ခုနီအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်းအာပတ်သင့်၏၊ စား၍ ပြီးလျှင်ပြီးချင်း သံဃာဒိသေသ်အာပတ်သင့်၏၊]

၇။ ကုပိတ

အကြင်ဘိက္ခုနီသည် စိတ်ဆိုး, နှလုံးမသာသည်ဖြစ်၍ “ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသား ဘုရားရှင်၏ သမီးဆိုသူတို့သာ ဘိက္ခုနီတို့တဲ့လား၊ မကောင်းမှုမှ ရှက်တတ်ကုန် သော ကုက္ကုစ္စရှိကုန်သော သိက္ခာသုံးပါးကို လိုလားကုန်သော အခြားဘိက္ခုနီတို့ လည်း ရှိကြပါသေး၏၊ ငါသည် ထိုဘိက္ခုနီတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့”ဟု ဆိုငြားအံ့။ ထိုဘိက္ခုနီကိုမြင်ကြကြားကြကုန်သော အခြား ဘိက္ခုနီတို့က “အရှင်မ ...အရှင်မသည် စိတ်ဆိုး, နှလုံးမသာသည် ဖြစ်၍ {ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ သိက္ခာကို စွန့်ပါ၏၊’ သာကီဝင်မင်းသား ဘုရားရှင်၏ သမီးဆိုသူတို့သာ ဘိက္ခုနီတို့တဲ့လား၊ မကောင်း မှုမှ ရှက်တတ်ကုန်သော ကုက္ကုစ္စရှိကုန်သော သိက္ခာသုံးပါးကို လိုလားကုန်သော အခြားဘိက္ခုနီတို့လည်း ရှိကြပါသေး၏၊ ငါသည် ထိုဘိက္ခုနီတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့}ဟု မဆိုပါလင့်၊ အရှင်မ ... မွေ့လျော်ပါ လော့၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောတော်မူ၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှာ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်ပါလော့”ဟု ပြောဆိုရမည်၊ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း ၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ [ကြားလျက် မပြောဆို ကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊] ထိုဘိက္ခုနီကို ဘိက္ခုနီသံဃာ အလယ်သို့ လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုဘိက္ခုနီအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထိုနောက် ဘိက္ခုနီသံဃာက ထိုဘိက္ခုနီအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား ထိုဘိက္ခုနီသည် သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်း ဖြစ်သော ကုပိတ မည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊ [သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ဆိုသည်မှာ ‘သမနုဘာသနကံ၏ သုံးကြိမ် မြောက်သော ကမ္မဝါစာ၏ အဆုံး၌’ဟု ဆိုလိုသည်။ နောက်သိက္ခာပုဒ် များ၌လည်း ဤအတိုင်း သိ။]

မှတ်ချက်။ ။{ }ဤအမှတ်အသားအတွင်းရှိ စကားများကို ရှေ့တစ်ဦး က ပြောပြီး၍ နောက်တစ်ဦးက ထပ်၍ ပြောပြန်သော စကားများဟု သိ။ နောက်သိက္ခာပုဒ်များ၌လည်း ဤနည်းချည်း။

၈။ ပစ္စာကတ

အကြင်ဘိက္ခုနီသည် အဓိကရုဏ်း (အမှု)တစ်ခု၌ ရှုံး၍ စိတ်ဆိုး, နှလုံး မသာသောကြောင့် “ဘိက္ခုနီတို့သည် ချစ်သောအားဖြင့် မလားအပ်သည် သို့လည်း လားကုန်၏၊ မုန်းသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ တွေဝေသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ကြောက်သော အားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏”ဟု ဆိုငြားအံ့။ ထိုဘိက္ခုနီကို မြင်ကြ ကြားကြကုန်သော အခြားဘိက္ခုနီတို့က “အရှင်မ ...အရှင်မသည် အဓိကရုဏ်း (အမှု)တစ်ခု၌ ရှုံး၍ စိတ်ဆိုး, နှလုံးမသာသောကြောင့် {ဘိက္ခုနီ တို့သည် ချစ်သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ မုန်းသော အားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ တွေဝေသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ကြောက်သောအားဖြင့် မလားအပ်သည် သို့လည်း လားကုန်၏}ဟု မဆိုပါလင့်၊ အရှင်မသည်သာလျှင် ချစ်သောအားဖြင့် မလားအပ်သည်သို့လည်း လားရာ၏၊ မုန်းသောအားဖြင့် မလားအပ်သည်သို့ လည်း လားရာ၏၊ တွေဝေသောအားဖြင့် မလားအပ်သည်သို့လည်း လားရာ၏၊ ကြောက်သောအားဖြင့် မလားအပ်သည်သို့လည်း လားရာ၏”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊] ထိုဘိက္ခုနီကို ဘိက္ခုနီသံဃာအလယ်သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုဘိက္ခုနီအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထို့နောက် ဘိက္ခုနီ သံဃာက ထိုဘိက္ခုနီအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား ထိုဘိက္ခုနီသည် သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော ပစ္စာကတမည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊

၉။ သံသဋ္ဌ

အကြင်ဘိက္ခုနီတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့်, ယုတ်မာသော ကျော်စောသံ, ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ ထိုဘိက္ခုနီတို့ကို မြင်ကြကြားကြကုန်သော အခြားဘိက္ခုနီတို့က “ညီမ အစ်မတို့ ... ညီမအစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့်, ယုတ်မာသော ကျော်စောသံ, ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ ညီမအစ်မတို့ လူတို့နှင့် ကင်းကင်းရှင်းရှင်း နေကုန်လော့၊ ညီမ အစ်မတို့၏ ကင်းကင်းရှင်းရှင်းနေခြင်းကိုသာလျှင် ဘိက္ခုနီသံဃာက ချီးမွမ်း၏ဟု ပြောဆိုရမည်၊ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ကုန်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊] ထိုဘိက္ခုနီတို့ကို ဘိက္ခုနီသံဃာ အလယ်သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ကုန်ငြားအံ့၊ ထိုစွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ကုန်ငြားအံ့၊ ထိုဘိက္ခုနီတို့အား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထို့နောက် ဘိက္ခုနီသံဃာက ထိုဘိက္ခုနီတို့အား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်ကုန်၏၊ ဤသို့ ဆိုဆုံးမအပ်ကုန်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား ထိုဘိက္ခုနီတို့သည် သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ရောက်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော သံသဋ္ဌမည်သော သံဃာဒိသေသ် အာပတ်သို့ ရောက်ကုန်၏၊ [လူတို့နှင့် ရောနှောကာ--ဆိုသည်မှာ လူဝတ်ကြောင် တို့အား ထမင်းချက်ပေးခြင်း, သတင်းစကား ပို့ဆောင်ခြင်း စသော လူမှုကိစ္စကို ကိုယ်, နှုတ်အားဖြင့် ပြုလုပ်ပေးခြင်းကို ဆိုလိုသည်။ ဘိက္ခုနီသံဃာအား ညှဉ်းဆဲ ပြီးလျှင်—ဆိုသည်မှာ ‘အချင်းချင်း၏ ကံကို ပြုသည်ရှိသော် တားမြစ် ကန့်ကွက် ကုန်၏’ဟု ဆိုလိုသည်။]

၁၀။ သံသဋ္ဌာနုဗလပ္ပဒါန

အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီတို့အား “အရှင်မတို့ ...အရှင်မတို့ သည် လူတို့နှင့် ရောနှော၍သာ နေကုန်လော့၊ တသီးတခြားစီ မနေကုန်လင့်၊ ဘိက္ခုနီသံဃာထဲ၌ ဤသို့သော အကျင့်, ဤသို့သော ကျော်စောသံ, ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်သော အခြားဘိက္ခုနီတို့လည်း ရှိကြ၏၊ ထို ဘိက္ခုနီတို့ကိုမူ ဘိက္ခုနီသံဃာက တစ်စုံတစ်ခုမျှ မပြောဆိုဘဲ အရှင်မတို့ကို သာလျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း, နှိပ်စက်သဖြင့်လည်းကောင်း, သည်းမခံသဖြင့်လည်းကောင်း, နိုင်ထက်စီးနင်း ပြောသဖြင့်လည်းကောင်း, အရှင်မတို့၌ အားနည်းသဖြင့်လည်းကောင်း {ညီမအစ်မတို့ ...ညီမ အစ်မတို့ သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့်, ယုတ်မာသော ကျော်စောသံ, ယုတ်မာသော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီး လျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ ညီမ အစ်မတို့ လူတို့နှင့် ကင်းကင်းရှင်းရှင်း နေကုန်လော့၊ ညီမ အစ်မတို့၏ ကင်းကင်းရှင်းရှင်း နေခြင်း ကိုသာလျှင် ဘိက္ခုနီသံဃာက ချီးမွမ်း၏}ဟု ဘိက္ခုနီသံဃာက ဆိုသည်”ဟူ၍ ဆိုငြားအံ့။ ထိုဘိက္ခုနီတို့ကို မြင်ကြ ကြားကြကုန်သော အခြား ဘိက္ခုနီတို့က “အရှင်မ ...အရှင်မသည် ထိုဘိက္ခုနီတို့အား {အရှင်မတို့ ...အရှင်မတို့သည် လူတို့နှင့် ရောနှော၍သာ နေကုန်လော့၊ တသီးတခြားစီ မနေကုန်လင့်၊ ဘိက္ခုနီသံဃာထဲ၌ ဤသို့သော အကျင့်, ဤသို့သော ကျော်စောသံ, ဤသို့သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်သော အခြားဘိက္ခုနီတို့လည်း ရှိကြ၏၊ ထို ဘိက္ခုနီတို့ကိုမူ ဘိက္ခုနီသံဃာက တစ်စုံတစ်ခုမျှ မပြောဆိုဘဲ အရှင်မတို့ကိုသာ လျှင် မထီမဲ့မြင်ပြုသဖြင့်လည်းကောင်း, နှိပ်စက်သဖြင့်လည်းကောင်း, သည်းမခံ သဖြင့်လည်းကောင်း၊ နိုင်ထက်စီးနင်း ပြောသဖြင့်လည်းကောင်း၊ အရှင်မတို့၌ အားနည်းသဖြင့်လည်းကောင်း — ညီမ အစ်မတို့...ညီမ အစ်မတို့သည် လူတို့နှင့် ရောနှောကာ ယုတ်မာသော အကျင့်, ယုတ်မာသော ကျော်စောသံ, ယုတ်မာ သော အသက်မွေးခြင်း ရှိကုန်လျက် ဘိက္ခုနီသံဃာအား ညှဉ်းဆဲပြီးလျှင် အချင်းချင်း အပြစ်ကို ဖုံးလွှမ်းလျက် နေကုန်၏၊ ညီမ အစ်မတို့ ...လူတို့နှင့် ကင်းကင်းရှင်းရှင်းနေကုန်လော့၊ ညီမအစ်မတို့၏ ကင်းကင်းရှင်းရှင်း နေခြင်းကို သာလျှင် ဘိက္ခုနီသံဃာက ချီးမွမ်း၏ဟု ဘိက္ခုနီသံဃာက ဆိုသည်}ဟူ၍ မဆိုပါလင့်”ဟု ပြောဆိုရမည်၊ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ် မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်း သည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊] ထိုဘိက္ခုနီကို ဘိက္ခုနီသံဃာ အလယ်သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက် အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုဘိက္ခုနီအား ဒုက္ကဋ် အာပတ်သင့်ပြန်၏၊ ထို့နောက် ဘိက္ခုနီသံဃာက ထိုဘိက္ခုနီအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည် ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား ထိုဘိက္ခုနီသည် သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ရောက်သော သံဃာမှ နှင်ထုတ် ကြောင်းလည်းဖြစ်သော သံသဋ္ဌာနုဗလပ္ပဒါနမည်သော သံဃာဒိသေသ်အာပတ်သို့ ရောက်၏၊

မှတ်ချက်။ ။ ဘိက္ခုနီတို့အတွက် သံဃာဒိသေသ်သိက္ခာပုဒ် (၁၇)ပါး ရှိသည်။ ၎င်းတို့ကား ဘိက္ခုပါတိမောက်၌ လာသော သဉ္စရိတ္တ, ပထမ ဒုဋ္ဌဒေါသ, ဒုတိယ ဒုဋ္ဌဒေါသ, သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ရောက်သော သိက္ခာပုဒ် (၄)ပါး၊ ပေါင်း (၇)ပါးကို ယူ၍ ဤ၌ တိုက်ရိုက် ပြထားသော ‘အသာဓာရဏ’သိက္ခာပုဒ် (၁၀)ပါးနှင့် ပေါင်းလျှင် (၁၇)ပါး ဖြစ်သည်။ [ထို (၁၇)ပါးတွင် လွန်ကျူးလျှင် လွန်ကျူးချင်း ခဏ၌ရောက်သော သိက္ခာပုဒ် (၉)ပါး နှင့် သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ရောက်သော သိက္ခာပုဒ် (၈)ပါး ပါသည်။]

သံဃာဒိသေသ်အခန်း ပြီးပြီ။