ဝိနည်းဥပဒေတော်ကြီး/မိစ္ဆာဇီဝ = ယုတ်မာသော (မကောင်းသော) အသက်မွေးခြင်း
၂၄။ မိစ္ဆာဇီဝ = ယုတ်မာသော (မကောင်းသော) အသက်မွေးခြင်း
သုတ် ဝိနည်း အဘိဓမ္မာကို ရိုသေ၍ ပကတိ ရိုးသားသော စိတ်ဖြင့် ပြုခြင်း မျိုး မဟုတ်ဘဲ ဤသို့ ရပ်သော်, သွားသော်, ထိုင်သော်, လျောင်းသော် မြင်မြင် သမျှတို့ ကြည်ညိုလိမ့်မည် မှတ်၍ ဣရိယာပုထ်ကို ရိုသေစွာထားခြင်း၊ ဤသို့ ပြုသော်, ဆောက်တည်သော်, တောသုသာန်တို့၌ နေသော် လူတို့ ချီးမွမ်း ကြည် ညိုလတ္တံ့ဟု နှလုံးပိုက်၍ ပြုခြင်း, ဆောက်တည်ခြင်း, နေခြင်း၊ ဓုတင်ဆောက် တည်ခြင်း၊ ပစ္စည်းလှူစိမ့်သောငှာ ဒါယကာတို့အား နိမိတ်ပြုခြင်း၊ အရိပ် အယောင်ပြခြင်း၊ ၎င်းတို့အား ရှုတ်ချခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမြှောက်ပြောဆိုခြင်း၊ ပြက်ရယ်ပြုခြင်း၊ မိမိကို စျာန်, မဂ်, ဖိုလ်ရသူ ထင်အောင် စျာန်, မဂ်, ဖိုလ်နှင့် နီးစပ်သော စကားကို ပြောဆိုခြင်း၊ အထင်ကြီးအောင် ငါကား ဤအမည်ရှိသော ဆရာ၏ တပည့်ရင်းတည်း၊ ငါ၏ ဆရာကား ဤမည်သော ဆရာ၏ တပည့် တည်း စသည်ဖြင့် မိမိလာသော အနွယ်၏ ကောင်းသောအဖြစ်ကို ဒါယကာ တို့အား သိစေခြင်း၊ မိမိကို ခင်တွယ်အောင် ၎င်းတို့အား ရှေးဦးစွာ ကိုယ်က စတင်၍ ပြုံးရယ်ခြင်း၊ စတင်၍ နှုတ်ဆက်ခြင်း၊ လောကွတ်ပျူငှာ ပြုလုပ်ခြင်း၊ နည်းလမ်းမကျသော်လည်း ၎င်းတို့ ပြုသမျှကို လိုက်လျောခြင်း၊ အောက်ကျ နောက်ကျခံ၍ ဆက်ဆံခြင်း၊ ရွာသူ သားငယ်တို့ကို ထိန်းယခြင်း ဟူကမျှတို့ ကြောင့် ရသော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းသည် မိစ္ဆာဇီဝ ဖြစ်၏၊ ထိုရဟန်း ကို လာဘ်ကိုတောင့်တသော ရဟန်း၊ ပူဇော်သက္ကာရကို တောင့်တသော ရဟန်း၊ အကျော်အစောကို တောင့်တသော ရဟန်း၊ ယုတ်မာသော အလိုရမ္မက် ရှိသော ရဟန်း၊ ယုတ်မာသော အလိုရမ္မက်ဖြင့် နှိပ်စက်အပ်သော ရဟန်းဟု ခေါ်၏၊
ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ တောင်းခြင်းကြောင့် ရသောပစ္စည်း၊ အနေသန နှစ်ဆယ့်တစ်ပါးတို့တွင် တစ်ပါးပါးသော အကြောင်း ကြောင့် ရသော ပစ္စည်း၊ မိမိ၌ ရဟန်းကျေးဇူး မရှိဘဲ ရှိယောင်မူ၍ ပြောဆိုခြင်း ကြောင့် ရသော ပစ္စည်း၊ ကုဟန, လပန စသည်တို့ကြောင့် ရသော ပစ္စည်း၊ ကုလဒူသနရှစ်ပါးတို့တွင် တစ်ပါးပါးသော အမှုကြောင့် ရသော ပစ္စည်း၊ ဤ ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းသည်လည်း မိစ္ဆာဇီဝပင် ဖြစ်၏၊ ထိုပစ္စည်းတို့ကို ထိုရဟန်းနှင့် တကွ သီတင်းသုံးဖော် ငါးဦးလုံးပင် မသုံးစွဲကောင်း၊ သုံးစွဲသူတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ [ထိုမိစ္ဆာဇီဝမှ ကြဉ်၍ တရားသဖြင့်ရသော ပစ္စည်းဖြင့် သာ အသက်မွေးသော ရဟန်းသည် သမ္မာအာဇီဝဖြစ်၍ အာဇီဝပါရိသုဒ္ဓိသီလ နှင့် ပြည့်စုံသည် မည်၏၊ အသက်မွေး စင်ကြယ်သည် ဟူလို။]
မှတ်ချက်။ ။ ဒါယကာ ဒါယိကာမတို့ တအံ့တဩ ချီးမွမ်းရလောက် အောင် ဟန်ဆောင်မှု ဟိတ်ဟန်လုပ်မှုကို ‘ကုဟန’ဟု ခေါ်၏၊ ထိုကုဟနသည် ပစ္စည်းသုံးစွဲပုံ၊ မိမိကို စျာန်ရသူ မဂ်ဖိုလ်ရသူထင်အောင် စျာန်မဂ်ဖိုလ်နှင့် နီးစပ်သော စကားကို ပြောဆိုမှု၊ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း ဟူသော ဣရိယာပုထ်လေးပါး၌ သူများအထင်ကြီးအောင် ဟန်လုပ်၍နေမှု၊ ဤသို့အားဖြင့် သုံးမျိုး ပြားပြန်၏၊ ထိုသို့ အထင်ကြီးအောင် ဟိတ်ဟန်ထုတ် မှုသည် မိစ္ဆာဇီဝ ဖြစ်၍ ထိုအမှုဖြင့် ရလေသမျှ ပစ္စည်းတို့ကို သုံးဆောင်ခြင်း သည်လည်း မိစ္ဆာဇီဝပင်တည်း။
ဒါယကာ ဒါယိကာမတို့ဆီက ပစ္စည်းရအောင်ပြောမှု ကြည်ညိုအောင် ပြောမှုကို ‘လပန’ဟု ခေါ်၏၊ မိမိဆီ လာသော ဒါယကာဒါယိကာမတို့ မပျင်းအောင် သူတို့အကြိုက် လိုက်၍ ပြောဆိုခြင်း၊ သူတို့အားလည်း ပြောခွင့် ပေးခြင်း၊ မှားသည် မှန်သည်၊ တရားသည် မတရားသည်၊ သင့်သည် မသင့်သည် ကို မစဉ်းစားဘဲ ချစ်ခင်လာအောင် ပြောခြင်း၊ မိမိကိုယ်ကို နှိမ့်ချ၍ သနားလာ အောင် ပြောခြင်း၊ မိမိကို ကြည်ညိုအောင် မိဘတို့၏ ရှေ့၌ ကလေးငယ်ကို ပွေ့ချီ ချော့မြူခြင်းစသည်တို့သည် လပန မည်၏၊ ထိုသို့ ပြောဆိုပြုလုပ်မှုကြောင့် ရသော ပစ္စည်းများကို သုံးဆောင်ခြင်းသည်လည်း မိစ္ဆာဇီဝပင်တည်း။
ဒါယကာတို့နှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့် အခွင့်ပေးကာ ပေးကာ ကောင်းစွာဆိုခြင်းသည် သလ္လပနာ မည်၏၊
အချို့က မိမိတို့၏အပေါ်၌ မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှာလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ကြည်ညိုစေခြင်းငှာ လည်းကောင်း ဒါယကာ ဒါယိကာမတို့နှင့် ဆန့်ကျင်မည်စိုး၍ နည်းလမ်း ကျ-မကျကို ပဓာနမထားဘဲ ၎င်းတို့၏ အလိုသို့ လိုက်လျော၍ နေထိုင်ပြောဆိုခြင်း ဖြင့် ၎င်းတို့၏ ကြည်ညိုခြင်းကို ခံယူကုန်၏၊
ဤသို့ပြုခြင်းသည် ရဟန်းတော်များ၏ အဆင့်အတန်းကိုလည်း နိမ့်ကျ အောင် ပြုရာရောက်သည်။ ဘုရားရှင်၏ အလိုတော်နှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လေသည်။ ဘုရားရှင်၏ အလိုတော်မှာ ရဟန်းတော်များ၏ အပေါ်၌ မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေချင်သည်၊ ကြည်ညိုပြီးသော သူတို့ အား တိုး၍ ကြည်ညိုစေချင်သည်၊ မှန်၏၊ သို့သော် နိမ့်ကျသော နည်းလမ်းကို သုံး၍ ကြည်ညိုခြင်းကို ခံယူကုန်သော လပန, သလ္လပနရဟန်းတို့ကိုကား ဘုရားရှင် စက်ဆုပ်တော်မူ၏၊ ဘုရားသားတော်ပီပီ အထက်တန်းကျကျ ဝိနည်းတော် နှင့်အညီ တည့်တည့်မတ်မတ် ပြောဆိုနေထိုင်၍ လူတို့က ထိုရဟန်းအား ကိုးကွယ်ဆည်းကပ်ခြင်းသည် မြတ်၏ဟု အမြင်မှန် ရကြသဖြင့် မကြည်ညို သေးသော သူတို့ကလည်း ကြည်ညိုလေအောင်၊ ကြည်ညိုပြီးသော သူတို့က လည်း တိုး၍ ကြည်ညိုလေအောင် ပြုသော ရဟန်းကိုသာလျှင် ဘုရားရှင် ချီးမွမ်း တော်မူ၏၊
[အစစအရာရာ၌ ဒါယကာ ဒါယိကာမတို့ကို မှီ၍ နေနေရသောကြောင့် ရဟန်းတိုင်း ၎င်းတို့နှင့် သင့်သင့်မျှမျှ နေအပ်၏၊ သို့သော် ဝိနည်းတော်၏ စည်းဝိုင်းအတွင်း၌ နေနေရကား ဝိနည်းတော်နှင့် မညီသော အရာများ၌ ၎င်းတို့ ၏ အလိုသို့ မလိုက်လျောသင့်ပေ ဟူ၍ ဓမ္မဓိဋ္ဌာန်အားဖြင့် ပြောလိုပါ၏၊]
ဒါယကာ ဒါယိကာမတို့ကလည်း ရဟန်းတော်များ၏ အလိုသို့ လိုက်လျော ရခြင်းကို ဂုဏ်ငယ်သည်ဟု မယူသင့်ပေ။ အမှန်မှာ မိမိတို့ ပြုသော ကုသိုလ် ကောင်းမှုသည် အလှူခံတို့နှင့် သင့်လျော်လျောက်ပတ်လေလေ မိမိတို့၌ အကျိုး များလေလေ ဖြစ်သည်။ ထို့ကြောင့် ငွေကုန်လူပန်းသလောက် အကျိုးရရှိလေ အောင် တတ်နိုင်သရွေ့ အလှူခံတို့၏ အလိုသို့ လိုက်လျော၍ ကုသိုလ်ကောင်း မှုကို ပြုအပ်ပေသည်။ အလှူခံတို့ကလည်း နှစ်ဦးနှစ်ဘက် အကျိုးရှိစေခြင်းငှာ အလှူရှင်တို့ ရည်မှန်းထားသည်ထက်လည်း ပိုမကုန်စေဘဲ မိမိတို့ အလိုရှိနေ သော အပ်စပ်သည့် အရာဝတ္ထုကိုလည်း ရရှိလေအောင် ပြောဆို ညွှန်ကြားတတ် ဖို့ လိုသည်။
ရဟန်းတော်များသည် ဒါယကာ ဒါယိကာမတို့ လှူနေကြ၍ မငြိုငြင် မဆင်းရဲဘဲ ဝတ်ရ စားရ အိပ်ရသည်၊ မှန်၏၊ သို့ပါလျက် နည်းလမ်းကျ, မကျ ကို ပဓာနမထားဘဲ (ဝါ) ခြွင်းချက် မရှိဘဲ ရဟန်းတော်များသည် အဘယ့်ကြောင့် ဒါယကာ ဒါယိကာမတို့၏ အလိုသို့ မလိုက်လျောလေသနည်းဟူမူ မလိုက်လျော သင့်ဘဲလျက် လိုက်လျောခြင်းသည် ဒါယကာ ဒါယိကာမတို့ကို မြှူစားရာ ချော့ စားရာ ရောက်၍ မိစ္ဆာဇီဝအဖြစ်သို့ ရောက်မှန်းမသိ ရောက်လေသောကြောင့် တည်း။ ဤကား နှစ်ဦးနှစ်ဘက်လုံး သိထားဖို့လိုသော အချက်ဖြစ်သည်ဟူ၍ ပြောလိုပါ၏၊
သတိ။ ။ ရဟန္တာပြဿနာနှင့် ပတ်သက်၍ သဒ္ဓမ္မောဒယဆရာတော်ဘုရား စီရင်တော်မူသော ‘ရဟန္တာပြဿနာကျမ်း’၌ လာသည့် အောက်ပါအပိုဒ် ကို ဖော်ပြပါအံ့။
ဟန်မလုပ်စကောင်း
သာသနာ့ဝန်ထမ်း ရဟန်းကောင်းများသည် မိမိကိုယ်ကို စျာနလာဘီ ပုဂ္ဂိုလ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်ဟု မှတ်ထင်လေ အောင် ဟန်မလုပ်စကောင်းပေ၊ အယုတ်ဆုံးအားဖြင့် လူအများ၏ ချီးမွမ်းပူဇော် သက္ကာရကို ခံယူစိမ့်သောငှာ တောရဆောက်တည်ခြင်း၊ ဆွမ်းခံကြွခြင်း စသည် တို့ကိုသော်မှ မပြုအပ်ပေ။ တစ်စုံတစ်ရာ ထုတ်ဆောင်ပြောဆိုခြင်း မပြုဘဲ လူအများ ချီးမွမ်းပူဇော်သက္ကာရကို မျှော်လင့်တောင့်တ၍ မိမိကိုယ်ကို စျာနလာဘီပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်လေအောင် ဟန်လုပ်ခဲ့သော် ဒုက္ကဋ် အာပတ်သင့်၏၊
ဆိုဦးအံ့ — မိမိသည် ဝိနည်း၌ ကျစ်လျစ်၏၊ ကမ္မဋ္ဌာန်း ဘာဝနာအလုပ်ကို ပင်ကိုရိုးသားသော စိတ်ဖြင့် အားကြိုးမာန်တက် ပွားများ၏၊ တစ်စတစ်စဖြင့် လူတို့က မိမိအား ရဟန္တာဟု ထင်မှတ်ကြ၏၊ ထင်မှတ်ကြသည့်အတိုင်းလည်း မိမိအား ခမ်းနားကြီးကျယ်စွာ ကြိုဆိုကြ၏၊ လှူဖွယ်ဝတ္ထု အမျိုးမျိုးဖြင့်လည်း လှူဒါန်းပူဇော်ကြ၏၊ မိမိကလည်း မိမိအား လူတို့က ရဟန္တာဟု ထင်မှတ် နေကြသည်ကို သိ၏၊ သို့သော် မိမိသည် ရဟန္တာ မဟုတ်၊ သူလိုငါလို ပုထုဇဉ် ရဟန်းပဲဟု ထုတ်ဖော်ကြေညာခြင်းမပြုဘဲ မြုံလျက် နေသည်ဟု ဆိုကြပါစို့။
မြတ်စွာဘုရား လက်ထက်တော်၌ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်ဖိတ်ရာ၌ “ရဟန္တာအရှင်မြတ်တို့သည် ကြွလာတော်မူကြပါကုန်လော့”ဟု လျှောက်ထား၏၊ “ငါတို့လည်း ရဟန္တာ မဟုတ်ကြကုန်၊ ဤ ပုဏ္ဏားကလည်း ငါတို့ကို ရဟန္တာ အသုံးအနှုန်းဖြင့် ပြောဆိုသုံးနှုန်းနေ၏၊ ငါတို့သည် အဘယ်သို့ ပြုကျင့်ရပါကုန်အံ့နည်း”ဟု ထိုရဟန်းတို့အား တွေးတောမှု (သံသယကုက္ကုစ္စ) ဖြစ်ကြကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ “ရဟန်းတို့ ..ကြည်ညို၍ ဆိုရာ၌ အာပတ်မသင့်”ဟု ဘုရားရှင် မိန့်တော်မူ၏ ဟူ၍ ဖော်ပြထားသော ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) အပိုဒ် (၂၂၆)ကို ကိုးကား၍ “ကိုယ်က ဘာမှ မပြောဘဲနဲ့ သူတို့ဟာသူတို့ ထင်တာ ဘယ်တတ်နိုင် မလဲ၊ ဒါကြောင့် အပြစ်မရှိဘူး”ဟု အချို့ ဆိုကြ၏၊ ဤအဖြေကို လက်ခံသင့် မခံသင့် သဘာဝကျကျ စိစစ်၍ ဆွေးနွေးကြပါစို့။
၁။ ‘ရဟန္တာအရှင်မြတ်တို့’ဟု ထိုပုဏ္ဏား ခေါ်ခြင်းမှာ ထိုရဟန်းတို့ကို ရဟန္တာတွေပဲဟု ထင်မှတ်၍ ခေါ်ခြင်း မဟုတ်၊ ကြည်ညို၍ ခေါ်ခြင်း ဖြစ်သည်။ သို့သော် မိမိကိုမူကား လူတို့က ရဟန္တာဟု ထင်မှတ်သောကြောင့် ကြီးကျယ်ခမ်းနားစွာ ကြိုဆိုလှူဒါန်း ပူဇော်ကြသည်ဖြစ်၍ မိစ္ဆာဇီဝ ဖြစ်သည် မဟုတ်ပါလော။
၂။ မိမိအား သူလိုငါလို ပုထုဇဉ်ရဟန်းပဲဟု ထင်မှတ်လျှင် ဤမျှလောက် ကြီးကျယ်ခမ်းနားစွာ ကြိုဆိုလှူဒါန်းကြမည် မဟုတ်ဟု ဆိုလျှင် မှားသည်ဟု ဆိုပါမည်လော။
၃။ ထို့ကြောင့် ထိုပုဏ္ဏားက ‘ရဟန္တာ’ဟု ခေါ်သော သာဓကကို ထုတ်ဆောင်၍ ပြခြင်းသည် ဤ၌ အကျုံးမဝင်ဟု ဆိုသင့်သည် မဟုတ်ပါလော။
၄။ မိမိသည် သူလို ငါလို ပုထုဇဉ်ရဟန်းမျှသာ ဖြစ်သည်ဟု အများသိအောင် အဘယ်ကြောင့် ထုတ်ဖော် မကြေညာပါသလဲဟု မေးစရာ ဖြစ်နေသည် မဟုတ်ပါလော။
၅။ ရဟန္တာဟု လူတို့ ထင်မှတ်နေခြင်းကို နှစ်သက်သာယာသောကြောင့် မြုံနေ သည်ဟု အဓိပ္ပာယ်ရောက်သည် မဟုတ်ပါလော။
၆။ မနှစ်သက် မသာယာလျှင် မဟုတ်ကြောင်းကို ထုတ်ဖော်ပြောသင့်သည် မဟုတ်ပါလော။
၇။ အကယ်၍ ထုတ်ဖော်ပြောလျှင် မိမိကို ‘လူတွေ ယခုကဲ့သို့ ကြည်ညိုတော့ မည် မဟုတ်’ဟု စိုးရိမ်သောကြောင့် မြုံနေသည်ဟူ၍ အဓိပ္ပာယ်ရောက် သည် မဟုတ်ပါလော။
၈။ အကြည်ညို လျော့သွားမည်ကို စိုးရိမ်လျှင် ဂုဏ်ပကာသနကိုလည်း မက် မောရာ ရောက်နေသည် မဟုတ်ပါလော။
၉။ မြုံ၍ ဆိတ်ဆိတ်နေခြင်းသည် လူတို့ ထင်မှတ်သည့်အတိုင်း မိမိသည် ရဟန္တာဖြစ်နေပြီဟု ဝန်ခံရာလည်း ရောက်သည်၊ လှည့်စားရာလည်း ကျသည် မဟုတ်ပါလော။
၁၀။ ဤသို့ ဆိတ်ဆိတ်နေလေလေ မိမိအား လူတို့က ရဟန္တာအစစ်ပဲဟု ပို၍ ယုံကြည်လေလေ ဖြစ်သည် မဟုတ်ပါလော။
၁၁။ ရဟန္တာအစစ်ပဲဟု ပို၍ ယုံကြည်လေလေ ပို၍ ကြည်ညို လှူဒါန်းလေလေ ဖြစ်သည် မဟုတ်ပါလော။
၁၂။ မူလက မိမိသည် ရိုးသားစင်ကြယ်ခဲ့သလောက် ယခုမူကား မြုံနေသည့် အတွက် ရဟန္တာဟု ဟန်ဆောင်ရာ ရောက်နေပြီ မဟုတ်ပါလော။
မြုံ၍ ဆိတ်ဆိတ်နေခြင်းအားဖြင့် ဟန်ဆောင်ရာရောက်၍ ဒုက္ကဋ်အာပတ် လည်း အဆက်မပြတ် သင့်သည်။ ရသော ပစ္စည်းတို့မှာလည်း မစင်ကြယ်၍ ၎င်းတို့ဖြင့် အသက်မွေးခြင်းသည်လည်း မိစ္ဆာဇီဝပင် ဖြစ်တော့သည်။
မိမိသည် လာဘ်လာဘ ပေါများသူဖြစ်၍ အခြားရဟန်းများအား တစ်ဆင့် လှူပြန်၏၊ ထိုရဟန်းခမျာများမှာ နေရင်းထိုင်ရင်းနှင့် မိစ္ဆာဇီဝဖြင့် ရသောပစ္စည်းကို လက်ခံသုံးစွဲမိခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်ကုန်၏၊ [မစင်, ခွေးသေ ကောင်ပုပ်ကို တန်ဆာဆင်လိုသူသည် ဝေးစွာရှောင်သည်။ ဒုဿီလနှင့် မိစ္ဆာဇီဝ ကို သီလဝန်အရှင် ဝေးစွာရှောင်သည်။ ဒုဿီလနှင့် မိစ္ဆာဇီဝသည် စိန်, ရွှေ ဖိတ်လျှံ ခြယ်စီမံလည်း အဘယ်မှာ အဖိုးတန်တော့အံ့နည်း ဟူ၍ ဝိသုဒ္ဓိမဂ် အရသာ၌ ဆို၏၊]
သို့ဖြစ်၍ သူများစုံစမ်းမေးမြန်းခြင်းကို မစောင့်လေလင့်၊ မိမိကို ရဟန္တာဟု သူများ ထင်မှတ်နေပြီဟု သိလျှင်သိချင်း မဟုတ်လျှင် မဟုတ်ကြောင်းကို အများ သိအောင် ကြေငြာပါလေ။ [ကျော်စောလို၍ ကျင့်သော ဟီနသီလကို သုတ်သင် ပါလေ။]
မိမိကို ရဟန္တာဟု မထင်မှတ်ဘဲ အောက်အရိယာဟု သူများထင်မှတ်နေ ပြီဟု သိလျှင်သိချင်း မဟုတ်လျှင် မဟုတ်ကြောင်းကို ထုတ်ဖော်ကြေညာပါလေ။ [ထုတ်ဖော်ကြေညာ၍ ရသောပစ္စည်းသည် နတ်ဘုံ နတ်နန်း နတ်ဩဇာနှင့် တူ၏၊] “ဗုဒ္ဓမြတ်စွာက ကိုယ့်မှာ တရားမရှိဘဲနဲ့ ဟန်လုပ်ပြီးတော့များ ညာနေလို့ ရှိရင် (လူတွေကို ညာနေလို့ရှိရင်) ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက သူခိုးကြီးလို့ကို အမိန့်တော် ရှိပါတယ်။ မဟာစောရတဲ့”ဟု ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) စီရင်တော်မူသော အခြေပြုပဋ္ဌာန်း တရားတော်၊ နိဿယပစ္စည်း၊ နှာ၊ ၁၀၁၊အပိုဒ် (၂)၌ ဆို၏၊
စာရေးသူ၏ ဝန်ခံချက်
စာရေးသူ၏ စိတ်နှင့် နှိုင်း၍ များသောအားဖြင့် ပုထုဇဉ်တို့၏ စိတ်သည် ဂုဏ်အကျော်အစောကို လိုလားနှစ်သက်၏၊ ဤစိတ်ကား မကောင်းမှုကို ပြုလုပ် ရာ၌ မွေ့လျော်၏၊ ကောင်းမှုကို ပြုလုပ်ရာ၌ ပျင်းရိ၏၊ အလွန် ဆိုးသွမ်း ယုတ်မာ၏၊ လှည့်စားတတ်၏၊ လမ်းမှားသို့ ဆွဲဆောင်တတ်၏၊ လျင်မြန်စွာ ဖောက်ပြန်တတ်၏ဟု ပြောလိုပါ၏၊ စာရေးသူသည် သတိလစ်နေသော အခါ များ၌ ရံဖန်ရံခါ အကျော်အစောကို လိုချင်တပ်မက်၏၊ ထို့ကြောင့် အတွင်းရန်သူ ဤစိတ်ယုတ်မာနှင့် စစ်တိုက်နေရပါသည်။ ဤစိတ်ယုတ်မာကို ပိုင်ပိုင်နိုင်နိုင် နှိမ်နင်းနိုင်သော ကိုယ် ဖြစ်ကြပါစေသောဝ်။
နှိုးဆော်ချက်
ပင်ကို ရိုးသားသောစိတ်ဖြင့် မဟုတ်ဘဲ လူအများ၏ ချီးမွမ်းပူဇော် သက္ကာရကို တောင့်တ၍ —
၁။ ဝိနည်းကို လေးစားဟန်ဖြင့် စာပေကိုလည်း မသင်ယူလေလင့်၊ စာသင် တိုက်ကိုလည်း မဖွင့်လေလင့်။
ဤ ပရိယတ္တိဓမ္မကို သင်ယူရာ၌ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းငှာ သင် နည်း၊ မြွေမြီးဆွဲပမာသင်နည်း ဟူ၍ စာသင်နည်း နှစ်မျိုး ရှိ၏၊ ပထမ သင်နည်းမှာ ဘုရားရှင်၏ အလိုတော်ကျဖြစ်၍ အစွမ်းကုန် သင်ယူထိုက် ပေသည်။ ဒုတိယသင်နည်းမှာကား လာဘ်ရလိုခြင်း၊ ကျော်စောထင်ရှား လိုခြင်း၊ သူတစ်ပါးကို ချုပ်ချယ်လိုခြင်း စသည်တို့ကြောင့် သင်ယူခြင်းဖြစ်၍ အလဂဒ္ဒူပမာသင်နည်းမည်၏၊ မြွေအမြီး လိုက်ဆွဲသည်နှင့် တူ၏၊ ပြန်လှည့်ကိုက်လျှင် ဒုက္ခဖြစ်ချိမ့်မည်။ [အလ = ပြည့်သော + ဂဒ = အဆိပ်+ရှိသည်၊ ပြည့်သော အဆိပ်ရှိသောကြောင့် မြွေသည် အလဂဒ္ဒ မည်၏၊ အလံ ပရိပုဏ္ဏံ+ဂဒံ ဝိသံ+အဿာတိ အလဂဒ္ဒေါ။] မြွေကိုက်လျှင် သက်သာသေး၏၊ ကဿပဘုရားသာသနာ၌ ကပိလရဟန်းသည် စာတတ်ပုဂ္ဂိုလ်ကြီးဖြစ်၍ လဇ္ဇီသူတော်ကောင်းတို့ကို စာဖြင့် ချုပ်ချယ် သောကြောင့် သေသောအခါ အဝီစိသို့ ရောက်၏၊ ယခုဘုရားရှင် လက်ထက်၌ ပုပ်ဟောင်သော ပါးစပ်ဖြင့် ရွှေငါးကြီး ဖြစ်၏၊ ဘုရားရှင် မျက်မှောက်တွင် မိမိ၏ ဖြစ်အင်ကို ပြော၍ သေပြီး အဝီစိငရဲသို့ ပြန်သွား ၏၊။ [ဓမ္မပဒ၊၂၄၊တဏှာဝဂ်။]
အလဇ္ဇီစာတတ်လျှင် အပါယ်ရိက္ခာ, အပါယ်စရိတ် ပြည့်စုံ၏၊ ဤနည်း မျိုးဖြင့် စာသင်ခြင်းထက် မသင်ဘဲ အိပ်နေခြင်းက ပိုမြတ်၏၊ [ဝိသုဒ္ဓိမဂ် အရသာ။] တတ်သော်လည်း မကျင့်လျှင် အကျိုးမရှိပေ၊ တတ်လည်း တတ်သည်၊ ကျင့်လည်းကျင့်သည်ဟု ဆိုလျှင် ဤကျောင်းမျိုးကို စံပြ ကျောင်းဟူ၍ ခေါ်ဆိုအပ်၏၊ ဤကျောင်းမျိုး များလေလေ သာသနာ တော် ကြီးပွားလေလေ ဖြစ်သောကြောင့် ဤကျောင်းမျိုးကို မြို့တိုင်း ရွာတိုင်း၌ တည်ထောင်သင့်ပေသည်။ အဘက်ဘက်မှ လိုလေသေး မရှိ အောင် ပစ္စည်းအားဖြင့်သာလျှင် မဟုတ်၊ လူအင်အားဖြင့်လည်း ဝိုင်းဝန်း ကူညီအပ်ပေသည်။
၂။ ကျော်စော ထင်ရှားလို၍ (ဝါ) ကိုယ့်ကျောင်း စည်ကားစေလို၍ ကိုယ်တိုင် လည်း တရားအားထုတ်သည်၊ သူများကိုလည်း တရားပြသည်ဟု ဆို၍ ရိပ်သာ မထောင်လေလင့်။ (သည်ယုန်ကို မြင်၍ သည်ချုံကို ထွင်သည်နှင့် တူ၏၊ အမြင်အားဖြင့် ကောင်းသလောက် အတွင်းစိတ်ကား ကောက်ကျစ် လှ၍ နိဗ္ဗာန်သို့ မရောက်ဘဲ အပါယ်သို့ ရောက်ချိမ့်မည်။ “ချစ်သား ရဟန်း တို့ ...လာဘ်လာဘကို မှီ၍ ကျင့်သော အကျင့်မည်သည်ကား တစ်မျိုး တခြား တစ်ပါး ဖြစ်၏၊ နိဗ္ဗာန်သို့ ရောက်ရန် အကျင့်သည်ကား တစ်မျိုး တခြား တစ်ပါး ဖြစ်၏၊ ဤသို့ကျင့်သည်ရှိသော် လာဘ်ပူဇော်သက္ကာရကို ရပေလတ္တံ့ဟူ၍ အရညကင် စသော ဓုတင်ကို ဆောက်တည်သည်၏ အစွမ်းဖြင့် လာဘ်လာဘကို မှီ၍ကျင့်သော ဓုတင် စသော အကျင့်ကို ပြုကျင့်သော ရဟန်းအား အပါယ်လေးဘုံတို့သည် တံခါး ဟင်းလင်း ပွင့်ကုန်၍သာလျှင် တည်ကုန်၏၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့် ဖြင့် ဖြစ်ပေါ်လာသော လာဘ်ပူဇော်သက္ကာရကို ပယ်ခွာစွန့်ပစ်လျက် တောသို့ ဝင်ပြီးသောအခါ ကောင်းမွန်စွာ စေ့ဆော်တတ်သော လုံ့လ ဥဿာဟ ဝီရိယရှိသည့် ရဟန်းသည် အရဟတ္တဖိုလ်ကို ရယူနိုင်လေ၏” ဟူသော ဒေသနာတော်ကို သတိရှိတော်မူကြပါကုန်။ [ပဒေသာ-ဓမ္မပဒဝတ္ထုတော်ကြီး၊ ဒုတိယတွဲ၊ ၅-ဗာလဝဂ်၊ တောရကျောင်းနေ တိဿ သာမဏေဝတ္ထု။] ရိပ်သာဖြစ်လေလေ ‘ရဟန်း’၏ သီလဟူသော ဝိနည်းကို ပို၍ လေးစားဖို့ လိုလေလေ ဖြစ်သည်။ သို့မှသာလျှင် သီလ, သမာဓိ, ပညာ ဟူသော မဂ္ဂင်ရှစ်ပါးတွင် ပထမ အရေးအကြီးဆုံးဖြစ်သည့် အချက်ဟု ဆိုသော သီလကို ဖြည့်ကျင့်ရာရောက်သည်။) သီလ မစင်ကြယ်လျှင် အဘယ်မှာ သမာဓိ တည်၍ တရားထူး တရားမြတ်ကို ရနိုင်ပါအံ့နည်း။
ဝိနည်းနှင့်အညီ ကျင့်ကြံနေထိုင်သော ရိပ်သာမျိုးကိုမူ မြို့တိုင်း ရွာတိုင်း၌ ရှိစေချင်သည်။ ဤ ရိပ်သာမျိုးကိုကား အဘက်ဘက်မှ လိုလေသေးမရှိ အောင် အင်တိုက်အားတိုက် ကူညီအပ် ပေသည်။
၃။ ကျော်စောထင်ရှားလို၍ တောရဓုတင်, သုသာန်ဓုတင် စသည်တို့ကို မဆောက်တည်လေလင့်။ (ငရဲသို့မူလည်း လားချိမ့်မည်၊ ပြိတ္တာမူလည်း ဖြစ်ချိမ့်မည်။) ရိုးသားသော စိတ်ဖြင့် ဆောက်တည်နိုင်လျှင် ဓုတင် (၁၃)ပါး လုံးကို တစ်ပြိုင်တည်း ဆောက်တည်ပါလေ။ မိမိစိတ်က မရိုးသားလျှင်ကား မဆောက်တည်လေလင့်။ မဆောက်တည်ဘဲနေခြင်းက ဆောက်တည်ခြင်း ထက် ပို၍ မြတ်သည်။ အဘယ်ကြောင့်ဆိုသော် မဆောက်တည်ခြင်း ကြောင့် အာပတ်မသင့်ပါ၊ ဆောက်တည်ခြင်းကြောင့် မိစ္ဆာဇီဝဖြစ်၍ ဒုက္ကဋ် အာပတ် အဆက်မပြတ်သင့်သည် ဟူသောကြောင့်တည်း။
၄။ အထင်ကြီးစေခြင်းငှာ အသားဟင်းကို ရှောင်၍ သက်လွတ် (ဘေးမဲ့)ဟင်း, သစ်သီးတို့ကို မစားလေလင့်။ သား, ငါးအရိုး စူးလျှင် နုတ်ရ လွယ်သည်။ အာလူး, သစ်သီးအရိုး စူးလျှင် နုတ်ရ ခက်သည်။ မစားတတ်ဘဲ အာလူး, သစ်သီးတို့ကို စားခြင်းထက် ဆင်သားစသော အကပ္ပိယအသားမျိုးကို စားခြင်းက ပို၍ အပြစ်နည်းသောကြောင့် ကောင်းသည်။ အဘယ်ကြောင့် ဆိုသော် မစားတတ်ဘဲ အာလူး, သစ်သီးတို့ကို စားခြင်းသည် မိစ္ဆာဇီဝ ဖြစ်၍ အာလူး, သစ်သီးတို့အတွက်သာလျှင်သာမက ကြွင်းသော သင်္ကန်း, ကျောင်း, ဆေးစသော ပစ္စည်းများအတွက်လည်း ဒုက္ကဋ်အာပတ် အဆက်မပြတ် သင့်သည်။ ဆင်သား စသော အကပ္ပိယအသားမျိုးကို စားခြင်း သည် အထင်ကြီးစေခြင်းငှာ ပြုခြင်းမဟုတ်သောကြောင့် မိစ္ဆာဇီဝ မဖြစ်၍ ဒုက္ကဋ်အာပတ် အဆက်မပြတ် မသင့်ပါ။ (ဝါ) ထို အသားတစ်ခုအတွက် သာလျှင် ဒုက္ကဋ်အာပတ်သင့်သည်။ ကြွင်းသော ပစ္စည်းများအတွက်ကား အာပတ်မသင့်ပါ၊ ထိုအာပတ်ကိုလည်း ဒေသနာရိုးရိုး ပြောခြင်းဖြင့် ကုစားနိုင်သည် ဟူသောကြောင့်တည်း။ ထို့ကြောင့် စားတတ်မှ အာလူး, သစ်သီးတို့ကို စားပါလေ။ စားတတ်၍ စားလျှင်ကား ဆိုဖွယ်ရာ မရှိအောင် မြတ်ပေသည်။
မိမိကိုယ်ကို အထင်ကြီးအောင် ပြုခြင်းသည် အပါယ်သို့ မရောက်, ရောက် အောင် ကြိုးစားသည်နှင့် တူ၏၊
မှတ်ဖွယ်။ ။ ချစ်သားရဟန်းတို့ ...လာဘ်ပူဇော်သက္ကာရဆိုသည်မှာ မိုးကြိုးစက်ကဲ့သို့ လွန်စွာ ထက်မြက်စူးရှပေသည်။ လာဘ်လာဘဆိုသော မိုးကြိုး ကြီး အပစ်ခံရပြီ ဆိုမှဖြင့် သူတော်ကောင်းသဘောတွေ ညက်ညက်ကြေကုန် လေ၏၊ ထို့အတွက်ကြောင့် လာဘ်လာဘအမျိုးမျိုးနှင့် ဘုန်းတန်ခိုး ကြီးမား မည်ကို ကြောက်လန့်ကြရမည်”ဟု ရှင်တော်မြတ်ဘုရား မိန့်တော်မူ၏၊
[နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်။]
အကယ်၍ စာရေးသူ ယူဆသကဲ့သို့ မယူဆပါက သည်းခံခွင့်လွှတ်တော် မူကြပါကုန်။
မိစ္ဆာဇီဝ ပြီးပြီ။