မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/လဇ္ဇီနှင့် အလဇ္ဇီ

ဝီကီရင်းမြစ် မှ
3380ဝိနည်းဥပဒေတော်ကြီး — ၂၅။ လဇ္ဇီနှင့် အလဇ္ဇီအရှင်သြဘာသ

၂၅။ လဇ္ဇီနှင့် အလဇ္ဇီ

အလဇ္ဇီကို ချီးမြှောက်ခြင်း၊ လဇ္ဇီကို ရှုတ်ချခြင်း မပြုရာ။ အလဇ္ဇီကို နှိမ်ရာ သည်။ လဇ္ဇီကို ချီးမြှင့်ရာသည်။ သို့မှသာ သာသနာနှင့် ကြုံကျိုး ရှိကြမည်။ [သတိရှိတော်မူကြပါကုန်။] သိလျက် သိက္ခာပုဒ်တော်ကို လွန်ကျူးခြင်း၊ သင့်သော အာပတ်ကို လျှို့ဝှက်ခြင်း၊ အဂတိသို့ လားခြင်း၊ ဤသုံးပါးသည် အလဇ္ဇီ၏ လက္ခဏာတည်း။

လွန်ကျူးလိုသော စေတနာ မရှိဘဲ သတိမေ့လျော့၍ သင့်သော ရဟန်း၊ သင့်သည်ကို မလျှို့ဝှက်၊ ကံအလျောက် ထင်စွာပြုသော ရဟန်းတို့ကား အလဇ္ဇီ မဟုတ်။ [ဤလက္ခဏာနှင့် ဆင်ခြင်၍ ဤပုဂ္ဂိုလ်ကား အလဇ္ဇီ ဖြစ်သည်။ ဤ ပုဂ္ဂိုလ်ကား လဇ္ဇီဖြစ်သည်ဟု သိအပ်၏၊]

အဂ္ဂိယမှု၊ ကုလဒူသန အမှု၊ အနေသန အမှု၊ သဘင်ခံမှု၊ ရောင်းမှု ဝယ်မှု၊ ရွှေငွေခံမှု စသည်ကို ပြုသော ရဟန်းတို့ကို အလဇ္ဇီဟု သိရာ၏၊ ပေါရာဏကမ္မမှ တစ်ပါး နဝကမ္မ၌သာ အလေ့အလာများသော ရဟန်းကိုလည်း ဆရာတို့ အလဇ္ဇီပင် ဆိုကြသည်။ [ဆင်ခြင်တော်မူကြပါကုန်။]

ပေါရာဏကမ္မကား — သင်္ကန်းချုပ်ခြင်း, ဆိုးခြင်း၊ ဆံရိတ်ခြင်း၊ လက်သည်း ခြေသည်းလှီးခြင်း၊ သေနာသနဝတ်၊ ဥပဇ္ဈာယဝတ်၊ အာစရိယဝတ်၊ ပိဏ္ဍာစာရိကဝတ် စသည်တို့တည်း။ [ပန်းချီမှု၊ ပန်းရံမှု၊ စူးမှု၊ ဆောက်မှု စသော အလုံးစုံသော ဂိဟိကမ္မဟူသမျှသည် နဝကမ္မချည်းသာတည်း။]

အလဇ္ဇီရဟန်းတို့အား ပစ္စည်းထောက်ပံ့ချီးမြှင့်ကုန်သော ဒါယကာတို့သည် လည်း အလဇ္ဇီနုဂ္ဂဟ, အလဇ္ဇီပဂ္ဂဟ ဖြစ်ခဲ့လျှင် အပြစ်ကြီးလေစွာ့၊ သာသနာဖျက်လည်း ဖြစ်လေစွာ့၊ တကာ, ဆရာ နှစ်ဦး အကျိုးနည်းလေပြီဟု သီလဝိသောဓနီကျမ်း၌ ဆို၏၊ [သတိရှိတော်မူကြပါကုန်။]

ဤ၌ ဟပ်မိနေ၍ ပုဂ္ဂလိကဒါန ၁၄-ပါးကို ဖော်ပြပါအံ့ —

၁။ အစိန္တေယျ မြတ်စွာဘုရားလည်း တစ်ပါး၊ ၂။ ပစ္စေကဗုဒ္ဓါ အရှင်မြတ် လည်း တစ်ပါး၊ ၃။ ရဟန္တာပုဂ္ဂိုလ်အရှင်မြတ်လည်း တစ်ပါး၊ ၄။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ကျင့်သော ပုဂ္ဂိုလ်လည်း တစ်ပါး၊ ၅။ အနာဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်လည်း တစ်ပါး၊ ၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ကျင့်သော ပုဂ္ဂိုလ်လည်း တစ်ပါး၊ ၇။ သကဒါဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ် လည်း တစ်ပါး၊ ၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာကျင့်သော ပုဂ္ဂိုလ် လည်း တစ်ပါး၊ ၉။ သောတာပတ္တိဖိုလ်၌ တည်သော ပုဂ္ဂိုလ်လည်းတစ်ပါး၊ ၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ကျင့်သော ပုဂ္ဂိုလ်လည်း တစ်ပါး၊ ၁၁။ သာသနာပ၌ စျာန်ရသော ရသေ့လည်း တစ်ပါး၊ ၁၂။ သီလရှိသော ပုထုဇဉ် လည်း တစ်ပါး၊ ၁၃။ ဒုဿီလဖြစ်သော တံငါ, မုဆိုးလည်း တစ်ပါး၊ ၁၄။ ခွေး, ဝက်, ကြက် စသော တိရစ္ဆာန်လည်း တစ်ပါး၊ ဤပုဂ္ဂိုလ် တစ်ကျိပ်လေးယောက် တို့အား ပေးလှူအပ်သော ဒါနသည် ၁၄-ပါးသော ပုဂ္ဂလိကဒါန ဖြစ်သည်ဟူ၍ မှတ်။ ကလျာဏ သီလဝန္တ ပုထုဇဉ်ရဟန်းကို အရိယာပက္ခသို့ သွင်း၍ ရေတွက်လေ။ [အလဇ္ဇီရဟန်းကား အလှူခံ တစ်ကျိပ်လေးယောက်တို့၌ မပါဝင်ဟု ‘အလဇ္ဇီဘာဝါဒိ ပကာသကကျမ်း’၌ အတိအလင်း ဆို၏၊]

ဤတစ်ကျိပ်လေးယောက်သော အလှူခံပုဂ္ဂိုလ်တို့တွင် အလဇ္ဇီ (ဒုဿီလ) ရဟန်း မပါဝင်သည်ကို ထောက်က ၎င်းတို့အား ပစ္စည်းဥစ္စာဖြင့် သင်္ဂြိုဟ် ထောက်ပံ့ ချီးမြှင့်ကုန်သော ဒါယကာတို့၌ အကျိုးများ, မများ ဝေဖန်ဖို့ မလိုပြီ။ သို့ဖြစ်၍ နှစ်ဦးနှစ်ဘက် အကျိုးရှိစေခြင်းငှာ လဇ္ဇီ (သီလဝန္တ) ရဟန်းဖြစ်အောင် ပြုပြင်တော်မူကြပါကုန်။

အလဇ္ဇီလည်း အမြဲမရှိ၊ လဇ္ဇီလည်း အမြဲမရှိ၊ မကျင့်ခိုက် အလဇ္ဇီ၊ ကျင့်ခိုက် လဇ္ဇီဖြစ်၍ အလဇ္ဇီဖြစ်သူလည်း ရှေ့သူမြတ်တို့နည်းတူ လဇ္ဇီဖြစ်အောင်၊ လဇ္ဇီဖြစ် သူလည်း အလဇ္ဇီမဖြစ်ရအောင် အားထုတ်တော်မူကြပါကုန်။

ကုသိုလ်လို၍ ရဟန်းပြုရင်း ဖြစ်သည်၊ မှန်၏၊ သို့သော် ရဟန်းတို့ ကျင့်အပ် သော သမဏဓမ္မကို မကျင့်ချေလျှင် ရဟန်းအဖြစ်ဖြင့် အကုသိုလ်ကို ဆည်းပူး မည်ဟူသော စိတ်ထားမျိုးဖြင့် ရဟန်းပြုရာရောက်သည်။ ထို့ကြောင့် ရခဲလှ စွာသော ရဟန်းအဖြစ်ကို ရပါခိုက် အချည်းနှီး မဖြစ်စေရအောင် ဆောင်သော သတိဖြင့် ဝိနည်းပညတ်၌ ဂရုကတ ပြုရာသည်။ သေးဖွဲသိမ်မွေ့သော အမှုဟု မထီမဲ့မြင် မပြုရာ။ လောဘ၏ နည်းခြင်း၊ ဒေါသ၏ နည်းခြင်း၊ အမျက်မာန၏ နည်းခြင်း၊ ရာဂ၏ နည်းခြင်း၊ ပစ္စည်းလာဘ်လာဘ၏ နည်းခြင်းကိုသာ ဖြစ်စေ ရာသည်။

လဇ္ဇီတစ်ရာကို အလဇ္ဇီတစ်ယောက်တည်း တစ်ခဏချင်း အလဇ္ဇီဖြစ် အောင် စွမ်းနိုင်ရာသည် ဟူသောကြောင့်လည်းကောင်း၊ လဇ္ဇီပုဂ္ဂိုလ်သာ သာသနာတော်ကို စောင့်လတ္တံ့ ဟူသောကြောင့်လည်းကောင်း၊ အလဇ္ဇီပုဂ္ဂိုလ် အထောင်အသောင်းပင် ရှိသော်လည်း သာသနာ မထွန်း၊ လဇ္ဇီပုဂ္ဂိုလ်သည် ယုတ်စွအဆုံး ငါးယောက်မျှပင် ရှိသော်လည်း သာသနာတော် တည်ထွန်းသည် ဟူသောကြောင့်လည်းကောင်း ပညတ်တော်အတိုင်း တည်အောင် ပညတ်တော် ကို မလို, မပိုရအောင် ကျင့်ဆောင်ရာသည်။

ဝိနည်းတည်မှ သာသနာ တည်သည်၊ ဝိနည်း မတည်က သာသနာ မတည်ချေ။ ဝိနည်းတည်ခြင်းမည်သည် လဇ္ဇီပုဂ္ဂိုလ်သန္တာန်၌ တည်မှ သာသနာ တည် သည်၊ အလဇ္ဇီပုဂ္ဂိုလ်သန္တာန်၌ တည်သော် သာသနာ မတည်။ အဓိပ္ပာယ် ဖြောင့် ကား — လဇ္ဇီပုဂ္ဂိုလ် ဝိနည်းတတ်သော် သာသနာတည်၏၊ အလဇ္ဇီပုဂ္ဂိုလ် ဝိနည်း တတ်သော်လည်း မကျင့်သောကြောင့် မတည်။ လဇ္ဇီပုဂ္ဂိုလ်ဖြစ်သော်လည်း ဝိနည်းမတတ်သော် သာသနာမတည်။ ထို့ကြောင့် သာသနာကို လဇ္ဇီ ဝိနည်းခ တတ်သာ စောင့်လတ္တံ့။ [လဇ္ဇီပုဂ္ဂိုလ်တို့၏ သဘောသည် အနည်းငယ်မျှသော အပြစ်ကိုပင် အပြစ်ကြီးဟု နှလုံးပိုက်၏၊]

အသက်ကို မငဲ့၊ ဒါယကာတို့၏ မျက်နှာကို မငဲ့၊ လာဘ်လာဘကို မငဲ့၊ သီတင်းသုံးဖော်တို့၏ မျက်နှာကို မငဲ့၊ ဘုရားရွှေမျက်နှာတော်ကိုသာ ငဲ့၍ ဝိနည်း တော်နှင့်အညီ ကျင့်ဆောင်ရာသည်။

သတိ။ ။ အလဇ္ဇီပုဂ္ဂိုလ်တို့နှင့် အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂတို့ကို မပြုအပ်။ လဇ္ဇီပုဂ္ဂိုလ်သည် အလဇ္ဇီပုဂ္ဂိုလ်ကို ချီးမြှောက်၏၊ အနုမောဒနာ ပြုခြင်းငှာ တိုက်တွန်း၏၊ တရားစကားကို ဆိုခြင်း၌ တိုက်တွန်း၏၊ ပစ္စည်းလေးပါး ဖြင့် သင်္ဂြိုဟ်ထောက်ပံ့ရန် မိမိနှင့် သက်ဆိုင်သော ဒါယကာတို့အား တိုက်တွန်း ၏၊ အလဇ္ဇီလက္ခဏာဖြင့် အလဇ္ဇီမည်ခြင်းငှာ ထိုက်သော ရဟန်းတို့၏ ဂုဏ်ကို ပရိသတ်၌ ပြောဆိုချီးမွမ်း၏၊ ဤလဇ္ဇီရဟန်းသည် ဘုရားရှင်၏ သာသနာ ငါးထောင်ကို ရွေ့လျောအောင် ပြုသည်မည်၏၊ ကွယ်ပျောက်အောင် ပြုသည် မည်၏၊ [လဇ္ဇီပုဂ္ဂိုလ်က အလဇ္ဇီပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းငှာ မအပ်၊ သို့သော် ထိုအလဇ္ဇီပုဂ္ဂိုလ်က လဇ္ဇီပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းငှာ အပ်၏၊] လဇ္ဇီပုဂ္ဂိုလ်တို့ အချင်းချင်း ပစ္စယသမ္ဘောဂ, ဓမ္မသမ္ဘောဂ နှစ်ပါးကို ပြုခြင်းသည် တစ်ခုသော ရွှေခွက်၌ရှိသော ဘောဇဉ်ကို မင်းသား နှစ်ပါးတို့ အတူသုံးဆောင် ခြင်းနှင့် တူ၏၊ [ဤနောက်ဆုံး ဝါကျ၏ အဓိပ္ပာယ်မှာ ကျယ်ပြန့်၏၊ ဤဝါကျ၏ စာသွား ကို မူတည်ပြီး အပြန်အလှန် ဆက်စပ်၍ ထိုပြန့်ကျယ်သော အဓိပ္ပာယ်တို့ကို ကောက်ယူတော်မူကြပါကုန်။] ထို့ကြောင့် သာကီဝင်မင်းသား ဖြစ်ကုန်သော လဇ္ဇီပုဂ္ဂိုလ်တို့သည် အလဇ္ဇီပုဂ္ဂိုလ်တို့နှင့် ထိုသမ္ဘောဂနှစ်ပါးကို ပြုခြင်းငှာ မထိုက် ကုန်ဟု ကျမ်းများ၌ အတိအလင်းဆို၏၊ ရဟန်းအချင်းချင်း အဆင့်အတန်း ခွဲခြားမှု မရှိစေခြင်းငှာ (ဝါ) လွတ်လွတ်လပ်လပ် ပေါင်းသင်းဆက်ဆံနိုင်စေခြင်း ငှာ လဇ္ဇီပုဂ္ဂိုလ်ဖြစ်အောင် ပြုပြင်တော်မူကြပါကုန်။ မိမိအကြောင်းကို မိမိ အသိဆုံး ဖြစ်သည်။

မှတ်ချက်။ ။ သာသနာတော်၌ သဒ္ဓါ၍ ရဟန်းပြုကြကုန်သော ပုဂ္ဂိုလ် သူမြတ်တို့ကို သုတ်သင်စောင့်ရှောက်အပ်သော သီလသည် ပါတိမောက္ခသံဝရ သီလ, ဣန္ဒြိယသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလ အားဖြင့် လေးပါးရှိ၏၊ ထိုလေးပါးတို့တွင် အာပတ်ခုနစ်ပုံသို့ မရောက်စေရ အောင် သုတ်သင်စောင့်ရှောက်ထိန်းသိမ်းသော ရဟန်း၏ သီလသည် ပါတိမောက္ခသံဝရသီလ မည်၏၊ မတော်တဆ ကျရောက်ခဲ့လျှင်လည်း ဒေသနာဂါမ်အာပတ် ဖြစ်အံ့၊ ဒေသနာဂါမ်ဖြင့် ကုသခြင်း, ဝုဋ္ဌာနဂါမ် အာပတ်ဖြစ်အံ့၊ ဝုဋ္ဌာနဂါမ်ဖြင့် ကုသခြင်း, ပါရာဇိကအာပတ် ဖြစ်အံ့၊ သီတင်းသည်၏အဖြစ် သာမဏေ၏ အဖြစ်ကို ဝန်ခံခြင်း၊ ဤသို့ပြုသော ပုဂ္ဂိုလ်၏ သီလသည်လည်း ပါတိမောက္ခသံဝရသီလပင် မည်၏၊

စက္ခုစသော ခြောက်ပါးသော ဣန္ဒြေကို မပျက်စေရအောင် ထိန်းသိမ်း စောင့်ရှောက်သော ရဟန်း၏ သီလသည် ဣန္ဒြိယသံဝရသီလ မည်၏၊

ပြဆိုခဲ့ပြီးသော ထိုမိစ္ဆာဇီဝမှ ကြဉ်၍ တရားသဖြင့်ရသော ပစ္စည်းဖြင့်သာ အသက်မွေးသော ရဟန်း၏ သီလသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊ (တစ်နည်း) အာဇီဝဟူသော အကြောင်းကြောင့် ပညတ်တော်မူအပ်ကုန်သော ခြောက်ပါးသော သိက္ခာပုဒ်တော်များကို စောင့်ရှောက်ထိန်းသိမ်းခြင်းကြောင့် ဖြစ်သော ရဟန်း၏ သီလသည်လည်း အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊

၎င်းခြောက်ပါးကား —

၁။ အာဇီဝဟူသော အကြောင်းကြောင့် ယုတ်မာသော အလိုရမ္မက်ရှိသည် ဖြစ်၍ အလိုဆိုး နှိပ်စက်သည်ဖြစ်၍ မိမိ၌ ထင်ရှားမရှိဘဲ မဟုတ်မမှန်ဘဲ စျာနလာဘီပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်တို့၏ မြတ်သောစျာန်, ဝိမောက္ခ စသော တရားကို ငါရ၏ဟု သူတစ်ပါးအား ပြော၏၊ ထိုရဟန်းအား ပါရာဇိက အာပတ်သင့်၏၊ ထိုအာပတ်သည် အာဇီဝဟူသော အကြောင်းကြောင့် သင့်သော အာပတ်မည်၏၊

၂။ အာဇီဝဟူသော အကြောင်းကြောင့် အောင်သွယ်ခြင်းအမှုကို ပြု၏၊ ထို ရဟန်းအား သံဃာဒိသေသ်အာပတ်သင့်၏၊ ထိုအာပတ်သည် အာဇီဝ ဟူသော အကြောင်းကြောင့် သင့်သောအာပတ် မည်၏၊

၃။ အာဇီဝဟူသော အကြောင်းကြောင့် ဒါယကာတို့အား “သင်၏ ကျောင်း၌ နေသော ရဟန်းသည် ရဟန္တာတည်း”ဟု သူတစ်ပါးကို ညွှန်းသကဲ့သို့ ဆို၏၊ ထိုစကားကို ထိုခဏ၌ ထိုသူတို့ သိနားလည်သော် ထုလ္လစ္စဉ်း၊ မသိ နားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအာပတ်သည် အာဇီဝဟူသော အကြောင်းကြောင့် သင့်သောအာပတ် မည်၏၊

၄။ အာဇီဝဟူသော အကြောင်းကြောင့် မနာမဖျားဘဲလျက် ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ ပဏီတဘောဇဉ်ကို တောင်း၍ စား၏၊ ထိုရဟန်းသည် ပါစိတ်အာပတ်သင့်၏၊ ထိုအာပတ်သည် အာဇီဝဟူသော အကြောင်းကြောင့် သင့်သောအာပတ် မည်၏၊

၅။ အာဇီဝဟူသော အကြောင်းကြောင့် မနာမဖျားဘဲလျက် ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ ထောပတ်, ဆီ, ပျားရည်, တင်လဲ, ငါး, အမဲ, နို့ရည်, နို့ဓမ်း တစ်ပါးပါးကို တောင်း၍ စားသော ရဟန်းမိန်းမအား ပါဋိဒေသနီအာပတ်သင့်၏၊ ထို အာပတ်သည် အာဇီဝဟူသော အကြောင်းကြောင့် သင့်သောအာပတ် မည်၏၊

၆။ အာဇီဝဟူသော အကြောင်းကြောင့် မနာမဖျားဘဲလျက် ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ ဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်း ကောင်း တောင်း၍ စားသော ရဟန်းအား သူပေါဒနဝိညတ္တိဒုက္ကဋ်အာပတ် သင့်၏၊ ထိုအာပတ်သည် အာဇီဝဟူသော အကြောင်းကြောင့် သင့်သော အာပတ် မည်၏၊ [ဤသိက္ခာပုဒ်ခြောက်ပါးတို့တွင် တစ်ပါးပါးသော သိက္ခာပုဒ်ကို မကျူးလွန်မူ၍ စောင့်ရှောက်သော ရဟန်း၏ သီလကား အာဇီဝပါရိသုဒ္ဓိသီလတည်း။]

ထိုကုလဒူသနဟူသော အကြောင်းကြောင့် ရသော ပစ္စည်း၊ အနေသန ဟူသော အကြောင်းကြောင့်ရသော ပစ္စည်း၊ အမှတ်မရှိသော မြတ်စွာဘုရား စက်ဆုပ်ရွံရှာတော်မူအပ်သော အကြောင်းကြောင့်ရသော ပစ္စည်းမှ တစ်ပါး သော တရားသဖြင့်ရသော ပစ္စည်းကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်သော ရဟန်း၏ သီလသည် ပစ္စယသန္နိဿိတသီလ မည်၏၊

ဤလေးပါးသော သီလ၏ အဆုံးအဖြတ်ကို ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် သိအပ်သော ပုဂ္ဂိုလ်သည် မိမိ၏ သီလစင်ကြယ်သည်၏အဖြစ်သို့ ရောက်စေ အပ်၏၊ သီလစင်ကြယ်သော ပုဂ္ဂိုလ်သည် မိမိ၏ သီလစင်ကြယ်သည်ကို စွဲ၍ သေခါနီးကာလ၌ နှလုံးသာရွှင်ခြင်း အဝိပ္ပဋိသာရီ ဖြစ်သည်။ သီလရှိသော ရဟန်းသည် မိမိ၏ သီလစင်ကြယ်သည်၏အဖြစ်ကို စွဲ၍ များစွာသော စည်းစိမ် အစုကို ရခြင်း၊ ကောင်းသော ကျော်စောသံရှိခြင်း၊ ပရိသတ် လေးပါးသို့ မရွံ့မရှား တင့်တယ်စွာ ဝင်ရခြင်း၊ သေသောအခါ ကြည်လင်သော စိတ်ဖြင့် သေရခြင်း၊ ခန္ဓာပျက်သည်မှ နောက်၌ သုဂတိဘဝသို့ လားရခြင်း၊ ဤအကျိုးငါးပါးတို့ကို ရသည်ဟု ဟောတော်မူ၏၊ သီလမစင်ကြယ်သော ပုဂ္ဂိုလ်ကား မိမိ၏ သီလ မစင်ကြယ်သည်ကို စွဲ၍ သေခါနီးကာလ၌ နှလုံးမသာ မရွှင်ခြင်း ဝိပ္ပဋိသာရီ ဖြစ်သည်။ ထိုစိတ်ဖြင့် စုတေသည်၏ အဆုံး၌ နိရယဂတိ ပေတဂတိအားဖြင့် နှစ်ပါးသော ဂတိတို့တွင် တစ်ပါးပါးသော ဂတိသို့ လားရသည်ဟု ဟောတော်မူ ချေသည်။ ထို့ကြောင့် အာပတ်ကိုယ်နှင့် မသေရအောင် အားထုတ်ရာသည်။

အကြင်ရဟန်းသည် သံဃာဒိသေသ်အာပတ် ရှိလျက် ထိုသံဃာဒိသေသ် အာပတ်ကို ဝုဋ္ဌာနကံ မပြုရသေးဘဲ သေလျှင်လည်းကောင်း၊ ထုလ္လစ္စဉ်း စသော လဟုကအာပတ် ရှိလျက် ထိုလဟုက အာပတ်ကို ဒေသနာကံ မပြုရသေးဘဲ သေလျှင်လည်းကောင်း၊ ပါရိုက်သင့်လျက် ထိုပါရိုက်ကို ပါရိုက်အလျောက် ကံမပြု ရသေးဘဲ သေလျှင်လည်းကောင်း ထိုရဟန်းသည် အာပတ်ကိုယ်နှင့် သေသည်မည်၏၊ ကံအလျောက် ပြုပြီးမှ သေမူကား အာပတ်ကိုယ်နှင့် မသေ သည် မည်၏၊ ပါရိုက်သင့်သော သူသည် ငါ ရဟန်းမဟုတ်ဟု ဝန်ခံခြင်း၊ သာမဏေဘုံ သီတင်းသည်ဘုံ၌ တည်ခြင်းသည် ပါရိုက်အလျောက် ကံပြုသည် မည်၏၊ သို့ပါလျက် ယခုအခါ ရဟန်းသေလျှင် ရွှေမည်မျှ ကျန်သည်၊ ငွေမည်မျှ ကျန်သည်၊ ငွေတိုးမည်မျှ ချခိုင်းထားသည်ဟူသော သတင်းဆိုး ထွက်ပေါ်လေ့ ရှိသည်။ ဤသို့သော အဖြစ်မျိုးနှင့် သေလျှင်ကား အာပတ်ကိုယ်နှင့် သေသည် မည်၏၊ အဘယ်ကြောင့်နည်းဟူမူ ရွှေငွေသည် နိဿဂ္ဂိယဝတ္ထုဖြစ်၍ ၎င်းတို့ကို စွန့်ပြီးမှ ဒေသနာကံကို ပြုသော်သာ ထိုအာပတ် စင်၏၊ မစွန့်ဘဲလျက် ဒေသနာ ကံပြုသော် ထိုအာပတ်မှ မထ ဟူသောကြောင့်တည်း။

နိဿယည်းကင်း၍ နေထိုက်သော အင်္ဂါနှင့် မပြည့်စုံဘဲ နိဿယည်း ကင်း၍ နေသောကြောင့် သင့်သော အာပတ်၊ ဥပဇ္ဈာယ်ပြုထိုက် ပရိသတ် မွေးထိုက်သော အင်္ဂါနှင့် မပြည့်စုံဘဲ ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးမိသော အာပတ်၊ ဥပဇ္ဈာယ်ပြု၍ သာမဏေပြုပေးမိသော အာပတ်၊ ဥပဇ္ဈာယ်ဆရာ နိဿယည်းဆရာပြု၍ ပရိသတ်မွေးသော အာပတ် စသည်တို့နှင့် သေလျှင်လည်း အာပတ်ကိုယ်နှင့် သေသည်မည်၏၊

အာပတ်ဟူသည် ပညတ်တော် ဖြစ်သည်။ ဒေသနာကံ, ဝုဋ္ဌာနကံ, အာဝိ ကရဏတို့လည်း ပညတ်တော် ဖြစ်သည်။ ပညတ်တော်ဖြစ်၍ ပညတ်တော်ချင်း ချေ၍ ကြေလေသည်ဟု အကျဉ်းသိ။ အချို့အာပတ်သည် အကုသိုလ်ကြောင့် ဖြစ်၏၊ အချို့သော အာပတ်သည် ကုသိုလ်ကြောင့် ဖြစ်၏၊ အချို့သော အာပတ် သည် အဗျာကတကြောင့် ဖြစ်၏၊ ကုသိုလ်အာပတ် ဟူ၍ မရှိ။ ထိုအာပတ်ကို ဒေသနာကံ ဝုဋ္ဌာနာကံ မပြုရသေးသော်လည်း အာဝိကရဏ ပြုသည်ရှိသော် “အာဝိကတာ ဟိဿ ဖာသု ဟောတိ”ဟူသောကြောင့် သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် မဖြစ်။ ဒေသနာကံအာပတ်ကို ဒေသနာမူ မပြုရသေး၊ ဝုဋ္ဌာနကံအာပတ်ကို ဝုဋ္ဌာနကံ မပြုရသေး၊ ပါရိုက်အာပတ်ကို ငါရဟန်းမဟုတ်ဟု ဝန်မခံရသေး၊ ထိုဂရုကအာပတ် လဟုကအာပတ်တို့ကို အာဝိကရဏသော်လည်း မပြုရသေး အံ့၊ အာပတ်ကိုယ်နှင့် သေသည်မည်၏၊ [အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ --ဟု ဆိုကြသည်ကား ဂရုကအာပတ် လဟုကအာပတ်တို့ကို အာဝိကရဏ ပြုသည်မည်၏၊ ဤသို့ ဆိုသည်ကိုပင် အာဝိကရဏပြုသည်-ဟူ၍ သိ။]

နှိုးဆော်ချက်။ ။ ရဟန်းတော်များကို လူမျိုးကွဲ ဘာသာကွဲတို့ကသာ မဟုတ်၊ ခေတ်ပညာတတ် မြန်မာလူမျိုး အချို့ကပင် အထင်သေးတတ်ကြ၏၊ အကြောင်းကို ရှာသော် ရဟန်းတော် အများအပြားသည် ဝိနည်းတော်အတိုင်း မကျင့်ကြံကြ၍ ကုသိုလ်ရေးအတွက် မဟုတ်၊ ဝမ်းရေးအတွက် သာသနာဘောင် သို့ ဝင်ကြသည်ဟု သူတကာ ယူဆလေအောင် ဖန်တီးရာကျသောကြောင့် ဖြစ်သည်ဟူ၍ တွေ့ရှိပါသည်။ သို့ဖြစ်၍ ဝိနည်းတော်ကို လေးစားတော်မူကြပါ။ သို့မှသာလျှင် ရဟန်းတော်များသည် ဝမ်းရေးအတွက် မဟုတ်၊ ကုသိုလ်ရေး အတွက် ရဟန်းဘောင်သို့ ဝင်ကြသည်ဟု ပြရာရောက်မည်၊ ၎င်းတို့၏ အဆင့်အတန်းသည်လည်း အလိုလို အထွတ်အထိပ်သို့ ရောက်မည်၊ သာသနာတော် သည်လည်း ကမ္ဘာတစ်ဝန်းလုံး၌ နေလကဲ့သို့ ထွန်းလင်းတောက်ပပေလိမ့်မည်။ [ရဟန်းကောင်း ရဟန်းမြတ် ဖြစ်ရလေအောင် ဤအချက်ကြီး (၁၅)ချက် အတိုင်းကျင့်ကြံတော်မူကြပါကုန်။] ၎င်းတို့ကား —

၁။ ဝိနည်း၌လည်း ကျစ်ကျစ်လျစ်လျစ် ရှိ၍ တရားထူး တရားမြတ်ကိုလည်း ပါရမီအလျောက် သိမြင်အောင် ကြိုးစားရမည်။
၂။ ဖြောင့်မတ်ရမည်။
၃။ စိတ်ကောင်း ရှိရမည်။
၄။ ဆုံးမလွယ်ကူစေရမည်။
၅။ သိမ်မွေ့ရမည်။
၆။ မာန မရှိရ။
၇။ လာဘ်, လာဘကို မတောင့်တရ။
၈။ ရှိသမျှနှင့် တင်းတိမ်ရမည်။
၉။ ကိစ္စနည်းရမည်။
၁၀။ ပေါ့ပါးလျင်မြန်စွာ သွားလာနိုင်အောင် ပစ္စည်း နည်းနိုင်သလောက် နည်းစေရမည်။
၁၁။ အစဉ်သဖြင့် ငြိမ်သက် တည်ကြည်သော ဣန္ဒြေ ရှိရမည်။
၁၂။ ဆင်ခြင်တုံတရား ရင့်သန်ရမည်။
၁၃။ ရိုင်းစိုင်းသော အမူအရာများ မရှိရ။
၁၄။ ဒါယကာ ဒါယိကာမတို့အပေါ်၌ ငြိတွယ်ခြင်း မရှိရ။
၁၅။ ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့ပြစ်တင်စရာ ဆိုလျှင် အသေးအဖွဲကလေး ကိုပင် မပြုရဟူ၍ ဖြစ်သည်။

စာရေးသူ၏အလို။ ။ စာရေးသူ၏ အလိုမှာ ဂိုဏ်းစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲ သီလစင်ကြယ်သော ပုဂ္ဂိုလ်ဟူသမျှတို့ကို တစ်ဦးနှင့်တစ်ဦး သားနှင့် အဘ ညီရင်းအစ်ကိုကဲ့သို့ ပေါင်းသင်း ဆက်ဆံစေလိုပါ၏၊ ရဟန်းတော်များ၏ အဆင့်အတန်းကိုလည်း မြင့်စေလို၏၊ [ရဟန်းတော်များ၏ အဆင့်အတန်းသည် သီလ၏အပေါ်၌ တည်နေ၍ ဝိနည်းသိက္ခာပုဒ်တော်ကို မလေးစား မလိုက်နာ မကျင့်သုံးဟု ဆိုလျှင် ရဟန်းတော်များ၏ အဆင့်အတန်းသည် အဘယ်မှာ မြင့်တက်နိုင်ပါတော့အံ့နည်း၊ သို့ဖြင့်၍ ဝိနည်းတော်ကို လေးစားတော်မူကြပါ ကုန်။]

လဇ္ဇီနှင့် အလဇ္ဇီ ပြီးပြီ။