ဝိနည်းဥပဒေတော်ကြီး/ရဟန်းခံ အမြွက်
၆၅။ ရဟန်းခံ အမြွက်
သမ္ပတ္တိ ၅-ပါး
ဝတ်, ဉတ်, ကမ္မဝါ၊ သိမ်, သရိသာ၊ ငါးဖြာ သမ္ပတ္တိ။
ပဉ္စင်းမြောက်ရန်၊ အင်ငါးတန်၊ ပြန်လေ ဝိပတ္တိ။
၁။ ဝတ္ထု သမ္ပတ္တိ, ၂။ ဉတ္တိ သမ္ပတ္တိ, ၃။ ကမ္မဝါစာ သမ္ပတ္တိ, ၄။ သီမာ သမ္ပတ္တိ, ၅။ ပရိသာ သမ္ပတ္တိ ဟူ၍ ရဟန်းပဉ္စင်းအဖြစ် ထမြောက်ရန် အင်္ဂါ ငါးပါး။ ထိုမှ ပြန်သော် ရဟန်းပဉ္စင်းအဖြစ် မမြောက်ရန် ဝိပတ္တိ ငါးပါး ဖြစ်၏၊
ဝိပတ္တိ ၅-ပါး
၁။ ဝတ္ထု ဝိပတ္တိ, ၂။ ဉတ္တိ ဝိပတ္တိ, ၃။ ကမ္မဝါစာ ဝိပတ္တိ, ၄။ သီမာ ဝိပတ္တိ, ၅။ ပရိသာ ဝိပတ္တိ။
ပဉ္စင်းလောင်းကို၊ ဝတ္ထုဆို၊ ထိုမှာ သံ, ဝိပ်ရှိ။
အဓိပ္ပာယ်။ ။ ပဉ္စင်းလောင်းကို ‘ဝတ္ထု’ဟု ဆို၏၊ ထိုပဉ္စင်းလောင်းမှာ သမ္ပတ္တိ, ဝိပတ္တိ နှစ်ပါး ရှိ၏၊
အဘဗ္ဗပုဂ္ဂိုလ် ၁၃-ယောက်
ဦနဝီသ၊ အန္တိမ၊ အဘဗ္ဗ တစ်ဆယ့်တစ်။
ဆယ့်သုံးဝိပတ်၊ ကင်းစင်လတ်၊ အမြတ် သမ္ပတ္တိ။
(က) အသက်နှစ်ဆယ် မပြည့်သော သူ,
(ခ) ပါရာဇိက ကျပြီးသော သူ,
(ဂ) ပဏ်, ထေ, ပက်, ဆန်၊ ပဉ္စာနန်၊ ဒူသံ, ဥဘောဗျည်း — ဟူသော ဆောင်ပုဒ်အရ —
၁။ ပဏ် = နပုံးပဏ္ဍုက်, ၂။ ထေ = ထေယျ သံဝါသက ပုဂ္ဂိုလ်, ၃။ ပက် = တိတ္ထိဘောင်သို့ ပြောင်းသွားသော တိတ္ထိယ ပက္ကန္တကပုဂ္ဂိုလ်, ၄။ ဆန် = ဂဠုန် နဂါး စသော တိရစ္ဆာန်, ၅။ ပဉ္စာနန် = မာတုဃာတက = အမိကို သတ်သောသူ, ပိတုဃာတက = အဖကို သတ်သောသူ, အရဟန္တဃာတက = ရဟန္တာကို သတ်သောသူ, လောဟိတုပ္ပါဒက = မြတ်စွာဘုရားအား သွေးစိမ်း တည်အောင် ပြုသောသူ, သံဃဘေဒက = သံဃာသင်းခွဲသောသူ, ၆။ ဒူသံ = ဘိက္ခုနီဒူသက = ရဟန်းမကို ဖျက်ဆီးဖူးသောသူ, ၇။ ဥဘောဗျည်း = နိမိတ် နှစ်ပါးစုံ ရှိသောသူဟူသော အဘဗ္ဗပုဂ္ဂိုလ် တစ်ကျိပ်တစ်ယောက်- -
ဤ ၁၃- ယောက်တို့သည် ရဟန်းမဖြစ်ထိုက်ကုန်၊ ထိုသူတို့ကို ပဉ္စင်းခံခဲ့ သော် ဝတ္ထုအတွက်နှင့် ထိုကံပျက်၏၊ ထိုသူတို့ကို ကြဉ်၍ သမ္ပတ္တိကို သိအပ်၏၊
သန္ဓေတည်နေ့၊ စတုံရွေ့၊ ပြည့်စေ ဝီသတိ။
အဓိပ္ပာယ်။ ။ “အနုဇာနာမိ ဘိက္ခဝေ ဂဗ္ဘဝီသံ ဥပသမ္ပာဒေတုံ။ ”ဘိက္ခဝေ = ရဟန်းတို့။ ဂဗ္ဘဝီသံ = အမိဝမ်း၌ ကိန်းနေသော ပဋိသန္ဓေလ, ရက် တို့ကို ထည့်စွက်၍ အသက်နှစ်ဆယ်ပြည့်သော သူကို။ ဥပသမ္ပာဒေတုံ = ရဟန်း ပဉ္စင်းခံစေခြင်းငှာ။ အနုဇာနာမိ = ငါဘုရား ခွင့်ပြု၏ဟူ၍ လာသောကြောင့် ပဋိသန္ဓေ တည်နေသော နေ့မှစ၍ အနှစ် နှစ်ဆယ်ပြည့်စေရာ၏၊
ခုနစ်လဖွား၊ ဆယ်လဖွား၊ ထင်ရှား လူဝယ်ရှိ။
လောက၌ ၇-လဖွား, ၁၀-လဖွား နှစ်မျိုးသာ ထင်ရှား၏၊
ဖွားသက္ကရာဇ်၊ ဆယ့်ကိုးနှစ်မှ၊ ငါးလ, နှစ်လ စွန်းတုံက၊ ဂဗ္ဘဝီသပြည့်။
ဂဗ္ဘဝီသ။ ။ ဖွားသက္ကရာဇ်ကို တွက်စစ်၍ ၁၉-နှစ်လုံးလုံး ပြည့်သည်မှ ၇-လဖွားသူမှာ ၅-စွန်းလျှင် ဂဗ္ဘဝီသ ပြည့်၏၊ ၁၀-လဖွားသူမှာ ၂-လစွန်းလျှင် ဂဗ္ဘဝီသ ပြည့်၏၊ [အဋ္ဌကထာနည်း]
ရက်သုံးဆယ်လ၊ ဆယ့်နှစ်လ၊ ဝဿ အမှန်သိ။
အဓိပ္ပာယ်။ ။ အဋ္ဌကထာ၌ လာသော အာစရိယဝါဒ အလိုကား ‘တိံသ ရတ္တိဒိဝေါ မာသော’ဟူ၍ ဟောတော်မူသောကြောင့် ရက်ပေါင်း-၃၀ ပြည့်မှ တစ်လ အမှန်ဖြစ်သည်။ ‘ဒွါဒသမာသာ ဧကံ သံဝစ္ဆရံ’ဟူ၍ ဟောတော်မူ သောကြောင့် ၁၂-လသည်သာ တစ်နှစ်အမှန် ဖြစ်သည်၊ တစ်နှစ်တစ်နှစ်အဖို့တွင် ရက်-၃၀ မပြည့်သော ရက်မစုံလပေါင်း ၆-လ ပါရှိ၏၊ ဝါထပ်သည့်အတွက် တစ်နှစ်တွင် ၁၃-လ ရှိသော နှစ်မျိုးသည် ၃-နှစ်လျှင် တစ်ကြိမ် တစ်ကြိမ် လာ၏၊
ဆယ့်ကိုးနှစ်ကို၊ ခြောက်လပို၊ ဝါဆို ထပ်သည့်တွက်။
လေးလမျှတုံ၊ ယုတ်လျော့ကုန်၊ မစုံလ အတွက်။
အဓိပ္ပာယ်။ ။ ဖွားသည့်နေ့မှ စ၍ ၁၉-နှစ်ပြည့်ပြီဟု ဆိုရသောအခါ ဝါဆိုထပ်သည့်အတွက် ၆-လ အပိုထွက်လာ၏၊ ရက်မစုံလအတွက် ရက်ပေါင်း ၁၁၄-ရက် ယုတ်လျော့လျက် ရှိ၏၊ ထိုရက်ပေါင်းကို ၄-လမျှ ဆိုသည်။ ၃-လ နှင့် ၂၄-ရက်တည်း။
ယုတ်ပိုညှိက၊ ကျန်သေသ၊ နှစ်လ ခြောက်ရက်ထွက်။
အဓိပ္ပာယ်။ ။ ဝါထပ်အတွက် ၆-လပိုသည်တွင် ရက်မစုံအတွက် ယုတ် ခဲ့သော ရက်တို့နှင့် ပယ်နုတ်နှိုင်းညှိသည်ရှိသော် အကျန် ၂-လ၊ ၆-ရက် အပို ထွက်သည်။
သုံးလစွန်းက၊ ခုနစ်လ၊ ဂဗ္ဘ ဝီသပြည့်။
အဓိပ္ပာယ်။ ။ ၇-လဖွားသူမှာ ၁၉-နှစ်မှ ၃-လစွန်းခဲ့လျှင် ဂဗ္ဘဝီသ ပြည့်၏၊ ရဟန်းခံရပြီ၊ ၁၀-လဖွားမှာကား ပဋိသန္ဓေ ၁၀-လနှင့် ထိုအပို ၂-လ၊ ၆-ရက်ကို ပေါင်းသော် တစ်နှစ်ပြည့်လျက်ရှိသောကြောင့် ဖွားသက္ကရာဇ်နှစ် ၁၉-နှစ် ပြည့် ခဲ့လျှင် ဂဗ္ဘဝီသ ပြည့်၏၊ ၁၉-နှစ်လုံးလုံး ရှိလျှင် ရဟန်းခံရပြီ။ [ဝိနယသံခိပ်ကျမ်း]
ရဟန်းလောင်း၏ အမိဖြစ်သူက သူ၏ သားသည် ၁၀-လဖွား ဖြစ်ပါသည် ဟု အတပ်ပြောသော်လည်း အမှန်မုချ ယုံရမှာ ခက်လှသော အရာမျိုး ဖြစ်ခဲ့၍ အယုတ်ဆုံးအားဖြင့် ၇-လဖွားသားကို အတည်ပြု၍ ၁၉-နှစ်နှင့် ၃-လ အောက် မယုတ်စေရ၊ ပိုလျှင်သာ ပိုစေရမည်ဟု လယ်တီဆရာတော်ဘုရားကြီး၏ ကျေးဇူးရှင် စံကျောင်းဆရာတော်ဘုရားကြီး မိန့်တော်မူ၏၊
ဝတ္ထု သမ္ပတ္တိပြီး၏၊
ဉတ္တိဝိပတ္တိ ၅-ပါး
ဝတ်, သံ, ပုဂ်, ဉတ်၊ မသုံးသပ်၊ ဉတ်ကို နောက်မှထား။
ဉတ္တိဝိပတ်၊ အင်ငါးရပ်၊ သမ္ပတ် အပြန်ငါး။
၁။ ဉတ်အတွင်း၌ ဝတ္ထုကို မသုံးသပ်ခြင်း, ၂။ သံဃာကို မသုံးသပ်ခြင်း, ၃။ ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း, ၄။ ဉတ်ကို မသုံးသပ်ခြင်း, ၅။ ဉတ်ကို ကမ္မဝါစာ၏ နောက်မှထားခြင်း ဟူ၍ ဉတ္တိဝိပတ္တိ ၅-ပါး ရှိ၏၊ ဝတ္ထုကို သုံးသပ်ခြင်း စသည် ဖြင့် ထိုမှပြန်၍ ဉတ္တိ သမ္ပတ္တိ ၅-ပါးကို သိအပ်၏၊
ကမ္မဝါစာ သမ္ပတ္တိ, ဝိပတ္တိ
ကမ္မဝါလဲ၊ ဉတ္တိနဲ၊ ခွဲလေ, ဝိပ်, သံ, ငါး။
အက္ခရ ပဒံ၊ ယုတ်လျော့ ကျန်၊ ဆယ်တန် သဒ္ဒါမှား။
ကမ္မဝါမှာ၊ ကံပျက်ရာ၊ ဉတ်မှာ ထိုနည်းလား။
အနုဿာဝနာခေါ်သော ကမ္မဝါ၌လည်း ဉတ်မှာကဲ့သို့ ဝတ္ထု, သံဃာ, ပုဂ္ဂိုလ်, ကမ္မဝါစာတို့ကို မသုံးသပ်ခြင်း, သုံးသပ်ခြင်း၊ ကမ္မဝါစာကို ဉတ်၏ ရှေ့၌ ဖတ်ခြင်း၊ ဉတ်၏ နောက်၌ဖတ်ခြင်း ဟူ၍ ဝိပတ္တိ ၅-ပါး၊ သမ္ပတ္တိ ၅-ပါး ရှိ၏၊
မှတ်ချက်။ ။ ကမ္မဝါစာတွင်း၌ အက္ခရာပုဒ် ယုတ်လျော့ ကြွင်းကျန်ခြင်း၊ ဗျဉ္ဇနဗုဒ္ဓိခေါ်သော သဒ္ဒါ ၁၀-ပါး တိမ်းပါး ချွတ်ယွင်းခြင်းတို့သည် ကမ္မဝါစာ ဝိပတ္တိအတွက် ကံပျက်ရန် အမှုတို့ ဖြစ်ကုန်၏၊
ဉတ်၌လည်း ဤအက္ခရာပုဒ် ယုတ်လျော့ခြင်း၊ သဒ္ဒါ ၁၀-ပါး၊ တိမ်းမှား ခြင်းတို့သည် ကမ္မဝါစာနည်းတူ ကံပျက်ရန် အမှုတို့ပင်တည်း။
အက္ခရပဒံ -- ဟူသော နောက်သံပေါက် နှစ်ခုသည် ပါဠိတော်၌ “သာဝနံ ဟာပေတိ”ဟူသော စတုတ္ထဝိပတ္တိအရကို ဖော်ပြသော သံပေါက်စုသာတည်း၊ အသီးအခြား မဟုတ်။
ဉတ္တိ ဝိပတ္တိ၌ “ဉတ္တိံ န ပရာမသတိ”နှင့် အနုဿာဝနာ ဝိပတ္တိ၌ “သာဝနံ ဟာပေတိ”သည် အတူတူပင်၊ “ပစ္ဆာ ဉတ္တိံ ထပေတိ”နှင့် “အကာလေ ဝါ သာဝေတိ”သည် အတူတူပင်။
ထို့ကြောင့် ဉတ္တိဝိပတ္တိ, ကမ္မဝါစာဝိပတ္တိ နှစ်ပါးကို တစ်ပေါင်းတည်းပြု၍ ပြဆိုပေအံ့။
ဝတ္ထုအပရာမသန။ ။ ဝတ္ထုကို မသုံးသပ်ခြင်း ဆိုသည်ကား ဉတ်၌ လည်းကောင်း, ကမ္မဝါစာ ၃-ချက်တို့၌လည်းကောင်း ရဟန်းလောင်း၏ အမည်ကို မသုံးသပ်ခြင်းတည်း၊ မဖတ်ခြင်းတည်း။
သံဃအပရာမသန။ ။ သံဃပုဒ်တို့ကို မဖတ်ခြင်းသည် သံဃာကို မသုံး သပ်ခြင်း မည်၏၊
ပုဂ္ဂလအပရာမသန။ ။ ဥပဇ္ဈာယ်ဆရာ၏ အမည်နာမ မပါခြင်းသည် ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း မည်၏၊
သာဝန ဟာပန။ ။ ဉတ်နေရာ၌ ဉတ်ကို လုံးလုံးမဖတ်ဘဲ ကမ္မဝါစာ သက်သက်ကိုသာ ဖတ်ခြင်း၊ ကမ္မဝါစာနေရာ၌ ကမ္မဝါစာ လုံးလုံးမဖတ်ဘဲ ဉတ်ကိုသာ ၄-ကြိမ်ဖတ်ခြင်းသည် ဉတ်ကို မသုံးသပ်ခြင်း၊ ကမ္မဝါစာကို ယုတ်လျော့စေခြင်း မည်၏၊
မှတ်ချက်။ ။ ဉတ်၌ အကျုံးဝင်သော အချို့ချို့သော အက္ခရာတို့ကို စွန့်ခြင်း၊ မကောင်းသဖြင့် ရွတ်ဆိုခြင်း၊ ကမ္မဝါစာတို့၌ အကျုံးဝင်သော အချို့အချို့ သော အက္ခရာပုဒ်တို့ကို စွန့်ခြင်း၊ မကောင်းသဖြင့် ရွတ်ခြင်းများသည်လည်း ဉတ်ကို မသုံးသပ်ခြင်း ကမ္မဝါစာကို ယုတ်စေခြင်း မည်၏၊ ဉတ်ကို ကမ္မဝါစာ တို့၏ နောက်၌ ထားခြင်း၊ ကမ္မဝါစာတို့ကို ဉတ်၏ ရှေ့၌ ဖတ်ခြင်း ထင်ရှားပြီ။
ဝတ္ထု, ပုဂ္ဂလတို့ကို သုံးသပ်မှု၌ သိမ်အပြင်၌ သံဃာစုံလင်၍ ကမ္မဝါစာဖတ်တော့မည်ရှိရာ မဖတ်မီတင်ကူး၍ ဥပဇ္ဈာယ်ဆရာက သံဃာအများ ကြားသိ ကြစေရန် ရဟန်းလောင်းကိုလည်း ‘နာဂ’ဟူ၍ အမည်ပေးရမည်၊ မိမိကိုယ်ကို လည်း ‘တိဿ’ဟူ၍ အမည်ပေးရမည်။
ရဟန်းလောင်း မောင်မည်သူကို နာဂဟူ၍ အမည်ပေးပါ၏၊ ဉတ်၌ လည်းကောင်း, ကမ္မဝါစာတို့၌လည်းကောင်း ‘နာဂ’ဟူ၍ ရွတ်ဆိုသည်ရှိသော် ရဟန်းလောင်း မောင်မည်သူကို ဆိုသည်ဟူ၍ သံဃာတော်တို့က သိတော်မူကြ ပါကုန်။
ဥပဇ္ဈာယ်ဆရာဖြစ်သူ အကျွန်ုပ်ကိုလည်း ‘တိဿ’ဟူ၍ အမည်ပေးပါ၏၊ ဉတ်၌လည်းကောင်း, ကမ္မဝါစာတို့၌လည်းကောင်း ‘တိဿ’ဟူ၍ ရွတ်ဆိုသည် ရှိသော် ဥပဇ္ဈာယ်ဆရာဖြစ်သူ အကျွန်ုပ်ကို ဆိုသည်ဟူ၍ သံဃာတော်တို့က သိတော်မူကြပါကုန်။ [အမည်ပေးပုံ။]
ရဟန်းခံ ကမ္မဝါသို့ မရောက်မီ ဆုံးမခန်း, စစ်မေးခန်းတို့၌လည်း သမ္မုတိဉတ် ပါရှိသည်။ ထိုဉတ်၌လည်း ဝတ္ထု, ပုဂ္ဂလတို့ ပါရှိကြသည်ဖြစ်၍ အမည်ကို တင်ကူး၍ မှည့်မှ သင့်လျော်သည်။ ရှေးဦးစွာ အမည်ပေးမှုကို မပြုမူ၍ ဉတ်, ကမ္မဝါစာတို့၌သာ နာဂအမည်, တိဿအမည်တို့ကို ရွတ်ဆို၍ သွားသည်ရှိသော် ယခုရှိနေကြသော ရဟန်းလောင်း၏အမည် မဟုတ်၊ ဥပဇ္ဈာယ်ဆရာ ပြုလုပ်သူ၏အမည် မဟုတ်သဖြင့် ရဟန်းလောင်းဖြစ်သူ, ဥပဇ္ဈာယ်ဖြစ်သူတို့ကို မထိမငြိသည်ဖြစ်၍ ဝတ္ထု, ပုဂ္ဂလတို့ကို မသုံးသပ်ရာပင် ကျ၏၊ [ဝိမတိဋီကာ အဆို။]
သာဝနံ ဟာပေတိ၌ —
ဌာန် ၇- ပါး။ ။ ၁။ ဥရ = ရင်, ၂။ ကဏ္ဌ = လည်ချောင်း, ၃။ တာလု = အာစောက်, ၄။ မုဒ္ဓ = အာခေါင်, ၅။ ဒန္တ = သွား, ၆။ ဩဋ္ဌ = နှုတ်ခမ်း, ၇။ နာသိက = နှာခေါင်း။ (ဌာန် ၇- ပါး ဆောင်ပုဒ်။)
ကရိုဏ်း ၄- ပါး။ ။ ၁။ ဇိဝှါမဇ္ဈ = လျှာလယ်, ၂။ ဇိဝှေါပဂ္ဂ = လျှာဖျား၏ အနီး, ၃။ ဇိဝှဂ္ဂ = လျှာဖျား, ၄။ သကဋ္ဌာန = မိမိတို့၏ ဌာန်။ (ကရိုဏ်း ၄- ပါး ဆောင်ပုဒ်။)
ပယတ် ၄- ပါး။ ။ ၁။ သံဝုဋ = ပိတ်မှု, ၂။ ဝိဝဋ = ဖွင့်မှု, ၃။ ဖုဋ္ဌ = ထိမှု, ၄။ ဤသံဖုဋ္ဌ = စဉ်းငယ်ထိမှု။ (ပယတ် ၄- ပါး ဆောင်ပုဒ်။)
မှတ်ချက်။ ။ အထက်သွား၏ အတွင်းဖြစ်သော အာခေါင်အရပ်မှ စ၍ လည်ချောင်းပေါက်ဝသို့ ဆိုက်အောင် ခံတွင်း၏ အထက်အပြင်ကို နှစ်ဖို့ပြု၍ အတွင်းအဖို့ကို အာစောက်ခေါ်သည်။ အပြင်အဖို့ကို အာခေါင် ခေါ်သည်၊ လျှာထိပ် ဟူ၍လည်း ဆိုကြ၏၊
ခံတွင်းမှ နှာခေါင်းသို့ ထွက်သွားသော အပေါက်တစ်လျှောက်လုံးကို နာသိကဌာန် ဆိုသည်။
‘သံဝုဋ’ ပိတ်ခြင်းဆိုသည်ကား ဖွင့်၍ မလွှတ်ဘဲ ချုပ်အုပ်၍ ရွတ်ခြင်းကို ဆိုသည်။ ပတ်ဝိုင်းကို လက်ဖြင့် တီးကြရာ၌ စီတန်း၍နေသော ဗုံတော်ကြီး, ငယ်စုနှင့် ဌာန် ၇-ပါး တူသည်။ အလိုရှိရာ လှည့်လည်၍ တီးခေါက်သော လက်နှင့် ကရိုဏ်း ၄-ပါး တူသည်။
တစ်ခုသော ဗုံကို တီးခေါက်ရာ၌ တစ်ခုသော ဗုံမျက်နှာအပြင်မှ အသံတို, အသံရှည်, အသံမာ, အသံပျော့ အမျိုးမျိုးဖြစ်လေအောင် ပြုပြင်သော အမူအရာ အထွေအပြားတို့နှင့် ပယတ်မှု ၄-ပါး တူသည်။
ရင်, လည်, အာ, အာ သွား, နှုတ်, နှာ၊ ဖြစ်ရာ ဌာန်ခုနစ်။ [သိသာပြီ။]
လျှာလယ်, လျှာဖျား၊ နီးအပါး၊ ဌာန်အား ကရိုဏ်းလေး။ [သိသာပြီ။]
ပိတ်, ဖွင့်, ခိုက်, ထိ၊ စဉ်းငယ်ထိ၊ ပြုဘိ ပယတ်လေး။ [သိသာပြီ။]
က, ခ, ဂ, ဃ, င၊ အ, အာ, ဟ၊ အဋ္ဌ-လည်ချောင်းဖြစ်။ [ကဏ္ဌဇ ၈-လုံး]
စ, ဆ, ဇ, စျ, ည၊ ဣ, ဤ, ယ၊ အဋ္ဌ-အာစောက်ဖြစ်။ [တာလုဇ ၈-လုံး]
ဋ, ဌ, ဍ, ဎ, ဏ၊ ရ နှင့် ဠ၊ သတ္တ-အာခေါင်ဖြစ်။ [မုဒ္ဓဇ ၇-လုံး]
တ, ထ, ဒ, ဓ, န၊ လ နှင့် သ၊ သတ္တ-သွားမှာဖြစ်။ [ဒန္တဇ ၇-လုံး]
ပ, ဖ, ဗ, ဘ, မ၊ ဥ, ဦ, မှ၊ သတ္တ-နှုတ်ခမ်းဖြစ်။ [ဩဋ္ဌဇ-ရလုံး]
ဝဂ္ဂန်ပဉ္စ၊ နိဂ္ဂဟီတ၊ ဆ-မှာ နှာခေါင်းဖြစ်။
အဓိပ္ပာယ်။ ။ ‘င, ဉ, ဏ, န, မ’ ဤ ဝဂ္ဂန္တ ၅-လုံးကို ဝဂ္ဂန်ပဉ္စ ဆိုသည်၊ သေးသေးတင်ခေါ်သော ဗိန္ဒုငယ်တစ်ခုကို နိဂ္ဂဟီတ ခေါ်သည်။
လည်, နှုတ်, ဩသာ၊ ဧ, လည်, အာ၊ ဝ-မှာ သွား, နှုတ်ဖြစ်။
ဩ--သည် လည်ချောင်း, နှုတ်ခမ်း၌ ဖြစ်၏၊ ဧ--သည် လည်ချောင်း, အာစောက်၌ ဖြစ်၏၊ ဝ--သည် သွား, နှုတ်ခမ်း၌ ဖြစ်၏၊
ဝဂ္ဂန်, ယ, ဝ၊ ယှဉ်သည် ဟ၊ ဥရဌာန်၌ ဖြစ်။
အဓိပ္ပာယ်။ ။ ဝဂ္ဂန္တ ၅-လုံး ယ, ရ, လ, ဝ, ၄-လုံး ဤ ၉-လုံးနှင့် ယှဉ်သော ဟ--အက္ခရာသည် ရင်၌ ဖြစ်သည်ဟု လာ၏၊ ဠကြီးနှင့် ယှဉ်လျှင် လည်း ထို့အတူ ယူလေ။ ငှ, ဥှ, ဏှ, နှ, မှ, ယှ, ရှ, လှ, ဝှ, ဠှ။
အာစောက်-မဇ္ဈ၊ ခေါင်-ပဂ္ဂ၊ ဒန္တ-လျှာ ဖျားစပ်။
အဓိပ္ပာယ်။ ။ အာစောက်ဌာန်နှင့် ဇိဝှါ မဇ္ဈကရိုဏ်း တွဲဖက်။ အာခေါင် ဌာန်နှင့် ဇိဝှေါပဂ္ဂကရိုဏ်း တွဲဖက်။ သွားအရပ်နှင့် ဇိဝှဂ္ဂကရိုဏ်း တွဲဖက်။
မှတ်ချက်။ ။ တာလုဇ အက္ခရာတို့ကို ဖြစ်စေလိုသော် လျှာလယ်အရပ်၌ လှုံ့ဆော်၍ ပေးမှ ဖြစ်နိုင်ကြကုန်သည်၊ “စ-ဝဂ် ပဉ္စ၊ ဣ, ဤ, ယ”တို့ကို ရွတ်ဆို၍ ကြည့်လေ။ မဇ္ဈိမသား, သီဟိုဠ်သားတို့သည် စ-ဝဂ် ၅-လုံးတို့ကို အစဉ်အတိုင်း ကျ, ချ, ဂျ, ဃျ, နျ-ဟု ရွတ်ဆိုကြကုန်၏၊
မုဒ္ဓဇ အက္ခရာတို့ကို ဖြစ်စေလိုသော် လျှာဖျား၏ အနီးဖြစ်သော လျှာအရပ် နှင့် လှုံ့ဆော်၍ပေးမှ ဖြစ်ကြကုန်သည်၊ “ဋ-ဝဂ် ပဉ္စ၊ ရနှင့် ဠ”တို့ကို ရွတ်ဆို၍ ကြည့်လေ။
ရကြီးကို ပြီသအောင်ရွတ်လိုသော် လျှာကို အထက်သို့ ခေါက်လိပ်၍ အထက် အခေါင်အရပ်ကို ထိခိုက်၍ ပေးမှ လျှာလိပ်သံပေါ်၍ ရကြီးအက္ခရာ ပီသစွာ ဖြစ်နိုင်သည်။ ဋ, ဌ, ဍ, ဎ, ဏ, ဠကြီးတို့ကို ရွတ်လိုသောအခါ၌လည်း လျှာကို အထက်သို့ ခေါက်လိပ်၍ ပေးရမည်။ ရကြီးနှင့် ဌာန်တူ, ကရိုဏ်းတူ ဖြစ်ကြသည်၊ လျှာကို အထက်သို့ ခေါက်လိပ်၍ မပေးခဲ့လျှင် တ, ထ, ဒ, ဓ, န, လ-ဟူ သော ဒန္တဇတွေ ဖြစ်ကုန်၏၊ မုဒ္ဓဇတွေ မဖြစ်လာကုန်။
သုဏာတု မေ --၌ ဏာ--ကို ရွတ်မည်ဟု ရွတ်ပါသော်လည်း လျှာကို တန်းတန်းထား၍ ရွတ်ခဲ့သော် ဒန္တဇ-နာ အက္ခရာသာ ဖြစ်လေ၏၊ ပဋိဆန္နာနဉ္စ- ၌ ဋိ--ကို, အနုသိဋ္ဌော--၌ ဋ္ဌော--ကို ရွတ်မည်ဟု ရွတ်ပါသော်လည်း လျှာကို တန်းတန်းထား၍ ရွတ်ခဲ့သော် ဒန္တဇ-တိ, ဒန္တဇ-ထော တို့သာ ဖြစ်၍ သွားကုန်၏၊ ဤမုဒ္ဓဇ ၇-လုံးတို့နှင့် ဒန္တဇ ၇-လုံးတို့သည် ဌာန်လည်း တစ်ခြားစီ ဖြစ်ကြကုန်၏၊ ကရိုဏ်းလည်း တစ်ခြားစီ ဖြစ်ကြကုန်၏၊
ဋ-သံနှင့် တ-သံ ကွဲအောင် ရွတ်ရလိမ့်မည်။
ဌ-သံနှင့် ထ-သံ ကွဲစေရမည်။
ဍ-သံနှင့် ဒ-သံ ကွဲစေရမည်။
ဎ-သံနှင့် ဓ-သံ ကွဲစေရမည်။
ဏ-သံနှင့် န-သံ ကွဲစေရမည်။
ရ-သံနှင့် ယ-သံ ကွဲစေရမည်။
ဠ-သံနှင့် လ-သံ ကွဲစေရမည်။
ကွဲအောင် မရွတ်တတ်လျှင် ကမ္မဝါဖတ်ခြင်းငှာ မထိုက်၊ သုဏာတု၌ ပင်လျှင် အလွဲလွဲအချော်ချော် ဖြစ်လိမ့်မည်၊ သတိကြီးကြီး ထားသင့်လှ၏၊
ဒန္တ-လျှာဖျားစပ်ဆိုသည်ကား — ဒန္တဌာန်နှင့် လျှာဖျားကရိုဏ်း တွဲဖက်၊ ဒန္တဇအက္ခရာတို့ကို ဖြစ်စေလိုသော် လျှာပြင်နှင့် အထက်သွားကို လှုံ့ဆော်၍ပေးမှ ဖြစ်နိုင်သည်။ ‘တ-ဝဂ် ပဉ္စ၊ လ နှင့် သ’တို့ကို ရွတ်ဆိုကြည့်လေ၊ လျှာက အထက်သို့ ခေါက်လိပ်၍ ရွတ်ဆိုခဲ့လျှင် မုဒ္ဓဇတွေ ဖြစ်၍လာလိမ့်မည်၊ သုဏာတု-၌ တု-ကို လျှာလိပ်သံနှင့် ရွတ်ဆိုခဲ့လျှင် ဋု-ဖြစ်၍ သွား၏၊ နာဂေါ-၌ နာ-ကို လျှာလိပ်သံနှင့် ရွတ်ခဲ့လျှင် ဏာ-ဖြစ်၍ သွား၏၊။ အကြွင်း သိသာပြီ။
ဆိုပြီးသည်မှ ကြွင်းကုန်သော ကဏ္ဌဇ ၈-လုံး, ဩဋ္ဌဇ ၇-လုံးတို့၌ ဌာန်နှင့် ကရိုဏ်း အခြားမရှိ၊ ဌာန်သည်ပင်လျှင် ကရိုဏ်း ဖြစ်၏၊ “က-ဝဂ် ပဉ္စ၊ အ, အာ, ဟ”တို့၌ လည်ချောင်းသားချင်း လှုံ့ဆော်သည်။ “ပ-ဝဂ် ပဉ္စ၊ ဥ-ဝဏ္ဏ”တို့မှာ နှုတ်ခမ်းသား နှစ်ခုချင်း လှုံ့ဆော်သည်၊ ကရိုဏ်း အသီးအခြား မရှိပြီ၊ နှာခေါင်းဖြစ် အက္ခရာ ၆-လုံးတို့၌ နှုတ်ခမ်းကို ကရိုဏ်းဆိုသင့်၏၊ နှုတ်ခမ်းကို ပိတ်၍ ပေးမှ နှာခေါင်းသို့ လေနှင့်တကွ အသံလုံး၍ သွားသဖြင့် နှာခေါင်းသံ ပြီစွာ ပေါ်လေသည်။
အ-သံဝုဋ၊ ကြွင်းသရ၊ သ, ဟ-ဝိဝဋာ။
ဝဂ်မှာ ဖုဋ္ဌံ၊ ယ, ဝ, မှန်၊ ဤသံဖုဋ္ဌသာ။
အဓိပ္ပာယ်။ ။ အ-သရသည် သံဝုဋပယတ် ရှိ၏၊ လည်ချောင်းကို ပိတ်သော အခြင်းအရာ ထင်၏၊ ပိတ်လေ ပြီသလေ ဖြစ်၏၊
ကြွင်းသောသရ ၇-လုံး၊ သ, ဟတို့သည် ဝိဝဋပယတ် ရှိကြကုန်၏၊ အာ- ကို ရွတ်သောအခါ လည်ချောင်းပေါက်ကို ပွင့်ပွင့်ပြု၍ ရွတ်။ ဣ, ဤကို ရွတ် သောအခါ အာစောက်ဌာန်နှင့် လျှာလယ်ကရိုဏ်းကို ပွင့်ပွင့်ပြု၍ ရွတ်၊ ဧ, ဩ, သ, ဟတို့မှာလည်း သူတို့ဆိုင်ရာ ဌာန် ကရိုဏ်းတို့နှင့် ခွဲလေ။
ကဝဂ် ၅-လုံး, စဝဂ် ၅-လုံး, ဋဝဂ် ၅-လုံး, တဝဂ် ၅-လုံး, ပဝဂ် ၅-လုံးတို့ကို ရွတ်သောအခါ သူ့ဌာန်နှင့် သူ့ကရိုဏ်းတို့ကို နာနာထိခိုက်စေ၍ ရွတ်။
ယ, ရ, လ, ဝတို့ကို ရွတ်သောအခါ သူတို့ဌာန်နှင့် ကရိုဏ်းတို့ကို စဉ်းငယ် သာ ထိခိုက်စေ၍ ရွတ်။
ပဝဂ် ၅-လုံးတို့သည် နှုတ်ခမ်း၌ ဖြစ်ကုန်၏၊ ဥ, ဦ နှစ်လုံးတို့လည်း နှုတ်ခမ်း ၌ ဖြစ်ကုန်၏၊ ပယတ်မူကား ကွဲကြ၏၊ ပဝဂ်မှာ ဖုဋ္ဌပယတ် ရှိ၏၊ နှုတ်ခမ်းချင်း နာနာထိလေ ပြီသလေ ဖြစ်ကုန်၏၊
ဥ, ဦ နှစ်လုံးတို့မှာ ဝိဝဋပယတ် ရှိကြကုန်၏၊ နှုတ်ခမ်းချင်း ဖွင့်၍ရွတ်မှ ပြီသကုန်၏၊ ထိ၍ ရွတ်လျှင် မပြီသကုန်ပြီ။
ဤနည်းကို အမှီပြု၍ ကြွင်းသော ဌာန်တူ, ကရိုဏ်းတူ, ပယတ်ကွဲ အက္ခရာတို့၌ ရွတ်ပုံ အထူးအပြားတွေကို အကုန်ဝေဖန် ရှင်းလင်းစွာ သိလေ မြင်လေ။
ဌာန်, ကရိုဏ်း, ပယတ် ပြီး၏၊
ဗျဉ္ဇနဗုဒ္ဓိ ၁၀-ပါး
သိထိလံ ဓနိတဉ္စေဝ၊ ဒီဃံ ရဿံ ဂရုံ လဟုံ။
နိဂ္ဂဟီတံ ဝိမုတ္တဉ္စ၊ သမ္ဗန္ဓဉ္စ ဝဝတ္ထိတံ။
သိထိလံ = လျော့လျော့ရွတ်အပ်သော အက္ခရာလည်းကောင်း။ ဓနိတဉ္စေဝ = တင်းတင်းရွတ်အပ်သော အက္ခရာလည်းကောင်း။ ဒီဃံ = ရှည်ရှည်ရွတ်အပ် သော အက္ခရာလည်းကောင်း။ ရဿံ = တိုတိုရွတ်အပ်သော အက္ခရာလည်း ကောင်း။ ဂရုံ = လေးလေးရွတ်အပ်သော အက္ခရာလည်းကောင်း၊ လဟုံ = ပေါ့ပေါ့ ရွတ်အပ်သော အက္ခရာလည်းကောင်း။ နိဂ္ဂဟီတံ = ခံတွင်းကို ပိတ်၍ ရွတ်အပ်သော ဗိန္ဒုအက္ခရာလည်းကောင်း။ ဝိမုတ္တဉ္စ = ခံတွင်းကို မပိတ်မူ၍ ရွတ်အပ်သော အက္ခရာလည်းကောင်း။ သမ္ဗန္ဓဉ္စ = သန္ဓိစပ်၍ ရွတ်အပ်သော အက္ခရာလည်းကောင်း။ ဝဝတ္ထိတံ = သန္ဓိမစပ် ပုဒ်ဖြတ်၍ ရွတ်အပ်သော အက္ခရာလည်းကောင်း။ သဒ္ဒါ ၁၀- ပါး ဆောင်ပုဒ်၊ ဗျဉ္ဇနဗုဒ္ဓိ ၁၀- ပါးလည်း ခေါ်၏၊
လျော့, တင်း, ရှည်, တို၊ လေး, ပေါ့, ကို၊ ပိတ်သို, လွတ်, စပ်, ဖြတ်။ ပ, တ သိထိ၊ ဝဂ်တွင် ရှိ၊ ဓနိ, ဒု, စ မှတ်။
သိထိလ။ ။ ဝဂ် ၂၅-လုံးတွင် ရှိသော ပထမအက္ခရာ ၅-လုံး, တတိယ-အက္ခရာ ၅-လုံးသည် သိထိလ မည်၏၊ က, ဂ, စ, ဇ, ဋ, ဍ, တ, ဒ, ပ, ဗ-ဤ ၁၀-လုံးကို ဆိုသတည်း။
ဓနိတ။ ။ ဒုတိယအက္ခရာ ၅-လုံး, စတုတ္ထအက္ခရာ ၅-လုံးသည် ဓနိတ မည်၏၊ ခ, ဃ, ဆ, စျ, ဌ, ဎ, ထ, ဓ, ဖ, ဘ-ဤ ၁၀-လုံးကို ဆိုသတည်း။
ငါးလုံးဒီဃ၊ သုံးရဿ၊ ဂ, လ နှစ်မည်ထပ်။
ဒီဃ-ဂရု။ ။ အာ, ဤ, ဦ, ဧ, ဩ—ဤ ၅-လုံးသည် ဒီဃလည်း မည်၏၊ ဂရုလည်း မည်၏၊
ရဿ-လဟု။ ။ အ, ဣ, ဥ — ဤ ၃-လုံးသည် ရဿလည်း မည်၏၊ လဟုလည်း မည်၏၊ ဂ, လဆိုသည်ကား ဂရု, လဟု ဆိုလိုသည်။
မှတ်ချက်။ ။ ဤအရာ၌ ဒီဃသရနှင့် ယှဉ်သော ဗျည်းတို့သည်လည်း ဒီဃပင် မည်ကုန်၏၊ ရဿသရနှင့် ယှဉ်သော ဗျည်းတို့သည်လည်း ရဿပင် မည်ကုန်၏၊
သံယုဂ်, နိဂ္ဂဟိတ၊ နှောင်းပြန်က၊ ရဿ-ဂရု မှတ်။
အဓိပ္ပာယ်။ ။ ရဿပင် ဖြစ်သော်လည်း နောက်၌ သံယုဂ်ရှိခဲ့သော် လည်းကောင်း, နိဂ္ဂဟိတ် ရှိခဲ့သော်လည်းကောင်း ဂရု မည်ပြန်၏၊ အတ္တ, ဓမ္မ, ဣဋ္ဌ, ယိဋ္ဌ, ဥဒ္ဓ, မုဒ္ဓ သံဃ — စသည်တည်း။
ဗိန္ဒုနိဂ္ဂဟိတ်၊ ခံတွင်းပိတ်၊ မပိတ် ဝိမုတ် မှတ်။
နိဂ္ဂဟိတ်။ ။ ခံတွင်းကိုပိတ်၍ ရွတ်အပ်သော ဗိန္ဒုတစ်ခုသည် နိဂ္ဂဟိတ် မည်၏၊
ဝိမုတ္တ။ ။ ခံတွင်းကို မပိတ်မူ၍ ရွတ်အပ်သော အက္ခရာစုသည် ဝိမုတ္တ မည်၏၊
(က) နိဂ္ဂဟီတန္တိ ယံ ကရဏာနိ နိဂ္ဂဟိတွာ အဝိဿဇ္ဇေတွာ အဝိဝဋေန မုခေန သာနုနာသိကံ ကတွာ ဝတ္တဗ္ဗံ။
(ခ) ဝိမုတ္တန္တိ ယံ ကရဏာနိ အနိဂ္ဂဟေတွာ ဝိဿဇ္ဇေတွာ ဝိဝဋေန မုခေန သာနုနာသိကံ အကတွာ ဝုစ္စတိ။ [အဋ္ဌကထာပါဌ်။]
သမ္ဗန် သန္ဓိ၊ ပုဒ်ဖြတ်ဘိ၊ ဝဝတ္ထိတမှတ်။
သမ္ဗန္ဓ -- ဝဝတ္ထိတ။ ။ ယဿာယသ္မတော ခမတိ၊ ယဿ အာယသ္မတော ခမတိ။ ၂-ချက်သင့်။
သိ, ဓ, နိဂ်-ဝိ၊ ပြန်လှန်ဘိ၊ ပျက်၏ ဉတ်ကမ္မဝါ။
အဓိပ္ပာယ်။ ။ သိထိလ, ဓနိတ-တစ်စုံ၊ နိဂ္ဂဟိတ, ဝိမုတ္တ-တစ်စုံ၊ ဤသဒ္ဒါ အစုံ ၂-ခုသည် ပြန်၍ ရွတ်ဆိုခဲ့သော် ဉတ္တိ ဝိပတ္တိ, ကမ္မဝါစာ ဝိပတ္တိ ဖြစ်၏၊
ဒီ-ရသ်, ဂ-လံ၊ ဝဝတ်-သံ၊ ကံကို မဖျက်ရာ။
အဓိပ္ပာယ်။ ။ ဒီဃ, ရဿ-တစ်စုံ၊ ဂရု, လဟု-တစ်စုံ၊ သမ္ဗန္ဓ, ဝဝတ္ထိတ တစ်စုံ၊ ဤ ၃-စုံတို့သည် ပြန်လှန်၍ ရွတ်ဆိုမိသော်လည်း ကံကို မဖျက်တတ်ကုန်။
ဝိမတိဋီကာ၌မူကား သိထိလချင်းဖြစ်သော်လည်း ဝဂ်တစ်ပါး၌ သိထိလ အရာကို ဝဂ်တစ်ပါး၌ သိထိလပြု၍ ရွတ်ဆိုမိခဲ့သော် ကံပျက်၏ဟု ဆို၏၊
မှတ်ချက်။ ။ သုဏာတု-၌ ဏာသည် မုဒ္ဓဇ ဏ-ကြီး၏ အရာသာ ဖြစ်၏၊ ဒန္တဇ န-ငယ်၏ အရာမဟုတ်၊ ဏ-ကြီး ဖြစ်အောင် လျှာကို ပြုပြင်မှု၌ မလိမ်မာသော သူအား ဏကြီးကို ရွတ်ဆိုမည်ဟု ကမ္မဝါစာကို ကြောင်ကြောင် ကြည့်၍ ရွတ်ဆိုသော်လည်း နှုတ်, လျှာမှာ နငယ်သာ ဖြစ်နေတတ်၏၊ ဤသို့ ဌာန်, ကရိုဏ်း အစီအရင်တို့၌ မလိမ်မာသည့်အတွက် ပျက်ကွက် မှားယွင်းမှု တို့ကို ရည်၍ ဋီကာရှင် ဆိုပေသည်။
ဉတ်, ကမ္မဝါ ရွတ်ဖတ်သော သူသည် ဌာန်, ကရိုဏ်း, ပယတ်တို့၌လည်း ကောင်း, သဒ္ဒါ ၁၀-ပါးတို့၌လည်းကောင်း ကောင်းစွာ လိမ်မာရာ၏၊ လိမ်မာ သော သူမှသာလျှင် ဖတ်ရွတ်ခြင်းငှာ ထိုက်၏၊ ထို့ကြောင့် မဟုတ်လော၊ ဉတ်, ကမ္မဝါစာတို့နှင့် စပ်လျဉ်းရာတို့၌ “ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော”ဟူ၍ ဗျတ္တ-ပဋိဗလကို အထူးထုတ်ဖော်၍ ဟောတော်မူပေ သတည်း။
ထိုအစီအရင်တို့ကို သိတတ်ရုံမျှနှင့်လည်း မဖြစ်သေး၊ သိမ်အပြင်၌ ကမ္မဝါ ဖတ်ခွင်သို့ မဝင်မီ ရှေးအဖို့ကပင် ထိုထိုအက္ခရာတို့၌ ဌာန်, ကရိုဏ်းကျ နှုတ်, လျှာ ကျိုးပြီးသော သူမှသာ ကမ္မဝါဖတ်ခွင်သို့ ဝင်သင့်သည်၊ စိတ်ကပင် သိသော်လည်း နှုတ်, လျှာ မကျိုးဖူးချေက သံဃာအလယ်၌ ဖတ်သောအခါ နှုတ်, လျှာ အချော်အချွတ်များ၍ နေတတ်လှ၏၊ ထို့ကြောင့် ရဟန်းပြုပြီးသောအခါမှစ၍ ကမ္မဝါဖတ် သင်ကြားမှုများကို အထူးကြောင့်ကြ စိုက်ကြကုန်ရာ၏၊
လယ်တီဆရာတော်ဘုရားကြီး၏ မုံရွာမြို့ လယ်တီတိုက်တွင်း၌ရှိသော ရဟန်းငယ်တို့သည် သီတင်းနေ့တို့၌ ကမ္မဝါဖတ် တတ်မြောက်လိမ်မာပြီးသော မထေရ်ကြီးတို့ကျောင်း၌ စည်းဝေး၍ ကမ္မဝါဖတ် သင်ကြားမှုကို အမြဲပြုကြရ ကုန်၏၊ သတိရှိတော်မူကြပါကုန်။
သာဝနံ ဟာပေတိ-အရကို ပြဆိုချက် ပြီး၏၊
၁၁-ပါးသော ဝိပတ္တိသိမ်တို့မှ ကင်းလွတ်၍ နိမိတ္တသမ္ပတ္တိ, ပရိသာသမ္ပတ္တိ, ကမ္မဝါစာသမ္ပတ္တိ ဟူသော ၃-ပါးသော သမ္ပတ္တိအင်္ဂါနှင့် ပြည့်စုံသော သိမ်၌ ဆောင်ရွက်သော ထိုကံသည် သီမာသမ္ပတ္တိနှင့် ပြည့်စုံသောကံ မည်၏၊ သိမ် အကြောင်းအရာကို ရှေ့ “သိမ်ခန်းအမြွက်”၌ ပြဆိုခဲ့ပြီ။
ဝိပတ္တိ ၃-ပါး
ကမ္မပတ္တ၊ မလာကြ၊ ဆန္ဒ မဆောင်ဘိ။
မျက်မှောက် မြစ်တား၊ ဤသုံးပါး၊ ပျက်ငြား ဝိပတ္တိ။
၁။ ကမ္မပတ္တသံဃာ-သိမ်အပြင်သို့ မလာမရောက်ခြင်း,
၂။ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို မဆောင်ခြင်း။
၃။ သိမ်သို့ရောက်၍ မျက်မှောက်၌ ရှိကုန်သော သူတို့၏ တားမြစ်ခြင်း။ပရိသတ်မှ ဖြစ်သော ဝိပတ္တိ ၃-ပါး။
နာနာသံဝါသက ၂-မျိုး
နာနာသံဝါသက၊ နှစ်မျိုးပြ၊ ကမ္မ, လဒ္ဓိ ဒွိ။
၁။ ကမ္မနာနာသံဝါသက ပုဂ္ဂိုလ်တစ်မျိုး,
၂။ လဒ္ဓိနာနာသံဝါသက ပုဂ္ဂိုလ်တစ်မျိုး။
ဥက္ခိတ်-ကမ္မ၊ နုဝတ္တ၊ လဒ္ဓ နာနာသိ။
အဓိပ္ပာယ်။ ။ ဥက္ခိတ္တက ပုဂ္ဂိုလ်သုံးယောက်သည် ကမ္မနာနာသံဝါသက ပုဂ္ဂိုလ် မည်၏၊ ဥက္ခိတ္တာနုဝတ္တက ပုဂ္ဂိုလ်သုံးယောက်သည် လဒ္ဓိနာနာသံဝါသက ပုဂ္ဂိုလ် မည်၏၊
မရှု, မကု၊ မစွန့်မှု၊ သုံးခု ဥက္ခိတ် ရှိ။
အယူကြိုက်ကာ၊ အစဉ်ပါ၊ သုံးဖြာ နုဝတ္တိ။
အဓိပ္ပာယ်။ ။ “ပဿသိ အာဝုသော တံ အာပတ္တိံ”ဟု ဆိုသည်ရှိသော် “အာမ ဘန္တေ ပဿာမိ”ဟု ဝန်မခံလိုသော ရဟန်းသည် အာပတ်ကို မရှုသော ရဟန်း မည်၏၊
သင့်ပြီးသော အာပတ်ကို ထင်စွာမပြု ဒေသနာမကြား နေ့လွန်ငြား အောင် ဖုံးဝှက်၍ ထားသော ရဟန်းသည် အာပတ်ကို မကုစားသောရဟန်း မည်၏၊
အရိဋ္ဌ ရဟန်းတို့ကဲ့သို့ ပါပဒိဋ္ဌိကို ယူ၍ ၃-ကြိမ်တိုင်တိုင် ဉတ်, ကမ္မဝါစာ တို့ဖြင့် ဆုံးမပါလျက် မစွန့်သော ရဟန်းသည် ဒိဋ္ဌိကို မစွန့်သော ရဟန်း မည်၏၊ ထိုအကြောင်းတို့ကြောင့် ဥက္ခေပနိယကံ အပြုခံရသော ရဟန်း ၃-ပါးတို့သည် ဥက္ခိတ္တကရဟန်း မည်ကုန်၏၊ ထိုရဟန်းတို့ကို ကမ္မနာနာသံဝါသက ရဟန်းတို့ ဟူ၍ ခေါ်ကြကုန်၏၊
ထိုရဟန်းတို့၏ အလိုအယူကို ကြိုက်၍ အသင်းအပင်း ပြုလုပ်ကြကုန် သော ရဟန်းတို့သည် ဥက္ခိတ္တာနုဝတ္တက မည်ကုန်၏၊ လဒ္ဓိနာနာသံဝါသက ဟူ၍လည်း ခေါ်၏၊
နာနာသံဝါသက၊ အန္တိမ၊ အပကတတ္တသိ။
ထိုမှကြွင်းလတ်၊ ပကတတ်၊ အမြတ်သီလရှိ။
အဓိပ္ပာယ်။ ။ ပြဆိုခဲ့ပြီးသော နာနာသံဝါသက ရဟန်းမျိုး, အန္တိမဝတ္ထု သို့ ရောက်ပြီးသော ရဟန်းတို့သည် အပကတတ်ရဟန်းတို့ မည်ကုန်၏၊ ထိုမှ ကြွင်းသော ရဟန်းတို့သည် ဤဥပသမ္ပဒကံ၌ ပကတတ်ရဟန်းတို့ မည်ကုန်၏၊ ပကတိသီလရှိသော ရဟန်း ဆိုလိုသည်။
ငါးပါး ပကတတ်၊ ဂိုဏ်းပြည့်လတ်၊ ကမ္မပတ္တသိ။ [သိသာပြီ။] ဂိုဏ်းမပြည့်လာ၊ ဝိပတ်သာ၊ ပြည့်လာ သမ္ပတ္တိ။
အဓိပ္ပာယ်။ ။ တစ်ခုသော သိမ်တွင် နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်း၌ ပဉ္စဝဂ္ဂဂိုဏ်း ပြည့်မလာလျှင် ဝိပတ္တိဖြစ်၏၊ ဂိုဏ်းပြည့်လာလျှင် သမ္ပတ္တိ ဖြစ်၏၊
ထိုမှကြွင်းထွေ၊ သိမ်တွင်းနေ၊ ထိုက်လေ ဆန္ဒသာ။
ဆန္ဒမလာ၊ ဝိပတ်သာ၊ လာလျှင် သမ္ပတ်ငြား။
အဓိပ္ပာယ်။ ။ ပကတတ် ၅-ပါးတို့မှ တစ်ပါး ထိုသိမ်တွင်း၌ ကြွင်းကျန် သမျှသော ရဟန်းတို့သည် ထိုကံ၌ ဆန္ဒပေးထိုက်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ ဆန္ဒသည် ကံပြုသံဃာတို့၏ အထံသို့ မရောက်လာသည် ဖြစ်အံ့။ ထိုကံသည် ဝဂ္ဂကံဖြစ်၍ ဝိပတ္တိ ဖြစ်၏၊ ရောက်လာသည်ဖြစ်အံ့၊ သမ္ပတ္တိ ဖြစ်၏၊
မျက်မှောက်တားမြစ်၊ ဝိပတ်ဖြစ်၊ မမြစ် သမ္ပတ်ငြား။
အဓိပ္ပာယ်။ ။ ‘သုဏာတု မေ’ အစရှိသည်ဖြင့် ဖတ်မှု, ရွတ်မှု ကံပြုဆဲ အခါ၌ ထိုပရိသတ်၌ အကျုံးဝင်သော သံဃာတစ်ပါးပါးက ထိုထိုကံကို တားမြစ်ခဲ့ပြန်သော် ဝိပတ္တိ ဖြစ်၏၊ တားမြစ်သူ မရှိဘဲ ချောမောစွာ ပြီးစီး၍ သွားလျှင် သမ္ပတ္တိ ဖြစ်၏၊
တားမြစ်ဆိုသည်ကား —
၁။ ဤကံကို မပြုကြပါနှင့်ဟူ၍လည်းကောင်း
၂။ ပြု၍မတော်ဟူ၍လည်းကောင်း
၃။ ပြုသည်ကို ငါတို့မကြိုက်, ငါတို့သဘောမတူ, ငါတို့သဘောမကျ”ဟူ၍ လည်းကောင်း,
၄။ ကမ္မဝါစာဖတ်ပုံကို ငါတို့ သဘောမကျဟူ၍လည်းကောင်း --
ဤသို့ အစရှိသည်ဖြင့် တားမြစ်ကြငြားအံ့၊ ကဲ့ရဲ့ပြစ်တင်စကား ပြောဆို ငြားအံ့၊ အများကြားအောင်ပင် မပြောငြားသော်လည်း မိမိအနီး၌ ရှိသောသူ အချင်းချင်းအား တိုးတိုးစကား ပြောဆိုငြားအံ့၊ ကောင်းသောစိတ်နှင့် ပြောသည် ဖြစ်စေ၊ မကောင်းသော စိတ်နှင့် ပြောသည်ဖြစ်စေ၊ ထိုကံပျက်၏၊
ကံပျက်၏ဆိုသည်ကား တားမြစ်သူနှင့် တိုက်ဆိုင်မိသော ဉတ်, ကမ္မဝါစာ အကြိမ်ပျက်၏၊ ဆုံးအောင် ဖတ်၍ သွားသော်လည်း ကံ မမြောက်ပြီ၊ ထိုတွင် ရပ်တန့်၍ တားမြစ်သူနှင့် ပြောဆိုပြီးငြိမ်းမှ ‘သုဏာတု မေ’က ပြန်၍ ဖတ်ရပြန် ၏၊
၂-ပါး, ၃-ပါးပြိုင်၍ ဖတ်ကြရာ၌ တစ်ပါးပါးက နောက်ကျ၍နေခဲ့သော် လည်းကောင်း၊ စာပျောက်၍ နေခဲ့သော်လည်းကောင်း ရပ်ပါဦး, ဆိုင်းပါဦးဟု ဆိုကြသည်များကို တားမြစ်ရာရောက်သည်ဟု ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး၏ ကျေးဇူးတော်ရှင် စံကျောင်းဆရာတော်ဘုရားကြီး အယူရှိတော်မူ ၏၊ သတိပြုတော်မူကြပါကုန်။
ပရိသတ်အတွက်နှင့် ကံပျက်မှု ပြီး၏၊
ဤသို့လျှင် ပြဆိုခဲ့ပြီးသော အလုံးစုံသော ဝိပတ္တိတို့ကို ကင်းလွတ်စေ၍ အလုံးစုံသော သမ္ပတ္တိတို့ကို ပြည့်စုံစေ၍ ပြုလုပ်အပ်သော ဥပသမ္ပဒကံသည်-
၁။ ဝတ္ထုသမ္ပတ္တိ အင်္ဂါ,
၂။ ဉတ္တိသမ္ပတ္တိ အင်္ဂါ,
၃။ အနုဿာဝန သမ္ပတ္တိ အင်္ဂါ,
၄။ သီမာသမ္ပတ္တိ အင်္ဂါ,
၅။ ပရိသာသမ္ပတ္တိ အင်္ဂါ။
ဤအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကံမြောက်၏၊ ရဟန်းကောင်း စင်စစ် ဖြစ်၏၊ ပဉ္စအင်္ဂါနှင့် ပြည့်စုံစွာ ဖြစ်ပေသောကြောင့် ‘ပဉ္စင်း’ ဟူသော စကားအနက် ပြည့်စုံ၏၊
စတုတ္ထကမ္မဝါတွင် “သော ဘာသေယျ”၌ ယျ-အက္ခရာကို ရွတ်ဆို၍ ပြီးဆုံး သည်နှင့် တစ်ပြိုင်နက် မြတ်စွာဘုရား၏ အမွေခံသားတော်အဖြစ်သို့ ရောက် လေ၏၊
ရဟန်းခံခန်း အမြွက် ပြီး၏၊