မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/သုဒ္ဓပါစိတ် (၉၂)

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၈။ သုဒ္ဓပါစိတ် (၉၂)
3388ဝိနည်းဥပဒေတော်ကြီး — ၈။ သုဒ္ဓပါစိတ် (၉၂)အရှင်သြဘာသ

၈။ သုဒ္ဓပါစိတ် (၉၂)

မှတ်ချက်။ ။နိဿဂ္ဂိယသဘော မပါသောကြောင့် ဤပါစိတ်အာပတ်တို့ကို ‘သုဒ္ဓပါစိတ်’ဟု ခေါ်သည်။ ပါစိတ်သက်သက် (ပါစိတ်ချည်းသန့်သန့်)ဟု ဆိုသည်။ ကုသိုလ်စိတ်ကို လျော့ကျစေတတ်၏၊ ထို့ကြောင့် ပါစိတ်မည်၏၊ စေတနာနှင့်တကွ သင့်အပ်သော ပါစိတ်အာပတ်ဖြစ်သည့်အခါ ကုသိုလ်စိတ်များ ကွယ်ပျောက်သောကြောင့် ‘ကုသိုလ်စိတ်’ကို လျော့ကျစေတတ်သော အာပတ်ဟု ဆိုသည်။

ပါရာဇိက စသော အခြားသော အာပတ်တို့လည်း ကုသိုလ်စိတ်ကို လျော့ကျစေတတ်သည်ပင်။ သို့သော် ၎င်းတို့မှာ ‘ပါရာဇိက’ စသော နာမည်ထူးကို ရပြီးဖြစ်၍ ဤအာပတ်များကိုသာ ‘ပါစိတ္တိယ’ဟု ခေါ်ရလေသည်။

အရှင်တို့ ...ကိုးဆယ့်နှစ်ပါးကုန်သော သုဒ္ဓပါစိတ် အမည်ရှိကုန်သော ဤ အာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏၊

၁။ မုသာဝါဒဝဂ်

* ၁။ မုသာဝါဒ

သိလျက် မဟုတ်မမှန်သော စကားကိုပြောလျှင် မုသာဝါဒသုဒ္ဓပါစိတ် အာပတ်သင့်၏၊

မုသားအပြစ်များ။ ။ (၁) ဥတ္တရိမနုဿဓမ္မကို လိမ်ပြောခြင်းကြောင့် စတုတ္ထပါရာဇိက အပြစ်၊ (၂) အမူလက ပါရာဇိကဖြင့် စွပ်စွဲခြင်းကြောင့် သံဃာဒိသေသ် အပြစ်၊ (၃) အမူလက သံဃာဒိသေသ်ဖြင့် စွပ်စွဲခြင်းကြောင့် ပါစိတ် အပြစ်၊ (၄) အမူလက ထုလ္လစ္စဉ်းစသော အောက်အာပတ် ၅-ပုံဖြင့် စွပ်စွဲခြင်း ကြောင့် ဒုက္ကဋ်အာပတ်အပြစ်၊ (၅) ဥတ္တရိမနုဿဓမ္မကို တိုက်ရိုက်မပြောဘဲ “အကြင်သူသည် မည်သည့်ကျောင်း၌ နေ၏၊ ထိုသူ ရဟန္တာတည်း” စသည်ဖြင့် မိမိကိုယ်ကို ရည်ညွှန်းလျက် သွယ်ဝိုက်၍ ပြောခြင်းကြောင့် ထုလ္လစ္စဉ်းအာပတ် အပြစ်၊ (၆) ထိုသို့ သွယ်ဝိုက်၍ ပြောရာ၌ တစ်ဖက်သား နားမလည်လျှင် ဒုက္ကဋ် အပြစ်၊ (၇) ဤမုသာဝါဒသိက္ခာပုဒ်တော်အရ လိမ်ပြောခြင်းကြောင့် ပါစိတ် အာပတ်အပြစ်အားဖြင့် မုသားအတွက် အာပတ် ၇-ချက် လာသည်။

အနာပတ္တိဝါရ။ ။ အဆောတလျင် (အလျင်အမြန်) ပြောဆိုမိ၍ မှားအံ့၊ အာပတ်မသင့်။ အကြောင်းတစ်ခုကို ပြောအံ့ဟု ရည်ရွယ်လျက် အခြား အကြောင်းတစ်ခုကို ပြောမိအံ့၊ အာပတ်မသင့်။

* ၂။ ဩမသဝါဒ

တစ်ပါးသော ရဟန်းကို ဆယ်ပါးသော ဆဲရေးခြင်းတို့တွင် တစ်ပါးပါးဖြင့် ဆဲရေးလျှင် စကားခွန်းတိုင်း ခွန်းတိုင်း ဩမသဝါဒသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [စောင်းချိတ်၍ ဆဲရေးလျှင် စကားခွန်းတိုင်းခွန်းတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊]

လူ, သာမဏေတို့ကို ဆဲရေးလျှင် စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊

ပြက်ရယ် ပြောင်လှောင်လိုသော သဘောဖြင့် ရဟန်းကိုဖြစ်စေ၊ လူ, သာမဏေတို့ကိုဖြစ်စေ “ဟေ့ အလောင်းတော်ကြီး လာပြီကွဲ့” စသည်ဖြင့် ပြောလျှင် စကားခွန်းတိုင်း ခွန်းတိုင်း ဒုဗ္ဘာသီအာပတ်သင့်၏၊

ဆဲရေးခြင်း (၁၀) ပါး

(၁) အမျိုးဇာတ်ကို ထိခိုက်ခြင်း၊ (၂) အမည်ကို ထိခိုက်ခြင်း၊ (၃) အနွယ်ကို ထိခိုက်ခြင်း၊ (၄) မျိုးရိုးအလိုက် လုပ်ကိုင်ခဲ့သော အလုပ်ကို ထိခိုက်ခြင်း၊ (၅) အတတ်ပညာကို ထိခိုက်ခြင်း၊ (၆) ထိုသူ၌ရှိသော အနာရောဂါကို ထိခိုက်ခြင်း၊ (၇) အနိမ့်, အမြင့်, အဖြူ, အမည်းစသော အသွင်အဆင်းသဏ္ဌာန်ကို ထိခိုက် ခြင်း၊ (၈) လောဘကြီးသူ, ဒေါသကြီးသူ, ရာဂကြီးသူ စသည်ဖြင့် ကိလေသာကို ထိခိုက်ခြင်း၊ (၉) သင့်နေသော အာပတ်ကို ထိခိုက်ခြင်း၊ (၁၀) တစ်စုံတစ်ခုကို မထိခိုက်ဘဲ ဟဲ့ နွားကြီး, ဟဲ့ တိရစ္ဆာန်ကြီးစသည်ဖြင့် ဆဲရေးတိုင်းထွာခြင်း၊ ဤကား အက္ကောသဝတ္ထုဖြင့် ဆဲရေးခြင်း ၁၀-ပါးတည်း။

သတိ။ ။ နန္ဒိဝိသာလနွားလား၏ ထုံးကို နှလုံးသွင်း၍ ခွေး, ဝက်စသော တိရစ္ဆာန်တို့ကိုသော်လည်း ဆဲရေးမြည်တွန်ခြင်း မပြုမိအောင် သတိရှိတော်မူကြ ပါကုန်။ အကျယ်ကို ပါတိမောက် ဘာသာဋီကာ, ဘုရားဥပဒေတော်ကြီးနှင့် ပါစိတ်ပါဠိတော် (မြန်မာပြန်) တို့၌ ရှု။

* ၃။ ပေသုည

ရဟန်းအချင်းချင်း ကွဲပြားအောင် ချောပစ်ကုန်းတိုက်လျှင် စကားခွန်းတိုင်း ခွန်းတိုင်း ပေသုညသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [လူ, သာမဏေတို့ကို ကုန်းတိုက်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊]

* ၄။ ပဒသောဓမ္မ

ပါဠိတော်နှင့် အဋ္ဌကထာလာ တရားများကို လူသာမဏေတို့အား ပုဒ်ပြိုင် ပို့ချလျှင် ပုဒ်တိုင်းပုဒ်တိုင်း ပဒသောဓမ္မသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပို့ချအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ်သင့်၏၊၊]

အနာပတ္တိဝါရ။ ။ လူ, သာမဏေတို့နှင့် တစ်ပြိုင်နက် ပါဠိသင်ယူအံ့၊ တစ်ပြိုင်နက် သရဇ္ဈာယ်အံ့၊ လေ့လာပြီးသော ကျမ်းဂန်ကို ရွတ်ဆိုသော လူ, သာမဏေတို့အား ထောက်ပေးအံ့၊ ကြောက်ရွံ့စွာဖြင့် ပါဠိကို ရွတ်ဆိုနေဆဲ လူ, သာမဏေတို့အား ထောက်ပေးအံ့၊ အာပတ်မသင့်။ ပါဠိတော်နှင့် အဋ္ဌကထာ မဟုတ်၊ တစ်စုံတစ်ယောက် စီကုံးအပ်သော ပါဠိများနှင့် အခြားဘာသာများကို သံပြိုင် ပို့ချသော်လည်း အာပတ်မသင့်။

* ၅။ ပထမ သဟသေယျ

လူယောက်ျား, သာမဏေတို့နှင့်သာ မဟုတ်၊ ပါရာဇိကလောက်သော တိရစ္ဆာန်အထီးတို့နှင့်လည်း တစ်မိုးတစ်ရံတည်းသော ကျောင်း, ဇရပ် စသည်တို့၌ အတူအရုဏ်တက်သည့်တိုင်အောင် သုံးညဉ့်ထက် ပိုလွန်၍ မအိပ်ရ။ အိပ်လျှင် ပထမ သဟသေယျသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [စတုတ္ထညဉ့်ကား နေဝင်သည့် အချိန်မှစ၍ အတူအိပ်ခွင့် မရတော့ပြီ။ (အိပ်လျှင် ဤသိက္ခာပုဒ်ဖြင့် ပါစိတ် အာပတ်သင့်၏ ဟူလို။) ထို့ကြောင့် စတုတ္ထညဉ့်၌ နေဝင်သည့် အချိန်မှ စ၍ လူ, သာမဏေတို့ကဖြစ်စေ, ရဟန်းကဖြစ်စေ ထိုကျောင်းမှ ဖဲခွာ၍ အခြား၌ အိပ်ရမည်။ ထိုနောက် ပဉ္စမညဉ့်မှ စ၍ တစ်ဖန် အတူအိပ်နိုင်ပြန်၏၊ ဆိုလိုရင်း မှာ ၎င်းတို့နှင့်အတူ အရုဏ်တက်သည့်တိုင်အောင် သုံးညဉ့်ဆက်၍ မအိပ်သမျှ ကာလပတ်လုံး ဤပြဆိုခဲ့ပြီးသော ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးရန် လုံးဝမလိုပြီဟူ၍ ဖြစ်သည်။]

အိပ်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ အိပ်ပြီးသည်ရှိသော် ပါစိတ် အာပတ်သင့်၏၊

ပါစိတ်အာပတ်၌ အကျုံးဝင်သည့် တစ်မိုးတစ်ရံတည်းသော ကျောင်း (၈) မျိုး။

၁။ အမိုး အလုံးစုံရှိ၍ အကာအရံ အလုံးစုံရှိသော ကျောင်း၊
၂။ အမိုး အလုံးစုံရှိ၍ အကာအရံ ထက်ဝက်ကျော်ကျော် ရှိသော ကျောင်း၊
၃။ အမိုး အလုံးစုံရှိ၍ အကာအရံ ထက်ဝက်ရှိသော ကျောင်း၊
၄။ အမိုး ထက်ဝက်ကျော်ကျော်ရှိ၍ အကာအရံ ထက်ဝက်ကျော်ကျော် ရှိသော ကျောင်း၊
၅။ အမိုး ထက်ဝက်ကျော်ကျော်ရှိ၍ အကာအရံ ထက်ဝက်ရှိသော ကျောင်း၊
၆။ အကာအရံ အလုံးစုံရှိ၍ အမိုးထက်ဝက်ကျော်ကျော်ရှိသော ကျောင်း၊
၇။ အကာအရံ အလုံးစုံရှိ၍ အမိုးထက်ဝက်ရှိသော ကျောင်း၊
၈။ အကာအရံ ထက်ဝက်ကျော်ကျော်ရှိ၍ အမိုးထက်ဝက်ရှိသော ကျောင်းဟူ၍ ၈-မျိုး ရှိ၏၊





အမိုးမှာ ယခုမျက်မြင် အမိုးများပင်တည်း။ အရံ (အကာ)ကား မဇ္ဈိမ ပုရိသအတောင်အားဖြင့် တစ်ထောင့်ထွာ မြင့်လျှင် အရံအကာ ဖြစ်ပြီ။ [ထိုမဇ္ဈိမ ဝဍ္ဎကီတွက်နည်းဖြင့် ယူသော် ၃-ပေ မြင့်သည်။] ယခုခေတ် အကာရှိသော ဇရပ်များနှင့် တစ်ထပ်ကျောင်းများသည် ဤသိက္ခာပုဒ်နှင့် ဆိုင်သော သေယျာ များတည်း။ နှစ်ထပ်သုံးထပ် စသည်ရှိသော အိမ်, ကျောင်းများ၌လည်း အတွင်း လှေကား တပ်ထားလျှင် အထပ်အားလုံးပင် သဟသေယျာကို ဖြစ်စေနိုင်၏၊ အပြင်လှေကား တပ်ထားသဖြင့် အပြင်မထွက်ဘဲ အထက်ထပ် အောက်ထပ် အဆက်အသွယ် မရလျှင် သဟသေယျာ မဖြစ်စေနိုင်ဟု သိ။

အချို့ အိမ်, ဇရပ်, ကျောင်းတို့၌ ဖိနပ်ချွတ် (ဆင်ဝင်)စမုခ် ရှိတတ်၏၊ ထိုစမုခ်၌ အမိုးအကာ လုံလောက်စွာပါလျှင် အတွင်းအဆောင်နှင့် ယခင် အထက်ထပ်တို့ပါ သဟသေယျာပင်တည်း။ အတွင်းဘက်ရှိ အခန်းတို့ အသီး အသီး အကာခြား၍ တံခါးပိတ်စေကာမူ သဟသေယျပင်တည်း၊ ထို့ကြောင့် သင်္ဘော ပထမ ဒုတိယခန်းများနှင့် ရွက်ထည် အကာချထားသော တတိယတန်း ကုန်းပတ်တို့မှာ အချင်းချင်း သဟသေယျာတို့ချည်းသာတည်း။ မီးရထား တစ်တွဲတည်း၌ သဟသေယျာ ဖြစ်ပုံမှာ ဆိုဖွယ်ရာ မရှိပြီ။ ထိုကဲ့သို့ သဟသေယျာ ဖြစ်လောက်သော နေရာတို့၌ သဟသေယျာ လွတ်အောင် ကန့်လန့်ကာ ကာထားခြင်း, ကြိုးတန်းထားခြင်းတို့ဖြင့် သဟသေယျာမှ မလွတ်နိုင်သည်သာ။

အတူအိပ်ခြင်း။ ။ ပြခဲ့သော သဟသေယျ ဖြစ်လောက်သည့် ကျောင်း, ဇရပ်, အိမ်, ရထား, သင်္ဘောများ၌ လူ သာမဏေ တိရစ္ဆာန် တစ်ဦးဦးက အိပ်ပျော်ပျော်, မပျော်ပျော် ဦးခေါင်းချထားခိုက် ရဟန်းကလည်း ဦးခေါင်းချလိုက် လျှင် သဟသေယျာ (တကွအိပ်ခြင်း) ဖြစ်တော့၏၊

ဒုက္ကဋ်အာပတ်၌ အကျုံးဝင်သည့် တစ်မိုးတစ်ရံတည်းသော ကျောင်း (၅)မျိုး။

၁။ အမိုးထက်ဝက်ရှိ၍ အကာအရံ ထက်ဝက်ရှိသော ကျောင်း၊
၂။ အမိုးအလုံးစုံရှိ၍ အကာအရံ အနည်းငယ်ရှိသော ကျောင်း၊
၃။ အကာအရံ အလုံးစုံ ရှိ၍ အမိုးအနည်းငယ်ရှိသော ကျောင်း၊
၄။ အမိုး ထက်ဝက်ကျော်ကျော်ရှိ၍ အကာအရံ အနည်းငယ်ရှိသော ကျောင်း၊
၅။ အကာအရံ ထက်ဝက်ကျော်ကျော်ရှိ၍ အမိုးအနည်းငယ် ရှိသောကျောင်း ဟူ၍ ၅-မျိုး ရှိ၏၊
[လေးပုံ ပုံ၍ တစ်ပုံသာ ရံခြင်း မိုးခြင်းသည် အနည်းငယ် ရံသည် မိုးသည် မည်၏၊]



၃-ညဉ့်အိပ်ပုံ

၃-ညဉ့်အိပ်-ဟူရာ၌ ၃-ညဉ့်လုံး ဆက်၍ အရုဏ်တက်သည့်တိုင်အောင် လူစသည်နှင့် အတူအိပ်ခြင်းကို ဆိုလိုသည်။ အရုဏ်မတက်မီ ထ, ထနေလျှင်ကား ၃-ညဉ့်အပြည့် အိပ်ရာ မရောက်၍ ၄-ညဉ့်မြောက်၌ အာပတ်မသင့်။ ၃-ညဉ့်အပြည့် အိပ်ပြီးနောက် ၄-ညဉ့်မြောက်၌ သဟသေယျအာပတ်’ သင့်ရာ၌ကား လူ, သာမဏေ, တိရစ္ဆာန်များလျှင် များသလောက် ဦးခေါင်းထောင်လိုက်ချလိုက် အကြိမ်များသလောက် အာပတ်လည်း တိုးပွားလေသည်။ [တိရစ္ဆာန်-ဟူသည် မေထုနသိက္ခာပုဒ်၌ ပြထားသော ပါရာဇိကလောက်သည့် တိရစ္ဆာန်များတည်း။ ကြွက်, အိမ်မြောင် စသည်တို့ကား သဟသေယျ မလောက်ကြဟု သိ။]

သဟသေယျ ဟင်းလေးအိုး

ထိုကဲ့သို့ အရုဏ်တက်သည့်တိုင်အောင် ၃-ညဉ့်အပြည့် အိပ်ပြီးနောက် ၄-ရက်မြောက်နေ့ နေဝင်သည်နှင့် လူ, သာမဏေ, ပါရာဇိကလောက်သော တိရစ္ဆာန်ရှိရာ၊ သဟသေယျလောက်သော ကျောင်း စသည်တို့၌ ဦးခေါင်း မချရ။ ဦးခေါင်းချမိသည်နှင့် တစ်ပြိုင်နက် အာပတ်သင့်၏၊ ထိုသို့ ဦးခေါင်းချပြီးနောက် အရုဏ်မတက်မီ ထစေကာမူ အာပတ်မှ မလွတ်တော့ပြီ။ ၅-ရက်မြောက်နေ့ နေဝင်သည်နှင့် လူစသည်တို့ရှိရာ ကျောင်းစသည်တို့၌ ဦးခေါင်းချလျှင် သဟသေယျအာပတ် ဆက်၍ သင့်ပြန်၏၊ ဤနည်းအတိုင်း ဆက်ကာဆက်ကာ အိပ်သွားလျှင် အရုဏ်မတက်မီ ထသော်ငြားလည်း အာပတ် အဆက်မပြတ်ချေ။ ဤသို့ အဆက်မပြတ်သင့်သော အာပတ်ကို သဟသေယျ ဟင်းလေးအိုးဟု ခေါ်ရိုးပြုကြ၏၊

သဟသေယျဖြတ်နည်း

ဤသို့ အဆက်မပြတ်သင့်သော သဟသေယျအာပတ်ကို ဖြတ်လိုမူ နေဝင် သည်နှင့် လူစသည်တို့ရှိရာ ကျောင်း စသည်တို့၌ ဦးခေါင်း မချလေလင့်၊ လူစသည်တို့ မရှိသော ကျောင်း စသည်တို့၌ဖြစ်စေ၊ လွင်တီးခေါင်၌ဖြစ်စေ အိပ်ရ မည်။ ဤသို့ အိပ်လျှင် သဟသေယျ အဆက်ပြတ်၍ နောက်ထပ် ၃-ညဉ့် လူစသည်တို့နှင့် အတူအရုဏ်တက်သည့်တိုင်အောင် အိပ်ခွင့်ရပြန်၏၊ (သို့မ ဟုတ်) နေဝင်သည်နှင့် လူစသည်တို့ကို အခြားကျောင်း စသည်တို့၌ သွား၍ အိပ်စေလျှင်လည်း သဟသေယျ အဆက်ပြတ်၍ နောက်ထပ် ၃-ညဉ့် လူ စသည်တို့နှင့်အတူ အရုဏ်တက်သည့်တိုင်အောင် အိပ်ခွင့်ရပြန်၏၊

အနာပတ္တိဝါရ။ ။ ၂-ညဉ့် ၃-ညဉ့်သာ အိပ်အံ့၊ ၂-ညဉ့် ၃-ညဉ့်အောက် ယုတ်လျော့၍ အိပ်အံ့၊ ၂-ညဉ့် အိပ်ပြီး၍ ၃-ညဉ့်မြောက်၌ အရုဏ်မတက်မီ ထ၍ နေအံ့၊ အမိုး အလုံးစုံရှိသော်လည်း အကာအရံ လုံးဝ မရှိသော နေရာ၌ အိပ်အံ့၊ အကာအရံ အလုံးစုံရှိသော်လည်း အမိုးလုံးဝ မရှိသော နေရာ၌ အိပ်အံ့။ အကာအရံ ထက်ဝက်ရှိ၍ အမိုး အနည်းငယ်ရှိသော နေရာ၌ အိပ်အံ့၊ အမိုး ထက်ဝက်ရှိ၍ အကာအရံ အနည်းငယ်သာရှိသော နေရာ၌ အိပ်အံ့၊ ထက်ဝက်မျှ အမိုးလည်း မရှိ၊ ထက်ဝက်မျှ အကာအရံလည်း မရှိသော နေရာ၌ အိပ်အံ့၊ ရဟန်းမဟုတ်သူသည် အိပ်နေ၍ ရဟန်းသည် ထိုင်အံ့၊ ရဟန်းသည် အိပ်နေ၍ ရဟန်းမဟုတ်သူသည် ထိုင်အံ့၊ နှစ်ဦးစလုံးသော်လည်း ထိုင်နေကုန်အံ့၊ အာပတ် မသင့်။

* ၆။ ဒုတိယ သဟသေယျ

နေဝင်သည့် အချိန်မှစ၍ အရုဏ်မတက်မီ အတွင်း၌ မာတုဂါမတို့နှင့် တစ်မိုးတစ်ရံတည်းသော ကျောင်း, ဇရပ်စသည်တို့၌ အတူမအိပ်ရ။ အိပ်လျှင် ဒုတိယ သဟသေယျသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [အိပ်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ အိပ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ဘီလူးမ, ပြိတ္တာမ, ပဏ္ဍုက်, ပါရာဇိကလောက်သော တိရစ္ဆာန်မတို့နှင့် အတူ ထိုသို့အိပ်သည်ဖြစ်စေ၊ နေ့အခါ၌ အိပ်ခန်းတံခါးကို မပိတ်ဘဲလျက် အိပ်သည်ဖြစ်စေ ဒုက္ကဋ်အာပတ်သင့်၏၊ [တံခါး-ဟူရာ၌ ရှေးခေတ်က အထက် ၌ ကွင်းတပ်၍ အောက်၌ ဆုံငယ်တပ်ထားသော (ယခုခေတ် ပတ္တာတပ်ထား သော) အိပ်ခန်းတံခါးကို ဆိုလိုသည်။]

အနာပတ္တိဝါရ။ ။အမိုးအလုံးစုံရှိသော်လည်း အကာအရံ လုံးဝမရှိသော နေရာ၌ အိပ်အံ့၊ အကာအရံ အလုံးစုံရှိသော်လည်း အမိုးလုံးဝမရှိသော နေရာ၌ အိပ်အံ့၊ အကာအရံ ထက်ဝက်ရှိ၍ အမိုးအနည်းငယ်သာရှိသော နေရာ၌ အိပ်အံ့၊ အမိုးထက်ဝက်ရှိ၍ အကာအရံ အနည်းငယ်သာရှိသော နေရာ၌ အိပ်အံ့၊ ထက်ဝက်မျှ အမိုးလည်း မရှိ၊ ထက်ဝက်မျှ အကာအရံလည်း မရှိသော နေရာ၌ အိပ်အံ့၊ မာတုဂါမ အိပ်သော် ရဟန်းသည် ထိုင်နေအံ့၊ ရဟန်းအိပ်သော် မာတုဂါမ ထိုင်နေအံ့၊ နှစ်ဦးစလုံးမူလည်း ထိုင်နေကုန်အံ့။ အာပတ်မသင့်။

နှိုးဆော်ချက်။ ။ တစ်မိုးတစ်ရံတည်းမှ ကင်းလွတ်စေခြင်းငှာ ဆေးရုံများ၌ ရဟန်းတော်များအတွက် သီးသန့်အဆောက်အအုံ ထားရှိဖို့ လိုသည်။

ရှေ့သိက္ခာပုဒ်၌ လူ, သာမဏေတို့နှင့် အတူ အရုဏ်တက်သည့်တိုင်အောင် ၃-ညဉ့်ထက် ပိုလွန်၍ မအိပ်ရဟု ဆိုထားရာ ၎င်းကို ဂိလာနရဟန်းများ အထူးသဖြင့် ဝေဒနာကြောင့် အိပ်ရာ၌ လဲလျောင်းနေရသော ရဟန်းများ စောင့်ရှောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အား ပြုစုစောင့်ရှောက်ရန် လိုက်ပါလာကြသော ကပ္ပိယ, ကျောင်းသား, သာမဏေတို့နှင့်တကွ ညဉ့်ဘက် အလှည့်ကျသော ဆေးရုံစောင့်တို့ကို နံနက် ၄-နာရီ အချိန်၌ ထစေ၍ လင်းသည့် တိုင်အောင် လျောင်း, အိပ်ခြင်းတို့ကို မပြုစေရ။ ဤစည်းကမ်းကို သံဃာ့ဆေးရုံ တိုင်း၌ ထားရှိဖို့ လိုသည်။ ဂိလာနသာမဏေတို့ကိုလည်း သံဃာ့ဆေးရုံများ၌ ရဟန်းတော်များနှင့်အတူ တစ်မိုးတစ်ရံတည်းဖြင့် ထားရန် မသင့်ပေ။ [၎င်းတို့ အတွက် သီးခြားအဆောက်အအုံတစ်ခု ထားရှိဖို့သင့်သည် ဟူလို။]

သီးသန့်အဆောက်အအုံဖြင့် အချို့မြို့များတွင် ရှိနေပြီးသော သံဃာ့ဆေးရုံ များ၌ ဤအချက်မှာ ချွတ်ယွင်းလျက် ရှိနေပါသည်။ ဤကိစ္စသည် ဆေးရုံအုပ် ချုပ်သော သူတို့ထက် ရဟန်းတော်များနှင့် ပို၍ သက်ဆိုင်လေသည်။ ဝိနည်း တော်ကို မိမိကိုယ်တိုင် မလေးစားချင် နေပါ၊ အခြားလေးစားသော ပုဂ္ဂိုလ်တို့ကို ငဲ့ညှာဖို့ကောင်းသည်။ ထို့ကြောင့် ဤစည်းကမ်းကို မိမိတို့နှင့် လိုက်ပါလာကြ သော ကပ္ပိယစသော သူတို့ကို တစ်သဝေမတိမ်း လိုက်နာစေအပ်ပေသည်။ [ဤအကြောင်းနှင့် ပတ်သက်၍ ၁၃၂၂-ခုနှစ်၌ ရဟန်းတစ်ပါးသည် ဗုဒ္ဓဓမ္မ လောကစာစောင် အတွဲ-၅၊ အမှတ်-၄၃ ၌ သံဃာတော်နှင့် ဆေးရုံဟူသော ဆောင်းပါးတွင်လည်း မေတ္တာရပ်ထားပါသည်။] ညဉ့်ဘက် အလှည့်ကျ ဆေးရုံစောင့်တို့ကိုလည်း ဆိုင်ရာက ဤစည်းကမ်းကို တစ်သဝေမတိမ်း လိုက်နာစေအပ် ပေသည်။

* ၇။ ဓမ္မဒေသနာ

ပြောဆိုကြသော စကားကို သိကြားနားလည်နိုင်သော ယောက်ျားလည်း အနီး၌ မရှိ၊ ဣရိယာပုထ်လည်း မပြောင်းဘဲလျက် ပါဠိတော်နှင့် အဋ္ဌကထာလာ တရားများကို မာတုဂါမတို့ချည်းသက်သက်အား တစ်ဦးလျှင် ခြောက်ခွန်းထက် ပိုလွန်၍ မဟောရ၊ ဟောလျှင် ပုဒ်တိုင်းပုဒ်တိုင်း ဓမ္မဒေသနာသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဟောအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပုဒ်တိုင်းပုဒ်တိုင်း ပါစိတ် အာပတ်သင့်၏၊]

မှတ်ချက်။ ။တစ်ခွန်း-ဆိုသည်ကား ဂါထာတို့၌ တစ်ပါဒသည် တစ်ခွန်း မည်၏၊ စုဏ္ဏိယတို့၌ ဝါကျတစ်ခုသည် တစ်ခွန်း မည်၏၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သည် တစ်ခွန်း မည်၏၊ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” သည် တစ်ခွန်း မည်၏၊

သရဏဂုံပေးမှု, သီလဥပုသ်ပေးမှုများသည် တရားဟောမှု မဟုတ်သော ကြောင့် အပ်၏ဟူ၍လည်း ယူကြ၏၊ [ဆင်ခြင်။]

သရဏဂုံ, သီလဥပုသ် ပေးရာတွင် ၁၂-တောင်အတွင်း၌ သိကြား နားလည်နိုင်သော ယောက်ျားကို နေစေ၍ ပေးရမည်။ ထိုယောက်ျားသည် သရဏဂုံ, သီလဥပုသ် မခံသော်လည်း အနီး၌ ရှိနေလျှင် အပ်တော့သည်။

ဘီလူးမအားလည်းကောင်း, ပြိတ္တာမအားလည်းကောင်း, ပဏ္ဍုက်အား လည်းကောင်း, လူယောင်ဆောင်ထားသော တိရစ္ဆာန်မအားလည်းကောင်း တရားဟောလိုလျှင် အထက်ပါအတိုင်း ကျင့်သုံးရမည်။ ပျက်ကွက်မူ ဒုက္ကဋ် အာပတ်သင့်မည်သာ။

* ၈။ ဘူတာရောစန

မိမိရထားလေပြီးသော စျာန်မဂ်ဖိုလ် နိဗ္ဗာန်တရားကို လူ, သာမဏေတို့ အား မပြောကြားရ။ ပြောကြားသော စကားကို ထိုခဏ၌ ထိုသူတို့ သိနားလည် လျှင် ဘူတာရောစနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [မသိနားမလည်လျှင် ဒုက္ကဋ်။ သွယ်ဝိုက်၍ ပြောလျှင်လည်း ဒုက္ကဋ်အာပတ်သင့်၏၊]

အမှာ။ ။ သာသနာတော်၏ မွန်မြတ်ကြောင်းကို သိစေလို၊ အားကျစေ လို၍ မိမိရထားလေပြီးသော စျာန် မဂ်ဖိုလ် နိဗ္ဗာန်တရားကို ဘိက္ခု, ဘိက္ခုနီတို့အား ပြောခွင့် ကြုံလျှင် ပြောကောင်း၏၊

မှတ်ချက်။ ။ အရိယာတို့မည်သည် ရူးသွပ်ခြင်း မရှိ၊ ရူးသော ပုဂ္ဂိုလ်သည် စျာန်မရနိုင်။ စျာန်ရထားပြီးသော ပုဂ္ဂိုလ်သည်လည်း အကယ်၍ ရူးသွပ်ခဲ့သော် ထိုစျာန်မှ ရွေ့လျောကျ၏၊ ထို့ကြောင့် အနာပတ္တိဝါရ၌ ရူးသော ရဟန်းအား အာပတ်မသင့်ဟု အခြားသိက္ခာပုဒ်များ၌ ဖော်ပြထားသကဲ့သို့ ဤသိက္ခာပုဒ်၌ မဖော်ပြထားပါ။ [အကျယ်ကို ပါတိမောက္ခဝိနိစ္ဆယကျမ်း၊ ကင်္ခါဘာသာဋီကာ ဒုတိယအုပ်နှင့် ပါစိတ်ဘာသာဋီကာတို့၌ ရှု။]

* ၉။ ဒုဋ္ဌုလ္လာရောစန

သမ္မုတိ မရထားဘဲလျက် တစ်ပါးသော ရဟန်း၏ သံဃာဒိသေသ်အာပတ် ကို လူ, သာမဏေတို့အား မပြောကြားရ။ ပြောကြားလျှင် ဒုဋ္ဌုလ္လာရောစန သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပြောကြားအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပြောကြားပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

အောက်အာပတ်များကိုဖြစ်စေ၊ သာမဏေတို့၏ အပြစ်ကိုဖြစ်စေ ပြော ကြားလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

မှတ်ချက်။ ။ “ထိုရဟန်း သံဃာဒိသေသ်အာပတ်သင့်၏”ဟု အာပတ်ကို သာ ပြောသည်ဖြစ်စေ၊ “ထိုရဟန်း သုက္ကဝိဿဋ္ဌိအမှုကို ပြု၏”ဟု ဝတ္ထုကိုသာ ပြောသည်ဖြစ်စေ အာပတ်မသင့်သေး။ “ထိုရဟန်း သုက္ကဝိဿဋ္ဌိအမှုကို ပြုသော ကြောင့် သံဃာဒိသေသ်အာပတ် သင့်၏”ဟု ဝတ္ထုနှင့် အာပတ်ကို တွဲစပ်၍ ပြောမှသာလျှင် ပါစိတ်အာပတ်သင့်သည်။

သမ္မုတိ--ဟူရာ၌ အာပတ်မပြတ်သင့်သော ရဟန်းအား နောင်အခါ စောင့် ရှောက်စိမ့်သောငှာ ပြောကြားရန် သံဃာက ရဟန်းတစ်ပါးအား ၃-ကြိမ်တိုင် တိုင် ပန်ကြား၍ သမုတ်ခြင်းကို ဆိုလိုသည်။

* ၁၀။ ပထဝီခဏန

ဇာတမြေကြီးကို ကိုယ်တိုင်လည်း မတူးမဆွရ။ သူတစ်ပါးကိုလည်း ‘တူးဆွလော့’ဟု ဆို၍ မခိုင်းရ။ ထိုမြေကြီး၌ ကိုယ်တိုင် မီးမွှေးခြင်း၊ ခြေ, လက်, တုတ် စသည်တို့ဖြင့် ခြစ်ခြင်း, ရေးသားခြင်း, အယုတ်သဖြင့် မြေပျက်အောင် ကျင်ငယ်ကို ပြင်းပြင်းစွန့်ခြင်း မပြုရ။ ထိုသို့ ပြုလုပ်လျှင် ပထဝီခဏနသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [တူးအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ အချက်တိုင်း အချက်တိုင်း (တူးဆွတိုင်း တူးဆွတိုင်း) ပါစိတ်အာပတ် သင့်၏၊]

အနာပတ္တိဝါရ။ ။သစ်တုံးလှိမ့်ရင်း, တောင်ဝှေးထောက်ရင်း, တံမြက် လှည်းရင်း ပျက်စေသော်လည်း ဖျက်လိုသောစိတ် မရှိခြင်းကြောင့် အာပတ် မသင့်။ သတိမေ့လျော့၍ တူးအံ့၊ စေတနာမရှိဘဲ တူးအံ့၊ အာပတ်မသင့်။ “ဤမြေကို ကပ္ပိလော့၊ ဤမြေကို သိလော့၊ ဤမြေကို ပေးလော့၊ ဤမြေကို ဆောင်ခဲ့လော့၊ ဤမြေဖြင့် အလိုရှိ၏၊ ဤမြေကို အပ်စပ်အောင် ပြုလော့’ဟု ဆိုအံ့၊ အာပတ်မသင့်။

အကျယ်ကို ပါတိမောက်ဘာသာဋီကာနှင့် ဘုရား ဥပဒေတော်ကြီးတို့၌ရှု။

ရှေးဦးစွာ မုသာဝါဒဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၂။ ဘူတဂါမဝဂ် (ခေါ်) သေနာသနဝဂ်

* ၁။ ဘူတဂါမ

ပေါက်ပွားစိမ်းရှင်နေသော မြက်, သစ်ပင် အပေါင်းတို့ကို ထိုးဆွဖြတ်လှီး မဖျက်ဆီးရ။ ဖျက်ဆီးလျှင် ထိုးဆွဖြတ်လှီးတိုင်း ထိုးဆွဖြတ်လှီးတိုင်း ဘူတဂါမ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဖျက်ဆီးအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ အချက်တိုင်း အချက်တိုင်း (ဖျက်ဆီးတိုင်း ဖျက်ဆီးတိုင်း) ပါစိတ်အာပတ်သင့်၏၊၊]

သစ်ပင်၌ တည်ရှိနေသော အသီး, အပွင့်, အရွက် အခက်တို့ကို မခူးမဆိတ် ရ။ ဗီဇဂါမ်-ဟု ခေါ်သော မျိုးစေ့အပေါင်းကိုဖြစ်စေ၊ ရေအိုးများ၏ အပြင်ဘက်၌ တည်ရှိတတ်သော ရေညှိကိုဖြစ်စေ၊ မှိုငုံတို့ကိုဖြစ်စေ မဖျက်ဆီးရ။ ထိုသို့ ပြုလုပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ [ပွင့်ပြီးသော ‘မှို’သည် အာပတ်၏အင်္ဂါ မလောက်။]

အမှာ။ ။ “မိမိသည် သစ်ပင်ဖြင့်လည်း ဖိမိအံ့၊ တွင်း၌လည်း ကျအံ့၊ သစ်ပင်ကို ဖြတ်၍လည်းကောင်း, မြေကို တူး၍လည်းကောင်း ထွက်ခြင်းငှာ စွမ်းနိုင်သည် ဖြစ်အံ့၊ အသက်ဟူသော အကြောင်းကြောင့်လည်း မိမိသည် မပြုအပ်။ တစ်ပါးသော ရဟန်းသည်ကား မြေကို တူး၍လည်းကောင်း, သစ်ပင် ကို ဖြတ်၍လည်းကောင်း, စိမ်းသော သစ်ပင်မှ လှံတံကို ဖြတ်၍ ထိုသစ်ပင်ကို ရိုက်စေ၍လည်းကောင်း ထွက်စေခြင်းငှာ အပ်၏၊ အာပတ်မသင့်ဟု ခပ်သိမ်း ကုန်သော အဋ္ဌကထာတို့၌ ဆို၏”ဟူ၍ ပါတိမောက္ခဝိနိစ္ဆယကျမ်း၌ ဆို၏၊

အနာပတ္တိဝါရ။ ။ ဤမြက်, သစ်ပင်, မျိုးစေ့ စသည်တို့ကို ကပ္ပိလော့, သိလော့, ပေးလော့, ဆောင်ယူခဲ့လော့။ ဤမျိုးစေ့တို့ကို အလိုရှိ၏၊ အပ်စပ် အောင်ပြုလော့ဟု ဆိုအံ့၊ အာပတ်မသင့်။ စေတနာမရှိသော ရဟန်း, သတိမေ့ လျော့၍ ပြုမိသောရဟန်း, မသိသောရဟန်း, ရူးသောရဟန်း, အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။

ဝိဝါဒကို စိစစ်ဝေဖန်ခြင်း

အောက်ပါ စာပိုဒ်တို့ကို မရေးမီ စာရေးသူ၏ သဘောထားကို ရှေးဦးစွာ ထုတ်ဆိုပါအံ့။ အယူအဆချင်း မတိုက်ဆိုင်၍ တစ်ဖက်သားအား ထိပါးပုတ်ခတ် လိုသော စိတ်ထားမျိုးဖြင့် ရေးခြင်း မဟုတ်ပါ။ အများ၏ အကျိုးကို ရည်၍ စာရေးသူ၏ ထင်မြင်ယူဆပုံကို ၎င်းတို့ စိစစ်ဝေဖန်ပြီး နှစ်သက်ရာ ဝါဒကို ရွေးချယ်၍ ဆောက်တည်ကျင့်သုံးနိုင်စေခြင်း အကျိုးငှာ ထိုထင်မြင်ယူဆပုံကို စိတ်ရိုးသဘောရိုးဖြင့် ပွင့်ပွင့်လင်းလင်း ထုတ်ဆိုရေးသားခြင်းဖြစ်သည်။ [ဝါဒချင်း မတိုက်ဆိုင်သော အခြားကဏ္ဍများ၌လည်း ဤအတိုင်း သိတော်မူကြပါကုန်။]

အချို့က ငှက်ပျောသီးကို ကပ္ပိ၍ စားကြ၏၊ [မကပ္ပိဘဲစားလျှင် အာပတ် သင့်သည်ဟု ယူဆသောကြောင့် ကပ္ပိ၍စားခြင်းဖြစ်သည်ဟု အဓိပ္ပာယ် ထွက် သည်။] အချို့က မကပ္ပိဘဲ စားကြ၏၊ ဤဝိဝါဒကို ဉာဏ်မီသလောက် ဓမ္မဓိဋ္ဌာန် အားဖြင့် ရှင်းပြပါအံ့။

သုမင်္ဂလ, ဒုမင်္ဂလ အလှူပွဲများ၌ များသောအားဖြင့် အုန်းတစ်လုံး ငှက်ပျောသီး နှစ်ဖီးကို ထည့်၍ ကန်တော့ပွဲ ပြုလုပ်လှူဒါန်းလေ့ရှိကြသည်။ ငှက်ပျောသီးကို ပိဏ္ဍပါတ်ဆွမ်းလောင်းရာများ၌လည်း ထည့်လောင်းလေ့ရှိကြ သည်။ [ငှက်ပျောသီးသည် ဘုရားရှင်လက်ထက်တော်မှာပင် သံဃာများ မှီဝဲသုံး ဆောင်သော သစ်သီးတို့တွင် အလွန်ထင်ရှားသော သစ်သီးဖြစ်သည်။]

အဋ္ဌကထာကျမ်း, ဋီကာကျမ်းများ၌ ငှက်ပျောသီးကို ကပ္ပိ၍ စားသင့်သည် ဟု အဆို မရှိပါ။ အထက်၌ ပြဆိုခဲ့ပြီးသော အနာပတ္တိဝါရ၌လည်း စေတနာ မရှိသော ရဟန်း, မသိသောရဟန်းအား အာပတ်မသင့်ဟု ဆိုထားပြန်သည်။ ဤအနာပတ္တိဝါရ၌ လာသော အဆိုနှစ်ရပ်ကို စိစစ်ပါအံ့။

အဘယ်ကြောင့် အနာပတ္တိဝါရကို ဘုရားရှင် မိန့်တော်မူသနည်းဟူမူ နောက်၌ ပြလတ္တံ့သော နိဿယမုစ္စကအင်္ဂါ၌ လာသည့် “အာပတ်သင့်သည် ကိုလည်း သိရမည်၊ အာပတ်မသင့်သည်ကိုလည်း သိရမည်”ဟူသော မိန့်ဆို ချက်ကို ထောက်သောအားဖြင့် ဘုရားရှင်သည် ဝိနည်းသိက္ခာပုဒ်တော်ကို အပိုအလို မရှိစေဘဲ ပညတ်တော်နှင့်အညီ ရဟန်းတော်များအား ဆောက်တည် ကျင့်သုံးစေလိုသောကြောင့် မိန့်တော်မူခြင်းဖြစ်သည်ဟူ၍ သိအပ်၏၊ [အာပတ္တိ ကို အာပတ္တိ၊ အနာပတ္တိကို အနာပတ္တိ၊ ဂရုကို ဂရု၊ လဟုကို လဟုဟု သူ့နေရာ နှင့်သူ ဆောက်တည်ကျင့်သုံးစေလိုသောကြောင့် အနာပတ္တိဝါရကို မိန့်တော် မူခြင်း ဖြစ်သည် ဟူလို။] အရာခပ်သိမ်း ဂရုဘက်သို့ လိုက်၍ မပြုစေလိုကြောင်း သိအပ်၏၊ ငှက်ပျောသီးကို မကပ္ပိဘဲ စားသင့်, မစားသင့်ဟူသော လိုရင်းအချက် ကို ဝေဖန်ပါအံ့။

ငှက်ပျောသီးတွင် အချို့ ရခိုင်ငှက်ပျောသီးများနှင့် အချို့ ဖီးကြမ်းငှက်ပျော သီးများ၌ အစေ့ရှိတတ်သည်။ [အလုံးတိုင်း၌ အစေ့ မရှိပါ၊ အစေ့ မရှိသည်က များသည်၊ ရှိသည်က နည်းသည်။] ဤအစေ့နှင့် ပတ်သက်၍ ပြောရပါမူ မည်သူ မှ ဤအစေ့ကို ကိုက်လို, ဝါးလို, မျိုလိုမည် မဟုတ်ပါ။ မတော်တဆ ကိုက်မိ ဝါးမိလျှင်လည်း မျိုမချဘဲ ထွေးပစ်ကြသည်သာ။ တစ်လုံးတလေ၌သာ အစေ့ရှိ သည်။ အစေ့ရှိ, မရှိကိုလည်း ကြိုတင်၍ မသိကြပါ။ ငှက်ပျောပင်များသည် အများနားလည်သိကြသလောက်ဆိုလျှင် ထိုငှက်ပျောစေ့တို့မှ ပေါက်ပွားသော အပင်များ မဟုတ်ပါ။ အပင်မကြီးမှ သားတက်ငယ် (အပင်ငယ်ကလေး)များ ပေါက်ပွား၍ ယခုစားနေကြသော ငှက်ပျောသီးများသည် ထိုငှက်ပျောစေ့များမှ ပေါက်သော အပင်များ၏ အသီးများ မဟုတ်ပါ။ ထိုသားတက်အပင်များမှ သီးကြသော အသီးများ ဖြစ်သည်။ စာရေးသူ သိသလောက် ပြောရမည်ဆိုလျှင် ဝိနည်းသိက္ခာပုဒ်ကို အလွန်လေးစားသော ကျောင်းတိုက်များ၌လည်း ငှက်ပျော သီးကို မကပ္ပိဘဲ ဘုဉ်းပေးကြသည်။ [ကပ္ပိရမည်ဟု ယခုခေတ် ကျမ်းပြုဆရာ များကလည်း ကျမ်းများ၌ မဖော်ပြကြပါ။] မကပ္ပိဘဲ စားခြင်းကြောင့် အာပတ် သင့်သလောဟူမူ မသင့်ဟု ဆိုရပေမည်။ အဘယ်ကြောင့်နည်း၊ မည်သူမှ ငှက်ပျောသီး အစေ့ရှိမှန်း, မရှိမှန်းလည်း မသိ၊ အစေ့ရှိ၍ မတော်တဆ ကိုက်မိ ဝါးမိလျှင်လည်း ကိုက်လို ဝါးလို ဖျက်ဆီးလိုသော စေတနာလည်း မရှိခြင်းကြောင့် အနာပတ္တိဝါရ၌ လာသော ထိုအဆိုနှစ်ရပ်နှင့် ကိုက်ညီပေသည်ဟူသောကြောင့် တည်း။ မိမိသည် ငှက်ပျောသီးကို မကပ္ပိဘဲ မစားသင့်ဟု ယူသည်ဟု ဆိုကြပါစို့။

ငှက်ပျောသီးကို ကပ္ပိ၍ စားခြင်းဖြင့် ရောက်အပ်သော အပြစ်ကို ပြောရ မည်ဆိုလျှင် မိမိသည် အနာပတ္တိဝါရကို မသိရာကျ၍ နိဿယမုစ္စကအင်္ဂါနှင့် မပြည့်စုံသော သူ၏အဖြစ်သို့လည်း ရောက်မှန်းမသိ ရောက်သည်။ ဘုရားရှင်၏ အလိုတော်နှင့် ကိုက်ညီအောင် သိက္ခာပုဒ်တော်ကို ထိန်းသိမ်း စောင့်ရှောက်တတ် သောသူ မဟုတ်ဟုလည်း ပြရာသို့ ရောက်မှန်းမသိ ရောက်သည်။ မိမိသည် ‘ဂရုကေ ဌာတဗ္ဗံ’ အခန်း၌ ပြဆိုထားသည့် ဘုန်းကြီးကဲ့သို့ ကျမ်းအားကိုးမဲ့၍ အရာခပ်သိမ်း ဂရုဘက်သို့ လိုက်၍ပြုသော ဘုန်းကြီး၏အဖြစ်သို့လည်း ရောက်မှန်းမသိ ရောက်သည်။ [ဤကား မိမိ၏အကျိုးကို ရည်၍ ဆိုခြင်းတည်း၊ သဘောမကျလျှင် ‘သည်းခံတော်မူပါ’ဟု တောင်းပန်ပါ၏၊] မိမိ၏ အယူအတိုင်း ဆိုလျှင် ငှက်ပျောသီးကို မကပ္ပိဘဲ စားနေကြသော ကျမ်းတတ်လဇ္ဇီ မထေရ်ကြီး များနှင့် တစ်ဝိုင်းတည်း၌ ဆွမ်းအတူတူ ဘုဉ်းပေးလျှင် မိမိမှာ ကပ္ပိခိုင်းဖို့လည်း အခက်၊ မကပ္ပိဘဲစားလျှင်လည်း မိမိအား ဒုက္ကဋ်အာပတ်သင့်မည်။ ကပ္ပိပြန် လျှင်လည်း ထိုမထေရ်ကြီးများနှင့် ဆန့်ကျင်၍ ပြုရာရောက်မည်။ (မစားဘဲ နေမှသာ အဆင်ပြေတော့မည်ဖြစ်သည် မဟုတ်ပါလော)။ အန္တရာယ် မဖြစ်သင့်ဘဲလျက် ဖြစ်မည်စိုး၍ ဆိုဦးအံ့။ မိမိသည် ကပ္ပိယ မထားဘဲ မြို့စွန်ရွာစွန် တောကျောင်း၌ တစ်ပါးတည်းနေမူ ဆွမ်းခံသွား၍ ရသော ငှက်ပျောသီးများကို ကပ္ပိပေးဖို့သူ မရှိ၍ မစားဘဲ စွန့်လိုက်မည်လော၊ သို့တည်းမဟုတ် မကပ္ပိဘဲ စားမည်လော။ (စားလျှင် အာပတ်သင့်ချိမ့်မည်)။ မစားဘဲ စွန့်လိုက်လျှင်လည်း ဒုက္ကဋ်အာပတ်မှ မလွတ်ဟူ၍ သတိရှိလေ။ အဘယ့်ကြောင့်နည်း၊ ကုသိုလ်လိုချင် ၍ မစားရက် မသောက်ရက်နှင့် လှူဒါန်းသော သဒ္ဓါဒေယျပစ္စည်းကို မစားဘဲ စွန့်လိုက်မည်ဆိုလျှင် အလွဲသုံးစားပြုရာရောက်၍ မပြုအပ်သည်ကို ပြုသည် မည်သောကြောင့် ဒုက္ကဋ်အာပတ်မှ မလွတ်ဟူသော အဆို ရှိသောကြောင့်တည်း။ သို့မဟုတ် ဆွမ်းခံစဉ် ငှက်ပျောသီးလောင်းသူများကိုပင် ကပ္ပိစေမည်လော။ ထိုသို့ ပြုလျှင်လည်း ငှက်ပျောသီးလောင်းသူက ယောက်ျား, မိန်းမအို ဖြစ်နေလျှင် တော်ပါသေး၏၊ အပျိုအရွယ် ဖြစ်နေလျှင်ကား အောက်ပါ အဆင်မပြေသော အချက်ကို သတိရှိလေ။

မိမိက ‘ကပ္ပိယံ ကရောဟိ’ဟု ဆို၍ ဒါယိကာမကလေးက ‘ကပ္ပိယံ ဘန္တေ’ ဟု ဆိုတတ်အောင် မိမိက ရွတ်လည်း ရွတ်ပြရဦးမည်၊ ကပ္ပိတတ်အောင်လည်း လက်တွေ့အားဖြင့် ကပ္ပိဖို့ ဓားငယ်စသော အရာတစ်ခုခုကို ယူစေ၍ ကပ္ပိပုံကို ပြလည်း ပြရဦးမည်။ အခန့်မသင့်လျှင် တွေ့မြင်သူများက မိမိအား ငှက်ပျောသီး လောင်းသူ ဒါယိကာမကလေးနှင့် အထင်လွဲ၍ နှုတ်ဖြင့်သော်လည်းကောင်း, စိတ်ဖြင့်သော်လည်းကောင်း စွပ်စွဲကောင်း စွပ်စွဲပေလိမ့်မည်။

ငှက်ပျောသီးကို မကပ္ပိဘဲစားခြင်းကြောင့် အာပတ်လည်း မသင့်၊ ဘုရားရှင် ၏ အလိုတော်နှင့်လည်း ကိုက်ညီပေသည်။ ကပ္ပိ၍ စားခြင်းဖြင့် ပြဆိုခဲ့ပြီးသော အပြစ်များသာ ထင်မြင်သောကြောင့် မကပ္ပိဘဲစားသင့်ပေသည်ဟု နိဂုံးချုပ် ပြောလိုပါ၏၊

ရှင်းလင်းချက်။ ။ ‘မိမိ’ ဆိုသော အသုံးအနှုန်းဖြင့် ရေးခြင်းမှာ ဆန့်ကျင်၍ ယူသော ပုဂ္ဂိုလ်တို့အား ရည်စူး၍ ရေးခြင်းမဟုတ်ပါ။ စာရှုသူတို့အား ရည်စူး၍ ရေးခြင်းဖြစ်သည်။ စာရှုသူမှန်သမျှကို ၎င်းကိုယ်ကို ဆန့်ကျင်၍ယူသော ပုဂ္ဂိုလ်၏ နေရာ၌ နေစေ၍ စာရေးသူ၏ ထင်မြင်ယူဆပုံကို လက်ခံသင့်, မခံသင့် စိစစ်ဝေဖန် ဆုံးဖြတ်နိုင်စေခြင်းငှာ စာရှုသူကို ‘မိမိ’ဆိုသော အသုံးအနှုန်းဖြင့် ရေးခြင်း ဖြစ်ပါသည်။

အကယ်၍ စာရေးသူ ယူဆသကဲ့သို့ မယူဆပါက သည်းခံခွင့်လွှတ်တော် မူကြပါကုန်။

* ၂။ အညဝါဒက

မေးစိစစ်သည်ကို မပြောဘဲလျက် အခြားစကားကို လှည့်ပတ်ပြောဆိုသည် ဖြစ်စေ၊ ဆိတ်ဆိတ်နေသည်ဖြစ်စေ ဒုက္ကဋ်အာပတ်သင့်၏၊

အခြားစကားကို လှည့်ပတ်ပြောဆိုခြင်းကြောင့် ‘အညဝါဒကကံ’ ဆိတ် ဆိတ်နေခြင်းကြောင့် ‘ဝိဟေသကကံ’သို့ ထိုရဟန်းအား သံဃာတော်က ဉတ်ကမ္မဝါစာဖြင့် တင်ရမည်။ ဤသို့ ကံပြုထားပါလျက် ထိုအတိုင်းပင် တစ်ဖန် ပြုပြန်လျှင် အညဝါဒကသုဒ္ဓပါစိတ်အာပတ်သင့်၏၊

ကံပြုပုံတို့ကို ပါစိတ် ပါဠိတော် (မြန်မာပြန်) အပိုဒ် (၉၅) နှင့် (၉၇) အသီး အသီးတို့၌ ရှု။

* ၃။ ဥဇ္ဈာပနက

သံဃာ့ကိစ္စကို ဆောင်ရွက်နေသည့် သမ္မုတိရထားသော ရဟန်းကို ကဲ့ရဲ့ ရှုတ်ချလျှင် ဥဇ္ဈာပနကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကဲ့ရဲ့ရှုတ်ချအံ့၊ အားထုတ် ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရှုတ်ချပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

အခြားရဟန်းနှင့် လူ, သာမဏေတို့၏ မဟုတ်မမှန်သော အပြစ်ကို ပြောလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

သမ္မုတိပေးပုံကို ပါရာဇိကဏ် ပါဠိတော် (မြန်မာပြန်) အပိုဒ်-၃၈၁၊ပထမ ဒုဋ္ဌဒေါသသိက္ခာပုဒ်၌ ရှု။

* ၄။ ပထမသေနာသန

သံဃာ့ဥစ္စာဖြစ်သော ညောင်စောင်း, အင်းပျဉ်, ဘုံလျှို, ခတ်အခင်းတို့ကို လွင်တီးခေါင်၌ ခင်းပြီး ခင်းစေပြီး၍ မသိမ်းခဲ့ဘဲ မပန်ကြားဘဲလျက် မသွားရ။ သွားလျှင် ပထမသေနာသနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပထမခြေလှမ်း ခဲတကျကို လွန်စေအံ့၊ ဒုက္ကဋ်။ ဒုတိယခြေလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏၊]

သူတစ်ပါး၏ ပုဂ္ဂလိကပစ္စည်း၌ ဒုက္ကဋ်အာပတ်သင့်၏၊ မိမိကိုယ်ပိုင် ပစ္စည်း၌ကား အာပတ်မသင့်။ ညောင်စောင်းဟူသည် အိပ်ရာခုတင်အမျိုးမျိုး တည်း။ အင်းပျဉ်ဟူသည် စားပွဲ, ထိုင်ခုံ, ကုလားထိုင်အမျိုးမျိုးတည်း။ ဘုံလျှို’ဟူသည် အပြင်က အဝတ်သို့ မဟုတ် သမင်ရေ စသော အပ်သောသားရေကို ချုပ်ပြီးလျှင် အတွင်း၌ အဆာသွတ်ထားသော (ထိုင်စရာ အိပ်စရာ) ဖုံမွေ့ရာ အမျိုးမျိုးတည်း။ [လဲအဆာသွတ်ထားလျှင် ရဟန်း, သာမဏေ, ဥပုသ်သည်တို့ မထိုင်မအိပ်ကောင်း။ အဝတ်အဆာ, သားမွေးအဆာ, ပိုးချည်အဆာ, မြက် သစ်ရွက်အဆာ, အုန်းဆံအဆာများ သွတ်ထားလျှင်ကား အိပ်ကောင်း ထိုင်ကောင်း၏၊]

ခတ်အခင်းဟူသည် အလယ်၌ အတွင်းသို့ ကျုံ့ဝင်၍ အထက်အောက် အပြန့်ကျယ်သော အခင်းတစ်မျိုးတည်း။ အတွင်း၌ အဆာမပါ။ မြက်စသည်ကို အလယ်က ထုံးဖွဲ့၍ ခပ်နိမ့်နိမ့် ထိုင်ဖြစ်အောင် ပြုလုပ်ထားသော အရာဝတ္ထုတစ် မျိုးတည်း။ ရုပ်တုတော်များ၏ အောက်၌ရှိသော ပလ္လင်များနှင့် ပုံသဏ္ဌာန်တူ သည်။ [ဤအမည်သည် ‘ကောစ္ဆ’သဒ္ဒါမှ လာ၍ ရှေးဆရာတို့ပေးသော အမည် ဖြစ်သည်ဟူ၍ ပါတိမောက်ဘာသာဋီကာ၌ ဆို၏၊ ပါစိတ်ပါဠိတော် (မြန်မာ ပြန်)၌ကား “၎င်းသည် ဖျာအခင်း, နေရာထိုင်ရာအခင်း အထူးပင်တည်း။ ၎င်းသည် လျှော်ဖြင့် ပြုလုပ်သော ဖျာ, ပန်းရင်းဖြင့် ပြုလုပ်သော ဖျာ, ဖြူဆံ မြက်ဖြင့် ပြုလုပ်သော ဖျာ, ပြိတ်မြက်ဖြင့် ပြုလုပ်သော ဖျာတည်း။ ထိုဖျာ အားလုံးသည် အတွင်း၌ ခေါက်သွင်း၍ ဖွဲ့ချုပ်သည်ချည်းတည်း”ဟု ဆို၏၊]

* ၅။ ဒုတိယ သေနာသန

သံဃိကကျောင်း၌ အိပ်ရာနေရာ အခင်းတို့ကို ခင်းပြီး, ခင်းစေပြီး၍ မသိမ်း ခဲ့ဘဲ မပန်ကြားဘဲလျက် မသွားရ။ သွားလျှင် ဒုတိယ သေနာသနသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ပထမခြေလှမ်း ကျောင်းအရံကို လွန်စေအံ့၊ ဒုက္ကဋ်။ ဒုတိယ ခြေလှမ်းကို လွန်စေအံ့၊ ပါစိတ်အာပတ်သင့်၏၊]

သူတစ်ပါး၏ ပုဂ္ဂလိကပစ္စည်း၌ ဒုက္ကဋ်အာပတ်သင့်၏၊ မိမိကိုယ်ပိုင် ပစ္စည်း၌ကား အာပတ်မသင့်။

* ၆။ အနုပခဇ္ဇ

သံဃိကကျောင်း၌ ရှေးဦးစွာရောက်၍ နေနှင့်သော ရဟန်းကို နေရာကျဉ်း မြောင်းကျပ်တည်း၍ ထွက်သွားစေခြင်းငှာ အတင်းတိုးဝှေ့၍ မထိုင်မအိပ်ရ။ ထိုသို့ ပြုလုပ်လျှင် အနုပခဇ္ဇသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ထိုရဟန်း၏ အနီး၌ အိပ်ရာနေရာကို ခင်းအံ့၊ ဒုက္ကဋ်။ ထိုနောက် ထိုင်ငြားအံ့၊ အိပ်ငြားအံ့၊ ပါစိတ် အာပတ်သင့်၏၊]

သူတစ်ပါး၏ ပုဂ္ဂလိကကျောင်း၌ ဒုက္ကဋ်အာပတ်သင့်၏၊ မိမိကိုယ်ပိုင် ကျောင်း၌ကား အာပတ်မသင့်။

* ၇။ နိက္ကဍ္ဎန

စိတ်ဆိုးသည်ဖြစ်၍ တစ်ပါးသော ရဟန်းကို သံဃိကကျောင်းမှ ကိုယ်တိုင် လည်း မနှင်ထုတ်ရ၊ သူတစ်ပါးကိုလည်း မခိုင်းရ။ ထိုသို့ ပြုလုပ်လျှင် နိက္ကဍ္ဎန သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [နှင်ထုတ်အံ့၊ အားထုတ်ခြင်း (ပယောဂ) ၌ ဒုက္ကဋ်။ နှင်ထုတ်ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊] နှင်ထုတ်--ဟူရာ၌ လည်း တရားသဖြင့် နေသူကို နှင်ထုတ်မှသာ အာပတ်သင့်သည်။ ခိုက်ရန်ပြုတတ်သော ရဟန်းများကို နှင်ထုတ်ရာ၌ကား အာပတ်မသင့်။

ထိုရဟန်း၏ ပရိက္ခရာကို ကိုယ်တိုင် ဆွဲထုတ်သော်လည်းကောင်း, သူတစ်ပါးကို ဆွဲထုတ်စေသော်လည်းကောင်း ဒုက္ကဋ်။ ကျောင်း၏ ဥပစာမှသော်လည်း ကောင်း, စည်းဝေးရာ ဇရပ်မှသော်လည်းကောင်း, မဏ္ဍပ်မှသော်လည်းကောင်း, သစ်ပင်ရိပ်မှသော်လည်းကောင်း, လွင်တီးခေါင်မှသော်လည်းကောင်း ကိုယ်တိုင် နှင်ထုတ်သည်ဖြစ်စေ၊ သူတစ်ပါးကို ခိုင်းသည်ဖြစ်စေ ဒုက္ကဋ်။ လူ, သာမဏေ တို့ကိုသော်လည်းကောင်း, ၎င်းတို့၏ ပရိက္ခရာကိုသော်လည်းကောင်း ထိုသို့ ပြုလုပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊

သူတစ်ပါး၏ ပုဂ္ဂလိကကျောင်း၌ ဒုက္ကဋ်အာပတ်သင့်၏၊ မိမိကိုယ်ပိုင် ကျောင်း၌ကား အာပတ်မသင့်။ [ပါတိမောက်ဘာသာဋီကာနှင့် ဘုရားဥပဒေတော်ကြီးတို့ကိုလည်း ရှု။]

အနာပတ္တိဝါရ။ ။ အလဇ္ဇီပုဂ္ဂိုလ်, ရူးသောပုဂ္ဂိုလ်, ရန်လိုသော ပုဂ္ဂိုလ်တို့ အား နှင်ထုတ်သော်လည်းကောင်း, နှင်ထုတ်စေသော်လည်းကောင်း အာပတ် မသင့်။ ၎င်းတို့၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း, ဆွဲထုတ်စေသော် လည်းကောင်း အာပတ်မသင့်။ [အလဇ္ဇီရဟန်း, ကောင်းမွန်စွာ ဆိုဆုံးမသည်ကို မလိုက်နာသော ရဟန်း, သာမဏေများကိုမူ မိမိနေရာ သံဃိကကျောင်း တစ်ကျောင်းမှသာ နှင်ထုတ်ခွင့်ရှိ၏၊ တစ်တိုက်လုံးမှကား နှင်ထုတ်ခွင့် မရှိ။]

* ၈။ ဝေဟာသကုဋိ

အထက်၌ ကြမ်း, ပျဉ်ချပ်တို့ဖြင့် မစီမခင်းအပ်သေးသော, မဇ္ဈိမပုရိသ ဦးခေါင်းလွတ်အောင်မြင့်သော, သံဃိကကျောင်း၏ ဆင့်ပေါ်တွင် တင်ထားအပ် သော အပေါင်တွင် အခြေစွပ်သော စို့ပရစ် မထိုးအပ်သေးသော, ညောင်စောင်း အင်းပျဉ်ဟုခေါ်သော ခုတင် ထိုင်ခုံတို့ကို ဖိ၍ မထိုင်ရ၊ မအိပ်ရ။ ထိုသို့ ပြုလုပ် လျှင် ဝေဟာသကုဋိသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဖိ၍ ထိုင်အံ့၊ အိပ်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ထိုင်ပြီး, အိပ်ပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊]

* ၉။ မဟလ္လကဝိဟာရ

ဆောက်လုပ်သူဒါယကာရှိ၍ အတွင်းဘက်၌ ဖြစ်စေ၊ အပြင်ဘက်၌ဖြစ်စေ၊ အတွင်းအပြင် နှစ်ဖက်လုံး၌ ဖြစ်စေ အင်္ဂတေ သို့မဟုတ် မြေညက်ဖြင့် လိမ်းကျံ အပ်သော ‘ကြီးသောကျောင်း’ကို မိမိနေထိုင်ဖို့ ဆောက်လုပ်စေလိုလျှင် တံခါးပေါင်၏ ထက်ဝန်းကျင်မှ နှစ်တောင့်ထွာအရပ်တိုင်အောင် တံခါးပေါင်နှင့်တကွ တံခါးရွက်ကို ခိုင်ခံ့မြဲမြံစွာ ထားခြင်းငှာလည်းကောင်း, လေသောက်ပြတင်းကို အပြေအပြစ်ပြုခြင်းငှာလည်းကောင်း အင်္ဂတေ သို့မဟုတ် မြေညက်ဖြင့် အဖန်ဖန် လိမ်းကျံစေအပ်၏၊ အမိုး၌ကား နှစ်ထပ်သုံးထပ် မိုးစေ၍ မိုးပုံမိုးနည်းကို စိမ်းရှင်သော ကောက်ခင်းပဲခင်း မရှိသော အရပ်၌ ရပ်လျက် စီမံအပ်၏၊ ထို နှစ်ထပ်ကို မိမိအလိုကျ မိုးစေပြီးနောက် သုံးထပ်မြောက် အမိုး၌ စီမံလျှင် စိမ်းရှင် သော ကောက်ခင်းပဲခင်း မရှိသောအရပ်၌ ရပ်လျက် စီမံစေကာမူ မဟလ္လကဝိဟာရသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [စီမံအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်၊ မိုးပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ စိမ်းရှင်သော ကောက်ခင်းပဲခင်း ရှိရာအရပ်၌ တည်လျက် စီမံအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [အကြင် လယ်၌ ပျိုးသော မျိုးသည် အသီးအပင် မဖြစ်သေး၊ မိုးရွာမူကား ပြည့်စုံလတ္တံ့၊ ထို လယ်သည် စိမ်းရှင်သော ကောက်ပဲ စသည် ရှိသောအရပ်၏ အရေအတွက်သို့ ရောက်၏၊]

ကျောင်းဆောင်တစ်ခုလုံး၏ မိုးသင့်ရာ အရပ်ကို အားလုံး မိုးပြီးသောအခါ တစ်ထပ်မိုးဟု မှတ်၊ ထို့နောက် ထပ်၍ အားလုံးမိုးပြီးသောအခါ နှစ်ထပ်မိုးဟု မှတ်၊ ဤသို့ နှစ်ထပ်မိုးပြီးတိုင်အောင် သဘောမကျသေးလျှင် ဖျက်၍ ပြင်စေ နိုင်၏၊ ထို နှစ်ထပ်ကို မိမိအလိုကျ မိုးစေပြီးနောက် သုံးထပ်မြောက် အမိုးကို မိုးဖို့ ပြင်ဆင်ရာတွင် “ဤအတိုင်းပင် မိုးရစ်တော့”ဟု မှာထား၍ ဖဲသွားရမည်၊ မသွားဘဲ ကြည့်နေလျှင်လည်း မစီမံရ၊ စီမံလျှင် ပါစိတ်အာပတ်သင့်၏၊

အချို့ဆရာတို့က ‘နှစ်စဉ် သုံးစဉ်’ဟု ရေးကြ၏၊ ဤသိက္ခာပုဒ်၌လာသည့် ပရိယာယ -- ဟူသော သဒ္ဒါကို အဘယာရာမ ဆရာတော်ဘုရား စီရင်တော် မူသော အဘိဓာန် နိဿယသစ်၌လည်း ‘အစဉ်’ဟု ပြန်ဆိုထား၏၊ သို့သော် ခေတ်အခေါ် အဝေါ်ကို လိုက်၍ ‘နှစ်ထပ် သုံးထပ်’ဟု အချို့ကျမ်းပြုဆရာတို့ ရေးသားသကဲ့သို့ ဤ၌လည်း ‘နှစ်ထပ် သုံးထပ်’ဟု ရေးသားပါသည်။ မိုးပုံမိုးနည်း ကို ကင်္ခါဘာသာဋီကာ ဒုတိယအုပ်၌ ရှု။

* ၁၀။ သပ္ပါဏက

ပိုးရှိမှန်း သိလျက် ထိုရေကို မြက်တော, မြေပြင်၌ မသွန်မလောင်းရ၊ သူတစ်ပါးကိုလည်း မခိုင်းရ။ ပိုးရှိနေသော ရေနည်းနည်း၌ မြေ, သစ်ရွက်, အမှိုက် တို့ကို မထည့်ရ၊ မထည့်စေရ။ ထိုသို့ ပြုလုပ်လျှင် သပ္ပါဏကသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ပြုလုပ်, ပြုလုပ်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပြုပြီးသည် ရှိသော် ပါစိတ်အာပတ်သင့်၏၊]

အနာပတ္တိဝါရ။ ။ ပိုးရှိသော ရေကို ပိုးမရှိဟု ထင်မှတ်၍ မြက်တော, မြေပြင်၌ သွန်းလောင်းလျှင် သွန်းလောင်းစေလျှင် အာပတ်မသင့်။ သေစေလို သော စေတနာ မရှိဘဲ သွန်းလောင်းသော ရဟန်း, သတိမေ့လျော့၍ သွန်းလောင်းသော ရဟန်း, မသိသော ရဟန်း, ရူးသော ရဟန်း, အစလက်ဦး လွန်ကျူး ‘သော ရဟန်းတို့အားလည်း အာပတ်မသင့်။

နှစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သော ဘူတဂါမဝဂ် (ခေါ်) သေနာသနဝဂ်သည်

ပြီးခြင်းသို့ ရောက်ပြီ။

၃။ ဘိက္ခုနောဝါဒဝဂ် (ခေါ်) ဩဝါဒဝဂ်

၁။ ဩဝါဒ

သမ္မုတိ မရထားဘဲလျက် ရဟန်းမိန်းမတို့ကို ဂရုဓမ်တရား ၈-ပါးဖြင့် ဆုံးမလျှင် ဩဝါဒသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဆုံးမအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဆုံးမပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊ ဂရုဓမ် တရားမှ တစ်ပါးသောတရားဖြင့် ဆုံးမအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊]

အမှာ။ ။ ဂရုဓမ်တရား ၈-ပါးကို ဘုရားဥပဒေတော်ကြီး၌ လာသော ဘိက္ခုနီပါတိမောက် ဘိက္ခုနီ ဖြစ်ပေါ်လာပုံ အခန်း၌ ရှု။ သမ္မုတိပေးပုံကို ပါစိတ် ပါဠိတော် (မြန်မာပြန်) အပိုဒ်-၁၄၅ ၌ ရှု။ ထိုရဟန်းမှာ ဘိက္ခုနောဝါဒက အင်္ဂါ ၈-ပါးနှင့် ပြည့်စုံရမည်။ ထိုအင်္ဂါတို့ကို သိလိုလျှင် ပါစိတ်ပါဠိတော် (မြန်မာပြန်) ပါတိမောက်ဘာသာဋီကာ, ဘုရားဥပဒေတော်ကြီးနှင့် ပါတိမောက္ခ ဝိနိစ္ဆယကျမ်းတို့၌ ရှု။

၂။ အတ္ထင်္ဂတ

သမ္မုတိကို ရထားသော်လည်း နေဝင်သည့်တိုင်အောင် ရဟန်းမိန်းမတို့ကို ဆုံးမလျှင် အတ္ထင်္ဂတသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဆုံးမအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဆုံးမပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

၃။ ဘိက္ခုနုပဿယ

ရဟန်းမိန်းမတို့ နာဖျားသောအခါကို ကြဉ်၍ အခြားအခါ၌ ၎င်းတို့၏ ကျောင်းသို့သွား၍ ၎င်းတို့ကို ဆုံးမလျှင် ဘိက္ခုနုပဿယသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဆုံးမအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဆုံးမပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

၄။ အာမိသ

မထေရ်ဖြစ်ကုန်သော ရဟန်းတို့သည် ဆွမ်း, သင်္ကန်း စသော အာမိသကို လိုချင်သောကြောင့် ရဟန်းမိန်းမတို့ကို ဆုံးမကြသည်ဟု ကဲ့ရဲ့ပြောဆိုလျှင် အာမိသသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကဲ့ရဲ့အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ကဲ့ရဲ့ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

၅။ စီဝရဒါန

လဲလှယ်ခြင်းကို ကြဉ်၍ ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းကို ပေးလျှင် စီဝရဒါနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပေးအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပေးပြီးရှိသော် ပါစိတ်အာပတ်သင့်၏၊]

၆။ စီဝရသိဗ္ဗန

ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ သင်္ကန်းကို ကိုယ်တိုင်လည်း မချုပ်ပေးရ၊ သူတစ်ပါးကိုလည်း မခိုင်းရ။ ထိုသို့ ပြုလုပ်လျှင် စီဝရသိဗ္ဗနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ချုပ်အံ့၊ ချုပ်ခိုင်းအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်၊ အပ်နုတ်တိုင်း အပ်နုတ်တိုင်း ပါစိတ်အာပတ်သင့်၏၊]

၇။ သံဝိဓာန

လမ်းခရီး၌ ဘေးအန္တရာယ် မရှိဘဲလျက် ရဟန်းမိန်းမတို့နှင့် တိုင်ပင်ညှိနှိုင်း ၍ အဓွန့်ရှည်သော တစ်ကြောင်းတည်းသော ခရီးသို့ အတူမသွားရ၊ အယုတ် သဖြင့် အနီးအပါးရွာသို့မျှလည်း အတူမသွားရ။ သွားလျှင် သံဝိဓာနသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [သွားအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ သွားပြီးသည် ရှိသော် ပါစိတ်အာပတ်သင့်၏၊]

အဓွန့်ရှည်သော ခရီး -- ဟူရာ၌ ယူဇနာခွဲရှိသော (ဝါ) လေးမိုင်ဟု အများ ယူကြသော ခရီးကို ဆိုလိုသည်။

၈။ နာဝါဘိရုဟန

ဖီလာကန့်လန့် ဖြတ်ကူးခြင်းကို ကြဉ်၍ ရဟန်းမိန်းမတို့နှင့် တိုင်ပင်ညှိနှိုင်း၍ တစ်စင်းတည်းသော လှေဖြင့် စုန်ဆန်စီး၍ အတူမသွားရ။ သွားလျှင် နာဝါဘိရုဟနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [စီးအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပြီးစီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

၉။ ပရိပါစိတ

ရှေး၌ လူတို့ စီရင်ထားခြင်းမရှိဘဲလျက် ရဟန်းမိန်းမ စီရင်မှ ဖြစ်ပေါ်လာ သော ဆွမ်း (ဘောဇဉ်)ကို သိလျက် မစားရ။ စားလျှင် မျိုတိုင်း, မျိုတိုင်း ပရိပါစိတ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [စားအံ့ဟု ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ် အာပတ်သင့်၏၊]

အနာပတ္တိဝါရ။ ။ ဆွမ်းဟူသော ဘောဇဉ်ငါးပါးကို ကြဉ်၍ အလုံးစုံသော ခဲဖွယ်တို့၌ အာပတ်မသင့်။

၁၀။ ရဟောနိသဇ္ဇ

ပြောဆိုကြသော စကားကို သိကြားနားလည်နိုင်သော အဖော် ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ ၁၂-တောင်အတွင်း၌ မရှိဘဲလျက် မေထုန်မှီဝဲနိုင်လောက် အောင် အကာအကွယ် မရှိသောနေရာဟု ဆိုအပ်သော ‘နားကွယ်ရာ’၌ ရဟန်းမိန်းမနှင့် တစ်ယောက်ချင်းချင်း ထိုင်နေလျှင် ရဟောနိသဇ္ဇသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ထိုင်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊] ရဟန်းယောက်ျား ထိုင်နေသော် ရဟန်းမိန်းမ ချဉ်းကပ် ၍ ထိုင်သော်လည်းကောင်း, ချဉ်းကပ်၍ အိပ်သော်လည်းကောင်း၊ ပါစိတ်အာ ပတ်သင့်၏၊။ [ပါစိတ်ပါဠိတော် (မြန်မာပြန်) ရဟောနိသဇ္ဇသိက္ခာပုဒ် အဖွင့်၊၊]

ဤသိက္ခာပုဒ်နှင့် စပ်၍ မှတ်ဖွယ်ကို ဒုတိယ အနိယတသိက္ခာပုဒ်အတိုင်း သိ။

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဘိက္ခုနောဝါဒဝဂ် (ခေါ်) ဩဝါဒဝဂ်သည်

ပြီးခြင်းသို့ ရောက်ပြီ။

၄။ ဘောဇနဝဂ်

* ၁။ အာဝသထပိဏ္ဍ

မနာမဖျားဘဲလျက် ခရီးသွားဧည့်သည်တို့ကို ကျွေးမွေးသော ဇရပ်၌ ထား အပ်သော ဆွမ်း (ဘောဇဉ်)ကို တစ်ကြိမ် (တစ်ခါ)ထက် ပိုလွန်၍ မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း အာဝသထပိဏ္ဍသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သင့်၏၊ အလုံးစုံသော ခဲဖွယ်တို့၌ အာပတ်မသင့်။]

* ၂။ ဂဏဘောဇန

နာဖျားသောအခါ, သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်ဆိုးသောအခါ, အဓွန့်ရှည်သော (ယူဇနာခွဲ)ခရီးသို့ သွားသောအခါ, လှေစီးသောအခါ, များစွာ သော ရဟန်းတို့ စည်းဝေးသောအခါ ‘သမဏ’အမည်ရသူတို့က ထမင်းကျွေး သောအခါ၊ ဤခုနစ်ပါးသော အခါတို့ကို ကြဉ်၍ အခြားအခါ၌ မအပ်သော ဖိတ်နည်းဖြင့် လေးပါး, လေးပါးထက်အလွန် ဖြစ်ကုန်သော ရဟန်းတို့အား “တပည့်တော်အိမ်သို့ ထမင်းစား ကြွကြပါဘုရား”ဟု ဆို၍ ပင့်ဖိတ်သော ဂဏဘောဇဉ်ကို သာယာလိုက်လံ တစ်ပေါင်းတည်း ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း ဂဏဘောဇနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သင့်၏၊ အလုံးစုံသော ခဲဖွယ်တို့၌ အာပတ် မသင့်။]

အမှာ။ ။ ဤ၌ တပေါင်းတည်း ခံယူခြင်းသာ လိုရင်းဖြစ်သည်၊ စားခြင်း၌ လိုရင်း မဟုတ်။ ထို့ကြောင့် ၄-ပါး, ၄-ပါးထက် အတူတကွ ခံယူ၍ မစားကောင်း။ ၄-ပါးလုံး တစ်ပြိုင်နက် မခံဘဲ တစ်ပါးပါးက နောက်မှ ခံယူလျှင် အားလုံးပင် အပြစ်လွတ်သည် ဟူလို။

ဤသိက္ခာပုဒ်သည် ကထိန်အာနိသံသ ငါးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

သင်္ကန်းလှူသောအခါ --ဟူသည် ကထိန်မခင်းလျှင် သီတင်းကျွတ်လဆုတ် ၁-ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် ၁-လ၊ ကထိန်ခင်းလျှင် တစ်ပေါင်းလပြည့်နေ့တိုင်အောင် ၅-လတည်း။

ဂဏဘောဇဉ်ခေါ်ပုံ

ဂိုဏ်း၏ ဥစ္စာဖြစ်သော ဘောဇဉ်သည် ‘ဂဏဘောဇန’ မည်၏၊ ဤ၌ ‘ဂိုဏ်း’ဟူသည် ဂဏဥပုသ်ပြုရာ၌ကဲ့သို့ နှစ်ပါး၊ သုံးပါး မဟုတ်၊ လေးပါးမှ စ၍ အထက် ရာ, ထောင် စသော ရဟန်းများကို ‘ဂိုဏ်း’ဟု ခေါ်သည်။ ထို ‘ဂိုဏ်း၏ ဥစ္စာဖြစ်သော ဂဏဘောဇဉ်’ဟူသည် မအပ်သော နည်းဖြင့် ဖိတ်မံခြင်းကြောင့် ဖြစ်စေ၊ ရဟန်းများကိုယ်တိုင် တောင်းခြင်းကြောင့်ဖြစ်စေ ရအပ်သော ဘောဇဉ် တည်း။ [ရဟန်း လေးပါး ငါးပါး စသည်တို့ ပေါင်း၍ ဖြစ်စေ၊ အသီးသီး ဖြစ်စေ ဒါယကာတို့ထံ ‘ငါ့အား ထမင်းလှူစမ်းပါ’ စသည်ဖြင့် ဘောဇဉ်ငါးပါးတွင် တစ်ပါးပါး၏ အမည်ဖြင့် တောင်းလျှင် (ဉာတိပဝါရိတထံမှပင် တောင်းစေကာမူ) မအပ်သော တောင်းခြင်းမည်၏၊]

လေးပါး, လေးပါးအထက် အတူတကွ ခံယူ၍ မစားကောင်းဟူရာ၌လည်း သံဃာကုန် မဟုတ်လျှင်သာ မစားကောင်းသည်၊ သံဃာကုန် ပင့်ရာ၌ ‘ဂဏ’ မဟုတ်တော့ဘဲ ‘သံဃ’ဖြစ်သောကြောင့် အတူတကွ ခံယူစားကောင်း၏၊

မှတ်ချက်။ ။ ‘ငါးကြော်ဘုဉ်းပေးကြွပါ၊ မုန့်တီဘုဉ်းပေးကြွပါ’ စသော အသုံးအနှုန်းများသည် မအပ်သော ဖိတ်နည်း ဖြစ်သည်။ ဤသို့သော အသုံး အနှုန်းဖြင့် လေးပါး, ငါးပါး, ခြောက်ပါး စသည်အား ပင့်ဖိတ်လာသော် ပယ်သာလျှင် ပယ်၊ မပယ်သာလျှင် သုံးပါးစီ, နှစ်ပါးစီ စသည်ဖြင့် ခံယူ၍ စားရာ၏၊

ထမင်း, ငါးဟင်း, အမဲဟင်း, အသားဟင်းစသော အသုံးအနှုန်းသည် အရပ်သုံး လူသုံးဖြစ်၍ မအပ်သော အသုံးအနှုန်းတည်း။ မုန့်တီဆွမ်း, ဆွမ်းဟင်း ဟူသော အသုံးအနှုန်းကို အပ်သော အသုံးအနှုန်းဟု ယူကြ၏၊

သမဏ--ဟူသည် သီတင်းသုံးဖော်ငါးယောက်နှင့် ပရိဗိုဇ်ရသေ့များတည်း။ ထိုသူတို့က ‘ဘတ္တ = ထမင်း’ ဟူသော နာမည်ဖြင့် ကျွေးလျှင်လည်း စားကောင်းသည်သာ။

၃။ ပရမ္ပရဘောဇန

နာဖျားသောအခါ, သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်ဆိုးသောအခါ၊ ဤသုံးပါးသောအခါတို့ကို ကြဉ်၍ အခြားအခါ၌ မအပ်သော ဖိတ်နည်းဖြင့် တစ်ပါးတည်းကိုဖြစ်စေ, ရဟန်းအားလုံးကိုဖြစ်စေ ‘တပည့်တော်အိမ်သို့ ထမင်းစား ကြွကြပါဘုရား’ဟု ဆို၍ ရှေးဦးစွာ ပင့်ဖိတ်ထားသောသူ၏ ဘောဇဉ်ကို ရှေးဦးစွာလည်း မစား၊ ဝိကပ္ပနာလည်း မပြုဘဲလျက် နောက်မှ ပင့်ဖိတ်သော သူ၏ ဘောဇဉ်ကို အလျင်မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း ပရမ္ပရဘောဇနသုဒ္ဓ ပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သင့်၏၊ အလုံးစုံသော ခဲဖွယ်တို့၌ အာပတ်မသင့်။]

သင်္ကန်းလှူသောအခါ -- ဟူသည် ကထိန်မခင်းလျှင် သီတင်းကျွတ်လဆုတ် ၁-ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် ၁-လ၊ ကထိန်ခင်းလျှင် တပေါင်းလပြည့်နေ့တိုင်အောင် ၅-လတည်း။

ဝိကပ္ပနာပြုပုံ

မအပ်သောနည်းဖြင့် ဒါယကာနှစ်ဦး, သုံးဦး စသည်တို့က ဖိတ်ထားရာ၌ ပထမဒါယကာ၏ ဘောဇဉ်ကို မစားမီ ဒုတိယဒါယကာ၏ ဘောဇဉ်ကို စားလို သော် ပထမဘောဇဉ်ကို အနီးအပါးရှိ မိမိနှစ်သက်ရာ သီတင်းသုံးဖော်ငါးဦး တို့တွင် တစ်ဦးဦးအား “မယှံ ဘတ္တပစ္စာသံ တုယှံ ဒမ္မိ = ငါ၏ မည်သည့်ဒါယကာ ဘက်၌ မျှော်လင့်ဖွယ်ကို သင့်အား လှူပါ၏”ဟု ဆို၍ ပေးလိုက်ရမည်။ မိမိပေးလို သူက အဝေးမှာရှိလျှင် “မယှံ ဘတ္တပစ္စာသံ ဣတ္ထန္နာမဿ (ဤအမည်ရှိသူအား) ဒမ္မိ”ဟု မိမိဘာသာ ဆို၍ ပေးပါလေ။ [မြန်မာလို ဆို၍လည်း ပေးနိုင်၏၊] ဤသို့ မျက်မှောက်ရှိသူအားဖြစ်စေ၊ မျက်ကွယ်၌ နေသူအားဖြစ်စေ စွန့်လိုက် ပေးလိုက်ခြင်းကို ဝိကပ္ပနာပြုခြင်းဟု ခေါ်၏၊ ထိုသို့ ဝိကပ္ပနာပြုလိုက်လျှင် ဒုတိယဘောဇဉ်ကို စားကောင်းပြီ။ တတိယဘောဇဉ်ကို အလျင်စားလိုရာ၌ လည်း ပထမ, ဒုတိယဘောဇဉ်များကို ဝိကပ္ပနာပြု၍ စားနိုင်၏၊

အနာပတ္တိဝါရ။ ။ ပါစိတ်ပါဠိတော်၌ နိမန္တိယမာနော ဘိက္ခံ ဂဟေ-ဿာမီတိ ဘဏတိ။

အနက် — နိမန္တိယမာနော = ပင့်ဖိတ်အပ်သည်ရှိသော် (ဝါ) ပင့်ဖိတ်အပ်သော ရဟန်းသည်။ ဘိက္ခံ = ဆွမ်းကို။ ဂဟေဿာမိ = ခံယူ အံ့။ ဣတိ = ဤသို့။ ဘဏတိ = ပြောဆို၏၊ ၎င်းကို ပါစိတျာဒိအဋ္ဌကထာ၌ - နိမန္တိယမာနော ဘိက္ခံ ဂဟေဿာမီတိ ဘဏတီတိ ဘတ္တံ ဂဏှာတိ နိမန္တိယမာနော န မယှံ တဝ ဘတ္တေနတ္ထော၊ ဘိက္ခံ ဂဏှိဿာမီတိ ဝဒတိ။

အနက်- နိမန္တိယမာနော ဘိက္ခံ ဂဟေဿာမီတိ ဘဏတီတိ = နိမန္တိယမာနော ဘိက္ခံ ဂဟေဿာမီတိ ဘဏတိဟူသည်ကား။ ဘတ္တံ = ထမင်းကို။ ဂဏှ = ခံယူတော် မူပါဘုရား။ ဣတိ = ဤသို့။ နိမန္တိယမာနော = ပင့်ဖိတ်အပ်သည်ရှိသော် (ဝါ) ပင့်ဖိတ်အပ်သော ရဟန်းသည်။ မယှံ = ငါ့အား။ တဝ = သင်၏၊ ဘတ္တေန = ထမင်းဖြင့်။ န အတ္ထော = အလိုမရှိ။ ဘိက္ခံ = ဆွမ်းကို။ ဂဏှိဿာမိ =ခံယူအံ့။ ဣတိ = ဤသို့။ ဝဒတိ = ပြောဆို၏ဟု ဖွင့်သည်။ [ဤသို့ဆို၍ ခံယူအံ့၊ အာပတ် မသင့် ဟူလို။]

ဤစကားများကို ထောက်လျှင် ‘ထမင်း’ဟူသော အမည်ဖြင့် ဖိတ်မှသာ လျှင် အာပတ်သင့်နိုင်သည်။ ‘ဆွမ်း’ဟူသော အမည်ဖြင့် ဖိတ်လျှင်ကား အာပတ်မသင့်ဟူသော သဘောမှာ ပေါ်လွင်ပါသည်။ ယခုခေတ်၌ အားလုံး လိုလိုပင် ဆွမ်းဟူသော အမည်ဖြင့် ဖိတ်ခြင်းကြောင့် ဤသိက္ခာပုဒ်ဖြင့် အာပတ်သင့်ဖို့ ခဲယဉ်းပေသည်။

* ၄။ ကာဏမာတာ

လက်ဆောင်အလို့ငှာ စီရင်အပ်သော မုန့်ကြော်, မုန့်ရှက်တို့ဖြင့်လည်း ကောင်း၊ လမ်းရိက္ခာအလို့ငှာ စီရင်အပ်သော မုန့်ကြွက်ကျစ်တို့ဖြင့်လည်းကောင်း အိမ်သို့ ချဉ်းကပ်လာသော ရဟန်းကို ဆွေမျိုးမတော်မဖိတ်ကြားထားသော သူတို့ က ပင့်ဖိတ်လျှင် နှစ်သပိတ်, သုံးသပိတ် အပြည့်ထက် ပိုလွန်၍ မခံယူရ။ ခံယူ၍ ရလျှင် ကာဏမာတာသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ခံယူပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ဤသို့ နှစ်သပိတ်, သုံးသပိတ်ပြည့်အောင် ခံယူပြီးနောက် ထိုမုန့်တို့ကို တစ်ပါးကုန်သော ရဟန်းတို့နှင့် အတူတကွ ဝေခြမ်းအပ်၏၊ ဤသို့ ဝေခြမ်းရခြင်း သည် ထိုမုန့်တို့ကို နှစ်သပိတ်, သုံးသပိတ် ပြည့်အောင် ခံယူရာ၌ ကျင့်ရာသော ဝတ်တည်း။ (ဝါ) လောကုတ္တရာတရားအား လျော်သော ကျင့်ဝတ်တည်း။ [ပျက်ကွက်လျှင် ဝတ္တဘေဒဒုက္ကဋ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ သုံးသပိတ်ပြည့်အောင် ခံယူပြီးနောက် တစ်ပါးသော ရဟန်း ကို မြင်လျှင် ထိုရဟန်းအား ‘အရှင်ဘုရား, ဘုရားတပည့်တော်သည် ထိုအိမ်မှ မုန့်တို့ကို သုံးသပိတ်ပြည့်အောင် ခံယူခဲ့ပါပြီ။ ထို့ကြောင့် အရှင်ဘုရားသည် ထိုအိမ်မှ မခံယူလေလင့်’ဟု ပြောကြားရမည်။ မြင်လျက် မပြောကြားအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ [ပြောကြားပါလျက် ခံယူအံ့၊ ထိုရဟန်းအားလည်း ဒုက္ကဋ် အာပတ်သင့်၏၊]

တစ်သပိတ်အပြည့်သာ ခံယူခဲ့လျှင် ထိုဒုတိယ ရဟန်းအား ‘တပည့်တော် တစ်သပိတ် ခံယူခဲ့ပြီ’ဟု ပြောရမည်။ ထိုဒုတိယရဟန်းကလည်း တစ်သပိတ် အပြည့်သာ ခံယူလျှင် အခြား တတိယရဟန်းအား ‘ပထမရဟန်းက တစ်သပိတ်, တပည့်တော်က တစ်သပိတ် ခံယူပြီးပြီ’ဟု ပြောရမည်။ တတိယရဟန်းက တစ်သပိတ် ခံယူပြီးနောက် အခြားတွေ့သော ရဟန်းတို့အား ‘ပထမ, ဒုတိယ ရဟန်းနှင့် တပည့်တော်ပါ တစ်သပိတ်စီ ခံယူပြီးပြီဖြစ်၍ ထိုအိမ်မှ မခံယူလေ လင့်’ဟု ပြောကြားရမည်။ ပထမရဟန်းက နှစ်သပိတ် ခံယူလျှင်လည်း ထိုနည်း အတိုင်းပင် ပြောပြရမည်။ မည်သည့်နည်းနှင့်မှ ထိုတစ်အိမ်တည်းမှ သုံးသပိတ် အပြည့်ထက် မပိုလွန်စေရဟု သိ။

ပြည့်အောင်--ဟူရာ၌ သပိတ်၏အတွင်း အနားရေးနှင့်ညီမျှရုံသာ ခံယူခြင်း ကို ဆိုလိုသည်။

မုန့်ကြွက်ကျစ်ဟူသော ရိက္ခာအလို့ငှာ စီရင်သော အလုံးစုံသော မုန့်တည်း။

အကျယ်ကို ပါတိမောက်ဘာသာဋီကာနှင့် ပါစိတ်ပါဠိတော် (မြန်မာ ပြန်)တို့၌ ရှု။

၅။ ပထမ ပဝါရဏာ

ဆွမ်း (ဘောဇဉ်)စားနေတုန်းအခါ၌ ကပ်အံ့သောငှာ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ယူဆောင်လာသော ဘောဇဉ်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း ပယ်မြစ်လျှင် ပဝါရိတ်သင့်၏၊ ထိုစားနေသော ဣရိယာပုထ်ကို ဖျက်၍ အခြားသော ဣရိယာပုထ်ဖြင့် အတိရိတ်ဝိနည်းကံ မပြုရသေးသည့် ဂိလာန၏အကျန် မဟုတ်သော ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကိုဖြစ်စေ မစားမသောက်ရ။ စားသောက်လျှင် မျိုတိုင်း မျိုတိုင်း ပထမ ပဝါရဏာသုဒ္ဓ ပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏၊]

ဆိုလိုရင်းမှာ ပဝါရိတ်သင့်ရုံဖြင့် မည်သည့်အာပတ်မှ မသင့်သေးပါ၊ ပဝါ ရိတ်သင့်၍ ထိုစားနေသော ဣရိယာပုထ်ကို ဖျက်ပြီးနောက် ဂိလာန၏အကျန် မဟုတ်သော ခဲဖွယ်ဘောဇဉ်ဟူသမျှသည် အတိရိတ်ဝိနည်းကံ ရှိ၏၊ ထို့ကြောင့် ဂိလာန၏ အကျန်မဟုတ်မှသာလျှင် အတိရိတ်ဝိနည်းကံ ပြုရမည်၊ ဂိလာန၏ အကျန်ဖြစ်လျှင်ကား အတိရိတ်ဝိနည်းကံ ပြုဖွယ်မလိုဟူ၍ ဖြစ်သည်။ အတိရိတ် ဝိနည်းကံ ပြုရမည်ဟူရာ၌ ပဝါရိတ်သင့်စဉ်အခါ၌ရှိသော ဣရိယာပုထ်ကို ဖျက်လိုက်မှသာလျှင် အတိရိတ်ဝိနည်းကံရှိသည်ဟု ဆိုလိုသည်။ [မဖျက်ဘဲ ဆက်၍ စားလျှင်ကား အတိရိတ်ဝိနည်းကံ ပြုဖွယ် မလို။] ဂိလာန၏ အကျန်ဟူရာ၌ ဂိလာနရဟန်း စားပြီး၍ ကျန်မှသာ မဟုတ်၊ ထိုဂိလာနဖို့ ခဲဖွယ်ဘောဇဉ် မှန်သမျှကို ဂိလာန၏ အကျန်ဟု ဆိုလိုသည်။

ဘောဇဉ် ၅-မျိုး

၁။ သလေး, ကောက်ကြီး, မုယော, ဆပ်, လူး, ပြောင်း, နတ်ကောက် -- ဤစပါးမျိုး ခုနစ်ပါးမှ ဖြစ်သော ဆန်ဖြင့် ချက်အပ်သော, ‘ဩဒန’ဟု ခေါ်သော ထမင်းမျိုး၊

၂။ စပါးမျိုး ခုနစ်ပါးမှဖြစ်သော ဆန်ကို ကျက်စွာ လှော်၍အမှုန့်ပြုလုပ်ထားသော ဆန်မုန့်ညက်ကို ထောပတ် ပျားရည် တင်လဲ စသည်ဖြင့် ရောနှောပြီး ပြုလုပ် အပ်သော အခဲအလုံးဟူသော သတ္တုမုန့်၊

၃။ မုယောဆန်ကို အမှုန့်ထောင်း၍ သကြား, ထောပတ်တို့နှင့် နယ်ပြီး မုန့်ရှက် မုန့်ပြား လုပ်၍ အိုးကင်း၌ ကြော်အပ်သော မုန့်မျိုး, [ဤမုန့်မျိုးသည် ကုမ္မာသမုန့် မည်၏၊ မုယောကို အဘိဓာန်နိဿယသစ်၌ ‘ဂျုံဖြူ’ ဟု ပေး၏၊၊]

၄။ ရေသတ္တဝါမျိုး၊

၅။ ကုန်းသတ္တဝါမျိုး။

[ခေါက်ဆွဲသည် ဘောဇဉ်၌ ပါဝင်၏၊ လက်ဖြင့်ကော်၍ ရကောင်းသော ‘ယာဂုအပျစ်’လည်း ပါဝင်၏၊ ယာဂုအကျဲကား မပါဝင်။] ယခုခေတ်၌ ကြော်ထား, ဖုတ်ထား, ပေါင်းထားသော မုန့်အမျိုးမျိုးကို ထိုဩဒန, ကုမ္မာသ, သတ္တုတို့မှ အလွတ်ဖြစ်သော ခါဒနီယ (ခဲဖွယ်)ဟု မှတ်-ဟူ၍ ကင်္ခါဘာသာဋီကာ ဒုတိယအုပ်၌ ဆို၏၊ ခဲဖွယ်မည်သည် ဘောဇဉ်ငါးမျိုး၊ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိကတို့ကို ကြဉ်၍ အကြွင်းသည် ခဲဖွယ် မည်၏၊

အင်္ဂါ ၅-ပါး စုံမှသင့်

၁။ စားဆဲ (စား၍ မပြီးသေး) ဖြစ်ခြင်း၊ ၂။ စားဆဲဝတ္ထု၊ ကပ်ရန် ဆောင်ယူလာသော ဝတ္ထု၊ ဤနှစ်မျိုးလုံးသည် ဘောဇဉ်ငါးပါးတွင် တစ်ပါးပါး ဖြစ်ခြင်း၊ [ဘောဇဉ် ၅-ပါးတွင် မပါဝင်သော ဆားဟင်းများနှင့် ခဲဖွယ်ဟု ခေါ် သော သစ်သီးပဲမုန့်စသည်တို့ကို ပယ်မြစ်သော်လည်း ပဝါရိတ်မသင့်။] ၃။ ပေး သူက နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ဝင်ရောက်ခြင်း။ [ဟတ္ထပါသ် အပြင် ဘက်က ပေးသည်ကို ပယ်သော်လည်း ပဝါရိတ်မသင့်။] ၄။ ဆောင်ယူခိုက် ဖြစ်ခြင်း၊ [လက်ဖြင့်မြှောက်၍ ဆောင်ထားခိုက်ကို ပယ်မှ ပဝါရိတ်သင့်သည်၊ သပိတ်ခြေပေါ်၌ ချထားသော ဆွမ်းစသည်ကို ‘ယူမလား’ဟု နှုတ်ဖြင့် မေးသည် ကို ပယ်ရာ၌ ပဝါရိတ်မသင့်။] ၅။ ကိုယ်, နှုတ်ဖြင့် ပယ်ခြင်း၊ [လက်ကာခြင်း၊ ခေါင်းယမ်းခြင်း စသော ကိုယ်အမူအရာ၊ တော်ပြီ, မထည့်နှင့်စသော နှုတ်အမူအရာဖြင့် မြစ်မှ ပဝါရိတ်သင့်သည်။] ဤအင်္ဂါများကို သတိပြု၍ ရှေးဦးစွာ လက်ဖြင့် မကော်မခပ်သေးဘဲ ‘ဆွမ်း အလိုရှိပါသလား’ဟု နှုတ်ဖြင့် မေးပြီးမှ အလိုရှိလျှင် သင့်တော်ရုံ (မများလွန်းစေဘဲ) ထည့်ပေးသင့်သည်ဟု သတိပြု တော်မူကြပါကုန်။

ပဝါရိတ်သင့်ရုံဖြင့် မည်သည့်အာပတ်မှ မသင့်သေးပါဟု အထက်၌ ဆိုခဲ့ပြီ။ ထိုင်လျက် ပဝါရိတ်သင့်လျှင် ထို ထိုင်ခြင်းဣရိယာပုထ်ကို မဖျက်သေးဘဲ ဆက်၍ စားသောက်နိုင်၏၊ လမ်းသွားရင်း စားနေခိုက် ပဝါရိတ်သင့်ပြန်လျှင်လည်း သွားခြင်းဣရိယာပုထ်ကို မဖျက်ဘဲ မဝမချင်း စားနိုင်၏၊ ပဝါရိတ်သင့်ပြီး၍ ဣရိယာပုထ် ပြောင်းလွှဲပြီးနောက်ကား အတိရိတ်ဝိနည်းကံ မပြုရသေးသည့် ဂိလာန၏ အကျန်မဟုတ်သော ခဲဖွယ်ဘောဇဉ် (ယာဝကာလိကအစာ) အမျိုးမျိုးကို အတိရိတ်ဝိနည်းကံ မပြုဘဲလျက် မစားကောင်းတော့ပြီ။ [ယာမကာလိက ကိုလည်းကောင်း, သတ္တာဟကာလိကကိုလည်းကောင်း, ယာဝဇီဝိကကိုလည်း ကောင်း အာဟာရအလို့ငှာ ခံယူအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊]

အနာပတ္တိဝါရ။ ။ အတိရိတ်ဝိနည်းကံကို ပြုစေ၍ စားအံ့၊ အတိရိတ် ဝိနည်းကံ ပြုစေ၍ စားအံ့ဟု ခံယူအံ့၊ သူတစ်ပါးအကျိုးငှာ ယူဆောင်၍ သွားအံ့၊ နာသော ရဟန်း၏ အကြွင်းအကျန်ကို စားအံ့၊ ယာမကာလိက ဖျော်ရည်စသည် ကိုလည်းကောင်း၊ သတ္တာဟကာလိက စတုမဓုစသည်ကိုလည်းကောင်း၊ ယာဝဇီဝိက ‘ဆား’ စသည်ကိုလည်းကောင်း၊ (ဆာလောင်မွတ်သိပ်ခြင်း) အနာဟူသော အကြောင်းရှိ၍ သုံးဆောင်အံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။

ပဝါရိတ်အင်္ဂါ-၅(ဆောင်)။ ။စားဆဲ၁ ဘောဇဉ်၂၊ ဟတ်တွင်းဝင်၃၊ ဆောင်စဉ်၄ ကိုယ်, နှုတ် မြစ်၅၊ အင်္ဂါငါးလီ စုံပြည့်ညီ၊ သင့်ပြီ ပဝါရေတ်။

အတိရိတ်ဝိနည်းကံပြုခြင်းအင်္ဂါ ၇-ပါး

၁။ အပ်စပ်အောင်ပြုပြီးဖြစ်ခြင်း၊
၂။ အကပ်ခံပြီးဖြစ်ခြင်း၊
၃။ ဝိနည်းဓိုရ်၏ အနီး၌ မြှောက်ချီထားခြင်း၊
၄။ ဝိနည်းဓိုရ်၏ ဟတ္ထပါသ်သို့ ရောက်အောင်သွား၍ “အတိရိတ္တံ ကရောထ ဘန္တေ”ဟု ဆိုခြင်း၊
၅။ ဝိနည်းဓိုရ်က အနည်းငယ်ဖြစ်စေ စားပြီးခြင်း၊
၆။ ဝိနည်းဓိုရ်ကိုယ်တိုင်က ပဝါရိတ်သင့်ပြီးသူ ဖြစ်လျှင် ထိုပဝါရိတ်သင့်ရာ နေရာမှ မထသေးခြင်း၊
၇။ ဝိနည်းဓိုရ်က “အလမေတံ သဗ္ဗံ”ဟု သုံးကြိမ် ရွတ်ဆိုခြင်း။




ဤအင်္ဂါ (၇)ပါး ညီမှ အတိရိတ်ဝိနည်းကံ အထမြောက်သည်။ [“အလမေတံ သဗ္ဗံ”ဟု ဆို၍ အတိရိတ်ဝိနည်းကံ ပြုပေးမည့် ရဟန်းကို ‘ဝိနည်းဓိုရ်’ဟု ခေါ်သည်။]

ချဲ့ဦးအံ့ — ပဝါရိတ်သင့်၍ ဣရိယာပုထ် ပြောင်းပြီးသော ရဟန်းသည် နောက်ထပ် စားလိုသေးလျှင် မိမိစားလိုရာ ခဲဖွယ် ဘောဇဉ်ကို ခွက်တစ်ခု၌ ထည့်ပါ။ [ခွက်အများလည်း ပြုကောင်း၏ဟု ညောင်လေးပင် ဆရာတော်ဘုရား ဆိုသည်။] ၁။ ထိုအစာအားလုံး အပ်စပ်သော ကပ္ပိယပစ္စည်း (အပင်ပေါက်ဖွယ် ပါလျှင် ကပ္ပိပြီးပစ္စည်း)များ ဖြစ်စေရမည်၊ ၂။ ထို ကပ္ပိယအစာများကို အကပ်ခံ၍ ၃၊၄။ ဝိနည်းဓိုရ် တစ်ပါးပါး၏ ဟတ္ထပါသ်အတွင်းသို့ သွား၍ ထိုစားခွက်ကို လက်ဖြင့် မြှောက်ချီထားရမည်၊ သို့မဟုတ် ဝိနည်းဓိုရ်ဘက်သို့ စောင်းငဲ့ညွှတ် ထားရမည်။ ထို့နောက် “အတိရိတ္တံ ကရောထ ဘန္တေ = အရှင်ဘုရား, အကြွင်း အကျန်ဖြစ်အောင် (ဝါ) စားကြွင်းဖြစ်အောင် ပြုပေးတော်မူပါဘုရား”ဟု ရွတ်ဆို ရမည်။ ၅။ ဝိနည်းဓိုရ်ရဟန်းသည် ထိုနေ့အဖို့၌ ဘောဇဉ်တစ်ခုခုကို အနည်းငယ် ဖြစ်စေ စားပြီးသူ ဖြစ်ရမည်။ အကယ်၍ အနည်းငယ်မှ မစားရသေးသူဖြစ်ခဲ့လျှင် ထိုခွက်မှ အယုတ်သဖြင့် ဆွမ်းလုံးတစ်လုံးကိုသော်လည်း နှိုက်ယူ၍ စားလိုက်ရ မည်။ ၆။ အကယ်၍ ဝိနည်းဓိုရ်ကိုယ်တိုင်ပင် ပဝါရိတ်သင့်နေလျှင် ထိုနေရာမှ မထရ၊ ‘ဣရိယာပုထ် မပြောင်းလွှဲရ’ ဟူလို။ ပဝါရိတ်သင့်နေသူ မဟုတ်လျှင်ကား မိမိစားနေရာမှ ထပြီးသော်လည်း အင်္ဂါမပျက်၊ ၇။ ထိုဝိနည်းဓိုရ်သည် ‘အလမေတံ သဗ္ဗံ = ဤအလုံးစုံကို ငါတန်ပြီ၊ ငါမစားလိုပြီ၊ သင်စားတော့၊ စားထိုက်ပြီ’ဟု သုံးကြိမ် ဆိုလိုက်ရမည်၊ ထိုအခါ အတိရိတ် ဝိနည်းကံ ပြုပြီး ဖြစ်တော့၏၊

ဆောင်။ ။ ပဝါရိတ်သင့်နေသော ရဟန်းက — ကပ္ပိယမှန်၁, အကပ်ခံ၍၂, ချီပြန် ညွှတ်လတ်၃, ဟတ္ထပါသ်နှင့်၄, ‘အတိရိတ္တံ ကရောထ ဘန္တေ’ဟု ဆို၍ ဝိနည်းဓိုရ်ပုဂ္ဂိုလ်က — စားလတ်လေဘိ၅, ပဝါရိမူ ဣရိမဖျက်၆, နှုတ်ဖြင့် ‘အလမေတံ သဗ္ဗံ’ဟုရ သုံးကြိမ် မြွက်လေ။

ပထမ ပဝါရဏာအင်္ဂါ-၃ (ဆောင်)။ ။ ပဝါရိတ သင့်တုံကလျှင်၁၊ အာမိသ၏ အတိရိတ္တ မဟုတ်စွနှင့်၂၊ ကာလချိန်တွင်း စားမျို ခြင်းဟု၃၊ ကြောင်းရင်းသုံးလီ, အင်္ဂါညီ၊ သင့်ပြီ ပထမပဝါရဏ။ [ခဲဖွယ်, ဘောဇဉ်တို့ကို ‘အာမိသ’ဟု ခေါ်၏၊]

မှတ်ချက်။ ။ ဤသို့ အင်္ဂါခုနစ်ပါးဖြင့် ဝိနည်းကံပြုပြီးသော အာဟာရကို ထိုဝိနည်းဓိုရ်အားသာ စားခြင်းငှာ မအပ်။ [ထိုဝိနည်းဓိုရ်မှတစ်ပါး စားခြင်းငှာ မအပ်သော ရဟန်းမရှိ ဟူလို။]

၆။ ဒုတိယ ပဝါရဏာ

ပဝါရိတ်သင့်နေသော ရဟန်းအား အရှိန်အစော်မဲ့အောင် စောဒနာလို သောကြောင့် အတိရိတ်ဝိနည်းကံ မပြုရသေးသည့် ဂိလာန၏ အကျန်မဟုတ် သော ခဲဖွယ်ဖြင့်လည်းကောင်း၊ ဘောဇဉ်ဖြင့်လည်းကောင်း “ခဲလော့၊ စားလော့”ဟုဆို၍ ပင့်ဖိတ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုရဟန်းစားလျှင် မျိုတိုင်း မျိုတိုင်း ပင့်ဖိတ်သော ရဟန်းအား ဒုက္ကဋ်အာပတ် ထပ်၍ ထပ်၍ သင့်ပြန်၏၊ ထိုရဟန်း စား၍ ပြီးလျှင်ပြီးချင်း ပင့်ဖိတ်သော ရဟန်းအား ဒုတိယ ပဝါရဏာသုဒ္ဓပါစိတ် အာပတ်သင့်၏၊

* ၇။ ဝိကာလဘောဇန

နေလွဲသောအခါ၌ ယာဝကာလိကဟူသော ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကို ဖြစ်စေ မစားမသောက်ရ။ စားသောက်လျှင် မျိုတိုင်း မျိုတိုင်း ဝိကာလဘောဇန သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ခဲဖွယ်, ဘောဇဉ်တို့ကို ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သင့်၏၊]

ယာမကာလိက စသော ကြွင်းကာလိက သုံးပါးတို့ကို ဆာလောင်မွတ်သိပ်ခြင်း အနာဟူသောအကြောင်း မရှိဘဲလျက် နေလွဲသောအခါ၌ စားသောက် လျှင် မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊] အကျယ်ကို ပါတိမောက်ဘာသာဋီကာ၌ ရှု။

မှတ်ချက်။ ။ ဆေးဆိုက ရောဂါဟူသော အကြောင်းကြောင့်သာ သုံး ဆောင်မြဲ ဖြစ်သည်။ ယင်းသို့လျက် အနာရောဂါ မရှိဘဲ နေလွဲပြီး ကွမ်းစားကြသော ရဟန်းတို့သည် စားလို၍ စားသည် ဖြစ်ရကား ဝိကာလဘောဇန ဒုက္ကဋ်အာပတ်မှ မလွတ်ဟု သိရာ၏၊ အနာရောဂါ ရှိ၍ပင် စားသော်လည်း ထိုကွမ်းသည် ထိုအနာကို ဖျောက်နိုင်သောသတ္တိ ရှိမူကား “ဝေယျာဗာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ”ဟူသော ပစ္စဝေက္ခဏာနှင့် လျော်၏၊ ဖျောက်နိုင်သော သတ္တိ မရှိမူ မလျော်ဖြစ်၍ မသင့်။ ဓမ္မဝိသာလပုဂ္ဂိုလ်ကို ဓမ္မဓရပုဂ္ဂိုလ်က “ငါ့ရှင်, နေလွဲပြီး ဆေးငုံသည့် ရဟန်းများအား မြစ်ကြောင်းကို ကျွန်ုပ်ကြားသည်”ဆိုလျှင် “မြစ်ပေသည်” ပြန်သည်။ “ခံတွင်းမသန့်၍ သန့်ခြင်းငှာ ငုံသည်ကို မြစ်သင့် သလော” ပြန်ပြန်လျှင် “ခံတွင်း၏ မသန့်ခြင်းသည် ဓာတုက္ခောဘကြောင့် ဖြစ်သလော၊ သန္ဓေပါအနာကို ကုစားခြင်းငှာ တတ်ကောင်းသောဆေး မရှိ” ဆိုလျှင် “ယနေ့မှစ၍ အသက်ဆုံးသည့်တိုင်အောင် နေလွဲဆေးငုံခြင်းကို ကျွန်ုပ် ပယ်တော့မည်”ဟု ဓမ္မဓရ ဝန်ချကြောင်းကို မြင်းခြံရှင်အင်္ကုရ ပြောဖူးသည်။ [သီလဝိသောဓနီကျမ်း]

နေလွဲသောအခါ၌ ကွမ်းစားခြင်းသည်သာလျှင် မအပ်သည် မဟုတ်၊ ဆေးဝါး (ဆေးငုံ)ခြင်းသည်လည်း မအပ်ဟု ‘သတိပစ္စယ သံမုဠှနိဂ္ဂိဟစာတမ်း’ ၌လည်း ဆို၏၊ ဆေးလိပ်သောက်ခြင်းကား နံနက်ပိုင်းမှာပင် မအပ်ဟု ထိုစာတမ်း၌ပင် ဆို၏၊

မျက်မြင်ကိုယ်တွေ့

နေလွဲ၍ အချိန်မတော် ညဉ့်ကာလ၌ပင် ယာဝကာလိက၌ အကျုံးဝင်သော ကိတ်မုန့် ဟောလစ်စသော စားဖွယ် သောက်ဖွယ်များကို သံဃာ့ဆေးရုံကြီး တစ်ခု၌ ဂိလာနရဟန်းတော် အားလုံးလိုလိုပင် စားကြသောက်ကြလေသည်။ (စာရေးသူကိုယ်တိုင်လည်း မကျန်းမာ၍ ဆေးရုံ၌ အတော်အတန် ကြာအောင် ကုသနေရသဖြင့် ကိုယ်တိုင် တွေ့မြင်ခဲ့ပါသည်။) ယာဝကာလိကသည် ဘေသဇ္ဇသိက္ခာပုဒ်၌ အကျုံးမဝင်ရကား ၎င်းကို နေလွဲသောအခါ၌ မည်သည့်အကြောင်း နှင့်မှ မစားမသောက်အပ်ဟူ၍ သတိရှိတော်မူကြပါ။ (ဘုရားရှင်၏ ရွှေမျက်နှာတော်ကို ထောက်သောအားဖြင့် အသက်ကို မငဲ့ဘဲ သိက္ခာပုဒ်တော်ကို ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါကုန်။) ဤ၌ ဟပ်မိနေ၍ (ဤသိက္ခာပုဒ်နှင့် မသက်ဆိုင်သော်လည်း) နောက်ချွတ်ယွင်းချက် တစ်ခုကို ဖော်ပြလိုပါ၏၊ ၎င်းကား ဆေးရုံဘက်ဆိုင်ရာက ကြက်ဥကို မကျက်တကျက်ပြုတ်၍ အားနည်းသော ရဟန်းများအား တစ်လုံးစီ ကပ်လှူခြင်းတည်း။ လူနာဦးရေကို လိုက်၍ ထိုကြက်ဥ များကို ပြုတ်ခြင်းကြောင့် ထိုကြက်ဥများသည် ရည်စူးသော အသား၌ အကျုံးဝင်လေ၏၊ ရည်စူးသော အသားကိုစားလျှင် ဂိလာနရဟန်းများလည်း ဒုက္ကဋ် အာပတ်မှ မလွတ်။ (ဆိုင်ရာက မစားအပ်မှန်း မသိရှာ၍ စေတနာကောင်းဖြင့် ကပ်လှူရှာသည်။) ကြက်ဥအစား အခြား အင်အားဖြစ်စေသော အစားအစာများ ကို ဆိုင်ရာက ကပ်လှူရန် အကြံပေးဖို့ လိုသည်။ ရဟန်းတော်များအဖို့ကား ကြက်ဥကိုသာမဟုတ် ဝိနည်းနှင့်ဆန့်ကျင်သော အစားအစာဟူသမျှကို မည်သူပဲ လှူလှူ မစားသင့်ပေ။ (ဤအစားအစာမျိုးကို စားခြင်းဖြင့် အသက်ရှင်ခြင်းသည် အကျိုးမရှိ၊ အပြစ်သာများသည်။ သီလမစင်ကြယ်ဘဲ အသက်ရှည်ရှည် နေရ လေလေ အပြစ်များလေလေဖြစ်၍ အသက်တိုတိုနှင့် သေခြင်းက အပြစ်သက်သာ၍ ကောင်းသည်ဟု ဆိုရပေမည်။) သီလစင်ကြယ်စွာဖြင့် အသက်မွေးခြင်း သည်သာလျှင် အကျိုးရှိ၏၊ အသက်ရှည်ရှည် နေရလေလေ အကျိုးများလေလေ ဖြစ်သည်၊ သီလစင်စင်ကြယ်ကြယ်ဖြင့် နေ၍ အသက်တိုတိုဖြင့် သေစေကာမူ သီလမစင်ကြယ်ဘဲ အသက်ရှည်ရှည် နေရခြင်းထက် နှိုင်းယှဉ်၍ မရအောင်မြတ် သည်ဟူ၍ ပြောလိုပါ၏၊ ရစ်မသည် ဥအတွက် အသေခံသည်၊ စာမရီသား ကောင်သည် မြီးဆံအတွက် အသေခံသည်၊ ရဟန်းသည်လည်း သီလအတွက် အသေခံအပ်သည်သာ။

* ၈။ သန္နိဓိကာရက

ယမန်နေ့က အကပ်ခံ၍ သိုမှီးထားသော ယာဝကာလိကကိုဖြစ်စေ၊ ယာမကာလိကကိုဖြစ်စေ ယနေ့စားသောက်လျှင် မျိုတိုင်း မျိုတိုင်း သန္နိဓိကာရကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်းမျိုတိုင်း ပါစိတ်အာပတ်သင့်၏၊၊]

မှတ်ချက်။ ။ သပိတ်, ပန်းကန်တို့၌ ထည့်၍ စားပြီးနောက် စင်ကြယ်စွာ မဆေးလျှင် ဆီစသော အာမိသကလေးများ ငြိကပ်ကျန်နေတတ်၏၊ သပိတ်, ပန်းကန်တို့၏ ကွဲအက်ကြောင်းများ၌လည်း ဆီ ဝင်နေတတ်၏၊ ထို ဆီစသော အာမိသတို့သည် နက်ဖြန်နံနက်ကာလ၌ သန္နိဓိ ဖြစ်ကြလေပြီ။ ထိုသန္နိဓိအာမိသ များသည် နက်ဖြန်နံနက် ဆွမ်းပူ ဟင်းပူနှင့် ရောမိကာ ရဟန်း၏ ခံတွင်းသို့ ဝင်သွားလေသော် သန္နိဓိအာမိသတို့အတွက် ပါစိတ်အာပတ်သင့်၏၊ ထို့ကြောင့် သပိတ်, ပန်းကန်တို့၌ ဆီစသော အာမိသ မကျန်အောင် စင်ကြယ်စွာ ဆေးရ မည်။ ကွဲအက်ကြောင်းရှိသော သပိတ်, ပန်းကန်များကိုလည်း ဖာထေး၍ မဖြစ်နိုင်လျှင် စွန့်ပစ်ကြရမည်။

အကပ်ခံပြီးနောက် ခဲဖွယ်, ဘောဇဉ်များကို လူ, သာမဏေတို့အား စွန့်ပေး လိုက်လျှင် သန္နိဓိ မဖြစ်။ နက်ဖြန်နံနက်၌ သူတို့ သိမ်းထားသော အာမိသကို သူတို့ထံမှ တစ်ဖန် အကပ်ခံ၍ စားကောင်း၏၊ သို့သော် စွန့်သည့်အခါ၌ “ထို အာမိသကို ငါမစားတော့ပြီ”ဟု မငဲ့မကွက်ဘဲ စွန့်လိုက်မှသာလျှင် စွန့်ရာရောက် သည်။ (ဤသို့ “ငါ မစားတော့ပြီ”ဟု မငဲ့မကွက်ဘဲ အာလယပြတ် စွန့်နိုင်မစွန့်နိုင် မိမိကိုယ်ကို မိမိပင် မေးပါလေ၊ အကယ်၍ မိမိ၏စိတ်သည် အာလယပြတ် စွန့်နိုင်လောက်အောင် မခိုင်မာပါက ထိုအာမိသသည် သန္နိဓိဖြစ်၍ နောက်ထပ် မစားကောင်းတော့ပြီဟု မှတ်လေ။ ဤသိက္ခာပုဒ်တော်ကို ထိန်းသိမ်းစောင့် ရှောက်ရာ၌ ဆွမ်းကြီးလောင်းအလှူများနှင့် ပတ်သက်၍ အတိုချုံး၍ ပြောရမည် ဆိုလျှင် လှူဖွယ်ဝတ္ထုများမှာ များပြားလှ၍ တစ်နေ့တည်းဖြင့် စားသောက်၍ ကုန်နိုင်မည် မဟုတ်ရကား မိမိကိုယ်တိုင် မခံယူဘဲ မိမိ၏သပိတ်ကို လူဝတ်ကြောင် တစ်ယောက်ယောက်အား ပေးပြီး မိမိ၏ရှေ့မှ သွားစေ၍ လှူဖွယ် ဝတ္ထုတို့ကို မိမိကိုယ်စား ခံယူစေခြင်းသည် အကောင်းဆုံးနည်း ဖြစ်သည်။)

သပိတ်, ပန်းကန်, ခွက်, လက်ဖက်ရည်ကရား စသည်များ၌ ထည့်၍ စားသောက်ပြီးနောက် သပိတ်စသည်နှင့်တကွ အကြွင်းအကျန်ကို လူ, သာမဏေ တို့အား မပေးစွန့်ဘဲ ထိုသပိတ်စသည်ကို ကိုယ်တိုင်ဆေးရာဝယ် မစင်ကြယ်၍ အာမိသကျန်နေလျှင် နက်ဖြန်နံနက်၌ အခြားအာမိသနှင့် ရောနှော၍ ဝမ်းတွင်း သို့ ပါသွားက ဤသိက္ခာပုဒ်အရ အာပတ်သင့်၏၊

ထိုသပိတ် စသည်၌ရှိသော အာမိသကို လူ, သာမဏေတို့အား ပေးလိုက် လျှင် ၎င်းတို့က ထိုသပိတ်စသည်ကို ဆေးရာဝယ် မစင်ကြယ်သော်လည်း ထိုအာမိသ အဆီအကပ်တို့ သန္နိဓိမဖြစ်။ သို့ရာတွင် ထိုအာမိသ အဆီအကပ် ကျန်ရှိသော သပိတ်, ပန်းကန်, လက်ဖက်ရည်ကရားများ၌ ထည့်၍ နက်ဖြန် နံနက် စားသောက်လိုလျှင် ရဟန်းကိုယ်တိုင် ထိုသပိတ်စသည်ကို မကိုင်ရ။ လူ, သာမဏေတို့ထံမှ အကပ်ခံရဦးမည်။ ထိုသို့ အကပ်မခံဘဲ စားလျှင် ကိုင်သည့် အတွက် ဥဂ္ဂဟိတက (ကောက်ယူမှု)ဒုက္ကဋ်နှင့် ထိုအာမိသကို အကပ်မခံဘဲ စားရာ ရောက်သဖြင့် ဒန္တပေါနသိက္ခာပုဒ်အရ အာပတ်သင့်မည်သာ။

ဤထက် အကျယ်ကို နောက်ဆက်တွဲ ကာလိက ၄-ပါးအမြွက်, ဆေး ဟူသော မှီရာနိဿယအမြွက်, ပါတိမောက်ဘာသာဋီကာတို့၌ ရှု။

၉။ ပဏီတဘောဇန

မနာမဖျားဘဲလျက် ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, ငါး, အမဲ, နို့ရည်, နို့ဓမ်း, ဤ ကိုးပါးသော ဝတ္ထုတစ်ခုခုနှင့် ရောနှောအပ်သော ပဏီတဘောဇဉ်ကို တောင်း၍ မစားရ။ စားလျှင် မျိုတိုင်း မျိုတိုင်း ပဏီတဘောဇနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သင့်၏၊]

* ၁၀။ ဒန္တပေါန (ခေါ်) အဒိန္နာဟာရ

ရေ, တံပူ (ဒန်ပူ)ကို ကြဉ်၍ အခြားမည်သည့်ဝတ္ထုကိုမှ လူ, သာမဏေ, တိရစ္ဆာန်, နတ်တို့က မပေးမကပ်ဘဲလျက် ကိုယ်တိုင်ယူ၍ မစားမသောက်ရ။ စားသောက်လျှင် မျိုတိုင်း မျိုတိုင်း ဒန္တပေါန (ခေါ်) အဒိန္နာဟာရသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [စားအံ့ဟု ယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏၊]

‘ရေ’ဟူရာ၌ ရထရေဏုမြူ ပမာဏရှိသော မြူမှုန်မပါသည့် သန့်ရှင်းသော ‘ရေ’ကို ဆိုလိုသည်။ ထိုသန့်ရှင်းသော ရေသည် ကာလိကလေးပါးမှ အလွတ် ဖြစ်၍ အကပ်မခံဘဲ သောက်ကောင်း၏၊ ကိုယ်တိုင်လည်း ကျိုကောင်း၏၊ ချက်ကောင်း၏၊ ရထရေဏုမြူမှုန်ပါသော ‘ရေ’ကိုကား မြူအတွက် အကပ်မခံဘဲ မသောက်ရ။ သို့ဖြစ်၍ ဝိနည်းလေးစားသော ပုဂ္ဂိုလ်တို့သည် အကပ်မခံသော ‘ရေ’ကို အမြဲစစ်၍ သောက်ကြလေသည်။

တံပူ (ဒန်ပူ)စားရာ၌ တံပူ (ဒန်ပူ)ရည်များ လည်ချောင်းတွင်း မဝင်လျှင် အကပ်ခံဖွယ် မလို။ တံပူ (ဒန်ပူ)ရည်က လည်ချောင်းတွင်း ဝင်လျှင်ကား အကပ်ခံမှ သင့်မည်။ အကပ်မခံဘဲ စား၍ ဝင်လျှင် ဤသိက္ခာပုဒ်အရ အာပတ် သင့်မည်သာ။

ညွှန်းချက်။ ။ “ရဟန်းတို့, လှူအပ်သော ခဲဖွယ်, ဘောဇဉ်ကျခဲ့လျှင် ကိုယ်တိုင်ကောက်ယူ၍ စားခြင်းငှာ ခွင့်ပြု၏၊ ထိုခဲဖွယ်, စားဖွယ်ကို ဒါယကာတို့ သည် စွန့်အပ်ပြီးသောကြောင့်တည်း”ဟု ဘုရားရှင် မိန့်တော်မူ၏၊ [စူဠဝဂ် ပါဠိတော် (မြန်မာပြန်) ခုဒ္ဒကဝတ္ထုက္ခန္ဓက၊ အပိုဒ်၊၂၇၃။]

လှူအပ်သော အကြင်ခဲဖွယ်, ဘောဇဉ်သည် ဒါယကာ၏လက်မှ လျှော၍ စင်ကြယ်သော မြေ၌လည်းကောင်း၊ ကြာရွက်ထက် ပုဆိုးထက် သင်ဖြူးထက် စသည်တို့၌လည်းကောင်း ကျအံ့၊ မြေကို သုတ်၍လည်းကောင်း၊ ဆေး၍လည်း ကောင်း၊ အကပ်ခံ၍လည်းကောင်း သုံးဆောင်အပ်၏၊ အဘယ်ကြောင့်နည်း ဟူမူ ဒါယကာတို့သည် ထိုခဲဖွယ်, ဘောဇဉ်ကို စွန့်အပ်ပြီးသောကြောင့်တည်း ဟူ၍ ဘုရားရှင် ဟောတော်မူ၏၊ ဤသို့ ဟောတော်မူခြင်းသည် နီတတ္ထအားဖြင့် ဟောတော်မူခြင်း မဟုတ်၊ နေယျတ္ထအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်ဟူ၍ ပါစိတ်အဋ္ဌကထာကို မှီး၍ ပါတိမောက္ခဝိနိစ္ဆယကျမ်း၊ ဒန္တပေါနသိက္ခာပုဒ် အဖွင့်၌ ဆို၏၊

သတိ။ ။မိမိသည်လည်းကောင်း, တစ်ပါးသော ရဟန်းသည်လည်း ကောင်း တန်ပြီ, မစားပြီဟု စွန့်ပစ်ပြီးသော ဝတ္ထုတို့ကို စားလိုပြန်လျှင် တစ်ဖန် အကပ်ခံ၍ စားမိအောင်၊ လူ, သာမဏေတို့အား ပေးပြီးသော ဝတ္ထုကို ၎င်းတို့ မယူရသေးသော်လည်း လက်မှ လွတ်သည်ဖြစ်အံ့၊ သုံးဆောင်လိုသည် ဖြစ်အံ့၊ တစ်ဖန်အကပ်ခံ၍ သုံးဆောင်မိအောင် အထူး သတိပြုကုန်ရာသည်။

အကျယ်ကို နောက်ဆက်တွဲ ဆေးဟူသော မှီရာနိဿယအမြွက်၊ အကပ်ခံနည်း၊ ဆွမ်းစားရာကျင့်ဝတ်၊ ပါတိမောက်ဘာသာဋီကာ၊ ဘုရားဥပဒေ တော်ကြီးတို့၌ ရှု။

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဘောဇနဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၅။ အစေလကဝဂ်

၁။ အစေလက

‘တိတ္ထိ’ဟု ခေါ်သော တက္ကတွန်း, ပရိဗိုဇ်ထီး, ပရိဗိုဇ်မ တစ်ယောက်ယောက် အား ခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့် (ကိုယ်တိုင်) ပေးလျှင် အစေလကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပေးအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပေးပြီးသည်ရှိသော် ပါစိတ်။ ရေ သို့မဟုတ် တံပူ (ဒန်ပူ)ကို ပေးအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ အဝတ် မဝတ်သူကို ‘အစေလက--တက္ကတွန်း’ဟု ခေါ်၏၊ အဝတ်ဝတ်သော ရသေ့အမျိုးမျိုးကို ‘ပရိဗိုဇ်’ဟု ခေါ်၏၊ [အာဇီဝကလည်း အဝတ်ပါလျှင် ပရိဗိုဇ်မျိုးပင်တည်း။] ထိုအားလုံးသည် သာသနာတော်မှ တစ်မျိုး တခြား အယူရှိသူ တိတ္ထိများ ဖြစ်ကြသည်။ ယခုကာလ၌ ဖိုးသူတော်နှင့် သီလရှင် များမှာ သာသနာတော်အယူကိုသာ ယူကြသောကြောင့် တိတ္ထိ မဟုတ်ကြ၊ သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဋ္ဌကထာ၌ ပြအပ်သော ‘သေတဝတ္ထသမဏဝံသ - အဝတ်ဖြူဝတ် ရဟန်းနွယ်များ’ ဖြစ်ကြသည်။ သာသနာတော် အယူကိုသာ ယူသော ရသေ့, ရသေ့မများလည်း ရဟန်းနွယ်များ ဖြစ်ကြသည် ဟူ၍ သိလေ။

* ၂။ ဥယျောဇန

အဖော်ရဟန်းကို ခေါ်၍ ရွာ, နိဂုံးသို့ ဆွမ်းခံဝင်သော ရဟန်းသည် အိမ်သို့ ကပ်ရောက်၍ ဒါယိကာမနှင့်အတူ ရယ်ရွှင်ခြင်းစသော ပြောလိုရာရာကို ပြော ချင်၊ ဆိတ်ကွယ်ရာ၌ နေချင်သောကြောင့် အဖော်ရဟန်းအား စားဖွယ်တစ်ခုခု ကို ပေး၍ဖြစ်စေ၊ မပေးဘဲဖြစ်စေ ပြန်လွှတ်လိုက်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုအဖော်ရဟန်း ဥပစာကို လွန်လျှင်လွန်ချင်း ထိုပြန်ခိုင်းသော ရဟန်းအား ဥယျောဇနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [သာမဏေကို ခေါ်၍ ထိုနည်းအတူ ပြန်လွှတ်လိုက်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊]

ဥပစာဟူရာ၌ အကွယ်အကာရှိလျှင် အကွယ်အကာအတွင်းကို, အကွယ်အကာ မရှိလျှင် ဟာလာဟင်းလင်းအပြင်၌ ၁၂-တောင်အတွင်းကို ဆိုလိုသည်။

* ၃။ သဘောဇန

အဖော်ရဟန်း မပါဘဲလျက် ဇနီးမောင်နှံ နှစ်ယောက်တည်း ရှိနေသော အိမ်၏ အိပ်ခန်းတွင်းသို့ ဝင်၍ ထိုင်နေလျှင် သဘောဇနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ထိုင်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ဇနီးမောင်နှံ-ဟူရာ၌ အနာဂါမ် မဖြစ်သေး၍ ရာဂစိတ် မကင်းသေးသော (ဝါ) ကာမစည်းစိမ် ခံစားသော ဇနီးမောင်နှံကို ဆိုလိုသည်။

* ၄။ ရဟောပဋိစ္ဆန္န

ပြောဆိုကြသော စကားကို သိကြားနားလည်နိုင်သော အဖော်ယောက်ျား မျက်မှောက်၌ မရှိဘဲလျက် မေထုန်မှီဝဲနိုင်လောက်အောင် အကာအကွယ်ရှိသော နေရာဟုဆိုသော ‘မျက်စိကွယ်ရာ’၌ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ထိုင်နေလျှင် ရဟောပဋိစ္ဆန္နသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ထိုင်အံ့၊အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ထိုင်ပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊] ရဟန်းသည် ထိုင်နေစဉ် မာတုဂါမသည် အနီး၌ ထိုင်နေသော်လည်းကောင်း၊ အနီး၌ အိပ်နေ သော်လည်းကောင်း ပါစိတ်အာပတ်သင့်၏၊။ [ပါစိတ်ပါဠိတော် (မြန်မာပြန်) ရဟောပဋိစ္ဆန္နသိက္ခာပုဒ် အဖွင့်။]

ဘီလူးမ, ပြိတ္တာမ, ပဏ္ဍုက်, တိရစ္ဆာန်မ, လူယောင်ဖန်ဆင်းထားသော တိရစ္ဆာန်မတို့နှင့် အတူထိုင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊

မှတ်ချက်။ ။ အထက်၌ ပြဆိုခဲ့ပြီးသော “ရဟန်းသည် ထိုင်နေစဉ် မာတုဂါမသည် အနီး၌ ထိုင်နေသော်လည်းကောင်း၊ အနီး၌ အိပ်နေသော်လည်း ကောင်း ပါစိတ်အာပတ် သင့်၏”ဟူသော ပါစိတ်ပါဠိတော် (မြန်မာပြန်)၏ အဆိုနှင့်တကွ “သွားခြင်းကို ဝန်မခံအံ့၊ ထိုင်ခြင်းကို ဝန်ခံအံ့၊ အာပတ်ကို ဝန်မခံအံ့၊ ထိုင်ခြင်းဖြင့် ဆုံးဖြတ်ရမည်”ဟူသော ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) ပထမ အနိယတသိက္ခာပုဒ် အဖွင့်၌ လာသော အဆိုနှင့် “ရဟန်း ယောက်ျား ထိုင်နေသော် ရဟန်းမိန်းမ ချဉ်းကပ်၍ ထိုင်သော်လည်းကောင်း၊ ချဉ်းကပ်၍ အိပ်သော်လည်းကောင်း ပါစိတ်အာပတ် သင့်၏”ဟူသော ပါစိတ် ပါဠိတော် (မြန်မာပြန်) ဘိက္ခုနောဝါဒဝဂ် ရဟောနိသဇ္ဇသိက္ခာပုဒ် အဖွင့်၌ လာသော အဆိုတို့ကို စိစစ်လျှင် ရဟန်းက မာတုဂါမထံသို့ သွား၍ တစ်ယောက်ချင်းချင်း ထိုင်မှသာလျှင် အာပတ်သင့်သည် မဟုတ်၊ မာတုဂါမက ရဟန်းထံသို့ လာ၍ တစ်ယောက်ချင်းချင်း ထိုင်လျှင်လည်း အာပတ်သင့်၏ဟူသော အဓိပ္ပာယ်မှာ ပေါ်လွင်လေသည်။ အောက်၌ ပြလတ္တံ့သော ရဟောနိသဇ္ဇသိက္ခာပုဒ်၌လည်း ဤအတိုင်း သိ။

စိစစ်ဝေဖန်ခြင်း

ကင်္ခါဋီကာသစ်၊ ပထမ အနိယတသိက္ခာပုဒ်အဖွင့်၌ — သစေ သုဒ္ဓစိတ္တေန ဂန္တွာ နိသိန္နဿ သန္တိကံ အာဂန္တာ နိသိန္နာယ ဣတ္ထိယာ ရဟဿာဒေါ ဥပ္ပဇ္ဇတိ၊ ဧဝမ္ပိ အနာပတ္တိ—ဟု ဆို၏၊ ဤစာအုပ်ကို တည်းဖြတ် ပြင်ဆင်ပေးသော ဆရာတော်ဘုရား အနက်အဓိပ္ပာယ် ပြန်ပေးသည်မှာ — သုဒ္ဓစိတ္တေန = စင်ကြယ် သော စိတ်ဖြင့်။ ဂန္တွာ = ကြွသွား၍။ နိသိန္နဿ = ထိုင်နေသော။ (ဘိက္ခုဿ = ရဟန်း၏၊ ထည့်ပေးသည်)။ သန္တိကံ = အထံသို့။ အာဂန္တွာ = လာ၍။ ဣတ္ထိယာ = မိန်းမသည်။ နိသိန္နာယ = ထိုင်လတ်သော်။ ရဟဿာဒေါ = ဆိတ်ကွယ်ရာဝယ် ထိုင်ခြင်း၌ သာယာခြင်းသည်။ သစေ ဥပ္ပဇ္ဇတိ = အကယ်၍ ဖြစ်ငြားအံ့။ ဧဝမ္ပိ= ဤသို့ဖြစ်သော်ငြားလည်း။ အနာပတ္တိ = အာပတ်မသင့်ဟူ၍ ဖြစ်သည်။ [ဆိုလိုသည်မှာ စင်ကြယ်သောစိတ်ဖြင့် မာတုဂါမ၏ အထံသို့သွား၍ ဆိတ်ကွယ် ရာ၌ တစ်ယောက်ချင်းချင်း ထိုင်နေရာဝယ် ရာဂစိတ်ဖြစ်စေကာမူ အာပတ်မသင့် ဟူ၍ ဖြစ်သည်။] ယင်းပါဌ်ကို စိစစ်လျှင် (ဝါ) ပြောင်းပြန်ပြန်၍ အဓိပ္ပာယ် ကောက်လျှင် (၁) မာတုဂါမက ရဟန်း၏ အထံသို့ လာ၍ ဆိတ်ကွယ်ရာ၌ တစ်ယောက်ချင်းချင်း ထိုင်လျှင်လည်း ရာဂစိတ် ဖြစ်စေကာမူ အာပတ် မသင့်။ (၂) မစင်ကြယ်သော စိတ်ဖြင့် (ဝါ) ရာဂစိတ်ဖြင့် မာတုဂါမ၏ အထံသို့ သွား၍ ဆိတ်ကွယ်ရာ၌ တစ်ယောက်ချင်းချင်း ထိုင်မှသာလျှင် အာပတ်သင့်၏ဟူသော အဓိပ္ပာယ်မှာ ပေါ်လွင်လေသည်။

ပါဠိတော်၏ အဆိုများနှင့် ဤကင်္ခါဋီကာသစ်၏ အဆိုကို ဓမ္မဓိဋ္ဌာန်အား ဖြင့် စိစစ်ပါအံ့။

ပါဠိတော်၏ အဆိုများမှာ ရာဂစိတ် ရှိ, မရှိကို လုံးဝ မသုံးသပ်ဘဲ ထိုင်သော ဣရိယာပုထ်ကိုသာလျှင် (ပဓာနထားပြီး) ထောက်ပြ၍ အာပတ်ကို ဆုံးဖြတ်စေ သည်။ [ရာဂစိတ်ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ နှစ်ဦးလုံး ထိုင်နေလျှင် အာပတ် သင့်၏ ဟူလို။ ထိုင်သော ဣရိယာပုထ်၌ လျောင်းသော ဣရိယာပုထ်နှင့် အိပ်သော ဣရိယာပုထ်တို့လည်း ပါဝင်၏၊] သာဓကထုတ်ဆောင်၍ ဆိုပါအံ့။ ရဟန်းက မာတုဂါမ၏ အထံသို့ သွား၍ တစ်ယောက်ချင်းချင်း ထိုင်နေသဖြင့် လူပုဂ္ဂိုလ်တွေက မနှစ်မြို့၍ ကဲ့ရဲ့ရှုတ်ချခြင်းကြောင့် အနိယတသိက္ခာပုဒ် နှစ်ပါး နှင့် ဤအစေလကဝဂ်၌ လာသည့် ဤ ရဟောပဋိစ္ဆန္နနှင့် နောက်၌ ပြလတ္တံ့သော ရဟောနိသဇ္ဇသိက္ခာပုဒ်တို့ကို ပညတ်တော်မူခြင်း ဖြစ်သည်။ ရဟန်းယောက်ျားက ရဟန်းမိန်းမ၏ အထံသို့ သွား၍ ရဟန်းမိန်းမကလည်း ရဟန်း၏ အထံသို့လာ၍ တစ်ယောက်ချင်းချင်း ထိုင်နေသဖြင့် ရဟန်းတော်များက မနှစ်မြို့၍ ကဲ့ရဲ့ရှုတ်ချ ခြင်းကြောင့် ဘိက္ခုနောဝါဒဝဂ်၌လာသည့် ရဟောနိသဇ္ဇသိက္ခာပုဒ်ကို ပညတ် တော်မူခြင်း ဖြစ်သည်။ ရဟန်းယောက်ျား ထိုင်နေသော် ရဟန်းမိန်းမ ချဉ်းကပ်၍ ထိုင်သော်လည်းကောင်း, ချဉ်းကပ်၍ အိပ်သော်လည်းကောင်း ပါစိတ်အာပတ် သင့်၏ဟု ယင်းသိက္ခာပုဒ်၌ ဆိုခဲ့ပြီ။ [ဤကို ထောက်၍ ရဟန်းက မာတုဂါမ၏ အထံသို့ သွား၍ တစ်ယောက်ချင်းချင်း ထိုင်မှသာလျှင် အာပတ်သင့်သည် မဟုတ်၊ မာတုဂါမက ရဟန်း၏ အထံသို့ လာ၍ တစ်ယောက်ချင်းချင်း ထိုင်လျှင် လည်း အာပတ်သင့်သည်ဟု မှတ်ယူအပ်ပေသည်။]

ဆိုဦးအံ့ — မာတုဂါမက ရဟန်း၏ အထံသို့လာ၍ တစ်ယောက်ချင်းချင်း နေနေရာ၌ ရဟန်းအဖို့မှာ သဘာဝကျကျ ပြောမည်ဆိုလျှင် ၎င်းက မာတုဂါမ၏ အထံသို့ သွား၍ တစ်ယောက်ချင်းချင်း နေနေသည်ထက်ပင် ပို၍ ဆိုးရွားရဲဝံ့မည် ဖြစ်၏၊ ရှက်ဖွယ်လိလိ ဖြစ်ပေါ်လေ့ရှိသော အမှုများတွင်လည်း ရဟန်းက မာတုဂါမ၏ အထံသို့သွားရာ၌ဖြစ်ပေါ်သော အမှုမှာ တစ်မှုတစ်လေသာ ရှိသည်ဟု ဆိုရလောက်အောင်ပင် နည်း၏၊ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်မှာ မာတုဂါမက ရဟန်း၏ အထံသို့ လာရာ၌ ဖြစ်ပေါ်သည်ဟု ဆိုရလောက်အောင်ပင် များ၏၊] ထိုင်သော ဣရိယာပုထ်ကိုသာလျှင် ပဓာနထား၍ ပြဆိုခဲ့သော သိက္ခာပုဒ်တို့ကို ပညတ်တော်မူခြင်းဖြစ်သည်မှာ ရှင်းရှင်းဘွင်းဘွင်းကြီး ပေါ်လွင် သည်ဖြစ်၍ မာတုဂါမ၏ အထံသို့ စင်ကြယ်သော စိတ်ဖြင့် သွားစေကာမူ တစ်ယောက်ချင်းချင်း ထိုင်လျှင် အာပတ်သင့်၏ဟူ၍လည်းကောင်း၊ မာတုဂါမက ရဟန်း၏ အထံသို့ လာ၍ တစ်ယောက်ချင်းချင်း ထိုင်လျှင်လည်း အာပတ် သင့်၏ဟူ၍လည်းကောင်း သန္နိဋ္ဌာန်ချ မှတ်ယူအပ်၏၊

ကင်္ခါဋီကာသစ်ကား ထိုင်သော ဣရိယာပုထ်ကို ပဓာနဟု မမှတ်ယူဘဲ ပစ်ပယ်ပြီး စင်ကြယ်သော စိတ်ဖြင့် မာတုဂါမ၏ အထံသို့ သွား၍ တစ်ယောက် ချင်းချင်း ထိုင်နေရာဝယ် ရာဂစိတ် ဖြစ်စေကာမူ အာပတ်မသင့်ဟူ၍ လည်းကောင်း၊ မာတုဂါမက ရဟန်း၏ အထံသို့ လာ၍ တစ်ယောက်ချင်းချင်း ထိုင်လျှင်လည်း ရာဂစိတ်ဖြစ်စေကာမူ အာပတ်မသင့်ဟူ၍လည်းကောင်း၊ ရာဂစိတ်ဖြင့် မာတုဂါမ၏ အထံသို့ သွား၍ တစ်ယောက်ချင်းချင်း ထိုင်မှသာလျှင် အာပတ်သင့်၏ ဟူ၍လည်းကောင်း ဆို၏၊ [အထက်၌ ဖော်ပြခဲ့ပြီ] ယင်း ဋီကာ အတိုင်းဆိုလျှင် ဘုရားရှင်သည် ရဟန်းတော်များ မပြုသင့် မပြုထိုက်သော အမှုတို့ကို မပြုရန်အလို့ငှာ ကာကွယ်သောအနေဖြင့် ပညတ်တော်မူသော အထက်၌ ပြဆိုခဲ့သည် ထိုသိက္ခာပုဒ် ငါးပါးလုံးမှာ အဆိပ်မရှိ၊ အရာမဝင်၊ အပိုသက်သက်လိုပင် ဖြစ်နေရှာတော့သည်။ [ဋီကာ၏ အဆိုမှာ လျော့ရဲလွန်း၏၊] ဋီကာကို မခန့်လေးစားသောအနေဖြင့် ဆိုခြင်း မဟုတ်၊ ယခုခေတ် အချို့ရဟန်း တော်များ၏ အကျင့်ဂုဏ်သိက္ခာမှာ လျော့ရဲရဲ ဖြစ်နေ၍ ရှင်တော်မြတ်ဘုရား၏ ရွှေမျက်နှာတော်ကို ထောက်သောအားဖြင့် အားမလိုအားမရ ဖြစ်နေသည့် အလျောက် သည်ထက်ပင် ပို၍ လျော့ရဲရဲ မဖြစ်စေလိုသော စေတနာဖြင့် ဆိုခြင်း ဖြစ်သည်။

ကင်္ခါဋီကာသစ်၏ အဆိုနှင့် ပါဠိတော်၏ အဆိုများမှာ ဆိုဖွယ်ရာ မရှိ အောင် သဘောကွဲလွဲနေ၏၊ ကျမ်းအချင်းချင်း သဘောကွဲလွဲနေလျှင် ကျမ်း၏ စည်းမျဉ်းအတိုင်း ဂုဏ်ကို လိုက်၍ ယူရပေမည်။ ထို့ကြောင့် အကယ်၍ ဋီကာနှင့် အဋ္ဌကထာ သဘောကွဲလွဲနေလျှင် ဋီကာကို ပယ်၍ အဋ္ဌကထာကို ယူရမည် ဖြစ်၏၊ အဋ္ဌကထာနှင့် ပါဠိတော် သဘောကွဲလွဲပါက အဋ္ဌကထာကို ပယ်၍ ပါဠိတော်ကို ယူရမည် ဖြစ်၏၊ သို့ဖြစ်၍ ပြဆိုခဲ့သော ကင်္ခါဋီကာသစ်၏ အဆိုကို လက်ခံသင့်, မသင့် လေးလေးနက်နက် စဉ်းစားတော်မူကြပါကုန်။ (ဝါ) ပါဠိတော် ၏ အဆိုအတိုင်း လိုက်နာကျင့်သုံးတော်မူကြပါကုန်။ အကယ်၍ စာရေးသူကဲ့သို့ မယူဆပါက သည်းခံခွင့်လွှတ်တော်မူကြပါကုန်။

အနာပတ္တိဝါရ။ ။ ရပ်သာရပ်၍ မထိုင်အံ့၊ ဆိတ်ကွယ်သည်ကို မငဲ့အံ့၊ အခြားအာရုံကို နှလုံးသွင်းလျက် ထိုင်နေအံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း, အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။ [ဆိတ်ကွယ် သည်ကို မငဲ့အံ့ —ဟူရာ၌ ဆိတ်ကွယ်ရာ အရပ်၌ နေလိုသော စိတ်မရှိဘဲ ဆွမ်းခံ ကိစ္စစသည်ကြောင့် ရိုးရိုးသွား၍ ထိုင်ခြင်းမျိုးကို ဆိုလိုသည်။ ကင်္ခါဘာသာဋီကာ ပထမတွဲ၊ ပထမ အနိယတသိက္ခာပုဒ်အဖွင့်၌ လာသော အဆိုကိုလည်း ရှု။]

အမှာ။ ။ ဤသိက္ခာပုဒ်နှင့် စပ်၍ မှတ်ဖွယ်ကို ပထမ အနိယတသိက္ခာ ပုဒ်အတိုင်း သိ။ [ဒုတိယ အနိယတသိက္ခာပုဒ်၌ ပြထားသော စာရေးသူ၏ ထင်မြင်ချက်ကိုလည်း ရှု။]

* ၅။ ရဟော နိသဇ္ဇ

ပြောဆိုကြသော စကားကို သိကြားနားလည်နိုင်သော အဖော်ယောက်ျား ဖြစ်စေ, အဖော်မိန်းမဖြစ်စေ ၁၂-တောင်အတွင်း၌ မရှိဘဲလျက် မေထုန်မှီဝဲ နိုင်လောက်အောင် အကာအကွယ် မရှိသောနေရာဟု ဆိုသော ‘နားကွယ်ရာ’ ၌ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ထိုင်နေလျှင် ရဟော နိသဇ္ဇသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ထိုင်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ထိုင်ပြီးသည် ရှိသော် ပါစိတ်အာပတ်သင့်၏၊] ရဟန်းသည် ထိုင်နေစဉ် မာတုဂါမသည် အနီး၌ ထိုင်နေသော်လည်းကောင်း, အနီး၌ အိပ်နေသော်လည်းကောင်း ပါစိတ်အာပတ် သင့်၏၊ ။ ပါစိတ်ပါဠိတော် (မြန်မာပြန်) ရဟောနိသဇ္ဇသိက္ခာပုဒ် အဖွင့်။

ဘီလူးမ, ပြိတ္တာမ, ပဏ္ဍုက်, တိရစ္ဆာန်မ, လူယောင်ဖန်ဆင်းထားသော တိရစ္ဆာန်မတို့နှင့် အတူထိုင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊

သိဖွယ်။ ။ ရှေ့သိက္ခာပုဒ်၌ မျက်စိကွယ်ရာဖြစ်ခြင်း, ယောက်ျားများသာ ‘အဖော်’ ဖြစ်နိုင်ခြင်းနှင့် ဤသိက္ခာပုဒ်၌ နားကွယ်ရာ ဖြစ်ခြင်း, ယောက်ျား မိန်းမနှစ်မျိုးလုံးပင် အဖော်ဖြစ်နိုင်ခြင်းသည် သိက္ခာပုဒ်နှစ်ပါးတို့၏ ခြားနားချက် တည်း။ [ဤသိက္ခာပုဒ်နှင့် စပ်၍ မှတ်ဖွယ်ကို ဒုတိယ အနိယတသိက္ခာပုဒ် အတိုင်းသိ။ ထို၌ ပြထားသော စာရေးသူ၏ ထင်မြင်ချက်ကိုလည်း ရှု။]

* ၆။ စာရိတ္တ

သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်ဆိုးသောအခါ, ဤနှစ်ပါးသော အခါတို့ကို ကြဉ်၍အခြားအခါ၌ မအပ်သော ဖိတ်နည်းဖြင့် “တပည့်တော်အိမ်သို့ ထမင်းစားကြွကြပါဘုရား”ဟု ဆို၍ ပင့်ဖိတ်ထားလျှင် ထင်ရှားရှိသော (ဝါ) ၁၂-တောင်အတွင်း၌ရှိသော ရဟန်းအား မပန်ကြားဘဲလျက် ထိုပင့်ဖိတ်ထား သော ဘောဇဉ်ကို မစားမီဖြစ်စေ၊ စားပြီးနောက်ဖြစ်စေ မွန်းမတည့်မီအတွင်း၌ အခြား အမျိုးအိမ်သို့ မလှည့်လည်ရ၊ လှည့်လည်လျှင် စာရိတ္တသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [အိမ်ဥပစာသို့ သက်အံ့၊ ဒုက္ကဋ်။ ပထမခြေလှမ်း အိမ်တခါးခုံကို လွန်အံ့၊ ဒုက္ကဋ်။ ဒုတိယခြေလှမ်း လွန်အံ့၊ ပါစိတ်အာပတ်သင့်၏၊]

သင်္ကန်းလှူသောအခါ—ဟူသည် ကထိန်မခင်းလျှင် သီတင်းကျွတ်လဆုတ် ၁-ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် ၁-လ၊ ကထိန်ခင်းလျှင် တပေါင်းလပြည့်နေ့တိုင်အောင် ၅-လတည်း။ [ဤသိက္ခာပုဒ်သည် ကထိန် အာနိသံသ ၅-ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။]

* ၇။ မဟာနာမ

သံဃာတော်အား ထောပတ်စသော ဆေးပစ္စည်းဖြင့် ထပ်မံ၍လည်း မဖိတ်၊ တစ်သက်လုံးအတွက်လည်း မဖိတ်ဘဲ လေးလပိုင်းခြား၍ ဖိတ်လျှင် မနာ မဖျားသော ရဟန်းသည် ထိုလေးလထက် ပိုလွန်၍ မတောင်းရ၊ တောင်းလျှင် မဟာနာမသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [တောင်းအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ တောင်းပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

အနာပတ္တိဝါရ။ ။ ဖိတ်ကြားထားသော ဆေးတို့ကို တောင်းအံ့၊ ဖိတ်ကြား ထားသော ညဉ့်တို့၌ တောင်းအံ့၊ “သင်သည် ဤဆေးတို့ဖြင့် ဖိတ်ကြားထား၏၊ ငါတို့သည်ကား ဤမည်ဤမည်သော ဆေးကို အလိုရှိ၏”ဟု ပြောကြား၍ တောင်းအံ့၊ “သင်ဖိတ်ကြားထားသော ညဉ့်တို့သည် လွန်ကုန်ပြီ၊ ငါတို့သည်လည်း ဆေးကို အလိုရှိ၏”ဟု ပြောကြား၍ တောင်းအံ့။ ဆွေမျိုးတော်စပ်သူတို့ထံမှ ဖြစ်စေ၊ ဖိတ်ကြားထားသော သူတို့ထံမှဖြစ်စေ တောင်းအံ့၊ သူတစ်ပါးအကျိုးငှာ တောင်းအံ့၊ မိမိဥစ္စာဖြင့် တောင်းအံ့၊ အာပတ်မသင့်။

* ၈။ ဥယျုတ္တသေန

သွားသင့်သော အကြောင်းတစ်ခုခုကြောင့် စစ်တပ်သို့ သွားခြင်းကို ကြဉ်၍ အခြားအခါ၌ မြို့ရွာမှ တိုက်ခိုက်ရန် ထွက်လာသော စစ်တပ်ကို တမင်သက်သက် သွား၍ မကြည့်ရ။ သွား၍ကြည့်လျှင် ဥယျုတ္တသေနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [သွားအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ အကြင် အရပ်၌ ရပ်တည်’ လျက် မြင်အံ့၊ ပါစိတ်အာပတ် သင့်၏၊ တပ်စိတ်ကို သွား၍ကြည့်လျှင် ဒုက္ကဋ် အာပတ်သင့်၏၊]

သွားသင့်သောအကြောင်း-ဟူရာ၌ ဆွေမျိုးသားချင်း မကျန်းမမာဖြစ်၍ ပင့်လျှောက်ခြင်း, တရားဟောဖို့ ပင့်လျှောက်ခြင်းစသော လုံလောက်သော အကြောင်းကို ဆိုလိုသည်။

မှတ်ချက်။ ။ ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်၊ ဤ (၄)ပါး စုံမှ ‘စစ်တပ်’ဟုခေါ်၏၊ ဤ (၄)ပါး မစုံသော တပ်စိတ်တစ်ခုကို အကြည့်အရှုသွားလျှင်ကား ဒုက္ကဋ်အာပတ်သာ သင့်၏၊

အနာပတ္တိဝါရ။ ။ တိုက်ဖို့ရန်အတွက် လာသော စစ်တပ် မဟုတ်ဘဲ ဥယျာဉ်စသည်သို့ သွားသော စစ်တပ်ကို ကြည့်ရှုရန် သွားလျှင် ဤသိက္ခာပုဒ်အရ အာပတ်မသင့်။ ဆွေမျိုးသားချင်း စသူက ပင့်ဖိတ်၍ အကြောင်းအားလျော်စွာ သွားလျှင်လည်း အနာပတ္တိပင်။ တမင်သက်သက် မသွားဘဲ မိမိရှေ့မှောက် ရောက်လာ၍ ကြည့်ခြင်း၊ ကျောင်းတိုက်တွင်းမှ နေ၍ ကြည့်ခြင်းသည်လည်း အနာပတ္တိပင်။

* ၉။ သေနာဝါသ

သွားသင့်သော အကြောင်းတစ်ခုခုကြောင့် စစ်တပ်သို့ သွားရလျှင် သုံးညဉ့် ‘ထက် ပိုလွန်၍ မနေရ။ နေလျှင် သေနာဝါသသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [နေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ နေပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊၊]

* ၁၀။ ဥယျောဓိက

စစ်တပ်၌ သုံးညဉ့်နေသော ရဟန်းသည် စစ်တိုက်ရာအရပ်, စစ်သည်ဗိုလ်ပါတို့ကို ရေတွက်ရာအရပ်, စစ်ဆင်ရာအရပ်, ဆင်အပေါင်း မြင်းအပေါင်း တို့ကို စစ်ဆေးရာအရပ်သို့ မသွားရ။ သွား၍ ကြည့်လျှင် ဥယျောဓိကသုဒ္ဓပါစိတ် အာပတ် သင့်၏၊ [သွားအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ အကြင် အရပ်၌ ရပ်တည်လျက် မြင်အံ့၊ ပါစိတ်အာပတ်သင့်၏၊]

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အစေလကဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၆။ သုရာပါနဝဂ်

* ၁။ သုရာပါန

သေရည်ငါးမျိုး, အရက်ငါးမျိုးတို့ကို သောက်စားလျှင် မျိုတိုင်း မျိုတိုင်း သုရာပါနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ခံယူအံ့၊ ဒုက္ကဋ်။ မျိုတိုင်း မျိုတိုင်း ပါစိတ် အာပတ်သင့်၏၊]

မှတ်ဖွယ်။ ။ သေအရက် လှူခြင်းသည် အပုညဒါန (၅)ပါးတွင် တစ်ပါး အပါအဝင် ဖြစ်၏၊ ထို (၅)ပါးတို့ကား ၁။ သေအရက်လှူခြင်း၊ ၂။ ပွဲသဘင် လှူခြင်း၊ ၃။ မိန်းမ (မေထုန်) လှူခြင်း၊ ၄။ နွားအုပ်အတွင်း နွားသိုးလွှတ်ခြင်း၊ ၅။ ကိလေသာနှင့် စပ်သော ပန်းချီရုပ် လှူခြင်းတို့တည်း။ လောက၌ ကုသိုလ် မဟုတ်သော ဒါနငါးပါး ဟူလို။ [ပွဲသဘင်သည် သာသနာတော်၏ ငြောင့်တံကျင် လည်း မည်၏၊]

* ၂။ အင်္ဂုလိပတောဒက

ရယ်မြူးလိုသောစိတ်ဖြင့် တစ်ပါးသော ရဟန်းကို လက်ဖြင့် ချိုင်းထိုး၍ ဖြစ်စေ၊ ကိုယ်ချင်း ထိပါး၍ဖြစ်စေ ကစားလျှင် အင်္ဂုလိပတောဒကသုဒ္ဓပါစိတ် အာပတ် သင့်၏၊ [ရယ်မြူးစေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရယ်မြူး ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ရဟန်းအား တုတ် စသည်တို့ဖြင့် တို့၍ ကစားသည်ဖြစ်စေ၊ လူ, သာမဏေ တို့အား ကိုယ်, တုတ် စသည်ဖြင့် ကစားသည်ဖြစ်စေ ဒုက္ကဋ်အာပတ် သင့်၏၊

* ၃။ ဟသဓမ္မ

ပျော်မြူးလိုသော စိတ်ဖြင့် ခြေမျက်စိ မြုပ်လောက်သော မြစ်, ချောင်း, ရေကန် စသည်တို့၌ ရေကူးခြင်း စသည်ဖြင့် ကစားလျှင် ဟသဓမ္မသုဒ္ဓပါစိတ် အာပတ် သင့်၏၊ [ထိုထက် တိမ်သော ရေ၌ ကစားခြင်း, လှေဖြင့် ကစားခြင်း, ရေထဲ၌ အိုးခြမ်းကွဲ စသည်ကို ပစ်၍ ကစားခြင်း, အိုးခွက်၌ရှိသော ရေကို လက်ဖြင့် ပုတ်၍ ကစားခြင်း, ပုန်းရည်, နို့ရည်, ရက်တက်ရည် စသော အရည် တို့ကို အယုတ်သဖြင့် တစ်စက်လောက်မျှ မြှောက်၍ ကစားခြင်း၊ ဤအားလုံး၌ ဒုက္ကဋ် အာပတ်သင့်၏၊]

ကစား — ဟူရာ၌ ရေချိုးရင်း ငုတ်လိုက်, ဖော်လိုက်, ရေပေါ် ဖော်ပြီး ကူးလိုက် လုပ်ခြင်းမျိုးကို ဆိုလိုသည်။

အနာပတ္တိဝါရ။ ။ ကစားစိတ် မပါဘဲ အကြောင်းအားလျော်စွာ (အညောင်းပြေအောင်) ရေကူးခြင်း၌ အာပတ်မသင့်။ မကျန်းမာ၍ ဖြစ်စေ၊ တစ်ဖက်ကမ်းသို့ သွားလို၍ဖြစ်စေ ကူးရာ၌လည်း အနာပတ္တိ အာပတ်မသင့်။

* ၄။ အနာဒရိယ

ဝိနည်းလမ်းကြောင်းဖြင့် ပြောဆိုသော ရဟန်းကို ဖြစ်စေ၊ ဝိနယဓမ္မကို ဖြစ်စေ မရိုသေလျှင် အနာဒရိယသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [မရိုသေခြင်းကို ပြုအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပြုပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊]

သုတ်, အဘိဓမ္မာလာ တရားတော်ဖြင့် ရဟန်း၏ ဆိုဆုံးမခြင်းကိုဖြစ်စေ၊ ဝိနည်းဖြင့်သော်လည်းကောင်း၊ အခြားဓမ္မဖြင့်သော်လည်းကောင်း လူ, သာမဏေတို့၏ ပြောဆိုခြင်းကိုဖြစ်စေ မရိုသေလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

* ၅။ ဘိံသာပန

တစ်ပါးသော ရဟန်းကို ထိတ်လန့်အောင် ခြောက်လျှင် ထိုရဟန်း ကြောက် သည်ဖြစ်စေ၊ မကြောက်သည်ဖြစ်စေ ဘိံသာပနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ခြောက်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ခြောက်ပြီးသည်ရှိသော် ပါစိတ် အာပတ်သင့်၏၊ လူ, သာမဏေတို့ကို ပြုလုပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊]

* ၆။ ဇောတိ

မီးထည့်အပ်သော အကြောင်းလည်း မရှိ, ဂိလာနလည်း မဟုတ်ဘဲလျက် မီးလှုံလိုသောကြောင့် မီးကို ကိုယ်တိုင်လည်း မထည့်ရ၊ သူတစ်ပါးကိုလည်း မခိုင်းရ။ ထိုသို့ ပြုလုပ်လျှင် ဇောတိသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [မီးထည့်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ မီးထည့်ပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊] မီးထည့်အပ်သောအကြောင်းဟူရာ၌ ဆီမီးညှိထွန်းခြင်း, သပိတ်ဖုတ် ခြင်း, ရေနွေးတည်ခြင်း စသောအကြောင်းတို့ကို ဆိုလိုသည်။

သတိ။ ။ မီးမလှုံရလျှင် မသက်သာနိုင်အောင် မကျန်းမာသူကို ဂိလာန-ဟု ခေါ်သည်။ လူ, သာမဏေတို့ မွှေးပြီးသော မီးကို လှုံရာ၌ အနာပတ္တိ အာပတ်မသင့်။ သို့ရာတွင် မီးတောက်အောင် မှုတ်ခြင်း, ထင်းထည့်ခြင်း, မီးကို ရွှေ့ပြောင်းခြင်းစသည်တို့ကို မပြုရ။

* ၇။ နှာန

အိန္ဒိယပြည် မဇ္ဈိမဒေသ၌ နေသော ရဟန်းသည် ရေချိုးအပ်သော အခါ ၇-ပါးကို ကြဉ်၍ လခွဲအတွင်းတွင် တစ်ကြိမ်တစ်ခါထက် ပိုလွန်၍ မချိုးရ၊ ချိုးလျှင် နှာနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ရေချိုးအံ့၊ အားထုတ်ခြင်း (ပယောဂ) ၌ ဒုက္ကဋ်။ ရေချိုးပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

နယုန်လဆန်း ၁-ရက်နေ့မှစ၍ ဝါဆိုလပြည့်နေ့တိုင်အောင် ပူသော ဤတစ်လခွဲအတွင်း၌လည်းကောင်း၊ ဝါဆို လဆုတ် ၁-ရက်နေ့မှ စ၍ ဝါခေါင် လပြည့်နေ့တိုင်အောင် အိုက်သော ဤတစ်လအတွင်း၌လည်းကောင်း၊ နာဖျား သောအခါ၌လည်းကောင်း၊ တံမြက်လှည်းခြင်းစသော အလုပ်ကို လုပ်သော အခါ၌လည်းကောင်း၊ အဓွန့်ရှည်သော (ယူဇနာခွဲ) ခရီးသို့ သွားသောအခါ၌ လည်းကောင်း၊ လေနှင့်တကွ မိုးရွာသောအခါ၌လည်းကောင်း၊ ပစ္စန္တရစ်ဒေသ၌ နေသောအခါ၌လည်းကောင်း အလိုရှိတိုင်း ချိုးနိုင်၏၊ ဤကား ရေချိုးအပ်သော အခါ ၇-ပါးတည်း။

* ၈။ ဒုဗ္ဗဏ္ဏကရဏ

အညို, ညွှန်, အမည်း၊ ဤသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ကပ္ပဗိန္ဒုမထိုး ရသေးသော သင်္ကန်းသစ်ကို ဝတ်ရုံသုံးစွဲလျှင် ဒုဗ္ဗဏ္ဏကရဏသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဝတ်ရုံအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဝတ်ရုံပြီးသည် ရှိသော် ပါစိတ်အာပတ်သင့်၏၊]

မှတ်ချက်။ ။သင်္ကန်းထောင့်စွန်း၌ သုံးပွင့်ဆိုင် ဗိန္ဒုမထိုးရ။ သင်္ကန်း တစ်ထောင့်လျှင် တစ်ပြောက်ကျ လေးထောင့်လုံးမှာဖြစ်စေ၊ လေးထောင့်လုံး မထိုးဘဲ သုံးထောင့်, နှစ်ထောင့်မှာဖြစ်စေ၊ တစ်ထောင့်မှာဖြစ်စေ တစ်ပြောက် စီသာ ထိုးရမည်။ ဤသို့ ထိုးရာ၌ ကြေးညှိမျိုး, သစ်ရွက်စိမ်းမျိုး လိမ်းကပ်သော ရွှံ့ညွန်မျိုး, ထိုမှ ကြွင်းသော ခပ်သိမ်းသော မည်းနက်သော အဆင်းမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် သင်္ကန်းထောင့်၌ ထိုးရမည်။ ကပ္ပဗိန္ဒု၏ အရွယ်ပမာဏမှာ ဥဒေါင်းမျက်ကွင်းလောက်ဖြစ်စေ၊ ကြမ်းပိုးကျောကုန်းလောက်ဖြစ်စေ ရှိစေရ မည်။ ထိုကပ္ပဗိန္ဒု၏ အလယ်၌ သုညဝိုင်းသကဲ့သို့ ကွက်လပ်လည်း မရှိစေရ။ [ပြည့်ပြည့်ဝန်းဝန်း ရှိစေရမည် ဟူလို။]

အသစ်ကျပ်ချွတ်မှ မဟုတ်၊ တစ်ပတ်ရစ် အဟောင်းကိုလည်း ကပ္ပဗိန္ဒု မထိုးရသေးလျှင် ‘သင်္ကန်းသစ်’ဟု ခေါ်သည်။ ကပ္ပဗိန္ဒု မထိုးရသေးလျှင် သာမဏေတို့ ဝတ်ပြီးဖြစ်၍ ဟောင်းနွမ်းနေသော်လည်း ဤသိက္ခာပုဒ်အရ သင်္ကန်းသစ်ပင်တည်း။ ထို့ကြောင့် သာမဏေတို့၏ သင်းပိုင်ကို ခေတ္တယူ၍ ရေသနုပ်လုပ်လိုက ကပ္ပဗိန္ဒု ထိုးရမည်သာ။

* ၉။ ဝိကပ္ပန

သီတင်းသုံးဖော် ငါးယောက်တို့တွင် တစ်ယောက်ယောက်၏ အထံ၌ သင်္ကန်းကို ကိုယ်တိုင်ဝိကပ္ပနာပြု၍ ထိုသူက ပစ္စုဒ္ဓိုရ်မပြုပေးဘဲလျက် ထိုသင်္ကန်း ကို ဝတ်ရုံသုံးစွဲလျှင် ဝိကပ္ပနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဝတ်ရုံအံ့၊ အားထုတ် ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဝတ်ရုံပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊ ပစ္စုဒ္ဓိုရ် မပြုပေးသော ထိုသူသည် အကယ်၍ ရဟန်းဖြစ်ငြားအံ့၊ ထိုသူအား ဒုက္ကဋ် အာပတ်သင့်၏၊]

အမှာ။ ။ အများအားဖြင့် ယခုကာလ၌ သာမဏေတို့၏ အထံ၌လည်း ဝိကပ္ပနာပြုကောင်းကြောင်းကို သတိရှိဟန် မတူပါ။ ဝိကပ္ပနာပြုပုံကို နောက် ဆက်တွဲ သင်္ကန်းဝိကပ္ပနာပြုနည်း၌ ရှု။

* ၁၀။ စီဝရအပနိဓာန

တစ်ပါးသော ရဟန်း၏ သပိတ်, သင်္ကန်း, ခါးပန်းကြိုး, အပ်ချည်ဘူး, နိသီဒိုင်၊ ဤတစ်ခုခုကို အယုတ်သဖြင့် ရယ်ရွှင်လိုသည်ဖြစ်၍လည်း ဝှက်လျှင် ဝှက်စေလျှင် စီဝရအပနိဓာနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ဝှက်အံ့၊ အားထုတ် ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဝှက်ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ကြွင်းသော ခဲတံ, စာအုပ် စသည်ကို ဖြစ်စေ၊ လူ, သာမဏေတို့၏ ဥစ္စာ ကိုဖြစ်စေ ဝှက်လျှင် ဝှက်စေလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

အနာပတ္တိဝါရ။ ။ မတော်မလျော် ပစ်ထားသည်ကို သိမ်းထားလျှင် လည်းကောင်း၊ မတော်မလျော်ထားသူကို ဆုံးမလို၍ ခေတ္တဝှက်ထားလျှင်လည်း ကောင်း အာပတ်မသင့်။

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုရာပါနဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၇။ သပ္ပါဏကဝဂ်

* ၁။ သဉ္စိစ္စပါဏ

နဂါး, ဂဠုန်တို့မှ စ၍ ပိုးမွှားစသော တိရစ္ဆာန်ကို သေစေလိုသော စိတ်ဖြင့် သတ်၍ သေလျှင် သဉ္စိစ္စပါဏသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [သတ်အံ့ဟု အားထုတ်အံ့၊ ဒုက္ကဋ်။ သေအံ့၊ ပါစိတ်အာပတ်သင့်၏၊]

အနာပတ္တိဝါရ။ ။ သေစေလိုသော စေတနာမရှိသော ရဟန်း, သတိ မထားမိသော ရဟန်း, မသိသော ရဟန်း, ရူးသော ရဟန်း, အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ်မသင့်။

* ၂။ သပ္ပါဏက

ပိုးလောက်လန်းစသော ပိုးမွှားကလေးများရှိမှန်း သိလျက် ထိုရေကို သုံးဆောင်ခြင်းဖြင့် ထိုပိုးမွှားကလေးများ သေလိမ့်မည်ဟု သိလျက် သုံးဆောင် လျှင် သပ္ပါဏကသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [သုံးဆောင်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ သုံးဆောင်ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

မှတ်ဖွယ်။ ။ ဤသိက္ခာပုဒ်၌ နှံမည်သော ပိုးတို့၏ ကျလတ္တံ့သည်ကို သိ၍လည်း သုဒ္ဓစိတ်ဖြင့် ဆီမီးကို ညှိထွန်းရာ၌ကဲ့သို့ ပိုးရှိသော အဖြစ်ကို သိ၍လည်း ရေဟူသောအမှတ်ဖြင့် သုံးဆောင်အပ်သည်၏ အဖြစ်ကြောင့် ပဏ္ဏတ္တိဝဇ္ဇအဖြစ်ကို သိအပ်၏၊ ထို့ကြောင့် ပါစိတ်အဋ္ဌကထာ၌ — ဧတ္ထစ ပဋင်္ဂပါဏကာနံ ပတနံ ဉတွာပိ သုဒ္ဓစိတ္တတာယ ဒီပဇာလနေဝိယ သပ္ပါဏကဘာဝံ ဉတွာပိ ဥဒကသညာယ ပရိဘုဉ္ဇိတဗ္ဗတော ပဏ္ဏတ္တိဝဇ္ဇတာ ဝေဒိတဗ္ဗာဟု မိန့်၏၊ ဧတ္ထ = ဤဒုတိယသိက္ခာပုဒ်၌။ ပဋင်္ဂပါဏကာနံ = နှံမည်သော ပိုးတို့၏၊ (ဝါ) ပိုးဖလံဖြူတို့၏၊ ပတနံ = ကျခြင်းကို။ ဉတွာပိ = သိ၍လည်း။ သုဒ္ဓစိတ္တတာယ = စင်ကြယ်သော စိတ်ရှိသည်၏ အဖြစ်ဖြင့်။ ဒီပဇာလနေဝိယ = ဆီမီး ညှိထွန်းရာ၌ကဲ့သို့။ သပ္ပါဏကဘာဝံ = ပိုးရှိသော အဖြစ်ကို။ ဉတွာပိ = သိ၍ လည်း။ ဥဒကသညာယ = ရေဟူသော အမှတ်ဖြင့်။ ပရိဘုဉ္ဇိ တဗ္ဗတော = သုံး ဆောင်အပ်သောကြောင့်။ ပဏ္ဏတ္တိဝဇ္ဇတာ = ပဏ္ဏတ္တိဝဇ္ဇအဖြစ်ကို။ ဝေဒိတဗ္ဗာ = သိအပ်၏၊ ဤကားအနက်-ဟူ၍ ပါတိမောက္ခဝိနိစ္ဆယကျမ်း၌ ဖော်ပြထား၏၊ [ဆိုလိုရင်း အဓိပ္ပာယ်မှာ ပိုးကောင်တို့ ကျ၍ သေလတ္တံ့ဟု သိသော်ငြားလည်း သတ်လို၊ သေစေလိုသော စေတနာမရှိဘဲ စင်ကြယ်သောစိတ်ဖြင့် ဆီမီးညှိထွန်း ရာ၌ (ပိုးကောင်တို့ကို သေစေလိုသော အကုသိုလ်စိတ် မရှိသဖြင့် အာပတ်မသင့် ဟု ထင်မှတ်ဖွယ်ရှိသော်လည်း အာပတ်သင့်သည်ဟူသော အဋ္ဌကထာဆရာ၏ မိန့်ဆိုချက်ကြောင့် အာပတ်မှ မလွတ်) ပဏ္ဏတ္တိဝဇ္ဇ ဖြစ်သကဲ့သို့ ဤသပ္ပါဏက သိက္ခာပုဒ်၌လည်း ပိုးရှိသည်ကို သိသော်ငြားလည်း ပိုးကောင်ဟု မမှတ်မယူဘဲ ရေဟူသော အမှတ်အယူဖြင့် သုံးဆောင်သောကြောင့် (ပိုးကောင်တို့ကို သေစေ လိုသော အကုသိုလ်စိတ် မရှိသဖြင့် အာပတ်မသင့်ဟု ထင်မှတ်ဖွယ်ရှိသော်လည်း အာပတ်သင့်စေဟူသော ဘုရားရှင်၏ ပညတ်ချက်ကြောင့် အာပတ်မှ မလွတ်ရ ကား) ဤ သပ္ပါဏကသိက္ခာပုဒ်သည် ပဏ္ဏတ္တိဝဇ္ဇ ဖြစ်သည်၊ လောကဝဇ္ဇ မဖြစ်- ဟူ၍ ဖြစ်သည်။]

ကုသိုလ်စိတ်ဖြင့်ဖြစ်စေ၊ အဗျာကတစိတ်ဖြင့်ဖြစ်စေ လွန်ကျူးမိ၍ အာပတ် ကို ဖြစ်တတ်စေသော သိက္ခာပုဒ်သည် ပဏ္ဏတ္တိဝဇ္ဇမည်၏၊ တစ်နည်း--အကုသိုလ် စိတ် မရှိဘဲ လွန်ကျူးမိသော်လည်း (အာပတ်သင့်စေဟု ဘုရားရှင် ပညတ်ထား သောကြောင့်) အာပတ်မှ လွတ်ခွင့်မရှိသော သိက္ခာပုဒ်သည် ပဏ္ဏတ္တိဝဇ္ဇ မည်၏၊ [အဗျာကတစိတ်ဟူသည် ကုသိုလ် အကုသိုလ်မှ လွတ်သော စိတ်တည်း။] ကုသိုလ်စိတ်, အဗျာကတစိတ်ကြောင့်လည်း အာပတ်သင့်နိုင်သည်၊ အာပတ်သင့် စေတတ်သော စိတ် (၃၂)ပါးရှိသည်ဟု ဆဋ္ဌမူ ပါရာဇိကဏ်အဋ္ဌကထာ(၂၃၅၊ ပကိဏ္ဏကကထာ အဖွင့်၌လာသည့် “ဒွတ္တိံသေဝ ဟိ အာပတ္တိသမုဋ္ဌာပကစိတ္တာနိ အဋ္ဌကာမာဝစရ ကုသလာနိ ဒွါဒသအကုသလာနိ ဒသကာမာဝစရကိရိယစိတ္တာနိ ကုသလတော စ ကိရိယတော စ ဒွေ အဘိညာ စိတ္တာနီတိ”ဟူသော ပါဌ်ဖြင့် သိအပ်၏၊

အကုသိုလ်စိတ်ဖြင့် လွန်ကျူးမိ၍ အာပတ်သင့်စေတတ်သော သိက္ခာပုဒ် သည် လောကဝဇ္ဇမည်၏၊

အနာပတ္တိဝါရ။ ။ ပိုးရှိ၏ဟု မသိ၍သော်လည်းကောင်း၊ ပိုးမရှိဟု သိ၍ သော်လည်းကောင်း သုံးဆောင်ခြင်းကြောင့် သေလိမ့်မည်မဟုတ်ဟု သိ၍ သော်လည်းကောင်း သုံးဆောင်အံ့၊ အာပတ်မသင့်။

* ၃။ ဥက္ကောဋန

ဓမ္မကံဖြင့် ငြိမ်းလေပြီးသော အဓိကရုဏ်းကို သိလျက် တစ်ဖန် ကံပြုခြင်းငှာ လှုံ့ဆော်လျှင် ဥက္ကောဋနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [လှုံ့ဆော်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ လှုံ့ဆော်ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

၄။ ဒုဋ္ဌုလ္လ

တစ်ပါးသော ရဟန်း၏ သံဃာဒိသေသ်အာပတ်ကို သိလျက် ညှာတာလို သော သဘောဖြင့် ဖုံးထားလျှင် ဒုဋ္ဌုလ္လသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [အောက် အာပတ်များကိုဖြစ်စေ၊ သာမဏေတို့၏ အပြစ်ကိုဖြစ်စေ ဖုံးထားလျှင် ဒုက္ကဋ် အာပတ်သင့်၏၊]

အနာပတ္တိဝါရ။ ။ ညှာတာလို၍ မဟုတ်ဘဲ “သူ့အပြစ်နှင့် သူ ထင်ရှားလိမ့် မည်”ဟူသော သဘောဖြင့် ဖုံးထားလျှင် အာပတ်မသင့်။ သံဃာ၏ ကွဲပြားခြင်း သော်လည်းကောင်း၊ သံဃာ၏ အရေး ‘အက်ကြောင်း’သော်လည်းကောင်း ဖြစ်လတ္တံ့ဟု နှလုံးပိုက်၍ မပြောကြားအံ့၊ “ဤရဟန်းသည် ခက်ထန်၏၊ ကြမ်းတမ်း၏၊ အသက်၏ အန္တရာယ်ကိုသော်လည်းကောင်း၊ သာသနာတော်၏ အန္တရာယ်ကိုသော်လည်းကောင်း ပြုလတ္တံ့”ဟု နှလုံးသွင်း၍ မပြောကြားအံ့၊ လျောက်ပတ်သော အခြားရဟန်းတို့ကို မမြင်သောကြောင့် မပြောကြားအံ့၊ ဖုံးလွှမ်းရန် အလိုမရှိဘဲ မပြောကြားအံ့၊ အာပတ်မသင့်။

၅။ ဦနဝီသတိဝဿ

ပဋိသန္ဓေက စ၍ ရေတွက်လျှင် အသက်နှစ်ဆယ် မပြည့်သေးသောသူကို မပြည့်မှန်းသိလျက် ရဟန်းခံပေးမူ ထိုသူလည်း ရဟန်းမဖြစ်၊ ကာရကသံဃာ တော်လည်း ဒုက္ကဋ်အာပတ်သင့်၏၊ ဥပဇ္ဈာယ်ဆရာမှာ ဦနဝီသတိဝဿ သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ရဟန်းခံပေးအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရဟန်းခံပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ အသက်နှစ်ဆယ် မပြည့်မှန်း မသိလျှင် ရဟန်းတော်များအဖို့ အာပတ်မသင့်၊ ထိုသူအဖို့ကား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ရဟန်း မဖြစ်။

အသက်နှစ်ဆယ် ပြည့်မပြည့်ကို ရေတွက်ရာ၌ ဝါဒအမျိုးမျိုး ရှိ၏၊ “ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်ကို ရေတွက်လျှင် လလွန် ၂-လကို နိကင်္ခါ ထားပါလေ၊ လလွန် ၂-လနှင့်တကွ အသက်နှစ်ဆယ်ကို ရေတွက်လျှင် ပဋိသန္ဓေ ဆယ်လကို နိကင်္ခါထားပါလေ၊ ပဋိသန္ဓေကိုလည်းယူ၊ လလွန်ကိုလည်းယူ၍ အသက်နှစ်ဆယ် မရေတွက်ပါလေနှင့်၊ သို့မှ အဋ္ဌကထာ ရှေ့နောက်ညီမည်” ဟူသော သီလဝိသောဓနီကျမ်း၏ အဆိုကို မူတည်၍ စာရေးသူသည် လလွန် ၂-လကို မယူဘဲ အောက်ဆုံး ၇-လဖွားကို အတည်ပြု၍ ပဉ္စင်းလောင်း၏ အသက်သည် ၁၉-နှစ်နှင့် ၅-လအောက် မယုတ်စေရ ဟူသော ဝါဒကို ထုတ် ဆောင်၏၊ [အကျယ်ကို သီလဝိသောဓနီကျမ်းနှင့် ပါတိမောက်ဘာသာဋီကာ တို့၌ ရှု။]

ထိုလလွန် ၂-လနှင့် ၆-ရက်တို့ မည်ကဲ့သို့ ပေါ်ထွက်လာသည်ကို တွက်ပြ ပါအံ့။ ဖွားသည့်နေ့မှ စ၍ ၁၉-နှစ်ပြည့်ပြီဟု ဆိုရသောအခါ သုံးနှစ်တစ်ကြိမ် ဝါထပ်သည့်အတွက် ၆-လ အပိုထွက်လာ၏၊ ရက်မစုံလအတွက် ရက်ပေါင်း ၁၁၄-ရက် ယုတ်လျော့လျက် ရှိ၏၊ ထိုရက်ပေါင်းကို ၄-လမျှ ဆိုသည်၊ အမှန်မှာ ၃-လနှင့် ၂၄-ရက် ဖြစ်သည်၊ ဝါထပ်အတွက် ၆-လပိုသည်တွင် ရက်မစုံအတွက် ယုတ်ခဲ့သော ရက်တို့နှင့် ပယ်နုတ်နှိုင်းညှိသည်ရှိသော် အကျန်၂-လနှင့် ၆-ရက် အပိုထွက်သည်။

အမှာ။ ။ ရဟန်းအဖြစ်ကို မရနိုင်သော ပုဂ္ဂိုလ် တစ်ကျိပ်သုံးယောက်၊ ရှင်, ရဟန်းမပြုပေးထိုက်သော ပုဂ္ဂိုလ် သုံးကျိပ်နှစ်ယောက်၊ ရှင်ပြု, ရဟန်းခံ အစီအစဉ်ကို နောက်ဆက်တွဲ ‘ရှင်ပြုရဟန်းခံအမြွက်’၌ ရှု။

* ၆။ ထေယျသတ္ထ

ကင်းကို ရှောင်လွှဲလိုသော ခိုးသူကုန်သည်မှန်း သိလျက် ထိုသူနှင့် တိုင်ပင် ညှိနှိုင်း၍ အဓွန့်ရှည်သော တစ်ကြောင်းတည်းသော’ ခရီးသို့ အတူမသွားရ။ အယုတ်သဖြင့် အနီးအပါး ရွာသို့မျှလည်း အတူမသွားရ။ သွားလျှင် ထေယျသတ္ထသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [သွားအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

၇။ သံဝိဓာန

မာတုဂါမတို့နှင့် တိုင်ပင်ညှိနှိုင်း၍ အဓွန့်ရှည်သော တစ်ကြောင်းတည်းသော ခရီးသို့ အတူမသွားရ။ အယုတ်သဖြင့် အနီးအပါးရွာသို့မျှလည်း အတူ မသွားရ။ သွားလျှင်သံဝိဓာနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [သွားအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ သွားပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊] မာတုဂါမ တို့နှင့် ချိန်းချက်၍ ဘုရားဖူးသွားကြခြင်းသည်လည်း ဤသိက္ခာပုဒ်တော်ကို ချိုးဖောက်သည် မည်၏၊

ဘီလူးမ, ပြိတ္တာမ, ပဏ္ဍုက်, လူယောင်ဆောင်ထား သော တိရစ္ဆာန်မတို့နှင့် အတူ တိုင်ပင်၍ သွားလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

* ၈။ အရိဋ္ဌ

နူးညံ့သိမ်မွေ့သော ပိုး, ဖဲ, ကတ္တီပါ အခင်းအရုံစသည်တို့၏ အတွေ့အထိ သည် ရဟန်းတို့အား အပ်စပ်သကဲ့သို့ မိန်းမတို့၏ အတွေ့အထိသည်လည်း အပ်စပ်သည်ဟု အကြင်ရဟန်းသည် ယူဆ၏၊ ထိုမိစ္ဆာအယူကို ယူသော ရဟန်း က စကားစပ်မိစပ်ရာ ပြောရာ၌ အခြားရဟန်းတို့အား “အရှင်တို့ ... မေထုန် အကျင့်တို့သည် စျာန်, မဂ်, ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူ၏၊ သို့သော် အလွန်အမင်း တပ်မက်ခြင်း မရှိသော အကြင်နည်းဖြင့် မှီဝဲလျှင် အန္တရာယ် မဖြစ်နိုင်။ ထိုအန္တရာယ် မဖြစ်နိုင်သောနည်း ဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို ငါသိသည်”ဟု ဆိုငြားအံ့။ ထိုရဟန်းကို အခြားရဟန်းတို့က “အရှင်သည် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားအား မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ၊ စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို ပရိယာယ်အမျိုးမျိုးဖြင့် (ဝါ) များစွာသော အကြောင်းဖြင့် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ ဟူ၍ပင် မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုတရားတို့သည် မေထုန်မှီဝဲ သော ရဟန်းအား စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှာ စွမ်းနိုင်ကုန်သည် သာတည်း”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ် မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊] ထိုရဟန်းကို သံဃာ့အလယ်သို့ လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့။ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထို့နောက် သံဃာတော်က ထိုရဟန်းအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ထို ရဟန်းအား အရိဋ္ဌသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဉတ်၏ အဆုံး၌ ဒုက္ကဋ် အာပတ်သင့်၏၊ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ်နှစ်ချက် သင့်၏၊ ကမ္မဝါစာ၏ အဆုံး၌ ပါစိတ်အာပတ်သင့်၏၊]

အမှာ။ ။သမနုဘာသနကံ ပြုပုံကို ပါစိတ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၄၂၀ ၌ ရှု။ ယုတ်မာသော အယူ (ဝါ) မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် ပြုအပ်သော ဥက္ခေပနီယကံပြုပုံ, ပြုလိုက ပြုရာသော ကံခြောက်ပါး, ကျင့်ဝတ် လေးဆယ့်သုံးပါးနှင့် ကံငြိမ်းပုံတို့ကို စူဠဝဂ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၆၆၊ ၆၉၊ ၇၀ နှင့် ၇၄ အသီးအသီးတို့၌ ရှု။

* ၉။ ဥက္ခိတ္တသမ္ဘောဂ

ထိုမိစ္ဆာအယူကို မစွန့်၍ သံဃာတော်က ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ် ထားသော သံဃာ့ဘောင်သို့ ဩသာရဏကံဖြင့် ပြန်၍ မသွင်းရသေးသော ‘ဥက္ခိတ္တကရဟန်း’နှင့် အတူ အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂ, ဥပုသ်, ပဝါရဏာ စသော သံဝါသတို့ကို မပြုရ၊ တစ်မိုးတည်းသော ကျောင်း၌လည်း အတူမအိပ်ရ။ ထိုသို့ပြုလုပ်လျှင် ဥက္ခိတ္တသမ္ဘောဂသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပြုအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပြုပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ အာပတ်ကို မရှုခြင်းကြောင့်ဖြစ်စေ၊ အာပတ်ကို မကုစား ခြင်းကြောင့်ဖြစ်စေ၊ မိစ္ဆာအယူကို မစွန့်ခြင်းကြောင့်ဖြစ်စေ ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ထားသော ရဟန်းကို ‘ဥက္ခိတ္တကရဟန်း’ဟု ခေါ်သည်။

ဆွမ်းစသော အာမိသပစ္စည်းကို မိမိအား ပေး၍ ခံယူသုံးစွဲခြင်း၊ မိမိက ထိုရဟန်းအား ချီးမြှောက်ခြင်း၊ ပေးကမ်းခြင်း၊ ဤသို့ အာမိသကို ပေးကာ, ယူကာ ဆက်ဆံမှုကို အာမိသသမ္ဘောဂဟု ခေါ်၏၊ ပါဠိတော်နှင့် အဋ္ဌကထာဓမ္မကို ပို့ချပေးခြင်း၊ ထိုရဟန်းထံမှ သင်ယူခြင်း (တပည့်လုပ်၍ မြှောက်စားခြင်း၊ ဆရာလုပ်၍ မြှင့်တင်ပေးခြင်း)သည် ဓမ္မသမ္ဘောဂ မည်၏၊

* ၁၀။ ကဏ္ဋက

ထို အရိဋ္ဌရဟန်းကဲ့သို့ မိစ္ဆာအယူကို ယူ၍ ထိုအယူကို မစွန့်ခြင်းကြောင့် ရဟန်းတို့က “ယနေ့မှ စ၍ ငါတို့၏ မြတ်စွာဘုရားကို ဆရာဟူ၍ သင် မညွှန်ပြ နှင့်၊ အခြားသို့ သင်သွားလေ၊ ပျောက်လေ၊ ပျက်လေ”ဟု ဆို၍ ဒဏ်ပေး နှင်ထုတ်ထားသော သာမဏေအား ဖြားယောင်းခြင်း၊ လုပ်ကျွေးစေခြင်း မပြုရ။ တစ်မိုးတည်းသော ကျောင်း၌လည်း အတူမအိပ်ရ။ အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂ စသည်တို့ကိုလည်း မပြုရ။ ထိုသို့ ပြုလုပ်လျှင် ကဏ္ဋကသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ဖြားယောင်းအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဖြားယောင်း ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သပ္ပါဏကဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၈။ သဟဓမ္မိကဝဂ်

* ၁။ သဟဓမ္မိက

ပညတ်တော်မူသော သိက္ခာပုဒ်တော်ဖြင့် အခြား ရဟန်းတို့၏ ဆိုဆုံးမခြင်း ကို နားမထောင်လို၍ ထိုရဟန်းတို့အား “သင်တို့ ဆိုသည့်အတိုင်း ငါ မကျင့် နိုင်သေး၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ကို မေးမြန်းပြီးမှ ကျင့်မည်”ဟု ပြန်ပြောလျှင် သဟဓမ္မိကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပြောအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပြောပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ရဟန်းဟူသမျှ သိက္ခာပုဒ်တော်၌ ကျင့်ကြံလိုသော စိတ် ရှိရမည်။ ကျင့်ကြံ လိုသော စိတ်ရှိသည်ဖြစ်၍ သိက္ခာပုဒ်တော်တိုင်း၏ အနက်အဓိပ္ပာယ်ကို သိ အောင် ကြိုးစားရမည်။ မသိလျှင်လည်း မေးအပ်၏၊ မေးပြီးနောက်လည်း စိတ်ထဲ၌ စွဲနေလောက်အောင် အဖန်တလဲလဲ စဉ်းစားကြံစည်အပ်၏၊ ဤသို့ သိအောင်ပြုရခြင်း, မေးရခြင်း ကြံစည်ရခြင်းသည် ထိုသိက္ခာပုဒ်တော်ကို ကျင့်ကြံလိုရာ၌ ကျင့်ရာသော ဝတ်တည်း၊ (ဝါ) လောကုတ္တရာတရားအား လျော်သော ကျင့်ဝတ်တည်း။

* ၂။ ဝိလေခန

ပါတိမောက်ကို တစ်ပါးပါးက ရွတ်ဆို သရဇ္ဈာယ်သည်ရှိသော် “ဤ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အလွန်ယုံမှားခြင်း, စိတ်ပင် ပန်းခြင်း, စိတ်ရှုပ်ထွေးခြင်းငှာသာလျှင် ဖြစ်ကုန်၏”ဟု သိက္ခာပုဒ်တော်ကို ကဲ့ရဲ့ ပြောဆိုလျှင် ဝိလေခနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကဲ့ရဲ့အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ကဲ့ရဲ့ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

ဝိနည်းမှ တစ်ပါးသော တရားကို ကဲ့ရဲ့အံ့၊ ဒုက္ကဋ်။ လူ, သာမဏေတို့၏ အထံ၌ ဝိနည်းကိုဖြစ်စေ၊ တစ်ပါးသော တရားကိုဖြစ်စေ ကဲ့ရဲ့အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊

မှတ်ချက်။ ။ ပါရာဇိကကို ထောက်၍ သံဃာဒိသေသ် စသော သိက္ခာပုဒ် များကို ခုဒ္ဒ (ငယ်သော) သိက္ခာပုဒ်များဟု ဆိုနိုင်၏၊ ‘ခုဒ္ဒ’အမည် ရပြီးသော သံဃာဒိသေသ်ကို ထောက်၍ ထုလ္လစ္စဉ်းစသော သိက္ခာပုဒ်များကို အနုခုဒ္ဒက (သာ၍ငယ်သော) သိက္ခာပုဒ်များဟုလည်း ဆိုနိုင်သည်။ အချုပ်မှာ သံဃာဒိသေသ်သည် ခုဒ္ဒသာ မည်၍, ထုလ္လစ္စဉ်းစသည်တို့မှာ ခုဒ္ဒ၊ အနုခုဒ္ဒက နှစ်မျိုးလုံး မည်သည်ဟု ဆိုလိုသည်။

* ၃။ မောဟန

လခွဲတစ်ကြိမ် ဥပုသ်ပြုသည်၏ အစွမ်းဖြင့် ပါတိမောက်ကို ပြသည်ရှိသော် မိမိကျူးလွန်ခဲ့သော အပြစ်ကို ကာကွယ်သော အနေဖြင့် (ဝါ) မသိ၍ ပြုမိသော အနေဖြင့် သံဃာတော်အား “ငါ့ရှင်တို့ ...ဤသိက္ခာပုဒ်တော်သည် ပါတိမောက်၌ လာ၏၊ ပါတိမောက်၌ အကျုံးဝင်၏၊ လခွဲတစ်ကြိမ် သရုပ်အားဖြင့် ပြအပ်သည် ၏အဖြစ်သို့ ရောက်၏ဟု ယခုမှ ငါသိရသည်”ဟု မသိဟန်ဆောင်၍ ဆို၏၊ သို့သော် ရှေးယခင် ဥပုသ်ပြုလုပ်ရာတို့၌ ထိုရဟန်းသည် နှစ်ကြိမ်သုံးကြိမ်ထက် မနည်း ပါဝင်ဖူးသည်ဟု အခြားရဟန်းတို့ သိနေကုန်၏၊ မသိဟန်ဆောင်ခြင်း ကြောင့် အာပတ်မှ လွတ်ခြင်းသည် မရှိ။ ထို့ကြောင့် ထိုကျူးလွန်ခဲ့သော အပြစ် အတွက် ထိုရဟန်းသည် အကြင်အာပတ်သို့လည်း ရောက်နှင့်ပြီးခဲ့ပြီ။ ထိုအာပတ် ကိုလည်း ဝိနည်းတော်အတိုင်း ထိုရဟန်းအား ကုစားစေထိုက်၏၊ ထိုထက်တိုး၍ အရေးယူသောအားဖြင့် သံဃာတော်က ထိုရဟန်းအား “အရှင်သည် ဥပုသ်ပြုရာ တို့၌ ပါတိမောက်ကို ကောင်းစွာ နှလုံးသွင်း၍ မနာယူခြင်းကြောင့် ရသင့်ရထိုက် သော ဒိဋ္ဌဓမ္မအကျိုး, တမလွန်အကျိုးတို့ကို မရလေစွ၊ ကံကောင်းထောက်မ သဖြင့် ရအပ်သော လူ့အဖြစ်ကို အရှင်သည် အရမတော်လေစွ”ဟု ကဲ့ရဲ့ပြောဆို ၍ မောဟကံသို့ ဉတ်ကမ္မဝါစာဖြင့် တင်ရမည်။ ဤသို့ ကံပြုထားပါလျက် တစ်ဖန် မသိဟန်ဆောင်ပြန်လျှင် မောဟနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [မောဟကံသို့ မတင်မီ မသိဟန်ဆောင်ခြင်းအတွက်ကား ဒုက္ကဋ်အာပတ်သင့်၏၊၊]

မောဟကံပြုပုံကို ပါစိတ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၄၄၆ ၌ ရှု။

* ၄။ ပဟာရ

စိတ်ဆိုးသည်ဖြစ်၍ တစ်ပါးသော ရဟန်းကို လက်, တုတ် စသည်တို့ဖြင့် ရိုက်နှက်လျှင် ပဟာရသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ရိုက်နှက်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရိုက်နှက်ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

လူ, သာမဏေ, တိရစ္ဆာန်တို့ကို ရိုက်နှက်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ [ကျောင်းသားများကို ရိုက်နှက်၍ ဆုံးမရာ၌လည်း ဒုက္ကဋ်အာပတ်မှ မလွတ်ဟူ၍ သတိရှိတော်မူကြကုန်။]

အနာပတ္တိဝါရ။ ။ သူတစ်ပါးက နှိပ်စက်လာသဖြင့် ဘေးမှ လွတ်မြောက် အောင် ကာကွယ်ရာ၌ကား လက်လွန်၍ သေစေကာမူ အာပတ်မသင့်။

* ၅။ တလသတ္တိက

စိတ်ဆိုးသည်ဖြစ်၍ တစ်ပါးသော ရဟန်းကို လက်ဝါး, လက်သီး စသည် တို့ဖြင့် ချီမြှောက်မိုးရွယ်လျှင် တလသတ္တိကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [မိုးရွယ်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ မိုးရွယ်ပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊] လူ, သာမဏေတို့ကို ပြုလုပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊

၆။ အမူလက

မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းဟူသော အခြေအမြစ် မရှိဘဲလျက် တစ်ပါး သော ရဟန်းအား သံဃာဒိသေသ်အာပတ်ဖြင့် မစွပ်စွဲရ။ စွပ်စွဲသော စကားကို ထိုခဏ၌ ထိုရဟန်း သိနားလည်လျှင် အမူလကသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [အောက်အာပတ်များဖြင့်သော်လည်းကောင်း၊ လူ, သာမဏေတို့အား အပြစ် တစ်ခုခုဖြင့်သော်လည်းကောင်း ထိုသို့ စွပ်စွဲလျှင် ဒုက္ကဋ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ စွပ်စွဲသော စကားကို ထိုခဏ၌ ထိုရဟန်း မသိနားမလည် သော် မည်သည့်အာပတ်သင့်သနည်းဟူမူ ဖတ်ဖူးသလောက်ဆိုလျှင် မြန်မာပြန် ကျမ်းများ၌ ဖော်ပြထားသည်ကို မတွေ့မိပါ။ သို့သော် မသိလျှင် ဒုက္ကဋ်အာပတ် သင့်၏ဟု ယူအပ်ပေသည်။ အောက်အာပတ်များဖြင့် စွပ်စွဲရာ၌ကား သိသည်ဖြစ် စေ, မသိသည်ဖြစ်စေ ဒုက္ကဋ်အာပတ်သင့်၏ဟူ၍ ယူရာ၏၊

* ၇။ သဉ္စိစ္စ

တစ်ပါးသော ရဟန်းကို ယုံမှားသံသယ (ကုက္ကုစ္စ)ဖြစ်အောင် အယုတ်သဖြင့် တစ်ခဏမျှ စိတ်မချမ်းသာအောင် “သင်သည် အသက် မစေ့ဘဲလျက် ရဟန်းခံသည် ထင်၏” စသည်ဖြင့် တမင်သက်သက် ပြောလျှင် သဉ္စိစ္စသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [ပြောအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ပြောပြီးသည် ရှိသော် ပါစိတ်အာပတ်သင့်၏၊] လူ, သာမဏေတို့ကို အလားတူ ပြုလုပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊

* ၈။ ဥပဿုတိ

“မည်သည့်စကားများကို ပြောဆို တိုင်ပင်နေကြလေသနည်း”ဟု သိလို၍ မိမိတို့နှင့် ငြင်းခုံခိုက်ရန် ဖြစ်ပွားကြသော ထိုရဟန်းတို့၏ စကားကို ကြားလောက် သော နေရာ၌ တည်လျက် ချောင်း၍ နားထောင်လျှင် ဥပဿုတိသုဒ္ဓပါစိတ် အာပတ်သင့်၏၊ [နားထောင်အံ့ဟု သွားအံ့၊ ဒုက္ကဋ်။ အကြင်အရပ်၌ တည်လျက် ကြားအံ့၊ ပါစိတ်အာပတ်သင့်၏၊]

ရန်ဘက်ဖြစ်သော လူ, သာမဏေတို့၏ စကားကို ချောင်း၍ နားထောင် လျှင် ဒုက္ကဋ်အာပတ်သင့်၏၊

အနာပတ္တိဝါရ။ ။ ထိုရဟန်းတို့၏ စကားကိုကြား၍ ရှောင်ကြဉ်အံ့, အထူး ရှောင်ကြဉ်အံ့, ငြိမ်းစေအံ့, မိမိကိုယ်ကို လွတ်စေအံ့ဟု နှလုံးသွင်း၍ သွားအံ့၊ အာပတ်မသင့်။

* ၉။ ကမ္မပ္ပဋိဗာဟန

တရားနှင့် လျော်ညီသော ကံလေးပါးတို့ကို သဘောတူ ဆန္ဒပေးပြီးမှ နောက်၌ ကဲ့ရဲ့ရှုတ်ချလျှင် ကမ္မပ္ပဋိဗာဟနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ရှုတ်ချအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရှုတ်ချပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊]

ကံလေးပါးကား အပလောကနကံ၊ ဉတ္တိကံ၊ ဉတ္တိဒုတိယကံ၊ ဉတ္တိစတုတ္ထ ကံတို့တည်း။

* ၁၀။ ဆန္ဒံ အဒတွာ ဂမန

သံဃာတော်၌ ဝိနည်းအဆုံးအဖြတ် ဖြစ်လာ၍ ဆုံးဖြတ်သည်ရှိသော် ဆန္ဒကို မပေးခဲ့ဘဲလျက် နှစ်တောင့်ထွာဟတ္ထပါသ်အတွင်းမှ ကင်းလွတ်အောင် ဖဲသွားလျှင် ဆန္ဒံ အဒတွာ ဂမန သုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပရိသတ်၏ နှစ်တောင့်ထွာ ဟတ္ထပါသ်ကို စွန့်စဉ် ဒုက္ကဋ်။ စွန့်ပြီးသည်ရှိသော် ပါစိတ်အာပတ် သင့်၏၊]

အင်္ဂါ (၆)ပါး။ ။ ၁။ ဝိနိစ္ဆယကထာ ဖြစ်နေခိုက်ဖြစ်ခြင်း၊ ၂။ ဓမ္မကံဖြစ် ခြင်း၊ ၃။ ဓမ္မကံဟု မှတ်ထင်ခြင်း၊ ၄။ တူသောသိမ်၌ တည်ခြင်း၊ ၅။ တူသော သံဝါသရှိသူဖြစ်ခြင်း၊ ၆။ ကံပျက်စေလို၍ ဟတ္ထပါသ်ကို စွန့်ခြင်းအားဖြင့် ၆-ပါးတည်း။ [ခဏ္ဍသိမ်ဖြစ်၍ သိမ်ပြင်ဘက်ရောက်အောင် သွားလျှင် အာပတ် မသင့်။ သိမ်အတွင်း၌ ဟတ္ထပါသ်စွန့်နေမှ အာပတ်သင့်သည်။]

* ၁၁။ ဒုဗ္ဗလ

သံဃာ့ကိစ္စကို ဆောင်ရွက်နေသည့် သမ္မုတိရထားသော ရဟန်းအား မိမိ အပါအဝင်ဖြစ်သော ရဟန်းသံဃာ အားလုံးက အညီအညွတ် သဘောတူ၍ သင်္ကန်းကို ပေးပြီးမှ နောက်၌ “ထိုရဟန်းတို့သည် သူတို့နှင့် အကျွမ်းဝင်သည့် အဆွေခင်ပွန်းကိုသာ သံဃာ့လာဘ်ကို ညွတ်စေကုန်၏”ဟု ကဲ့ရဲ့ပြောဆိုလျှင် ဒုဗ္ဗလသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ကဲ့ရဲ့အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ကဲ့ရဲ့ပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

သမ္မုတိ မရထားသော ရဟန်း သို့မဟုတ် သာမဏေအား သင်္ကန်းကို သဘောတူ ပေးပြီးမှဖြစ်စေ၊ သင်္ကန်းမှတစ်ပါး အခြား ဝေဖန်ဖွယ် ပစ္စည်းများကို မည်သူအားမဆို သဘောတူ ပေးပြီးမှဖြစ်စေ ကဲ့ရဲ့လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ [အဂတိလိုက်စား၍ မပေးထိုက်သူအား ပေးရာ၌ ကဲ့ရဲ့လျှင်ကား အာပတ် မသင့်။]

အမှာ။ ။ သမ္မုတိပေးပုံကို ပါရာဇိကဏ် ပါဠိတော် (မြန်မာပြန်) အပိုဒ် ၃၈၁၊ပထမ ဒုဋ္ဌဒေါသသိက္ခာပုဒ်၌ ရှု။

* ၁၂။ ပရိဏာမန

သံဃာတော်သို့ ညွတ်လေပြီးသော လာဘ်ကို သိလျက် အခြားရဟန်းသို့ မညွတ်စေရ။ ညွတ်စေ၍ ထိုရဟန်းရလျှင် ပရိဏာမနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ညွတ်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ညွတ်စေ၍ ထို ရဟန်း ရလျှင် ပါစိတ်အာပတ်သင့်၏၊]

အခြားတိုက် သံဃာသို့ညွတ်ပြီး လာဘ်ကို အခြားတစ်တိုက် သံဃာသို့ ဖြစ်စေ, စေတီသို့ဖြစ်စေ, ညွတ်စေလျှင်လည်းကောင်း၊ စေတီသို့ ညွတ်ပြီးလာဘ် ကို အခြားစေတီ, ပုဂ္ဂိုလ်နှင့် သံဃာသို့ ညွတ်စေလျှင်လည်းကောင်း၊ ပုဂ္ဂိုလ် တစ်ပါးသို့ ညွတ်ပြီးလာဘ်ကို သံဃာ, စေတီနှင့် အခြားပုဂ္ဂိုလ်သို့ ညွတ်စေ လျှင်လည်းကောင်း ဒုက္ကဋ်အာပတ်သင့်၏၊

“မည်သည့်နေရာ၌ လှူသင့်ပါနည်း”ဟု တိုင်ပင်လာလျှင်ကား မိမိ သဘော အတိုင်း ညွှန်ပြကောင်း၏၊

မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌လည်း ပရိဏတသိက္ခာပုဒ်၌ကဲ့သို့ အင်္ဂါ (၃)ပါး ရှိ၏၊ ဤသိက္ခာပုဒ်၌ သံဃိကလာဘ်ကို အခြားရဟန်းသို့ ညွတ်စေခြင်း ကြောင့် သုဒ္ဓပါစိတ်အာပတ် သင့်၍ ပရိဏတသိက္ခာပုဒ်၌ သံဃိကလာဘ်ကို မိမိသို့ ညွတ်စေခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ဤခြားနားချက်ကို ကြဉ်၍ ကြွင်းအင်္ဂါနှစ်ပါးကို ပရိဏတသိက္ခာပုဒ်အတိုင်း သိ။

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သဟဓမ္မိကဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၉။ ရတနဝဂ် (ခေါ်) ရာဇဝဂ်

၁။ အန္တေပုရ

မင်းမျိုးမင်းနွယ်လည်းဖြစ်၍ ဘိသိက်လည်းခံပြီးသော မင်းနှင့် မိဖုရားတို့ အိပ်ရာတိုက်ခန်းတွင်းမှာ ရှိနေလျှင် ရှေးဦးစွာ ကြိုတင်၍ မိမိလာကြောင်းကို မပြောကြားဘဲလျက် အိပ်ရာတိုက်ခန်းတွင်းသို့ မဝင်ရ၊ ဝင်၍ တံခါးခုံကို လွန်လျှင် အန္တေပုရသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ပထမ ခြေလှမ်း တံခါးခုံကို လွန်အံ့၊ ဒုက္ကဋ်။ ဒုတိယခြေလှမ်းကို လွန်အံ့၊ ပါစိတ်အာပတ်သင့်၏၊]

* ၂။ ရတန

အာရာမ်အတွင်း မိမိနေရာဌာနအတွင်းကို ကြဉ်၍ အခြားအရပ်၌ ကျကျန်နေသော ရတနာကိုဖြစ်စေ၊ ရတနာဟု သမုတ်အပ်သော ဝတ္ထုတို့ကိုဖြစ်စေ ကိုယ်တိုင်လည်း ကောက်ယူ၍ မသိမ်းထားရ၊ သူတစ်ပါးကိုလည်း မခိုင်းရ။ ထိုသို့ ပြုလုပ်လျှင် ရတနသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [ကောက်ယူအံ့, ကောက် ယူစေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ကောက်ယူပြီးသည်ရှိသော် ပါစိတ်အာပတ်သင့်၏၊]

အာရာမ်အတွင်း မိမိနေရာဌာနအတွင်း၌ ဖြစ်လျှင် ၎င်းဝတ္ထုတို့ကို ဥစ္စာရှင် လာယူသောအခါ ပြန်ပေးအံ့ဟု နှလုံးသွင်း၍ ကိုယ်တိုင်ဖြစ်စေ၊ သူတစ်ပါးကို ဖြစ်စေ ကောက်ယူ, ကောက်ယူစေ၍ သိမ်းထားရ၏၊ ဤသို့ ကောက်ယူ, ကောက်ယူစေ၍ သိမ်းထားရခြင်းသည် ထိုရတနာတို့ကို လူတို့ မေ့ရစ်ရာ၌ ကျင့်ရာသော ဝတ်တည်း၊ (ဝါ) လောကုတ္တရာတရားအား လျော်သော ကျင့်ဝတ် တည်း။ [ပျက်ကွက်လျှင် ဝတ္တဘေဒ ဒုက္ကဋ်အာပတ်သင့်၏၊။ ရတနာဟူသည် ရွှေ, ငွေ, ပုလဲ, မြ, ကျောက်မျက်ရွဲ, ခရုသင်း, ကျောက်သလင်း, သန္တာ, ပတ္တမြားနီ, ပတ္တမြားပြောက်ဟူ၍ ၁၀-ပါးတည်း။ ရတနာဟု သမုတ်အပ်သော ဝတ္ထုဟူသည် ရတနာအတုများနှင့် လူတို့၏ အတွင်းအပ အသုံးအဆောင်များတည်း။]

အာရာမ်အတွင်း မိမိနေရာဌာနအတွင်းတွင် လူတို့ ကျနေရစ်, မေ့နေရစ် ခြင်း၌သာ “ဥစ္စာရှင်တို့ လာယူလိမ့်မည်”ဟူသော ရည်ရွယ်ချက်ဖြင့် သိမ်းထားခွင့် ရှိသည်။ လူတို့က (မိဘပင် ဖြစ်စေကာမူ) သိမ်းပေးပါဟု ခိုင်း၍ဖြစ်စေ၊ ကိုယ်ကိုယ်တိုင် ဘဏ္ဍာစိုးလုပ်လို၍ဖြစ်စေ မိဘပစ္စည်းကိုသော်လည်း မသိမ်းဆည်းပေးရ။ သိမ်းဆည်းပေးလျှင် ပါစိတ်အာပတ် သင့်၏၊ “ဦးပဉ္စင်း (ဘုန်းကြီး) တို့မှာ မအပ်ဘူး”ဟု ဆို၍ ပယ်ရမည်။ သူတို့က အတင်းထားသွားလျှင် မတတ် သာ၍ ကြည့်ရှုသိမ်းထားခွင့်ရှိသည်။

အာရာမ်--ဟူရာ၌ ရဟန်းများ၏ နေထိုင်ရာ ကျောင်းတိုက်မှ (အကာရှိလျှင် အကာအထိ၊ အကာမရှိလျှင် အစွန်ဆုံးကျောင်းမှ ခဲနှစ်ကျအထိကို ဆိုလိုသည်။

မိမိနေရာဌာန--ဟူသည် ခေတ္တဖြစ်စေ၊ အမြဲဖြစ်စေ မိမိနေခိုက် အိမ်, ကျောင်းများတည်း။ ထိုမိမိနေရာဌာနက အကာအရံရှိလျှင် အကာအရံအတွင်း ကို, အကာအရံ မရှိလျှင် ကျည်ပွေ့တကျအတွင်းကို ယူ။

၃။ ဝိကာလဂါမပ္ပဝိသန

ခိုးသူဘေး, မီးဘေး, မြွေဘေး စသော အန္တရာယ်နှင့်ကြုံ၍ ရွာတွင်း၌ အဆောတလျင် ပြုဖွယ်ကိစ္စရှိသောအခါကို ကြဉ်၍ နေလွဲသောအခါ၌ ရွာတွင်း သို့ သွားလိုလျှင် ထင်ရှားရှိသော (ဝါ) ၁၂-တောင်အတွင်း၌ရှိသော ရဟန်းအား မပန်ကြားဘဲလျက် မသွားရ။ သွားလျှင် ဝိကာလဂါမပ္ပဝိသနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ပထမခြေလှမ်း အာရာမ်ကို လွန်စေအံ့၊ ဒုက္ကဋ်။ ဒုတိယခြေလှမ်း လွန်စေအံ့၊ ပါစိတ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ အကြင်ကျောင်း၌ ဥပဇ္ဈာယ်ဆရာရှိ၏၊ နိဿယည်းဆရာ သော်လည်း ရှိ၏၊ ထိုကျောင်း၌ နေသော ရဟန်းသည် ထိုဆရာတို့ကို မပန်ကြားဘဲလျက် မည်သည့်အခါမဆို မည်သည့်အရပ်သို့မဆို မသွားအပ်။

ပန်ကြားပုံ။ ။ “အဟံ ဘန္တေ ဝိကာလေ ဂါမပ္ပဝေသနံ အာပုစ္ဆာမိ = အရှင်ဘုရား...ဘုရားတပည့်တော်သည် နေလွဲသောအခါ၌ ရွာတွင်းသို့ ဝင်ခြင်း ကို ပန်ကြားပါ၏”ဟု ဆို၍ ပန်ကြား။ ရွာဝင်သူ အချင်းချင်းလည်း ပန်နိုင်သည်။

* ၄။ သုစိဃရ

အရိုး, ဆင်စွယ်, သားချိုဖြင့် အပ်ကျည်ဘူးကို မိမိဖို့ မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် သူစိဃရသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [လုပ်, လုပ်စေအံ့၊ ပယောဂ ‘တိုင်း ပယောဂတိုင်း ဒုက္ကဋ်။ ရခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ သူတစ်ပါး အတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါးပြုလုပ်ပြီးသည်ကို သုံးဆောင် အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ အပ်ဘူးကို ခွဲပြီးမှ ဒေသနာ ပြောရမည်။]

အနာပတ္တိဝါရ။ ။ ခါးပန်းသီး, အနားပတ်သီး (ကမ္ပတ်သီး)တို့ကို အရိုး စသည်ဖြင့် ပြုလုပ်ရာ၌ အာပတ်မသင့်။ အပ်ဘူးကိုကား သစ်, ဝါး စသည်ဖြင့် သာ ပြုကောင်းသည်ဟု သိ။

* ၅။ မဉ္စပီဌ

ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့ကို မိမိဖို့ လုပ်လျှင်, လုပ်စေလျှင် ဘောင်အောက်စွန်းကို ချန်လှပ်၍ မြတ်စွာဘုရား၏ လက်သစ်တော်အားဖြင့် ရှစ်သစ်၊ ပကတိပုရိသ၏ အတောင်အားဖြင့် တစ်တောင့်ထွာထက် ပိုလွန်သော ‘အခြေ’ ရှိသည့် ခုတင်, ထိုင်ခုံတို့ကို မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် မဉ္စပီဌသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [လုပ်, လုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်။ ရခြင်းကြောင့် ပါစိတ်အာပတ် သင့်၏၊ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါးပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊။ ခြေအပိုကို ဖြတ်ပြီးမှ ဒေသနာပြောရမည်။]

အမှာ။ ။ ထိုမဇ္ဈိမဝဍ္ဎကီတွက်နည်းဖြင့် ယူသော် ဘုရားရှင်၏ ၈-သစ် သည် ၂-ပေ ဖြစ်၏၊

* ၆။ တူလောနဒ္ဓ

သစ်လဲ, မြက်လဲ, နွယ်လဲ, ဤတစ်ခုခုဖြင့် သွတ်၍ ကြက်အပ်သော ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့ကို မိမိဖို့ မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် တူလောနဒ္ဓသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [လုပ်, လုပ်စေ အံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်။ ရခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါးပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လဲကို ထုတ်ပြီးမှ ဒေသနာပြောရမည်၊၊]

သတိ။ ။ ယခုကာလ ဝါဂွမ်းများကို အတွင်းသွတ်၍ ချုပ်ထားသော ‘စောင်’များကို ကိုယ်အောက်မှာ ထား၍ မအိပ်သင့်။

ခေါင်းအုံးပမာဏ

အရှည် နှစ်တောင်, အနံ တောင်ဆုပ်သာလျှင် အလွန်ဆုံး (အကြီးဆုံး) ရှိစေရမည်။ ထိုထက်ကြီးသော မှီအုံးကြီးတို့ကား မအပ်။ ခေါင်းအုံးများကို လက်ထောက်ခြင်း၊ ရင်အောက်၌ ထားခြင်းတို့ကို ရှောင်ကြဉ်အပ်၏၊

အမှာ။ ။ အကပ္ပိယလဲသုံးပါး အစာသွတ်သွင်းထားသော အုံးမွေ့ရာ၌ ထိုင်ခြင်း, ခေါင်းအုံးကို ခါးဖြင့် မှီခြင်း, ရင်အောက်ပေါင်အောက်၌ ထားခြင်း, လက်ထောက်ခြင်းကို ပြုမိကြသည် များလှ၏၊ ခြေအုံး, ခေါင်းအုံး နှစ်လုံးကိုသာ ပါဠိ အဋ္ဌကထာ ခွင့်ပြုသောအရာ လာရှိသောကြောင့် ခါးနှင့် ဒူး ပေါင် တံတောင် လက်တို့ကား ခြေ, ဦးခေါင်းတို့၌ မဝင်၊ မသွင်းနိုင်ရကား ဘုရား အာဏာတော်၌ တည်၊ မိမိသီလကို ချစ်သည်မှန်က ပယ်လှန်ခြင်းငှာ မသင့်သော ကြောင့် ၎င်းခါး စသည်တို့အောက်၌ ထားခြင်းကို ပြုက ဒုက္ကဋ် စသော သင့်မှုရှိ၍ ဥတုသုံးပါးနှင့်လည်း လျော်၊ ဘုရားအာဏာတော်ကိုလည်း မပယ်လှန်၊ အုန်းဆံ အစာ, ပုဆိုး အစာ သွတ်ကုန်သော ခေါင်းအုံးတို့ကို သုံးစွဲက ဒုက္ကဋ်အာပတ် စသည်မှ လွဲလေ၏ဟူ၍ ပါမောဇ္ဇဒီပနီကျမ်း၌ ဆို၏၊

၇။ နိသီဒန

နိသီဒိုင်ကို မိမိဖို့လုပ်လျှင် လုပ်စေလျှင် မြတ်စွာဘုရား၏ အထွာတော် အားဖြင့် အလျား ၂-ထွာ, အနံ ၁-ထွာခွဲ, အဆာ ၁-ထွာထက် မပိုစေရ။ ပိုလျှင် နိသီဒနသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [လုပ်, လုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်။ ရခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါး ပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ အပိုကို ဖြတ်ပြီးမှ ဒေသနာပြောရမည်။]

* ၈။ ကဏ္ဍုပ္ပဋိစ္ဆာဒိ

အမာလွှမ်းသင်္ကန်းကို မိမိဖို့ လုပ်လျှင် လုပ်စေလျှင် မြတ်စွာဘုရား၏ အထွာတော်အားဖြင့် အလျား ၄-ထွာ, အနံ ၂-ထွာ ထက် မပိုစေရ။ ပိုလျှင် ကဏ္ဍုပ္ပဋိစ္ဆာဒိသုဒ္ဓပါစိတ်အာပတ်သင့်၏၊ [လုပ်, လုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်။ ရခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါးပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ အပိုကို ဖြတ်ပြီးမှ ဒေသနာပြောရမည်။]

၉။ ဝဿိကသာဋိက

မိုးရေခံသင်္ကန်းကို မိမိဖို့လုပ်လျှင် လုပ်စေလျှင် မြတ်စွာဘုရား၏ အထွာတော်အားဖြင့် အလျား ၆-ထွာ၊ အနံ ၂-ထွာခွဲထက် မပိုစေရ။ ပိုလျှင် ဝဿိကသာဋိကသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [လုပ်, လုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်။ ရခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊။ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါးပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ အပိုကို ဖြတ်ပြီးမှ ဒေသနာပြောရမည်။]

* ၁၀။ နန္ဒတ္ထေရ (ခေါ်) သုဂတစီဝရ

မြတ်စွာဘုရား၏ သင်္ကန်းတော်ပမာဏနှင့် အညီဖြစ်စေ၊ ပိုလွန်၍ဖြစ်စေ မိမိဖို့သင်္ကန်းကို မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် နန္ဒတ္ထေရ (ခေါ်) သုဂတစီဝရသုဒ္ဓပါစိတ်အာပတ်သင့်၏၊

မြတ်စွာဘုရား၏ သင်္ကန်းတော်ပမာဏကား မြတ်စွာဘုရား၏ အထွာ တော်အားဖြင့် အလျား ၉-ထွာ, အနံ ၆-ထွာ တည်း။ အတောင်အားဖြင့် အလျား ၄-တောင့်ထွာ, အနံ ၃-တောင်တည်း။ [ပကတိပုရိသ၏ အတောင်အားဖြင့် အလျား အတောင် ၂၀၊ လက် ၆-သစ်၊ အနံ ၁၃-တောင်၊ ၁-ထွာ ဖြစ်၏၊ ဆင်ခြင်။]

လုပ်, လုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်။ ရခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါး ပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ ပမာဏ အညီနှင့် အပိုကို ဖြတ်ပြီးမှ ဒေသနာပြောရမည်။

အမှာ။ ။ မြတ်စွာဘုရား၏ သင်္ကန်းတော် ပမာဏမှာ အလျား ၂၇-ပေ ဖြစ်၍ အနံ ၁၈-ပေ ဖြစ်သည်ဟူ၍ ထိုမဇ္ဈိမဝဍ္ဎကီတွက်နည်း၌ တွက်ပြထားပါ သည်။

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော ရတနဝဂ် (ခေါ်) ရာဇဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

အရှင်တို့ ...ကိုးဆယ့်နှစ်ပါးကုန်သော သုဒ္ဓပါစိတ် အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။ ထို ကိုးဆယ့်နှစ်ပါး ကုန်သော သုဒ္ဓပါစိတ်အာပတ်တို့၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ နှစ်ကြိမ်မြောက်လည်း မေးပါ ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သောကြောင့်သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကြကုန်၏ဟူ၍ သိမှတ်ရ၏၊

ကိုးဆယ့်နှစ်ပါးကုန်သော သုဒ္ဓပါစိတ် အမည်ရှိကုန်သော အာပတ်တို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။