မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/နိဿဂ္ဂိယ ပါစိတ် (၃၀)

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၇။ နိဿဂ္ဂိယ ပါစိတ် (၃၀)
3360ဝိနည်းဥပဒေတော်ကြီး — ၇။ နိဿဂ္ဂိယ ပါစိတ် (၃၀)အရှင်သြဘာသ

၇။ နိဿဂ္ဂိယ ပါစိတ် (၃၀)

အရှင်တို့ ...သုံးဆယ်ကုန်သော စွန့်ခြင်းဝိနည်းကံ ရှိကုန်သော နိဿဂ္ဂိယပါစိတ် အမည်ရှိကုန်သော ဤအာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏၊

၁။ စီဝရဝဂ်

* ၁။ ပထမ ကထိန

ကထိန်နုတ်ပြီးနောက် အဓိဋ္ဌာန်, ဝိကပ္ပနာလောက်သော ကိုယ်ပိုင်သင်္ကန်း ကို အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲလျက် ဆယ်ရက်ထက် ပိုလွန်၍ မထားရ။ ထားလျှင် သင်္ကန်းကိုလည်း ဝိနည်းကံဖြင့် စွန့်အပ်၏၊ ပထမ ကထိနနိဿဂ္ဂိ ပါစိတ်အာပတ်လည်း သင့်၏၊[ဤသို့ သင်္ကန်းစသည်ကို အလျင်စွန့်ရခြင်းရှိသော ပါစိတ်အာပတ်ကို ‘နိဿဂ္ဂိယပါစိတ်’ဟု ခေါ်၏၊ ထို့ကြောင့် နိဿဂ္ဂိထိုက်နေ သော ဝတ္ထုပစ္စည်းတို့ကို မစွန့်ဘဲ သုံးပြန်လျှင် ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊] ‘ကထိန်နုတ်ပြီးနောက်’ဟူသော စကား၏ ဆိုလိုရင်း အဓိပ္ပာယ်ကို နောက်ဆက်တွဲ ‘ကထိန်အမြွက်’၌ ရှု။

‘ကိုယ်ပိုင်သင်္ကန်း’ဟူရာ၌ နောက်ဆက်တွဲ သင်္ကန်းအဓိဋ္ဌာန်တင်နည်း အခန်း၌ ဖော်ပြထားသော သင်္ကန်း ၉-ထည်တို့တွင် ရှေ့ ၆-ထည်တို့ကို ဆိုလို သည်။ အဓိဋ္ဌာန်, ဝိကပ္ပနာလောက်သော ထိုသင်္ကန်းတို့၏ အယုတ်ဆုံး ပမာဏ မှာ မြတ်စွာဘုရား၏ လက်သစ်တော်အားဖြင့် အလျား ၈-သစ်, အနံ ၄-သစ် ဖြစ်၍ ပေလက်မအားဖြင့် အလျား ၂-ပေ, အနံ ၁-ပေ ဖြစ်သည်ဟူ၍ ‘မဇ္ဈိမ ဝဍ္ဎကီတွက်နည်း’ဖြင့် တွက်ပြထားပါသည်။

မှတ်ချက်။ ။ ရဟန်းတစ်ပါးထံဖြစ်စေ၊ နှစ်ပါး သုံးပါးဂိုဏ်းထံဖြစ်စေ၊ သံဃာထံဖြစ်စေ ချဉ်းကပ်၍ နိဿဂ္ဂိထိုက်နေသော သင်္ကန်းကို အနီး၌ ချထား၍ ဖြစ်စေ၊ ကိုင်ထား၍ ဖြစ်စေ “အရှင်ဘုရား, ဘုရားတပည့်တော်သည် ဤသင်္ကန်း ကို အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲလျက် ၁၀-ရက်ထက် ပိုလွန်၍ ထားမိသည်ဖြစ်၍ ဤသင်္ကန်းသည် နိဿဂ္ဂိ ထိုက်နေ၏၊ ဤသင်္ကန်းကို အရှင်ဘုရား အား ဘုရားတပည့်တော် စွန့်ပါ၏”ဟု ဆို၍ စွန့်ရမည်။ ဤသို့လျှောက်၍ စွန့်ရခြင်းကို ‘စွန့်ခြင်းဝိနည်းကံ’ဟု ခေါ်၏၊ ထိုသို့ စွန့်ခြင်းဝိနည်းကံ ပြုပြီးမှ ပါစိတ်အာပတ်ကို ဒေသနာပြောရသောကြောင့် ‘စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်’ဟု ခေါ်၏၊

ဤစာအုပ်တွင် ‘နိဿဂ္ဂိပါစိတ်အာပတ်သင့်၏’ဟု ဆိုသမျှ၌ ‘စွန့်ခြင်း ဝိနည်းကံ’ ရှိသည်ဟု မှတ်။

စွန့်ပုံ, ပြန်ပေးပုံကို နောက်ဆက်တွဲ ‘သင်္ကန်းအဓိဋ္ဌာန် တင်နည်းအခန်း’၌ရှု။

* ၂။ ဒုတိယ ကထိန (ခေါ်) ဥဒေါသိတ

ဂိလာနရဟန်းအား ပေးအပ်သော အဝိပ္ပဝါသသမ္မုတိကို မရထားလျှင် ကထိန်နုတ်ပြီးနောက် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည် တို့နှင့် တစ်ညဉ့် (တစ်အရုဏ်)မျှသော်လည်း ကင်း၍ မနေရ။ နေလျှင် ဒုတိယ ကထိန (ခေါ်) ဥဒေါသိတ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ်၊ ဤ သုံးထည်ကို ‘တိစီဝရိက်’ဟု ခေါ်၏၊ ဤသုံးထည်လုံးနှင့် ကင်းမှ မဟုတ်၊ တစ်ထည်ထည်နှင့် ကင်းလျှင်လည်း နိဿဂ္ဂိပင်။]

စိစစ်ဝေဖန်ခြင်း။ ။ ဤခေတ်၌ ဤသိက္ခာပုဒ်တော်ကို ဆောက်တည် သော ပုဂ္ဂိုလ် အနည်းအကျဉ်းမျှသာ ရှိသည်။ မဆောက်တည်သောဘက်က အလွန်များ၏၊ အကြောင်းပြချက်ကား ဤသိက္ခာပုဒ်တော်ကို ဆောက်တည်ခြင်း အားဖြင့် အာပတ်သင့်နိုင်သည်။ မဆောက်တည်ခြင်းအားဖြင့် အာပတ်မသင့် ဟူ၍ ဖြစ်သည်။ ဆောက်တည်သင့်, မသင့် စိစစ်ဝေဖန်ပါအံ့။

ဘုရားရှင်သည် ရဟန်းဟူသမျှအား သင်္ကန်း (၃)ထည်ကို ကိုယ်နှင့် ထက်ကြပ်မကွာ ဆောင်စေလို၍ ဤသိက္ခာပုဒ်တော်ကို ပညတ်တော်မူခြင်း ဖြစ်သည်။ ဤသိက္ခာပုဒ်တော်သည် (၂၂၇)သွယ်သော သိက္ခာပုဒ်ကြီးတို့တွင် တစ်ပါး အပါအဝင်ဖြစ်ရကား ၎င်းကို မဆောက်တည်လျှင် ထိုရဟန်းသည် (၂၂၇)သွယ်သော သိက္ခာပုဒ်ကို ဆောက်တည်သော ပုဂ္ဂိုလ်မဟုတ်။ (၂၂၆) သွယ်သော သိက္ခာပုဒ်ကိုသာ ဆောက်တည်သော ပုဂ္ဂိုလ် ဖြစ်သည်။ သို့ဖြစ်၍ ဤသိက္ခာပုဒ်တော်ကိုလည်း ဆောက်တည်အပ်ပေသည်ဟူ၍ ဆိုအပ်ပါသည်။

မှတ်ချက်။ ။ သီတင်းကျွတ်လဆုတ် ၁-ရက်နေ့မှ စ၍ တန်ဆောင်မုန်း လပြည့်နေ့အထိသည် သင်္ကန်းကာလ ဖြစ်၏၊ ထိုသင်္ကန်းကာလ၌ပင် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းနှင့် ညဉ့်ကင်းနေခွင့်ကို ပတ္တဝဂ် သာသင်္ကသိက္ခာပုဒ်တော်၌ တောကျောင်း ဘုန်းကြီးများအားသာလျှင် ခွင့်ပြုတော်မူသည်။ ဤအချက်ကို ထောက်သော အားဖြင့် အခြားပုဂ္ဂိုလ်များမှာ ကထိန်အာနိသင်ကိုဖြစ်စေ၊ သမ္မုတိကိုဖြစ်စေ မရထားလျှင် သင်္ကန်းကာလ၌ပင် ဖြစ်သော်လည်း တိစီဝရိက်အဓိဋ္ဌာန် တင်ထားသော သင်္ကန်းတို့နှင့် တစ်ညဉ့် (တစ်အရုဏ်)မျှ ကင်း၍ မနေရဟု သိအပ်၏၊

ဤသိက္ခာပုဒ်ကို ဆောက်တည်သော သူကို ‘ဝိနည်းတိစီဝရိက်ဆောင်သူ’ ဟု ခေါ်၏၊ ဤပုဂ္ဂိုလ်ကား တိစီဝရိက်သင်္ကန်းသုံးထည်အပြင် ဝိကပ္ပနာပြုထား သော သင်္ကန်းများကိုလည်း သုံးဆောင်လေသည်။ [တိစီဝရိက် သင်္ကန်းသုံး ထည်ဖြင့် နေသောသူကို ‘တိစီဝရိက်ဓုတင်ဆောင်ပုဂ္ဂိုလ်’ဟု ခေါ်၏၊]

အမှာ။ ။ သမ္မုတိတောင်းပုံ, ပေးပုံတို့ကို ပါရာဇိကဏ်ပါဠိတော် (မြန်မာ ပြန်) အပိုဒ်-၄၇၃ နှင့် ၄၇၄ တို့၌ ရှု။ သင်္ကန်းစောင့်ရှောက်ပုံ , စွန့်ပုံစသည်တို့ကို နောက်ဆက်တွဲ ‘သင်္ကန်းအဓိဋ္ဌာန်တင်နည်းအခန်း’ ၌ ရှု။

* ၃။ တတိယ ကထိန

‘အကာလသင်္ကန်း’ကို ရရှိလျှင် အမြန်ချုပ်, ဆိုး၊ ချုပ်ဖို့လည်း အကယ်၍ မပြည့်စုံ မလုံလောက်၊ နောက်ထပ်လည်း သင်္ကန်းလျာပုဆိုးရနိုးခြင်းရှိလျှင် ပြည့်စုံလုံလောက်စေခြင်းငှာ ထိုသင်္ကန်းကို အဓိဋ္ဌာန် မတင် ဝိကပ္ပနာ မပြုဘဲ လျက် တစ်လ ထားနိုင်၏၊ ထိုထက်လွန်စေလျှင် တတိယ ကထိန နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊

‘အကာလ’မည်သည် ကထိန်မခင်းလျှင် သီတင်းကျွတ်လဆုတ် ၁-ရက် နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် ဤသင်္ကန်းကာလဖြစ်သော ၁-လကို ကြဉ်၍ ကျန်သော ၁၁-လသည် ‘အကာလ’ မည်၏၊ ကထိန်ခင်းလျှင် သီတင်းကျွတ်လဆုတ် ၁-ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ဤ သင်္ကန်းကာလ ဖြစ်သော ၅-လကို ကြဉ်၍ ကျန်သော ၇-လသည် ‘အကာလ’ မည်၏၊ ထို ‘အကာလ’တို့အတွင်း၌ဖြစ်စေ၊ ကထိန်နုတ်ပြီးမှဖြစ်စေ ရရှိသော သင်္ကန်းကို ‘အကာလသင်္ကန်း’ဟု ခေါ်၏၊

၄။ ပုရာဏစီဝရ

သင်္ကန်းအဟောင်းကို ဆွေမျိုးမတော်သော ရဟန်းမိန်းမအား အဖွပ်, အထုအရိုက်, အဆိုး မခိုင်းရ။ ခိုင်း၍ သူပြုလျှင် ပုရာဏစီဝရ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ [ခိုင်းအံ့၊ ဒုက္ကဋ်။ သူပြုအံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ သုံးစွဲသည့်အနေအားဖြင့် တစ်ကြိမ်သုံးဖူးလျှင် အယုတ်သဖြင့် ဦးခေါင်းပေါ် တင်သွားဖူး, ခေါင်းအုံးလုပ်၍ အုံးဖူးလျှင် သင်္ကန်းအသစ်ပင်လည်း အဟောင်း စာရင်းတွင် ဝင်လေတော့သည်။]

ဉာတိများ။ ။ ‘ဘ-ဘိုး-ဘေး-ဘီ-ဘင်-ဘောင်-ဘော’ဟု အထက်ခုနစ် ဆက်၊ ‘သား-မြေး-မြစ်-တီ-တွတ်-ကျွတ်-ကျွတ်ဆတ်’ဟု အောက်ခုနစ်ဆက် ရှိ၏၊ ဘ-ဘိုး စသည်တို့၌ အမိ-အဘွား စသော မိန်းမများကိုလည်းကောင်း, သားစသည်၌ သမီး စသည်ကိုလည်းကောင်း ယူပါ။ [ဘိုး၏ အဘကို ဘေး, ဘေး၏ အဘကို ဘီ စသည်ဖြင့်လည်းကောင်း, မြေး၏ သားကို မြစ်၊ မြစ်၏ သားကို တီ စသည်ဖြင့်လည်းကောင်း သိပါ။] ဤသို့ ဆွေ ၇-ဆက် မျိုး ၇-ဆက်တွင် (အထက်, အောက်မှ) မပါဝင်သူ သွေးသားချင်း ဆက်သွယ်၍ မရနိုင် သူကို ‘အညာတိက’ဟု ခေါ်သည်။ ထို့ကြောင့် ကိုယ့်မယား, သား၏ မယားနှင့် ထိုမယားတို့ဘက်မှ ဆက်သွယ်လာသူတို့သည် ယခုအခါ ဆွေမျိုးဟု အသိ အမှတ်ပြုကြသော်လည်း ဝိနည်းတော်အရဆိုလျှင် ဆွေမျိုးစာရင်း၌ မပါဝင်ကြ ဟု မှတ်။

ဆွေမျိုးဆက်ပုံ။ ။ ဘ = ပထမဆွေမျိုး၊ ဘိုး = ဒုတိယ၊ ဘိုး၏ သားသမီး ဖြစ်သော (ဘ၏ ညီအစ်ကို မောင်နှမအရင်း ဖြစ်သော) ဦးကြီး ဦးလေး စသည် = တတိယ၊ ထို တတိယ၏ သားသမီးဖြစ်သော (တစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမ) = စတုတ္ထ၊ ထိုစတုတ္ထ၏ သားသမီးဖြစ်သော (တစ်ဝမ်းကွဲတူ) = ပဉ္စမ၊ ထိုပဉ္စမ၏ သားသမီးဖြစ်သော (တစ်ဝမ်းကွဲမြေး) = ဆဋ္ဌ၊ ထိုဆဋ္ဌ၏ သားသမီးဖြစ်သော (တစ်ဝမ်းကွဲမြစ်) = သတ္တမ၊ တစ်ဝမ်းကွဲမြစ်မှ နောက်၌ ဉာတိစာရင်း မဝင်တော့ ပြီ။ ဤနည်းအတိုင်း ဘိုး = ဒုတိယ၊ ဘေး = တတိယ၊ ဘိုး၏ ညီအစ်ကို မောင်နှမ အရင်းဖြစ်သော (ဘိုးလေး, ဘွားလေး) = စတုတ္ထ၊ ထိုစတုတ္ထ၏ သားသမီး စသည်ကိုလည်း ပဉ္စမ, ဆဋ္ဌ စသည်ဖြင့် ဆက်လေ။ အောက်ဘက်မှာလည်း ‘သား = ပထမ၊ မြေး = ဒုတိယ’ စသည်ဖြင့် ဆက်လေ။ [ဤထက် အကျယ် သိလိုလျှင် မိုင်းခိုင်းဆရာတော် စီရင်သော တိပေဋကဝိနိစ္ဆယကျမ်း ဒုတိယတွဲ၊ စာမျက်နှာ-၅၂၈မှ စ၍ ရှု။]

၅။ စီဝရ ပဋိဂ္ဂဟဏ

ဆွေမျိုးမတော်သော ရဟန်းမိန်းမ၏ သင်္ကန်းကို တစ်စုံတစ်ခုသော ဝတ္ထု ဖြင့် မလဲလှယ်ဘဲလျက် သက်သက်မဲ့ မခံယူရ။ ခံယူ၍ ရလျှင် စီဝရ ပဋိဂ္ဂဟဏ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [ခံယူအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

* ၆။ အညာတကဝိညတ္တိ

ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ တောင်းသင့်သော အခါကို ကြဉ်၍ အခြားအခါ၌ သင်္ကန်းကို မတောင်းရ။ တောင်း၍ ရလျှင် အညာတကဝိညတ္တိနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

တောင်းသင့်သောအခါကား ခိုးယူလုယက်ခြင်းကြောင့်ဖြစ်စေ၊ ရေ, မီး, မင်း စသည်တို့ ဖျက်ဆီးခြင်းကြောင့်ဖြစ်စေ ဝတ်ဖို့ သင်္ကန်း လုံးလုံးမရှိသော အခါတည်း။ [အခါမှ တစ်ပါး တောင်းအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

‘မင်း’မည်သည် ဧကရာဇ်မင်း, ပဒေသရာဇ်မင်း, နယ်စား (မြို့စား), ရွာစား, တရားသူကြီး, အမတ်ချုပ်တို့တည်း။ ဖြတ်ခြင်း, ခွဲခြင်းကို ပြု၍ ဆုံးမအုပ်ချုပ်သူ ဟူသမျှကိုလည်း ‘မင်း’ဟု ဆိုရ၏၊

သတိ။ ။ ယခုအခါ ဧည့်သည် ရဟန်းရောက်လျှင် အာဂန္တုကဆွမ်းကို ‘ဉာတိပဝါရိတ’ မဟုတ်သူတို့ထံမှ ဖိတ်ကြားကြသည်ကား ဖိတ်သူလည်း မအပ်၊ စားသူလည်း မအပ်။ [သင်္ကန်းကိုသာ မတောင်းအပ်၊ သင်္ကန်းမှ တစ်ပါးကိုကား တောင်းအပ်၏ဟု မယူလေလင့်။ ဆွမ်းဖိတ်ပေးခြင်း၊ ပစ္စည်းလေးပါး အဖိတ်ခိုင်း ခြင်း၊ ရဟန်းဒါယကာ ရှင်ဒါယကာ အလုပ်ခိုင်းခြင်းများသည်လည်း မအပ်၊ ခိုင်းသူလည်း အပြစ်မလွတ်၊ ထိုသို့ ခိုင်း၍ တောင်း၍ရသော ပစ္စည်းသည်လည်း အဆက်ဆက် မအပ်ဟု မှတ်။]

ဆွေမျိုးမတော်သော ရဟန်းဒါယကာကို ပစ္စည်းလေးပါးဒါယကာဟူ၍ မယူလေလင့်၊ သူက ပစ္စည်းလေးပါးဖြင့် ဖိတ်ထားမှသာလျှင် ပစ္စည်းလေးပါး ဒါယကာ မြောက်သည်။ မဖိတ်ထားလျှင်ကား မည်သည့်ပစ္စည်းကိုမှ အယုတ် သဖြင့် ရေကိုမျှသော်လည်း မတောင်းလေလင့်။

* ၇။ တတုတ္တရိ

ခိုးသူ လုယက်ခြင်းကြောင့်ဖြစ်စေ၊ ရေ, မီး, မင်း စသည်တို့ ဖျက်ဆီးခြင်း ကြောင့်ဖြစ်စေ ဝတ်ဖို့သင်္ကန်း လုံးလုံးမရှိသောအခါ၌ ဆွေမျိုးမတော် မဖိတ် ကြားထားသော သူတို့က သိ၍ လှူဒါန်းသော သင်္ကန်းတို့မှ သင်းပိုင်နှင့် ကိုယ်ရုံ ကိုသာ ခံယူကောင်း၏၊ ထိုထက်ပို၍ ခံယူလျှင် တတုတ္တရိနိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ [ဒွိတစ်စုံလုံး မပျက်စီး၍ တစ်ထည် ကျန်သေးမူ လိုနေသော သင်းပိုင်ကိုသာဖြစ်စေ၊ ကိုယ်ရုံကိုသာဖြစ်စေ ခံယူရာ၏၊] ပို၍ တောင်းအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

အနာပတ္တိဝါရ။ ။သင်းပိုင်, ကိုယ်ရုံမှ ကြွင်းသည်ကို ပြန်၍ယူခဲ့မည်ဟု ဆို၍ ယူသွားအံ့၊ အကြွင်းသည် အရှင်အားသာလျှင် ဖြစ်ပါစေဟု လှူကုန်အံ့၊ အာပတ်မသင့်။ ခိုးသူလုယက်သော အကြောင်းမရှိဘဲ လှူကုန်အံ့၊ ပျောက်သော အကြောင်း မရှိဘဲ လှူကုန်အံ့၊ အာပတ်မသင့်။ ဆွေမျိုးတော်သူ ဖိတ်ကြားထားသူ တို့အား ထိုထက်အလွန် သင်္ကန်းကို တောင်းအံ့၊ မိမိဥစ္စာဖြင့် (အပ်သောနည်းဖြင့်) ဝယ်ယူအံ့၊ အာပတ်မသင့်။

* ၈။ ပထမ ဥပက္ခဋ

ဆွေမျိုးမတော်သော ဒါယကာဖြစ်စေ၊ ဒါယိကာမဖြစ်စေ ဤမည်သော ရဟန်းကို ရည်မှန်း၍ သင်္ကန်းလှူအံ့ဟု သင်္ကန်းဖိုး (ငွေ)ကို စီရင်ထား၏၊ ထိုအကြောင်းကို ထိုရဟန်း ကြားသိ၏၊ ထိုရည်စူးထားသော သင်္ကန်းထက် ပို၍ ကောင်းသော သင်္ကန်းကို လိုချင်သောကြောင့် ရှေး၌ မဖိတ်ကြားထားဘဲ လျက် ထိုရဟန်းသည် ထိုသူ့ထံသို့ သွား၍ မူလထက် အလျားရှည်အောင် အနံ ပြန့်အောင် အသားကျစ်အောင် ချောအောင် ပြုစေ၏၊ ထိုရဟန်း စီမံသည့် အတိုင်း ထိုသူ ပြုလုပ်၍ လှူလျှင် ထိုသူအား မူလရည်စူးထားသော တန်ဖိုး (ငွေ)ထက် ပို၍ ကုန်ငြားအံ့၊ ထိုရဟန်းအား ပထမ ဥပက္ခဋနိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ [တန်ဖိုးပိုအောင် စီမံအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်၊ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ မူလ ရည်စူးထားသော တန်ဖိုးထက် ပိုလာမှသာလျှင် နိဿဂ္ဂိထိုက်သည်။ တန်ဖိုးမပိုလျှင်ကား မိမိကို ရည်စူးပြီးသားဖြစ်၍ သွားရောက် စီမံ၍ ရသော်လည်း နိဿဂ္ဂိမထိုက်။

ဉာတိပဝါရိတ မဟုတ်သူတို့က ကျောင်းစသည်ကို ရည်စူးထားရာဝယ် သွားရောက် စီမံရာ၌လည်း မူလရည်စူးထားသည်ထက် တန်ဖိုးပိုသွားလျှင် ထို ပစ္စည်းများလည်း မအပ်သည်သာ။ ဉာတိပဝါရိတတို့အထံ၌ကား တန်ဖိုး ပိုသော် လည်း အပ်၏၊ [ဤသိက္ခာပုဒ်၌ သင်္ကန်းတစ်မျိုးတည်းကိုသာ ဖော်ပြထားသော် လည်း သင်္ကန်းကဲ့သို့ပင် အခြားပစ္စည်းများလည်း အကျုံးဝင်သည်ဟူ၍ သိလေ။ နောက်သိက္ခာပုဒ် နှစ်ပါးတို့၌လည်း ဤအတိုင်းသိ။]

* ၉။ ဒုတိယ ဥပက္ခဋ

ဆွေမျိုးမတော်သော ဒါယကာနှစ်ယောက်ဖြစ်စေ၊ ဒါယိကာမ နှစ်ယောက် ဖြစ်စေ ဤမည်သော ရဟန်းကို ရည်မှန်း၍ အသီးသီး သင်္ကန်းလှူအံ့ဟု သင်္ကန်း ဖိုး (ငွေ)ကို စီရင်ထားကြကုန်၏၊ ထိုအကြောင်းကို ထိုရဟန်း ကြားသိ၏၊ ထို ရည်စူးထားသော သင်္ကန်းတို့ထက် ပို၍ ကောင်းသော သင်္ကန်းကို လိုချင်သောကြောင့် ရှေး၌ မဖိတ်ကြားထားဘဲလျက် ထိုရဟန်းသည် ထိုသူထံသို့ သွား၍ ထိုသူတို့ကို တစ်လုံးတစ်စည်းတည်း ပြုစေ၏၊ (ဝါ) နှစ်ထည်စာကို တစ်ထည် တည်း ပြုစေ၏၊ မူလထက် အလျားရှည်အောင်, အနံပြန့်အောင်, အသားကျစ် အောင်, ချောအောင် ပြုစေ၏၊ ထိုရဟန်း စီမံသည့်အတိုင်း ထိုသူတို့ ပြုလုပ်၍ လှူကြလျှင် ထိုသူတို့အား မူလရည်စူးထားသော တန်ဖိုး (ငွေ)ထက် ပို၍ ကုန်ငြား အံ့၊ ထိုရဟန်းအား ဒုတိယ ဥပက္ခဋနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [တန်ဖိုး ပိုအောင်စီမံအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊]

မှတ်ချက်။ ။ ပေါင်းစပ်စေသဖြင့် မူလရည်စူးထားသော တန်ဖိုးတို့ထက် ပိုလာမှသာလျှင် နိဿဂ္ဂိထိုက်သည်။ မပိုလျှင်ကားမိမိကို ရည်စူးပြီးသားဖြစ်၍ နိဿဂ္ဂိမထိုက်။

* ၁၀။ ရာဇ

ဒါယကာ ဒါယိကာမကိုယ်တိုင်ဖြစ်စေ၊ တမန်သည်ဖြစ်စေ သင်္ကန်းလှူအံ့ ဟု သင်္ကန်းဖိုး (ငွေ)ကို ယူဆောင်၍ ရဟန်းအား “အရှင်ဘုရား ...အရှင့်ကို ရည်မှန်း၍ ဤသင်္ကန်းဖိုး (ငွေ)ကို ယူဆောင်ခဲ့ပါသည်။ အရှင်သည် ဤသင်္ကန်း ဖိုး (ငွေ)ကို ခံယူတော်မူပါ ဘုရား”ဟု ဆိုငြားအံ့။ ထိုရဟန်းသည် ထိုသူအား “ဒါယကာ ...ရဟန်းတို့သည် သင်္ကန်းဖိုး (ငွေ)ကိုကား မခံယူကုန်၊ ရဟန်းတို့ သည် အလိုရှိသောအခါ၌ အပ်စပ်သော သင်္ကန်းကိုသာ ခံယူကုန်၏”ဟု ဆိုရာ၏၊ အကယ်၍ ထိုသူက ထိုရဟန်းအား “အရှင်ဘုရား ...အရှင့်အား အမှုကြီးငယ် ပြုသောသူ တစ်ဦးတစ်ယောက် ရှိပါသလော”ဟု မေးလျှောက်ငြား အံ့။ ထိုရဟန်းသည် ထိုသူအား “ဒါယကာ ...ဤသူသည် ရဟန်းတို့၏ အမှုကြီး ငယ် ပြုသောသူတည်း”ဟု ဆို၍ အရံစောင့်ကိုဖြစ်စေ၊ ဥပါသကာကိုဖြစ်စေ ညွှန်းရမည်။ အကယ်၍ ထို ဒါယကာက အမှုကြီးငယ်ပြုသောသူကို သိစေပြီး၍ ထိုရဟန်းအား “အရှင်ဘုရား ...အရှင်ညွှန်းသည့်အတိုင်း အမှုကြီးငယ်ပြုသော ဤသူကို ဘုရားတပည့်တော် သိစေအပ်ပြီးပါပြီ၊ အရှင်သည် အလိုရှိသောအခါ၌ အပ်စပ်သော သင်္ကန်းကို ဤသူ့ထံမှ အလှူခံတော်မူပါဘုရား”ဟု လျှောက်ထားငြားအံ့။ ထိုရဟန်းသည် အမှုကြီးငယ်ပြုသော ထိုသူ့ထံမှ အလိုရှိသောအခါ၌ အပ်စပ်သော သင်္ကန်းကို “ဒါယကာ ...ငါ့အား သင်္ကန်းဖြင့် အလိုရှိပြီ”ဟု ဆို၍ သုံးကြိမ်အထိ တောင်းအပ်၏၊ မရလျှင် ကာယဝိညတ်ဖြင့် ခြောက်ကြိမ်ထိ ရပ်အပ်၏၊ ထို့ထက် ပိုလွန်၍ ပြုသဖြင့် ရလျှင် ရာဇနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [‘သင်္ကန်းပေးပါ၊ သင်္ကန်းဝယ်ခဲ့ပါ’ စသည်ဖြင့်ကား မပြောကောင်း။]

သုံးကြိမ်တောင်း၍ ခြောက်ကြိမ် ရပ်သော်လည်း မရလျှင် အလှူရှင်ထံသို့ ကိုယ်တိုင်သွား၍ဖြစ်စေ၊ တမန်စေလွှတ်၍ဖြစ်စေ ထိုအဖိုး (ငွေ)ကို အချည်းနှီး မဖြစ်စေဖို့ရန် အကျိုးအကြောင်း ပြောကြားရာ၏၊ ဤသို့ ကိုယ်တိုင်သွား၍ ပြောရခြင်း တမန်စေလွှတ်၍ ပြောခိုင်းရခြင်းသည် ထိုသင်္ကန်းကိစ္စကို ပြီးအောင် မဆောင်ရွက်ပေးရာ၌ ကျင့်ရာသော ဝတ်တည်း၊ (ဝါ) လောကုတ္တရာတရားအား လျော်သော ကျင့်ဝတ်တည်း။ [ပျက်ကွက်လျှင် ဝတ္တဘေဒဒုက္ကဋ်အာပတ်သင့်၏၊၊]

မှတ်ချက်။ ။ သင်္ကန်းသာလျှင် မဟုတ်၊ အခြား သပိတ်, ဖိနပ် စသော ရဟန်းအသုံးအဆောင်အတွက် ရွှေငွေလှူသမျှတို့၌လည်း ဤသိက္ခာပုဒ်အတိုင်း ပြုကျင့်ရမည် ဖြစ်သည်။ အကယ်၍ ကပ္ပိယထံ ငွေကို အပ်နှံ၍ “အရှင်ဘုရား... အလိုရှိသောအခါ အပ်စပ်သော ပစ္စည်းကို ကပ္ပိယထံ တောင်းခံတော်မူပါ ဘုရား”ဟု လျှောက်လျှင် သို့မဟုတ် ကပ္ပိယကိုယ်တိုင်ကပင် “တစ်ဆယ်တန်, နှစ်ဆယ်တန် (စသည်ဖြင့်) အပ်စပ်သော ပစ္စည်းကို တောင်းခံတော်မူပါ ဘုရား”ဟု လျှောက်လျှင် မိမိအလိုရှိသော အပ်စပ်သော ပစ္စည်းကို တောင်းကောင်း၏၊ ဆိုဦးအံ့ —- “တစ်နေ့က လှူသွားသော ငွေဖြင့် ဝယ်ပေးပါ”ဟု ဆို၍ကား မခိုင်း ကောင်း။ ကပ္ပိယထံ ငွေကို အပ်နှံထားသော်လည်း ကပ္ပိယကဖြစ်စေ၊ ငွေအပ်နှံ သွားသော သူကဖြစ်စေ “အပ်စပ်သော ပစ္စည်းကို တောင်းခံတော်မူပါဘုရား”ဟု မဖိတ်လျှင်လည်း မတောင်းကောင်းဟု မှတ်။

အကျယ်ကို ပါတိမောက်ဘာသာဋီကာ, ဘုရားဥပဒေတော်ကြီး, ပါတိမောက္ခ ဝိနိစ္ဆယကျမ်းနှင့် ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်)တို့၌ ရှု။

ရှေးဦးစွာသော စီဝရဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၂။ ဧဠကလောမဝဂ် (ခေါ်) ကောသိယဝဂ်

၁။ ကောသိယ

ပိုးချည်နှင့် ရောသော အခင်းကို မိမိဖို့ မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် ကောသိယနိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏၊ [လုပ်, လုပ်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်။ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါးပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊]

၂။ သုဒ္ဓကာဠက

အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို မိမိဖို့ မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် သုဒ္ဓကာဠနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [လုပ်, လုပ်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်။ သူတစ်ပါး အတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါး ပြုလုပ်ပြီးသည်ကို သုံးဆောင် အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊]

၃။ ဒွေဘာဂ

သိုးမွေးအနက် နှစ်ဖို့ , သိုးမွေးအဖြူ တစ်ဖို့ , သိုးမွေး အကြောင်တစ်ဖို့ကို မယူဘဲလျက် သိုးမွေးအနက်ကို များစွာယူ၍ အခင်းသစ်ကို မိမိဖို့ မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် ဒွေဘာဂနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [လုပ်, လုပ်စေ အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်။ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်။ သူတစ်ပါး ပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊]

၄။ ဆဗ္ဗဿ

အခင်းသစ်ကို မိမိဖို့ လုပ်လျှင်, လုပ်စေလျှင် ၎င်းကို ခြောက်နှစ်ပြည့်အောင် သုံးဆောင်ရမည်။ ဂိလာနရဟန်းအား ပေးအပ်သော သန္ထတသမ္မုတိကို မရထား လျှင် ထိုခြောက်နှစ်အတွင်း၌ ၎င်းအခင်းကို စွန့်သည်ဖြစ်စေ၊ မစွန့်သည်ဖြစ်စေ တစ်ပါးသော အခင်းသစ်ကို မိမိဖို့ ထပ်မံ၍ မလုပ်ရ၊ မလုပ်စေရ။ လုပ်ခဲ့လျှင် ဆဗ္ဗဿနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [လုပ်, လုပ်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

အနာပတ္တိဝါရ။ ။ခြောက်နှစ်ပြည့်၍ လုပ်, လုပ်စေအံ့၊ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ သူတစ်ပါး ပြုလုပ်သည်ကို သုံးဆောင်အံ့၊ အာပတ်မသင့်။

အမှာ။ ။သမ္မုတိတောင်းပုံ, ပေးပုံကို ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၅၅၉ နှင့် ၅၆၀-တို့၌ ရှု။

၅။ နိသီဒနသန္ထတ

နိသီဒိုင်အသစ်ကို မိမိဖို့ လုပ်လျှင်, လုပ်စေလျှင် နိသီဒိုင်အဟောင်း၏ အဆင်းပျက်စေခြင်းငှာ ထိုနိသီဒိုင်အဟောင်း၏ တစ်ခုသော နံပါးမှ မြတ်စွာဘုရား၏ ‘တစ်ထွာ’အတိုင်းအရှည်ကို ဖြတ်ယူ၍ နိသီဒိုင်အသစ်၌ ရောထည့်ရ မည်။ မရောထည့်ဘဲလျက် လုပ်ခဲ့လျှင် နိသီဒနသန္ထတနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [လုပ်, လုပ်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်။ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊]

၆။ ဧဠကလောမ

ခရီးသွားစဉ် လှူလိုက်သော သိုးမွေးတို့ကို သုံးယူဇနာထက် ပိုလွန်၍ မိမိကိုယ်တိုင် မဆောင်ယူရ။ ဆောင်ယူလျှင် ဧဠကလောမနိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ [တစ်ယူဇနာလျှင် (၈)မိုင်ဟု အများယူကြ၏၊]

ပထမခြေလှမ်း သုံးယူဇနာကို လွန်အံ့၊ ဒုက္ကဋ်။ ဒုတိယခြေလှမ်း လွန်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

၇။ ဧဠကလောမဓောဝါပန

ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သိုးမွေးတို့ကို အဖွပ်, အဆိုး, အဖြေအထွင် မခိုင်းရ။ ခိုင်း၍ သူပြုလျှင် ဧဠကလောမဓောဝါပနနိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ [စေခိုင်းအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ သူပြုအံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

* ၈။ ရူပိယ

ရွှေ, ငွေ, ပိုက်ဆံ, ဒင်္ဂါးတို့ကို ကိုယ်တိုင်လည်း မခံယူရ၊ သူတစ်ပါးကိုလည်း မခံယူစေရ၊ အနီး, အဝေး၌ ချထားလှူဒါန်းသည်ကိုလည်း ကိုယ်နှုတ်ဖြင့် မပယ်ဘဲ စိတ်ဖြင့် မသာယာရ။ ဤသို့သော ခံခြင်းသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ခံယူလျှင် ရူပိယနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [ခံအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

ရွှေငွေတို့ကို ကြဉ်၍ ကြွင်းသော ရတနာ ၈-ပါးကို ဖြစ်စေ၊ စေတီ, သံဃာ, အခြားပုဂ္ဂိုလ်တို့အတွက် ရတနာ ၁၀-ပါးကို ဖြစ်စေ ခံယူလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

ရွှေငွေစုခြင်းသည် အပါယ်သွားဖို့ စရိတ်စုသည်နှင့် တူ၏၊ ထို့ကြောင့် စုထားမိလျှင် စင်ကြယ်အောင် ကုစားတော်မူကြပါကုန်။

ရွှေငွေစွန့်ပုံ

ဤရွှေငွေကို စွန့်ရာ၌ကား သံဃာ , ဂိုဏ်း, ပုဂ္ဂိုလ် အားလုံးပင် မအပ်သော ကြောင့် အခြားနိဿဂ္ဂိပစ္စည်းကဲ့သို့ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်အား စွန့်ခွင့်မရ၊ သံဃာ့ အလယ်တွင် “အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိံ၊ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ၊ ဣမာဟံ နိဿဇ္ဇာမိ”ဟု ပါဠိလို ဖြစ်စေ၊ “အရှင်ဘုရား ဘုရားတပည့်တော်သည် ရွှေငွေကို ခံယူမိပါပြီ၊ ဤရွှေငွေမှာ နိဿဂ္ဂိထိုက်၍ ၎င်းကို ဘုရားတပည့်တော် စွန့်ပါ၏”ဟု မြန်မာလို ဖြစ်စေဆို၍ စွန့်ရမည်။

စွန့်ရခြင်းအကျိုး

ထိုကဲ့သို့ စွန့်ပြီးသည့်အခါ လူတစ်ယောက်ယောက် လာလျှင် “ဤဟာကို သိလော့”ဟု ပြော။ “ဤငွေဖြင့် ဘာကို ယူခဲ့ရမည်နည်း”ဟု ၎င်းက လျှောက်လျှင် “မည်သည့်ပစ္စည်းကို ယူစေလိုသည်၊ ယူခဲ့”ဟု မပြောဘဲ သံဃာတော်မှာ အလိုရှိသော, အပ်သော ပစ္စည်းကို ညွှန်ပြ၍ “မည်သည့်ပစ္စည်းတော့ သံဃာမှာ အပ် တာပဲ”ဟု ပြောနိုင်၏၊ ထိုသို့ ပြော၍ ၎င်းဝယ်ယူလာလျှင် ထိုပစ္စည်းကို ရွှေငွေ အလှူခံသော ရဟန်းမှတစ်ပါး သံဃာအားလုံး သံဃိကပစ္စည်းကို ခွဲဝေသုံး ဆောင်သကဲ့သို့ သုံးဆောင်ကောင်း၏၊ ဤသို့လျှင် ရွှေငွေကို မစွန့်ဘဲထားက ထိုရွှေငွေသည် မည်သည့်ရဟန်းနှင့်မှ မအပ်တော့ဘဲ သံဃာ့အလယ်၌ စွန့်လိုက် က ရွှေငွေခံသူရဟန်းမှ တစ်ပါးသော သံဃာတော်အား ပစ္စည်းသုံးစွဲခွင့်ရခြင်း သည် ရွှေငွေကို စွန့်ရခြင်း၏ အကျိုးပင်တည်း။

ရွှေငွေခံသူ

ရွှေငွေကို အလှူခံမိသော ရဟန်းမှာကား စွန့်လိုက်သည့်အတွက် အဆက်ဆက် အပြစ်ကင်း၍ သန့်ရှင်းခြင်း အကျိုးရှိ၏၊ ထိုစွန့်ပြီး ရွှေငွေမှ ကပ္ပိယတို့ ဝယ်ယူပေးသော ပစ္စည်းများလည်း မအပ်တော့ချေ။ သံဃာမှ ဝေစုရသော ပစ္စည်းကို ရဟန်း, သာမဏေ, ကပ္ပိယတို့က တစ်ဆင့်ပေးသော်လည်း ထိုပစ္စည်း ကို မသုံးစွဲကောင်း။ ထိုစွန့်ပြီး ရွှေငွေဖြင့် သစ်ပင်မျိုးစေ့ဝယ်၍ စိုက်ထားအပ်သော သစ်ပင်၌သော်မျှ ထိုရွှေငွေကို အလှူခံမိသော ရဟန်းမှာ အရိပ်မခိုကောင်း။ ထိုငွေဖြင့် ဝယ်အပ်သော ဆီမီးရောင်၌ စာကိုသော်မျှလည်း မကြည့်ရှု မပို့ချကောင်းဟူ၍ သိလေ။

‘အကယ်၍ ဤသို့ ထိုရွှေငွေ လဲလှယ်မည့်သူကို ရအံ့၊ ဤသို့ရခြင်းသည် ကောင်း၏၊ အကယ်၍ မရအံ့၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းကို ရွှေငွေစွန့် ရဟန်းဟု သမုတ်ရမည်။ ထိုရဟန်းသည် ဆန္ဒာဂတိသို့ မလိုက်ရာ၊ ဒေါသာဂတိ သို့ မလိုက်ရာ၊ မောဟာဂတိသို့ မလိုက်ရာ၊ ဘယာဂတိသို့ မလိုက်ရာ၊ စွန့်အပ်, မစွန့်အပ်သည်ကိုလည်း သိရာ၏၊

ရဟန်းတို့ ...ဤသို့ သမုတ်ရမည်။ ရှေးဦးစွာ ထိုရဟန်းကို တောင်းပန်ရ မည်။ တောင်းပန်ပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာတော်ကို သိစေရမည်’ဟု မိန့်တော်မူ၏၊

‘အရှင်ဘုရားတို့ ...သံဃာတော်သည် ဘုရားတပည့်တော်၏ စကားကို နာတော်မူလော့၊ သံဃာတော်အား လျောက်ပတ်သောအခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာတော်သည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။

အရှင်ဘုရားတို့ ...သံဃာတော်သည် ဘုရားတပည့်တော်၏ စကားကို နာတော်မူလော့၊ သံဃာတော်သည် ဤမည်သော ရဟန်းကို ‘ရွှေငွေစွန့်ရဟန်း’ဟု သမုတ်၏၊ အကြင်အရှင်အား ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်ခြင်းကို နှစ်သက်၏၊ ထိုအရှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အရှင် အား နှစ်သက်ခြင်း မရှိ၊ ထိုအရှင်သည် ပြောဆိုရာ၏၊

သံဃာတော်သည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ် အပ်ပြီ၊ သံဃာတော်အား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့်အဖြစ်ကို သိမှတ်ရပါသည်’ဟု သိစေရမည်။

သမ္မုတိရပြီးသော ထိုရဟန်းသည် အမှတ်နိမိတ်ကို မပြုဘဲ ကျစေရမည် (စွန့်ပစ်ရမည်)။ အကယ်၍ အမှတ်နိမိတ်ကို ပြု၍ ကျစေအံ့ (စွန့်ပစ်အံ့)၊ ဒုက္ကဋ်အာပတ်သင့်၏၊

အယူခိုင်းခြင်း။ ။ ရွှေငွေကို အလှူခံ၍ မိမိဖို့ ယူခိုင်းလျှင် နိဿဂ္ဂိယပါစိတ် အာပတ်၊ သီတင်းသုံးဖော်များဖို့ ယူခိုင်းလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ လူများပိုင် ဆိုင်သော ရွှေငွေကို ‘ယူလော့, သိမ်းထားလော့, မည်သည့်အဖိုး ပေးလိုက် လော့’ဟု မစီမံကောင်းကြောင်းကိုလည်း သတိရှိလေ။

အနာမာသအရာ

အမြဲ မိမိ ကိုးကွယ်ပြုစုသော စေတိယဂေါပက မဟုတ်ဘဲ မြင်မြင်ဝါးဝါး တွေ့ရာမြင်တိုင်း ရွှေမွမ်းမံခြယ်ထားသော ဘုရားရုပ်တု, စေတီ စသည်များကို သုံးသပ်ကိုင်ယူ မပြုမိအောင် သတိပြု၍ “ဗုဒ္ဓရူပမ္ပိ အတ္တနော သန္တကကရဏေ နိဿဂ္ဂိယမေဝ” ဝိမတိဋီကာပါဌ်နှင့် အညီ ဘုရားဆင်းတုတော်ကိုသော်လည်း ပုဂ္ဂလိက အခြားဝတ္ထုပစ္စည်းကဲ့သို့ မိမိ ဥစ္စာအပိုင် မပြုအပ်၊ ပြုသော် ၎င်းရုပ်တုတော်၌ မွမ်းမံအပ်သော ရွှေငွေအတွက် နိဿဂ္ဂိယအာပတ်သင့်တတ်သည်များ ကို နှလုံးထား၍ ရုပ်တုတော်, ပိဋကတ်စာပေများကို ကိုးကွယ်ခံယူသည့်အခါ၌ ထို၌ မွမ်းမံခြယ်လှယ်အပ်သော ရွှေငွေကို သာယာသောစိတ် မရှိရအောင် သတိပြုအပ်၏၊ အကယ်၍ သာယာသောစိတ် မလွတ်နိုင်လျှင် အလှူခံခြင်းကို မပြုမိအောင် အထူးသတိပြုအပ်ကုန်ရာသည်။ [သီလဝိသောဓနီကျမ်း]

မှတ်ချက်။ ။စာတိုက်မှ မန်နီအော်ဒါ (ငွေပို့လွှာ) ပို့လာလျှင် ငွေရကြောင်း လက်မှတ်ထိုးရုံနှင့် အပြစ်မရှိ၊ လက်မှတ်ထိုးပြီး စာပို့လုလင်က လာပေးသော ငွေကိုသာ ကိုယ်တိုင်လည်း မကိုင်မယူနှင့်၊ သူများကိုလည်း အယူမခိုင်းနှင့်၊ နားလည်သူ (ကပ္ပိယ)က ယူထားလျှင် မိမိမှာ အပြစ်မရှိဟူ၍ ဆယ်ပါးသီလ ဇာတရူပသိက္ခာပုဒ်တော်နှင့် ပတ်သက်၍ ‘ရတနာ့ဂုဏ်ရည်ကျမ်း’၌ ဖော်ပြထား သည်။ [ဤကိစ္စမျိုးတို့နှင့်ပတ်သက်၍ အပ်စပ်အောင်ပြုသော နည်းလမ်းကို ကပ္ပိယ, ကျောင်းသားများအား သင်ပြထားသင့်ပေသည်။ ထိုကပ္ပိယ, ကျောင်း သားများသည် ငွေရောက်လာ၍ ဖြစ်စေ၊ ငွေလာလှူ၍ ဖြစ်စေ၊ ထိုရဟန်းက အလှူမခံ ပယ်လှန်သော်လည်းကောင်း, လှူသောသူကိုယ်တိုင်က နားလည်၍ ကပ္ပိယထံ အပ်နှံသော်လည်းကောင်း “တပည့်တော်ထံ မည်မျှတန်သော ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကို တောင်းခံတော်မူပါ ဘုရား”ဟု လျှောက် တတ်ကြဖို့ လိုသည်။ ထိုသို့လျှောက်လျှင် ဒါယကာက အထူးလျှောက်သည် ဖြစ်စေ၊ မလျှောက်သည်ဖြစ်စေ ပဝါရိတ (ဖိတ်မံသူ) ဖြစ်တော့ရကား ထိုငွေနှင့် တန်သလောက် အလိုရှိရာ အပ်သော ပစ္စည်းများကို ထိုဖိတ်မံသူ ကပ္ပိယ, ကျောင်းသားထံမှ တောင်းကောင်း၏၊ ရာဇသိက္ခာပုဒ်၌ ပြဆိုထားသော ညွှန်ကြားချက်များကိုလည်း ပြန်၍ သုံးသပ်ပါလေ။

ဝိဝါဒကို စိစစ်ဝေဖန်ခြင်း

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရား ဦးဝိစိတ္တသာရာဘိဝံသ စီရင်တော်မူသော နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၊ ပ-တွဲ (ဒု-ပိုင်း) နှာ- ၅၄၅၊ ၅၄၆-တို့၌ လာသော အောက်ပါစာပိုဒ်ကို ထောက်၍ အချို့က ပင်စင် လစာငွေကို ဝိနည်းတော်နှင့် ဆန့်ကျင်နေသည်ဟု ယူကြ၏၊ သို့ုဖြစ်၍ ပင်စင် လစာငွေကို ပင်စင်စားရဟန်းကိုယ်တိုင် မထုတ်ယူငြားသော်လည်း လစာထုတ် သော စာရွက်ပုံစံ၌ လက်မှတ်ရေးထိုးပေးခြင်းသည် ငွေကို အလှူခံသည်မည်၍ ရူပိယသိက္ခာပုဒ်ဖြင့် အာပတ်သင့်သည်။ ထိုလစာငွေကို သား, သမီး စသော သူတို့က ထုတ်ယူ၍ ထိုငွေကို ထိုပင်စင်စား ရဟန်းအား ကပ္ပိယဝေါဟာရ (ဝိနည်းတော်နှင့်အညီ အပ်သောအသုံးအနှုန်း)ဖြင့် လှူစေကာမူ ထိုငွေဖြင့် ဖြစ်ပေါ်လာသော ဆွမ်း, သင်္ကန်း, ကျောင်းစသော ပစ္စည်းဟူသမျှသည် ထိုပင်စင်စား ရဟန်းနှင့်သာ မဟုတ်၊ သီတင်းသုံးဖော်ငါးဦးတို့နှင့်လည်း မအပ်စပ်တော့ပြီဟု ဆိုကြ၏၊ အချို့က ပင်စင်လစာငွေသည် ဤသိက္ခာပုဒ်၌ အကျုံး မဝင်၊ နိဿဂ္ဂိယဝတ္ထု မဟုတ်ဟု ဆိုကြ၏၊ ဤဝိဝါဒကို အောက်ပါစာပိုဒ်ကို မူတည်၍ စိစစ်ဝေဖန်ပါအံ့။

မစိစစ်မဝေဖန်မီ စာရေးသူ၏ သဘောထားကို ရှေးဦးစွာ ထုတ်ဆိုပါအံ့။ အယူအဆချင်း မတိုက်ဆိုင်၍ တစ်ဖက်သားအား ထိပါးပုတ်ခတ်လိုသော စိတ်ထားမျိုးဖြင့် ရေးခြင်း မဟုတ်ပါ။ အများ၏ အကျိုးကို ရည်၍ စာရေးသူ၏ ထင်မြင်ယူဆပုံကို ၎င်းတို့ စိစစ်ဝေဖန်ပြီး နှစ်သက်ရာ ဝါဒကို ရွေးချယ်၍ ဆောက်တည်ကျင့်သုံးနိုင်စေခြင်းအကျိုးငှာ ထိုထင်မြင် ယူဆပုံကို စိတ်ရိုး သဘောရိုးဖြင့် ပွင့်ပွင့်လင်းလင်း ထုတ်ဆိုရေးသားခြင်း ဖြစ်သည်။ [ဝါဒချင်း မတိုက်ဆိုင်သော အခြားကဏ္ဍများ၌လည်း ဤအတိုင်း သိတော်မူကြပါကုန်။]

မင်းမှုထမ်းနှင့်ရဟန်းအဖြစ်

ဝိနည်း မဟာဝဂ္ဂအဋ္ဌကထာ မဟာခန္ဓက ရာဇဘဋဝတ္ထု အဖွင့်၌ — မင်းခစားပင် ဖြစ်သော်လည်း စားကြေး, လခ, နှစ်ခတို့ကို မင်းအား ပြန်၍ အပ်နှင်းသော သူ၊ မိမိရာထူးဌာနန္တရကို သားကိုဖြစ်စေ, ညီကိုဖြစ်စေ လွှဲအပ်၍ ရာထူးပေးသော မင်းကို “ယခုအခါ အကျွန်ုပ်သည် အရှင်မင်း၏ အခစား မဟုတ်တော့ပေ”ဟု မင်းထံ ပန်ကြားပြီးသောသူ၊ ပေးအပ်သော လစာရိက္ခာ အတွက် ဆောင်ရွက်ရန် အလုပ်ကိစ္စကို ပြီးစီးအောင် ဆောင်ရွက်ပြုလုပ်ပြီး သောသူနှင့် အာဏာပိုင် မင်းကိုယ်တိုင်က ‘ရှင် ရဟန်းပြုလိုမူ ပြုလော့’ဟု အနူးအညွတ် ကျေနပ်စွာ ခွင့်ပြုပြီးသော သူတို့ကိုကား ရဟန်းပြုပေးခြင်းငှာ အပ်စပ်၏ဟူ၍ ဖွင့်ပြထားလေသည်။ ဤအဋ္ဌကထာ ဖွင့်ပြချက်ကို ထောက်၍ ယခုကာလ ပင်စင်စားများ အပြီးအပိုင် ရဟန်းပြုလိုမူ (အမြဲတမ်း ရဟန်းပြုလိုမူ) ထိုပင်စင်ကို မင်းထံပြန်၍ အပ်နှင်းပြီးမှသော်လည်းကောင်း, မင်းထံမှ ‘ရဟန်းပြုလိုမူ ပြုလော့’ဟူ၍ အနူးအညွတ် ခွင့်ပြုချက်ကို ရယူပြီးမှသော်လည်း ကောင်း ရဟန်းပြုသင့်ပေသည်။ [နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၊ပ- တွဲ (ဒု- ပိုင်း) နှာ၊ ၅ဒ၄၅-၅၄၆။]

အထက်ပါ အဋ္ဌကထာဆရာ ဖွင့်ဆိုသော စာပိုဒ်မှာ ပင်စင်လစာငွေသည် ဝိနည်းသိက္ခာပုဒ်နှင့် ဆန့်ကျင်နေ၍ ဖွင့်ဆိုသော စာပိုဒ် မဟုတ်၊ အစိုးရအမှုထမ်း အရာထမ်းများ ရှင်ရဟန်းပြုခြင်းနှင့် ပတ်သက်၍ ဖွင့်ဆိုသော စာပိုဒ် ဖြစ်သည်။ ထိုအဋ္ဌကထာ ဖွင့်ဆိုသော စကားကို ထောက်သောအားဖြင့်သာလျှင် ကျမ်းပြု ဆရာတော်ဘုရား ဦးဝိစိတ္တသာရာဘိဝံသသည် ‘ယခုကာလ ပင်စင်စားများ အပြီးအပိုင် ရဟန်းပြုလိုမူ (အမြဲတမ်း ရဟန်းပြုလိုမူ) ထိုပင်စင်ကို မင်းထံပြန်၍ အပ်နှင်းပြီးမှသော်လည်းကောင်း, မင်းထံမှ ‘ရဟန်းပြုလိုမူ ပြုလော့’ဟူ၍ အနူး အညွတ် ခွင့်ပြုချက်ကို ရယူပြီးမှသော်လည်းကောင်း ရဟန်းပြုသင့်ပေသည်’ဟူ၍ မိန့်ဆိုလေသည်။ ပင်စင်လစာငွေသည် ဝိနည်းတော်နှင့် တကယ်အမှန် ဆန့်ကျင် နေလျှင် ဆရာတော်ဘုရား ဦးဝိစိတ္တသာရာဘိဝံသသည် ပင်စင်လစာကို မင်းထံ ပြန်၍အပ်နှင်းပြီးမှ ရဟန်းပြုသင့်ပေသည်ဟု ရှင်းရှင်းဘွင်းဘွင်းကြီး ဆိုချိမ့်မည်။ ယခုသော်ကား ထိုသို့မဆိုဘဲ ‘ယခုကာလ ပင်စင်စားများ အပြီးအပိုင် ရဟန်း ပြုလိုမူ (အမြဲတမ်း ရဟန်းပြုလိုမူ) ထိုပင်စင်ကို မင်းထံပြန်၍ အပ်နှင်းပြီးမှ သော်လည်းကောင်း, မင်းထံမှ ‘ရဟန်းပြုလိုမူပြုလော့’ ဟူ၍ အနူးအညွတ် ခွင့်ပြုချက်ကို ရယူပြီးမှသော်လည်းကောင်း ရဟန်းပြုသင့်ပေသည်’ဟု ဆို၏၊ ဤစာပိုဒ်ကို စိစစ်ပါအံ့။ ဤစာပိုဒ်၌လာသည့် ‘သော်လည်းကောင်း, သော်လည်းကောင်းဆိုသော စကားတို့၏ အဓိပ္ပာယ်မှာ ‘တစ်ခုမဟုတ်လျှင် တစ်ခုဖြစ် သည်’ဟု လူတိုင်း သိသည်၊ ထို့ကြောင့် မင်းထံမှ ‘ရဟန်း ပြုလိုမူ ပြုလော့ဟူ၍ အနူးအညွတ် ခွင့်ပြုချက်ကို ရယူပြီးမှသော်လည်းကောင်းဆိုသော စကားသည် အကယ်၍ မင်းထံမှ ရဟန်း ပြုဖို့ အခွင့်ရလျှင် ပင်စင်လစာကို မင်းထံပြန်၍ အပ်နှင်းဖို့ မလို-ဟူသော အဓိပ္ပာယ်ကို ထင်ထင်ရှားရှား ပေါ်လွင်စေသည်။ ဤစာသား အဓိပ္ပာယ်ကို ထောက်သောအားဖြင့် ယခုခေတ်ပင်စင်စားများသည် ပင်စင်ရသည့် နေ့မှစ၍ မင်း၏ အမှုထမ်း အရာထမ်းအဖြစ်မှ လုံးဝ ပြတ်စဲသွားပြီးဖြစ်၍ မင်းထံမှ ‘ရဟန်းပြုလိုမူ ပြုလော့’ဟူသော ခွင့်ပြုချက်ကို အလိုလို ရပြီးသော သူများဖြစ်ရကား ပင်စင်လစာကို မင်းထံပြန်အပ်နှင်းရန် မလို-ဟူ၍ သန္နိဋ္ဌာန်ချ မှတ်ယူအပ်၏၊ သို့ဖြစ်လျှင် ပင်စင်လစာငွေကို အဘယ်သို့ ပြုရမည် နည်းဟူ၍ မေးဖွယ်ရှိ၏၊ အဖြေကား ပင်စင်လစာငွေကို မိမိကိုယ်တိုင် ပင်စင် လစာငွေကို ထုတ်သော စာရွက်ပုံစံ၌ လက်မှတ်မထိုးလျှင် ထုတ်၍ မရသော ကြောင့် အထက်ပါ မှတ်ချက်စာပိုဒ်၌ ဖော်ပြထားသော ထိုရတနာ့ဂုဏ်ရည်ကျမ်း တွင် ဇာတရူပသိက္ခာပုဒ်နှင့် ပတ်သက်၍ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) ညွှန်ကြားသည့်အတိုင်း လက်မှတ် ကိုမူ ထိုးပေးလိုက်လေ၊ သို့သော် ထိုပင်စင်ငွေကို မိမိကိုယ်တိုင် မထုတ်ယူလေ လင့်။ တရားသဖြင့် ထိုပင်စင်လစာငွေကို ရသင့်ရထိုက်သော သားသမီးစသော သူတို့အား အမွေအနှစ် ပေးဝေသကဲ့သို့ ပေးစွန့်လေ။ ထိုငွေကို သားသမီးစသော သူတို့က အလိုမရှိ၍ ကပ္ပိယဝေါဟာရ (ဝိနည်းတော်နှင့်အညီ အပ်သော အသုံး အနှုန်း)ဖြင့် အကယ်၍ မိမိအား လှူလျှင် ထိုငွေကို ရာဇသိက္ခာပုဒ်၌ ညွှန်ပြထား သည့်အတိုင်း သုံးစွဲကောင်း၏ဟူ၍ ဖြစ်သည်။ [ဤကား စာရေးသူ၏ အယူအဆ တည်း။] မှန်သည်ဟု မဆိုလိုပါ။ သဘောမကျလျှင် နှစ်သက်ရာကို ယူလေ။ ဤကိစ္စမျိုးသည် ဘုရားရှင် လက်ထက်တော်၌ မပေါ်ပေါက်သေးသဖြင့် ကျမ်းများ၌ ဤကိစ္စမျိုးနှင့်ပတ်သက်၍ အဆိုမရှိခြင်းကြောင့် ဤကိစ္စမျိုးနှင့် ပတ်သက်၍ မည်သူပဲ ဆုံးဖြတ်ဆုံးဖြတ် ထိုဆုံးဖြတ်ချက်ကို ပါဠိတော်အဋ္ဌကထာ ကျမ်းများကဲ့သို့ တထစ်ချ မှန်သည်ဟု မယူသင့်ပေ။ ကျမ်းများ၌ အတိအလင်း အဆိုမရှိ၍ စာရေးသူ ယူဆသကဲ့သို့ စိတ်ရိုးသဘောရိုးဖြင့် ယူဆ၍ ထိုပင်စင် လစာငွေကို သားသမီး စသော သူတို့က ကပ္ပိယဝေါဟာရ (အပ်သော အသုံး အနှုန်း)ဖြင့် လှူ၍ လက်ခံသုံးစွဲသော ပုဂ္ဂိုလ်များအား အာပတ်ဖြင့် မစောဒနာ သင့်၊ မကုစားစေသင့်ဟု ဆိုအပ်ပါသည်။ အဘယ်ကြောင့်နည်း၊ မိမိ၏ အယူအဆမှာ ပါဠိတော် အဋ္ဌကထာကျမ်းများကဲ့သို့ တထစ်ချ မှန်သည်ဟု မိမိ ဆိုဝံ့ပါ သလောဟူ၍ မေးလျှင် (သဘာဝကျကျ’ ဖြေမည်ဆိုလျှင်) တထစ်ချ မှန်သည်ဟု မဆိုလိုဟူ၍ ဖြေရမည် ဖြစ်သောကြောင့်တည်း။ ထိုကြောင့် ကျမ်းများ၌ အဆို မရှိ၍ အတိအကျ ဆုံးဖြတ်ရန် ခက်ခဲသော ပြဿနာများနှင့် ပတ်သက်၍ သဘောကွဲလွဲလျှင် ထိုပုဂ္ဂိုလ်အား အာပတ်ဖြင့်လည်း မစောဒနာလေလင့်၊ ကုလည်း မကုစားစေလေလင့်၊ မှန်လျှင် ကောင်း၏၊ မှားလျှင်ကား စိတ်ကောင်း စေတနာဖြင့် ပြုငြားသော်လည်း မိမိအပေါ်၌ ဝန်လေးသည်ဟူ၍ သတိပြုစေ လိုပါ၏၊ (ရင်းရင်းနှီးနှီး ဆွေးနွေးခြင်းကို မဆိုလိုပါ။)

အကယ်၍ ပင်စင်လစာငွေကို နိဿဂ္ဂိယဝတ္ထုဟု မှတ်ယူ၍ မထုတ်ယူ ကောင်းဟု ယူဆလျှင် ယခုခေတ် ပင်စင်စားများသည် ပင်စင်ငွေကို (မထုတ် ယူဘဲ) အပြီးအပြတ် မစွန့်နိုင်သမျှ ရဟန်းလည်း ပြုလို့ မရ၊ ပြုပြီးလျှင်လည်း ပင်စင်ငွေကိုသော်လည်း မထုတ်ယူဘဲ အပြီးအပြတ်စွန့်၊ သို့မဟုတ် လူသော် လည်းထွက်ဟူ၍ ဆိုရပေမည်။ အဘယ့်ကြောင့်နည်း၊ ထိုသို့ ယူဆလျှင် ထို ပင်စင်လစာငွေဖြင့် အစဉ်တစိုက် အာပတ်သင့်နေမည် ဖြစ်သောကြောင့်တည်း။ ဆိုဦးအံ့ --ပင်စင်ငွေကို နိဿဂ္ဂိယဝတ္ထုဟု မှတ်ယူ၍ မထုတ်ယူကောင်းဟု ယူဆ သင့်, မသင့် စိစစ်လိုလျှင် သာသနာတော်၏ အကျိုးကို မျှော်ထောက်၍ စိစစ်ရ ပေမည်။ မထုတ်ယူကောင်းဟု ယူဆလျှင် သာသနာ့ဘောင်သို့ ပင်စင်စားမှန် သမျှ ဝင်နိုင်တော့မည် မဟုတ်ပေ၊ အဘယ့်ကြောင့်နည်း သားသမီးများ စားသောက်နေထိုင်ရေးအတွက် ပင်စင်ငွေကို မထုတ်ယူဘဲ နေနိုင်မည် မဟုတ်သော ကြောင့်တည်း။ နောက်အချက်တစ်ခုကား အစိုးရအမှုထမ်း အရာထမ်းများတွင် သဒ္ဓါပဗ္ဗဇ္ဇိတဖြင့် ရဟန်းဘောင်သို့ ကူးလိုသူ အများပင် ရှိကြသည်။ ထိုသူတို့ကို ပိတ်ပင်ရာလည်းကျသည်။ ဤသို့ ယူဆခြင်းအားဖြင့် အကျိုးရှိသည်, မရှိသည် ကိုလည်းကောင်း, အောက်၌ပြလတ္တံ့သော မဟာပဒေသလေးပါးနှင့် ဆန့်ကျင်၍ ယူရာ ရောက်သည်, မရောက်သည်ကိုလည်းကောင်း မိမိပင် ဆုံးဖြတ်ပါလေ။

၁၈၅-မဟာပဒေသလေးပါး

၃၀၅။ ထိုအခါ ရဟန်းတို့အား “မြတ်စွာဘုရားသည် အဘယ်သို့သော အဘယ်သို့သော အရာ၌ ခွင့်ပြုတော်မူလေသနည်း၊ အဘယ်သို့သော အဘယ် သို့သော အရာ၌ ခွင့်ပြုတော် မမူလေသနည်း”ဟု တွေးတောမှု ‘သံသယ ကုက္ကုစ္စ’ ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊

၁။ ရဟန်းတို့ “ဤအရာသည် မအပ်”ဟု အကြင်အရာကို ငါသည် မပယ်အပ် သေး၊ အကယ်၍ ထိုအရာသည် မအပ်သော အရာနှင့် လျော်၍ အပ်သော အရာနှင့် ဆန့်ကျင်ငြားအံ့၊ ထိုအရာသည် သင်တို့အား မအပ်။

၂။ ရဟန်းတို့ “ဤအရာသည် မအပ်”ဟု အကြင်အရာကို ငါသည် မပယ်အပ် သေး၊ အကယ်၍ ထိုအရာသည် အပ်သောအရာနှင့် လျော်၍ မအပ်သော အရာနှင့် ဆန့်ကျင်ငြားအံ့၊ ထိုအရာသည် သင်တို့အား အပ်၏၊

၃။ ရဟန်းတို့ “ဤအရာသည် အပ်၏”ဟု အကြင်အရာကို ငါသည် ခွင့်မပြု အပ်သေး၊ အကယ်၍ ထိုအရာသည် မအပ်သော အရာနှင့် လျော်၍ အပ်သောအရာနှင့် ဆန့်ကျင်ငြားအံ့၊ ထိုအရာသည် သင်တို့အား မအပ်။

၄။ ရဟန်းတို့ “ဤအရာသည် အပ်၏”ဟု အကြင်အရာကို ငါသည် ခွင့်မပြု အပ်သေး၊ အကယ်၍ ထိုအရာသည် အပ်သောအရာနှင့် လျော်၍ မအပ် သောအရာနှင့် ဆန့်ကျင်ငြားအံ့၊ ထိုအရာသည် သင်တို့အား အပ်၏ဟု (မိန့်တော်မူ၏)။ [ဝိနည်းမဟာဝဂ် ပါဠိတော် (မြန်မာပြန်) ဘေသဇ္ဇက္ခန္ဓက အပိုဒ်-၃၀၅။]

ဤမဟာပဒေသလေးပါးတို့၌ လာသည့် မိန့်ခွန်းတော်များကို စိစစ်လျှင် အတိအကျ မပညတ်ထားသော အရာမျိုး၌ မိမိတို့ ကိုယ်ပိုင်ဉာဏ်ဖြင့် သဘာဝ ကျကျ ဆုံးဖြတ်၍ ဆောက်တည်ကျင့်သုံးရမည်ဖြစ်သည်ဟူသော အဓိပ္ပာယ်မှာ ပေါ်လွင်လေသည်။

ဤပြဿနာသည် ပင်စင်စားရဟန်းများအဖို့ သေရေးရှင်ရေးတမျှ အရေးကြီးသော ပြဿနာ ဖြစ်သည်။ ဤပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းနိုင်သောသူမှာ ‘အာဏာပိုင်မင်း’သာလျှင် ဖြစ်သည်။ အကယ်၍ အာဏာ ပိုင်မင်းက ပင်စင်လစာငွေကို ပင်စင်စားရဟန်းကိုယ်တိုင် လစာထုတ်သော စာရွက်ပုံစံ၌ လက်မှတ်ထိုး၍ မထုတ်ယူစေဘဲ ထိုရဟန်း အသိအမှတ်ပြုသည့် သားသမီးစသော သူတို့အား ထိုရဟန်းကိုယ်စား လက်မှတ်ထိုး ထုတ်ယူခွင့်ပြု လျှင် ဤပြဿနာမျိုးလည်း နောက်ထပ်ပေါ်ပေါက်တော့မည် မဟုတ်ပေ၊ ပင်စင်စားရဟန်းများသည်လည်း လူမှုကိစ္စဆောင်ရွက်ခြင်းမှ လွတ်ကင်းသွားသဖြင့် အနှောင့်အယှက် မရှိဘဲ ရဟန်းတရား ပွားများကာ ချမ်းသာစွာ နေကြရ လတ္တံ့၊ သို့ဖြစ်၍ အာဏာပိုင်မင်းများသည် သာသနာတော်ကို ချီးမြှင့်စောင့် ရှောက်သောအနေဖြင့် ပင်စင်စား ရဟန်းကိုယ်စား သားသမီး စသောသူ တစ်ယောက်ယောက်အား လက်မှတ်ရေးထိုး ထုတ်ယူနိုင်သော အခွင့်အရေးကို ပေးသနားပါရန် မေတ္တာရပ်ခံလိုပါ၏၊

ဘုရားလက်ထက်ဝတ္ထု

ဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်မြို့ နန်းတွင်းအစည်းအဝေးတစ်ခု၌ စပ်မိစပ်ရာ စကားပြောရင်းက “ရဟန်းတော်များသည် ငွေကို လှူလာလျှင် ခံယူ ကောင်း၏”ဟု လူအများပြောဆိုကြသည်ကို ‘မဏိစူဠက’မည်သော ဂါမဏိ (လူကြီးလူကောင်း)တစ်ယောက်က “မခံယူကောင်း”ဟု ကန့်ကွက်လေသည်၊ ထိုနောက် ထိုလူကြီးလူကောင်းသည် ဘုရားထံသို့ လာ၍ သူ ကန့်ကွက်ခဲ့သည် မှာ မှန်ပါ၏လားဘုရားဟု မေးလျှောက်လေသော် ဘုရားရှင်က “ဂါမဏိ ... သင်ပြောခဲ့သော စကားသည် မှန်၏၊ ရဟန်းများသည် ငွေကို မခံယူကောင်း၊ ရွှေငွေကို အပ်လျှင် ကာမဂုဏ်ငါးပါးလုံး (သားမယားပါ) သုံးစွဲကောင်းလိမ့်မည်။ ထိုသူကို သမဏဓမ္မ (ရဟန်းတရား) ရှိသူမဟုတ်၊ သကျပုတ္တိယဓမ္မ ရှိသူမဟုတ်ဟု စင်စစ်မှတ်လေလော့။ ရွှေငွေအပ်သည်ဟု ဆိုသော တရားကို ရဟန်းတရား မဟုတ်ဟု ဧကန်မှတ်လေ။ သို့သော် ကျောင်းအမိုးမလုံခြင်းစသော အကြောင်း ရှိလျှင် မြက်သက်ကယ် စသည်တို့ကို ဆွမ်းခံသကဲ့သို့ သွား၍ ရပ်ရမည်။ ဘာအလိုရှိပါသလဲဟု လျှောက်သောအခါ မြက်သက်ကယ် အလိုရှိသည်၊ သစ်သား အလိုရှိသည်၊ လှည်းတိုက်စရာရှိ၍ လှည်း, နွား ခေတ္တအလိုရှိသည်၊ ခိုင်းစရာလို၍ လက်သမားတစ်ယောက် ခေတ္တအလိုရှိသည် စသည်ဖြင့် ပြော၍ အလှူခံကောင်း၏ဟု ငါဘုရား ခွင့်ပြုတော်မူသည်။ ရွှေငွေကိုကား မည်သည့် ပရိယာယ်နှင့်မျှ သာယာကောင်း (ခံယူကောင်း)၏”ဟု ခွင့်မပြုနိုင်ကြောင်းကို မိန့်တော်မူလေသည်။ [သဠာယတနဝဂ္ဂ ဂါမဏိသံယုတ် ပါဠိတော်မှ လာသည်ဟု ဘုရားဥပဒေတော်ကြီး၌ ဖော်ပြထား၏၊] ရွှေငွေကို လှူလာလျှင် ရာဇသိက္ခာပုဒ် ၌ ညွှန်ပြထားသည့်အတိုင်း အပ်သောနည်းဖြင့် အသုံးပြုနိုင်ကြောင်း သတိပြုပါလေ။

ရှင်းလင်းချက်။ ။ ‘မိမိ’ဆိုသော အသုံးအနှုန်းဖြင့် ရေးခြင်းမှာ ဆန့်ကျင်၍ ယူသော ပုဂ္ဂိုလ်တို့အား ရည်စူး၍ ရေးခြင်း မဟုတ်ပါ။ စာရှုသူတို့အား ရည်စူး၍ ရေးခြင်း ဖြစ်သည်။ စာရှုသူမှန်သမျှကို ၎င်းကိုယ်ကို ဆန့်ကျင်၍ ယူသော ပုဂ္ဂိုလ်၏ နေရာ၌ နေစေ၍ စာရေးသူ၏ ထင်မြင်ယူဆပုံကို လက်ခံသင့်, မသင့် စိစစ်ဝေဖန် ဆုံးဖြတ်နိုင်စေခြင်းငှာ စာရှုသူကို ‘မိမိ’ဆိုသော အသုံးအနှုန်းဖြင့် ရေးခြင်း ဖြစ်ပါသည်။

အကယ်၍ စာရေးသူ ယူဆသကဲ့သို့ မယူဆပါက သည်းခံ ခွင့်လွှတ်တော်မူ ကြပါကုန်။

ဤထက် အကျယ်သိလိုလျှင် ပါတိမောက်ဘာသာဋီကာ၌ ရှု။

* ၉။ ရူပိယသံဝေါဟာရ

အမျိုးမျိုးအစားစား ရှိကုန်သော ရွှေငွေ ပိုက်ဆံ ဒင်္ဂါးတို့ဖြင့် လဲလှယ် ရောင်းဝယ်ခြင်း မပြုရ။ ပြု၍ရလျှင် ရူပိယသံဝေါဟာရနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [ပြုအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊]

မှတ်ချက်။ ။ အမျိုးမျိုးအစားစား--ဟူသည် ပုတီး နားကပ် စသည်ဖြင့် လက်ဝတ်လက်စား ပြုပြီးသော ရွှေငွေတန်ဆာ၊ လက်ဝတ်လက်စား မပြုရသေးသော ရွှေတုံး, ငွေခဲ, ရွှေဒင်္ဂါး, ငွေဒင်္ဂါး, ပိုက်ဆံ, ငွေစက္ကူ စသည်တို့တည်း။ လဲလှယ်--ဟူသည် ယခုကာလ ရောင်းဝယ်ခြင်းမျိုးတည်း။ ထိုသို့ ရောင်းဝယ်ရာ၌ မိမိက ရွှေငွေဖြင့် သပိတ်သင်္ကန်း စသည်ကို ဝယ်ခြင်း၊ မိမိက သပိတ် သင်္ကန်းပေး၍ ရွှေငွေကို ယူခြင်း (သပိတ်သင်္ကန်းရောင်းခြင်း) အားလုံး ပါဝင်သည်။ ထို့ကြောင့် ရဟန်းက ဒါယကာ စသူတို့ထံမှ ငွေကို တောင်း၍ဖြစ်စေ၊ သူတို့အလိုအလျောက် လှူခြင်းကြောင့် ဖြစ်စေ ယူလျှင် ရှေ့သိက္ခာပုဒ်အရ ထိုငွေ သည် နိဿဂ္ဂိထိုက်၍ ထိုငွေဖြင့် သင်္ကန်း, စာအုပ် စသည်တို့ကို ဝယ်ပြန်လျှင် ဤသိက္ခာပုဒ်အရ ထိုသင်္ကန်း စသည်တို့ နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ်လည်း သင့်၏၊ နိဿဂ္ဂိထိုက်နေသော ပစ္စည်းကို မစွန့်ဘဲ သုံးပြန်လျှင် ကိုင်တိုင်း ကိုင်တိုင်း ဒုက္ကဋ်အာပတ်သင့်၏၊

စွန့်ပုံ

ထိုကဲ့သို့ ရွှေငွေဖြင့် ဝယ်မိသော နိဿဂ္ဂိယ ပစ္စည်းများကိုလည်း ရွှေငွေ ကဲ့သို့ပင် သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်ထံ မစွန့်ရ။ သံဃာ့အလယ်မှ “အဟံ ဘန္တေ ရူပိယသံဝေါဟာရံ သမာပဇ္ဇိံ၊ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ၊ ဣမာဟံ နိဿဇ္ဇာမိ” ဟု ပါဠိလိုဖြစ်စေ၊ “အရှင်ဘုရား ...ဘုရားတပည့်တော်သည် အမျိုးမျိုးအစားစား ရှိကုန်သော ရွှေငွေပိုက်ဆံဒင်္ဂါးတို့ဖြင့် လဲလှယ် ရောင်းဝယ်ခြင်း ပြုမိပြီ၊ ဤပစ္စည်းမှာ နိဿဂ္ဂိထိုက်၍ ၎င်းကို ဘုရားတပည့်တော် စွန့်ပါ၏”ဟု မြန်မာ လိုဖြစ်စေ ဆို၍ စွန့်ပြီးလျှင် ရူပိယသိက္ခာပုဒ်အတိုင်း စီစဉ်ရမည်။ [ပါတိမောက်ဘာသာဋီကာ အဆိုနှင့် ညောင်လွန့်တောရကျောင်းတိုက် ဆရာတော်ဘုရား ဦးမေဓာဝီ စီရင်တော်မူသော ဝိနယဂဏ္ဌိဌာန ဝိနိစ္ဆယတ္ထကျမ်း နိဿဂ္ဂိယဝတ္ထု ပရိဘောဂ ဝိနိစ္ဆယ အဆိုတို့ကိုလည်း ရှု။]

အထူးသတိပေးချက်။ ။ ဒါယကာတစ်ယောက်ယောက်က သပိတ်လှူ လို၍ “သပိတ် ဝယ်လှူလိုက်ပါ”ဟု ကပ္ပိယအား ပြော၍ ငွေကို အပ်နှံ၏၊ ရဟန်းသည် ကပ္ပိယနှင့်အတူ စျေးသည်ထံသို့ သွား၍ ၎င်းနှစ်သက်သော သပိတ်ကို မြင်ရာ “ဤငွေကို ယူ၍ ဤသပိတ်ကို ပေးပါ”ဟု စျေးသည်အား ပြော၍ သပိတ်ကို ယူအံ့၊ ဤသို့သော အသုံးအနှုန်းမျိုးဖြင့် ပြောဆိုခြင်းသည် ဒုဗ္ဗိစာရဏ (မကောင်းသဖြင့် စီမံခြင်း)အဖြစ်သို့ ရောက်၍ ထိုသပိတ်သည် ထိုရဟန်းအား မအပ်စပ်တော့ပြီ။ သို့သော် မူလက ၎င်းကိုယ်တိုင် ငွေကို မခံယူခဲ့ခြင်းကြောင့် အခြားရဟန်းတို့အား အပ်စပ်သေး၏၊ သို့ဖြစ်၍ ဝိနည်း တော်နှင့် ကိုက်ညီစေခြင်းငှာ ထိုရဟန်းသည် စျေးသည်အား “ကိုင်ပါရစေ, ကြည့်ပါရစေ” စသော အသုံးအနှုန်းမျိုးဖြင့် ခွင့်ပန်၍ မိမိနှစ်သက်ရာ သပိတ်ကို ရွေးချယ်အပ်၏၊ “ဤသပိတ်ကို နှစ်သက်၏”ဟူ၍လည်းကောင်း, “ဤသပိတ်ကို ယူလိုသည်”ဟူ၍လည်းကောင်း ကပ္ပိယအား ပြောရာ၏၊ ကပ္ပိယက ထိုသပိတ် ၏ တန်ဖိုးကို ပေး၍ ရဟန်းအား သပိတ်ကို လှူအံ့။ ထိုသပိတ်သည် ထိုရဟန်းနှင့် သာလျှင်မဟုတ်၊ ဘုရားရှင်တို့အားသော်လည်း သုံးဆောင်ခြင်းငှာ ထိုက်၏၊ အကယ်၍ အထက်ပါအတိုင်း ပြောသော်လည်း ကပ္ပိယက နားမလည်၍ သပိတ် ၏ တန်ဖိုးကို မပေးဘဲနေသော်၊ “သပိတ်၏တန်ဖိုးကို သိလိုက်” သို့မဟုတ် “သပိတ်၏တန်ဖိုးကို မေး၍သိလိုက်”ဟု ပြောရာ၏၊ [ဤသို့ ပြောဆို၍ သပိတ်ကို ယူလျှင် ဒုဗ္ဗိစာရဏမှ ကင်းလွတ်၏၊ ထို့ကြောင့် ဒုဗ္ဗိစာရဏမှ ကင်းလွတ်စေ ခြင်းငှာ မအပ်သော အသုံးအနှုန်းမျိုးဖြင့် မပြောဆိုမိရန် အထူးသတိပြု တော်မူကြပါကုန်။]

နိဿဂ္ဂိထိုက်နေသော ဝတ္ထုပစ္စည်းတို့တွင် ‘ကျောင်း’နှင့် မိမိခံတွင်း၌ တပ်ထားသော ‘သွား’များကို အမြင်မှန်ရ၍ ပြုပြင်လိုသောအခါ အပ်စပ်အောင် တစ်ဖန်ပြုခြင်းငှာ ခက်လှ၏၊ ထို့ကြောင့် ကျောင်းနှင့်သွားများကို နိဿဂ္ဂိမထိုက် စေရန် အထူးစောင့်ရှောက်တော်မူကြပါကုန်။

* ၁၀။ ကယဝိက္ကယ

သီတင်းသုံးဖော်ငါးယောက်တို့ကို ကြဉ်၍ အခြားသူတို့နှင့် အပ်သော ပစ္စည်းအချင်းချင်းကိုသော်လည်း မအပ်သောနည်းဖြင့် လဲလှယ် ရောင်းဝယ်ခြင်း မပြုရ။ ပြု၍ရလျှင် ကယဝိက္ကယနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [မအပ်သော နည်းဖြင့် ပြုအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊]

သီတင်းသုံးဖော်ငါးယောက်ဟူသည် (၁)ရဟန်း ယောက်ျား၊ (၂) ရဟန်း မိန်းမ၊ (၃) သိက္ခမာန် (ဘိက္ခုနီလောင်း)၊ (၄) သာမဏေယောက်ျား၊ (၅) သာမဏေမိန်းမတို့တည်း။

မအပ်သောလဲနည်း

စျေးသည် စသော သူတို့ထံ၌ ရှိသောပစ္စည်းကို မိမိမှာရှိသော သင်္ကန်း ဖိနပ် စသည်ဖြင့် လဲလှယ်ယူလိုလျှင် မိမိကိုယ်တိုင် “ဤသင်္ကန်းဖြင့် ထိုသပိတ်ကို ပေးပါ”ဟူ၍လည်းကောင်း, “ဤသင်္ကန်းကို ယူလော့၊ ထိုသပိတ်ကို ပေးလော့” ဟူ၍လည်းကောင်း ပြောဆို၍ မလဲလှယ်ကောင်း။ ဤသို့ လဲလှယ်သော စကား မျိုးကို ပြော၍ကား လူ့ပစ္စည်းမှန်လျှင် မိဘပစ္စည်းကိုပင် မလဲကောင်း၊ လဲလှယ်၍ ရလျှင် ထိုပစ္စည်းကို နိဿဂ္ဂိထိုက်၏၊

အပ်သောလဲနည်း

“ထိုစျေးသည်ထံက သပိတ်ကို လိုချင်သည်၊ ဤသင်္ကန်းဖြင့် လဲပေးစမ်း”ဟုကား ကပ္ပိယလုပ်သူကို ပြောကောင်းသည်။ ကျောင်းသား ကပ္ပိယ မရှိလျှင် စျေးဆိုင်သို့ သွား၍ စျေးသည်ကိုယ်တိုင်မှတစ်ပါး စျေးသည်၏ သားသမီး စသူ ကိုပင် “ငါ့မှာ သင်္ကန်းရှိသည်၊ ဤသင်္ကန်းဖြင့်’ ထိုသပိတ် လဲပေးပါ”ဟု ပြောဆို လဲယူကောင်း၏၊ မည်သည့်နည်းနှင့်မှ ကပ္ပိယ ရှာမရလျှင် သို့မဟုတ် ကပ္ပိယ မရှာလိုလျှင် စျေးသည်ထံသွား၍ “ငါ့မှာ ဤသင်္ကန်း ရှိသည်၊ သင်္ကန်းတော့ အသုံးမကျ၊ သပိတ်ကိုသာ လိုသည်”ဟု ပရိယာယ်ပြောရာ စျေးသည်က သင်္ကန်းကို ယူ၍ သပိတ်ကို ပေးလိုက်လျှင် ထိုသပိတ်အပ်၏၊ ထိုကြောင့် ယခုကာလ ခဝါသည် စသော သူတို့ထံမှ အပ်သောပစ္စည်းဖြင့် လဲယူလိုကြလျှင် ဤပြခဲ့သော နည်းကို အသုံးပြုသင့်ကြပေသည်။

ခိုင်းစေရာ၌ အပ်, မအပ်

တောင်းရမ်းစားသောက်နေသူ (စားကြွင်းစား)နှင့် လက်သမား စသူတို့ကို မြင်၍ “ဤထမင်းကို စားပြီးလျှင် ဆိုးရည်ခေါက် ခွာပေးစမ်းလော့၊ ဤထမင်းကို စားပြီးလျှင် ကျောင်းကို ပြင်ပေးစမ်းလော့” စသည်ဖြင့် ခိုင်းရာ၌ နိဿဂ္ဂိပါစိတ် အာပတ်ပင်။ ထိုသို့ ခိုင်းစေသည့်အတွက် ဆိုးရည်ခေါက် စသော ပစ္စည်းတစ်စုံ တစ်ရာ ရလျှင် ထိုပစ္စည်းကို စွန့်ရမည်။ ကျောင်းပြင်, ခေါင်းရိတ်ခိုင်း စသည်၌ ပစ္စည်းတစ်စုံတစ်ရာ မရလျှင် (စွန့်စရာပစ္စည်း မရှိလျှင်) အာပတ်ကိုသာ ဒေသနာ ပြောရမည်။ “ထမင်းကို စားပြီးလျှင် အလုပ်လုပ်”ဟု တစ်ဆက်တည်း မပြောဘဲ “ဤထမင်းကို စားလော့ သို့မဟုတ် စားရလိမ့်မည်၊ ဤအလုပ်ကို လုပ်လော့”ဟု စကားနှစ်ရပ်ခွဲ၍ ပြောဆိုစေခိုင်းလျှင် အပ်၏၊

စွန့်ပုံ

နိဿဂ္ဂိထိုက်သော ပစ္စည်းကို စွန့်ရာ၌ ကင်္ခါဋီကာဝယ် ‘သံဃဿ နိဿဇ္ဇာမိ’ဟု သံဃာအား စွန့်ပုံကိုသာ ပြထား၏၊ [ဂိုဏ်း, ပုဂ္ဂိုလ်အားလည်း စွန့်နိုင် သည်ဟု ပါတိမောက်ဘာသာဋီကာ၌ ဆို၏၊] ဤစကား သင့်၏၊ အပ်သော ပစ္စည်းချင်း လဲလှယ်သောကြောင့် ပစ္စည်းမှာ နဂိုကပင် အပ်၏၊ မအပ်သော စကားအသုံးအနှုန်းအတွက်ကြောင့်သာ နိဿဂ္ဂိဖြစ်ရသည်။ သို့ဖြစ်၍ ထိုပစ္စည်း များမှာ ငွေဖြင့် ဝယ်အပ်သော နိဿဂ္ဂိနှင့် မတူ။ လဲမိသူမှ တစ်ပါး အခြားပုဂ္ဂိုလ် များ အပ်သည်ဟူ၍ ယူအပ်၏၊ “အဟံ ဘန္တေ နာနာပ္ပကာရကံ ကယဝိက္ကယံ သမာပဇ္ဇိံ၊ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ၊ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ”ဟု ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ အလိုရှိရာဆို၍ စွန့်နိုင်သည်။ [မြန်မာလို စွန့်ပုံကိုကား ရှေ့သိက္ခာပုဒ် မှီ၍ သိအပ်၏၊]

အနာပတ္တိဝါရ။ ။ တန်ဖိုးကို မေးအံ့၊ ကပ္ပိယကာရကအား ပြောအံ့၊ အာပတ် မသင့်။ “ငါတို့အား ဤဝတ္ထုရှိ၏၊ ငါတို့အားလည်း ဤမည် ဤမည် သော ဝတ္ထုဖြင့် အလိုရှိ၏”ဟု ဆိုအံ့၊ အာပတ်မသင့်။

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဧဠကလောမဝဂ် (ခေါ်) ကောသိယဝဂ်သည်

ပြီးခြင်းသို့ ရောက်ပြီ။

၃။ ပတ္တဝဂ်

၁။ ပတ္တ

အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော ကိုယ်ပိုင်မြေ, သံ သပိတ်ကို အဓိဋ္ဌာန် မတင် ဝိကပ္ပနာ မပြုဘဲလျက် ဆယ်ရက်ထက် ပိုလွန်၍ မထားရ၊ ထားလျှင် ပတ္တနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

* ၂။ ဦနပဉ္စဗန္ဓန

မိမိ၌ ငါးဖွဲ့ပြည့်အောင် မအက်မပေါက်သေးသော သပိတ်ရှိနေလျှင် ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ သပိတ်သစ်ကို မတောင်းရ။ တောင်း၍ ရလျှင် ဦနပဉ္စဗန္ဓနနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [တောင်းအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊၊]

ထိုရဟန်းသည် ပရိသတ်တို့၏ အလယ်၌ “အရှင်ဘုရားတို့ ...ဘုရားတပည့်တော်၌ ငါးဖွဲ့ပြည့်အောင် မအက်မပေါက်သေးသော သပိတ်ရှိလျက် ဤသပိတ်သစ်ကို တောင်းမိသည်ဖြစ်၍ ဤသပိတ်သည် နိဿဂ္ဂိထိုက်နေ၏၊ ထို့ကြောင့် ဤသပိတ်ကို အရှင်တို့အား စွန့်ပါ၏”ဟု ဆို၍ စွန့်အပ်၏၊ ထိုရဟန်း တို့သည်လည်း အဓိဋ္ဌာန်တင်ထားသော ၎င်းတို့၏ ကိုယ်ပိုင်သပိတ်ကို ကိုယ်စီ ကိုယ်င ယူလာအပ်ကုန်၏၊ [ကောင်းသော သပိတ်ကို လိုချင်၍ အခြားမကောင်း သော သပိတ်ကို အဓိဋ္ဌာန်တင်၍ ယူလာလျှင် ဒုက္ကဋ်အာပတ်သင့်၏၊] ထိုစွန့်အပ် သော သပိတ်ကို ထေရ်စဉ်အလိုက် ပေးအပ်ရာ၏၊ [ထိုရဟန်းကို သနား၍ မယူလျှင် ဒုက္ကဋ်အာပတ်သင့်၏၊] ထိုသပိတ်ကို တစ်ဦးဦးက ယူလျှင် ထိုယူသူ၏ မူလရှိရင်းစွဲ သပိတ်ကို အဆင့်ဆင့် ပေး၍ လဲယူကြရာ၏၊ နောက်ဆုံးတွင် မည်သူမှ မလိုချင်၍ ကျန်နေသည့် ‘အဆုံးစွန်သောသပိတ်’ကို ထိုရဟန်းအား “ကွဲသည့်တိုင်အောင် ဆောင်ထားရမည်”ဟု သမ္မုတိရထားသော ရဟန်းက ပြော၍ ပေးအပ်ရာ၏၊ [ထိုနောက် အမြန်ပျက်စီးသွားအောင် ထိုသပိတ်ကို မကောင်းသော သုံးဆောင်ခြင်းဖြင့် သုံးဆောင်သည်ဖြစ်စေ၊ စွန့်သည်ဖြစ်စေ ဒုက္ကဋ်အာပတ်သင့်၏၊] ဤပြဆိုခဲ့သော ညွှန်ကြားချက်ကား မိမိ၌ ငါးဖွဲ့ ပြည့်အောင် မအက်မပေါက်သေးသော သပိတ်ရှိလျက် ထိုသပိတ်သစ်ကို တောင်းမိရာ၌ ကျင့်ရာသောဝတ်တည်း၊ (ဝါ) လောကုတ္တရာတရားအား လျော် သော ကျင့်ဝတ်တည်း။ [ထိုသို့ စွန့်ပြီးနောက် ဒေသနာပြောရမည်။]

အနာပတ္တိဝါရ။ ။ မိမိအား ပုဂ္ဂလိကအနေဖြင့် ဖိတ်ကြားထားသော သူတို့ ထံမှဖြစ်စေ၊ ဆွေမျိုးသားချင်းတို့ထံမှဖြစ်စေ တောင်းရာ၌ကား အနာပတ္တိ အာပတ်မသင့်။ မိမိဥစ္စာနှင့် အပ်သောနည်းဖြင့် ဝယ်အံ့၊ အာပတ်မသင့်။

အမှာ။ ။ သမ္မုတိပေးပုံကို ပါရာဇိကဏ်ပါဠိတော် (မြန်မာမြန်) အပိုဒ် ၆၁၄ ၌ ရှု။

အကျယ်ကို ပါတိမောက်ဘာသာဋီကာ, ဘုရားဥပဒေတော်ကြီးနှင့် ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်)တို့၌ ရှု။

* ၃။ ဘေသဇ္ဇ

ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ၊ ဤဆေးငါးမျိုးတို့ကို အကပ်ခံ သည့်နေ့မှစ၍ (၇)ရက်စေ့ရုံငှာသာလျှင် ဆေးအဖြစ်ဖြင့် စားသောက် သုံးဆောင် ကောင်း၏၊ ထိုထက်လွန်စေလျှင် ဘေသဇ္ဇနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

မှတ်ချက်။ ။ သံဃာအားလည်းကောင်း, ဂိုဏ်းအားလည်းကောင်း, ပုဂ္ဂိုလ် အားလည်းကောင်း ‘ဝိနည်းကံ’ပြု၍ စွန့်ရမည်။ စွန့်အပ်ပြီးကို ပြန်ရလျှင် ကိုယ်နှင့် စပ်သော သုံးဆောင်ခြင်းဖြင့် မသုံးဆောင်ရ၊ မမျိုရ၊ ဆီမီး၌သော်လည်းကောင်း, မင်၌ သော်လည်းကောင်း ထည့်နိုင်သည်။ အခြားရဟန်းသည် ကိုယ်နှင့်စပ်သော သုံးဆောင်ခြင်းဖြင့် သုံးဆောင်နိုင်သည်။ သို့ရာတွင် မမျိုရ။

အကပ်ခံပြီးသော ထောပတ်စသော ဆေးတို့ကို (၇)ရက်အတွင်း၌ သက် ဆိုင်သော ရောဂါရှိလျှင် နေလွဲ နေမလွဲ အချိန်တိုင်းမှာပင် စားကောင်း၏၊ သို့သော် နေမလွဲမီစားရာဝယ် ပထမအကပ်ခံသော တစ်နံနက်၌သာ ဆွမ်း, ခဲဖွယ်တို့နှင့် ရော၍ စားကောင်းသည်။ နောက်နံနက်များ၌ကား ဆွမ်း, ခဲဖွယ် တို့နှင့် ရော၍ မစားရ။ စားလျှင် သန္နိဓိကာရက သုဒ္ဓပါစိတ်အာပတ်သင့်မည် သာ။ ထို့ကြောင့် ပါးစပ်တွင်း၌ ဆွမ်း, ခဲဖွယ် အာမိသ ရှိနေလျှင် ပြောင်စင်အောင် ပါးစပ်ကို ဆေးပြီးမှ ဆေးကို စားရမည်။ ဆေးကို အလျင်စားလျှင်လည်း ပြောင်စင်အောင် ပါးစပ်ကို ဆေးပြီးမှ ခဲဖွယ်ဘောဇဉ်ကို စားရမည်။

အနာပတ္တိဝါရ။ ။လူ, သာမဏေတို့အား ငဲ့ကွက်ခြင်းမရှိဘဲ ပေးပြီးနောက် ပြန်ရ၍ သုံးဆောင်အံ့၊ အာပတ်မသင့်။ ၇-ရက်အတွင်း၌ ကုန်ပုံမရလျှင် ၇-ရက် မလွန်မီ) “ဤထောပတ်စသည်ကို ငါမစားတော့ပြီ၊ ခြေနယ်ဆီစသည် ပြုလုပ်၍ ကိုယ်၏ အပြင်ပ၌သာ သုံးစွဲတော့မည်”ဟု အဓိဋ္ဌာန် (စိတ်ကူး)လိုက်ရ မည်။ ကိုယ်အပြင်ပ၌ သုံးဖို့ဖြစ်လျှင်ကား ၇-ရက်လွန်သော်လည်း အပြစ်မရှိ။ [၇-ရက်အတွင်းဟူရာ၌ ဥပမာ — လဆန်း ၁-ရက်နေ့၌ ဆေးကို အကပ်ခံလျှင် ထိုလဆန်း ၁-ရက်နေ့ညဉ့် လာလတ္တံ့သော အရုဏ်မှစ၍ ရေတွက်ကာ လဆန်း ၆-ရက်နေ့ ညဉ့်အရုဏ်လွန်ပြီးလျှင် လဆန်း ၇-ရက်နေ့ ညဉ့်အရုဏ် မတက်မီ အချိန်အထိကို ဆိုလိုသည်။ လဆန်း ၇-ရက်နေ့ ညဉ့်အရုဏ်ကို တက်စေ၍ ထိုဆေးကို စားသောက်လျှင် ဤသိက္ခာပုဒ်ဖြင့် အာပတ်သင့်၏ဟူ၍ သိလေ၊၊]

အကျယ်ကို ပါတိမောက်ဘာသာဋီကာနှင့် ဘုရားဥပဒေတော်ကြီးတို့၌ ရှု။

၄။ ဝဿိကသာဋိက

နယုန်လဆုတ် ၁-ရက်နေ့မှစ၍ လကွယ်နေ့တိုင်အောင် ဤ ၁၄-ရက် အတွင်းသည် မိုးရေခံသင်္ကန်းကို ရှာမှီးရမည့် ခေတ်ကာလတည်း။ ဝါဆိုလဆန်း ၁-ရက်နေ့မှစ၍ လပြည့်နေ့တိုင်အောင် ဤလခွဲအတွင်းသည် ၎င်းသင်္ကန်းကို ရှာ၍ ရလျှင် ချုပ်, ဆိုး, ကပ္ပဗိန္ဒု ထိုး၍ ဝတ်ရုံရမည့် ခေတ်ကာလတည်း။ ဝါဆိုလဆုတ် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်တိုင်အောင် ဤ ၄-လ အတွင်းသည် ၎င်းသင်္ကန်းကို မရရှိသေးလျှင် ဆက်လက်ရှာဖွေ၍ ရရှိသော အခါ၌ ချုပ်, ဆိုး, ကပ္ပဗိန္ဒုထိုး၍ ဝတ်ရုံအဓိဋ္ဌာန်တင်ရမည့် ခေတ်ကာလတည်း။ ဤခေတ်၏ အပြင်ဘက် တန်ဆောင်မုန်းလဆုတ် ၁-ရက်နေ့မှ စ၍ နယုန်လ ပြည့်တိုင်အောင် ထို ၇-လအတွင်း၌ ၎င်းသင်္ကန်းကို မရှာရ။ နယုန်လကွယ်နေ့ တိုင်အောင် ထို ၇-လခွဲအတွင်း၌ ချုပ်, ဆိုး, ဝတ်ရုံခြင်းကို မပြုရ။

ထို ၇-လအတွင်း၌ ရှာ၍ ရသည်ဖြစ်စေ၊ ထို ၇-လခွဲ အတွင်း၌ ချုပ်, ဆိုး, ဝတ်ရုံခြင်းကို ပြုသည်ဖြစ်စေ ဝဿိကသာဋိကနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [ရှာအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏၊]

* ၅။ စီဝရအစ္ဆိန္ဒန

မိမိက တစ်ပါးသော ရဟန်းအား သင်္ကန်းကို အပိုင်ပေးပြီးမှ နောက်၌ စိတ်ဆိုးသည်ဖြစ်၍ ငါ့ဥစ္စာဟူသော အမှတ်ဖြင့် ပြန်၍ မလုယူရ၊ သူတစ်ပါး ကိုလည်း မခိုင်းရ၊ ထိုသို့ပြုလုပ်လျှင် စီဝရအစ္ဆိန္ဒနနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [လုယက်အံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ စေခိုင်းအံ့၊ ဒုက္ကဋ်။ ရခြင်း ကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

အခြား ဥစ္စာကို ဖြစ်စေ၊ လူ, သာမဏေတို့အား မည်သည့်ပစ္စည်းမဆို ဖြစ်စေ ပေးပြီးမှ ပြန်၍ လုယူအံ့၊ လုယူစေအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊

* ၆။ သုတ္တဝိညတ္တိ

မအပ်သော နည်းဖြင့် ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ ချည်ကို ကိုယ်တိုင်တောင်း၍ တစ်ဖန် မအပ်သောနည်းဖြင့် ဆွေမျိုးမတော် မဖိတ်ကြားထားသော ရက်ကန်းသည်တို့အား ထိုချည်နှင့် သင်္ကန်းကို မိမိဖို့ မရက်စေရ။ ထိုသို့ ပြုလုပ်လျှင် သုတ္တဝိညတ္တိနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [ရက်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊]

ချည်ကဖြစ်စေ၊ ရက်ကန်းသည်ကဖြစ်စေ တစ်ဘက်ဘက်က အပ်နေလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

မအပ်သောနည်းဖြင့် တောင်းခြင်း, ခိုင်းခြင်းဟူရာ၌ ကာယဝိညတ်ဖြင့် ထိုသူ့အနီးသို့ သွား၍ ရပ်ပြီးလျှင် “ဘာအလိုရှိပါသလဲ ဘုရား”ဟု မေးမှ အလိုရှိရာ ပြောခြင်း မဟုတ်ဘဲ “ချည်ကို လှူစမ်းပါ၊ ရက်ကန်း ရက်ပေးစမ်းပါ” စသည်ဖြင့် တောင်းခြင်း ခိုင်းခြင်းကို ဆိုလိုသည်။

အနာပတ္တိဝါရ။ ။ သင်္ကန်းချုပ်ခြင်းငှာ ချည်ကိုတောင်းအံ့၊ အာပတ်မသင့်။ အာယောဂပတ်၌လည်းကောင်း, ခါးပန်းကြိုး၌လည်းကောင်း, ပခုံးဖွဲ့(ကြိုး)၌ လည်းကောင်း, သပိတ်အိတ်၌လည်းကောင်း, ရေစစ်၌လည်းကောင်း အာပတ် မသင့်။ [ဤသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ငြားသော်လည်း အညာတကဝိညတ္တိ သိက္ခာပုဒ်ဖြင့် အာပတ်သင့်၏ဟု ဝိမတိ၌ ဝဒန္တိဝါဒ ရှိ၏ဟူ၍ ကင်္ခါဘာသာ ဋီကာ ပထမအုပ်၌ ဆို၏၊] အခြားသူတို့ အလို့ငှာလည်းကောင်း တောင်းအံ့၊ မိမိဥစ္စာနှင့် အပ်သောနည်းဖြင့် ဝယ်အံ့၊ အာပတ်မသင့်။

* ၇။ မဟာပေသကာရ

ဆွေမျိုးမတော်သော ဒါယကာဖြစ်စေ၊ ဒါယိကာမဖြစ်စေ ဤမည်သော ရဟန်းကို ရည်မှန်း၍ သင်္ကန်းလှူအံ့ဟု ရက်ကန်းသည်အား ချည်ကိုပေး၍ ရက်စေ၏၊ ထိုအကြောင်းကို ထိုရဟန်းကြားသိ၏၊ ထိုရည်စူးထားသော သင်္ကန်း ထက် ပို၍ကောင်းသော သင်္ကန်းကို လိုချင်သောကြောင့် ရှေး၌ မဖိတ်ကြားထား ဘဲလျက် ထိုရဟန်းသည် ရက်ကန်းသည်ထံသို့သွား၍ မူလထက် အလျားရှည် အောင် အနံပြန့်အောင် အသားကျစ်အောင် ချောအောင် ရက်စေ၏၊ ထိုရဟန်း စီမံသည့်အတိုင်း ရက်၍လှူလျှင် ထိုသူအား မူလရည်စူးထားသော ချည်ထက် ပို၍ ချည်ကုန်ငြားအံ့၊ ထိုရဟန်းအား မဟာပေသကာရနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [ချည်ပိုကုန်အောင် စီမံအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်း ကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊]

မှတ်ချက်။ ။ ရည်စူးထားသော ချည်ထက် ပိုကုန်မှသာလျှင် နိဿဂ္ဂိ ထိုက်သည်။ ချည်ပို၍ မကုန်လျှင်ကား မိမိကို ရည်စူးပြီးသားဖြစ်၍ နိဿဂ္ဂိ မထိုက်။

* ၈။ အစ္စေကစီဝရ

သီတင်းကျွတ်လဆန်း ၅-ရက်နေ့မှ စ၍ လပြည့်နေ့အထိ ထို ၁၁-ရက် အတွင်း၌ “ဝဿာဝါသိကံ ဒဿာမိ = ဝါလပတ်လုံး နေပြီးသော ရဟန်းအား လှူပါ၏”ဟု ဆို၍ အဆောတလျင် လှူအပ်သော ‘အစ္စေကသင်္ကန်း’ကို ရရှိလျှင် အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲလျက် သင်္ကန်းကာလ ကုန်ဆုံးသည့်တိုင်အောင် ထားကောင်း၏၊ ထိုထက်လွန်စေလျှင် အစ္စေကစီဝရနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ [သင်္ကန်းကာလဟူသည် ကထိန်မခင်းလျှင် သီတင်းကျွတ်လဆုတ် ၁-ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် တစ်လ၊ ကထိန်ခင်းလျှင် တပေါင်းလပြည့်နေ့တိုင်အောင် ငါးလတည်း။]

၉။ သာသင်္က

တောကျောင်း၌ဖြစ်စေ၊ ရွာကျောင်း၌ဖြစ်စေ ပုရိမဝါဆိုပြီးသော ရဟန်း သည် တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် ခိုးသူတို့ဖြင့် ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့် တကွဖြစ်သော တောကျောင်း၌ နေလိုလျှင် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့မှ တစ်ထည်ထည်ကို ရွာတွင်း၌ ထားကောင်း၏၊ သို့ရာတွင် ဂိလာနရဟန်းအား ပေးအပ်သော အဝိပ္ပဝါသသမ္မုတိကို မရထားလျှင် ထိုသင်္ကန်းနှင့် ခြောက်ညဉ့်ထက် ပိုလွန်ပြီး ကင်း၍ မနေရ။ နေလျှင် သာသင်္ကနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

မှတ်ချက်။ ။ ထိုသင်္ကန်းကို တောကျောင်းပီပီ ရွာနှင့် လေးအပြန်ငါးရာ အောက်လည်း မနီး၊ ဆွမ်းခံ သွားနိုင် ပြန်နိုင်လောက်အောင် တစ်ဂါဝုတ်ထက် လည်း မဝေးသော မိမိ၏ ဆွမ်းခံရွာ၌ ထားနိုင်၏၊ ထားကောင်း၏၊ ဤသို့ ထားခြင်းဖြင့် နေ့တိုင်း ဆွမ်းခံရောက်မည်ဖြစ်၍ ထိုသင်္ကန်းအကြောင်းကို ဘေးရန် ရှိ, မရှိ နေ့တိုင်း သိနိုင်သောကြောင့် ထိုသင်္ကန်းနှင့် အရုဏ်တက်ချိန်မှာ တစ်လလုံးလုံး ကင်းနေသော်လည်း အပြစ်မရှိ။ ထိုသို့မဟုတ်ဘဲ ထိုသင်္ကန်းနှင့် ကင်း၍ နေ့တိုင်း မရောက်နိုင် လောက်အောင် တော်တော်ဝေးသော အရပ်သို့ အကြောင်းတစ်ခုခုဖြင့် သွားရပါမူ ဂိလာနရဟန်းအား ပေးအပ်သော အဝိပ္ပဝါသ သမ္မုတိကို မရထားလျှင် ခြောက်ညဉ့်ထက် ပိုလွန်၍ မကင်းရဟု သိ။

‘တော’ဟူသည် ရွာ၏ အကာအရံစည်းရိုး သို့မဟုတ် အရံဖြစ်ထိုက်ရာ ခဲတစ်ပစ်အရပ်မှ စ၍ ညှို့တင်အပ်ပြီးသော လေးဖြင့် တိုင်းတာလျှင် အနည်းဆုံး အပြန်ငါးရာ ကွာဝေးသော တောတည်း။ [လေးဆရာတို့ ကိုင်နေကျလေးသည် ၄-တောင်နှင့် ၁-ထွာရှိ၍ ညှို့တင်လိုက်သည့်အခါ ၄-တောင် ရှိ၏၊ ညှို့တင်ပြီး လေးဖြင့် တိုင်းတာရမည် ဖြစ်သောကြောင့် လေးအပြန် ငါးရာဆိုလျှင် အတောင် ပေါင်း နှစ်ထောင် (၂၀၀၀) ဝေးသည်။ ပကတိပုရိသအတောင်ဟု ကင်္ခါဘာသာ ဋီကာ ပထမတွဲ၌ ဆို၏၊ (ဝါ) ၄-ဖာလုံ၊ ၈-ကိုက်၊ ၂-ပေ ၈-လက်မ ဝေးသည်ဟု ထိုမဇ္ဈိမဝဍ္ဎကီတွက်နည်းဖြင့် သိရ၏၊] ရွာသူရွာသားတို့၏အသံ ကြားလောက် အောင် ကျောင်းနှင့်ရွာ နီးကပ်သော်လည်း တောင်, မြစ် စသည် ခြား၍ ဖြောင့်ဖြောင့် မသွားနိုင်အံ့၊ ပကတိသွားနေကျဖြစ်သော လမ်းခရီး ရေခရီးတို့ဖြင့် ကုန်းလမ်း ရေလမ်းအတိုင်း တိုင်းတာအပ်၏၊ ရွာနှင့် နီးကပ်သဖြင့် တောကျောင်းအင်္ဂါ ပြည့်စုံစေခြင်းငှာ ထိုထိုလမ်းငယ်တို့ကို ပိတ်ဆို့အံ့၊ ဓုတင်္ဂစောရ (ဓုတင်သူခိုး) မည်၏၊

အကျယ်ကို ဝိသုဒ္ဓိမဂ်အရသာ အာရညကင်ဓုတင်အခန်းနှင့် ဆဋ္ဌမူ-ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (မြန်မာပြန်) ပထမတွဲ အာရညိကင်္ဂကထာ အခန်း၌ ရှု။

* ၁၀။ ပရိဏတ

သံဃာတော်သို့ ညွတ်လေပြီးသော လာဘ်ကို သိလျက် မိမိသို့ မညွတ်စေရ။ ညွတ်စေ၍ ရလျှင် ပရိဏတနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ [ညွတ်စေအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ရခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊]

မယ်တော်ပစ္စည်းပင် ဖြစ်သော်လည်း သံဃာတော်သို့ ညွတ်ပြီးမှန်း သိလျက် မိမိသို့ ညွတ်စေ၍ ယူအံ့၊ နိဿဂ္ဂိပင်။ ပုဂ္ဂိုလ်တစ်ဦးဦးသို့ ညွတ်ပြီးမှန်း သိလျက် မိမိသို့ ညွတ်စေ၍ ယူအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊

အင်္ဂါ (၃)ပါး။ ။ (၁) သံဃာသို့ ညွတ်ပြီးခြင်း၊ (၂) သံဃာသို့ ညွတ်ပြီးမှန်း သိလျက် မိမိသို့ ညွတ်စေခြင်း၊ (၃) ရခြင်းအားဖြင့် ၃-ပါးတည်း။

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ပတ္တဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

အရှင်တို့ ...သုံးဆယ်ကုန်သော စွန့်ခြင်းဝိနည်းကံ ရှိကုန်သော နိဿဂ္ဂိယ ပါစိတ် အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည် သာတည်း။ ထိုသုံးဆယ်ကုန်သော နိဿဂ္ဂိယပါစိတ်အာပတ်တို့၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏ လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါ ကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ် ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သောကြောင့် သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကြကုန်၏ဟူ၍ သိမှတ်ရ၏၊

သုံးဆယ်ကုန်သော စွန့်ခြင်းဝိနည်းကံ ရှိကုန်သော နိဿဂ္ဂိယပါစိတ် အမည် ရှိကုန်သော အာပတ်တို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။