ဝိနည်းဥပဒေတော်ကြီး/အနိယတ ၂-ပါး
၆။ အနိယတ ၂-ပါး
အရှင်တို့, နှစ်ပါးကုန်သော အနိယတ အမည်ရှိကုန်သော ဤအာပတ် တို့သည် သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏၊
၁။ ပထမ အနိယတ
ဤသိက္ခာပုဒ်ကား ပြောဆိုကြသော စကားကို သိကြားနားလည်နိုင်သော အဖော် ‘ယောက်ျား’ မျက်မှောက်၌ မရှိဘဲလျက် မေထုန်မှီဝဲနိုင်လောက်အောင် အကာအကွယ်ရှိသောနေရာဟု ဆိုအပ်သော ‘မျက်စိကွယ်ရာ’၌ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ထိုင်နေသော ရဟန်းကို အရိယာဥပါသိကာမက ဖြစ်စေ၊ အခြား ယုံကြည်လောက်သော သူက ဖြစ်စေ တွေ့မြင်၍ ပါရာဇိက, သံဃာဒိ သိသ်, ပါစိတ်အာပတ်၊ ဤတစ်မျိုးမျိုးဖြင့် စွပ်စွဲစေကာမူ၊ သို့မဟုတ် နေထိုင် ပုံ အခြင်းအရာနှင့်တကွ ဝတ္ထုကို ဖော်ပြ၍ စွပ်စွဲစေကာမူ ထိုရဟန်းက ဟုတ် ကြောင်း ဝန်ခံမှသာလျှင် ဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်။ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရဟု ဝိနည်းအဆုံးအဖြတ်၏ လက္ခဏာ (ဆုံးဖြတ်နည်း) ကိုပြသော သိက္ခာပုဒ်တည်း။ [ဤ၌ အဖော်သည် ယောက်ျားသာ ဖြစ်နိုင်သည်။ မိန်းမအဖော် ‘တစ်ရာ’ပင် ရှိစေကာမူ အဖော်မမည်ဟူ၍ သိလေ။ သွားခြင်းကို ဝန်မခံအံ့၊ ထိုင်ခြင်းကို ဝန်ခံအံ့၊ အာပတ်ကို ဝန်မခံအံ့၊ ထိုင်ခြင်းဖြင့် ဆုံးဖြတ် ရမည်။ ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) ပထမ အနိယတသိက္ခာပုဒ် အဖွင့်၊၊]
‘ထိုင်’ဟူသော ဣရိယာပုထ်၌ လျောင်းခြင်း, အိပ်ခြင်း ဣရိယာပုထ်တို့ လည်း ပါဝင်သည်။
မှတ်ချက်။ ။ ဝန်ခံသည့်အတိုင်းဟူရာ၌ ဟုတ်မှန်တိုင်း ပြောမည့် လဇ္ဇီ သူတော်ကောင်း၏ ဝန်ခံခြင်းကိုသာ ဆိုလိုသည်။ လိမ်ပြောမည့် အလဇ္ဇီပုဂ္ဂိုလ် အတွက်ကား ဝန်ခံတိုင်း ဆုံးဖြတ်ရမည် မဟုတ်၊ အရာရာ စစ်မေး၍ သင့်သလို ဆုံးဖြတ်ရမည်။ [သုဒ္ဓ တန်လျှင် သုဒ္ဓ၊ နေဝသုဒ္ဓနာသုဒ္ဓ တန်လျှင် နေဝသုဒ္ဓနာသုဒ္ဓဟု ဆုံးဖြတ်ရမည်၊ ဂိုဏ်းမှ ကြဉ်ပယ်လောက်အောင် အကြောင်းလုံလောက် လျှင် တစ်ခါတည်း’ ဂိုဏ်းမှ ကြဉ်ပယ်အပ်၏၊]
ဤသိက္ခာပုဒ်၌ အကျုံးဝင်နိုင်သော အာပတ်များကား ပထမ ပါရာဇိက, ကာယသံသဂ္ဂသံဃာဒိသေသ်နှင့် ရဟော ပဋိစ္ဆန္န ပါစိတ်အာပတ်များတည်း။
ဆောင်ပုဒ်။ ။ အနိယတုတ်၊ သိက္ခာပုဒ်၌၊ ဖော်ထုတ်အာပတ်၊ ထူးမတပ်လည်း၊ ဆုံးဖြတ်နည်းနာ၊ လက္ခဏာကို၊ လျော်စွာပြမှု၊ ပညတ်ပြု၏၊
၂။ ဒုတိယ အနိယတ
ဤသိက္ခာပုဒ်ကား ပြောဆိုကြသော စကားကို သိကြား နားလည်နိုင်သော အဖော် ‘ယောက်ျားဖြစ်စေ, မိန်းမဖြစ်စေ’ ၁၂-တောင်အတွင်း၌ မရှိဘဲလျက် မေထုန်မှီဝဲနိုင်လောက်အောင် အကာအကွယ် မရှိသောနေရာဟု ဆိုအပ်သော ‘နားကွယ်ရာ’၌ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ထိုင်နေသော ရဟန်းကို အရိယာဥပါသိကာမကဖြစ်စေ၊ အခြားယုံကြည်လောက်သော သူကဖြစ်စေ တွေ့မြင်၍ သံဃာဒိသေသ်, ပါစိတ်အာပတ်၊ ဤတစ်မျိုးမျိုးဖြင့် စွပ်စွဲစေကာမူ၊ သို့မဟုတ် နေထိုင်ပုံ အခြင်းအရာနှင့်တကွ ဝတ္ထုကို ဖော်ပြ၍ စွပ်စွဲစေကာမူ ထိုရဟန်းက ဟုတ်ကြောင်း ဝန်ခံမှသာလျှင် ဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်။ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရဟု ဝိနည်းအဆုံးအဖြတ်၏ လက္ခဏာ (ဆုံးဖြတ်နည်း)ကို ပြသော သိက္ခာပုဒ်တည်း။ [ဤ၌ အဖော်သည် ယောက်ျားသာ မဟုတ်၊ မိန်းမလည်း ဖြစ်နိုင်သည်။ သွားခြင်းကို ဝန်မခံအံ့၊ ထိုင်ခြင်းကို ဝန်ခံအံ့၊ အာပတ်ကို ဝန်မခံအံ့၊ ထိုင်ခြင်းဖြင့် ဆုံးဖြတ်ရမည်။ ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) ဒုတိယ အနိယတသိက္ခာပုဒ်အဖွင့်။]
မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌ အကျုံးဝင်နိုင်သော အာပတ်များကား ဒုဋ္ဌုလ္လဝါစာသံဃာဒိသေသ်, ဘိက္ခုနောဝါဒဝဂ်၌ လာသော ရဟောနိသဇ္ဇနှင့် အစေလကဝဂ်၌ လာသော ရဟောနိသဇ္ဇပါစိတ်အာပတ်များတည်း။
ဤဒုတိယ အနိယတသိက္ခာပုဒ်သည် ဒုဋ္ဌုလ္လဝါစာ သံဃာဒိသေသ်အာပတ် ၏ အစွမ်းအားဖြင့် လာသည်။ ထို့ကြောင့် ‘သောတရဟ-နားကွယ်ရာ’ကို လိုရင်း ဟူ၍ မှတ်။ ဤသို့သော အနက်ကို ပြလို၍ သာရတ္ထဒီပနီဋီကာ၌ — ဣဒံ ပန သိက္ခာပဒံ ဒုဋ္ဌုလ္လဝါစာယ ဝသေန အာဂတံ — ဟု မိန့်၏၊ ဣဒံ ပန သိက္ခာပဒံ = ဤ ဒုတိယ အနိယတသိက္ခာပုဒ်သည်။ ဒုဋ္ဌုလ္လဝါစာယ = ဒုဋ္ဌုလ္လဝါစာ သံဃာဒိသေသ်၏၊ ဝသေန = အစွမ်းဖြင့်။ အာဂတံ = လာ၏၊
ဤသိက္ခာပုဒ်အပြင် ပထမ အနိယတ, ဘိက္ခုနောဝါဒဝဂ်၌ လာသော ရဟော နိသဇ္ဇ, အစေလကဝဂ်၌ လာသော ရဟောပဋိစ္ဆန္နနှင့် ရဟော နိသဇ္ဇ သိက္ခာပုဒ်များတွင်လည်း ‘ထိုင်ခြင်း’ဣရိယာပုထ်သာလျှင် အာပတ်၌ အကျုံးဝင် လေသည်။ [စကားပြောသည် ဖြစ်စေ၊ မပြောသည် ဖြစ်စေ မာတုဂါမနှင့် တစ် ယောက်ချင်းချင်း ထိုင်လျှင် အာပတ်သင့်သည် ဟူလို။] ရပ်ခြင်း ဣရိယာပုထ် သည် အာပတ်၌ အကျုံးမဝင်ပါ။ စကားပြောခြင်းအတွက်လည်း အာပတ် မသင့်ပါ။ [ဆိုလိုသည်မှာ စကားပြောခြင်းသည် လိုရင်းမဟုတ်၊ ပြောသော စကား၏ အကြောင်းသာလျှင် လိုရင်းဖြစ်သည်။ ဝိနည်းနှင့် ဆန့်ကျင်သော စကားကို ပြောလျှင်သာ ပြောသော စကားအလိုက် အာပတ်ဖြင့် ဆုံးဖြတ်ရမည် ဟူ၍ ဖြစ်သည်။]
စာရေးသူ၏ ထင်မြင်ချက်။ ။ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း စကားပြောဆိုခြင်း၏ အပြစ်ကို ဝတ္ထုကြောင်းဖြင့် ထင်ရှားစေအံ့။ ကျောင်းအမ ဝိသာခါသည် ဥဒါယီရဟန်းအား မာတုဂါမနှင့် တစ်ယောက်ချင်းချင်း ထိုင်၍ စကားပြောနေခြင်းကို မနှစ်မြို့သဖြင့် ဥဒါယီအား “မာတုဂါမနှင့် တစ်ယောက် ချင်းနေတာဟာ မတော်ပါဘူး၊ အရှင်ဘုရားက ထိုအမှုကို မလိုလားသော်လည်း လူအများက ယုံကြည်ဖို့ ခဲယဉ်းပါသည်”ဟု ပြော၏၊ ဤစကားကို ထောက် သော် ထိုခေတ် (ဘုရားလက်ထက်တော်)၌ပင် ရဟန်းတော်များအပေါ်၌ မာတုဂါမနှင့် ပတ်သက်လျှင် အလွန်တရာမှ အယုံအကြည် နည်းကြသည်မှာ ပေါ်လွင်ပါသည်။
ရဟန်းတော်များ၏ အဆင့်အတန်းကို နိမ့်ကျစေသော အဓိကအကြောင်း တို့တွင် မာတုဂါမနှင့် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းသည် အဆိုးဝါးဆုံး အကြောင်းတစ်ရပ် ဖြစ်လေသည်။ မိမိကို အလွန်ကြည်ညို၍ အဘက်ဘက်မှ လိုလေသေးမရှိအောင် လူအား, ပစ္စည်းအားဖြင့် ထောက်ပံ့ ကိုးကွယ်နေသော ဒါယကာပင်လျှင် ၎င်း၏ ဇနီးနှင့် တစ်ယောက်ချင်းချင်း စကားပြောမည်ဆိုက ဟာလာဟင်းလင်း၌သော်လည်း လိုလားနှစ်သက်မည် မဟုတ်ပေ။ တစ်ကြိမ်က နှစ်ကြိမ်, နှစ်ကြိမ်က သုံးကြိမ်ဖြစ်လျှင်ကား အများကပင် မသင်္ကာဖြစ်တော့ မည်သာ။ မာတုဂါမနှင့်ဆိုလျှင် မိမိက မည်သို့ပင် ရိုးသားစေကာမူ တစ်ယောက်ချင်းချင်း စကားပြောဆိုခြင်းသည် အများမျက်စိ၌ ကန့်လန့် ဖြစ်ပါသည်။ ‘ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့ဆိုသော စကားကို ဤနေရာ၌ မသုံး သင့်ပါ။ ကိုယ့်အတွက်နှင့် သူတစ်ပါးအား ယုန်ထင်ကြောင်ထင် ထင်စေခြင်း သည်လည်း မသင့်ပါ။ မယ်တော်နှင့် တစ်ယောက်ချင်းချင်း စကားပြောရာ၌ကား သိနေသော သူတို့အဖို့ မဆိုသာသော်လည်း မသိသူတို့အဖို့ မိမိအပေါ်၌ ယုံမှားသံသယ ဖြစ်စေနိုင်သည်။ မာတုဂါမများနှင့် စပ်လျဉ်း၍ ရဟန်းတော် များ၏အပေါ်၌ အထင်အမြင်သေးတတ်ကြပါသည်။ အထင်သေးတတ်ကြ သလောက်လည်း အများသိကြသည့်အတိုင်း တိုင်းပြည်၌ မာတုဂါမနှင့် ဖောက်လွှဲဖောက်ပြန်မှုများ ရံဖန်ရံခါ ပေါ်ပေါက်လျက် ရှိနေပါသည်။ အကြောင်း ရင်းကို ရှာသော် ထိုဖောက်လွှဲဖောက်ပြန် အမှုများသည် တစ်ယောက်ချင်းချင်း လွတ်လွတ်လပ်လပ် စကားပြောဆိုခြင်းမှ အစပြု၍ ဖြစ်လာသည်ကို တွေ့ရှိ ရပါသည်။
ဤကိစ္စသည် အများနှင့် သက်ဆိုင်သော ကိစ္စ ဖြစ်သည်။ ရိုးသားသော သူသည် မည်သည့်နည်းနှင့်မှ မာတုဂါမနှင့် အချစ်မေတ္တာနှင့် စပ်လျဉ်းသော စကား ပြောမည်မဟုတ်သော်လည်း မရိုးသားသော (ဝါ) ဆန်းပြားသော ပုဂ္ဂိုလ်မူ ကား နားကွယ်ရာ၌ဖြစ်စေ၊ မျက်စိကွယ်ရာ၌ဖြစ်စေ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း အခွင့်သင့်လျှင် ပြောပေလိမ့်မည်။ မာတုဂါမက ထိုင်ပြီး ရဟန်းက ရပ်၍လည်းကောင်း, မာတုဂါမက ရပ်ပြီး ရဟန်းက ထိုင်၍လည်းကောင်း, နှစ်ယောက်စလုံး ရပ်၍လည်းကောင်း စကားပြောလျှင် အာပတ်မသင့်ဟူသော အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ထားကာ မာတုဂါမနှင့် တစ်ယောက်ချင်း ချင်း စကားပြောရာ၌ အကွက်အဆင်ပြေ, ပြေသလို တစ်လုံးကောင်း နှစ်လုံး ကောင်း ထေ့လုံး ညုလုံးတွေ သုံး၍ နောက်ဆုံး၌ အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ပြုပေလိမ့်မည်။ ဘုရားလက်ထက်က ရဟန်းများနှင့် ယခုခေတ် ရဟန်းများ မတူကြပါ၊ ထိုခေတ်က ရဟန်းများသည် များသောအားဖြင့် မပညတ် ရသေးသော အရာကိုသာ ကျူးလွန်လေသည်၊ ပညတ်ပြီးသော အရာကိုကား များသောအားဖြင့် မကျူးလွန်ကြပေ၊ အလွန် ရှုပ်ပွေလှသော အရှင်ဥဒါယီပင်လျှင် ရှောင်ကြဉ်လေသည်၊ အတ္တကာမပါရိစရိယသိက္ခာပုဒ်၏ ဝတ္ထုကြောင်းဖြင့် သာဓကဆောင်၍ ထင်ရှားစေအံ့။
“ရဟန်းများအား အလွန်ရခဲသော မေထုန်အမှုကို အလိုရှိသည်၊ တတ် နိုင်လျှင် လှူပါ”ဟု အရှင်ဥဒါယီ ဆိုသောကြောင့် မေထုန်အလှူကို ပေးရန်အလို့ငှာ အရှင်ဥဒါယီအား အခန်းတွင်းသို့ လိုက်လာခဲ့ရန် မှာပြီး ထိုမာတုဂါမ သည် အခန်းတွင်းသို့ ဝင်၍ အဝတ်မဆီး ဗလာကိုယ်ထီးဖြင့် ခုတင်ပေါ်၌ ပက်လက်စင်းလျက် နေ၏၊ မှာထားသည့်အတိုင်း အရှင်ဥဒါယီသည် အခန်းတွင်း သို့ လိုက်ဝင်လေ၏၊ ထိုမာတုဂါမ၏ အထံသို့ ရောက်သောအခါ အရှင်ဥဒါယီ သည် မေထုန်ကို မမှီဝဲဘဲ “အဘယ်သူသည် ယုတ်မာဆိုးရွား မကောင်းသော အနံ့ရှိသည့် ဤအရာဝတ္ထုကို သုံးသပ်လိမ့်မည်နည်း”ဟု ဆို၍ တံတွေးထွေးလျက် အခန်းတွင်းမှ ပြန်ထွက်ခဲ့လေသည်။ [မေထုန်ကို အလှူခံခြင်းသည် အလွန်ပင် ယုတ်မာဆိုးရွားသော အမှုဖြစ်သည် မှန်၏၊ သို့သော် အလှူခံသည့် အတိုင်း မာတုဂါမက လိုက်လျော၍ ထိုအခြေမျိုးသို့ ရောက်ပြီးမှ ရှောင်ခဲ့ခြင်း သည်လျှင် အလွန်ပြုနိုင်ခဲသောအရာ ဖြစ်သည်ဟူ၍ ဆိုရပေမည်၊ တစ်နည်းအား ဖြင့်ဆိုလျှင် ပညတ်ပြီးသော ပထမ ပါရာဇိကသိက္ခာပုဒ်ကို ရိုသေလေးစားသော အားဖြင့် သောင်းကျန်းထကြွနေသော ထိုရာဂစိတ်ကို အတင်းချိုးနှိမ်ကာ ရှောင်ခဲ့ လေသည်ဟူ၍ ဆိုထိုက်၏၊ (ဝါ) ပညတ်ပြီးသော အရာကို ရှောင်ကြဉ်လေသည် ဟူ၍ ချီးကျူးထိုက်၏၊] ယခုခေတ် ရဟန်းများကား များသောအားဖြင့် ပညတ်ပြီး သော သိက္ခာပုဒ်ကိုပင် ချိုးဖောက်ဖျက်ဆီးလေသည်၊ သူ့ကို တစ်ဦးတစ်ယောက် က စွပ်စွဲလျှင်လည်း ထိုခေတ်က ရဟန်းများကဲ့သို့ ဝန်မခံဘဲ အတင်းငြင်းကွယ် လေသည်၊ မဟုတ်ကြောင်း ယုတ္တိရှိအောင် ငြင်းကွယ် ခုခံ၍ တစ်ခါတစ်ရံ စောဒက (တရားလို)ကိုပင် အများက မတရား စွပ်စွဲသည်ဟု အထင်မှားကြ သေး၏၊ ထို့ကြောင့် မာတုဂါမက ထိုင်ပြီး ရဟန်းက ရပ်၍လည်းကောင်း။ ပ။ အာပတ်မသင့်ဟူသော အခွင့်အရေးကို ဤခေတ် ရဟန်းတော်များ အသုံးမပြု သင့်ဟု ထင်မြင်ပါ၏၊
မာတုဂါမတို့နှင့် ပတ်သက်၍ သို့ကလောက် အပြစ်အနာအဆာများရ ကား သာသနာတော်ကို စောင့်ရှောက်သောအနေဖြင့် (ဝါ) ရဟန်းတော်များ၏ သီလဂုဏ်သိက္ခာကို မြှင့်တင်သောအနေဖြင့် မျက်ကွယ်ရာ၌ မဆိုထားဘိ၊ နားကွယ်ရာ၌သော်လည်း မာတုဂါမဆိုလျှင် ခြွင်းချက်မထားဘဲ မယ်တော်နှင့်ပင် တစ်ယောက်ချင်းချင်း ထိုင်၍ဖြစ်စေ၊ ရပ်၍ဖြစ်စေ နေလည်းမနေသင့်၊ စကား လည်း မပြောသင့်ဟု ယူဆစေချင်ပါသည်။ [အာပတ်ဖြင့် စောဒနာနေခြင်း မဟုတ်ပါ။] အကယ်၍ မိမိထံသို့ မာတုဂါမ တစ်ယောက်တည်း လာအံ့၊ အနီး၌ လူရှိလျှင် ထိုလူကို အဖော်အဖြစ်ဖြင့် ခေါ်ယူပါ။ မရှိငြားအံ့၊ မပြောလျှင်လည်း မဖြစ်ရကား ထိုမာတုဂါမအား “တစ်ယောက်ချင်းချင်း စကားပြောဆိုခြင်းသည် မသင့်လျော်၍ သည်းခံပါ၊ စိတ်မရှိပါနှင့်၊ ပြောလိုက အဖော်ခေါ်ပြီး လာပါ” စသည်ဖြင့် ယဉ်ကျေးစွာ ပြောဆို၍ ဖဲသွားစေရမည်။ ထိုသို့ပြော၍ ၎င်းက ငြိုငြင်စိတ်ဆိုးလျှင် မိမိ၏ တာဝန် မဟုတ်၊ သူ၏ တာဝန်သာ ဖြစ်သည်။ [လမ်းမကျသော်လည်း ငြိုငြင်စိတ်ဆိုးမည် စိုး၍ လက်ခံစကားပြောမည်ဆိုလျှင် မိမိအား အခြားသူတို့က အာပတ်ဖြင့် စောဒနာခြင်း မပြုငြားသော်လည်း မိမိ သည် နောက်ဆက်တွဲ မိစ္ဆာဇီဝအခန်း၌ ဖော်ပြထားသော သလ္လပနရဟန်း၏ အဖြစ်သို့ ရောက်မှန်းမသိ ရောက်ချိမ့်မည်ဟု သတိပြုစေလိုပါ၏၊]
ဤသို့သော ကိစ္စမျိုးတို့ကို တညီတညွတ်တည်း ပြုလုပ်ကြလျှင် ရဟန်းတော် များ၏ သီလဂုဏ်သိက္ခာသည် ဒီရေအလား တိုးတက်မည်ဟု ဆိုဝံ့ပါသည်။ သို့ဖြစ်၍ ကျောင်းများ၌ စည်းကမ်းတစ်ခုအနေဖြင့် ‘မည်သူမဆို မာတုဂါမနှင့် ဆိုလျှင် မယ်တော်ပင် ဖြစ်စေကာမူ တစ်ယောက်ချင်းချင်း မနေရ၊ စကား မပြောရ’ဟု သတ်မှတ်ထားဖို့ လိုအပ်ပေသည်ဟု ယူဆပါ၏၊ ယူဆသည့်အတိုင်းလည်း တညီတညွတ်တည်း ပြုလုပ်ကြပါရန် တိုက်တွန်းလိုက်ပါ၏၊
သတိ။ ။ ကျောင်းဝင်းတစ်ဝင်းလုံး၌ သီလရှင်နှင့် ဘုန်းကြီး နှစ်ဦးတည်း သာရှိ၍ ထိုသီလရှင်ကိုပင် ကပ္ပိယအရာထား၍ တစ်ယောက်ချင်းချင်း နေခြင်း သည် အလျှင်းပင် မသင့်ပါ။ ရဟန်းတစ်ပါးတည်းရှိသော အခန်းတွင်းသို့ မာတုဂါမတစ်ယောက်တည်း ဝင်၍ တံမြက်လှည်းခြင်း စသော ဝေယျာဝစ္စ ပြုလုပ်ခြင်းသည်လည်း မသင့်ပါ။ [မာတုဂါမနှင့် စိမ်းစိမ်းကားကား နေရမည်ဟု မဆိုလိုပါ။ အကြောင်းကိစ္စရှိလျှင် အဖော်ကို အနီး၌ ထား၍ အရှင်အာနန္ဒာအား ပရိနိဗ္ဗာန်ပြုတော်မူမည့်ဆဲဆဲ ဘုရားရှင် မှာကြားသွားသည်နှင့်အညီ အဖွား တန်လျှင် အဖွား၊ အမေ တန်လျှင် အမေ၊ အဒေါ် တန်လျှင် အဒေါ်၊ အစ်မ တန်လျှင် အစ်မ၊ ညီမ တန်လျှင် ညီမ၊ သမီး တန်လျှင် သမီး၊ တူမ တန်လျှင် တူမ-ဟူသော စိတ်ထားမျိုးဖြင့် ရင်းရင်းနှီးနှီး ပြောဆိုတိုင်ပင်ပါလေ။]
အကယ်၍ စာရေးသူ ယူဆသကဲ့သို့ မယူဆပါက သည်းခံ ခွင့်လွှတ်တော်မူ ကြပါကုန်။
ဆောင်ပုဒ်။ ။ အနိယတုတ်၊ သိက္ခာပုဒ်၌၊ ဖော်ထုတ် အာပတ်၊ ထူးမတပ်လည်း၊ ဆုံးဖြတ်နည်းနာ၊ လက္ခဏာကို၊ လျော်စွာပြုမှု၊ ပညတ်ပြု၏၊
အရှင်တို့, နှစ်ပါးကုန်သော အနိယတအမည် ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။ ထိုနှစ်ပါးကုန်သော အနိယတ အာပတ်တို့၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာ ပတ်မှ စင်ကြယ်ကြပါကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြ ကုန်သောကြောင့်သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ် နေကြကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကြကုန်၏ဟူ၍ သိမှတ်ရ၏၊
အနိယတကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးဆုံးခြင်းသို့ ရောက်ပြီ။